← Chapters

ရှောင်ချန်း

Vol. 9 Ch. 873

ရှောင်ချန်း

Vol. 9 Ch. 873

ပိုင်ရှောင်ချန်း၏စိတ်အစဥ်မှာ ဗလာကျင်းနေတော့သည်။ သူက အတိတ်ကိုပြန်ပြောင်းအမှတ်ရမနေဝံ့ဘဲ တစ်ခုတည်းသော အရာပေါ်မှာသာ အာရုံစိုက်ထား၏။

" ဦးလေးလီ၊ ခင်ဗျား အသက်ရှင်ရမယ်နော် "

စိုးရိမ်ပူပန်မှုများက သူ့နှလုံးသားကို လွှမ်းမိုးချုပ်ကိုင်လာပြီး သူ့ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်တည်လာသည်။ သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာရနိုင်မည့်အတွက် ကြောက်လန့်ေနခြင်းမဟုတ်ဘဲ သူ့ကို ပြိုလဲသွားစေနိုင်သည့် သတင်းကြားနိုင်သောကြောင့်သာ ဖြစ်ပေသည်။

သူ့ရင်ထဲတွင် ဖိအားများ ထိုးတက်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံကား ရူးသွပ်လုမတတ် မြင့်တက်လာသည်။ စိုးရိမ်သောကဗျာပါဒများနှင့် ရူးသွပ်မှုတို့ ပေါင်းစပ်သွားသည့်အခါဝယ် ကောင်းကင်နှင့် မြေပြင်ကို တုန်ဟီးသွားစေနိုင်သည့် လေပြင်းမုန်တိုင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ လက်ဖျားခါရလောက်အောင် ရွေ့လျားနေသည့်အတွက် ဘရူဆာပင်လျှင် လိုက်မမီချေ။ သူက တစ်ယောက်တည်း လေဟုန်ခွင်း၍သွားနေရာ သူ့နောက်တွင် မိုးခြိမ်းသံကဲ့သို့ တဂျိန်းဂျိန်းပေါက်ကွဲသံများ ကျန်ရစ်ခဲ့တော့သည်။

ဂျိန်းးးးးး

သူဖြတ်သွားမှုကြောင့် ဖြစ်ပေါ်လာသော ကျယ်လောင်သည့် အသံကြီးက ဒေသခံကျင့်ကြံသူများ၊ ဂိုဏ်းငယ်လေးများနှင့် မြို့များ၏ အာရုံကို ဆွဲဆောင်နေတော့သည်။ လူတိုင်းက တအံ့တဩ မော့ကြည့်လိုက်ကြသည့်တိုင် ပိုင်ရှောင်ချန်းကို မမြင်နိုင်ကြပေ။ ကောင်းကင်ယံတွင် ရှည်လျားသော အစင်းတန်းကြီးတစ်တန်းကိုသာ သူတို့ မြင်လိုက်ကြရသည်။

မရေမတွက်နိုင်သော ပင့်သက်ရှိုက်သံများနှင့် တအံ့တဩရေရွတ်သံများ လေထဲ ပြည့်နှက်သွား၏။

" အဲဒါ ဘာသံကြီးတုန်း "

" ကောင်းကင်ကြီး....ဟက်တက်ခွဲခံလိုက်ရတာလား "

အဝေးမှကြည့်လျှင် သူ ချန်ရစ်ခဲ့သော အစင်းတန်းကြီးမှာ ကောင်းကင်တွင် ပွင့်ထွက်နေသည့် အက်ကြောင်းကြီးနှင့် အမှန်တကယ် ဆင်တူလေသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်မျှပင် မကြာလိုက်ဘဲ ဒေါသူပုန်ထနေသည့် ပိုင်ရှောင်ချန်းကား တာအိုမြစ်ဂိုဏ်းခွဲတည်ရှိသည့် တောင်တန်းများတွင် ပေါ်လာတော့သည်။

ဂိုဏ်းဌာနချုပ်ကို တောင်ထိပ်ခုနစ်လုံးနှင့် ပြုလုပ်ထားပြီး တစ်လုံးစီက အရောင်မတူကြပေ။

စစ်မြေပြင်ပေါ်တွင် ဂိုဏ်းသုံးဂိုဏ်း ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ခြင်းက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သောကြောင့် တာအိုမြစ်ဂိုဏ်းခွဲမှာ မည်သည်တို့ ဖြစ်ပျက်နေသည်ကို ကောင်းကောင်းမသိကြပေ။ တကယ်တမ်းဆိုလျှင် အများစုက သူတို့၏ ခေါင်းဆောင်ကြီး အပြင်ခန္ဓာကိုယ် ဆုံးရှုံးသွားခဲ့ရသည့်အကြောင်းကိုပင် မသိကြချေ။ လူအနည်းစုသာ အသိပေးခံခဲ့ရ၍ သူတို့က ဂိုဏ်း၏ မဟာမန္တန်အစီအရင်အား အသက်သွင်းရန် အမိန့်ပေးလိုက်ကြသည်။

သို့ဖြစ်၍ ပိုင်ရှောင်ချန်း ရောက်လာသည့်အချိန်တွင် ဂိုဏ်းကို ဝန်းရံထားသည့် တဖျပ်ဖျပ်လက်နေသောအလင်းဒိုင်းကာတစ်ခုက အပြင်လူများဝင်ရောက်လာခြင်းမှ ကာကွယ်ထားသည်ကို သူ မြင်လိုက်ရသည်။

၄င်းက သိပ်သည်းပြင်းထန်သောဖိအားများ ထုတ်လွှတ်နေသည့် စွမ်းအားကြီးသောဒိုင်းတစ်ခုဖြစ်သည်။ ထို့ပြင် ၎င်းက အရှေဘက်ကောင်းကင်တံတားမြစ်၏ အလယ်ပိုင်းဒေသကျင့်ကြံခြင်းကမ္ဘာရှိ နံပါတ်တစ် ဂိုဏ်း၏ ကြီးမြတ်သော မဟာမန္တန်အစီအရင်ဖြစ်ပေသည်။

သို့သော် မန္တန်အစီအရင် မည်မျှစွမ်းအားကြီးစေကာမူ ယခင်မဟာတံတိုင်းအား ကာကွယ်ခဲ့သော မန္တန်အစီအရင်၏ ခြေဖျားကို မမီပေ။ ပိုင်ရှောင်ချန်း၏ ထာဝရပြုစားသိုင်းက မန္တန်အစီအရင်ကို ထိုးဖောက်နိုင်ခဲ့သည်ဖြစ်ရာ အလယ်ပိုင်းဒေသဂိုဏ်းတစ်ဂိုဏ်းမှ ဤအသေးအဖွဲအစီအရင်မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်က ဖန်တီးခဲ့လျှင်တောင်မှ သူ့ကို မည်သို့မျှ လုပ်နိုင်မည် မဟုတ်ပေ။

ပိုင်ရှောင်ချန်းက တခဏလေးပင် မရပ်နားဘဲ အရှိန်တင်လိုက်သည်။ ယခုအခါ သူသည် တိုက်ပွဲအတောအတွင်းက မပါဝင်ခဲ့သည့် ကျင့်ကြံသူထောင်ပေါင်းများစွာအပေါ် ဆင်းသက်လိုက်သည့်အတွက် တဂျိန်းဂျိန်းထစ်ခြုန်းသံများ လေထဲ ပြည့်နှက်သွား၏။ ထိုအဖွဲ့တွင် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်သုံးဦးပါဝင်ပြီး အများစုက အမြုတေအဆင့်မှာ ဖြစ်သည်။ ကောင်းကင်ယံမှ သူတို့ဆီ ဦးတည်လာနေသော တစ်စုံတစ်ခုကို မြင်သောအခါ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြ၏။

" ဘာကြီးတုန်း "

"ကောင်းကင်ကြီး...ဟက်တက်ခွဲခံလိုက်ရတာလား။ ဒါပေမယ့် ဘယ်လိုလဲ "

" ဘာတွေဖြစ်နေတာတုန်း။ အဲဒီအက်ကြောင်းကြီးက ငါ့ဆီတည့်တည့်ကြီး ဦးတည်လာနေတာလား"

အုပ်စုထဲရှိ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များပင်လျှင် ပိုင်ရှောင်ချန်းအား မမြင်နိုင်ကြပေ။ သူက လက်ဖျားခါရလောက်အောင် လျင်မြန်လွန်းသည်။ သူတို့ မြင်ရသည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်တွင် ဟက်တက်ခွဲဖြစ်ပေါ်နေသည့် ထိုအက်ကြောင်းကြီးပင်။

သူတို့ အထိတ်တလန့်အော်ဟစ်လိုက်ကြချိန် အက်ကြောင်းကြီးက မဟာမန္တန်အစီအရင်ထံ ရောက်လာ၏။ သို့ရာတွင် ထူးဆန်းအံ့ဩဖွယ်ကောင်းစွာ မန္တန်အစီအရင်က မည်သို့မျှ မတုံ့ပြန်ပေ။ လှိုင်းဂယက်သေးသေးလေးပင် ထမသွားချေ။ ပိုင်ရှောင်ချန်းက ၄င်းအား တန်းတန်းမတ်မတ် ထိုးဖောက်လိုက်သည်။

ထိုသည်ကား ထာဝရပြုစားခြင်းသိုင်း၏ စွမ်းအားပင်။

သူ တာအိုမြစ်ဂိုဏ်းခွဲအတွင်း ရောက်သည်နှင့်တစ်ပြိုင်နက် တောင်တစ်လုံးအား ဝင်တိုက်လိုက်ရာ ကောင်းကင်ကြီး တသိမ့်သိမ့်တုန်သွားပြီး ကုန်းမြေများ တုန်ခါလာတော့သည်။

ဂျိန်းးးးးး

တောင်မှာ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ တဝေါဝေါကျလျက် ချက်ချင်းပင် ပြိုကျသွား၏။ ကျင့်ကြံသူတစ်သောင်းမှာ အထိတ်တလန့်အော်ရင်း ရှောင်တိမ်းလိုက်ကြသည်။ ယခုအခါမှသာ ယခင်က မြင်ရန်မဖြစ်နိုင်ခဲ့သော ပုံရိပ်သည် ရုတ်တရက် ပြိုကျနေသော တောင်အထက် လေထဲတွင် သိသာထင်ရှားလာတော့သည်။

သူက ထိုနေရာတွင် ရပ်တန့်နေသည့်တိုင် သူ့ထံမှ ကမ္ဘာကို ဖျက်စီးပစ်နိုင်ဟန်တူသော ဧရာမလေပွေကြီးတစ်လုံးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အခိုးအငွေ့များ တလိပ်လိပ်ထွက်လာ၏။

တာအိုမြစ်ဂိုဏ်းသားများ ပင့်သက်ရှိုက်သွားကြပြီး တုန်ရီသွားကြသည်။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင်လျှင် စိတ်လှုပ်ရှားကာ တုန်ရီနေကြသည်။ သို့သော် ဤသည်မှာ သူတို့၏ ဂိုဏ်းဌာနချုပ်ဖြစ်၍ သူတို့မည်မျှကြောက်လန့်စေကာမူ အားတင်းတိုက်ခိုက်ကြရမည် ဖြစ်သည်။ ချက်ချင်းပင် မှော်အတတ်များကို ကိုယ်စားပြုသည့် မရေမတွက်နိုင်သော အလင်းတန်းတန်းများက လေဟုန်ခွင်း၍ ပိုင်ရှောင်ချန်းဆီ ပြေးဝင်သွားကြသည်။

တချိန်တည်းမှာပင် အခြားတောင်ထိပ်များမှ သေစေနိုင်သော အလင်းတန်းများက သူရှိရာဆီသို့ ပြေးဝင်လာကြ၏။

" ငါ့ ရှေ့က ဖယ်စမ်းကွာ "

ပိုင်ရှောင်ချန်းက ဟိန်းဟောက်ကာ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခုက အလင်းတန်းများနှင့် မှော်အတတ်များကို တိုက်ခတ်သွားကာ အရပ်မျက်နှာတစ်ခွင် ပျံနှံ့သွားလေသည်။ သူတို့အားလုံးမှာ မြက်ခြောက်များကဲ့သို့ ချေမှုန်းခံလိုက်ရသည့်တိုင် လေပြင်းမုန်တိုင်းက ရပ်မသွားချေ။

ဂိုဏ်းဌာနချုပ် တုန်ခါသွားပြီး မရေမတွက်နိုင်သော ဂိုဏ်းသားများ၏ ပါးစပ်များမှ သွေးများ ပန်းထွက်သွားသည်။ သူတို့က စူးစူးဝါးဝါးအော်၍ နောက်ဆုတ်လိုက်ကြသည့်တိုင် တစ်နေရာရာသို့ သူတို့ မရောက်သေးခင်မှာပင် ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက တာအိုမြစ်ဂိုဏ်းခွဲတစ်ခုလုံး ပြည့်နှက်သွားသည်။ တားမြစ်နေရာများနှင့် မန္တန်အစီအရင်များဖြင့် ပိတ်လှောင်ထားသည့်နေရာများပင် ပုန်းကွယ်မနေနိုင်တော့ချေ။ ဤအချိန်တွင် တာအိုမြစ်ဂိုဏ်းခွဲအောက် နက်ရှိုင်းသော မြေအောက်တစ်နေရာတွင် လီချင်းဟောက်၏အရှိန်အဝါအား သူရှာတွေ့လိုက်သည်။

ထိုနေရာ၊ ဂိုဏ်းအောက်ရှိ မှောင်မိုက်နေသော မြေအောက်အကျဥ်းတိုက်တွင် မရေမတွက်နိုင်သော အကျဥ်းသားများရှိ၏။ သူတို့ထဲကတစ်ယောက်မှာ သတိလစ်နေသောလီချင်းဟောက်ဖြစ်ပြီး အသက်လုနေရဟန်တူသည်။

ပိုင်ရှောင်ချန်းသည် လီချင်းဟောက်က အသက်ရှင်သေးသည်ကို တွေ့သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သို့သော် ထိုအချိန်တွင် လီချင်းဟောက်မည်မျှအခြေအနေဆိုးရွားနေကြောင်း သတိထားမိလိုက်ပြီး ဒေါသများ ဆူပွက်လာတော့သည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လှစ်ခနဲ လှုပ်ရှားသွားကာ မြေပြင်ဆီသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

အက်ကွဲကြောင်းများ တွဲလိမ်ကောက်ကွေးသွားပြီး မြေပြင်မှာ ပွင့်ထွက်သွားတော့သည်။ မရေမတွက်နိုင်သော တာအိုမြစ်ဂိုဏ်းခွဲ ဂိုဏ်းသားများမှာ လက်သီးချက်ပြင်းအားကြောင့် ခေါင်းများ ချာချာလည်လျက် အံသြတုန်လှုပ်သွားကြပြီး အဝေးသို့ လွင့်ထွက်သွားတော့သည်။

" အဲဒါ ဘယ်သူလဲ "

" အဲဒါ ပိုင်ရှောင်ချန်းကွ။ သူက နတ်အဆင့်ကျင့်ကြံသူသုံးယောက်ကို အနိုင်ယူခဲ့တဲ့ တစ်ယောက်လေ။ သူက တစ်ယောက်ကို သတ်၊ နောက်တစ်ယောက်ကို ဖျက်စီးခဲ့ပြီးတော့ သုံးယောက်မြောက်ကို ထွက်ပြေးသွားအောင်လုပ်ခဲ့တာ "

" သေစမ်း၊ သူ ဒီကို ဘာလာလုပ်တာတုံး "

ပိုင်ရှောင်ချန်းသည် ဂိုဏ်းဌာနချုပ်နှင့် ဆက်စပ်နေသော တောင်ခုနစ်လုံးအနက် တစ်လုံးကို ဖျက်စီးပြီးသွားခဲ့လေပြီ။ ယခုတွင် သူ၏ ထိုးနှက်ချက်က ဒုတိယတောင်တစ်လုံးကို အက်ကွဲသွားစေခဲ့ပြီး ကျောက်ပုံသာဖြစ်သွားတော့သည်။

ဤအချိန်တွင် ပိုင်ရှောင်ချန်းသည် တာအိုမြစ်ဂိုဏ်းခွဲဌာနချုပ်၏ ထူးဆန်းသောအသွင်အပြင်များအနက် တစ်ခုမှာ ၄င်း၏ပုံမှန်မဟုတ်စွာ ထူထပ်နေသော မြေကြီးဖြစ်ကြောင်း သိလိုက်သည်။ ဂိုဏ်း၏ တောင်ထိပ်ခုနစ်လုံးသည် အောက်ခြေတွင် ဆက်စပ်နေသည့်အတွက် ထိုမြေအောက်နေရာကို သွားရန်မှာ တောင်အားလုံး ဖျက်စီးပစ်ရမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက တစ်ကြိမ်တစ်လုံး သွားရန် စိတ်မပါပေ။ သူက လျင်မြန်စွာ မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရင်း အသက်ဝင်တောင်ဂါထာသုံးလျက် အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ သူ့ဆီ ပြေးဝင်လာကြပြီး ဧရာမကျောက်လူကြီးတစ်ကောင်အသွင် ပြောင်းသွားသည်။

ကျောက်လူကြီး၏ မျက်နှာကား ပိုင်ရှောင်ချန်းမျက်နှာနှင့် တထေရာတည်းပင်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းတွေဝေမနေဘဲ ဒုတိယမြောက်လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ အောက်ဘက်ကုန်းမြေများမှာ ပို၍ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ကျန်ရှိသော တောင်ငါးလုံးကား တစ်ပြိုင်တည်းပြိုကျလာတော့သည်။ မရေမတွက်နိုင်သော ဂိုဏ်းသားများမှာ သူတို့၏ဂိုဏ်းဌာနချုပ်တွင် ဆက်နေလိုစိတ်မရှိတော့ဘဲ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသဖြင့် လေထဲတွင် အထိတ်တလန့်အော်သံများဖြင့် ပြည့်နှက်သွားတော့သည်။

သူတို့ ထွက်ပြေးနေကြစဥ် ပိုင်ရှောင်ချန်းက မာန်သွင်းအော်ဟစ်လိုက်ရာ ကောင်းကင်ကြီး ပုံပျက်ရှုံ့တွသွားတော့သည်။ ထို့နောက် ကောင်းကင်ဘုံမှ ကြယ်ကြွေသည့်အလား တတိယမြောက်လက်သီးချက် ကျဆင်းလာတော့သည်။

ဝုန်း

ကျန်ရှိနေသော တောင်သုံးလုံးမှာ နားကွဲလုမတတ်ထစ်ခြုန်းမြည်ဟည်းကာ ပြိုကျပျက်စီးသွားတော့သည်။ တာအိုမြစ်ဂိုဏ်းခွဲကား ကျောက်ပုံကြီးသာ ဖြစ်သွားလေပြီ။

ပိုင်ရှောင်ချန်း ရောက်သည့်အချိန်မှ လက်ရှိအချိန်အထိ အသက်ရှူချိန် အကြိမ်ခြောက်ဆယ်ပင်ရှိေသးပေ။

ယခုအခိုက်အတန့်တွင် မြေကြီးထဲ ကျန်ခဲ့သည့် တစ်ခုတည်းသော အရာမှာ ကြီးမားသော အက်ကြောင်းကြီးတစ်ခုပင်။

ထိုအက်ကြောင်းကြီး၏အောက်ခြေမှာ ရှိနေသည်ကား တာအိုမြစ်ဂိုဏ်းခွဲ၏ မြေအောက်အကျဥ်းတိုက်ဖြစ်ပေသည်။

ပိုင်ရှောင်ချန်းက တခဏလေးပင် မရပ်နားဘဲ လှစ်ခနဲလှုပ်ရှားပျောက်ကွယ်သွားပြီးနောက် လီချင်းဟောက်၏ အကျဥ်းခန်းအပြင်ဘက်တွင် ပြန်ပေါ်လာ၏။

လွန်ခဲ့သော အခိုက်အတန့်က ပြင်းထန်သော ဆူညံသံများကြောင့် လီချင်းဟောက်၏မျက်လုံးများ ဖျတ်ခနဲပွင့်လာခဲ့သည်။ သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်စဥ် သူ၏အရှိန်အဝါမှာ အလွန့်အလွန် အားနည်းနေသည်။ မည်သူမည်ဝါဖြစ်ကြောင်း သူ မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွား၏။

" ရှောင်ချန်း "

All Chapters