အခန်း (၇၅)
Vol. 6 Ch. 75
ကျီနန်ဖုန်း ချူယောင်းသိပ်မကြာပဲ ပြန်လာသည်ကို မြင်၍ " မင်း သွားစပ်စုတာမလား?"
"အာ...ကျွန်မ မကြည့်လိုက်ရဘူး" ချူယောင်း သူမအတွက် သူမဘာသာ ဟင်းကောင်းချက်စားရန် တွေးထား၍ ကျီနန်ဖုန်းမေးခွန်းကို သေချာခေါင်းထဲ မရောက်ပေ။ သူမေးပြီးသည့်တိုင်အောင် သူမ မတွေးရသေး။
"မင်းတစ်ခုခုစားချင်တာရှိရင် ကိုယ်လုပ်ပေးမယ်လေ" ကျီနန်ဖုန်း ဘယ်သူကိုမှ မချော့ဖူးပေ။ နှစ်သိမ်ဖို့် တစ်ခုတည်းသောနည်းလမ်းက သူမဖို့ အရသာရှိသည့်အရာကို ချက်ပေးခြင်းဖြစ်သည်။
"ရှင် မနေ့က တောင်ပေါ်က ဖမ်းခဲ့တဲ့ ရစ်ငှက်ကို ကြော်ရင်ရော?" ကျီနန်ဖုန်း မနေ့ညက တောင်ပေါ်တွင် ရစ်ငှက်ဖမ်းခဲ့သည်။
အခုအချိန်တွင် သူမ အသားနှပ်မစားချင် အသားကြော်သာစားချင်သည်။ ဂျင်းနှင့် အရသာမှုန့်များ ထည့်ထားသည့် ကြက်သားကြော်အရသာကို အချိန်အကြာကြီးထိ မှတ်မိနိုင်သေးသည်။
မနက်စာအတွက် ကျီနန်ဖုန်း ကန်စွန်းဥနှပ်နှင့် ကြက်ဥကြော်ထားသည်။ သူ ထပ်ပြီး အရွက်ကြော်ရန်တွေးထားပေမယ့် ချူယောင်းက ငှက်သားစားချင်၍ သူ ရစ်ငှက်ကို သတ်လိုက်သည်။
ချူယောင်း ပြောပြီးနောက် သူမ၏ အသားများနေသေးသည့် ဗိုက်ကိုထိလိုက်ရာ သူမ ချက်ချင်း အသားစားချင်မိသည်ကို နောင်တရသွားသည်။
သူမ ဒီအချိန်အတောအတွင်း ကိုယ်အလေးချိန်ကျအောင်လုပ်နိုင်ခဲ့ပေမယ့် အခု ဘာလို့နေ့တိုင်းစားချင်နေရသည်နည်း ကိုယ်အလေးချိန် ပြန်တက်လာလျှင် ဘယ်လိုလုပ်မည်နည်း?
ချူယောင်းအတွေးများက ကျီနန်ဖုန်းကို မတားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အပြင်က ကျီနန်ဖုန်းက ငှက်ကို သတ်ပြီး၍ဖြစ်သည်။ ချူယောင်း နောင်တရလျှင်တောင်မှ အရမ်းနောက်ကျသွားပြီဖြစ်သည်။ ဒီလိုဆိုလျှင်လည်း သူမ အရင် စားပြီး နောက်မှ ညည်းတွားမည်ဖြစ်သည်။
မနက်ခင်းတွင် ငှက်သားအနံ့က မီးဖိုချောင်မှ ပျံ့လာသည်။ ကလေးများ မီီးဖိုချောင်တွင် ထိုင်နေကြရုံသာမက ချူယောင်းလည်း ထင်းမီးမွှေးနေရာ သူတို့အားလုံး အနံ့ကြောင့် ဆွဲဆောင်ခံနေရသည်။
"ငါ့အစ်မက တကယ်အရမ်းကြီးကျယ်တာပဲ ဒါပေမယ့် ငှက်သားက အရသာရှိတယ်" ဒီလိုအစ်မရှိ၍ ချူကျောင်း သက်ပြင်းချပြီး နောက် ဖိအားများမည်ဟု တွေးလိုက်ပေမယ့် စိတ်အလိုလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
"အနံ့က အရမ်းကောင်းတာပဲ။ ငါလည်း ငှက်သားစားရတာကြိုက်တယ်" လီရွှယ်ရူက အသက်ငယ်၍ များများစားစားမတွေး စားရလျှင် ပျော်သည်ဖြစ်သည်။
သူမညီမနှင့် ချူကျောင်းပုံစံကို ကြည့်ပြီး လီရွှယ်ရှင်း ခေါင်းခါလိုက်သည်။ သူတို့က စားစရာတစ်ခုမြင်သည်နှင့်တစ်ခြားဘာမှမတွေးတော့ပေ။ သို့သော် သူမလည်း ပျော်သည်။
ငှက်ဟင်းတစ်ပွဲက လူတိုင်းကို ပျော်စေသည်။ ကျီနန်ဖုန်း သူ ဟင်းချက်ရာတွင် တော်သည်ဟု ခံစားရသည်။ သူ ထမင်းချက်ရာတွင်သာ တော်ပေမယ့်အခု ငှက်ဟင်းချက်ရာတွင်လည်း လက်ရာမဆိုးလှဟု ခံစားရသည်။
ချူယောင်း သူ့ကိုချီးကျူးလိုက်သည်။ "ရှင့်ဟင်းချက်လက်ရာက တကယ်ကောင်းတာပဲ။ အရသာလည်း အရမ်းကောင်းတယ်" ဒီစကားလုံးများက သူမအလိုကို ဆန့်ကျင်နေပေမယ့် အရသာက တကယ်ကောင်းသဖြင့် စိတ်ရင်းဖြစ်သည်။ သူမကိုယ်တိုင်က ဘေးကနေညွှန်ပြပြီး ကိုယ်တိုင်လည်း မီးကို ထိန်းပေးပြီးချက်ထားသည်ဖြစ်သည်။
"မင်း ကိုယ့်ကို ကောင်းကောင်းသင်ပြလို့ပါ။ လာ များများထပ်စား" ကျီနန်ဖုန်း ငှက်ရင်ပုံသားကို သူမကိုပေးလိုက်သည်။ ရင်ပုံသားက ချူယောင်း မကြိုက်ဆုံးဖြစ်သည်။
သို့သော် အခုချိန်အသားစားရရန်က မလွယ်၍ သူမ ဒီအသားကို ဘေးပစ်၍လည်းမရ။ ပြီးတော့ ကျီနန်ဖုန်းမြင်လျှင် သူမကို အထင်လွဲသွားနိုင်သည်။
ချူယောင်း သည်းခံပြီး ရင်ပုံသားကို စားကြည့်ရာ သူမထင်သလို မမာပေမယ့် နူးညံ့မှုလည်းမရှိပေ။
ထိုအခါမှသာ ချူယောင်းမျက်ခုံးများ ဖြေလျော့သွားသည်။ သူမ အသားတစ်ချို့ကို ကလေးတွေကို ထည့်ပေးလိုက်သည်။ "ကလေးတို့ များများစားကြ။ စားပြီးရင် အဒေါ်ပြောစရာရှိတယ်" သူတို့နှစ်ယောက်ဆွေးနွေးပြီးသော စစ်တပ်ထဲ လိုက်မည့်ကိစ္စဖြစ်သည်။
စစ်တပ်သို့ သတင်းပို့ပြီးကြောင်း ကျီနန်ဖန်းပြောသည်။ သူတို့လည်း ဆွေးနွေးပြီးသဖြင့် အခု ကလေးတွေကို ပြောပြရမည်ဖြစ်သည်။
ဒါကို ကြား၍ ကလေးများတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ အိမ်တွင် ကိစ္စတစ်ခုခုများဖြစ်လို့များလားဟု တွေးမိကြပြီး မျက်နှာများ ညှိုးငယ်သွားကြသည်။
ငှက်သားက အရသာဘယ်လောက်ရှိရှိ အခုအရသာမခံနိုင်တော့ပေ။ ကလေးတွေ မျက်နှာမကောင်းသည်ကို ကျီနန်ဖုန်းမြင်၍ သူနှင့်အနီးဆုံး လီရွှယ်ရှင်းခေါင်းကိုပွတ်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ သမီးတို့ စားပြီးရင် ဦးလေးတို့ပြောပြမယ်"
ကလေးတွေ ခေါင်းညိတ်လိုက်ကြသည်။ ထမင်းစားသည့်နှုန်းလည်း မြန်လာကြသည်။ ချူယောင်း အရိုးများကို ပျော်ရွှင်စွာ ကိုက်လိုက်သည်။ အရိုးများကို ကိုက်သဖြင့် တချို့အရိုးနုများ သူမသွားကြားညပ်နေသည်။ သူမသွားကြား သွေးနံ့ကို ချူယောင်း သေချာခံစားရသည်။ အလွန်ငံ၍ သူမမျက်နှာကို မအုပ်ဘဲ မနေနိုင်ပေ။
သူမပုံစံကို မြင်၍ ကျီနန်ဖုန်းစိုးရိမ်စွာမေးလိုက်သည်။ " ဘာဖြစ်လို့လဲ?!"
"ကျွန်မကို မစိုးရိမ်ပါနဲ့။ မြန်မြန်စားကြပါ။ ကျွန်မ..." ချူယောင်း ပြော၍ မဆုံးခင် အပြင်မှ ဆူညံသံကြား၍ မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်သူမှန်းမသိသော်လည်း သူမသွားကိုက်နေ၍ စိတ်အနည်းငယ်ရှုပ်နေသည်။ သူမ အပြင်မှ ရင်းနှီးသည့်အသံကြားလိုက်၍ ဘာမှမတွေးဘဲ မတ်တပ်ရပ်လိုက်သည်။ "ကျွန်မ အပြင်ထွက်ကြည့်ကြည့်မယ်။ ရှင်တို့ ထွက်မလာကြနဲ့"
ကျီနန်ဖုန်း သူမနောက်မှလိုက်လာသည်။ "တူတူသွားကြမယ် "
ချူယောင်း ခေါင််းခါလိုက်သည်။ "မဟုတ်ဘူး။ ကျွန်မ တစ်ယောက်တည်းသွားလိုက်မယ်။ ရှင် အရင် ပုန်းနှင့်"
ကျီနန်ဖုန်း မျက်လုံးများက အပြစ်ရှိသလိုခံစားမှုအပြည့်နှင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို လက်ထပ်ရ၍ သူမ ဒီလိုအခြေအနေကို အမြဲကြုံနေရ၍ ဖြစ်သည်။
"ဘာဖြစ်လို့လဲ? ရှင်အပြင်ထွက်ရင် သူတို့ပိုဆိုးသွားလိမ့်မယ်။ ရှင်အရင်ပုန်းနှင့်။ တစ်ခုခုထူးခြားရင် ကျွန်မ ရှင့်ကို ခေါ်လိုက်မယ်" ချူယောင်း ခြံတံခါးကို သွားဖွင့်လိုက်သည်။
ချူယောင်း လူတွေကို တစ်ချက်ကြည့်လိုက်သည်။ အပြင်ကလူများက ကျီအမေ ခေါ်လာခြင်းဖြစ်ပြီး သူမ မျှော်လင့်ပြီးသားဖြစ်သည်။ "အဒေါ်တို့ မနက်မှာ ဘာတွေအဲ့လောက် ဆူညံနေရတာလဲ?" ချူယောင်း နေကို မျက်နှာမူနေရ၍ သေချာမမြင်ရသဖြင့် မျက်လုံးမှေးပြီး သူတို့ကို ကြည့်နေရသည်။
"ငါတို့အားလုံးက တစ်မိသားစုတည်းပဲ။ ဒီနေ့ဘာလို့လာတာလဲဆိုတော့ နင့်မောင် လက်ထပ်တော့မှာမလို့။ သမီး ငါတို့ကို ပိုက်ဆံပေးနိုင်မလား?" ကျီအမေ တံခါးဖွင့်လာပြီး ပိုက်ဆံတောင်းနိုင်ရန်အတွက် အပြင်တွင် အခုလေးတင် အော်ဟစ်ဆဲဆိုနေသည့်စကားများကို မေ့လိုက်ပြီး လိုရင်းကို ပြောလိုက်သည်။
"ကျွန်မမောင်၊ ကျွန်မမှာ မောင်အများကြီိးရှိတယ်လို့ ကျွန်မ မသိရပါလား?" ချူယောင်း အံ့သြနေသည့်ပုံစံနှင့်တူသည်။
"ကျီကျိုးက သမီးခင်ပွန်းရဲ့ မောင်ဆိုတော့ သမီးရဲ့မောင်ပဲမလား?" ချူယောင်း ဟန်ဆောင်နေမှန်း ကျီအမေ သိသော်လည်း ချူယောင်းကို သူမ ပြသာနာမရှာရဲပေ။
သူမနောက် လူအများကြီးရပ်နေ၍ ချူယောင်း သူမကို လူရှေ့မရိုက်လောက်ဟု တွေးထားပေမယ့် အခု ချူယောင်းရှေ့မတ်တပ်ရပ်သောအခါ သူမ ရုတ်တရက် စိတ်လှုပ်ရှားနေသည်။ လူရှေ့မို့ မရိုက်လောက်ပေမယ့် လူကွယ်ရာ ချောင်းရိုက်ပြီး လက်စားချေနိုင်သည်။
ထို့ကြောင့် ကျီအမေ ကျယ်ကျယ်မပြောပဲ နူးညံ့မှုနှင့်ပြောလိုက်သည်။ ရှိနေသောလူတိုင်း နားမလည်ပေ။ သူမက အမှားလာရှာသည်မလား ပိုက်ဆံတောင်းဖို့လာသည်မလား ဘာလို့အရမ်းညင်သာနေတာလဲ?
"ကျွန်မမှာ မောင်ငယ်မရှိဘူး။ ကျီနန်ဖုန်းရဲ့ ညီဆိုတော့ အဒေါ် သူ့ကိုပဲ ပိုက်ဆံသွားတောင်းသင့်တယ်" ချူယောင်း တံခါးတွင်ရပ်ပြီး "ဘာမှ မရှိတော့ရင်လည်း မြန်မြန်ပြန်ကြပါ"
ကျီအမေ လွယ်လွယ်လက်မလျှော့ချင်ချေ။ ဟွမ်ချွေးမ ဟွမ်ရီယွင်ကို ခေါ်သွားပြီးနောက် သူမ ကျီအဖေနှင့် သေချာဆွေးနွေးပြီးပြီဖြစ်သည်။
"ဒီအခြေအနေရောက်နေပြီဆိုတော့ ပိုဆိုးမှာကြောက်စရာမလိုတော့ဘူး။ ခမည်းခမက်တွေက လက်မထပ်ပေးချင်ရင် သွားပြီး ပြသာနာရှာရအောင်" ကျီအဖေ စိတ်တည်ငြိမ်သွားပြီဖြစ်ပြီး သူအခု လုပ်နိုင်သည်က သူ့သားကို ကူညီသည်သာဖြစ်သည်။
"အဲ့လိုဆိုရင်ကောင်းပါ့မလား သူတို့က ကျွန်မတို့ကို ပြသာနာပြန်ရှာရင်ရော?" ကျီအမေ ဟွမ်ရီယွင်ကို သဘောမကျပေမယ့် သူမအငယ်ဆုံးသားအတွက်လည်း တစ်ခုခုလုပ်ပေးချင်သည်။
"မင်း ဒါကို စိတ်ပူစရာမလိုပါဘူး။ တစ်ခုပဲ မိသားစုကပိုက်ဆံမရှိတာ။ ခန်းဝင်ငွေပေးရမယ့်အပြင် သေချာလည်း လုပ်ပေးရဦးမယ်" ဒီနည်းလမ်းနှင့်မှသာ သူတို့ခမည်းခမက်များ မကျေနပ်သည်ကို ပျောက်အောင်လုပ်နိုင်မည်ဖြစ်သည်။ သူတို့လုပ်ကိုင်သည့်နည်းလမ်းများ အဆင်မပြေလျှင် အခုအိမ်ထောင်ချပေးလောက်ပေမယ့် နောက် ကျီကျိုးကောင်းကောင်းဆက်ဆံခံရမည်မဟုတ်။
သူတို့နှစ်ယောက် ဆွေးနွေးနေစဥ် ကျီကျိုး အကြောဆန့်ရင်း အခန်းထဲမှ ထွက်လာကာ မေးလိုက်သည်။ " ရီယွင်ဘယ်မှာလဲ? သူမ မထသေးဘူးလား?" "စောစောထပြီး အခုအိမ်ပြန်သွားပြီ" ကျီအမေ သူ့မေးခွန်းကို ဖြေပေးလိုက်သည်။ ကျီကျိုး ချက်ချင်းစိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ဒီဟွမ်ရီယွင်က တကယ်စိတ်ညစ်စရာကောင်းသည်။ သူတို့မတွဲစဥ်က ဟွမ်ရီယွင်က ပေါင်းသင်းရမလွယ်ကာ သူ့ကို လျစ်လျူရှုခဲ့သည်။
သူမနှင့် အကြာကြီး ရှိပြီး၍ သူ ငြီးငွေ့နေပြီဖြစ်သည်။ သူသာ သူမအိမ်အခြေအနေကို မသိလျှင် သူ သူမကို အစောကြီးတည်းက ဖြတ်ပြီးလောက်ပြီ။
"ထွက်သွားလည်းကောင်းပါတယ်။ ဒါနဲ့ အမေ ဘာလို့ဘာမှမချက်တာလဲ? ကျွန်တော် ဗိုက်ဆာလို့သေတော့မယ်" ကျီကျိုးက ဒီမိသားစုတွင် ပြောခွင့်ရှိသည်။ ပုံမှန်ဆိုလျှင်" ငါ့သားလေး ဗိုက်ဆာနေပြီ။ အမေချက်ချင်း သားဖို့အရသာရှိတာ ချက်ပေးမယ်။ သားဒီမှာ စောင့်နေ" ဟု ကျီအမေ ချက်ချင်းပြန်ပြောလိမ့်မှာပေမယ့် ဒီနေ့ အိမ်က အဖိုးကြီးနှင့်အဖွားကြီး စကားတစ်လုံးမှမပြောဘဲ တိတ်ဆိတ်နေသဖြင့် ကျီကျိုး ရွေးချယ်စရာမရှိဘဲ ဆက်ပြောရပြန်သည်။ "အမေ၊ သားဗိုက်ဆာနေပြီ။ အမေ ဘယ်တော့ချက်မှာလဲ?"
"ဘာစားစရာလဲ?နေ့တိုင်းစားဖို့ပဲ သိတယ်" ကျီအမေ အလိုအလျောက် ထွက်သွားပြီး သူမဘေးကသူက ကျီကျိုးမှန်း သတိမထားမိပေ။
ကျီကျိုးလည်း ဒီစကားကြောင့်ကြောင်သွားသည်" ဘာဖြစ်လို့လဲ ?"
ကျီအဖေ သူ့ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ မနက်က ဖြစ်ပျက်ခဲ့သည်ကို ပြောပြလိုက်သည်။ "ဒါက အခုအခြေအနေပဲ။ မင်းအတွေးကို အဖေတို့ လေးစားမှာပါ"
ကျီကျိုး ထိုင်ခုံပေါ် မလှုပ်မယှက်ထိုင်နေပြီး ဟွမ်ရီယွင်ကို လက်ထပ်သင့်မသင့် စဥ်းစားနေသည်။ သူမမိသားစုအခြေအနေကြောင့် သူအကူအညီ သေချာပေါက်ရမည်။
သို့သော် သူမက တကယ်ကြောက်စရာကောင်းသည်။ လူတိုင်းကို အထင်အမြင်သေးကာ တစ်ခါတစ်လေ စကားပြောကလည်း ကြမ်းတမ်းသည်။
သို့သော် သူ ကောလိပ်ဝင်ခွင့် စာမေးပွဲ မအောင်လောက်ပေ။ ကျောင်းအခြေအနေက လတ်တလောအရမ်းမကောင်းကာ ရှုပ်ယှက်ခက်နေသည်။ အခုအခြေအနေက ပြောင်းလဲနေ၍ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ကျီကျိုး တကယ်မသေချာတော့ချေ။
"အမေနဲ့အဖေ။ ကျွန်တော်ဒီတာဝန်ကို ယူလိုက်ပါမယ်" ကျီကျိုး ခဏမျှတွေးပြီးနောက် ပြန်ဖြေလိုက်သည်။
ကျီအဖေ ခေါင်းညိတ်လိုက်သည်။ "လူလိမ္မာလေး။ အဖေတို့ နောက် သားကိုပဲ မှီခိုရမှာ။ သားက စာလေ့လာတာမှာ အောင်မြင်မယ်လို့ အဖေ မျှော်လင့်ခဲ့တာ။ အခု သားက မျက်စိတစ်မှိတ်အတွင်း လက်ထပ်တော့မယ်။ အဖေ တကယ်စိတ်ထဲနေလို့မကောင်းဘူး" ကျီအဖေတကယ်ဝမ်းနည်းနေသည်။ ကျီကျိုးက သူ၏တစ်ဦးတည်းသော သားအရင်းဖြစ်သည်မလား။
ကျီကျိုး သူ့စိတ်ထဲ မဝေဖန်ဘဲမနေနိုင်ပေ။ သို့သော် ဒါက သူက သားအရင်းဖြစ်၍ ဖြစ်သည်။ တခြားလူများကိုကြည့်ပါက ကျီမိသားစုအကြီးဆုံးသား သူ့မိန်းမကို ဆုံးရှုံးလိုက်ရပေမယ့် ကျီအဖေ ဘာမှမလုပ် နှစ်သိမ့်ပေးရုံသာလုပ်သည်။ ဒုတိယအကို အစားအများကြီးစားပြီး ရုပ်ဆိုးသော ချူယောင်းကို လက်ထပ်ဖို့ဖိအားပေးခံရပေမယ့် ကျီအဖေ ဘာပြောခဲ့လို့လဲ?
သွေးသားတော်စပ်မှုက မိသားစုတွင်အရင်းနှီးဆုံးဖြစ်ပေမယ့် တစ်ယောက်အကြောင်းတစ်ယောက် အသိဆုံးလည်းဖြစ်သည်။
ကျီကျိုး မျက်နှာထိန်းလိုက်ပြီး ပြုံးပြကာ ကျီအဖေနှင့် သားအဖဇာတ် ခင်းလိုက်သည်။ "အဖေတို့က သားရဲ့မိဘတွေပဲ။ အဖေတို့ကြောင့် ဒီနေ့ကျွန်တော်ဖြစ်လာတာပါ။ ကျွန်တော် ကောင်းကောင်းကြိုးစားပြီး ထောက်ပံ့ပေးပါ့မယ်"
ကျီအမေ ဒါကို ကြား၍ မျက်ရည်များကျလာကာ သုတ်လိုက်သည်။ "မင်းအဖေနဲ့ အမေ ဘာမှ မလိုချင်ပါဘူး။ သားအဆင်ပြေဖို့ပဲ မျှော်လင့်တာပါ"
ကျီအဖေလည်း ခေါင်းညိတ်လိုက်သည်။ သူ့သားအရင်းကို သူပြောစရာမရှိပေ။ ဒါက သူ့သားအရင်းဖြစ်၍ အကြောင်းကိုသိကာ သူ့တစ်ဘဝလုံး ကောင်းကောင်းနေနိုင်လိမ့်မည်။
"မင်း ပြောတာကောင်းပါတယ်။ မင်းအမေပြောတာ မှန်တယ်။ အဖေတို့ မင်းဆီက တကယ် ဘာမှမလိုချင်ဘူး။ မင်းအဆင်ပြေဖို့ပဲ အဖေတို့ မျှော်လင့်ရုံပါ"
ကျီအဖေ ဒါကို ပြောပြီးနောက် ကျီကျိုး နေရာတွင်ပဲ အန်ချမိတော့မလို ဖြစ်သွားသည်။ ကျီအဖေက ဘယ်လိုလူမျိုးလဲဆိုတာ သူကောင်းကောင်းသိသည်။ ကျီအဖေက သူ့ကို သားအရင်းမို့ ကွဲပြားစွာဆက်ဆံသော်လည်း ကျီအဖေ သူ့ဆီက အကျိုးမျှော်ကိုးသည်။