အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း (၅၁၁) မျောလွင့်ကျွန်းကို ကူထောက်ထားပေးခြင်း အပိုင်း (၃)
“ထိုက်ရွှီကျောင်းတော်ရဲ့ဓားလမ်းစဉ်အကျော်အမော် ယွမ်ချုံးလား”
လူအုပ်ကြီးထဲရှိ တစ်စုံတစ်ယောက်သည် ယွမ်ချုံး၏ တမူထူးကဲသော စွမ်းရည်ကို မှတ်မိသွား၏။
ထိုလူသည် ယခင်တည်းက ဓားနှင့် အောင်မြင်မှုများစွာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် သူက အမြဲတစေ သိုသိုသိပ်သိပ်နေ၏။ သူ့ကို ကောက်ကျစ်ပြီး ယုတ်မာသည်ဟုလည်း ဖော်ပြ၍ရသည်။ သူက ပုံမှန်ဆို ချောင်ထဲ၌ ပုန်းနေပြီးမှ သူ၏ပစ်မှတ်ကိုတိုက်ခိုက်တာဖြစ်သည်။ ယခုအချိန်တွင် ဖြစ်ပျက်နေတာနှင့် တစ်ထပ်တည်းတူနေသည်။
ဝေဟင်ထက်တွင် ရှိသော ရှောင်ယွမ်အာကို ကြည့်မိစဉ် ယွမ်ချုံး၏မျက်လုံးက စိမ်းတောက်နေ၏။
ရှောင်ယွမ်အာက ငယ်ရွယ်ပြီး အကြောက်အလန့်ကင်းသည်။ သူမသည် နိဗ္ဗာနခါးစည်းကို ချက်ချင်းထုတ်လျက် သူမကိုယ်သူမ ခုခံလိုက်၏။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားတို့သည် နိဗ္ဗာနခါးစည်းကို ထိမှန်သွားတော့သည်။
ယွမ်ချုံးက တွေးထင်ထားပြီးသားဖြစ်၏။ သူက နိဗ္ဗာနခါးစည်းကိုနင်းလျက်ရှေ့တက်လာသည်။
ဝှစ်
လေထဲ၌ ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။ ကျန်သည့်သူများက အထိတ်တလန့် ထုတ်ပြောမိသွားသည်။
“ယွမ်ချုံးက ပွင့်ချပ်ခုနစ်လွှာကျင့်ကြံသူတစ်ယောက်လား”
“ထိုက်ရွှီကျောင်းတော်က တကယ် ဒီထဲမှာ ရင်းနှီးထားတာပဲ”
ကျန့်လီကျစ်သည် ထိုက်ရွှီကျောင်းတော်က ဤနေရာသို့ ပို့လိုက်သည့် အစွမ်းအထက်ဆုံး အကျော်အမော်ဟု သူတို့ ထင်နေခဲ့တာဖြစ်သည်။ ဆိုရလျှင် ကျန့်လီကျစ်သည် လက်ဝါးစည်းတံဆိပ်ကြောင့် အသတ်ခံလိုက်ရသည့်အချိန် ထိုက်ရွှီကျောင်းတော်မှ မည်သူမှ ရှေ့ထွက်မလာခဲ့ပေ။ သူတို့ထဲ၌ အကျော်အမော်တစ်ယောက်ပုန်းနေလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားများနှင့် နိဗ္ဗာနခါးစည်းက တိုက်မိသွား၏။
ရှောင်ယွမ်အာသည် ပွင့်ချပ်သုံးလွှာကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ သူမသည် ပွင့်ချပ်ခုနစ်လွှာအကျော်အမော်ကို မည်ကဲ့သို့ ရင်ဆိုင်နိုင်မည်နည်း။
ယွမ်ချုံးသည် ခမ်းနားသောကျင့်စဉ်ကို ထုတ်သုံးပြီးရှောင်ယွမ်အာနောက်၌ ပေါ်လာ၏။
စွမ်းအင်ဓားတို့ရွာသွန်းကျလာသည်။
“အား” ရှောင်ယွမ်အာသည် ခရုလေးကို နောက်သို့တွန်းလျက် သူမနောက်တွင် ခရုလေးကို ကာထားလိုက်သည်။
“အစ်မယွမ်အာ” ခရုလေးက လှမ်းခေါ်လိုက်၏။
“စိတ်မပူနဲ့” ရှောင်ယွမ်အာသည် သူမ၏ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်းကို သုံးလိုက်၏။ လေထဲ၌ ပုံရိပ်ယောင်များ ချန်ထားရစ်ခဲ့သည်။ သူမသည် တစ်ပြိုင်နက်တည်းတွင် ခရုလေးကို သယ်သွားရန် လိုအပ်သောကြောင့် ယင်းက သူမစွမ်းရည်၏အကန့်အသတ်နီးပါးဖြစ်နေ၏။
“သေပေတော့ ကောင်မစုတ်လေး” စွမ်းအားဓားများက ရှောင်ယွမ်အာ၏ပုံရိပ်ယောင်များကို တစ်စစီ ဖြစ်သွားစေ၏။ ပုံရိပ်ယောင်များကွယ်ပျောက်သွားသည်နှင့် ယွမ်ချုံးသည် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လက်ဝါးစည်းတံဆိပ်သည် ရှောင်ယွမ်အာဆီသို့ လျှပ်ပြက်သောအရှိန်ဖြင့်တိုးဝင်သွား၏။
ဘန်း
ရှောင်ယွမ်အာသည် နောက်ပြန်လန်သွားကာ လေများက ပတ်ဝန်းကျင်တွင် ဝေ့တိုက်သွားသည်။ သူမစွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကလည်း ပရမ်းပတာဖြစ်သွားသည်။
“ဟမ်” ယွမ်ချုံးက မျက်မှောင်အနည်းငယ်ကျုံ့သွားလေ၏။ သူက လေထဲပျံဝဲနေသည်။ “မင်း အသက်ရှင်နေသေးတာလား”
ယွမ်ချုံးက ထပ်ပြီးခုန်ဆင်းလာသည်။ စွမ်းအင်ဓားများသည် နိဗ္ဗာနခါးစည်းကနေရုန်းထွက်ပြီး တဆက်တည်းပေါင်းလိုက်၏။ သူကလက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်တော့သည်။
“မင်း ကောင်းမွန်တဲ့ဘဝမှာ ပြန်မွေးဖွားဖို့မျှော်လင့်တယ်”
စွမ်းအင်ဓားတို့သည် ရှောင်ယွမ်အာဆီ ထပ်မံတိုးဝင်သွား၏။
ရှောင်ယွမ်အာက သူသေတော့မည်ဟု တွေးလိုက်မိသည့်အချိန်၌ ထီးများအတန်းလိုက်က သူ့ရှေ့၌ ပေါ်လာသည်။ စွမ်းအင်ကပြန့်ကားလာသည်။ ထီးပုံသဏ္ဌာန်နံရံတစ်ခုဖွဲ့တည်လိုက်၏။ သူမ မော့ကြည့်လိုက်သည့်အချိန်တွင် ထီးလေးစင်းပေါ် ဝေဟင်ကနေလှပပြီးကျော့ရှင်းသည့် အမျိုးသမီးတစ်ဦး ဆင်းလာတာကိုတွေ့လိုက်ရသည်။
စွမ်းအင်ဓားထောင်ချီကို ထီးများက ပိတ်ဆို့လိုက်လေ၏။
“အစ်မကျင်းယီလား”
ရောက်လာသည့်သူက လီကျင်းယီပဲဖြစ်သည်။
လီကျင်းယီက ရှောင်ယွမ်အာကိုဘေးတိုက်တစ်ချက်ကြည့်ပြီးနောက် ပြုံးလျက်ပြောလိုက်သည်။
"ညီမ အဆင်ပြေရဲ့လား”
“ညီမ အသက်ရှင်နေသေးတယ်” ရှောင်ယွမ်အာသည် ခရုလေးဘေးသို့ ချက်ချင်း ပြန်သွားလိုက်၏။
ထိုအကျော်အမော် ရုတ်တရက်ပေါ်ပေါက်လာခြင်းသည် လူတိုင်း၏အာရုံစိုက်မှုကို ရသွားတော့သည်။
မြုပ်နေသော မျောလွင့်ကျွန်းအထက်၌ ဟွမ်းသခင်မက ပျော်ရွှင်ပုံပေါ်လာတော့သည်။
“လီကျင်းယီလား”
“နှုတ်ခွန်းဆက်ပါတယ် ဆရာကတော်”
ဆရာကတော်လား ...
ယွမ်ချုံးက မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။
“ဟွမ်းရှစ်ကျဲမှာ အကျော်အမော်တပည့်တွေ ရှိတယ်လို့ ကြားထားမိတယ်။ ကံဆိုးတာက ဟွမ်းရှစ်ကျဲက နိုင်လိုမင်းထက်ပြုမူပြီး သူတို့စိတ်နှလုံးကို မရနိုင်ဘူး။ မင်းက ပါရမီရှင် ထီးသိုင်းသမား လီကျင်းယီလား”
လီကျင်းယီက ပြုံးလိုက်၏။
“ကျွန်မ ဒီလောက်နာမည်ကြီးမယ်လို့မထင်ထားဘူး”
“လီကျင်းယီ ဖန်းလိုင်ကျွန်းရဲ့ခေတ်က ကုန်သွားပြီ။ ထူးချွန်ထက်မြတ်တဲ့ ပါရမီရှင်တစ်ယောက်က ရေစီးကြောင်းကိုလိုက်သင့်တယ်။ ဟွမ်းရှစ်ကျဲက မင်းကို မကြင်နာဘူး။ သူ့အတွက် မင်းအသက်ကို ဘာကြောင့် စွန့်စားရမှာလဲ” ယွမ်ချုံးက ပြောလိုက်၏။
“တစ်ရက်ဆရာက တစ်သက်ဖခင်ပဲ ယွမ်ချုံး ... ရှင် လက်လျှော့လိုက်ဖို့အကြံပေးလိုက်မယ်”
ယွမ်ချုံးက ရယ်မောလိုက်၏။ “မင်း မျက်လုံးဖွင့်ပြီး ကြည့်ကြည့်လိုက် ဒီချိန်ကျမှ ဘယ်သူက လက်လျှော့မယ်လို့ထင်လဲ”
လီကျင်းယီက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ မျောလွင့်ကျွန်းက လှိုင်းအောက် မြုပ်နေပြီဖြစ်ကာ အစီအရင်တို့ ပျက်စီးနေပြီ။ သူမကြည့်မိသမျှ နေရာအနှံ့ဖရိုဖရဲဖြစ်နေ၏။ မြေပြင်၌ ထီးကျင့်ကြံသူများစွာ လဲနေပြီး မလှုပ်ရှားတော့ပေ။ သူတို့က တစ်ဂိုဏ်းထဲမှ လာတာဖြစ်၏။ သူမ မည်ကဲ့သို့ မထိခိုက်ဘဲ နေမည်နည်း။ သူမ လာတာ သိပ်နောက်ကျသွားပုံ ရသည်။ တစ်ခေတ်တစ်ခါတုန်းက ဂုဏ်သတင်းကြီးခဲ့သော ဖန်းလိုင်ကျွန်းသည် ညတွင်းချင်း၌ ဆာလောင်နေသော ဝံပုလွေတစ်စု တိုက်ခိုက်တာခံရလောက်သော အဆီတရွှဲရွှဲဖြင့် အသားတစ်စ ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားပေ။
လီကျင်းယီက အတွေးနစ်နေစဉ် ယွမ်ချုံးက တိုက်ခိုက်ရန် အခွင့်အရေးယူလိုက်၏။ သူ၏လက်များကို လှုပ်ရှားကာ များစွာသောစွမ်းအင်ဓားများကို သုံးလိုက်သည်။ လီကျင်းယီက ထီးများကို တက်နင်းလျက် ထီးများကလည်ထွက်သွားသည်။ သူမက လေထဲ၌ စွမ်းအင်စည်းတံဆိပ်ကို ထုတ်သုံးလိုက်၏။
သူတို့စွမ်းအင်များ တိုက်မိသွားသည်။
ဖုန်း
ရန်သူနှစ်ယောက်လုံးက တပြိုင်နက်တည်း နောက်ဆုတ်သွားသည်။ သူတို့စွမ်းအင်များ၏ ယှဉ်ပြိုင်မှုကလည်း သူတို့သိုင်းစွမ်းများကို ပြသနေတာဖြစ်သည်။ သူတို့နှစ်ယောက်လုံးကလည်း ပွင့်ချပ်ခုနစ်လွှာအကျော်အမော်များဖြစ်ပြီး လက်ရည်တူလောက်သည်။ ဓားနှင့်ထီးတို့က တစ်ယောက်ကို တစ်ယောက်သာဖို့က ခက်ခဲလှပေ၏။ ပြိုင်ဘက်နှစ်ယောက်လုံးသည် အဝေးကနေ တစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်နေကြသည်။
ဝူး
ပင်လယ်ထဲကနေ ထူးဆန်းသောအသံတစ်သံ ထပ်မံပေါ်ထွက်လာပြီး အားလုံး၏အာရုံစိုက်မှုကို ရသွား၏။
ခရုလေးက ပင်လယ်ကို လက်ညှိုးထိုးလျက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“လော့ယွီလာနေပြီ”
၎င်း၌ ငါးခန္ဓာနှင့် ငှက်တောင်ပံရှိသည်။ အသံက ဟင်္သာငှက်သံနှင့်တူ၏။
ဗွမ်း
လော့ယွီက ပင်လယ်ပြင်မျက်နှာပြင်ကို ဖောက်တက်လာ၏။ ပထမဆုံးအခေါက်နည်းတူ ၎င်းက လှိုင်းကြီးများကို ဖန်တီးလိုက်တော့သည်။
ဝှစ် ဝှစ် ဝှစ်
လီကျင်းယီက ၎င်းကို သူမ၏ထီးများဖြင့်ပိတ်ဆို့လိုက်သည်။
ယွမ်ချုံးသည် ရေထဲကနေ ရေပန်းထွက်လာတာကို ကာရန်သူ့လက်ဖြင့် စွမ်းအင် ထိန်းချုပ်လိုက်သည်။
ရှောင်ယွမ်အာက ခရုလေးကို ကာပေးထားစဉ် သူမက လော့ယွီကို အထိတ်တလန့်ကြည့်လိုက်သည်။
လော့ယွီက ပင်လယ်ရေမျက်နှာပြင်ပေါ်က လူတိုင်းက ရန်သူလိုသဘောထားနေတယ်။ ဘာကြောင့်လဲ ....
အနား၌ အဆင့်နိမ့်ကျင့်ကြံသူများက ကံမကောင်းကြပေ။ သူတို့ရင်ဘတ်က ရေစက်များကြောင့် ထိုးဖောက်ခံလိုက်ရ၏။ အပေါက်များကို သူတို့အလောင်းပေါ်တွင် မြင်လိုက်ရသည်။
“အား ....”
“ဒီသတ္တဝါက လူသတ်နိုင်တယ်ဟ”
အနားရှိကျင့်ကြံသူများက နောက်ဆုတ်သွားကြသည်။
ဖန်းလိုင်ကျွန်းမှ ထီးသိုင်းသမားများကလည်း နောက်ဆုတ်သွား၏။ သူတို့က အဝေးတွင်နေကာ ကြည့်နေသည်။
ဟွမ်းသခင်မက ပျံသန်းလာပြီး လော့ယွီကို ငုံ့ကြည့်လိုက်သည်။
ယခုအချိန်တွင် လော့ယွီက လေထဲ တစ်ပတ်လည်ပြီးနောက် တောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ ၎င်းက အလင်းရောင်ဖျော့ဖျော့ ရစ်ဝဲနေ၏။ ထိုအခိုက်အတန့်တွင် ပင်လယ်ရေမျက်နှာပြင်နား ရပ်နေသော ခရုလေးဆီ ရေငုပ်လာလေ၏။
“လော့ယွီက သတ်တော့မယ်”
“နောက်ဆုတ်”
လော့ယွီက တစ်စုံတစ်ယောက်ကို သတ်ရန်ကြိုးပမ်းတာကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။
လီကျင်းယီက မျက်မှောင်ကျုံ့လိုက်၏။ သူမမျက်လုံးထဲ၌ ရှုပ်ထွေးသောအကြည့်ရှိနေသည်။ သူမက ရှောင်ယွမ်အာကိုလှည့်ကြည့်လိုက်၏။ သူမက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်တော့သည်။
“နောက်ဆုတ်”
“ဟုတ်” ရှောင်ယွမ်အာသည် ခရုလေးကိုခေါ်လျက်နောက်ဆုတ်သွားသည်။
လီကျင်းယီက မေးလိုက်သည်။ “ညီမရဲ့ဆရာဘယ်မှာလဲ”
“ရှစ်စွင်းလား” ရှောင်ယွမ်အာက သူမနဖူးကို ရိုက်လိုက်သည်။
“ဟုတ်သား ... ရှစ်စွင်းကယ်ပါဦး။ ကြာကြာတောင့်မခံထားနိုင်တော့ဘူး”
လီကျင်းယီ “…”
ယွမ်ချုံး “...”
ကျန်သည့်သူများသည် မိန်းကလေးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ သူတို့အားလုံး သတိအနေအထားဖြစ်သွားကာ ထိုမိန်းကလေးကို ကာကွယ်ပေးရန် ရုတ်တရက်ပေါ်လာမည့် သိုင်းပညာရှင်ကို ရင်ဆိုင်ဖို့ပြင်နေကြသည်။ ကံကောင်းသည်မှာ ဤမိန်းကလေးကိုကူညီရန် သိုင်းပညာရှင် ပေါ်မလာပေ။
ထိုစဉ် လော့ယွီသည် မိန်းကလေးနှစ်ယောက်နှင့် တခြားလူများအကြား ကူးခတ်ကာ ရောက်လာ၏။ အချို့သော အကြောင်းအရင်းကြောင့် ၎င်းသည် မိန်းကလေးများကို ထိခိုက်အောင်မလုပ်ခဲ့ပေ။ ခန္ဓာကိုယ်ကို ကွေးလျက် မိန်းကလေးနှစ်ယောက်ကို ခြားပေးလိုက်သည်။ ခရုလေးက ထိတ်လန့်သွားကာ ရှေ့သို့ ပျံထွက်သွား၏။ သူမနားရှိစွမ်းအင်များက လော့ယွီကြောင့် တစစီ ဖြစ်သွားသည်။
လော့ယွီ၏ လုပ်ရှားမှုများက မြန်ဆန်ကာ ခရုလေးကိုခေါ်သွားတော့၏။
“ခရု” ရှောင်ယွမ်အာက အထိတ်တလန့်လှမ်းခေါ်လိုက်သည်။ အခြေအနေက သူမထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသည်။ သူမ၏ရှစ်စွင်းသည် ခရုလေးကိုကာကွယ်ရန် သူမကို အပ်နှံခဲ့၏။ သို့သော် သူမက ခရုလေးကိုစိတ်ပျက်စေခဲ့သည်။ သူမ၏မျက်နှာထက်၌ ထိတ်လန့်ကြောက်ရွံ့သည့်အမူအရာပေါ်လာပြီး ကူကယ်ရာမဲ့နေလေ၏။
ဖြစ်ပျက်သွားတာမြန်လွန်းတယ်။ ဘယ်သူက ဒါကို တုံ့ပြန်နိုင်မှာလဲ။
လီကျင်းယီသည် ခရုလေးကို ကယ်ချင်လျှင်တောင် ဘာမှမလုပ်နိုင်ပေ။
ယွမ်ချုံးက လီကျင်းယီကို စိုက်ကြည့်လျက် လီကျင်းယီကိုထိန်းထားသည်။ တစ်ချိန်တည်းတွင် သူက အမိန့်ပေးလိုက်၏။
“ထိုက်ရွှီကျောင်းတော်သားတွေ အဲ့ဒီမိန်းကလေးကို သတ်ကြ”
“နားလည်ပါပြီ” ထိုက်ရွှီကျောင်းတော်တပည့်များ၏ အသံက မိုးခြိမ်းသံတစ်မျှ ကျယ်လောင်လာသည်။
ထိုက်ရွှီကျောင်းတော်မှ တပည့်တစ်ရာကျော်သည် သူတို့ဓားများဖြင့် ပျံသန်းလျက် ပင်လယ်ရေမျက်နှာပြင်ဆီသို့ ရောက်လာ၏။ မည်သူကမှ လော့ယွီနှင့်ခရုလေးကို ဂရုမစိုက်ပေ။ သူတို့ပစ်မှတ်ဖြစ်သည့် ရှောင်ယွမ်အာကိုပဲဂရုစိုက်နေကြ၏။
ကျင့်ကြံသူတစ်ရာက စွမ်းအင်ဓားများကိုထုတ်သုံးလိုက်၏။ သိပ်သည်းသော စွမ်းအင်ဓားသွားများသည် ရှောင်ယွမ်အာဆီသို့ဦးတည်သွားသည်။ ဓားအစုအဝေးအဖြစ် ဖွဲ့တည်လိုက်၏။
လီကျင်းယီက စိတ်တိုသွားသည်။ မိန်းကလေးက အသက်အန္တရာယ်ရှိနေလေပြီ။
ထိုစဉ် ...
ဝှစ်
ပင်လယ်ရေမျက်နှာပြင်အောက်ကနေ အပြာရောင်အလင်း ပေါ်ထွက်လာသည်။ ကျွန်းလေးကျွန်း၏ အလယ်ပင်လယ်က အပြာရောင်အလင်းကြောင့် အပြည့်အဝလွှမ်းခြုံခံလိုက်ရသည်။
ထိုက်ရွှီကျောင်းတော်သားများက ရေပွက်သံကြားချိန်၌ တုံ့ပြန်ရန်အချိန်တောင်မရှိကြပေ။
“မျောလွင့်ကျွန်းလား"
မျောလွင့်ကျွန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေါ်ထွက်လာပြီးနောက် လှိုင်းကြီးများ ဖန်တီးတော့သည်။
ကျွန်းလေးကျွန်းပေါ်၌ ပြင်းထန်စွာတိုက်ခိုက်နေသာလူများသည် ထိုမြင်ကွင်းကြောင့် ရပ်တန့်သွားသည်။ သူတို့က တိုက်ခိုက်တာရပ်တန့်လျက် မျောလွင့်ကျွန်းကို ရပ်ကြည့်လိုက်၏။ ထိုစဉ် ကျွန်းအောက်ရှိ မျောလွင့်ကျွန်းတစ်ခုလုံးကို သယ်ဆောင်နိုင်ရန် လုံလောက်သည့် ကြီးမားလှသော အပြာရင့်လက်ဝါးစည်းတံဆိပ်ကိုတွေ့လိုက်ရသည်။
လူတိုင်း အသက်အောင့်ထားမိသည်။ သူတို့သည် ကောင်းကင်ကိုလွှမ်းနေသည်ဟု ထင်မှတ်သော ဧရာမလက်ဝါးစည်းတံဆိပ်ကိုကြည့်လိုက်သည်။ အချိန်အတိုင်းအတာတစ်ခုထိ သူတို့က တိုက်ပွဲထဲရောက်နေကြောင်းမေ့လျော့သွားသည်။ သူတို့အရာရာကိုမေ့လျော့သွားသည်။
ရှောင်ယွမ်အာဆီသို့ တက်သွားသော ထိုက်ရွှီကျောင်းတော်သားများကို လှိုင်းများနှင့် အပြာရောင်လက်ဝါးစည်းတံဆိပ်စွမ်းအင်များက ထိမှန်သွား၏။ သူတို့အားလုံး လွင့်ထွက်သွားကာ ကောင်းကင်ထဲ၌သွေးအန်ကုန်၏။
ဧရာမလက်ဝါးစည်းတံဆိပ်အောက်ကနေ အဝေးကနေ သစ်ရွက်တစ်ရွက်အရွယ်အစားရှိသည့် အဘိုးအိုတစ်ယောက်ကို မြင်ရသည်။ အဘိုးအိုက သူ၏ခေါင်းပေါ်၌ လက်ဝါးကိုမြှောက်ထားသည်။ သူ၏ခေါင်းပေါ်ကနေ အပြာရောင်အလင်းတောက်ပနေ၏။
ဧရာမလက်ဝါးစည်းတံဆိပ်သည် သူ့ဆီကနေလာတာသိသာသည်။ မျောလွင့်ကျွန်းကို ထောက်ပံ့ပေးထားသော သူ၏လုပ်ရပ်က မဟာမြစ်တို့ကို အရှေ့အရပ်ဆီသို့ စီးဆင်းရန် လမ်းညွှန်နေပြီး လှိုင်းများကို ပြန်လာစေသည်ဟု ထင်မှတ်ရ၏။ ကျန်သည့်သူများထိတ်လန့်သွားတာ သဘာဝကျပေ၏။
…
အခန်း(၅၁၂) အားလုံးကို သတ်ပစ်
လုကျိုးက မျောလွင့်ကျွန်းအောက်ကို ကြည့်နေရင်း ဧရာမလက်ဝါးစည်းတံဆိပ်ကို ထိန်းချုပ်ရာ၌သာ အာရုံစိုက်ထားလိုက်သည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအားက သူ့ခန္ဓာကိုယ်မှ အာရုံဖမ်းစားလောက်ဖွယ် ထွက်ပေါ်လာသည်။ သူ့အနေနှင့် အားလုံးက တအံ့တဩ အမူအရာများဖြင့် သူ့အား ကြည့်နေသည်ကို မြင်လိုက်ရ၏။
အများစုက မြေပြင်ပေါ် အကြောက်တရားဖြင့် တုန်တုန်ယင်ယင် လဲကျနေကြသည်။ သူတို့က ခုခံဖို့ လက်လျှော့လိုက်သလိုမျိုး ဖြစ်၏။
လုကျိုးက ထိုလူများကို ဂရုစိုက်နေဖို့ အချိန်မရှိချေ။ သူက ကျွန်းကို ဆက်လက်၍ ပင့်မထားလိုက်သည်။
အားလုံးက ထူးခြားခမ်းနားဖွယ် မြင်ကွင်းမျိုးကို မြင်လိုက်ကြရ၍ တိတ်ဆိတ်သွားကြလေသည်။
ဝှစ်
ဧရာမလက်ဝါးစည်းတံဆိပ်ကြီးက မျောလွင့်ကျွန်းကို ပင့်ထားရင်း ပင်လယ်မျက်နှာပြင်မှ မီတာတစ်ရာအထက် ပြန်ရောက်လာသည်။
ဖန်းလိုင်ကျွန်း၏ ပင်မကျွန်းက နဂိုနေရာသို့ ပြန်ရောက်သွားသည့်အခါ လေထုထဲ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက တစ်ခုခု ပွတ်တိုက်မိသလိုမျိုး ဖြစ်၏။
ဖန်းလိုင်ကျွန်း၏ သခင်မက အသိပြန်ကပ်လာပြီးနောက် ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ပေ။ သူမ မျက်နှာအထက် မျက်ရည်များ စီးကျလာလေ၏။
ထိုစဉ် ရှောင်ယွမ်အာက ခရုလေးအား ခဏတာ မေ့လျော့သွားဟန်ပေါ်သည်။ သူမက ကျွန်းကို လက်တစ်ဖက်တည်းဖြင့် သယ်ထားသည့် ဆရာဖြစ်သူအား ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။
“ရှစ်စွင်း”
ဝေဟင်အထက် မီတာတစ်ရာအမြင့် ဖြစ်၏။
လုကျိုး၏ လက်ဝါးစည်းတံဆိပ်က နေရာမှာ ရှိနေသေးသော်လည်း ထူးခြားအံ့ဖွယ်စွမ်းအားက ပြတ်တောက်သွားလေပြီ။ သူက အားလုံးကို မျက်မှောင်ကြုတ်လျက် လျစ်လျူရှုထားလိုက်၏။ သူ့တွင် သိမ်းဆည်းထားသည့် ထူးခြားအံ့ဖွယ်စွမ်းအားတချို့ ကျန်နေသေးသည်။
သူ့အတွက်သူ သိမ်းထားလိုက်ရမလား ဒါမှမဟုတ် အကုန်ထုတ်သုံးလိုက်ရမလား …
ဝုန်း
မျောလွင့်ကျွန်းက လှုပ်ခါလာသည်။ လက်ဝါးစည်းတံဆိပ်လည်း သေးသွား၏။
ယွမ်ချုံးက ထိုအရာကို မြင်သည့်အခါ စိတ်သက်သာရာ ရသွားဟန်ဖြင့် အော်ပြောလိုက်သည်။
“ အနာမခံဘဲ အသာမစံရဘူး။ ငါနဲ့ ဘယ်သူလိုက်မလဲ”
ဘန်း
ယွမ်ချုံးက မီးမြားတစ်ခုလို ပြေးဝင်လာသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကလည်း ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြ၏။
အနာမခံဘဲ အသာမစံရဘူး …
လက်တစ်ဆုပ်စာ ကျင့်ကြံသူများက ပြိုင်တူ လှုပ်ရှားလာကြသည်။
တခြားလူများကလည်း ဖန်းလိုင်ကျွန်းမှ ထီးကျင့်ကြံသူများနှင့် ဆက်လက် ရင်ဆိုင်ကြ၏။ သူတို့က တစ်ဘက်က သေဆုံးရမည်မှန်း သိထားကြသည်။
တကယ်တော့ အများစုက အခြေအနေကို အခွင့်ကောင်းယူလိုခြင်းသာ ဖြစ်ကြသည်။ သို့သော်လည်း လူများစွာက လုပ်ဆောင်လာသည့်အခါ လူတချို့ကလည်း သူတို့ဘဝနှင့် လောင်းကြေးထပ်ချင်လာကြ၏။ ထို့အပြင် ကြံရာမရ သူများက တခြားလူများကို လှုံ့ဆော်ပေးနိုင်သည် မဟုတ်ပါလော။
မာချင်းက ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် တိုက်ပွဲအား ကြည့်လိုက်ကာ ခေါင်းယမ်းလိုက်သည်။
“ရူးသွားကြပြီပဲ”
လီကျင်းယီက ထီးတစ်လက်ဖြင့် ပျံသန်းလာသည်။ လေထဲမှ ထီးသည် စွမ်းအားစည်းတံဆိပ်များစွာကို ထုတ်လွှင့်လာသည်။ ဤသည်က ဖန်းလိုင် ပညာရပ်ဖြစ်သည့် အစိမ်းရောင်ငှက် ဖြစ်ပေသည်။
ထိုစဉ် ကျင့်ကြံသူငါးယောက်က စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်ကာ မျောလွင့်ကျွန်းအောက် ဦးတည်လိုက်ကြသည်။
ဝူး
“လော့ယွီလား”
လော့ယွီက မျောလွင့်ကျွန်းဆီ လှိုင်းလုံးများကြားမှ မြင့်တက်လာသည်။
ခရုလေးက လော့ယွီ ကျောပြင်ကို စီးနင်းထားသော်လည်း အကြောက်တရားတို့ ရှိမနေပေ။ သူမက လော့ယွီနှင့်အတူ အထက်သို့ ဆန်တက်လာသည်။ သူမက ခရုခွံလေးကို မှုတ်လိုက်သည်နှင့် လော့ယွီက တောင်ပံများကို ဖြန့်ကျက်ကာ အလင်းတန်းကို ထုတ်လွှင့်လာသည်။
ငါးက မျောလွင့်ကျွန်းအပေါ် လွှားခနဲ ခုန်လွှားလိုက်သည်။
နေရောင်က လှိုင်းလုံးများဆီ တောက်ပနေသည်။ မျောလွင့်ကျွန်းအထက် သက်တံတစ်ခု ပေါ်ထွက်လာသောကြောင့် ရှုမငြီးဖွယ် မြင်ကွင်းမျိုး ဖြစ်နေသည်။
လုကျိုးက ကောင်းကင်ကျမ်းမှ သင်္ကေတများသည် အသက်ဝင်လာကြောင်း ရုတ်ခြည်း ခံစားမိလိုက်ကာ “စိတ်ဝင်စားစရာပဲ”
လော့ယွီက ကုသစွမ်းရည် ပိုင်ဆိုင်ထားတာလား … လော့ယွီက ခရုလေးရဲ့ အမိန့်ကို နာခံနေတာလား
မည်သို့ပင်ဆိုစေကာမူ ဤသည်က ကောင်းကင်ဘုံ၏ အလိုဆန္ဒသာ ဖြစ်လိမ့်မည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအားက လော့ယွီ၏ အကူအညီဖြင့် ပြန်လည်ပြည့်သွားလေပြီ။
လုကျိုးက တည်ငြိမ်သည့် အမူအရာဖြင့် ကျွန်းကို ပင့်တင်လိုက်ရင်း “မြင့်တက်စမ်း ”
မျောလွင့်ကျွန်းက နဂိုနေရာသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
လုကျိုးက လက်ကို အောက်ချကာ ဘေးပတ်လည်အား စစ်ဆေးကြည့်လိုက်သည်။ သူ မြင်လိုက်သည့် ပထမဆုံးလူမှာ ယွမ်ချုံး ဖြစ်၏။
ယွမ်ချုံးက ဆယ်မီတာကွာဝေးနေစဉ် လုကျိုးက လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။
အတိတ်ဘဝ စွမ်းအား …
ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်
ဗုဒ္ဓလက်ဝါးနှင့် တူသည့် ဧရာမလက်ဝါးချက်ကြီးက ကျဆင်းလာသည်။
ယွမ်ချုံးက တားဆီးလိုသောကြောင့် သူ့ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ ထိုဧရာမလက်ဝါးကြီးက သူ့မျက်နှာအထက် ကျရောက်မလာခင် ရွှေရောင်အလင်းတန်းဖြင့် ထိပ်တိုက်တွေ့သွားလေသည်။
“ မဖြစ်နိုင်ဘူး … သူက တကယ်ကြီး ပွင့်ချပ်ကိုးလွှာ … ”
ဘန်း
ယွမ်ချုံးက စကားမဆုံးခင် လေထ ပေါက်ကွဲထွက်သွားသည်။
“တင်း … ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
လုကျိုးက ယွမ်ချုံးအား လှည့်မကြည့်ပေ။ သူက တခြားနေရာများအား ကြည့်လိုက်၏။ အကယ်၍ ကျွန်းကို လက်တစ်ဖက်တည်းဖြင့် ပင့်မထားခြင်းက ထိုကျင့်ကြံသူများအား ခြိမ်းခြောက်ဖို့ မလုံလောက်လျှင် တစ်ခုတည်းသော ရွေးချယ်မှုက သတ်ပစ်ဖို့သာ ဖြစ်၏။
“မင်းတို့က သေချင်နေတာမလား။ မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် ”
ဟွမ်းကတော်က မျက်လုံးပြူးသွားလေသည်။ သူမက လက်ဝါးစည်းတံဆိပ်များစွာသည် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်ကို မြင်လိုက်ရသည်။ ထိုအရာက ဝေဟင်ထဲ အပြာရောင် မီးပန်းများ ပေါက်နေသလို ဖြစ်၏။
လက်ဝါးစည်းတံဆိပ်များ ပျောက်ကွယ်သွားသည့်အခါ အလောင်းများက ယင်ကောင်များလို ကောင်းကင်မှ ပြုတ်ကျလာကြသည်။ ပင်လယ်ရေပင် အနီရောင်သမ်းသွားလေသည်။
ဝူး
လော့ယွီက ဆက်လက် ပျံသန်းချင်နေသည်။
ခရုလေးက လော့ယွီအား ပုတ်ကာ အသာပြောလိုက်သည်။
“အိမ်ပြန်တော့”
လော့ယွီက ဆက်လက် ပျံသန်းနိုင်တော့ဟန် မပေါ်ပေ။ ကျွန်းများကို ဆက်လက် မပတ်နိုင်တော့သလို လုကျိုး၏ ထူးခြားအံ့ဖွယ် စွမ်းအား ပြန်လည်ဖြည့်ဖို့ မကူညီပေးနိုင်တော့ပေ။
ထိုအရာက ဦးတည်ချက်ပြောင်းကာ ငုပ်လျိုးလိုက်သည်။
လုကျိုးက လက်ကို မြောက်လိုက်သည်။ သူက ကနဦးချီကို စုစည်းကာ ခရုလေးအား အသာရစ်ပတ်လိုက်သည်။
ခရုလေးကို ခေါ်ဆောင်သွားသည့်အခါ လော့ယွီက လေထဲ ပြန်ခုန်တက်လာပြန်ပြီး သူမနှင့် ဝေးဖို့ အင်တင်တင် ဖြစ်နေဟန်ပေါ်သည်။ ထိုအရာက လေထဲ ဝဲပျံနေရင်း သူမအား ကြည့်နေ၏။
“မင်း အဆင်ပြေမှာပါ” ခရုလေးက လက်ဝေ့လိုက်သည်။
ဝူး
လော့ယွီက ပါးစပ်ကို ဖွင့်ဟလိုက်သည့်အချိန် အပြာရောင်အလင်းတန်း ထွက်ပေါ်လာသည်။
ထိုအရာကို မြင်လိုက်သည့် ကျင့်ကြံသူများက တအံ့တဩ ရေရွတ်လိုက်ကြ၏။
“လန်ထျန်းကျောက်စိမ်း”
လုကျိုးက လက်မြောက်လိုက်ပြီး လန်ထျန်းကျောက်စိမ်းအား ယူလိုက်သည်။
နေရောင်အောက်တွင် လန်ထျန်းကျောက်စိမ်းက လော့ယွီ၏ မျက်ရည်နှင့် တူသည့် အစိမ်းရောင် အခိုးအငွေ့များ ရောယှက်နေသည်။ နေရောင်၏ နွေးထွေးမှုအောက်တွင် ကျောက်စိမ်း ထုတ်လုပ်ရာ လန်ထျန်းတောင်တန်းမှ မီးခိုးများ ထွက်လာသဖြင့် မျက်ရည်များက ပင်လယ်ထဲ ကျသွားသည့် ပုလဲများအဖြစ် ပြောင်းသွားလေသည်။
လန်ထျန်းကျောက်စိမ်းသည် ကမာကောင်များထဲတွင် ပုလဲများ ရှိနေသလိုမျိုး ပင်လယ်သားရဲ၏ ဝမ်းဗိုက်အတွင်း တည်ရှိသည်ဟု ကောလာဟလများ ရှိခဲ့ဖူးလေသည်။
လုကျိုးက ထိုအရာကို မြင်လိုက်သည့်အခါ ကမ္ဘာ၏ ထူးဆန်းအံ့ဖွယ်များကို တအံ့တဩ ခံစားလိုက်သည်။
လော့ယွီက နောက်ဆုံးအသံပြုကာ ကောင်းကင်မှ ပင်လယ်ထဲ ပြန်လည်ငုပ်လျိုးသွားတော့သည်။ ထိုအရာက စက်ဝန်းပုံပတ်ကာ ကူးခတ်နေပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ဝှစ်
ဝှစ်
အစီအရင်၏ အလင်းတန်းက ပင်လယ်အောက်မှ တောက်ပလာသည်။ ထိုအရာက ဖန်းလိုင်ကျွန်းအပေါ် တောက်ပလာ၏။
ကျွန်းလေးကျွန်းလုံးကလည်း နဂိုနေရာမှန်သို့ ပြန်ရောက်သွားကြသည်။
အစီအရင်၏ အလင်းတန်းက ပြန်လည်အသက်ဝင်လာသည့်အတွက် လှည့်ပတ်နေဟန်ပေါ်သည်။
ဂျွတ်
အစီအရင် အသက်ဝင်လာသည့် ထူးခြားအသံက ဖန်းလိုင်ကျွန်းထံ ပဲ့တင်ထွက်လာသည်။
အကာအရံက ပြန်ကောင်းသွားလေပြီ။
ပင်လယ်ရေဖြင့် ဆေးကြောခံလိုက်ရပြီးနောက် အဆောက်အဦးနှင့် ပန်းမန်သစ်ပင်များသည် ထူးထူးခြားခြား တောက်ပစိမ်းစိုနေဟန်ပေါ်သည်။ နေရောင်အောက်တွင် ကျွန်းအဖျားများမှ ပင်လယ်ရေများ ပြန်စီးကျနေ၏။ ထူးခြားသည့် အစီအရင်က ပင်လယ်ရေများအား မျောလွင့်ကျွန်းထံ အကွင်းပုံစံဖြစ်အောင် ပို့ဆောင်ပေးနေသည်။ မျောလွင့်ကျွန်းအထက်မှ သက်တံနှင့် ရေတံခွန်များမှ သက်တံက တစ်ခုနှင့်တစ်ခု တောက်ပမှုခြင်း လိုက်ဖက်ညီနေသည်။
ဖန်းလိုင်ကျွန်းက ပုံမှန်ပြန်ဖြစ်သွားလေပြီ။
အရာအားလုံးက အိပ်မက်တစ်ခုလို ဖြစ်၏။
ထိုစဉ် လီကျင်းယီက လက်ထဲမှ ထီးလေးနှင့်အတူ ကျွန်းလေးကျွန်းကို ကြည့်နေရင်း စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားလေသည်။ သူမက ကြည်ကြည်လင်လင် အသံဖြင့် ပြောလိုက်၏။
“အစီအရင်က ပြီးပြည့်စုံသွားပြီ။ ဖန်းလိုင်ကျွန်း တပည့်တို့ ငါတို့ကို လာဆန့်ကျင်တဲ့လူတွေကို နှိမ်နင်းကြ”
အစီအရင် စွမ်းအားအောက်တွင် တခြားသော ကျင့်ကြံသူများက ဖိနှိပ်ခံလိုက်ရသည်။ ပျံသန်းဖို့ပင် အခက်တွေ့နေကြ၏။
အချုပ်အားဖြင့် ဖန်းလိုင်ကျွန်း တပည့်များ၏ ထီး တိုက်ခိုက်စွမ်းက သိသိသာသာ တိုးမြင့်လာသည်။
တိုက်ပွဲအရှိန်က ပြောင်းပြန်ဖြစ်သွားလေပြီ။
ဖန်းလိုင်ကျွန်း တပည့်များက ပြန်လည် တိုက်ခိုက်လာကြ၏။
ဟွမ်းကတော်က နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။ သူမက မျက်ရည်များကို သုတ်ကာ လီကျင်းယီထံ အနည်းငယ် ဦးညွှတ်လိုက်သည်။
လီကျင်းယီက အံ့အားသင့်သွားပြီး အလျင်စလို ပြောလိုက်သည်။ “ သခင်မ အဲလိုမလုပ်ပါနဲ့”
“ဘာဖြစ်ဖြစ် မင်းက ဖန်းလိုင်ကို ကယ်ခဲ့တာပဲ ”
“ သခင်မ ကျေးဇူးတင်သင့်တာ ကျိချန်းပေ့ကိုပဲ ” လီကျင်းယီက မျောလွင့်ကျွန်းအောက် ပျံသန်းနေသည့် လုကျိုးအား ကြည့်လိုက်သည်။
ဟွမ်းကတော်က တအံ့တဩ ရေရွတ်လိုက်၏။ “ရှင်က တကယ်ကြီး မိစ္ဆာဝေဟင်မျှော်နန်းက ကျိချန်းပေ့လား”
လုကျိုးက လန်ထျန်းကျောက်စိမ်းအား ခရုလေးလက်ထဲ ထည့်ပေးလိုက်သည်။ သူက ဟွမ်းကတော်အား ကြည့်ကာ ပြောလိုက်၏။ “ လူကောင်လိုက်ကြီးပါပဲ ”
မဆန်းတော့ဘူး … ဘယ်သူက ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ယှဉ်နိုင်မှာလဲ။
ဟွမ်းကတော်က စိတ်ခံစားချက်အပြည့်ဖြင့် ဦးညွှတ်ကာ “ဖန်းလိုင်ကျွန်းက ကျိချန်းပေ့အပေါ် ထာဝရကျေးဇူးတင်နေမှာပါ ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ ကျုပ်က အမြဲတမ်း အကျိုးအကြောင်းသင့်ပါတယ်။ ကျုပ်က ခင်ဗျားတို့ရဲ့ ကောင်းကင်စာလိပ်ကို ယူပြီး မျောလွင့်ကျွန်းကို ကယ်ပေးခဲ့တယ်။ အတူတူပါပဲ …”
“ကျွန်မတို့က ကျိချန်းပေ့အပေါ် ကျေးဇူးကြွေးတင်နေတာပါ။ ကျွန်မတို့က အစကတည်းက ဖန်းလိုင်ကောင်းကင်စာလိပ်ကို နားလည်ခဲ့တာ မဟုတ်ဘူး။ တကယ်လို့ ကျိချန်းပေ့ လက်ထဲ အကျိုးပိုဖြစ်စေမှာပါ။ ဖန်းလိုင်ကျွန်းက ကျိချန်းပေ့ရဲ့ ကောင်းမှုကို သတိရနေဖို့ မော်ကွန်းတိုင်ပါ ထူပေးထားပြီး နေ့စဉ်နေ့တိုင်း ပူဇော်နေမှာပါ ”
ငါ့ကောင်းကျိုးကို အမြဲတမ်း သတိရနေစေဖို့ မော်ကွန်းတိုင်ပါ ထူပေးထားဦးမယ်တဲ့လား …
ဒါက နည်းနည်းတော့ လွန်သွားပြီ …
သေတဲ့လူပဲ ဒီလိုမျိုး လုပ်ကြတာ မဟုတ်ဘူးလား …
လုကျိုးက ဟွမ်းကတော်အား ကြည့်လိုက်ကာ ပြောလိုက်သည်။ “ မလိုပါဘူး”
ဟွမ်းကတော်က မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သည် စိတ်ကို ပြောင်းခဲကြောင်း ကြားထားဖူး၏။ သူမက သူ့ဆုံးဖြတ်ချက်ကို မြင်လိုက်သည့်အခါ ဘာမှဆက်မပြောတော့ပေ။
ထိုစဉ် ရှောင်ယွမ်အာ၏ အသံက ထွက်ပေါ်လာသည်။ သူမက လုကျိုးထံ ပျံသန်းလာပြီး “ရှစ်စွင်း ”
လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်သည်။ “အဆင်ပြေရဲ့လား ”
ရှောင်ယွမ်အာက အပြုံးလေးဖြင့် ပြန်ပြောလာသည်။ “ တပည့် အဆင်ပြေပါတယ်”
သို့သော်လည်း သူမစကားအဆုံးတွင် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး လဲကျလုမတတ် ဖြစ်သွားလေသည်။
“ယွမ်အာ ”
လုကျိုးက လက်ဆန့်ထုတ်ကာ သူ့စွမ်းအားဖြင့် ရှောင်ယွမ်အာအား ကူတွဲပေးထားလိုက်သည်။
ဟွမ်းကတော်က ထိုအရာကို မြင်သည့်အခါ အလျင်စလို ပြောလိုက်၏။
“မျောလွင့်ကျွန်းက အကုန်စိုစွတ်နေတာဆိုတော့ အရှေ့ဘက်ကျွန်းဆီ လိုက်ခဲ့ကြပါ”
သို့သော်လည်း လုကျိုးက ခေါင်းခါကာ “ခဏ ”
“ကျိချန်းပေ့ တစ်ခုခုများ ဖြစ်လို့လား”
သူက ကျွန်းလေးကျွန်းကို ငုံ့ကြည့်လိုက်သည့်အခါ အပြင်းအထန် ရုန်းကန်နေသည့် ကျင့်ကြံသူများကို မြင်လိုက်ရသည်။ သူက သူ့စိတ်ထဲ သနားစိတ်မရှိပေ သူက ခဏကြာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ ထိုက်ရွှီကျောင်းတော်က အသက်ရှင်ကျန်သူ မရှိစေနဲ့ …”
သူက ခဏ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “ငါ စောင့်ကြည့်နေမယ် ”
လီကျင်းယီက အံ့အားသင့်သွားသည်။ သို့သော်လည်း သူမက မငြင်းဆန်ပေ။ ဤတစ်ကြိမ် သူတို့က အကျဉ်းသား ဖမ်းဆီးဖို့ အခွင့်အရေးပင် မရချေ။ သူတို့ဘဝအတွက် တခြားတစ်ယောက်ယောက်ကို အပြစ်မတင်သင့်ပေ။
သူမက အသာဦးညွှတ်လိုက်ပြီး “ကျွန်မ လုပ်လိုက်ပါ့မယ် ”
သူမက ပြောလိုက်ပြီးနောက် အောက်ဆင်းသွားသည်။ သူမ၏ ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်လည်း ပေါ်ထွက်လာသည်။ သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်က အဆင့်နိမ့် ကျင့်ကြံသူများအား တစ်ပါတည်း သိမ်းကျုံးသွားသည်။
အချိန်တစ်ခုအထိ သွေးမိုးများ ရွာသွန်းနေသည်။
...
အခန်း (၅၁၃) မင်းရဲ့ခေါင်းကိုမြင်တွေ့ဖို့
လုကျိုးသည် သူ၏လက်ဖဝါးပေါ်တွင် မျောလွင့်ကျွန်းကို သယ်ဆောင်ထားသောအခါ သူသည် အကျော်အမော်တစ်ယောက်ကို သတ်ခဲ့ပြီးဖြစ်သည်။ အကျော်အမော်များပိုရှိလျှင်တောင် အခြေအနေကို သိပ်ပြောင်းလဲနိုင်မှာမဟုတ်ပေ။
အစီအရင်အတွင်း၌ ဖန်းလိုင်ကျွန်းတပည့်များက တပန်းသာနေလေ၏။ ထီးပေါ်ရှိ အဆောင်သွေးကြောများကလည်း အစီအရင်မှဖိနှိပ်မှုကို ခုခံနိုင်စွမ်းရှိသည်။
ပွင့်ချပ်ခုနစ်လွှာလီကျင်းယီက ကြော့ကြော့ရှင်းရှင်း တည်ငြိမ်စွာဆင်းလျက် ဖန်းလိုင်ကျွန်းကို ကျူးကျော်လာသည့် ကျင့်ကြံသူများကို ဖြေရှင်းနေ၏။ သူမသည် အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်သော်ငြား စစ်တပ်ထဲ၌ နှစ်ပေါင်းများစွာနေလာပြီးနောက် အရှိန်အဝါတို့က ကျန်သည့်သူများထက် ပိုအားကောင်းလာသည်။
လေထဲတွင် ဟွမ်းကတော်က လီကျင်းယီ၏လှုပ်ရှားမှုများကြောင့် မှင်တက် နေသည်။
ယင်းက ကျင့်ကြံခြင်းလောက လည်ပတ်နေသည့်ပုံပဲဖြစ်သည်။ ဤနေရာက ခွေး ခွေးချင်းစားသော လောကပဲဖြစ်သည်။
ကျင့်ကြံသူအချို့ကထိတ်လန့်နေပြီး ရူးသွပ်သွားပုံရ၏။ သူတို့က ရယ်မောကာ ရေထဲခုန်ချကုန်၏။
“မိစ္ဆာကြီးကျိ ... သူက တကယ်မိစ္ဆာကြီးကျိပဲ”
ရေထဲတွင် လော့ယွီက ရေကူးနေသူများ၏အခြေအနေကို ဂရုမစိုက်ပေ။ တစ်ချက်လှုပ်ရှားမှုဖြင့် သူတို့အားလုံးကို သတ်လိုက်သည်။
“ထိုက်ရွှီကျောင်းတော်က ငါတို့ကို ဒုက္ခပေးခဲ့တာပဲ”
“သေသင့်တဲ့ ထိုက်ရွှီကြေးမုံ ငါတို့ကိုသတ်တာပဲ”
ပြင်းထန်သည့်အခြေအနေအောက်တွင် ရှင်သန်လိုစိတ်ဖြင့် လူသားများက ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများပေါ်ထွက်လာ၏။ နတ်ဝိညာဉ်ကျင့်ကြံသူတချို့သည် သူတို့၏ချီပင်လယ်များကို လောင်ကျွမ်းပစ်လျက် အရံအတားထက်ဆီသို့ တဟုန်ထိုးတက်သွားသည်။
လုကျိုးက လက်ဝါးကိုမြှောက်လျက် သူ့ဘယ်ဖက်သို့လက်ဝါးစည်းတံဆိပ်ရိုက်ချလိုက်သည်။ နောက်တစ်လက်တစ်ဖက်ကိုမြှောက်ကာ ညာဖက်ကိုရိုက်ချလိုက်၏။
လက်ဝါးစည်းတံဆိပ်များသည် သူတို့မျက်လုံးရှိနေသည့်ပမာ ပျံသန်းနေသော ပစ်မှတ်များကို လိုက်ပြီး သူတို့ကိုရိုက်ချတော့၏။
ထောက် ထောက်
သူတို့သည် ကျွန်း၏မာကျောသောကျောက်မြေပြင်နှင့်ရိုက်မိသွားသည်။ မြေပြင်နှင့် သူတို့ခေါင်းက ဦးစွာထိမိပြီးနောက် ဖရဲသီးများပမာ ဖန်းကနဲကွဲထွက်သွားပြီးမှ အေးစက်စက်မျက်နှာပြင်ပေါ် အစအနများလွင့်စဉ်သွား၏။
လုကျိုးသည် သူ၏ထူးကဲအံ့ဖွယ်စွမ်းအားကို အသုံးပြုရတာ စိတ်မရှည်ပေ။ ပျံသန်းနေသည့် ပစ်မှတ်ကို မြင်တွေ့ချိန်၌ ထိုလူ၏လမ်းကြောင်းကို လက်ဝါးစည်းတံဆိပ်ပို့ဆောင်လိုက်သည်။ သူက ကောင်းကင်ကို ခိုင်မာစွာထိန်းချုပ်လိုက်ချိန်၌ အရာအားလုံးက သေလုနီးပါးဖြစ်သွားတော့သည်။ သူသည် မြင့်မားလှသည့်နေရာကနေငုံ့ကြည့်လိုက်ပြီး အောက်ရှိမြေပြင်ကို ကြည့်လိုက်၏။ နောက်ထပ်ဘယ်သူလဲ။
ဟွမ်းကတော်က ငယ်ရွယ်သူမဟုတ် အတွေ့အကြုံမရှိသူမဟုတ်ပေ။ သူမသည် ဖန်းလိုင်ကျွန်း၏ ကပ်ဘေးအတွက် ပြင်ဆင်ထားခဲ့သည်။ အမျိုးသားများ၏စိတ်နှလုံးက အမြဲတမ်းမှန်းဆမရဖြစ်၏။ အကျိုးအမြတ် ဖလှယ်ရာ၌ မျှတမှုရှိတာက ရှားပါးလွန်းသည်။ ပြန်ပေးဆပ်မှုမရှိဘဲ အကူအညီပေးဖို့ဆို ပိုဆိုးလွန်း၏။ လောင်ချန်းပေ့ကျိ မည်မျှဒေါသထွက်နေကြောင်း သူမသိသည်။ သူ၏အငယ်ဆုံးတပည့်က ထိခိုက်သွားခဲ့၏။ ထိုက်ရွှီကျောင်းတော်သည် ငြိမ်းချမ်းစွာ နေနိုင်ရန် မျှော်လင့်နေသေးသည်လော။ ကျွန်းပေါ်ရှိထိုက်ရွှီကျောင်းတော်တပည့်များအတွက် အတော်လေး လွယ်ကူလှသည်။ သူတို့အားလုံး အသတ်ခံရပြီးသည်နှင့် ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်ပေလိမ့်မည်။ သို့သော် ထိုက်ရွှီကျောင်းတော်၏ အခြားတပည့်များကမူ ဤအရှုပ်အထွေးထဲ ဆွဲချခံရလိမ့်မည်။
ယခုအချိန်တွင် လီကျင်းယီက သက်ညှာမှုမပြ။ ဖန်းလိုင်ဂိုဏ်း၏ယခင်ပါရမီရှင် တပည့်တစ်ယောက်အနေဖြင့် သူမသည် ယခုအခိုက်အတန့်တွင် ကြီးမြတ်လှသော အမိန့်ပေးအစွမ်းကို ပြသနေ၏။ အရှေ့ဖက်ကျွန်းကနေ စတင်ကာ ကျွန်းလေးကျွန်းလုံးတဖြည်းဖြည်း ရှင်းလင်းသွားတော့သည်။
ကျင့်ကြံသူများက ရုန်းကန်နေစဉ်နေရောင်အောက်၌ ပေါ်လာသည့် ဖယောင်းစက္ကူထီးကို မြင်တွေ့ချိန်၌ သူတို့မျက်နှာပေါ်၌ စိတ်ပျက်အားငယ်စိတ်တို့ပေါ်လာ၏။ ထီးများက သူတို့ဆီ ရောက်လာသောကြောင့် ဖြစ်သည်။ လူများစွာက ဒူးထောက်လျက် သက်ညှာပေးရန် တောင်းဆိုကြ၏။ ထိုက်ရွှီကျောင်းတော်တပည့်များကမူ တောင်းဆိုနေလျက် အကျိုးမထူးပေ။ ကျင့်ကြံသူများစွာက အရံအတား အပြင်ဘက်သို့ ပျံထွက်ရန် ကြိုးစားကြ၏။ သို့သော် သူတို့သည့် အရံအတားကြောင့် တွန်းကန်ခံရပြီး ရေထဲပြန်ပြုတ်ကျကုန်သည်။
လော့ယွီသည်ရေထဲတွင် ဘုရင်တစ်ပါးဖြစ်သည်။ ၎င်းက သူတို့ရောက်လာသည်နှင့် သူတို့ကို သတ်လိုက်သည်။
ရေထဲမှာ သွေးညှီနံ့များက လွင့်ပြယ်သွားပြီဟု ထင်ရချိန်၌ လော့ယွီက ရေထဲကနေ ခုန်တက်လာသည်။ ရေမျက်နှာပြင်ပေါ်၌ ငါးပေါင်းသောင်းချီပေါ်ထွက်လာ၏။ အသက်ရှုမှားလောက်သည့်မြင်ကွင်း ဖြစ်သည်။
လောင်ချန်းပေ့ကျိသည် မျောလွင့်ကျွန်းကို ဤမတိုင်ခင်က လက်တစ်ဖက်ဖြင့်သာ မထောက်ပံ့ပေးထားလျှင် ဤပြသမှုတစ်ခုထဲက မမေ့လောက်စရာဖြစ်ပေလိမ့်မည်။
ငါးအုပ်က ဟင်္သာငှက်ပမာကျယ်လောင်စူးရှစွာအော်လိုက်သည်မှာ ခရုလေး၏နားထဲ ရောက်သွားသည်။
ခရုလေးက ငါးများကို တာ့တာ့ပြလိုက်၏။
“နှုတ်ဆက်ပါတယ်”
ဟွမ်းကတော်သည် ခရုလေးကို ထိတ်လန့်နေသောအမူအရာဖြင့်ကြည့်လိုက်သည်။ သူမ ညင်သာစွာပြောလိုက်၏။
“ဒီမိန်းကလေးက လော့ယွီနဲ့ ဆက်သွယ်နိုင်စွမ်းရှိမယ်လို့ မထင်ထားဘူး။ လော့ယွီက သာမန်သားရဲ မဟုတ်ဘူးလေ။ ဖန်းလိုင်က ရာစုနှစ်တစ်စုစာနေလာတာ နှစ်ပေါင်းတစ်ရာကျော်တဲ့အထိ ဖန်းလိုင်တပည့်တွေက ရေထဲမဆင်းရဲသလို ရေနားမကပ်ရဲဘူး။ လော့ယွီက မျောလွင့်ကျွန်းအောက်မှာ နေနေမှန်းသိလိုက်ရတော့ ကျွန်မအံ့ဩသွားတာ”
လုကျိုးက ပြောလိုက်၏။ "ငါ ပင်လယ်ထဲ ခုန်ဆင်းတဲ့အချိန် အစီအရင်က ပျက်စီးနေပြီးပြီ။ လော့ယွီဉာဏ်ရည်နဲ့ ဘာကြောင့်များ သူ့ခြေထောက်နဲ့သူ ကျောက်တုံးကို ဖျက်ဆီးရမှာလဲ”
“ချန်းပေ့ကျိပြောတော့မှ တစ်ယောက်ယောက်က ဒါကို ဖျက်ဆီးလိုက်တာလား” ဟွမ်းကတော်က ထိတ်လန့်သွား၏။
“ဒါက မင်းပြဿနာလေ။ ငါနဲ့မဆိုင်ဘူး”
“သတိပေးတာ ကျေးဇူးတင်ပါတယ် လောင်ချန်းပေ့ကျိ”
ခဏအကြာတွင် အခြေအနေကို အမြတ်ထုတ်ရန်ကြိုးစားကြသည့် ကျင့်ကြံသူများအားလုံးက ရှင်းထုတ်ခံလိုက်ရသည်။
စစ်မြေပြင်ပေါ်တွင် သတ်ဖြတ်ရာ၌ အတွေ့အကြုံရှိသော အကျော်အမော်တစ်ယောက်အနေဖြင့် လီကျင်းယီသည် သူမ၏ရန်သူများကို ဖြေရှင်းပြီးနောက် သွေးတစ်စက်မှမစွန်းထင်းပေ။ သူမ နောက်ခံကို မသိထားလျှင် စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စစ်သည်တော်တစ်ယောက်အနေဖြင့် သူမကိုမြင်ယောင်ကြည့်ဖို့က ခက်ခဲလှသည်။
လုကျိုးသည် ကျန်သည့်သူများ၏အခြေအနေကို ဂရုမစိုက်ပေ။ ယင်းက ဖန်းလိုင်ကျွန်း၏ကိစ္စ ဖြစ်၏။ သူသည် ဖန်းလိုင်ကောင်းကင်စာလိပ်ကိုရရှိခဲ့ပြီး မျောလွင့်ကျွန်းကို ဆက်လက် ပင့်မပေးထား၏။ သူတို့ ယခု ကျေသွားလေပြီ။ လန်ထျန်းကျောက်စိမ်းက အံ့ဩဖွယ်ကောင်းသည့်အရာ ဖြစ်၏။
လုကျိုးက လော့ယွီကို ရုတ်တရက်မှတ်မိသွား၏။ သူက ခရုလေးဖက်လှည့်ပြီးမေးလိုက်သည်။
“ခရုလေး လော့ယွီပြောတာနားလည်လား”
ခရုလေးက ခေါင်းညိတ်လျက်ပြောလိုက်သည်။
"အင်း သူ့ရဲ့ကလေးလေးက အောက်မှာလို့ ပြောတယ်”
“မင်းရဲ့အမိန့်ကိုလိုက်နာအောင် ဘယ်လိုလုပ်လိုက်လဲ” လော့ယွီက ဇဝေဇဝါဖြင့်မေးလိုက်သည်။
လော့ယွီကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ပင်လယ်နေသတ္တဝါတစ်ကောင်သည် လူသားများထက် အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့၏။ အနည်းဆုံးနှစ်ပေါင်းတစ်ရာကနေ နှစ်ပေါင်းထောင်ချီ သောင်းချီ ကျင့်ကြံထားတာဖြစ်ရမည်။ သူတို့သည် လူသားများထက် ပါရမီနည်းသောကြောင့် နှစ်ပေါင်းများစွာ ကြာအောင် အတွေ့အကြုံများစုဆောင်းထား၏။ ယခုအချိန်ထိတိုင် ပင်လယ်ကြီး မည်မျှကျယ်ဝန်းကြောင်း လူသားများ မထုတ်ဖော်နိုင်သေးပေ။
တစ်ခါတုန်းက ပွင့်ချပ်ရှစ်လွှာအကျော်အမော်သည် တစ်ဖက်ကမ်းစပ်သို့ ရောက်အောင် အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ရှည်ကြာစွာပျံသန်းမှုကြောင့် သူ၏ကနဦးချီ လျော့ပါးလာ၏။ သူ ပင်လယ်ထဲပြုတ်ကျပြီး ပင်လယ်သတ္တဝါများ ဝါးမျိုတာခံလိုက်ရသည်။
ပင်လယ်သတ္တဝါများသည် အချိန်အနည်းငယ် ပျံသန်းနိုင်၏။ ကျင့်ကြံသူများအဖို့ ပင်လယ်ရေမျက်နှာပြင်နား၌ ပျံသန်းခြင်းက အန္တရာယ်များလွန်းသည်။ ခပ်မြင့်မြင့်ပျံသန်းရင်လည်း ကနဦးချီ ဖြုန်းတီးရာ ရောက်၏။ ထို့ကြောင့် မည်သည့်ကျင့်ကြံသူကမှ အဆုံးမဲ့သမုဒ္ဒရာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူမရှိပေ။
ခရုလေးက ခေါင်းခါပြီးနောက် စိတ်လွတ်နေပုံရကာပြောလိုက်သည်။
"ကျွန်မ ကျွန်မက ဒီအတိုင်းပြောလိုက်တာပဲ။ သူက နားထောင်တာ”
လော့ယွီ၌ အသိဉာဏ်ရှိသည်ဟု သတ်မှတ်၍ရသည်။ မျောလွင့်ကျွန်းကြောင့် ဤနေရာ ပျက်စီးသွားတာ မမြင်ချင်ပေ။ ဟွမ်းကတော်က သက်ပြင်းချပြီးပြောလိုက်၏။
“အခုကစပြီး လော့ယွီကို ကျွန်မတို့တွေ ကြင်ကြင်နာနာဆက်ဆံပါ့မယ်”
လုကျိုးကပြော၏။ “တစ်ခါကနေ နှစ်ခါဖြစ်မယ်၊ လော့ယွီက ဒီနေရာကနေ ထွက်သွားလောက်မှာ”
အစောတုန်းက ရေမျက်နှာပြင်ပေါ် တက်လာခြင်းသည် ခရုလေးကို နှုတ်ဆက်ရန်ဖြစ်၏။ ယင်းက ၎င်း၏ထွက်ခွာမည့်အကြောင်းကို ပြသတာသိသာနေသည်။
ဟွမ်းကတော်၏မျက်နှာထက်၌ ကူကယ်မဲ့သည့်အကြည့်ဖြင့်ခေါင်းညိတ်လိုက်တော့သည်။
ထိုစဉ် လီကျင်းယီက ကျူးကျော်သူများအားလုံးကို ရှင်းလင်းပြီးပြီဖြစ်သည်။ သူမက လေထဲခုန်တက်လျက် အရိုအသေပေးကာပြောလိုက်တော့သည်။
“ကျိချန်းပေ့ ထိုက်ရွှီကျောင်းတော် ကျင့်ကြံသူတွေအားလုံးကိုရှင်းထုတ်ပြီးပါပြီ”
လုကျိုးက ခေါင်းညိတ်လျက် စိတ်ကျေနပ်သွားသည်။
ဟွမ်းကတော်က ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပေးပါ”
လုကျိုးက ခရုလေးနှင့် ရှောင်ယွမ်အာကိုကြည့်လိုက်သည်။ သူမသည် ဤနေရာ၌ အနားယူရန် လိုအပ်၏။ ထို့ကြောင့်သူသည် ဟွမ်းကတော်နောက်လိုက်ကာ အရှေ့ဖက်ကျွန်းဆီသို့ ဆင်းသက်လိုက်သည်။ မျောလွင့်ကျွန်းနှင့် ကျန်သည့်ကျွန်းများမှ ဖန်းလိုင်တပည့်များသည် ခန်းမကျယ်အပြင်ဖက်ရှိ ရင်ပြင်ကျယ်တွင် စုဝေးနေကြပြီဖြစ်သည်။
မာချင်းက ချင်းယွင်းဓားဂိုဏ်းကို ဦးဆောင်လာ၏။ သူတို့သည် ခန်းမအပြင်ဖက်၌ ညီညီညာညာရပ်နေသည်။
ဖန်းလိုင်တပည့်များသည် သူတို့ခွန်အားများ ရှိစေကာမူ အဘိုးအိုကို လေးစားကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဖန်းလိုင်၏စည်းမျဉ်းအရ ထိုတပည့်များသည် သူတို့ကို ကြိုဆိုရန် ဦးညွှတ်လိုက်၏။ ယင်းက လေးစားမှုကို ပြသတာပဲဖြစ်သည်။
“ကြိုဆိုပါတယ် လောင်ချန်းပေ့”
ခန်းမကျယ်ရှေ့သို့မရောက်ခင် ဟွမ်းကတော်သည်ရပ်လိုက်သည်။ သူမသည် လုကျိုးတက်လာမှာကို စောင့်နေတာဖြစ်သည်။ ပြီးနောက် သူက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်၏။
“ဒူးထောက်” သူမ၏အသံသည် ရင်ပြင်ထဲပြန့်သွား၏။
ဖန်းလိုင်တပည့်များ၊ ဂိုဏ်းကနေ ထွက်သွားတာကြာပြီဖြစ်သော လီကျင်းယီအပါအဝင် ဖန်းလိုင်တပည့်များသည် ဒူးတစ်ဖက် ထောက်လိုက်သည်။ သူတို့လှုပ်ရှားမှုများက ညီညာနေကာ မြေပြင်ကို စိုက်ကြည့်နေကြ၏။
“တင်း ... လူပေါင်း ၂၈၀၅မှ ကိုးကွယ်ယုံကြည်မှုကို ရရှိပါတယ်။ ကုသိုလ်မှတ် ၂၈၀၅၀”
လူတိုင်းက စိတ်ရင်းမှန်ဖြင့် လေးစားရိုကျိုးနေကြတာဖြစ်သည်။
ကြည်လင်သောအသံဖြင့် ဟွမ်းကတော်က ပြောလိုက်သည်။
“ကျိချန်းပေ့က လက်တစ်ဖက်တည်းနဲ့ မျောလွင့်ကျွန်းကို ပင့်ထားပြီး ငါတို့ကပ်ဘေးကြုံနေရစဉ် ဖန်းလိုင်ကိုကယ်တင်ပေးခဲ့တယ်။ ကျေးဇူးပြုပြီး အရိုအသေပေးပါရစေ” ယခုတစ်ခေါက်တွင် သူမက သူ့ကို တလေးတစားအရိုအသေပေးခဲ့၏။
လုကျိုးက လက်တစ်ဖက်ဝေ့ယမ်းလျက် စွမ်းအင်လှိုင်းဖြင့် သူမကို တားလိုက်သည်။ “မလိုအပ်ဘူး” လုကျိုးက ပြောလိုက်၏။ “အများရှေ့မှာ ဖန်းလိုင်သခင်မအတွက် ဒူးထောက်ဖို့မသင့်တော်ဘူး”
“ဟုတ်ပါပြီ ချန်းပေ့” ဟွမ်းကတော်က စိတ်လှုပ်ရှားသွားသည်။
ထိုစဉ်လုကျိုးက ရုတ်တရက်လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“အင်း ... မင်း ထွက်မလာသေးဘူးလား” ကျန်သည့်သူများက ထိတ်လန့်သွားသည်။ သူတို့ဘေးဘယ်ညာကို ကြည့်လိုက်ကြ၏။
ဖန်းလိုင်တပည့်များကလည်း ခြေထောက်အမြန်ထရပ်ကာ ဧရိယာကို ရှာဖွေကြည့်လိုက်သည်။ သူတို့ကြားထဲ၌ သင်းကွဲများပုန်းနေသလားဟု တွေးမိသည်။
“မဟုတ်ဘူး ... မဟုတ်ဘူး မဟုတ်ဘူး” ခန်းမကျယ်တံခါးနား၌ ပုံရိပ်တစ်ရိပ်ထွက်လာသည်။
ထိုလူသည် ဓားကိုကိုင်ထားလျက် ကျန်လက်တစ်ဖက်ကိုမြှောက်ကာ မျက်နှာပေါ်တွင် အပြုံးဖြင့် ခန်းမထဲကနေထွက်လာသည်။ ကျန်သည့်သူများက သူ့ကိုစိုက်ကြည့်လိုက်၏။ ဖန်းလိုင်တပည့်များသည် လက်နက်များကို တင်းကျပ်စွာဆုပ်ကိုင်ထားကာ လူသစ်ဆီသို့ တက်သွားရန် ပြင်ဆင်နေကြသည်။
သို့သော် ဟွမ်းကတော်က အထိတ်တလန့်ထုတ်ပြောလိုက်၏။
“လျှိုချန်းလား”
“သခင်မ ဒီနာမည်က တစ်မျိုးကြီးပဲ။ ကျန်းအိုက်ကျန့်လို့ခေါ်ပါ။ အိုက်က အချစ်ကို ဆိုလိုတယ်။ ကျန့်က ဓားကို ဆိုလိုတယ်။ တစ်နည်းအားဖြင့် ဓားရူးမဟုတ် တစ်မိုးအောက်မှာ အကြီးမြတ်ဆုံးဓား” ကျန်းအိုက်ကျန့်က အရှက်မဲ့စွာပြောလိုက်သည်။
“ဟွမ်းကတော်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။
သူ ထိုသို့ပြောလိုက်စဉ် ဖန်းလိုင်ကျွန်းတပည့်များက စိတ်ခံစားချက်များ ဝေ့တက်လာပုံရ၏။
“တာ့ရှစ်ရှိုးလား”
“တကယ်ကြီး တာ့ရှစ်ရှိုး လျှိုချန်းလား”
ကျန်းအိုက်ကျန့်က လက်တစ်ဖက်မြှောက်လျက် လက်ဝေ့ယမ်းလျက် သူက ပြောလိုက်သည်။
"အမှန်ပဲ အများတောင်းဆိုချက်အရ ငါက ဖန်းလိုင်ပါရမီရှင် ချောမောခန့်ညားပြီး အထာကျတဲ့ ဓားလမ်းစဉ် တာ့ရှစ်ရှိုးကျန်းပဲ။ ကျန်းအိုက်ကျန့်” သူ့နာမည်ကို ဖိပြောလိုက်၏။
လုကျိုးက နက်ရှိုင်းသောလေသံဖြင့်ပြောလိုက်သည်။ “ပြောလို့ဝပြီလား”
ကျန်းအိုက်ကျန့်က အောင့်သက်သက်ဖြစ်သွားသည်။ သူက ရယ်မောလျက် အရိုအသေပေးလိုက်၏။
“ဘာကမှ လောင်ချန်းပေ့ဆီကနေမလွတ်ပါဘူး။ ကျွန်တော်အတော်ကြာလေ့လာနေတာ။ ဒီကောင်မလေးကို တိုက်ခိုက်ချင်နေတဲ့ အကျော်အမော်တွေကိုတောင် ဖြေရှင်းခဲ့သေးတယ်။ မိန်းကလေး ငါ့ကို အဲ့လိုမကြည့်နဲ့။ ငါ အားစိုက်ထုတ်ထားတာ”
ရှောင်ယွမ်အာသည် မြေပြင်ပေါ် တံတွေးထွေးလိုက်၏။
ခရုလေးကလည်း လိုက်ပြီး မြေပြင်ပေါ်တံတွေးထွေးလိုက်တော့သည်။
ကျန့်းအိုက်ကျန့် “...”
လုကျိုးကပြောလိုက်သည်။ "ငါက တစ်ကျွန်းလုံးကို လက်တစ်ဖက်တည်းနဲ့ထိန်းထားရတဲ့အချိန် မင်းက အရိပ်ထဲကနေပွဲကြည့်ပြီးအချိန်ကောင်းရနေတဲ့ပုံပဲ”
“လောင်ချန်းပေ့ ဒါက မတရားဘူး။ မမှန်ဘူး” ကျန်းအိုက်ကျန့်က လက်ကာပြလိုက်သည်။
“ကျွန်တော် သူတို့အဖွဲ့ဝင်တွေတော်တော်များများကို တိတ်တဆိတ်သတ်ခဲ့တာ။ သူတို့တွေက ပထမတန်းစားအကျော်အမော်တွေ။ ကျွန်တော့်လက်ကိုကြည့်ကြည့် ဓားရာတွေရှိနေတယ်”
“ဟမ်” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။
သူက ပြန်မပြောရဲတော့ချေ။ သူက အမြန်ပြောလိုက်၏။ “ချန်းပေ့ မှန်ပါတယ်။ ချန်းပေ့ အပြည့်အဝမှန်တယ်”
လျန့်စီရင်စုတိုက်ပွဲနှင့် ရှန့်ရှုစုမြို့တိုက်ပွဲအတွင်း လီကျင်းယီသည် အထင်ကြီးစရာကောင်းသည့် ထီးတိုက်ကွက်အချို့ ပြသခဲ့တာ လုကျိုးမှတ်မိ၏။ သို့သော် ထိုစဉ်က ဖန်းလိုင်နှင့်မဆက်မိပေ။ သူတို့နှစ်ယောက်လုံး ဖန်းလိုင်တပည့်များဖြစ်နေတာ အံ့ဩစရာမရှိပေ။
“ကျန်းအိုက်ကျန့် မင်းက ကိုယ်ပျောက်တာအိုကိုကျင့်ကြံပြီး ဓားသိုင်းကိုချစ်မြတ်နိုးတယ်။ ဖန်းလိုင်က ထီးကျင့်ကြံသူတွေနဲ့နာမည်ကြီးတာ။ ဒါဘယ်လိုလုပ်ဖြစ်လဲ” လုကျိုးက မေးလျက် မုတ်ဆိတ်သပ်လိုက်သည်။
“ထီးတစ်လက်က အမျိုးသားတစ်ယောက်အတွက် မကိုက်ညီဘူးလေ။ ကျွန်တော် ဓားကို ပိုသဘောကျတယ်” ကျန်းအိုက်ကျန့်က ပြောပြီး သူ့ရင်ဘတ်ရှေ့၌ ဓားကိုဖက်ထားလိုက်၏။
ဟွမ်းကတော်က ရှေ့တိုးကာ ကျန်းအိုက်ကျန့်၏နားရွက်ကို ဆွဲလိုက်သည်။ "ကောင်စုတ်လေး”
“အား ... နာတယ် ဆရာကတော်။ လွှတ်ဦး လွှတ်ဦး” ဟွမ်းကတော်က သူ့ကို တွန်းထုတ်ပြီးနောက် သတိပေးလိုက်သည်။
“ဖန်းလိုင်က အန္တရာယ်တွေ့နေတာ ဒါတောင် မင်းက ခေါင်းမာပြီး ဆူညံပူညံလုပ်နိုင်သေးတယ်”
“ကျွန်တော်တတ်နိုင်သမျှ မြန်မြန်လာတာပဲ။ ရှစ်မေ့ကျင်းယီက ကျွန်တော်ရောက်ပြီးမှ လာတာသိလား” ကျန်းအိုက်ကျန့်က သူ့နားရွက်ကိုသူကာလျက် ပြန်ဆုတ်လိုက်သည်။
ဟွမ်းကတော်က စဉ်းစားလိုက်၏။ ဖန်းလိုင်သည် မည်သည့်နည်းနှင့်မဆို ဤကပ်ဘေးမှ ရှင်သန်လာခဲ့၏။ အစတည်းက ကျန်းအိုက်ကျန့်၏အကျင့်စရိုက်က ဤအတိုင်းပဲဖြစ်သည်။ သူတို့မသိသည့် လျှို့ဝှက်ချက်ကိုရရန် သူ အားစိုက်ထုတ်ထားတာဖြစ်ရမည်။ အဆုံးကျ သူမ သက်ပြင်ချပြီးပြောလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်”
ကျန်းအိုက်ကျန့်က ခေါင်းခါပြီးပြောလိုက်၏။
"ကျွန်တော် အခွင့်ကောင်းမယူရဲပါဘူး။ မျောလွင့်ကျွန်းအတွက် လောင်ချန်းပေ့ကျိက ကျေးဇူးတင်ရမှာပါ။ လောင်ချန်းပေ့က အကျော်အမော်ဆယ်ယောက်ကို အနိုင်ယူတုန်းကတောင် ဒီလောက်ထိစိတ်လှုပ်ရှားဖို့မကောင်းဘူး။ ဒါက ကြည့်ရတာ ပိုတောင်ကောင်းသေးတယ်”
ကျွန်းကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ပင့်မထားခြင်းက ခမ်းနားလှပေ၏။ သို့သော် လုကျိုး၏ ထူးကဲအံ့ဖွယ်စွမ်းအား အကုန်နီးပါးကို အသုံးပြုလိုက်ရတာဖြစ်သည်။ လော့ယွီ၏ မှော်စွမ်းအားကြောင့်သာမဟုတ်လျှင် သူ ၎င်းကို ထိန်းထားနိုင်မှာမဟုတ်ပေ။
ထိုစဉ် လုကျိုးဖက်၌ အစိမ်းအလင်းဖျော့ဖျော့လွှမ်းခြုံလာ၏။
ဟွမ်းကတော်၊ ကျန်းအိုက်ကျန့်နှင့် လီကျင်းယီက သူ့ကိုကြည့်လိုက်ကြသည်။ သူတို့အားလုံးက ခရုလေး၏လက်ဝါးကိုကြည့်လိုက်ကြ၏။
“လန်ထျန်းကျောက်စိမ်းလား”
...