← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄) နေရောင်အောက်က လန်ထျန်းကျောက်စိမ်းငွေ့

ရုတ်ခြည်းဆိုသလို အလင်းတန်းက အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။

လုကျိုးက လှည့်ကြည့်လာ၏။ သို့သော်လည်း သူက ရှောင်ယွမ်အာ၏ ဒဏ်ရာများကို ကုသပေးရဦးမည် ဖြစ်၏။

“အခု သိမ်းထားလိုက်တော့ ”

“အိုး” ခရုလေးက ထိုကျောက်စိမ်းနှင့် မခွဲလိုပေ။

ကျန်းအိုက်ကျန့်က ပြောလာသည်။

“လန်ထျန်းကျောက်စိမ်းကို ဆွဲသီးအဖြစ် လုပ်လို့ရတယ်။ အဲဒါက အတွင်းအင်္ဂါနဲ့ ချီသွေးကြောရှစ်ခုကို ကာကွယ်ပေးပြီး ပြန်လည်တည်ဆောက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတယ် … အဟမ်း ဒီမိန်းကလေးအတွက် အလွန်သင့်တော်တယ်။ အာ မိန်းကလေးက သိပ်မကြည့်ကောင်းပါ့လား”

“…”

“အထဲလာကြပါ” ဟွမ်းကတော်က ချက်ချင်း ပြောလိုက်သည်။

သူတို့က ခန်းမကျယ်ထဲ ဝင်လိုက်ကြ၏။

ဖန်းလိုင်ကျွန်း၏ ဂုဏ်သတင်းနှင့် ခွန်အားက မိစ္ဆာဝေဟင်မျှော်နန်းနှင့် မယှဉ်နိုင်သော်လည်း ကျွန်းတစ်ခုချင်းစီတွင် ကိုယ်ပိုင်နန်းဆောင်များ ရှိထား၏။ ထိုအရာက သာမန်ဂိုဏ်းများ တတ်နိုင်သည့်အရာ မဟုတ်ပေ။

နန်းဆောင်အတွင်း

ဟွမ်းကတော်က ပြောလိုက်သည်။ “အစောင့်တို့”

“ဟုတ် သခင်မ ”

“သမားတော်ဖန်းကို သွားခေါ်ခဲ့” ဟွမ်းကတော်က လုကျိုးဘက် လှည့်လိုက်ပြီး “သမားတော်ဖန်းက အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ပါ။ ကျွန်မတို့ ဖန်းလိုင်ကျွန်းမှာ သူက အကောင်းဆုံးဆိုတော့ သူမ သူ့လက်ထဲမှာ အဆင်ပြေသွားမှာပါ”

လုကျိုးက လက်မြှောက်ကာ ပြောလိုက်သည်။ “မလိုတော့ဘူး ”

ဟွမ်းကတော်က အံ့အားသင့်သွားပြီး ဆိုလိုရင်းကို နားမလည်ပေ။

ထိုစဉ် လုကျိုး၏ လက်ဝါးက မြောက်လိုက်ပြီးသား ဖြစ်၏။ ထိုစဉ် သူ့လက်ချောင်းကြားမှ အပြာဖျော့ဖျော့ အလင်း တောက်ပလာသည်။ သူ့လက်ဝါးမှ အပြာရောင်ကြာ အသေးစားလေး ထွက်ပေါ်လာသည်။ သူက အသာတွန်းလိုက်သည့်အခါ အပြာရောင်ကြာသည် ရှောင်ယွမ်အာ၏ ခန္ဓာကိုယ်ထဲ မိုးမခမျိုးစေ့လို ကျရောက်သွားသည်။

ရှောင်ယွမ်အာက အပြာရောင်ကြာ ကျရောက်လာသည့်အခါ သက်သောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရပြီး မျက်လုံးများကို အသာမှိတ်ထားလိုက်သည်။

ခရုလေးက ရှောင်ယွမ်အာအား အားနာစိတ်ဖြင့် ကြည့်နေမိသည်။ ရှောင်ယွမ်အာ ဒဏ်ရာရသွားသည့်အတွက် သူမဘာသာ အပြစ်တင်နေမှန်း သိသာလှသည်။ သူမက ယခုဝတ်ထားသော တိမ်တိုက်ငှက်မွေးအဝတ်ကိုပါ ကြည့်လိုက်သည်။ အကယ်၍ ရှောင်ယွမ်အာသာ သူမကို မပေးခဲ့လျှင် ယခုလို ဒဏ်ရာရမည် မဟုတ်ချေ။

အပြာရောင်ကြာက ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း ပွင့်လန်းလာသည်။ ထိုစဉ် အားကောင်းသည့် အသက်ဓာတ် ထွက်လာ၏။

“ဒါက …” ဟွမ်းကတော်က ကြောင်အအ ဖြစ်သွားသည်။ သူမက ဒီလိုမျိုး ကုသရေးနည်းစနစ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ကျန်းအိုက်ကျန့်က လက်ကို ဖြန့်ကားလျက် ပြောလိုက်သည်။

“ ကျုပ်လည်း ဘာမှန်း မသိဘူး။ လောကကြီးထဲ အထူးအဆန်းတွေ အများကြီးပဲလေ။ လော့ယွီတောင် လူသားတွေကို သတ်ခဲ့တာပဲ။ ဘာများအံ့အားသင့်နေစရာ လိုမှာလဲ ”

ဟွမ်းကတော်က ခေါင်းညိတ်လိုက်သည်။ ဖန်းလိုင်ဂိုဏ်းချုပ်က ကောင်းကင်စာလိပ်ကို ရခဲ့စဉ်အခါ သူသည် အစိတ်အပိုင်းသေးသေးလေးမျှသာ နားလည်ခဲ့သည်။ ယနေ့အထိ မည်သူမှ နားမလည်ကြတော့ပေ။ ထူးခြားကာ နည်းစနစ်အသစ်များ ရှိနေသည်က ပုံမှန်သာ ဖြစ်ပေသည်။ ကျိချန်းပေ့က ကျွန်းကို တစ်ယောက်တည်း ပင့်မခဲ့ခြင်းကပင် အံ့လောက်ဖွယ် ဖြစ်နေပြီ မဟုတ်ပါလော။

အပြာရောင်ကြာ၏ အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ ရှောင်ယွမ်အာက ဖြည်းဖြည်းချင်း မျက်လုံး ပွင့်လာသည်။

“ဘယ်လိုနေသေးလဲ” လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက သူမ လက်ကို လှုပ်ရှားကြည့်လိုက်ပြီး ပြောလိုက်သည်။

“ ထပ်မနာတော့ဘူး ”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ခေါင်းညိတ်ကာ “ မင်း အပြည့်အဝ ပြန်မကောင်းခင် သုံးရက်လောက် အားဖြည့်ဖို့ လိုတယ်”

ခရုလေးက ဝင်ပြောလိုက်သည်။ “ အဲဒါ ညီမအမှားပါ”

ခရုလေး၏ စကားက အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။

ကျန်းအိုက်ကျန့်က ခပ်ကျယ်ကျယ် ပြောလိုက်သည်။ “ ကျိချန်းပေ့ … သူမက တပည့်အသစ်လား ”

လုကျိုးက ခေါင်းခါလိုက်သည်။

“သူမရဲ့ အုတ်မြစ်နဲ့ ပါရမီက ကောင်းတယ်။ သူမက ကိုးယောက်မြောက် တပည့်နဲ့တောင် ယှဉ်နိုင်တယ်။ ကျိချန်းပေ့က တကယ်ကို အမြင်ကောင်းတာပဲ”

“သူမက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ကို တန်းရောက်သွားတာ” လုကျိုးက ပြောလိုက်သည်။

“ဟမ်” ကျန်းအိုက်ကျန့်က ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ သူက အချိန်အတော်ကြာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ သူက ခရုလေးသည် လော့ယွီအား ထိန်းချုပ်ကာ မျောလွင့်ကျွန်း ပတ်လည် ပျံသန်းခိုင်းခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့လေသည်။ ထိုစွမ်းအားတစ်ခုတည်းဖြင့် ပင်မဂိုဏ်းများက သူမအတွက် လုကြလိမ့်မည်။ သူမက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် တန်းရောက်သွားသည့်အချက်ကို သိသွားသည့်အခါ မည်သို့ မအံ့ဩဘဲ နေနိုင်မည်နည်း။

စကားပုံရှိသည် မဟုတ်ပါလော။

သူများနှင့် လိုက်နှိုင်းယှဉ်ခြင်းက အဆုံးမဲ့ စိတ်ပျက်မှုများကို ဆောင်ကျဉ်းပေးလာလိမ့်မည်။

“ကျန်းအိုက်ကျန့်”

“ ဟုတ် ကျွန်တော် ဒီမှာရှိပါတယ်” ကျန်းအိုက်ကျန့်က တုန်သွားကာ လက်ပါ မြောက်လိုက်သည်။

“နန်းတော်ထဲမှာ အခြေအနေတွေ ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။

ကျန်းအိုက်ကျန့်က ခေါင်းယမ်းကာ “ ကျိချန်းပေ့ … ရွှေကြာဖြတ်တောက်ရေးနည်းလမ်းက အတော်လေးကို ကျယ်ပြန့်နေပြီ။ အားလုံးက တခြားလူတွေထက် ရှေ့ရောက်ဖို့ အချိန်အပြည့် ကြိုးစားနေကြတာ။ ပြီးတော့ လောင်ချန်းပေ့ရဲ့ ပထမတပည့်က မြို့တွေကို လိုက်သိမ်းနေပြီ။ သတ္တမတပည့်က နည်းနည်း ပိုတယ်။ သူက ကျွန်တော် ရေအိမ်သွားတဲ့အချိန်တောင် အလွတ်မပေးဘဲ လိုက်ချောင်းနေတာ။ သူက နှာ … အဲလေ တော်တယ်လို့ ”

“လျိုကုက အခု ဘာလုပ်နေလဲ” လုကျိုးက မေးလိုက်သည်။

“အဲဒါက …” ဧကရာဇ်အကြောင်း ပြောလိုက်သည့်အခါ ကျန်းအိုက်ကျန့်က တွန့်ဆုတ်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက တာ့ယန်၏ တတိယမင်းသား မဟုတ်ပါလော။ လွန်ခဲ့သည့် နှစ်များစွာခန့်က ကျင်းဟယ်နန်းဆောင် မီးလောင်မျိုက်သွားသောကြောင့် သူက နန်းတော်မှ ထွက်ကာ ဖန်းလိုင်ဆီ ဝင်ရောက်ခဲ့ပြီး ဓားရူး ဖြစ်လာခဲ့သည်။ သို့သော်လည်း လျိုကုက သူ့အဖေ ဖြစ်နေဆဲ ဖြစ်၏။ အမှန်တော့ ကျန်းအိုက်ကျန့်သည် နောက်ပိုင်း မိစ္ဆာဝေဟင်မျှော်နန်းနှင့် အဆက်အသွယ်လုပ်တာ ရှားသွားသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူက တော်ဝင်မိသားစုသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမည်မှန်း ကြိုတင်သိထားကာ အခြေအနေကလည်း လတ်တလော အရှိန်တက်လာခဲ့သည်။

ယွီကျန့်ဟိုင်၏ တိုးတက်မှုများက တော်ဝင်မိသားစုအား ချောင်ထဲ တွန်းပို့သလို ဖြစ်နေသည်။ စိတ်တိုဖို့ကောင်းသည့်အရာက တော်ဝင်မိသားစုသည် မိစ္ဆာဝေဟင်မျှော်နန်းအား အကြိမ်များစွာ ရန်စထားခဲ့လေသည်။ လတ်တလော တော်ဝင်မိသားစုနှင့် နီးကပ်လာသည့် ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအဖွဲ့တို့လည်း ပါဝင်ပေသည်။

“သူက မင်းအဖေပဲလေ” လုကျိုးက သိသိကြီးဖြင့် ပြောလိုက်သည်။

ကျန်းအိုက်ကျန့်က တိတ်ဆိတ်သွားလေ၏။

လုကျိုးက ဆက်ပြောလိုက်သည်။

“ မင်းက ငါ့သတင်းအရင်းအမြစ် ဖြစ်ပေးတာ အရမ်းကြာနေပြီ။ ချီးကျူးစရာ မရှိဘူးဆိုရင်တော့ မင်းက ကြိုးစားခဲ့ပါတယ်။ မင်း ငါ့ကိုသာ ပြောလိုက်ရင် … ”

“ … ”

ကျန်းအိုက်ကျန့်က အနည်းငယ် မျက်လုံးပြူးသွားသည်။ တခြားနည်းဖြင့်ဆိုရလျှင် သူက လုကျိုးအား သူ သိထားသမျှ ပြောပြလိုက်လျှင် သက်ညှာပေးခံရမည်လား။ သူ့အတွေးများက အတိတ်သို့ ပြန်ရောက်သွားသည်။ ကျင်းဟယ်နန်းဆောင်ရှိ မြင်ကွင်းက သူ့စိတ်ထဲ ပြန်ပေါ်လာသည်။ သူ ကြောက်ရွံ့ရသလို လေးစားရသည့် ဆရာတစ်ယောက်၊ သူ့အား ကျင့်ကြံရေးလမ်းကြောင်းပေါ် ပို့ခဲ့သည့် ကျင့်ကြံရေး ဆရာနှင့် သူ မျက်နှာပင် မမှတ်မိတော့သည့် သူ့မွေးမိခင်တို့ ရှိခဲ့သည်။ အရာအားလုံးက ထိတွေ့ဖို့ နီးကပ်နေဟန်ပေါ်သော်လည်း ပြန်မပြောင်းနိုင်သော အချိန်တစ်ခုမှ ဖြစ်နေလေသည်။

နာရီပိုင်းကြာမြင့်ရသည်ဟု ထင်ရပြီးနောက် ကျန်းအိုက်ကျန့်၏ အပြုံးတို့တွင် လေးနက်မှုများ အစားထိုးဝင်ရောက်လာသည်။ သူ့အနေနှင့် အတည်အတံ့နေသည်က ရှားလှသည်။ သူက လုကျိုးအား ဦးညွှတ်လိုက်ပြီး “ လူသားတိုင်းရဲ့ ကံကြမ္မာက ကြိုတင်ဆုံးဖြတ်ထားပြီးသားပါ … ကျွန်တော် တတ်နိုင်တာ လုပ်ခဲ့ပါတယ် ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ သူက လက်နောက်ပစ်လိုက်ပြီး ကျန်းအိုက်ကျန့်ဆီ သွားကာ “မင်းက ဉာဏ်ကောင်းတယ်”

ကျန်းအိုက်ကျန့်က တိတ်ဆိတ်သွားလေသည်။

“ဘယ်လိုဖြစ်ဖြစ် မင်းက သက်ညှာမှုကို တောင်းခံတာဖြစ်ဖြစ်၊ မတောင်းတာပဲဖြစ်ဖြစ် ငါ့စိတ်က ပြောင်းမှာ မဟုတ်ဘူး ”

ကျန်းအိုက်ကျန့်က ဆွံ့အသွားလေသည်။

အဲဆို ချီးကျူးထိုက်တာတွေ၊ အလုပ်ကြိုးစားတာတွေ ဘာလို့ပြောနေတာလဲ …

သူက တုန်လှုပ်မိ၏။ လောင်ချန်းပေ့က ထိုမေးခွန်းကို မေးလိုက်သည်မှာ သူ့အား သူ့လမ်းကြောင်းတွင် အတားအဆီး မဖြစ်စေလို၍ ဖြစ်သည်။ သူက ထိုအရာကို တွေးလိုက်ပြီးနောက် ကျောရိုးတစ်လျှောက် ကြက်သီးထသွားလေသည်။

“ဒါပေမဲ့ … မင်းနဲ့ လျိုကုရဲ့ သီးသန့်ဆက်ဆံရေးကြောင့် ငါ အခုကစပြီး မင်းကို တော်ဝင်မိသားစု အရှုပ်အထွေးကြား ဆွဲမသွင်းတော့ဘူး”

ကျန်းအိုက်ကျန့်က ထိုအရာကို ကြားသည့်အခါ လက်နှစ်ဖက်ယှက်ကာ “ လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ် ”

အကယ်၍ သူက တော်ဝင်မိသားစု အရှုပ်အထွေးများကြား မပါလျှင် တခြားအလုပ်များထံ တာဝန်ချပေးခံရလိမ့်မည်။ ကျန်းအိုက်ကျန့်က တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် အလျင်စလို ပြောလိုက်သည်။ “ကျိချန်းပေ့ ရှာခိုင်းထားတဲ့ အမျိုးသမီးလော့ကို ဘယ်လိုမှ ရှာမတွေ့ဘူး ”

“ အခု သူမအကြောင်း နည်းနည်း သိရပြီ။ အဲဒါကြောင့် ငါ ဒီမှာရှိနေတာပဲ” လုကျိုးက ပြောလိုက်သည်။

“အမျိုးသမီးလော့လား ” ဟွမ်းကတော်က နားမလည်စွာ ဝင်မေးလိုက်သည်။

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။ “အဲဒီအမျိုးသမီးလော့က လွန်ခဲ့တဲ့ နှစ် ၃၀၀ တုန်းက ယွင်ထျန်းလော့ကို ဂိုဏ်းသုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာဖို့ ကူညီပေးခဲ့တာ။ သူမက ကောင်းချီးပေးခံထားရတယ်။ အခုအထိ သူမအကြောင်း တစ်ခုမှ မသိရသေးဘူး။ ကြည့်ရတာ သမုဒ္ဒရာကြမ်းပြင်ထဲ အပ် ရှာနေရသလိုပဲ ”

“ အဲလိုမျိုး အမျိုးသမီးက ဘယ်လိုလုပ် လူမသိသူမသိ ရှိနေနိုင်မှာလဲ” ဟွမ်းကတော်က နားမလည်နိုင် ဖြစ်နေသည်။

“ သခင်မ ပြောတာ ဟုတ်တယ်။ သူမက ဂုဏ်သတင်းမရှိတဲ့ တစ်ယောက်ယောက်ပဲ။ သူမအကြောင်း ဘာမှကို ရှာမတွေ့ဘူး။ စီးဝူယာ့လည်း ရှာတွေ့မယ် မထင်ဘူး ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

ထိုစဉ် ခရုလေးက လန်ထျန်းကျောက်စိမ်းကို ကိုင်ထားရင်း ပြောလာသည် “ပူတယ် ပူတယ် ”

လန်ထျန်းကျောက်စိမ်းမှ အစိမ်းရောင်အငွေ့များ ထွက်လာသည်။

“မြန်မြန်လေး နေရောင်ထဲ ထားလိုက်” ကျန်းအိုက်ကျန့်က အလျင်စလို ပြောလာသည်။

ခရုလေးက ကြောင်အမ်းအမ်းဖြင့် လုကျိုးကိုသာ ကြည့်နေသည်။

လုကျိုးက ခေါင်းညိတ်ကာ “အဲလိုလုပ်လိုက် ”

ခရုလေးက နန်းဆောင်ထဲမှ ပြေးထွက်ကာ လန်ထျန်းကျောက်စိမ်းအား လှေကားပေါ် တင်လိုက်သည်။

နေရောင်က လန်ထျန်းကျောက်စိမ်းပေါ် တောက်ပနေသည်။ အစိမ်းရောင် မီးခိုးများက ပို၍ ထူထပ်လာပြီး လေထုထဲ မြင့်တက်သွားသည်။

နေရောင်အောက်တွင် လန်ထျန်းကျောက်စိမ်းက ဝင့်ဝါစွာ တောက်ပနေဟန်ပေါ်သည်။

လုကျိုးက အသံဩဩဖြင့် ပြောလိုက်သည်။

“ မင်း လက်ကို မြောက်ထားပြီးတော့ အသက်ရှုနေ … စိတ်ထဲ အာရုံစိုက်ထား”

“အိုး ” ခရုလေးက ပြောသည့်အတိုင်း လုပ်လိုက်သည်။

လုကျိုးက လက်ဝေ့လိုက်သည့်အခါ လန်ထျန်းကျောက်စိမ်းက ကြွတက်လာသည်။

နေရောင်က လန်ထျန်းကျောက်စိမ်းကို အရည်ဖျော်နေသကဲ့ ဖြစ်၏။

“မင်းရဲ့ ပိုင်ရှင်ကို အသိအမှတ်ပြုလိုက် ”

ဝှစ်

လုကျိုးက ခရုလေး၏ လက်ချောင်းထိပ်ဖျားဆီ စွမ်းအားဓားတစ်ချက်ကို ပစ်လွှတ်လိုက်သည်။

ထိုစဉ် သူ့စွမ်းအား၏ လမ်းညွှန်မှုအောက်တွင် သွေးတစ်စက်က လန်ထျန်းကျောက်စိမ်းထံ ပျံသန်းသွားလေသည်။

လေထုထဲ အသံကျယ်ကြီး ထွက်လာ၏။

လန်ထျန်းကျောက်စိမ်းက အသက်ဝင်လာဟန်ပေါ်သည်။ ထိုအရာက ညင်သာကာ အစိမ်းရောင်တောက်ပနေပြီး နူးညံ့လာလေသည်။

နန်းဆောင်ရှေ့မှ ဖန်းလိုင်ကျွန်း တပည့်များ၏ မျက်နှာအထက် အားကျသည့် အမူအရာများ ရှိနေကြသည်။

...

အခန်း (၅၁၅) ညဖက်ကြီး ဘယ်သူပုလွေမှုတ်နေတာလဲ

လန်ထျန်းကျောက်စိမ်း၏ရှားပါးမှုကို အသေးစိတ်ပြောပြရန် မလိုအပ်ချေ။ ၎င်းကို ရသည့်သူတိုင်းက အတော်လေးကံကောင်းသူဆိုတာသေချာ၏။

သမုဒ္ဒရာကို ဖြတ်သန်းလျက် သူတို့အသက်ကိုစွန့်စားကာ လန်ထျန်းကျောက်စိမ်းကို ရှာဖွေရန်အတွက် မျိုးစုံသော သားရဲများကို ရှာဖွေဖမ်းဆီးသတ်ဖြတ်ခဲ့သည့်သူများရှိသည်။ အချိန်အတိုင်းအတာတစ်ခုအထိ လန်ထျန်းကျောက်စိမ်းက ကျင့်ကြံခြင်းလောက၏ မှောင်ခိုဈေးကွက်ထဲတွင် ရှားပါးသော ရတနာတစ်ပါးဖြစ်လာ၏။ သို့သော် သမုဒ္ဒရာသားရဲများက ရက်စက်ကြမ်းကြုတ်လွန်းသည်။ အဆင့်နိမ့်ကျင့်ကြံသူများက ပင်လယ်ကိုမဖြတ်ကျော်ရဲစဉ် အဆင့်မြင့်ကျင့်ကြံသူများက ကျောက်စိမ်းကို ဂရုမစိုက်ကြ။ ဤနည်းဖြင့် လန်ထျန်းကျောက်စိမ်း၏ ရှားပါးမှုကတိုးလားသည်။

ယခုအချိန်တွင် လန်ထျန်းကျောက်စိမ်းက ၎င်း၏ပိုင်ရှင်ကို အသိအမှတ်ပြုတော့မည့်ပုံရသည်။

အားကျသည်ဖြစ်စေ အားမကျသည်ဖြစ်စေ။ လူတိုင်းမြင်ချင်သည့် တစ်စုံတစ်ခုရှိသည်။

ခရုလေး၏သွယ်လျသော လက်ချောင်းကနေ သွေးစက်တို့ကလန်ထျန်းကျောက်စိမ်းထဲသို့ ကျရောက်သွားပြီးနောက် အစိမ်းရောင်အငွေ့ကနေ ကြေးနီရောင်အငွေ့အဖြစ် ပြောင်းလဲသွား၏။

လန်ထျန်းကျောက်စိမ်းက ငွေ့ရည်ဖွဲ့နေပုံပေါ်ပြီး လေထဲ၌ ပုံသဏ္ဌာန်မဲ့စွာဝဲနေ၏။

“ဘယ်လိုပုံသဏ္ဌာန်မျိုးလိုချင်လဲ”

ကျောက်စိမ်းအဆင်တန်ဆာ၊ ကျောက်စိမ်းခါးစည်း၊ လက်ကောက်တစ်ကွင်း သို့မဟုတ် လည်ဆွဲတစ်ကုံး အားလုံးက သူမပေါ်မူတည်နေ၏။

လုကျိုးသည် ထိုမိန်းကလေးနှစ်သက်လောက်သည့် လက်ဝတ်လက်စားများအကြောင်း စဉ်းစားလိုက်သည်။ သူက သူ၏စွမ်းအင်ဖြင့် ၎င်းကို ပုံသဏ္ဌာန်ဖော်ပေးရန်ပြင်ဆင်နေသည်။

ခရုလေးက မျောလွင့်နေသော ကျောက်စိမ်းကိုကြည့်လိုက်ပြီး တွေဝေမနေဘဲပြောလိုက်၏။

"ပုလွေ”

“ပုလွေလား”

ကျန်သည့်သူများက ဇဝေဇဝါ ဖြစ်သွား၏။ လန်ထျန်းကျောက်စိမ်းသည် လူတစ်ယောက်၏ ထူးကဲချီသွေးကြောကို ပြန်ပံ့ပိုးနိုင်ရန် အသုံးအဆောင်အနေဖြင့် ဝတ်ဆင်ရန် ပိုသင့်တော်သည်။ တစ်စုံတစ်ယောက်က ၎င်းကို ပုလွေအဖြစ် ပြောင်းရန်အကြောင်း သူတို့ကြားမိတာ ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်း၏ပုံသဏ္ဌာန်က ခရုလေးပေါ်မူတည်နေသည်။ ပစ္စည်း မည်မျှကောင်းစေကာမူ သူမအကြိုက် မဟုတ်လျှင် အသုံးမဝင်ပေ။

ခရုလေးသည် တေးသွား၌ ပါရမီထူးသူမှန်းလုကျိုးသိသည်။ ပုလွေက သူမ လိုအပ်သည့်အရာ ဖြစ်နိုင်လောက်၏။ ကျင်းစီရင်စုကနေ သူမပြန်သယ်လာသည့် ပုလွေတို့သည် သာမန်ပုလွေသာဖြစ်ပြီး အချိန်၏တိုက်စားမှုကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။ ပုလွေအသစ်က သူမအတွက် လိုက်ဖက်ညီလောက်သည်။

“ဟုတ်ပြီ” လုကျိုးက လက်ဝေ့ယမ်းလိုက်၏။ လန်ထျန်းကျောက်စိမ်းနားတစ်ဝိုက် စွမ်းအင် ရစ်ပတ်သွားတော့သည်။

နေရောင်အောက်တွင် လန်ထျန်းကျောက်စိမ်းက ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ ခဏအကြာ၌ အစိမ်းရောင်အငွေ့များ လွင့်ပြယ်သွားပြီးနောက် ဖောက်ထွင်းမြင်လုနီးပါး တစ်လက်လက်တောက်ပနေသည့် ကြည်လင်သော ကျောက်စိမ်းက ပေါ်လာတော့သည်။

နေရောင်သည် ကျောက်စိမ်းပုလွေ၏မျက်နှာပြင်ပေါ် ရောင်ပြန်ဟပ်ကာ တောက်ပနေ၏။ ကျန်သည့်သူများ၏ပုံရိပ်ကို ထင်ဟပ်စေသည်အထိချောမွေ့လွန်းလှသည်။ ပုလွေက လှပပြီးထူးကဲ၏။

တောက်ပပြီး ထူးကဲ့သည့်လန်ထျန်းပုလွေသည် ခရုလေး၏လက်ထဲရောက်သွားတော့သည်။ အစတွင် ထိတွေ့မိချိန်၌ အေးစက်နေသော်ငြားတဖြည်းဖြည်းချင်း သူမ၏အပူချိန်အလိုက် မြင့်လာ၏။

“ငါသာဆိုရင် ဓားတစ်လက်ကိုရွေးမှာ။ လန်ထျန်းကျောက်စိမ်း ဒီဟာအတွက် ငါ့ဘဝသက်တမ်း ဆယ်နှစ်လောက် လဲရမယ်ဆိုရင်တောင် မများဘူး” ကျန်းအိုက်ကျန့်က နှုတ်ခမ်းသပ်လျက် ပြောနေသည်။ ထိုစဉ်ပုလွေကို ကြည့်နေလျှင် မျက်ရည်ကျလုနီးပါးဖြစ်နေ၏။ သူ အစောပိုင်းက တွေးထင်သလောက် မကောင်းဘူးလို့ဆိုရပေမည်။

ခရုလေးက ပုလွေကိုကိုင်ထားပြီး ၎င်းကို သဘောတကျကြည့်နေ၏။ ခရုလေး လိုချင်တာနှင့် တစ်ထပ်တည်း တူနေသည်။

ခဏတာ မှုတ်ကြည့်ပြီးနောက် သူမက လုကျိုးကိုမော့ကြည့်ကာ ယဉ်ကျေးစွာပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်”

ကျန်းအိုက်ကျန့်က သူ့ကိုမေးလိုက်၏။ “ပုလွေဘယ်လိုမှုတ်ရလဲဆိုတာ မင်းသိလား။

ခရုလေးက သူ့ကိုမဖြေပေ။ ထိုအစားသူမသည် လန်ထျန်းကျောက်စိမ်းပုလွေကို သူမ နှုတ်ခမ်းလွှာနား ကပ်လျက် မြန်ဆန်သည့်တေးသွားကိုမှုတ်လိုက်သည်။ မလိုအပ်သည့် ဂီတနုတ်များ မရှိပေ။ သူမ သုံးနေကျ သံစဉ်နှင့်မတူညီပေ။ မြန်ဆန်သောဂီတနုတ်တို့က လေထဲ၌ ပေါ်ထွက်လာ၏။ ပင်လယ်ထဲကနေငါးများစွာကပေါ်ထွက်လာတော့သည်။

ခရုလေးလက တစ်ခေါက်သာတီးမှုတ်ခဲ့သည်။ သို့သော်ငြား သူမ၏ဆန်းကြယ်သောပါရမီကို သက်သေပြရန်လုံလောက်သွားပြီဖြစ်သည်။

ကျန်းအိုက်ကျန့်သည် ပုလွေအသံရောက်နိုင်သည့်ကျွန်းလေးကျွန်းကို စိုက်ကြည့်လိုက်သည်။ ပါးစပ်အဟောင်းသားဖြစ်သွား၏။ ငါးများသည် ပင်လယ်ထဲကနေ ထွက်လာသောကြောင့်ဖြစ်သည်။ သူက လက်ခုပ်တီးလျက်ပြောလိုက်၏။

“ဂုဏ်ပြုပါတယ် ချန်းပေ့ကျိ။ နောက်ထပ် ဘိုးဘေးလေးတစ်ယောက်ရပြီပဲ”

ခရုလေးက ကျန်းအိုက်ကျန့်ဖက်လှည့်ကြည့်ပြီး သူ၏စကားများကို ထပ်ပြောလိုက်သည်။

“ဘိုးဘေးလေးလား”

“သူ့ကို စိတ်ထဲမထားနဲ့။ ခွေးပါးစပ်ကနေ စကားကောင်း မထွက်နိုင်ဘူး” ရှောင်ယွမ်အာက သူ့ကို ပြောပြီးခရုလေး၏လက်ကိုဆုပ်ကိုင်လိုက်၏။

“ဟုတ်” ခရုလေးက ခေါင်းညိတ်လိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ စိတ်ကျေနပ်နေသည်။ လန်ထျန်းကျောက်စိမ်းပုလွေသည် သာမန်ကောင်းကင်အဆင့် လက်နက်နှင့်ယှဉ်လျှင် ပိုဖြုံလောက်သည့်လက်နက် ဖြစ်ပုံရ၏။ ခရုလေးက နောင်ကျ ခမ်းနားသောကျင့်ကြံသူအဆင့်ကို ဝင်ရောက်နိုင်လျှင် ပိုအစွမ်းထက်သည့် သားရဲများကို ထိန်းချုပ်နိုင်လောက်သည်။

လုကျိုးသည် ခရုလေးက လန်ထျန်းကျောက်စိမ်းပုလွေ၏ လွှမ်းမိုးမှုကြောင့် ပိုအခြေအနေကောင်းလာပုံ ပေါ်တာကို သတိပြုမိလိုက်၏။ သူက မေးလိုက်သည်။

“မင်း ဘယ်လိုနေလဲ”

ခရုလေးက လန်ထျန်းကျောက်စိမ်းပုလွေကို မြှောက်ပြပြီး ၎င်းကိုကြည့်ကာပြောလိုက်တော့၏။

“ကျွန်မ သဘောကျတယ်”

“မင်းရဲ့လက်ပေး” လုကျိုးက ပြောလိုက်၏။

ခရုလေးသည် လိမ်လိမ်မာမာဖြင့် လက်ဆန့်ထုတ်ပေးလိုက်သည်။

လုကျိုးသည် သူမ၏လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်လိုက်သည်။ သူမ၏ ထူးကဲချီသွေးကြောရှစ်ကြောသည် စွမ်းအင်ဖျော့ဖျော့ဖြင့် အားဖြည့်ပေးခြင်းခံနေရမှန်း သူ အာရုံခံမိ၏။ သူ ထိတ်လန့်သွားတော့၏။ ဒါက လန်ထျန်းကျောက်စိမ်းရဲ့အာနိသင်လား။

ခရုလေး၏ ခုန်ငါးခု ပွင့်လာမှန်း သူ ခံစားမိသည်။ ထိုအကြောင်း သူများကို ပြောပြလျှင် သူ့ကို မည်သူကများ ယုံမည်နည်း။

သမိုင်းကြောင်းထဲတွင် ပါရမီရှင်ကျင့်ကြံသူများသည် မနက်ခင်း၌ ခုံတစ်ခုပွင့်ပြီး ဗြဟ္မာပင်လယ်နယ်ပယ်သို့ဝင်ရန် ခုန်ငါးခုပွင့်ကြောင်း မှတ်တမ်းတင်ထား၏။ ယင်းက လူသားများ၏အကန့်အသတ်ပဲဖြစ်သည်။

ခရုလေးသည် အဆင့်အနည်းအကျဉ်းကိုကျော်ခဲ့သော်ငြား သူမသည် ကျင့်ကြံရာ၌ အခြေခံအားဖြင့် လက်သင်သာ ဖြစ်သေးသည်။ သူမသည် တစ်ခါမှ တရားမထိုင်ဘူးပေ။ တမင်တကာ ကျင့်ကြံတာလည်း မရှိ။ တိုက်ရိုက် အဆင့်တက်လာတာဖြစ်သည်။ ယင်းက စိတ်နောက်စရာ ဖြစ်နေ၏။

လုကျိုးက ခရုလေးက လန်ထျန်းကျောက်စိမ်းပုလွေ၏ အလားအလာ အပြည့်အဝကို ဖမ်းဆုပ်မိသည့်အချိန်ထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။ သူမသာ ကျင့်ကြံနိုင်မည်ဆိုလျှင် သူက သူမ တပည့်တစ်ယောက်အဖြစ် လက်ခံမည်။

အရာအားလုံးနီးပါး ဖြေရှင်းပြီးနောက် လုကျိုးသည် ကျန်းအိုက်ကျန့်ကို ကြည့်ကာ ပြောလိုက်တော့သည်။ “ကျန်းအိုက်ကျန့်”

ကျန်းအိုက်ကျန့်က လက်ထပ်မြှောက်ကာ ပြောလိုက်တော့သည်။ “ဒီမှာ ဒီမှာ”

“ခုနစ်ရက်အတွင်း ငါ့ကိုဖြေရှင်းချက်ပေးဖို့ ထိုက်ရွှီကျောင်းတော်ရဲ့လင်းရှင်းကို အကြောင်းကြား”

လုကျိုးက ပြောလိုက်သည်။

ကျန်းအိုက်ကျန့်သည် လုကျိုး၏စကားများကြောင့် ထိတ်လန့်သွား၏။ သို့သော် သူက သူ့အမြင်ကို မပြောရဲချေ။ အရိုအသေပေးပြီးသာ ပြောလိုက်၏။ “နားလည်ပါပြီ”

ထိုစဉ် လုကျိုးက ပြောလိုက်၏။ “ပြီးတော့ လော့အမျိုးသမီးက တခြားတစ်နေရာကနေ ဖြစ်လောက်တယ်”

ခေါင်းတလားထဲရှိလူသည် ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာ၏အဆင့်တည်ရှိမှုအကြောင်း သေချာသိနေသောကြောင့် သူသည် လော့အမျိုးသမီးနှင့် တူညီသည့်နေရာကနေ လာတာဖြစ်လောက်သည်။

ခေါင်းကိုက်စရာပဲ။ ငါ မင်းကိုရှာနိုင်မှာလား။

ယခုအချိန်တွင် ထိုအကြောင်းကို တွေးနေတာ သူ့အတွက် အကျိုးမထူးပေ။ သူမကိုရှာရန် သူအချိန်ယူရုံသာရှိမည်။

“ကျွန်တော် တတ်နိုင်သမျှ သူ့ကိုအကောင်းဆုံးရှာပါမယ်” ကျန်းအိုက်ကျန့်က ပြန်ဖြေလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ နန်းဆောင်ထဲကနေထွက်သွားလိုက်သည်။

ရှောင်ယွမ်အာနှင့် ခရုလေးက သူ့နောက်လိုက်သွားသည်။

ကျန်းအိုက်ကျန့်က ထိုအရာကိုမြင်သောအခါ သူတို့ထွက်သွားတော့မည်မှန်း သိလိုက်သည်။ သူက ဟွမ်းကတော်နှင့်ကျန်သည့်သူများနှင့်အတူ သူတို့ကိုနန်းတော်အပြင်ဖက်သို့လိုက်ပို့ပေး၏။ သူက အရိုအသေပေးကာပြောလိုက်တော့၏။ “ဘေးကင်းတဲ့ခရီးစဉ်ဖြစ်ပါစေ လောင်ချန်းပေ့”

နန်းတော်ရှေ့ရှိရင်ပြင်၌ တပည့်ပေါင်း နှစ်ထောင့်ရှစ်ရာက တညီတညွတ်တည်းပြောလိုက်သည်။

"ဘေးကင်းလုံခြုံတဲ့ခရီးဖြစ်ပါစေ”

လုကျိုးနှင့် ကျန်သည့်သူများသည် နတ်ခြင်္သေ့ကျောပေါ်သို့ တက်လိုက်၏။ သူတို့သည် မြင်ကွင်းထဲကနေချက်ချင်းပျောက်သွားတော့သည်။

လုကျိုးသည် ထွက်သွားပြီးနောက် ကျန်းအိုက်ကျန့်က ဓားကိုမြှောက်ကာလည်ချောင်းရှင်းလျက် အတ္တကြီးသောလေသံဖြင့် ပြောလိုက်သည်။

“မင်းတို့တွေရဲ့ချောမောခန့်ညားအထာကျတဲ့တာ့ရှစ်ရှိုးကို မင်းတို့မနှုတ်ဆက်တော့ဘူးလား”

လူအုပ်ကြီးက ရှေ့တိုးလာ၏။

“တာ့ရှစ်ရှိုး တာ့ရှစ်ရှိုး ချန်းပေ့ကျိနဲ့ဘယ်လိုများသိကျွမ်းခဲ့တာလဲ”

“ကျိချန်းပေ့က တကယ်ပွင့်ချပ်ကိုးလွှာအဆင့်မှာလား။ ဒီနေ့မတွေ့လိုက်ရတာ နှမြောစရာပဲ”

“တာ့ရှစ်ရှိုး မိစ္ဆာဝေဟင်မျှော်နန်းမှာ ကျွန်တော်သဘောအကျဆုံးလူက ဒုတိယသခင်လေး ယွီရှန်းရုန်ပဲ။ သူက ချောလား ပြောပြ ... ပြောပြ တာ့ရှစ်ရှိုး။ ဘာကြောင့်မပြောပြရတာလဲ”

ကျန်းအိုက်ကျန့် “...”

လီကျင်းယီသည် သူမရယ်ချင်မိသည့်အတွက် ပါးစပ်ကိုလက်ဖြင့်ကာလိုက်မိတော့သည်။ ဤကဲ့သို့ အနေရခက်သောအခြေအနေကို သူမ အသားကျနေပြီးဖြစ်သည်။ များများစားစား ပြောပြရန်မလိုဘဲ သူမ ကမ်းစပ်ဆီလျှောက်သွားကာ ကောင်းကင်ကိုမော့ကြည့်လိုက်၏။ ဖန်းလိုင်ကျွန်းပေါ် နေရောင်ဖြာကျနေပြီး ခမ်းနားသောအငွေ့အသက်တို့ပေးနေသည်။

လူသားတစ်ယောက်က ကျွန်းတစ်ကျွန်းကို သူ့လက်နဲ့တကယ်ထိန်းကိုင်နိုင်တာလား။

...

လရောင်သစ်သားမြေ၏ အနက်ရှိုင်းဆုံးအပိုင်း မြူတောအုပ်ထဲတွင် ဖြစ်သည်။

အဆုံးမဲ့အသူရာချောက်ကမ်းပါးထဲ၌ သစ်ရွက်တစ်ရွက်ပေါ်သို့ရေစက်တစ်စက်ကျသွားပြီးနောက် ယဲ့ထျန်းရှင်း၏ဖြူဖွေးသောမျက်နှာပေါ်ကျသွားလေ၏။

သူမက မျက်လုံးဖွင့်လိုက်ပြီး အားနည်းနေသည်။ ဘာတွေဖြစ်နေတာလဲ။ ငါ အိပ်မက်မက်နေတာလား။

သူမရှေ့ရှိမြင်ကွင်းကို တွေ့သောအခါ အံ့ဩသွားမိသည်။

မြင့်မားလှသည့်ကျောက်ထရံကနေ နွယ်ကြိုးများရှိနေလေ၏။ များစွာသော သားရဲများက လေထဲကနေ ပျံသန်းနေသည်။ သူတို့၏အရွယ်အစားများသည် တောင်ပူဆာပမာကြီးမားလှပြီး လိပ်ပြာများပမာ နုနယ်လှ၏။ ယဲ့ထျန်းရှင်းက တုန်ယင်နေကာ ထထိုင်လိုက်၏။ “ဒါ ဘယ်နေရာလဲ”

သူမ ထထိုင်လိုက်သည်နှင့် သူမအောက်က တစ်စုံတစ်ခုက လှုပ်ရှားနေသည်။

ယဲ့ထျန်းရှင်းက အလိုလိုပြောလိုက်မိသည်။ "ချန်ဟွမ်း”

သူမ၏မှတ်ဉာဏ်များသည် သူမဆီပြန်ရောက်လာ၏။ သူမ အိပ်မက်မက်နေတာမဟုတ်။ အစစ်အမှန်ပဲဖြစ်သည်။ ချောက်ကမ်းပါးကနေ သူမကို သယ်သွားသူက ချန်ဟွမ်း သူမ ကြိုးစားပမ်းစား ရှာနေသည့် သတ္တဝါပဲဖြစ်သည်။ သူမ တာ့ယန်မြေကနေ ဖြတ်သန်းလျက် လယ်ကွင်းများ တောင်တန်းများကိုဖြတ်ကျော်ကာ တခြားမျိုးနွယ်များ၏တိုင်းပြည်များကိုလည်း ဖြတ်ကျော် မိုင်ထောင်ချီကို ဖြတ်သန်းလျက် ၎င်းကို ရှာဖွေခဲ့သည်။

ဟူး

ချန်ဟွမ်းက ထရပ်ပြီးနောက်သို့လှည့်ကြည့်လာ၏။ အကြည့်ချင်းဆုံသွားချိန်၌ ၎င်းသည် ပဲစေ့လေးတစ်စေ့ဘေး၌ ဘောလုံးတစ်လုံးရွေ့လျားနေသည့်ပမာ ဖြစ်နေ၏။

…

အခန်း(၅၁၆) သူယောင်မျိုးနွယ်၏ ဒဏ္ဍာရီလာ

ယဲ့ထျန်းရှင်းက စိတ်တည်ငြိမ်ဖို့ အကောင်းဆုံး ကြိုးစားနေရသည်။ သူမ၏ အလိုလိုသိစိတ်အရ ချန်ဟွမ်းသည် ရန်မလိုကြောင်း ခံစားမိလေသည်။ မဟုတ်ပါက သူမ သေနေလောက်သည်မှာ ကြာမြင့်လောက်လေပြီ။

“ချန်ဟွမ်း …”

ချန်ဟွမ်းက မတုံ့ပြန်ပေ။ ထိုအရာ၏ မျက်ဝန်းက လှုပ်ရှားသွားသောကြောင့်‌ ကြော့ရှင်းနေသည့် မျက်တောင်လေးများသာ အသာလှုပ်ခတ်သွားသည်။

“ ငါ့ကို မှတ်မိလား ” ယဲ့ထျန်းရှင်းက ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ချန်ဟွမ်းက လူစကား မပြောနိုင်ပေ။ သူမအား တိတ်တဆိတ်သာ ကြည့်နေလေ၏။

ယဲ့ထျန်းရှင်းက ဆက်ကြိုးစားတော့မည့်အချိန် …

အူး

ချန်ဟွမ်းက ဟိန်းလိုက်ပြီး ရှေ့တိုးကာ ပြေးထွက်သွားလေသည်။

ယဲ့ထျန်းရှင်းက ခြေမခိုင်သလိုပင် ဖြစ်သွားသည်။ သူမက ကနဦးချီကို မြန်မြန် လှည့်ပတ်ကာ ထိန်းလိုက်ရသည်။ ယခင်အတွေ့အကြုံအရ သူမသည် ယခင်လောက် ဆိုးရွားနေသည့် အခြေအနေ မဟုတ်ကြောင်း သိလေသည်။ သူမက စွမ်းအားစည်းတံဆိပ်ကို မြန်မြန်ကိုင်ထားလိုက်ပြီး ရှေ့မျက်နှာမူလိုက်သည်။

သူမရှေ့တွင် အဆုံးမဲ့ တောအုပ်ကြီး ရှိနေပြီး အပေါ်တွင် သားရဲပျံများစွာ ရှိနေကာ ဘေးပတ်လည်တွင်မူ ရက်စက်ကြမ်းကြုတ်သည့် သားရဲများစွာ ရှိနေသည်။

ယဲ့ထျန်းရှင်းက မြင်ကွင်းကြောင့် တုန်လှုပ်အံ့အားသင့်မိသွားသည်။

ချန်ဟွမ်းက တောအုပ်ငယ်လေးကို ခုန်လွှားလိုက်ပြီး နောက်ဆုံးတွင် ရပ်တန့်သွားသည်။ ထိုအခါ ထိုအရာက မြေပေါ် ထိုင်ကာ ခေါင်းမော့လာပြီး ယခင်ထက် ကျယ်လောင်ကာ ရှင်းလင်းသည့် အသံမျိုး ထုတ်လွှင့်လာသည်။

အူး

အသံက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားသည့်အခါ အနီးအနားရှိ သားရဲများက ချက်ချင်း ထွက်ပြေးကြတော့သည်။

ယဲ့ထျန်းရှင်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရေကန်နှင့် မျက်နှာချင်းဆိုင်ဘက်တွင် ပေတစ်ရာအမြင့်ရှိ ကျောက်ရုပ်တု ရှိနေကြောင်း သတိပြုမိသွားသည်။ ထိုရုပ်တုက အမျိုးသမီးတစ်ယောက် ဖြစ်၏။

ယဲ့ထျန်းရှင်းက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကာ ရုပ်တုခြေထောက်အနား သွားလိုက်သည်။ သူမက ရုပ်တုအောက်ခြေတွင် သူယောင်မျိုးနွယ်ဟု ရေးထွင်းထားသည်ကို မြင်လိုက်ရသည်။ ထိုစာတန်းများကို အစီအရင်များဖြင့် ကာကွယ်ထားသည်။ သို့သော်လည်း အချိန်ကြာမြင့်လာသည့်အခါ ရေးထွင်းထားမှုက သိပ်မမြင်ရတော့ပေ။ သူတို့က အပေါက်များနှင့် အပွန်းအပဲ့များ ဖြစ်နေလေပြီ။

အမည်မသိ အကြောင်းအရင်းတချို့ကြောင့် ယဲ့ထျန်းရှင်းက သူယောင်မျိုးနွယ် စာလုံးကို မြင်လိုက်ရသည့်အခါ သူမ၏ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ စတင်ငိုကြွေးမိတော့သည်။

သူမ စိတ်ထဲ အတိတ်မှ မြင်ကွင်းတချို့ ပြန်လည်ပေါ်ထွက်လာ၏။

ယွီလုံရွာမှ ရွာသားများသည် သူမရှေ့ မားမားမတ်မတ် ရပ်ပေးနေကြဟန်ပေါ်သည်။

သို့သော် အရာအားလုံး ပြောင်းလဲသွား၏။

သို့သော်လည်း သူမ၏ အားစိုက်ထုတ်မှုက ထိုက်တန်ခဲ့သည်။

ချန်ဟွမ်း၏ အော်သံကြောင့် သူမက အတွေးများမှ ပြန်လည်နိုးထလာခဲ့သည်။

ယဲ့ထျန်းရှင်းက တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူမက ရုပ်တုအောက်ခြေတွင် နှင်းလို အဖြူရောင်ဝတ်စုံ ဝတ်ထားရင်း ရပ်နေသည်။ သူမ၏ အကြည့်များက နှင်းကဲ့သို့ ဖြူဆွတ်နေသော အဝတ်ထက်ပင် ပို၍ ဖြူဆွတ်နေသည်။ ယခင်ထက် တည်ကြည်နေလေ၏။

“ချန်ဟွမ်း … ငါ ယဲ့ထျန်းရှင်းက မင်းကို တွေ့ခဲ့ပြီ ”

ချန်ဟွမ်းက ဦးခေါင်းနှင့် ခန္ဓာကိုယ်ဖြင့် အသာဦးညွှတ်လိုက်သည်။ နှာခေါင်းက ရေမျက်နှာပြင်ကို အသာထိသွား၏။

ရေကန်ငယ်က ထိုအရာ၏ လက်တစ်ဝါးစာမျှသာ ရှိလေသည်။

ယဲ့ထျန်းရှင်းက တွေဝေသွားစွာ “ ဒီကန်ရေကို သောက်ဖို့ ပြောနေတာလား”

ချန်ဟွမ်းက ခေါင်းခါလိုက်သည်။

“ရေချိုးဖို့လား”

ချန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။

ယဲ့ထျန်းရှင်း “ … ”

သူမက အမျိုးသမီး တစ်ဦး ဖြစ်လေသည်။ ပွင့်လင်းမြင်သာ ရေချိုးရမည်ကို မည်သို့ မရှက်ဘဲနေမည်နည်း။

ဝှစ်

ချန်ဟွမ်းက သူမထံ လက်ဝါးဖြင့် ဝေ့ယမ်းလိုက်သည်။

ယဲ့ထျန်းရှင်းက တုန်လှုပ်သွားပြီး ကနဦးချီဖြင့် ကာဆီးပြီး သူမဘာသာ ကာကွယ်လိုက်သည်။

ဘန်း

ယဲ့ထျန်းရှင်းက လွင့်ထွက်သွားလေ၏။

ဗွမ်း

သူမက ရေကန်ထဲ ပြုတ်ကျသွားသည်။

ယဲ့ထျန်းရှင်းက နားမလည်နိုင်သည့် အမူအရာဖြင့် ရေထဲမှ ခေါင်းပြူထွက်လာသည်။

ချန်ဟွမ်းက ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းငုံ့ကာ သူမအား ကြည့်နေ၏။ ထိုအရာက လက်ဝါးကို အသာ မြှောက်ကာ ညင်သာသည်ဟု ပြောနေသလိုမျိုး ဖြစ်၏။

ထို့နောက် လေထုထဲ လေတစ်ချက် တိုက်ခတ်သွားကာ ထိုအရာက လှည့်ထွက်သွားပြီး ခုန်လွှားလိုက်သည်။

အရာအားလုံး ငြိမ်ကျသွားသည့်အခါ ချန်ဟွမ်းကို မမြင်ရတော့ပေ။

ထိုစဉ် သူမက ရေထဲမှ နွေးထွေးမှုကို ခံစားမိလိုက်သည်။ ရေထဲတွင် ထူးခြားသည့် ကနဦးချီတချို့ ပါဝင်နေဟန် ပေါ်သည်။ ထိုအရာက အတော်လေး သက်သောင့်သက်သာ ဖြစ်လှ၏။

“တကယ်ကို ထူးခြားတဲ့ ရေကန်ပဲ ”

သူမက ခေါင်းငုံ့ပြီး ကြည့်လိုက်သည့်အခါ ရေကန်အောက်ခြေတွင် အစီအရင်တစ်ခုကို မြင်လိုက်ရသည်။

အစီအရင်က ရေကန်တစ်ခုလုံးကို အလင်းပေးထားပြီး ရေမျက်နှာပြင်တစ်လျှောက် တောက်ပနေစေသည်။

အစီအရင်အတွင်း ပါဝင်နေသည့် ကနဦးချီများက စတင်ထွက်လာပြီး သူမခန္ဓာကိုယ်အတွင်း စီးဝင်သွားကြသည်။ သူမ၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်က ပြည့်နှက်သွားလေသည်။ သူမက ရေကန်ထဲ ရှိနေရုံဖြင့် ကျင့်ကြံဆင့်သည် သိသိသာသာ တိုးတက်လာသည့်အတွက် အံ့အားသင့်မိနေသည်။

ရေကန်မှ စွမ်းအားများက သူမဆီ ဆက်တိုက် တိုးဝင်လာနေသည်။

သူမက အတွေးများကို ဆက်မတွေးရဲတော့ပေ။ သူမက တင်ပျဉ်ခွေထိုင်ကာ ရေကန်ထဲ စိမ်ရင်း မျက်လုံးအသာမှိတ်ထားလိုက်သည်။

သူမ ဝန်းကျင်ရှိ ကနဦးချီများက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် စုဝေးလာကြသည်။

……………..

နောက်တစ်ရက်၌

ထိုက်ရွှီကျောင်းတော်၏ ဆွေးနွေးမှု ခန်းမဆောင်ထဲ

“မိစ္ဆာဝေဟင်မျှော်နန်းက အနိုင်ကျင့်နေတာပဲ။ သူတို့က ကောင်းကင်ကိုးကွယ်ရေးစင်မြင့်မှာ ငါတို့တပည့် တစ်ရာကျော်ကို သတ်ခဲ့ရုံတင် မကဘူး။ အခု ဖန်းလိုင်ကျွန်းမှာလည်း နောက်ထပ် တစ်ရာ … ကျန့်ရန်ယီ၊ ကျန့်လီကျစ်နဲ့ ယွမ်ချုံးတို့လည်း သေသွားပြီ။ ရွှေရောင်ထိုက်ရွှီကြေးမုံကလည်း ပါသွားပြီ။ ဒီရန်ငြိုးကို မချေဖျက်နိုင်ဘူး ” ခေါင်းဆောင် ရှောင်ရှန့်က ပြောလိုက်သည်။

“ဟုတ်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းက လွန်လွန်းနေပြီ။ ခေါင်းဆောင် ကျုပ်တို့ ဒီအတိုင်းထားလိုက်လို့ မဖြစ်ဘူး”

ထိုစဉ် အကြီးအကဲတစ်ယောက်က ဝင်ပြောလိုက်သည် “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက်က ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်နေပြီ။ ဘယ်လိုလက်စားချေကြမှာတုံး”

သူတို့က ဒေါသကြောင့် အာကျယ်နေကြသော်လည်း ယခုအခါ တိတ်ဆိတ်သွားကြသည်။

တခြားလူများထက် ပိုမြင့်သည့်နေရာတွင် ထိုင်နေသည့် လင်းရှင်းက မျက်မှောင်အသာကြုတ်ကာ “ စစ်သည်တော် တစ်ယောက်ကို သတ်နိုင်ပေမဲ့ အရှက်ခွဲလို့ မရဘူး။ ထိုက်ရွှီကျောင်းတော်က အံ့ဖွယ်မြို့တော်နဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းပြီးတော့ မရိုးမသားတွေ မလှည့်ဖျားဖူးဘူး။ တကယ်လို့ ကျုပ်တို့သာ အံ့ဖွယ်မြို့တော်ရဲ့ တော်ဝင်မိသားစုကို ဝင်စွက်ဖက်ဖို့ တောင်းဆိုလိုက်ရင် အဆုံးသတ်ဆယ်ပါး အစီအရင်က မလွတ်မြောက်နိုင်တဲ့ ပိုက်ကွန် ဖြစ်သွားပြီးတော့ ပွင့်ချပ်ကိုးလွှာကိုတောင် ဖမ်းနိုင်လောက်တယ် ”

“ဟုတ်တယ်။ စစ်သည်တော်တစ်ယောက်ကို သတ်နိုင်ပေမဲ့ အရှက်ခွဲလို့ မရဘူး။ မိစ္ဆာအိုကြီးကျိက ငါတို့ကို လူသားလို့ တွေးဖူးတာ မဟုတ်ဘူး။ အရှင်က အဆင့်တွေ ဆက်တိုက်တက်လှမ်းနေတာဆိုတော့ မိစ္ဆာအိုကြီးကျိပြီးရင် ဒုတိယ ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်လာနိုင်တယ်။ အချိန်ကျလာတဲ့အခါ ငါတို့တွေ မိစ္ဆာအိုကြီးကျိက အခုလို နေနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

ထိုစဉ် အပြင်ဘက်မှ တပည့်တစ်ယောက်ဆီမှ အသံထွက်လာသည်။

“ အံ့ဖွယ်မြို့တော်က စာတစ်စောင် ရောက်လာပါတယ်”

“အံ့ဖွယ်မြို့တော်လား။ ဘယ်သူ့ဆီကလဲ”

တပည့်က စာကို ဖွင့်လိုက်သည့်အခါ “ကြည့်ရတာ မိစ္ဆာဝေဟင်မျှော်နန်းက တူတယ်”

မိစ္ဆာဝေဟင်မျှော်နန်းက အံ့ဖွယ်မြို့တော်ကနေ ဘယ်လိုလုပ် စာပို့မှာလဲ …

လင်းရှင်းက အချိန်ဆွဲမနေဘဲ ပြောလိုက်သည်။ “ ဖတ်လိုက် ”

တပည့်က ပါဝင်အကြောင်းအရာများကို ဖတ်ကာ တုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။

ရှောင်ရှန့်က မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။ “မင်းကို စာဖတ်ခိုင်းနေတယ်လေ။ ခပ်သွက်သွက်လုပ်စမ်း ”

တပည့်က တံတွေးမျိုချလိုက်ပြီးနောက် ကျယ်ကျယ် ဖတ်ပြလိုက်သည်။

“ငါက တစ်မိုးအောက်မှာ ပထမဆုံး ပွင့်ချပ်ကိုးလွှာအဆင့် ပိုင်ရှင်၊ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်၊ တပည့်ကိုးယောက်ရဲ့ ဆရာ … ငါ့ကို ကြောက်ကြပြီလား။ အခု ထိုက်ရွှီကျောင်းတော်ရဲ့ ကျောင်းအုပ် လင်းရှင်းဆီကနေ ဖြေရှင်းချက်ကို ခုနှစ်ရက်အတွင်း လိုချင်တယ်။ မဟုတ်ရင်တော့ မင်းတို့ တစ်မိသားစုလုံးကို သတ်ပစ်မယ်။ ဟားဟား ”

တခြားလူများက မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က တပည့်အား နားမလည်စွာ ကြည့်လိုက်ကြ၏။ “ …”

မိစ္ဆာဝေဟင်မျှော်နန်း ကျိထျန်းတောက်ရဲ့ စကားရော ဟုတ်ရဲ့လား … တစ်ယောက်ယောက်က အယောင်ဆောင်တာ မဟုတ်ဘူးလား

သူတို့က သံသယများရှိနေသော်လည်း မည်သူကမှ မပြောရဲကြပေ။

ဘန်း

လူအိုကြီး လင်းရှင်းက စားပွဲပေါ် ရိုက်ချလိုက်သည့်အတွက် ကြေမွသွားလေသည်။

“သူက ပွင့်ချပ်ကိုးလွှာအဆင့်ဆိုတာနဲ့ ငါတို့ကို လာအနိုင်ကျင့်နေတာပဲ။ သူ့ကို ဖြေရှင်းဖို့ နည်းလမ်းမရှိရင် ငါတော့ သွားပြီ”

သို့သော်လည်း လင်းရှင်းနောက်တွင် ထိုင်နေသည့် ရှောင်ရှန့်က ထရပ်လိုက်ပြီး “ကျောင်းအုပ် သူ့ကို တောင်းပန်လိုက်ပါ့လား”

“ဟမ်” လင်းရှင်းက ရှောင်ရှန့်အား ကြည့်လိုက်သည်။

အကြီးအကဲများကလည်း ထရပ်ကာ ဦးညွှတ်လိုက်ကြသည်။

“ကျောင်းအုပ် …. ထိုက်ရွှီကျောင်းတော်က ဒီနေ့အထိ ဖြစ်ဖို့ အများကြီးခံစားခဲ့ရတာ။ ကျုပ်တို့ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စလို့ မဖြစ်ဘူး”

“ဟုတ်တယ် … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီးက လူသတ်တဲ့အခါ မျက်တောင်ခတ်တာ မဟုတ်ဘူး။ ဂိုဏ်းကြီးဆယ်ဂိုဏ်းလည်း အဆုံးသတ် မကောင်းခဲ့ဘူး။ ထိုက်ရွှီကျောင်းတော်က ဒီနေ့အထိရောက်ဖို့ အများကြီး ကြိုးပမ်းထားရတာ။ တစ်ညတည်းနဲ့ အဖျက်ဆီးမခံနိုင်ဘူး”

“ ကျုပ်တို့တစ်ယောက်ယောက်က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်တဲ့အခါ လက်စားပြန်ချေပေးမယ်။ အဲဒီမတိုင်ခင်ကတော့ … ”

လင်းရှင်းက ရှုံ့မဲ့သွားလေသည်။ စောစောလေးကအထိ သူတို့က လက်တုံ့ပြန်ဖို့ အားတက်သရော ဖြစ်နေကြတာ မဟုတ်ဘူးလား။

ကျိန်ဆဲနေတုန်းက ပွင့်ချပ်ကိုးလွှာအကြောင်း တွေးနေခဲ့ပုံတောင် မပေါ်ဘဲနဲ့ အခုက အဲဒါတွေအားလုံးက ဟန်ဆောင်နေတာလား …

လင်းရှင်း၏ အကြည့်များက မှောင်မှိုက်သွား၏။ သူတို့က သူ့မျှော်လင့်ချက်အတိုင်း မဖြစ်သည့်အတွက် မုန်းတီးစွာ ကြည့်လိုက်မိသည်။ သူက အံ့ကြိတ်ကာ ပြောလိုက်၏။

“ ငါ ဝန်ချတောင်းပန်တာထက် အသေပဲ ခံလိုက်မယ်။ ငါ မနက်ဖြန် အံ့ဖွယ်မြို့တော်ဆီ သွားမယ်။ ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့”

“…”

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သည် မျောလွင့်ကျွန်းအား လက်တစ်တည်းဖြင့် ပင့်မထားခဲ့သည် ဟူသော သတင်းက ပျံ့နှံ့သွားလေပြီ။

ထိုအရာက ယွီစီရင်စုဆီ ရောက်လာ၏။ လူများက လက်ဖက်ရည်ဆိုင်များ၊ တည်းခိုဆောင်များတွင် ထိုအကြောင်းကို ပြောဆိုနေကြသည်။ တချို့က ထိုအကြောင်း သီချင်းများပင် သီကျူးနေကြသည်။

“ရောင်းရင်း နှောင့်ယှက်ရတာ စိတ်မရှိပါနဲ့။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က မျောလွင့်ကျွန်းကို လက်တစ်ဖက်တည်းနဲ့ ပင့်မထားတယ်ဆိုတဲ့အကြောင်းကို ထပ်ပြောပြလို့ ရမလား” လက်ဖက်ရည်ဆိုင်ထဲ အစိမ်းဝတ် ဓားသမားတစ်ဦးက မျက်နှာချင်းဆိုင်ရှိ ကျင့်ကြံသူအား မေးလိုက်သည်။

“ အဲအကြောင်း ကြားချင်ရင် ကျုပ် ပြောပြမယ် …. ” ကျင့်ကြံသူက အပြုံးလေးဖြင့် ပြောလာ၏။

...

All Chapters