အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အခန်း(၅၅၀) ကုသခြင်း
ကုယီရန်က ဘယ်နေရာမှ ပုန်းအောင်း၍ မရတော့ပေ။ သူက လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်၏။ သူက အသက်ပြင်းပြင်းရှုကာ ညာဘက်လက်ကို မြောက်ကာ ကြည့်လိုက်သည်။ သိပ်မကြာခင် သူက တည်ငြိမ်သွားပြီး သူ့မျက်နှာအထက် ခက်ထန်သည့် အမူအရာတို့ ထုတ်ဖော်လာသည်။ သူ့သဘောထား ပြောင်းလဲသွားမှုက သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့မှန်း သိသာလှ၏။
“ ငါ အဲဒီနည်းစနစ်ကို တစ်ခါမှ မသုံးဖူးဘူး။ ဂိုဏ်းချုပ်ယွီက ငါ့ကို ချောင်ပိတ်ထားမှတော့ ရွေးချယ်စရာ မရှိတော့ဘူး။ ဒါက ကျေနပ်စေစလိမ့်မယ်လို့ ထင်တယ်” ကုယီရန်က ဘယ်ဘက်ဘက်ကို မြောက်ကာ ချီပင်လယ်ကို ရိုက်ချလိုက်သည်။
ဘန်း
ကုယီရန်၏ ချီပင်လယ်က တဖန်လောင်မျိုက်လာသည်။ ကျယ်ပြန့်ကောင်းကင်စွမ်းအားများက သူ့ခန္ဓာကိုယ်မှ တောက်လောင်နေသည့် မီးတောက်များလို ထွက်လာကြသည်။ သူ့အကြည့်များကလည်း သွေးဆာလာကာ သူ့အရိုးများနှင့် အရွတ်များကလည်း အပြောင်းအလဲတစ်ခု ကျော်ဖြတ်သွားပုံပေါ်သည်။
ဟွမ်းရှစ်ကျဲ မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်လာကာ အလျှင်စလို ပြောလိုက်၏။ “ ဂိုဏ်းချုပ်ယွီ အဲဒါကို ရှောင်သင့်တယ် ”
ယွီကျန့်ဟိုင်က ဟွမ်းရှစ်ကျဲ၏ အကြံကို လျစ်လျူရှုထားလေသည်။ သူက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ပညာရှင်များစွာကို ရင်ဆိုင်ဖူးလေသည်။ ကျင့်ကြံရေးလောကက ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုဂိုဏ်းများဟူ၍ ခွဲထားသည်။ ဂိုဏ်းတစ်ခုချင်းစီက ကိုယ်ပိုင်အားသာချက်များ ရှိကြ၏။ သူက ကုယီရန်လို ပညာရှင်များစွာနှင့် ကြုံတွေ့ဖူးပြီးသား ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူက ကုယီရန်အပေါ် ဘာတုံ့ပြန်မှုမှ မပြသခြင်း ဖြစ်ပေသည်။
တောက်လောင်နေသည့် ကျယ်ပြန့်ကောင်းကင်စွမ်းအားများက လွှမ်းမိုးနိုင်အားကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်လာသည်။ ကုယီရန်က တိုက်ခိုက်တော့မည် ဖြစ်၏။
ဝှစ်
နဂါးသွဲ့ကျောက်ကလည်း ထူးထူးခြားခြား အလင်းဖြင့် လက်ခနဲ ဖြစ်သွားကာ ကုယီရန်၏ လည်ပင်းကို သေသေသပ်သပ် ပိုင်းဖြတ်သွားသည်။ ထိုအရာက မြန်ဆန်လွန်းသည့်အတွက် ပြန်တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ရှာပေ။
ဤသို့ဖြင့် တိုက်ပွဲက အဆုံးသတ်သွားလေသည်။
ယွီကျန့်ဟိုင်က ကုယီရန်အား အကြည့်တစ်ချက်ပင် စွန့်ကျဲမလာပေ။ သူက မထူးမခြားနား လှည့်ထွက်သွားပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ ဦးတည်လိုက်၏။
ထိုစဉ် ဟွမ်းရှစ်ကျဲက ကုယီရန်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ဒါပဲလား …
ထိုစဉ် ကုယီရန်၏ ဦးခေါင်းမှ လည်ပင်းမှ ပြုတ်ကျလာသည်။
ဟွမ်းရှစ်ကျဲက ဖန်းလိုင်ကျွန်းသခင် ဖြစ်သော်လည်း ထိုအရာကြောင့် အနည်းငယ် အံ့အားသင့်မိသွားဆဲ ဖြစ်၏။ သူလည်း လှည့်ထွက်ကာ ယွီကျန့်ဟိုင်နောက် လိုက်သွားလိုက်သည်။
ယွီကျန့်ဟိုင်က ပုံမှန်အတိုင်း စကားပြောလာသည်။ “ ကျွန်းသခင်ဟွမ်းက ကျုပ်ကို လျှော့တွက်လွန်းတယ်။ ကုယီရန်က ချီပင်လယ်နဲ့ သွေးအဆီအနှစ်ကိုတောင် လောင်ကျွမ်းခံပြီး တိုက်ဖို့ ပြင်နေတာလေ။ တကယ်လို့ ကျုပ်က အဲဒါကို ခွင့်ပြုထားလိုက်ရင် ကျုပ်ပဲ ပြဿနာများတော့မှာပေါ့။ သူရဲ့ ရူးရူးမိုက်မိုက် ကစားပွဲကို ကစားပေးနေရလောက်အောင်အထိ အချိန်မအားဘူး။ တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်တာ ပိုလွယ်တယ်လေ။ ဘာဖြစ်ဖြစ် သူက သေမှာပဲကို ”
“ ဂိုဏ်းချုပ်ယွီ … တကယ်ကို ပြောင်မြောက်တဲ့ ဓားချက်ပါပဲ။ ကျုပ် အမြင်တွေ ကျယ်သွားပါပြီ”
ဟွမ်းရှစ်ကျဲက ဖြေလိုက်သည်။
ယွီကျန့်ဟိုင်က ရပ်လိုက်ပြီးနောက် ဟွမ်းရှစ်ကျဲအား ကြည့်ကာ မေးလိုက်သည်။
“ ကျုပ်တို့နောက်ဆုံးတွေ့ဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ ”
ဟွမ်းရှစ်ကျဲက ယွီကျန့်ဟိုင်အတွက် အကူအညီကြီး ဖြစ်ခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဟွမ်းရှစ်ကျဲက ပြုံးကာ “ အစ်ကိုကျိက ကျွန်းကို လက်နဲ့ မထားပေးတဲ့ ကျေးဇူးနဲ့ ဖန်းလိုင်က ကပ်ဘေးကနေ လွတ်မြောက်ခဲ့တာပါ ”
“ကြားရတာ တော်သေးတာပေါ့” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယွီ အချိန်ကိုက်ရောက်လာတာကိုလည်း ကျေးဇူးတင်ရဦးမယ်။ အဲဒီကုယီရန်က တော်တော်ဒုက္ခပေးသွားတာ ” ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ပြောလိုက်၏ “ကျုပ်တို့က ညီအစ်ကိုတွေဆိုမှတော့ ညီအစ်ကိုပဲ ခေါ်ပါ။ ဂိုဏ်းချုပ်ယွီက သူစိမ်း အရမ်းဆန်တယ်”
ဟွမ်းရှစ်ကျဲက အနည်းငယ် အံ့အားသင့်သွားသည်။ သူက အခေါ်အဝေါ်များကို အမှန်တကယ် ဂရုမစိုက်ပေ။ သို့သော်လည်း ကျိထျန်းတောက်အား အစ်ကိုကျိဟု ခေါ်နေစဉ် ယွီကျန့်ဟိုင်အား ညီအစ်ကိုဟု ထပ်ခေါ်ခဲ့လျှင် ကျိထျန်းတောက်နှင့် ယွီကျန့်ဟိုင်ကိုလည်း ညီအစ်ကို ဖြစ်မသွားစေဘူးလား။
နေရခက်လိုက်တာ …
ယွီကျန့်ဟိုင်က ဟွမ်းရှစ်ကျဲ အတွေးများကို ပြောနိုင်လေသည်။ သူက ဟွမ်းရှစ်ကျဲ ပခုံးကို ပုတ်လိုက်ကာ ပြောလိုက်၏။
“ စိုးရိမ်နေဖို့ မလိုဘူး … ညီအစ်ကိုဟွမ်း … ဒါက ရှစ်စွင်းဆီကနေ လျှို့ဝှက်ထားကြမယ်”
“ အာ ကျုပ်သိပြီ ….” ဟွမ်းရှစ်ကျဲက ပြောလိုက်သော်လည်း မသက်မသာ ဖြစ်နေသေးသည်။
ယွီကျန့်ဟိုင်က ရယ်မောကာ “သွားကြစို့ ”
“ယန်စီရင်စုကနေ ရောက်လာတာလား” ဟွမ်းရှစ်ကျဲက မေးလိုက်သည်။
“ဟုတ်တယ်။ ဒီကို တတ်နိုင်သမျှ မြန်မြန်တော့လာခဲ့တာပဲ။ ဒါပေမဲ့ ထင်ထားတာထက် ကြာသွားတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက အခြေအနေ ဘယ်လိုလဲ” ယွီကျန့်ဟိုင်က ဝေဟင်ကို မော့ကြည့်ရင်း မေးလိုက်သည်။
ဟွမ်းရှစ်ကျဲက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“ သိပ်တော့ မကောင်းလှဘူး။ ဧကရာဇ်ယုံရှို့လေ … သူ အသက်ရှင်နေသေးတယ်”
“ဟမ်”
“သူက သက်တမ်းဆွဲထားဖို့ နည်းလမ်းတချို့ ရထားပုံပဲ။ အတော်လေးကို လျှို့ဝှက်တယ်။ အစ်ကိုကျိက ကျင့်ကြံနေတုန်းပဲ ရှိသေးတယ်။ တခြားလူတွေရဲ့ ကျင့်ကြံဆင့်က သိပ်မမြင့်ကြတော့ သူတို့အသက်ကို စိုးရိမ်မိတယ်” ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။
ထိုအရာကိုကြားကာ ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်ပြီး “ ညီအစ်ကိုဟွမ်း … ကျုပ် အရင်သွားနှင့်ပြီ”
ဟွမ်းရှစ်ကျဲ၏ အဖြေကိုပင် မစောင့်တော့ဘဲ သူက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
ဟွမ်းရှစ်ကျဲက ယွီကျန့်ဟိုင်၏ မဟာနည်းစနစ် အောင်အောင်မြင်မြင် အသုံးပြုသွားမှုကြောင့် အံ့ဩနေမိသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်သွားဖို့ အလျှင်မလိုပေ။ သူ့ကမ္ဘာဦးချီများကလည်း ပြတ်လပ်နေပြီ မဟုတ်ပါလော။ သူ့အနေနှင့် မိစ္ဆာဝေဟင်မျှော်နန်းသို့ ရောက်သွားလျှင်ပင် အကူအညီ ဖြစ်မည် မဟုတ်ပေ။ သူက သူ့ဘာသာ ရေရွတ်လိုက်၏။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရွှေရောင်နေ့ရက်တွေ ပြန်ရောက်လာတော့မှာပဲ။ ဒါက တာ့ရှစ်ရှိုးတစ်ယောက် ပြုမူသင့်တဲ့ ပုံစံပဲ … ”
ဟွမ်းရှစ်ကျဲ၏ စကားက သူ့ပထမ တပည့် ကျန်းအိုက်ကျန့်အကြောင်း အမှတ်ရလာစေသည်။ သူက အထင်သေးသည့် အမူအရာဖြင့် ခေါင်းအသာစောင်းလိုက်ပြီး “ဖွီး ”
နှိုင်းယှဉ်ကြည့်ရင် နာကျင်ရလိမ့်မယ် …
…………….
ဖန်းလိုင်ကျွန်း
ကျန်းအိုက်ကျန့်က ရုတ်ခြည်း တုန်သွားကာ နှာချေလိုက်မိသည်။ “ဘယ်သူ ငါ့အတင်းတုပ်နေပါ့လိမ့် ”
သူသည် လီကျင်းယီက ငှက်မွေးတစ်ချောင်းဖြင့် သူ့နှာခေါင်းအား လာကလိနေသည်ကို မြင်လိုက်ရသည်။
သူမက မေးလာ၏။ “ ဒီအချိန်ကြီးကို အိပ်နေသေးတာလား”
ကျန်းအိုက်ကျန့်က ငှက်မွေးကို ဖယ်လိုက်ကာ ပြောလိုက်သည် “ရှစ်မေ့ မလုပ်နဲ့တော့ ”
“ တာ့ရှစ်ရှိုး … ယန်စီရင်စုတိုက်ပွဲက အနီးအနားမှာလေ။ ကျွန်မကို လမ်းညွှန်မှုတချို့ မပေးတော့ဘူးလား ”
လီကျင်းယီက နန်းတော်ထဲ ဝင်ရောက်ကာ ဝေ့ကျိုးယန်ဘေးနားတွင် နေနေစဉ်ကတည်းက ကျန်းအိုက်ကျန့်ဆီမှ လမ်းညွှန်မှုတချို့ ရရှိခဲ့သည်။ ဝေ့ကျိုးယန်က လီကျင်းယီ၏ အကူအညီဖြင့် တပ်မဟာသုံးခု၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ တကယ့် ဝေကျိုးယန် သေဆုံးသွားမှုကြောင့် ဝေ့ကျိုးယန်အတု၏ အဆင့်အတန်းက အရိပ်မျှသာ ဖြစ်တော့သည်။ သို့သော်လည်း လီကျင်းယီကမူ မပြောင်းလဲသွားပေ။
“ကျိချန်းပေ့က ငါတို့ကို အများကြီးကူညီထားတာဆိုတော့ သူ့ကို အနိုင်ပေးလိုက်ကြမယ်။ ဝေ့ကျိုးယန်က နန်းတော်ရဲ့ အမိန့်ကိုပဲ နာခံမှာကို စိုးမိသား … မင်း ပျောက်သွားလိုက်ပြီးတေ့ာ သူ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“တော်ဝင်မိသားစုကို စိတ်မပူဘူးလား” လီကျင်းယီက မေးလိုက်သည်။
ကျန်းအိုက်ကျန့်က တတိယမင်းသား ဖြစ်၏။
“မပူဘူး” ကျန်းအိုက်ကျန့်က ထိုင်ခုံပေါ် မှီချလိုက်သည်။ သူက ခေါင်းကိုပါ မှီလိုက်ရင်း ပြန်အိပ်ဖို့ ကြံလိုက်သည်။
“ ရှစ်စွင်း ပြန်ရောက်လာရင် ပြောဦး။ သူ့ထိုင်ခုံက တကယ် အိပ်လို့ကောင်းတယ်”
“…”
………………..
မိစ္ဆာဝေဟင်မျှော်နန်း၏ တောင်ဘက်မျှော်နန်းဆောင်အတွင်း
“ရှစ်စွင်း … လျိူရှစ်မေ့ရဲ့ အခြေအနေက သိပ်မကောင်းဘူး။ ဒီအတိုင်းထားလိုက်ရင် ကျွန်တော်တို့ …”
မင်ရှစ်ရင်က ယဲ့ထျန်းရှင်းကို စောစောလေးကမှ စမ်းသပ်လာခြင်း ဖြစ်၏။ သူက အမှန်တကယ် စိုးရိမ်နေမိသည်။
လုကျိုးက မင်ရှစ်ရင်အား ကြည့်ကာ ပြောလိုက်သည်။ “ လောင်စစ် တောင်ကို ရှင်းထားလိုက်။ တကယ်လို့ တစ်ယောက်ယောက်လာရင် လာအကြောင်းကြား”
“ဟုတ် ရှစ်စွင်း” မင်ရှစ်ရင်က ချက်ချင်း လှည့်ထွက်သွားသည်။
ကျော့ယွီရှုက အားလုံးရှေ့တွင် ရပ်ကာ ပြောလိုက်သည်။ “သင်္ကေတစည်းတံဆိပ်ရဲ့ ရွှေနဂါးက တကယ်ကို ကြမ်းတယ်။ ကျွန်မတို့ ရွှေနဂါးသက်ရောက်မှုကို ဖြေရှင်းပြီးမှ အသက်ဓာတ်ကို ပြန်ထိန်းထားနိုင်မှာ။ ဒါပေမဲ့ အရမ်းနောက်ကျလွန်းသွားပြီ”
လန်လော့က မျှော်နန်းသခင်သည် မင်းသမီးယုံနဉ်ကို ကယ်တင်ခဲ့သည့်အချိန်ကို အမှတ်ရသွားကာ မေးလိုက်သည်။ “မျှော်နန်းသခင် ကုသစွမ်းရည်ကို ဘာလို့သုံးမကြည့်တာလဲ ”
လုကျိုးက သူ့အား ကြည့်လိုက်ပြီး “ တခြားကိစ္စမရှိရင် ထွက်သွားကြတော့ ”
“နားလည်ပါပြီ ” တခြားလူများက ဦးညွှတ်ကာ တောင်ဘက်မျှော်နန်းဆောင်မှ ထွက်လာလိုက်ကြသည်။
တောင်ဘက်မျှော်နန်းဆောင်အတွင်း အမျိုးသမီး ကျင့်ကြံသူတချို့သာ ကျန်ရှိနေ၏။ သူတို့က လုကျိုးထံ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကြသည်။
လုကျိုးက သူတို့ကို ကြည့်ကာ “သူက ငါ့တပည့်ပါ။ သူ့ကို လွယ်လွယ်နဲ့ မသေခိုင်းပါဘူး။ ထွက်သွားကြတော့ ”
“နားလည်ပါပြီ” အမျိုးသမီး ကျင့်ကြံသူများလည်း ထွက်သွားကြသည်။
တောင်ဘက်မျှော်နန်းက တိတ်ဆိတ်သွားလေ၏။
လုကျိုးက အခန်းအတွင်း ဝင်လာသည်။ သူမက ဆံပင်အဖြူရောင်ရှိပြီး သတိမေ့နေသည့် ယဲ့ထျန်းရှင်းကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
လုကျိုးက လက်ဝေ့ယမ်းလိုက်၏။ အဆင့်မြင့် အရေးပေါ်ကုသရေးကတ်က သူ့လက်ထဲ ထွက်ပေါ်လာသည်။ သူက ကတ်ကို ခြေမွှလိုက်သည့်အခါ အလင်းရောင်က သူမအား လွှမ်းခြုံသွား၏။
ထူးခြားကာ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားက ယဲ့ထျန်းရှင်းအား ဝေ့ပတ်ကာ သူမ၏ ချီသွေးကြောရှစ်ခုအား အားဖြည့်ပေးနေသည်။ စည်းတံဆိပ်၏ ရွှေနဂါး တိုက်စားစေသည့် သက်ရောက်မှုကို ဖယ်ဖျက်ပစ်လိုက်သည်။ သူမ၏ အတွင်းဒဏ်ရာများက အံ့မခန်းနှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်။
…
အခန်း (၅၅၁) အိပ်မက်တစ်ခု
အဆင့်မြင့် အရေးပေါ်ကုသရေးကတ်၏အာနိသင်က အင်မတန် ထိတ်လန့်ဖွယ်ကောင်း၏။
သင်္ကေတစည်းတံဆိပ်၏ရွှေရောင်နဂါးကြောင့် ဖျက်ဆီးခံလိုက်ရသော ယဲ့ထျန်းရှင်း၏ ထူးကဲ ချီသွေးကြောရှစ်ခုသည် ထိတ်လန့်ဖွယ်ကောင်းသောနှုန်းဖြင့် ပြန်လည်တည်ဆောက်နေ၏။ သွေးကြောရှစ်ခုလုံးက ဆယ့်ငါးမိနစ်ခန့် ကြာသည်။ သို့သော် အရေးပေါ်ကုသရေးကတ်သည် လူတစ်ယောက်၏ဒဏ်ရာ ခြောက်ဆယ်ရာခိုင်နှုန်းကိုသာ ကုသပေးနိုင်၏။ လုကျိုးသည် သူမ၏အတွင်းဒဏ်ရာများကို အပြည့်အဝကုသပေးနိုင်ရန် ထပ်ပြီးကုသပေးဖို့လိုသည်။
လုကျိုးက သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်လျက် ကောင်းကင်ကျမ်းစာ၏ကုသရေး စွမ်းအား အပိုဒ်ကို စိတ်ထဲ ရွတ်ဆိုလိုက်သည်။ အပြာရောင်ကြာပွင့်သည် သူ၏လက်ထဲ၌ ပေါ်လာပြီးနောက် ၎င်းကို ယဲ့ထျန်းရှင်းဆီတွန်းထုတ်လိုက်၏။
အပြာရောင်ကြာပွင့်သည် ယဲ့ထျန်းရှင်းပေါ် ကျရောက်ပြီး ကြွယ်ဝသည့်အသက်ဓာတ် ပေါ်ထွက်လာ၏။ ၎င်းသည် မဟာခန်းမထဲရှိ တောင်ဘက်မျှော်နန်းကနေ အရှေ့နှင့် မြောက်ဘက်မျှော်နန်းဆီသို့ ပျံသွားသည်။
အနီးအနားရှိ ကျန်သည့်မိစ္ဆာဝေဟင်မျှော်နန်းတပည့်များကလည်း ထိတ်လန့်ဖွယ်ကောင်းသော အသက်ဓာတ်ကြောင့် စိတ်ဝင်စားသွားကြသည်။ သူတို့သည် တောင်ဘက်မျှော်နန်းဖက်သို့ ကြည့်လိုက်၏။
ရှောင်ယွမ်အာနှင့်ခရုလေးက လှမ်းကြည့်လိုက်၏။ သူတို့ကတောင်ဘက်မျှော်နန်း၏ ထုပ်တန်းပေါ်တွင် ထိုင်နေတာဖြစ်သည်။
ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိပြောလိုက်သည်။ “ရှစ်စွင်းက လျိုရှစ်ကျဲကိုကုသပေးနေတာ”
“လျိုရှစ်ကျဲက အစွမ်းထက်ပုံပဲ” ခရုလေးကပြောလိုက်၏။
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
“အင်း တောင်ပေါ်က အမျိုးသမီးကျင့်ကြံသူတွေအားလုံးက တစ်ခါတုန်းက လျိုရှစ်ကျဲရဲ့ လက်အောက်ငယ်သားတွေဖြစ်ခဲ့ဖူးတယ်လေ။ လျိုရှစ်ကျဲက အားကောင်းပေမဲ့ သူ့မှာခက်ခဲတဲ့ ဘဝရှိခဲ့ဖူးတယ်”
“ဪ”
မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲလေးယောက်သည် အသက်ဓာတ်လာရာသို့ ကြည့်လိုက်၏။
ကျော့ယွီရှုသည် အစွမ်းထက်သောအသက်ဓာတ်ကြောင့် အံ့ဩသွားလေ၏။ ထိုစဉ်က သူတို့လေးယောက်သည် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် အပြာရောင်ကြာပွင့်ကို ထိန်းခဲ့ကြောင်း မှတ်မိသွား၏။ ထိုစဉ်က အသက်ဓာတ်သည် ယခု သူတို့နားရှိ အသက်ဓာတ်နှင့်မယှဉ်နိုင်ပေ။
“ကြည့်ရတာ မျှော်နန်းသခင်ရဲ့ကျင့်ကြံဆင့်က ထပ်တိုးတက်လာပြီနဲ့တူတယ်”
အကြီးအကဲလေးဦးက အကြည့်ချင်းဖလှယ်လိုက်သည်။
“ကြာဖြတ်တောက်တဲ့ခေတ်က ရောက်လာပြီ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်တည်ရှိမှုနဲ့ အနှေးနဲ့အမြန် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေပိုပေါ်ပေါက်လာမယ်ဆိုတာ ငါ ယုံကြည်တယ်။ ငါတို့အရိုးအိုကြီးတွေက ပိုကြိုးစားရတော့မှာပဲ”
“စဉ်းစားကြည့်တော့မှ ပွင့်ချပ်ဆယ်လွှာအဆင့်ရှိတယ်လို့ ထင်ကြလား” ဟွားဝူတောက်က ကျယ်လောင်စွာပြောလိုက်၏။
ကျန်သည့်အကြီးအကဲသုံးယောက်ကထိတ်လန့်အံ့ဩသင့်သွားသည်။ ကျော့ယွီရှုက ပြောသည်။
"ဒီအကြောင်းကို ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့စာအုပ်မျှော်စင်ထဲက စာအုပ်တချို့မှာဖတ်ခဲ့ဖူးတယ်။ လူသားကျင့်ကြံမှုရဲ့အစတည်းကနေ စပြောထားတာ။ သူ့ရဲ့ဖြစ်စဉ်တွေအတိုင်း ခန္ဓာတည်ဖွဲ့ခြင်း နယ်ပယ်၊ ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်၊ အာရုံခံသိပ်သည်းခြင်းနယ်ပယ်၊ ဗြဟ္မာပင်လယ်နယ်ပယ်၊ နတ်ဒေဝါဦးတည်နယ်ပယ်နဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တို့ပဲ။ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်မှာ ဖွဲ့တည်လာတယ်။ အစဉ်လိုက်အတိုင်းဆို အခြေခံထိုက်ကျိ၊ အသွင်ပြောင်းခြင်းစွမ်းအားနှစ်မျိုး၊ သိပ်သည်းခြင်းသုံးပါးပန်းပွင့်၊ လေးချိုးတစ်ချိုး စိတ်ဝိညာဉ်သဏ္ဌာန်၊ စွမ်းအင်စကြဝဠာငါးခု၊ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း၊ ခုနစ်စင်ကြယ်ဝိညာဉ်၊ နည်းရှစ်သွယ် ဆက်နွယ်ခြင်း၊ ယင်ယန်အသွင်ကိုးပါးပြောင်းလဲခြင်း၊ ဆယ်ကမ္ဘာနဲ့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်”
ကျော့ယွီရှုသည် ပြောတာ ခဏရပ်လိုက်ပြီးနောက် ဆက်ပြော၏။
“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ပြီးရင် ပွင့်ချပ်တွေ ပေါ်လာလိမ့်မယ်” သူမက မျက်မှောင်ကျုံ့ပြီးပြောလိုက်၏။
“ပွင့်ချပ်ဆယ်လွှာထောင်ချီကန့်သတ်လေပွေ၊ ပွင့်ချပ်နဲ့ကြာပွင့်က ဖူးပွင့်လာမယ်။ ကျန်တာတွေကိုတော့ တကယ်မမှတ်မိတော့ဘူး”
ဂိုဏ်းကြီးအများစုသည် ကျင့်ကြံခြင်းနယ်ပယ်နှင့်ပတ်သက်ပြီး စာအုပ်များပိုင်ဆိုင်ထားသည်။ အများစုသည် အသင်္ချေအထွတ်အထိပ်ကဲ့သို့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ရပြီးနောက် သက်ဆိုင်ရာအမျိုးအစားလိုက် အချက်အလက်များကိုမှတ်ထားတာပဲဖြစ်သည်။
လူမှုအသိုင်းအဝိုင်းက အမှန်တရားဟု အသိအမှတ်ပြုထားသည့် သဘောတရားများဖြင့် အမှန်တရားကနေ ခွဲထွက်လာသည့် ကျန်သည့်မှတ်တမ်းများသည် ပေါက်တက်ကရ သို့မဟုတ် ဒဏ္ဍာရီစကားများအဖြစ် သတ်မှတ်ခံရသည်။ ထို့အပြင် သူတို့၏ ပုံပြင်များကို ချဲ့ကားပြောရတာကို နှစ်ခြိုက်သည့် ပုံပြောသူများရှိသည်။ ထိုနည်းအတိုင်း ထောင်ချီကန့်သတ်လေပွေနှင့် အသင်္ချေအထွတ်အထိပ်တို့သည် ဒဏ္ဍာရီသဖွယ်တည်ရှိနေတာဖြစ်သည်။
ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။
“ကျုပ်တို့မြင်တွေ့ရသလောက်တော့ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ထက် ပေငါးဆယ်လောက် ပိုမြင့်တာ သေချာပြောနိုင်တယ်။ ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် လေပွေတစ်ထောင်သာ တည်ရှိမယ်ဆိုရင် ဘယ်လောက်ကြောက်ဖို့ကောင်းမလဲ ဆိုတာ မှန်းဆနိုင်တယ်”
“လောင်ဟွား ...ထောင်ချီကန့်သတ်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း အခုပြောဖို့က စောလွန်းနေသေးတယ်။ အဲ့ဒီအဆင့်ထိရောက်အောင် ကြိုးပမ်းရမှာမလွယ်ဘူးမလား။ မျှော်နန်းသခင်က လတ်တလောကမှ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်တာလေ။ သူက တံခါးပိတ်ကျင့်ကြံပြီးမှ ဒီဟာကိုမရောက်ခင် သူ့ရဲ့ပွင့်ချပ်ကိုးလွှာအုတ်မြစ်ကို တည်ငြိမ်အောင်လို့ တံခါးပိတ်ကျင့်ကြံဦးမယ်ဆိုတာလောင်းရဲတယ်” ဖန်လီထန်းက ပြောလိုက်၏။
ကျန်သည့်သူများက ဖန်လီထန်း ပြောတာထောက်ခံသည်။
လန်လော့သည် တောင်ဘက်မျှော်နန်းရှိ ယဲ့ထျန်းရှင်းဘက်ကိုကြည့်ကာ အသက်ဓာတ်များ ပျောက်ကွယ်သွားသည်အထိ ကြည့်နေ၏။ ပြီးနောက် သူကပြောလိုက်၏။
“ရွှေကြာဖြတ်တောက်တာက တစ်ခုတည်းသောနည်းလမ်း မဟုတ်ဘူး”
“ဟမ်”
“မျှော်နန်းသခင်က ရွှေကြာဖြတ်တောက်တာက နည်းလမ်းတွေထဲက တစ်ခုပဲလို့ပြောခဲ့တယ်။ ရွှေကြာမဖြတ်တောက်ဘဲ တိုးတက်ဖို့ကလည်း မြင့်မားလွန်းတယ်။ ကျင့်ကြံခြင်းလောကထဲက အစတည်းက အောင်မြင်တဲ့သူရှိလို့လား” ဖန်လီထန်းက ကျယ်လောင်စွာပြောလိုက်၏။
“သေချာမသိတဲ့အခြေအနေမှာ ဘယ်သူမှမအောင်မြင်ဘူးလို့ ဘယ်လိုလုပ်ပြောရတာလဲ။ ငါတို့ ပွင့်ချပ်ကိုးလွှာလက်ရွေးစင်အကြောင်းတစ်ခါမှမကြားဖူးတာကြောင့် သူတို့ မရှိဘူးလို့ မဆိုလိုဘူးလေ” လန်လော့က ပြောလိုက်၏။
ထိုစကားများကို ကြားသောအခါ ကျန်သည့်သူများက ပခုံးတွန့်ကာ ဆံပင်မွှေးများထောင်ကုန်၏။
ထိုစဉ် လုကျိုးသည် သူ၏လက်ဝါးကို ပြန်ရုပ်လျက် ယဲ့ထျန်းရှင်းကို ကြည့်လိုက်သည်။ ဤနည်းဖြင့် သူ၏ ထူးကဲစွမ်းအား အပြည့်အဝ ကုန်ခမ်းသွားပြီဖြစ်သည်။
မြေကမ္ဘာစာလိပ်မပွင့်ခင် သူသည် လူသားစာလိပ်ကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် စုဆောင်းထားသော ထူးကဲစွမ်းအား၏ သုံးပုံတစ်ပုံဖြင့် ပွင့်ချပ်ခြောက်လွှာသို့မဟုတ် ပွင့်ချပ်ခုနစ်လွှာ အကျော်အမော်တစ်ယောက်ကို အလွယ်တကူသတ်နိုင်သည်။ သူသည် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်ကို ဖြေရှင်းရန် ထူးကဲစွမ်းအားတစ်ဝက်ကျော် အသုံးပြုရန်လိုအပ်သည်။
တံခါးပိတ်၍ ကျင့်ကြံနေစဉ် သူက မြေကမ္ဘာစာလိပ်ကို ဆင်ခြင်သုံးသပ်ပြီး နောက်ဆုံးတွင် မြေကမ္ဘာစာလိပ်၏ထူးကဲစွမ်းအားကို ရသွားသည်။
လျိုကောကို ဖြေရှင်းရန် လူသားစာလိပ်၏ ထူးကဲစွမ်းအားကို အပြည့်အဝ သုံးခဲ့ရသည်။
လူသားနှင့် မြေကမ္ဘာစာလိပ် ပေါင်းစည်းပြီးနောက် သူ၏စွမ်းအားရင်းမြစ်သည် ကြီးထွားလာတာ သိသာသည်။ သူသည် ကောင်းကင်ကျမ်းစာ၏စွမ်းအား ပိုသန်မာလာတာကိုလည်း ခံစားမိသည်။ အရေးစွမ်းအားသည်လည်း ပိုသန်မာလာ၏။
ထိုစဉ်လုကျိုးသည် ယဲ့ထျန်းရှင်း၏အတွေးကများ ကုသပျောက်ကင်းလာမှန်းတွေ့ရ၏။ သို့သော် သူမ၏ဆံပင်ဖြူများနှင့် ပတ်သက်ပြီး သူ တတ်နိုင်တာ ဘာမှမရှိပေ။ သူမအသက် မည်မျှ ဆုံးရှုံးမှန်း သူမသိပေ။ ကံကောင်းသည်မှာ သူမသည် သူမ၏သွင်ပြင်ကို ငယ်စေပုံပေါ်သည့် လှိုင်းပြာကျင့်စဉ်ကို ကျင့်ကြံထားမှန်း သူသိသည်။
“ကောင်းကင်ကျမ်းစာရဲ့စွမ်းအားက ပြောရရင် အသက်ပြန်မဖြည့်နိုင်ဘူးပဲ”
အသက်ရှည်ခြင်းသည် ကောင်းကင်ဘုံက ပြင်းပြင်းထန်ထန် တားမြစ်ထားတာ ဖြစ်ပုံပေါ်၏။ ကောင်းကင်ကျမ်းစာ စွမ်းအားကတောင် တားမြစ်ချက်ကို မချိုးဖောက်နိုင်ပေ။
ထိုစဉ် ယဲ့ထျန်းရှင်း မျက်လုံးဖွင့်လာပြီး ချောင်းဆိုးလိုက်၏။ သူမအကြည့်တို့က ရှုပ်ထွေးနေကာ ကြည်လင်သွားရန် တခဏတာ အချိန်ယူလိုက်ရသည်။ သူမ အချိန်အတော်ကြာသည်အထိ အိပ်မက်မက်နေတာဟု ထင်နေတာဖြစ်သည်။ သူမက မယုံနိုင်စရာတစ်ချက်မော့ကြည့်လိုက်သည်။
“ရှစ်စွင်းလား”
“မင်း နိုးလာတာကောင်းတယ်” လုကျိုးသည် သူ၏ကုသရေးစွမ်းအားကို သိပ်မကျေနပ်ပေ။ သို့သော် သူမအသက်ကို ယာယီထိန်းထားနိုင်သောကြောင့် သူကျေနပ်နေမိသည်။
ယဲ့ထျန်းရှင်းက ကြောက်လန့်သွားပုံပေါ်ကာ အိပ်ရာပေါ်ကနေဆင်းရန်ရုန်းကန်လိုက်သည်။
လုကျိုးက လက်ဝေ့ယမ်းလျက် ညင်သာသောစွမ်းအင်လှိုင်းဖြင့် သူမနောက်ကျောကို တွန်းထားပေး၏။ “မင်း အသက်ရှင်နေသေးတယ်ဆိုပေမဲ့ မင်းအားနည်းနေသေးတယ်”
လုကျိုးသည် သူမ၏ရှုပ်ထွေးနေသောစိတ်ခံစားချက်များကိုမြင်သောအခါ စကားမပြောခဲ့ပေ။ ခဏကြာပြီးနောက် သူကပြောလိုက်၏။
“မင်း စုရှန့်ရဲ့ သင်္ကေတစည်းတံဆိပ် ရွှေနဂါးနဲ့ ထိမှန်သွားပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတာ။ မင်းရဲ့အရင်အခြေအနေကို ပြန်ရောက်အောင် လုပ်ချင်တယ်ဆိုရင် ငါ စိုးရိမ်မိတာက ...” သူက စကားဖြတ်ချလိုက်၏။
ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“အသက်ရှင်တာကတင် ကံကောင်းနေပါပြီ။ ကျွန်မ ထပ်ပြီး မတောင်းဆိုရဲပါဘူး”
လုကျိုးသည် ထပ်ပြီးခေါင်းညိတ်လိုက်သည်။ သူသည် လက်နောက်ပစ်ထားပြီး လှည့်ထွက်သွား၏။ ယဲ့ထျန်းရှင်းကို ကျောပေးထားပြီး သူက ပြောလိုက်၏။
“ငါ မင်းကို မျှော်နန်းကနေ မောင်းထုတ်ခဲ့တာလေ။ မင်း ဘာကြောင့်ပြန်လာချင်တာလဲ”
“ကျွန်မ အမှားကြီးပြုလုပ်ခဲ့မိပါတယ်။ ကျွန်မအပြစ်အတွက် ချေချင်ရုံပါ”
“မင်း တစ်ခါသေပြီးပြီ။ မင်းကို အပြစ်ပေးပြီးပြီ။ ဆရာနဲ့တပည့် နှောင်ကြိုးကလည်း ဖြတ်တောက်ခံရပြီးပြီ။ ဘာကြောင့်များ မင်းအသက်ကို စွန့်ပစ်ရတာလဲ” လုကျိုးကမေးလိုက်၏။
ထိုစကားကိုကြားသောအခါ ယဲ့ထျန်းရှင်းကမော့ကြည့်ပြီးပြောလိုက်သည်။ “ကျွန်မ လုပ်ချင်တာက အပြစ်ကြွေးချေဖို့ပါပဲ။ များများစားစား မတွေးခဲ့ပါဘူး”
“မင်းကို ထပ်မေးမယ်။ မင်း မိစ္ဆာဝေဟင်မျှော်နန်းကို တကယ်ပြန်လာချင်တာလား” လုကျိုးက မေးလိုက်၏။
“လာချင်ပါတယ်” ယဲ့ထျန်းရှင်းကမတွေဝေဘဲဖြေလိုက်သည်။
“ငါ့ရဲ့စိတ်နေသဘောထားက ခက်ထန်ပြီးကြမ်းတမ်းတယ်။ ငါ တခြားသူတွေကို ရိုက်ရတာ သဘောကျပြီး တပည့်တွေကို အပြစ်ပေးရတာ နှစ်သက်တယ်။ ဒါတောင်မှ မင်း မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်လာချင်သေးလား”
“လာချင်ပါတယ်”
“ပြောရရင် မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာလမ်းစဉ်မှာရှိနေတာ။ ငါ့ကို အလိုရှိတဲ့သူတွေအများကြီးပဲ။ မင်း မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်လာရင် မင်းကမ္ဘာကြီးကိုဆန့်ကျင်ရလောက်တယ်”
“ကျွန်မအသက်ကိုတောင် စွန့်ပစ်နိုင်တာ။ ဒါက ဘာမှမဟုတ်ပါဘူး” ယဲ့ထျန်းရှင်းက တွေဝေခြင်းမရှိ ပြန်ပြောလိုက်သည်။
“သိပ်ကောင်းတယ်” လုကျိုးက ရုတ်တရက်လှည့်လာပြီး ယဲ့ထျန်းရှင်းကို ကြည့်လိုက်၏။
"ဒီလိုဆိုမှတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဆဋ္ဌမတပည့်အနေနဲ့ မင်းရဲ့အထောက်အထားကို ပြန်ပေးမယ်။ မင်း ဒါကိုလက်ခံချင်လား”
ယဲ့ထျန်းရှင်းက အပျော်လွန်သွားသည်။ သူမက အမြန်ပြောလိုက်သည်။ “လက်ခံချင်ပါတယ်”
ယဲ့ထျန်းရှင်းက အရိုအသေပေးတော့မည့်အချိန်တွင် လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။
“မလိုအပ်ဘူး။ မင်း အရင်တည်းက အရိုအသေပေးခဲ့တာပဲ”
“ကျေးဇူးပါ ရှစ်စွင်း” ယဲ့ထျန်းရှင်းသည် ရင်ထဲထိသွားသောကြောင့် မျက်ရည်များ ကျကာနီးပြီ ဖြစ်သည်။
လုကျိုးသည် စနစ်ပေါ်ရှိအချက်အလက်များကိုဖတ်နေသည်။
အမည် ။ ။ ယဲ့ထျန်းရှင်း
အထောက်အထား။ ။ သူယောင်မျိုးနွယ်
နယ်ပယ်။ ။နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
ယဲ့ထျန်းရှင်း၏ သစ္စာရှိမှု ၈၅ ရာခိုင်နှုန်းတွင်ရှိသည်။
အတော်လေးမြင့်တဲ့နံပါတ်ပဲ။
ယင်းက လုကျိုး၏တွေးထင်ထားမှုထက် ကျော်လွန်နေသည်။ သူမ၏သစ္စာရှိမှုက သူမ မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ဝင်လာကာစ၌ ထိုမျှမြင့်နေသည်။ သူမသည် ရှောင်ယွမ်အာနှင့် အဆင့်တူနေပြီဖြစ်၏။
ထိုစဉ် ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် တံခါးတစ်ဖက်ကနေ တညီတညွတ်တည်း ပြောလိုက်သည်။ “ဂုဏ်ပြုပါတယ် လျိုရှစ်ကျဲ”
…
အခန်း(၅၅၂) ယွီကျန့်ဟိုင်၏ အကြပ်အတည်း
လုကျိုးက ခရုလေးကို လက်ယပ်ခေါ်လိုက်သည်။
ယဲ့ထျန်းရှင်းက ခရုလေးအား မတွေ့ဖူးသည့်အတွက် သိချင်စွာ ကြည့်လိုက်မိသည်။
ခရုလေးက ယဲ့ထျန်းရှင်းဆီ လျှောက်လာပြီးနောက် နှုတ်ဆက်လိုက်၏။ “မင်္ဂလာပါ လျိုရှစ်ကျဲ ”
ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
“လျိုရှစ်ကျဲ … ဒါက ညီမတို့ရဲ့ ရှောင်ရှစ်မေ့လေးလေ။ ရှစ်စွင်းက လတ်တလောကမှ လက်ခံထားတာ။ ညီမက ရှောင်ရှစ်မေ့ မဟုတ်တော့ဘူး ”
ယဲ့ထျန်းရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ သိပြီ။ ဒါက ရှောင်ရှစ်မေ့ အသစ်လေးကိုး …”
သူမက ပြောလိုက်ရင်း ခရုလေးအား လေ့လာလိုက်သည်။ သူမရှစ်စွင်းသည် တပည့်များ လက်ခံရာတွင် တင်းကျပ်သည့် လိုလားချက်များ ရှိကြောင်း သိထားလေသည်။ ခရုလေးကို သူမရှစ်စွင်းမှ လက်ခံထားသည့်အတွက် သူမက ထူးချွန်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
“ ဒီလောက်ပဲ … မင်းတို့ရဲ့ လျိုရှစ်ကျဲနဲ့ ငါ ပြောစရာရှိသေးတယ်”
“ဟုတ်”
“လျိုရှစ်ကျဲ … မနက်ဖြန်မှ အတူတူ ကစားကြမယ်နော်”
မိန်းကလေးနှစ်ယောက်က လက်ကိုင်ကာ အခန်းမှ ထွက်သွားကြသည်။
ခရုလေးအကြောင်း ပြောပြဖို့ အချိန်တချို့ကြာဦးမှာပဲ … နောက်မှပဲ ပြောလိုက်ပါတော့မယ်လေ …
လုကျိုးက မေးလိုက်၏ “မင်းက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်သွားပြီလား ”
ယဲ့ထျန်းရှင်းက ဖုံးကွယ်မထားဘဲ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားစဉ်မှစ၍ ဒဏ်ရာများ မည်သို့ပြန်ကောင်းလာခဲ့ကြောင်း၊ မြောက်ဘက်သို့ ရောက်သွားကာ အာ့ရှစ်ရှိုး ယွီရှန်းရုန်နှင့် တွေ့ဆုံခဲ့ကြောင်း၊ နောက်ပိုင်းကျ အနောက်တောင်ဘက် သွားကာ လရောင်သစ်နယ်မြေကို လိုက်ရှာရင်း ချောက်နက်ထဲ ရောက်သွားကာ ချန်ဟွမ်းနှင့် တွေ့ဆုံခဲ့ပြီး ကျင့်ကြံရေးအပေါ် အာရုံစိုက်ဖြစ်ခဲ့ကြောင်း အရိုးသားဆုံးပြောပြလိုက်သည်။ သူမက တည်တည်ငြိမ်ငြိမ် ပြောပြနေသော်လည်း သူမ၏ အတွေ့အကြုံမှ လွယ်ကူသည့်အချိန်တစ်ခု မဟုတ်ကြောင်း ပြောနိုင်လေသည်။
လုကျိုးက ချန်ဟွမ်းအကြောင်း ကြားလိုက်ရစဉ် အံ့အားသင့်သွားမိသည် “အဲဆိုတော့ ချန်ဟွမ်းက တကယ်တည်ရှိတာပေါ့”
“ဟုတ်ပါတယ်။ ကျွန်မ လရောင်သစ်နယ်မြေထဲ ရောက်သွားတော့ အသက်ရှင်ရက် ပြန်မထွက်လာနိုင်လောက်ဘူးလို့ ထင်ခဲ့မိတာ။ အဲဒီမှာ ချန်ဟွမ်းနဲ့ တွေ့သွားတာ ကိစ္စကောင်းပဲ” ယဲ့ထျန်းရှင်းက အမြဲလိုလို စကားနည်းလေသည်။ သို့သော်လည်း သူမ၏ အတွေ့အကြုံများကို ပြန်ပြောနေစဉ် အတော်လေး သွက်လက်နေ၏။ သူမ၏ ဒဏ်ရာမှ နာကျင်မှုများကိုပင် မေ့လျော့သွားဟန်ပေါ်သည်။
ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ သွင်ပြင်နှင့် အရွယ်အစားကို အသေးစိတ်ဖော်ပြလိုက်သည်။ သူမက လုကျိုးအား ချောက်နက်ထဲ တွေ့ခဲ့ရသည့် သားရဲအမျိုးမျိုးအကြောင်းနှင့်အတူ ကျင့်ကြံနေစဉ်အတွင်း ရင်ဆိုင်ရသည့် အခက်အခဲများ၊ ပွင့်ချပ်အသစ်ထွက်လာစဉ် စိတ်သက်သာရာမှုများကိုပါ ပြောပြလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်ရင်း နားထောင်နေသည်။ သူက ရံဖန်ရံခါ သူမစကားများကို အံ့အားသင့်ကာ ခေါင်းညိတ်ပြခဲ့သေး၏။
ဤသို့ဖြင့် နေ့တစ်ဝက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
ယဲ့ထျန်းရှင်း၏ ဇာတ်ကြောင်းကို နားထောင်ကာ လုကျိုးက ပြောလိုက်၏။
“ချန်ဟွမ်းက တကယ်ရှိမယ်လို့ မထင်ထားမိဘူး။ ကြည့်ရတာ မှတ်တမ်းတွေက အတုတော့ မဟုတ်ဘူးထင်တယ် ”
ယဲ့ထျန်းရှင်းက ခေါင်းညိတ်ကာ “ ချန်ဟွမ်းက အဲဒီနေရာကနေ ထွက်မလာချင်တာ နှမြောစရာပဲ ”
“ဟုတ်တာပေါ့ … သူ့အရွယ်အစားနဲ့ အပြင်ထွက်လာဖို့ မသင့်တော်ဘူး။ တကယ်လို့ ဒီလိုသားရဲသာ လူသားတွေရှေ့ပေါ်လာခဲ့ရင် လူသားတွေက ပူးပေါင်းပြီး တိုက်ခိုက်ကြလိမ့်မယ်” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ရှစ်စွင်း ပြောတာ ဟုတ်တယ်”
“စာအုပ်တွေထဲမှာ ချန်ဟွမ်းကို စီးနင်းရင် နှစ် နှစ်ထောင်သက်တမ်း ချီးမြင့်ပေးတယ်လို့ ပြောထားတယ်။ မင်းရော ဘယ်လိုထင်လဲ” လုကျိုးက မေးလိုက်၏။
“ကျွန်မတော့ ဘာမှမခံစားမိဘူး။ ချန်ဟွမ်းကို အကြိမ်ရေများများ စီးဖူးတယ်။ အရွယ်အစားကြီးတာကလွဲရင် တခြားစီးတော်သားရဲ စီးရတာနဲ့ ဘာမှမကွာဘူး”
ထင်ထားသည့်အတိုင်း ချန်ဟွမ်းက လုကျိုး ထင်ထားသလိုမျိုး မရိုးရှင်းပေ။ ထိုသားရဲကို စာအုပ်ထဲ မှတ်သားထားသည်မှာ ထူးဆန်းသည်ဟု ထင်မိ၏။ ဆိုလိုသည်မှာ စာအုပ်ရေးသားသူက ချန်ဟွမ်းအကြောင်း တစ်ခုခု သိထား၍ ဖြစ်ရမည်။
အားလုံးက သူ့တည်ရှိမှုကို ဘာလို့သံသယဝင်နေကြတာလဲ … ကြည့်ရတာ လရောင်သစ်နယ်မြေက လူသားတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ နေရာ မဟုတ်ဘူးပဲ …။
လုကျိုးက နောက်ကျနေကြောင်း မြင်လိုက်ပြီးနောက် ထရပ်ကာ ပြောလိုက်သည်။
“မင်းလည်း အပြည့်အဝ ပြန်မကောင်းသေးဘူးဆိုတော့ နားလိုက်ဦး”
“ရှစ်စွင်း … တော်ဝင်မိသားစုက မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်နေတာ … ”
သူမစကားမဆုံးခင် လုကျိုးက လက်မြှောက်ကာ ဖြတ်ပြောလိုက်သည် “တော်ဝင်မိသားစု ဘာလုပ်ခဲ့တယ်ဆိုတာ ငါ မှတ်ထားတယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက လှည့်ထွက်သွားလိုက်သည်။
ယဲ့ထျန်းရှင်းက ရှစ်စွင်း၏ ကျောပြင်ကို ကြည့်ရင်း ဦးညွှတ်လိုက်ပြီး “ရှစ်စွင်း ကောင်းကောင်းအနားယူပါ ”
…………….…
ရွှေနန်းဥယျာဉ်တောင်ခြေ၌
ယွီကျန့်ဟိုင်က ယခင်တိုက်ပွဲမှ အရိပ်အယောင်များကို လေ့လာနေသည်။ သူက မယုံကြည်နိုင်စွာဖြစ်ကာ တုန်လှုပ်နေမိသည်။ သူက အကာအရံထဲ မဝင်ရသေးပေ။
“ ငါ အရမ်းနောက်ကျသွားပြီလာား ”
မြေပြင်တစ်ခုလုံး ရှုပ်ယှက်ခတ်နေ၏။ နေရာအနှံ့ သွေးများစွန်းနေကာ လက်ဝါးရာ မြေချိုင့်ရာကြီးများလည်း မြင်တွေ့နိုင်သည်။
ယွီကျန့်ဟိုင်က ဘေးပတ်လည်ကို လေ့လာရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုစဉ် သူက သွေးစက်အတိုင်း တောင်ခြေအထိ လျှောက်လှမ်းလာလိုက်သည်။ အချိန်ကြာမြင့်သည်နှင့် သူ့စိတ်ထဲ ဒေါသတရား ကြီးမားလာခဲ့သည်။
ထိုစဉ် အနီးအနားမှ အသံတစ်သံ ထွက်ပေါ်လာ၏။ “တာ့ရှစ်ရှိုးလား”
“ တာ့ရှစ်ရှိုးက မိစ္ဆာဝေဟင်မျှော်နန်းကို ပစ်မထားဘူးဆိုတာ သိတာပေါ့ ” မင်ရှစ်ရင်က သူ့အနောက်မှ အလောင်းတစ်လောင်းကို ဆွဲလာရင်း ယွီကျန့်ဟိုင်ဆီ ပြေးလာသည်။
ယွီကျန့်ဟိုင်က လည်ချောင်းရှင်းကာ ခါးကို မတ်မတ်ထားလိုက်သည်။ သူက အလောင်းကို ကြည့်လိုက်၏။ သူ့အမူအရာက ခက်ထန်နေပြီး လက်ကိုမူ နောက်ပစ်ထားလေသည်။
“ လောင်စစ်လား။ ဒီမှာ ဘာလုပ်နေတာလဲ”
မင်ရှစ်ရင်က ပြောလိုက်၏။ “ဒါလား … ဒါက လျိုကော တော်ဝင်အစောင့်ရဲ့ အလောင်းလေ။ တစ်ခုခုကို တွေးမိရင်း ဒေါသထွက်လာလို့ သတ်ပစ်လိုက်တာ ”
“ … ” ယွီကျန့်ဟိုင်က ဘာပြန်ပြောရမှန်း မသိတော့ပေ။
“တာ့ရှစ်ရှိုး သွားကြစို့ … ရှစ်စွင်းကို တောင်ပေါ် လိုက်တွေ့လေ” မင်ရှစ်ရင်က ပြောလိုက်၏။
“ငါက ဖြတ်သွားရုံပါ။ တောင်ပေါ် မတက်တော့ဘူး ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ဖြတ်သွားတာတဲ့လား … အတော်လေးကို ကွေ့ပတ်လာနေတာပဲ …
မင်ရှစ်ရင်က ဘယ်ညာကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“တာ့ရှစ်ရှိုးက နောက်ကျသွားပြီ။ ရှစ်စွင်းက ကျင့်ကြံရာကနေ အောင်အောင်မြင်မြင် ထွက်လာပြီလေ။ အဲဒီအဘိုးကြီး လျိုကောတော့ မုန့်မုန့်ညက်ညက် ကြေသွားပြီ ”
“…”
“ ပြီးတော့ ဟိုလူ စုရှန့် … ဟိုမှာ သူ့အလောင်းက။ ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။ သူက ဓားနဲ့ အထိုးခံထားရတာ။ အာ… တာ့ရှစ်ရှိုး ဘာလို့ချွေးထွက်နေတာလဲ” မင်ရှစ်ရင်က မေးလိုက်၏။
“အဲလိုလား .. နည်းနည်း အိုက်လာသလိုပဲ ”
“အဲလိုလား … ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုအကြောင်း … ”
“ငါ ပြောသလို အိုက်နေတာပဲလေ …” ယွီကျန့်ဟိုင်က အသံမြင့်ပြောလိုက်သည်။
မင်ရှစ်ရင်က ခေါင်းကုတ်ကာ သူ့လက်နှင့်သူ ယပ်တောင်ပြန်ခတ်လိုက်ရင်း “ တကယ်ကြီး အိုက်လာပုံပဲ … ”
ယွီကျန့်ဟိုင်က မေးလိုက်၏။ “ လောင်စစ် … အာ့ရှစ်တိရော မိစ္ဆာဝေဟင်မျှော်နန်းမှာလား”
ယွီရှန်းရုန်၏ အင်အားဖြင့် သူသာ မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိနေလျှင် စုရှန့် ပါလျှင်ပင် လျိုကောအနေနှင့် ခြိမ်းခြောက်မှုများစွာ ဖြစ်မည် မဟုတ်ပေ။ ထို့အပြင် ဟွမ်းရှစ်ကျဲလည်း ရှိနေသေးသည် မဟုတ်ပါလော။
မင်ရှစ်ရင်က ပြောလိုက်၏။ “သူက ယွီစီရင်စုမှာ မဟုတ်ဘူးလား”
“ယွီစီရင်စုလား” ယွီကျန့်ဟိုင် စိတ်ထဲ တစ်ခုခု ဖြစ်လာသည်။
“ တာ့ရှစ်ရှိုး အထဲဝင်ပြီး ရှစ်စွင်းနဲ့ စကားလေး ဘာလေး ပြောသွားပါဦးလား။ တောင်နဲ့ ဝေးနေတာမှ မဟုတ်တော့တာ” မင်ရှစ်ရင်က ပြောလိုက်သည်။
“စဉ်းစားကြည့်လိုက်ဦးမယ် ”
“အင်း …အဲဆို တာ့ရှစ်ရှိုးကို ထားခဲ့ပြီ။ ကျွန်တော် လုပ်လက်စ လုပ်လိုက်ဦးမယ်”
ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်ရင်း တိတ်ဆိတ်နေသည်။ သူက ရပ်နေဆဲ ဖြစ်ကာ ထွက်မသွားသေးပေ။ သူက ဟွမ်းရှစ်ကျဲသည် သူ့ဆီ ပျံသန်းလာသည်ကို မြင်လိုက်သည့်အခါ တိတ်ဆိတ်နေဆဲ ဖြစ်၏။ ထို့အစား သူက ဟွမ်းရှစ်ကျဲအား တောင်ပေါ်သို့ တက်သွားဖို့ လက်ဟန်ပြလိုက်သည်။
ဟွမ်းရှစ်ကျဲလည်း သူ့ရှေ့မှ တိုက်ပွဲမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ သူက တစ်ခုခု ပြောချင်သော်လည်း ယွီကျန့်ဟိုင် မျက်နှာပေါ်မှ သဘာဝမဆန်သည့် အမူအရာကို မြင်လိုက်ရသည့်အခါ တိတ်ဆိတ်လျက်သာ နေပြီး တောင်ပေါ် တက်သွားလိုက်သည်။
……………
နေဝင်သွားပြီ ဖြစ်၏။
မိစ္ဆာဝေဟင်မျှော်နန်း အရှေ့ဘက်မျှော်နန်းဆောင် …
နာမည်။ ။ လုကျိုး
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
ကုသိုလ် အမှတ်။ ။ ၁၁၂ ၂၃၃မှတ်
စိတ်ဝိညာဉ် သဏ္ဌာန်။ ။ ဒုက္ခမိုင်တစ်ရာ ရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်
ကျန်ရှိသက်တမ်း၊ ။ ၂၀၅၉၆ ရက်
အသုံးပစ္စည်း။ ။ အသေရိုက်ချက်ကတ် တစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ် ( အလိုအလျောက်သုံး) ၆၂ ကတ်၊ ချုပ်နှောင်ခြင်း လှောင်ချိုင့် လေးခု၊ မှော်နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန့်၊ အရေးပေါ်ကုသရေးကတ် နှစ်ကတ်၊ အဆင့်မြင့် အရေးပေါ် ကုသရေးကတ် တစ်ကတ်၊ ရွှေရောင် ထိုက်ရွှီကြေးမုံ၊ အသွင်ပြောင်းကတ် လေးကတ်၊ ရုပ်ဖျက်ကတ် နှစ်ကတ်၊ အကြောင်းပြန်လှန်ကတ် ၄၉ ကတ်
လက်နက်။ ။ အမည်မဲ့၊ အသက်ဓားသွား၊ ကျောက်စိမ်းမြင်းမြီးတုတ်
ကျင့်စဉ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး
လတ်တလော ဆင်ခြင်လေ့လာမှုမှ သူ ရရှိထားသည့် အကြီးမားဆုံး ဆုလာဘ်မှာ ကောင်းကင်ကျမ်းပေလွှာသုံးမျိုးမှ မြေကမ္ဘာစာလိပ် အသက်ဝင်လာမှု ဖြစ်၏။ တခြားသော ဆုလာဘ်များက ဘာမှမဟုတ်ပေ။
လုကျိုးက အသုံးအဆောင်ပစ္စည်းကတ်များ၏ တန်ကြေးကို စစ်ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း သူတို့က ထပ်ဈေးတက်သွားလေပြီ။
အသေရိုက်ချက်ကတ်နှင့် ပြစ်ချက်မဲ့ကတ်တို့က ယခုအခါ ကုသိုလ်ရမှတ် တစ်သောင်း ဖြစ်နေလေပြီ။ သို့သော်လည်း သူက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားကို စဉ်းစားလိုက်သည့်အခါ ထိုကတ်နှစ်ကတ်ကို မကြာခဏ အသုံးပြုစရာ မလိုတော့ကြောင်း တွေးမိလိုက်သည်။ ထိုအတွေးဖြင့် သူက စိတ်သက်သာရာရသွား၏။ ထို့အပြင် သေခြင်းရှင်ခြင်း ကိစ္စ ဖြစ်လာခဲ့လျှင် သူက တန်သည်၊ မတန်သည်ကို ထည့်စဉ်းစားနေမိမည် မဟုတ်ပေ။
ဒီလိုဆိုရင် စနစ်ရဲ့ ခွင့်ပြုချက် တိုးမြင့်လိုက်တယ်ဆိုတဲ့ အဆင့်မြင့်ပုံစံက ဘယ်မှာလဲ ….
လုကျိုးက စဉ်းစားနေစဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“ဘာကိစ်စလဲ ”
“ကျွန်းသခင်ဟွမ်းက ဘေးကင်းကင်း ပြန်ရောက်လာပါပြီ။ ကံကောင်းတာက တာ့ရှစ်ရှိုးက အချိန်မီရောက်လာပြီးတော့ ကုယီရန်ကို သတ်နိုင်ခဲ့တယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
“ငါ သိပြီ။ အခု သူက ဘယ်မှာလဲ“
“ ကျွန်းသခင်ဟွမ်းကိုတော့ တောင်ဘက်မျှော်နန်းဆောင်ဘက်မှာ အနားယူဖို့ စီစဉ်ပေးထားပါတယ်။ တာ့ရှစ်ရှိုးကတော့ တောင်ခြေမှာပဲ ရှိသေးတယ်။ သူက .. တက်မလာရဲဘူး ထင်တယ်” မင်ရှစ်ရင်က ပြန်ဖြေလိုက်၏။
…