အခန်း (၆၄)
Vol. 5 Ch. 64
လီထောင်းဟွာ အချဥ်ကူစိမ်ပေးပြီး ချူယောင်း သူမကို အိမ်တွင် စားသွားရန် ဘယ်လောက်ပြောပြော သူမ လက်မခံပေ။
ချူယောင်း ရွေးချယ်စရာ မရှိတော့ဘဲ သူမကို ဂေါ်ဖီထုပ်နှင့် ပဲများသာ ပေးလိုက်ပြီး ကလေးနှစ်ယောက်ကို လိုက်ပို့စေလိုက်သည်။
လီထောင်းဟွာ ထွက်သွားပြီး မကြာခင် ကျီနန်ဖုန်းပြန်လာခဲ့သည်။ ချူယောင်း သိပ်ဂရုမစိုက်ပေ။ ညစာ ပဲနှပ်စားရန်သာ စီစဥ်လိုက်သည်။
ကျီနန်ဖုန်း အသားယူလာ၍ သူမ ပဲနှပ်ခေါက်ဆွဲစားချင်နေသည်မှာ ကြာပြီဖြစ်၍ ခေါက်ဆွဲလုပ်ရန် ကျီနန်ဖုန်းကို လက်လွှဲလိုက်သည်။
ချူယောင်း ပျော်ရွှင်ပြီး စိတ်အေးနေသည်။ ပထမဆုံး သူမ နံရိုးနှပ်ထားပြီး ရသောအခါ ပဲနှင့် တစ်ခြားအစာပလာများထည့်ပြီး ခဏစောင့်ပြီးနောက် စွပ်ပြုတ် အိုးဝက် ဖြည့်ကာ ကျန်သည့်ခေါက််ဆွဲကို ထည့်လိုက်သည်။ ခဏပြုတ်ထားပြီး အရသာရှိသော ပဲနံရိုးနှပ်ခေါက်ဆွဲရပြီဖြစ်သည်။ သူတို့ ဗိုက်အပြည့်ဖြည့်သော ညတစ်ညဖြစ်ပြန်သည်။
အိပ်ရေးဝဝအိပ်ပြီး ချူယောင်း အိပ်ရာမှ ထသောအခါ မနက်စာပင် စားလို့ရပြီ။
မနက်စာစားပြီးနောက် ကျီနန်ဖုန်း ပစ္စည်းများကို သယ်ကာ ချူယောင်းကို မူလပိုင်ရှင်မိဘအိမ်သို့ ခေါ်သွားသည်။
၂နာရီကျော်ကြာ လမ်းလျှောက်ရသည်။ နေ့ဝက်လောက် လမ်းလျှောက်ပြီးမှ သူတို့ ချူမိသားစု အိမ်ရွာသို့ ရောက်သွားကြသည်။ ရွာသားအများစုမျိုးရိုးနာမည်က ချူဖြစ်ကာ အပြင်လူ အနည်းငယ်မျှသာရှိသည်။
ချူယောင်း ချူအိမ်သွားကြည့်ရာ ချူမိသားစုချွေးမက အိမ်တွင်ရှိ၍ ချူယောင်း ပြန်လာသည်ကို မြင်သောအခါ သူမ ထူးဆန်းသည့်စကားပြောပုံနှင့် ပြောလိုက်သည်။ "တစ်ချို့လူတွေက လက်ထပ်ပြီးသွားတော့ အိမ်ပြန်လာရကောင်းမှန်းတောင် မသိကြဘူး"
ကျီနန်ဖုန်းက စိတ်ရှည်စွာဖြင့် "မင်္ဂလာပါ။ မရီး၊ ဦးလေး အဒေါ်နဲ့ ညီလေး ဘယ်မှာလဲမသိဘူး?"
ကျီနန်ဖုန်း ပစ္စည်းများကမ်းပေးရာ ချူမိသားစုချွေးမ ထပ်ပြောချင်ပေမယ့် အထဲက မုန့်များကို မြင်၍ သူမ ပါးစပ်ပိတ်သွားသည်။ "လူတိုင်း အပြင်မှာ၊ ငါက ကိုယ်ဝန်နဲ့မလို့ အိမ်မှာ နားနေတာ"
ချူမိသားစုချွေးမ ပြောပြီး သူမဗိုက်ပြားချပ်ချပ်ကို ပွတ်ကာ ထပ်ပြောလိုက်သည်။ "ငါ့ယောင်းမ ပြန်လာပြီဆိုတော့ တစ်ခုပြောရဦးမယ်။ မဟုတ်ရင် ကလေးတွေ ယောင်းမတို့ကို မှတ်မိတော့မှာမဟုတ်ဘူး"
"မမှတ်မိဘူးဆိုလည်း မမှတ်မိဘူးပေါ့။ ကျွန်မလည်း မမှတ်မိစေချင်ပါဘူး" ချူယောင်း သူမဘာသာ ထိုင်ခုံတစ်ခု ရှာထိုင်လိူက်သည်။
ကျီအမေ၏ ခန်းဝင်ငွေက မများသော်လည်း ချူယောင်းက အလွန်ဝ၍ သူမ လက်မထပ်နိုင်သေးပေ။ သူမက အလွန်ဝ၍ အစားကြီးလောက်မည်ဟု လူတိုင်း တွေးကြ၍ဖြစ်သည်။
ချူမိသားစုချွေးမ အနိုင်ကျင့်ခံရပေမယ့် သူမ ဘာမှပြန်မပြောဘဲ ကျီနန်ဖုန်းကိုသာ ပြောလိုက်သည်။ "ကလေးရဲ့ ဦးလေး၊ ကလေးက မကြာခင် မွေးတော့မှာ။ အဲ့အချိန် မောင်လေးက စစ်တပ်ထဲ ရှိနေမှာဆိုတော့ မြင်ရမှာမဟုတ်ဘူး..."
ကျီနန်ဖုန်း ဒီချူမိသားစုလုပ်ရပ်များကို သိပြီးဖြစ်ကာ အခု သူ ချူယောင်းကို ခေါ်လာသည်က ချူယောင်း၏ မောင် ချူကျောင်းကို သူတို့ တွေ့ချင်၍ဖြစ်သည်။
သူ သူတို့လက်ထပ်ခြင်း၏ အသေးစိတ်ကို မသိဖို့က မဖြစ်နိုင်။ ဒီလိုလက်ထပ်ခြင်းကို ကျီအမေနှင့် ချူအဒေါ် စီစဥ်ခြင်းဖြစ်သည်။
ကျီအမေနှင့် ချူအဒေါ် နှစ်ယောက်ထဲက တစ်ယောက်မှာ အကြံဆိုးများရှိပြီး တစ်ယောက်က ငွေလိုချင်ကာ သူတို့နှစ်ယောက် တိုက်ဆိုင်စွာ တွေ့ဆုံပြီး သူတို့ကို အိမ်ထောင်ချပေးခြင်းဖြစ်သည်။
ကျီအမေက အမြဲတမ်း ကျီနန်ဖုန်းအမေအကြောင်းကို အလွန်စိတ်ပူသည်။ ကျီနန်ဖုန်းအမေက ရွာတွင် အလွန်နာမည်ကောင်းရှိသည်။ လူတွေက ကျီနန်ဖုန်းအမေကို လှပပြီး စကားပြောနူးညံ့ကာ တစ်ခြားသူများနှင့် ဆက်ဆံရာတွင် အလွန်သဘောကောင်းသည်ဟု သူမကိုအမြဲပြောလေ့ရှိကြသည်။
ထိုလူအသက်က အလွန်တိုကာ ကလေးမွေးပြီး လအနည်းငယ်ကြာပြီးနောက် သေဆုံးသွားခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင်တောင် ကျီနန်ဖုန်းအမေဖြစ်တည်မှုက သူမကို မျက်စိနောက်သလို ခံစားရစေသည်။
အထူးသဖြင့် ကျီအဖေ သူ့အိပ်မက်ထဲ တစ်ခါတစ်ရံ ကျီနန်ဖုန်းအမေ နာမည်ယောင်သည်က ကျီအမေကို ပိုနာကြည်းစေသည်။
အရင်က သူမ ကလေးနှစ်ယောက်ကို နှိပ်စက်ကာ အကြီးမလေးက အိမ်ထောင်ကျသွား၍ အငယ်ကောင်က စစ်တပ်ထဲဝင်သွားပြီး တစ်နှစ်နေလို့ တစ်ခါပြန်မလာသဖြင့် သူမ ဒေါသထွက်စရာနေရာမရှိပေ။
ရွာထဲက တစ်ချို့လူများက သူမကို လင်ပါသားအား နှိပ်စက်သည့် မိထွေးဟုပြောကြ၍ သူမ ဒေါသထွက်ကာ သူ့အတွက် ရုပ်ဆိုးဆိုးတစ်ယောက်ရှာပေးပြီး သေသည်အထိ နှိပ်စက်ရန်တွေးလိုက်သည်။
နောက်ဆုံး သူမ ချူယောင်းကို ရွေးချယ်လိုက်သည်။ ချူယောင်းမိဘများက ဆုံးပါးသွားကာ သူမမောင်လေးနှင့် သူမသာ ကျန်ခဲ့ပြီး သူမဦးလေး အဒေါ်နှင့်နေကြရသည်။
ချူယောင်းအိမ်လာပြီး လက်ထပ်ဖို့လာပြောသည့်သူများက ခန်းဝင်ငွေများများ မပေးချင်ကြသူများဖြစ်သည်။ ကျီအမေ၏ ခန်းဝင်ငွေက မများလှပေမယ့် တစ်ခြားမိသားစုများနှင့် ယှဥ်လျှင် မဆိုးလှချေ။
ကျီနန်ဖုန်း ပိုက်ဆံနှင့်သာ ခန်းဝင်ငွေပေးလိုက်၍ ကျီအမေ ဘယ်လိုမှ မနေပေ။ ကျီအဖေအတွက်လည်း ကိစ္စမရှိ။ နောက်လည်း ကျီနန်ဖုန်းက တစ်ယောက်ယောက်နှင့် အိမ်ထောင်ကျမည်ဖြစ်ကာ အိမ်ထောင်ချပေးလိုက်လျှင် သူ့မိသားစုရှိလာပြီဖြစ်၍ ပိုက်ဆံပိုပို့လောက်သည်ကိုသာ တွေးသည်။ သို့သော် ကျီနန်ဖုန်း အိမ်ထောင်ကျပြီးနောက် ငွေထပ်မပို့ချင်တော့သည်ကို ကျီအဖေ မထင်မှတ်ထားပေ။
ဒါက သူတို့လက်ထပ်ဖြစ်သည့် အကြောင်းပြချက်လည်းဖြစ်သည်။ ကျီနန်ဖုန်း သူအိမ်ပြန်ရောက်ရောက်ချင်း သိလိုက်ရသည်။ ချူအဒေါ်က ငွေအကြောင်းကိုသာ ဂရုစိုက်သည်။
ချူယောာင််း ပြန်မလာချင်မှန်း ကျီနန်ဖုန်းသိသည်။ သို့သော် ချူကျောင်းက အလွန်သိတတ်သောကလေးဖြစ်သည်။ ကျီနန်ဖုန်း လက်မထပ်ခင် သူ အနာဂတ်လက်ထပ်မည့် မိန်းကလေးက ဘယ်လိုပုံစံလဲ သိချင်၍ ဒီကို ရောက်လာခဲ့သည်။
ထိုအချိန်က သူ ချူကျောင်းနှင့် ဆုံရာ ချူကျောင်းက သူ့ကို ပြောခဲ့သည်။ "အကိုက ကျွန်တော့်အမကို လက်ထပ်ချင်တဲ့ တစ်ယောက်လား?"
ကျီနန်ဖုန်း သူ့ထက် အဆများစွာ အရပ်ပုသောကောင်လေးကို ကြည့်လိုက်ကာ ဆောင့်ကြောင့်ထိုင်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဟုတ်တယ်"
"ဒါဆို အကို ကျွန်တော့်အမကို နောက် ကောင်းကောင်းဆက်ဆံနိုင်မလား? ကျွန်တော် အကိုတို့အိမ် လာမနှောင့်ယှက်ဘူးလို့ ကတိပေးပါတယ်။ အဒေါ်တွေက ကျွန်တော့်အစ်မက ကျွန်တော့်ကို နောက်သေချာပေါက် ကူညီမှာလို့ပြောတယ်။ ကျွန်တော် ကျွန်တော့်အမကို မကူညီခိုင်းပါဘူး။ အကို အမကို ကောင်းကောင်းဆက်ဆံပေးရင် ကျွန်တော် လာမနှောင့်ယှက်ပါဘူး" ချူကျောင်းက ၇နှစ် ၈နှစ်အရွယ်ပဲ ရှိသေးပေမယ့် အလွန်လေးနက်သည့်ပုံပေါ်သည်။
အကြောင်းပြချက်တစ်ချို့ကြောင့် ကျီနန်ဖုန်း သူ့အမကို တွေးမိသွားကာ ချူကျောင်းခေါင်းကို ပွတ်လိုက်ပြီး သူ့ကို ကတိပေးလိုက်သည်။ "စိတ်မပူပါနဲ့။ အကို သူမကို ကောင်းကောင်းဆက်ဆံမှာပါ" ဒါက ယောကျ်ားချင်းကြားကတိဖြစ်ခဲ့သည်။ သို့သော် သူကိုယ်တိုင် မင်္ဂလာဆောင်သည့်နေ့တွင်ပင် ထွက်သွားသည်။
သူ တွေးနေသည်ကို ချူယောင်းမသိပါ။ သူမ ချူအိမ်ကို လာရသည်ကို အလွန်ငြင်းဆန်နေမိသည်။ သို့သော် မူလပိုင်ရှင်တွင် မောင်တစ်ယောက်ရှိ၍ ထိုမောင်အကြောင်းစိတ်ပူကာ လာခဲ့ခြင်းဖြစ်သည်။
ဒါက မူလပိုင်ရှင်ချန်ခဲ့သော စိတ်ခံစားချက်ဖြစ်ကာ သူမကို အလွန်ဒွိဟများအောင် ဖြစ်စေသည်ဟု ချူယောင်းခန့်မှန်းလိုက်သည်။
"ယောင်းမ၊ ကျွန်မတို့ကို သူတို့အလုပ်လုပ်တဲ့နေရာပဲ ပြောပါလား?" ချူယောင်း ဒီချူမိသားစု ချွေးမ၏ အဓိပ္ပါယ်မရှိပြောသည်များကို နားမထောင်ချင်။ ချူမိသားစုချွေးမက သူတို့ကို ပိုက်ဆံတောင်းချင်နေသေးသည်။
ချူမိသားစုချွေးမ ချူယောင်း စိတ်မရှည်သည့်အသံကိုကြား၍ သူတို့ကို အဖတ်လုပ်စကားမပြောတော့ဘဲ သူမလုပ်စရာရှိတာကိုသာ သွားလုပ်လိုက်သည်။
ဒါကို မြင်၍ ချူယောင်း အော်မရယ်ဘဲ မနေနိုင်ပေ။ ကျီနန်ဖုန်း ချူယောင်းကို မတတ်နိုင်စွာကြည့်ရင်း သူမ အခုရယ်နိုင်သေးသည်ကို အံ့သြနေသည်။
နောက်ဆုံး ချူယောင်း စောင့်ရသည်ကို ပျင်းလာကာ သူမ အပြင်က ကလေးတစ်ယောက်ကို ရှာလိုက်ပြီး သကြားလုံးနှစ်လုံးပေးကာ "အမအစား ချူကျောင်းကို ကူရှာပေး။ သူကို ပြန်လာခိုင်းလိုက် ဒါဆိုရင် အမ မောင်လေးကို နောက်ထပ်၂လုံးထပ်ပေးမယ်"
နောက်တွင်လည်း ကလေးအုပ်စုများရှိနေရာ သူတို့သကြားလုံးမရကြပေမယ့် အရင်သွားရှာပြီး နောက်မှ သကြားလုံးလာယူမည်ဟု တွေးကြသည်။ သူတို့ထွက်သွားပြီး မကြာခင် ပြန်လာကြသည်။
ချူကျောင်း အဝတ်အစားများက တစ်စစီဖြစ်နေကာ လယ်ထဲမှလာရ၍ ညစ်ပတ်နေသည်။
သူ သူ့အမ ပြန်လာသည်ကို တွေ့သောအခါ "အမ နောက်ဆုံးတော့ပြန်လာပြီပဲ၊ အမ ကောင်းကောင်းနေရလား ကျွန်တော်မသိဘူး"
ချူကျောင်း ချူယောင်းပေါင်ကို ဖက်ကာ ချူယောင်းကို ကြည့်နေသည်။ ချူယောင်း ဘာဖြစ်သည်မသိဘဲ ဒီကလေးကို ကြည့်ပြီး သူမရင်ထဲ နာကျင်မှုနှင့် သူ့ကို စောစောလာမရှာမိ၍ နောင်တရနေသည်။
ဒါက ဒီကမ္ဘာတွင်် ဒီမောင်တစ်ယောက်သာရှိ၍ မူလပိုင်ရှင်ကျန်ခဲ့သော ခံစားချက်ဖြစ်ရမည်ဟု ချူယောင်း ခန့်မှန်းလိုက်သည်။
ချူယောင်း ဒူးထောက်ကာ သူ့မျက်နှာပေါ်က အညစ်အကြေးများကို သုတ်လိုက်သည်။ "မောင်လေးက ကိုယ့်ကိုကိုယ် ဘာလို့အရမ်းညစ်ပတ်နေစေတာလဲ?"
"အမ၊ ကျွန်တော် ခုနက လယ်ထဲမှာအလုပ်လုပ်ရင်း မတော်တဆ ချော်လဲသွားတာ" ချူယောင်းဝမ်းမနည်းအောင် ချူကျောင်း အသံကို ပိုအေးဆေးပြောသည်။
"မောင်လေးက အရမ်းငယ်နေသေးပေမယ့် သူတို့က မောင်လေးကို လယ်ထဲ အလုပ်လုပ်ခိုင်းတယ်" ချူယောင်း ဒေါသထွက်စွာ ပြောလိုက်သည်။
ချူကျောင်း ခေါင်းခါလိုက်သည််။ "ကျွန်တော် လယ်ထဲ မြက်လေးပဲ နှုတ်ရတာပါ။ ကျွန်တော်မပင်ပန်းပါဘူး" တကယ်က ချူကျောင်း ပင်ပန်းပြီး ချွေးများအလွန်ထွက်နေကာ အနည်းငယ် နီရဲနေသောမျက်နှာဖြင့် သူမကို ပြုံးပြလိုက်သည်။
"အမပြန်ရင် မောင်လေးလိုက်ရင်ရော?" ချူယောင်း ဒီကလေးကြောင့် စိတ်ထိခိုက်သွားသည်။
ချူကျောင်း ခေါင်းခါလိုက်သည်။ "ကျွန်တော် အမနဲ့ အမခင်ပွန်းကို ပြသာနာမပေးနိုင်ပါဘူး။ အမတို့ နောက် ကလေးတွေလည်း ပျိုးထောင်ရဦးမှာ။ ကျွန်တော်ပါဆိုရင် ဝန်ထုပ်ကြီးပါတယ်"
"ဒီကောင်လေးတော့၊ ဝန်ထုပ်ဝန်ပိုးကြီးမကြီး မင်းက စဥ်းစားနေရသေးတယ်" ဒီကလေးက ဂရုစိုက်တတ်ပြီး သိတတ်သည်ကို မြင်၍ ချူယောင်း သူ့ခေါင်းကို ပုတ်လိုက်သည်။
ဘေးက ကျီနန်ဖုန်းလည်း မတ်တပ်ရပ်ကာ ချူကျောင်းလက်သေးသေးကို ကိုင်ပြီး "ညီလေး အကိုတို့နဲ့ လိုက်နေပါလား?"
ချူကျောင်း ပြန်မငြင်းခင် တံခါးအပြင်မှ ချူအဒေါ် အသံထွက်လာသည်။ " မိသားစုက ချမ်းသာတော့ ကလေးတစ်ယောက် ပိုမွေးနိုင်တယ်"
သူမ လူကိုယ်တိုင်မလာသေးပဲ အသံကို ကြားရုံနှင့် ချူယောင်းကိုယ် စတင်တုန်ယင်လာသည်။ ချူမိသားစု မူလကိုယ်အပေါ် ကြီးမားသော လွှမ်းမိုးမှုရှိသည်ဟု ချူယောင်း ခံစားရသည်။
"မင်္ဂလာပါ၊ အဒေါ် " ကျီနန်ဖုန်း ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ကာ ခုနစကားများမပြောခဲ့သလို ကလေးကို သူပိုက်ထားပြီး ဘာမှမဖြစ်သလို ထိုင်လိုက်သည်။
ချူယောင်းကတော့ နှုတ်ပင် မဆက်ပါ။ ဘယ်လိုဖြစ်ဖြစ် ဒီမိန်းမကြီးက အလွန်ဉာဏ်နီဉာဏ်နက်များသည်။
ချူအဒေါ်က ကောက်ကျစ်ပုံပေါ်ကာ ကျီနန်ဖုန်းကို ကြည့်ပြီး "မင်းတို့ ကလေးကို ခေါ်သွားလို့ရတယ်။ ဒါပေမယ့် ပိုက်ဆံတော့ပေးရမယ်။ သူက နောက်၂နှစ်ဆို အလုပ်သမားဖြစ်မှာ။ ငါ သူ့ကို ဒီလောက်နှစ်အများကြီး မြေတောင်မြှောက်ပေးထားရတာ။ ပိုက်ဆံမပေးသင့်ဘူးလား?"
ပိုက်ဆံသာပေးလျှင် ချူအဒေါ် လူကို ပေးနိုင်သည်။ သူက နောက်နှစ်အနည်းငယ်ကြာလျှင် အလုပ်အား ရမည်ဆိုပေမယ့် ပိုပိုစားနိုင်လာမည်ဆိုလျှင် မတန်ပါ။
"အဒေါ် ဘယ်လောက်လိုချင်လဲ?" ကျီနန်ဖုန်း ပိုက်ဆံပေးဖို့ ဆန္ဒရှိပေမယ့် သူ အများကြီးလည်း မပေးချင်ပါ။ မိသားစုတွင် ထောက်ပံ့စရာ လူပိုပိုများလာသဖြင့် သူ ပိုက်ဆံအားလုံးကို ရူးကြောင်ကြောင်နှင့် ပေး၍မဖြစ်ပါ။
"ငါ့ကို ယွမ်၃၀၀ပေး" ချူအဒေါ် ပြောလိုက်သည်။ ချူယောင်း ခန်းဝင်ငွေပင်လျှင် ယွမ်၅၀ဖြစ်ကာ သို့သော် လောဘမကြီးလျှင် ချူအဒေါ် မမည်ပါ။
"ဘာလို့ မလုလိုက်တော့တာလဲ?" ချူယောင်း ဆဲလိုက်သည်။
"ညည်းအရူးမ၊ ညည်း အိမ်ထောင်ကျပြီးတော့ ငါ့ကို ဒီလိုပြောရဲတယ်ပေါ့?" ချူအဒေါ် အံကြိတ်ကာ ဘေးက သစ်သားတုတ်ကြီးကြီးကို ထုတ်လာလိုက်သည်။
ချူယောင်း အမှတ်တမဲ့ ထွက်ပြေးလိုက်ချင်သည်။ ဒီမိန်းမကြီးက သေချာပေါက် သူမနှင့်ယှဥ်လျှင် အားနည်းမည်ဖြစ်ပေမယ့် သူမကိုယ်က အလွန်စိတ်ပျက်ဖွယ်အားမရှိဖြစ်နေ၍ ဒါက ဒီချူအိမ်လုပ်ရပ်များကို ယဥ်ပါးကာ ငြိမ်ခံနေတတ်သော မူလပိုင်ရှင်ခံစားချက်များဖြစ်လောက်သည်။
ကျီနန်ဖုန်း ချူအဒေါ်ကို မလုပ်ခိုင်းပါ။ ထို့ကြောင့် သူ ချူအဒေါ်လက်က တုတ်ကို ဆွဲယူလိုက်ပြီး "ဒီလိုလုပ်လို့မရဘူး။ သူမက အခုကျွန်တော့်မိန်းမဖြစ်သွားပြီ။ ဘယ်သူမှ သူမကို အနိုင်ကျင့်လို့မရဘူး" ကျီနန်ဖုန်း အေးစက်ဒေါသထွက်နေကာ သူ့ခြေနားထိုင်နေသော ချူကျောင်းပင် ခံစားမိသည်။
"ငါက မင်းအစား သူမကို ဘာလို့ဆုံးမပေးလို့မရရမှာလဲ? သူမက လက်ထပ်ပြီးတာကြာပြီဆိုတော့ သူမအမေရဲ့မိသားစုကို စလျစ်လျူရှူပြီလား။ ဒါက ငါ သူမကို ကောင်းကောင်း မဆုံးမလို့နေမယ်" ချူအဒေါ် ကျီနန်ဖုန်းကိုလည်း အနည်းငယ်ကြောက်၍ သူမ ရင်တုန်တုန်နှင့်ပြောလိုက်သည်။
"ဒါဆိုလည်း စိတ်ညစ်မခံပါနဲ့။ အဒေါ်၊ ကျွန်တော်တို့ ကလေးကို ခေါ်သွားလိုက်မယ်" ကျီနန်ဖုန်း အစက ပိုက်ဆံပေးချင်ပေမယ့် အခု သူတို့ပုံစံကို မြင်၍ ပိုက်ဆံမပေးတော့ပေ။
"ငါက သူတို့ကို နှစ်အများကြီး ပျိုးထောင်ထားရတာ။ မင်းခေါ်သွားချင်တိုင်း ခေါ်သွားလို့ရမလား?" ချူအဒေါ် တံခါးတွင် သူတို့ကို စောင့်ကာ "မင်းတို့ ထွက်သွားရဲရင် ငါ့အလောင်းပေါ်ကပဲ ထွက်သွားလို့ရမယ်။ ငါ့ကို ဒီနေ့ ပိုက်ဆံမပေးဘူးဆိုရင် ဘယ်တော့မှ ထွက်သွားလို့မရဘူး"
ငွေကို သူမအသက်လောက် သတ်မှတ်ထားသောမိန်းမတစ်ယောက်က လွယ်လွယ်ကူကူ သူတို့ကို ဘယ်လိုလွှတ်ပေးနိုင်မလဲ။ ပြီးတော့ သူမ အပြင်က ကလေးများကို သူမမိသားစုကို အိမ်ပြန်လာဖို့ ပြောရန်မှာလိုက်သည်။