အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
အခန်း (၅၅၃) ဆရာနှင့်တပည့်ကြား ညနက်ချိန်ထိစကားပြောခန်း
“သူ တက်မလာဘူးလား” လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လျက် နှာမှုတ်လိုက်၏။
“ငါ သူ့ကို ခြောက်လစောင့်ပေးထားတာ။ ငရဲဂိုဏ်းကို စီမံခန့်ခွဲမည့်အစား သူက ဒီလာပြီး ငါ့ကိုလာရယ်တာလား”
“ရှစ်စွင်း ... တာ့ရှစ်ရှိုးကို နားလည်မှုလွဲနေပြီ။ ရှစ်စွင်းတံခါးပိတ်ကျင့်ကြံနေသေးတာလို့ ကျွန်တော်မြင်လို့ တာ့ရှစ်ရှိုးနဲ့ ဟွမ်းရှစ်ကျဲဆီကို စာပို့ပြီး အကူအညီတောင်းလိုက်တာ” မင်ရှစ်ရင်က ရိုးသားစွာ ပြန်ပြောလေ၏။
လုကျိုးက ပြန်မဖြေပေ။ အမှန်တကယ်ပင် သူ ဖွင့်လှစ်ခြင်းမြေကမ္ဘာစာလိပ်ကို ဆင်ခြင်သုံးသပ်ရာ၌ သုံးခဲ့ရသည့်အချိန်သည် သူ မှန်းဆတာထက်ကျော်လွန်နေ၏။
အကြီးအကဲလေးယောက်က ရွှေကြာကိုဖြတ်တောက်ထားတာဖြစ်ပြီး ပြန်လည်ကျင့်ကြံနေလေ၏။ ငါးလတာ ကုန်လွန်သွားသော်ငြား ထိုအချိန်၌ ပွင့်ချပ်ရှစ်လွှာအဆင့်သို့ သူတို့ မည်ကဲ့သို့ ပြန်ရောက်နိုင်မည်နည်း။ ထို့အပြင် ရွှေကြာမရှိသည့် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်သည် ရွှေကြာဖြင့်ပွင့်ချပ်ရှစ်လွှာတစ်ဦးကို ရင်ဆိုင်နိုင်မည်လားဆိုတာ မည်သူက သိမည်နည်း။ ထိုအချက်တွင် ဦးစားပေးသည့်အရာမရှိပေ။
ထိုအရာဖြင့် သူ၏တပည့်များသည် လျင်မြန်စွာ တိုးတက်လာသော်ငြား သူတို့သည် ပွင့်ချပ်ရှစ်လွှာနှင့် မယှဉ်နိုင်ပေ။ အမှန်တကယ်ပင် မင်ရှစ်ရင်ကို ထိုအတွက် အပြစ်တင်၍မရပေ။
သို့သော်ငြား ယွီကျန့်ဟိုင်သည် သူ၏ဆရာကို မည်သို့လေးစားရမည်မှန်းမသိသည်က အချက်တစ်ခု ဖြစ်သည်။ အဆုံးကျ လုကျိုးက ပြောလိုက်သည်။
“သူ့ကိုထွက်သွားဖို့ပြောလိုက်”
“ရှစ်စွင်း ... တာ့ရှစ်ရှိုးက ဒီနေရာထိ အဝေးကြီးခရီးနှင်လာရတာ သူ စိတ်ရင်းမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ကို အခု ထွက်သွားဖို့ပြောလိုက်မယ်ဆိုရင် .... ဒါက ကျွန်တော်ထင်ပါတယ်” မင်ရှစ်ရင်က ပြောလိုက်၏။
လုကျိုးက ဆက်ပြောလိုက်သည်။ "မင်း သူ့ကို သနားနေတယ်ဆိုရင် သူနဲ့တောင်ခြေမှာ သွားနေလို့ရတယ်”
“ကျွန်တော် ... ကျွန်တော် ဆိုလိုတာ ဒါမျိုးမဟုတ်ဘူးလေ။ ကျွန်တော်ခံစားမိတာက အင်း ... တာ့ရှစ်ရှိုးထွက်သွားသင့်တယ်” ထိုသို့ပြောပြီးနောက် မင်ရှစ်ရင်က အရိုအသေပေးကာ တောင်ခြေသို့ဆင်းသွားလိုက်၏။
ထင်သည့်အတိုင်းပင် ယွီကျန့်ဟိုင်က ထိုနေရာတွင်သာ ရပ်နေသေးဆဲဖြစ်သည်။ သူက လက်နောက်ပစ်ထား၏။ သူကလွှမ်းမိုးမှုလည်းမရှိ၊ ရိုကျိုးမှုလည်းမရှိ။ သူက အတွေးနစ်နေပုံရပြီး မိစ္ဆာဝေဟင်မျှော်နန်းကိုမော့ကြည့်နေ၏။ သူသည် မင်ရှစ်ရင်ဆင်းလာတာကိုမြင်သောအခါ ပြုံးလျက် ခေါင်းညိတ်ကာပြောလိုက်တော့သည်။ “မင်း တွေးပေးတတ်တယ်ဆိုတာ ငါ သိသားပဲ။ လောင်စစ်လာ စကားပြောကြရအောင်ကွာ”
မင်ရှစ်ရင်
“ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး”
“တာ့ရှစ်ရှိုး ဒီမှာ ဘာရပ်လုပ်နေတာလဲ” မင်ရှစ်ရင်က မေးလိုက်၏။
“ဒီမြင်ကွင်းက ငါ့ မှတ်ဉာဏ်တွေကို ပြန်ခေါ်လာပေးတာလေ။ ငါ ဝမ်းနည်းလာမိလို့” ယွီကျန့်ဟိုင်က သက်ပြင်းချလိုက်၏။
မင်ရှစ်ရင်က ဆွံ့အသွား၏။ သူ လွမ်းဆွေးတမ်းတစရာဘာတွေရှိလို့လဲ။
ယွီကျန့်ဟိုင်ကပြောလိုက်သည်။ “ငါ ပထမဆုံးဝင်လာတုန်းက မင်းတို့အားလုံးထက်ပိုပျော်ခဲ့တာ။ ရွှေနန်းဥယျာဉ်တောင်ရဲ့နေရာတိုင်းကို ငါ စူးစမ်းသွားလာခဲ့တယ်။ ငါ ဒီနေရာကို သဘောကျတယ်။ ဒီနေရာက သစ်ပင်တွေကို တစ်သက်လုံးကြည့်နိုင်တယ်”
“…”
ဘာကြောင့်လေသံက ထူးဆန်းပုံပေါ်နေပါလိမ့်။ မင်ရှစ်ရင်သည် သူ၏အတွေးကို ထုတ်မပြောရဲပေ။ သူက အစမ်းသဘောမေးလိုက်၏။
“တာ့ရှစ်ရှိုး ... ရှစ်စွင်းကိုတွေ့ဖို့ တောင်ပေါ်မတက်တော့ဘူးလား”
“မတက်ဘူး” ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက်ပြောလိုက်သည်။ “သူ အသက်ကြီးနေပြီ။ ငါတို့တွေ့စရာဘာအကြောင်းမရှိဘူး”
“သူ့ကို စကားပြောကြည့်ဖို့ မကြိုးစားသေးဘဲ အဲ့တာကို ဘယ်လိုလုပ်သိမှာလဲ” မင်ရှစ်ရင်က ရေရွတ်ပြောလိုက်၏။
ယွီကျန့်ဟိုင်က ရယ်မောလျက်ပြောလိုက်သည်။ "မင်းမျှော်နန်းမှာ ရှိတာ ဘယ်လောက်ကြာပြီလဲ”
“နှစ်ခြောက်ဆယ်”
“ငါ မျှော်နန်းမှာ ရာစုနှစ်သုံးစုနီးပါးရှိလာခဲ့တာ” ယွီကျန့်ဟိုင်က အကြီးတစ်ယောက်လေသံဖြင့် ပြောလိုက်သည်။ “ဒီကမ္ဘာကြီးမှာ ငါ့ထက် သူ့ကိုပိုသိတဲ့သူမရှိဘူး”
မင်ရှစ်ရင်သည် ယွီကျန့်ဟိုင်၏ စကားကို စဉ်းစားပြီးနောက်ပြောလိုက်၏။
“သူ့ကို ဒီလောက် ကောင်းကောင်းသိတယ်ဆိုရင် ပိုပြီးစကားပြောသင့်တာပေါ့”
“လောင်စစ် မင်းကို ရှစ်စွင်းပို့လိုက်တာ မဟုတ်ဘူးလား” ယွီကျန့်ဟိုင်က သူ့ကို လှည့်ကြည့်လိုက်သည်။
မင်ရှစ်ရင်သည် အလေးနက်မထားသော ဟန်ပန်ကို ဖယ်ကာ လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“တာ့ရှစ်ရှိုး ရှစ်စွင်းက ထွက်သွားခိုင်းပါတယ်။ ဝေးနိုင်သမျှဝေးဝေးသွား။ တခြားနည်းလမ်းမရှိရင် ရပ်နေတဲ့နေရာမှာပဲ သတ်သေလိုက်။ သူလာကယ်မှာမဟုတ်ဘူး”
“ဒါ သူပြောတာလား ဒါမှမဟုတ် ထပ်ရှိသေးလား” ယွီကျန့်ဟိုင်က စိမ်းစိမ်းဝါးဝါးကြည့်လိုက်၏။
“ကျွန်တော်သာပြောမယ်ဆို ရှစ်ရှိုး ကျွန်တော့်ကို ရိုက်နှက်မှာစိုးရိမ်ရတယ်” မင်ရှစ်ရင်က ရယ်မောလိုက်၏။
“ငါ့ကို မင်းကိုအပြစ်မတင်ဘူး”
“ရှစ်စွင်းပြောတာတော့ ရှစ်စွင်းခေါ်လာတဲ့တပည့်ဆယ်ယောက်ထဲမှာ ရှစ်ရှိုးက အဆိုးဆုံးပဲ။ အိုး ... ကျွန်တော့်ကို မရိုက်ဘူးလို့ပြောတာဆို။ ရပ် ရပ် ရပ် ကျွန်တော်ပြောလို့မပြီးသေးဘူး” မင်ရှစ်ရင်က ကမန်းကတန်းနောက်ဆုတ်ကာ သူ့အဝတ်အစားများသပ်ရပ်အောင်ပြင်လိုက်၏။
“ရှစ်စွင်းက ကြွက်တစ်ကောင်လိုမျိုး သတ္တိမရှိ အသုံးမဝင်ဘူးလို့ပြောတယ်”
ယွီကျန့်ဟိုင်က လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။ သူကပြောလိုက်သည်။
"လောင်စစ် ငါ့ရဲ့ဓားမော့ကိုကိုင်ထား။ ငါ တက်သွားမယ်” သူက လက်ဝါးဖြန့်လျက် သူ၏နဂါးသွဲ့ကျောက် ဓားမော့က လည်ထွက်လာပြီး မင်ရှစ်ရင်၏လက်ထဲရောက်သွား၏။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလိုက်သည်။ မင်ရှစ်ရင်က ပခုံးတွန့်လျက် ယွီကျန့်ဟိုင်၏နောက်ကျောကို ကြည့်လိုက်သည်။
ဒါက သောက်ရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်ကွာ ...
အနောက်အရပ်ဆီသို့ နေဝင်သွားလေ၏။ မှိန်ပျပျအလင်းတန်းတို့သည် နောက်ဆုံးတော့ ချုပ်ငြိမ်းသွားတော့သည်။
မင်ရှစ်ရင်နှင့် ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ အရှိန်ဖြင့်တက်သွားလေ၏။ သူတို့သည် မျက်စိကန်းလောက်သည့်အရှိန်ဖြင့် လှုပ်ရှားနေရာ သူတို့တစ်စုံတစ်ယောက်နှင့် တိုက်မိမှာကို စိုးရိမ်ရသည်။ သူတို့သည် ခမ်းနားသောကျင့်စဉ်ကို နှစ်ကြိမ်တောင် အသုံးပြုခဲ့ရ၏။
“တာ့ ... တာ့ရှစ်ရှိုး ကျွန်တော့်ကို စောင့်ဦး”
ယခု ယွီကျန့်ဟိုင်သည် မိစ္ဆာဝေဟင်မျှော်နန်း၏အရှေ့ဖက်မျှော်နန်းအပြင်ဖက်တွင် ရောက်နေတာ ဖြစ်သည်။ သူ အရှေ့ဖက်မျှော်နန်းအပြင်ဖက်တွင်ရပ်နေစဉ် သူ တွေးထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက် သူသည် ပျော်ရွှင်မှုကို မခံစားရပေ။ ထိုအစား အချို့သောအကြောင်းအရင်းကြောင့် သူ အနည်းငယ်စိတ်ပူပန်နေ၏။
မေ့လိုက်တော့ ... ငါ နောက်တစ်ခေါက်မှပဲ ပြန်သွားတော့မယ်။ ယွီကျန့်ဟိုင်က လှည့်ထွက်သွားရန် ပြင်ဆင်လိုက်၏။ သို့သော် သူက မင်ရှစ်ရင်၏စကားများကို ကြားချိန်၌ သူ့ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူက ကျွဲမြီးတိုသွား၏။ ငါက ကြွက်တစ်ကောင်လို သူရဲဘောကြောင်တဲ့သူဆိုတာ ဘာကို ဆိုလိုတာလဲ။ သူက ပြန်လှည့်လာပြန်သည်။
မင်ရှစ်ရင်သည် နောက်ဆုံးတော့ ယွီကျန့်ဟိုင် ဘေးသို့ရောက်လာ၏။ သူက မေးလိုက်၏။
“အမ်း ... တာ့ရှစ်ရှိုး ဘာကြောင့်မဝင်သွားတာလဲ”
ယွီကျန့်ဟိုင်က အနေခက်မှုကို ဖုံးကွယ်ရန် သူ၏အတွေးများကို ဖယ်ရှားလိုက်သည်။
“လောင်စစ် အခုနောက်ကျနေပြီ။ နောက်နေ့မှ ပြန်လာမယ်”
မင်ရှစ်ရင်က ကောင်းကင်ကို မော့ကြည့်လျက် တအံ့တဩဆိုလိုက်သည်။
“ခုနကမှ နေဝင်သွားတာ မဟုတ်ဘူးလား”
“တာ့ရှစ်ရှိုး ... ရှစ်စွင်းက အဲ့ဒီစကားတွေပြောလို့ စိတ်ဆိုးနေတာတော့ မဟုတ်ဘူးမလား”
“ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ဆူပူတာ ပုံမှန်ပဲလေ။ ငါတို့တပည့်တွေအနေနဲ့ ဆရာ့ကို ဘာကြောင့် တေးထားမှာလဲ” ယွီကျန့်ဟိုင်က မင်ရှစ်ရင်၏ပခုံးကို ပုတ်လိုက်၏။
“မင်းက ငယ်ရွယ်ဖျတ်လတ်မှုတွေ ပြည့်နေတာ။ မင်းလဲ ငါ့လိုမျိုး လှုပ်ရှားမှုတွေ လုပ်သင့်တယ်”
“အမ်း”
“နောက်မှတွေ့မယ်” ယွီကျန့်ဟိုင်က လှည့်ထွက်သွားတော့မည့်အချိန်တွင် အရှေ့ဖက်မျှော်နန်းဆီကနေ အသံသဲ့သဲ့ ထွက်ပေါ်လာ၏။
“မင်း ဒီကိုရောက်လာပြီဆိုမှတော့ ဘာကြောင့်ဝင်မလာတာလဲ”
ယွီကျန့်ဟိုင် “...”
ယွီကျန့်ဟိုင်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ မင်ရှစ်ရင်တောင် အံ့ဩသွားသည်။ ရှစ်စွင်းရဲ့ အကြားအာရုံက ဘယ်အချိန်ကစပြီး ဒီလောက်ထက်လာတာလဲ။
ဘန်း
အရှေ့ဘက်မျှော်နန်း၏တံခါးသည် လေပြင်းကြောင့် တွန်းဖွင့်ခံလိုက်ရသည်။
လုကျိုးသည် လက်တစ်ဖက်ကို နောက်ပစ်ထားလျက် မျှော်နန်းထဲကနေထွက်လာကာ သူ့ရှေ့၌ နောက်လက်တစ်ဖက်ကို ဆန့်တန်းလိုက်၏။ သူ၏မီးခိုးရောင်ဆံပင်များနှင့် တာအိုဝတ်ရုံတို့ဖြင့် သူက တန်ခိုးရှင်တစ်ပါးပမာ မှန်ကန်ဖြောင့်မတ်မှု အငွေ့အသက်တို့ရှိနေလေ၏။ သူက လှေကားထစ်များပေါ်ပျံသန်းလာခိုက် ခမ်းနားသောကျင့်စဉ်ကို ထုတ်သုံးလိုက်သည်။
ဝှစ်
လုကျိုးသည် အရှေ့ဘက်မျှော်နန်းအပြင်ဖက်၌ ပေါ်လာ၏။
ယွီကျန့်ဟိုင်က မျက်လုံးပြူးကျယ်သွားပြီး တုန်ယင်သွားသည်။
“တင်း ... ယွီကျန့်ဟိုင်ကို သွန်သင်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်နှစ်ရာ”
မင်ရှစ်ရင်က အရိုအသေပေးလျက် ပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော်သွားပါတော့မယ်” ဤနေရာကနေ ဝေးဝေးနေရင် အကောင်းဆုံးဟု တွေးလိုက်သည်။
လုကျိုးသည် မင်ရှစ်ရင်ကို လျစ်လျူရှုထားလျက် ယွီကျန့်ဟိုင်ကို ကြည့်နေသည်။ သို့သော် သူသည် တစ်ချက်မျှသာ ကြည့်ပြီးနောက် တောင်နောက်ဆီသို့လျှောက်သွားလိုက်၏။
ယွီကျန့်ဟိုင်သည် သူ၏ရှစ်စွင်း ဆိုလိုတာကိုသဘောပေါက်၏။ သူစိတ်ပူပန်နေသော်ငြား ယခုအချိန်တွင် ရွေးချယ်စရာမရှိဘဲ ရှစ်စွင်းနောက်လိုက်ရမည်။ သူ့ရှစ်စွင်းနောက်က လျှောက်သွားလိုက်၏။
သူတို့လျှောက်သွားသည့်နှုန်းက မြန်လည်းမမြန်။ နှေးလည်းမနှေးပေ။
ထိုစဉ် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က တောင်နောက်၌ ကြိုးစားပမ်းစား ကျင့်ကြံနေ၏။ နေဝင်ချိန်ဆိုသော်ငြား သူတို့၏ပတ်ဝန်းကျင်ကိုမြင်နိုင်သေးသည်။
“အစ်ကိုကျိုး ... မြန်မြန် မြန်မြန် လူသစ်တစ်ယောက်” ဖန်ကျုံးသည် သူတို့ဆီ ဖြည်းဖြည်းချင်းလျှောက်လာသော လုကျိုးနှင့် ယွီကျန့်ဟိုင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ငါ ထင်တာမမှားရင် ဒါက မျှော်နန်းသခင်ရဲ့မိတ်ဆွေပဲ”
“မင်းခန့်မှန်းတာတွေကို ရပ်လိုက်။ ဒီနေရာက ထွက်သွားကြရအောင်” ဖန်ကျုံးသည် လျင်မြန်စွာ ထွက်ပြေးသွား၏။ ကျိုးကျစ်ဖုန်းက ခေါင်းညိတ်လိုက်သည်။
“မင်း ပြောတာ အဓိကကျတယ်” သူသည်လည်း ကျန်သည့်သူများကို မမြင်သည့်ပမာ လျင်မြန်စွာ ထွက်သွားတော့၏။
ယွီကျန့်ဟိုင်သည် တောင်၏အနောက်ဖက်အမြင့်ဆုံးနေရာဆီသို့ လုကျိုးနောက်က လိုက်သွားသည်။ ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၏အတိတ်ဆိတ်ဆုံးနေရာလည်း ဖြစ်သည်။
လုကျိုးက လှည့်လာ၏။ သူက မုတ်ဆိတ်သပ်လျက် ထူးမခြားနားမေးလိုက်သည်။
“မင်း ကုယီရန်ကို သတ်လိုက်တာလား”
ယွီကျန့်ဟိုင်က သူ၏ရှစ်စွင်းဖက်သို့လျှောက်သွားကာ တောင်ကို မော့ကြည့်ပြီး သူ့ရှေ့ရှိမြစ်ပြင်ကို ကြည့်ကာပြောလိုက်သည်။ “ဟုတ်ပါတယ်”
“မင်း ဘယ်နေရာ ဒီနှစ်တွေထဲ မိစ္ဆာဝေဟင်မျှော်နန်းကို ထိပ်သီးဆရာကြီး ဆယ်ယောက်တိုက်ခိုက်တဲ့အချိန် မင်း ဘယ်ရောက်နေလဲ” လုကျိုးကမေးလိုက်၏။
ယွီကျန့်ဟိုင် ရင်ထဲတစ်စုံတစ်ခု မွှေနှောက်သွားသည်။ ထင်သည့်အတိုင်း သူ့ဆရာက ရင်ထဲမှတ်ယူထားဆဲဖြစ်သည်။ သူက ပြောလိုက်သည်။
"စစ်ကူအနေနဲ့ ဓားရူးသုံးယောက်ထဲကတစ်ယောက် ချန်ဝမ်ကျဲကို ကျွန်တော်ပို့ပေးခဲ့တယ်။ ဒါပေမဲ့ သူက နှစ်ဖက်ခွမိစ္ဆာဖြစ်နေတယ်” လုကျိုးက ခေါင်းခါလိုက်၏။ ချန်ဝမ်ကျဲကဲ့သို့ တစ်စုံတစ်ယောက်က ဘာတတ်နိုင်မည်နည်း။ ထိပ်သီးဆရာကြီးဆယ်ယောက်ကို ရင်ဆိုင်ရန် ပွင့်ချပ်ခုနစ်လွှာချန်ဝင်ကျယ်ကို ပို့ပေးခြင်းသည် သူ့ကိုသတ်သေရန် တာဝန်ပေးလိုက်ခြင်းနဲ့တူ၏။
“ထိပ်သီးသိုင်းပညာရှင်ဆယ်ယောက် ငါ့ကို မတိုက်ခိုက်ခင် သူတို့တွေက ငါ့ရဲ့လှုပ်ရှားမှုကို ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ”
…
အခန်း(၅၅၄) ငါ ဘယ်လိုဖြစ်ဖြစ် တက်သွားမယ်
“သတင်းပေါက်ကြားစေတဲ့လူကို ရှစ်စွင်း သတ်ပြီးပါပြီ ” ယွီကျန့်ဟိုင်က ချက်ချင်း တုံ့ပြန်လိုက်သည်။
“ယုံရှို့လား” လုကျိုးက လျိုကောဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ သူနှင့်လျိုကော တိုက်ခိုက်နေစဉ်အတွင်း သူ မသေဆုံးခင် သတင်းအချက်အလက်များကို ထုတ်ဖော်သွားခဲ့သည်။
လျိုကောက မသေဆုံးခင် ကျိထျန်းတောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်ဖြစ်ကြောင်း သေချာသွားခဲ့၏။ သူသာ လုကျိုးအား စကားဖြင့် ဖျောင်းဖျနိုင်မည်ဆိုလျှင် စကားဖြင့်သာ ပြောခဲ့မှာဟု ပြောသေးသည်။ သို့သော်လည်း လုကျိုးက ဆက်တိုက်ခေါင်းမာနေလျှင် လုကျိုးအား သတ်ပစ်ဖို့သာ ကျန်တော့၏။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ ကျွန်တော့်မှာလည်း ကိုယ့်အစီအစဉ်နဲ့ကို ရှိတာ ဝန်ခံပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မငြင်းပါဘူး”
လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်၏။ “ မင်းက ကမ္ဘာကြီးကို အဲလောက်တောင် အုပ်စိုးချင်တာလား”
“ဟုတ် ”
“အဲဒီနောက်ရော ဘာဆက်လုပ်မှာလဲ” လုကျိုးက မေးလိုက်သည်။
ယွီကျန့်ဟိုင်က ခဏမျှ တိတ်ဆိတ်သွားလေသည်။ ညအခါက ကြယ်တာရာများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက ဆိတ်ငြိမ်နေသည်။
“အဲဒီအကြောင်းကို တွေးမကြည့်ရသေးဘူး …” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“အုပ်စိုးဖို့က အရင် ”
လုကျိုးက ယွီကျန့်ဟိုင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူက အလေးအနက် ပြောလိုက်၏။
“ငါ မင်းကို လက်ခံတုန်းက မင်း ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ မင်းက တခြားလူတွေနဲ့ ကွဲပြားတယ်။ မင်းက လောကကြီးရဲ့ အခက်အခဲတွေကို နားလည်ပြီးတော့ ဒုက္ခအမြောက်အများ ကြုံတွေ့ခဲ့ရတယ်။ မင်းက တခြားလူတွေ မလုပ်နိုင်တာကိုလည်း တောင့်ခံနိုင်ခဲ့တယ်။ မင်း စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ရောက်တုန်းက စိတ်ပေါ့ပါးပြီး ဂုဏ်ယူနေခဲ့တာ မှတ်မိသေးတယ်။ မင်းက အမြင့်ဆုံးမှာ ရပ်တည်ဖို့ ကျိန်ဆိုခဲ့တယ် …. ”
ယွီကျန့်ဟိုင်က ထိုစကားများကြားသည့်အခါ စိတ်ထဲ တစ်ခုခု ဖြစ်သွားသည်။ သူ့ကိုယ်တိုင်ပင် ကိစ္စများစွာကို မမှတ်မိတော့ပေ။ သူ့ရှစ်စွင်းက မှတ်မိနေသည့်အတွက် အံ့ဩနေမိ၏။ သူက စမ်းသပ်ချက်များစွာကို ကြုံတွေ့ခဲ့လွန်း၍ စိတ်နေစိတ်ထားက ရေသေလို တည်တည်ငြိမ်ငြိမ် ကျန်ရှိနေလေသည်။
လုကျိုးက ဆက်ပြောလိုက်သည်။
“မင်းကို ကောင်းကောင်း မသင်ပြနိုင်ခဲ့တာ ငါ့အမှားပါ”
ယွီကျန့်ဟိုင်က ထိုမှတ်ချက်ကြောင့် အံ့အားသင့်သွားသည်။ သူ့ရှစ်စွင်းသည် အမှားကို အလွယ်လေး ဝန်ခံမည့်လူ မဟုတ်ပေ။ သူက ဒူးတစ်ဖက်ထောက်ကာ မြေပေါ် လက်တစ်ဖက်ထောက်ရင်း ပြောလိုက်သည်။
“ကျွန်တော် မပြောဝံ့ပါဘူး ”
“မင်းက ငါ့တပည့်လို့ မင်းဘာသာ ပြောပေမဲ့ ငါက မင်းရှစ်စွင်းလို့ ငါ့ဘာသာ မခေါ်ရဲဘူး ” လုကျိုးက သက်ပြင်းချလိုက်သည်။
“တင်း … ယွီကျန့်ဟိုင်ကို သင်ကြားဆုံးမတဲ့အတွက် ကုသိုလ်ရမှတ် နှစ်ရာ ရရှိပါတယ် ”
ယွီကျန့်ဟိုင်က ခေါင်းငုံ့လိုက်ပြီးနောက် ဘာမှမပြောရဲပေ။
လုကျိုးက လက်နောက်ပစ်ကာ “ မင်းက မဝေးတော့တဲ့ အနာဂတ်မှာ တာ့ယန်ရဲ့ အုပ်ချုပ်သူ ဖြစ်လာတော့မှာဆိုတော့ အဲဒီအချိန်ကျ ငါက မင်းရှေ့ ဒူးထောက်ရမှာပဲ ”
ယွီကျန့်ဟိုင်က တုန်သွားလေသည်။ သူက ကျန်ဒူးတစ်ဖက်ကိုပါ ထောက်လိုက်ပြီး “ရှစ်စွင်း ဘာလို့အဲလိုပြောရတာပါလဲ”
လုကျိုးက ယွီကျန့်ဟိုင်အား ကြည့်ကာ အသံမြှင့်မေးလိုက်သည်။ “ငါ မှားလို့လား”
ထို့နောက် သူက ဆက်ပြောလိုက်သည်။ “ ငါ့ဆီမှာ သတင်းအရင်းအမြစ် ရှိတယ်။ သူ့နာမည်က ကျန့်အိုက်ကျန်းတဲ့။ သူက တာ့ယန်ရဲ့ တတိယမင်းသားပဲ။ သူ့စွမ်းရည်နဲ့ဆိုရင် ပလ္လင်ရယူဖို့ မခက်ဘူး။ သူ့ကိုယ်သူ နန်းတော်ကနေ ဘာလို့ဝေးဝေးနေလဲ သိလား”
ယွီကျန့်ဟိုင်က ခေါင်းခါလိုက်သည်။
လုကျိုးက ပြောလိုက်၏။ “သူက ကျင်းဟယ်နန်းဆောင်မှာ လူတစ်ထောင်ကျော် သေသွားတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရလို့ပဲ။ သူ့အမေလည်း အဲထဲက တစ်ယောက်ပဲ”
သူက ခဏတာ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “သူက ဧကရာဇ် ဖြစ်လာပြီးတေ့ သတ်ဖြတ်နိုင်မဲ့ အာဏာ ရယူနိုင်တယ်။ ကျင်းဟယ်နန်းဆောင်က လူတစ်ထောင်ကျော်အတွက် လက်စားချေပေးနိုင်တယ်။ ဒါပေမဲ့ သူ မလုပ်ခဲ့ဘူး။ သူက ဉာဏ်ပိုရှိတဲ့ အရာကို ရွေးချယ်သွားခဲ့တယ်”
သူ့စကားများကို ပြန်ရှင်းပြနေဖို့ မလိုတော့ပေ။ လုကျိုးအနေနှင့် ယွီကျန့်ဟိုင်သည် ကျန့်အိုက်ကျန်းအကြောင်းကို စီးဝူယာ့ဆီမှ ကြားဖူးထားမည် ဖြစ်ကြောင်း သေချာနေသည်။ သူက ရွှင်းထျန်းစံအိမ်အကြောင်းမှ အဖြစ်အပျက်များလည်း ယွီကျန့်ဟိုင် နားထဲ ပြန်ရောက်လိမ့်မည်ဟု ယုံကြည်ထားသည်။
ယွီကျန့်ဟိုင်၏ အသံက တဖန် တုန်ခါသွားကာ “ကျွန်တော်က ရှစ်စွင်းနဲ့ မတူဘူး။ ဒီလိုမေးခွန်း မေးရတာ ရဲတင်းလွန်းနေလောက်ပေမဲ့ … ”
“ဘာလဲ”
ယွီကျန့်ဟိုင်က လုကျိုးအား မော့ကြည့်လာသည်။ သူက လိုလန်သို့ ရောင်းချခံရစဉ်အခါက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မှတ်မိနေသေးသည်။ သူ လူအုပ်ကြား ပေါက်စီတစ်လုံးအတွက် မည်မျှကြိုးစား တိုက်ခိုက်ခဲ့ရပြီး ကျရှုံးခဲ့ရသည်။
“ တစ်လတာလုံး အညစ်အကြေးကလွဲပြီး စားစရာမရှိတာ ဘယ်လိုခံစားချက်မျိုးလဲ သိလား“
ယွီကျန့်ဟိုင်၏ မေးခွန်းက အမှန်တကယ် ရဲတင်းလှသည်။ သူ့လက်ဝါးက ချွေးများပင်စို့လာပြီး နောက်ကျောဘက်က အေးစက်စက် ဖြစ်လာသည်။ သို့သော်လည်း မင်ရှစ်ရင်၏ စကားများကို အမှတ်ရသွားသည့်အခါ သူက သတ္တိစုစည်းပြီး ဆက်မေးလိုက်၏။
“လုံးဝ မလှုပ်နိုင်တဲ့အချိန်မှာ တစ်ယောက်ယောက်က မျက်နှာပေါ် တက်နင်းထားတာရော ဘယ်လိုခံစားရလဲ သိလား ”
သူက မေးခွန်းတစ်ခု မေးပြီးပြီဖြစ်၍ အောင့်အီးမထားတော့ပေ။ သူက အသက်ပြင်းပြင်းရှုကာ ဆက်မေးလိုက်၏။
“ အယုံရဆုံးလူက နှလုံးသား ဓားနဲ့ထိုးသွားတာ ဘယ်လောက်တောင် နာကျင်ရလဲ သိလား ”
လုကျိုးက ပထမမေးခွန်းနှစ်ခုကို သည်းခံပေးနိုင်သော်လည်း နောက်မေးခွန်းကမူ ဒဏ်ရာပေါ် ဆားလာဖြူးနေသလို ဖြစ၏။ သူက လက်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ “ငမိုက်သား”
ဖြောင်း
လုကျိုးက ယွီကျန့်ဟိုင် ပါးကို ရိုက်ချလိုက်သည်။
“တင်း ယွီကျန့်ဟိုင်ကို ဆုံးမသင်ကြားပေးနိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”
ယွီကျန့်ဟိုင်က မရှောင်ပေ။ သို့သော်လည်း သူက အလျော့မပေးသေးပေ။ “ရှစ်စွင်းက အဆင့်အတန်းမြင့်မားတဲ့လူပါ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင် … ကမ္ဘာမှာ အားအကောင်းဆုံး ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ … ရှစ်စွင်းကို ဘယ်သူက ငြင်းဆန်ရဲမှာလဲ။ ဒါပေမဲ့ ကျွန်တော်က မဟုတ်ဘူး .. အဲလို မဟုတ်ဘူး ”
သူ့အသံက ပိုမိုတုန်ယင်လာသော်လည်း အားအပြည့်ဖြစ်၏။
“ ကျွန်တော်က ဘာမှအသုံးမကျတဲ့လူ … ဘယ်သူမဆို ကျွန်တော်ကို နင်းခြေပြီးတော့ တံတွေးထွေးချနိုင်တယ် … အာဏာရှိတဲ့လူတွေရဲ့ အသက်က အဖိုးတန်ပေမဲ့ ဝူချီအန်း သာမန်ပြည်သူတွေရဲ့ ဘဝက တစ်ခါသုံးလား။
ဝက်တွေ၊ ခွေးတွေကို စဉ့်နီတုံးပေါ် တင်ထားပြီး သားသတ်သမားက သူတို့ဓားနဲ့ ခန္ဓာကိုယ်ထဲ ထိုးလိုက်တဲ့အချိန် သူတို့တောင် ရုန်းကန်ကြသေးတာပဲ။ ကျွန်တော်က ခွေးတွေ၊ ဝက်တွေထက် နိမ့်ကျနေလို့လား … ကျွန်တော်မှာ ရုန်း … ရုန်းကန်ခွင့်တောင် မရှိဘူးလား။ ကျွန်တော် အမြင့်ဆုံးကို တက်သွားချင်တယ်”
ယွီကျန့်ဟိုင်က ရုတ်ခြည်းဆိုသလို ဒူးကို ချာခနဲလှည့်ကာ တောင်တန်းတွေ၊ မြစ်ဘက် မျက်နှာမူလိုက်သည်။
“ အမြင့်ဆုံးအနေအထားကို ရောက်နေမှပဲ တခြားလူတွေက မော့ကြည့်လာကြလိမ့်မယ် ”
“တော်တော့ ”
ယွီကျန့်ဟိုင်က အနည်းငယ် အံ့အားသင့်သွားသည်။ သူက ခက်ထန်သည့် အမူအရာရှိနေသည့် ရှစ်စွင်းအား ကြည့်လိုက်သည်။ သူက ဒေါသထွက်နေမှန်း သိသာလှ၏။
လုကျိုးက ယွီကျန့်ဟိုင်သည် သူ့ထင်မြင်ချက်အတိုင်း ဖြစ်မလာသည့်အတွက် စိတ်တိုနေသည်မှာ သိသာလှသည်။
“ မင်းက ပူးကပ်ခံထားရတာပဲ … မိုးကောင်းကင်အောက်မှာ ဒီလိုအခက်အခဲ ဒုက္ခတွေ ခံစားရတာ မင်း တစ်ယောက်တည်းလို့ ထင်နေလား။ ငါကရော ငယ်ငယ်တုန်းက စွန့်ပစ်မခံခဲ့ရဘူးများ ထင်နေလား။ ငါ ပွင့်ချပ်ရှစ်လွှာအဆင့်ကို လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက တက်လှမ်းခဲ့တယ်။ ငါ့ရဲ့ နှစ် ၇၀၀ သက်တမ်းမှာ မင်းထက် လွယ်ကူတဲ့အရာ ဘာရှိခဲ့လို့လဲ။
ငါက ပွင့်ချပ်ရှစ်လွှာအဆင့်ကို အလွယ်လေး ရောက်လာတယ်လို့ ထင်နေလား။ ငါ ဘာတွေဖြတ်ကျော်ခဲ့ရတယ်ဆိုတာ မင်း မသိပါဘူး။ ငါ့ဘဝကြီး ဘယ်လောက်ခက်ခဲကြောင်း ငြီးငြူပြနေရမှာလား။ မင်းလိုမျိုး ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ဖို့ ငါ ဘယ်လောက်အားစိုက်ထုတ်ခဲ့ရလဲ။ လောကကြီးက အမြဲတမ်း မတရားဘူး။ မင်းက မောက်မာပြီးတော့ မသိတတ်ဘူး။ ငါ့ဆီမှာ မင်းလိုတပည့်မျိုး ဘာလို့ရှိနေရတာလဲ ”
ယွီကျန့်ဟိုင်က ကြောင်အမ်းသွားသည်။ အချိန်တစ်ခုအထိ သူက ဆွံ့အနေ၏။ ထို့နောက် သူက တစ်ကိုယ်ကောင်းဆန်မိကြောင်း ရုတ်ခြည်းဆိုသလို သဘောပေါက်သွားကာ “ရှ … ရှစ်စွင်း ”
မှန်ပေသည်။ လောကကြီးထဲတွင် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူကများ လွယ်ကူခဲ့လို့လဲ။ မည်သူကများ အခက်အခဲတွေကို မကြုံတွေ့ဖူးဘဲ နေမည်နည်း။
လုကျိုးက ခက်ထန်စွာ ပြောလိုက်သည်။
“ငါ့ကို ရှစ်စွင်းလို့ မခေါ်နဲ့ ”
ယွီကျန့်ဟိုင်က ဦးညွှတ်ကာ ဘန်းခနဲ ဝပ်တွားလိုက်သည်။
ထိုစဉ် လေထုက ငြိမ်သက်နေဟန်ပေါ်သည်။
လုကျိုးက လက်နောက်ပစ်ကာ ယွီကျန့်ဟိုင်အား ကျောပေးထားလိုက်သည်။ သူက ဘာမှဆက်မပြောတော့ပေ။
နှစ်ယောက်သား တိတ်ဆိတ်နေကြပြီး တစ်ယောက်က မတ်တတ်ရပ်နေကာ တစ်ယောက်ကမူ ဒူးထောက်နေ၏။
နှစ်ယောက်လုံးက စကားဆက်မပြောကြတော့ပေ။
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် လမင်းကြီးလည်း မြင့်တက်လာပြီ ဖြစ်၏။
လုကျိုးက သက်ပြင်းချကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ယွီကျန့်ဟိုင်က တုန်ယင်သွား၏။
“ငါ ပြောလိုက်မယ်။ မင်း လက်စားချေချင်တာ အဆင်ပြေတယ်။ ဒါပေမဲ့ မင်းကိုယ်မင်း မျက်ကန်းတစ်ယောက် မဖြစ်စေနဲ့။ မင်း အံ့ဖွယ်မြို့တော်ကို သိမ်းလိုက်လည်း ရတယ်။ ဒါပေမဲ့ မင်းကိုယ်မင်း အာဏာကြောင့် မပျောက်ဆုံးသွားစေနဲ့ ”
ယွီကျန့်ဟိုင်က ရုတ်ခြည်း သဘောပေါက်သွားသည်။ သူက ဘယ်လိုခံစားနေရမှန်း မသိတော့ပေ။
လုကျိုးက လှည့်ထွက်လိုက်၏။
ဝုန်း
ထိုအရာကို မြင်ကာ ယွီကျန့်ဟိုင်က ထပ်မံ ဦးတိုက်ချလိုက်ပြန်သည်။
…
အခန်း (၅၅၅) မြင့်မားသော အဆောက်အဦဆီသို့ တစ်ကိုယ်တော် တက်လှမ်းခြင်း
ယွီကျန့်ဟိုင်သည် အပြစ်ပေးခံရန် ပြင်ဆင်ထားလေ၏။ ဆိုရလျှင် သူ စိတ်ထဲရှိအရာကို ထုတ်ပြောရန် သူ သတ္တိမွေးထားတာဖြစ်သည်။ သူ၏ဆရာက သူ့ကိုရိုက်လျှင်တောင် သူ စောဒကတက်မှာမဟုတ်။ သူ့ဆရာနှင့် ကုန်ဆုံးခဲ့သည့်နှစ်များအရ သူ၏ဆရာက မည်မျှ ယုတ္တိမတန်ကြောင်း သူ ကောင်းကောင်းသိသည်။ ရဲတင်းစွာ စကားပြောရန်မဆိုထားနှင့် သူ၏ဆရာသည် သူနှင့်မတူညီသည့်အမြင် စိုးစဉ်းမျှရှိလျှင် မလေးမစားပမာပခန့်ပြုသည်ဟု သတ်မှတ်လိမ့်မည်။ သူက ကြောက်လန့်မှုကြောင့် အရိုအသေပေးလိုက်သည်။ သူ၏ဆရာက သူ၏စကားများကို နားထောင်ပေးလိမ့်မည်ဟုလည်း သူမျှော်လင့်ခဲ့သည်။
လုကျိုးသည် မြေပြင်ပေါ်တွင်ရှိနေသေးသော ယွီကျန့်ဟိုင်ကို ကြည့်ပြီးပြောလိုက်သည်။ “ထပြီး စကားပြော”
“မလုပ်ရဲပါဘူး”
“ငါ ပြောဖို့လိုတာပြောပြီးပြီ။ မင်း ဆက်ပြီး ဒူးထောက်ချင်ရင်လည်း ထောက်လိုက်တော့”
လုကျိုးကပြောလိုက်၏။
လုကျိုး၏စကားကိုကြားသောအခါ ယွီကျန့်ဟိုင်က မော့ကြည့်ပြီးနောက် ထရပ်လိုက်သည်။
သူ ပြောနေတာနဲ့ ဆန့်ကျင်ဖက် ပြုမူနေတာပဲ။ သူ့ရဲ့ခေါင်းမာမှုက ငယ်ငယ်လေးတည်းက မပြောင်းလဲသွားဘူး။
ကျိထျန်းတောက်သည် ကျန်သည့်သူများ၏အကြောင်းပြချက်များကို တစ်ခါမှသဘောမကျတာကို လုကျိုးသတိပြုမိ၏။ ကျိထျန်းတောက်သည် တစ်ပါးသူတို့ကို သူ၏လက်သီးဖြင့်ဖျောင့်ဖျဖို့ ပိုအားသန်သူဖြစ်သည်။ တကယ်တော့ လက်သီးသုံးခြင်းက ပြဿနာများစွာကိုဖြေရှင်းနိုင်၏။ သို့သော် လက်သီးဖြင့် ဖြေရှင်း၍မရနိုင်သော ကိစ္စများစွာရှိသည်။
လုကျိုးသည် ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။
ယွီကျန့်ဟိုင်သည် သူ၏အနေအထားကို ထိန်းရန်အကောင်းဆုံးကြိုးစားသော်ငြား ထရပ်ပြီးနောက် အသက်ရှူရန်ခက်ခဲနေသည်။ ဤစကားပြောဆိုမှုက ပြင်းထန်သည့်ဖိအားဆောင်ယူလာ၏။ ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်က ယခု အချိန်တွင် စိုးရိမ်ပူပန်နေ၏။
“တော်လောက်ပြီ” လုကျိုးက လက်ဝေ့ယမ်းလျက် တခြားဖက်သို့လျှောက်သွားသည်။ “ယောက်ျားတစ်ယောက်က သွေးထွက်လို့ရတယ်။ စကားများတဲ့လူတွေက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့မကိုက်ညီဘူး။ ဒီအတိုင်းဆို အံ့ဖွယ်မြို့တော်ကို မင်း ဘယ်လိုဖြေရှင်းမှာလဲ”
ယွီကျန့်ဟိုင်သည် လုကျိုး၏စကားကိုကြားသောအခါ တုန်ယင်သွား၏။ သူက အမြန်ပင် အရဲစွန့်လျက်မေးလိုက်သည်။ “ရှစ်စွင်း သ ... သဘောတူလိုက်တာလား”
လုကျိုးက လျှောက်သွားကာပြောလိုက်၏။ “ငါက အမြဲစကားတည်တယ်။ ခြောက်လ ... မင်း တစ်လတောင် အချိန်မကျန်တော့ဘူး။ အချိန်ကျလာရင် မင်းကို အပြစ်ပေးမယ်”
ယွီကျန့်ဟိုင်က ပျော်ရွှင်သွား၏။ သူက အရိုအသေပေးကာပြောလိုက်တော့သည်။ “ဒီလိုဆိုရင် ကျွန်တော်တစ်ခုတောင်းဆိုချင်ပါတယ် ရှစ်စွင်း”
“ဘာလဲ”
“အခု ငရဲဂိုဏ်းရဲ့ထိန်းချုပ်မှုအောက်မှာ စီရင်စုကိုးခုရောက်နေပြီ။ တတ်နိုင်မယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်သူကမှ ဒီကိစ္စမှာ ဝင်မနှောင့်ယှက်စေချင်ဘူး” ယွီကျန့်ဟိုင်က ပြော၏။
လုကျိုးက လမ်းလျှောက်တာ ရပ်တန့်လိုက်သည်။ သူက ယွီကျန့်ဟိုင်ကိုကြည့်ပြီး မေးလိုက်၏။ “မင်း ယုံကြည်ချက်ရှိလား”
“ကျွန်တော့်မှာ ချိရှစ်တိရှိတာပဲ” သူက ပြောလိုက်၏။ “ကမ္ဘာပေါ်မှာ ဘယ်အရာကမှမသေချာဘူး။ ဒီကိစ္စသဘောတူပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှစ်စွင်း”
လုကျိုးသည် ချက်ချင်းအကြောင်းမပြန်ပေ။ ထိုအစားသူက ရှေ့ဆက်လျှောက်လိုက်၏။ သူသည် ဧရာမကျောက်တုံးကြီးဆီသို့ရောက်သွား၏။ ထိုပေါ်၌ ‘ဟိုက်’ ဟူသော စကားလုံးကို ထွင်းထုထားသည်။ သူက ဟိုက် ကိုလက်ညှိုးထိုးပြကာ မေးလိုက်သည်။ “လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်း ဒါကို ထွင်းထုခဲ့တယ်။ မင်း မှတ်မိလား”
အက္ခရာက ရှုပ်ထွေးပြီး ယိမ်းယိုင်နေ၏။ အချိန်နှင့် ရာသီဥတု၏တိုက်စားမှုကြောင့် ဖြစ်ဟန်တူသည်။ သို့သော်ငြား ရှင်းရှင်းလင်းလင်းမြင်နေရသေး၏။
ယွီကျန့်ဟိုင်က ပြုံးလျက်ပြောလိုက်သည်။ "ကျွန်တော်မှတ်မိပါတယ်”
လုကျိုးက မတ်တတ်ရပ်နေသေးဆဲဖြစ်သည်။ သူက ယွီကျန့်ဟိုင်ကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းက အကြီးဆုံးပဲ။ အရာအားလုံးကို မင်း ပခုံးထမ်းတာ သဘာဝကျတယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သံမဏိစည်းမျဉ်းက ဒီစကားလုံးလိုမျိုးပဲ မင်းရင်ထဲမှာ တစ်သက်လုံးထွင်းထုထားဖြစ်ဖို့ ငါ မျှော်လင့်တယ်”
ယွီကျန့်ဟိုင်က ဒူးတစ်ဖက် ထပ်ထောက်လိုက်၏။ “တပည့်တွေက တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်သင့်ဘူး။ ဒါကို ကျွန်တော် မမေ့ရဲပါဘူး”
ဧရာမကျောက်တုံးပေါ်ရှိစကားလုံးသည် ယွီကျန့်ဟိုင်ကို ဤနေရာ၌ သူ ကျင့်ကြံခဲ့သည့်ကာလကို အမှတ်ရသွားစေသည်။ အချိန်ကုန်ဆုံးတာမြန်လေ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းသုံးရာ ကုန်ဆုံးသွားလေပြီ။
သစ်ပင်များနှင့်ပန်းပင်များက ယခုဆိုစိမ်းလန်းစိုပြေလာလေပြီ။ အရာအားလုံးပြောင်းလဲသွား၏။
လေတို့က လုကျိုး၏မုတ်ဆိတ်ကို ပွတ်သပ်သွားသည်။ အကြောင်းပြန်လှန်ကတ်က သူ့ကို ပိုငယ်ရွယ်သွားစေသည့်တိုင် သူ၏သွင်ပြင်က အဘိုးအိုတစ်ယောက်ဖြစ်နေသေးဆဲဖြစ်သည်။
လုကျိုးက ယွီကျန့်ဟိုင်ကို ကြည့်ပြီးပြောလိုက်၏။ “ယွီကျန့်ဟိုင်”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ငါက မင်းဖြစ်ခဲ့တယ်။ တစ်နေ့ကျရင် မင်းက ငါ ဖြစ်လာမှာပဲ။ မနေ့တုန်းက ကိစ္စထပ်ဖြစ်လာခဲ့ရင် မင်း ဘာလုပ်မလဲ”
ယွီကျန့်ဟိုင်သည် မေးခွန်းကိုကြားသောအခါ မှင်တက်သွား၏။
လုကျိုးသည် အဖြေကိုမစောင့်ပေ။ သူကအင်္ကျီလက်ကိုဝေ့ယမ်းလျက် ထွက်သွားတော့သည်။
တောင်နောက်ကတိတ်ဆိတ်သွားတော့သည်။ သူမသိလိုက်သေးခင် ညနက်သွားလေပြီ။
အတော်ကြာပြီးနောက် ယွီကျန့်ဟိုင်က ရေရွတ်ပြောလိုက်သည်။ “ကျွန်တော့်ကို ပြန်စတင်ဖို့ အခွင့်အရေးတစ်ခုပေးတယ်ဆိုရင် ကျွန်တော် ထပ်လုပ်ဦးမှာပဲ”
...
မိစ္ဆာဝေဟင်မျှော်နန်း၏တောင်တန်းအလယ်တွင်ဖြစ်သည်။
မင်ရှစ်ရင်သည် ယခုအချိန်၌ ယွီကျန့်ဟိုင်ကို တောင်အောက်သို့ပို့ပေးနေပြီး သူက မေးလိုက်သည်။
“တာ့ရှစ်ရှိုး စကားပြောတာဘယ်လိုလဲ။ ကျွန်တော်ပြောခဲ့တာပဲ ... ရှစ်စွင်းက အရင်ကထပ်ပိုပြီး သိမ်မွေ့လာတယ်မလား”
ယွီကျန့်ဟိုင်သည် မင်ရှစ်ရင်၏မေးခွန်းကို မဖြေပေ။ ထိုအစား ပတ်ဝန်းကျင်ကိုကြည့်လျက် တောင်အောက်သို့ဆင်းသွားသည်။
မင်ရှစ်ရင်က ပျင်းလာ၏။ ပုံမှန်ဆို သူက တောင်သို့အရှိန်ပြင်းပြင်းသွားနေကျဖြစ်၏။ သူ ရှုခင်းများကို နှစ်ခြိုက်ခံစားရန် အချိန်မရှိခဲ့ပေ။ ဤနှုန်းဖြင့် တောင်အောက်ကိုဆင်းနေရခြင်းက တကယ်စိတ်ပျက်စေ၏။ မင်ရှစ်ရင်က လမ်းလျှောက်နေစဉ် စိတ်ပျက်လာသည်။
“လောင်စစ် ... ရှစ်စွင်းက ရှောင်ရှစ်မေ့အသစ်ကလေး ခေါ်ထားတယ်လို့ကြားမိတယ် အဟုတ်ပဲလား”
မင်ရှစ်ရင်က ခေါင်းညိတ်ပြီးပြောလိုက်၏။
“ဟုတ်တယ် အဲ့ဒီမိန်းကလေးက ဆန်းကျယ်ဉာဏ် အလင်းပွင့်ခြင်းနယ်ပယ်ထဲ တန်းရောက်သွားတာလေ။ ငါးလကြာပြီးနောက် သူက အာရုံခံသိပ်သည်းခြင်းနယ်ပယ်နှောင်းအဆင့်ကို ရောက်နေပြီ။ သူက ရှောင်ရှစ်မေ့ထက်တောင်ပိုပြီး စိတ်ရှုပ်စရာကောင်းသေးတယ်”
“ဪ ရှစ်စွင်းက သူ့ကို တပည့်လက်ခံတာ အံ့ဩစရာမရှိဘူးပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ရှစ်စွင်းက သူ့ကို လက်မခံရင်တောင် တခြားဂိုဏ်းတွေက သူ့ကိုခေါ်ယူဖို့တိုက်ခိုက်ကြမှာပဲ” ယွီကျန့်ဟိုင်က စဉ်းစားလျက်မေးလိုက်သည်။ “အဲ့ဒီမိန်းကလေးက ရှစ်စွင်းနဲ့ ပတ်သက်မှုမရှိဘူးလား”
“ဘာကို ဆိုလိုတာလဲ တာ့ရှစ်ရှိုး”
“ငါ ဘာပြောချင်နေမှန်း သိနေရဲ့နဲ့ ငါ့ကိုဘာကြောင့်ပြန်မေးနေရတာလဲ”
“ကျွန်တော် မသိဘူး”
“ထားလိုက်တော့”
ခဏအကြာတွင် ယွီကျန့်ဟိုင်နှင့် မင်ရှစ်ရင်က တောင်ခြေသို့ရောက်သွားလေ၏။ သူတို့က အရံအတားကို ဖြတ်ကျော်သွားသည်။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “လောင်စစ် ရှစ်စွင်းကို ဂရုစိုက်ပေး”
“ဟိုက်ရှားဘား ... တာ့ရှစ်ရှိုးက တခြားသူအတွက် စိုးရိမ်ပူပန်ပေးလိမ့်မယ်လို့တစ်ခါမှ မတွေးဖူးဘူး”
“ဘာ”
“ဪ ကျွန်တော်ပြောတာက သူ့ကို ဂရုစိုက်မှာပါလို့။ စိတ်မပူနဲ့ တာ့ရှစ်ရှိုး” မင်ရှစ်ရင်က ပြောလိုက်၏။
ယွီကျန့်ဟိုင်သည် မြေပြင်ပေါ်ကနေ ခုန်တက်လျက် လေထဲတက်သွား၏။ သူက ချက်ချင်းပင် ညအမှောင်ယံကောင်းကင်ထဲ၌ ပျောက်ကွယ်သွား၏။
ယွီကျန့်ဟိုင်ထွက်သွားပြီးနောက် မင်ရှစ်ရင်က သူ့ရင်ဘတ်ကို အမြန်ပုတ်ကာပြောလိုက်၏။ “ဟူး ... ကပ်သီးလေး ကပ်သီးလေး။ ကံကောင်းလို့ ငါ မပေါ်သွားတာ”
မင်ရှစ်ရင်ပြောပြီးသည်နှင့် အနားရှိသစ်ပင်နောက်ကနေ သဘောမတွေ့သည့်အသံတစ်သံ ပေါ်ထွက်လာ၏။ ယင်းက သဘောမတွေ့ကြောင်းပြောတာပဲဖြစ်သည်။ မင်ရှစ်ရင်က တုန်ယင်သွားသည်။ သူက ပြောလိုက်သည်။ “အာ့ အာ့ရှစ်ရှိုးလား။ ဒီကို ဘာကြောင့် ရောက်နေတာလဲ”
“လောင်စစ် မိစ္ဆာဝေဟင်မျှော်နန်းမှာ အရေးကြီးကိစ္စရှိတဲ့အချိန် ငါ့ဆီဘာကြောင့် မဆက်သွယ်တာလဲ” ယွီရှန်းရုန်က မေးလိုက်သည်။
အမ်း ... မင်ရှစ်ရင်က စိတ်ထဲကျိန်ဆဲလိုက်၏။ ဘဝကြီးက ခက်ခဲမှုများပြည့်နေသည်ဟု သူ ချက်ချင်းခံစားမိလိုက်သည်။ ယခုအချိန်၌ သူ၏အာ့ရှစ်ရှိုးအားနည်းနေသည်ဟု ပြောခဲ့လျှင် သူ သေအောင်အရိုက်ခံရမည်မဟုတ်ပါလော။
“အာ့ရှစ်ရှိုး ... ရှစ်ရှိုးရဲ့လှုပ်ရှားမှုတွေက အမြဲမှန်းလို့မရဘူးလေ။ ကျွန်တော် ရှစ်ရှိုးကိုမှ မရှာနိုင်တာ။ ရှစ်ရှိုးက တစ်ခါမှ စာပြန်မရေးဘူးလို့ ရှစ်စွင်းပြောခဲ့ဖူးတယ်လေ။ ဒါကြောင့် ကျွန်တော် တာ့ရှစ်ရှိုးကို ဆက်သွယ်လိုက်တာ”
ထိုစကားကို ယွီရှန်းရုန်ကြားသောအခါ သူ မျက်မှောင်ကျုံ့တာပြေလျော့သွား၏။ သူ ခေါင်းညိတ်ကာပြောလိုက်သည်။ "ငါ မင်းကို မှားပြီးအပြစ်တင်မိတာပဲ”
“ရပါတယ်”
“ဒါမျိုးကိစ္စထပ်ဖြစ်လာခဲ့ရင် ငါ့ကို ချက်ချင်းပြောပြရမယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
“ပြောပြမှာပေါ့” မင်ရှစ်ရင်သည် ယွီရှန်းရုန်ထွက်သွားတာကို မြင်သောအခါ သူက အော်ခေါ်လိုက်သည်။ “အာ့ရှစ်ရှိုး မိစ္ဆာဝေဟင်မျှော်နန်းမှာ အနားမယူတော့ဘူးလား”
“မယူတော့ဘူး။ ငါ သွားစရာရှိသေးတယ်” ပြောပြီးသည်နှင့် ယွီရှန်းရုန်က လေထဲ၌ ပျောက်ကွယ်သွားသည်။
“ဘေးကင်းတဲ့ခရီးဖြစ်ပါစေ အာ့ရှစ်ရှိုး” သူ၏ယခင်အတွေ့အကြုံကနေ သင်ယူပြီးသားဖြစ်သည့် မင်ရှစ်ရင်သည် အရံအတားထဲပြေးဝင်ကာ မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ပျံသန်းလိုက်၏။
နောက်နေ့နံနက်စောစောတွင်ဖြစ်သည်။
လုကျိုးက မျက်လုံးဖွင့်ကြည့်လိုက်၏။ သူက ထူးကဲစွမ်းအားဆင်ခြင်သုံးသပ်သည့်အခြေအနေကို စစ်ဆေးလိုက်၏။ ထူးကဲစွမ်းအားကို ဆင်ခြင်သုံးသပ်သည့်အရှိန်က တိုးလာတာကို ခံစားမိလိုက်သည်။ ထိုနည်းတူ ထူးကဲစွမ်းအားကလည်း တိုးလာ၏။ သို့သော် သူ ထူးကဲစွမ်းအားအပြည့်အဝသုံးနိုင်ရန် ငါးရက်ကနေ ခုနစ်ရက်အချိန်ယူရသေးသည်။
လုကျိုးသည် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆက်လက်ပြီး ဆင်ခြင်သုံးသပ်ခြင်းမပြုခဲ့ပေ။ ထိုအစား သူက ပရပိုက်ဟောင်းကို ကြည့်လိုက်၏။ ဧရိယာအသစ်မတွေ့ပေ။ သူက ထိုင်ခင်းဆီသို့ပြန်ရောက်လာသည်။
စနစ်ကို လေ့လာလိုက်၏။ အဆင့်မြှင့်တင်ပြီးနောက် သူ၏ထူးကဲစွမ်းအားတိုးလာပြီး စွမ်းအားအသစ်ရလာသည်။ ထိုမတိုင်မီက စွမ်းအားကို စမ်းသပ်ရန်ထူးကဲစွမ်းအားမရှိခဲ့ပေ။ ယခုတစ်ချို့စုဆောင်းထားခဲ့ပြီးဖြစ်ရာ စမ်းကြည့်ရန်ဆုံးဖြတ်လိုက်၏။
ပထမဆုံးကောင်းကင်ကျမ်းစာကို စိတ်ထဲရွတ်ဆိုလိုက်၏။ အရာအားလုံးကို ကြားနိုင်တဲ့စွမ်းအားရရင် နယ်ပယ်အားလုံးက အသံတွေကို ဆန္ဒရှိသလိုကြားနိုင်မယ်။
ထင်သည့်အတိုင်းပင်။ ညင်သာသော အသံများက နားထဲဝင်လာ၏။
“ရှစ်စွင်းက တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီး မကြာခင်မှာ သူ့တပည့်တွေရဲ့ကျင့်ကြံမှုတွေကိုစစ်ဆေးလိမ့်မယ်။ ဒါက ပေါ့သေးသေးဖြစ်မှာ မဟုတ်ဘူး။ အရင်တုန်းက မအောင်မြင်တဲ့သူအားလုံးက ကိုယ်တစ်ပိုင်းသေတဲ့အထိအရိုက်ခံရတာ။ အခန်းထဲမှာ နေနေရတယ်” ကျူးဟုန်ကုန်းကပြောလိုက်၏။
“ဘာ ... မျှော်နန်းသခင်က အကြမ်းဖက်တဲ့သူ ဖြစ်ပုံမပေါ်ဘူး” အမျိုးသမီးကျင့်ကြံသူတစ်ချို့က ထိတ်လန့်သွားသည်။
“ဟမ့် ဒါကြောင့် မင်းတို့ကို ပြောတာပေါ့။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်သင့်ဘူး။ ငါ့ကို အရူးလို့ထင်နေလား” ကျူးဟုန်ကုန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
“အင်း ထင်မိတာပဲ။ မတတ်နိုင်ဘူး ... ငါက ဒီဦးနှောက်နဲ့မွေးလာတာကိုး”
အမျိုးသမီးကျင့်ကြံသူများက ရယ်မောလိုက်၏။ “ဆယ်နှစ်စာလောက် ရှင့်ရဲ့ဝှက်ဖဲတွေကို နားထောင်နေပါတယ်။ အဋ္ဌမသခင်လေး”
…