အခန်း (၅၅၉-၅၆၁)
Vol. 38 Ch. 559-561
အခန်း (၅၅၉) မြို့ထဲရှိတိုက်ပွဲ
ယွီကျန့်ဟိုင်၊ စီးဝူယာ့နှင့် ဟွားချုံးယန်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“မြစ်ဘေးမကြာခဏလမ်းလျှောက်တဲ့အချိန် မင်းရဲ့ဖိနပ်တွေက ရေစိုမှာသေချာတယ်။ ငါတို့ရဲ့ ဒီရဲဘော်က ဒုက္ခရောက်နေပြီ” ယွီကျန့်ဟိုင်က သက်ပြင်းချပြီးပြောလိုက်၏။
စီးဝူယာ့က ပြောလိုက်သည်။ “အဲ့ဒီသိုင်းပညာရှင် အခုဘယ်မှာလဲ”
“ယန်စီရင်စုထဲက ကျွန်တော်တို့ သတင်းရင်းမြစ်တွေအရ အဲ့ဒီဆန်းကြယ်သိုင်းပညာရှင်ကို ဖုန်းလိုင်လမ်းမှာ နောက်ဆုံးတွေ့ခဲ့တာတဲ့။ ဒါပေမဲ့ ရှာဖွေဖမ်းဆီးဖို့ခက်ခဲတဲ့ သူ့လက်ရှိတည်နေရာကို မသိရသေးပါဘူး”
စီးဝူယာ့က ခေါင်းညိတ်လိုက်၏။ သူက ပြန်လှည့်ကာပြောလိုက်တော့သည်။ “တာ့ရှစ်ရှိုး ... ကျွန်တော်တို့ သူ့ကိုကယ်သင့်လား”
ယွီကျန့်ဟိုင်က ကျောမတ်မတ်ထိုင်နေလေ၏။ သူက လက်ချောင်းများကို ညင်သာစွာ ခေါက်လျက် စဉ်းစားပြီးနောက် ပြောလိုက်၏။ “သူ့ကို ကယ်ရမှာပေါ့။ ငရဲဂိုဏ်းကို ဒီနေရာထိ ရောက်အောင် စီမံခန့်ခွဲနိုင်တာ ဘာကြောင့်လို့ထင်လဲ။ ငါတို့သာ သူသေမှာကို လွှဲထားလိုက်မယ်ဆိုရင် ငရဲဂိုဏ်းထဲမှာ နောင်ကျ ငါတို့အတွက် ဘယ်သူကများ အလုပ်လုပ်ပေးချင်စိတ်ရှိတော့မှာလဲ”
“ပြောင်မြောက်ပါတယ် ဂိုဏ်းချုပ်” ဟွားချုံးယန်က ဂါရဝပြုလိုက်၏။
“မျှတပုံပေါ်ပါရဲ့ တာ့ရှစ်ရှိုး” စီးဝူယာ့က အရိုအသေပေးလိုက်သည်။
တစ်ချိန်တည်းတွင် စစ်သားများ၊ ကျင့်ကြံသူများ အဝိုင်းခံထားရသည့် ယန်စီရင်စုမြို့ထဲရှိ တည်းခိုဆောင်လေးတစ်ခုထဲတွင်ဖြစ်သည်။
အနားရှိလမ်းများနှင့် အဆောက်အဦများက လေထဲတွင်ပျံဝဲနေသော ကျင့်ကြံသူများပြည့်နေသည်။ အရပ်သားတစ်ယောက်မှ ရှိမနေပေ။ ယန်စီရင်စုတစ်မြို့လုံးတိတ်ဆိတ်နေ၏။
ကောင်းကင်ထဲတွင် တစ်မြို့လုံးကို အရံအတာတစ်ခုလုံးက လွှမ်းခြုံထား၏။
“ဓားနတ်ဆိုးလက်လျှော့လိုက်တော့။ ယန်စီရင်စုထဲကို မင်းခြေချလိုက်ချိန်ကစပြီး ငါ့လူတွေက မင်းကိုစောင့်ကြည့်ပြီးသားပဲ။ ဒီနေ့ ဒီနေရာမှာ မင်းမြင်သမျှအားလုံးက မင်းအတွက်ပြင်ဆင်ထားတာပဲ” ပိန်ချုံးချုံး မာချင်းက တည်ငြိမ်စွာပြောလျက် သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝတ်ရုံစိမ်းဓားသမားကိုကြည့်လိုက်သည်။
တည်းခိုဆောင်အတွင်း၌ ကျင့်ကြံသူများပြည့်နေသည်။
“မင်းရဲ့ ရွှေကြာဖြတ်တောက်ပြီးပြီဆိုတာ သေချာတယ်။ မင်းရွှေကြာဖြတ်တောက်ပြီးနောက် မင်းရဲ့ကျင့်ကြံဆင့်ကယိုယွင်းနေမှာပဲ။ မင်းက ပွင့်ချပ်ရှစ်လွှာအကျော်အမော်တစ်ယောက်မဟုတ်တော့ဘူး။ မင်း ယုံကြည်ချက်ရှိတယ်။ ဒါပေမဲ့ အဲ့ဒီယုံကြည်ချက်က သေတွင်းထဲပို့ခဲ့တာပဲ” မာချင်းက ဆက်ပြောလေ၏။
သို့သော် ဝတ်ရုံစိမ်းဓားသမားသည် ဂရုမစိုက်သော အမူအရာဖြင့် လက်ဖက်ရည်တစ်ခွက်သောက်ကာ ပြတင်းပေါက်အပြင်ဖက်ရှိရှုခင်းကို ခံစားနေ၏။
မာချင်းသည် သူအထင်သေးခံရသည်ဟု ခံစားမိလာသည်။ သူက မျက်မှောင်အနည်းငယ်ကျုံ့လျက်ပြောလိုက်၏။ “မင်း မကြောက်ဘူးလား”
ဝတ်ရုံစိမ်းဓားသမားက ပြုံးလိုက်၏။ “ကျုပ်က ဘာကြောင့် ကြောက်ရမှာလဲ”
“မင်းကို ငါသတ်မယ်လို့မထင်ဘူးလား”
“ခင်ဗျား ကျုပ်ကို သတ်နိုင်မယ်ဆိုရင် ဘာကြောက်စရာရှိမှာလဲ။ ခင်ဗျား ကျုပ်ကို မသတ်နိုင်ရင် ပိုတောင်မကြောက်နိုင်သေးတယ်” ယွီရှန်းရုန်က သိမ်မွေ့စွာပြန်ပြောလိုက်သည်။
မာချင်းက ယာယီအံ့ဩဆွံ့အသွားသည်။ “ချန်းပေ့ဓားနတ်ဆိုး မင်း ငါ့ကိုလျော့တွက်ထားမယ်လို့ မထင်ထားဘူး”
ကျီ ကျီ
တည်းခိုဆောင်ထဲရှိ ကျင့်ကြံသူများက သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြသည်။
တည်းခိုဆောင်အပြင်ဖက်ရှိ ကျင့်ကြံသူများကလည်း အနားကပ်လာလျက် သေချာပိတ်ထားလိုက်သည်။
ယင်းက ချိန်ရွယ်ထားတာပဲဖြစ်သည်။ လွတ်လမ်းမရှိပေ။
ယွီရှန်းရုန်က ပြောလိုက်သည်။ “မာလုဖျင်က ဒီမှာဆိုရင် နည်းနည်းခက်ခဲမှာပေါ့။ ဆိုးတာက ရောက်လာတဲ့သူက မင်းပဲ”
မာချင်းသည် ငယ်ရွယ်စဉ်တည်းက သူ၏အစ်ကိုကြီး မာလုဖျင်နှင့်ကျင့်ကြံခဲ့သည်။ သူတို့က သက်တူရွယ်တူဖြစ်၏။ ထိုသို့တိုင် မာလုဖျင်၏ပါရမီက နောက်တစ်ဆင့်တွင်ရှိကာ သူ၌နက်နဲသောကျင့်ကြံဆင့်ရှိသည်။ မဟာစစ်သူကြီးရှစ်ဦးထဲမှာ တစ်ဦးဖြစ်သော မာလုဖျင်အကြောင်း လူတိုင်းသိကြသော်ငြား မာချင်းအကြောင်း မည်သူမှမသိကြပေ။ သူ့အစ်ကိုကြီး မာလုဖျင်၏ကာကွယ်မှုအောက်တွင် သူအမြဲတမ်းနေခဲ့ရပြီး အချိန်ကြာလာသည်နှင့်အမျှ မာချင်းသည် သူ့ကိုယ်သူသက်သေပြချင်လာသည်။ ယနေ့ဒဏ္ဍာရီလာဓားနတ်ဆိုး ယွီရှန်းရုန်ကို ထောင်ချောက်ဆင်ပြီးသတ်ဖြတ်နိုင်ခြင်းက သူ့ကိုယ်သူသက်သေပြရန် မဟာအခွင့်အရေးတစ်ခုဖြစ်လာလိမ့်မည်။
“ငါတစ်ယောက်ထဲလုံလောက်တယ်”
“မင်းရဲ့သတ္တိကိုလေးစားမိပါရဲ့” ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါးပြောလိုက်၏။
“ကျုပ်တို့တွေအားလုံးမှာ ခစားစရာဆရာတွေရှိကြတာပဲ။ ငရဲဂိုဏ်းကအခု အရေးသာတဲ့အချိန် ရောက်နေပြီ။ ဒါ့အပြင် ပွင့်ချပ်ကိုးလွှာလောင်ချန်းပေ့ကျိ ပံ့ပိုးပေးထားတာ။ ယန်စီရင်စု ပြိုလဲဖို့အချိန်အတိုင်းအတာတစ်ခုပဲလိုတော့တာ” မာချင်းက ပြောလိုက်သည်။
“အခြေနေဘယ်လိုလဲဆိုတာ ခင်ဗျားသိနေရင် ဘာကြောင့် ထွက်မပြေးတာလဲ”
“ငါ ပြေးမှာ ဒါပေမဲ့ မင်းကိုသတ်ပြီးမှ ဒီနည်းနဲ့ဆို တော်ဝင်မိသားစုက ငါ့ကို ဆုချီးမြှင့်လိမ့်မယ်။ ငါ့ရဲ့နာမည်လည်း လူတွေသိလာလိမ့်မယ်”
“ယန်စီရင်စုကော အင်ပါယာကော ငါနဲ့ဘာဆိုင်လို့လဲ”
ထိုစဉ် မာချင်း၏လက်အောက်ငယ်သားများထဲမှ တစ်ဦးက လှေကားပေါ်တက်လာလျက် အမြန်ပြောလိုက်သည်။ “မာစစ်သူကြီး ငရဲဂိုဏ်းက တိုက်ခိုက်နေပါပြီ”
မာချင်းသည် ထိုစကားကို ကြားသောအခါ သူ့မျက်လုံးများပြူးကျယ်သွားသည်။ ပြီးနောက် သူသည် လေထဲ၌ ကျွတ်ဆတ်ဆတ် အသံတစ်သံကိုကြားလိုက်ရ၏။ ဓားနတ်ဆိုးယွီရှန်းရုန်က သူ၏ဓားကို အားဖြင့် လွှဲယမ်းနေတာကို သူတွေ့လိုက်ရသည်။
“စစ်သူကြီး”
“စစ်သူကြီး”
ကျန်သည့်သူများက အထိတ်တလန့်ထအော်တော့၏။
မာချင်းသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ရာတွင် အချိန်မဖြုန်းခဲ့ပေ။
ဝှစ်
သူ၏ပွင့်ချပ်ခြောက်လွှာစိတ်ဝိညာဉ်သဏ္ဌာန်က သူ့ရှေ့တွင်ပေါ်လာသည်။
ဖုန်း
တည်းခိုဆောင်၏ဒုတိယအလွှာသည် စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် ပေါက်ကွဲသွား၏။ ကျောက်စကျောက်နများ၊ အစများသည် နေရာအနှံ့ပေါက်ကွဲသွားသည်။ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် သက်တော်ရှည်ဓားရှေ့၌ ပေါ်လာ၏။ စွမ်းအင်ပေါက်ကွဲသွားသည်နှင့် သူသည် နောက်ဆုတ်သွားတော့သည်။ အဆောက်အဦနှင့် ဝေးရာသို့သွားလျက် လေထဲပျံဝဲနေသည်။
ကျန်သည့်သူများကရှေ့တိုးလာ၏။
မာချင်းက သူအနိုင်ရမည်ဟု သေချာနေသေးဆဲဖြစ်ကာ ယွီရှန်းရုန်၏တိုက်ခိုက်မှုက လွဲချော်သွားချိန်တွင် ပိုသေချာသွား၏။ သူ၏အမြင်အာရုံတို့က စူးရှလာ၏။
သူ၏လူများတည်းခိုဆောင်သို့ပြေးတက်သွားချိန် သူတို့က သူ၏မြင်ကွင်းကို ပိတ်ဆို့လိုက်ကာ အာရုံစိုက်မှုကို ဆုံးရှုံးစေသည့် ဝေဝါးဝါးအမြင် ဖြစ်နေစေသည်။ သူ့အကြည့်ကို အမြန်အာရုံစူးစိုက်လျက် စိတ်ကိုကြည်လင်အောင် အာရုံစိုက်လိုက်သည်။ သူ၏အမြင်က နောက်ဆုံး၌ အာရုံစူးစိုက်ပြီးသည့်အချိန်၌ အရိပ်သုံးရိပ်က ဘယ်၊ အလယ်နှင့် ညာဖက်ကနေ ဝင်ရောက်လာတာကို တွေ့လိုက်ရသည်။
ဝတ်ရုံစိမ်းဓားသမား၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ရှိနေ၏။ သူ၏ညာလက်တွင် သက်တော်ရှည်ဓားကိုကိုင်ဆောင်ထားသည်။ ဓားသွားနားတစ်ဝိုက်၌ အနီရောင်အလင်းဖျော့ဖျော့ ရစ်ဝဲနေ၏။ ၎င်းကို လေးဆယ့်ငါးဒီဂရီစောင်းကိုင်ထားတာဖြစ်သည်။ ခမ်းနားသောကျင့်စဉ် ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး
ယွီရှန်းရုန်သည် တည်ငြိမ်သောအမူအရာဖြင့် သူ၏သက်တော်ရှည်ဓားကို လွှဲယမ်းလိုက်သည်။
ကျွတ်ဆတ်ပြီးရင်းနှီးသောအသံတစ်သံက လေထဲပေါ်ထွက်လာသည်။
သိသိသာသာ ညီညီညာညာဖြတ်တောက်မှုသည် မာချင်း၏စိတ်ဝိညာဉ်သဏ္ဌာန်၌ ပေါ်လာ၏။
“ဒါက” မာချင်း၏မျက်လုံးများသည် ကြောက်လန့်မှုကြောင့် အပြူးသားဖြစ်သွား၏။ သူက အံကြိတ်ပြီးထွက်ပြေးတော့သည်။ ယွီရှန်းရုန်ကမူ ပုံမှန်အတိုင်းရှိနေသည်။ သူ့ဓားကို သိမ်းလိုက်သည်။
သူ့ဓားကို ဆွဲထုတ်လိုက်၏။
သက်တော်ရှည်ဓားသည် စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ရှိပြတ်ရာကို ထပ်မံပိုင်းဖြတ်ပြီးနောက် လျှပ်ပြက်သောအရှိန်ဖြင့် ဓားအိမ်ထဲဝင်သွားတော့သည်။
ယွီရှန်းရုန်သည် မာချင်းကိုကြည့်တောင်မကြည့်ဘဲ ကောင်းကင်ထဲပျံတက်သွားသည်။
တစ်ချိန်တည်းတွင် တည်းခိုဆောင်ထဲသို့ တဟုန်ထိုးဝင်လာကြသောကျင့်ကြံသူများသည် သူတို့၏ပစ်မှတ်ကို ရှာမတွေ့ကြောင်းတွေ့လိုက်ရ၏။
သူတို့အားလုံးလှည့်ကြည့်လိုက်ရာ အပြင်ဖက်တွင်ရပ်နေသောမာချင်းကို တွေ့လိုက်ရသည်။
“စစ်သူကြီး”
“စစ်သူကြီး”
“သူ့ကိုသတ်”
ကျင့်ကြံသူ ဒါဇင်ချီက ယင်ကောင်များကဲ့သို့တဟုန်ထိုးဝင်လာသည်။
ယွီရှန်းရုန်က လေထဲလျင်မြန်စွာရွေ့လျားလာ၏။ စွမ်းအင်စည်းတံဆိပ်ကဲ့သို့ ပွင့်ချပ်က သူ့နားလျင်မြန်စွာလည်ပတ်နေသည်။
“ဒါတွေက ဘာတွေလဲ”
ယွီရှန်းရုန်က သူ၏လားရာကိုချိန်ညှိလိုက်သည်။
ဖုန်း
လေပြင်းကဲ့သို့ပင် သူသည် ကျန်သည့်သူများကို တဟုန်ထိုးဝင်ရောက်တိုက်ခိုက်ပြီး စွမ်းအင်စည်းတံဆိပ်ကဲ့သို့ပွင့်ချပ်က သူ့နားလည်ပတ်နေ၏။
ရွှေရောင်စည်းတံဆိပ်က ပိုင်းဖြတ်ကာ ယွီရှန်းရုန်း၏လမ်းကြောင်းကို ပိတ်ဆို့နေသော ကျင့်ကြံသူများကို ထိုးစိုက်သွားတော့သည်။ ပြီးနောက် အလောင်းများက လေထဲကနေ ပြုတ်ကျလာ တော့၏။ သူတို့က တိုက်ခိုက်ရန်အခွင့်အရေးတောင်မရှိတော့ဘဲ ချက်ချင်းသေဆုံးကုန်၏။
ကျန်သည့်သူများသည်လည်း လွင့်စဉ်လာသောပွင့်ချပ်များပမာ ပေါက်ကွဲလာသောလေလှိုင်းကြောင့် နောက်သို့လွင့်စင်သွားသည်။
“ပွင့်ချပ်တွေ”
“ရွှေကြာကပွင့်ချပ်တွေ”
“ပွင့်ချပ်တွေကိ သတိထား” ကျင့်ကြံသူများက လိုက်ဖမ်းဖို့လက်လျှော့လိုက်၏။
မာချင်းက လေထဲပျံဝဲနေလျက် သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို ဖိနှိပ်ရန် လေထဲလက်မြှောက်လိုက်သည်။ သို့သော် ယင်းက အချည်းနှီးဖြစ်သွား၏။ သူသည် မရေမတွက်နိုင်သည့် စွမ်းအင်စည်းတံဆိပ်များကို ယွီရှန်းရုန်၏နောက်၌ တွေ့လိုက်ရသည်။ သူတို့သည် တဖြည်းဖြည်းချင်းမှိန်ဖျော့သွားပြီးနောက် လေထဲတစ်စဆီဖြစ်သွား၏။ နောက်ဆုံးတွင်ပွင့်ချပ်ခြောက်လွှာသာလျှင် ကျန်ခဲ့ပြီး ၎င်းတို့က ယွီရှန်းရုန်၏ခန္ဓာကိုယ်နှင့်ပေါင်းစည်းသွားသည်။
မာချင်းသည် အာခြောက်နေသော ခံတွင်းကိုဖွင့်လိုက်၏။ သူက မယုံနိုင်စရာပြောလိုက်သည်။
“ပွင့်ချပ်ခြောက်လွှာလား ရွှေကြာကိုဖြတ်တောက်ပြီးနောက် ပွင့်ချပ်တွေကို ဒီလိုပုံစံသုံးလို့ရသေးတယ်လား”
မာချင်းက သဘောပေါက်တာ သိပ်နောက်ကျသွား၏။ သူသည် ခေါင်းငိုက်စိုက်ကာ ကျလာ၏။ သူ့ရင်ဘတ်ပေါ်ရှိဒဏ်ရာများကနေပန်းထွက်လာသော သွေးများက ကျောက်တုံးများပေါ်ကျလာပြီး သွေးမြစ်တစ်စင်းဖြစ်သွားတော့သည်။
“တင်း .... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ထောင့်ငါးရာ” ယွီရှန်းရုန်က စနစ်အသိပေးသံကို မကြားရပေ။ သူက ခမ်းနားသောကျင့်စဉ်ကို ဆက်လက်ထုတ်ဖော်လိုက်၏။ သူသည် မြို့၏ဂိတ်များဆီသို့ အရှိန်ဖြင့် သွားလိုက်တော့သည်။
မာချင်းကို သတ်ဖြတ်ခြင်းသည် ကြွားရမည့်ကိစ္စမဟုတ်။ သူ၏အစ်ကိုကြီးမာလုဖျင် ခက်ခဲသောင်ရန်သူတစ်ယောက်ဖြစ်သည်။
ယွီရှန်းရုန်က သူ၏တည်နေရာကိုထုတ်ဖော်ခဲ့သောကြောင့် သူသည် ယန်စီရင်စုထဲကနေ တတ်နိုင်သမျှမြန်မြန် ထွက်သွားရမည်။ အစီအရင်အသက်ဝင်လာပြီး အရံအတားက ပင်မမြို့ကို ဝိုင်းသွား၏။ သူက မာလုဖျင်ရောက်မလာခင် ထွက်လာနိုင်မည်လော။
ယွီရှန်းရုန်သည် အဆောက်အဦများကို ဖြတ်ကျော်သွားသည်။ သူက မြို့ရိုးကို မော့ကြည့်လိုက်ရာ မြို့ရိုးအထက်ပျံဝဲနေသော ဧရာမရထားလုံးပျံကိုတွေ့လိုက်ရသည်။ အော်သံများက နံရံ၏အခြားတစ်ဖက်ကနေ သူ့ဆီသို့ ဦးတည်လာသည့်အချက်ပြအော်သံများထွက်ပေါ်နေပြီး ဂိတ်အလွန်အရံအတားကလည်း ထုနှက်ခံနေရပုံပေါ်၏။
“ဒီအချိန်ကြီး မြို့ကို တိုက်ခိုက်နေတာလား။ ရူးတာပဲ” ယွီရှန်းရုန်က သာမန်ကာလျှံကာ မှတ်ချက်ချလိုက်၏။ သူ၏အစီအရင်က ယခုအချိန်၌ အသန်မာဆုံးဖြစ်သည်။ ယခုအချိန်၌ အရူးသာလျှင် မြို့ကိုတိုက်ခိုက်လိမ့်မည်။
ယွီရှန်းရုန်က ပျံသန်းတာရပ်တန့်လိုက်၏။ သူက ဆင်းသက်ပြီးနောက် အဝေးရှိ မြို့ရိုးကို မော့ကြည့်လိုက်သည်။ မြင့်မားလွန်းသောကြောင့် ထိပ်ကိုမမြင်နိုင်ပေ။ သူသည် အရံအတား အားနည်းသွားမှာကို စောင့်နေတာဖြစ်သည်။
ထိုစဉ် ရထားလုံးပျံကနေ ဧရာမစွမ်းအင်ဓားမော့ကကျဆင်းလာ၏။
နဂါးသွဲ့ကျောက်ဓားမော့သည် မျက်စိကြိမ်းလောက်သော ရွှေရောင်ရောင်ခြည်ဖြင့် တောက်ပလာသည်။ ၎င်းက မြို့ရိုးဆီသို့ကျဆင်းလာသည်။
မဟာအမှောင်ကောင်းကင်အောက်မေ့ရာ ကောင်းကင်ကြယ်အလင်း
ဧရာမလည်ပတ်နေသည့်စွမ်းအင်ဓားမော့ကြီးက ကျဆင်းလာ၏။
ဖုန်း
သက်ရောက်သည့်အသံက ပင်မမြို့ထဲ ပဲ့တင်သံထွက်သွားစေသည်။ အရံအတားပေါ်၌ ကြီးမားသော လှိုင်းဂယက်တစ်ခုပေါ်လာတော့သည်။
…
အခန်း(၅၆၀) မိစ္ဆာများအတွက် လမ်းစဉ်
နဂါးသွဲ့ကျောက်ဓား၏ မဟာအမှောင်ကောင်းကင်အောက်မေ့ရာက အကာအရံကို ထိတွေ့မိသည့်အခါ အသံလှိုင်း ထွက်ပေါ်လာသည်။ ထိုဆူညံသံက မြို့ထဲရှိ ကျန်ရှိနေသော လူများအား အလန့်တကြားဖြစ်သွားစေသည်။ မြို့နေလူအများစုက ထွက်ပြေးသွားကြပြီ ဖြစ်သော်လည်း တချို့က ကျန်ရှိနေသေး၏။
ယွီရှန်းရုန်က လမ်းမအထက် မျက်လုံးဝေ့ကြည့်လိုက်ပြီးနောက် အနောက်ဘက်မြို့ဂိတ်ဆီ ပြေးလွှားနေကြသည့် ပြည်သူများစွာကို မြင်လိုက်ရသည်။
ထိုစဉ် အနောက်ဘက်မြို့ဂိတ်အနား တပ်သားအုပ်စု ထွက်ပေါ်လာ၏။ မြို့အပေါ် ခပ်နိမ့်နိမ့် ပျံသန်းနေကြသည့် ကျင့်ကြံသူများစွာလည်း ရှိနေသည်။
“ရပ်ကြ”
“ဘယ်သူမှ မလှုပ်နဲ့ ”
“ဒီမြို့ကနေ ခွင့်ပြုချက်မရှိ ထွက်သွားတဲ့သူတိုင်း ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အဘိုးအဘွား၊ ကလေး၊ ကျင့်ကြံသူဖြစ်ဖြစ် အားလုံးကို ထွက်သွားဖို့ ကြိုးစားတာနဲ့ နေရာမှာတင် သုတ်သင်ခံရမယ်”
ကျင့်ကြံသူများ၏ အသံက အားပြင်းလွန်းလှသည်။ သူတို့က အနောက်ဘက်မြို့ဂိတ်ဆီ ခိုလှုံဖို့ ကြိုးစားနေသည့် ပြည်သူများကို မြို့ထဲ ပြန်ပို့နေကြ၏။
ထို့ကြောင့် ပြည်သူများက အရှေ့ဘက်ဆီသာ ပြေးကြရတော့သည်။
လေထဲရှိ ကျင့်ကြံသူများက ထွက်ပြေးလိုသည့် လူများကို အာရုံစိုက်ထားကြသည်။
ဝုန်း
လေထဲ နောက်ထပ် အသံကျယ်ကြီး ထွက်ပေါ်လာသည်။
နဂါးသွဲ့ကျောက်ဓား၏ -မဟာအမှောင်ကောင်းကင်အောက်မေ့ရာက အမှောင်ကောင်းကင် ကြယ်တာရာအလင်းအား ထုတ်လွှင့်လာသည်။ ဤသည်က မျက်စိစူးလွန်းလှပြီး နေ့အခါ မီးပန်းများ ဖောက်နေသလို ဖြစ်၏။ ကြယ်တာရာအလင်းက အကာအရံအပေါ် ထပ်ကာထပ်ကာ ကျရောက်လာသည်။
ဝုန်း ဝုန်း ဝုန်း
သိပ်မကြာခင် စွမ်းအင်ဓားမော့များက ပျောက်ကွယ်သွားပြီး အကာအရံပေါ်မှ လှိုင်းတွန့်များကလည်း ပျောက်ကွယ်သွားသည်။
ယွီကျန့်ဟိုင်က ရထားလုံးပျံပေါ် မားမားမတ်မတ် ရပ်နေကာ မြို့ကို ငုံ့ကြည့်လာသည်။ အကာအရံက ယွီစီရင်စုကထက် ပိုအားကောင်း၏။ သူက -မဟာအမှောင်ကောင်းကင်အောက်မေ့ရာ နှစ်ကြိမ်တိုင်တိုင် ထုတ်သုံးခဲ့သော်လည်း အကာအရံပေါ် လှိုင်းတွန့်မျှသာ ဖြစ်စေသည်။ ချိုးဖျက်မည့် အရိပ်အယောင် မရှိလာသေးပေ။
စီးဝူယာ့က ပြောလိုက်၏ “မာလုဖျင်က ဒီမှာ ရုတ်ရုတ်သည်းသည်း ဖြစ်စေချင်တာပဲ ဖြစ်ရမယ်။ အာ့ရှစ်ရှိုး အယောင်ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရှင်ကလည်း အရည်အချင်းရှိပုံပဲ။ သူ ထွက်ပြေးနိုင်မှာ သေချာတယ် ”
“ သူ အဲလောက် မတုံးအဖို့ပဲ မျှော်လင့်ရတာပေါ့ ”
“ပညာရှင်တွေက ယုံကြည်ချက်မြင့်တယ်။ သူက အာ့ရှစ်ရှိုး အယောင်ဆောင်နေမှတော့ သူက ယုံကြည်ချက်ရှိတာ ကျိန်းသေတယ်။ ကျွန်တော် စိုးရိမ်တာက သူ ခေါင်းမာပြီး ဆက်တိုက်နေမှာကိုပဲ ” စီးဝူယာ့က ပြန်ပြောလိုက်သည်။
“အခု ဉာဏ်ကောင်းတဲ့ ရှစ်တိလေး ပြောမှ ငါလည်း သူက ခေါင်းမာတယ်ဆိုတာ ခံစားမိလာတယ်” ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်ကာ “သူက မင်းရဲ့ အာ့ရှစ်ရှိုးထက်တောင် ခေါင်းမာမဲ့ပုံပဲ”
“…”
ယွီကျန့်ဟိုင်က လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ နဂါးသွဲ့ကျောက်ဓားက သုံးကြိမ်မြောက်အတွက် ထပ်မံ ရိုက်ခတ်လိုက်ပြန်သည်။
ယခင်နှင့် မတူသည်က ယွီကျန့်ဟိုင်က သူ့လက်ကို ဆန့်ထုတ်ကာ ပျံသန်းသွားခြင်း ဖြစ်၏။ နဂါးသွဲ့ကျောက်ဓားက ရထားလုံးပျံ ရှေ့ကနေ ဝဲပျံနေရင်း စွမ်းအင်ဓားမော့များစွာ ထုတ်လွှင့်နေသည်။
“အုပ်ချုပ်သူ သက်ဆင်းခြင်း”
နဂါးသွဲ့ကျောက်ဓားနှင့် တူသည့် စွမ်းအင်ဓားမော့များက အောက်သို့ကျဆင်းလာသည်။
ခံတပ်မှ တပ်သားများက ရပ်တန့်လိုက်ကြပြီး ကောင်းကင်မှ သိပ်သည်းနေသည့် စွမ်းအင်ဓားမော့များကို မော့ကြည့်လာကြသည်။
အဆင့်မြင့် ကျင့်ကြံသူများပင် ထိုအရာကို မြင်သည့်အခါ ထိတ်လန့်သွားကြ၏။
တစ်မိုးအောက် ထိုသို့သော တိုက်ကွက်မျိုး ထုတ်သုံးနိုင်သည့် တစ်ဦးတည်းသောလူမှာ အကြီးမြတ်ဆုံး မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ယွီကျန့်ဟိုင်သာ ဖြစ်၏။
မဟာအမှောင်ကောင်းကင်အောက်မေ့ရာ၊ အုပ်ချုပ်သူ သက်ဆင်းခြင်း
ယွီကျန့်ဟိုင်သာ အလင်းတောအုပ် တိုက်ပွဲအတွင်း ဘုရင့် အငွေ့အသက် လစ်ဟာနေလျှင် ယခုအခါ လုံလောက်နေပြီ ဖြစ်၏။
ယန်စီရင်စု၏ ပင်မမြို့အတွင်း ထိုအရာကို မြင်သည့်သူတိုင်းက လုပ်လက်စကို ရပ်ကာ မော့ကြည့်လာကြလိမ့်မည်။
စွမ်းအင်ဓားမော့ မုန်တိုင်းက ဆက်လက် ကျဆင်းလာနေသည်။
ဘန်း ဘန်း ဘန်း
အကာအရံက တုန်ခါသွားလေ၏။
စွမ်းအင်ဓားမော့နှင့် အကာအရံတို့၏ ထိပ်တိုက်တွေ့ဆုံမှုက အုံကြွသည့် စွမ်းအား စီးဆင်းမှုကို ဖြစ်လာစေသည်။
မြို့ထဲရှိ ပြည်သူများက အကာအရံ ကျိုးပျက်သွားပြီဟု ထင်လိုက်ကြသည်။
တိုက်ကွက်ကျဆင်းလာရာ နေရာတွင် လှိုင်းတွန့်များ ထလာစေပြီး အကာအရံတစ်ခုလုံးကို ပျံ့နှံ့သွားစေသည်။
အုပ်ချုပ်သူ သက်ဆင်းခြင်းသည် အချိန်ခဏမျှ ကြာမြင့်လိုက်၏။ ကြမ်းကြမ်းတမ်းတမ်း တိုက်ကွက်အောက်တွင် အကာအရံက အနည်းငယ် မှေးမှိန်သွားသည်။
အစပိုင်းက မြို့ကို ကာကွယ်ဖို့ စိတ်အားထက်သန်နေသည့် ကျင့်ကြံသူများက ထိုအရာကို မြင်သည့်အခါ စိတ်ထဲမှ ရဲစွမ်းသတ္တိအတွေးအားလုံး ဖယ်ထုတ်ပစ်လိုက်သည်။
ငရဲဂိုဏ်းက တစ်မိုးအောက် အကြီးမြတ်ဆုံး မိစ္ဆာဂိုဏ်း ဘာလို့ဖြစ်နေသနည်း။
ငရဲဂိုဏ်းက တာ့ယန်ရဲ့ စီရင်စုကိုးခုလုံးကို မည်သို့ အုပ်စိုးသွားသနည်း။
ထိုအခိုက်အတန့်တွင် အားလုံးက အဖြေရသွားကြသည်။
ရထားလုံးပျံပေါ်တွင် ဟွားချုံးယန်က တံတွေးမျိုချလိုက်သည်။
“ ဂိုဏ်းချုပ်ရဲ့ ဓားမော့တိုက်ကွက်ကတော့ တကယ်ကို ပထမတန်းစားပါပဲ။ ဂိုဏ်းချုပ်က ကျွန်တော်တို့ မျိုးဆက်အတွက် စံပြပါပဲ ”
ယွီကျန့်ဟိုင်က ဆင်းသက်လာပြီးနောက် လက်ကို အောက်ချလိုက်သည်။ သူ့နဂါးသွဲ့ကျောက်ဓားက သူ့လက်ထဲ ပြန်ရောက်လာသည်။ သူက အကာအရံကို ငုံ့ကြည့်လိုက်၏။
“အကာအရံက နည်းနည်း အားပျော့သွားပြီ။ မာလုဖျင်က တာ့ရှစ်ရှိုးကြောင့် တုန်လှုပ်သွားလောက်ပြီ ”စီးဝူယာ့က ပြောလိုက်သည်။
ယွီကျန့်ဟိုင်လည်း သူ့ကိုယ်သူ ကျေနပ်နေမိ၏။
“ဒါလေးက အကာအရံတစ်ခုပါပဲ။ သုံးချက်လောက် ထပ်ရိုက်ပြီးရင် ပျက်စီးသွားလိမ့်မယ်”
ဝှစ် ဝှစ် ဝှစ်
မြို့တံတိုင်းအပေါ်မှ အမြောက်များက သူတို့ဆီ ဦးတည်လာသည်။
မြားပစ်သံများကလည်း လေဟုန်ကို ခွင်း၍ ထွက်ပေါ်နေ၏။
အဖွဲ့များကလည်း ပြန်လည် တိုက်ခိုက်လာကြသည်။
ဟွားချုံးယန်က ထိုအရာကို မြင်သည့်အခါ ပြောလိုက်သည် “ဂိုဏ်းချုပ် ဒီလိုအသေးအမွားလေးတွေကို ကျွန်တော်ဆီ အပ်ထားလိုက်ပါ”
“သွားတော့ ”
ဟွားချုံးယန်က ခုန်ချလိုက်ပြီး ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။
ဝှစ်
ဤသည်က အရွယ်အစားအားဖြင့် ကြီးမားလာ၏။
မြားချက်များလည်း ပြန်ကန်ထွက်သွားကြသည်။
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။ သူက အမြောက်များကို လျစ်လျူရှုထားပြီး မြို့တံတိုင်းပေါ်မှ တပ်သားများအား ငုံ့ကြည့်လိုက်သည်။
“ နောက်ထပ် တိုက်ကွက် သုံးခုနေလို့မှ မာလုဖျင် ထွက်မလာသေးရင် ငါ အကာအရံကို ချိုးဖောက်ပြီး မင်းတို့ ခေါင်းတွေကို ယူပြမယ်”
သူ့အသံက အားကောင်းသည့် အသံလှိုင်းအလား ကျရောက်လာသည်။ နားပင်းသူပင် ကြားရလောက်အောင် ကျယ်လောင်လှ၏။
ထိုစဉ် မြို့အနောက်ဘက်မှ အသံတစ်သံ ထွက်လာသည်။
“ဂိုဏ်းချုပ်ယွီက ဟိတ်ဟန်များလိုက်တာ”
အားလုံးက မော့ကြည့်လိုက်ကြသည်။
တပ်သားများက ဦးညွှတ်လိုက်ကြ၏။
“စစ်သူကြီးမာကို ဂါရဝပြုပါတယ် ”
လေထုထဲ ပျံသန်းနေကြသည့် လူများနှင့် တံတိုင်းပေါ်ရှိ လူများလည်း ဦးညွှတ်လိုက်ကြသည်။
စစ်သူကြီးမာက ပိန်ပါးပါး ဖြစ်ကာ တောင့်တင်းသည့် ကိုယ်နေဟန်ထား မရှိပေ။ သို့သော် သူ့တည်ရှိမှုက ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။ သူက တော်ဝင်အစောင့်တပ်၏ စစ်သူကြီးရှစ်ယောက်အနက် မာလုဖျင်သာ ဖြစ်၏။
မာလုဖျင်က လက်နောက်ပစ်လျက် လေထဲ ပျံသန်းလာလေသည်။ သူ့ပုံစံက ဘုရင်တစ်ပါးလိုမျိုး ထည်ဝါနေ၏။
ယွီကျန့်ဟိုင်က မာလုဖျင်အား မကျေမနပ် ကြည့်လိုက်ပြီး “မာလုဖျင် …. မင်း ယောကျ်ားဆိုရင် ထွက်တိုက်လှည့် ”
ယွီကျန့်ဟိုင်နှင့် စီးဝူယာ့တို့က မာလုဖျင် ထွက်လာသည်ကို မြင်ပြီး စိတ်အေးသွားကြသည်။ ဆိုလိုသည်မှာ ငရဲဂိုဏ်းကို လျှို့ဝှက်ကူညီပေးနေသည့် လျှို့ဝှက်ဆန်းကြယ် ပညာရှင်က ဘေးကင်းလေပြီ။
မာလုဖျင်က ပြောလိုက်၏ “ဂိုဏ်းချုပ်ယွီ … ခင်ဗျားလည်း ယောကျ်ားသာဆိုရင် အကာအရံချိုးဖောက်ပြီး ကျုပ်နဲ့ လာတိုက်လှည့်”
နှစ်ဖက်လုံးက မျက်နှာချင်းဆိုင်နေကြသည်။
ယွီကျန့်ဟိုင်က တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် စီးဝူယာ့က သူ့လက်မောင်းကို ဆွဲလိုက်ပြီး “ မာလုဖျင်ဆီမှာ တပ်ကူတွေရှိနေပုံပဲ။ ကျွန်တော်တို့ ယန်စီရင်စုကို အုပ်စိုးတဲ့အခါ သတိကြီးကြီးချဉ်းကပ်ဖို့ လိုတယ်”
“တပ်ကူလား” ယွီကျန့်ဟိုင်က နားရှုပ်သွားလေသည်။
စီးဝူယာ့က ပြောလိုက်၏ “ ရွမ်ကျင်းယွင်နဲ့ ဝမ်ယွဲ့တို့က အံ့ဖွယ်မြို့တော်ကို စောင့်ကြပ်နေကြတာ။ အဲဒီနှစ်ယောက်နဲ့ ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ အကြီးအကဲဆယ်ယောက်တို့က အံ့ဖွယ်မြို့တော်ရဲ့ အဆုံးသတ်ဆယ်ပါး အစီအရင်အကြောင်း သိထားကြတယ်။ သူတို့က အလွယ်လေး ထွက်သွားမှာ မဟုတ်ဘူး။ လျိုကုက အဆံးသတ်ဆယ်ပါး အစီအရင်ကို ချန်ထားမဲ့ပုံမပေါ်ဘူး။ ကျောင်းတော်နှစ်ခုရဲ့ ကျောင်းအုပ်တွေနဲ့ တပ်မဟာသုံးခုရဲ့ ခေါင်းဆောင် ဝေ့ကျိုးယန်တို့ ရောက်လာနိုင်ခြေရှိတယ် ”
“ဝေ့ကျိုးယန်က အယောင်ဆောင် မဟုတ်ဘူးလား”
“အခုချိန်မှာ အရေးမကြီးတော့ဘူး။ သူက တပ်မဟာသုံးခုကို လှုပ်ကိုင်နိင်တဲ့ စွမ်းအားရှိတဲ့အချက်က ပြောင်းလဲမသွားဘူး။ သူက အရည်အချင်းမရှိပေမဲ့ သူ့လောဘက အကောင်းဆုံး ဖြစ်လာစေတာပဲ” စီးဝူယာ့က ပြောလိုက်သည်။
“အဲဒီခွေးသားကတော့ … ရှစ်စွင်းကြောင့်သာ မဟုတ်ရင် ဒီနေ့လို နေနိုင်ဦးမယ်များ ထင််နေလား”
“လူတစ်ယောက်ရဲ့ စိတ်က ခန့်မှန်းဖို့ ခက်တယ်လေ” စီးဝူယာ့က ပြောလိုက်၏။
ယွီကျန့်ဟိုင်က ကမ္ဘာဦးချီအများစုကို ထုတ်သုံးထားပြီးသား ဖြစ်၍ အကာအရံကို ချိုးဖောက်ဖို့ အချိန်တစ်ခုတော့ ကြာမြင့်လိမ့်မည်။ ထိုစဉ် သူက အထွတ်အထိပ်အခြေအနေတွင် ရှိမနေပေ။ သူက ရထားလုံးပျံအစွန်းဆီ လျှောက်လှမ်းသွားလိုက်ပြီး ငုံကြည့်လိုက်ကာ “ မာလုဖျင် … ငါ ဒီနေ့ ပြည်သူတွေကို ထည့်စဉ်းစားတဲ့အနေနဲ့ အကာအရံကို မချိုးဖောက်ဘူး”
သူက မာလုဖျင်အား ပြန်လည်ချေပဖို့ အခွင့်အရေးမပေးဘဲ အသံလှိုင်း ထုတ်လွှင့်ကာ ပြောလိုက်သည် “ငါ ငရဲဂိုဏ်းကို စတည်ထောင်ခဲ့ကတည်းက ပြည်သူတွေကို မထိခိုက်စေရဘူးဆိုတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတစ်ခု ရှိတယ်။ ဒါပေမဲ့ ဒီနေ့ တပ်ဖွဲ့က လူတွေကို ဓားစာခံအနေနဲ အသုံးပြုနေတယ်။ ဒါက လက်မခံနိုင်စရာပဲ ….
ငါက မိစ္ဆာလမ်းစဉ်ကဆိုပေမဲ့ ဒါက မိစ္ဆာအတွက် လမ်းစဉ် မဟုတ်ဘူး။ ငါက ဒီလိုမျိုးအရာကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး”
သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ ကမ္ဘာကြီးဆီ မင်းတို့က ဘယ်လိုလူစားတုန်းဆိုတာ သိအောင် ပြောပြမယ် ”
“နောက်ဆုတ်ကြ”
ငရဲဂိုဏ်း၏ ရထားလုံးပျံက လှည့်ထွက်သွားပြီးနောက် ဖြည်းဖြည်းချင်း ပျံသန်းသွားသည်။
မြို့တံတိုင်းအပြင်ဘက်ရှိ ငရဲဂိုဏ်းသားများကလည်း တိုက်ခိုက်ဖို့ လက်လျှော့လိုက်ကြ၏။
လူအဖွဲ့လိုက် နောက်ဆုတ်သွားကြသည်။
မာလုဖျင်က ကျောက်ရုပ်အလား ကြောင်အမ်းနေသည်။ သူက ထိုအပြုအမူကြောင့် အမှန်တကယ် ကြောင်အမ်းအမ်း ဖြစ်သွားမိ၏။
ကျင့်ကြံရေးလောက ပြည်သူများကို တိုက်ပွဲအတွင်း ဆွဲသွင်းလေ့မရှိပေ။ အကြောင်းမှာ ကျင့်ကြံသူများက သူတို့သည်လည်း တစ်ခါက သေမျိုးဖြစ်ခဲ့ဖူးကြောင်း သဘောတရားကို နားလည်ထား၍ ဖြစ်သည်။
သူတို့အတွက် လူတစ်ရာ သို့မဟုတ် အယောက်တစ်ထောင်ကို သတ်ဖို့ လွယ်ကူလွန်းလှသည်။ သို့သော်လည်း စီရင်စု သို့မဟုတ် တိုင်းပြည်ထဲက လူတိုင်းကို သတ်ပစ်ဖို့ရာ ကောင်းကင်ဘုံကို တက်လှမ်းသလိုမျိုး ခက်ခဲလှသည်။
မာလုဖျင်က ကြောင်အမ်းနေဆဲ ဖြစ်၏။
လမ်းပေါ်ရှိ လူများက အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီး အော်ဟစ်နေကြသည်။
“တော်ဝင်မိသားစုက ငါတို့ပြည်သူတွေကို လူသားလို့ မသတ်မှတ်ဘူးပဲ။ လက်မခံနိုင်စရာပဲ ”
“ငရဲဂိုဏ်းလိုမျိုး မိစ္ဆာဂိုဏ်းတောင် ပြည်သူတွေကို ဆွဲမသွင်းသင့်ဘူးဆိုတာ သိတယ် …. ဒါပေမဲ့ တပ်ဖွဲ့စစ်သူကြီးက ငါတို့ကို ဓားစာခံအဖြစ် ခေါ်ထားတာပဲ။ အော့နှလုံးနာစရာပဲ ”
“ အရာရှိတွေရဲ့ အသက်က ပြည်သူတွေရဲ့အသက်ထက် ပိုအဖိုးတန်နေလို့လား။ ဒါက ဘယ်လိုသဘောတရားတုံး ”
လူများက ပိုပိုများလာကြသည်။ သိပ်မကြာခင် သူတို့အသံများက တစ်စတစ်စ ကျယ်လောင်လာကြသည်။
မာလုဖျင်က မျက်ခုံးလှုပ်လာသည်။ သူက အားလုံးကို သတ်နိုင်လောက်အောင် အားကြီးနေသော်လည်း သူ့အကျိုးအကြောင်းဆင်ခြင်စိတ်က ဉာဏ်ရှိသည့် လှုပ်ရှားမှုမဟုတ်ကြောင်း ပြောနေသည်။
ထိုစဉ် မာလုဖျင်နားထဲ အသံတစ်သံ ဝင်ရောက်လာ၏။ “ စစ်သူကြီး … ဒုစစ်သူကြီးမာ သေသွားပါပြီ ”
မာလုဖျင်က ထိုအရာကို ကြားကာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားသည်။ ထို့နောက် သူက လူအုပ်အား ကြည့်ကာ အော်ပြောလိုက်သည်။ “ရုတ်ရုတ်သဲသဲ လုပ်တဲ့လူတိုင်းကို သတ်ပစ်မယ် ”
အသံလှိုင်းက ပျံ့နှံ့သွားသည်။
အော်သံများလည်း ချက်ချင်းဆိုသလို ရပ်တန့်သွားကြ၏။
ပြည်သူများက မာလုဖျင်အား ကြောက်လန့်တကြား ကြည့်နေကြပြီး အသံပင် မထွက်ရဲကြတော့ပေ။
ပြည်သူတချို့က ငရဲဂိုဏ်းကို ဒီမြို့အား မြန်မြန် အုပ်စိုးနိုင်ဖို့အတွက် ဆုတောင်းနေကြသည်။
မာလုဖျင်က အမူအရာကင်းမဲ့စွာ ပြောလိုက်၏ “ သူတို့ကို စောင့်ကြည့်ထား။ ခွင့်ပြုချက်မရှိဘဲ ထွက်သွားဖို့ ကြိုးစားရင် သတ်ပစ်လိုက်”
“ဟုတ်ကဲ့”
……………..…
ထိုစဉ် အနီးအနားရှိ လမ်းကြားထဲ ယွီရှန်းရုန်က ထွက်ခွာသွားသည့် ရထားလုံးပျံကို မော့ကြည့်လိုက်သည်။ သူက လက်ပိုက်လျက် တခြားဘက်သို့ ဦးတည်သွားလိုက်၏။
……………………
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်မျှော်နန်းဆောင်
လုကျိုးက တစ်ရက်တာလုံး ကောင်းကင်ကျမ်းကို ဆင်ခြင်နေခဲ့သည်။ ထိုစဉ် သူက မျက်လုံးပွင့်လာခဲ့၏။
အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည် “ရှစ်စွင်း… ချီရှစ်တိဆီကနေ စာရောက်လာပါတယ်”
ကျွီ
လုကျိုး အခန်းမှ ထွက်လာပြီး မင်ရှစ်ရင်သည် အခန်းဝတွင် ရပ်နေသည်ကို မြင်လိုက်ရ၏။ သူက လက်ဝေ့လိုက်သည့်အခါ စာက သူ့လက်ထဲ ရောက်လာသည်။
လုကျိုးက စာကို ဖတ်ကြည့်ပြီးသည့်နောက်တွင် စိတ်ပျက်စွာ ပြောလိုက်၏ “သူက ငါ့ကို အရူးထင်နေတာလား ”
မင်ရှစ်ရင်က စာကို ဖတ်ပြီးသားဖြစ်သည့်အတွက် အခြေအနေကို သိထားသည်။ သူက ပြောလိုက်၏ “ရှစ်စွင်းရဲ့ ကျင့်ကြံဆင့်နဲ့ အံ့ဖွယ်မြို့တော်ထဲ ဝင်ပြီး လျိုကုကို ဘာလို့ မောင်းမထုတ်လိုက်တာလဲ။ ဒီနည်းနဲ့ဆိုရင် တာ့ရှစ်ရှိုးလည်း ဒီလောက်ပြဿနာတွေ မကြုံရတော့ဘူး”
“ … ” လုကျိုးက ဆွံ့အသွားသည်။
ငါလည်း လုပ်ချင်ပေမဲ့ မတတ်နိုင်လို့ပေါ့။
“အံ့ဖွယ်မြို့တော်ကို အဆုံးသတ်ဆယ်ပါး အစီအရင်နဲ့ကာကွယ်ထားတာ။ အဲလောက်မလွယ်ဘူး”
မင်ရှစ်ရင်က ခေါင်းရိုက်လိုက်ကာ “ဟုတ်သားပဲ … ရှစ်စွင်း ကျွန်တော်အဲဒါကို မေ့သွားတယ်။ ကျွန်တော်တို့ အဆုံးသတ်ဆယ်ပါး အစီအရင်ကို ဖျက်ဆီးပစ်ဖို့ ငရဲဂိုဏ်းရဲ့ အထောက်အပံ့ လိုတယ် ”
ဤနှစ်များစွာကြာသည့်တိုင် တော်ဝင်မိသားစုက အနိုင်မယူနိုင်ဘဲ ရပ်တည်လျက် ရှိ၏။ နန်းတော်ရှိ အဆင့်မြင့် ပညာရှင်များအပြင် အဆုံးသတ်ဆယ်ပါး အစီအရင်က အဓိကပါဝင်နေသည်။ တာ့ယန်၏ အဆင့်မြင့် ပညာရှင်တစ်ဝက်ကျော်လောက်က အံ့ဖွယ်မြို့တော်တွင် ရှိသည့်အကြောင်း ပြောလျှင် လွန်မည် မဟုတ်ပေ။
…
အခန်း (၅၆၁) ကျုပ်က ဖြတ်သွားရုံပဲ
“ခုနစ်စင်ကြယ်ကျောင်းတော်နဲ့ ကောင်းကင်ဦးစီးကျောင်းတော်တို့က တစ်ပြိုင်နက်တည်း လှုပ်ရှားကြမှာ။ တာ့ရှစ်ရှိုးက ယန်စီရင်စုကို မသိမ်းပိုက်နိုင်မှာစိုးရိမ်ရတယ်။ တာ့ရှစ်ရှိုးဘက်မှာ ဟွားချုံးယန်နဲ့ ချိရှစ်တိပဲရှိတာ။ ခုနစ်စင်ကြယ်ကျောင်းတော်က လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါ့အပြင် သူတို့ဖက်မှာ ဝေ့ကျိုးယန်ရှိနေတယ်” မင်ရှစ်ရင်က အရိုအသေပေးလျက် ပြောလိုက်သည်။
“ရှစ်စွင်း တာ့ရှစ်ရှိုးကို ကျေးဇူးပြုပြီး ကူညီပေးပါ”
“မင်းရဲ့တာ့ရှစ်ရှိုးက ခေါင်းမာတယ်။ သူက တခြားသူတွေကို ဝင်စွက်ဖက်ခွင့်ပြုမှာမဟုတ်ဘူး”
လုကျိုးကပြောလိုက်၏။
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုမှတော့ ကျွန်တော်တို့လောင်ဟွမ်းကို ပို့လို့ရတာပဲ။ ကျွန်းသခင်ဟွမ်းနဲ့ တာ့ရှစ်ရှိုးက ရင်းနှီးကြတာ သူအနားယူတာ လုံလောက်ပြီလို့ထင်တယ်။ သူ့ကို ဒီနေရာမှာ တစ်သက်လုံး မထားသင့်ဘူး” ထိုအခိုက်အတန့်တွင် မင်ရှစ်ရင်၏ နောက်မှချောင်းဟန့်သံပေါ်လာ၏။
“အစ်ကိုကျိ” ဟွမ်းရှစ်ကျဲသည် အရှေ့ဘက်မျှော်နန်းထဲဝင်လာချိန် သူ၏အမူအရာက မပြောင်းလဲပေ။
အနေခက်လိုက်တာ။ နှုတ်မထိန်းခြင်းက ဒုက္ခများစွာတွေ့စေနိုင်သည်ဟူသော စကားပုံရှိလေ၏။
မင်ရှစ်ရင်သည် အစောတုန်းက ဒီစကားများကိုပြောခဲ့သည့်သူက သူမဟုတ်သည့်ပမာ ဟွမ်းရှစ်ကျဲကို နှုတ်ဆက်လိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် ကျွန်းသခင်ဟွမ်း”
“မင်္ဂလာပါ”
လုကျိုးက ဟွမ်းရှစ်ကျဲကိုကြည့်ပြီးမေးလိုက်သည်။ “အနားယူဖို့စီစဉ်ထားလား ကျွန်းသခင်ဟွမ်း”
“ကူညီပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုကျိ” ဟွမ်းရှစ်ကျဲကပြန်ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယွီက အခု ယန်စီရင်စုကို ချီတက်နေတယ်လို့ ကြားမိတယ်။ အစ်ကိုကျိ စိတ်မရှိရင် ကျွန်တော်တစ်ချက် သွားကြည့်ချင်ပါတယ်”
ဟွမ်းရှစ်ကျဲက ထိုနေရာကို သွားကူညီချင်စိတ်ရှိတာ သဘာဝကျသည်။ သို့သော် သူ့ကို ထိုနေရာသို့ သူ့ဘာသာသူ သွားခိုင်းခြင်းက မလုံလောက်ပေ။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည် စီရင်စုကိုခုကို သိမ်းပိုက်စိုးမိုးရန်မလိုအပ်ပေ။ သို့သော် လက်ရှိအခြေအနေက အံ့ဖွယ်မြို့တော်က အဝိုင်းခံထားရပြီး တော်ဝင်မြို့တော်က ၎င်းကို မျက်ကွယ်ပြုနေမှာမဟုတ်ပေ။
ခဏတာ သူ့ဘာသာသူ ရေရွတ်ပြောပြီးနောက် လုကျိုးက ပြောလိုက်သည်။ "မလိုအပ်ဘူး”
“ဘာကြောင့် ဒီလိုပြောတာလဲ အစ်ကိုကျိ”
“ငါ ယွီကျန့်ဟိုင်ရဲ့ အရည်အချင်းကို ယုံကြည်တယ်” လုကျိုးက ပြန်ပြောလိုက်သည်။
“ကျွန်တော်က ဂိုဏ်းချုပ်ယွီရဲ့အရည်အချင်းကို သံသယဖြစ်နေတာမဟုတ်ဘူး။ အဲ့ဒါက ...”
ဟွမ်းရှစ်ကျဲက ပြောတာမပြီးသေးခင် လုကျိုးက လှည့်ထွက်သွားပြီးနောက်ပြောလိုက်၏။ “ဒီကိစ္စကို နောက်နေ့မှ ဆွေးနွေးမယ်”
...
နှစ်ရက်ကြာပြီးနောက်ဖြစ်သည်။
လုကျိုးသည် သူ့ထူးကဲစွမ်းအား၏တစ်ဝက် ပြန်ရလာတာကို အာရုံခံမိ၏။ သူ မြေကမ္ဘာစာလိပ် မရခင် စွမ်းအား အပြည့်အ၀ ဖြည့်တင်းထားသော ပမာဏနှင့် တူပေသည်။ ပြီးနောက် သူသည် အသက်ရှုလေ့ကျင့်ခန်းတချို့ကို လုပ်ခဲ့၏။
ကုန်လွန်ခဲ့သည့် ငါးလတာအတွင်း သူသည် မြေကမ္ဘာစာလိပ်ကို စူးစမ်းလျက် ဆင်ခြင်သုံးသပ်ခဲ့သည်။ သူ၏ကျင့်ကြံဆင့်က တိုးတက်လာခြင်း မရှိပေ။ ကံကောင်းသည်မှာ သူ့၌ ပွင့်ချပ်နှစ်လွှာရွှေကြာနှင့် ညီမျှသော ကုသိုလ်မှတ်တစ်သိန်း ရှိနေ၏။ သူက ထိုနှုန်းကို ကျေနပ်နေသည်။
လုကျိုးက ထရပ်ပြီး အကြောဆန့်လိုက်တော့သည်။
သူက အနောက်သို့သွားပြီး ပုရပိုက်ပုံတူဟောင်းကို ကြည့်လိုက်၏။ မြေပုံ၏ အစိတ်အပိုင်းအသစ်များက မပေါ်လာခဲ့ပေ။ ပြီးနောက် သူက အခန်းထဲကနေ လှည့်ထွက်သွားတော့၏။
သူသည် အရှေ့ဘက်မျှော်နန်းခန်းမထဲတွင် ရပ်လျက် ခြေလက်အကြောဆန့်လိုက်သည်။ ထိုစဉ် မင်ရှစ်ရင်က မျှော်နန်းထဲ ဝင်လာလေ၏။ သူက အရိုအသေပေးကာ ပြောလိုက်သည်။
“ရှစ်စွင်း ချိရှစ်တိက ခုနစ်စင်ကြယ်ကျောင်းတော်နဲ့ ကောင်းကင်ဦးစီးကျောင်းတော်တို့ ထွက်သွားပြီဆိုတဲ့အကြောင်း ပြောထားတဲ့ နောက်ထပ်စာတစ်စောင် ပို့လိုက်ပါတယ်”
လုကျိုးက မျက်မှောင်ကျုံ့လျက်ပြောလိုက်သည်။
“လျိုကုက ငါ့ကိုလျစ်လျူရှုထားဖို့ ယုံကြည်ချက်ကို ဘယ်နေရာကရတာလဲ။ ယွီကျန့်ဟိုင်ကို လျှော့တွက်တာက မိစ္ဆာဝေဟင်မျှော်နန်းကို လျှော့တွက်တာပဲ”
“ရှစ်စွင်း လျိုကုက အဆင့်မြင့်လေဟာနယ်လို ဓားတစ်လက်ကို ပိုင်ဆိုင်ထားမှတော့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က နန်းတော်ထဲမှာ တကယ်ရှိနေလောက်တယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
လုကျိုးစိတ်ထဲတစ်စုံတစ်ခုက မွှေနှောက်သွား၏။ “မင်း ဘာပြောလိုက်တာ”
မင်ရှစ်ရင်က ဒူးထောက်ကာ ပြောလိုက်တော့သည်။
“ရှစ်စွင်းက ပထမဆုံးသိုင်းပညာရှင်ပါ။ တခြားသူမရှိပါဘူး။ အဲ့ဒီသိုင်းပညာရှင်ဘယ်သူပဲဖြစ်ဖြစ် ရှစ်စွင်း သူတို့ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ဖယ်ထုတ်နိုင်ပါတယ်”
လုကျိုးက လက်တစ်ဖက်မြှောက်လျက် ဖြည်းဖြည်းချင်းပြောလိုက်တော့၏။
“မင်း ခုနတုန်းက ပြောခဲ့တာကိုပြန်ပြော”
“ရှစ်စွင်းက ပထမဆုံးပွင့်ချပ်ကိုးလွှာသိုင်းပညာရှင်"
“အဲ့ဒီရှေ့ကဟာ” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ ‘မင်းက ပုံမှန်ဆိုဉာဏ်ထက်ရဲ့သားနဲ့ ဒီနေ့ဘာကြောင့် တုံးအသလိုပြုမူနေတာလဲ’
“လျိုကုက အဆင့်မြင့်လေဟာနယ်လို ဓားတစ်လက်ပိုင်ဆိုင်ထားမှတော့ နန်းတော်ထဲမှာ ပွင့်ချပ်ကိုးလွှာသိုင်းပညာရှင် တကယ်ရှိနေနိုင်လောက်လား”
လုကျိုးသည် ယင်းက ဖြစ်နိုင်သည်ဟု ခံစားမိသွား၏။ ချပ်ဝတ်တန်ဆာ၊ နေ့စဉ်မှတ်တမ်း၊ အနီရောင်ခေါင်းတလား၊ အဆင့်မြင့်လေဟာနယ်၊ ခေါင်းတလားထဲရှိ အဆောင်များ အားလုံး နန်းတော်ထဲမှ လာသည်။
လျိုကုသည် တာ့ယန်၏ အံ့ဖွယ်မြို့တော်သို့ ပွင့်ချပ်ကိုးလွှာအကျော်အမော်တစ်ယောက် ရောက်လာခဲ့ဖူးကြောင်း ပြောခဲ့ဖူး၏။
ထိုလျှိုကောသည် တာ့ယန်၏ အံ့ဖွယ်မြို့တော်သို့အကျော်အမော်တစ်ယောက်ရောက်လာကြောင်း ပြောခဲ့ဖူးသည်။
ထိုအရာအပြင် လုကျိုးက အချက်တစ်ချက်ကို ကျော်ကြည့်ခဲ့မိ၏။ ရွှေကြာဖြတ်တောက်သည့်ခေတ်က စတင်ခဲ့တာ အချိန်အတော်ကြာ ကြာခဲ့လေပြီ။ ပွင့်ချပ်ရှစ်လွှာ သို့မဟုတ် ပွင့်ချပ်ကိုးလွှာအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်မည့် ပါရမီရှင်မရှိဟု မည်သူက ပြောနိုင်မည်နည်း။
ယခင်ဘဝ၌ ဆော့ခဲ့သည့်ဂိမ်းများကဲ့သို့ပင် သူ မည်မျှ ခက်ခက်ခဲခဲဆော့စေကာမူ ရက်အနည်းငယ်အတွင်း၌ အမြင့်ဆုံးအဆင့်ကို ရောက်နိုင်သည့် သူတောင်းစားအချို့ အနည်းငယ် ရှိတတ်သည်။ ရွှေကြာဖြတ်တောက်သည့်ခေတ် ဖြစ်လာသည်နှင့် ထိုအခွင့်အရေးက နေ့စဉ်နှင့်အမျှ တိုးလာ၏။
“ငါနဲ့အတူ ဟွမ်းရှစ်ကျဲကိုလိုက်ခဲ့ဖို့ပြောလိုက်” လုကျိုးက ပြောလိုက်သည်။
မင်ရှစ်ရင်သည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွား၏။ “ယန်စီရင်စုကို တိုက်ခိုက်ဖို့အတွက် တာ့ရှစ်ရှိုးက ကူညီပေးတော့မလို့လား”
“မဟုတ်ဘူး” လုကျိုးက လက်ရမ်းပြလိုက်၏။ “ငါက ဖြတ်သွားရုံပဲ”
“နားလည်ပါပြီ” မင်ရှစ်ရင်က နာခံလျက်လှည့်ထွက်သွားတော့၏။
လုကျိုးသည် ထိုမဟာကျောင်းတော်နှစ်ခုနှင့် ကျန်သည့်ဂိုဏ်းများကို သူ၏တပည့်အား အကောက်ကြံခွင့်မပြုပေ။
ကောင်းကင်ထဲတွင် နေမြင့်နေလေပြီး မိစ္ဆာဝေဟင်မျှော်နန်း၏တိမ်ခွင်းရထားလုံးသည် အရံအတားထဲကနေ ဖြည်းဖြည်းချင်းထွက်ခွာလာလျက် ယန်စီစု၏အနောက်ဖက်ခြမ်းသို့ ပျံသန်းသွားလိုက်သည်။
ယခုအခေါက်တွင် ထိုက်ရွှီကျောင်းတော်၏ အကျဉ်းသားသုံးဦးအပြင် လုကျိုး၊ မင်ရှစ်ရင်နှင့် ဟွမ်းရှစ်ကျဲတို့သာလျှင် ရထားလုံးပျံပေါ်၌ ပါလာ၏။
ဤနည်းဖြင့် ကျန်သည့်သူများက ကျင့်ကြံရာ၌ ကြိုးကြိုးစားစားကျင့်ကြံနိုင်၏။ သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် နေတာက သူတို့အတွက် ပိုဘေးကင်းသည်။ ထို့အပြင် သူတို့က အကူအညီ များများစားစား ဖြစ်စေမှာမဟုတ်။
ရထားလုံးပျံပေါ်၌ လုကျိုးသည် လက်နောက်ပစ်ထားလျက် မတ်တတ်ရပ်နေကာ သစ်သားပေါ်၌ ဒူးထောက်နေသော လူသုံးယောက်ကိုကြည့်လိုက်၏။
ကျိုးဝမ်လျန့်၊ ဝမ်းကျန်းရန်နှင့် ကျန့်ကုံးတို့က တုန်တုန်ယင်ယင်ဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်နေကြသည်။ သူတို့မလှုပ်ရှားရဲချေ။
သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ တစ်ချိန်လုံးချုပ်နှောင်ခံထားရသည်။ သူတို့က ကြောက်ကြောက်လန့်လန့်နေနေရပြီး စားဖို့ အနားယူဖို့ခက်ခဲနေလေ၏။ လူဆိုးများသည် သူတို့၏လေ့ကျင့်ရေးအတွက် သူတို့ကို သဲအိတ်များအနေဖြင့် အသုံးပြုလာလောက်သည်။ ယင်းက ခြောက်ခြားဖွယ် အတွေ့အကြုံ ဖြစ်၏။
ပဲ့ကိုင်နေသော မင်ရှစ်ရင်သည် သူတို့ကိုကြည့်ပြီးနောက် မေးလိုက်၏။ “ရှစ်စွင်း ဒီအမှိုက်တွေကို ဘာကြောင့်ခေါ်လာတာလဲ”
လုကျိုးက မဖြေနိုင်သေးခင် ဟွမ်းရှစ်ကျဲက ပြုံးပြီးပြောလိုက်သည်။
“ထိုက်ရွှီကျောင်းတော်က တော်ဝင်မိသားစုနဲ့ ကျောင်းတော်နှစ်ခုရယ်နဲ့အမြဲတန်းခင်မင်ရင်းနှီးနေတာ”
လုကျိုးက သူတို့သုံးယောက်ကိုကြည့်ပြီး ထူးမခြားနားပြောလိုက်လေ၏။ “မင်းတို့ အသက်ရှင်ချင်သလား”
ကျိုးဝမ်လျန့်က ချက်ချင်းပင် အားနည်းသွားလျက် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
“ဟုတ် ဟုတ်”
အရူးတစ်ယောက်သာလျှင် သူ့အသက်ကို စွန့်ပစ်လိုက်မည်။
“ဒီလိုဆိုရင် မင်းကို အခွင့်အရေးတစ်ခု ပေးမယ်” လုကျိုးကပြောလိုက်သည်။
“ဒီမဟာကျောင်းတော်နှစ်ခုက ယန်စီရင်စုကို သွားနေပြီ။ သူတို့ရဲ့ကျောင်းအုပ်တွေနဲ့တွေ့ချင်တယ်။ မင်းတို့သုံးယောက် ဒီတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်”
ကျိုးဝမ်လျန့်က ချက်ချင်းပင် တုံ့ပြန်လိုက်၏။
“စိတ်မပူပါနဲ့ မျှော်နန်းသခင်။ သေချာပေါက် လုပ်ပေးပါမယ်။ အခုချက်ချင်း သူတို့ဆီစာရေးလိုက်ပါ့မယ်”
နေ့ဝက်ခန့်ကြာပြီးနောက် တိမ်ခွင်းရထားလုံးသည် ယန်စီရင်စု၏အနောက်ဘက်နှင့် မိုင်ပေါင်းများစွာ ကွာဝေးသော တောင်ထွတ်တစ်ခု၌ ပေါ်လာ၏။
ရထားလုံးပျံဆင်းသက်လာပြီး ယင်းက ယန်စီရင်စုဆီသို့ ဦးတည်သွားခြင်းမရှိ။
လုကျိုးက ရထားပျံပေါ်တွင် ခပ်မတ်မတ်ထိုင်နေလျက် အဝေးရှိ ယန်စီရင်စုကို ငုံ့ကြည့်လိုက်သည်။ မြို့၏အပြင်ဖက်ကို ဝေဝါးဝါးသာ တွေ့ရသည်။
ကျိုးဝမ်လျန့်က တိုးသဲ့စွာပြောလိုက်၏။
“အကြီးအကဲကျိ ကျွန် ကျွန်တော် ခုနစ်စင်ကြယ်ကျောင်းတော်နဲ့ ဆက်သွယ်ခဲ့ပါတယ်”
“ငါ သိပြီ”
လုကျိုးသည် ကျိုးဝမ်လျန့်ကို မကြည့်ခဲ့ပေ။
ဟွမ်းရှစ်ကျဲကပြော၏။ “ဂိုဏ်းချုပ်ယွီရဲ့စိတ်နေသဘောထားအရ ယန်စီရင်စုကို သိမ်းပိုက်သင့်တာ ကြာနေပြီ။ ဒါတောင် ယန်စီရင်စုက အခုချိန်တိတ်ဆိတ်နေတယ်။ တစ်စုံတစ်ခုက သူ့ကို စိုးရိမ်ပူပန်စေတဲ့ပုံပဲ”
ကျောင်းတော်နှစ်ခုနှင့် ဝေ့ကျိုးယန်လှုပ်ရှားနေလေရာ ယွီကျန့်ဟိုင် သတိထားတာ သဘာဝကျသည်။ ဆိုရလျှင် သူက အရူးတစ်ယောက် မဟုတ်ပေ။
ခဏအကြာတွင် အံ့ဖွယ်မြို့တော်ဖက်ကနေ ဝတ်ရုံဖြူကျင့်ကြံသူများသည် များစွာသော တောင်ထွတ်များကနေ ပျံသန်းလာ၏။ သူတို့က မြန်ဆန်သောအရှိန်ဖြင့်ရောက်လာပြီး အထင်ကြီးဖွယ်ရောင်ဝါများ ရှိနေသည်။ သူတို့က နဂါးရှည်တစ်ကောင်ဖွဲ့တည်ထား၏။ သူတို့က ထိုနေရာ၌ ကျင့်ကြံသူတစ်ထောင်လောက်ရှိသည်။
“ရှစ်စွင်း ဒီမှာ သူတို့ရောက်လာပြီ” မင်ရှစ်ရင်က ရထားလုံးပျံပေါ်ကနေခုန်ဆင်းလိုက်ပြီး သူက တောင်ထိပ်ပေါ်၌ရပ်ကာ စိတ်လှုပ်ရှားနေပုံပေါ်၏။
“ရှစ်စွင်း ရှစ်စွင်းရဲ့ ပွင့်ချပ်ကိုးလွှာစွမ်းအားကို အခုသုံးပြီး သူတို့ကိုသတ်လိုက်။ ဒီနည်းနဲ့ဆို တာ့ရှစ်ရှိုးက အေးအေးဆေးဆေး အနိုင်ယူနိုင်ပြီ”
“...”
လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “ပေါက်တက်ကရတွေ တော်လိုက်။ ငါက အကြောင်းမရှိဘဲ လူသတ် တတ်တဲ့လူမဟုတ်ဘူး”
“နှုတ်ချော်မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါရှစ်စွင်း” မင်ရှစ်ရင်က အမြန်ပြောလိုက်၏။
"ရှစ်စွင်းက ကျိုးကြောင်းသင့်ပြီး ကိုယ်ကျင့်တရားရှိတဲ့လူပါ”
ဟွမ်းရှစ်ကျဲက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“ကျွန်တော် တခြားဘာကိုမှ မသိလောက်ပေမဲ့ အစ်ကိုက သည်းခံနိုင်မှု မြင့်မားတဲ့လူဆိုတာ ကျွန်တော်သိတယ်။ အစ်ကိုသတ်ခဲ့တဲ့သူတွေက အသတ်ခံရသင့်တယ်။ ဒါတွေက မိစ္ဆာတစ်ကောင်ဆိုရင် ဖန်းလိုင်ကျွန်းက မိစ္ဆာဝေဟင်မျှော်နန်းနောက်လိုက်ဖို့ဆန္ဒရှိပါတယ်”
ထိုစကားကို ကြားသောအခါ ကျိုးဝမ်လျန့်နှင့်ကျန်သည့်သူများ တုန်သွားကြတော့သည်။
ဖန်းလိုင်ကျွန်းကတောင် မိစ္ဆာဝေဟင်မျှော်နန်းကို ပံ့ပိုးပေးနေ၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ဆွဲဆောင်မှုက သိသာထင်ရှားလွန်းနေပြီ။ မိစ္ဆာဝေဟင်မျှော်နန်းသည် မွန်းတည့်ချိန်တွင် ထွက်ပေါ်လာသည့် နေတစ်စင်းပင်။ နောက်လိုက်နောက်ပါများစွာရှိတာ အံ့ဩစရာမကောင်းပေ။
ထိုစဉ် ဝတ်ရုံဖြူကျင့်ကြံသူတစ်ထောင်က အနားသို့ရောက်လာ၏။
ဝှစ် ဝှစ် ဝှစ်
ကျင့်ကြံသူများသည် တောင်ထိပ်နား၌ ရပ်လိုက်လေ၏။ သူတို့က စတုရန်းသဏ္ဌာန် နေရာယူထားလျက် သူတို့ခေါင်းကို ငုံ့ထားလိုက်သည်။
ကျိုးဝမ်လျန့်က သူတို့ကိုကြည့်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ချန်း ချန်းပေ့ကျိ သူတို့ကို ကျွန်တော်စကားပြောလိုက်မယ်”
“သွား” လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။ ကျိုးဝမ်လျန့်က နောက်ဆုံးသောအခိုက်အတန့်တွင် သစ္စာဖောက်သွားမှာကို သူ မစိုးရိမ်ပေ။ ကျိုးဝမ်လျန့်ကို သတ်ရန်သူ့၌ နည်းလမ်းများစွာရှိ၏။ ကျိုးဝမ်လျန့်က ပါးနပ်သည်ဆိုလျှင် ဤကဲ့သို့ ဦးနှောက်မရှိသည့်လုပ်ရပ်ကို လုပ်ရဲမှာမဟုတ်ပေ။
ကျိုးဝမ်လျန့်က မြေပြင်ပေါ် ဖော့နင်းလျက် အဝေးသို့ပျံသန်းသွားသည်။ “ထိုက်ရွှီကျောင်းတော်ရဲ့ ကျိုးဝမ်လျန့်က နှုတ်ခွန်းဆက်ပါတယ်”
ခုနစ်စင်ကြယ်ကျောင်းတော်၏တပည့်တစ်ထောင်က သူ့ဆီပြေးလာ၏။ သူတို့က ကောင်းမွန်စွာ လေ့ကျင့်ခံထားရကာ သူတို့၏လှုပ်ရှားမှုများက သေသပ်သည်။
ရှေ့တွင် ဦးဆောင်ပြီးရပ်နေသည့်သူက ခုနစ်စင်ကြယ်ကျောင်းတော်၏ ကျောင်းအုပ် ကျိုးယို့ချိုက်ပဲဖြစ်သည်။
“ကျိုးဝမ်လျန့် မင်း တကယ်ဒီမှာပဲ။ ထိုက်ရွှီကျောင်းတော်ရဲ့ကျောင်းအုပ်လင်းရှင်းက ငါ့ရဲ့ကျောင်းတော်နဲ့ဆက်ဆံရေးအမြဲတမ်းကောင်းခဲ့တာ။ အခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်ကြီး ယွီကျန့်ဟိုင်က မုန်တိုင်းတစ်ခုမွှေနှောက်နေပြီ။ မင်းနဲ့ငါက ပူးပေါင်းပြီး မိစ္ဆာဝေဟင်မျှော်နန်းကို ဖြေရှင်းသင့်တယ်” ကျိုးယို့ချိုက်ကပြော၏။
“အမ်း” ကျိုးဝမ်လျန့်က ငိုချင်စိတ်များ ပြည့်လာ၏။ လက်ရှိထိုက်ရွှီကျောင်းတော်၌ ကျောင်းတော်၌ ကျောင်းအုပ်မရှိ၊ အဓိက တပည့်များမရှိ၊ အရံအတားမရှိ။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ရင်ဆိုင်ရာ၌ မည်သည်ကို အသုံးပြုရမည်နည်း။ သူတို့က ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေတွင်မရှိပေ။ သူသည် ဒုတိယအကြီးအကဲဖြစ်သော်ငြား သူ့၌စွမ်းအားမရှိ။ ကူကယ်ရာမဲ့နေသည်။ အဆုံးကျ သူက ခေါင်းခါလျက် ပြောလိုက်တော့၏။ “ချန်းပေ့ ဟိုမှာကြည့်ဦး”
ကျိုးယို့ချိုက်သည် ကျိုးဝမ်လျန့်လက်ညှိုးထိုးပြသည့်ဖက်ကို ကြည့်လိုက်၏။ တောင်ထွတ်ပေါ်၌ တိမ်ခွင်းရထားလုံးပျံ၏တစ်ဝက်ကိုမြင်ရသည်။ သူက မျက်မှောင်ချက်ချင်းကျုံ့သွား၏။ ခဏအကြာတွင် သူက ကျောက်ဆောင်ပေါ်၌ ရပ်နေသော လူတစ်ယောက်ကိုတွေ့လိုက်သည်။
“မင်္ဂလာပါ ကျောင်းအုပ်ကျိုး ... ကျုပ်တို့ထပ်တွေ့ပြန်ပြီ”
ကျိုးယို့ချိုက်က မျက်မှောင်ကျုံ့လျက်မေးလိုက်သည်။ “မင်း ဘယ်သူလဲ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေး မင်ရှစ်ရင်” ကျိုးဝမ်လျန့်က ပြောပြ၏။ ကျိုးယို့ချိုက်က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ “ဒီတော့ ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးပဲ။ ဟေ့ တပည့်တို့”
“ဒီမှာပါ”
“သူ့ကို မြန်မြန်ဖြေရှင်းကြ။ သူ့ကို အသက်ရှင်လျက်လိုချင်တယ်။ သူနဲ့သာဆို ယွီကျန့်ဟိုင်ကို ဖြေရှင်းလို့ရပြီ။ ကျိုးဝမ်လျန့်လုပ်တာကောင်းတယ်။ ထိုက်ရွှီကျောင်းတော်က တစ်ခေတ်တစ်ခါတုန်းကလို မဟုတ်ပေမဲ့ ငါရှိနေသရွေ့ ထိုက်ရွှီကျောင်းတော်ကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး”
ကျိုးဝမ်လျန့် "..." ဘယ်လိုလုပ်ဒီဦးနှောက်နဲ့များ သူ ကျောင်းအုပ်ဖြစ်လာတာလဲ။
…