အခန်း (၅၆၈-၅၇၀)
Vol. 38 Ch. 568-570
အခန်း (၅၆၈) တကယ်ကို ဖြတ်သွားရုံပါ
ကောင်းကင်ဦးစီးကျောင်းတော်၏ ကျောင်းအုပ် မုန့်နန်ဖေးက သူ့တပည့်များကို အမိန့်ပေးလိုက်သည်။
ကျောင်းတော်၏ တပည့်များက ပွင့်ချပ်ကိုးလွှာကို မြင်တွေ့ဖူးထားသည့်အတွက် အလိုလို နောက်ဆုတ်လိုက်ကြသည်။
ကောင်းကင်ဦးစီးကျောင်းတော်က ဘယ်လိုလုပ် ဒီရောက်လာတာလဲ …
သူတို့က အိမ်ရှေ့စံနှင့် မာလုဖျင်တို့အား ငရဲဂိုဏ်းကို နှိမ်နင်းရန် ကူညီဖို့ ရောက်လာခြင်းသာ ဖြစ်၏။
အမြွှာကျောက်တုံးတောင်ထိပ်မှ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က မည်သူဖြစ်မည်နည်း။ သူတို့အနေနှင့် တွေးနေစရာပင် မလိုပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်၊ ငရဲဂိုဏ်းချုပ်၏ ဆရာဖြစ်သူ ကျိထျန်းတောက်သာ ဖြစ်လိမ့်မည်။
ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက လက်လွတ်စပယ် လှုပ်ရှားရဲမည်နည်း။ ဉာဏ်အကောင်းဆုံး အပြုအမူက နောက်ဆုတ်ဖို့ ဖြစ်၏။ ဘာမှတွေးမနေဘဲ ထွက်ပြေးဖို့ ဖြစ်သည်။
သူတို့က ဒီနေရာကို ကိန်းကြီးခမ်းကြီး ရောက်လာခဲ့သော်လည်း ယခုအခါ အမြီးကုပ်ကာ ထွက်ပြေးရတော့မည်။
………………
ယန်စီရင်စုမြို့အတွင်း
အိမ်ရှေ့စံ လျိုကျစ်က ရထားလုံးပျံရှေ့ ပျံသန်းရင်း တပ်ကူကို စောင့်ဆိုင်းနေလေ၏။ ကျောင်းတော်နှစ်ခုမှ ဂိုဏ်းသားများ ရောက်လာပြီး အစီအရင်ကို အသက်သွင်းလိုက်သရွေ့ ငရဲဂိုဏ်းသည် လှောင်ချိုင့်ထဲမှ လိပ်ပမာ ဖြစ်သွားလိမ့်မည်။ ထိုအခါ သူတို့က ငရဲဂိုဏ်းနှင့် ယွီကျန့်ဟိုင်ကို တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်လေပြီ။
သို့သော် …
လျိုကျစ်၏ လက်အောက်ငယ်သားတစ်ယောက်က ဦးညွှတ်ကာ စိုးရိမ်စွာ ပြောလိုက်၏။
“ အရှင့်သား ကောင်းကင်ဦးစီးကျောင်းတော်က လူတွေ ပြန်သွားပါပြီ ”
အိမ်ရှေ့စံက လျိုကျစ်က အံ့ဩသွားကာ မျက်မှောင်ကြုတ်လိုက်ပြီး “ပြန်သွားတာလား ”
သူက ယုံကြည်ဖို့ ခက်နေမိသည်။ သူက ခပ်မြင့်မြင့် ပျံသန်းကာ စောစောလေးက ကောင်းကင်ဦးစီးကျောင်းတော်မှ လူများကို မြင်ခဲ့သည့် နေရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဝတ်ရုံဖြူ ကျင့်ကြံသူအုပ်စုသည် အရှိန်အပြည့်ဖြင့် ထွက်ပြေးသွားသည့် ယုန်များကဲ့သို့ မိုးကုတ်စက်ဝန်းထဲ ပျောက်ကွယ်သွားသည်ကို အချိန်မီ မြင်လိုက်ရ၏။ သူက အမှန်တကယ် အံ့ဩတုန်လှုပ်သွားသည်။
ဘာဖြစ်သွားတာလဲ … သူတို့က ပုန်ကန်နေတာလား။
မြို့ထဲရှိ မြင်ကွင်းက သိပ်မကောင်းပေ။ အဆောက်အဦများက အမြင်ကို ပိတ်ဆို့ထားသလို ဖြစ်နေ၏။
ယွီကျန့်ဟိုင်၏ အနေအထားက မြို့တံတိုင်းထက် အနည်းငယ် နိမ့်နေ၏။ သူက အနောက်ဘက်တံတိုင်းကို ကျော်လွန်၍ ဘာမှမမြင်ပေ။ သူက ခေါင်းရှုပ်နေမိ၏။
သို့သော်လည်း စီးဝူယာ့က ငရဲဂိုဏ်း၏ ရထားလုံးပျံပေါ်မှ အားလုံးကို မြင်လိုက်ရသည်။ သူက ဆယ်စက္ကန့်လောက် ပေါ်ထွက်လာခဲ့သည့် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကိုလည်း မြင်လိုက်ရသည်။ ထိုအရာက အကြာကြီး မဟုတ်သော်လည်း လုံလောက်ပေသည်။
“ရှစ်စွင်းလား” သူက နောက်ထပ် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကို မစဉ်းစားမိပေ။ အမြွှာကျောက်တုံးပေါ်မှာ သူ့ရှစ်စွင်းကလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။
ထိုစဉ် စီးဝူယာ့က တစ်ခုခု သတိထားမိဟန်ပေါ်သည်။ သူက အလျင်အမြန် ပြောလိုက်၏။
“ညီအစ်ကိုချုံးယန် … စည်တီးလိုက်တော့။ ရှေ့တက်ကြမယ် ”
“ကောင်းပါပြီ” ဟွားချုံးယန်က ရထားလုံးပေါ် အမြင့်ဆုံးအနေအထားဆီ ခုန်တက်လိုက်ာ စစ်ပွဲစည်အား တီးလိုက်သည်။
ဒုန်း ဒုန်း ဒုန်း
အရှေ့ဘက်မြို့တံတိုင်းပေါ်ရှိ ငရဲဂိုဏ်းသားများက အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။ သူတို့က တစ်ပြိုင်နက် ဆင်းလာကြ၏။
နောက်ထပ် တိုက်ပွဲသံ စတင်လသည်။
ယွီကျန့်ဟိုင်က ရထားလုံးပျံကို လှမ်းကြည့်လိုက်ရင်း ခေါင်းညိတ်လိုက်သည်။
“ ဉာဏ်ကောင်းတဲ့ ရှစ်တိလေးက ကူညီပေးနေတာကို ငါက ဘယ်လိုလုပ်နောက်ကျကျန်ခဲ့လို့ ဖြစ်မှာလဲ ”
ယွီကျန့်ဟိုင်က နောက်ဆုတ်မည့်အစား ရှေ့တိုးသွားလိုက်သည်။ သူ့နဂါးသွဲ့ကျောက်ဓားက သူ့လက်ထဲမှ ပျံထွက်သွား၏။
လျိုကျစ်က မျက်လုံးအပြူးသားဖြင့် အလျင်စလို အော်လိုက်သည်။
“နောက်ဆုတ်ကြ … အစီအရင်သုံးကြ”
“အ .. အရှင့်သား … အ …အစီအရင်သုံးတာက ကျွန်တော်တို့ ထွက်လမ်းကို ပိတ်လိုက်သလို ဖြစ်သွားလိမ့်မယ်” လျိုကျစ်၏ လက်အောက်ငယ်သား တစ်ယောက်က စကားကို မနည်းပြောလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ အစီအရင်အသုံးပြုခြင်းက သူတို့ကိုယ်သူတို့ ပိတ်မိသလို ဖြစ်သွားမည်မှန်း သိထားသည်။
လျိုကျစ်က ရထားလုံးပျံပေါ် ဆင်းလာလိုက်၏။ ထို့နောက် ရထားလုံးပျံက လှည့်ပျံသွားတော့သည်။
လေထဲတွင် စွမ်းအင်ဓားမော့များ ထွက်ပေါ်လာသည်။
မဟူရာစစ်သည်တော်များက စွမ်းအင်ဓားမော့ကြောင့် ချက်ချင်း အသတ်ခံလိုက်ရသည်။ သူတို့ဦးခေါင်းများက မြေပေါ် ပြုတ်ကျလာပြီး သွေးများ ရွာသွန်းလာသည်။
ယွီကျန့်ဟိုင်က အနီးအနားမှ ပြည်သူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေထဲ ပျံဝဲလိုက်သည်။ သူက ပြောလိုက်၏။
“ ငါ့ဂိုဏ်းကို ယုံကြည်တဲ့လူတွေက အသက်ရှင်မယ်။ ငရဲဂိုဏ်းက မင်းတို့ကို ဘေးကင်းအောင် ထားပေးမယ် ”
သူက ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ အကယ်၍ သူက ကမ္ဘာကို အုပ်စိုးလိုလျှင် လူအများ၏ စိတ်နှလုံးသားကို အောင်နိုင်ရမည်။ သူ့အသံက ပြည်သူများထံ ပျံ့နှံ့သွားသည်။ သူ့စကားက သူတို့ထံ မျှော်လင့်ချက် ယူဆောင်လာပေးသောကြောင့် အားလုံးက ဒူးထောက်လိုက်ကြသည်။
ထိုစဉ် နဂါးပြာခန်းမ၏ ဒုခေါင်းဆောင် ယွီဟုန်က ယွီကျန့်ဟိုင်ကို ဖြတ်ပျံသွားသည်။ သူက လှမ်းခေါ်လိုက်၏။ “ယွီဟုန်”
ယွီဟုန်က သူ့အား ဦးညွှတ်ကာ “ဂိုဏ်းချုပ် ”
“ ပြည်သူတွေကို မင်းအသက်နဲ့ ကာကွယ်စောင့်ရှောက်ထား။ တကယ်လို့ သူတို့ တစ်ခုခု ဖြစ်ခဲ့ရင် မင်းခေါင်းကို အသင့်ပြင်ထားလိုက်”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်” ယွီဟုန်က သူ့တာဝန်ကို လက်ခံလိုက်သည်။
ယွီကျန့်ဟိုင်၏ အမိန့်က ပြည်သူများဆီမှ ယုံကြည်မှု ရသွားစေသည်။ မာလုဖျင်၏ အပြုအမူများက သူတို့အား ယုံကြည်မှု ပျောက်ဆုံးစေခဲ့၏။
ပြည်သူများက ယွီဟုန်ဆီ စတင်ပြေးလာကြသည်။ ယွီဟုန်က သူတို့ကို အရှေ့ဘက်ဂိတ်ပေါက်ဆီ လိုက်ပို့ရင်း စောင့်ကြပ်ပေးလိုက်၏။
ယွီကျန့်ဟိုင်က ကိစ္စများသည် ဖြေရှင်းလုနီးပါး ဖြစ်နေသည်ကို မြင်ကာ မဟူရာစစ်သည်တော်များနောက် ဆက်လိုက်လိုက်သည်။
…………..…
အမြွှာကျောက်တုံးတောင်ထိပ်
ပွင့်ချပ်ကိုးလွှာ ပေါ်ထွက်လာမှုက အားလုံးကို အံ့အားသင့်သွားစေသည်။
ကျိုးယို့ချိုက်က သူ့ခန္ဓာကိုယ်မှ ဝိညာဉ်ထွက်သွားသလိုပင် ခံစားနေရသည်။ သူက နေ့တစ်ဝက်လောက် ထိုအတိုင်း ကျန်ရှိနေ၏။
ခုနှစ်စင်ကြယ်ကျောင်းတော်မှ ဂိုဏ်းသားတစ်ထောင်တို့က ယခုအခါ ဗလာကျင်းနေသည့် ဝေဟင်အား တိတ်တဆိတ် စိုက်ကြည့်နေကြသည်။
ရွှေရောင် ပွင့်ချပ်ကိုးလွှာလား … ပွင့်ချပ်ကိုးလွှာလေ
သူတို့တွေအားလုံး မှားမြင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ သူတို့တစ်ဖွဲ့လုံး မှားဖို့ရာ မဖြစ်နိုင်ပေ။
မင်ရှစ်ရင်က ကျိုးယို့ချိုက် ထွေထွေကြီးဖြစ်နေသည်ကို မြင်ကာ လှမ်းခေါ်လိုက်၏။
“ကျောင်းအုပ်ကျိုး ”
ကျိုးယို့ချိုက်က မတုံ့ပြန်ပေ။
သူ့စိတ်ထဲ ယခု ဘယ်လိုဖြစ်နေမည်ကို မည်သူသိမည်နည်း။
မင်ရှစ်ရင်က ထပ်ခေါ်လိုက်၏။
“ကျောင်းအုပ်ကျိုး ”
ကျိုးယို့ချိုက်က ကြောက်ကြောက်လန့်လန့်ဖြင့် ထရပ်လိုက်သည်။ သူက ကျိုးဝမ်လျန့်ဆီ လှည့်ပြောလိုက်သည်။
“သတိပေးတာ ကျေးဇူးပါ ကျောင်းအုပ်ကျိုး”
မင်ရှစ်ရင် “ … ”
ကျိုးဝမ်လျန့်၊ ဝမ်ကျန်းရန်နှင့် ကျန့်ကုံ “ … ”
ဘာတုံး …
ထို့နောက် ကျိုးယို့ချိုက်၏ မျက်နှာထက်ဝယ် နေရခက်သည့် အမူအရာမျိုး ပေါ်လာကာ “တောင်းပန်ပါတယ်။ လတ်တလော အိပ်ရေးမဝလို့ပါ။ မျက်နှာပူစရာတွေ ဖြစ်သွားရပြီ”
ကျိုးဝမ်လျန့်က သူ့ဘာသာ တွေးလိုက်သည်။
ဟုတ်တာပေါ့ … ကျုပ်ကို ကျေးဇူးတင်သင့်တာ။
ဤသည်က ဟွမ်းရှစ်ကျဲအနေနှင့် ပွင့်ချပ်ကိုးလွှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက တခြားလူများထက် တည်ငြိမ်နေ၏။ သူက လုကျိုးသည် ခုနှစ်စင်ကြယ်ကျောင်းတော်နှင့် ကောင်းကင်ဦးစီးကျောင်းတော်တို့အား ခြိမ်းခြောက်ဖို့ ပွင့်ချပ်ကိုးလွှာအား ဆင့်ခေါ်လိုက်မှန်း သိလေသည်။ အဆုံးသတ်၌ သူက လုကျိုးကို မြောက်ပင့်လိုက်သည်။
“အစ်ကိုကျိ … တကယ်ကို အံ့ဖွယ်ပါပဲ ”
လုကျိုးက ခေါင်းခါကာ “ ငါ ယန်စီရင်စုကို လာတာက ဖြတ်သွားရုံပါ … ကျောင်းအုပ်ကျိုးရော ”
ကျိုးယို့ချိုက်က အဖမ်းခံထားရသည့် သမင်လို ဖြစ်နေသည်။ ထို့နောက် သူက အလျင်စလို ပြောလိုက်၏။
“ကျုပ်လည်း …. ဖြတ်သွားရုံပါ ”
ဟွမ်းရှစ်ကျဲက ခေါင်းညိတ်လိုက်သည်။ “အဲလိုဆို ကောင်းပြီ။ ကျုပ်တို့အားလုံးက ဖြတ်သွားရုံဆိုတော့ အလျင်လိုနေဖို့ မလိုပါဘူး။ ဒီမှာထိုင်ပြီး စကားစမြည် ပြောတာ မကောင်းဘူးလား။ ကျုပ်တို့ဆီ သေရည်သာ ရှိရင်တော့ … ”
မင်ရှစ်ရင်က ပြုံးကာ “ ကျုပ်တို့ အလျင်စလို ထွက်လာတော့ ပြင်ဆင်ဖို့ မေ့ခဲ့တယ် ”
……………..
ထိုစဉ် ယန်စီရင်စုမြို့အတွင်း အုတ်အော်သောင်းတင်း ဖြစ်နေသည်။
ယွီကျန့်ဟိုင်က ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ၏ စွမ်းအားကို ချပြခဲ့သည်။ သူက အချုပ်အခြာ ဆင်းသက်ခြင်းကို သုံးကြိမ်ဆက်တိုက် ထုတ်ဖော်ကာ မဟူရာစစ်သည်တော်များအား ရှင်းထုတ်ခဲ့သည်။ သူက ကနဦးချီများစွာကို အသုံးပြုထား၏။
သူက မော့ကြည့်လိုက်သည့်အခါ လျိုကျစ်၏ ရထားလုံးပျံသည် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေလေ၏။ ရထားလုံးပျံမှ မြို့မှ ထွက်သွားတော့မည့်ဆဲဆဲတွင် အနောက်ဘက်မှ ရွှေရောင်တောင်ပံ ဖြန့်လျက် ပျံသန်းလာသည့် လူတစ်ဦးကို မြင်လိုက်ရသည်။
“တာ့ရှစ်ရှိုး ကျန်တာ ကျွန်တော်ဆီ အပ်ထားလိုက်” စီးဝူယာ့က တောင်ပံခတ်လျက် ပြောလိုက်သည်။
“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး သတိထားဦး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်တော်လည်း မိစ္ဆာဝေဟင်မျှော်နန်းက တပည့်ပါပဲ” စီးဝူယာ့က ပြောပြီးပြီးချင်း ရထားလုံးပျံဆီ ပျံသန်းသွားလိုက်သည်။ သူက တောင်ပံကို ခတ်လိုက်သည့်အခါ စွမ်းအင် အပ်ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ သူက အဆင့်နိမ့် ကျင့်ကြံသူများစွာကို အလွယ်တကူ နှိမ်နင်းလိုက်၏။
လျိုကျစ်က စီးဝူယာ့၏ တောင်ပံကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည် “ သူက အဲဒါတောင် လုပ်နိုင်တာလား။ မြန်မြန်မောင်းကြစမ်း ”
“အရှင့်သား စိတ်မပူပါနဲ့။ ကျွန်တော်မျိုး အရှင့်သားကို ဘေးကင်းစေရပါ့မယ်”
ဝှစ်
ရထားလုံးပျံက မြို့တံတိုင်းကို ဖြတ်ကျော်သွားကာ တောင်ဘက်သို့ ပျံသန်းသွားသည်။
စီးဝူယာ့က တောင်ပံကို အဆုံးအစွန်အထိ ဖြန့်ကျက်လိုက်၏။ သူက ရထားလုံးပျံနောက်သို့ ဥက္ကာပျံတစ်ခုလို လိုက်ပါသွားသည်။
ဝှစ် ဝှစ် ဝှစ်
သူက စွမ်းအင် အပ်များစွာဖြင့် ပစ်ခတ်နေဆဲ ဖြစ်၏။
ဘန်း ဘန်း ဘန်း
သူတို့က ရထားလုံးပျံထဲ စိုက်ဝင်သွားကြသည်။
ဂျွတ်
ရထားလုံးပျံ အောက်ပိုင်းက အပ်များကြောင့် ဖြတ်တောက်ခံလိုက်ရသလို ဖြစ်သွားသည်။ အစီအရင်သွေးကြောများလည်း ချက်ချင်းဆိုသလို ပျက်စီးသွား၏။
“အရှင့်သား ကျွန်တော်တို့ ရထားလုံးပျံကို စွန့်ပစ်ရတော့မယ်” အနက်ရောင်ပုံရိပ်က လျိုကျစ်အား ဖမ်းဆုပ်ကာ ဝေဟင်မှ ဆင်းသက်လာသည်။
…
အခန်း (၅၆၉) လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် မဖြေရှင်းနိုင်
အနက်ရောင်ပုံရိပ်က မျက်နှာဖုံး ဝတ်ထားလေ၏။ သူက အိမ်ရှေ့စံမင်းသားလျိုကျစ်ကို ဆုပ်ကိုင်ကာ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူက သူတို့ဆီသို့ အရှိန်ဖြင့် ရောက်လာသော စီးဝူယာ့ကို မော့ကြည့်ပြီး ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် သူ့ကိုတား” လျိုကျစ်က အက်ကွဲကွဲအသံဖြင့်ပြောလိုက်သည်။
“နားလည်ပါပြီ” မျက်နှာဖုံးဖြင့် လူဆီမှ ထူးဆန်းသောစွမ်းအင်က ချက်ချင်းပေါ်ထွက်လာသည်။ သူက မြေပြင်ပေါ်ကနေ ဆုတ်ခွာသွားပြီးနောက် လေထဲသို့ သေစေနိုင်သော လက်ဝါးစည်းတံဆိပ်များ သုံးလိုက်၏။
စီးဝူယာ့က မျက်မှောင်ကျုံ့သွားသည်။ အိမ်ရှေ့စံမင်းသားလျိုကျစ်၏ဖက်၌ ထိုကဲ့သို့ အကျော်အမော်တစ်ယောက် ရှိလိမ့်မည်ဟု သူ မထင်ထားပေ။ သူက ချက်ချင်းပင် တောင်ပံခတ်လျက် ခပ်နိမ့်နိမ့်ပျံသန်းလိုက်သည်။
“ဟင်” မျက်နှာဖုံးဖြင့်လူက စီးဝူယာ့သည် သူနှင့်တိုက်ခိုက်ရန် စိတ်မဝင်စားဘဲရှိနေလိမ့်မည်ဟု မထင်ထားပေ။ စီးဝူယာ့က အရှိန်ဖြင့်လျိုကျစ်ဆီသို့ ဆက်လက်ဦးတည်လာတာ သူမြင်လိုက်ရ၏။ စီးဝူယာ့၏အရှိန်က မြန်လွန်းသည်။
တောင်ပံဖြင့်စီးဝူယာ့၏အရှိန်သည် ရထားလုံးပျံလေးတစ်စင်းဖြင့် ယှဉ်နိုင်သည်။ ရထားလုံးပျံ မရှိသည့် လျိုကျစ်က အခွင့်အရေးမရှိပေ။
ဝှစ် ဝှစ် ဝှစ်
စွမ်းအင်အပ်များစွာက နေရာအနှံ့ကနေပေါ်ထွက်လာ၏။
မျက်နှာဖုံးဖြင့်လူသည် နောက်သို့လျင်မြန်စွာဆုတ်လိုက်၏။ သူ၏ခမ်းနားသောကျင့်စဉ်ကို သုံးလိုက်တော့သည်။
“မင်းမှာရှိတာ ဒါအကုန်ပဲလား”
ဘန်း ဘန်း ဘန်း
မျက်နှာဖုံးဖြင့်လူသည် စီးဝူယာ့၏တောင်ပံကို ထိုးပြီးနောက် ဆက်တိုက်ထိုးတော့၏။
စီးဝူယာ့သည် မျက်နှာဖုံးဖြင့်လူကို အပြည့်အဝလျစ်လျူရှုထားသည်။ သူကလေဟုန်စီးလျက် ဒိုင်ပင် ထိုးဆင်းလာ၏။ “ကျေးဇူးပါပဲ”
စီးဝူယာ့၏နောက်ကျောမှ တောင်ပံများပျောက်သွားပြီးနောက် သူတို့ တစ်ခုတည်းပေါင်းသွားသည်။ တောင်ပံများမှ အလင်းများချက်ချင်းမှိန်သွားတော့၏။ ဒေါင်းမြီးယပ်ပေါ်လာပြီးနောက် စွမ်းအင်အပ်များဖြင့်ပြည့်နေသည့်အလင်းတန်းတစ်ခုကို လျိုကျစ်ဆီပစ်ထုတ်လိုက်သည်။
လျိုကျစ်၏မျက်နှာအမူအရာထက်တွင် ကြောက်လန့်နေသော အမူအရာပေါ်လာ၏။ သူသည် တိုက်ကွက်ကိုပိတ်ဆို့ရန်အတွက် စွမ်းအင်ကိုထုတ်သုံးလိုက်သည်။
ဘန်း
ဒေါင်းမြီးယပ်သည် အကာကွယ်စွမ်းအင်ကိုအလွယ်တကူထိုးဖောက်ပြီးနောက် သူ့ရင်ဘတ်ပေါ်ကျသွား၏။
လျိုကျစ်က နောက်ပြန်လန်သွားကာ သစ်ပင်နှင့်ရိုက်မိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလေ၏။
ဘန်း ဘန်း ဘန်း
ဧရာမသစ်ပင်သုံးပင်က သက်ရောက်မှုကြောင့်လဲပြိုသွား၏။
စီးဝူယာ့က နောက်မဆုတ်ပေ။ ထိုအစားရှေ့ဆက်တိုးလိုက်၏။
မျက်နှာဖုံးဖြင့်လူက ကျိန်ဆဲလိုက်တော့သည်။ “သေစမ်း” စီးဝူယာ့၏ခွန်အားနှင့်ကျင့်ကြံဆင့်သည် ဘာမှကြောက်စရာမရှိကြောင်း သူ အာရုံခံမိသော်ငြား စီးဝူယာ့၏ခန့်မှန်း၍ မရသောလုပ်ရပ်များက သူ့ကို စိတ်ပျက်စေ၏။ သူသည် ခမ်းနားသောကျင့်စဉ်များကို ထုတ်သုံးပြီး စီးဝူယာ့ရှေ့၌ ပေါ်လာကာ သူ၏လက်ဝါးဖြင့်ရိုက်ချလိုက်တော့သည်။
ဘန်း
စီးဝူယာ့သည် တိုက်ကွက်ကိုလက်နှစ်ဖက်ဖြင့်ပိတ်ဆို့လိုက်၏။ သူက နောက်သို့လန်သွားပြီးနောက် မြေပြင်ပေါ်၌ သူ့ကိုယ်သူ ဟန်ချက်ညီအောင်ထိန်းလိုက်သည်။
ပြိုင်ဘက်နှစ်ယောက်မျက်နှာချင်းဆိုင်နေကြလေ၏။
“ယန်စီရင်စုမြို့ရဲ့ကံကြမ္မာက သတ်မှတ်ခံပြီးပြီ။ ရုန်းကန်နေတာ ဘာအကျိုးထူးမှာလဲ လူကြီးမင်း” စီးဝူယာ့ကမေးလိုက်၏။
“ကျုပ်တို့တွေက သခင်အသီးသီးကို ခစားနေရုံပဲလေ။ အရှင်မင်းသား အိမ်ရှေ့စံက ယန်စီရင်စုကို လက်လျှော့ခဲ့ပြီးပြီ။ ဘာကြောင့်များ ကျုပ်တို့တွေနောက်လိုက်နေသေးတာလဲ လူကြီးမင်း”
“ကျုပ်ရဲ့ရန်သူကို သတ်နေရုံပဲ”
“ကျုပ်ရဲ့သခင်ကို ကာကွယ်နေရုံပဲ”
စီးဝူယာ့က အထင်တသေးပြောလိုက်၏။
“အိမ်ရှေ့စံမင်းသားလျိုကျစ်က ငယ်ရွယ်စဉ်ကတည်းက တိုင်းတပါးယဉ်ကျေးမှုကို စွဲလန်းနေခဲ့တာ။ သူက အရှေ့ဖက်နန်းတော်မှာ တခြားမျိုးနွယ်က အကတစ်မျိုးကို ပြသခဲ့တယ်။ ဝံပုလွေကို အိမ်ထဲတောင် မောင်းသွင်းပြီး သူ့စိတ်ဝင်စားမှုကို ပြသခဲ့တာ။ ဒီလိုသခင်ကို ကာကွယ်ဖို့ ထိုက်တန်လား”
“ဒီကမ္ဘာကြီးထဲမှာ လူတိုင်းဝင်ပါရမဲ့ အခန်းကဏ္ဍကိုယ်စီရှိကြတာပဲ။ သခင်ဖြစ်ဖြစ် ကျွန်ဖြစ်ဖြစ်ပေါ့။ ကမ္ဘာကြီးက ဒီလိုပဲပေါ့။ မင်းလိုသူပုန်တစ်ယောက်က အဓိပ္ပာယ်မရှိပြောဖို့ပဲ သိတာ” မျက်နှာဖုံးဖြင့်လူက ခပ်ပြတ်ပြတ်ပြောလိုက်၏။
“မင်းလိုလူတစ်ယောက်ဆီမှာ မျက်ကန်းသစ္စာရှိမှုကို မြင်ရတာ စိတ်မကောင်းဖြစ်မိတယ်”
“သေပေတော့” မျက်နှာဖုံးဖြင့်လူသည် စွမ်းအင်လက်သီးဖြင့်ထိုး လိုက်ပြီးနောက် အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။
ဘန်း ဘန်း ဘန်း
စီးဝူယာ့သည် လက်ဝါးနှစ်ဖက်ဖြင့်ရိုက်ချလိုက်သည်။
နှစ်ယောက်လုံး တိုက်ပွဲထဲ ဝင်ပါလာ၏။
မျက်နှာဖုံးဖြင့်လူသည် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားကို ပြသခဲ့သည်။ သူ၏ရိုက်ချက်တိုင်းက စီးဝူယာ့ကို ထိ၏။ စီးဝူယာ့၏ အကာအကွယ်စွမ်းအင်ပေါ်လက်သီးများ ကျရောက်လာသည်။ အချိန်အတိုင်းအတာတစ်ခုအထိ သူက လွှမ်းမိုးခံထားရသည်။ သူက ပြန်မတိုက်ခိုက်ဘဲ နောက်ဆုတ်ရုံသာ ရှိ၏။
ဘန်း
မျက်နှာဖုံးဖြင့် လူသည် လက်သီးနှစ်ဖက်ဖြင့် ထိုးလိုက်ရာ စီးဝူယာ့ပေါ်ကျသွား၏။
စီးဝူယာ့က နောက်ထပ်ဆုတ်ပြန်သည်။
မျက်နှာဖုံးဖြင့်လူက ရယ်မောလျက်ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက လူတိုင်းက အစွမ်းထက်နေတာ မဟုတ်တဲ့ပုံပဲ” ယွီကျန့်ဟိုင်သာဆိုလျှင် သူ တစ်ချက်မှ မတွေးဘဲ ထွက်ပြေးလိမ့်မည်။
“မင်း ပျော်ဖို့ စောလွန်းပါသေးတယ်” စီးဝူယာ့က လက်ဖဝါး ဖြန့်လိုက်၏။ သူ၏လက်ဖဝါးပေါ်၌ ဒေါင်းမြီးယပ် ပေါ်လာပြီး စွမ်းအင်အပ်များဖြင့် ပစ်ထုတ်တော့သည်။ အပ်အနည်းအကျဉ်းသာ ရှိသော်ငြား ၎င်းတို့က လုံလောက်အောင် အစွမ်းထက်နေပြီ ဖြစ်သည်။
မျက်နှာဖုံးဖြင့်လူသည် စွမ်းအင်အပ်များကိုရှောင်ရန်ဆက်တိုက်ထိုးနေ၏။ နောက်ဆုံးတွင် အသိပ်သည်းဆုံးအပ်က သူ့ဆီရောက်လာချိန်၌ ၎င်းသည် သေးသွယ်သည့် အပ်များစွာအဖြစ် ရုတ်တရက် ခွဲထွက်သွား၏။ စွမ်းအင်အပ်များထဲမှ တစ်စင်းက သူ၏မျက်နှာဖုံးကို ဖြတ်သွားသည်။
ဂျွတ်
လေထဲ၌ အက်ကွဲသံက ပေါ်လာသည်။
မျက်နှာဖုံးက ပျက်စီးသွားသည်။
စွမ်းအင်အပ်များ လေထဲ လွင့်ပြယ်သွားသည်နှင့် မျက်နှာဖုံးက မြေပြင်ပေါ် ထောက်ခနဲ ပြုတ်ကျသွားတော့သည်။
“လုဟုန် ... အဲဒါမင်းလား” စီးဝူယာ့သည် မျက်နှာဖုံးဖြင့်လူကို ချက်ချင်းမှတ်မိသွား၏။
“အဲ့တာ ငါပဲ စီးဝူယာ့ ... မိစ္ဆာဝေဟင်မျှော်နန်းက ဟုန်ချူးအခွဲကိုဖျက်ဆီးပြီး ငါ့ရဲ့တပည့်တွေကို သတ်ခဲ့တာ။ အစည်းအရုံးခွဲသခင်အနေနဲ့ ငါက ဘယ်လုပ်ပြီးတော့ ဒီတိုင်းနေနိုင်မှာလဲ”
စီးဝူယာ့က ခေါင်းခါပြီးပြောလိုက်၏။
“ဟုန်ချုးအခွဲက မိစ္ဆာဝေဟင်မျှော်နန်းကို ထပ်တလဲလဲရန်စခဲ့တယ်။ ကျုပ်ရဲ့ရှစ်စွင်းသာ မင်း ပမာမခန့်လုပ်တာကိုသာ သိသွားခဲ့ရင် စိုးရိမ်ရတာက ...” တစ်နည်းအားဖြင့် ဟုန်ချုးအခွဲတစ်ခုလုံး သုတ်သင်ခံရလိမ့်မည်။
လုဟုန်က ပြောလိုက်၏။ “ဒါကြောင့် မင်းကို ငါ ဒီနေ့သတ်လိုက်ရင် ဘယ်သူမှမသိတော့ဘူး”
စွမ်းအင်လက်သီးပေါက်ကွဲလာတော့သည်။ ဟုန်ချူးက ရှေ့ဆက်တိုးလာသည်။
စီးဝူယာ့က နောက်ဆုတ်လိုက်၏။ လက်နှစ်ဖက်ကိုမြှောက်ကာ လုဟုန်၏စွမ်းအင်လက်သီးများကို တန်ပြန်တိုက်ခိုက်တော့၏။
ဘန်း ဘန်း ဘန်း
နှစ်ယောက်လုံးက တိုက်ခိုက်နေစဉ်လှုပ်ရှားနေကြ၏။ စီးဝူယာ့က ဆက်တိုက် နောက်ဆုတ်နေရသည်။
ဘန်း
စီးဝူယာ့သည် လုဟုန်၏ အစွမ်းထက်သော တိုက်ခိုက်မှုကို ရှောင်ရန် နောက်သို့ရုန်းလိုက်ရ၏။
လုဟုန်က ပြုံးပြီး ပြောလိုက်တော့သည်။
“မင်း တတ်နိုင်တာ ဒါအကုန်ပဲလား”
စီးဝူယာ့သည် နောက်ထပ်စော်ကားစကားများကြောင့် မထိခိုက်ပေ။ ထိုအစား မြေပြင်ပေါ်တွင် လဲနေသော အိမ်ရှေ့စံမင်းသားလျိုကျစ်ကို ကြည့်လိုက်ပြီးပြောလိုက်၏။
“လျိုကျစ်သေရမယ်”
စီးဝူယာ့က မြေပြင်ပေါ် အသာနင်းလျက် လေထဲပျံသန်းသွားပ၏။ ပြီးနောက် ဒေါင်းမြီးယပ်ကို လေထဲ ပစ်ထုတ်လိုက်သည်။ ဒေါင်းမြီးယပ်က သူ့နောက်ကျောတွင် ပျောက်ကွယ်သွားရမည့်အစား တောက်ပပြီးရွှေရောင်ဒေါင်းမြီးတစ်ခု ဖွဲ့တည်လိုက်တော့သည်။ ဒေါင်းက လည်ပတ်သွားပြီးနောက် စွမ်းအင်မြားများ ရွာသွန်းကျလာသည်။ “မဟာကရုဏာကဗျာ”
မဟာကရုဏာကဗျာသည် သွေးမိုးများကိုဆောင်ယူလာပြီး ညအချိန်တွင် သရဲများကို ငိုကြွေးစေကြောင်း ကောလဟလရှိသည်။ ဒေါင်းမြီးယပ်ဖြင့် ထိုကျင့်စဉ်သည် ၎င်း၏အလားအလာ အပြည့်အဝကို ထုတ်ဖော်နိုင်လိမ့်မည်။
စီးဝူယာ့က တိုက်ခိုက်ခဲသည်။ သူ၏ကျင့်စဉ်ကိုပြသတာရှားလွန်းသည်။ သူ၏ဒေါင်းမြီးယပ်ကို ဖြန့်တာရှားလွန်း၏။ ယခုအခေါက်တွင် လျိုကျစ်ကိုသတ်ရန်ပြသခဲ့၏။ သူ၏မျက်လုံးက ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့်တောက်ပနေလျက် ဒေါင်းမြီးယပ်ကို ကိုင်ဆောင်ထားသည်။
ဧရာမဒေါင်းမြီးယပ်ထံမှ ကျောစိမ့်ဖွယ်အသံတစ်သံက ပေါ်ထွက်လာ၏။ စွမ်းအင်အပ်တို့သည် ဒေါင်းမြီးယပ် ရောက်နိုင်သည့်နေရာအထိ ရွာသွန်းကျလာသည်။
လုဟုန်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုခေါ်ကာ တိုက်ကွက်ကို ရှောင်ရန် ပျံသန်းသွားတော့သည်။ “သေစမ်း”
လုဟုန်၌ ပွင့်ချပ်ခုနစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ရှိသည်။ ပေကိုးဆယ်ခန့်မြင့်သော စိတ်ဝိညာဉ်သဏ္ဌာန်သည် မဟာကရုဏာကဗျာ အပ်မိုးများရှေ့၌ ရပ်နေ၏။
အပ်များသည် စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ရွာသွန်းကျလာသည်။ လုဟုန်သည် အပ်အားလုံးကို မပိတ်ဆို့နိုင်ပေ။ အပ်များစွာက သူတို့၏ပစ်မှတ်ပေါ်ကျရောက်လာ၏။ “နောက်ဆုတ်”
စီးဝူယာ့သည် သူတို့၏ဒေါင်းမြီးယပ်ကို ပြန်ဆွဲယူလိုက်သည်။ မဟာကရုဏာကဗျာက အဆုံးသတ်သွားလေ၏။ ဒေါင်းမြီးယပ်သူ့ဆီပြန်လာသောအခါ သူ တွေဝေမနေဘဲလျင်မြင်စွာ နောက်ဆုတ်သွားလေ၏။
“ထွက်ပြေးတာလား” စီးဝူယာ့သည် မဟာကရုဏာကဗျာကို ထုတ်ဖော်ပြီးနောက် ထွက်ပြေးသွားလိမ့်မည်ဟု သူ မထင်ထားပေ။ သူက စီးဝူယာ့နောက်လိုက်လေ၏။
စီးဝူယာ့က သူအလိုရှိသည့်အရာကို ရခဲ့ပြီးဖြစ်သည်။ သူ ထွက်သွားတာ သဘာဝကျ၏။ ဆက်လက်တိုက်ခိုက်နေခြင်းက သူ၏စတိုင်မဟုတ်ပေ။ ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် ဖြေရှင်းရ မလွယ်ကူချေ။
လုဟုန်က စီးဝူယာ့ကို ထိတော့မည့်အချိန် ယန်စီရင်စုမြို့မှာ အသံတစ်သံ ပေါ်ထွက်လာ၏။ “ရှစ်တိ မင်းဘယ်မှာလဲ”
ယွီကျန့်ဟိုင်
ယွီကျန့်ဟိုင်သည် စီးဝူယာ့ အတော်ကြာပျောက်ကွယ်သွားတာကို စိုးရိမ်နေခဲ့တာဖြစ်သည်။ ခဏတာ အနားယူပြီးနောက် ဤနေရာသို့ ကမန်းကတန်းရောက်လာ၏။
အစောတုန်းက ရှိန်လောက်သည့် အရှိန်အဝါများ ထွက်ပေါ်နေသော လုဟုန်သည် ချက်ချင်းပင် မှင်တက်နေသော မျောက်တစ်ကောင်ဖြစ်သွား၏။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းကာ ဆုံးဖြတ်ချက်ချမှတ်လျက် လျိုကျစ်ဆီသို့အရှိန်ဖြင့်သွားလိုက်သည်။
“ရှစ်တိ” နောက်ထပ်အသံလှိုင်းဖြစ်သည်။
လုဟုန်၏ဆံပင်များက ထောင်လာသည်။ ကြက်သီးများထလာ၏။ “ပြေး”
ငါ သူ့ကို မတိုက်ခိုက်နိုင်ဘူး။
စီးဝူယာ့က ခေါင်းခါလိုက်၏။ သူက ကူကယ်ရာမဲ့စွာလက်ဖြန့်လိုက်၏။ “ဒါပဲလား”
ယွီကျန့်ဟိုင်က စီးဝူယာ့ဆီ လျင်မြင်စွာ သွားလိုက်သည်။ သူက လေထဲပျံဝဲနေသော စီးဝူယာ့ကို မြင်သောအခါ ပျော်ရွှင်စွာ အော်ခေါ်လိုက်လေ၏။
“ရှစ်တိ”
“ကျွန်တော် အဆင်ပြေတယ်။ ဟုန်ချူးအခွဲရဲ့လုဟုန် သူ့ကို ထွက်သွားခွင့်မပေးနိုင်ဘူး”
စီးဝူယာ့သည် အဝေးရှိ တောအုပ်သို့ ရောက်နေပြီဖြစ်သော လုဟုန်ကို လက်ညှိုးထိုးပြလိုက်၏။
ယွီကျန့်ဟိုင်သည် စီးဝူယာ့၏အဝတ်အစားများ အနည်းငယ်မသေမသပ်ဖြစ်နေတာကို တွေ့လိုက်ရ၏။ သူက မျက်မှောင်ကျုံ့လျက် ပြောလိုက်တော့သည်။ “ဒါကို ငါ့ဆီအပ်ထားလိုက် ... ရှစ်တိ”
ဝှစ်
လုဟုန်သည် သူ၏ခမ်းနားသော ကျင့်စဉ်ကို ထပ်မံထုတ်ဖော်လိုက်၏။ သူသည် လျိုကျစ်ကို သူနှင့်မခေါ်လာရဲချေ။ သူ့ကိုယ်သူ ဦးစားပေးသည့်အတွေးများ စိုးမိုးနေ၏။ သူ့အသက်အန္တရာယ်အတွက် ပြေးနေချိန်တွင် လျိုကျစ်ကို စွန့်ပစ်ဖို့တွေဝေမနေ။ သူသည် ရှင်းလင်းသည့်လမ်းကြောင်းကို ရွေးမနေဘဲ သစ်ပင်များကို ဖြတ်တိုက်လိုက်၏။ လူတစ်ယောက်သည် ကြောက်လန့်ဖွယ်အခြေအနေအောက်၌ အလိုက်ခံရချိန်တွင် သူတို့ကိုလိုက်သည့်လူကို ဖယ်ရှားနိုင်ရန်အတွက် ကွေ့ကောက်ပြီး ပြေးဖို့သာ အလိုလိုသိစိတ်အရ ရွေးမိလောက်သည်။ သူသည် တောအုပ်ကနေ အဝေးသို့မပျံခဲ့ပေ။ ထိုအစား သစ်ပင်များကြား၌သာ ဖြတ်ပြေးနေလေ၏။ သူ၏ ဘယ်ညာသို့လျှပ်ပြက်သည့်အရှိန်ဖြင့်ပစ်ထုတ်လိုက်သည်။ သူ မည်သည့်နေရာတွင် ရှိနေမှန်း သူ မသိ။ သူအရပ်မျက်နှာမသိတော့ပေ။ သို့သော် ယင်းက အရေးမကြီး ... သူသာ ယွီကျန့်ဟိုင်ကို ခွာချနိုင်သရွေ့ အနှေးနှင့်အမြန် သူက လမ်းကြောင်း ရှာတွေ့နိုင်လိမ့်မည်။ သူ၏လက်ဖဝါးက စေးထန်းထန်းဖြစ်နေပြီး လက်ချောင်းများက တုန်ယင်နေလေ၏။ သူလှည့်ကြည့်ကာ မျက်လုံးများက ပြူးကျယ်နေလျက် ရံဖန်ရံခါ သူ့နောက်ကို လှည့်ပြီး သက်ပြင်းချလိုက်၏။ သူ၏လှည့်ကွက် အလုပ်ဖြစ်ပုံပေါ်သည်။ သူ့ကို လိုက်နေသည့်သူက လမ်းပျောက်သွားသည်ဟု ခံစားမိသည်။
လုဟုန် စိတ်ပျက်အားငယ်နေချိန် တောအုပ်ထဲ၌ တသိမ့်သိမ့်မြည်သံပေါ်ထွက်လာသည်။
ကောင်းကင်ထဲ၌ လည်ပတ်နေသော စွမ်းအင်တစ်ခုမဟူရာကောင်းကင်ကြယ်အလင်း ပေါ်ထွက်လာ၏။ နဂါးသွဲ့ကျောက်ဓားမော့က ထုတ်ဖော်သည့်သိုင်းသည် တောအုပ်ထဲ ရိတ်သိမ်းသွားတော့သည်။
လုဟုန်ရင်တုန်လာတော့သည်။ သူက ခြေဆောင့်နင်းလျက် သစ်ပင်များဆီသို့ တစ်ဟုန်ထိုးသွားလိုက်သည်။ သူက တောအုပ်ထဲက ချက်ချင်းထွက်နိုင်တော့မည်။
အမ်း ... အမြွှာကျောက်တုံးရှိတဲ့တောင်တစ်တောင်လား။ အဲဒါက ခုနစ်စင်ကြယ်ကျောင်းတော်ရဲ့ တပည့်တွေ မဟုတ်ဘူးလား။ သူတို့တွေ ဒီမှာ ဘာကြောင့်ရောက်နေတာလဲ။
လုံလောက်သွားချေပြီ ... လေထဲ၌ အသံတစ်သံပေါ်ထွက်လာ၏။
“ဟုန်ချူးအခွဲရဲ့လုဟုန်လား”
လုဟုန်က အပျော်လွန်သွား၏။ သူကအော်ပြောလိုက်သည်။ “ငါ့ကို ကူညီပါ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီးကျိရဲ့တပည့်ကို သတ်ပေး”
လုဟုန်သည် ထိုစကားကိုမပြောခဲ့လျှင် အရာအားလုံးအဆင်ပြေလောက်၏။ သူ ပြောလိုက်သည်နှင့် ခုနစ်စင်ကြယ်ကျောင်းတော်၏ တပည့်တစ်ထောင်အမူအရာက ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းတွင် သူတို့နောက်က လက်ဝါးစည်းတံဆိပ်ကပေါ်ထွက်လာသည်။ လက်ဝါးစည်းတံဆိပ်က လက်သီးအဖြစ် ပြောင်းပြီး အပြာရောင်ဖြစ်နေ၏။ ယင်းက ဗုဒ္ဓ၏ ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်ပဲဖြစ်သည်။ ၎င်းကို သုံးလိုက်သည်နှင့် လူအများသည် ကြောက်လန့်မှုကို မသိဘဲ ငြိမ်းချမ်းမှုကိုသာ ရှာဖွေလိမ့်မည်။
ထိုစဉ်လုကျိုးက ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်ဆီသို့ တန်းတန်းမတ်မတ်တိုးဝင်လာ၏။ သူသည် လက်ဖဝါးစည်းတံဆိပ်ဖြင့် အရိုက်ခံရခြင်း၏နောက်ဆက်တွဲကို ကျန်သည့်သူများအား ပြသခဲ့သည်။
ဖုန်း
လုဟုန်သည် ချက်ချင်းပင် ပြာဖြစ်သွားတော့သည်။
“…” အမြွှာကျောက်တုံးတောင်ထွတ်ပေါ်၌ တိတ်ဆိတ်မှုတို့က ကြီးစိုးသွားတော့သည်။
ကျိုးယို့ချိုက်က ခြောက်ခြားလာတော့သည်။ သူ၏ခွန်အားများ ခြေထောက်ကနေ ထွက်သွားသည်ဟု ခံစားမိကာ သူ့ခြေထောက်များကလည်း ယိုင်နဲ့လာပြီး ထရပ်ရန် စွမ်းအင်မရှိတော့ပေ။
ဟုန်ချူးအခွဲခေါင်းဆောင် ပွင့်ချပ်ခုနစ်လွှာဟုန်ချူးသည် လက်ဖဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်လော။
…
အခန်း(၅၇၀) စိတ်အေးအေးထား
ကျိုးယို့ချိုက်က သူ ပထမရောက်လာစဉ်အခါက ကျိုးဝမ်လျန့်သည် သူ့ကို လာရောက်နှုတ်ဆက်ပြီးနောက် မင်ရှစ်ရင်နှင့် တွေ့ဆုံကာ အမြွှာကျောက်တုံးတောင်ထိပ်သို့ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း အမှတ်ရသွားသည်။ အကယ်၍ ထိုအဆင့်များတွင် အမှားများရှိပါက သူသည်လည်း ဟုန်ချူးအဖွဲ့ခေါင်းဆောင် လုဟုန်လိုမျိုး အဆုံးသတ်သွားလိမ့်မည်။ သူက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အပေါ်မှာ ဆက်မနေဖို့ ဆုံးဖြတ်လိုက်သည်။
လုကျိုးက လုဟုန် သေဆုံးမှုအပြီးတွင်ပင် မထူးမခြားနား ဖြစ်၏။ သူ့အနေနှင့် ဟုန်ချူးအဖွဲ့အား သူ သီးသန့်ကျင့်ကြံရေး မဝင်ရောက်ခင်ကတည်းက လာမရှုပ်ဖို့ သတိပေးထားပြီးသား ဖြစ်၏။ သူ့လက်ဝါးချက်က သတ်နိုင်ဖို့ သေချာအောင် ထူးခြားအံ့ဖွယ် စွမ်းအားများကို ချွေတာမထားပေ။ သူက ထိုတိုက်ကွက်အပေါ် စွမ်းအား သုံးပုံတစ်ပုံကို ထုတ်သုံးထား၏။
သူ့သုံးသပ်ချက်အရ ထူးခြားအံ့ဖွယ် စွမ်းအား ခြောက်ပုံတစ်ပုံ ဒါမှမဟုတ် ငါးပုံတစ်ပုံဖြင့်ပင် ပွင့်ချပ်ခြောက်လွှာ သို့မဟုတ် ခုနှစ်လွှာအဆင့် ကျင့်ကြံသူကို သတ်နိုင်လေသည်။ စိတ်ချရစေဖို့ သူက သုံးပုံတစ်ပုံ ထုတ်သုံးလိုက်ခြင်း ဖြစ်၏။ သူက ရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ လက်ဝါးတစ်ချက်ဖြင့် လုဟုန်အား အမှုန့်ဖြစ်သွားစေသည်။
ဟွမ်းရှစ်ကျဲပင် ထိုအရာကို မြင်သည့်အခါ ခဏမျှ ကြောင်အမ်းသွားသည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် လုကျိုးက ပြောလိုက်၏။ “စိတ်အေးအေးထားပါ ”
“ကျုပ် … ကျုပ် စိတ်အေးပါတယ် ” ကျိုးယို့ချိုက်က လက်ဝေ့ကာ ပြောလိုက်သည်။ သူက ထိတ်လန့်နေသည့်ပုံ မပေါက်အောင် အတတ်နိုင်ဆုံး ကြိုးစားထား၏။
တခြားလူများကလည်း တောအုပ်အထက်မှ ဧရာမ စွမ်းအင်ဓားမော့ကြီးကို မော့ကြည့်လိုက်ကြသည်။
ဟွမ်းရှစ်ကျဲက ပြုံးလိုက်ကာ “ ဂိုဏ်းချုပ်ယွီက အမြဲတမ်း အားကောင်းနေတုန်းပဲ ”
အမှောင်ကောင်းကင်အောက်မေ့ရာမှ ထွက်ပေါ်လာသည့် အမှောင်ကောင်းကင် ကြယ်တာရာတိုက်ကွက်သည် နယ်ပယ်စက်ကွင်းကျယ်လေသည်။ ဤသည်က လုဟုန်အတွက် တောတစ်ခုလုံးကို ရှင်းထုတ်လိုသည့် တစ်ခုတည်းသော ရည်ရွယ်ချက်လည်း ဖြစ်၏။
ဤသည်က လုကျိုးသည် ယွီကျန့်ဟိုင်အား ကျင့်မင်တာအိုဂိုဏ်း၏ ပင်မတောင်တွင် ဖမ်းဆီးခဲ့စဉ်အခါကလိုမျိုးနှင့် ဆင်တူသည်။
ကွဲပြားချက်မှာ ယွီကျန့်ဟိုင်၏ တိုက်ကွက်က အလျင်စလို ဖြစ်ကာ စိတ်မရှည်ပုံပေါ်၏။
တောအုပ်တစ်ခုလုံး ပျောက်ကွယ်သွားသည့်အခါ ယွီကျန့်ဟိုင်က လေထဲ ပျံသန်းနေဆဲ ဖြစ်၏။ သူ့ထက်ရှသည့် အာရုံကြောင့် အကြည့်တို့က အမြွှာကျောက်တုံးတောင်ထိပ်ဆီ ကျရောက်သွားသည်။
မြင်ကွင်းထဲ ဝတ်ရုံဖြူ ကျင့်ကြံသူအယောက်တစ်ထောင်ကို မြင်လိုက်ရ၏။
တစ်ချိန်တည်းဆိုသလို ယွီကျန့်ဟိုင်က လုဟုန်ကို ယင်ကောင်လို ခြေမွပစ်လိုက်သည့် လက်ဝါးစည်းတံဆိပ်ကိုလည်း မြင်လိုက်ရသည်။ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်သော်လည်း ထိုဧရာမလက်ဝါးချက်ကြီးကို မြင်လိုက်ရသည့်အခါ လန့်မိသွားသည်။
မိတ်ဆွေလား … ရန်သူလား …
အမြွှာကျောက်တုံးတောင်ထိပ်က တိုက်ကွက် ထုတ်လိုက်တာ ဘယ်သူလဲ
လက်ဝါးက ဘာလို့ ပင်လယ်ပြာ ဖြစ်နေတာလဲ …
မေးခွန်းဆက်တိုက်က သူ့လှုပ်ရှားမှုအား တုံ့ဆိုင်းစေနေသည်။
ခုနှစ်စင်ကြယ်ကျောင်းတော်၏ တပည့်များကို ထပ်ကြည့်လိုက်ကာ ကျို့ယို့ချိုက်လားဟု စဉ်းစားလိုက်ပြန်သည်။ သို့သော်လည်း ထပ်မံ စဉ်းစားလိုက်ပြီးသည့်နောက်တွင် ထိုအတွေးကို ဖယ်ထုတ်လိုက်၏။ ကျိုးယို့ချိုက်၏ ကျင့်ကြံဆင့်ဖြင့် မိုးမြေကို တုန်လှုပ်ကာ နတ်ဘုရားများနှင့် တစ္ဆေများကိုပင် ငိုကြွေးသွားစေနိုင်သည့် တိုက်ကွက်မျိုး ထုတ်လွှင့်ဖို့ရာ မဖြစ်နိုင်ပေ။
ယွီကျန့်ဟိုင်က အနီးကပ်သွားတော့မည့်အချိန် အသံတစ်သံ ကြားလိုက်ရသည် “ တာ့ရှစ်ရှိုး ”
“ဘာလို့လဲ ” ယွီကျန့်ဟိုင်က သူ့ဆီ ပျံသန်းလာနေသည့် စီးဝူယာ့အား လှည့်ကြည့်လိုက်သည်။
“ ယန်စီရင်စုကို အရင်ကိုင်တွယ်ရအောင်”
“အမြွှာကျောက်တုံးတောင်ထိပ်မှာ တစ်ယောက်ယောက် ရှိနေတယ်။ ရန်သူ ဖြစ်နေမှာစိုးလို့ … ငါ သွားစစ်ဆေးကြည့်ချင်တယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
အမြွှာကျောက်တုံးတောင်ထိပ်ကို ဧရာမကျောက်တုံးနှစ်တုံးဖြင့် တစိတ်တပိုင်း ဖုံးကွယ်ထားသလို ဖြစ်နေသည်။ တောင်ထိပ်ကို လှမ်းမြင်ဖို့ ခက်လှ၏။
သို့သော်လည်း စီးဝူယာ့က ပေ ၁၅၀ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ပြီးသား ဖြစ်သည့်အတွက် ပြုံးကာ ပြောလိုက်သည် “ စိတ်မပူပါနဲ့ … တကယ်လို့ သူတို့ တိုက်ချင်ရင် စောစောလေးကတည်းက တိုက်ပြီးလောက်ပါပြီ။ အိမ်ရှေ့စံ အသတ်ခံရတဲ့အထိ ဘာလို့ရပ်ကြည့်နေမှာလဲ”
ယွီကျန့်ဟိုင်က တောင်ကို လက်ညှိုးထိုးကာ “ဉာဏ်ကောင်းတဲ့ ရှစ်တိလေး မမြင်လိုက်ရပေမဲ့ ငါ ဧရာမလက်ဝါးစည်းတံဆိပ်ကြီးကို တွေ့လိုက်တယ်။ အပြာရောင်ကို အကြီးကြီးပဲ …”
သူက သူ့လက်ဖြင့် အရွယ်အစားကို ဖော်ပြဖို့ လုပ်လိုက်သော်လည်း ရပ်တန့်လိုက်သည်။ သူက နေရခက်စွာ ချောင်းဟန့်လိုက်သည်။ သူက အရူးတစ်ယောက်လို လက်ဟန်များ လုပ်ပြနေခဲ့သည် မဟုတ်ပါလော။
ငရဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ် အဲလိုတွေလုပ်နေတာတုံး …
“ ဘာဖြစ်ဖြစ် လုဟုန်က လက်ဝါးချက်ကြောင့် သေသွားပြီ”
“ကောင်းတာပေါ့ … လုဟုန်သေပြီဆိုတော့ ဟိန်ချုးအဖွဲ့က ခေါင်းဆောင်မရှိတော့ဘူး။ အခု ပြန့်ကျဲနေသည့် သဲမှုန့်တွေလို ဖြစ်သွားပြီ။ တာ့ရှစ်ရှိုး ကမ္ဘာကို အုပ်စိုးဖို့ အတိုက်အခံ တစ်ခု လျော့သွားတာပေါ့” စီးဝူယာ့က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်ပြီး “ အဲဒါဆို အမြွှာကျောက်တုံးတောင်ထိပ်က လူတွေက ရန်သူတွေ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ခဏနေပါဦး … သူတို့က ကျောင်းတော်တပည့်တွေနဲ့ တူတယ် ”
စီးဝူယာ့က ယွီကျန့်ဟိုင်၏ သဘောထားကို ကောင်းကောင်းနားလည်လေသည်။ အကယ်၍ ယွီကျန့်ဟိုင်သာ သူ့ရှစ်စွင်းက အကူအညီပေးနေသည်ကို သိသွားခဲ့လျှင် ပျော်ရွင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက အလျင်စလို ပြောလိုက်၏။
“ အဲဒါက အရေးမကြီးပါဘူး။ ယန်စီရင်စုထဲက တိုက်ပွဲက အရေးကြီးဆုံးပဲ။ ကျွန်တော်တို့ ပြန်သွားကြရအောင် … ”
ယွီကျန့်ဟိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “အဲလိုလုပ်ကြတာပေါ့ ”
ကိစ္စကြီးကြီးက ပိုအရေးကြီးလေသည်။ စီးဝူယာ့က ထိုအရာကို သိကာ ယွီကျန့်ဟိုင်အပေါ် ထုတ်သုံးခဲ့ခြင်း ဖြစ်၏။ သူတစ်ယောက်တည်း ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်သည့်သူ မဟုတ်မှန်း သိထားသည်။ သို့သော်လည်း ယခုအချိန်တွင် ဒုက္ခရှာနေစရာ မလိုပေ။
ထိုသို့ဖြင့် စီးဝူယာ့နှင့် ယွီကျန့်ဟိုင်တို့က ယန်စီရင်စုဆီ ပြန်သွားကြသည်။
………………….
အမြွှာကျောက်တုံးတောင်ထိပ်
လုကျိုးနှင့် တခြားလူများက ယန်စီရင်စုမှ တိုက်ပွဲကို လေ့လာနေကြသည်။
ငရဲဂိုဏ်းမှ အင်အားစုများက မြို့ထဲ အရှိန်အဟုန်အပြည့်ဖြင့် ဝင်ရောက်လာကြသည်။
လုကျိုးက ထွက်သွားဖို့ အလျှင်မလိုပေ။ သူက မင်ရှစ်ရင်၏ စကားများကို အမှတ်ရသွား၏။
နန်းတော်ထဲ တကယ်လို့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိနေခဲ့ရင်ရော …
“အစ်ကိုကျိ ကြည့်ရတာ ရလဒ်က သေချာနေပါပြီ။ အစက ယန်စီရင်စုမြို့ထဲ ဝင်ရမယ် ထင်နေတာ။ အခုတော့ ကျုပ်ကို မလိုတော့ဘူး ထင်ပါတယ်” ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။
“ဟမ်” လုကျိုးက မျက်ခုံးပင့်ကြည့်လိုက်သည်။
“အိုး ဟုတ်သား … ကျုပ်တို့က ဖြတ်သွားရုံပဲ” ဟွမ်းရှစ်ကျဲက သူ့ဘာသာ အမှန်ပြင်လိုက်သည်။ သူက ဒီနေရာတွင် အမှန်တကယ် အသုံးမဝင်သလို ခံစားနေရ၏။ ပွင့်ချပ်ကိုးလွှာအဆင့် ရှိနေလေရာ သူ့ကို အဘယ်ကြောင့် လိုအပ်မည်နည်း။ အလွန်ဆုံးက သူက ဘေးမှ အားပေးသူအဖြစ်သာ ရှိလိမ့်မည်။
လုကျိုးက ခေါင်းညိတ်ကာ “ မင်း မလုပ်နိုင်တာ မရှိတာတော့ မဟုတ်ပါဘူး”
“ အစ်ကိုကျိ ပြောသာပြောလိုက်ပါ။ ဖန်းလိုင်ကျွန်းက အကုန်ထောက်ခံပေးပါ့မယ်” ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။
“ ပထမတပည့်ကို အလုပ်ကြိုးစားဖို့ ပြောလိုက်စမ်းပါ … အမျိုးသမီးလော့အကြောင်း စုံစမ်းဖို့ ပြောထားတာ သူ့ဆီက ဘာသတင်းမှ ပြန်မကြားရသေးဘူး” လုကျိုးက ပြောလိုက်သည်။
“အာ … ” ဟွမ်းရှစ်ကျဲက မလုံမလဲ ပြုံးလိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ “အဲဒီငမိုက်သားက မွေးကတည်းက လတ်လျားလတ်လျား ဆိုပေမဲ့ စုံစမ်းတဲ့နေရာမှာ တော်တယ်။ ကျုပ် ပြန်ရောက်တဲ့အခါ သေချာစောင့်ကြည့်ထားလိုက်ပါ့မယ် ”
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ယန်စီရင်စုမြို့မှ တိုက်ပွဲသည် တစ်ဖက်သတ် ဖြစ်လာကြောင်း မြင်သည့်အခါ စိတ်ဝင်စားမှု ပျောက်သွားသည်။ သူက မေးလိုက်သည်။
“ မျောလွင့်ကျွန်းရော ဘယ်လိုလဲ ”
“ အစ်ကိုကျိ ပင့်တင်ပေးလိုက်ကတည်းက အစီအရင်ကို ပြန်ပြင်ပေးသွားပြီးပါပြီ။ ဖန်းလိုင်ကျွန်းငါးကျွန်းလုံးလည်း တည်ငြိမ်သွားပါပြီ။ အစ်ကိုကျိ တစ်ယောက်တည်းအားနဲ့ တိုက်ပွဲရေစီးကြောင်းကို ပြောင်းပေးလိုက်ခဲ့တာပါ။ ဖန်းလိုင်ကျွန်းသခင်အနေနဲ့ ကြင်နာမှုကို ပြန်ပေးဆပ်တာ ဖြစ်သင့်ပါတယ်” ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။
ကျိုးယို့ချိုက်က ဟွမ်းရှစ်ကျဲ စကားကို ကြားလိုက်ပြီး တုန်လှုပ်သွားသည်။
“ကျိချန်းပေ့က ကျွန်းကို တစ်ယောက်တည်း ပင့်တင်ပေးခဲ့တာ အမှန်ပဲလား ”
မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်လိုက်သည်။ သူက ဤအမျိုးသားသည် တုံးအသည်ဟု ခံစားနေရ၏။
သူ့ဉာဏ်ရည်နဲ့ ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျောင်းအုပ် ဘယ်လိုလုပ် ဖြစ်လာခဲ့တာလဲ … ငါ ပွင့်ချပ်ဖူးပွင့်ဆေးလုံးတွေ အကုန်ယူခဲ့ရမှာ။
ဟွမ်းရှစ်ကျဲက ပြောလိုက်သည် “ကျောင်းအုပ်ကျိုး ဒီမှာသာ အစ်ကိုကျိ မရှိရင် ခင်ဗျားရဲ့ မှတ်ချက်ကြောင့် ရင်းနှီးမှုကို ဖြတ်တောက်လိုက်ပြီ”
ကျိုးယို့ချိုက် “ … ”
“ဖန်းလိုင်ကျွန်းက အစ်ကိုကျိအပေါ် ကျေးဇူးကြွေးတင်နေတာ။ တခြားလူတွေ အစ်ကိုကျိကို သံသယဝင်ကြတာ ထားပါတော့ … ဒါပေမဲ့ ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်အနေနဲ့ အမှန်နဲ့အလိမ်အညာကြား ခွဲခြားတတ်သင့်တာပေါ့” ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။
ကျွန်းကို လက်တစ်ဖက်တည်းဖြင့် မတင်ခဲ့သည်ကို တွေးကြည့်လိုက်လျှင် အံ့ဖွယ် ဖြစ်၏။ သို့သော်လည်း စုံစမ်းပြီးသည့်နောက်တွင် အမှန်တရား ပေါ်ထွက်လာလိမ့်မည်။
ဘာလို့များ သံသယဖြစ်နေဦးမှာလဲ …
သူက ဖန်းလိုင်ကျွန်းနှင့် မိစ္ဆာဝေဟင်မျှော်နန်းကြား သွေးထိုးဖို့ ကြိုးစားနေခြင်းသာ ဖြစ်၏။ ဟွမ်းရှစ်ကျဲက မသိဘဲနေမည်လား။
ကျိုးယို့ချိုက်က ချက်ချင်း တောင်းပန်လိုက်သည်။
“ ကျုပ် တောင်းပန်ပါတယ်။ ဆေးလုံးဖော်စပ်တာနဲ့ ရွှေကြာအပေါ် လေ့လာဖို့မှာ အာရုံစိုက်ထားတော့ ကျွန်းကို လက်တစ်ဖက်တည်းနဲ့ ပင့်ထားတဲ့ ကိစ္စကို အမှန်လို့ မထင်လိုက်မိဘူး …”
သူက တောင်းပန်ပြီးသည့်နောက်တွင် လက်နှစ်ဖက်ယှက်ကာ “ ကျိချန်းပေ့ရဲ့ ကျင့်ကြံဆင့်က ဒီလောက်တိုးတက်လာမှန်း မသိခဲ့ဘူး။ တကယ်ကို အံ့ဩမိပါတယ် ”
လုကျိုးက ထိုသို့သော မြှောက်ပင့်မှုမျိုးနှင့် အသားကျနေပြီ ဖြစ်၏။
သူက မေးလိုက်သည်။ “ ရွှေကြာနဲ့ ဆေးလုံးဖော်စပ်ရာမှာ လေ့လာနေတာ ဘယ်လိုနေလဲ ”
…