← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း(၅၃၂) အားလုံးက ပွင့်ချပ်တွေ ထွက်နေကြတယ်

ယွီရှန်းရုန်က တိတ်ဆိတ်လျက် ရှိနေသည်။

ကျီချင်းချင်းက ပြောလိုက်၏။

“ ထားလိုက်ပါတော့။ ကျွန်မ ရှင့်ကို ပြောပြရင်တောင် နားလည်မှာ မဟုတ်ပါဘူး”

ယွီရှန်းရုန်က ပြုံးရုံသာ ပြုံးလိုက်၏။

“တကယ်လို့ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ ယွီစီရင်စုကနေ အလွယ်လေး ထွက်လာနိုင်မယ်လို့ ထင်လား။ ရှင်က သူနဲ့ တူနေရုံနဲ့ ကျွန်မ ရှင့်စကားကို နားထောင်နေတယ်တော့ မထင်နဲ့အုံး။ ယွီကျန့်ဟိုင်က သူ့အစ်ကိုကြီးပဲလေ။ ကျွန်မသာ ယွီကျန့်ဟိုင်ကို သတ်လိုက်ရင် သူက ကျွန်မကို တစ်ဘဝလုံး မုန်းနေမှာ ”

“ …” ယွီရှန်းရုန်သည် သူ့ဓားဖြင့် လမ်းစဉ်အသီးသီးမှ အကျော်အမော်များအား စိန်ခေါ်ခဲ့ကတည်းက သူ့ကို လေးစားသူအမြောက်အများ ရလာခဲ့သည်။ သူ့ပရိသတ်များက ကျားမ မရွေး၊ အသက်အရွယ်အမျိုးမျိုး ပွင့်ချပ်ရှစ်လွှာအဆင့်တောင် ပါဝင်သည်။ သို့သော်လည်း သူ့မျက်နှာကို မြင်တွေ့ဖူးသူက အနည်းငယ်သာ ရှိ၏။ သူနှင့် တိုက်ပွဲတွင် ရင်ဆိုင်ဖူးသည့်သူများကမူ ဇာတ်ကြောင်းကို ပြန်ပြောပြဖို့ အသက်မရှိကြတော့ပေ။

“ကောင်းပြီ … ကျွန်မ ပြောပြပြီးပြီဆိုတော့ သွားတော့မယ်” ကျီချင်းချင်းက ပြောလိုက်သည်။

“ခဏ” ယွီရှန်းရုန်က ပြောလိုက်၏။

“ဘာလဲ” ကျီချင်းချင်းက မေးလိုက်သည်။

“မင်းက ယောကျ်ားသားတွေအပေါ် အမြင်ကောင်းရှိတယ်ဆိုတော့ မင်းကို အကြံတစ်ခုတော့ ပေးလိုက်မယ်” ယွီရှန်းရုန်က ခဏမျှ ရပ်လိုက်ပြီးနောက် ကျီချင်းချင်းဘက်မှ ဒုစစ်သူကြီးတစ်ယောက်အား ဓားရိုးဖြင့် ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

“သူ့ကို သတ်လိုက် ”

ဒုစစ်သူကြီးက တုန်တုန်ယင်ယင်ဖြင့် နောက်တစ်လှမ်းဆုတ်သွားသည်။

ကျီချင်းချင်းလည်း မျက်မှောင်ကြုတ်လိုက်၏။ သူမက ယွီရှန်းရုန် ဘာကိုပြောချင်မှန်း နားမလည်ပေ။

“ တိုက်ပွဲကနေ လွတ်မြောက်လာမှတော့ ဘေးနားက လူအားလုံးက ယုံကြည်ရတဲ့ လူတွေပဲ ဖြစ်သင့်တယ်လေ … ဘာဖြစ်ဖြစ် ဒါက အကြံပြုမှုတစ်ခုပါပဲ။ သူ့ကို သတ်တာ၊ မသတ်တာတော့ မင်းအပေါ် မူတည်တယ်” ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူမအနားရှိ လူက သူလျှို ဖြစ်နေခဲ့တာလား ….

ကျီချင်းချင်းက ယွီရှန်းရုန်၏ မထူးမခြားနား အမူအရာနှင့် သူမဘေးတွင် နှစ်များစွာ နေခဲ့သည့် စစ်သူကြီး၏ အမူအရာတို့ကို ကြည့်လိုက်သည်။ ပုံမှန်အရ သူမသည် သူမလက်အောက်ငယ်သားကိုသာ ယုံကြည်သင့်လေသည်။ သို့သော်လည်း အမည်မသိ အကြောင်းအရင်းတချို့ကြောင့် သူမရှေ့ရှိ အစိမ်းဝတ် ဓားသမားသည် ပိုယုံကြည်ဖွယ်ကောင်းကြောင်း ခံစားနေမိ၏။

ဒုစစ်သူကြီး ကျိုးဟွိုက်က ဦးညွှတ်လိုက်ကာ “ စစ်သူကြီး သူ့အလိမ်အညာတွေကို နားမထောင်ပါနဲ့။ ကျုပ်ရဲ့ သစ္စာရှိမှုကို နေလတို့ဆီ တိုင်တည်နိုင်ပါတယ်”

ကျီချင်းချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်လာပြီး ကျိုးဟွိုက်အား ကြည့်လိုက်သည်။ ထို့နောက် သူမက မေးလိုက်၏။

“ ကျိုးဟွိုက် … အံ့ဖွယ်မြို့တော်က ငါ့လှုပ်ရှားမှုအားလုံးကို ထူးထူးဆန်းဆန်း အကုန်သိနေတာ။ မင်း သူတို့ဆီ သတင်းပို့ထားတာလား”

“စစ်သူကြီး”

“မင်းကို ယုံဖို့ ငါ့ဆီ အကြောင်းပြချက်တစ်ခုလောက် ပေးစမ်းပါဦး ”

လောက၌ မရှင်းပြနိုင်သည့်အရာများစွာ ရှိလေသည်။ သူမတစ်ဘဝလုံးကို တိုက်ပွဲကွင်းပြင်အတွင်း အချိန်ကုန်ဆုံးခဲ့ရသည့် အမျိုးသမီးကို ထည့်ပြောစရာ မလိုတော့ပေ။ နှစ်များစွာကြာ အတူနေထိုင်သည့် အိမ်ထောင်ဘက်များပင် သူတို့နားထဲ သဲလွန်စအနည်းငယ် ကြားမိသည့်အခါ ယုံကြည်မှုပြဿနာ ဖြစ်လာတတ်သေးသည် မဟုတ်ပါလော။

ဝှစ်

ကျိုးဟွိုက်က နောက်ထပ် မပြောဘဲ လှည့်ပြေးတော့သည်။ သူသာ တည်တည်ငြိမ်ငြိမ် ရှိနေလျှင် ကိစ္စများက ကွဲပြားသွားနိုင်သော်လည်း သူ ထွက်ပြေးလိုက်သည်နှင့် သူ့အပြစ်ကြွေးကို ဝန်ခံသကဲ့သို့ ဖြစ်သွားလေပြီ။

ကျီချင်းချင်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူမက လက်နှစ်ချောင်းကို မြောက်လိုက်သည်။ သူမဓားက ဓားအိမ်မှ ထွက်လာပြီးသား ဖြစ်၏။

စွမ်းအားအမြောက်အများက စက်ဝန်းသဏ္ဌာန်အဖြစ် ပြောင်းလဲသွားပြီး သူမရှေ့ ပေါ်ထွက်လာသည်။

ဝှစ် ဝှစ် ဝှစ်

ကျိုးဟွိုင်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်တော့မည့်ဆဲဆဲတွင် စွမ်းအင်ဓားများက သူ့ဆီ ရောက်လာပြီး ရင်ဘတ်ထဲ ထိုးဖောက်သွားသည်။ သူက ရှောင်ဖို့ အခွင့်အရေးပင် မရလိုက်ချေ။ သိပ်မကြာခင် သူက မြေပေါ် လဲကျသွား၏။

ကျီချင်းချင်းက ပြန်လှည့်လာသည်။ သူမက အမူအရာအပြောင်းအလဲမရှိဘဲ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဘာမှမဟုတ်ပါဘူး” ယွီရှန်းရုန်က ပြောလိုက်သည်။

ကျီချင်းချင်းက ယဉ်ကျေးကာ နူးညံ့သည့် သူ့ပုံစံကို သဘောတွေ့သွားပြီး မေးလိုက်သည်။

“ ကျွန်မ ရှင့်နာမည်တောင် မသိရသေးဘူးထင်တယ်”

ယွီရှန်းရုန်က လှည့်သွားလိုက်ပြီး မြေပေါ် အသာကန်ကာ ခရမ်းဝါးတောအုပ်ထဲ ခုန်ဝင်လိုက်သည်။ ထို့နောက် သူက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်မသွားခင် အသံကို ချန်ထားခဲ့၏။

“ ကျုပ်နာမည်က ဖော်ပြဖို့ မထိုက်တန်ပါဘူး။ ဂရုစိုက်ပါ”

“စစ်သူကြီး” သူမနောက်မှ ဒုစစ်သူကြီးက ဦးညွှတ်ကာ “တကယ်လို့ ကျုပ်သာ မမှားရင် အဲဒီလူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ယွီရှန်းရုန်ပဲ”

ကျီချင်းချင်း၏ မျက်ဝန်းများက ချက်ချင်း ပြူးကျယ်သွားသည်။ သူမက ယွီရှန်းရုန်နောက်မှ လိုက်သွားလိုက်သော်လည်း ဘာမှမတွေ့ရတော့ပေ။

ယွီရှန်းရုန်က သူမအသက်ကို ချမ်းသာပေးဖို့ ကတိပေးထားခဲ့သော်လည်း ကျီချင်းချင်းသည် ထိုအရာက သူမကို သူကြိုက်နှစ်သက်၍ မဟုတ်ကြောင်း သိလေသည်။ မင်းသားချီ၏ သမီး ချင်းရို့ပင်း ဖြစ်စေ၊ စစ်သူကြီးရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကျီချင်းချင်း ဖြစ်စေ သို့မဟုတ် သူ့နောက်လိုက်ထဲမှ မိန်းမလှလေးများဖြစ်စေကာမူ ယွီရှန်းရုန်က သူတို့ကို စိတ်ထဲ ထားမည် မဟုတ်ပေ။ ဤသည်က အရင်ကတည်းက ဖြစ်ပြီး အမြဲလိုလို ဆက်ဖြစ်နေလိမ့်မည်။

………….

လဝက်ခန့်ကြာမြင့်ပြီးနောက်တွင်

ယွီစီရင်စု၏ မြို့ငါးမြို့လုံးက ငရဲဂိုဏ်း လက်အောက် ကျရောက်သွားသည်။

ထိုစဉ် တာ့ယန်၏ ကျင့်ကြံရေးဂိုဏ်းအများစုမှ ကျင့်ကြံသူများက အပြည့်အဝ ပြန်လည်အားဖြည့်နေသည့် ကာလအတွင်းသာ ရှိသေးသည်။ အားလုံးက ရွှေကြာကို ဖြတ်တောက်ပြီး စိတ်အားထက်သန်စွာ ပြန်လည်ကျင့်ကြံနေကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းနှင့် ငရဲဂိုဏ်း၏ အန္တရာယ်နှစ်ဆအောက်တွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက စစ်ပွဲမှ ဝေးဝေးနေနေကြ၏။

………..…

တစ်လကြာမြင့်ပြီးသည့်နောက်တွင် ချင်စီရင်စု ကျဆုံးသွားသည်။

သုံးလကြာသည့်အခါ ယန်စီရင်စု ကျရှုံးသွားလေ၏။

လက်ရှိ ငရဲဂိုဏ်းက စီရင်စု ၇ ခုကို အုပ်စိုးထားသည်။ တစ်ချိန်တည်းဆိုသလို လူအများ၏ ပြန်လည်ကျင့်ကြံနေစဉ် ပွင့်ချပ်ပြန်ထွက်လာနှုန်းက တိုးမြင့်လာကြသည်။

………………

မိစ္ဆာဝေဟင်မျှော်နန်း၊ တောင်ဘက်မျှော်နန်းဆောင်

မင်ရှစ်ရင်က မြန်မြန်ဆန်ဆန် သစ်ပင်ပေါ် ပြေးတက်လိုက်သည်။ သူက တောင်စွန်းတွင် တိတ်တဆိတ် ကျင့်ကြံနေသည့် တွမ့်မူရှန်းကို ကြည့်လိုက်၏။

“စန်းရှစ်ရှိုး … ဒီနေ့ကစပြီး ကျွန်တော်ရဲ့ သူရဲကောင်းပဲ။ စန်းရှစ်ရှိုးက ရွှေကြာကို ဖြတ်တောက်လိုက်ပြီးပြီး ကျွန်တော်တော့ မလေးစားဘဲ မနေနိုင်တော့ဘူး” မင်ရှစ်ရင်က တွမ့်မူရှန်းအား လက်မထောင်ပြလိုက်သည်။

သူ့ရှစ်စွင်းက သီးသန့်လေ့ကျင့်ရေး ဝင်ရောက်သွားပြီးသည့်နောက် တွမ့်မူရှန်းက ရွှေကြာကို ဖြတ်တောက်ပြီး ပြန်လည်ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် သူက ကိုယ်တိုင် ရွှေကြာကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်၏။

“လောင်စစ် ဆင်းလာစမ်းပါဦး ”

“စန်းရှစ်ရှိုး အဲကနေပဲ ပြောလိုက်ပါ။ ကျွန်တော် ဆင်းလာစရာအထိ မလိုပါဘူး ” မင်ရှစ်ရင်က ပြောလိုက်သည်။

တွမ့်မူရှန်းက ခေါင်းခါကာ သက်ပြင်းချလျက် “မင်းက ရွှေကြာကို ဘာလို့မဖြတ်ရတာလဲ ”

“ဘာလို့ရမှာလဲ။ အဲဒါက ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းမဲ့လူပဲ လိုတာလေ။ ကျွန်တော်က အစကတည်းက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ လုပ်ဖို့ စိတ်ကူးမရှိဘူး” မင်ရှစ်ရင်က ဖြေလိုက်သည်။

“ သူတို့တစ်ဘဝလုံး ပွင့်ချပ်ရှစ်လွှာအဆင့်တောင် မရောက်နိုင်ကြတာတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့က ရွှေကြာကို ဖြတ်တောက်နေကြသေးတယ်။ တခြားလူတွေ လုပ်တာနဲ့ လိုက်လုပ်တာ သူတို့က ရူးနေတာပဲ ”

တွမ့်မူရှန်းက ခေါင်းကုတ်လိုက်သည်။ မင်ရှစ်ရင်၏ စကားများက အကျိုးအကြောင်း ဆီလျော်၏။ အကယ်၍ တစ်ယောက်ယောက်က ပွင့်ချပ်ရှစ်လွှာအဆင့် မရောက်နိုင်လျှင် ကြာကို ဖြတ်တောက်လိုက်ခြင်းက အဓိပ္ပာယ်မရှိသလို အသုံးမဝင်ပေ။ ပွင့်ချပ်ရှစ်လွှာမဆိုထားနှင့်။ ပွင့်ချပ်ခြောက်လွှာ သို့မဟုတ် ခုနှစ်လွှာ ရောက်ရှိဖို့ပင် မလွယ်လှပေ။ သူတို့က ဂိုဏ်း၏ အဓိကထောက်တိုင်များ ဖြစ်လာကြ၏။ သို့သော်လည်း သူက ထိုအကြောင်းကို တွေးမိလေလေ တစ်ခုခု လွဲနေသလိုလို ခံစားလာရသည်။ သူက မင်ရှစ်ရင်အား ကြည့်ကာ “လောင်စစ် မင်းက ငါ့ကို လာလှောင်နေတာလား ”

“မဟုတ်ရပါဘူး။ စန်းရှစ်ရှိုးကို ချီးကျူးနေတာပါ။ စန်းရှစ်ရှိုးက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နိုင်မှာ ကျိန်းသေးတယ်”မင်ရှစ်ရင်က ပြောလိုက်သည်။

တွမ့်မူရှန်းက မင်ရှစ်ရင် စကားများကို သဘောတူလိုက်သည်။ သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်လာဖို့ မျှော်လင့်နေမိသည်။ ထို့နောက် သူက မေးလိုက်၏ “အဲဆို ကျို့ရှစ်မေ့ကရော ရွှေကြာကို ဘာလို့မဖြတ်တာလဲ”

မင်ရှစ်ရင်က လက်ဆန့်ထုတ်ကာ “အဲဒီဘိုးဘေးလေးက မဖြတ်ချင်ဘူးတဲ့လေ။ သူမကို ဘယ်သူက ပြောရဲမှာတုံး”

ဤသည်က အမှန်ဖြစ်၏။

“ဒီလိုဆိုတော့ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ပြီးမှ ရွှေကြာကို ဖြတ်လိုက်လည်း အရေးနိမ့်နေတာတော့ မဟုတ်ပါဘူး။ အကြီးအကဲလေးဦးလည်း အခု ပွင့်ချပ်လေးလွှာအဆင့် ပြန်ရောက်တော့မယ် ”

တွမ့်မူရှန်းက ထိုအကြောင်းကို ကြားကာ အံ့ဩမိသွား၏ “သိပ်မကြာခင်ပေါ့”

မင်ရှစ်ရင်က ခေါင်းခါကာ “ အဲလိုလည်း မဟုတ်သေးဘူး။ ဒါနဲ့ ကျွန်တော် ခရုလေးကို ရှောင်ရှစ်မေ့အဖြစ် လက်ခံလိုက်တဲ့အကြောင်း ချီရှစ်တိဆီ စာလှမ်းပို့လိုက်တော့ သူက ဘာပြန်ပြောတယ် ထင်လဲ ”

တွမ့်မူရှန်းက ထိုအကြောင်းကို ကြားသည့်အခါ မျက်မောင်ကြုတ်လိုက်ပြီး “အားလုံး ပြောလိုက်စမ်းပါ။ မင်း အဲလိုလာစနေတာ စိတ်တိုစရာကြီး ”

“ချီရှစ်တိ ပြောတာက ဓားသမား အကျော်အမော်တစ်ယောက်က အခု ပွင့်ချပ်ငါးလွှာအဆင့် ရောက်အောင် ပြန်ကျင့်ကြံနိုင်နေပြီတဲ့ ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ …” တွမ့်မူရှန်းက အတော်လေး တုန်လှုပ်သွားသည်။

“ အဲဒီလူက သူ့ရွှေကြာကို မဖြတ်ခင် ပွင့်ချပ်ရှစ်လွှာအဆင့်ပဲ ဖြစ်ရမယ်။ သူက မြန်မြန်ဆန်ဆန် ပြန်ကျင့်ကြံနိုင်တာ တကယ်ကို အံ့ဖွယ်ပဲ။ ကျွန်တော့်အမြင်တော့ သူက ဒီသုံးလအတွင်း နောက်ထပ် ပွင့်ချပ်ထွက်နေလောက်ပြီ။ ပြောရရင် ပွင့်ချပ်ထွက်ဖို့ ပထမဆုံး ကျင့်ကြံတာနဲ့ ယှဉ်လိုက်ရင် ပြန်လည်ကျင့်ကြံတဲ့အခါက ပိုမြန်တယ်လေ။ တခြားဂိုဏ်းတွေလည်း နှေးကွေးနေမယ် မထင်ဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။

သူက မျက်လုံးထောင့်မှ ကြည့်လိုက်ရင်း “အာ စန်းရှစ်ရှိုး ဘယ်သွားမလို့လဲ ”

“ငါ ရေတံခွန်အောက်မှာ သွားလေ့ကျင့်မလို့။ အရေးကြီးတာ မဟုတ်ရင် ငါ့ကို လာမနှောင့်ယှက်နဲ့” တွမ့်မူရှန်းက လေထဲ ခုန်ကာ ပျောက်ကွယ်သွားသည်။

…………………

ထိုစဉ် အံ့ဖွယ်မြို့တော်၏ တော်ဝင်မြို့တော်အတွင်း မှောင်မည်းမည်း လျှို့ဝှက်အခန်းတစ်ခု၏ တံခါးတစ်ချပ်၌

“ အဘိုးကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်က လျိုကျစ်ပါ” သူ့အသံက ခပ်တန်းတန်း ဖြစ်နေသည်။

သို့သော်လည်း လျှို့ဝှက်အခန်း၏ တံခါးက ပွင့်မလာခဲ့ပေ။

“တော်ဝင်မြို့တော်က အခု အန္တရာယ်ကျရောက်နေလို့ပါ။ ကျွန်တော် အလေးအနက် တွေ့ခွင့်တောင်းပါတယ် ”

ခဏအကြာတွင် ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။

ကျွီ

လျိုကျစ်က စိတ်အေးသွားလေသည်။ သူက ဝတ်ရုံကို အသာမကာ အခန်းထဲ ဂရုတစိုက် ဝင်လိုက်သည်။

လျှို့ဝှက်အခန်းက ကြီးမားလှသည်။ ကြည့်ရသည်မှာ တခြားကမ္ဘာတစ်ခုလိုမျိုး ဖြစ်၏။ လျှို့ဝှက်အခန်းအတွင်း အရာအားလုံး ရှိနေသည်။ ကျမ်းများ၊ စာအုပ်များ၊ ကျင့်ကြံရေး လက်ဆွဲတော်များ၊ ဂိုဏ်းအသီးသီးမှ ကျင့်စဉ်များနှင့် လက်နက်များလည်း အပါအဝင် ဖြစ်၏။

ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူအိုကြီးက စိမ်ပြေနပြေ ထိုင်နေသည်။ သူ တစ်ယောက်တည်း ရှိနေ၏။ သူ့အပေါ်သာ မီးအလင်းရောင် ရှိနေသည်။

“အဘိုး” လျိုကျစ်က ရိုရိုကျိုးကျိုး ဒူးထောက်လိုက်သည်။

လျှို့ဝှက်အခန်းက အင်မတန် တိတ်ဆိတ်နေသည်။

လျိုကျစ်က မဆင်မခြင် စကားမပြောရဲပေ။

အချိန်တချို့ကြာပြီးနောက် လူအိုကြီးက မျက်လုံးဖွင့်လာသည်။

“ ကမ္ဘာကြီးက ငါ သေသွားပြီလို့ ထင်နေကြတော့ ကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်တော့ဘူး။ မင်းက အတော်လေး သတ္တိကောင်းနေတာပဲ”

ထိုလူအိုကြီးက ဧကရာဇ်ယုံရှို့ လျိုကော ဖြစ်၏။ သူက သေဆုံးသွားပြီးသားဖြစ်သည့် ဧကရာဇ်ယုံချင်၏ ဖခင်လည်း ဖြစ်ပေသည်။

လျိုကျစ်က ဒူးထောက်လျက် ရှိနေပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။

“ ကျွန်တော်က နှောင့်ယှက်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်က အခု ရှုပ်ထွေးနေပါပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမတပည့် ယွီကျန့်ဟိုင်က နယ်မြေတွေကို သိမ်းပိုက်ပြီး ပြစ်မှုအမျိုးမျိုး ကျူးလွန်နေပါတယ်”

“လျိုကုက ဘယ်မှာလဲ”

“အဖေ … သူက ပွင့်ချပ်ရှစ်လွှာအဆင့် ဆိုပေမဲ့ ငရဲဂိုဏ်းကို ဘာမှမလုပ်နိုင်ပါဘူး” လျိုကျစ်က ပြောလိုက်သည်။

လျိုကောက မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်ပြီး “ငါက မင်းအဖေနဲ့ မထူးဘူး။ ပြီးတော့ ငါ့ဆီမှာ အရိုးအိုကြီးတွေပဲ ရှိတော့တာ ”

…

အခန်း (၅၃၃) ကမ္ဘာကြီးငြိမ်းချမ်းဖို့ ဆုတောင်းနေခြင်း

အိမ်ရှေ့စံမင်းသား လျိုကျစ်သည် ခါးညွှတ်လျက် အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“ဒါ ဒါပေမဲ့.. အဘိုးက ကျွန်တော်အခုချိန်မှာ တစ်ဦးတည်းသော အားထားနိုင်တဲ့သူပဲ အဘိုးဘာမှမလုပ်နိုင်ရင် ကျွန်တော်တို့ သွားပြီပဲ”

ပြောနေစဉ် သူ၏မျက်နှာပေါ်ကနေ မျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ ပုလဲလုံးလေးများပမာ ကျဆင်းလာ၏။

အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်လာပြီးနောက် လျိုကောသည် လျိုကျစ်ကို အလွယ်တကူ မြင်နိုင်၏။ သူက ပြောလိုက်သည်။

“မင်းအဖေကို အကူအညီ တောင်းနိုင်တယ်”

တော်ဝင်မိသားစု၌ ကိုယ်ပိုင်စည်းမျည်းရှိသည်။ လျိုကောက အနားယူပြီး သူကွယ်လွန်သည့်သတင်း ကြေညာပြီး ဖြစ်နေလေရာ သူ လူလုံးထွက်ပြလိုက်မည် ဆိုလျှင် လူအများ၏ ယုံကြည်ချက်ကို တော်ဝင်မိသားစုက မည်ကဲ့သို့ ပြန်လည်ရရှိတော့မည်နည်း။ လျိုကျစ်၏အသံက အနည်းငယ် အက်ကွဲသွားကာ ပြောလိုက်၏။

“အဖေက တံခါးပိတ် ကျင့်ကြံနေပြီး ဒါကို ဖြေရှင်းဖို့ အချိန်မရှိပါဘူး”

လျိုကောက ဇဝေဇဝါ ဖြစ်သွားပုံပေါ်၏။

“အစောတည်းက သူ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်နေပြီးပြီလို့ ငါကြားမိတာ။ သူက ဘာကြောင့် တံခါးပိတ် ကျင့်ကြံဖို့ လိုတာလဲ”

“အဖေက ပွင့်ချပ်ကိုးလွှာအဆင့်ရဖို့ ကြိုးပမ်းနေတာပါ”

လျိုကျစ်က ပြောလိုက်သည်။

လျိုကောက ပွင့်ချပ်ကိုးလွှာဟူသော စကားကို ကြားသည့်အချိန်၌ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ၏ မျက်တောင်များ ခတ်လျက် သူ့ရင်ထဲ၌ ဒေါသလှိုင်းတို့ ထန်လာသည်။

ဘန်း..

လျိုကောသည် လက်ဖြင့် ရိုက်ချလိုက်ရာ ကျောက်စားပွဲအစွန်းက ပဲ့ကျသွားသည်။ လျိုကျစ်သည် ကြောက်လန့်လွန်းသောကြောင့် တုန်ယင်နေကာ တစ်ခါတည်း ဦးချကန်တော့လိုက်သည်။

“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ အဘိုး စိတ်အေးအေးထားပါ”

“တော်ဝင်မိသားစုက ဘယ်သူမှ ပွင့်ချပ်ကိုးလွှာအဆင့်ကို ကြိုးပမ်းလို့မရဘူးလို့ ငါ အကြိမ်ပေါင်းများစွာ ပြောပြီးပြီ။ လျိုကု အဲဒီမသိတတ်တဲ့အရူး သူ့ကို ဒီနေရာကို ဆင့်ခေါ်လိုက်”

လျိုကော၏မျက်နှာသည် ဒေါသကြောင့် သေလုနီးပါး ဖြူဖျော့သွားပြီဖြစ်သည်။ လျိုကျစ်သည် သူ၏အဘိုးထိုမျှ ဒေါသထွက်လိမ့်မည်ဟု မထင်ထားပေ။ မိနစ်တိုင်း၌ သူသည် ယုံကြည်ချက် လျော့နည်းလာသည်ဟု ခံစားရသည်။ သို့သော် ယခုအချိန်တွင် သူက ရွေးချယ်စရာ မရှိပေ။

“အဘိုး.. ဒီလျှို့ဝှက်ခန်းထဲမှာ နေနေတာ အတော်ကြာပြီ အပြင်လောကအကြောင်း အဘိုးမသိတာတွေ အများကြီး ရှိတယ်။ ကျင့်ကြံခြင်းလောကက ပြောင်းပြန်ဖြစ်သွားပြီ။ ကျင့်ကြံခြင်းလောကထဲမှာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် ရှိနေပြီးပြီ”

လျိုကောက မျက်မှောင်ထပ်ကြုတ်လိုက်၏။ သူက လျိုကျစ်ကို ကြည့်ကာ ပြောလျက် ထိတ်လန့်နေလေ၏။

“ထရပ်ပြီးပြော”

“နားလည်ပါပြီ”

လျိုကျစ်သည် တလေးတစား သွင်ပြင်ဖြင့် ထရပ်လိုက်သည်။ ပြီးနောက် သူသည် လျိုကောဘက်သို့ လျှောက်သွားကာ ထိုနေရာ၌ လိမ်လိမ်မာမာ ရပ်နေလိုက်သည်။

“မင်း တွေ့ပြီးပြီလား”

လျိုကောက မေးလိုက်သည်။

“မတွေ့သေးပါဘူး။ ဒါပေမဲ့ အချက်အလက်တွေက အမှန်ပါပဲ။ မဟာဂိုဏ်းကြီး ခုနှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝိုင်းတိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ ပွင့်ချပ်ကိုးလွှာအဆင့်မှာ ရှိတဲ့ မိစ္ဆာအိုကြီးကျိ ရှင်းထုတ်တာ ခံလိုက်ရတယ်။ ကမ္ဘာကြီးထဲက ကျင့်ကြံသူတိုင်း ဒီအကြောင်းကို သိကြတယ်”

လျိုကျစ်က အသံတိုးတိုးဖြင့် ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက်လား”

လျိုကော၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာ၏။

“ဟုတ်ပါတယ်”

လျိုကျစ်သည် အသံတိုးတိုးဖြင့် ပြောလေ၏။ လျိုကောက အံ့ဩသွားပုံမရပေ။ ထိုအစား သူ သက်ပြင်းချလျက် ပြောလိုက်သည်။

“သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူ့လေသံထဲ အနည်းငယ် တမ်းတရိပ်နှင့် ဇဝေဇဝါဖြစ်မှုတို့ ရောထွေးနေသည်။

“သူ့ကို သိတယ်လား အဘိုး”

“သူ့ကို သိတာလား၊ ပြန်ပြောရမယ်ဆိုရင် ငါတို့တွေကို မိတ်ဆွေဟောင်းကြီးတွေလို့တောင် မင်းခေါ်နိုင်တယ်”

လျိုကောက ပြောလိုက်၏။

“ငါတို့ ရှာဖွေတဲ့လမ်းကြောင်းက မတူညီဘူး။ သူက ကျင့်ကြံဖို့ ဆုံးဖြတ်တဲ့အချိန် ငါက အင်ပါယာကို လိုချင်ခဲ့တယ်။ ဒါကြောင့် ငါတို့ လမ်းကွဲသွားတာပဲ။ သူက ဒီလောက်နှစ်တွေ ကြာပြီးတဲ့နောက် အမှန်တကယ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး”

လျိုကျစ်သည် ကျယ်လောင်စွာ ရှင်းပြလိုက်၏။

“မိစ္ဆာအိုကြီးကျိက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်လာရုံတင်မကဘူး။ ကျင့်ကြံခြင်းလောကကြီးကလည်း ပြောင်းလဲသွားပါပြီ”

“ပြောင်းလဲသွားတာလား”

“အသေးစိတ် ရှင်းပြခွင့်ပြုပါ”

ပြီးနောက် လျိုကျစ်သည် မိစ္ဆာအိုကြီးကျိသည် သူ၏ပွင့်ချပ်ကိုးလွှာစွမ်းအားဖြင့် မဟာဂိုဏ်းကြီး ခုနှစ်ဂိုဏ်းကို ရှင်းထုတ်လိုက်ပုံ၊ ရွှေကြာဖြတ်တောက်သည့် ကျင့်ကြံခြင်းသီအိုရီအကြောင်းနှင့် ကျင့်ကြံခြင်းလောကထဲရှိ လတ်တလော အဖြစ်အပျက်များအကြောင်းကို ဧကရာဇ်ရုံရှု လျိုကောဆီ ရှင်းပြလိုက်၏။

ထိုစကားကို ကြားချိန် လျိုကော၏မျက်လုံးက ပြူးကျယ်နေလေ၏။ အကြောင်းပြန်လှန် ပြောမှု၏ နောက်ပိုင်းများတွင် သူက မထိန်းထားနိုင်တော့ချေ။ လက်ဝေ့ယမ်းလျက် ကြိမ်ဆဲလိုက်၏။

“ဒါများသွားပြီ။ ရွှေကြာဖြတ်တောက်တဲ့ ကျင့်ကြံခြင်းနည်းလမ်းကို ဘယ်သူ ပြောတာလဲ”

လျိုကျစ်က ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

“သတင်းအချက်အလက် တချို့တွေကနေ ရောက်လာတာပဲ။ နောက်တော့ ပိုပြန့်သွားတယ်။ တစ်ယောက်ယောက်က ရွှေကြာဖြတ်တောက်လိုက်တဲ့အချိန် အဲဒီလမ်းစဉ်ကို လိုက်တဲ့သူတွေ ပိုများလာတာ.. အဖေ.. အဖေကလည်း ရွှေကြာဖြတ်တောက်ပြီး လက်ရှိပြန်ကျင့်ကြံနေပါတယ်”

စကားအဆုံးတွင် သူ့အသံက တိုးဝင်သွားပြီး သူ၏လေသံက ကြားဖို့တောင် ခဲယဉ်းလာ၏။

လျိုကော၏ရင်ထဲရှိ အမျက်ဒေါသမီးလျှံတို့က ပိုတောက်လောင်လာသည်။ သို့သော် သူသည် မိုးနှင့်မြေကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ဧကရာဇ်မဟုတ်တော့ပေ။ အချိန်က ရက်စက်လှပေ၏။ သူ၏အရိုးအိုကြီးများဖြင့် ကျန်သည့်သူများကို မည်ကဲ့သို့ ခြိမ်းခြောက်ရမည်နည်း။ သူ ချမှတ်ခဲ့သည့် စည်းမျဉ်းများနှင့် အမိန့်များသည်လည်း အရေးမပါတော့ပေ။ အဆုံးကျ သူက သက်ပြင်းချလျက် မေးလိုက်သည်။

“ကျင့်ကြံခြင်းလောကထဲမှာ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေ ရှိသေးလား”

“ထူးထူးဆန်းဆန်း ဖြစ်ရပ်လား..”

လျိုကျစ်က ဇဝေဇဝါ ဖြစ်သွားသည်။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ဘယ်သူမှ မကြိုးပမ်းဖို့ အမိန့်ပေးခဲ့ရတဲ့ အကြောင်းအရင်းကို မင်းသိလား”

ဧကရာဇ်ယုံရှို့ လျိုကောက ခပ်ပြတ်ပြတ် လေသံဖြင့် ပြောလိုက်သည်။ လျိုကျစ်က ခေါင်းခါလိုက်၏။ လျိုကောသည် လျိုကျစ်၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို ကြည့်ပြီး ခေါင်းခါလိုက်၏။

“ထားလိုက်တော့ မင်း အခု လုပ်ရမှာက တခြားပြောင်းလဲမှုတွေ ရှိလားဆိုတာ ပြောပြဖို့ပဲ”

ရွှေကြာဖြတ်တောက်ခြင်း သီအိုရီ၊ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခြင်းနှင့် တော်ဝင်မိသားစု၏ ကပ်ဘေး ယင်းတို့သည် ပြောင်းလဲမှုများ မဟုတ်သည်လော။

လျိုကျစ်က ခေါင်းထပ်ခါလိုက်၏။ လျိုကောက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းက ဆန်းကြယ်တဲ့ ပညာရှင်တစ်ယောက်ကြောင့် ကံကောင်းထောက်မပြီး ငါ ဉာဏ်အလင်း ပွင့်ခဲ့တာ။ ပြီးတော့ ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရောက်ခဲ့တယ်။ နောက်တော့ ငါ ကျွန်းတွေဆီ ငြိမ်းချမ်းမှု ဆောင်ယူလာခဲ့တာ။ စဉ်းစားကြည့်ရင် တစ်ယောက်ယောက်က အဲဒီအဆင့်ကို ရောက်ပြီးပြီပဲ”

လျိုကျစ်သည် ထိုပြောကြားချက်ကြောင့် ပိုပြီး ဇဝေဇဝါ ဖြစ်သွား၏။

“အဘိုး ကျွန်တော် နားမလည်ဘူး အဲဒီဆန်းကြယ်တဲ့ ပညာရှင်က ယုံလို့ရလား”

လျိုကောက သူ့ကို ကြည့်၏။ သုန်မှုန်သော လေသံဖြင့် ပြောလိုက်သည်။

“မိုက်မဲလိုက်တာ”

“ကျွန်တော် မှားပြောမိပါတယ်။ ဒါပေမဲ့ သိချင်လို့ပါ။ ပွင့်ချပ်ကိုးလွှာ အဆင့်က ကပ်ဘေးတွေ ဆောင်ယူလာမယ်လို့ ပြောတယ်။ ဒါပေမဲ့ မိစ္ဆာအိုကြီးကျိက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီးပြီ။ ဒါတောင် ကပ်ဘေး မကြုံရသေးဘူး”

ကောင်းကင်၏လမ်းစဉ်သည် သံသရာလည်ခြင်းပဲ ဖြစ်သည်။ ကောင်းကင်ဘုံသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို တားမြစ်ထားတာက အကြောင်းအရင်း ရှိရမည်။ လူသားများသည် တားမြစ်မှုကို ဖောက်ဖျက်ခဲ့လျှင် သူတို့ တန်ကြေးပေးဆပ်ရမည်။

လျိုကောသည် သူ့မြေးဆီကနေ အကြည့်လွဲပြီးနောက် ပြောလိုက်၏။

“ပွင့်ချပ်ကိုးလွှာအဆင့် ဟုတ်မဟုတ် ငါကိုယ်တိုင် ဆုံးဖြတ်မယ်”

လျိုကျစ်သည် ထိုစကားကို ကြားသောအခါ ပျော်ရွှင်သွား၏။

“အဘိုး.. ဒီတောင်ကနေ ထွက်လာမှာလား”

လျိုကောသည် လက်ဝေ့ယမ်းလျက် စင်မြင့်ကနေ ဆင်းလိုက်သည်။ ကျန်သည့် အဘိုးကြီးများနည်းတူ သူ၏လှုပ်ရှားမှုများကလည်း နှေးကွေးလေးလံနေပုံရသည်။ စင်မြင့်ပေါ်ကနေ ဆင်းသက်ပြီးနောက် သူသည် အနည်းငယ် ယိုင်သွားပုံရ၏။ သူက မေးလိုက်သည်။

“ဒီတစ်ခေါက် မဟာစစ်သူကြီး ရှစ်ယောက်က ဘယ်သူတွေလဲ”

လျိုကျစ်က ရေတွက်လိုက်သည်။

“မြောက်ဘက်မြို့စောင့်ဂိတ်ရဲ့ စစ်သူကြီး ရွှမ်ကျွင်းရင်၊ တောင်ဘက်မြို့စောင့်ဂိတ်ရဲ့ စစ်သူကြီး ဝမ်ယွဲ့၊ အရှေ့ဘက်မြို့စောင့်ဂိတ်ရဲ့ စစ်သူကြီး ဟန်ယွီရန် ဒါပေမဲ့ စစ်သူကြီးဟန်က နွေဦးစံအိမ်မှာ အသက်ဆုံးရှုံးသွားပြီ။ လက်ရှိ တာအိုအကျော်အမော် စစ်သူကြီး ကျီချင်းချင်းကို အစားထိုးထားပါတယ်။ အနောက်ဘက် မြို့စောင့်ဂိတ်ရဲ့စစ်သူကြီး ရှန်းလျဲ့လည်း ရှိပေမဲ့ လျန့်စီရင်စုတိုက်ပွဲမှာ သူ ကျရှုံးသွားပါတယ်။ သူ့ရာထူးက လက်ရှိ လစ်လပ်နေတယ်။ အရှေ့တောင်ဘက် မြို့စောင့်ဂိတ်မှာ စစ်သူကြီး မာလျူဖင်း အရှေ့မြောက် မြို့စောင့်ဂိတ်မှာ စစ်သူကြီး ကုယီရန် အနောက်မြောက် မြို့စောင့်ဂိတ်မှာ စစ်သူကြီး စုရှန့်တို့ ရှိတယ်။ နောက်ဆုံးတော့ အနောက်တောင်မြို့စောင့်ဂိတ်ရဲ့ စစ်သူကြီး ဝမ်ရှုရှိပေမဲ့ သူက ကျင်းစီရင်စု တိုက်ပွဲမှာ သေသွားပါတယ်”

ထိုနာမည်များကို ကြားသောအခါ လျိုကောက ပြောလိုက်သည်။

“ဟန်ယွီရန်က သေသိမ်တဲ့ လှည့်ကွက်တွေ သုံးရတာ ကြိုက်တယ်။ သူ ဒီလို အဆုံးသတ်သွားရတာ မအံ့ဩဘူး။ ဝမ်ရှုနဲ့ ရှန်းလျဲ့တို့က တည်ငြိမ်ပြီး ရင့်ကျက်တာ သူတို့ ဘယ်လိုလုပ် သေသွားတာလဲ”

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမတပည့်က အကွက်ချတဲ့နေရာမှာ ကျွမ်းတယ်။ သူက ကောက်ကျစ်ပြီး ယုတ်မာတဲ့သူပဲ။ သူက တစ်ခါတုန်းက နန်းတော်ထဲမှာ မင်းဆရာတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ယုံနဉ်က သူ့ဘက် ခေါ်ထားခဲ့တာလေ။ အဲဒီလူက မဟူရာကွန်ရက်ကို တည်ထောက်ခဲ့ပြီး သတင်းအချက်အလက် ကွန်ရက်ဖြန့်ထားတာ။ ကျွန်တော့်နားမှာတောင် သူ့လူတွေ ထားထားနိုင်လောက်တယ်။ စစ်သူကြီးရှန်းနဲ့ ဝမ်တို့က သူ့အကွက်ချမှုထဲ ရောက်သွားပြီး အသက်ဆုံးရှုံးသွားတာ”

လျိုကောက ခေါင်းခါလျက် ပြောသည်။

“သူ့ကို နည်းနည်း လျှော့တွက်ခဲ့မိတာပဲ။ သူက တကယ် အရည်အချင်း ရှိတဲ့ တပည့်တွေကို စုဆောင်းခဲ့တယ်”

ပြီးနောက် သူက ရှေ့တိုးကာ ပြောလိုက်သည်။

“ဒီလိုဆိုရင် စုရှန့်နဲ့ ကုယီရန်ကို ငါနဲ့ လိုက်ခိုင်းလိုက်”

လျိုကျစ်သည် ထိုစကားကို ကြားသောအခါ အမြန် အရိုအသေပေးလိုက်၏။

“ပြီးရင် လာတွေ့ပါ့မယ်”

လျိုကျစ်သည် လျှို့ဝှက်ခန်းထဲကနေ ထွက်သွားချိန် လျိုကောသည် ထောင့်ဘက်ရှိ ဖုန်တက်နေသော သေတ္တာကို တစ်ချက်ကြည့်ပြီး သူ့ဘာသာ ရေရွတ်ပြောလိုက်၏။

“ဒီငြိမ်းချမ်းမှုက ကမ္ဘာမြေပေါ် ကျရောက်လာပြီ။ အရာရာ အိပ်မက်ဖြစ်သွားဖို့ ငါ ဆုတောင်းတယ်”

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းရှိ လျှို့ဝှက်ခန်းထဲတွင် ဖြစ်သည်။

လုကျိုးသည် ဆန်းကြယ်သော ရုန်းပင်လယ်ဖြင့် ဝန်းရံခံထားရသည်။ သူက သတိလစ်နေပြီး ပတ်ဝန်းကျင်ကို သတိမပြုမိပုံရသည်။ အချိန်မည်မျှ ကုန်သွားသည်မသိ။ သို့သော် သူ ဝင်ရောက်နေသည့် အခြေအနေကို အဆုံးမသတ်ချင်ပေ။ ဤခံစားချက်က သူ နက်နဲစွာ အိပ်မောကျနေခြင်းနှင့် တူသည်။

သူ့စိတ်ထဲ၌ ရုန်းများက ပေါ်လာ၏။ ဖြည်းဖြည်းချင်းပင် ရုန်းများ မြင့်တက်လာပြီး သင်္ကေတများအဖြစ် အသွင်ပြောင်းကာ ထိုစာကြောင်းကို ဖွဲ့တည်သွား၏။ ပထမခြေလှမ်းက ချီကို ဆက်သွယ်ပြီး စိတ်ကို ဆက်နွယ်မယ်။ ပြီးရင် ဝိညာဉ်ကို ဆက်နွယ်မယ်။ ဉာဏ်အလင်းပွင့်မှုက အားလုံး ဆက်နွယ်ပြီးရင် ရောက်လာမယ်။ ပလ္လင်ထက်ဆီ လမ်းစဉ်က ပြသပြီး ဖြစ်သွားမယ်။ အရာရာကို ကြားနိုင်တဲ့စွမ်းအားရရှိမယ်။ ဒါမှ နယ်ပယ်အားလုံးက အသံတွေကို ကြားနိုင်မှာ။

လုကျိုး၏ အသိစိတ်က အနည်းငယ် မွှေနှောက်ခံနေရ၏။ သူသည် လူသားစာလိပ်ကို ပထမဆုံးဖွင့်စဉ်က ထိုစကားလုံးများကို မြင်ခဲ့ဖူးသည်။ မြေကမ္ဘာစာလိပ်၌ သူတို့ အဘယ်ကြောင့် ပေါ်လာသနည်း။ သူ ဇဝေဇဝါ ဖြစ်သွားတော့၏။ ထိုစဉ် သူသည် တစ်စုံတစ်ယောက်၏အသံကို ဝေဝါးဝါး ကြားလိုက်ရ၏။

“ရှောင်ရှစ်မေ့ ဒါက ဘယ်လို ဒီလို.. အင်း ဟုတ်တယ်”

ခန်းမ အပြင်ဘက်တွင် ဖြစ်သည်။ ကျုးဟုန်ကုန်းက ခရုလေးကို ချီကို စွမ်းအင်အဖြစ် သိပ်သည်းပုံကို ဖြည်းဖြည်းချင်း ပြသပေးနေ၏။

“စွမ်းအင်ဓားက ကြီးလေ မင်းက ကနဦးချီ ပိုထိန်းချုပ်ဖို့ လိုအပ်လေပဲ။ မင်းက အခုမှ စကျင့်ကြံခါစ အခု အခြေခံကိုပဲ အာရုံစိုက်အုံးမယ်။ ကနဦးချီ လုံလောက်ပြီ။ အာရုံခံ သိပ်သည်းခြင်းနယ်ပယ်ကို ရောက်တာနဲ့ ပိုသန့်စင်တဲ့ စွမ်းအင်ဓားကို မင်းဖွဲ့တည်နိုင်လိမ့်မယ်”

…

အခန်း (၅၃၄) မင်းကို အဲဒါ ဘယ်သူသင်ပေးလိုက်တာလဲ

“ အိုး ” ခရုလေးက သူ့ဆိုလိုရင်ကို အကြမ်းဖျင်းမျှသာ နားလည်ဟန်ပေါ်သည်။

လွန်ခဲ့သည့် သုံးလအတွင်း သူမက လုကျိုး ပေးထားသည့် အသက်ရှုနည်းစနစ်ကို လေ့ကျင့်နေခဲ့သည်။ သူမက ကမ္ဘာဦးချီကို ဖွဲ့စည်းကာ ချီပင်လယ်ကို ကျယ်ပြန့်အောင် လုပ်နိုင်လေပြီ။ ထိုအခြေခံကျသည့် ကျင့်ကြံရေးလေ့ကျင့်ခန်းများက မထူးခြားလှပေ။ သူမထက် အကြီးများသည် နေ့စဉ်နေ့တိုင်း ထုတ်ဖော်နေသည့် အမျိုးမျိုးသော စွမ်းအားစည်းတံဆိပ်များကို မြင်လိုက်သည့်အခါ အားမကျဘဲ မနေနိုင်တော့ပေ။

“ အသေးဆုံးလေးကနေ စရအောင်။ အရင်ဆုံး လက်ချောင်းအရွယ်စားလောက်ပေါ့။ ငါ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်နော်။ အသက်ကို ရှု၊ အာရုံအပြည့်အဝ စိုက်ထားပြီးတော့ ကမ္ဘာဦးချီကို ချီသွေးကြောရှစ်ခုနဲ့အတူ လမ်းညွှန်လိုကပြီးတော့ လက်ချောင်းကနေ စွမ်းအားအဖြစ် ထုတ်လွှင့်လိုက်”

ကျူးဟုန်ကုန်းက သူမကို အလေးအနက် ညွှန်ကြားပေးနေသည်။ တစ်ချိန်တည်းဆိုသလို သူ့လက်ဝါးအထက် စွမ်းအင်ဓားတစ်ခု ဖွဲ့တည်လာ၏။ ဤသည်က လက်ချောင်းအရွယ်မျှသာ ဖြစ်ပြီး တိတ်တဆိတ် ရစ်ဝဲနေလျက်ရှိသည်။

“ပါ့ရှစ်ရှိုးက အံ့ဩဖို့ကောင်းလိုက်တာ” ခရုလေးက ကျူးဟုန်ကုန်းအား ချီးကျူးလိုက်သည်။

ကျူးဟုန်ကုန်း မျက်နှာအထက် ဂုဏ်ယူသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။

သူက ပြောလိုက်၏။

“ဒါက ဘာမှမဟုတ်ပါဘူး။ ကောင်းကောင်းထိန်းချုပ်နိုင်ရင် ပိုပြီး ကြီးမားတဲ့ စွမ်းအင်ဓားကို ဖွဲ့စည်းနိုင်လိမ့်မယ်။ စိတ်ရှည်ရှည်ထား ဟုတ်ပြီလား။ ဒီဟာကို အချိန်တစ်ခုလောက် ပေးလိုက်တာနဲ့ ပြဿနာမရှိတော့ဘူး ”

“အဲလိုလုပ်ရတာလား”

ဝှစ်

ခရုလေး၏ လက်ဝါးအထက် လက်ချောင်းအရွယ် စွမ်းအင်ဓားတစ်ချောင်းက ပေါ်ထွက်လာသည်။ ကြည့်ရသည်မှာ ကျူးဟုန်ကုန်ထက်ပင် ပို၍ ထိုးဖောက်မြင်နေရ၏။

“အာ …” ကျူးဟုန်ကုန်းက ကြောင်သွားသည်။ သူက သူ့အမြင်ကို မယုံနိုင် ဖြစ်နေမိသည်။ သူက မျက်လုံးကို ပွတ်လိုက်ကာ အာရုံစိုက်ထားလိုက်သည်။ ဤသည်က အင်မတန် တောက်ပနေသည့် စွမ်းအင်ဓားတစ်ချောင်း ဖြစ်၏။ ထိုဓားဝန်းကျင်တွင် အနီဖျော့ဖျော့ အလင်းတန်းလည်း ရစ်ပတ်နေသေးသည်။

“ပါ့ရှစ်ရှိုး …” ခရုလေးက အသာခေါ်လိုက်သည်။

“အိုး အိုး … ဟုတ်တာပေါ့။ ဒါက အရွယ်အစားကို သိသွားတာနဲ့ လုပ်လို့ရတာပဲ ”

ကျူးဟုန်ကုန်းက အာရုံအပြည့်အဝ စိုက်ထားပြီး လက်ကို မြောက်လိုက်သည်။ ထိုစဉ် သူ့လက်ဝါးအထက် လက်ဝါးအရွယ် စွမ်းအင်ဓားတစ်ချောင်း ပေါ်ထွက်လာသည်။

သူက အစ်ကိုကြီးဆိုတော့ ဒီလောက်အရွယ်တော့ ထုတ်ပြသင့်တယ် မလား …

“ဒီလိုလေးလား” ခရုလေးက လက်ကို ထပ်မြောက်လိုက်သည်။ ထိုစဉ် လက်ဝါးအရွယ် ဓားတစ်ချောင်း ပေါ်ထွက်လာ၏။

ကျူးဟုန်ကုန်း “ … ”

သူမက ဒီလောက်တောင် အားကောင်းတာလား …

သူက ခရုလေး၏ အပြစ်ကင်းကာ ရိုးသားလှသည့် မျက်နှာလေးကို ကြည့်ရင်း ပိုခက်သည့်အရာတစ်ခုကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက အစ်ကိုကြီးအနေနှင့် သာလွန်မှုကို ထုတ်ပြရမည် မဟုတ်ပါလော။

“ စွမ်းအားကို ဖွဲ့စည်းတာက အစပိုင်းအဆင့်ပဲ ရှိသေးတာ။ မင်းက လက်ဝါးအရွယ်လောက် စွမ်းအင်ဓားကို ဖွဲ့စည်းနိုင်လောက်အောင် အစကောင်းခဲ့ပြီ။ အရှင်းဆုံးပြောရရင် စွမ်းအင်ဓားက ငါ အားသန်တဲ့ဟာတော့ မဟုတ်ဘူး။ အဲဒါက အာ့ရှစ်ရှိုးရဲ့ အားသာချက်ပဲ။ သူက စွမ်းအင်ဓား တစ်ရာကို ချက်ချင်း ဖော်ထုတ်နိုင်တယ်။ ဓားသူတော်စင် လော့ရှစ်စန်းက စွမ်းအင်ဓား ၁၃ ချောင်း ဖော်ထုတ်နိုင်တယ်”

“အဲဆို ပါ့ရှစ်ရှိုးကရော ” ခရုလေးက ကျူးဟုန်ကုန်းအား မျှော်လင့်တကြီး ကြည့်လိုက်သည်။ ထို့နောက် သူမက ထပ်ပြောလိုက်၏။ “ညီမ မြင်ချင်တယ်”

“ …” ကျူးဟုန်ကုန်းက လည်ချောင်းရှင်းကာ ပြောလိုက်၏။

“ ငါက စွမ်းအင်လက်သီးများ ပိုအရေးသာတယ်”

ထို့နောက် သူက လက်ကိုမြောက်လိုက်သည်။ သူ့လက်ကို ဖုံးလွှမ်းသွားသည့် မျက်ရည်စွန်း လက်ဝှေ့လက်အိတ် ပေါ်ထွက်လာကာ လေဟုန်ကို ထိုးခွင်းလိုက်သည်။ လက်သီးသဏ္ဌာန် စွမ်းအားက ထွက်ပေါ်လာ၏။

ဘန်း

ထိုအရာက သစ်ပင်တစ်ပင်ပေါ် ကျရောက်သွားသည်။ သစ်ခေါက်ပေါ်တွင် ချိုင့်ရာကြီး မြင်နိုင်ပေသည်။

“ဒါကို သင်ချင်လား” ကျူးဟုန်ကုန်းက ခရုလေးအား ကြည့်လိုက်သည်။ သူ့အသံထဲ စိတ်သက်ရာရသွားသည့် အရိပ်အယောင်မျိုးကို ကြားနိုင်လေသည်။

အစပိုင်းတွင် စိတ်ဝင်စားနေသည့် ခရုလေးက အမြင်ပိုင်းအရ ကျေနပ်ဖွယ်မကောင်းသည့် ဧရာမ လက်သီးကြီးကို မြင်လိုက်သည့်အခါ ခေါင်းယမ်းလိုက်တော့သည်။ “မသင်ချင်ဘူး ”

“အဲဆို ဘာသင်ချင်လဲ။ သင်ပေးမယ်လေ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“စွမ်းအင်ဓားတွေ ”

ကျူးဟုန်ကုန်းက ခဏမျှ ဆွံ့အသွားသည်။ ထို့နောက် သူက ပြောလိုက်၏။ “ စွမ်းအင်ဓားက အဆင်ပြေတယ်။ ငါက သူတို့ကို မကျွမ်းကျင်ပေမဲ့ မင်းကို သင်ပေးနိုင်လောက်ပါတယ်”

သူက လက်အိတ်အား ပြန်သိမ်းလိုက်သည်။ သူက အသက်ရှုလိုက်ပြီး အာရုံစိုက်ထားလိုက်သည်။ ထိုစဉ် သူ့လက်ဝါးအထက် စွမ်းအင်ဓားသုံးခု ပေါ်ထွက်လာသည်။ သူတို့က မကြီးမားသော်လည်း နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူတစ်ယောက်အတွက် လုပ်ဆောင်ဖို့ လွယ်ကူလှသည်။

ခရုလေးက လက်ဝါးမြှောက်လိုက်ကာ မေးလိုက်သည်။ “ဒီလိုမျိုးလား”

သူမ လက်ဝါးအထက် စွမ်းအင်ဓားသုံးခု ထွက်ပေါ်လာသည်။

“ … ” ကျူးဟုန်ကုန်းက မျက်လုံးပြူးသွားပြီး မွန်းကျပ်လသလို ခံစားလိုက်ရသည်။

သာမန်ကျင့်ကြံသူများသည် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ် မှ အသိအာရုံစုစည်းခြင်း နယ်ပယ် ရောက်ဖို့ နှစ်များစွာ အချိန်ယူခဲ့ရလိမ့်မည်။ သူတို့က ဒီလိုမျိုး စွမ်းအင်ဓား ထုတ်ဖော်ဖို့ နှစ်နှစ်မှ သုံးနှစ်အထိ လေ့ကျင့်ခဲ့ကြရလိမ့်မည်။ သို့သော် သူမက သုံးလအတွင်း လုပ်ဆောင်နိုင်နေသည် မဟုတ်ပါလော။

သူက စွမ်းအင်ဓားသုံးခုကို ကြည့်လိုက်သည်။

စိတ်ငြိမ်ငြိမ်ထား …

ဤတစ်ကြိမ် သူက တတ်နိုင်သမျှ အကုန်ထုတ်သုံးလိုက်သည်။ သူနှင့် မီတာတချို့ပတ်လည်အတွင်း လက်ဝါးအရွယ် စွမ်းအင်ဓားများဖြင့် လေထဲ ပြည့်နှက်သွားသည်။ သူတို့က အစီအစဉ်တကျ တည်ရှိပြီး တောက်ပနေလေ၏။

“ရှောင်ရှစ်မေ့ ဘယ်လိုထင်လဲ ”

ခရုလေးက ထိုသို့သော စွမ်းအားဖွဲ့စည်းနိုင်သည့်အဆင့်သို့ မရောက်သေးပေ။ သို့သော်လည်း သူမက ထိုပြကွက်ကို သဘေကျနေဟန်ပေါ်သည်။ ထို့ကြောင့် သူမက လက်ခုပ်တီးကာ ပြောလိုက်၏ “ ပါ့ရှစ်ရှိုး နောက်ထပ် … ထပ်လုပ်ပါဦး ”

“ …”

နောက်ထပ် ဘာထပ်လုပ်ရမှာလဲ

သူက အစကတည်းက ကျွမ်းကျင်ခြင်း မဟုတ်ပေ။ သူ့အနေနှင့် သူတို့ကို အချိန်အကြာကြီး ထိန်းထားဖို့ အားစိုက်ထုတ်ထားရသည်။

ကျူးဟုန်ကုန်းက လက်သီးဆုပ်လိုက်သည့်အခါ စွမ်းအင်ဓားများက ပျောက်ကွယ်သွားလေ၏။

“ရှစ်စွင်းက ဒီလိုမျိုး ပြကွက်မျိုးကို ပိုကျွမ်းကျင်တယ်။ ငါက မလုပ်နိုင်တော့ဘူး “

…………………

လျှို့ဝှက်အခန်းအတွင်း လုကျိုးနားထဲ ရောက်လာသည့် စာကြောင်းများက အမြဲလိုလို အပိုင်းအစများသာ ဖြစ်၏။ သို့သော်လည်း ဤတစ်ခုက သူ့နားထဲ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာသည်။

လုကျိုးက ကျူးဟုန်ကုန်းကို ကြိမ်းမောင်းလိုက်၏။

“ အဓိပ္ပာယ်မရှိတာတွေ၊ မင်းက အရိုက်ခံချင်နေတာလား”

လျှို့ဝှက်အခန်းအတွင်းမှ အပြာဖျော့ဖျော့ အလင်းတန်းလေးက အသံလှိုင်းကို ကာဆီးကာ ခန်းမကျယ်အပြင်ဘက်ဆီ ချက်ချင်းဆိုသလို ရောက်ရှိသွားသည်။

ကျူးဟုန်ကုန်းအတွက်မူ ကောင်းကင်ကြီးက ပြာလဲ့နေစဉ် မိုးကြိုးချက်ကို မြင်လိုက်ရသည့်အတွက် တုန်လှုပ်သွားလေသည်။ သူက စိတ်ထဲတွင် ထိတ်လန့်နေမိ၏။

ဝုန်း

ကျူးဟုန်ကုန်းက ချက်ချင်း ဒူးထောက်လိုက်ကာ “ ရှစ်စွင်း ကျွန်တော် မှားပါပြီ။ ကိုယ့်ဘာသာ ရိုက်လိုက်ပါ့မယ်”

သူက သူ့ပါးသူ ပြန်ရိုက်ဖို့ တုံ့ဆိုင်းမနေပေ။

“ကျူးဟုန်ကုန်းကို သင်ကြားဆုံးမနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် နှစ်ရာ ရရှိပါမယ် ”

ခရုလေးက လျှို့ဝှက်အခန်းဘက် လှမ်းကြည့်လိုက်ရင်း အံ့အားသင့်နေဟန်ပေါ်သည်။ သူမက ဦးညွှတ်လိုက်၏။

“ရှစ်စွင်း”

လျှို့ဝှက်အခန်းဘက်မှ ပြန်ဖြေကြားမှု ပေါ်မလာပေ။ အရာအားလုံးက နဂိုအတိုင်း တိတ်ဆိတ်နေ၏။

ကျူးဟုန်ကုန်းက မော့ကြည့်လိုက်ပြီးနောက် သူ့ဘာသာ တွေးလိုက်မိသည်။

ရှစ်စွင်းက အရမ်းအားကောင်းလွန်းတယ်။ သူက နေရာတိုင်းမှာ ရှိနေသလိုမျိုးပဲ …. ငါ ပြောလိုက်တာကို ဘယ်လိုလုပ်ကြားသွားပါ့လိမ့် … ဒီကနေ ဝေးဝေးနေမှပဲ

သူက ထရပ်လိုက်ပြီးနောက် ခရုလေးအား အဓိပ္ပာယ်ပါပါ ကြည့်လိုကကာ “တောင်အနောက်ဘက် သွားရအောင်”

“တောင်အနောက်ကိုလား “

“အဲဒီမှာ ပိုတိတ်ဆိတ်ပြီးတော့ ကျင့်ကြံဖို့အတွက် သင့်တော်တယ်။ မင်းက အခု စွမ်းအင်ဓားသုံးခုပဲ ဖွဲ့စည်းနိုင်သေးတယ်ဆိုတေ့ာ လိုအပ်နေသေးတယ်။ ငါ မင်းကို လေးခုမြောက် ဘယ်လိုလုပ်ရမလဲဆိုတာ ပြပေးမယ် ”

“လေးခုမြောက်လား” ခရုလေးက ခေါင်းကုတ်လိုက်ပြီးနောက် လက်ကို ထပ်ဖြန့်လိုက်သည်။

ဝှစ်

သူမ၏ ကမ္ဘာဦးချီ ထွက်ပေါ်လာပြီးနောက် လက်ဝါးတွင် စွမ်းအင်ဓားများ ပေါ်ထွက်လာသည်။ ထိုအရာက လေးခု ဖြစ်ပြီး ပိုလည်း မပိုသလို လျော့လည်း မလျော့ပေ။

“ …” ကျူးဟုန်ကုန်း၏ အမူအရာက တောင့်တင်းသွားလေသည်။ သူက ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ သူက ခရုလေးသည် လက်သီးဆုပ်လိုက်သည့်အခါ စွမ်းအင်ဓားများ ပျောက်ကွယ်သွားသည့်အခါမှ အသိပြန်ကပ်လာသည်။

ခရုလေးက ပြောလိုက်၏။ “ပါ့ရှစ်ရှိုး … ညီမက ရှစ်ရှိုးလိုမျိုး စွမ်းအင်ဓားတွေအများကြီး လုပ်တာကို သင်ချင်တာ ”

“ …” ကျူးဟုန်ကုန်းက အခြေအနေကျပ်တည်းသည့်အထဲ ကျရောက်နေသည်။ သူက လှည့်ထွက်ကာ သွားလိုက်တော့သည်။

“ပါ့ရှစ်ရှိုး .. ညီမ စွမ်းအင်ဓားအကြီးကြီးတွေကို ဘယ်လိုလုပ်ရမလဲ ”

“နောက် … နောက်တစ်ခါမှပေါ့”

“ပါ့ရှစ်ရှိုး ညီမ သင်ချင်တယ် .. ပါ့ရှစ်ရှိုး မပြေးနဲ့လေ။ သစ်ပင်လောက်ကြီးတဲ့ စွမ်းအင်ဓားကို ဘယ်လိုလုပ်ရမလဲဟင်”

ကျူးဟုန်ကုန်းက အရှိန်မြင့်ကာ ပြေးလိုက်တော့သည်။

ခရုလေးက နောက်မှ လိုက်လာ၏။

သူတို့ ထွက်သွားပြီးသည့်နောက်တွင် မင်ရှစ်ရင်က အနီးအနားရှိ သစ်ပင်မှ ခေါင်းပြူထွက်လာသည်။ သူ့မျက်ဝန်းအောက်တွင် ညိုမည်းနေသည့် မျက်ကွင်းများ ရှိနေသည်။ သူက ရင်ဘတ်ကို ပုတ်ကာ စိတ်သက်သာရာရစွာ ရေရွတ်လိုက်၏။

“ ငါ အဲဒီဘိုးဘေးငယ်လေးကို မသင်ပေးရတော့လို့ တော်သေးတယ် … ”

ထိုသုံးလအတွင်း အကြီးများက ခရုလေးကို သင်ကြားပေးဖို့ အလှည့်များ ယူထားကြသည်။ အစပိုင်းတွင် အားလုံးက ဆရာဖြစ်ဖို့ အားတက်နေခဲ့ကြ၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခရုလေးသည် တော်ရုံပါရမီကောင်းခြင်း မဟုတ်ကြောင်း သဘောပေါက်လာခဲ့သည်။ သူမက ပြည့်စုံလုနီးပါး ဖြစ်သည့်အထက် ထက်ရှကာ သင်ယူဖို့ ချစ်မြတ်နိုးပြီး အားတက်သရော ရှိလေသည်။ သူမက အကုန်လုံးကို နက်နက်နဲနဲ သင်ယူရသည်ကို နှစ်ခြိုက်၏။

သူမက သင်ယူချင်သည့်အရာကို မရမချင်း လက်မလျော့ပေ။ ဤသို့ဖြင့် တွမ့်မူရှန်းနှင့် ကျောင်းယွဲ့တို့က အကြီးအကျယ် ဒုက္ခရောက်သွားကြလေသည်။ မင်ရှစ်ရင်လို ဉာဏ်များသည့်လူပင် ခရုလေး လက်မှ မလွတ်မြောက်ခဲ့ပေ။

မင်ရှစ်ရင်က ခြေလက်ဆန့်လိုက်ရင်း သမ်းဝေကာ ပြောလိုက်သည် “တရေးတမော အိပ်လိုက်ရအောင် ”

မင်ရှစ်ရင် စကားအဆုံးတွင် ခရုလေး၏ အသံက သူ့နားထဲ ရောက်လာသည်။

“စစ်ရှစ်ရှိုး ညီမကို ဆက်သင်ပေးပါ့လား။ ညီမ စွမ်းအင်ဓားတွေအများကြီး လုပ်ရတာကို သင်ချင်တာ”

ဝုန်း

မင်ရှစ်ရင်၏ ရင်ဘတ်ကြီး တင်းကျပ်လာကာ တိတ်တဆိတ် ကျိန်ဆဲရင်း သစ်ကိုင်းပေါ်မှ ပြုတ်ကျလာတော့သည်။

ထိုစဉ် တောင်အောက်မှ အမျိုးသမီး တပည့်တစ်ယောက်က ရောက်ရှိလာသည်။ သူမက မင်ရှစ်ရင်နှင့် ခရုလေးကို မြင်သည့်အခါ ဦးညွှတ်လိုက်ပြီး “စတုတ္ထသခင်လေးနဲ့ ဒဿမသခင်မလေး မင်္ဂလာပါ”

မင်ရှစ်ရင်က မြေပြင်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး လေထဲတွင် နှစ်ခါလောက် ကျွမ်းပစ်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ် ရပ်ကာ မေးလိုက်သည်။ “ဘာအရေးကြီးကိစ္စ ရှိလို့လဲ”

“တစ်ယောက်ယောက်က တောင်ခြေမှာ တွေ့ခွင့်တောင်းနေပါတယ် ”

…

All Chapters