စိတ်တထင့်ထင့် ဖြစ်ရပါသော
Vol. 9 Ch. 871
နတ်အဆင့်ကျင့်ကြံသူသုံးယောက်အနက် တစ်ယောက်မှာအသတ်ခံလိုက်ရပြီဖြစ်ပြီး တစ်ယောက်မှာ ခန္ဓာကိုယ် ပျက်စီးသွားကာ ကျန်တစ်ယောက်မှာ ထွက်ပြေးသွားရပြီဖြစ်သည်။ ဂိုဏ်းလေးဂိုဏ်းစလုံးမှ ကျင့်ကြံသူများမှာ လုံးဝဆွံ့အနေကြပြီး သူတို့၏အတွေးထဲတွင် တုန်လှုပ်ခြောက်ခြားမှုများမှာ ဆူနာမီလှိုင်းလုံးများကဲ့သို့ ရိုက်ခတ်နေတော့သည်။
မဟာမိတ်ဖွဲ့ထားသည့် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ မျှော်လင့်ချက်များပျက်သုဥ်းကာ တုန်ရီနေကြသည်။ တာအိုမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများမှာ ပို၍ပင်ဆိုးသည်။
ရှင်းမြစ်ဂိုဏ်းခွဲ ခေါင်းဆောင်ကြီးမှာ အသတ်မခံလိုက်ရသဖြင့် သူ၏ဂိုဏ်းခွဲမှ ကျင့်ကြံသူများမှာ အနည်းငယ် ခံသာသွားတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ စကားတစ်ခွန်းကြောင့် သူတို့၏ ခေါင်းဆောင်ကြီးမှာ အခြားမည်သူ့ကိုမှ ဂရုစိုက်မနေတော့ပဲ ထွက်ပြေးသွားခဲ့သည်။ အသက်ရှူကြိမ် သုံးကြိမ်အတွင်း ထွက်ပြေးနိုင်ရန်အတွက် အနည်းငယ်ပင် ဣန္ဒြေမဆယ်တော့ပဲ ထွက်ပြေးသွားသည့် သူတို့၏ခေါင်းဆောင်ကြီးကို မြင်လိုက်ရသောအခါ သူ၏ဂိုဏ်းမှ ဂိုဏ်းသားများမှာ မျှော်လင့်ချက်များ ကုန်ဆုံးသွားကြတော့သည်။
အဆိုးဆုံးမှာ ကျစ်မြစ်ဂိုဏ်းခွဲမှ ဂိုဏ်းသားများဖြစ်သည်။ သူတို့၏ ခေါင်းဆောင်ကြီးမှာ သေဆုံးသွားပြီဖြစ်သဖြင့် ကျစ်မြစ်ဂိုဏ်းခွဲ ပြိုကွဲတော့မည်မှာ အသေအချာပင်။ အလယ်ပိုင်းဒေသ၏ကျင့်ကြံခြင်းလောကတွင် ဆက်ရှိနေရန်အတွက် အရည်အချင်းပြည့်မီတော့မည်ပင် မဟုတ်ပေ။
ထိုဂိုဏ်းသားများမှာ မျှော်လင့်ချက်များ ကင်းမဲ့ကာ မျက်ဝန်းများနီမြန်းနေကြပါသော်လည်း ထူးဆန်းစွာပင် အဏ္ဏဝါခေါ်သံဂိုဏ်းကို မုန်းတီးနေသည့် စိတ်မရှိကြပေ။
သူတို့က အရင်ကျူးကျော်ခဲ့သူများ ဖြစ်နေခဲ့သည်မဟုတ်ပါလော။ ပိုင်ရှောင်ချန်း၏ စွမ်းအားအဆင့်ကြောင့် သူတို့မှာတုန်လှုပ်ကာ ကြောက်နေရပါသော်လည်း သူ့အား မမုန်းတီးရဲပေ။ သူတို့မုန်းတီးနေသည်မှာ ရှင်းမြစ်ဂိုဏ်းခွဲပင်ဖြစ်သည်။
ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမသေမီ နောက်ဆုံးပြောသွားသည့်စကားမှာ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအား ကျိန်စာတိုက်သွားခဲ့သည်ဖြစ်သဖြင့် ရှင်းမြစ်ဂိုဏ်းခွဲ ဂိုဏ်းသားများ၏ နှလုံးသားများထဲတွင် အမုန်းတရားများ တောက်လောင်လာတော့သည်။
သို့သော် ယခုအချိန်မှာ ရှင်းမြစ်ဂိုဏ်းခွဲကို သုတ်သင်ရန်ကြိုးစားရမည့် အချိန်မဟုတ်ပေ။ ကျစ်မြစ်ဂိုဏ်းခွဲမှာ ဆက်၍ မတိုက်ခိုက်လိုကြတော့ပဲ ထွက်ပြေးသွားကြတော့သည်။ ရှင်းမြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများမှာလည်း တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားကြပြီး သူတို့၏နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်လာတော့သည်။
ဂိုဏ်းသုံးဂိုဏ်းစလုံးမှ ခေါင်းဆောင်ကြီးများမှာ အရေးနိမ့်သွားကြပြီဖြစ်ပြီး ထိုဂိုဏ်းများမှာလည်း ပြိုကွဲတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့ကြောင့် သူတို့အတွေးထဲတွင် ပေါ်လာသည့် တစ်ခုထဲသောအရာမှာ....
ထွက်ပြေးရန်ပင် ဖြစ်သည်။
ဂိုဏ်းသုံးဂိုဏ်းမှာ တောင်ကြီးများက ကျောက်စကျောက်နများအသွင် ပြိုလဲသွားသည့်အလား ဖြစ်နေတော့သည့်။ ထွက်ပြေးနေစဥ် မည်သူမှ တိုက်ကွက်တစ်ခုတစ်လေပင် မထုတ်ကြပေ။ သူတို့က ပြေးသာပြေးနေကြသည်။
စုန့်ကျင်းဝမ်က တဖိတ်ဖိတ်တောက်ပနေသည့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ နတ်အဆင့်ကျင့်ကြံသူများကို တစ်ယောက်မကျန် သုတ်သင်ကာ သက်ရှိသက်မဲ့အရာအားလုံးကို ကြီးစိုးလိုက်သည့် သူ၏ပုံရိပ်ကြောင့် သူမမှာ အနည်းငယ် မူးဝေသွားသည့်အလား ခံစားလိုက်ရသည်။ သူသည် အလွန်လျင်မြန်စွာ အစွမ်းထက်လာသဖြင့် မကြာမီတွင် သူမကို နောက်တွင်ချန်ရစ်ခဲ့တော့မည့် အလား။
အတုမဲ့သခင်မှာလည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အတိတ်ပုံရိပ်များကို ပြန်လည်မြင်ယောင်လာပြီး သူ၏မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေတော့သည်။ သူ၏ဘေးနားရှိ အင်အားချည့်နဲ့ကာ ဒဏ်ရာရထားသည့် ရွှယ်မေ့မှာလည်း ထိုနည်းတူပင်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း သူမသည် ဟိုးယခင်နှစ်များက နားလည်မှုလွဲခဲ့သည့် ဖြစ်ရပ်များကို ပြန်၍တွေးတောကာ စိတ်လှုပ်ရှားစွာနှင့် သက်ပြင်းများချနေမိခဲ့သည်လည်း ဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ အလွန်အမင်း အံ့အားသင့်နေကြပြီး စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှာ သူတို့ထက်ပင် ပိုသည်။ အကြီးအကဲများနှင့် ဂိုဏ်းသားများစွာတို့မှာ ပိုင်ရှောင်ချန်းနှင့် ရင်းနှီးကြသည်ဖြစ်သော်လည်း ဤအဆင့်အထိ သူ စွမ်းအားကြီးသွားသည့်အချက်ကြောင့် သူတို့၏နှလုံးသားများထဲတွင် အံ့သြမှင်တက်မှုများဖြင့် ပြည့်နှက်နေတော့သည်။
လီချင်းဟောက်၏ နောက်လိုက်များဖြစ်သော ဂိုဏ်းသားများမှာ ပို၍ပင် မှင်တက်နေကြတော့သည်။
ရှန်ကွမ်းထျန်ယုံမှာ ရင်ထဲတွင် နာကျည်းမှုများကြောင့် တဆစ်ဆစ်ကိုက်နေလျက် ခေါင်းငုံ့နေသည်။ ပေဟန်လဲ့မှာလည်း တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသည်။ ဂိုဏ်းဌာနချုပ်အတွင်း ယုန်ကလေး၊ မျောက်ကလေးနှင့် အခြားစွမ်းအားကြီး ကျင့်ကြံသူများအားလုံးမှာလည်း စိတ်လှုပ်ရှားနေကြသည်။
ဂိုဏ်းခေါင်းဆောင်ကျိမ်းယွမ်သုန်မှာ သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားနေတော့သည်။
အော်ဟစ်အားပေးသံများ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ ထို့နောက် ထိုကျင့်ကြံသူများမှာ ထွက်ပြေးနေကြသည့် အခြားဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများအား ဝေ့ဝိုက်ကာ ကြည့်လိုက်ကြသည်။ ထိုအချိန်တွင်မူ ဂိုဏ်းအကြီးကဲများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြတော့သည်။
" သူတို့ကိုသတ် "
" သူတို့အားလုံးကို သတ်ကြဟေ့ "
အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ စိတ်အားထက်သန်စွာဖြင့် စစ်ငြာသံများပေးကာ ဌာနချုပ်ထဲမှထွက်လာကြပြီး နောက်မှ လိုက်ဖမ်းကြတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ မန္တန်အစီအရင် ဘီလူးကြီးရာဂဏန်းများစွာ တစ်ဖန်ပြည်လည်ပေါ်ပေါက်လာပြီး လက်ထဲတွင် ဓားကြီးများကို ကိုင်မြှောက်၍ မှော်ပစ္စည်းများကိုထုတ်ကာ ရှင်းမြစ်ဂိုဏ်းခွဲအား တိုက်ခိုက်လိုက်ကြသည်။
ဒဏ်ရာရထားသည့် ကောင်းကင်ချိုမှင်ရည်နဂါးကြီးမှာလည်း ဟိန်းဟောက်လိုက်ပြီး ရန်သူများကို ကြောက်မက်ဖွယ်အားကြီးဖြင့် အမြီးကိုသုံး၍ ရိုက်နှက်နေတော့သည်။
သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာလည်း ထိုနည်းတူပင်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ ခေါင်းဆောင်ကြီးမှာ ရှေ့ကဦးဆောင်သွားပြီး သူ၏နောက်တွင် စုန့်ကျင်းဝမ်က သူမ၏ သွေးဓားကြီးကိုကိုင်မြှောက်ကာ လိုက်သွားသည်။ အတုမဲ့သခင်နှင့် အခြားခေါင်းဆောင်များမှာလည်း ထိုနည်းတူပင်။ သူတို့သည် အင်အားအနည်းငယ်ပင် ထိမ်ချန်မနေပဲ တာအိုမြစ်ဂိုဏ်းခွဲအား တိုက်ခိုက်လိုက်ကြသည်။
ဘရူဆာသည်လည်း အော်ဟစ်ကာ ဝိညာဥ်သားရဲများ၊ အသက်ဝင်နေသည့် ရုပ်အလောင်းများနှင့် သွေးအေးဂါဂိုလီမွန်းစတားများကို လှုံ့ဆော်ပေးလိုက်သည်။ ထို့နောက် ဆန်းကြယ်နတ်ရေစင်အဖွဲ့နှင့် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့တို့နှင့်အတူ ပူးပေါင်းလိုက်ပြီး ကျစ်မြစ်ဂိုဏ်းခွဲမှ စစ်တပ်အား တိုက်ခိုက်လိုက်ကြသည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ မျှော်လင့်ချက်ပျက်သုဥ်းနေမှုများ ပျောက်ဆုံးသွားပြီး ယခုတွင်မူ ရန်သူများအား သူရသတ္တိအပြည့်ဖြင့် တိုက်ခိုက်နေကြတော့သည်။
ထိုအခါမှ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်တော့သည်။ ဤတိုက်ပွဲတွင် သူထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးမှာ လေးလံလွန်းလှသည်မဟုတ်လော။ အမှားအယွင်းအနည်းငယ်၊ ချွတ်ချော်မှုလေးအနည်းငယ်မျှ လုပ်လိုက်မိလျှင်တောင် အန္တရာယ်အကြီးဆုံးသော အခြေအနေနှင့် ရင်ဆိုင်သွားရနိုင်သည်။
ဂိုဏ်းသုံးဂိုဏ်းမှ တပ်ဖွဲ့များ၏ အင်အားမှာ တစ်သိန်းနီးပါးခန့်ရှိနေပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှာ နှစ်သောင်းလောက်သာ ကျန်ရှိတော့သည် မဟုတ်ပါလော။ ခြေလှမ်းတစ်လှမ်းသာ မှားသွားပါက အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်သုဥ်းသွားမည်သာဖြစ်သည်။
ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည် မည်မျှပင် အံ့သြစရာကောင်းနေစေကာမူ အင်အားတစ်သိန်းရှိသော စစ်တပ်ကြီးအား သူတစ်ယောက်ထဲ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် အရဲစွန့်၍ နတ်အဆင့်ကျင့်ကြံသူသုံးယောက်အား တစ်ပြိုင်နက်ထဲရင်ဆိုင်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ယခုတွင် သူအလွန်အမင်း မောပန်းနွမ်းနယ်နေရခြင်းလည်းဖြစ်သည်။
သူ အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့သည့် အခြားအကြောင်းအရင်းတစ်ခုမှာ ထိုနတ်အဆင့် ခေါင်းဆောင်ကြီးသုံးယောက်စလုံးသည် မတူညီသော ဂိုဏ်းများမှ ဖြစ်ကြပြီး ယခင်ထဲက သူတို့အချင်းချင်းကြားတွင်လည်း သဘောထားကွဲလွဲမှုအသီးသီး ရှိခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ သူတို့သုံးယောက်စလုံးမှာ တစ်ယောက်နောက်ကျောကို အခြားတစ်ယောက်က အချိန်မရွေး ဓားနှင့်ထိုးရန် အဆင်သင့် ဖြစ်နေကြသည်။
ထိုသို့ ဆက်ဆံရေးမှာ မိမိတို့ အသာစီးရနေမှသာ အဆင်ပြေနိုင်သည်။ အခက်အခဲများနှင့် ကြုံလိုက်ရသည့်အချိန်တွင် သူတို့မှာ အလွယ်တကူ အုပ်စုကွဲသွားနိုင်သည်။
ထိုသုံးယောက်သာ လုံးဝတွေဝေမနေပဲ အတူတကွပူးပေါင်းခဲ့ပါက ပိုင်ရှောင်ချန်းကို မသတ်နိုင်လျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်ပြီး အဆုံးတွင် အဏ္ဏဝါခေါ်သံဂိုဏ်းကိုပါ ဖျက်ဆီးနိုင်မည်ဖြစ်သည်။
မြေရိုင်းဒေသ၏ ကောင်းကင်ဘုရင်လေးပါးနှင့် မဟာကောင်းကင်သခင်တို့ကို အစောပိုင်း မော်တယ်တာအို နတ်အဆင့်သို့ လျှော့ချပြီး ပိုင်ရှောင်ချန်းနှင့် ယှဥ်၍တိုက်ခိုက်ခိုင်းပါက ရလဒ်မှာလုံးဝတူညီမည်မဟုတ်ပေ။ သူတို့အားလုံးမှာ အတူတကွပူးပေါင်း၍ အစီအစဥ် ကောင်းကောင်းချတတ်ကြသည်ဖြစ်သောကြောင့် ပိုင်ရှောင်ချန်းမှာ ရှိသမျှ လှည့်ကွက်အကုန်ထုတ်သုံးကာ အသက်စွန့်၍တိုက်ခိုက်လျှင်တောင် သူတို့ အသက်ရှင်နေဦးမည်ဖြစ်သည်။
ဤနေရာတွင် ဖြစ်သွားခဲ့သော နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်အသတ်ခံရပြီး နှစ်ယောက်ဒဏ်ရာရသွားကာ သူတို့၏ တပ်ဖွဲ့များ အဆုံးအထိ စိတ်ဓာတ်ကျဆင်းသွားခဲ့ရသည့် ဖြစ်ရပ်မျိုး လုံးဝဖြစ်လာမည်မဟုတ်ပေ။ ထိုအချင်းအရာများအားလုံးကို တွေးမိလိုက်သောအခါ သူသည် အလွန်အမင်း ကံကောင်းခဲ့ခြင်းဖြစ်ကြောင်း ရုတ်တရက်တွေးမိလိုက်တော့သည်။ ထို့နောက် တဖျပ်ဖျပ်လက်နေသည့် မျက်ဝန်းများဖြင့် တိုက်ပွဲဆီသို့ ချီတက်သွားတော့သည်။
သူကိုယ်တိုင် တိုက်ပွဲတွင် ပါဝင်လာသည့်အချက်ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ပို၍ စိတ်ဓာတ်ပျက်ပြားသွားရသည်။ စောစောက သူတို့သည် ပြန်လည်တိုက်ခိုက်ရန် ပြင်နေကြပါသော်လည်း ယခုတွင်မူ လက်နက်များကိုချ၍ ရှိသမျှ အားအကုန်သုံးကာ ထွက်ပြေးသွားကြတော့သည်။
စစ်မြေပြင်တစ်ခုလုံး ရှုပ်ယှက်ခက်နေသည်။ ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများအတွက် ထွက်ပြေးရန် လမ်းမှာ မရှိသလောက်နည်းပါးနေပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ သူတို့အကြီးအကဲများ၏ ခေါင်းဆောင်မှုအောက်တွင် တက်ညီလက်ညီ လှုပ်ရှားကာ ကြောက်မက်ဖွယ် အားကြီးဖြင့် တိုက်ခိုက်နေကြသည်။
ပိုင်ရှောင်ချန်းမှာ ဂိုဏ်းသုံးဂိုဏ်း၏ ယင်ယန်ဝိညာဥ်အဆင့် ကျင်ကြံသူများကို အဓိက ပစ်မှတ်ထားလိုက်သည်။ သူသည် ရောက်သည့်နေရာတိုင်းတွင် စစ်မြေပြင်ကိုတုန်လှုပ်သွားစေပြီး လူများကို တတ်နိုင်သမျှကယ်တင်နေသည်။ တချိန်တည်းမှာပင် သူက လီချင်းဟောက်နှင့် ဟိုရှောင်မေ့တို့ကို အဓိကထား၍ ရှာဖွေနေ၏။
သို့သော်လည်း စစ်မြေပြင်မှာကြီးမားလွန်းလှပြီး ရှုပ်ထွေးပွေလီနေသည်။ သူတို့အားရှာမတွေ့သဖြင့် သူ၏နှလုံးသားထဲတွင် ရတက်မအေးနိုင်လောက်အောင် ဖြစ်နေချိန်တွင် ဘရူဆာက သူ၏အနားသို့ ရောက်လာသည်။ သူသည် သာမန်အရွယ်အစားအထိ ကျုံ့သွားပြီး ပိုင်ရှောင်ချန်း၏ ခြေထောက်ကို သူ၏ဦးခေါင်းဖြင့် စိတ်လှုပ်ရှားစွာ တိုးဝှေ့လိုက်သည်။
ပိုင်ရှောင်ချန်းမှာ ပြုံး၍ ဘရူဆာ၏ ဦးခေါင်းကို ပွတ်လိုက်သည်။ သူသည် ဘရူဆာအား အလွန်အမင်းလွမ်းဆွတ်နေခဲ့ရသည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရှုပ်ယှက်ခတ်နေသည့် အမာရွတ်များနှင့် ဒဏ်ရာများကိုမြင်လိုက်ရသည့်အခါ သူ၏မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။
" ငါ့ဘရူဆာကို ဘယ်ကောင်ထိခိုက်အောင် လုပ်ရဲတာလဲကွ " သူသည် အံကြိတ်၍ ကြိမ်းဝါးလိုက်သည်။
" ဒါကို.... လက်စားမချေလို့ မရဘူး "
ထိုသို့ဆိုကာ သူသည် ဘရူဆာ၏ လည်ပင်းပေါ်ရှိ ထင်ရှားနေသော ဒဏ်ရာကြီးကို တို့ထိလိုက်သည်။
" နောက်နေ့တွေရောက်ရင် မင်းကိုဒီအမာရွတ်တွေရအောင် လုပ်ခဲ့တဲ့လူတွေဆီ ပြန်သွားပြီး ငါလက်စားချေပေးမယ် ဘရူဆာ "
ထိုအခါ ဘရူဆာမှာ ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ သို့သော် သူ၏လည်ပင်းပေါ်ရှိ အမာရွတ်အား ပိုင်ရှောင်ချန်းထိလိုက်သဖြင့် သူသည် တစ်စုံတစ်ခုကို သတိပြန်ရသွားပြီး ရုတ်တရက် သူ၏မျက်ဝန်းများမှာ ပူဆွေးသောကများဖြင့် ညှိုးငယ်သွားသည်။
သူ၏ပြောင်းလဲသွားသော အမူအရာကို ပိုင်ရှောင်ချန်းက သတိထားမိလိုက်သဖြင့် မျက်လုံးပြူးသွားတော့သည်။ သူသည် ဘရူဆာ၏အကြောင်းကို ကောင်းကောင်းနားလည်ထားပြီး သူပြေးလွှားနိုင်သော အမြန်နှုန်းကိုလည်း သိထားသည်။ ချုံခိုတိုက်ခိုက်မှု တစ်ခုခုသာ မပါဝင်ပါက ဂိုဏ်းကြီးသုံးဂိုဏ်းမှ နတ်အဆင့် ခေါင်းဆောင်များပင်လျှင် သူ့အား ဒဏ်ရာရအောင်လုပ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူထိုဒဏ်ရာ ရခဲ့သည့် တစ်ခုထဲသော အခြားအကြောင်းအရင်းမှာ တစ်စုံတစ်ယောက်ကို ကယ်တင်နေသည့်အချိန်တွင် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်မည်မှာ အမှန်ပင်။ ထိုအမာရွတ်၏ အခြေအနေအရ ထိုဖြစ်ရပ်မှာ လွန်ခဲ့သောလအနည်းငယ်ခန့်က ဖြစ်ခဲ့ခြင်းဖြစ်မည်။
ဘရူဆာမှာ သူ့ကိုယ်သူ မကာကွယ်နိုင်လောက်အောင် အဘယ်အခြေအနေကြောင့် စိုးရိမ်စိတ်များ ကြီးနေရပါသနည်း။
မည်သည့်အခြေအနေကြောင့် ဘေးကင်းရာသို့ ထွက်မပြေးနိုင်ပဲ အခြားလူများ၏ ဝန်းရံခြင်းကို ခံလိုက်ရပါသနည်း။
ထိုအတွေးများကြောင့် ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများ မြန်လာရတော့သည်။ ထို့နောက် မျက်လုံးပြူးသွားပြီး မကြာသေးမီက သူခံစားခဲ့ရသည့် စိုးရိမ်မှုကြီးမှာ ပို၍ပြင်းထန်သွားတော့သည်။
" ဘရူဆာ။ ဦးလေးလီဘယ်မှာလဲ။ ပြီးတော့ ဟိုရှောင်မေ့ရော။ သူတို့တွေ ဘယ်ရောက်နေတာလဲ "