အခန်း (၅၃)
Vol. 5 Ch. 53
ကျီနန်ဖုန်း မျက်လုံးပုတ်ခက်ပုတ်ခက်လုပ်ကာ ဤမေးခွန်းကို ဘယ်လိုပြန်ဖြေရမည်မသိခဲ့ပေ!
သူ ပြန်ဖြေစရာမလိုဘဲ ချူယောင်း ခန့်မှန်းပြောလာသည်။ "ကျီနန်ဖုန်း!"
ချူယောင်း ခန့်မှန်းပြောသည်ကို ကျီနန်ဖုန်းခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကိုယ်"
သူ သူမကို သေချာမမှတ်မိအောင် မလုပ်နိုင်သည်ကို နောင်တရသော်လည်း ကျီနန်ဖုန်း သိပ်မတွေးတော့ပါ။ "ကိုယ်အထဲ ဝင်လို့ရမလား?"
ချူယောင်း ခေါင်းညိတ်လိုက်ပြီး သူ့ကို အထဲဝင်စေလိုက်သည်။ သူမ အတွေးများရင်း ခြံတံခါးကို ပိတ်ကာ ပင်မအခန်းသို့ သူ့နောက်က လိုက်သွားလိုက်သည်။
ဒီအသုံးမကျသော ယောကျ်ားကို ချူယောင်း ဘာပြောရမည်မသိပေ။
ကံကောင်းစွာ ကျီနန်ဖုန်း စကားရှာပြောသည်။ သို့သော် ထိုအကြောင်းအရာက ချူယောင်းကို ပိုရှက်စေသည်။ "ကိုယ်ဒီမှာ ညအိပ်လို့ရလား?"
ချူယောင်း ဘာပြန်ပြော၍ ရမည်နည်း။ သူ့ကို ဒီမှာမအိပ်ဘဲ အပြင်မှာ အိပ်ဟု ပြော၍မရပေ။ အပြင်လူတွေမျက်လုံးထဲ သူတို့နှစ်ယောက်က ဇနီးမောင်နှံဖြစ်ပြီး ကျီနန်ဖုန်းမျက်လုံးထဲတွင်လည်း သူတို့က ဇနီးမောင်နှံဖြစ်သည်။
"အိမ်မှာ အခန်းလွတ်တစ်ခန်းရှိတယ်။ ရှင် အဲ့မှာအိပ်လို့ရတယ်" ချူယောင်း သက်ပြင်းချရသည်။ ကံကောင်းစွာ ဤအိမ်တွင် အခန်းသုံးခန်းရှိသည်။ မဟုတ်လျှင် သူမ ကလေးနှစ်ယောက်နှင့် အိပ်ရလိမ့်မည်။
ချူယောင်း ပြောပြီးနောက် သူမ သူ့ဖို့အိပ်ရာပြင်ရန် မြန်မြန်လုပ်လိုက်သည်။ အိမ်တွင် အိပ်ရာခင်း မရှိ၍ သူ့ကို သူမအိပ်ရာပေးမှ အဆင်ပြေမည်။ "ကျွန်မ အခုမှ အိမ်မှာ စောင်မရှိတာသိတယ်။ ရှင် ကျွန်မအခန်းမှာအိပ်ပါလား?"
ချူယောင်း အခန်းထဲမှ ခေါင်းပြူထွက်ရင်းပြောလိုက်သည်။ ကျီနန်ဖုန်းက သူမအခန်းထဲ မဝင်ဘဲ သူ အပြင်မှာ စောင့်နေခြင်းဖြစ်သည်။
"အဆင်မပြေဘူးဆိုရင် ကိုယ် ဒီအတိုင်း တစ်ညလောက်အိပ်လိုက်မယ်လေ။ အခု ရာသီဥတုကလည်း အေးမှ မအေးသေးတာ" သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက မချော့မွေ့သေးသဖြင့် ချူယောင်း အချိန်လိုသေးသည်ကို ကျီနန်ဖုန်း နားလည်သည်။
ချူယောင်းကတော့ ဇီဇာမကြောင်ပါ။ "အဆင်ပြေပါတယ်။ ရှင် ကျွန်မအိပ်ရာမှာ အိပ်လို့ရတယ်။ ကျွန်မ ကလေးနှစ်ယောက်နဲ့ အိပ်လို့ရတယ်"
သူမ ဂရုမစိုက်သည်ကို မြင်၍ ကျီနန်ဖုန်းလည်း အားမနာတော့ပေ။ ချူယောင်း လဲဝတ်ရန် အဝတ်များယူသွားပြီး မီးဖိုချောင်သို့သွားကာ ရေချိုးချင်ယောင်ဆောင်လိုက်သည်။
သူမ ရေချိုးမသွားခင် ကျီနန်ဖုန်းကို မှာခဲ့သည်။ "မီးဖိုချောင်မှာ ရေရှိတယ်။ ရှင် ရေချိုးချင်ရင် ရေနွေးတည်ချိုးလို့ရတယ်"
ချူယောင်း မီးဖိုချောင်ထဲ ရေချိုးပြီး အိပ်ရာဝင်သည်။ ကျီနန်ဖုန်း သူမအခန်းထဲ ဝင်သည့်အထိ စောင့်ပြီးမှ မီးဖိုချောင်မှ ရေအေးနှင့် ရေချိုးလိုက်သည်။
ချူယောင်း ကလေးနှစ်ယောက်ဘေး လှဲလိုက်သည်။ သူတို့ကို စောင်ခြုံပေးရင်း အိပ်ရာတွင် အတွေးများနေသည်။
သူမ သူ့ကို အခုပြန်လာမည်ဟု မထင်ထားပေ။ နောက်ဘာဆက်လုပ်ရမည်ကို သူမ မသိ။ ချူယောင်း စဥ်းစားမရသဖြင့် အိပ်သာအိပ်လိုက်သည်။
မနက်စောစော သူမ အပြင်မှ ထင်းခုတ်သံကြားရပြီး ကလေးနှစ်ယောက်၏ လက်ခုပ်တီးသံကိုလည်း ကြားရသည်။ ချူယောင်း သူမနဖူးကို ပွတ်ရင်း မနက်စောစော ဒီလိုအရာများ ရင်ဆိုင်ရမည်ဟု မထင်မှတ်ထားပေ။
ချူယောင်း အစက အိပ်ရာပေါ်တွင်လှဲကာ အိပ်ချင်ယောင်ဆောင်မည်ဟု တွေးထားသော်လည်း ကလေးနှစ်ယောက် အခန်းထဲ ဝင်လာပြီး တီးတိုး ပြောနေကြသည်။ "အဒေါ့်ကို မနှိုးနဲ့။ အဒေါ်နိုးပြီလား အရင်ကြည့်ရမယ်။ ဦးလေးက အဒေါ်နိုးမှ စားဖို့ပြောရမယ် မှာထားတယ်။ အဒေါ်ကို မနှိုးရဘူး"
အိပ်ချင်ယောင်ဆောင်နေသော ချူယောင်းပင် ဤလူ၏ တွေးပေးတတ်မှုကို ချီးကျူးမိသည်။ သူမ ရုတ်တရက် ထထိုင်လိုက်၍ ကလေးနှစ်ယောက် လန့်သွားသည်။ ကလေးနှစ်ယောက် သူတို့အဒေါ်ကို ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ "အဒေါ်၊ ဦးလေးပြန်လာပြီ"
သူမ မနေ့ကတွေ့ပြီးပြီဟု ချူယောင်း ပြောချင်ပေမယ့် စိတ်ရှည်စွာ ကလေးနှစ်ယောက်ကို ပြောလိုက်သည်။ "အဒေါ်ကို စားဖို့လာခေါ်လို့ ကျေးဇူးပဲနော်။ သမီးတို့ရော စားပြီးပြီလား?"
"အဒေါ် သမီးတို့မစားရသေးဘူး။ ဦးလေးက အဒေါ့်ကို စောင့်ပြီးမှ တူတူစားမယ်ပြောတယ်" လီရွှယ်ရှင်း သူမညီမလေးလက်ကို အမြဲကိုင်ထားပေမယ့် အခုတစ်ခါ ပိုတင်းကြပ်စွာ ကိုင်ထားသည်။
"ဟုတ်ပြီ။ သမီးတို့ အရင်သွားနှင့်။ အဒေါ် လာခဲ့မယ်" ချူယောင်း သူတို့ထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချကာ သူမ ရင်ဆိုင်ရမည့်အကြောင်းကို စဥ်းစားမိသည်။ သူမ ခြံထဲ ရောက်သောအခါ ကျီနန်ဖုန်း ထင်းခုတ်နေသည်ကို တွေ့လိုက်သည်။ သူ ထင်းခုတ်နေရာက လှည့်ကြည့်ကာ "မြန်မြန် ကိုယ်လက်ဆေးကြောလိုက်။ ကိုယ် စားဖို့ ချက်ပြီးပြီ"
ချူယောင်း စိတ်တည်ငြိမ်စေရန် ခေါင်းကုတ်လိုက်ပြီး ရုပ်တည်နှင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ " တိတ်ဆိတ်နေမှုက သူမကို စိတ်တည်ငြိမ်စေသည်။ သူမ မနက်စာ ဖရုံသီးဆန်ပြုတ်စားရသည်။ သူမ မနေ့ညက ရွှေဖရုံသီးခူးစဥ်က ဆန်ပြုတ်သေချာပေါက် လုပ်စားရမည်ဟု တွေးထားသည်။
မထင်ထားဘဲ အခု သူမ ကျီနန်ဖုန်းချက်ထားသော ရွှေဖရုံသီးဆန်ပြုတ်ကို စားနေရသည်။ မစားခင် ချူယောင်း ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီနေ့ အိပ်ရာထ နောက်ကျသွားတယ်"
"နောက်မကျပါဘူး။ ကိုယ် မင်းဖို့ ခွင့်ယူပေးထားတယ်" ကျီနန်ဖုန်း အရင် နားရက်တောင်းသည်မဟုတ်ဘဲ မနေ့ညက သူပြန်လာသည်ကိုမြင်သော အဖွဲ့ခေါင်းဆောင်က ကြင်စဦးဇနီးမောင်နှံများ တစ်ယောက်ကို တစ်ယောက်မမြင်ရသည်မှာ ကြာနေပြီဟု စဥ်းစားမိ၍ ချူယောင်းကို ခွင့်ပေးခြင်းဖြစ်သည်။
ချူယောင်း ခေါင်းညိတ်လိုက်သည်။ အခု သူမ နေရာလွတ်တွင် စားစရာစိုက်ပျိုး၍ ရပြီဖြစ်သဖြင့် သူမ အလုပ်သွားရမသွားရ ဂရုမစိုက်တော့ပါ။
ဖရုံသီးဆန်ပြုတ်အပြင် တစ်ခြားအရံဟင်းများလည်းရှိသည်။ သခွားသီးသုပ်၊ ပဲသုပ်၊ ဂေါ်ဖီကြော်များရှိသည်။
ချူယောင်း အရသာမြည်းကြည့်ရာ အဆင်ပြေ၍ သူမ စားရသည်ကို ပျော်နေမိသည်။ စားပြီးသောအခါ ကျီနန်ဖုန်းက ပန်းကန်အမြန်သွားဆေးပေးသည်။ ထိုအခိုက်အတန့် ချူယောင်း ဤလူက ကောင်းသားဟု ခံစားရသည်။
သူက ဟင်းချက်ရုံသာမက ပန်းကန်လည်းဆေးပေးသည်။ ပြီးတော့ ထင်းလည်း ခုတ်ပေး၍ သူမ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သို့သော် အခုက ကျေနပ်သည်ဆိုရုံသာ။
ပန်းကန်ဆေးပြီးနောက် သူတို့နှစ်ယောက် ပြောစရာအများကြီးရှိသည်။ ကလေးနှစ်ယောက်ကို အပြင်ထွက်ဆော့ရန်မှာပြီးသည့်နောက် သူမ ဘယ်က စပြောရမည်မသိပေ။ "ရှင် အစ်မကျီရိုအကြောင်း သိပြီးပြီလား?"
ကျီနန်ဖုန်း ခဏမျှတိတ်ဆိတ်နေပြီးနောက်် ခေါင်းညိတ်လာသည်။ "ကိုယ် သိပြီးပြီ"
သူ မနေ့က ရောက်ရောက်ချင်း လီအိမ်သို့ သွားခဲ့သည်။ သူတို့မိသားစုက ပျော်ရွှင်စွာ ညစာစားနေကြကာ ကျီနန်ဖုန်းပြန်လာသည်ကို မြင်သောအခါ လီဝေ အပြစ်ရှိသလို ခံစားရသည်။
လီဝေ ကျီနန်ဖုန်းကို အားနာစွာ ကြည့်ရင်း မေးလိုက်သည်။ "နန်ဖုန်း ပြန်လာတာပဲ။ မင်း စားပြီးပြီလား? အိမ်မှာ စားသွားချင်လား?"
လီဝေ ပြောပြီးသည့်နောက် ကျီနန်ဖုန်းမျက်နှာကို ကြည့်လိုက်သည်။ ကျီနန်ဖုန်း လမ်းပတ်လျှောက်ပြီး မေးလိုက်သည်။ "ကျွန်တော့် အစ်မ ဘယ်မှာလဲ? ကျွန်တော့်တူမတွေရော?"
လီအဒေါ်နှင့် ဝမ်ကွေ့ဟွား ဘေးနားတွင် ရပ်နေပြီး ဘာမှမပြောရဲပေ။ သူတို့ ထိုအိမ်အကြောင်းသိပြီး၍ ထပ်ပြသာနာမရှာရဲချေ။
"သူတို့..."လီဝေ အကြာကြီး နှုတ်ဆိတ်သွားပြီး ဘာစကားမှ ထွက်မလာပေ။
"သူတို့ အခု ဘယ်မှာလဲ?" ကျီနန်ဖုန်း အရှိန်အဝါက နေရာတွင် ရှိနေသည့်လူတိုင်း မခံနိုင်ပေ။ လီဝေ ချွေးပြန်နေပေမယ့် သူ မခံနိုင်တော့၍ နောက်ဆုံးပြောလိုက်သည်။
"သူတို့ အခုမင်းအိမ်မှာ" ပြောပြီးသည့်နောက် လီဝေ သူသေတော့မည်ဟု ခံစားရသည်။ သို့သော် ကျီနန်ဖုန်း ဘာမှမလုပ်ချေ။
သူ့ကိုယ်သူ ကာကွယ်ရန် လီဝေ ထပ်ပြောလိုက်သည်။ "ငါ လစဥ် ထောက်ပံ့ငွေ ပို့ပေးမှာပါ။ ငါ..."
ကျီနန်ဖုန်း လီဝေ၏ မဟုတ်တန်းတရားပြောသည်ကို နားထောင်ရန် အချိန်မရှိသဖြင့် တံခါးသာပြန်ပိတ်သွားပြီး လမ်းလျှောက်ထွက်သွားလိုက်သည်။
ကျီနန်ဖုန်း ကျီရိုအုတ်ဂူနေရာကို သိ၍ သူ အရင်ဆုံးကျီရိုအုတ်ဂူရှိရာသို့ သွားလိုက်သည်။
"အစ်မ။ ကျွန်တော်တို့ ဒီလိုပြန်ဆုံမယ်လို့ မထင်ထားဘူး။ ကျွန်တော်တို့ အခု ဘဝခြားသွားပြီဆိုတော့ နောက်ထပ်တွေ့လို့ မရတော့ဘူး" ကျီနန်ဖုန်း အုတ်ဂူတွင် ခဏမျှနေကာ ရှေးဟောင်းနှောင်းဖြစ်များ ပြောပြနေသည်။
"ကျွန်တော် အစ်မကိုယ်စား ကျွန်တော့်တူမတွေကို သေချာဂရုစိုက်ပေးပါ့မယ်။ ကျွန်တော့်တူလေးကိုလည်း ရှာပါ့မယ်" လီမိသားစုက အသုံးမကျ၍ သူ့တူကို ပျောက်သွားစေသည်ကို ကျီနန်ဖုန်းသိသည်။ သူတို့ကို သူ ရိုက်နှက်ချင်ပေမယ့် ထိုနည်းလမ်းက အကျိုးမရှိဘဲ ပြစ်ဒဏ်မမည်သည်ကိုလည်း သူသဘောပေါက်သည်။
သူတို့ကို ပြစ်ဒဏ်ပေးနိုင်ဖို့က အထိရောက်ဆုံးဖြစ်သည်။ ကျီနန်ဖုန်း အုတ်ဂူတွင် ခဏနေပြီးနောက် အိမ်သို့ပြန်ရန်ကြံစဥ် ရွာအဝင်တွင် ကျီမိသားစုအကြီးဆုံးချွေးမကို တွေ့လိုက်သည်။
သူမက ခိုးကြောင်ခိုးဝှက်နှင့် တစ်ယောက်ယောက်ကိုတွေ့ရန် ကြံထားသည်ပုံနှင့်တူသည်။ သူ ထူးဆန်းသည်ဟုတွေးနေစဥ် ကိုယ်တစ်ခုကိုလည်း မြင်လိုက်သည်။ ထိုတစ်ယောက်က ကျီမိသားစု အကြီးဆုံးသားနှင့်တူသည်။
ကျီမိသားစုအကြီးဆုံးသားက သူ့ဇနီးကို တစ်ချိန်လုံးလိုက်နေသလို သူလည်း သူတို့နောက်က လိုက်သွားသည်။ ကျီမိသားစု အကြီးဆုံးချွေးမပြောသည်ကိုကြားပြီး ကျီနန်ဖုန်း သူ့မှတ်ဉာဏ်ထဲမှ သူ့ဇနီးကို ပြန်ပုံဖော်လိုက်သည်။
သူ့တွင် မှတ်ဉာဏ် များများစားစားမရှိပေ။ သူတို့နှစ်ယောက် လက်ထပ်သည့်နေ့တွင်ပင် ခွဲနေလိုက်ရ၍ ဖြစ်သည်။ သူမက ဝသည်ကို သူသိသော်လည်း ဒါက ဘာအကြောင်းလဲ?
စိတ်ထားကောင်းသရွေ့ သူ တစ်ခြားအရာများကို ဂရုမစိုက်ပါ။ ထိုခိုးတွေ့နေသောနှစ်ယောက် ပြောသည်ကို နားထောင်ပြီး သူထွက်လာကာ သူတို့ကို ရိုက်ချင်သည်။ သူ စိတ်ထိန်းပြီး သည်းခံလိုက်ရသည်။
ကျီမိသားစု အကြီးဆုံးသား ထွက်လာတော့မည်ကို မြင်၍ တားလိုက်သည်။ ကျီနန်ဖုန်း သူ့ကို တစ်ခါမှ သဘောမကျပါ။ သူ့ကို မေ့လဲအောင်ရိုက်လိုက်ပြီး ကောက်ရိုးပုံထဲ ပစ်ထားလိုက်သည်။
နောက် ကျီနန်ဖုန်း အဖွဲ့ခေါင်းဆောင်ဆီတစ်ခါတည်း သွားလိုက်သည်။ အဖွဲ့ခေါင်းဆောင်သားက သူ့အဖေကို ခေါ်ပေးပြီး နောက် ရွာမှလူများကို ခေါ်ကာ လယ်ကွင်းသို့ အတူတကွ သွားကြသည်။
ကျီမိသားစု အကြီးဆုံးချွေးမ အသံကို ကြား၍ သူမကိုယ်ပေါ်က လူပျိုကြီးကို တွန်းဖယ်လိုက်သည်။ လူပျိုကြီး လိုချင်တာရပြီး၍ ဒါကိုဂရုမစိုက်တော့ပေ။ သူမက ပေါက်ကရ လျှောက်တွေးနိုင်သည်ဟုသာ ခံစားရသည်။ "ဘယ်သူက ညဘက်လာမှာလဲ?"
နောက်လူတွေအသံကို ကြားရပြီး မီးတုတ်အလင်းရောင်ကြောင့် မည်သူမှန်း သေချာမမြင်ရချေ။ နောက်မှ အနီးကပ်သေချာမြင်ရသည်။
ကျီနန်ဖုန်း နောက်တွင်သာ ပုန်းနေပြီး ထွက်မလာခဲ့ပေ။ ထိုလူများကိုသာ ကြည့်နေလိုက်သည်။
ရွာသားများက အစက သူခိုးဟု ထင်နေကြသော်လည်း သူတို့ ဖောက်ပြန်သည့်သူများကို မိမည်ဟု မထင်ထားပေ။ "သူတို့ကို ဖမ်းပြီး တော်လှန်ရေးကော်မတီကို ပို့ရမယ်"
"အနည်းဆုံးတော့ ဝက်လှောင်အိမ်ထဲ ထည့်ရမယ်" ပြောသည့်အမျိုးသားက သူတို့ကို ကြည့်ပင်မကြည့်။
အဖွဲ့ခေါင်းဆောင် ပြောလိုက်သည်။ "မြန်မြန်အဝတ်ဝတ်ကြ"
ကျီမိသားစု အကြီးဆုံးချွေးမနှင့် လူပျိုကြီး အစက တစ်ခုရှင်းပြချင်ကြပေမယ့် အဝတ်ဝတ်ကြဟု ကြားမှ သူတို့ကိုယ်ပေါ်တွင် အဝတ်မရှိမှန်း ပြန်သတိရသွားကြသည်။
သူတို့နှစ်ယောက် မြန်မြန်အဝတ်ဝတ်လိုက်ပြီး သူမအဝတ်များ ဝတ်ပြီးသည့်နောက် ကျီမိသားစုအကြီးဆုံးချွေးမ စတင်သရုပ်ဆောင်တော့သည်။ "အဖွဲ့ခေါင်းဆောင်နဲ့ တစ်ခြားလူအားလုံး။ ရှင်တို့မြင်သလိုမဟုတ်ပါဘူး"
"ငါတို့အကုန်မြင်ပြီးပြီ။ ဘာကို မြင်ရဦးမှာလဲ?" ယုတ်မာသည့် လူအိုတစ်ယောက်က ဝင်ပြောလိုက်သည်။ သူ့စကားများက အတော်စက်ဆုပ်ဖွယ်ဖြစ်သည်။
ထိုအမျိုးသားပြောပြီးနောက် အဖွဲ့ခေါင်းဆောင် သူ့ကို စိုက်ကြည့်လိုက်ရာ ထိုသူ ထပ်မပြောရဲတော့ပေ။ အဖွဲ့ခေါင်းဆောင် သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်မှာ ဘာလျှို့ဝှက်ချက်ရှိရှိ မင်းတို့ တော်လှန်ရေးကော်မတီမှာ ရှင်းပြလို့ရတယ်"
"အဖွဲ့ခေါင်းဆောင်။ သူ ကျွန်မကို အနိုင်ကျင့်တာပါ" ကျီမိသားစု အကြီးဆုံးချွေးမ လူပျိုကြီးကို ညွှန်ပြရင်းပြောလိုက်သည်။
ဤမိန်းမက သူ့ကို လွယ်လွယ်သစ္စာဖောက်မည်ဟု လူပျိုကြီး မထင်ထားပေ။ ထို့ကြောင့် သူအလျင်အမြန်ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်။ တကယ်က သူမက ကျွန်တော်နဲ့ တူတူနေတာ အချိန်အတော်ကြာနေပါပြီ။ သူမက ကျွန်တော့်ကို အရင်မြူဆွယ်တာပါ"
အဖွဲ့ခေါင်းဆောင် ဒီနှစ်ယောက် ဝန်ခံသည်ကို ကြားပြီး ခေါင်းသာခါလိုက်သည်။ "ဒါဆိုလည်း မင်းတို့ ကောင်းကောင်းပြောကြပါ"
ဒါက သူမအတွက် နောက်ဆုံးအခွင့်အရေးမှန်း ကျီမိသားစုအကြီးဆုံးချွေးမ သိသည်။ ထို့ကြောင့် ဘယ်သူမှ သူမငိုသည်ကို မမြင်ပေမယ့် သူမမျက်ရည်များကို အမြန်သုတ်လိုက်သည်။
"ကျွန်မ စားပြီးတော့ အိပ်ပျော်သွားတာ။ စောစောနိုးသွားလို့ အိမ်သာသွားတော့ ကျွန်မတို့ခြံထဲ တစ်ယောက် ခိုးကြောင်ခိုးဝှက်လုပ်နေသံကြားလို့ ကျွန်မ သွားကြည့်တာ ဒီလူကို တွေ့ပါတယ်"
သူမ ပြောရင်း ငိုနေသဖြင့် ရှိနေသောလူတိုင်း သနားမိသလိုပင်ဖြစ်သွားသည်။ သို့သော် လူပျိုကြီး အလွန်ဒေါသထွက်သွားကာ "မင်း။ မင်း ဘာလို့ မဟုတ်တာတွေ လျှောက်ပြောနေတာလဲ?"
လူပျိုကြီး ဆက်ပြောချင်ပေမယ့် အဖွဲ့ခေါင်းဆောင်က လက်ဝေ့ရမ်းရင်း တားလိုက်သည်။ "အရင် ပါးစပ်ပိတ်ထားဦး"
လူပျိုကြီး ဆက်မငြင်းရဲတော့ပေ။
ကျီမိသားစုအကြီးဆုံးချွေးမ အတော်ကြာငိုပြီးနောက် ဆက်ပြောသည်။ "နောက် ကျွန်မ သူ့နောက်လိုက်သွားကြည့်တာ ဒီလူပျိုကြီးက တစ်ခြားအိမ်က ကြက်ကို ခိုးတာတွေ့တယ်။ သူ ကြက်ကို လယ်ထဲ ယူသွားတာတွေ့လို့ ကျွန်မ သူဘာလုပ်မလဲ သိချင်လို့ သူ့နောက်တောက်လျှောက်လိုက်သွားတာ။ သူ ကျွန်မကို တွေ့သွားမယ်မထင်ဘူး။ နောက် သူ ကျွန်မကို အတင်း..."
ကျီမိသားစုအကြီးဆုံးချွေးမ စကားကို ပြီးအောင်မပြောတော့ဘဲ ရှိုက်ငိုနေလေသည်။ သူမ မျက်ရည်ကျမကျတော့ သူမကိုယ်တိုင်သာသိလိမ့်မည်။