အခန်း (၅၀)
Vol. 4 Ch. 50
သူမ သူ့ကို အံ့သြစရာကောင်းသည်ဟုလည်း ထင်သည်။ အဘယ်ကြောင့်ဆိုသော် ရွာ၌ ဒီလို ဆီကျန်များဖုံးနေသည့် ပန်းကန်လုံးမရှိပါ။ လူတိုင်း ဆီတစ်စက်လောက်သာ စားကြပြီး ရေထည့်ကြော်ကြသည်။ ဆီအနံ့အနည်းငယ်ပါရင်ရပြီဖြစ်သည်။
ဒီလို ဆီများနှင့် ပန်းကန်လုံးရှိသောအိမ်က ချမ်းသာသည့်မိသားစုဖြစ်သော်လည်း ဒီအိမ်က ချမ်းသာသည့်အိမ်နှင့်မတူပါ။
မျက်နှာထူသော လူပျိုကြီးကတော့ ထိုစကားများကို စိတ်ထဲမထားဘဲ ပန်းကန်လုံးကို ယူကာ အနည်းငယ်ဆေးကြောလိုက်သည်။
သို့သော် ကျီမိသားစုအကြီးဆုံးချွေးမ ဒီကိစ္စကိုအာရုံမရောက်တော့ပေ။ အာသာပြေသည်ထိ ကြက်သားစားခြင်းက ပိုအရေးကြီးသည်။ သူမ ပန်းကန်လုံးနှင့်တူများကို သူမကိုယ်ပေါ်က အဝတ်အစားများနှင့် သုတ်လိုက်ပြီးနောက် ကြက်ခြေထောက်တစ်ချောင်းကို လက်နှစ်ဖက်နှင့် ကိုင်စားလိုက်သည်။
သူမက အလွန်မယဥ်ကျေးသည်ကို မြင်၍ လူပျိုကြီးလည်း အားမနာတော့ဘဲ ကြက်သားကို သူမထက်မနှေးလှစွာ စားလိုက်သည်။ သူတို့နှစ်ယောက် ကြက်စွပ်ပြုတ်တစ်အိုးကို အရည်တောင်မကျန် စားပြီးနောက် ဗိုက်အလွန်ကားသွားကြသည်။
"ဒီကြက်သားက အရသာတော်တော်ရှိတာပဲ" လူပျိုကြီး ကောက်ရိုးပေါ် မှီလှဲရင်း သူ့လျှာကို သပ်ကာ အရသာကို ပြန်ခံစားနေသည်။
ကျီမိသားစု အကြီးဆုံးချွေးမ သူ့ကို လှည့်ကြည့်ပြီး မဲ့ပြောလိုက်သည်။ "ကျွန်မကို ကြက်သားအရသာအကြောင်း ပြောစရာမလိုပါဘူး" သူမ ကြက်သားကို တရုတ်နှစ်သစ်ကူး တစ်ချိန်တွင်သာ စားရသည်။ ထိုအချိန်က အိမ်က ကြက်မအိုအိုကြီး ကြက်ဥမဥတော့သဖြင့် သတ်စားခြင််းဖြစ်သည်။ တစ်မိသားစုလုံး ဝိုင်းစားကြသဖြင့် သူမ ကြက်ခြေထောက်မပြောနှင့် အသားအနည်းငယ်သာစားရသည်။
နောက်ဆုံး သူမ စွပ်ပြုတ်ရည်နှင့် ခေါက်ဆွဲတစ်ပန်းကန်လုံးသာ စားလိုက်ရပြီး အရသာက သူမမှတ်ဉာဏ်ထဲ စွဲကျန်နေသည်။ အခု သူမ ကြက်အိုးတစ်ဝက်နှင့် ကြက်စွပ်ပြုတ် အိုးဝက်စားရမည်ဟု မထင်မှတ်ထားပေ။
သူမ အလွန်ကျေနပ်နေသည်။ လူပျိုကြီး ထိုကြက်ကို ဘယ်ကရသည်ကို မသိသော်လည်း သူမ များများစားစားမတွေးပါ။
"ကြက်သားက ဘယ်လိုအရသာလဲ?" လူပျိုကြီး နှုတ်ခမ်းသပ်ရင်း မေးလိုက်သည်။
ကျီမိသားစု အကြီးဆုံးချွေးမ ခေါင်းညိတ်လိုက်သည်။ "ကြက်သားက အရသာကောင်းတာပေါ့။ အရုဏ်တက်ပြီဆိုတော့ ကျွန်မ ပြန်တော့မယ်"
"စောင့်ပါဦး" လူပျိုကြီး မတ်တပ်ရပ်လိုက်ပြီး သူမလမ်းကို ပိတ်လိုက်သည်။
ကျီမိသားစု အကြီးဆုံးချွေးမ သူ့ကို မျက်စောင်းထိိုးကြည့်ရင်းမေးလိုက်သည်။ "ရှင် ဘာလုပ်ချင်လို့လဲ?"
"ငါ ဘာမှမလုပ်ချင်ပါဘူး။ မင်းက ဘာထင်နေတာလဲ? ငါ မင်းကို စကားပဲ ပြောချင်တာပါ" လူပျိုကြီးစကားများက သူမ သတိထားနေသည်ကို လျော့သွားစေသည်။ အိပ်တုန်းကလည်း ဘာမှမလုပ်ပေ။ အခုကြက်သားလည်း အေးဆေးစားပြီးသဖြင့် သူ ဘာအတွေးမှ မရှိလောက်ဟု သူမစဥ်းစားလိုက်သည်။
"ဒါဆိုလည်း မြန်မြန်ပြော။ ကျွန်မ အလုပ်သွားစရာရှိသေးတယ်!" ကျီမိသားစု အကြီးဆုံးချွေးမ သူ့ကို စကားမြန်မြန် ပြောခိုင်းလိုက်သည်။ သူမ ထွက်တာနောက်ကျ၍ တစ်ယောက်ယောက် သူမကို မိလျှင် သူမ ရှင်းပြရခက်မည်။
လူပျိုကြီး ပြုံး၍ ပြောလိုက်သည်။ "မင်း ကြက်ကင်စားချင်သေးလား? ငါ အပြင်လူတွေဆီက လုပ်နည်း သင်ထားတာ။ ကြက်အရေခွံက ကြွပ်ရွပြီး အထဲကအသားက နူးညံ့နေတာ ပြီးတော့ အရည်လည်းအများကြီး ကြက်ပေါင်းအရသာနဲ့ သိပ်မကွာဘူး"
သူပြောသည်ကို ကြားပြီး သူမ အခုလေးတင် ကြက်သားစားပြီးပေမယ့် သရေပြန်ယိုလာပြီး သူမဗိုက်ကို ပွတ်ရင်းပြောလိုက်သည်။ "နောက်မှတွေ့ကြမယ်"
ကျီမိသားစု အကြီးဆုံးချွေးမ အဖြေတိတိကျကျမပေးပေမယ့် လူပျိုကြီး ဂရုမစိုက်ပါ "ဟုတ်ပြီ။ ဒါဆို ကိုယ် မင်းကို ညဘက် ရွာအဝင်ဝမှာ စောင့်နေမယ်"
ကျီမိသားစုအကြီးဆုံးချွေးမ လူပျိုကြီးအိမ်မှ ထွက်လာလိုက်သည်။ သူမကို သူ့ယောကျ်ားမြင်သွားသည်ကိုတော့ မသိပေ။ ထွက်လာပြီး မကြာမီ ဝမ်အဒေါ်နှင့် ဆုံသည်။ သူမ အစောကြီးထနေသည်ကို မြင်ပြီး ဝမ်အဒေါ် အလွန်အံ့သြသွားသည်။ "သမီး ဘာလို့ အစောကြီးထနေတာလဲ?"
"ကိုယ်ပိုင်ခြံက ရေလောင်းဖို့လိုလို့?" ကျီမိသားစုအကြီးဆုံးချွေးမ ပါးစပ်က ဆင်ခြေက အလိုအလျောက် ထွက်လာသည်။
သူတို့ နေ့ဘက်အလုပ်လုပ်ရပြီး ညဘက်ပင်ပန်းပြီး အိပ်ချင်နေပြီဖြစ်သဖြင့် မနက်စောစောထပြီး ကိုယ်ပိုင်ခြံကို ဂရုစိုက်ရသည်။
ကျီမိသားစု အကြီးဆုံးချွေးမ ထွက်သွားမှ ဝမ်အဒေါ် ဘယ်နေရာလွဲနေမှန်း သိသွားသည်။ ကိုယ်ပိုင်ခြံကို ကိရိယာမပါဘဲ ရေလောင်းနိုင်လို့လား? လက်နှင့် ရေခပ်လောင်းတာများလား?
ဝမ်အဒေါ် သူမချွေးမခေါ်မှ အတွေးများနေသည်က ရပ်သွားသည်။ "အမေ ခုန ဘာကြည့်နေတာလဲ?"
ကျီမိသားစု အကြီးဆုံးသား သူ့ဇနီးနောက် ခြေတစ်လှမ်းနောက်ကျ၍ ရောက်လာသည်။ သူပြန်ရောက်လာသောအခါ သူ့ဇနီးက မနက်စာချက်ရင်း အလုပ်ရှုပ်နေပြီ ဖြစ်သည်။ ကျီမိသားစုအကြီးဆုံးသား ပင်မအခန်းတွင် ကြောင်ပြီး ငူငူငိုင်ငိုင်ထိုင်နေသည်ကို မိသားစုဝင်များ ဘာဖြစ်လို့များဟူ၍ တွေးပြီး ကြည့်နေကြသည်။
ကျီအမေ လျှောက်လာပြီး မေးလိုက်သည်။ "သား၊ ဘာဖြစ်လို့လဲ? နေမကောင်းလို့လား?"
ကျီအမေ စိုးရိမ်၍ သူ့လက်ကိုမြှောက်ပြီး သူ့နဖူးကို ထိကြည့်လိုက်ပြီး ပြောသည်။ "အဖျားတော့ မရှိပါဘူး!"
ကျီမိသားစုအကြီးဆုံးသား ခေါင်းခါလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ကောင်းကောင်းအိပ်မပျော်လို့ပါ"
ကျီမိသားစုအကြီးဆုံးသား သူ့မိန်းမက ရွာကလူပျိုသိုးကြီးကို သဘောကျနေသည်က တော်တော်အရှက်စရာကောင်းသည်ဟု ထင်သည်။ သူမ ခုရက်ပိုင်း ညလယ်အပြင်ထွက်ထွက်နေသည်မှာ မထူးဆန်းတော့ပေ။ သူတို့နှစ်ယောက် အခြေအနေ ပိုပိုအဆင်ပြေလာသည်ဖြစ်နိုင်သည်။
သို့သော် သူက ထိုလူပျိုကြီးကို မယှဥ်နိုင်ဘူးလား? ထိုသူမှာ နေ့တိုင်း အလုပ်မလုပ်ဘဲ ကြက်များခွေးများကိုသာ ခိုးပြီး အခု ထိုသူက မိန်းမယူရန်ပင် အလွန်အိုနေပြီဖြစ်သည်။
သူ တွေးမိလေ ပိုဒေါသထွက်လေဖြစ်သည်။ ထိုဖောက်ပြန်နေသော နှစ်ယောက်ကို သူကိုယ်တိုင်ဖမ်းမမိသည်ကိုသာ စိတ်တိုသည်။ အခုမှနောင်တရ၍ မရတော့ပေ။ သူ့မှာ သက်သေပင်မရှိ။
ကျီမိသားစု အကြီးဆုံးချွေးမ မကြာမီ မနက်စာသယ်ပြီး ထွက်လာသည်။ တစ်မိသားစုလုံး စားပွဲကို ဝိုင်းထိုင်ကာ ကျီမိသားစု အကြီးဆုံးချွေးမကတော့ အနည်းငယ်သာစားသည်။ သူမ ကြက်သားအများကြီးစားပြီးဖြစ်သော်လည်း တစ်ခြားသူများ သိ၍မရပါ။
သူမ အနည်းငယ်သာစားသည်ကို မြင်၍ ကျီအမေပြောလိုက်သည်။ "အိမ်က အစာပြတ်လပ်နေတာလည်းမဟုတ်ပါဘူး။ နင်က ဘယ်သူ့ကို ပြချင်နေတာလဲ?"
ကျီမိသားစု အကြီးဆုံးချွေးမ ရှက်ပြုံးပြုံးရင်း ပြန်ဖြေလိုက်သည်။ "အမေ၊ သမီး ဒီနေ့ သိပ်မစားချင်လို့"
ကျီအမေ သူမအကြောင်းကို သိပ်စိတ်မဝင်စားပါ။ ကျီအမေအတွက်တော့ သူမက အပြင်လူဖြစ်သည်။ အခု ကျီအမေပြောရသည်ကလည်း မနေ့ညက ကျီအဖေ မာန်၍သာ ဖြစ်သည်။ "အိမ်မှာ စားစရာရှားနေတာမှမဟုတ်တာ။ ကိုယ်တို့မိသားစုဆင်းရဲပေမယ့် ဒီလောက်ထိတော့မဟုတ်ပါဘူး။ ပြီးတော့ သူမက မင်းသားအကြီးဆုံးရဲ့မိန်းမ"
"ဟုတ်တယ်။ ကျွန်မသားအကြီးဆုံး ချွေးမဆိုပေမယ့် သူတို့အားလုံးက အပြင်လူတွေပဲ"
"ဒီမိသားစုကို လက်ထပ်ရတာ လွယ်တာမဟုတ်ဘူး။ လူတိုင်းကို ညီညီမျှမျှဆက်ဆံ။ အပြင်မှာ အရမ်းခွဲခြားမနေနဲ့။ မဟုတ်ရင် သူတို့ အိမ်ခွဲနေလိမ့်မယ်" ကျီအဖေ အပေါ်ယံမည်သို့ ကောင်းပြရမည်ကို သိသည်။
"ကျွန်မ နောက် သူမကို ရန်မရှာတော့ပါဘူး။ ဒါပေမယ့် ကျွန်မ သူမကိုကောင်းကောင်း ဆက်ဆံဖို့ကတော့ မဖြစ်နိုင်ဘူး" ကျီအမေအတွက်ကတော့ ချွေးမကိုကောင်းကောင်း ဆက်ဆံစရာအကြောင်းမရှိပါ။
"အရမ်းမလွန်နဲ့...." ကျီအဖေ စကားတွင် အကြံပေးသည်ရော သတိပေးသည်ရောပါသည်။
ကျီအမေ ဒီနေ့မှ ရုတ်တရက် ကျီမိသားစုအကြီးဆုံးချွေးမကို ဂရုစိုက်ခြင်းဖြစ်သည်။ ကျီမိသားစုအကြီးဆုံးချွေးမသာ အကြောင်းပြချက်ကိုသိလျှင် သူမဒီလိုစိတ်ပူမှုကို မခံနိုင်ဟု ပြောမှာသေချာသည်။
ကျီမိသားစု အကြီးဆုံးချွေးမ ကြောင်နေသည်ကို မြင်၍ ကျီအမေ ဟင်းအနှစ်ခပ်ကြီးကြီးတစ်ဇွန်းခပ်၍ သူမပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။ "ပန်းကန်လုံးထဲ ခြောက်ကပ်နေတာပဲ။ နောက်မှ ငါက နင့်ကို အနိုင်ကျင့်တယ်မပြောနဲ့"
ကျီမိသားစု အကြီးဆုံးချွေးမ ကြောင်သွားသည်။ ပုံမှန်ဆိုလျှင်တော့ သူမ ကျေးဇူးတင်ပြီး မျက်ရည်တောင်ဝဲမည်ဖြစ်သော်လည်း ဒီနေ့တော့ အလွန်မုန်းသည်။
သူမ စိတ်ထဲ မကျိန်ဆဲဘဲမနေနိုင်ပေ။ ဤလူအိုမကြီးက ပုံမှန် ဒီလိုစိတ်ထားမကောင်းပါ။ ဒီနေ့မှ ဘာကြောင်သည်မသိ။
"အမေ၊ သမီးတကယ်မစားနိုင်လို့။ လူတိုင်းနဲ့ မျှစားလိုက်မယ်လေ" ကျီမိသားစုအကြီးဆုံးချွေးမ စားပွဲဝိုင်းကလူတွေကို ကြည့်လိုက်ပြီး ကျီအမေကို အရင်ပေးရန် စဥ်းစားလိုက်သည်။
ကျီအမေ ပန်းကန်လုံးကို ဘေးသို့အမြန်ရွှေ့လိုက်သည်။ "နင်က သန့်ရှင်းတာကို ဂရုမစိုက်ပေမယ့် ငါတို့ကိုတော့ ရွံ့အောင်မလုပ်နဲ့"
ကျီမိသားစု အကြီးဆုံးချွေးမ စိတ်မကောင်းဖြစ်သွားသည်။ သူမ သန့်ရှင်းရေးကို ဂရုမစိုက်ပေမယ့် ထိုလူပျိုကြီးထက်တော့ အများကြီးသန့်ရှင်းပါသေးသည်။
ကျီအမေ မလိုချင်၍ သူမ ကျီသာ့ပေါင်ကို ပေးလိုက်သည်။ သို့သော် ကျီသာ့ပေါင်က မနက်စာမစားခင် သူ့အဖွားပေးထားသော မက််မွန်သီးမုန့်စားပြီး၍ အခု သူ့ပန်းကန်လုံးထဲကဟင်းကိုပင် မကုန်နိုင်။ တစ်ခြားထပ်မစားနိုင်တော့ချေ။
သူမသားကလည်း သူမကို သဘောမကျ၍ ကျီမိသားစုအကြီးဆုံးချွေးမ မျက်လုံးအရောင်မှိန်သွားသည်။ ထို့ကြောင့် သူမ သူမခင်ပွန်းကို ပေးရန်ကြံလိုက်သည်။ သို့သော် ကျီမိသားစုအကြီးဆုံးသားက သူမဘေးတွင်ပင် မထိုင်ချင်၍ အခု သူမကို တစ်ချက်ကြည့်ပြီး သူ့ပန်းကန်လုံးကို အဝေးပို့လိုက်သည်။
ကျီမိသားစု အကြီးဆုံးချွေးမ အခု စိတ်တော်တော်တိုသွားပြီဖြစ်သည်။ သို့သော် သူမ ရန်မရှာခင် ကျီအမေ ဆက်မကြည့်နိုင်တော့၍ ဝင်ပြောလိုက်သည်။ "ငါ နင့်ကို စားဖို့ပြောရင် စားပေါ့။ ညည်းက အခု ဘာလို့မစားချင်တာလဲ? ဒီအိမ်မှာ မနေချင်လို့လား? ဒါဆိုလည်း နင့်မိဘအိမ်မြန်မြန်ပြန်တော့"
ဒါကို ကြားပြီး ကျီမိသားစု အကြီးဆုံးချွေးမဘာမှ ပြန်မပြောနိုင်တော့။ သူမ မိဘအိမ်က မည်ကဲ့သို့ပုံစံဖြစ်သည်ကို သူမသေချာသိသည်။ သူမ သူမမိဘတွေကို ကြည်ဖြူသော်လည်း သူမသာ သူမ မိဘအိမ်ပြန်လျှင် စားရနပ်မှန်မှာ မဟုတ်တော့ပေ။
သူမ သူမအမေအိမ်ပြန်ပို့ခံရလျှင် သူမ နေ့ရောညရော အလုပ်လုပ်ရလောက်ပြီး စားဖို့ပင်အချိန်ရမည်မဟုတ်ချေ။ ကျီမိသားစုအကြီးဆုံးချွေးမ ဘာမှ မပြောနိုင်တော့ပေ။
ထိုအချိန်တွင် ကျီမိသားစု အကြီးဆုံးသား ကျယ်ကျယ်လောင်လောင်အော်ရယ်သည်။ ရယ်သံက လှောင်ပြောင်မှုအပြည့်နှင့်ဖြစ်ပြီး သူ ဘာမှတော့ မပြောပေ။ လူတိုင်း အံ့သြသွားသည်။
ကျီအမေက စိုးရိမ်စွာမေးလိုက်သည်။ "သားကြီး ဘာဖြစ်လို့လဲ?" ကျီမိသားစုအကြီးဆုံးသား ဘာမှမပြောဘဲ ခေါင်းသာခါလိုက်သည်။ လူတိုင်း ဘာပြောရမည်မသိ။ ကြောင်သွားကြသည်။
ကျီအဖေက ဟန်ဆောင်ပြီး စိုးရိမ်သည့်မျက်နှာနှင့် မေးလိုက်သည်။ "သား ဘာဖြစ်လို့လဲ? တစ်ခုခုဆို အဖေ့ကို ပြောလို့ရတယ်"
ကျီမိသားစုအကြီးဆုံးသား အခုချိန်တွင်တော့ ဘာမှမပြောနိုင်သေးပေ။ သူဖောက်ပြန်ခံနေရသည်ကို ဘယ်လိုပြောနိုင်မလဲ? နောက် ဘယ်လိုနေရမလဲ။ "ဘာမှမဟုတ်ပါဘူး။ အဖေနဲ့အမေ။ မြန်မြန်စားကြမယ်။ လူတိုင်း အလုပ်သွားကြပြီ။ အလုပ်နောက်ကျရင် အဖွဲ့ခေါင်းဆောင် ပြောတာခံရမယ်"
သူ့စကားများကြောင့် လူတိုင်း တစ်ခြားအရာများကို စိတ်မပူတော့ဘဲ မြန်မြန်စားပြီး အလုပ်သွားရန်ပြင်ကြသည်။
ခက်နေသည်က ကျီမိသားစုအကြီးဆုံးချွေးမပန်းကန်လုံးထဲက ဟင်းအနှစ်ပင်ဖြစ်သည်။ မိသားစုက ပုံမှန်အားဖြင့် ဟင်းအနှစ်ပန်းကန်လုံးဝက်ခန့်သာလုပ်ပြီး ကျီအဖေ၊ ကျီသာ့ပေါင်၊ ကျီမိသားစုအကြီးဆုံးသားကတော့ သေချာပေါက်စားရသည်။
ကျီလင်းတောင် အနည်းငယ်ပဲစားရပြီး ကျီအမေနှင့် သူမ ဆိုလျှင် စားရသည်က ရှားသည်။ ဒီလိုနေ့ရောက်လာမည်ဟု မည်သူက ထင်မည်နည်း? သူမ ဟင်းအနှစ်ပန်းကန်လုံးကို စားပြီးသောအခါ ဘယ်လိုမှမခံနိုင်တော့ပေ။ သို့သော် ဆက်နား၍လည်းမရသဖြင့် အလုပ်သာသွားရသည်။
ချူယောင်း အလုပ်လုပ်ရင်း နားနေသည်။ တစ်လတွင် ၁ရက် ၂ရက်လောက် သူမအလုပ်မလုပ်ချင်ဟု အမြဲခံစားရသည်။ လီထောင်းဟွာ သူမဘေးတွင် သူမနှင့် စကားပြောနေသည်။ "ယောင်းမ၊ ယောင်းမ အချဥ်စိမ်လုပ်ချင်လို့ဆို"
"ဟုတ်တယ်။ မကြာခင် အေးတော့မှာ" ချူယောင်းနေရာလွတ်တွင် စိုက်ထားသော ဂေါ်ဖီထုပ်က စား၍ရပြီ။ ထွက်သည်က တော်တော်များနေသဖြင့် အစေ့အများကြီး ကြဲမိသော သူမကိုယ်ကိုသာ ချူယောင်း အပြစ်တင်နိုင်သည်။
"အစ်မ အချဥ်စိမ်လုပ်မလို့" ချူယောင်း ဂေါ်ဖီတစ်ထုပ်နှစ်ထုပ်ကို ချန်ထားပြီး အချဥ်စိမ်လုပ်ရန်တွေးထားသည်။ သီးနှံများကို စိုက်ရလည််းလွယ်ပြီး ကြီးထွားလည်းမြန်သည်။
"ဒါဆို ညီမ အစ်မကို ကူမယ်လေ" လီထောင်းဟွာကို ခုရက်ပိုင်း အလုပ်သို့ လာခွင့်မပြုပေ။ အိမ်တွင်သာ အိမ်အလုပ်လုပ်၊ အဝတ်လျှော်၊ ဟင်းချက်နှင့် နေ့တိုင်းလုပ်နေရသဖြင့် သူမ ပျင််းနေပြီဖြစ်သည်။
ဒီနေ့ လယ်ကွင်းတစ်လျှောက် လမ်းလျှောက်ရင်း ချူယောင်းကို တွေ့၍ မနေနိုင်ဘဲ စကားလာပြောခြင်းဖြစ်သည်။
ချူယောင်း ပြုံး၍ ပြောလိုက်သည်။ "ဒါဆိုလည်း အချဥ်စိမ်ရင် အစ်မ ညီမကို အကူအညီတောင်းမယ်"
လီထောင်းဟွာ မြန်မြန်ပြောလိုက်သည်။ "ညီမလည်းအိမ်မှာပျင်းနေတာ၊ အစ်မကို ကူတော့ အပျင်းပြေပါတယ်" ချူယောင်း သူမကို စကားပြန်ပြောရန်ပြင်စဥ် သူမဘေးနားက အဒေါ်များစကားပြောနေသည်ကို ကြားလိုက်ရသည်။