အခန်း (၅၈)
Vol. 5 Ch. 58
ချူယောင်း လီဝေအိမ်သို့ ကျီနန်ဖုန်းနှင့် လိုက်သွားလိုက်သည်။ လီဝေအိမ်က ဖရိုဖရဲဖြစ်နေပြီး ချူယောင်း မနီးမဝေးတွင် ရပ်နေ၍ ဘာဖြစ်နေသည်ကို နားမလည်နိုင်ပေ။
"တစ်ခုခုဖြစ်လို့လား?" ချူယောင်း ဘာကြောင့်ဆိုသည်ကိုမသိ၍ မေးလိုက်သည်။
ကျီနန်ဖုန်း၏မျက်ခုံး မျက်လုံးများ အလွန်အေးစက်နေသည်။ သူ ထိုလူများကို ကြည့်ကာ မေးငေါ့လိုက်သည်။ "တန်ပြန်သက်ရောက်တာပါပဲ"
ကျီနန်ဖုန်း လုပ်ခဲ့သည်က ပြန်ရောက်ပြီး သူ့သူငယ်ချင်းတစ်အုပ်စုကို ရှာရုံသာဖြစ်သည်။ ထိုသူငယ်ချင်းများက မြို့တွင် အဆက်အသွယ်များရှိသည်။
သူ သူတို့ကို လီဝေအကြောင်းပြောပြရာ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကို တစ်ခါတည်း တိုက်ရိုက်တိုင်ရန်ပြော၍ ကျီနန်ဖုန်း စာတစ်စောင်ရေးကာ လီဝေစက်ရုံကို တိုက်ရိုက်တိုင်လိုက်သည်။ တကယ်က လီဝေတွင် ပြသာနာတစုံတစ်ရာမရှိလျှင် တိုင်လည်း အကျိုးရှိမည်မဟုတ်။
သို့သော် ဤလူတွင် ပြသာနာများရှိကြောင်း အချက်များကသက်သေပြပြီး၍ အလုပ်ပြုတ်သွားခြင်းဖြစ်သည်။ မိသားစုက ဖရိုဖရဲဖြစ်နေခြင်းကတော့ အလုပ်ပြုတ်၍ ဖြစ်မည်။ အိမ်ကလူတိုင်း လီဝေကို မကျေနပ်ကြမည်မလား?
"ဒါဆို သူ့မှာ အခု အလုပ်မရှိတော့ဘူးပေါ့?" ချူယောင်း သူ့အတွက် အလွန်နည်းသေးသည်ဟု ခံစားရသည်။
"သူ အလုပ်ပြုတ်သွားရင် သူမြို့က အိမ်မှာနေလို့မရတော့ဘူး။ သူ ရွာပြန်ရင် သူ့အစ်ကိုတွေက သူ့ကို ကြည့်ရမယ်ထင်လား? သူ့ခန္ဓာကိုယ်က ကြက်ပေါက်တစ်ကောင်လို အားနည်းတာ။ သူ ရွာပြန်ရင် လယ်တောင်မရှိဘူး။ သူ့ကို ဘယ်သူက တင်ကျွေးထားပါ့မလဲ?" သူတို့အတွက် အရေးကြီးဆုံးက အလုပ်ဖြစ်ကာ အလုပ်မရှိလျှင် လီဝေက ဘာမှအသုံးမဝင်တော့မှန်း ကျီနန်ဖုန်းသိသည်။
ဒီလိုလက်တုံ့ပြန်သည်က အလွန်နည်းလွန်းသည်ကို ကျီနန်ဖုန်း သိပေမယ့် လီဝေအတွက်ကတော့ ကောင်းကင်ကြီးပြိုကျလာသလိုဖြစ်သည်။ သူ အဲ့လိုလူအတွက်လည်း သူ့ဘဝကို အဆုံးသတ်၍လည်း မဖြစ်သေး။
သူ့တွင် ထောက်ပံ့စရာ သူ့ဇနီးနှင့် တူမများရှိသေးကာ သူ့တူလေးကိုလည်း ရှာရဦးမည်။ ဒီလိုမကောင်းတဲ့ကောင်အတွက် သူ့ဘဝကို စတေးရသည်က မတန်ပေ။
ချူယောင်း ခေါင်းညိတ်လိုက်သည်။ ကျီနန်ဖုန်းပြောသည်က မှန်သည်ဟု သူမထင်သည်။ သူတို့ ဂုဏ်ယူနေသော အလုပ်က မရှိတော့၍ ဘဝက နောက်ခက်ခဲမည်ဖြစ်သည်။ လီအဒေါ်ပင် လယ်ထဲ ပြန်အလုပ်လုပ်ရမည်ဖြစ်သည်။
တကယ်ပင် သူတို့တွေးသလို လီမိသားစုအတွက် ကောင်းကင်ကြီး ပြိုကျသလို ခံစားရနေသည်ဖြစ်သည်။
လီဝေ သူ လာဘ်လာဘ အနည်းငယ်ယူသည်က စက်ရုံတွင် ပုံမှန်မဟုတ်ဘူးလား ဘာလို့ သူက အလုပ်ပြုတ်ရသည်ကို နားမလည်နိုင်ပေ။
သူ ဒီအလုပ်ကိုရရန် အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။ အခုမှ သူ ရွာပြန်ပြီး လယ်အလုပ်မလုပ်ချင်ပါ။ ပြီးတော့ ရွာမှာ တစ်နှစ်ပတ်လုံး ပိုက်ဆံဘယ်လောက်ရနိုင်လို့လဲ?
သို့သော် မြို့တွင် အိမ်တစ်လုံးငှားရသည်က ငွေတော်တော်ကုန်သည်။ သူ စက်ရုံတွင် အလုပ်လုပ်ရလွယ်ကူစေရန် ဒီအိမ်ကို တိတ်တိတ်လေး ငှားထားခြင်းဖြစ်သည်။
ဝမ်ကွေ့ဟွား သူမရှုံးသည်ဟု ခံစားရသည်။ သူမ လက်ထပ်ထားတာ ဘယ်လောက်ကြာသေးလို့လဲ ခု သူမ ရွာပြန်သွားရမည်။
သူမ ဒီအတိုင်း ထိုင်နေ၍မရဟု ဝမ်ကွေ့ဟွားခံစားရသည်။ အခန်းထဲက လူများကို တစ်ချက်ကြည့်လိုက်ရာ ရန်ဖြစ်ပြီး၍ လူတိုင်းပင်ပန်းကာ နေရာတွင်သာ ထိုင်နေကြသည်။ ဘယ်သူမှလည်း စကားမပြောချင်ကြတော့ပေ။
လီအဒေါ်လည်း အလွန်စိတ်ဓါတ်ကျနေသည်။ သူမမှာ မြို့တွင် အလုပ်လုပ်သော သားတစ်ယောက်ရှိလာသဖြင့် ကြွား၍ မဆုံးသေးခင် အခု သူမ ရွာသို့ပြန်သွားရမည်။ သူမ မကြွားနိုင်တော့ရုံသာမက တစ်ခြားသက်တူရွယ်တူအဒေါ်ကြီးများ၏ အထင်သေးသည့်အကြည့်ကိုလည်း ခံရမည်။
လီအဒေါ်လည်း ရွာသို့မပြန်ချင်၍ ရွာပြန်မပြန် သူတို့ ရန်ဖြစ်နေကြခြင်းဖြစ်သည်။
ဝမ်ကွေ့ဟွား မျက်စောင်းထိုးလိုက်ပြီး သူတို့သတိမထားမိခင် တိတ်တဆိတ် သူမပစ္စည်းများကို ယူပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ "ရှင် အသုံးမကျတဲ့ယောက်ျား၊ ရှင် ဒီလောက်တော်တော်အသုံးမကျဘူးဆိုရင် ကျွန်မ ရှင့်ကို လက်ထပ်မှာမဟုတ်ဘူး"
နောက် သူမသားလက်ကို ဆွဲကာ ထွက်သွားလိုက်သည်။ လီဝေ နောက်မှလိုက်ပြီး သူမလက်ကို ကိုင်လိုက်သည်။ "မင်း ဘယ်သွားမလို့လဲ?"
ဝမ်ကွေ့ဟွား ထွက်သွားသည်ကို မြင်၍ လီအဒေါ် ချက်ချင်းလှုပ်လာပြီး သူမပါးစပ်ကို ဖွင့်ကာ ဆက်တိုက်ဆဲဆိုနေသည်။ "အဲ့မကောင်းတဲ့မိန်းမ။ ငါတို့အိမ်သာ သူမကို လက်မထပ်ဘူးဆိုရင် ငါတို့မိသားစု ဒီလိုဖြစ်မှာမဟုတ်ဘူး။ သူမက ကံဆိုးစေတာဖြစ်နိုင်တယ်"
လီဝေ ဒါကို သေချာတွေးကြည့်ပြီး ဖြစ်နိုင်သည်ဟု တွေးကာ ထို့ကြောင့် သူ သူ့အမေကို ပြန်မငြင်းတော့ဘဲ သူမကို ဆက်အော်ဆဲသည်ကို ကြည့်နေလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် လီဝေ ဝမ်ကွေ့ဟွားပြန်လာသည်ကို မစောင့်တော့။ သူတို့ ဒီမှာဆက်နေ၍ မရပါ။ သူ အိမ်တွင်လည်း ပိုက်ဆံလုံးဝရှာမတွေ့။ သူတို့အိမ်ငှားခပေးရန် ပိုက်ဆံလုံးဝမရှိတော့ပေ။
အိမ်ပိုင်ရှင်အဘွားက သူတို့ကိုလာကြည့်ပြီး ပြောလိုက်သည်။ "မင်းတို့မှာ ပိုက်ဆံမရှိဘူးဆိုရင် စောစောပြောင်းသင့်နေပြီ။ မင်းမှာအလုပ်မရှိဘဲ ဒီမှာဆက်နေချင်လည်း တတ်နိုင်မှာမဟုတ်ဘူး!"
အိမ်ပိုင်ရှင်အဘွား၏ စကားများက လီဝေနှလုံးသားကို တကယ် ထိုးနှက်လိုက်၍ ဒီတစ်ခါ လီဝေ ဘာမှပြန်မပြောနိုင်တော့ပေ။ သို့သော် တစ်ချိန်တည်းမှာပဲ လီအဒေါ်က အိမ်ပိုင်ရှင်ကို ကန်လိုက်သေးသည်။ "ကျွန်မတို့ နေနိုင် မနေနိုင် ရှင်နဲ့ ဘာဆိုင်လို့လဲ? တစ်နေလုံးမဟုတ်တာတွေဘဲ ပြောနေတာ။ မပြောတတ်လည်း လျှာသာဖြတ်ထားလိုက်"
လီအဒေါ် မာထန်ထန်ပြောလိုက်ပေမယ့် အိမ်ပိုင်ရှင်အဘွားသည်လည်း စိတ်ဓါတ်မာကြောသည်။ "ဒါဆိုလည်း ဒီနှစ်ရက်အတွင်း အိမ်က ဖယ်ပေးပါ"
လီဝေ ရွေးချယ်စရာမရှိဘဲ ဝမ်ကွေ့ဟွားကို သူအရင်သွားရှာလိုက်သည်။ သူတို့ လများစွာလက်ထပ်ထားပြီးပေမယ့် သူ ဝမ်ကွေ့ဟွားမိဘအိမ်သို့ တစ်ခါမှ မရောက်ဖူး။ ထို့ကြောင့် ဝမ်ကွေ့ဟွား သူ့ကို ပြောပြထားသော ရွာသို့ သွားရှာလိုက်သည်။
ဝမ်ကွေ့ဟွား မိဘအိမ်ဘယ်မှာရှိမှန်း လီဝေ ရွာသားများကို မေးလိုက်သည်။
ဝမ်မိသားစုက ဝမ်ကွေ့ဟွားကို လျစ်လျူရှုထားသည်မှာ ကြာနေပြီဖြစ်ကာ သူတို့ လီဝေလာသည်ကို မြင်၍ ဝတ်ကျေတန်းကျေ ပြောလိုက်သည်။ "မောင်လေး ရေသောက်မလား?"
လီဝေလည်း တကယ် ရေဆာနေ၍ သူ အားမနာတော့ပေ။ "ဒါဆို မရီးကို ဒုက္ခပေးရတော့မယ်"
နောက် လီဝေ သူလာရသည့်အကြောင်းပြချက်ကို ရှင်းပြလိုက်သည်။ "ကွေ့ဟွားက ကျွန်တော့်ကို စိတ်ဆိုးပြီး သူမအမေအိမ်ပြန်သွားတာ။ အစ်ကိုတို့နဲ့ မရီးတို့ ကျွန်တော့်အကြောင်းအကောင်းလေးတွေ ပြောပေးပါဦး!"
ဝမ်ကွေ့ဟွားအစ်ကိုများက တစ်ယောက်ကို တစ်ယောက်ကို ကြည့်ပြီး နောက်ဆုံး ဝမ်ကွေ့ဟွားအကြီးဆုံးအစ်ကိုက ပြောလိုက်သည်။ "အစ်ကိုတို့ မင်းကို မကူညီချင်တာမဟုတ်ဘူး။ ကွေ့ဟွား အိမ်ပြန်မလာတာ တော်တော်ကြာပြီ"
လီဝေ ဒီလိုဖြစ်မည်ဟု မထင်မှတ်ထားပေ။ သူမကို ဘယ်မှာရှာရမည်မှန်းမသိ၍ ရွာတစ်လျှောက် ပတ်သွားရင်း စိတ်ထဲ ဟာလာဟင်းလင်းဖြစ်နေသည်။ ထို့ကြောင့် သူအရင်အိမ်ပြန်လိုက်သည်။
အစကတော့ အဆိုးဆုံးက ဝမ်ကွေ့ဟွား အိမ်ကငွေများဖြင့် ထွက်ပြေးသွားခြင်းဟု ထင်ခဲ့ရာ အိမ်ပြန်ရောက်မှ ဒါက အဆိုးဆုံးမဟုတ်မှန်း သိသွားသည်။
သူ အိမ်ပြန်ရောက်သောအခါ တံခါးရှေ့တွင် ထွားထွားကြိုင်းကြိုင်းအမျိုးသားကြီးများ မတ်တပ်ရပ်နေသည်ကို မြင်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့က ရင်ဆိုင်ရမလွယ်မှန်း သိသာ၍ လီဝေ ဖားယားစွာ ပြောလိုက်သည်။ "အစ်ကိုကြီးတို့ ဘာကိစ္စရှိလို့လဲ မသိဘူး?"
" ငါတို့ ဒီကို ပိုက်ဆံလာပြန်တောင်းတာ"ထိုအမျိုးသားကြီးများ၏ ကြွက်သားများက ဖုထစ်ထိုးထွက်နေပြီး ကြည့်ရသည်ကပင် ကြောက်စရာကောင်းသည်။
"အစ်ကိုတို့က ဘာလို့ ကျွန်တော့်ဆီ ပိုက်ဆံလာတောင်းတယ်မသိဘူး။ ကျွန်တော် အစ်ကိုတို့ဆီက မချေးပါဘူး!" လီဝေ နားမလည်စွာ မေးလိုက်သည်။ သူ ပိုက်ဆံချေးခဲ့သည်လားဟု မမှတ်မိပါ။ ဝမ်ကွေ့ဟွား ချေးတာများလား? ဤမိန်းမက ဒီလောက်အရမ်းရက်စက်မည်ဟု မထင်ထားပါ။ သူမ အိမ်က ပိုက်ဆံအားလုံးကိုပါ ယူသွားရုံသာမက နေရာတကာ ပိုက်ဆံလိုက်ချေးနေသည်လား?
"မင်း ငါတို့ပိုက်ဆံကို မချေးပေမယ့် မင်းအမေ ငါတို့ဆီမှာ ပိုက်ဆံအကြွေးတင်နေတာ" အမျိုးသားကြီးတစ်ယောက်က သူ့ကို ရှုံ့ချစွာ ကြည့်လိုက်သည်။
သူ့အမေက ဘယ်တုန်းက ပိုက်ဆံသွားချေးခဲ့မှန်း လီဝေ မသိပေ။ သူတို့ သူ့ကို တမင်တကာလိမ်နေမည်ကိုလည်း သူစိုးရိမ်သည်။ "ကျွန်တော့်အမေ အခုဘယ်မှာလဲ?"
"ငါတို့ မင်းတို့ကို တော်လှန်ရေးကော်မတီကို ပို့ရလိမ့်မယ်။ မင်းတို့ ချေးထားတဲ့ ပိုက်ဆံပြန်မပေးရင်တော့ မင်းတို့ တော်လှန်ရေးကော်မတီအပို့ခံရမှာတော့ သိတယ်မလား?" အမျိုးသားကြီးများက သူ့ကို ခြောက်ချင်၍ ပြောခြင်းဖြစ်သည်။
"ကျွန်တော့်အမေ ဘယ်လောက်ချေးထားလဲဆိုတာ ကျွန်တော်မသိဘူး?" လီဝေ တကယ်ကြောက်လန့်နေသည်။
"ငါတို့ဆီ ယွမ်၅၀၀ အကြွေးတင်နေတာ။ မြန်မြန် ငါတို့ကို ပြန်ပေး" အမျိုးသားကြီးတစ်ယောက်က ခက်ထန်စွာပြောလိုက်သည်။ သူက တကယ် လူတွေကို ခြောက်လှန့်ရာတွင်တော်သည်။
ဒီလောက်ငွေအများကြီးမှန်း ကြား၍ လီဝေတုန်ယင်သွားသည်။ "အစ်ကိုကြီးတို့ ကျွန်တော့်ကို လျှော့ပေးနိုင်မလား? ကျွန်တော်တို့မိသားစု တကယ် တစ်ပြားမှ မတတ်နိုင်လို့ပါ"
"မရဘူး။ မင်း ငါတို့ကို ပေးကိုပေးရမယ်။ မဟုတ်ရင် တော်လှန်ရေးကော်မတီကို ပို့ရလိမ့်မယ်" အမျိုးသားကြီးများပြောပြီးသောအခါ ထွက်သွားကြသည်။
ဤစကားက လီဝေကို တကယ်ထိတ်လန့်သွားစေသည်။ သူ အစက အချိန်ဆွဲချင်ပေမယ့် အခု ကြာကြာ အချိန်မဆွဲရဲတော့ပေ။
လီဝေ သူအကောင်းဆုံး ပိုက်ဆံစုရန်သာကြံရသည်။ သူ့သူငယ်ချင်းအားလုံးဆီက ပိုက်ဆံလိုက်ချေးရင်း နောက်ဆုံး ယွမ်၅၀၀ပြည့်သွားသည်။
သို့သော် ဤယွမ်၅၀၀က သူ၏ခင်မင်ရင်းနှီးမှုအားလုံးကို ပြောင်းပြန်ဖြစ်စေသည်။ လီဝေ အဲ့နေ့က ညှိနှိုင်းထားသောနေရာသို့သွားကာ ပိုက်ဆံကို ထိုအမျိုးသားများအား ပေးလိုက်သည်။
အမျိုးသားကြီးတစ်ယောက်က ပိုက်ဆံကိုယူကာ သေချာရေတွက်ပြီး ပြည့်သည်ကို သေချာမှ သူ တစ်ခြားသူများကို ခေါင်းညိတ်ပြပြီးသူတို့ကို လီအဒေါ်အား လွှတ်စေလိုက်သည်။
လီဝေ သူ့အမေကို အိမ်သို့ပြန်ခေါ်သွားပြီး လမ်းတစ်လျှောက် ဘာမှမပြောချင်ပေ။ လီအဒေါ်လည်း သူမမှားမှန်းသိ၍ နောက်ကနေ ငြိမ်သက်စွာလိုက်လာလိုက်သည်။
လီဝေ အိမ်ပြန်ရောက်သောအခါ သူ စကားတစ်ခွန်းသာပြောသည်။ "အမေ့ပစ္စည်းတွေသိမ်းပြီး အိမ်ပြန်တော့။"
ရွာသို့ပြန်မည်ဟု လီဝေပြော၍ လီအဒေါ် အနည်းငယ်တုံ့ဆိုင်းနေသေးသည်။ "သား။ အမေတို့ သားသူငယ်ချင်းတွေကို တောင်းပန်ပြီး သားဖို့ အလုပ်တစ်ခု ရှာဖို့မေးကြမယ်လေ"
"အမေ။ သား အမေကို ပြန်ရွေးဖို့် ဘယ်လောက်အကြွေးတင်သွားတယ်ထင်လဲ? ယွမ်၅၀၀။ ကျွန်တော်တို့မိသားစု ပိုက်ဆံတစ်ပြားမှ မရှိတဲ့အပြင် ယွမ် ၅၀၀တောင် အကြွေးတင်သွားသေးတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကို မြင်ရင် တံမြက်စည်းနဲ့ ရိုက်ထုတ်ချင်နေလောက်ပြီ"လီဝေ လီအဒေါ်က သူ့ကို တစ်ချိန်လုံး ပြသာနာများဖြစ်စေသည်ကို တကယ်မုန်းသည်။
သူ့အမေကြောင့်သာ မဟုတ်ဘူးဆိုလျှင် ကျီရိုကွယ်လွန်မှာမဟုတ်သလို သူ့သားကိုလည်း ပျောက်မည်မဟုတ်။ သူ့အမေကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူ ဝမ်ကွေ့ဟွားကဲ့သို့မိန်းမမျိုးကို လက်ထပ်ဖြစ်မှာမဟုတ်သကဲ့သို့ သူ ဒီလိုဘဝထိ ရောက်မှာမဟုတ်ပေ။ အခု ယွမ်၅၀၀လည်း အကြွေးတင်နေသေးသည်။ ဘာလို့ သူ ဒီလိုလူဗိုက်ထဲက ထွက်လာသည်နည်း? သူ သူ့အမေကို ယုံပြီး ရွာကပြန်ခေါ်လာမိသည်ကိုလည်း နောင်တရနေသည်။
"သား အမေ့ကိုပဲ အကုန်လုံးအပြစ်တင်လို့မရဘူး။ အမေလည်း သားအတွက် စဥ်းစားပေးနေလို့ပါ! " လီအဒေါ် အခုသူ့သားပုံစံကို လုံးဝ မကျေနပ်ချေ။
"ဒါဆို အမေ မနေ့က ဘယ်သွားတာလဲပြောပြပါဦး။ အမေ ဘာလို့ ဒီလောက်ငွေတွေအများကြီး အကြွေးတင်သွားတာလဲ?" လီဝေ သူ့အမေကို တကယ်ပင် လက်လန်နေသည်။
"အမေ ဒီလောက်ငွေတွေအများကြီး အကြွေးတင်သွားတာ သားကို အလုပ်ကူရှာပေးလို့ပါ" လီအဒေါ် အမှန်အတိုင်း မပြောပြချင်ပေ။
"အမေ သားကို တကယ်အလုပ်ရှာပေးတာလား? အမေ ကျွန်တော် မသိဘူးမထင်နဲ့။ ကျွန်တော့်မှာ အလုပ်ရှိရင် အမေ နေရာတကာ ကြွားလို့ရတယ်။ ကျွန်တော့်အကိုတွေ သုံးဖို့ ပိုက်ဆံလည်းစုလို့ ရတာမလို့မလား"
လီဝေက ဘာမှ မလိုချင်သည့်လူစားမျိုးမဟုတ်ပါ။ မသိသောလူများရှေ့တွင် သူ ရောထွေးချင်ယောင်ဟန်ဆောင်ရခြင်းကို သဘောကျ၍သာ။ သူ ဘာပြသာနာမှမဖြစ်ချင်။ သူ့ဇနီးသည်နှင့် အမေကြား သူပြသာနာမဖြစ်ချင်ပေ။ ဘယ်သူဘက်ကပါပါ မှားသလိုဖြစ်နေပြန်သည်။
"အခု မင်းက ကြီးလာပြီဆိုတော့ မင်းအမေအိုကို သဘောမတွေ့တော့ဘူးပေါ့။ အမေက မင်းကလေးတွေကို ဂရုစိုက်ပေးဖို့ ရွာကနေ ဒီအထိ အဝေးကြီးလာနေပေးရတာ။ မင်းအရင်ဇနီးသေသွားတော့ မင်းတစ်ယောက်တည်း အထီးကျန်နေမှာစိုးရိမ်လို့ မင်းအတွက် နောက်တစ်ယောက် ချက်ချင်းရှာပေးသေးတယ်။ အမေ သားအတွက် အကုန်လုပ်ပေးတာချည်းပဲ"
ဝမ်ကွေ့ဟွား ဒီအိမ်တွင် ရောက်လာမှ လီအဒေါ်နေ့တိုင်းအလုပ်လုပ်ရခြင််းဖြစ်သည်။ ကျီရိုအရင်က လုပ်ခဲ့သည်များကိုတော့ သူမ လုပ်ခဲ့သလို နာမည်ကောင်း ဝင်ယူခြင်းဖြစသည်။
"ဒါဆို အမေ ရှာထားတဲ့ချွေးမကို အမေစိတ်ကျေနပ်တယ်ပေါ့?" လီဝေ ရွဲ့ပြုံးကာမေးလိုက်သည်။
လီအဒေါ် ထအော်လိုက်သည်။ "အမေ မကျေနပ်တာနဲ့ ဘာဆိုင်လို့လဲ? အမေ ဘာလုပ်လုပ် အမေ သားကို စိတ်မကျေနပ်စေနိုင်ဘူး။ အမေ့အရင်ချွေးမက သူမဘာသာသေသွားတာ။ ပြီးတော့ အခုမင်းဇနီးက မင်းနဲ့ အရမ်းရင်းနှီးတယ် မဟုတ်ဘူးလား?"
ဒီအမေနှင့်သား တစ်ယောက်မျက်နှာတစ်ယောက် ခွာချကြကာ စိတ်ထိခိုက်အောင်လည်းပြောကြသည်။
လီဝေ သူ့အမေအာခေါင်ခြစ်အော်နေသည်ကို မြင်၍ အနည်းငယ်ပြုံးကာ ပြောလိုက်သည်။ "အမေ။ အမေသဘောကျတဲ့ချွေးမက နောက်ပြန်မလာတော့တာ နှမြောစရာပဲ"
လီအဒေါ် နားမလည််ခဲ့ပေ။ "သား ဘာပြောတာလဲ?"