← Chapters

ပေါက်ကွဲခြင်း

Vol. 9 Ch. 872

ပေါက်ကွဲခြင်း

Vol. 9 Ch. 872

ပိုင်ရှောင်ချန်း၏ မေးခွန်းကြောင့် ဘရူဆာ၏ မျက်ဝန်းထဲတွင် ပူဆွေးသောကများ ပို၍ဖြစ်တည်လာတော့သည်။ သူသည် ပိုင်ရှောင်ချန်းထံမှ မည်သည့်အရာကိုမှ မကွယ်ဝှက်ထားနိုင်သလို ကွယ်ဝှက်နေရန် ဆန္ဒလည်းမရှိပေ။ ထို့ကြောင့် သူသည် စူးရှကျယ်လောင်စွာသာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။

ထိုအသံထဲရှိ ဝမ်းနည်းမှုများကြောင့် ပိုင်ရှောင်ချန်းမှာ သူ၏နှလုံးသားကို ဆုတ်ဖြဲနေသည့်အလား ခံစားလိုက်ရသည်။ သူ၏ကမ္ဘာကြီးမှာ သွေးများဖြင့် ပေကျံသွားသည့်အလား ရုတ်တရက် အမှောင်ကျသွားတော့သည်။

" ဟိုရှောင်မေ့ ဘယ်ရောက်နေလဲဆိုတာ မင်းမသိဘူး ဟုတ်လား။ ဦးလေးလီက အဖမ်းခံလိုက်ရတာ...ဟုတ်လား "

ပိုင်ရှောင်ချန်းမှာ ဘရူဆာကြောင့်မဟုတ်ပဲ စိုးရိမ်မှုနှင့် အမျက်ဒေါသများကြောင့် စိတ်တိုကာ နာကျည်းနေသည့်ပုံသို့ ပြောင်းလဲသွားသည်။ ပိုင်ရှောင်ချန်းအား ထိုအမူအရာနှင့် မြင်လိုက်ရသဖြင့် ဘရူဆာမှာ ထပ်၍ အော်ဟစ်လိုက်ပြန်သည်။

ပိုင်ရှောင်ချန်းမှာ အသားများတဆတ်ဆတ်တုန်နေပြီဖြစ်သည်။ ဘရူဆာသည် ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ သားရဲဘုရင်တစ်ကောင်သည် တမူထူးခြားသော ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားပါသော်လည်း ဤကဲ့သို့သော အခြေအနေများတွင်မူ သူ့ကိုယ်သူ အတိအကျ မဖော်ပြနိုင်ပေ။ ပိုင်ရှောင်ချန်းမှာ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများကို လျစ်လျူရှုလိုက်ပြီး သူ၏နတ်ဘုရားအာရုံကို အရပ်မျက်နှာအနှံ့သို့ စေလွှတ်လိုက်သည်။

ကီလိုမီတာငါးရာ ပတ်လည်တစ်ခုလုံးကို သူလှန်လှော ရှာဖွေလိုက်သဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားသည်။ ထိုဒေသတစ်ခုလုံးမှာ တစ်ခဏအတွင်း သူ၏အမိန့်အောက်သို့ ကျရောက်သွားသည်။ သူ၏ လက်ရှိစိတ်ကူးမှာ ကျိန်းယွမ်သုန် သို့မဟုတ် အဏ္ဏဝါခေါ်သံဂိုဏ်းမှ အခြားခေါင်းဆောင်ကြီးများကိုရှာ၍ ဦးလေးလီနှင့် ပတ်သက်သည့်အချက်အလက် အသေးစိတ်ကို ရယူရန်ဖြစ်သည်။

သူ၏ နတ်ဘုရားအာရုံ ပျံ့လွင့်သွားသောအခါ ဂိုဏ်းသုံးဂိုဏ်းမှကျင့်ကြံသူများနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူများပါ ကြီးမားသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။

ထိုအချိန်မှာပင် ဌာနချုပ်ထဲရှိ ခပ်လှမ်းလှမ်း တစ်နေရာတွင် သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက် ပေါ်လာသည်။ သူမသည် ဒဏ်ရာအပြင်းအထန် ရထားသဖြင့် မျက်နှာမှာဖြူဆုတ်နေပြီး ကာလကြာသတိမေ့မျောနေရာမှ ယခုလေးတင် နိုးထလာသည့် ပုံစံပင်။ သူမသည် အင်အားချည့်နဲ့လွန်းနေသည့်အတွက် လေပြေလေညင်းလေးတစ်ခုကပင် သူမအား သယ်ဆောင်သွားနိုင်သည့်အလားဖြစ်နေပြီး ငယ်ရွယ်သော အမျိုးသမီး ကျင့်ကြံသူများမှာ တစ်ဖက်စီမှနေ၍ တွဲခေါ်မှသာ လမ်းလျှောက်နိုင်သည့် အနေအထားတွင်ရောက်နေသည်။

သူမ၏အကြည့်မှာ ပိုင်ရှောင်ချန်းအပေါ်သို့ လျင်မြန်စွာရောက်သွားပြီးနောက် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု တောက်ပလာတော့သည်။ တချိန်ထဲမှာပင် သူမသည် အလွန်စိုးထိတ်နေသည့်ပုံ ပေါ်နေသည်။ သူမက လုံးဝတွေဝေမနေပဲ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်တော့သည်။

" ရှောင်ချန်းရေ။ မင်းရဲ့ဦးလေးလီကို မြန်မြန် သွားကယ် "

သူမ၏ အသံကိုကြားလိုက်ရသည်နှင့် ပိုင်ရှောင်ချန်းသည် သူမဘက်သို့ ခေါင်းလှည့်လိုက်သည်။ သူသည် သူမအား ချက်ချင်းပင် မျက်မှန်းတန်းမိလိုက်သည်။ သူမသည် ယခင်က ဖက်တီးကျန်းကြီး၏ ဆရာမ၊ ဦးလေးလီနှင့် ချစ်ကျွမ်းဝင်ခဲ့သည့် ခရမ်းဒယ်အိုးတောင်၏ တောင်ထိပ်သခင်မ ရွှီမေ့ရှန်းပင်ဖြစ်သည်။

" ဒေါ်လေးရွှီ "

သူက အော်ခေါ်လိုက်သည်။ ထို့နောက် သူသည် ကတုန်ကရီနှင့် ပျောက်ကွယ်သွားပြီး ခဏအကြာတွင် သူမ၏ဘေးတွင် ပြန်ပေါ်လာသည်။ ထို့နောက် လက်ကိုဆန့်ထုတ်၍ သိမ့်မွေ့သော စွမ်းအင်များကို သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်စေလိုက်သောအခါ သူမ၏မျက်နှာမှာ သွေးရောင်ပြန်သန်းလာသည်။ သို့သော် သူမသည် ယခင်အတိုင်း အင်အားနည်းပါးနေသေးသည့်ပုံ ပေါ်နေပြီး ကွဲအက်နေသည့်အသံဖြင့် အသေးစိတ် ရှင်းပြလိုက်သည်။

" တာအိုမြစ်ဂိုဏ်းခွဲဆီကိုသွား။ မင်းရဲ့ဦးလေးလီကို လွန်ခဲ့တဲ့ နှစ်ဝက်လောက်က အဲဒီကခေါင်းဆောင်ကြီးက ဖမ်းသွားတာ။ "

ရွှီမေ့ရှန်း၏ အလောတကော ရှင်းပြမှုကြောင့် သူမ၏ဒဏ်ရာများမှာ ရောင်ကိုင်းလာသည်။ ထို့နောက် သူမ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံ အထောက်အပံ့ကိုသာ မရနေပါက သူမသည် ချက်ချင်းပင် သေဆုံးသွားမည်ဖြစ်သည်။

သူမ၏စကားများကြောင့် ပိုင်ရှောင်ချန်းမှာ မိုးကြိုးပစ်ခံလိုက်သည့်အလား ဖြစ်သွားပြီး ရပ်နေသည့်နေရာတွင် အသားများတုန်ရီလာတော့သည်။ ယခုတွင်မူ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများနှင့် ကျိန်းယွမ်သုန်တို့သာမက အခြားအရေးပါသော လူများပါ ပိုင်ရှောင်ချန်းက ပေါက်ကွဲရန် တာဆူနေပြီဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။ ထို့အပြင် ရွှီမေ့ရှန်း၏ စကားများမှာ သူတို့၏ ဂိုဏ်းကယ်တင်ခံလိုက်ရပြီဖြစ်၍ ကျေနပ်အားရကာ ပျော်ရွှင်ဝမ်းမြောက်နေသော ခံစားချက်ထဲမှ သူတို့အား ပြန်၍နိုးထစေလိုက်သည့်အလားပင်။

ပိုင်ရှောင်ချန်းထံမှာ ထိုအချင်းအရာများကို ဖုံးကွယ်ထားဖို့ သူတို့က စိတ်ကူးထားသည်တော့မဟုတ်ပေ။ ဖြစ်ရပ်တိုင်းမှာ လျင်မြန်လွန်းနေသည်သာဖြစ်သည်။ သူသည် ရုတ်ချည်း ပေါ်ထွက်လာပြီး နတ်အဆင့် ကျင့်ကြံသူ သုံးယောက်အားအနိုင်ယူကာ ဂိုဏ်းသုံးဂိုဏ်း၏ စိတ်ဓာတ်များကို ချိုးနှိမ်၍ အဏ္ဏဝါခေါ်သံဂိုဏ်းသားများကို တန်ပြန်တိုက်စစ် စတင်စေလိုက်သည်။ ဤအဖြစ်အပျက်အားလုံးကြောင့် လူများစွာမှာ မိန်းမောတွေဝေနေရဆဲဖြစ်သဖြင့် ပိုင်ရှောင်ချန်းအား ထိုအချက်အလက်များကို အသိမပေးရသေးခြင်းဖြစ်သည်။

ထိုအခါ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီးမှာ အပြေးရောက်လာပြီး သေသေချာချာ ရှင်းပြလိုက်တော့သည်။

ထိုအချင်းအရာအားလုံး၏ အကြောင်းအရင်းအစစ်အမှန်မှာ လီချင်းဟောက်မဟုတ်ပေ။ လီချင်းဟောက်သည် ယင်ယန်ဝိညာဥ်အဆင့်တွင်သာ ရှိသေးသည်မဟုတ်ပါလော။ သူမည်မျှပင် ပါရမီထက်မြက်စေကာမူ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်က သူ့အားတိုက်ခိုက်ရလောက်သည်အထိတော့ မထူးချွန် မထက်မြက်ပေ။

အကြောင်းအရင်း အစစ်အမှန်မှာ... ဘရူဆာကြောင့်သာ ဖြစ်သည်။

အပြင်ခန္ဓာကိုယ်ပျက်ဆီးကာ ယင်ယန်နတ်ဝိညာဥ်အသွင်သို့ ရောက်နေပြီဖြစ်သည့် တာအိုမြစ်ဂိုဏ်းခွဲမှ ခေါင်းဆောင်ကြီးမှာ ဘရူဆာကို လိုချင်တက်မက်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ သို့သော် ဘရူဆာမှာ အမြဲတမ်း သတိရှိရှိ နေခဲ့ပြီး သာမန်ဆိုလျှင် ဂိုဏ်းမှ အပြင်သို့မထွက်ပေ။ ထို့ကြောင့် ထိုနတ်အဆင့် ခေါင်းဆောင်ကြီးမှာ သူ၏စိတ်ဆန္ဒများကို ဖြေဖျောက်ရန် မစွမ်းနိုင်ခဲ့ပေ။

သို့သော် လွန်ခဲ့သည့်နှစ်တစ်ဝက်ခန့်က ထိုခေါင်းဆောင်ကြီးသည် ထောင်ချောက်တစ်ခုကို အသေးစိတ်ပြင်ဆင်၍ လီချင်းဟောက်အား ပြန်ပေးဆွဲခဲ့ပြီး သူ့ကိုအသုံးချကာ ဘရူဆာနှင့်တွေ့နိုင်ရန် စီစဥ်ခဲ့သည်။

သူ လီချင်းဟောက်ကို ပစ်မှတ်ထားရသည့် အကြောင်းအရင်းမှာ သိသာပေသည်။ ပိုင်ရှောင်ချန်းနှင့် ဘရူဆာတို့အကြားရှိ ဆက်ဆံရေးကြောင့်သာ ဖြစ်သည်။ လီချင်းဟောက်မှာ ပိုင်ရှောင်ချန်းနှင့် ဘရူဆာတို့အတွက်ဆိုလျှင် မိသားစုဝင်တစ်ယောက်ကဲ့သို့ ဖြစ်နေသည့်အချက်မှာ လျှို့ဝှက်ထား၍မရပေ။ ထို့ကြောင့် သူသည် ဘရူဆာကို ဖြားယောင်းဖို့အတွက် အသင့်တော်ဆုံး လူပင်ဖြစ်သည်။

ထိုအတိုင်းလည်း ဖြစ်သွားခဲ့သည်။ ဘရူဆာသည် လီချင်းဟောက်ကို ကယ်တင်ရန် အရာရာတိုင်းကို စွန့်စားခဲ့ရင်း သူ၏လည်ပင်းပေါ်ရှိ အရုပ်ဆိုးလှသော အမာရွတ်ကြီးကို ရခဲ့သည်။ အဆုံးတွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများမှာ သွေးဘိုးဘေးကြီးအပါအဝင် ဂိုဏ်း၏ သီးသန့်အင်အားစုများကိုသုံး၍ ဝင်စွက်ဖက်ခဲ့ရသည်။

အဆုံးတွင် တာအိုမြစ်ဂိုဏ်းခွဲ၏ ချုံခိုတိုက်ခိုက်မှုမှာ ပျက်ပြားသွားခဲ့ပြီး ဘရူဆာအား ကယ်တင်နိုင်လိုက်သည်။ သို့သော ကံမကောင်းစွာပင် လီချင်းဟောက် အဖမ်းဆီးခံလိုက်ရသည်။ ယခုအထိတိုင်အောင် သူအသက်ရှိသေးသလား၊ မရှိသေးသလားဆိုသည့် မေးခွန်း၏အဖြေကို သူတို့ သေချာမသိကြပေ။

ထိုသို့ မသိရသည့်အကြောင်းအရင်းမှာလည်း သူကျင့်ကြံသည့် ထူးခြားသော အတတ်တစ်ခုကြောင့်ဖြစ်သည်။ သူသည် အပင်နှင့် အသီးအရွက်များမှ အသက်ဓာတ်များကိုစုပ်ယူကာ သူ၏သက်စောင့်အားကို ပြန်လည်ပေါင်းစည်းနိုင်သည့် နည်းလမ်းတစ်ခုကို လေ့လာနေခဲ့သည်။ ထို့ကြောင့် ဂိုဏ်းထဲတွင် သူ၏အသက်အခြေအနေကိုဖော်ပြသည့် အသက်ပေလွှာမရှိပေ။ ထို့ကြောင့်လည်း သူ၏လက်ရှိ အခြေအနေကို မသိနိုင်ခြင်းဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၊ ကျိန်းယွမ်သုန်နှင့် အခြားလူများမှာ ထိုသတင်းအချက်လက်များကို အတတ်နိုင်ဆုံး လျင်မြန်စွာဖြင့် ပိုင်ရှောင်ချန်းဆီသို့ ပေးပို့လိုက်သည်။ အဆုံးတွင် သူ၏အသိစိတ်ကို မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုသောဒေါသစိတ်များ တောက်လောင်လာတော့သည်။

" အားးးးး "

သူ၏ အော်ဟစ်သံကြီးကြောင့် မိုးကောင်းကင်မှာတုန်ရီသွားပြီး မြေပြင်ကြီးမှာ တုန်လှုပ်နေတော့သည်။ သူသည် မျက်ဝန်းနီကြီးများဖြင့် မည်သည့်ရှင်းပြချက်မှ ဆိုမနေတော့ပေ။ နောက်သို့လှည့်၍ တာအိုမြစ်ဂိုဏ်းခွဲဆီသို့ အမြန်ဆုံး ပျံသန်းသွားတော့သည်။

" သေချင်နေတယ်လား တာအိုမြစ်ဂိုဏ်းခွဲ။ တာအိုမြစ်ခေါင်းဆောင်ကြီး... ခင်ဗျားကိုကျုပ်သတ်မယ် "

ယခု သူ၏နှလုံးသားနှင့် အသိစိတ်ထဲတွင် လွှမ်းမိုးနေသည့် သတ်ဖြတ်လိုစိတ်ကြီးမှာ သူ့ဆီတွင် ထွက်ပေါ်လာရန် အလွန်ခဲယဥ်းလှသည်။ ထိုစိတ်ကြီးမှာ သူ၏တစ်ဘဝလုံးတွင် တစ်ခေါက်မျှသာ ပေါ်ထွက်ခဲ့ဖူးသည်။ မြေရိုင်းဒေသထဲတွင် သူ၏တပည့်ပျောက်ဆုံးသွားခဲ့စဥ်ကပင်ဖြစ်သည်။ ယခုမှာ... ဒုတိယအကြိမ်ဖြစ်သည်။

သို့သော် ယခုအကြိမ်မှာ ပိုင်ဟောက်ပျောက်ဆုံးသွားခဲ့သည့် အချိန်ထက် ပို၍ဆိုးနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် သွက်သွက်ခါအောင် ရူးသွပ်နေသည့် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့် အလား။

သူ့တွင် အခြားမည်သည့်အမူအရာမှ မရှိနိုင်တော့ပေ။ ယခုမှာ လီချင်းဟောက် အဖမ်းခံလိုက်ရသည် မဟုတ်ပါလော။

သူ၏ ဦးလေးလီသည် သူ့အား ဟူတောင်တန်းမှခေါ်ဆောင်ခဲ့ပြီး မသေမျိုးလမ်းစဥ်ကို လိုက်စေခဲ့၍ သူ့အားအခြေခံများကိုပင် သင်ပေးခဲ့သည်။

သူ၏ အပင်နှင့်အသီးအရွက်များနှင့် ပတ်သတ်သောမှော်အတတ်များကို ပိုင်ရှောင်ချန်းထံသို့ လက်လွှဲပေးခဲ့ပြီး ဆေးဖော်စပ်ခြင်းကြောင့် ပေါ်လာသည့် ကပ်ဆိုးကြီးတစ်ခုပြီး တစ်ခုထံမှလည်း သူ့အားကာကွယ်ပေးခဲ့သည်။

အမှန်မှာ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သားအဖကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။

ဦးလေးလီကို မိသားစုဝင်အဖြစ် မည်သည့်အချိန်မှစ၍ သတ်မှတ်မိခဲ့သည်ကို ပိုင်ရှောင်ချန်းကိုယ်တိုင်ပင် မသိပေ။

အဏ္ဏဝါခေါ်သံဂိုဏ်းတွင် သူဂရုစိုက်သော လူများစွာရှိသော်လည်း သွေးသားအရင်းအချာကဲ့သို့ သူ သတ်မှတ်ထားသောလူမှာ လီချင်းဟောက် တစ်ယောက်သာ ရှိသည်လည်းဖြစ်သည်။

ထို့ကြောင့် မည်သို့သောနည်းဖြင့် ပိုင်ရှောင်ချန်းက ဒေါသမထွက်ပဲ နေနိုင်ပါမည်နည်း။

သူ၏ မိုးခြိမ်းသံအလား အော်ဟစ်သံကြီးမှာ လေထဲတွင် ပြည့်နှက်နေပြီး ဘရူဆာနှင့်အတူ အဝေးသို့ ပျံသန်းသွားသည်။ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီးနှင့် အခြားခေါင်းဆောင်များမှာ သူ၏အော်ဟစ်သံကြီးကြောင့် တုန်လှုပ်သွားရသည်။ သို့သော် ခေါင်းဆောင်ကြီးများမှာ အရေးပေါ် အကူအညီအဖြစ် သူ၏နောက်သို့ အဏ္ဏဝါခေါ်သံဂိုဏ်းသား တစ်ထောင်ဝန်းကျင်ခန့် အလျင်အမြန် လိုက်သွားစေလိုက်သည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီး၏ အမြင်တွင် တာအိုမြစ်ဂိုဏ်းခွဲ၏ မန္တန်အစီအရင်နှင့် သီးသန့်အင်အားစုများမှာ မည်မျှပင် စွမ်းအားကြီးမားနေပါစေ ပိုင်ရှောင်ချန်း၏ မြင့်မားလှသော ကျင့်ကြံခြင်းအခြေခံကို တောင့်ခံနိုင်မည် မဟုတ်ဟု ယူဆထားသည်။ သို့သော် ဝါရင့်အဖွဲ့ဝင်တစ်ယောက်အနေနှင့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက သူ့အားစောင့်ရှောက်ပေးရဦးမည် မဟုတ်ပါလော။

ဂိုဏ်းသားတစ်ထောင်ကျော်မှာ ချက်ချင်းပင် ပိုင်ရှောင်ချန်းနောက်သို့ ပျံသန်း၍လိုက်သွားကြသည်။ သူ၏ အမြန်နှုန်းကို သူတို့ကမယှဥ်နိုင်သဖြင့် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ ခေါင်းဆောင်ကြီးမှာ သူတို့အသုံးပြုနိုင်ရန် လေသင်္ဘောများကို ပေးလိုက်သည်။ ၎င်းတို့မှာ လေကိုခွင်း၍ တာအိုမြစ်ဂိုဏ်းခွဲဆီသို့ အမြန်ဆုံး ပျံသန်းသွားတော့သည်။

သို့သော် ပိုင်ရှောင်ချန်းမှာ အမြန်ဆုံးဖြစ်နေဆဲပင်။ သူ၏ကျင့်ကြံခြင်း အခြေခံကိုသာမက သူ၏အပြင်အားကိုပါ အသုံးချနေသည်။ ထာဝရပြုစားခြင်း အတတ်ကိုပင်သုံး၍ လေဟုန်ခွင်းကာ တည်နေရာရွှေ့ပြောင်းနေတော့သည်။

သူ၏လက်ရှိ အမြန်နှုန်းနှင့်ဆိုလျှင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း သူ၏ပန်းတိုင်သို့ ရောက်သွားမည်ဖြစ်သည်။

All Chapters