အခန်း (၅၂၃-၅၂၅)
Vol. 35 Ch. 523-525
အခန်း (၅၂၃) မိစ္ဆာကြီးကျိကိုစိန်ခေါ်ခြင်း
လုကျိုးသည် ခြံဝန်းအပြင်ဖက်သို့ လျှောက်လာ၏။ ချပ်ဝတ်တန်ဆာထဲကနေ ကြွင်းကျန်အပိုင်းအစကို ရလာသည်က သူ၏တွေးထင်ထားမှုထက် အပြည့်အဝကျော်လွန်နေသည်။ အနီရောင်စွမ်းအင်အမြစ်များ ပေါက်ကွဲသွားသောအခါ ချပ်ဝတ်ထဲ၌ မြေကမ္ဘာစာလိပ် အကြွင်းအကျန်ကို တစ်စုံတစ်ယောက်ဝှက်ထားတာ တွေ့ရသည်။ မုရှီးသင်္ချိုင်းထဲရှိ ကောင်းကင်ကျမ်းစာ စာလိပ်က အချိန်ကာလကြာမြင့်စွာ ထိုနေရာ၌ တည်ရှိနေသည့်တိုင် ထိခိုက်မှု မရှိသေးပေ။ ချပ်ဝတ်တစ်ခုသည် ရာစုနှစ်ပေါင်းများစွာ မည်ကဲ့သို့ရှင်သန်နိုင်သနည်း။ ယင်းက မြေကမ္ဘာစာလိပ်အကြွင်းအကျန်ကြောင့် ဖြစ်သည်။
ဒီချပ်ဝတ်ရဲ့ အရင်းအမြစ်ကို ထူးကဲစွမ်းအားလို့ခေါ်တာလား။
ထိုစဉ် ကျော့ယွီရှုက လုကျိုးကို အရိုအသေပေးပြီးပြောလိုက်၏။ "အစ်ကို ... လင်းရှင်းနဲ့ကျွန်မက ဇာစ်မြစ်ခြင်း တူကြတယ်။ သူ့ဆီကိုယ်တိုင်သွားလည်သင့်လား”
လုကျိုးက ကျော့ယွီရှုကိုကြည့်ပြီးပြောလိုက်သည်။
“မင်းမှာသာ မင်းရဲ့ကျင့်ကြံဆင့် ရှိနေခဲ့မယ်ဆိုရင် အမေးထုတ်စရာမလိုဘဲ ငါ လက်ခံပေးလိုက်မှာ။ ဒါပေမဲ့ အခု မင်းရွှေကြာကို ဖြတ်တောက်ထားပြီး ပြန်ကျင့်ကြံတုန်း။ သူ့ကို ဘယ်လိုဖြေရှင်းမှာလဲ”
ကျော့ယွီရှုက လက်တစ်ဖက်ကို မြှောက်လျက် မြေကြီးပေါ်ဆောင့်ချလိုက်သည်။ သူမနောက်၌ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုပေါ်လာ၏။ စိတ်ဝိညာဉ်သဏ္ဌာန်၏နောက်တွင် ရွှေကြာကို မတွေ့ရပေ။ ပွင့်ချပ်နှစ်လွှာ လည်ပတ်နေတာကိုသာတွေ့လိုက်ရ၏။
“အစ်ကိုရဲ့ကျေးဇူးကြောင့် ကျွန်မ အခု ပွင့်ချပ်နှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ရောက်နေပါပြီ” သူမ ပြောနေစဉ် မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားမှုကို တွေ့ရလေ၏။ သူမ ကြွားလုံးထုတ်နေတာဖြစ်သည်။ အမှန်တကယ်တွင် သူမ၌ ကြွားပိုင်ခွင့်ရှိသည်။ ရွှေကြာကို ဖြတ်တောက်ပြီး ပြန်လည်ကျင့်ကြံပြီးနောက် သူမသည် အချိန်တိုအတွင်း ပွင့်ချပ်နှစ်လွှာကို ရောက်ရှိခဲ့ခြင်းက သူမ၏ပါရမီကို သက်သေပြလိုက်ခြင်းဖြစ်သည်။
လုကျိုးက ခေါင်းခါလိုက်၏။
“ပွင့်ချပ်နှစ်လွှာအဆင့်က နိမ့်လွန်းတယ်”
ကျော့ယွီရှုက မျက်နှာမှုန်သွားတော့၏။
ကျူးဟုန်ကုန်းက ဝင်ပြောလိုက်၏။
"စိတ်ဓာတ်မကျပါနဲ့ အကြီးအကဲကျော့ ... ကျွန်တော်ဆို ပွင့်ချပ်တစ်လွှာအဆင့်မှာပဲရှိသေးတယ်။ ကျွန်တော်တို့ အခုချိန်မှာ အရဲမစွန့်ဘူးဆိုရင် ကျွန်တော်တို့အချိန် မမီဘဲနေမှာ”
“…” ကျော့ယွီရှုက ယိုင်သွားပြီး ခြေလှမ်းပျက်လုနီးပါးဖြစ်သွား၏။
“အကြီးအကဲကျော့”
“ငါ ... ငါ အဆင်ပြေတယ်” ကျော့ယွီရှုသည် သူ့ဘေးရှိ ကျူးဟုန်ကုန်းကို ကြည့်လိုက်၏။ စိတ်ရှုပ်စရာကောင်းလိုက်တာ။ ပါရမီ၊ ကျင့်ကြံဆင့်၊ အတွေ့အကြုံ၊ နည်းစနစ် ဘယ်နေရာမှာများ ငါက ကျူးဟုန်ကုန်းထက် ပိုအားနည်းလို့လဲ။ ကျူးဟုန်ကုန်းသည် သူက သူမကို လိုက်မီလာသည်ဆိုသည့်အချက်ကို လက်ခံနိုင်ရန်ခက်ခဲနေ၏။
“ဒီမှာနေပြီး ကျင့်ကြံတာကို အာရုံစိုက်။ နောင်ကျ မင်းရဲ့ အရည်အချင်းကို ပြဖို့အခွင့်အရေးတွေ အများကြီးရှိလာလိမ့်မယ်” လုကျိုးက ပြောပြီးနောက် လှည့်ထွက်သွားသည်။
“လုံခြုံဘေးကင်းတဲ့ခရီးဖြစ်ပါစေ မျှော်နန်းသခင်”
လုကျိုးသည် အရှေ့ဖက်မျှော်နန်းဆီသို့ ပြန်သွားလိုက်၏။ သူသည် မြေကမ္ဘာစာလိပ်ကို ဆင်ခြင်သုံးသပ်ရန် အလျင်မလိုပေ။ လူသားစာလိပ်ကို ဆင်ခြင်သုံးသပ်သည့် သူ၏အတွေ့အကြုံနှင့် သူ ပထမဆုံးစွမ်းအားကို ရထားသည့်အချိန်က အတွေ့အကြုံကိုအခြေခံကြည့်လျှင် သူက သတိလစ်သည့် အခြေအနေထဲ ဝင်ရောက်သွားလိမ့်မည်။ သို့သော် သူ၏အားနည်းသည့်ကျင့်ကြံဆင့်ကြောင့်နှင့် သူသည် ဆင်ခြင်သုံးသပ်နေစဉ်အတောအတွင်း လျှို့ဝှက်ခန်းထဲ၌ နေနေသောကြောင့် အာရုံစိုက်မှုများစွာ မဖြစ်စေခဲ့ပေ။
ယခုအချိန်၌ တော်ဝင်မိသားစုက မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ကြည့်နေသည်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကို ဖြေရှင်းရန် နည်းလမ်းတစ်ခု အမှန်တကယ်ရှိနေခဲ့လျှင် ထိုချပ်ဝတ်သည် သူတို့တွင် ရှိသည့် တစ်ခုတည်းသောဝှက်ဖဲမဟုတ်ပေ။ ဘေးကင်းစေရေးအတွက် လုကျိုးသည် သူတို့ကို ခြိမ်းခြောက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် ထိုက်ရွှီကျောင်းတော်၏ပင်မခန်းမသို့ စာတစ်စောင်ရောက်လာသည်။ အချိန်အတိုင်းအတာတစ်ခုအထိ စာပါအကြောင်းအရာသည် ထိုက်ရွှီကျောင်းတော်တစ်ခုလုံးကို ထိတ်လန့်စေခဲ့သည်။
ထိုက်ရွှီကျောင်းတော်၏ အကြီးအကဲများက ချက်ချင်းပင် အစည်းအဝေးခေါ်လိုက်၏။
အစည်းအဝေးခန်းမထဲတွင် ဖြစ်သည်။
လင်းရှင်းသည် ရှိနေသည့် အကြီးအကဲများကို ကြည့်ပြီးမေးလိုက်၏။
“ကျိုးဝမ်လျန့်၊ ဝမ်ကျန်းရန်နဲ့ ကျန်းကုန်းတို့ ဘယ်မှာလဲ”
“ဂိုဏ်းချုပ် အကြီးအကဲသုံးယောက်က မနေ့တုန်းက ထွက်သွားပြီး ပြန်ရောက်မလာသေးပါဘူး”
လင်းရှင်းက မျက်မှောင်အနည်းငယ်ကျုံ့ထား၏။ “သူတို့ကိုမေ့ထားလိုက်”
“ဂိုဏ်းချုပ် မိစ္ဆာဝေဟင်မျှော်နန်းက နောက်ထပ်စာတစ်စောင်ပို့လိုက်ပါတယ်။ ဒီတစ်ခေါက် ဂိုဏ်းချုပ်ရဲ့ခေါင်းကို တောင်းနေပါပြီ။ ဒါ လွန်လွန်းသွားပြီ”
အိမ်ရှေ့စံမင်းသား၏လာရောက်လည်ပတ်မှုသည် အကြီးအကဲတချို့၏ ယုံကြည်ချက်ကို မြှင့်တင်ပေးလိုက်ပုံပေါ်သည်။
လင်းရှင်းက စိတ်မပါလက်မပါပြောလိုက်တော့၏။ “သုံးရက်ကြာပြီးရင် တန့်ယန်တောင်ထိပ်မှာ မိစ္ဆာကြီးကျိကို စိန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပြီ။"
တပည့်တစ်ယောက်က ခန်းဆောင်အပြင်ဖက်၌ ပေါ်လာသည်။ “ဟုတ်ကဲ့ ဂိုဏ်းချုပ်”
“ငါရဲ့ချပ်ဝတ်ယူလာခဲ့”
“နားလည်ပါပြီ”
တပည့်နှစ်ယောက်သည် အစည်းအဝေးခန်းမထဲသို့ ဝင်လာသည်။ လင်းရှင်းသည် သေတ္တာကို မြင်သောအခါ အင်မတန်ရဲစွမ်းသတ္တိရှိသော အသွင်အပြင်ဖြင့် ပြောလိုက်၏။
"ငါတို့ အောင်မြင်မလား ကျဆုံးမလားဆိုတာကို ဒါက အဆုံးအဖြတ်ပေးလိမ့်မယ်” မကြာမီ၌ ထိုက်ရွှီကျောင်းတော်၏ကျောင်းအုပ်က မိစ္ဆာဝေဟင်မျှော်နန်း၏ကျောင်းအုပ်ကို စိန်ခေါ်မည့်သတင်းက တောမီးကဲ့သို့ပြန့်သွား၏။ လှိုင်းဂယက်ထောင်ချီ ပြန့်သွားစေနိုင်သော ခဲလုံး တစ်လုံးပမာ ဖြစ်သွားသည်။
ထိုက်ရွှီကျောင်းတော်၏ ကျောင်းအုပ်လင်းရှင်းသည် ပွင့်ချပ်ရှစ်လွှာအဆင့်တွင်သာ ရှိ၏။ သူသည် မိစ္ဆာကြီးကျိကို စိန်ခေါ်ရန် မည်သည့်နေရာကများ သတ္တိရသွားသနည်း။
ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး မတူညီသည့်အမြင်များစွာရှိနေသည်။
မွန်းတည့်ချိန်၌ ဟုန်ချူးအခွဲကလည်း ယင်းကို သတိပြုမိသွားသည်။ ဟုန်ချူးအခွဲသခင် ရှစ်ဟုန်သည် အကြီးအကဲများကို အရေးပေါ်အစည်းအဝေးခေါ်လိုက်၏။
“လင်းရှင်းက မိစ္ဆာကြီးကျိကို တန့်ယန်တောင်ထိပ်မှာ စိန်ခေါ်ဖို့ရည်ရွယ်နေတာကို လူတိုင်းကြားပြီးပြီလို့ ထင်တယ်။ မင်းတို့ဘယ်လိုထင်လဲ” ရှစ်ဟုန်းက မေးလိုက်၏။
“လင်းရှင်း စိတ်လွတ်သွားပြီလား။ သူ့အထွတ်အထိပ်ကာလမှာတောင် မိစ္ဆာကြီးကျိကို ရန်မစရဲခဲ့တာ။ အခုကျ ပွင့်ချပ်ကိုးလွှာအဆင့်ကို ဝင်ပြီးသွားတဲ့ မိစ္ဆာကြီးကျိကို စိန်ခေါ်ပြီး ဘာကြောင့် သူ့အသက်ကို ပစ်ထုတ်နေရတာလဲ” ထိုစဉ် တတိယအကြီးအကဲကပြော၏။
“အိမ်ရှေ့စံမင်းသား လျိုကျစ်က ထိုက်ရွှီကျောင်းတော်ကို သွားရောက်လည်ပတ်ပြီး သူတို့ကို ယုံကြည်ချက် မြှင့်တင်ပေးတယ်လို့ကြားထားတယ်”
“ယုံကြည်ချက် မြှင့်တင်ပေးတာလား။ အံ့ဖွယ်မြို့တော်ထဲမှာ တစ်ယောက်ယောက်က ပွင့်ချပ်ကိုးလွှာဆင့်ကို မရောက်ရင် ဒါမှမဟုတ် အဆုံးသတ်ဆယ်ပါးအစီအရင်ကု တန့်ယန်တောင်ထိပ်ဆီ မရွေ့ရင် သူတို့ယုံကြည်ချက် ဘယ်ကလာလဲဆိုတာ မမြင်နိုင်ဘူး"
ဟုန်ချူးအခွဲသခင်ရှစ်ဟုန်က ခေါင်းခါပြီးပြောလိုက်၏။
“ငါတို့ရဲ့မဟာအကြီးအကဲကျန်းချန်က မိစ္ဆာဝေဟင်မျှော်နန်း သတ်တာ ခံခဲ့ရတယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့စာရင်းထဲမှာ ငါတို့က နောက်ထပ်ပစ်မှတ်ဖြစ်လာလောက်တယ်”
ကျန်သည့်သူများက မှင်တက်သွား၏။ မှန်ပေသည်။ ထိုက်ရွှီကျောင်းတော်ကို ပြက်ရယ်ပြုခြင်းက သူတို့၏အနာဂတ်ကို လှောင်ပြောင်နေခြင်းနှင့်တူ၏။
“ဒုတိယအကြီးအကဲ တန့်ယန်တောင်ထိပ်ဆီ လူတချို့လွှတ်ပြီး တိတ်တဆိတ်လေ့လာ”
“နားလည်ပါပြီ”
ခုနစ်စင်ကြယ်ကျောင်းတော်ထဲတွင်ဖြစ်သည်။
ကျောင်းအုပ်ကျိုးက တပည့်များကို စုဝေးလိုက်၏။
“ထိုက်ရွှီကျောင်းတော်ရဲ့ ကျောင်းအုပ်လင်းရှင်းက မိစ္ဆာကြီးကျိကို တန့်ယန်တောင်ထိပ်မှာ တိုက်ခိုက်ဖို့ စိန်ခေါ်ထားတယ်လို့ ကြားမိတယ်။ မင်းတို့တွေ ဒီကိစ္စကိုစုံစမ်း။ ဒါပေမဲ့ ဝင်မစွက်ဖက်နဲ့။ ကောင်းကောင်းမှတ်ထား”
“နားလည်ပါပြီ”
ကျိုးယို့ချိုက်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“လင်းရှင်း ရှုံးသွားခဲ့ရင် ဘာမှမမြင်သလို လှုပ်ရှား။ လင်းရှင်း အနိုင်ရရင် ငါ့ဆီချက်ချင်းစာပို့”
“နားလည်ပါပြီ”
တစ်ချိန်တည်းတွင် ကောင်းကင်ကူးသန်းကျောင်းတော်၊ အံ့ဖွယ်မြို့တော်ရှိ အင်အားစု၊ အိမ်ရှေ့စံမင်းသား၏ လက်အောက်ငယ်သားများ၊ တော်ဝင်အစောင့်များနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ လုပ်ကြံသတ်ဖြတ်မှုကနေ ရှင်သန်ခဲ့သော ဂိုဏ်းကြီးဆယ်ဂိုဏ်းက သူတို့လူများကို တန့်ယန်တောင်ထိပ်ဆီ လွှတ်လိုက်သည်။
တတိယမြောက်နေ့တွင် ဖြစ်သည်။ တန့်ယန်တောင်ထိပ်၌ နေသာသည့်နေ့တစ်နေ့ဖြစ်နေ၏။
ထိုစဉ် လေပြည်တစ်ချက်က တိုက်ခတ်သွားတော့သည်။
ထိုက်ရွှီကျောင်းတော်၏ကျောင်းအုပ် လင်းရှင်းသည် ကြီးမားလှသည့် ကျောက်စင်မြင့်၏အလယ်တွင် ထိုင်နေလေ၏။ သူနှင့်မလှမ်းမကမ်းတွင် တပည့်နှစ်ယောက်ရပ်နေသည်။ နှစ်ယောက်လုံးသည် ယုံကြည်ချက်ကင်းမဲ့မှုကြောင့် ချွေးစေးချွေးပေါက်ကျနေ၏။
“သတင်းဖြန့်ပြီးပြီလား” လင်းရှင်းက မေးလိုက်၏။
“လွန်ခဲ့တဲ့နှစ်ရက်တည်းက သတင်းဖြန့်ပြီးပါပြီ ဂိုဏ်းချုပ်”
လင်းရှင်းသည် ခေါင်းပေါ်ရှိနေကိုမော့ကြည့်ပြီးပြောလိုက်သည်။ “ငါ့ကို ချပ်ဝတ်ဝတ်ပေး”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
တပည့်နှစ်ယောက်သည် သေတ္တာကို ထုတ်ပြီးချပ်ဝတ်ကိုထုတ်လိုက်၏။ သူတို့သည် လင်းရှင်းဘေးသို့ တလေးတစားလျှောက်လာသည်။ လင်းရှင်းက ချပ်ဝတ်တန်ဆာကိုကြည့်ပြီးမေးလိုက်သည်။
“ဘာကြောင့် အဝတ်နဲ့ထုပ်ထားတာလဲ”
“ဒါကို ဖြေလိုက်တဲ့အချိန် ခမ်းနားသွားပြီး ဂိုဏ်းချုပ်ရဲ့ကြီးမြတ်မှုတွေကပေါ်လာလိမ့်မယ်လို့ အကြီးအကဲကျိုးက ပြောခဲ့တာပါ"
တပည့်များထဲမှာ တစ်ယောက်က ဝတ္တရားကျေစွာဖြေလိုက်သည်။
လင်းရှင်း၏အသက်အရွယ်တွင် ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်တော့ပေ။ သင့်တော်သည့်နေ့တွင် သူက ရဲစွမ်းသတ္တိရှိပြီး ဖြုံလောက်သည့်သတ္တိ ရှိနေပုံပေါ်ရန် လိုအပ်သည်ဟု ခံစားမိသည်။ သူက ချပ်ဝတ်တန်ဆာကို ကိုင်ပြီးပြောလိုက်သည်။
"ဟုတ်ပြီ ဒီနေရာမှာ ငါ ပြိုလဲတာကိုကြည့်ဖို့ ရောက်လာတဲ့ဂိုဏ်းတွေ အများကြီးရှိမှာ သေချာတယ်။ သူတို့ကို ပြလိုက်မယ်။
“ဂိုဏ်းချုပ် ကျွန်တော်တို့ ဂိုဏ်းချုပ်ကိုအားထားနေပါပြီ” တပည့်နှစ်ယောက်က ပြောလိုက်ပြီး နောက်ဆုတ်သွား၏။
လင်းရှင်းက ရယ်မောလိုက်၏။
“ကျောင်းတော်နဲ့ ကျန်တဲ့ဂိုဏ်းကလူတွေက ငါ စိတ်လွတ်သွားပြီလို့ ပြောနေတာ ငါ သိတယ်။ ဒါပေမဲ့ ငါ့ယုံကြည်ချက်ရင်းမြစ်ကို အရှင်မင်းသား ပေးခဲ့တယ်ဆိုတာ သူတို့မသိဘူး”
“ဂိုဏ်းချုပ် ... ဂိုဏ်းချုပ်ရဲ့ယုံကြည်ချက်အရင်းအမြစ်က ဒီချပ်ဝတ်လား”
“မင်းတို့မကြာခင် တွေ့ရမှာပါ” လင်းရှင်းက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ တပည့်နှစ်ယောက်က ဘာပြောရမည်မှန်း မသိတော့ပေ။
ထိုစဉ် တန့်ယန်တောင်ထိပ်ဆီသို့ ကျင့်ကြံသူများစွာက ပျံသန်းလာပြီး ထောင့်များနှင့် အကွေ့များတွင် အသီးသီးပုန်းလိုက်၏။ သူတို့အားလုံးက တာ့ယန်တောင်ထိပ်ကိုကြည့်လိုက်သည်။
နေထွက်လာချိန်တွင် လင်းရှင်းကလှည့်လာပြီး မိစ္ဆာဝေဟင်မျှော်နန်းရှိရာဖက်သို့ကြည့်လိုက်၏။ သူသည် တိမ်ကင်းစင်သော ကောင်းကင်၌ သူ့ဆီပျံသန်းလာသော မည်သည့်ကျင့်ကြံသူကိုမှ မတွေ့ရပေ။ သူက နှာခေါင်းရှုံ့ပြီးပြောလိုက်၏။ "မိစ္ဆာကြီးကျိက ကြောက်နေတဲ့ပုံပဲ”
“ဂိုဏ်းချုပ် မှန်ပါတယ်”
လုကျိုး နောက်ကျမှရောက်လာလေ သူက ယုံကြည်ချက်ပိုရှိလေဖြစ်သည်။ နောက်ဆုံး၌ အချိန်တချို့ ကုန်လွန်သွားပြီး လှည့်ထွက်ရန်ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းတွင် ကြယ်တံခွန်တစ်စင်း ကြွေကျလာသည့်ပမာ တောက်ပသည့် အမြီးတန်းဖြင့် ရထားလုံးတစ်စင်းက ကောင်းကင်ထဲတွင် ပေါ်လာသည်။
“နောက်ဆုံးတော့ ရောက်လာပြီ”
တောင်ထိပ်၌ ပုန်းနေသောကျင့်ကြံသူများသည် ရထားလုံးပျံကိုမြင်ပြီး သတင်းစဖြန့်လိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ရထားလုံးဒီကိုရောက်လာပြီ”
...
အခန်း(၅၂၄) ခင်ဗျား ကျုပ်ကို မနိုင်ဘဲနဲ့ ကျုပ်ရှစ်စွင်းကို စိန်ခေါ်ဖို့ တွေးနေသေးတာလား
ပုန်းအောင်းနေသည့် ကျင့်ကြံသူက ကြယ်တံခွန်နှင့်တူသည့် ရထားလုံးပျံကို အသေးစိတ်အချက်အလက် လက်လွှတ်ခံလိုစိတ် မရှိဘဲ မျက်တောင်မခတ် ကြည့်နေလေသည်။
“ဒီမှာ”
“ ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တိမ်ခွင်းရထားလုံးပျံပဲ”
“ ငါ ကြောက်တယ်။ တကယ်လို့ မိစ္ဆာအိုကြီးကျိက ပွင့်ချပ်ကိုးလွှာ ထုတ်ပြီး ငါတို့အားလုံးကို သတ်သွားရင် ဘယ်လိုလုပ်မလဲ”
“ထွက်သွားစမ်း”
တောင်ခြေတွင် ကျင့်ကြံသူတချို့ စုဝေးနေကြလေသည်။
လင်းရှင်း တိမ်ခွင်းရထားလုံးပျံကို မြင်လိုက်သည့်အခါ အနည်းငယ် အံ့အားသင့်သွား၏။ ထို့နောက် သူက ကျယ်လောင်စွာ ပြောလိုက်သည်။
“ အချိန်မီပဲ။ တခြားလူတွေ နောက်ဆုတ်ကြ”
“နားလည်ပါပြီ”
ထိုက်ရွှီကျောင်းတော်မှ တပည့်များက ကျောက်စင်မြင့်မှ ဆင်းလိုက်ပြီး နောက်ဆုတ်လိုက်ကြသည်။
ထိုစဉ် လင်းရှင်း တစ်ယောက်တည်းသာ စင်ပေါ်တွင် ကျန်ရှိတော့၏။
တိမ်ခွင်းရထားလုံးပျံက အလျှင်အမြန် ပျံသန်းသွားလေသည်။ အားလုံးရှေ့မှောက် ပေါ်ထွက်လာသည်နှင့် တန့်ယန်တောင်ထိပ်ကို ရောက်ရှိလာဖို့ အချိန်ခဏမျှသာ ကြာမြင့်ပေသည်။
လင်းရှင်းက မော့ကြည့်ရင်း သရော်လိုက်သည် “ မိစ္ဆာအိုကြီးကျိ နောက်ဆုံးတော့ ရောက်လာပြီပဲ”
ထိုစဉ် တောအုပ်အတွင်း ပုန်းအောင်းနေသည့် ကျင့်ကြံသူများနှင့် တောင်ခြေရှိ ကျင့်ကြံသူများက စိတ်အားတက်သရော အပေါ်ကို မော့ကြည့်လိုက်ကြသည်။
တိမ်ခွင်းရထားလုံးပျံက လေထဲတွင် ရစ်ဝဲရင်း တိတ်ဆိတ်နေသည်။ ထိုအရာက အချိန်ရပ်ဆိုင်းသွားသည့်အလား မလှုပ်မယှက် ဖြစ်နေ၏။
“မိစ္ဆာအိုကြီးကျိ ခင်ဗျားရဲ့ ပွင့်ချပ်ကိုးလွှာ စွမ်းအားကို မြည်းစမ်းကြည့်ပါရစေဦး” လင်းရှင်းက ပြောလိုက်သည်။
သူ့စကားအဆုံးတွင် …
ဝှစ်
ရထားလုံးပျံမှ လှံအရိပ် ထွက်ပေါ်လာသည်။ လှံအရိပ်က လေထဲ လျှပ်စီးလိုအလျင်ဖြင့် စက်ဝန်းပြတ်သဏ္ဌာန် ရေးဆွဲကာ စွမ်းအင်လှံအဖြစ် ပြောင်းလဲသွားသည်။
လင်းရှင်းက မကျေမနပ် ပြောလိုက်သည် “ ကျုပ် ကာကွယ်ရေးစွမ်းအား မပါရင်တောင် ဒါလေးနဲ့ ကျုပ်ကို မထိခိုက်စေနိုင်ပါဘူး”
သူ ဝတ်ဆင်ထားသည့် ချပ်ဝတ်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ပြုလုပ်ထားခြင်း ဖြစ်၏။ ချပ်ဝတ်ရှိ အစီအရင်များက ရင်သပ်ရှုမောဖွယ်အတိ ဖြစ်၏။ သူက အစီအရင်သွေးကြောများကို တစ်ညလုံး လေ့လာခဲ့ပြီး ချပ်ဝတ်က အံ့ဖွယ် ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ထူးခြားစွမ်းအားက ပွင့်ချပ်ကိုးလွှာ၏ တိုက်ခိုက်မှုကြောင့် အသက်ဝင်လာလိမ့်မည်။ ထိုအဆင့်အောက်အနေဖြင့် အသက်ဝင်စေဖို့ ခက်လိမ့်မည်။ သူ့အနေနှင့် လှံကို အဖတ်မတန်သည်ဟု ထင်ခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။
လင်းရှင်းက မလှုပ်မယှက် ရပ်နေသည်။
လှံထိပ်ဖျားက လင်းရှင်းဆီ ကျရောက်လာသည့်အခါ လျှပ်စစ်လွန်ပူကဲ့သို့ ပတ်ချာလည်သွားသည်။ နောက်ဆုံးထိုးချက်တွင် သူ့ချပ်ဝတ်ကို ထိုးဖောက်သွားလေ၏။
“သောက်ခွေးနဲ့မှ” လင်းရှင်းက မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ သူ့ချပ်ဝတ် ထိုးဖောက်ခံလိုက်ရသည်နှင့် စွမ်းအားကို ထုတ်လွှင့်ကာ ရှောင်လိုက်သည်။ သို့သော် နယ်ရှင်လှံက သူနှင့် နီးကပ်လွန်းနေလေပြီ။ သူက အချက်အချာနေရာများ ထိုးဖောက်ခံရခြင်းမှ မရှောင်နိုင်တော့ပေ။ လှံထိပ်ဖျားက သူ့ခါးဘေးကို အလွယ်လေး ထိုးဖောက်သွားသည်။
တိုက်ပွဲက ဤသို့ဖြင့် အဆုံးသတ်သွားလေသည်။
ဤနေရာတွင် ပွင့်ချပ်ကိုးလွှာ နည်းစနစ်လည်း မရှိသလို ထူးဆန်းသည့် လက်ဝါး စည်းတံဆိပ်လည်း မပါပေ။ တိုက်ပွဲက ကမ္ဘာကိုပင် တုန်လှုပ်စေကာ နတ်ဘုရားများနှင့် တစ္ဆေများကိုပင် ငိုကြွေးစေနိုင်သည့် တိုက်ပွဲမျိုးလည်း မဖြစ်ခဲ့ပေ။
ဂိုဏ်းအသီးသီးမှ ကြည့်ရှုသူများက ကြောင်အမ်းနေကြသည်။ သူတို့က ယင်ကောင်တွေ အကျွေးခံလိုက်ရသလိုမျိုး ရှုံ့မဲ့နေကြသည်။
ဒါပဲလား …
ထိုစဉ် ရထားလုံးပျံတွင် တွမ့်မူရှန်းက အတွေးအတူတူ ရှိနေသည်။ သူက တိုက်ခိုက်စဉ်အခါက အားကုန်သုံးခဲ့သည်။ သူက ပထမဆုံး တိုက်ကွက်ဖြစ်နေလျှင်ပင် ထိန်ချန်ထားတတ်ခဲ့သူ မဟုတ်ပေ။ သူက နယ်ရှင်လှံကို အားအပြည့်ဖြင့် ပစ်လွှတ်လိုက်သော်လည်း သူ့လှံက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူကို အလွယ်တကူ ထိုးဖောက်သွားလိမ့်မည်ဟု မထင်ထားမိပေ။ သူက သူ့လက်သူ သေချာပြန်ကြည့်လိုက်ပြီးနောက် တွေးလိုက်မိသည်။
ငါ လေ့ကျင့်နေတုန်း မသိလိုက်ဘဲ ဒီလောက်အထိ အားကောင်းလာမိတာလား …
တွမ့်မူရှန်းက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် ရိုက်နှက်ခဲ့လေသည်။ သူက သူများကို ပြောပြလျှင် မည်သူကများ ယုံမည်နည်း။
တစ်ချိန်တည်းဆိုသလို လင်းရှင်းက ခေါင်းငုံ့ကာ မယုံမကြည် ဖြစ်နေမိသည်။
နေရောင်က သူ့ရင်ဘတ်အပေါ် ဖြာကျနေ၏။
နယ်ရှင်လှံသည် သူ့ခါးကို ထိုးဖောက်သွားပြီး မြေပေါ် ထိုးစိုက်နေလေသည်။ နယ်ရှင်လှံ ထိပ်ဖျားမှ ကျောက်စင်မြင့်ဆီ သွေးများ တစ်စက်စက် စီးကျနေသောကြောင့် သွေးမြစ်နှင့်ပင် တူနေသည်။ နေမင်း၏ အပူချိန်ကြောင့် သွေးက ကပ်စေးကပ်စေး ဖြစ်သွားတော့သည်။
ဘယ် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
လင်းရှင်းက အဝတ်များကို ဖြဲကြည့်လိုက်သည့်အခါ ထူးခြားနေသည့် ချပ်ဝတ် မဟုတ်တော့ဘဲ သာမန်စစ်သားများ ဝတ်ဆင်သည့် သာမန်ချပ်ဝတ်ကိုသာ မြင်လိုက်ရသည်။
အတုကြီးလား … ဒါက အတုလား
လင်းရှင်းက မျက်လုံးပြူးသွားကာ နှုတ်ခမ်းများပင် တုန်ယင်လာမိသည်။ သူက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘန်း
နယ်ရှင်လှံက သူ့ခါးမှ ထွက်သွားလေသည်။ သူက သူ ခံစားရမည့် နာကျင်မှုနှစ်ဆကို စိတ်ထဲ မထားပေ။
ထိုစဉ် တွမ့်မူရှန်းက ရထားလုံးပျံမှ ခုန်ဆင်းလာသည်။ သူက လက်မြောက်ကာ နယ်ရှင်လှံအား ပြန်လည်ခေါ်လိုက်ပြီး ကျောက်စင်မြင့်ဆီ ကျရောက်လာသည်။
တန့်ယန်တောင်ထိပ်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏ တတိယတပည့် တွမ့်မူရှန်းက နယ်ရှင်လှံကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားရင်း သူ့ပြိုင်ဘက်အား ကြည့်နေသည်။
နှစ်ချက်ထိထားသည့် လင်းရှင်းက နောက်ဆုတ်လိုက်၏။ သူက ချီသွေးကြောများအား ထိကာ သူ့ကိုယ်သူ ပြိုလဲခြင်းမှ ကာဆီးထာလိုက်သည်။ သူက အသက်ကြီးနေသည့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ပွင့်ချပ်ရှစ်လွှာ ဖြစ်နေသေး၏။
ထိုစဉ် ပွဲကြည့်သူများက ကြောင်အမ်းနေကြသည်။
ခဏမျှကြာမြင့်ပြီးသည့်နောက်တွင် လင်းရှင်က ရင်ဘတ်ကို ပုတ်ကာ ရေရွတ်လိုက်သည် “ ငါ သိပြီ သိပြီ”
သူက ပြောရင်း အားပါးတရ ရယ်မောလိုက်သည်။
“ဘာသိတာလဲ” တွမ့်မူရှန်းက အဝေးမှ လှမ်းမေးလိုက်သည်။
“ အားလုံးက ငါ့ကို သေစေချင်နေကြတာပဲ။ ထိုက်ရွှီကျောင်းတော်က အကြီးအကဲတွေ၊ တပည့်တွေနဲ အိမ်ရှေ့စံကပါ ငါ့ကို သေစေချင်နေကြတာပဲ” လင်းရှင်းက စိတ်လွတ်သွားသည့်အလား အားပါးတရ ရယ်မောလိုက်သည်။
တွမ့်မူရှန်းက ပြောလိုက်၏။
“ ခင်ဗျားက သေသင့်တယ် ”
“ဟုတ်တယ်။ ငါက သေသင့်တယ်” လင်းရှင်းက သွေးထွက်တာကို တားဆီးထားသော်လည်း လှံက သူ့အတွင်းအင်္ဂါများကိုပါ ထိသွားစေသည်။ သူက ရထားလုံးပျံအား ကြည့်ကာ ပြောလိုက်၏။
“ကျုပ် မိစ္ဆာအိုကြီးကျိနဲ့ စကားပြောချင်တယ် ”
ခဏအကြာတွင် လုကျိုးက ရထားလုံးပျံပေါ်မှ ထရပ်လာသည်။ သူက ပဲ့ထိန်းဘေးတွင် ရပ်ရင်း လင်းရှင်းအား ကြည့်လိုက်၏။
“ လင်းရှင်း … မင်း ဘာပြောစရာ ကျန်သေးလို့လဲ ”
လင်းရှင်းက လုကျိုးကို မြင်သည့်အခါ ပြန်လည်လန်းဆန်းလာသည် “ကျုပ်ဘဝမှာ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး။ ဒါပေမဲ့ ကျိထျန်းတောက် … ခင်ဗျားက ပထမဆုံးပဲ။ ကျုပ် ထပ်မပြောချင်ပေမဲ့ … ”
လုကျိုးက လက်နောက်ပစ်ကာ ပြောလိုက်သည်။ “ ဘာထပ်ရှိသေးလဲ”
“တကယ်လို့ ဖြစ်နိုင်ရင် ကျုပ်မသေခင် ခင်ဗျားနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တယ်” လင်းရှင်းက ကနဦးချီများကို ထုတ်လွှင့်လိုက်သည်။ ကနဦးချီများက ပို၍ သိပ်သည်းလာသည်။ သူ့အရှိန်အဝါက ယခုအခါ လုံးလုံး ကွဲပြားသွားပြီ ဖြစ်၏။ သူက ချီပင်လယ် လောင်ကျွမ်းလိုက်မှန်း သိသာလှသည်။ ဤသည်က သေခြင်းတရားရှေ့ ရုန်းကန်နေသလိုမျိုး ဖြစ်၏။
ကြည့်ရှုသူများကလည်း လင်းရှင်း၏ ဆုံးဖြတ်ချက်ကြောင့် အံ့ဩကုန်ကြသည်။ အဝေးမှ သူက မီးတောက်လောင်နေသလိုမျိုး ပုံပေါက်နေသည်။ တိုက်ပွဲက မစတင်ရသေးဘဲ သူက ချီပင်လယ်ကို လောင်ကျွမ်းပစ်လိုက်ပြီလား။
လုကျိုးက အသံအနိမ့်အမြင့် အတက်အကျမရှိ ပြောလိုက်သည်။
“မင်းက ငါ့တပည့်ကိုတောင် မနိုင်ဘဲနဲ့ ငါနဲ့ တိုက်ခိုက်ဖို့ စိတ်ကူးယဉ်နေတာပဲ … ”
“…”
လုကျိုး၏ စကားများကို ကြားကာ လင်းရှင်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူက တတိယတပည့်၏ တိုက်ကွက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။
သူ့အနေနှင့် မိစ္ဆာအိုကြီးကျိအား မည်သို့တိုက်ခိုက်နိုင်မည်နည်း။
တွမ့်မူရှန်းက အကြောက်တရားမရှိ ရှေ့တိုးလာသည်။ သူက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူကို မကြောက်ပေ။ ဒဏ်ရာအပြင်းအထန် ရသည့်သူအား ထည့်ပြောဖို့ပင် မလိုတော့ပေ။
လင်းရှငးက တွမ့်မူရှန်းအား ကြည့်ကာ “ဒီချပ်ဝတ်ကြောင့်သာ မဟုတ်ရင် မင်း အခွင့်အရေး မရပါဘူး”
“အားနည်းတဲ့လူတွေက အမြဲတမ်း အကြောင်းပြချက် ရှာတတ်ကြတယ်” တွမ့်မူရှန်းက ရှေ့ကို ဝှီးခနဲ တက်လာသည်။
လှံအရိပ်သောင်းချီ ပေါ်ထွက်လာ၏။
ဘန်း ဘန်း ဘန်း
သူတို့က လင်းရှင်းဆီ တိုးဝင်သွားကြသည်။
“ထွက်သွားစမ်း”
ဝုန်း
တွမ့်မူရှန်းက ထိုစွမ်းအားကြောင့် နောက်လွှင့်စင်သွားသည်။ သူက နောက်ဆုတ်လိုက်ရင်း ကျွမ်းထိုးလိုက်၏။
ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူက အမှန်တကယ် အားကောင်းလှသည်။
လင်းရှင်းက ကနဦးချီစွမ်းအား ထုတ်လွှင့်လိုက်သည်နှင့် သူ့ခါးရှိ ဒဏ်ရာက ပို၍ ကျယ်သွားလေသည်။ သူက နာကျင်မှုဖြင့် ညီးညူလိုက်ရ၏။
“ခေါင်းဆောင် ” ပုံရိပ်တစ်ခုက ပြေးလာသည်။
ရွပ်
အေးစက်စက် အလင်းတန်းက လက်ခနဲ ဖြစ်သွားကာ လင်းရှင်းက ရင်ဘတ်မှ ဝမ်းဗိုက်အထိ ခုတ်ချခံလိုက်ရသည်။ သူ့ချီပင်လယ်လည်း အပါအဝင် ဖြစ်၏။ သူ့အကြည့်များက မယုံကြည်နိုင်စွာ ပြူးကျယ်လာပြီး သူ့ဆီ ရောက်လာသူအား ကြည့်လိုက်သည်။ ထိုလူက ချိတ်ကောက် မဟုတ်သလို ဓားကောက်လည်း မဟုတ်သည့် လက်နက်ကို ကိုင်ဆောင်ထားလေသည်။ ထိုလက်နက်တွင် ကနဦးချီများ သိပ်သည်းနေ၏။
ထိုစဉ် ထိုက်ရွှီကျောင်းတော်မှ တပည့်နှစ်ယောက်က မလှုပ်မယှက်ဖြင့် ကြောင်ကြောင်ကြီး ဖြစ်သွားကြသည်။
ထိုက်ရွှီကျောင်းတော်၏ ကျောင်းအုပ်အနေဖြင့် နေထိုင်ခဲ့သည့် နှစ်များတစ်လျှောက်လုံး လင်းရှင်းက ယခုလောက် မျက်နှာပျက်ရသည်ဟု မခံစားဖူးပေ။ သူက ရန်သူ၏ ထောင်ချောက်အတွင်း မှန်မှန်ကန်ကန် ကစားနိုင်သည်ဟု ခံစားနေမိခဲ့သည်။ အရာအားလုံးက ပရိယာယ်သာ ဖြစ်နေသည်။
“ စက်ဆုပ်ဖို့ ကောင်းလိုက်တာ” လင်းရှင်းက ကျိန်ဆဲလိုက်သည်။
“ အားနာပါတယ် …. ကျုပ်ကို ကျိန်ဆဲနေတာက ခင်ဗျားကို အသက်ရှင်ဖို့ ဘာမှမကူညီပေးနိုင်ဘူး … ကျုပ်ကိုတောင် အနိုင်မယူနိုင်တာ ကျုပ်ရှစ်စွင်းကို စိန်ခေါ်ဖို့ တွေးနေသေးတာလား ဟားဟား ”
...
အခန်း (၅၂၅) အဟန့်အတား
လင်းရှင်းက သူ၏ ဟနေသော ရင်ဘတ်ကို ကြည့်ပြီး ဒေါသထွက်သွားကာ ရထားလုံးပျံကို ထပ်ကြည့်လိုက်သည်။ ပြီးနောက် သူက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
“ခင်ဗျားနိုင်တယ်”
သူသည် သူ့ကံကြမ္မာကို လက်ခံရန် ရွေးချယ်လိုက်သည်။ သူက မျက်လုံးမှိတ်လျက် နောက်လန်ကျသွားသည်။
ဖုတ်...
ထိုက်ရွှီကျောင်းတော်၏ အသက်အကြီးဆုံး ဂိုဏ်းချုပ်လင်းရှင်းကား မိစ္ဆာဝေဟင်မျှော်နန်း၏သခင်နှင့် တိုက်တောင်မတိုက်ခိုက်ရသေးခင် စမ်းချောင်းဝါသို့ သွားနှင့်လေပြီ။
“တင်း ပစ်မှတ်ကို သတ်လိုက်ပါပြီ၊ ဆုလာဘ် ကုသိုလ်မှတ် ၁၅၀၀ ရရှိပါတယ်”
တွမ့်မူရှန်းက သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီးနောက် ဆင်းသက်လာသည်။ သူက မင်ရှစ်ရင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ချောင်းမြောင်းတိုက်ခိုက်တာလား”
မင်ရှစ်ရင်က အလျင်စလို ပြောလိုက်သည်။ “စန်းရှစ်ရှိုး ဒါတွေအားလုံးက ရှစ်ရှိုးရဲ့ ကျေးဇူးကြောင့်ပါ၊ ရှစ်ရှိုးရဲ့ လှံစွမ်းရည်က လောကကို တုန်လှုပ်စေပြီး နတ်ဘုရားတွေနဲ့ တစ္ဆေတွေကို ငိုကြွေးစေတယ်၊ ရှစ်ရှိုးက တကယ် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်ကို မှေးမှိန်သွားစေတာပဲ”
တွမ့်မူရှန်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ “မင်း မဆိုးဘူးပဲ”
“ချီးကျူးတာ ကျေးဇူးတင်ပါတယ်၊ စန်းရှစ်ရှိုး”
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ချီးကျူးနေကြချိန် စင်မြင့်အပြင်ဘက်တွင် ရပ်နေသော တပည့်များသည် ကြောက်လန့်ကုန်ပြီဖြစ်သည်။ သူတို့က အမြန် လှည့်ပြေးကြတော့သည်။ သူတို့အတွက် ကံကောင်းသည်က တွမ့်မူရှန်းနှင့် မင်ရှစ်ရင်သည် သူတို့ကို ပြိုင်ဘက်များအနေဖြင့် မတွေးထားတာပဲ ဖြစ်သည်။
ထိုစဉ် ဂိုဏ်းအသီးသီးမှ စောင့်ကြည့်နေသူများက အခြေအနေ ရုတ်တရက် အလှည့်အပြောင်းကြောင့် ထိတ်လန့်နေသေးသည်။ ဆိုရလျှင် လင်းရှင်းက ပွင့်ချပ်ရှစ်လွှာ အကျော်အမော်တစ်ယောက်ဖြစ်သည်။ ထိုသို့တိုင် သူက မိစ္ဆာကြီးကျိကို တိုက်တောင် မတိုက်ခိုက်လိုက်ရပေ။ သူတို့ မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။
လင်းရှင်းသေသည့်သတင်းက တောမီးပမာ ပျံ့သွားသည်။
ခုနစ်စင်ကြယ်ကျောင်းတော်၏ ဂိုဏ်းသားများက ချောင်တွင် ပုန်းနေကြပြီး သူတို့၏ ခေါင်းဆောင်က တန့်ယန်တောင်ထိပ်ကို မော့ကြည့်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ “ပြန်ဆုတ်၊ ဒီနေ့ ငါတို့ ဘာမှ မတွေ့ခဲ့ဘူး၊ သွားကြမယ်”
တိုက်ပွဲကြည့်ရန် ရောက်လာကြသော ခုနစ်စင်ကြယ်မှာ တပည့်များသည် နေရာကနေ ချက်ချင်း အမြန်ပြေးကြတော့သည်။
ထိုအတောအတွင်း၌ ဟုန်ချူးအခွဲ၏ တပည့်များက သူတို့မြင်လိုက်ရတာကို နားမလည်နိုင်ကြပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက ကြီးမြတ်သော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ပုံကို သူတို့ မည်ကဲ့သို့ ရှင်းပြရမည်နည်း။
“ဂိုဏ်းချုပ်ကို အကြောင်းကြား၊ လင်းရှင်းက သေပြီ၊ မိစ္ဆာကြီးကျိက တစ်ကွက်မှတောင် လှုပ်ရှားဖို့ မလိုဘူး”
မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းရှိကျန်ရှိသည့်လူများက ထိုကိစ္စကြောင့် အသက်ရောက်ဆုံးဖြစ်သည်။ သူတို့သည် သူတို့၏အဖော်အပေါင်းများသေဆုံးခြင်းကို ထိုက်ရွှီကျောင်းတော်ကနေ တစ်ဆင့် လက်စားချေနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ လင်းရှင်း၏သေခြင်းတရားက သူတို့ကိုနောက်ထပ် ထိုးနှက်မှုကြီးဖြစ်စေသည်။
“မိစ္ဆာဝေဟင်မျှော်နန်းက တကယ်တားမြစ်လို့ မရဘူးလား”
တစ်ယောက်ယောက်က သက်ပြင်းချလိုက်၏။
“ငါ မျှော်လင့်တာများသွားတယ်။ ရယ်စရာပဲ။ ပွင့်ချပ်ရှစ်လွှာတစ်ယောက်က ပွင့်ချပ်ကိုးလွှာတစ်ယောက်ကို ဘယ်လိုလုပ် အလွယ်တကူ အနိုင်ရမှာလဲ။ ရယ်စရာပဲ တကယ့်ကို...”
“ငါသာ မိစ္ဆာကြီးကျိဆိုရင် ပွင့်ချပ်ကိုးလွှာကို စိန်ခေါ်ပြီး ထိုက်ရွှီကျောင်းတော်ကို သုတ်သင်ပစ်မှာ ... မိစ္ဆာကြီးကျိက သက်ညှာလွန်းတယ်”
ဆိုရိုးစကားရှိသည့်အတိုင်း ပြဿနာတွေအားလုံး၏ရင်းမြစ်ကို ဖယ်ရှားတာက ပိုကောင်းသည်။
ပုန်းနေသည့် ကျင့်ကြံသူများ ထွက်ခွာသွားစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ရထားလုံးပျံသည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်မည့်အစား ထိုက်ရွှီကျောင်းတော်၏ပင်မအခွဲဆီသို့ သွားလိုက်၏။
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က တိမ်ခွင်းရထားလုံးပျံဆီပြန်ရောက်လာပြီဖြစ်သည်။
လုကျိုးက မျက်နှာသေဖြင့် မုတ်ဆိတ်သပ်လျက် ထိုက်ရွှီကျောင်းတော်၏ ပင်မမျှော်စင်ကို ကြည့်လိုက်၏။
မင်ရှစ်ရင်က ပြောလိုက်သည်။
“အစီအရင်ရဲ့မျက်လုံးက ပင်မမျှော်စင်ထိပ်မှာရှိလောက်တယ်။ သူတို့တွေ ကျွန်တော်တို့ကို တားရဲသည်အထိ သတ္တိရှိမယ်လို့ မထင်ဘူး”
ခဏအကြာတွင် ရထားလုံးသည် ပင်မမျှော်စင်အထက်ရှိလေထဲသို့ ရောက်သွားတော့သည်။
ထိုက်ရွှီကျောင်းတော် တပည့်များက စိတ်ရှုပ်ထွေးနေလေ၏။ မထွက်သွားရသေးသည့် ကျင့်ကြံသူများကလည်း ဝေခွဲမရဖြစ်နေသည်။
“မိစ္ဆာကြီးကျိ ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“သူ အရံအတားကို ဖျက်ဆီးဖို့တွေးနေတာတော့မဟုတ်ဘူးမလား”
ထိုက်ရွှီကျောင်းတော်တပည့်များတစ်ယောက်မျှ အရံအတားအပြင်ကိုမထွက်ရဲချေ။ ကျင့်ကြံခြင်းလောကထဲတွင် အဓိကဂိုဏ်းကြီးများသည် မြဲမြံစွာတည်ရှိနေသည့်အကြောင်းအရင်းမှာ သူတို့၏အစီအရင်များကြောင့်ဖြစ်သည်။ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းသည် မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်ခဲ့တုန်းက ရွှေနန်းဥယျာဉ်တောင်သည် ၎င်း၏အရံအတားကြောင့် အချိန်တခဏကြာအောင် အထိအခိုက်မရှိ ရှိနေတာပဲဖြစ်သည်။
“ထိုက်ရွှီကျောင်းတော်က ကွန်ဖြူးရှပ်ကျောင်းတော်ပဲ။ ကွန်ဖြူးရှပ်ကျောင်းတော်တွေက မဟာအစီအရင်အသုံးပြုသူတွေနဲ့ ပြည့်နေတာ။ သူတို့အစီအရံအတားကို ဖောက်ဖို့ခက်ခဲမှာစိုးရတယ်”
“တကယ်ပဲ မိစ္ဆာကြီးကျိက သူတို့ကိုရှင်းထုတ်ဖို့ ပွင့်ချပ်ကိုးလွှာခွန်အားကိုသုံးမှာလား”
ထိုစဉ် လုကျိုးက တိမ်ခွင်းရထားလုံး၏ပဲ့ဘေးတွင် ရပ်ပြီးနောက် အောက်သို့လက်ဝါးရိုက်ချလိုက်သည်။ သူ၏လက်ဝါးသည် အပြာရောင်အလင်းဖြင့် ထွန်းလင်းတောက်ပလျက် သူ့လက်ဝါးနားတွင် စွန့်ပစ်ခံဉာဏ်ပညာ၏ သင်္ကေတများက ရစ်ဝဲနေသည်။
ထိုက်ရွှီကျောင်းတော် တပည့်များသည် ပင်မမျှော်စဉ်ကိုမော့ကြည့်လိုက်၏။
ကွန်ဖြူးရှပ်ကျင့်စဉ် စွန့်ပစ်ခံဉာဏ်ပညာ ...
ဝှစ်
လက်ဝါးကိုရိုက်ချလိုက်သည်။ မျှော်စင်ထိပ်ကို ထိသွား၏။ သူက ဆက်လက်တွန်းချနေသည်။ မျှော်စင်ထိပ်က ခဏအတွင်းပြိုလဲသွားကာ အမှုန်အမွှားများ မြေပြင်ပေါ်ပြုတ်ကျကုန်၏။
ဖုန်း
ကြီးမားလှသည့် လက်ဝါးစည်းတံဆိပ်သည် အရံအတားကိုထိမှန်သွားသည်။ မှင်တက်ဖွယ်မြင်ကွင်း ပေါ်လာစေသည်။
ခွမ်း
ဧရာမလက်ဝါးစည်းတံဆိပ်သည် ဖန်ကိုရိုက်မိသည့်ပမာ ချက်ချင်းပင် လက်ငါးချောင်းရာက ပေါ်လာသည်။ ဆိုရိုးစကားရှိသည့်အတိုင်း ဆံပင်ကို ဆွဲလျှင် တစ်ကိုယ်လုံးလှုပ်ရှားလာ၏။
အရံအတားက ချက်ချင်းမှိန်ဖျော့သွားသည်။ လက်ဝါးစည်းတံဆိပ်က မရပ်သေးဘဲ ဆက်ကျလာသေးဆဲဖြစ်သည်။
ဖုန်း
ပင်မမျှော်စင်သည်လည်း လက်ဝါးစည်းတံဆိပ်ကြောင့် ဝါးမျိုခံလိုက်ရပုံပေါ်ကာ ၎င်း၏အမြင့်က ဆက်လက်လျော့ကျနေသည်။
ဖုန်း ဖုန်း ဖုန်း
စွန့်ပစ်ခံဉာဏ်ပညာ၏လက်ဝါးစည်းတံဆိပ်သည် နောက်ဆုံးတော့ မြေပြင်ကိုထိခိုက်သွား၏။ တစ်ကမ္ဘာလုံး ဤအခိုက်အတန့်တွင် တိတ်ဆိတ်သွားသည်ဟု ခံစားလိုက်ရသည်။
ထိုက်ရွှီကျောင်းတော်၏ ပင်မကျောင်းဆောင်ရှိအမြင့်ဆုံးအဆောက်အဦက မျက်စိတစ်မှတ်အတွင်း ပြားကပ်သွားတော့သည်။ မျှော်စင်မရှိတော့သည်နှင့် မြေပြင်ပေါ်တွင် လက်ငါးချောင်းရာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရသည်။
မျှော်စင်သည် ထိုက်ရွှီကျောင်းတော်၏အစီအရင်မျက်လုံးပဲဖြစ်သည်။ ယခု အစီအရင်မျက်လုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ထိုက်ရွှီကျောင်းတော်၏ အရံအတားကို ပြင်လို့မရနိုင်တော့ဟု ဆိုလိုသည်။ အရံအတားမရှိဘဲ လူတိုင်းက သူတို့စိတ်တိုင်းကျ ထိုက်ရွှီကျောင်းတော်ထဲသို့ ဝင်ထွက်သွားလာနိုင်၏။ မည်သူမဆို ဝင်လာပြီး သူတို့ကိုရိုက်နိုင်သည်။
“ပြီးသွားပြီ ထိုက်ရွှီကျောင်းတော်က ပြီးသွားပြီ။ လင်းရှင်း၏သေဆုံးခြင်းတရားက သူတို့ကို ပြင်းထန်သည့် ထိုးနှက်ချက်ဖြစ်ခဲ့သည်။ စွန့်ပစ်ခံဉာဏ်ပညာက သူတို့ကို စိတ်ပျက်အားငယ်စေ၏။
အကြီးအကဲများက အင်မတန်နောင်တရနေကြသည်။ သူတို့သည် အဘယ်ကြောင့်များ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စခဲ့သနည်း။ လင်းရှင်းကိုတောင်းပန်ရန် အဘယ်ကြောင့် မတိုက်တွန်းခဲ့သနည်း။ ဤကမ္ဘာပေါ်တွင် နောင်တအတွက် ဖြေဆေးမရှိပေ။
ထိုက်ရွှီကျောင်းတော်အပြင်ဖက်၌ ပုန်းနေသော ကျင့်ကြံသူများက တံတွေးမျိုချမိ၏။
တစ်ချိန်တည်းတွင် မိစ္ဆာဝေဟင်မျှော်နန်း၏ရထားလုံးပျံထဲကနေ အသံတစ်သံပြန့်လာသည်။
“မင်းကို အရင်က အခွင့်အရေးတစ်ခုပေးခဲ့တယ်။ ဒါပေမဲ့ မင်းက အသိအမှတ်မပြုဘူး။ ဒါက အပြစ်သေးလေးတစ်ခုပဲ”
မည်သူမှ စကားမပြောရဲချေ။
မိစ္ဆာဝေဟင်မျှော်နန်း၏ရထားလုံးသည် ဆန့်ကျင်ဖက်အရပ်မျက်နှာသို့ပျံသန်းသွား၏။
လေ့လာရန်အတွက် ရောက်လာသည့် ပုန်းနေသူများအားလုံးသည် ယခုအချိန်၌ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိသည်။ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်မစတာက ပိုကောင်း၏။ ထိုက်ရွှီကျောင်းတော်၏ အရံအတားတောင် မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းချုပ်လက်ဝါး တစ်ချက်တည်းဖြင့် ဖျက်ဆီးတာ ခံလိုက်ရသည်။
တစ်နာရီခန့်ကြာသွား၏။
ဟုန်ချူးအခွဲ၏ပင်မအခွဲ၌ ပေါ်လာသည်။ ဟုန်ချူးအခွဲနှင့် ပင်မတပည့်များသည် ထိုက်ရွှီကျောင်းတော် ဖြစ်ပျက်နေတာကို သတိမထားမိပေ။ သူတို့က ပျံသန်းလာလျက် ကောင်းကင်ထဲရှိ တိမ်ခွင်းရထားလုံးကို ကြည့်လိုက်၏။ တိမ်ခွင်းရထားလုံးသည် လေထဲ၌ မြင့်မြင့်ပျံသန်းနေသည်။
မကြာမီ၌ ဟုန်ချူးအခွဲ၏တပည့်များက သူတို့ဆီသို့အပြာရောင် ဓားစည်းတံဆိပ်တစ်ခု တိုးဝင်လာတာကို တွေ့လိုက်ရ၏။ ဓား၏စည်းတံဆိပ်အလည်တွင် တမူထူးကဲသော ဓားလေးတစ်စင်း ရှိနေပုံရသည်။ ထိုဓားလေးက အပြာရောင်ရောင်ခြည်များလွှမ်းနေပြီး ထူးဆန်းသော ရုမ်းစွမ်းအားကို ထုတ်ဖော်နေသည်။
ဝှီး
လူတိုင်းက သူတို့မျက်လုံးကို အုပ်ထားရ၏။ ဓားစည်းတံဆိပ်နှင့် အရံအတားကြား ပွတ်တိုက်မှုက မျက်စိကျိန်းလောက်သောမီးပွင့်တစ်ခု ပေါ်လာစေ၏။ နောက်ဆုံးတွင် အရံအတားကို ထိုးဖောက်သွားပြီး မြေပြင်ကိုစိုက်သွား၏။
ဖုန်း
ဟုန်ချူးအခွဲ၏ အရံအတားက ပြိုကွဲသွားချေပြီ။
ရောင်ခြည်ဖြာထွက်မှု လွင့်ပြယ်သွားသည်နှင့် တိမ်ခွင်းရထားလုံးသည် တစ်ဖက်သို့ ပြန်လှည့်သွားကာ မိုးကုပ်စက်ဝိုင်းဆီသို့ ပြန်လှည့်သွား၏။
တော်ဝင်မြို့ရှိ အရှေ့ဖက်နန်းဆောင်ထဲတွင်ဖြစ်သည်။
အိမ်ရှေ့စံမင်းသားလျိုကျစ်က စိတ်ကျေနပ်နေ၏။ သူက သူ့ဘာသာသူ တေးသွားညည်းလျက် ပန်းချီဆွဲနေသည်။
“အရှင်မင်းသား ထိုက်ရွှီကျောင်းတော်ရဲ့လင်းရှင်းက မိစ္ဆာကြီးကျိကို စိန်ခေါ်တဲ့ရလဒ်ထွက်လာပါပြီ”
မိန်းမစိုးတစ်ယောက်က ပြောလျက် လျိုကျစ်နောက်တွင် တလေးတစားရပ်လိုက်သည်။
လျိုကျစ်က နှာခေါင်းရှုံ့ကာပြောလိုက်၏။ "မိစ္ဆာကြီးကျိက တော်ဝင်မိသားစုဆီကနေ ဒီလိုအစွမ်းထက်တဲ့ဝှက်ဖဲကို မျှော်လင့်ထားမှာမဟုတ်ဘူးလို့ ငါလောင်းရဲတယ်။ ငါတို့တွေ အတိတ်တုန်းက သက်ညှာပေးခဲ့တာ။ ဒါကြောင့် သူ ဒီလိုထောင်လွှားနေတာပဲ”
“အရှင်မင်းသား ရလဒ်က ...” မိန်းမစိုးက စကားပြောရန်ကြိုးစားလိုက်သည်။
“ဘာမှရှင်းပြနေဖို့မလိုဘူး။ ငါ့အဖေကို ချပ်ဝတ်ကိစ္စ ရှင်းပြလိုက်မယ်။ သူက တံခါးပိတ်ကျင့်ကြံနေတာ။ ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့အကြွင်းအကျန်တွေကိုရှင်းထုတ်ဖို့ ငါ တာဝန်ယူမယ်” လျိုကျစ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ငါ့ရဲ့အဖေက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူကြိုးပမ်းပြီး မျိုးနွယ်တစ်သောင်းကို စုစည်းဖို့ သိပ်မလိုတော့ဘူး”
လျိုကျစ်ပြောပြီးချိန်တွင် သူ့ဘေးတွင်ရပ်နေသည့် မိန်းမစိုးက ထွက်သွားမည့်ပုံမပြဘဲ မျက်နှာပေါ်တွင် ဇဝေဇဝါအမူအရာ ရှိနေတာကို တွေ့လိုက်ရသည်။ “မင်း ဒီမှာဘာအတွက်ရပ်နေသေးတာလဲ”
မိန်းမစိုးက အနည်းငယ်တုန်ယင်သွားပြီးနောက် ဒူးထောက်ချလိုက်သည်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။
“သက်ညှာပေးပါ အရှင်မင်းသား။ သက်ညှာပေးပါ။ လင်းရှင်းက မိစ္ဆာကြီးကျိကို အနိုင်မယူနိုင်ခဲ့ဘဲ တန့်ယန်တောင်ထိပ်မှာသေသွားပါတယ်”
…