အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း(၅၂၀) ထိုက်ရွှီကျောင်းတော်၏ ဖြေရှင်းချက်
လျိုကျစ်က မတ်မတ် ထရပ်လိုက်သည်။ သူ့လက်ကို နောက်ပစ်ထားကာ ပြောလိုက်သည်။
“ ကျုပ်က အဖေကို ကူညီပေးချင်ရုံပါ။ ငရဲဂိုဏ်းက စီရင်စုကိုးခုလုံးကို အုပ်စိုးဖို့ စီစဉ်ထားတယ်ဆိုတာ ခင်ဗျားလည်း ကြားမိမှာပါ။ ယွီစီရင်စု တိုက်ပွဲက အတော်လေး နီးကပ်နေပြီ။ ထိုက်ရွှီကျောင်းတော်က စစ်သူကြီးကျီကို ကူဖို့ အဖွဲ့သားတွေကို လွှတ်ပေးရမယ် ”
လင်းရှင်းက လျိုကျစ်၏ တောင်းဆိုချက်ကို မအံ့ဩမိပေ။ သူက ထင်ထားပြီးသား ဖြစ်၏။ အကယ်၍ ထိုက်ရွှီကျောင်းတော်သာ အံ့ဖွယ်မြို့တော်မှ အကူအညီရခဲ့လျှင် တန်ကြေးတော့ ပြန်လည်ပေးဆပ်ရမည်။ သူက ခေါင်းညိတ်ပြီး လျိုကျစ်၏ တောင်းဆိုချက်ကို သဘောတူလိုက်သည် “ ကောင်းပါပြီ အရှင့်သား … ကျုပ် ကတိပေးပါတယ်”
လျိုကျစ်က လင်းရှင်းရှေ့ ရပ်ကာ ပြောလိုက်သည် “ ဒါက မမျှတဘူးလို့ မတွေးနဲ့။ ဒီဟာပြီးသွားရင် ခင်ဗျားလည်း ပွင့်ချပ်ထွက်ဆေးလုံး ငါးလုံး ဆုလာဘ်အနေနဲ့ ရမယ်။ ခုနှစ်ကြယ်စင် ကျောင်းတော်က တော်ဝင်မိသားစုရဲ့ အမိန့်ကိုပဲ နားထောင်တယ်ဆိုတာ မမေ့နဲ့ဦး ”
“အရှင့်သားကို ကျေးဇူးတင်ပါတယ်” လင်းရှင်းက ဦးညွှတ်လိုက်သည်။
“ယွီစီရင်စု တိုက်ပွဲက ပိုအရေးကြီးတယ်။ ခင်ဗျား လူတွေကို မြန်မြန် လွှတ်ပေးလိုက် … ခင်ဗျားအတွက် တစ်ခုခု ပြန်ပေးမယ်” ထို့နောက် လျိုကျစ်က လင်းရှင်းအနား တိုးကာ ကပ်ပြောလိုက်သည်။
အခြားလူများက သူ ပြောတာကို မကြားနိုင်သော်လည်း လင်းရှင်း၏ အကြည့်များ တောက်ပသွားသည်ကို မြင်လိုက်ကြရသည်။
ယခင်က လင်းရှင်းက ထိုက်ရွှီကျောင်းတော်မှ ကျောင်းအုပ်အနေအထားကို ထိန်းထားဖို့ ကြိုးစားထားခဲ့သည်။ သို့သော်လည်း ယခုတွင် သူက ရိုရိုကျိုးကျိုး ပြောလိုက်၏။
“အရှင့်သား သင်ပြပေးတာ ကျေးဇူးတင်ပါတယ် ”
“ အဲဆို ခင်ဗျားဆီပဲ အပ်ထားခဲ့မယ်။ ကျုပ် သွားတော့မယ်” လျိုကျစ်က ကြာကြာမနေပေ။ သူက ဆွေးနွေးရေးခန်းမဆောင်မှ လှည့်ထွက်သွားလေသည်။
လင်းရှင်းက အလျင်စလို ပြောလိုက်၏။ “ ကျိုးဝမ်လျန့် အရှင့်သားကို လိုက်ပို့လိုက်”
“ကျုပ်လား”
“ဟုတ်တယ် မင်းပဲ ”
ဒုတိယအကြီးအကဲ ကျိုးဝမ်လျန့်က ခေါင်းညိတ်ကာ ပြေးထွက်သွားသည်။
လင်းရှင်းက ပြောလိုက်၏။ “ရှောင်ရှန့် မင်းနဲ့အတူ တပည့်တစ်ထောင်ကို ခေါ်သွားပြီး စစ်သူကြီးကျီရဲ့ တပ်ကို သွားကူပေးလိုက်”
“ခေါင်းဆောင် … ကျုပ်တို့ အိမ်ရှေ့စံကို ယုံလို့ရပါ့မလား” ရှောင်ရှန့်က တုံ့ဆိုင်းနေမိသည်။
လင်းရှင်း၏ အမူအရာက ခက်ထန်လာကာ “အဲလိုလုပ်လိုက်စမ်းပါ”
“နားလည်ပါပြီ ”
အကြီးအကဲများက သူ့အား မိစ္ဆာဝေဟင်မျှော်နန်းထံ တောင်းပန်ဖို့ ပြောလာကြကတည်းက လင်းရှင်းအနေဖြင့် သူတို့အား ဒေါသထွက်နေခဲ့သည်။ သူတို့နှင့် စကားဆက်ပြောလိုစိတ်ပင် မရှိချေ။ သူသာ ဒီကပ်ဘေးမှ ကျော်လွှားပြီး အံ့ဖွယ်မြို့တော်နှင့် ဆက်လက်၍ မဟာမိတ်ဖွဲ့နိုင်သည်နှင့် သူတို့အတွက် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ဖြစ်လာနိုင်ခြေရှိသည်။ ထိုအခါ သူ့ကန့်သတ်ချက်များက အတိတ်မှအရာများသာ ဖြစ်လာလိမ့်မည်။
ကျိုးဝမ်လျန့်သည် ရှောင်ရှန့် ထွက်သွားပြီးနောက် ချက်ချင်း ပြန်ရောက်လာသည်။ သူက သေတ္တာထဲမှ ချပ်ဝတ်ကို ကြည့်ကာ မေးလိုက်၏။ “ခေါင်းဆောင် ဒီချပ်ဝတ်က တကယ်အားကောင်းတာလား။ ဒါက ပွင့်ချပ်ကိုးလွှာကိုတောင် ရင်ဆိုင်နိုင်တယ်ပေါ့ ”
“ဒါက အတုတော့ မဖြစ်နိုင်ဘူး” လင်းရှင်းက လက်နောက်ပစ်ကာ “ငါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက တော်ဝင်မြို့တော်ဆီ သွားခဲ့ဖူးတယ်။ အဲဒီမှာ ကံကောင်းပြီးတော့ သိုလှောင်ခန်းထဲ ဝင်နိုင်ခဲ့တယ်။ အဲဒီအထဲကပစ္စည်းတွေက ကမ္ဘာတစ်ဝှမ်း ရှားပါး ရတနာတွေ၊ လက်နက်တွေချည်းပဲ။ အဲဒါတုန်းက ဒါကို တာဝန်ယူဦးစီးတာက မင်းသမီးယွင်ကျောင်း … အဲဒီအချိန်တုန်းက သူမက ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်နိုင်ကြောင်း ပြောခဲ့ဖူးတယ်”
ဒုတိယအကြီးအကဲ ကျိုးဝမ်လျန့်က ဦးညွှတ်လိုက်ပြီး “ခေါင်းဆောင် … ကျောင်းတော်က ခေါင်းဆောင် ကိုယ်တိုင်လှုပ်ရှားမှတော့ လုံခြုံပါပြီ”
လင်းရှင်းက ကျိုးဝမ်လျန့်အား ကြည့်လိုက်ကာ “ငါ အစီအရင်ခင်းဖို့ အကောင်းဆုံး နေရာရှာပြီး မိစ္ဆာအိုကြီးကျိကို အနိုင်ယူပစ်ရမယ်။ ဒီချပ်ဝတ်ကို ငါ့အခန်းထဲ ပို့လိုက် ”
“နားလည်ပါပြီ ”
………………
ခုနှစ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
မိစ္ဆာဝေဟင်မျှော်နန်းအတွင်း
လုကျိုးက မျက်လုံးပွင့်လာသည့်အခါ သူ့ထူးခြားအံ့ဖွယ် စွမ်းအားကို ထုတ်ကြည့်လိုက်သည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအားသည် အပြည့်အဝ ပြည့်နေပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် စနစ်ကို ကြည့်လိုက်သည်။
သူက မြေကမ္ဘာစာလိပ်ကို ကြည့်လိုက်သော်လည်း ဘာမှမပြောင်းလဲကြောင်း သတိထားမိလိုက်သည်။
“တစ်ချိန်တည်း တရားထိုင်လို့ မရတာလား”
အကယ်၍ သူတို့က ကွဲပြားသည့် ထူးခြားအံ့ဖွယ် စွမ်းအားနှစ်မျိုး ဖြစ်နေခဲ့လျှင် ပြဿနာ တက်ပေမည်။ သူ့အနေနှင့် ကျင့်ကြံသည့်အခါ အချိန်များစွာ လိုအပ်လာလိမ့်မည်။
ထိုသဘောတရားကို အတည်ပြုဖို့အတွက် လုကျိုးက မြေကမ္ဘာစာလိပ်ကို ဖွင့်လိုက်သည်။ သူက မြေကမ္ဘာစာလိပ်ပေါ်မှ သင်္ကေတများကို အာရုံစိုက်ထားလိုက်သည်။ သူ လူသားစာလိပ်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့သကဲ့သို့ ဖြစ်၏။ သူက မြေကမ္ဘာစာလိပ်ကို ကြည့်ရင်း ဆင်ခြင်လိုက်သည်။ သို့သော်လည်း သင်္ကေတများက မြေကမ္ဘာစာလိပ်နှင့် ပေါင်းစပ်မသွားပေ။ သူက သက်ပြင်းချလိုက်ပြီး “ မြေကမ္ဘာစာလိပ်က မလွယ်ဘူးပဲ”
သူက မြေကမ္ဘာစာလိပ်ကို ပိတ်လိုက်ပြီးနောက် တာဝန်စာရင်းတွင် အသစ်တစ်ခု ရောက်နေပြီး ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ်အကြွင်းအကျန်များကို ရှာခိုင်းထားသည်။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။
လွန်လွန်းသွားပြီ … လူသားစာလိပ်တောင် အစကတည်းက အဲလိုမဟုတ်ခဲ့ပါဘူး။
ထိုစဉ် အပြင်ဘက်မှ မင်ရှစ်ရင်၏ အသံ ထွက်ပေါ်လာသည်။ “ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“ဘာကိစ္စလဲ ”
“ထိုက်ရွှီကျောင်းတော်က တွေ့ခွင့်တောင်းနေပါတယ်”
လုကျိုးက မြေကမ္ဘာစာလိပ်အပေါ်သာ အာရုံစိုက်ထားသည့်အတွက် ထိုအကြောင်းကို မေ့လျော့သွားခဲ့သည်။ ထိုက်ရွှီကျောင်းတော်က မိစ္ဆာဝေဟင်မျှော်နန်းအား ဆက်တိုက် ရန်စထားခဲ့သည်။ အကယ်၍ သူတို့သာ ကျေနပ်လောက်သည့် အဖြေမျိုး ပေးမလာခဲ့လျှင် လွှတ်ပေးမည် မဟုတ်ပေ။
လုကျိုးက လက်နောက်ပစ်လျက် ထွက်လာလိုက်၏။ သူက မင်ရှစ်ရင်ကို မြင်လိုက်သည့်အခါ မေးလိုက်သည်။ “ မင်း တစ်ယောက်တည်းလား”
နောက်ပိုင်းတွင် မင်ရှစ်ရင်ကသာ လာရောက်နှုတ်ဆက်လေ့ရှိပြီး ကျန်လူများကို မမြင်မိပေ။
မင်ရှစ်ရင်က ခေါင်းကုတ်ကာ “ ဝူရှစ်မေ့နဲ့ ပါ့ရှစ်တိတို့က ရွှေကြာဖြတ်တောက်ပြီးတော့ ကျင့်ကြံနေကြပါတယ်။ တခြားလူတွေကိုတော့ ကျွန်တော်လည်း မသိဘူး”
မင်ရှစ်ရင် စကားအဆုံးတွင် လေထုထဲ စိတ်အားထက်သန်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“လောင်စစ်ရေ ဘယ်မှာလဲ။ ငါ့နယ်ရှင်လှံ နည်းစနစ်က တော်တော်လေး တိုးတက်လာပြီ။ ငါ့ကို ယုံလို့ရပြီနော်”
ဝှစ်
မင်ရှစ်ရင်က အရိပ်အယောင်မချန် ပျောက်ကွယ်သွားလေသည်.
သူက အရှေ့ဘက်မျှော်နန်းဆောင်အနား ရစ်သီရစ်သီ လုပ်နေတာ မဆန်းတော့ဘူး … သူက တခြားလူတွေ လက်လွတ်စပယ် မလာရဲဘူးဆိုတာ သိနေတာပဲ
တွမ့်မူရှန်းက အရှေ့ဘက်မျှော်နန်းဆောင်ကို မလာပေ။ သူက အရှေ့ဘက်မျှော်နန်းဆောင်မှ ဖြတ်သွားပြီး မြင်ကွင်းမှ ပျောက်သွားလေသည်။
လုကျိုးက ခေါင်းခါလိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ထဲ ဦးတည်လိုက်သည်။
………………
ခန်းမကျယ်ထဲ၌
လုကျိုးက ထိုင်ခုံပေါ်တွင် ထည်ဝါစွာ ထိုင်နေသည်။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းမှလွဲ၍ တခြားလူများက မရှိကြပေ။ ကြည့်ရသည်မှာ မိစ္ဆာဝေဟင်မျှော်နန်းနှင့်ပင် မတူချေ။
ထိုက်ရွှီကျောင်းတော်မှ အဖွဲ့သားများက အမျိုးသမီး ကျင့်ကြံသူများနောက် လိုက်ရင်း ခန်းမကျယ်ထဲ ရောက်လာကြသည်။ သူတို့ ခန်းမကျယ်ထဲ ဝင်လိုက်သည်နှင့် သုံးယောက်သား ဒူးထောက်လိုက်ကြသည်။
“ကျိချန်းပေ့ကို ဂါရဝပြုပါတယ်။ ကျုပ်က ထိုက်ရွှီကျောင်းတော်ရဲ့ ဒုတိယအကြီးအကဲ ကျိုးဝမ်လျန့်ပါ ”
“ကျိချန်းပေ့ကို ဂါရဝပြုပါတယ်။ ကျုပ်က ထိုက်ရွှီကျောင်းတော်ရဲ့ တတိယအကြီးအကဲ ဝမ်ကျန်းရန်ပါ ”
“ကျိချန်းပေ့ကို ဂါရဝပြုပါတယ်။ ကျုပ်က ထိုက်ရွှီကျောင်းတော်ရဲ့ ဒုတိယအကြီးအကဲ ကျန့်ကုံးပါ ”
ရန်၊ ယီ၊ ကျစ်၊ ရှင်းနှင့် ဝမ်၊ လျန့်၊ ကုံး၊ ကျန့်၊ ရန်တို့သည် စိတ်သဘောထားကြီးမားမှု၊ တရားမျှတမှု၊ လိုက်လျောမှု၊ ဉာဏ်ပညာ၊ လေးနက်မှုနှင့် အသင့်အတင့် ဖြစ်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်း၊ စေ့စပ်ခြင်းနှင့် ခွင့်လွှတ်ခြင်းဟူသော ကွန်ဖြူးရှပ် စရိုက်များကို ဆိုလိုပေသည်။
သုံးယောက်သား မော့ကြည့်လိုက်ကြသည်။ ခန်းမကျယ်ထဲ ဗလာကျင်းနေလေ၏။ သူတို့က ခေါင်းရှုပ်သွားကြသည်။
ဒါက မိစ္ဆာဝေဟင်မျှော်နန်းလား … သူတို့ နေရာမှားဝင်လာတယ်လို့ တွေးရလောက်အောင် အထင်ကြီးမှုကို ပျက်စေသည်။ နောက်ပိုင်းတွင် ကျိထျန်းတောက် နှင့် သူ့တပည့်ကိုးယောက်ဟု အယောင်ဆောင်သူများစွာ ရှိလာသည်။ ထိုအရာက ခေတ်စားမှုတစ်ခုနီးပါးပင် ဖြစ်လာခဲ့၏။
နောက်ဆုံးတွင် ကျိုးကျစ်ဖုန်းက ပြောလိုက်သည်။ “ ဘာကြည့်နေတာလဲ။ ခင်ဗျားတို့က မျှော်နန်းသခင်ရှေ့မှာ ရိုင်းရိုင်စိုင်းစိုင်း လာပြုမူနေတာလား ”
“ ကျိချန်းပေ့ ကျုပ်တို့ကို ခွင့်လွတ်ပေးပါ။ ဒီကို တောင်းပန်ဖို့ ရောက်လာတာပါ …” ကျိုးဝမ်လျန့်က ပြောလိုက်သည်။
“တောင်းပန်တာလား” လုကျိုးက ထိုသုံးယောက်ကို ကြည့်လိုက်သည်။
“မင်းတို့သာ အလေးထားရင် လင်းရှင်းကို လွှတ်လိုက်သင့်တယ် ”
ဖန်ကျုံးက လုကျိုး၏ စကားများသည် အဓိပ္ပာယ်ရှိကြောင်း တွေးလိုက်မိသည်။ သူက ထိုသုံးယောက်ကို ကျိန်ဆဲလိုက်၏။
“ အရူးတွေ … မိစ္ဆာဝေဟင်မျှော်နန်းကို အလွယ်လေး လိမ်ညာလို့ရမယ် ထင်နေလား”
သူ့ဒေါသကို ထုတ်ပြပြီးသည့်နောက် စိတ်ထဲ ကျေနပ်သည့် ခံစားချက်တစ်ခု ဖြစ်လာသည်။ ထို့အပြင် တခြားတပည့်များ မရှိသည့်အတွက် သူ့အပေါ်မှ ဖိအားသည် သိသိသာသာ လျော့နည်းသွားလေသည်။
သူက ထိုအခွင့်အရေးကို အသုံးချကာ မျှော်နန်းသခင် သူ့အပေါ် အမြင်ကောင်းရှိစေဖို့ ကြိုးစားရမည်။
စကားပုံ ရှိသည် မဟုတ်ပါလော။
ကျားက တောင်နှင့် ဝေးနေစဉ် မျောက်က တာဝန်ဝင်ယူသည်။
ကျိုးဝမ်လျန့်က တုန်တုန်ယင်ယင် ဖြစ်သွားကာ အလျင်စလို ပြောလိုက်သည်။
“ကျိချန်းပေ့ ကျုပ်ရှင်းပြပါ့မယ်”
သူက တခြားအကြီးအကဲနှစ်ယောက် ကိုင်ထားသည့် အထုပ်ကို ဆွဲလိုက်သည်။
“ ကျိချန်းပေ့ ဒါကို ကြည့်ပါဦး”
တခြားလူများက နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့က အထုပ်ကို ကြည့်လိုက်သည့်အခါ အနီရင့်ရင့် ချပ်ဝတ် ရှိနေ၏။ သေချာထုပ်ပိုးထားသည့်အတွက် အဆင်ပြေလှသည်။
ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့အတွက် ထူးခြားသည့်အရာ မမြင်ဖူးသည်မှာ ပုံမှန် ဖြစ်၏။
သို့သော်လည်း လုကျိုးက ထိုချပ်ဝတ်ကို မြင်လိုက်သည့်အခါ စိတ်ထဲ တစ်ခုခု ဖြစ်လာသည်။ ထိုချပ်ဝတ်ပေါ်မှ အရာများသည် ရို့လီပြည်သား လန်နီ ယူဆောင်လာသည့် ခေါင်းတလားပေါ်မှ အရာများနှင့် တူညီလှသည်။
“ကျိချန်းပေ့ … လင်းရှင်းက အိမ်ရှေ့စံနဲ့ ပေါင်းပြီးတော့ ထိခိုက်အောင် လုပ်ဖို့ ကြံနေပါတယ်။ ဒါက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရင်ဆိုင်နိုင်တယ်လို့ ပြောနေကြပါတယ်။ ဘယ်လောက်တောင် ယုတ္တိမရှိလိုက်သလဲ ”
...
အခန်း (၅၂၁) ပန်းကန်ပြားပေါ်တွင်
“ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်တဲ့နေရာမှာ သုံးတာလား” လုကျိုးက ဇဝေဇဝါဖြစ်သွား၏။
ကျိုးဝမ်လျန့်က ဆက်ပြောသည်။
“အဲဒီချပ်ဝတ်ကို အိမ်ရှေ့စံမင်းသားလျိုကျစ်က ပို့ပေးခဲ့တာ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်က ချပ်ဝတ်ရဲ့ ထူးခြားတဲ့စွမ်းအားကို အသက်သွင်းပေးနိုင်မယ်လို့ သူပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တော့ အဲဒါကို မယုံဘူး။ ဒါကို ကျေးဇူးပြုပြီး စစ်ဆေးပေးပါ ချန်းပေ့ကျိ” ပြောပြီးသည်နှင့် သူ၏အကြည့်များက ဘေးသို့အလိုလို ဝေ့ဝိုက်ကြည့်လိုက်သည်။ ကျန်သည့်လူဆိုးလေးများ မည်သည့်နေရာကို ရောက်နေလဲဆိုတာ သူ သိချင်သည်။ ခန်းမထဲတွင် မျှော်နန်းသခင်အပြင် ကျန်သည့်သူနှစ်ယောက်သာ အဘယ်ကြောင့် ရှိနေရသနည်း။ သူက ထိုမေးခွန်းများကိုတောင် မမေးရဲပေ။
ဖန်ကျုံးက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
“ငါတို့ ဘာလုပ်ရမယ်ဆိုတာ ခင်ဗျားပြောဖို့မလိုဘူး။ တခြားသူတွေ ဘာလုပ်သင့်တယ်ဆိုတာ ပြောတဲ့နေရာမှာ ခင်ဗျားတော်တယ်ဆိုတော့ လင်းရှင်းကို ကိုယ်တိုင် လာတောင်းပန်ခိုင်းလိုက်ပါလား”
ကျိုးဝမ်လျန့်၏ မျက်နှာအမူအရာထက်တွင် ကူကယ်ရာမဲ့သည့်အမူအရာပေါ်လာ၏။ သူက
“ကျောင်းအုပ်ကတောင် ဂိုဏ်းချုပ်ကို မဖျောင်းဖျနိုင်တာ ကျုပ်တို့ဆိုပိုဆိုးပေါ့”
နောက်တွင် ဒူးထောက်နေသည့်ဝမ်ကျန်းရန်က အမြန်ပြောလိုက်၏။
"ကျေးဇူးပြုပြီး စစ်ဆေးပေးပါ ချန်းပေ့ကျိ။ ကျွန်တော်တို့ သုံးယောက်က စိတ်ရင်းအစစ်အမှန်နဲ့ တောင်းပန်တာပါ။ အဲဒီအဘိုးကြီး လင်းရှင်းက ထိုက်ရွှီကျောင်းတော်ကို ဖျက်ဆီးခံရအောင် တွန်းပို့ဖို့ ကြိုးစားနေတယ်။ အကြီးအကဲတွေအနေနဲ့ ကျောင်းတော်က ဖျက်ဆီးခြင်းလမ်းစဉ်ကို တွန်းပို့ခံရတဲ့အချိန် ရပ်ကြည့်မနေနိုင်ပါဘူး”
လုကျိုးက ဆိတ်ဆိတ်သာနေနေ၏။ သူက ထရပ်ကာ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။ သူသည် ကျန်းဝမ်လျန့်ရှေ့သို့သွားလျက် ချပ်ဝတ်ကိုထပ်မံစစ်ဆေးလိုက်သည်။ လက်ဖဝါးကို မြှောက်လိုက်ရာ ချပ်ဝတ်က အပေါ်သို့မြှောက်တက်လာ၏။ အနီရောင်ချည်မျှင်များဖြင့် လွှမ်းနေလေသည်။ အသေးစိတ်ချုပ်လုပ်ထားမှုက သိသာသည်။
ကျိုးကျစ်ဖုန်းသည် ချပ်ဝတ်ပေါ်ရှိသွေးကြောများကို နားမလည်သော်ငြား ယခင်က သူသည် ခေါင်းတလားပေါ်ရှိ သွေးကြောများကို သေချာကူးယူရန် အမိန့်ပေးခံရသည်။ ထို့ကြောင့် ခေါင်းတလားပေါ်ရှိသွေးကြောများကို ဝေဝါးဝါး မှတ်မိနေသေးသည်။ နောက်ဆုံး၌ သူသည် ချပ်ဝတ်ပေါ်ရှိ သွေးကြောများကို မြင်သောအခါ အထိတ်တလန့်ထုတ်ပြောလိုက်သည်။ “သူတို့တွေက ခေါင်းတလားပေါ်က သွေးကြောနဲ့ ဘာကြောင့်ဆင်တူနေတာလဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက် ဆက်လက်လေ့လာနေသည်။ ကျိုးဝမ်လျန့်က မော့ကြည့်ပြီး ပြောလိုက်သည်။
"အိမ်ရှေ့စံမင်းသားလျိုကျစ် ပြောတာတော့ ဒီချပ်ဝတ်ရဲ့ထူးကဲစွမ်းအားက ပွင့်ချပ်ကိုးလွှာရဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့မှပဲ အသက်ဝင်လာတာ။ ကလေးတွေကိုလိမ်တာ တကယ် ယုတ်မာကောက်ကျစ်တာပဲ။ လျိုကျစ်က ထိုက်ရွှီကျောင်းတော်ကို သုံးပြီး မိစ္ဆာဝေဟင်မျှော်နန်းကို ထိန်းထားချင်တာ။ ဒါကြောင့် ကျွန်တော်တို့ကြား ကုန်းတိုက်ချင်လို့ ချပ်ဝတ်လို့ခေါ်တဲ့ ထူးခြားတဲ့ဟာကို ထုတ်လိုက်တာပဲ”
လျိုကျစ်က ကျိုးဝမ်လျန့်ကို ကြည့်ပြီးမေးလိုက်သည်။ “မင်းဘာကြောင့် အဲ့လိုပြောတာလဲ”
“အင်း ... ဒါက ကျွန်တော့်အမြင်ပဲလေ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို ဖြေရှင်းဖို့ တကယ်နည်းလမ်းရှိတယ်ဆိုရင် အိမ်ရှေ့စံမင်းသားက အဲ့ဒီတုန်းက ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ချန်းပေ့ကိုတိုက်ခိုက်တဲ့အချိန် ဒီဟာကိုသုံးလိုက်ရောပေါ့။ မဟုတ်ရင် ဒီချပ်ဝတ်ကို ဝှက်ထားပြီး တခြားဂိုဏ်းတွေကို သေတွင်းထဲဘာကြောင့်ပို့မှာလဲ” ကျိုးဝမ်လျန့်က ပြန်ပြောလိုက်၏။
လုကျိုးသည် ကျိုးဝမ်လျန့်၏အမြင်ကို ပြန်မပြောခဲ့ပေ။ ဆိုရလျှင် ကျိုးဝမ်လျန့်ပြောတာ အဓိကကျသည်။ သို့သော် ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်စဉ်က ပွင့်ချပ်ကိုးလွှာရှိကြောင်း မည်သူမှမယုံကြည်ခဲ့ပေ။ လင်းရှင်းကသာ ချပ်ဝတ်ကို ဝတ်ခဲ့လျှင် သူသည် အရည်အချင်းဖြင့် ပွင့်ချပ်ရှစ်လွှာအောက်ကျင့်ကြံသူများကို ရင်ဆိုင်ရာ၌ ရပ်တည်နိုင်လောက်သည်။ ထိုစဉ်က ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်သာ လင်းရှင်းကို ဖြေရှင်းနိုင်မှာဖြစ်သည်။
“ချန်းပေ့ကျိ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ” ကျိုးဝမ်လျန့်က ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။
“ထူးချွန်ထက်မြတ်တဲ့ပါရမီပဲ။ လက်ရှိရေစီးကြောင်းကို အသိအမှတ်ပြုနိုင်တာ” လုကျိုးက တစ်ဖက်လှည့်လိုက်သွားကာ လက်နောက်ပစ်လျက်ပြောလိုက်၏။ "ဝတ်လိုက်"
“ဟမ်” ကျိုးဝမ်လျန့်က ထိတ်လန့်အံ့ဩသင့်သွားသည်။ မည်သို့ဖြစ်သွားမှန်း သူ မသိပေ။
လုကျိုးထံမှ အကြောင်းပြန်မှုကို မစောင့်ဘဲဖန်ကျုံးက ကျိုးဝမ်လျန့်ကို ဆော်ဩလိုက်သည်။ “ဝတ်လိုက်လေ။ ဝတ်လိုက်”
“ဟုတ် ... ဟုတ်ကဲ့” ကျိုးဝမ်လျန့်က မနှေးဖင့်ရဲပေ။ သူသည် ထူထဲလေးလံသော ချပ်ဝတ်ကို ကမန်းကတန်းဝတ်လိုက်သည်။ ဝတ်ဆင်ပြီးနောက် သူက နာခံသည့်ပုံစံအတိုင်းသာ နေနေပြီး မလှုပ်ရဲပေ။
လုကျိုးသည် သူ့ကို ခဏတာစေ့စေ့စပ်စပ်ကြည့်ရှုလိုက်၏။
သွေးကြောများက ခေါင်းတလားပေါ်ရှိသွေးကြောများနှင့်တစ်ထပ်တည်းတူသည်။ သူက လေသံအတက်အကျမရှိ ပြောလိုက်တော့သည်။ “ထရပ်”
ကျိုးဝမ်လျန့်က သူပြောသည့်အတိုင်းလုပ်သည်။ ထရပ်ကာ ကြောက်လန့်မှုကြောင့် တုန်ယင်နေ၏။ သူ ရပ်လိုက်သည်နှင့် လုကျိုးက သူ၏လက်ဝါးကြီးကိုမြှောက်လိုက်တာကို သူတွေ့လိုက်ရသည်။ ဝေဝါးဝါး လှုပ်ရှားမှုတချို့ ရှိနေပြီး တောက်ပသည့်ရွှေရောင်လက်ဝါးစည်းတံဆိပ်က လုကျိုး၏ လက်ဖဝါးထဲကနေ ထွက်လာတာကိုတွေ့လိုက်ရ၏။
“အား ...” ကျိုးဝမ်လျန့်သည် သူ့ကို လုကျိုးရုတ်တရက်တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားပေ။ သူ အငိုက်မိသွား၏။
ဘန်း
လက်ဝါးစည်းတံဆိပ်သည် ကျိုးဝမ်လျန့်၏ရင်ဘတ်ပေါ်ကျသွားသည်။ သူသည် တိုက်ခိုက်ခံရမှုကြောင့် ဒူးထောက်ကျလုနီးပါးဖြစ်သွားပြီး လွင့်ထွက်သွားကာ နောက်ကျောနာသွား၏။
ဝမ်ကျန်းရန်နှင့် ကျန့်ကုန်းတို့ကလည်း မျက်မှောင်ကျုံ့လျက်နောက်သို့လွင့်သွားသော ကျိုးဝမ်လျန့်ကို ကြည့်နေကြသည်။ လက်ဝါးစည်းတံဆိပ်သည် ချက်ချင်းမပျောက်ကွယ်သွားပေ။ ကျိုးဝမ်လျန့်ကို တင်းကျပ်စွာထိသွားပြီး သူ့ကို ခန်းမအပြင်ဖက်သို့လွင့်ထွက်သွားစေ၏။
ထောက်
စွမ်းအင်များပျော က်ကွယ်သွားစဉ် ကျိုးဝမ်လျန့်က မြေပြင်ပေါ်တွင် လှဲနေလျက်ကောင်းကင်ကို မျက်နှာမူနေသည်။ သူ၏အဆစ်များ လျော့သွားသည်ဟု ခံစားမိသည်။ ကြောက်မက်ဖွယ်ကောင်းလှပေ၏။
သိသာသည့်ချပ်ဝတ်၏ ထူးကဲစွမ်းအားက ပေါ်မလာချေ။
ဝမ်ကျန်းရန်က ပထမဆုံးတုံ့ပြန်တာပဲဖြစ်၏။ သူက ထုတ်ပြောလိုက်၏။
“ကြည့် ... ဒီပစ္စည်းက အတုကြီးပဲ”
ကျန့်ကုန်းကလည်း ဝင်ပြောသည်။ “လင်းရှင်းကလည်း သိပ်ယုတ်မာကောက်ကျစ်လွန်းတယ်။ သူက ထိုက်ရွှီကျောင်းတော်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဂရုမစိုက်ဘူး။ ငါတို့တွေ လျိုကျစ် အရူးလုပ်တာ ခံရလုနီးပါးပဲ”
ရိုးရိုးသားသားဆိုရလျှင် လုကျိုး၏လက်ဝါးသည် ပွင့်ချပ်နှစ်လွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ရိုက်ချက်သာ ဖြစ်သည်။ ပွင့်ချပ်ကိုးလွှာလက်ရွေးစင်၏ တိုက်ခိုက်မှု မဟုတ်ပေ။
လုကျိုးက ကူကယ်ရာမဲ့သွားသည်။ ငါ ဆန္ဒရှိရင်တောင် ပွင့်ချပ်ကိုးလွှာကို မသုံးနိုင်ဘူး။
တိုက်ခိုက်မှုခွန်အားက မည်သို့ပင်ဖြစ်စေကာမူ ယင်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်သာ ရှိသေးသည်။
ဖန်ကျုံးက ဝင်ပြောလိုက်သည်။
"လက်ဝါးစည်းတံဆိပ်ပေါ် ထိန်းချုပ်နိုင်မှုက တကယ်အံ့ဩဖို့ကောင်းတဲ့ အမြင့်ထိရောက်နေပါပြီ မျှော်နန်းသခင်”
ကျိုးကျစ်ဖုန်း “...” ခန်းမအပြင်ဖက်၌ ကျိုးဝမ်လျန့်က ခဲရာခဲဆစ်ထရပ်လိုက်သည်။ သူက အပြင်ဖက်တွင် ရပ်ကာ လုကျိုးကို အရိုအသေပေးလျက် ပြောလိုက်၏။
“အစွမ်းထက်တဲ့ရိုက်ချက်ပါပဲ ချန်းပေ့ကျိ။ ဒီချပ်ဝတ်က လုံးဝအသုံးမဝင်ဘူး” လက်တစ်ဖက်ဖြင့် ရင်ဘတ်ကိုဖိထားလျက် နာကျင်မှုကိုတောင့်ခံကာ ခန်းမကျယ်ထဲလျှောက်လာ၏။
လုကျိုးသည် ချပ်ဝတ်ကိုလေ့လာပြီး ၎င်းပေါ်ရှိသွေးကြောများကို ကြည့်လိုက်၏။ ဘာမှ အသက်မဝင်လာပေ။ မည်သို့ပင်ဆိုစေ သူသည်ခေါင်းတလားကဲ့သို့ပင် ချပ်ဝတ်က အတုမဟုတ်ကြောင်း သိနေသည်။
ဒီတော့ ပွင့်ချပ်ကိုးလွှာတိုက်ခိုက်မှုမှပဲ အသက်ဝင်လာတာလား။
လုကျိုးက အတွေးနစ်နေစဉ် ခန်းမကျယ်အပြင်ဖက်မှ အသံကျယ်တစ်သံကပေါ်ထွက်လာ၏။
“ရှစ်စွင်း ... ရှစ်စွင်းရဲ့လက်ဝါးစည်းတံဆိပ်က သိပ်ကိုတောက်ပလွန်းတာပဲ။ အဝေးကနေမြင်ရတယ်”
ကျူးဟုန်ကုန်းက ခါးကိုင်းကိုင်းဖြင့် ခန်းမထဲလျှောက်လာ၏။
“အဋ္ဌမသခင်လေး” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့သည် ကျူးဟုန်ကုန်းကို တပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြ၏။
ထိုက်ရွှီကျောင်းတော်၏ အကြီးအကဲသုံးယောက်က လှည့်ကြည့်လိုက်စဉ် နားရွက်ကားကား ခပ်ဝဝကျူးဟုန်ကုန်းသည် ခါးကိုင်းကိုင်းဖြင့် ခန်းမထဲ လျှောက်လာတာ တွေ့လိုက်ရ၏။ သူတို့က ဇဝေဇဝါ ဖြစ်သွားသည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဋ္ဌမသခင်လေး ကျူးဟုန်ကုန်းလား။ သူက ဒီလူလား မကောင်းဆိုးဝါးဘုရင်လား”
ကျူးဟုန်ကုန်းသည် သူတို့ဘေး ဖြတ်သွားစဉ် သူ့မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားတော့သည်။ ပြီးနောက် သူတို့ကို ကျော်လွန်သွားသည်နှင့် မျက်နှာချိုသွေးသော အပြုံးက ပေါ်လာလေ၏။ သူသည် မျက်နှာအမူအရာပြောင်းလဲရာ၌ အဆင့်အတန်းမြင့်မားလှတာ သိသာသည်။
ဖန်းကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က အင်မတန်အထင်ကြီးနေမိ၏။ “...”
ကျိုးကျစ်ဖုန်းသည သိပ်မကြာခင်က မျက်နှာချိုသွေးသည့် သူ၏ကိုယ်ပိုင်ကြိုးပမ်းမှုကို အမှတ်ရသွားသည်။ ကျူးဟုန်ကုန်းနှင့် ယှဉ်လျှင် သူ့၌ သွားစရာလမ်းအရှည်ကြီးရှိသေးပုံရသည်။
“ဘာလဲ” လုကျိုးက ကျူးဟုန်ကုန်းကို ကြည့်လိုက်သည်။
ကျူးဟုန်ကုန်းက ပြောလိုက်သည်။ "စစ်ရှစ်ရှိုးက ရှစ်စွင်းဆီ သတင်းပါးခိုင်းချင်လို့။ ထိုက်ရွှီမိသားစုက တော်ဝင်မိသားစုနဲ့ ပေါင်းလိုက်တာကြာပြီလို့ ပြောတယ်”
သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလား။ ဘာကြောင့်များ တခြားတစ်ယောက်အတွက် ကူညီပြီး သတင်းပါးပေးဖို့လိုတာလဲ။
စိတ်ထဲ၌ အတွေးများပေါ်နေသော်ငြား ကျိုးဝမ်လျန့်က ချက်ချင်းဒူးထောက်လိုက်၏။
“စစ်ဆေးပေးပါ ချန်းပေ့ကျိ ... အဲဒီအဘိုးကြီး လင်းရှင်းရဲ့အကြံပါ။ ကျွန်တော်တို့ သုံးယောက်က ဘာမှမဆိုင်ပါဘူး”
လုကျိုးက သုံးယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သူ့စိတ်ထဲ မည်သို့ဖြစ်ပျက်နေမှန်း မည်သူမှ မပြောနိုင်ပေ။ နောက်ဆုံးတွင် သူကပြောလိုက်၏။
“မင်းတို့သုံးယောက်ဆီကနေ စိတ်ရင်းမှန်ကို ခံစားမိတယ်။ ချပ်ဝတ်ကို ဒီမှာထားခဲ့”
ကျိုးဝမ်လျန့်က အပျော်လွန်သွား၏။ သူသည် ချပ်ဝတ်ကို ချက်ချင်းဖယ်ရှားလိုက်၏။ ပြီးနောက် ထိုက်ရွှီကျောင်းတော်မှ လူသုံးယောက်က လုကျိုးကို တညီတညွတ်တည်း ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးပါ ချန်းပေ့ကျိ”
“တင်း ... လူသုံးယောက်၏ကိုးကွယ်ယုံကြည်မှုခံရပါသည်။ ဆုလာဘ်ကုသိုလ်မှတ်သုံးထောင်”
“ဒါပေမဲ့ ...”
“ဟမ်” စိတ်အေးသွားပေမဲ့ သုံးယောက်သားသည် တောင့်တင်းသွားပြန်၏။
“လင်းရှင်းတစ်ယောက်ပဲ ပြဿနာရှာတယ်ဆိုတာ အတည်ပြုပြီးတာနဲ့ မင်းတို့သုံးယောက်ကို ချမ်းသာပေးမယ်။ အခုတော့ သူတို့ကိုချုပ်ထားလိုက်” လုကျိုးက လက်ဝေ့ယမ်းလိုက်၏။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က တပြိုင်နက်တည်းအရိုအသေပေးလိုက်သည်။ “နားလည်ပါပြီ”
“ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးပေးပါ ချန်းပေ့ကျိ ... ချန်းပေ့ကျိ ကျွန်တော် အမှန်အတိုင်းပြောနေတာပါ”
ကျိုးဝမ်လျန့်က ဆွဲထုတ်ခံသွားရစဉ် မည်သည့်အချိန်ကများ သူ စကား မှားပြောမိသလဲဟု တွေးမိသွားသည်။ သူ့စကားတွေထဲမှာ ဟာကွက်ကိုရှာတွေ့နိုင်တယ်။ ဘာဖြစ်သွားတာလဲ။
အဆုံးကျ သုံးယောက်လုံးကို သူတို့နေတောင်မြင်နိုင်သည့် မြောက်ဖက်မျှော်နန်း၏ သိုလှောင်ရုံ၌ ချုပ်ထားလိုက်၏။
သိုလှောင်ရုံထဲတွင် ဖြစ်သည်။ ဝမ်ကျန်းရန်က မေးလိုက်သည်။ “အကြီးအကဲကျိုး ... မင်း အစီအစဉ် အလုပ်ဖြစ်လား”
“စိတ်မပူနဲ့။ အလုပ်ဖြစ်မှာ” လက်နောက်ပစ်ထားလျက် ကျိုးဝမ်လျန့်ကပြော၏။
“အနည်းဆုံးတော့ မိစ္ဆာကြီးကျိက ငါတို့ကို မသတ်ဘူး။ ဟုတ်တယ်ဟုတ်”
“ပြဿနာက အခု ချပ်ဝတ်က အတုဖြစ်ကြောင်း သက်သေပြလိုက်ပြီ။ လင်းရှင်းက မိစ္ဆာကြီးကျိကို ဘယ်လိုဖြေရှင်းမှာလဲ” ဝမ်ကျန်းရန်ကမေးလိုက်၏။
ကျိုးဝမ်လျန့်က မျက်မှောင်ကျုံ့လိုက်သည်။
"အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ကိစ္စမရှိဘူး။ မိစ္ဆာကြီးကျိက လင်းရှင်းနဲ့ အိမ်ရှေ့စံမင်းသား ပူးပေါင်းနေတာကို ယုံသွားရင် လုံလောက်ပြီ။ ယွီခရိုင်ထဲမှာ လင်းရှင်းက ရှိနေပြီး ယွီခရိုင်မှာ ကျောင်းအုပ်ရှောင်ရှန်းရှိနေတယ်ဆိုရင် ထိုက်ရွှီကျောင်းတော်က ငါတို့သုံးယောက်အပိုင်ဖြစ်ပြီ။ မိစ္ဆာကြီးကျိက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲ။ သူက အလွယ်တကူ အနိုင်ယူနိုင်မှာမဟုတ်ဘူး”
ဝမ်ကျန်းရန်က ခေါင်းညိတ်လိုက်၏။ “တကယ်တွေးတတ်တာပဲအစ်ကိုကျိုး”
ကျိုးဝမ်လျန့်က နှာခေါင်းရှုံ့လိုက်၏။ “လူတွေက ကြွယ်ဝချမ်းသာမှုအတွက် သေဆုံးတယ်။ ငှက်တွေက စားစရာအတွက် သေဆုံးတယ်။ ကျားသားရဲတွင်းထဲ မဝင်ဘဲနဲ့ သားပေါက်ကို ဘယ်လိုလုပ်ယူနိုင်မှာလဲ”
ကျားသားရဲတွင်းအကြောင်း ထည့်ပြောချိန်တွင် ကျန့်ကုန်းက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ဒါနဲ့မိစ္ဆာဝေဟင်မျှော်နန်းက ငါ ထင်ထားသလိုကြောက်ဖို့မကောင်းဘူး”
...
အခန်း(၅၂၂) မြေကမ္ဘာစာလိပ် အကြွင်းအကျန်များကို လက်ခံခြင်း
ကျိုးဝမ်လျန့်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ခင်ဗျား ပြောတာမှန်တယ်။ ကျုပ်တို့ စကားဝိုင်းမှာ ကျိချန်းပေ့က ကောလာဟလထဲကလို ဒေါသထွက်တတ်တဲ့ပုံ မပေါ်ပါဘူး။ သူက အကျိုးအကြောင်း သင့်ပါတယ် ”
“ငါတို့တွေ အခုဘာလုပ်ကြမလဲ” ဝမ်ကျန်းရန်က မေးလိုက်သည်။
“ငါတို့ ဒီမှာဆက်နေလို့ အဆင်ပြေပါတယ်။ လင်းရှင်း သေသွားရင် မိစ္ဆာအိုကြီးကျိက ငါတို့ကို လွှတ်ပေးမှာပါ။ ဒီထက်အရေးကြီးတာက ငါတို့တွေ ဒီဟာပြီးရင် စကားမှားလို့ မဖြစ်ဘူး”
ကျိုးဝမ်လျန့်က သတိပေးလိုက်သည်။
“သိပါပြီ ”
………………
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ တောင်ဘက်မျှော်နန်းဆောင်အတွင်း
အကြီးအကဲလေးဦးက အတူတကွ စုဝေးနေကြသည်။
လန်လော့၊ ဖန်လီထန်း၊ ဟွားဝူတောက်နှင့် ကျော့ယွီရှုတို့က ချပ်ဝတ်အား လေ့လာနေကြသည်။ ထိုက်ရွှီကျောင်းတော်နှင့် အခြေအနေအား သိရှိပြီးသည့်နောက်တွင် လေးယောက်သား အတွေးနစ်မျောနေကြ၏။
ထိုစဉ် လုကျိုးက ပြောလိုက်သည်။
“အကြီးအကဲတို့ ဘယ်လိုထင်ကြလဲ ”
လန်လေ့ာက ပြောလိုက်သည်။
“ ချပ်ဝတ်ပေါ်က အစီအရင်တွေက အဆင်ပြေသေးတယ်။ ဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီကမ္ဘာမှာ ဒီလိုလုပ်နိုင်တဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး ”
“အဲလို ကျုပ်လည်း တွေးနေတာပဲ”
“ကျုပ်လည်း သဘောတူတယ်” ဟွားဝူတောက်ကလည်း ဝင်ပြောလိုက်သည်။
ယောကျ်ားသား အကြီးအကဲသုံးဦးလုံးက အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီးနောက် တူညီသည့် အမြင်ကို ပေးလာကြသည်။
လုကျိုးက တိတ်ဆိတ်နေသည့် ကျော့ယွီရှုအား ကြည့်လိုက်၏။
ကျော့ယွီရှုက မျက်လုံးဝေ့ကြည့်လိုက်ပြီးနောက် သူမဘာသာ ရေရွတ်လိုက်ပြီး ထုတ်မေးလာသည်။
“အစ်ကိုကြီး .. ဒီချပ်ဝတ်က လင်းရှင်းအတွက်လား ”
“ဟုတ်တယ်” လုကျိုးက ကျော့ယွီရှုသည် နဂိုက ကွန်ဖြူးရှပ်ဂိုဏ်းမှ အဆင့်မြင့် ပညာရှင်ဖြစ်ခဲ့ကြောင်း အမှတ်ရသွား၏။ သူမက လင်းရှင်းနှင့် ဇာစ်မြစ်တူလေသည်။
ကျော့ယွီရှုက ပြောလိုက်၏။
“ သူက အိမ်ရှေ့စံနဲ့ ပူးပေါင်းတာကို တွေးမိတော့ တစ်ခုကို သတိရသွားတယ်”
“ဘာများလဲ ”
“ ကျွန်မ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ခါစက နန်းတော်ထဲ အရှင်နဲ့ တွေ့ဖို့ ဖိတ်ကြားခံရတယ်။ ကျွန်မတို့ ပွင့်ချပ်ရှစ်လွှာအကြောင်း အတွေးအခေါ်တွေနဲ့၊ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြတယ်။ အရှင်က ကျွန်မ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ချင်လားလို့ တစ်ခါ မေးဖူးတယ်။ ကျွန်မက ပြုံးလိုက်ပြီး ကမ္ဘာမှာ အဲဒီလိုအရာ မရှိဘူးလို့ ပြောခဲ့တာ …
တော်ဝင်မိသားစုက ပွင့်ချပ်ကိုးလွှာအကြောင်း သိထားတာ ကြာနေလောက်ပြီ။ ဒီချပ်ဝတ်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ လုပ်ထားတာပဲ” ကျော့ယွီရှုက ပြောလိုက်သည်။
လန်လော့၊ ဟွားဝူတောက်နှင့် ဖန်လီထန်းတို့က ကျော့ယွီရှု စကားကြောင့် တုန်လှုပ်သွားကြသည်။ ကွန်ဖြူးရှပ်ဂိုဏ်းသည် အစီအရင်များ၌ ကျွမ်းကျင်ကြောင်း သိကြသည်မှာ ပုံမှန်ကိစ္စ ဖြစ်၏။ သူမ စကားများကို သံသယဖြစ်နေဖို့ မလိုပေ။
“တကယ်လို့ ကျွန်မ သုံးသပ်ချက်က မှန်မယ်ဆိုရင် ဒီအစီအရင် အသက်ဝင်လာတာနဲ့ ပွင့်ချပ်ရှစ်လွှာနဲ့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူတွေ ခုခံဖို့ ခက်ခဲမဲ့ စွမ်းအားလှိုင်းမျိုး ထုတ်ပေးလာလိမ့်မယ် ”
တခြားလူများက ထိုအရာကို ကြားပြီး သက်ပြင်းချလိုက်ကြသည်။
ကျူးဟုန်ကုန်းက အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလာ၏။
“အဲလောက်တောင် အားကောင်းတာလား”
“ဒါပေါ့ … မင်းက ငယ်ပြီးတော့ အတွေ့အကြုံနည်းသေးတယ်။ ကွန်ဖြူးရှပ်ကျောင်းက အစီအရင်ပိုင်းမှာ ဆရာကြီးပဲ။ ဘာမှအံ့ဩနေစရာ မလိုဘူး ”
“ကျွန်တော် အသိအမြင်ပွင့်ခဲ့ရပါတယ်” ကျူးဟုန်ကုန်းက ဦးညွှတ်လိုက်သည်။
လုကျိုးက ခေါင်းညိတ်ကာ “ ငါ သိပြီ”
သူက လက်အသာမြောက်ပြီး ချပ်ဝတ်ဆီ စွမ်းအားလှိုင်း ပို့လွှတ်လိုက်သည်။
အကြီးအကဲလေးယောက်နှင့် ကျူးဟုန်ကုန်းက နောက်ဆုတ်လိုက်ကြသည်။ သူတို့က လုကျိုး၏ လက်ချောင်းကြားမှ အပြာဖျော့ဖျော့ အလင်းကို မြင်လိုက်ရသည်။ ထို့နောက် သူ့လက်ဝန်းကျင်တွင် သင်္ကေတလေးခု ပေါ်ထွက်လာ၏။ ဤသည်က စွန့်ပစ်ခံ ဉာဏ်ပညာ ဖြစ်ပေသည်။
လက်ဝါးက ချပ်ဝတ်ပေါ် ကျရောက်သွားသည်။
လုကျိုးက ချပ်ဝတ်၏ ထူးခြားစွမ်းအားသည် အသက်ဝင်လာလိမ့်မည် မဟုတ်ကြောင်း တွေးထားခဲ့သော်လည်း ရုတ်ခြည်းဆိုသလို အသံများ ထွက်ပေါ်လာသည်။
“နောက်ဆုတ်နေကြ” လုကျိုးက အော်ပြောလိုက်သည်။
အကြီးအကဲလေးယောက်လုံးက မြေပေါ်ကို ကန်ကာ ချက်ချင်းဆိုသလို ခန်းမကျယ်ထဲမှ ခုန်ထွက်လိုက်ကြသည်။
“ခဏလေး နေပါဦး … ကျွန်တော်ကို စောင့်ပါဦး” ကျူးဟုန်ကုန်းလည်း လှည့်ပြေးသွားသည်။
ချပ်ဝတ်က သွေးနီရောင်အလင်းတန်း ထုတ်လွှင့်လာသည်။
လုကျိုးက ထွက်မသွားပေ။ သူက ချပ်ဝတ်ကို ကြည့်လိုက်သည်။
ပွင့်ချပ်ကိုးလွှာကို ရင်ဆိုင်နိုင်လောက်အောင် ဘယ်လိုစွမ်းအားမျိုးလဲ …
ဒီ ဒီ ဒီ
ချပ်ဝတ်က ဆက်တိုက် တုန်ခါနေသည်။ အနီရောင် အစီအရင်သွေးကြောများက မီးတောက်အလား ပျံ့နှံ့လာသည်။ ထိုသွေးကြောများက ပတ်ဝန်းကျင်ထံ ပင့်ကူအိမ်သဖွယ် တွားသွားသည့် စွမ်းအားကြိုးမျှင်များအဖြစ် ပြောင်းသွားသည်။
လုကျိုး၏ စိတ်ထဲ တစ်ခုခု ဖြစ်ပေါ်လာကာ ‘ငါ အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ်ကို ထုတ်သုံးလိုက်ရမလား ’
လုကျိုးက စွမ်းအားကြိုးမျှင်များမှ အန္တရာယ်ကို ခံစားမိလေသည်။ ဤသည်က ခေါင်းတလားပေါ်က အရာထက် ပိုမို ထူးဆန်း၏။
ထိုစဉ် သူက ရုတ်ခြည်းဆိုသလို သဘောပေါက်သွားသည်။ ကောင်းကင်ကျမ်း၏ လူသားစာလိပ်က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူထက် အနည်းငယ် အားကောင်းလေသည်။
ကောင်းကင်ကျမ်း စွမ်းအားက ချပ်ဝတ်ရဲ့ ထူးခြားစွမ်းအားကို လှုံ့ဆော်ပေးလိုက်တာလား …
ဝှစ် ဝှစ် ဝှစ်
“မျှော်နန်းသခင် ”
“ရှစ်စွင်း”
ခြံဝန်းကို အားကောင်းသည့် စွမ်းအားတစ်ခုက လျှပ်စီးလိုအရှိန်ဖြင့် ခြုံလွှမ်းသွားသည်။
“နောက်ဆုတ်ကြ” လုကျိုးက ကျူးဟုန်ကုန်းကို ဆွဲကာ ပျံသန်းလိုက်သည်။
“ထင်ထားတဲ့အတိုင်း စွမ်းအားက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တာပဲ”
လန်လော့၊ ဟွားဝူတောက်နှင့် ဖန်လီထန်းတို့က တတ်နိုင်သမျှ ဝေးဝေးမှာ နေကြသည်။ အနီရောင်ကွန်ရက်က သူတို့အထက် လေထုကိုပင် ဖုံးလွှမ်းသွားပြီး ဆက်လက် ပျံ့နှံ့နေသည်။ ထိုအရာက ကောင်းကင်အထိ ပျံ့နှံ့သွားပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အရာအားလုံးက တဖန် တိတ်ဆိတ်သွားပြန်သည်။
အကြီးအကဲလေးဦးနှင့် ကျုးဟုန်ကုန်းတို့က မလှုပ်မယှက် ကြောင်ကြောင်ကြီး ရပ်ကြည့်နေကြသည်။ သူတို့က ပွင့်ချပ်ရှစ်လွှာအဆင့်ကျင့်ကြံသူဟောင်းများ ဖြစ်သော်လည်း အန္တရာယ်ထုတ်လွှင့်နိုင်သည့် ထူးခြားစွမ်းအားကြောင့် အံ့အားသင့်မိဆဲ ဖြစ်၏။ သူတို့က ခြံဝန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိကြသည်။
မည်သူကမှ စကားမပြောရဲကြတော့ပေ။
ကျူးဟုန်ကုန်းက နောက်ပြန်ပစ်ကျသွားပြီး မြေပေါ် ထိုင်လျက်သား ဖြစ်သွားသည်။ သူက စတင်ငိုလိုက်၏။
“ရှစ်စွင်း ရှစ်စွင်း သေလို့ မဖြစ်ဘူး ”
သက်တမ်းရင့် မျှော်နန်းဆောင်မှ လူအိုကြီးများ “ ….”
သေတာလား … အဲလိုပုံ မပေါ်ပါဘူး …
သို့သော်လည်း အကြီးအကဲများက လုကျိုးသည် အထိအခိုက်မရှိကြောင်း မသေချာပေ။ သူတို့အမြင်၌ လုကျိုးသည် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်၏။ ချပ်ဝတ်က ပွင့်ချပ်ကိုးလွှာအဆင့်နှင့် ယှဉ်နိုင်သည့် စွမ်းအားကို ထုတ်လွှင့်လာသော်လည်း မျှော်နန်းသခင်က အားကုန်သုံးလိုက်လျှင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပါလော။
ဂျွတ် ဂျွတ် ဂျွတ်
အဆောက်အဦမှ ထူးဆန်းသည့် အက်သံများ ထွက်လာသည်။
ဝုန်း
အဆောက်အဦတစ်ခုလုံးက တိုဟူးကဲ့သို့ တစစီ ပြိုကျလာသည်။ မြေပေါ် အမှိုက်များဖြင့် ပြည့်သွားလေသည်။ အနီရောင်ကြိုးမျှင်များက အဆောက်အဦတစ်ခုလုံးကို စွမ်းအားဖြင့် ပိုင်းဖြတ်ခဲ့ဟန်ပေါ်သည်။ ဖြတ်တောက်မှုများက ချောမွေ့နေ၏။
ဝုန်း
နောက်ထပ် ပြိုကျလာသောကြောင့် ဖုန်လုံးများ ထလာသည်။
“အိုး ရှစ်စွင်း … အာ … အာ ရှစ်စွင်းကို အထိအခိုက်မရှိ မြင်ရတာ ကောင်းလိုက်တာ”
ဖုန်လုံးများက ငြိမ်သွားလေပြီ။
သူတို့၏ မြင်ကွင်း ရှင်းလင်းသွားသည့်အခါ လုကျိုးက မူလနေရာတွင် လက်နောက်ပစ်လျက် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူက တစ်စက်လေးမှ မလှုပ်ရှားပေ။ သူက အပြာရာင်အလွှာဖြင့် အပြည့်အဝ ကာကွယ်ထားသည်။
“တင်း … မြေကမ္ဘာစာလိပ် အကြွင်းအကျန်ရရှိတဲ့အတွက် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါတယ် ”
မြေကမ္ဘာစာလိပ် အကြွင်းအကျန်လား …
လုကျိုးက စနစ်မှ မြေကမ္ဘာစာလိပ်အား ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း စာလိပ်ပေါ်မှ သင်္ကေတများသည် ခုန်ထွက်တော့မည့်အလား အသက်ဝင်လာပြီ ဖြစ်၏။ ဤသည်က သူ ပထမဆုံး လူသားစာလိပ်မှ ပါဝင်အကြောင်းအရာကို ဖတ်ရှုခဲ့စဉ်ကနှင့် အတူတူဖြစ်ပေသည်။ ဆိုလိုသည်မှာ သူက ယခု မြေကမ္ဘာစာလိပ်ကို ဆင်ခြင်လေ့လာနိုင်ပြီ ဖြစ်၏။ သူက ထိုအရာကို ရှာတွေ့ဖို့အတွက် အဝေးကြီး ခရီးသွားကာ အများကြီးရှာဖွေခဲ့ရသည်။
ထို့နောက် သူက အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ်များကို စစ်ဆေးကြည့်လိုက်သည်။ သူတို့က လုံးလုံး အသက်ဝင်လာခြင်း မရှိပေ။ ဆိုလိုသည်မှာ အရာအားလုံး ဆိတ်ငြိမ်စွမ်းအားက စွမ်းအားကြိုးမျှင်များမှ သက်ရောက်မှုကို ကာကွယ်ပေးထားခဲ့သည်။ အကယ်၍ ကောင်းကင်ကျမ်းကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ချပ်ဝတ်၏ ထူးခြားစွမ်းအားကို တောင့်ခံဖို့ အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ်ကို ထုတ်သုံးရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ သူက အကျိုးမြတ်ရလိုက်သေး၏။
“ မျှော်နန်းသခင်က တကယ်ကို ထူးချွန်ပါပေတယ်”
“အစ်ကိုကြီးရဲ့ နည်းစနစ်ကြောင့် တကယ်ကို အံ့ဩမိသွားတယ်”
“ ကျုပ်က ဘာနည်းစနစ်မှန်း မသိပေမဲ့ ပွင့်ချပ်ရှစ်လွှာထက်တော့ အားကောင်းတာ အသေအချာပဲ ”
ဟွားဝူတောက်က ဆွံအလျက် ကျန်ရှိနေသည်။
ထို့နောက် သူကလည်း အလျှင်အမြန် ပြောလိုက်သည် “ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကို ပထမဆုံး ရောက်လာတုန်းက မျှော်နန်းသခင်နဲ့ လက်ရည်စမ်းခဲ့တယ်။ ကျုပ် ရှုံးခဲ့ရပေမဲ့ အခု မျှော်နန်းသခင်နဲ့ လက်ရည်စမ်းဖို့ တွေးတောင် မတွေးနိုင်တော့ဘူး။ ပြိုင်ဘက်အဖြစ် တွေးခဲ့မိတာ စဉ်းစားကြည့်မိရင် တကယ်ကို ဟာသပဲ။ မျှော်နန်းသခင်လို လူမျိုးက လေးစားဖို့ကောင်းပြီး ကျုပ်တို့ ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ဘူး ”
အကြီးအကဲလေးယောက်လုံးက ချီးကျူးနေကြသည်။
ကျူးဟုန်ကုန်းက အံ့အားသင့်နေဆဲ ဖြစ်၏။ သူက တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် လုကျိုးက မေးလာသည် “လောင်ပါ့ ဘာလို့ မြေကြီးပေါ် ထိုင်နေတာလဲ”
“ဟမ်” ကျူးဟုန်ကုန်းက လက်ကို မြောက်ကာ သူ့ပါးကို ပြန်ရိုက်လိုက်သည်။
“ရှစ်စွင်း ကျွန်တော်ရဲ့ အပြုအမူကို ပြန်လည်သုံးသပ်လိုက်ပါ့မယ်”
“ပြန်လည်သုံးသပ်မှာလား”
ကျူးဟုန်ကုန်းက သူ့ဘာသာ ဆက်တိုက် ရိုက်နေသည်။
“တော်သင့်ပြီ ” လုကျိုးက မြေကမ္ဘာစာလိပ်ကို ရထား၍ စိတ်ကောင်းဝင်နေသည်။ သူက ကျူးဟုန်ကုန်းအား ဖျော်ဖြေပေးနေဖို့ အချိန်မရှိပေ။ သူက ပြောလိုက်၏။
“ လင်းရှင်းကို ငါ စိတ်ပြောင်းသွားပြီလို့ ပြောလိုက်။ ငါ သူ့ခေါင်းကို ခုနှစ်ရက်အတွင်း တွေ့ချင်တယ်လို့ ပြောလိုက်ကြ”
...