အခန်း (၄၃)
Vol. 4 Ch. 43
ချူယောင်း ကလေးနှစ်ယောက်နှင့် တောင်ပေါ် မနက်စောစောတက်လိုက်သည်။ ညက မိုးသည်းထန်စွာရွာပေမယ့် မနက်ကျ မိုးမရွာတော့ပေ။ လူအများကြီးတောင်ပေါ် ပြေးတက်ကြကာ သစ်ဥသစ်ဖု တူးကြသည်။ တစ်ချို့က မှိုရှာကြသည်။
ချူယောင်း ကလေးနှစ်ယောက်ကို ခြင်းတစ်ယောက်တစ်လုံးပေးလိုက်ပြီး သူမကိုယ်တိုင်လည်း ခြင်းတစ်လုံးနှင့် တောင်ပေါ်တက်ကြသည်။ ကလေးနှစ်ယောက်က မြို့မှာနေပြီး တောင်ပေါ်တက်လေ့မရှိသဖြင့် လမ်းတလျှောက် ပန်းများ အပင်များတွေ့ရသည်က သူတို့အတွက် အထူးအဆန်း ဖြစ်နေသည်။ ချူယောင်းလည်း အလျင်မလိုသဖြင့် ဖြေးဖြေးလျှောက်ကာ ကလေးတွေကို အဖော်လုပ်ပေးလိုက်သည်။
နေထွက်လာမှ ကလေးနှစ်ယောက်ကို ဂရုစိုက်ရန်မှာလိုက်ပြီး ချူယောင်း ခေါင်းငုံ့ကာ စား၍ရသော သစ်ဥသစ်မြစ်များကို တူးလိုက်သည်။ ကလေးနှစ်ယောက်လည်း ကူတူးပေးကြသည်။
လီရွှယ်ရူတူးရင်း ဘေးက မြက်ကို သူမလက်ဖြင့်ဖယ်လိုက်ရာ ထီးအသေးပုံစံအရာလေးကို တွေ့လိုက်သည်။ လီရွှယ်ရူ တစ်ခုကို ဆွဲထုတ်လိုက်ပြီး လက်ပေါ်တင်ကာ သဘောတကျကြည့်လိုက်သည်။
ချူယောင်း သစ်ဥသစ်မြစ်များ တူး၍ပြီးတော့မည်ဖြစ်၍ ခေါင်းမော့လိုက်ရာ လီရွှယ်ရူလက်ထဲက အရာကို မြင်၍ သူမ နူးညံံ့စွာမေးလိုက်သည်။ "ရွှယ်ရူ အဒေါ့်ကို အဲ့ဒါပြနိုင်မလား?"
ချူယောင်း ယူကြည့်ကြည့်ပြီး လင်ဇီးမှိုမှန်းသိ၍ အလွန်ပျော်ရွှင်သွားသည်။ သူမ အရင်ဘဝက စားဖူး၍ ဤမှိုမျိုးကိုသိသည်။ သူမ လီရွှယ်ရူကို မေးလိုက်သည်။ "ရွှယ်ရူ သမီး ဒါဘယ်ကရတာလဲ?"
လီရွှယ်ရူ မှိုတွေ့သည့်နေရာကို ညွှန်ပြလိုက်သည်။
"ရွှယ်ရူက ကောင်းကောင်းလုပ်ခဲ့တာပဲ။ အဒေါ်တို့ လင်းဇီးမှိုတွေကို ခူးပြီးရင် နေ့လည်ကျ ကောင်းကောင်းစားလို့ရပြီ" ကလေးတွေ ချီးကျူးခံလိုက်ရ၍ သူတို့အလွန်ပျော်သွားသည်။ စားစရာက ကောင်းကောင်းမကောင်းကောင်း သူတို့ဂရုမစိုက်ပါ။
ချူယောင်း ညီအစ်မနှစ်ယောက်ကို ဒီနေရာတွင် မှိုတွေဆက်ခူးရန် မှာလိုက်ပြီး သူမ ရစ်ငှက် ယုန်တွေကို ရှာကြည့်ချင်သည်။
ကလေးနှစ်ယောက် သူတို့လျှောက်မသွားဘဲ ဒီနေရာတွင်သာနေပြီး ချူယောင်းကို စောင့်နေမည်ဟူသော သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရွာတွင် တောင်ပေါ်တက်ပြီးဆော့သော ကလေးများစွာရှိသည်။ ချူယောင်းလည်း ကလေးနှစ်ယောက် သူမကို အိမ်တွင်စောင့်နေရလျှင် ပျင်းနေမည်စိုး၍ ခေါ်လာခြင်းဖြစ်သည်။ ကလေးနှစ်ယောက် တောင်ပေါ်တက်ပြီးမှ မနေ့ကထက် သိသိသာသာ မျက်နှာကြည်လင်လာသည်။
ချူယောင်း တောင်ထဲ လမ်းလျှောက်ဝင်သွားရာ လမ်းတလျှောက် မှိုများစွာကောက်မိ၍ ပျော်ရွှင်နေကြသော ရွာသားများကို တွေ့ရသည်။ သူမ ဆက်သွားရာ တောင်နက်ထဲ ရောက်တော့မည်ဖြစ်၍ သူမ ဒီနေ့ ကံအရမ်းမကောင်းဟု ခံစားလိုက်ရသော်လည်း မကြာမီ သူမ ယုန်များကို တွေ့လိုက်သည်။
ယုန်အုပ်စုက နေရာတွင် ဘယ်မှမသွားဘဲ နေနေ၍ ချူယောင်း အံ့သြသွားသည်။ ဒီလို ထွက်မပြေးသောယုန်ကို သူမ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သို့သော် မကြာမီ ထိုယုန်များ အလျင်အမြန် သတိဝင်လာ၍ ထွက်ပြေးသွားကြသည်။ သူတို့ဘယ်လောက်မြန်မြန် ချူယောင်းလက်လောက် မမြန်ပါ။ ချူယောင်း သူတို့ကိုဖမ်း၍ အကုန် နေရာလွတ်ထဲ ထည့်လိုက်သည်။
နေရာလွတ်တွင် ချူယောင်း မရောက်ဖူးသေးသော သစ်တောရှိသည်။ သူမအပြင်မှကြည့်ကြည့်ရာတွင် အထဲ၌ ဘာမှတော့မတွေ့ပေ။ ချူယောင်း အသီးပင်ကြီးအချို့စိုက်ရန် တွေးထားသည်။ နေရာလွတ်ကို အပြည့်တည်ဆောက်ရန်က အတော်လိုသေးသည်။
ချူယောင်း ပတ်ကြည့်ရာ ဘာမှမတွေ့သဖြင့် သူမပြန်ရန်တွေးလိုက်စဥ် အပင်အောက်တွင် အဖြူရောင်အရာဝတ္ထုကို တွေ့လိုက်ရသည်။ ဒီအရာက အလွန်ထူးခြားသည်ဟု သူမတွေးမိ၍ အနားကိုသွားကြည့်လိုက်သည်။ မုန်လာဥဖြူကဲ့သို့ဖြစ်ပြီး ချူယောင်း သေချာကြည့်မှ ဂျင်းဆင််းမှန်း သိသွားသည်။ ခုနက ယုန်တွေ့သည်ထက်ပင် သူမပျော်သွားသည်။ ဂျင်းဆင်းကို သေချာတူး၍ နေရာလွတ်ထဲ ထည့်လိုက်သည်။
အပြန်လမ်းတွင် ရွာသားတစ်ယောက်က သူမကိုမေးသည်။ "ဘာလို့ ဘာမှမတွေ့ဘဲနဲ့ အစ်မ ပျော်နေရတာလဲ?"
ချူယောင်း ခေါင်းခါလိုက်ကာ "မိုးရွာပြီးတော့ အစ်မ နေရကောင်းလို့"
ချူယောင်း အကြောင်းပြချက်တစ်ခုပေး၍ ညီအစ်မနှစ်ယောက်ဆီ ပြန်လိုက်သည်။ ကလေးနှစ်ယောက် အရင်နေရာတွင်သာ ပန်းကောက် ပေါင်းနှုတ်လုပ်ရင်း တစ်ခုခုကို အကြာကြီး ဆွေးနွေးနေကြပုံပေါ်သည်။
သူတို့ သတိမထားမိခင် ချူယောင်း နေရာလွတ်မှ ယုန်တစ်ကောင်ထုတ်လိုက်သည်။ နောက် ကလေးနှစ်ယောက်လည်း ချူယောင်းကို မြင်သွားသည်။ " အဒေါ်၊ ပြန်ရောက်ပြီလား?"
ချူယောင်း သူမလက်က ယုန်ကို ပြလိုက်သည်။ "ကြည့်၊ သမီးတို့ ဒါကို နေ့လည်စာစားလို့ရတယ်"
ကလေးနှစ်ယောက်လည်း ယုန်မှန်းသိသည်။ သူတို့လည်း စားနိုင်သည်ကြား၍ ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။
ဒီနေ့က ကံကောင်းသည်။ ကလေးတွေခြင်းတွင် သစ်ဥသစ်မြစ်တစ်ဝက် လင်ဇီးမှိုတစ်ဝက်ဖြစ်သည်။
ချူယောင်းခြင်းတွင်တော့ လင်ဇီးမှို တစ်ဝက်ခန့်ပါသည်။ လင်ဇီးမှိုတွေ များသော်လည်း ချူယောင်းစိတ်ညစ်သွားသည်။ အိမ်တွင် ဆီအနည်းငယ်သာရှိသည်။ လင်းဇီးမှိုကို ဆီနှင့် ကြော်လျှင် အလွန်အရသာရှိသည်ဟု ကြားဖူးသည်။
သူတို့ အိမ်ပြန်ရောက်သောအခါ ကလေးနှစ်ယောက် မှိုဆေးပေးမည်ဟု သူတို့ဘာသာပြောလာသည်။ ချူယောင်း သူတို့ကို ဂရုစိုက်ရန်သာ မှာလိုက်ပြီး သူမကတော့ ခြံထဲတွင် ယုန်ကိုသတ်ကာ အရေခွံခွာပြီးနောက် နေ့လည်စာအတွက် ပြင်လိုက်သည်။
အရင်လက ယုန်မွေးကို သေချာဆေး၍ အခြောက်လှမ်းပြီး သူမသိမ်းထားသည်။ မနက်ဖြန် စျေးသို့သွား၍ ဂျင်းဆင်းနှင့်ပါ ရောင်းနိုင်မည်လားကိုစုံစမ်းရမည်။
ချူယောင်း ယုန်ကို အတုံးသေးသေးတုံးကာ ငရုတ်ဆီများများထည့်၍ ကြော်လိုက်သည်။ ဒီက ကလေးများက အစပ်စားကြသဖြင့် ကလေးနှစ်ယောက် အနံ့ရ၍ သရေယိုလာကြသည်။
"ဒီမှာထိုင်မနေနဲ့။ ညှော်တယ်။ အပြင်ထွက်ပြီး ရတာစောင့်နေကြ" ကလေးနှစ်ယောက် မီးဖိုရှေ့ထိုင်ကာ မီးကူမွှေးပေးရန်် ကြည့်နေသည်။
"ရပါတယ်၊ အဒေါ်၊ သမီးတို့ မီးကူကြည့်ပေးမယ်" အနံ့က အသက်ရှူကြပ်ကြပ် မကြပ်ကြပ် အသားနံံ့ရရုံနှင့် လီရွှယ်ရှင်း ပျော်နေပြီဖြစ်သည်။
ချူယောင်း ထပ်မပြောတော့ဘဲ သူတို့လုပ်ချင်ရာ လုပ်စေလိုက်သည်။ မကြာမီ ယုန်ကြော်ရလာ၍ ချူယောင်းပန်းကန်ထဲထည့်ကာ စားပွဲပေါ်တင်လိုက်သည်။ ယုန်ကြော်အပြင် အသီးအရွက်ဟင်း တစ်ပွဲပါရှိသည်။
အသီးအရွက်ကို အိုးထဲတစ်ခါတည်းထည့်ကာ ရေဖြင့်ရော၍ ခဏထားပြီးနောက် ငရုတ်မှုန့် ဆား ငံပြာရည်နှင့် တစ်ခြားဟင်းခတ်မှုန့်များ ထည့်လိုက်သည်။ ပြီးမှ ဆီပူပူအနည်းငယ်ကို လောင်းထည့်လိုက်သည်။
ဟင်းပွဲနှစ်မျိုးလုံးက စပ်၍ စားရလည်း လွယ်သည်။ ကလေးနှစ်ယောက်လည်း ငယ်စဥ်ကတည်းက အစပ်စားကြသဖြင့် သူတို့ ဟင်းပွဲများကို ကြိုက်ကြသည်။
"အဒေါ်ချက်ထားတာ အရမ်းအရသာရှိတယ်!" လီရွှယ်ရှင်း မချီးကျူးဘဲ မနေနိုင်။
ချူယောင်း ကလေးတွေဆံပင်ကို ပွတ်သပ်လိုက်သည်။ ကလေးနှစ်ယောက် မနေ့က ပြန်လာပြီးတည်းက သူတို့ဘာသာ အနည်းငယ် ကိုယ်လက်သန့်စင်ထားသဖြင့် ဒီနေ့ သူတို့ အနည်းငယ် ညစ်ပတ်နေသည်ဟု ချူယောင်းခံစားရသည်။ စားပြီး နေ့လယ်ကျမှ သူမ ကလေးတွေကို ကိုယ်လက်သန့်စင်ပေးရမည်။
"သမီးတို့ကြိုက်ရင် များများစား" အိမ်မှာ စားစရာသိပ်မကျန်တော့ပေမယ့် သူမ အနည်းငယ် သည်းခံစောင့်လျှင် အဆင်ပြေသည်။ နေရာလွတ်တွင် စိုက်ပျိုးထားသောအစေ့များက ဒီနေ့ကြည့်လိုက်ရာ ပြန်ဆွဲနှုတ်ပြီး စိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ပြီးတော့ ချူယောင်း ဒီအတိုင်း အနည်းငယ်ကျဲထားလိုက်သော အပင်များက အသီးစသီးလာပြီဖြစ်သည်။ ဖရုံသီး ကျောက်ဖရုံသီး သခွားသီးပင်များဖြစ်သည်။ နေရာလွတ်၌ ရာသီမရွေး ဒုက္ခမများဘဲ စိုက်ပျိုး၍ ရသည့်ပုံပေါ်သည်။
အရွက်စိမ်း တစ်ပင်မှ မစိုက်ရသေးသဖြင့် သူမ နေရာလွတ်တွင် ထပ်စိုက်ရဦးမည်။
ကလေးနှစ်ယောက် ချူယောင်း ဟင်းချက်လက်ရာကကောင်းသော်လည်း သူတို့ အများကြီးစားပြီး အိပ်ငိုက်မည်စိုး၍ ထမင်းပန်းကန်လုံး တစ်လုံးထက် ပိုမစားရဲပေ။ သူတို့ နည်းနည်းလေးပဲ စားသည်ကို ချူယောင်းမြင်၍ မေးလိုက်သည်။ "သမီးတို့ ဘာလို့ နည်းနည်းလေးပဲစားတာလဲ? သမီးတို့ဘအစပ်မစားနိုင်လို့လား? ဒါဆို အဒေါ် နောက် အစပ်လျှော့ထည့်လိုက်မယ်"
"နည်းနည်းပဲ စားနိုင်လို့" လီရွှယ်ရှင်း လိမ်သည့်နေရာတွင် မတော်သဖြင့် သူမ ပြုံးသာပြုံးလိုက်သည်။
ကလေးနှစ်ယောက်က ငယ်ပြီး မိန်းကလေးတွေဖြစ်သဖြင့် သူတို့အစားနည်းတာနေမည်ဟု ချူယောင်းတွေးလိုက်သည်။ သူတို့အိမ်က ရွာကလူအများစုသုံးသလို ပန်းကန်လုံးအကြီးမဟုတ်ဘဲ ပန်းကန်လုံးအသေးဖြစ်သည်။
စားပြီးနောက် လီရွှယ်ရှင်း သူမညီမကိုခေါ်ကာ ပန်းကန်ဆေးရန် သွားလိုက်သည်။ ချူယောင်းလည်း သူတို့ကို မတားဘဲ သူမဘာသာ ရေပူသွားတည်လိုက်သည်။
"ရွှယ်ရှင်း၊ သမီးညီမလေးကို ခေါ်ပြီး အဝတ်သွားရှာလိုက်ဦး။ အဒေါ် သမီးတို့ကို ရေချိုးပေးမယ်" ချူယောင်း မီးဖိုချောင်မှ အော်ပြောလိုက်သည်။ ကလေးနှစ်ယောက် ပြောသည်ကိုကြား၍ အဝတ်ရှာရန် အခန်းထဲသွားလိုက်သည်။
ချူယောင်း ရေပူပူတစ်ဇလားထဲ နေရာလွတ်က ရေအေးတစ်ပုံးထည့်ကာ ခြံထဲယူလာလိုက်သည်။ ပြီးနောက် မီးဖိုချောင်မှ ခွက်တစ်ခုယူလိုက်သည်။
ကျီရို သူမကို အိမ်အတွက် စည်ပိုင်း ခွက်များဝယ်ရန် ခေါ်သွားဖူးသည်။ ကျီရိုအကြောင်း တွေးမိသွား၍ ချူယောင်း စိတ်မကောင်းဖြစ်သွားသည်။ နည်းနည်း သန့်ရှင်းရေးလုပ်ပြီးမှ နေသာသွားသည်။ ကလေးနှစ်ယောက်လည်း သူတို့အဝတ်များကို ရှာတွေ့၍ ထွက်လာခဲ့သည်။
ချူယောင်း လီရွှယ်ရူဆံပင်ကို အရင်လျှော်ပေးလိုက်သည်။ ရွာက အပင်များမှ ခူးထားသော တရော်ကင်ပွန်းများသုံး၍ လျှော်ပေးခြင်းဖြစ်သည်။ ချူယောင်း ကလေးတွေ ဆံပင်ကို အားထည့်၍ သေချာလျှော်ပေးလိုက်သည်။ လီရွှယ်ရူ နာတာမျိုး မရှိဘဲ လျှော်ပေးသည်ကို ခံရင်း အိပ်ချင်လာသည်။
ကလေးနှစ်ယောက်ဆံပင်ကို ခြံထဲတွင်လျှော်ပေးသည်ဖြစ်၍ ခြံထဲက ရေညစ်များကိုကြည့်ရင် ကလေးနှစ်ယောက်ကို ရှက်သွားသည်။ လီရွှယ်ရှင်း ရှက်သွားကာ ပြောလိုက်သည်။ "အဒေါ် သမီးတို့ ခေါင်းမလျှော်တာ တော်တော်ကြာနေလို့...."
ကလေးနှစ်ယောက် မနေ့ညကလည်း ခေါင်းမလျှော်ဘဲ သူတို့ကိုယ်ကိုသာ အနည်းငယ် သန့်စင်ခဲ့သည်။
"အဒေါ် သမီးတို့ကို နောက်လည်း ခေါင်းလျှော်ပေးမယ်။ သမီးတို့ဆံပင်ကို သေချာမလျှော်ရင် သန်းတွယ်လိမ့်မယ်" ချူယောင်း သူတို့ဆံပင်ကို ခြောက်အောင်သုတ်ပေးလိုက်ပြီး ကြိုးတစ်ခုနှင့် ထုံးပေးလိုက်သည်။
နောက် ရေသယ်ကာ မီးဖိုချောင်ထဲတွင် သူတို့ကိုယ်ကို တိုက်ပေးလိုက်သည်။ တိုက်လိုက်သည်တွင် ရွှံ့မည်းမည်းကဲ့သို့ထွက်လာသည်။
လီရွှယ်ရှင်း သူမ မနေ့က ရေချိုးလိုက်သည်ဖြစ်၍ အခု ရေထပ်ချိုးရာတွင် ရွှံ့များနေသည်ကို မယုံနိုင်ပေ။
ချူယောင်း အကြောင်းပြချက်ကို သိသည်။ အခုနှစ်ရက် သုံးစွဲသမျှရေက နေရာလွတ်က စမ်းချောင်းရေများသာဖြစ်သည်။ ရေက အဆိပ်အတောက် ထုတ်ပေးနိုင်လောက်၍ ကလေးနှစ်ယောက် ပိုကြည်လင်လာသည့်ပုံပေါ်သည်။
ကလေးနှစ်ယောက်ကို ရေချိုးပေးပြီးနောက် သူတို့ဆံပင်ကို အခြောက်ခံရန်ခြံထဲတွင် နေစေလိုက်သည်။
ချူယောင်း အဝတ်များကို လျှော်ဖွတ်ရန် ရွာကမြစ်သို့သွားလိုက်သည်။ အိမ်တွင် ရေလုံးဝမရှိပါ။ သူမ ဒီလိုသာ ရေသုံးနေလျှင် သူမအကြောင်း သိသွားကြလိမ့်မည်။
သူမ အဝတ်အနည်းငယ်ကို ရွာအဝင်က မြစ်သို့သယ်သွားရာ မြစ်တွင် လူအများကြီးကို တွေ့လိုက်သည်။ ပုံမှန်အားဖြင့် အဝတ်လျှော်ရန် စောစောလာကြသော်လည်း ဒီနေ့ လူတိုင်း တောင်ပေါ်မှိုခူးသွားကြ၍ အခုမှ လျှော်ကြရသည်။
ချူယောင်းကို မြင်၍ တစ်ယောက်က သူမနေရာကို ပေးလိုက်သည်။ "ဒီနေ့ ညီမ အဝတ်လျှော်ဖို့ အချိန်ရပါလား?"
ချူယောင်း လက်ထပ်သည်မှာ ကြာပေမယ့် သူမ ရွာက မြစ်တွင် တစ်ခါမှ မလျှော်ပါ။ ဒီနေ့က ပထမဆုံးဖြစ်သည်။
"အရင်က ညီမက ညီမကိုယ်ပေါ်ကအဝတ်ပဲလျှော်စရာလိုတော့ ညီမအိမ်မှာပဲ လျှော်လိုက်တာ။ အခု အိမ်မှာ လူနှစ်ယောက် ပိုလာပြီဆိုတော့ အဝတ်လျှော်ဖို့ ပိုများလာလို့"
ချူယောင်း နေ့တိုင်း ဒီကိုလာရန် အစီအစဥ်မရှိပါ။ အဝတ်လျှော်ချိန်တွင်် အတင်းတုတ်ဆုံးဖြစ်၍ သူမ ဒီလူတွေနှင့်ပေါင်းရန် အတွေးမရှိပေ။ ထို့ကြောင့် သူမ နောက် ဒီကို ထပ်လာဖြစ်လိမ့်မည်မဟုတ်ချေ။