← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂) တခြားလူများ တိုက်ပွဲကို စောင့်ကြည့်ကာ အကျိုးမြတ်ယူခြင်း

ကျိုးဝမ်လျန့်က ထပ်မံ ငိုချင်စိတ် ပေါက်လာပြန်သည်။ သူက ကျိုးယို့ချိုက်ဘေးနား ပျံသန်းသွားလိုက်ပြီး အလျင်စလို ပြောလိုက်သည်။

“ကျောင်းအုပ်ကျိုး … ကျိ .. ကျိချန်းပေ့လည်း ဒီရောက်နေတယ်”

သူ့နောက်ဆုံးစကားလုံးက ခြင်တဝီဝီအသံလိုမျိုး ဖြစ်နေကာ ကြားနိုင်ရုံမျှ ဖြစ်၏။

ကျိုးယို့ချိုက်က မျက်လုံးပြူးသွားကာ ကျောချမ်းသွားပြီး “မင်း .. ”

အံ့ဖွယ်မြို့တော်၏ ယုံကြည်ချက်အရင်းအမြစ်က အဆုံးသတ်ဆယ်ပါး အစီအရင်နှင့် တော်ဝင်မိသားစု ဖြစ်၏။ ကျိုးယို့ချိုက်က မြို့တော်အပြင်ဘက်တွင် ငရဲဂိုဏ်းကို တိုက်ခိုက်နိုင်သော်လည်း မိစ္ဆာအိုကြီးကျိ၏ ပြိုင်ဘက်ဖြစ်ဖို့ အလှမ်းဝေးနေသေးသည်။

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာ၏။

“ ကျောင်းအုပ်ကျိုး ကျုပ်နဲ့ စကားမပြောချင်ဘူးလား ”

ကျိုးယို့ချိုက်က စိတ်ထဲ လေးလံသွားသည်။ သူက ကြောက်မက်ဖွယ် မကောင်းဆိုးဝါးနှင့် ရင်ဆိုင်ရသလိုမျိုး ခံစားနေရ၏။

သွေးပူနေသည့် ခုနှစ်စင်ကြယ်ဂိုဏ်းသားများက အစပိုင်းတွင် မင်ရှစ်ရင်ကို ဖမ်းဆီးဖို့ ပြင်ထားကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့က နောက်ဆုတ်လိုက်ကြ၏။

“ဒါက တကယ်ကြီး မိစ္ဆာအိုကြီးကျိလား ”

“နောက်ဆုတ်ဖို့ အသင့်ပြင်ကြ”

“ငါ ကြောက်တယ် .. ငါ မလုပ်နိုင်တော့ဘူး။ ငါတော့ သွားပါပြီ” ခုနှစ်စင်ကြယ်ဂိုဏ်းသား တစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့် ကမ္ဘာဦးချီ ထိန်းချုပ်မှု ကင်းမဲ့ကာ ဝေဟင်မှ ပြုတ်ကျလာသည်။

ကျိုးယို့ချိုက်က ထိုတပည့်အား လှည့်ကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။

“ဒီလိုမျိုး အားနည်းတဲ့ ဂိုဏ်းသားမျိုးရှိတာ ခုနှစ်စင်ကြယ်ကျောင်းတော်အနေနဲ့ ငါ ရှက်တယ်”

ကျောက်တုံးပေါ်တွင် ထိုင်နေသည့် မင်ရှစ်ရင်က ဆက်ပြောလိုက်သည်။ “ ကျောင်းအုပ်ကျိုး … လာပါဦး။ ကျုပ်ရှစ်စွင်းက စောင့်နေတယ်”

“…”

ခုနှစ်စင်ကြယ်ဂိုဏ်းသားများက မလှုပ်ရဲကြတော့ပေ။

ကျိုးဝမ်လျန့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျောင်းအုပ်ကျိုး ကျွန်တော် စိတ်မကောင်းပါဘူး။ အပေါ်ယံမှာတော့ ကျွန်တော်က ခင်ဗျားကို ဒီအထဲ ဆွဲသွင်းလိုက်သလိုမျိုး ဖြစ်သွားပေမဲ့ ဒါကို သေချာစဉ်းစားကြည့်လိုက်ရင် ခင်ဗျားသာ အခုယန်စီရင်စုကို သွားကူညီလိုက်ရင် ကျိချန်းပေ့က တခြားလူတွေ တိုက်ခိုက်တာကို စောင့်ကြည့်သလို ဖြစ်သွားမှာပဲ။ အကျိုးမြတ်ပဲ သိပြီး နောက်ကွယ်က အန္တရာယ်က မသိသလို ဖြစ်သွားလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ရင်ဆိုင်နိုင်မယ် ထင်နေလား ”

ကျိုးယို့ချိုက်က စိတ်ထဲ ပိုမိုလေးလံသွားသည်။ သူက ထိုအရာကို ကြားရ၍ မပျော်ရွင်သော်လည်း ကျိုးဝမ်လျန့်က အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်၏။ သူက ပျံသန်းသွားလိုက်ပြီးနောက် အော်ပြောလိုက်သည် “ခုနှစ်စင်ကြယ်ဂိုဏ်းသားတို့ ငါ့အမိန့်ကို နာခံကြ”

“ဟုတ်ကဲ့ ကျောင်းအုပ်”

“အားလုံး ဒီမှာစောင့်နေကြ။ ငါ့အမိန့် မရှိဘဲ မလှုပ်ရှားကြနဲ့ ”

“ဟုတ်ကဲ့”

ကျိုးယို့ချိုက်က မင်ရှစ်ရင်ဆီ ပျံသန်းသွားလိုက်သည်။

ကျိုးဝမ်လျန့်လည်း နောက်မှ လိုက်ပါလာ၏။

သိပ်မကြာခင် သူတို့က မင်ရှစ်ရင် ရပ်နေသည့် တောင်ထိပ်နား ရောက်လာကြသည်။

မြင်ကွင်းနှင့် ပတ်ဝန်းကျင်က သာယာလွန်းလှသည်။ နေဆီမှ ကာပေးထားသည့် အရိပ်ရ သစ်ပင်များစွာလည်း ရှိနေ၏။ သစ်ပင်များမှ သစ်ရွက်များက ကြွေကြနေကြသည်။ သစ်ပင်ကြီးအောက်တွင် အကြီးအကဲနှစ်ယောက်က ထိုင်ခုံပေါ် ထိုင်ရင်း စကားစမြည် ပြောနေကြသည်။

ကျိုးယို့ချိုက်က ကျောက်တုံးကြီးပေါ် တက်လာပြီးနောက် လူအိုကြီးနှစ်ယောက်ကို မြင်သည့်အခါ မျက်လုံးမပြူးဘဲ မနေနိုင်တာ့ပေ။ သူက တံတွေးမျိုချလိုက်ပြီးနောက် လှည့်ထွက်ဖို့ ပြင်လိုက်သည်။

“မင်း ထွက်သွားရင် ခုနှစ်စင်ကြယ်ဂိုဏ်းကို နောင်ကျ သေချာပေါက် ရှင်းထုတ်ပစ်မယ်” လုကျိုး၏ အသံက အားပြင်းလှသည်။

ကျိုးယို့ချိုက်က တုန်တုန်ယင်ယင် ဖြစ်သွားသည်။ သူက ချက်ချင်း ရပ်တန့်လိုက်၏။

အံ့ဖွယ်မြို့တော်၏ အခြေအနေက မရှင်းသေးပေ။ ဧကရာဇ်က ခုနှစ်စင်ကြယ်ကျောင်းတော်အား ပွင့်ချပ်ထွက်ဆေးလုံး ဖော်စပ်ဖို့ အသုံးချနေပြီး အုပ်ချုပ်ရေး၌ စိတ်ဝင်စားခြင်း မရှိပေ။ မိစ္ဆာဝေဟင်မျှော်နန်းက မွန်းတည့်နေကဲ့သို့ ဖြစ်နေပြီး ငရဲဂိုဏ်းက အကြီးမြတ်ဆုံး မိစ္ဆာဂိုဏ်း ဖြစ်၏။ အကယ်၍ အံ့ဖွယ်မြို့တော်သာ ကျရှုံးသွားလျှင် ခုနှစ်စင်ကြယ်ဂိုဏ်းက မည်သို့တည်ရှိမည်နည်း။

“ကျောင်းအုပ်ကျိုး စိတ်မပူပါနဲ့။ ကျုပ်ရှစ်စွင်းက အပြစ်မဲ့တဲ့ လူတွေကို မသတ်ပါဘူး။ ခင်ဗျားသာ နာခံနေရင် ဘာလို့အသတ်ခံရမှာလဲ။ ဒါပေမဲ့ ခင်ဗျား တစ်ခုခု လုပ်ဖို့ ကြံနေရင်တော့ သေသွားရင်တောင် တခြားဘယ်သူ့ကိုမှ အပြစ်တင်မနေနဲ့” မင်ရှစ်ရင်က ပေါ့ပြက်ပြက်ဖြင့် ပြောလိုက်သည်။

ကျိုးယို့ချိုက်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လုကျိုးတို့ရှိရာဆီ လျှောက်လှမ်းလာလိုက်သည်။

လုကျိုးက လက်ဝေ့ကာ ပြောလိုက်၏ “ ထိုင်ပါ ”

မင်ရှစ်ရင်က ရထားလုံးပျံဆီ ပျံသန်းသွားကာ ထိုင်ခုံတစ်လုံး ထုတ်လာသည်။

ဟွမ်းရှစ်ကျဲက လက်နှစ်ဖက်ယှက်လိုက်ပြီး “ ဖန်းလိုင်ကျွန်းက ဟွမ်းရှစ်ကျဲက ကျောင်းအုပ်ကျိုးကို နှုတ်ခွန်းဆက်သပါတယ်။ ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ် ”

“ကျွန်းသခင်ဟွမ်း မင်္ဂလာပါ” ကျိုးယို့ချိုက်က တောင့်တောင့်တင်းတင်း အမူအရာဖြင့် ထိုင်ချလိုက်သည်။

လုကျိုးက အပြင်ဘက်မှ တပည့်အယောက်တစ်ထောင်အား ကြည့်ကာ ပြောလိုက်၏။

“ကျုပ်က အကျိုးအကြောင်းသိတဲ့လူပါ။ ဘယ်တော့မှ အပြစ်မဲ့တဲ့လူတွေကို မသတ်ဘူး။ ရန်သူဆိုရင်တော့ ချုပ်ထိန်းမထားတော့ဘူး ”

ထိုစကားက ကျိုးယို့ချိုက်အား တုန်ယင်သွားစေသည်။ သူက သတ္တိစုစည်းကာ မေးလိုက်၏။

“ကျိချန်းပေ့က ယန်စီရင်စု ကိစ္စထဲ ဝင်ပါတော့မလို့လား ”

“ အဲဒီအတွက် အချိန်မရှိဘူး။ ငါက ဖြတ်သွားရုံပဲ။ ယွီကျန့်ဟိုင်က ငါ့ကို သစ္စာဖောက်သွားပေမဲ့ ငါ့တပည့် ဖြစ်နေတုန်းပဲ။ သူ ယန်စီရင်စုကို အုပ်စိုးနိုင်မလား သိချင်မိတယ်”

ကျိုးယို့ချိုက် “ … ”

သူက ဒီကို လာကြည့်ရုံတဲ့လား ….

ထိုစဉ်

ဒုန်း

ယန်စီရင်စုမှ မိုးခြိမ်းလုမတတ် အသံကျယ်ကြီး ထွက်လာသည်။

မီးပန်းလို စွမ်းအင်ဓားမော့များကလည်း လေထဲ ထွက်ပေါ်လာသည်။

ကျိုးယို့ချိုက်က ချက်ချင်း ထရပ်လိုက်သည်။ သူက အဝေးတစ်နေရာမှ ယန်စီရင်စုကို ကြည့်ရင်း မျက်လုံးပြူးသွားသည်။

ခုနှစ်စင်ကြယ်ဂိုဏ်းသားများကလည်း ယန်စီရင်စုဘက်ရှိရာ လှည့်ကြည့်လိုက်ကြသည်။

လုကျိုးက ကျိုးယို့ချိုက်ကို ကြည့်ကာ ပြောလိုက်သည်။ “ထိုင်”

ကျိုးယို့ချိုက်က သူ့ခြေထောက်ကို ကတ်တီ တစ်ထောင် အလေးချိန်ရှိ ကျောက်တုံးနှင့် ချည်နှောင်ထားခံရသလို ခံစားလိုက်ရသည်။ သူက မလှုပ်နိုင်ပေ။

လုကျိုးက ကျိုးယို့ချိုက်သည် ရပ်နေဆဲ ဖြစ်သည်ကို မြင်သည့်အခါ သက်ပြင်းချလိုက်ရင်း “ တကယ်လို့ မင်း ထွက်သွားချင်ရင် ငါ မင်းကို တားမှာ မဟုတ်ဘူး”

မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။

အကျိုးမြတ်ရဖို့ လိုက်လျောပေးတဲ့ ရှစ်စွင်းရဲ့ လှုပ်ရှားမှုက တကယ်မိုက်တယ် …

ကျိုးယို့ချိုက်က ခြိမ်းခြောက်မှုမှန်း သိနေလျက်နှင့် မည်သို့ လှုပ်ရှားရဲမည်နည်း။

ဟွမ်းရှစ်ကျဲက ပြုံးလိုက်ပြီး “ညီအစ်ကိုကျိုး ဘာတွေအလျှင်လိုနေတာလဲ။ ရှုခင်းကြည့်ရင်း အတိတ်နဲ့ လက်ရှိ အဖြစ်အပျက်တွေ စကားစမြည် ထိုင်ပြောရတာ မကောင်းဘူးလား ”

ကျိုးယို့ချိုက်က ရွေးချယ်စရာမရှိဘဲ ထိုင်လိုက်သည်။ ထိုစဉ် သူ့မျက်နှာက အနီရောင်သမ်းနေ၏။

“ခုနှစ်စင်ကြယ်ကျောင်းတော်က တာ့ယန်ထဲမှာ အရက်ရောဆုံး ကျောင်းတော်ပဲ။ ကျားမ မရွေး၊ အသက်အရွယ်မရွေး၊ အခြေအနေ မရွေး ခုနှစ်စင်ကြယ်ကျောင်းတာ်က အားလုံးကို တန်းတူဆက်ဆံတယ်။ အဲဒါကြောင့် ကျောင်းတော်က နာမည်ကြီးနေတာပေါ့။ တကယ်လို့ တော်ဝင်မိသားစုဝင်တစ်ယောက်ယောက်က ကျောင်းတော်ကို ရောက်လာရင်တောင် တခြားတပည့်တွေလိုမျိုးပဲ ဖြစ်ဦးမှာပဲ။ ကျောင်းအုပ်ကျိုး ကျောင်းတော်ရဲ့ လေ့ကျင့်မှုက ပြောင်းလဲသွားတယ်လို့ ထင်မိလား”

ကျိုးယို့ချိုက်က ထိုအရာကိုကြားပြီး အံ့အားသင့်သွားသည်။

လွန်ခဲ့သည့်နှစ်များစွာက ခုနှစ်စင်ကြယ်ကျောင်းတော်သည် တာ့ယန်၏ အံ့ဖွယ်မြို့တော်ထဲ အကြီးဆုံး ကျောင်းတော် ဖြစ်ခဲ့သည်။ သူတို့တွင် အဆင့်မြင့် ပညာရှင်အမြောက်အများ ရှိခဲ့ပြီး တခြားသူများအား အပါ်စီးမှ ငုံ့ကြည့်နိုင်ခဲ့၏။ ဧကရာဇ်ဓား၊ ဧကရာဇ်ယုံရှို့၊ လျူကောနှင့် မော့ပေမှ ရှေးဟောင်းသူတော်စင်ဂိုဏ်း၏ ကျူးထျန်းယွမ်တို့က ခုနှစ်စင်ကြယ်ကျောင်းတော်၏ ကျောင်းသားများ ဖြစ်ခဲ့သည်။ ကံဆိုးစွာဖြင့် ကျောင်းတော်သည် လတ်တလောခုနှစ်များအတွင်း လူအင်အား ပြတ်လပ်လာပြီး တပည့်များ၏ အရည်အချင်းမှာလည်း မျိုးဆက်အလိုက် ယုတ်လျော့လာသည်။ ထိုအရာက ဖြည်းဖြည်းချင်း တော်ဝင်ကျောင်းတော် ဖြစ်လာခဲ့ပြီး တော်ဝင်မိသားစု၏ အကူမျှသာ ဖြစ်လာခဲ့သည်။

ဝုန်း

ယန်စီရင်စု၏ အစီအရင်က ထပ်မံ လင်းလက်သွားပြန်သည်။

တောင်ထိပ်မှ ကြည့်လိုက်လျှင် မြို့သည် ထိုးဖောက်မြင်နေရသည့် ဧရာမပန်းကန်လုံးဖြင့် အုပ်ထားသလို ပေါ်နေ၏။

ယန်စီရင်စုမြို့မှ ကျင့်ကြံသူများစွာက ထွက်လာပြီး မြို့တံတိုင်းဆီ ဦးတည်လာကြသည်။

ယန်စီရင်စုထဲ ယခုအခါ အုတ်အော်သောင်းနင်း ဖြစ်နေလေသည်။

ကျိုးယို့ချိုက်က လက်သီးကို အဖြူရောင်ပြောင်းသည့်အထိ ဆုပ်ထားလိုက်သည်။

ခုနှစ်စင်ကြယ်ကျောင်းတော်က တော်ဝင်မိသားစုအပေါ် သစ္စာရှိသင့်ပေသည်။ သို့သော် ကျိုးယို့ချိုက်အနေဖြင့် ငရဲဂိုဏ်းက ယန်စီရင်စုအား တိုက်ခိုက်နေသည်ကိုသာ ထိုင်ကြည့်နေရသည်။ သူက ကူကယ်ရာမဲ့နေ၏။

လုကျိုးက ကျိုးယို့ချိုက် စိတ်ထဲ ပဋိပက္ခကို မြင်သည့်အခါ ပြောလိုက်သည်။

“ တပ်ဖွဲ့စစ်သူကြီး မာလုဖျင်က ဉာဏ်များပြီးတော့ ရက်စက်တယ်။ သူက ရည်မှန်းချက်ပြည့်ဖို့ ဘာမဆို လုပ်လိမ့်မယ်။ သူက ယွီကျန့်ဟိုင်ကို ခြိမ်းခြောက်ဖို့ ပြည်သူတွေကို ဓားစာခံအနေနဲ့ အသုံးပြုခဲ့သေးတယ်။ ငါ့ရဲ့ ငမိုက်သားတပည့်က မိစ္ဆာလမ်းစဉ်က ဆိုပေမဲ့ သူက ကျင့်ဝတ်မရှိတဲ့ လူ မဟုတ်ဘူး။ ခုနှစ်စင်ကြယ်ကျောင်းတော်က လူတွေကို ပညာသင်ကြားပေးတဲ့နေရာ … လူတွေရဲ့ အသက်နဲ့ အလောင်းအစားလုပ်တာ မှန်ကန်တယ်လို့ ထင်လား”

ကျိုးယို့ချိုက်က မျက်မှောင်ကြုတ်ကာ “အဲလိုလား”

မင်ရှစ်ရင်က ပြောလိုက်သည်။

“ကျုပ်တို့ကို မယုံဘူးမလား။ ငရဲဂိုဏ်းက အချိန်တိုအတွင်း အဖွဲ့သားသိန်းချီ ရသွားတာ ခင်ဗျားတို့ကြောင့်လည်း ပါနေတာမလား”

ကျိုးယို့ချိုက်က ကြောင်အမ်းသွားသည်။ သူတို့တွင် ရွေးချယ်စရာ ရှိနေပါက မည်သူကများ ထိုလမ်းစဉ်ကို ရွေးလိုမည်နည်း။ သူကလက်သီးဆုပ်ကာ “ အဲဒါက မတူပါဘူး။ မာလုဖျင်ရဲ့ အကြောင်းကို ဧကရာဇ်ဆီ သတင်းပို့လိုက်ပါ့မယ်။ ဒါပေမဲ့ ငရဲဂိုဏ်းက တိုင်းပြည်တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေတာကိုတော့ ယွီကျန့်ဟိုင်ရဲ့ ရှစ်စွင်းအနေနဲ့ ကျိချန်းပေ့ ဘာမှမလုပ်ဘူးလား ”

ကျိုးယို့ချိုက်က ခုနှစ်စင်ကြယ်ကျောင်းတော်တွင် ရှိစဉ် ယွီကျန့်ဟိုင်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ အကြီးမားဆုံး သစ္စာဖောက်ဖြစ်ကြောင်း ကြားခဲ့ရသည်။ ဆရာတပည့်ကြား ပဋိပက္ခဖြစ်ခဲ့ကြသည်။ ယနေ့အထိ မိစ္ဆာဝေဟင်မျှော်နန်းက ငရဲဂိုဏ်းကို ထောက်ပံ့ပေးခြင်းမျိုး မရှိပေ။ ထို့ကြောင့် သူက ရဲတင်းစွာ မေးလိုက်ရခြင်း ဖြစ်၏။

လုကျိုးက ပြောလိုက်၏။ “မင်း ပြောသလိုမျိုးပဲ ကိစ္စတွေက မတူဘူးလေ။ ယွီကျန့်ဟိုင် ငါ့ကို သစ္စာဖောက်တဲ့အတွက် ဖြေရှင်းမယ်။ အဲဒါကို ဘာမှစိတ်ပူစရာ မလိုဘူး။ ဒါပေမဲ့ … လောကကို အုပ်စိုးလိုတာက ယွီကျန့်ဟိုင်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ပဲ။ အဲဆိုတော့ ကျောင်းအုပ်ကျိုး မင်းလည်း ဆရာတစ်ယောက်ဆိုတော့ နားလည်မှာပါ။ မဟုတ်ရင် ခုနှစ်စင်ကြယ်ကျောင်းတော်က ဧကရာဇ်ယုံရှို့ လောကကြီးထဲ အနှောင့်အယှက် လုပ်နေတာကို ဘာလို့ခွင့်ပြုထားမှာလဲ ”

တခြားနည်းဖြင့်ဆိုရလျှင် သူ့အနေနှင့် စံနှစ်မျိုး မရှိသင့်ပေ။

…

အခန်း (၅၆၃) အစ်ကိုကျိကို စော်ကားခြင်း

ခုနစ်စင်ကြယ်ကျောင်းတော်၏တပည့်များသည် လောကကြီးကို မှန်ကန်အောင်ပြင်ခွင့်ရှိမည်ဆိုလျှင် သူ၏တပည့်သည်လည်း တူညီသည့်သဘောတရားကို အဘယ်ကြောင့်ပြုလုပ်ခွင့်မရှိဘဲ နေမည်နည်း။

ကျိုးယို့ချိုက်က ဆွံ့အသွား၏။

“ငရဲဂိုဏ်းက မိစ္ဆာလမ်းစဉ်ပဲ။ မိစ္ဆာလမ်းစဉ်က အရာအားလုံးက ကောင်းကင်ကိုဆန့်ကျင်နေတယ်။ လူတွေက အုပ်ချုပ်သူအပြောင်းအလဲကို ငြင်းဆန်ကြမှာ စိတ်မပူဘူးလား”

“ဪ အခုမင်းက လူတွေအကြောင်းစဉ်းစားနေပြီပေါ့”

ဆိုရိုးစကားရှိသည့်အတိုင်း ရေသည် လှေကို ပေါလောပေါ်နေအောင်ထိန်းထားနိုင်သော်ငြား ယင်းကိုလည်း မြှုပ်ပစ်နိုင်၏။ ရှေးယခင်ကာလတည်းက ဘယ်တော့မှ မပြောင်းလဲသည့် အမှန်တရားပဲဖြစ်သည်။

ကျင့်ကြံသူများသည် သေမျိုးများကို ဖျက်ဆီးနိုင်သည့်စွမ်းအား ရှိကြသော်ငြား ကျင့်ကြံခြင်းလောက၏ သွေးသစ်သည် သေမျိုးများပေါ်၌ တစ်သက်လုံး မူတည်နေပေသည်။ ဖိနှိပ်မှုဆက်လက်ဖြစ်ပွားနေလျှင် အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများဖြစ်လာသော သေမျိုးများသည် သူတို့စွမ်းအားများရလာသည်နှင့် သူတို့ကို တစ်ခါက နင်းခြေခဲ့သည့် ကျင့်ကြံသူများကို တန်ပြန်တိုက်ခိုက်လိမ့်မည်။ တောအုပ်ထဲရှိ တိရစ္ဆာန်များကတောင် ရှင်သန်ခြင်း၏ အခြေခံသဘောတရားကို နားလည်ပေရာ လူသားများဆိုပိုဆိုးပေ၏။ ယင်းက လူသားများသည် မျိုးဆက်များစွာ၏သွေးများပေးဆပ်ပြီးနောက် သင်ယူရရှိထားသည့် သင်ခန်းစာများပဲဖြစ်သည်။

“ယွီကျန့်ဟိုင်သာ အရပ်သားတွေကို ထိခိုက်အောင် မလုပ်ဘူးလို့ ဘယ်လိုလုပ် အာမခံနိုင်တာလဲ ချန်းပေ့ကျိ” ကျိုးယို့ချိုက်က မေးလိုက်သည်။

အမှန်တကယ်တွင် မည်သူမှ အာမမခံနိုင်ပေ။ စစ်ဖြစ်လျှင် သေကြေပျက်စီးမှုအမြဲတမ်း ရှိ၏။ သို့သော်ငြား လုပ်ရပ်တစ်ခုလုံးကို အနည်းဆုံးတော့ မှန်ကန်ကြောင်းပြသင့်သည်။

လုကျိုး မဖြေနိုင်သေးခင် မင်ရှစ်ရင်ကပြောလိုက်၏။ “မင်းက အရှက်မရှိလိုက်တာ။ မာလုဖျင်က လူသားတွေနဲ့ နတ်ဘုရားတွေရဲ့ အမျက်ဒေါသကို ဖြစ်စေတဲ့လုပ်ရပ်ကို လုပ်ပြီးနေပြီ။ ဒါတောင် မင်းက အဲဒါကို မျက်ကွယ်ပြုထားတယ်။ ကျုပ်ရဲ့တာ့ရှစ်ရှိုးက ဒီလိုကိစ္စမလုပ်ရသေးဘူး။ ဒါတောင် သူ လုပ်လာမှာလို့ ယူဆနေတယ်။ ဒါဘယ်လို သဘောတရားလဲ”

“…” ကျိုးယို့ချိုက်က ပြန်မပြောနိုင်ပေ။

“ဒါ့အပြင်တော်ဝင်မိသားစုက မိစ္ဆာဝေဟင်မျှော်နန်းကို ခပ်တင်းတင်းပဲရန်စခဲ့တယ်။ ကျုပ်ရဲ့ရှစ်စွင်းက ဒီနေရာမှာ ခင်ဗျားတို့အားလုံးကို မသတ်ဘဲ ကျုပ်တာ့ရှစ်ရှိုးအတွက် လမ်းကြောင်း မရှင်းပေးတာကတင် အလွန်သက်ညှာရာ ရောက်နေပြီးပြီ။ ခင်ဗျားက ခုနစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျောင်းအုပ် ဖြစ်နေတာကြောင့်နဲ့ ဒီမှာထိုင်ပြီး ကျုပ်ဆရာနဲ့ စကားအချေအတင် ပြောခွင့်ရှိလိမ့်မယ်လို့ မတွေးနဲ့။ ကျုပ်ရဲ့ရှစ်စွင်းက ကိုယ်ကျင့်သိက္ခာရှိတဲ့ အကျိုးအကြောင်းသင့်တဲ့လူ မဟုတ်ခဲ့ရင် ခင်ဗျားအစောတည်းက အရိုက်ခံခဲ့ရပြီးပြီ”

“…”

ကျိုးဝမ်လျန့်၊ ဝမ်ကျန်းရန်နှင့် အနားတွင်ရပ်နေသော ကျန့်ကုံးတို့က တုန်ယင်သွား၏။ ထိုဖော်ပြချက်က အနည်းငယ်အနေခက်စေပုံပေါ်၏။ ရယ်စရာပဲ။ လူဆိုးတစ်ယောက်က အကျိုးအကြောင်းနဲ့ကိုယ်ကျင့်သိက္ခာအကြောင်းပြောနေတယ်။ မည်သို့ပင်ဆိုစေကာမူ ယင်းက အပူချိန်ကို လျော့ကျသွားစေ၏။ သို့သော် ယင်းက သူပြောတာအဓိကကျပေသည်။ မိစ္ဆာအိုကြီးက ပြဿနာကို ဖြေရှင်းချင်လျှင် ကျိုးယို့ချိုက်ကို တစ်ချက်တည်းဖြင့် ရိုက်သတ်ခြင်းက ပိုထိရောက်သည့် နည်းလမ်း ဖြစ်သည် မဟုတ်ပါလော။

ဖုန်း

လေထဲ၌ မိုးခြိမ်းသံက ထပ်မံထွက်ပေါ်လာပြီးနောက် ယန်စီရင်စု၏ အရံအတားသည် နောက်ဆုံး၌ ဖန်ပမာကွဲသွားတော့သည်။ ယန်စီရင်စုကို ကာကွယ်ပေးနိုင်သည့်အရာမရှိတော့ပေ။

ငရဲဂိုဏ်းသားတစ်သောင်းကျော်က မြို့ထဲတစ်ဟုန်ထိုးဝင်လာကြသည်။ မြို့ထဲပျံသန်းနေသော ကျင့်ကြံသူများသည် ချက်ချင်းပင် စတင်သတ်ဖြတ်ကြတော့၏။

မြို့ထဲတွင် မီးခိုးများတက်လာသည်။ လူအများနေရာအနှံ့အသတ်ခံနေရသည်။

စစ်ပွဲများက အမြဲတစေရက်စက်လွန်းလှပေ၏။

ကျိုးယို့ချိုက်က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်လျက် ခေါင်းခါလိုက်သည်။

ထိုစဉ် လုကျိုးက လှည့်လာပြီး ကျိုးဝမ်လျန့်ကိုမေးလိုက်၏။

“ဒီနေရာကို ကောင်းကင်ဦးစီးကျောင်းတော်က ဘယ်အချိန်ရောက်မလဲ”

ကျိုးဝမ်လျန့်ကဖြေလိုက်သည်။

“ကျွန်တော် ကောင်းကင်ဦးစီးကျောင်းတော်ကို ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီရဲ့ကျောင်းအုပ်က ဘဝင်မြင့်နေတာ။ ကျွန်တော်က ထိုက်ရွှီကျောင်းတော်ရဲ့ ဒုတိယအကြီးအကဲလေးပဲဆိုတော့ သူ မတွေ့မှာစိုးရိမ်ရတယ်”

လုကျိုးသည် ကျိုးယို့ချိုက်ကိုကြည့်ပြီးပြောလိုက်သည်။ “ကောင်းကင်ဦးစီးကျောင်းတော်က ခုနစ်စင်ကြယ်ကျောင်းတော်နဲ့ယှဉ်ရင် ဂုဏ်ပိုမြင့်တာပဲ”

ကျိုးယို့ချိုက်ကပြောလိုက်၏။ “တကယ်ပဲ မုန့်လျန်ဖေးက ဝင့်ကြွားတယ်။ ယန်စီရင်စုမှာ တိုက်ပွဲကဖြစ်နေပြီးပြီ။ သူ လာမယ်လို့မထင်ဘူး။ ကျုပ် ထင်တာမမှားရင် သူက မာလုဖျင်ကို ကူညီဖို့အတွက် ယန်စီရင်စုကို ကမန်းကတန်းသွားနေလောက်ပြီ”

ကျန်သည့်သူများသည် ယန်စီရင်စုမြို့ထဲရှိ ပြင်းထန်သော တိုက်ပွဲကိုကြည့်နေ၏။ အရံအတားမရှိဘဲ စွမ်းအင်ဓားသွားများ၊ စွမ်းအင်ဓားများကို မြို့ထဲနေရာအနှံ့မြင်နိုင်သည်။

ထိုစဉ် ငရဲဂိုဏ်း၏ရထားလုံးပျံက ဖြည်းဖြည်းချင်းတက်လာလျက် လူပေါင်းဒါဇင်ချီကို ဖယ်ရှားလိုက်သည်။

“ကောင်းကင်ဦးစီးကျောင်းတော်က တပည့်တွေကို ဘယ်နေရာမှမတွေ့ရဘူး”

မင်ရှစ်ရင်က ပြောလျက် ယန်စီရင်စုကို ကြည့်လိုက်သည်။ “ကြည့်ရတာ တာ့ရှစ်ရှိုးနိုင်နေတဲ့ပုံပဲ”

ကျိုးယို့ချိုက်၏အမူအရာကို ဖတ်၍မရပေ။ သူ မလှုပ်ရဲချေ။ အပြင်ဖက်၌ သူ့ကိုစောင့်နေသော တပည့်တစ်ထောင်ကတောင် လှုပ်ရှားခြင်းမရှိပေ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရှေ့၌ မည်သူကများ သူတို့သေတွင်းထဲ တိုးဝင်သွားရလောက်အောင် သတ္တိရှိမည်နည်း။

ထိုစဉ် တောင်တန်းများကြား သူတို့ဆီသို့ ဝတ်ရုံပြာဖြင့်ကျင့်ကြံသူတစ်ယောက်က ပျံသန်းလာ၏။

“ကောင်းကင်ဦးစီးကျောင်းတော်က တစ်ယောက်ယောက်ပဲ” မင်ရှစ်ရင်ကပြောလိုက်သည်။

“ကျုပ် သူ့ကိုသွားတွေ့လိုက်မယ်” ကျိုးဝမ်လျန့်က စေတနာ့ဝန်ထမ်းလုပ်တော့သည်။ သူက ပျံသန်းလျက် လေထဲ၌ ရောက်လာသည့်လူသစ်ကိုဆီးကြိုလိုက်သည်။

“ကျုပ်က ထိုက်ရွှီကျောင်းတော်ရဲ့ ဒုအကြီးအကဲ ကျိုးဝမ်လျန့်ပါ။ ခင်ဗျားဘယ်သူလဲ သိပါရစေ”

ဝတ်ရုံပြာကျင့်ကြံသူက အမေးတစ်ခုဖြင့် တုံ့နှင်းလိုက်သည်။ “ဒီတော့ ခင်ဗျားက ကျိုးဝမ်လျန့်လား”

“ဟုတ်တယ် ကျုပ်ပါပဲ”

“မင်း ... မျိုးမစစ်ခွေး” ကျိုးဝမ်လျန်သည် ထိုစော်ကားသံကိုကြားသောအခါ မျက်မှောင်ကျုံ့သွား၏။ တိုက်ခိုက်နေစဉ် လူတစ်ယောက်၏မျက်နှာကို မရိုက်ရသည်က အခြေခံကျင့်ဝတ်ပဲဖြစ်သည်။ ထိုက်ရွှီကျောင်းတော်က ယခုအချိန်၌ ဆိုးရွားသည့်အခြေအနေထဲ ကျရောက်နေသည်။ ကျိုးဝမ်လျန့်က ထိုစော်ကားပြောဆိုမှုကြောင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲနေမည်နည်း။ သူ တတ်နိုင်တာ ဘာမှမရှိပေ။ ကျားတစ်ကောင်ကတောင် ၎င်း၏ပိုင်နက်အပြင်ဖက်၌ ခွေးများ အနိုင်ကျင့်တာ ခံရသည်။ ထို့အပြင် ဤလူက ကောင်းကင်ဦးစီကျောင်းတော်မှ လူဖြစ်သည်။ အဆုံးကျ သူက အံကြိတ်လျက်မေးလိုက်သည်။ “ကျောင်းအုပ်မုန့်ဘယ်မှာလဲ”

ဝတ်ရုံပြာကျင့်ကြံသူက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ "ဒါ မင်းကိစ္စမဟုတ်ဘူး။ လမ်းဘေးခွေးတစ်ကောင်က ကျောင်းအုပ်မုန့်နဲ့ စကားပြောပိုင်ခွင့်ရှိတယ် ထင်နေလား”

ကျိုးဝမ်လျန့်က ဒေါသကို ထိန်းထားလျက်ပြောလိုက်၏။

"ကျုပ်ကို စော်ကားပြောဆိုဖို့ ဆိုရင် ခင်ဗျားထွက်သွားလိုက်တော့”

ဝှစ်

သူတို့နှစ်ယောက်က ပုံရိပ်ပျံသန်းလာလျက် ခေါ်လိုက်သည်။ “ဟေ့ မသွားနဲ့”

ဝတ်ရုံပြာကျင့်ကြံသူက မေးလိုက်သည်။ “ပြီးတော့ မင်းက ဘယ်သူလဲ”

ကျိုးဝမ်လျန့်က လူသစ်ကို မိတ်ဆက်ပေးလိုက်၏။ “ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးပဲ”

ဝတ်ရုံပြာကျင့်ကြံသူက မျက်မှောင်ကျုံ့လျက်အော်လိုက်သည်။

“ကျိုးဝမ်လျန့် အခုမင်း မိစ္ဆာလမ်းစဉ်နဲ့ပူးပေါင်းကြံစည်နေတာလား”

“ကြည့်ပြော လျှို့ဝှက်ကြံစည်တယ်ဆိုတာ ဘာကိုပြောတာလဲ” မင်ရှစ်ရင်သည် ဝတ်ရုံပြာကျင့်ကြံသူ၏ စကားလုံးအသုံးအနှုန်းကို သဘောမတွေ့ပေ။

“သူ မဟုတ်လို့လား”

“ကျုပ်ရဲ့ရှစ်စွင်းက အမြွှာတောင်ထွတ်ပေါ်မှာရှိနေတယ်။ သူက ရှုခင်းခံစားပြီး လောကီရေးရာကို ဆွေးနွေးဖို့ ကျောင်းအုပ်နှစ်ယောက်ကို ဖိတ်လိုက်တာ။ ဒါက ဘယ်လိုလုပ် လျှို့ဝှက်ကြံစည်မှု ဖြစ်မှာလဲ။ ဒီအသုံးအနှုန်းကြောင့် ကျူပ်စိတ်မပျော်ဘူး။ တကယ်တော့ ကျုပ် ဒေါသထွက်နေပြီ” မင်ရှစ်ရင်ကပြောလိုက်၏။

“မင်းက ငတုံးလား” ဝတ်ရုံပြာကျင့်ကြံသူသည် မင်ရှစ်ရင်ကိုကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။

ကျိုးဝမ်လျန့်က ခေါင်းခါလိုက်တော့သည်။

ထိုစဉ် တောင်ထွတ်ပေါ်ကနေ ခမ်းနားသောအသံတစ်သံက ပေါ်ထွက်လာသည်။ “လောင်စစ်”

မင်ရှစ်ရင်က ချက်ချင်းအရိုအသေပေးလိုက်၏။ “ဟုတ်ကဲ့ရှစ်စွင်း”

“သူနဲ့အကျိုးအကြောင်းသင့် ပြောလို့မရရင် သူ့ကိုသတ်လိုက်”

“…” ဝတ်ရုံပြာကျင့်ကြံသူသည် ထိုစကားသံကိုကြားလိုက်သည့်အချိန် ဒေါသထွက်လာစဉ် မင်ရှစ်ရင်က လျှပ်ပြက်သည့်အရှိန်ဖြင့်တိုးဝင်လာသည်။ မင်ရှစ်ရင်၏အရှိန်က သူ့ကို ကျောစိမ့်သွားစေသည်။

မင်ရှစ်ရင်၏လက်ထဲတွင် အေးစက်စက်အလင်းဖျတ်ခနဲပေါ်လာသည်။

ဝှစ်

ဝတ်ရုံပြာကျင့်ကြံသူက စိမ့်သွား၏။ သူစိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ဆင့်ခေါ်လိုက်သည်။

“နောက်ကျလွန်းသွားပြီ” မင်ရှစ်ရင်က အော်ပြောလျက် ဝတ်ရုံပြာကျင့်ကြံသူကို ကျော်သွားသည်။ သူသည် ကျင့်ကြံသူကို တစ်ချက်တောင် ချမ်းသာမပေးခဲ့ပေ။

တိုက်ပွဲက စတောင်မစရသေးခင် အဆုံးသတ်သွားလေပြီ။

ကျိုးဝမ်လျန့်က တံတွေးမျိုချလိုက်၏။ ဝတ်ရုံပြာကျင့်ကြံသူသည် အားနည်းပုံမရပေ။ သို့သော် သူက ချက်ချင်းအသတ်ခံလိုက်ရ၏။ မိစ္ဆာဝေဟင်မျှော်နန်း၏စတုတ္ထသခင်လေးက မည်မျှအစွမ်းထက်သနည်း။

ဝတ်ရုံပြာကျင့်ကြံသူသည် သူ၏ ရင်ဘတ်ကွဲသွားသည်ကို ခံစားမိလိုက်သည်။ ဒဏ်ရာကနေ သွေးများပန်းထွက်လာတာကို မြင်လိုက်ရ၏။ သူက ကျိုးဝမ်လျန့်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။ သူက ကျိုးဝမ်လျန့်ကို လက်ညှိုးထိုးလိုက်သည်။ “မင်း မင်း မင်း”

“ငါ့ကို အပြစ်မတင်နဲ့။ မင်းဖာသာမင်းလုပ်တာ”

“တင်း ... ပစ်မှတ်တစ်ယောက်ကို သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”

အခြေအနေက အနည်းငယ်တင်းမာသွားတော့သည်။

ခုနစ်စင်ကြယ်ကျောင်းတော်မှ တပည့်များက တိတ်ဆိတ်သွားတော့သည်။

ကျောင်းအုပ်ကျိုးယို့ချိုက်သည် မျက်နှာပေါ်ရှိချွေးများသုတ်ရန်အတွက် သူ၏အင်္ကျီလက်ကို ပင့်တင်လိုက်သည်။

လုကျိုးကပြောလိုက်သည်။ “စိတ်ပူပန်ဖို့မလိုဘူး ကျောင်းအုပ်ကျိုး။ ကျုပ်က အမြဲတမ်း ကျိုးကြောင်းသင့်တယ်။ ဒါပေမဲ့ ကျိုးကြောင်းမသင့်တဲ့သူတစ်ယောက်ကို အကျိုးသင့်အကြာင်းသင့်ပြောဖို့ ကြိုးစားနေတာက အချိန်ကုန်ပြီး ဖြုန်းတီးရာရောက်တယ်။ မထောက်ခံဘူးလား”

“ထောက် ထောက်ခံပါတယ်” ကျောင်းအုပ်ကျိုးသည် လုကျိုး၏စကားကို ထောက်ခံသော်ငြား အနည်းငယ်စိတ်လှုပ်ရှားနေ၏။

ဟွမ်းရှစ်ကျဲက လက်ခုပ်တီးကာ ပြောလိုက်၏။ “စတုတ္ထသခင်လေးက ဒီလိုစွမ်းရည်ရှိတယ်ဆိုတာ တစ်ခါမှ မသိခဲ့ဘူး”

လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။ “သူ အစွမ်းထက်တာ မဟုတ်ဘူး။ ကောင်းကင်ဦးစီးကျောင်းတော်ရဲ့ တပည့်က အားနည်းနေလွန်းနေလို့ပဲ” လေးလံသည့် အဓိပ္ပာယ်ပါနေသော်ငြား လေသံကပြတ်သားလွန်း၏။

လုကျိုး၏စကားကို သူတို့ကြားသောအခါ လူတိုင်း၏နှလုံးခုန်နှုန်းက မြန်လာတော့သည်။ ဝတ်ရုံပြာကျင့်ကြံသူသည် သူ သေဆုံးခြင်းအတွက် မည်သူ့ကိုမှ အပြစ်မတင်သင့်။ သူ အားနည်းလွန်းတာ သူ့ကိုယ်သူအပြစ်တင်သင့်သည်ဟု လုကျိုးကပြောနေတာဖြစ်သည်။

“ကျင့်ကြံဆင့်အရာမှာ မင်ရှစ်ရင်က တိုးတက်ဖို့လိုပါသေးတယ်။ အဲ့ကိုကြည့်လေ” လုကျိုးက ယန်စီရင်စုမြို့ကို လက်ညှိုးထိုးပြလိုက်သည်။

ဓားမော့သည် ငရဲဂိုဏ်း၏ရထားလုံးထဲကနေပေါ်ထွက်လာ၏။ စွမ်းအင်ဓားမော့များ လေထဲပြေးသွားသည်။ ပြီးနောက် သွေးမိုးများရွာသွန်းလာ၏။ ရထားလုံးပျံနား ကပ်သည့်လူတိုင်းသည် စွမ်းအင်ဓားသွားများကြောင့် နုပ်နုပ်စဉ်းခံလိုက်ရသည်။ ခြေပြတ်လက်ပြတ်များ ကောင်းကင်ပေါ်ကနေ ကျဆင်းလာ၏။

ဟွမ်းရှစ်ကျဲက ခေါင်းညိတ်ကာပြောလိုက်သည်။

"ဂိုဏ်းချုပ်ယွီရဲ့ မဟာအမှောင်ကောင်းကင်အောက်မေ့ရာက ဒီအဆင့်ထိရောက်နေပြီပဲ။ ကျုပ်ကို အရှုံးကို ဝန်ခံရတော့မယ်”

ကျိုးယို့ချိုက်က ဟွမ်းရှစ်ကျဲကို ကြည့်လိုက်သည်။ သူ ယခုအချိန်တွင် ယုံကြည်ချက် လျော့နည်းလာ၏။

“ကျွန်းသခင်ဟွမ်း ခင်ဗျားက ဖန်းလိုင်ရဲ့ အင်အားအကြီးဆုံး ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူပဲ။ ခင်ဗျားမှာ ထီးနက် ကောင်းကင်အဆင့် လက်နက်တစ်ခုရှိနေတာ။ ဒါတောင် ဂိုဏ်းချုပ်ယွီနဲ့ မယှဉ်နိုင်ဘူးလို့ ထင်နေတာလား” လုကျိုးရှေ့တွင် ယွီကျန့်ဟိုင်၏အကြောင်းကိုပြောချိန်၌ လူဆိုးဟူသော ရန်လိုသည့်အသုံးအနှုန်းကို မသုံးနှုန်းရဲပေ။

ဟွမ်းရှစ်ကျဲကပြန်ပြောလိုက်၏။

“ကျောင်းအုပ်ကျိုး ကျုပ်ကို ချီးကျုးနေတာပဲ။ ခင်ဗျားက ကျုပ်နဲ့ ဂိုဏ်းချုပ်ယွီကို ယှဉ်နေတာက ခုနစ်စင်ကြယ်ကျောင်းတော်ရဲ့တပည့်နဲ့ ခင်ဗျားကိုယ်ခင်ဗျား ယှဉ်နေတာပဲ။ ဒါက ဂိုဏ်းချုပ်ယွီကို စော်ကားရာရောက်တယ်”

“…”

“အစ်ကိုကျိကို စော်ကားရာလည်းရောက်တာပဲ”

“…”

…

အခန်း(၅၆၄) ညီအစ်ကိုတွေ ကြိုးစားခြင်း

ကျိုးယို့ချိုက်က ခုနှစ်စင်ကြယ်ကျောင်းတော်၏ ကျောင်းအုပ် ဖြစ်သော်လည်း ခုနှစ်စင်ကြယ်ကျောင်းတော်က လူအင်အား ပြတ်လပ်မှုကြောင့် ဖြည်းဖြည်းချင်း ယုတ်လျော့လာခဲ့ပြီး ယခုအခါ ယခင်အသွင်၏ အရိပ်မျှသာ ကျန်တော့၏။ သူက ခုနှစ်စင်ကြယ်ကျောင်းတော်၏ ကျောင်းအုပ်ရာထူးကို လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ရယူထားခဲ့သည်။ ကျင့်ကြံဆင့်အားဖြင့် သူက ဟွမ်းရှစ်ကျဲအတွက် ပြိုင်ဘက် မဟုတ်ကြောင်း သိထားသည်။ သို့သော်လည်း ဟွမ်းရှစ်ကျဲလိုမျိုး ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူကပင် ယွီကျန့်ဟိုင်က ခပ်မြင့်မြင့် တွေးထားသည့်အတွက် သူ့အနေနှင့် ဘာတတ်နိုင်မည်နည်း။

ဟွမ်းရှစ်ကျဲက ကျိုးယို့ချိုက် မျက်နှာအထက်မှ ကြောင်အမ်းအမ်း အမူအရာကို မြင်သည့်အခါ ပြုံးလိုက်သည်။ “ကျုပ်ကို သံသယဖြစ်စရာ မလိုပါဘူး။ ကိုယ်တိုင် ကြည့်ကြည့်ပါ ”

………………

ယန်စီရင်စုမြို့အတွင်း

ငရဲဂိုဏ်းသားများက မြို့ထဲ သွားလာနေကြသည်။ အရှေ့ဘက်တံတိုင်းတစ်ခုလုံးကို သိမ်းပိုက်ပြီးသွားပြီ ဖြစ်၏။

ယွီကျန့်ဟိုင်က လေထုထဲ သူ့စွမ်းအင်ဓားမော့များစွာကို ဆက်တိုက် ထုတ်လွှင့်နေသည်။ ပျံသန်းရဲသည့်သူတိုင်း သူ့ဓားမော့အောက် လှီးဖြတ်ခံရလိမ့်မည်။

………………..

ထိုစဉ် ယန်စီရင်စု၏ စစ်သူကြီးစံအိမ်အတွင်း

မာလုဖျင်က သူ့ဒုစစ်သူကြီးလေးယောက်ကို အပြင်ဘက်သို့ ဦးဆောင်ခေါ်လာခဲ့သည်။

“စစ်သူကြီးမာ အခြေအနေတွေက မကောင်းတော့ဘူး။ ကျုပ်တို့တွေ ငရဲဂိုဏ်းကို တားဖို့ ကျန်ရှိနေတဲ့ ပြည်သူတွေကို ရွေ့လိုက်ရမလား”

“အခု လုပ်လိုက် … မိစ္ဆာလမ်းစဉ်က မိစ္ဆာလမ်းစဉ်ပါပဲ။ ငါတို့သာ ဒီပြည်သူတွေကို စတေးလိုက်ရင် ငါတို့တွေ တစ်မိုးအောက်က ကျင့်ကြံသူတွေနဲ့ အင်အားပေါင်းဖို့ ပိုလွယ်သွားပြီ” မာလုဖျင်က ပြောလိုက်သည်။

“နားလည်ပါပြီ”

ဒုစစ်သူကြီးတစ်ယောက်က စစ်သူကြီးစံအိမ်မှ ထွက်သွားလေသည်။

မာလုဖျင်က အမိန့်ပေးလိုက်၏။ “ အိမ်ရှေ့စံကို တောင်ဘက်ဂိတ်ပေါက်အပြင်ဘက်မှာ ကြိုဆိုလိုက်ကြ ”

“ဟုတ်ကဲ့”

“ မင်းက ဝေ့ကျိုးယန်ကို အရှေ့ဘက်ဂိတ်မှာ သွားတွေ့လိုက်”

“ဟုတ်ကဲ့”

“ပြီးတော့ မင်းက ခုနှစ်စင်ကြယ်ကျောင်းတော်နဲ့ ကောင်းကင်ရှေ့ဆောင်ကျောင်းတော်တို့ကို သွားတွေ့လိုက်။ မြန်မြန်လုပ်ကြ … ငရဲဂိုဏ်းကို ဆွဲခေါ်ပြီးပြီ။ ငါတို့တွေ ဒီနေ့မှာ တစ်ခါတည်းနဲ့ အပြတ်ရှင်းကြမယ်”

“ဟုတ်ကဲ့ ”

ဒုစစ်သူကြီးသုံးယောက်က အမိန့်များရပြီးနောက် စံအိမ်မှ ခပ်သွက်သွက် ထွက်လာကြသည်။

မာလုဖျင်က ခြံဝန်းထဲ လက်နောက်ပစ်လျက် လျှောက်လှမ်းလာ၏။ သူက မြေပေါ်မှ အလောင်းများကို မြင်သည့်အခါ အကြည့်များက လင်းလက်သွားသည်။ “ မင်းကို နောက်ဘဝမှာ အဖော်ပြုဖို့ ငရဲဂိုဏ်းသားတွေကိုပါ ပို့လိုက်မယ် ”

မာလုဖျင်က ထိုစကားပြောပြီးသည်နှင့် ခြံတံတိုင်းပေါ်တွင် အစိမ်းဝတ် ဓားသမားက ထွက်ပေါ်လာသည်။ သူက လက်ပိုက်လျက် မာလုဖျင်အာ ခပ်ယဲ့ယဲ့ ပြုံးကာ ကြည့်လိုက်၏။ သူ့အမူအရာက တည်ငြိမ်ကာ ယုံကြည်ချက်ပြည့်ဝနေသည်။

မာလုဖျင်က အစိမ်းဝတ် ဓားသမားကို မြင်လိုက်သည့်အခါ အနည်းငယ် လန့်သွားသည်။ သူက ရောက်ရှိလာသူ၏ တည်ရှိမှုကို ယခုအထိ သတိမထားမိလိုက်သည့်အတွက် အံ့ဩမိသွား၏။

သူ ဒီမှာရပ်နေတာ ဘယ်လောက်ကြာပြီလဲ …

မာလုဖျင်က သူ့ကိုယ်သူ စိတ်အေးအေးထားကာ မေးလိုက်သည် “ခင်ဗျားက ဘယ်သူလဲ ”

“ ကျုပ် စိတ်မကောင်းပါဘူး။ ခင်ဗျားညီ မာချင်းကို အမှားလုပ်မိပြီး သတ်မိသွားတယ်။ သူက စာရင်းပေါ်မှာ မရှိပေမဲ့ ကျုပ်လည်း ရွေးစရာ မရှိဘူး” အစိမ်းဝတ် အမျိုးသားက ပြန်ပြောလိုက်သည်။ ထိုစကားများ ပြောနေသော်လည်း သူ့လေသံက ညင်သာလှသည်။

“မင်းလား ”

“ ကောင်းရာမွန်ရာ ရောက်ပါစေ” ယွီရှန်းရုန်က သေလူအတွက် လေးစားသည့် အရိပ်အယောင်အနေနှင့် ခေါင်းငုံ့လိုက်သည်။

သို့သော်လည်း ယွီရှန်းရုန်၏ စကားများက မာလုဖျင်၏ နားထဲ လှောင်ပြောင်သလို ဖြစ်နေသည်။ သူက ဒေါသတကြီးဖြင့် လက်မြောက်ကာ ရိုက်ထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း

ယွီရှန်းရုန်က တံတိုင်းမှ လွင့်စဉ်သွားသည်။ သူက လေထဲ ကျွမ်းထိုးလိုက်၏။

မာလုဖျင်က နောက်မှ ပြေးလိုက်သွားကာ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

ဝုန်း

စစ်သူကြီး စံအိမ်၏ တံတိုင်းက ပြိုလဲပျက်စီးသွားသည်။

နှစ်ယောက်သား အနီးအနားမှ ရေကန်ဆီ ပျံသန်းလာကြ၏။

လေထဲ လက်ဝါးစည်းတံဆိပ်များ လွှင့်နေသည်။

“ထွက်လာခဲ့” ယွီရှန်းရုန်က အေးဆေးပြောလိုက်သည်။

ထိုစဉ် အနီဖျော့ဖျော့ ဓားတစ်ချောင်း ပျံသန်းထွက်လာ၏။

ထိုစဉ် မာလုဖျင်၏ လက်ဝါးက ရွှေရောင်တောက်ပလာသည်။

ဝုန်း ဝုန်း ဝုန်း

နှစ်ယောက်သား ခြံဝန်းထဲ ပြန်ရောက်သွားကြသည်။

ဓားက စွမ်းအင်ဓားကို ထုတ်ဖော်လာ၏။

ရှုခင်းကြည့် အဆောက်အဦးလေးက နှစ်ပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

မာလုဖျင်၏ တိုက်ခိုက်ရေးပုံစံက ကြမ်းတမ်းလွန်းလှသည်။ သူ့လက်ဝါးချက်တိုင်းနှင့် လက်သီးချက်တိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအား ပါဝင်နေ၏။

“ဓားနတ်ဆိုးလား … ဒါက မင်းတတ်နိုင်တာ အကုန်လား” မာလုဖျင်က အော်ပြောလိုက်ရင်း လက်ဝါးကို ပူးကပ်လိုက်သည်။

ထိုစဉ် လေထဲ လက်ဝါးစည်းတံဆိပ်ဒါဇင်ချီ လှည့်ပတ်လာသည်။

ယွီရှန်းရုန်၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ သူက ဓားကို ဝေ့ယမ်းလိုက်သည့်အခါ ပုံရိပ်များသာ ချန်ထားခဲ့သည်။

ဓားက ရောက်ရှိလာသည့် လက်ဝါးစည်းတံဆိပ်တစ်ခုစီကို အတိအကျ ပိုင်းဖြတ်ပစ်၏။

ထိုအရာက ကောင်းကင်အဆင့်လက်နက်များသည် မည်မျှ အားကြီးလဲ ပြသနေခြင်း ဖြစ်၏။ ဓားက စွမ်းအားကိုပင် ဖြတ်တောက်နိုင်သည်။ ထိုအရာက စွမ်းအင်လက်သီးချက်များနှင့် လက်ဝါးစည်းတံဆိပ်များကို တို့ဖူအလား ဖြတ်တောက်လိုက်သည်။

……………..

တစ်ဖက်တွင် မြို့အရှေ့ဘက်ခြမ်း ဝေဟင်ထဲ၌ ငရဲဂိုဏ်း၏ ရထားလုံးပျံ ရှိနေသည်။

ယွီကျန့်ဟိုင်က အုပ်ချုပ်သူ သက်ဆင်းခြင်း တိုက်ကွက်ကို အကြိမ်များစွာ ထုတ်လွှင့်ထားလေသည်။ သူက သူ့ကမ္ဘာဦးချီ တစ်ဝက်လောက်ကို သုံးစွဲပြီးလေပြီ။ သူက လက်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ ဓားက သူ့လက်ထဲ ပြန်ရောက်လာသည်။

“တာ့ရှစ်ရှိုး စွမ်းအားကို ခြွေတာထားပါဦး။ ကျွန်တော်နဲ့ ညီအစ်ကိုချုံးယန် ကျန်တာ လုပ်လိုက်မယ်”စီးဝူယာ့က ရှေ့တိုးလာသည်။ သူက ဒေါင်းမြီးယပ်တောင်ကို ထုတ်သုံးတော့မည့်ဆဲဆဲတွင် ယွီကျန့်ဟိုင်က လက်မြောက်ကာ တားလာသည်။

“ ဉာဏ်ကောင်းတဲ့ ရှစ်တိလေးက ရထားလုံးပေါ်မှာ နေပြီး ငါတို့ရဲ့ ဗျူဟာကို စီစဉ်သင့်တယ်။ မင်းသာ တစ်ခုခု ဖြစ်သွားရင် ကိုယ့်ဘာသာ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး ”

“…”

ဟွားချုံးယန်က အနီးအနားမှ အမြောက်ကို ဖောက်ခွဲကာ ရထားလုံးပျံဆီ ပြန်ရောက်လာသည်။ သူက ပြောလိုက်၏။ “ သတ္တမသခင်လေးကိုယ်တိုင် လုပ်ဖို့ မလိုပါဘူး။ ငရဲဂိုဏ်းက ညီအစ်ကိုတွေက မညံ့ပါဘူး … အဲမှာကြည့်လိုက်ပါ ”

နဂါးပြာခန်းမ၏ ဒုခေါင်းဆောင် ယွီဟုန်က အဖွဲ့အား ဦးဆောင်ကာ တစ်ဖက်အား တိုက်ခိုက်နေသည်။ သူက ပွင့်ချပ်ခြောက်လွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ထား၏။ သူက အဆင့်နိမ့် ကျင့်ကြံသူများအုပ်စုဆီ ဦးတည်လိုက်သည်။

စီးဝူယာ့က ခေါင်းညိတ်လိုက်၏ “ ငရဲဂိုဏ်းက တာ့ရှစ်ရှိုးရဲ့ အမိန့်အောက်မှာ အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်ဖို့ အချိန်တစ်ခုပဲ လိုတော့တယ်”

ယွီကျန့်ဟိုင်က ချီးကျူးမှုကြောင့် တိမ်ပေါ်ရောက်နေသလို ဖြစ်နေသည်။ သူက ပြောလိုက်၏။

“ဒါပေမဲ့ ငါ အရမ်းစိတ်ကြီးဝင်လို့ မဖြစ်သေးဘူး။ ဒီတစ်ကြိမ် ရှစ်စွင်း ပေးတဲ့အချိန်က နည်းလွန်းတယ် ”

“တာ့ရှစ်ရှိုး စိတ်မပူပါနဲ့ … ကျွန်တော်တို့မှာ အချိန်ရှိပါတယ်။ ကျွန်တော်တို့ အခု သတိထားဖို့ လိုတာက ကျောင်းတော်နှစ်ခုနဲ့ ဝေ့ကျိုးယန်ကိုပဲ ” စီးဝူယာ့က ပြောလိုက်သည်။

“ ဒါပေမဲ့ ပိုင်ယွီချင်း၊ ယန်ယန်းနဲ့ တိချင်းတို့က ဒီမှာ မရှိဘူး”

ထိုစဉ် ဟွားချုံးယန်က ပြည်သူများ လမ်းမပေါ် ထွက်လာသည်ကို မြင်လိုက်ရသည်။ သူတို့က ကြောက်လန့်နေဟန်ပေါ်၏။ တချို့က ဒဏ်ရာများရကာ ယောင်ကိုင်းနေကြသည်။ သူတို့က ငရဲဂိုဏ်းသားများရှိရာဆီ ပြေးလာကြ၏။

“ဂိုဏ်းချုပ် ကြည့်ပါဦး ”

ယွီကျန့်ဟိုင်နှင့် စီးဝူယာ့တို့က ပြည်သူများကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွားကြသည်။

“ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ဟွားချုံးယန်လည်း မျက်မှောင်ကြုတ်လိုက်သည်။

ရည်ရွယ်ချက်ကြီးမားသူများက အသေးအဖွဲ့များကို ဂရုစိုက်မည် မဟုတ်ပေ။ ယခုအချိန်တွင် အသင့်တော်ဆုံး အပြုအမူက သူတို့အားလုံးကို သတ်ပစ်ဖို့ ဖြစ်၏။

သို့သော်လည်း သူတို့က ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။

အကယ်၍ သူတို့သာ တိုက်ပွဲဖြစ်ရာဆီ ရောက်လာခဲ့လျှင် ငရဲဂိုဏ်း၏ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်။ အကယ်၍ သူတို့ကြားတွင် ရန်သူပါနေလျှင် ပို၍ အခြေအနေ ဆိုးသွားနိုင်သည်။

ယွီကျန့်ဟိုင်က အခြေအနေကို လေ့လာရင်း လက်သီးဆုပ်ထားလိုက်သည်။ သူက ဒေါသထွက်နေ၏။

“မာလုဖျင် .. အဲဒီလူကို ငါကိုယ်တိုင် သတ်ရမယ် ”

ဟွားချုံးယန်က ဒူးတစ်ဖက်ထောက်ကာ “ ဂိုဏ်းချုပ် အမိန့်ပေးလိုက်ပါ။ ကျွန်တော် သေချာနာခံပါ့မယ်”

“…”

စီးဝူယာ့က ဟွားချုံးယန်ကို ကြည့်ကာ တင်းကျပ်လာမိသည်။

ယွီကျန့်ဟိုင်က မတုံ့ပြန်ပေ။ သူက ပြည်သူများကိုသာ ဆက်ကြည့်နေသည်။

ပြည်သူများနောက်မှ တပ်သားများစွာကလည်း ကြည့်နေကြ၏။

ကလေးတစ်ယောက်က ငိုယိုနေကာ အမေဖြစ်သူက ပါးစပ်အား အုပ်ထားလေသည်။

အားလုံးက ကြောက်လန့်နေကြ၏။ တခြားလူများအတွက် စိတ်မကောင်းဖြစ်နေဖို့ အချိန်မရှိပေ။

ဟွားချုံးယန်က သူ့အမိန့်ကို ဆက်စောင့်နေသည်။ သူက လက်သီးကို တင်းတင်းဆုပ်ထားလိုက်၏။

“နောက်ဆုတ်ကြ” ယွီကျန့်ဟိုင်က လက်မြောက်လိုက်သည်။

စီးဝူယာ့က ဘာမှဝင်မပြောခဲ့သော်လည်း ထိုအရာကို ကြားသည့်အခါ စိတ်အေးသွားသည်။

ဟွားချုံးယန်က ငြင်းဆန်လေသည်။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

ထို့နောက် သူက ရထားလုံးပျံပေါ်မှ ခုန်ဆင်းသွားကာ အသံကို မြင့်ပြောလိုက်သည်။ “မြို့တံတိုင်းဆီ ပြန်ဆုတ်ကြ ”

ငရဲဂိုဏ်းသားများက ရထားလုံးပျံဆီ မရေမရာ အကြည့်များဖြင့် ကြည့်လာကြသည်။ သူတို့က ယခု အရေးသာနေလေရာ အဘယ်ကြောင့် နောက်ပြန်ဆုတ်ရသနည်း။

ပြည်သူများက ငရဲဂိုဏ်း နောက်ဆုတ်သွားသည်ကို မြင်သည့်အခါ စိတ်အေးသွားကြသည်။ တချို့က မြေပေါ် အားဖျော့တော့စွာ လဲကျသွားကြလေသည်။

ထိုစဉ် မြို့အနောက်ဘက်အပိုင်းမှ မိုင်များစွာအဝေးတွင် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာသည်။

ပေတစ်ရာမြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က ရွှေရောင်တောက်ပနေပြီး အောက်ခြေတွင် ရွှေကြာ ရှိနေသည်။

ဝုန်း

စိတ်ဝိညာဉ်သဏ္ဌာန်မှ စွမ်းအား ထွက်လာစဉ် အစိမ်းဝတ် ဓားသမားက ဓားကို ရှေ့မှာ ကိုင်ဆောင်ရင်း လွင့်စဉ်သွားသည်။ သူက ယုံကြည်ချက်ရှိပြီး တည်ငြိမ်စွာဖြင့် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရှောင်လိုက်၏။

ယွီရှန်းရုန်က ပြန်မဆင်းခင် အဆောက်အဦးပေါ် ရပ်ကာ ထိန်းလိုက်သည်။ သူက မာလုဖျင်အား ကြည့်လိုက်၏။ သူက သွေးအဆီအနှစ်အား ဖိနှိပ်ထားနိုင်သော်လည်း သူ့မျက်နှာအထက် ယုံကြည်ချက်ရှိသည့် အပြုံးကို မြင်တွေ့နေရသေးသည်။

“ တကယ်လို့ ကျုပ်သာ ကြာကို မဖြတ်တောက်ထားဘဲ ပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်နေဦးမယ်ဆိုရင် ခင်ဗျားက ကျုပ်ဓားအောက်မှာ သေနေလောက်ပြီ။ ဒါပေမဲ့ အားကောင်းတဲ့ ပြိုင်ဘက်ကို တိုက်ခိုက်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်”

စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ထားသည့် မာလုဖျင်က ယွီရှန်းရုန်အား ခက်ထန်စွာ ကြည့်လိုက်သည်။

“မင်းက ဓားနတ်ဆိုး ယွီရှန်းရုန်အစစ်ပဲ”

သူက ပွင့်ချပ်ရှစ်လွှာအဆင့်ဖြင့် ယွီရှန်းရုန်ကို စိတ်ဝိညာဉ်သဏ္ဌာန် ဆင့်ခေါ်ဖို့ ဖိအားမပေးနိုင်ဘဲ ဖြစ်လိမ့်မည်ဟု မထင်ထားမိပေ။

……………..

အဝေးတစ်နေရာမှ ရထားလုံးပျံပေါ်တွင်

ယွီကျန့်ဟိုင်က မျက်ကန်းမဟုတ်သည့်အတွက် ပေတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်ရသည်။ သူက ပြောလိုက်၏ “ဉာဏ်ကောင်းတဲ့ ရှစ်တိလေး … မင်းဆီ အပ်ခဲ့မယ်။ ငါ မာလုဖျင်ရဲ့ ခေါင်းကို ကိုယ်တိုင်သွားယူမယ်”

ထို့နောက် သူက စီးဝူယာ့၏ စကားကိုပင် မစောင့်ဘဲ ရထားလုံးပျံမှ ခုန်ဆင်းသွားတော့သည်။

စီးဝူယာ့က ယွီကျန့်ဟိုင်ထက်စာလျှင် ပို၍ လေ့လာအားကောင်းလေသည်။ သူက လေထဲတွင် စိတ်ဝိညာဉ်သဏ္ဌာန်၏ ရွှေရောင်အလင်းကြောင့် အစိမ်းဝတ် ဓားသမားကို မြင်လိုက်ရသည်။

“ လျှို့ဝှက်ဆန်းကြယ် ပညာရှင်က အာ့ရှစ်ရှိုးလား ”

…

All Chapters