← Chapters

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁) မင်းက စိတ်သဘောထားသေးသိမ်တဲ့သူမဟုတ်ဘူးဆိုတာ ငါယုံတယ်

လုကျိုး၏စကားက ကျောင်းအုပ်ကျိုးကို စိတ်ရှုပ်ထွေးသွားစေ၏။ ရွှေကြာဖြတ်တောက်သည့်ခေတ် စတင်ပြီးနောက် သူ၏သုတေသနကို အမြဲတမ်း သိုသိုသိပ်သိပ်ဆောင်ရွက်ခဲ့၏။ ကျောင်းတော်၏ ပင်မတပည့်များနှင့် တော်ဝင်မိသားစုသာလျှင် ဤအရေးကိစ္စကိုသိသည်။ အပြင်လူများထံတစ်ခါမှ ထုတ်မပြဖူးပေ။

ကျိုးယို့ချိုက်က အဟင်းအဟမ်းဖြစ်နေစဉ် လုကျိုးက သက်ပြင်းချပြီးပြောလိုက်၏။

“ခုနစ်စင်ကြယ်ကျောင်းတော်က စိတ်ထားဖြောင့်မတ်ပြီး မြင့်မြတ်တဲ့အချိန် ရှိခဲ့ဖူးတာကို ငါ မှတ်မိပါသေးတယ်။ ဂုဏ်ကျက်သရေ ထွန်းလင်းတဲ့ကာလ ဖြစ်ခဲ့တာပေါ့။ အဲဒီတုန်းက ခုနစ်စင်ကြယ်ကျောင်းတော်ကို ဝင်ဖို့အတွက် တစ်မိုးအောက်မှာ တန်းစီစောင့်နေတဲ့ ပညာသင်သားတွေ အများကြီးပဲ။ အဲ့ဒီအချိန်ကစပြီး ရာစုနှစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြီး ... ပြီးတော့ ကျောင်းတော်က ဒီလိုပုံဖြစ်လာတာပဲ။ အခုသီးခြားနေပြီး တစ်ကိုယ်ကောင်းဆန်တယ်။ ထုံးစံမဟုတ် ဘက်လိုက်လွန်းတယ်။ လောကကြီးကို လျစ်လျူရှုလွန်းတယ်။ ကျောင်းတော်က ဒီအနေအထားထိ ယုတ်လျော့သွားတာ အံ့ဩစရာမရှိဘူးပဲ”

ကျိုးယို့ချိုက်သည် ထိုစကားများကိုကြားသောအခါ အရှက်ရမိသည်။

ဟွမ်းရှစ်ကျဲက ပြောလိုက်၏။

“ကျောင်းအုပ်ကျိုး ... အစ်ကိုကျိရဲ့ခေတ်မှာ ပြောပြခဲ့ရင် ဘာများကြောက်စရာရှိလို့လဲ။ အစ်ကိုကျိက ပွင့်ချပ်ကိုးလွှာအဆင့်ရောက်နေပြီးပြီ။ မင်းရဲ့သုတေသန ရလဒ်ကို သူက လုယူမှာတဲ့လား။ တကယ်တော့ အစ်ကိုကျိဆီကနေ လမ်းညွှန်မှုရခဲ့ရင် မင်းရဲ့ဆယ်နှစ်စာ သုတေသနထက်တောင် ပိုတန်ဖိုးရှိမှာပဲလေ”

ယင်းက အလိမ်အညာစကား မဟုတ်ပေ။ အငယ်များစွာက အဆင့်တစ်ခု၌ တစ်ဆို့နေကြသည်။ စာဖတ်ရှုခြင်းသည်လည်း တူညီပေ၏။ တစ်မိုးအောက်ရှိ အရာအားလုံးအကြောင်း လူတစ်ယောက်က ဖတ်ရှုရုံဖြင့် အရာအားလုံးနားလည်နိုင်မည်ဆိုလျှင် ဆရာများအဘယ်ကြောင့် လိုအပ်တော့မည်နည်း။

ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်း၏ယွီရှန်းရုန်သည် ရွှေကြာဖြတ်တောက်ပြီးနောက် ပွင့်ချပ်ခြောက်ချပ်ရအောင် ပြန်လည်ကျင့်ကြံခဲ့၏။ ကျိုးယို့ချိုက်သည် သူ၏သုတေသနကို အဘယ်ကြောင့် စောင့်ထိန်းချင်နေရသနည်း။

ကျိုးယို့ချိုက်က ရုတ်တရက်သဘောပေါက်သွားတော့သည်။ သူက သက်ပြင်းချလျက်ပြောလိုက်၏။

“မင်းပြောတာအဓိပ္ပာယ်ရှိတယ် ကျွန်းသခင်ဟွမ်း။ ကျုပ် စိတ်သဘောထားသေးသိမ်မိတယ်။ ကျောင်းတော်ရဲ့တာဝန်က လောကကြီးကို သင်ပြပေးဖို့။ ဒါက ကျောင်းတော်ရဲ့အုတ်မြစ်လည်း ဖြစ်တယ်” ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ရွှေကြာသုတေသနပြလုပ်ခြင်း သူ့ကိုလုပ်ခဲ့တာ ခြောက်လကျော်ပြီ။ အနည်းအကျဉ်းတိုးတက်မှုပဲ ရှိခဲ့တာ”

“ဆိုစေ” လုကျိုးသည် ခက်ထန်မှုနည်းပုံပေါ်အောင် အနည်းဆုံးကြိုးစားလိုက်၏။ သူက ဖာသိဖာသာသွင်ပြင်မျိုး ပေါ်အောင် အကောင်းဆုံးကြိုးစားနေသည်။ သူက လက်ဖက်ရည် သောက်ပြီးနောက် စကားစမြည် ပြောနေသည့်ပမာ အသွင်ဖမ်းနေတော့သည်။

ကျိုးယို့ချိုက်က ပြောလိုက်၏။

“ကျုပ်တို့သိရသလောက် ရွှေကြာဖြတ်တောက်ပြီး ကျင့်ရတာက ကျုပ်တို့မှန်းဆထားတာထက် ပိုရှုပ်ထွေးတယ်။ ရွှေကြာဖြတ်တောက်ပြီးနောက် ကျင့်ကြံမှုအရှိန်ထိခိုက်ရုံသာမကဘူး စိတ်ဝိညာဉ်သဏ္ဌာန်လည်း ထိခိုက်တယ်။ ကျုပ်တို့သိတဲ့အတိုင်း စိတ်ဝိညာဉ်သဏ္ဌာန်တွေက မလှုပ်ရှားဘူး။ သူတို့က ရုပ်တုတွေလိုပဲ။ ရွတ်ဆိုသူက စိတ်ဝိညာဉ်သဏ္ဌာန်ထဲဝင်ပြီးမှ ခုခံမှုအနေနဲ့ ဆောင်ရွက်ပေးတာ။ ဒါပေမဲ့ ရွှေကြာဖြတ်တောက်ခံပြီးရင် ရွတ်ဆိုသူတွေက သူတို့ရဲ့ ကိုယ်ပိုင်စိတ်စွမ်းအားကနေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းချုပ်လာနိုင်တယ်။ ဒီတော့ အဲ့ဒါက လှုပ်ရှားလာနိုင်တယ်။ ပိုအစွမ်းထက်တဲ့ကျင့်စဉ်တွေထုတ်ဖော်လာနိုင်တာပေါ့။ ရွှေကြာ မဖြတ်တောက်ခင်က ပွင့်ချပ်အရေအတွက်က ရွှေကြာဖြတ်တောက်ပြီးတဲ့နောက် ကျင့်ကြံခြင်းအရှိန်ကို ပြင်းပြင်းထန်ထန်သက်ရောက်စေတယ်။ ပွင့်ချပ်ပိုများလေလေ သူတို့ရဲ့ ကျင့်ကြံဆင့်က ပိုမြန်ဆန်လာလေပဲ။ မယုံနိုင်စရာကောင်းလောက်အောင်မြန်တယ်။ အဲ့ဒီအကြောင်းကို ကောင်းကင်ဦးစီးကျောင်းတော်ရဲ့ ကျောင်းအုပ်မုန့်နန်ဖေးနဲ့ အရင်က ဆွေးနွေးပေးခဲ့ဖူးတယ်။ ရွှေကြာဖြတ်တောက်တဲ့ခေတ်ပြီးတဲ့နောက် အဲ့ဒါက ခွန်အားပြန်ဖြည့်တဲ့ အခြေအနေမျိုးလို့ ကျုပ်တို့ သုံးသပ်မိတယ်”

ဟွမ်းရှစ်ကျဲက အထိတ်တလန့် ထုတ်ပြောလိုက်၏။

“ရွှေကြာဖြတ်တောက်တာက ဒီလောက်အကျိုးရှိတယ်တဲ့လား”

“အဲလိုတော့ မဟုတ်ဘူး” ကျိုးယို့ချိုက်က ဆက်ပြောသည်။

“ရွှေကြာရဲ့လျှို့ဝှက်ချက်ကို ပိုပြီး သုတေသလုပ်ဖို့လိုနေသေးတယ်။ ရွှေကြာတွေက ကျင့်ကြံသူတွေရဲ့အသက်ဓာတ်နဲ့ စွမ်းအင်တွေကို ဘာကြောင့်စုပ်ယူတာလဲ။ ဒါက အခုချိန်မှာ ဖြေရှင်းလို့မရတဲ့ဆန်းကြယ်မှု၊ သုတေသနမှာ လွဲချော်တာ တစ်ခုခုရှိတယ်။ စိတ်ဝိညာဉ်သဏ္ဌာန်တွေက တိုက်ခိုက်နိုင်တယ်။ ဒါမှမဟုတ် ထိတ်လန့်ဖွယ်ခွန်အားတွေနဲ့ နောက်ဆုတ်နိုင်တယ်။ ရွှေကြာက ကောင်းကင်အဆင့်ရဲ့လက်နက်အနေနဲ့လည်း အသုံးပြုနိုင်တယ်။ ရွှေကြာမရှိရင် စိတ်ဝိညာဉ်သဏ္ဌာန်က သုံးပုံတစ်ပုံပိုအားနည်းသွားတာ။ ပြီးတော့အခုချိန်ထိ ရွှေကြာဖြတ်တောက်ပြီးနောက် နောက်ထပ်ရွှေကြာဖွဲ့တည်နိုင်လားဆိုတာ ဖော်ထုတ်ဖို့နည်းလမ်း မရှိဘူး။ ပွင့်ချပ်ကိုးလွှာအဆင့်က အကန့်အသတ်ဆိုရင် ဒါမှမဟုတ် ပွင့်ချပ်ကိုးလွှာအဆင့်ကို ကျော်လာပြီး ပွင့်ချပ်ဆယ်လွှာအဆင့်ရှိလားဆိုတာ ...”

ကျိုးယို့ချိုက်ပြောပြီးသည့်အချိန်တွင် သူနှင့် ဟွမ်းရှစ်ကျဲက လုကျိုးကို လှည့်ကြည့်လိုက်သည်။ လုကျိုးက ရွှေကြာဖြင့် ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ရှိသည့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် လုကျိုးဘာပြောမလဲဆိုတာကို သူတို့ စိတ်ဝင်စားနေကြ၏။ လျှို့ဝှက်ချက်ကို သိသည့်သူ ရှိခဲ့လျှင် ထိုလူက လုကျိုးပဲဖြစ်လိမ့်မည်။

လုကျိုးက ပြောလိုက်၏။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို တည်ငြိမ်အောင် မလုပ်သေးခင် ပွင့်ချပ်ဆယ်လွှာအဆင့်က မြင့်လွန်းတယ်”

သူတို့နှစ်ယောက်က ခေါင်းညိတ်လိုက်လေ၏။ ယခု ရွှေကြာဖြတ်တောက်သည့်ခေတ်က အရှိန်ပြင်းပြင်းဖြင့် ရောက်လာပြီး ပြောင်းလဲမှုဒီရေကို ရှောင်နိုင်ခြင်းမရှိပေ။ အနာဂတ်က မည်သို့ဖြစ်မည်ဆိုတာ မည်သူမှမသိ။

လုကျိုးက ထပ်ပြောလိုက်၏။

“ခုနစ်စင်ကြယ်ကျောင်းတော်က တော်ဝင်မိသားစုနဲ့အမြဲတမ်း ရင်းနှီးနေခဲ့တာ။ နန်းတော်ထဲမှာ ပွင့်ချပ်ကိုးလွှာပညာရှင်ရှိလားဆိုတာ သိလား”

ကျိုးယို့ချိုက်က ခေါင်းခါပြီးပြောလိုက်၏။

“အဲလိုကိစ္စမျိုး တစ်ခါမှမကြားဖူးဘူး။ တောင်က ကျားနှစ်ကောင်အတွက် သေးလွန်းနေတယ်။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် အမှန်တကယ် ရှိခဲ့မယ်ဆိုရင် အရှင်မင်းကြီးက အေးအေးဆေးဆေး နားနေမှာမဟုတ်ဘူး။ ဒါပေမဲ့ ယခင်ဧကရာဇ် ပလ္လင်ပေါ်မှာ ရှိခဲ့တုန်းကတော့ ကောလာဟလတွေရှိခဲ့ဖူးတယ်” သူက စကားပြောရပ်ပြီးနောက် ဆက်ပြောလိုက်၏။

“ယခင်ဧကရာဇ်က ချန်းပေ့ကျိနဲ့ ဆက်ဆံရေးကောင်းတယ်။ ကျင့်ကြံခြင်းအတွက် သူ့ရဲ့ပါရမီက ချန်းပေ့ထက် နိမ့်ကျတယ်ဆိုပေမဲ့ သူက အရည်ချင်းရှိတဲ့ ဆရာဆီက လမ်းညွှန်ပြသမှုရပြီးတဲ့နောက် အဆင့်ပေါင်းများစွာ တက်လာတာ။ ယခင်ဧကရာဇ်က ဒီအကြောင်းအရင်းကြောင့်ထီးနန်းပလ္လင်ပေါ် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့တာပဲ”

လုကျိုး၏စိတ်ထဲ တစ်စုံတစ်ခု မွှေနှောက်သွားလေ၏။

“အဲဒီအရည်အချင်းရှိတဲ့ ဆရာ ဘယ်မှာလဲဆိုတာ သိလား”

ကျိုးယို့ချိုက်က သက်ပြင်းချပြီးပြောလိုက်၏။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ကွယ်လွန်သွားပြီ။ ယခင်ဧကရာဇ်က သုံးရက်သုံးညတိုင်တိုင် ငိုကြွေးခဲ့တာ။ တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ သူက ဓလေ့ထုံးတမ်းတွေနဲ့ မြှုပ်နှံပေးခဲ့တာ။ ယခင်ဧကရာဇ်က သူရဲ့အုတ်ဂူကို သုံးနှစ်တောင်စောင့်ကြပ်ပေးခဲ့တယ်”

“အဲ့တာကို မင်းကိုယ်တိုင်မျက်မြင်တွေ့ခဲ့တာလား”

“ဖြစ်ခဲ့တာ ကြာပြီ။ ကိုယ်တိုင်မတွေ့ခဲ့ရဘူး။ ကောလာဟလတွေကြားခဲ့တာပဲ”

ကျိုးယို့ချိုက်က ပြန်ပြောလိုက်သည်။

“အဲ့ဒီအုတ်ဂူက ဘယ်မှာလဲ”

ကျိုးယို့ချိုက်က ပြော၏။

“ဒါကို လျှို့ဝှက်ထားတုန်းပဲ။ ယခင်ဧကရာဇ်က အုတ်ဂူကို တည်ဆောက်တဲ့အချိန် တည်နေရာကို လျှို့ဝှက်ထားဖို့ ပါဝင်တဲ့အလုပ်သမားအားလုံးကို သတ်ခဲ့တယ်၊ စာရေးတော်တွေလည်း အဲဒါကို မှတ်တမ်းမတင်ဖို့ တားမြစ်ခံခဲ့ရတယ်။ အုတ်ဂူဘယ်နေရာမှာလဲဆိုတာ ဘယ်သူမှ မသိလောက်ဘူး”

ယခုအချိန်တွင် ယခင်ဧကရာဇ်၏ဆရာက ခေါင်းတလားဖြင့် ရောက်လာသည့် ဆန်းကြယ်သည့်ပညာရှင်ဆိုတာ လုကျိုးအတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ လျိုကောက ထိုပညာရှင်ကို ဤမျှယုံကြည်နေတာ အံ့ဩစရာမရှိပေ။ ပညာရှင်သေသည်လော ရှင်သည်လော။ သူတို့ တစ်ခါမှမတွေ့ဖူးသောကြောင့် သေသေချာချာ ဘာမှမပြောနိုင်။

ထိုစဉ် မင်ရှစ်ရင်က ဝင်ပြောလိုက်၏။ "အခု ဧကရာဇ်မှာ ပွင့်ချပ်ဘယ်နှလွှာရှိလဲ”

ကျိုးယို့ချိုက်သည် မင်ရှစ်ရင်၏မေးခွန်းကိုကြားသောအခါ ထိတ်လန့်သွား၏။ သူ့မျက်နှာပေါ်၌ ချွေးစေးများ ချက်ချင်းပြန်လာတော့သည်။ သူက တွေဝေနေလျက် မလှမ်းမကမ်းတွင် သူ့ကို စောင့်နေသော ကျောင်းတော်၏ တပည့်တစ်ထောင်ကို ကြည့်လိုက်သည်။ မှားယွင်းသည့်အဖြေက တပည့်ပေါင်း တစ်ထောင်၏အသက်ကို ပေးဆပ်ရမည်မှန်း သူသိနေသည်။ အဆုံးကျ သူက ပြောလိုက်၏။

"အမှန်တိုင်းပြောရရင် ကျောင်းတော်က သန့်စင်တဲ့ ပွင့်ချပ်ဖူးပွင့်ဆေးလုံးတွေအားလုံးကို နန်းတော်ဆီ ပို့ပေးရတာ။ လွန်ခဲ့တဲ့ခြောက်လမှာ ကျောင်းတော်နှစ်ခုနဲ့ အမြုတေယန်ဂိုဏ်းက ပွင့်ချပ်ဖူးပွင့်ဆေးလုံး စုစုပေါင်းတစ်ရာ့ရှစ်လုံး သန့်စင်ခဲ့တယ်"

မင်ရှစ်ရင်၏မျက်လုံးက ပြူးကျယ်သွားသည်။

“ဘယ်သူက အဲလောက်အစားကြီးတာလဲ။ သူကအခု ပွင့်ချပ်တစ်ရာ့ရှစ်လွှာပညာရှင်ဖြစ်နေပြီလား”

ကျိုးယို့ချိုက်က ချောင်းဟန့်လျက်ခေါင်းခါကာပြောလိုက်တော့သည်။

“ပွင့်ချပ်ဖူးပွင့်ဆေးလုံးတစ်လုံးသောက်သုံးတာက နောက်ထပ်ပွင့်ချပ်တစ်လွှာ တိုးမယ်လို့ အာမမခံနိုင်ဘူး။ ပွင့်ချပ်ဖူးပွင့်ဆေးလုံးနောက်ကွယ်က သီအိုရီက ကျင့်ကြံဆင့်မြှင့်တင်ပေးဖို့၊ ကနဦးချီစုပ်ယူနေရာတဲ့နေရာမှာ ပံ့ပိုးပေးရုံပဲ။ ပွင့်ချပ်ငါးလွှာ သို့မဟုတ် ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူက ပွင့်ချပ်ဖူးပွင့်ဖို့ အနည်းဆုံးဆေးလုံးဆယ်လုံး ဒါမှမဟုတ် ဆေးလုံးတစ်ဒါဇင်လောက် စားရတယ်”

ခွေးတစ်ကောင်က အရိုးကို မလွှတ်ပေးရန် ငြင်းဆန်သည့်ပမာ မင်ရှစ်ရင်ကပြောလိုက်၏။

“ဒီတော့ ဧကရာဇ်မှာ ပွင့်ချပ်ဘယ်နှလွှာရှိလဲ”

“…”

ကျိုးယို့ချိုက်က ဟိုဟိုဒီဒီကွေ့ဝိုက်ပြီးပြောနေတာ စိတ်ပျက်စရာကောင်းလှ၏။ သူ၏ရှစ်စွင်းသည် ဤနေရာတွင် မရှိလျှင် မင်ရှစ်ရင်က သူ့ကို ထိုးနေပြီးလောက်ပြီဖြစ်သည်။ “ရိုးရိုးသားသားပြောရရင် အရှင်မင်းကြီးမှာ ပွင့်ချပ်ဘယ်နှလွှာရှိလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ခွင့်လွှတ်ပေးပါ ချန်းပေ့ကျိ”

ကျိုးယို့ချိုက်က စိတ်ပူပန်စွာပြောလိုက်၏။

ဟမ် ... မပြောဘူးလား။ မပြောဘူးပေါ့ ... မင်ရှစ်ရင်က စိတ်လွတ်သွားတော့၏။

လုကျိုးသည် မင်ရှစ်ရင်ကို တားရန်လက်တစ်ဖက်မြှောက်လိုက်သည်။ "ဟုတ်ပြီ မင်းကိုယုံတယ်”

သူ၏တပည့်ရင်းမင်ရှစ်ရင်၌ ပွင့်ချပ်မည်မျှရှိကြောင်း သူတောင်မသိလေရာ ဧကရာဇ်၌ ပွင့်ချပ်မည်မျှရှိသည်ကို ကျိုးယို့ချိုက်သိရန် သူ မည်ကဲ့သို့မျှော်မှန်းနိုင်မည်နည်း။

“ယုံကြည်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ချန်းပေ့ကျိ”

“ကျောင်းအုပ်ကျိုး” လုကျိုးက ကျိုးယို့ချိုက်ကို စေ့စေ့စပ်စပ်ကြည့်ကာ ပြောလိုက်၏။ “အခုကစပြီး မင်းရဲ့အစီအစဉ်က ဘာလဲ”

“ဒါက ...”

“ကျောင်းတော်ရဲ့ဂုဏ်ကျက်သရေကို ပြန်လည်ရရှိအောင် သုံးသပ်ပါ့မယ်”

“ခုနစ်စင်ကြယ်ကျောင်းတော်မှာ အလားအလာရှိတယ်။ မင်းက စိတ်သဘောထားကျဉ်းမြောင်းတဲ့သူ မဟုတ်ဘူး။ ကျိုးယို့ချိုက် ... မင်းပြန်သွားပြီးရင် ကျောင်းတော်ရဲ့အနာဂတ်အကြောင်း ဂရုတစိုက် စဉ်းစားပေးစေချင်တယ်၊ ကျောင်းတော်က ဘာကိုလုပ်သင့်၊ မလုပ်သင့်၊ ရေရှည်မှာ ဘာကိုလုပ်သင့်သလဲ။ မျက်ကန်းသစ္စာရှိမှုကြောင့် အလောတကြီးမဆုံးဖြတ်နဲ့။ ဇဝေဇဝါမဖြစ်သွား၌ ရေရှည်ကိုစဉ်းစား” သူပြောနေစဉ်၌ သူ့အသံက စိတ်အားထက်သန်နေ၏။ သူပြောပြီးသည့်နောက် သူကလက်ဝေ့ယမ်းလျက်ပြောလိုက်သည်။ “လောင်စစ် ရထားလုံးပျံကိုမောင်းတော့”

“ရထားလုံးပျံမောင်းနှင်ပေးပါ့မယ် ရှစ်စွင်း”

လုကျိုးက ရထားလုံးပျံထဲသို့ ပြန်ခုန်တက်သွား၏။

ကျိုးဝမ်လျန့်၊ ဝမ်ကျန့်ရန်နှင့် ကျန်းကုန်းတို့ကလည်း လုကျိုးနောက် အလိုလိုလိုက်သွား၏။

မင်ရှစ်ရင်က သူတို့သုံးယောက်သားကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်၏။

“ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ ထွက်သွား”

“ဟမ်”

“မိစ္ဆာဝေဟင်မျှော်နန်းမှာ ထပ်ပြီးအလေလိုက်ဖို့စဉ်းစားနေတာလား။ အလကား” မင်ရှစ်ရင်က သူတို့ကို တစ်ချက်စီကန်လိုက်၏။

ကျိုးဝမ်လျန့်၊ ဝမ်ကျန့်ရန်နှင့် ကျန်းကုန်းတို့ကချက်ချင်းဒူးထောက်ပြီးပြောလိုက်သည်။

“ချမ်းသာပေးတာ ကျေးဇူးတင်ပါတယ် ချန်းပေ့ကျိ။ သက်ညှာပေးတာ ကျေးဇူးတင်ပါတယ်”

ဟွမ်းရှစ်ကျဲကလည်း ထရပ်ပြီး ကျိုးယို့ချိုက်ကိုကြည့်ကာပြောလိုက်၏။ “ကျောင်းအုပ်ကျိုး ဉာဏ်ရှိတဲ့လူတစ်ယောက်က အခြေအနေကိုအလျှော့ပေးရတယ်။ ကောင်းမွန်တဲ့ငှက်တစ်ကောင်က အသိုက်လုပ်ဖို့ သစ်ပင်ကောင်းကိုရွေးချယ်တယ်။ ဂရုစိုက်ပါ”

“ဂရုစိုက်ပါ။ ဂရုစိုက်ပါ” ကျိုးယို့ချိုက်သည် သူခံစားရသည့်အကြောက်တရားကို ဖိနှိပ်လိုက်၏။ သူက ရထားလုံးပျံပေါ်တက်သွားသော ဟွမ်းရှစ်ကျဲကိုမော့ကြည့်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်

ရထားလုံးပျံက လေထဲပျံသန်းသွားသည်။

လုကျိုးက အောက်ကိုငုံ့ကြည့်ပြီးနောက် ထူးမခြားနားပြောလိုက်သည်။ “မုန့်နန်ဖေးကိုလည်း ပြန်ပြောလိုက်”

ကျိုးယို့ချိုက်က အရိုအသေပေးလိုက်သည်။ “ဒီကိစ္စတစ်ခုလုံးကို သူ့ဆီသတင်းပါးလိုက်ပါ့မယ်”

…

အခန်း (၅၇၂) နှစ်တစ်ရာ အချိန်နောက်ပြန်ဆုတ်ခြင်း

မင်ရှစ်ရင်၏ ထိန်းချုပ်မှုအောက်တွင် တိမ်ခွင်းရထားလုံးပျံက တိမ်ပင်လယ်ကြား ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ကျိုးယို့ချိုက်က မော့ကြည့်လိုက်သည့်အခါ ရထားလုံးပျံကို ထပ်မမြင်ရတော့ပေ။ ထိုစဉ် သူက ဒယီးဒယိုင်ဖြင့် မြေပေါ် ထိုင်လျက်သား လဲကျသွားကာ အသက်ပြင်းပြင်းရှုနေရသည်။ သူ့အတွက် ပြန်လည်တည်ငြိမ်ဖို့ အချိန်ယူလိုက်ရ၏။

ခုနှစ်စင်ကြယ်ကျောင်းတော်မှ တပည့်များက ရထားလုံးပျံ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့ကျောင်းအုပ်ဆီ အပြေးအလွှား လာလိုက်ကြသည်။ သူတို့က သူ့ကို ထိုင်လျက်သားဖြစ်နေသည်ကို မြင်လိုက်ရပြီး အံ့အားသင့်နေကြသည်။ သူတို့ထဲမှ တချို့က ကျိုးယို့ချိုက်အား မတ်တတ်ရပ်နိုင်အောင် ကူတွဲပေးလိုက်ကြသည်။

တချို့တပည့်များက ရှေ့တိုးလာကြသည်။

“ကျောင်းအုပ် အဆင်ပြေရဲ့လား ”

“ကျောင်းအုပ် မိစ္ဆာအိုကြီးကျိက ဘယ်နားရိုက်သွားတာလဲ။ တော်တော်ဆိုးနေလား”

မတ်တပ်ရပ်လာသည့် ကျိုးယို့ချိုက်က ကျိထျန်းတောက်အား မိစ္ဆာအိုကြီးကျိဟု သုံးနှုန်းလိုက်သည့် တပည့်အား ဖြတ်ရိုက်ကာ ပြောလိုက်သည် “ပါးစပ်ပိတ်ထား”

တပည့်အား ရိုက်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်၏ “အပြောအဆို သတိထားစမ်း ”

တပည့်က ပါးပြင်ကို အုပ်ကိုင်ရင်း ပြန်ဖြေလိုက်သည် “ဟုတ်ကဲ့”

“ကျောင်းအုပ် ကျွန်တော်တို့ ယန်စီရင်စုမြို့ကို သွားဦးမှာလား ”

“ ဘာလို့ သွားရမှာလဲ” ကျိုးယို့ချိုက်က ယန်စီရင်စုမြို့ဘက် လှမ်းပင် မကြည့်တော့ပေ။ ထိုနေရာတွင် သူတို့သာ ကိုယ့်သေတွင်းကို မတူးလိုသရွေ့ မြို့ကို အဘယ်ကြောင့်သွားရမည်နည်း။

ကောင်းကင်ရှေ့ဆောင်ကျောင်းတော်က တပည့်တွေ ဘယ်လောက်တောင် မြန်မြန်ဆန်ဆန် ထွက်ပြေးသွားလဲဆိုတာ မည်သို့ မမြင်လိုက်ဘဲ နေမည်နည်း။

ငါ ငတုံးတွေကို ပြုစုပျိုးထောင်မိခဲ့တာလား ….

“ကျောင်းတော်ဆီ ပြန်ကြမယ်” ကျိုးယို့ချိုက်က အမိန့်ပေးလိုက်သည်။ သူက လေထဲ ရောက်ရှိသွားသည်။

“နားလည်ပါပြီ” တပည့််တစ်ထောင်လုံးကလည်း နာနာခံခံဖြင့် ပျံသန်းလိုက်ကြသည်။

သိပ်မကြာခင် ကျိုးယို့ချိုက်က ပြောလိုက်သည် “ ကောင်းကင်ရှေ့ဆောင်ကျောင်းတော်ဆီ အရင်သွားတွေ့ရအောင်”

“ဟုတ်ကဲ့”

………………

အံ့ဖွယ်မြို့တော်၏ ကောင်းကင်ရှေ့ဆောင်ကျောင်းတော်

ကောင်းကင်ရှေ့ဆောင်ကျောင်းတော်၏ ကျောင်းအုပ် မုန့်နန်ဖေးက သူ့စိတ် တည်ငြိမ်ဖို့အတွက် အဖန်ရည်ခွက်ကို မကာ သောက်လိုက်သည်။

မုန့်နန်ဖေး ပြန်ရောက်လာသည်မှာ ခတ္တမျှကြာမြင့်သွားပြီ ဖြစ်၏။ သူက မနေနိုင်မထိုင်နိုင် ရေရွတ်မိလိုက်သည်။ “အဲဒါပုံရိပ်ယောင်လား”

“ကျောင်းအုပ် အဲဒါပုံရိပ်ယောင် မဟုတ်ပါဘူး … ကျွန်… ကျွန်တော်တို့အားလုံးလည်း မြင်လိုက်ရပါတယ်။ ပွင့်ချပ်ကိုးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ဆိုတာ သေချာပါတယ် ”

“ ကျွန်တော်လည်း မြင်လိုက်ပါတယ်။ ပွင့်ချပ်ကိုးလွှာ ရွှေကြာဆိုတာ သေချာပါတယ်။ ကျောင်းအုပ် နောက်ပြန်ဆုတ်ဖို့ ပြောလိုက်တာက တကယ်ကို အချိန်ကိုက်ပါပဲ ”

မုန့်နန်ဖေးက တပည့်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူက ထိုနှစ်ယောက်နှင့် စကားပြောချင်စိတ် မရှိသည့်အတွက် လျစ်လျူရှုထားလိုက်သည်။

ထိုစဉ် တပည့်တစ်ယောက်က အလောတကြီး ပြေးဝင်လာကာ ပြောလိုက်၏ “ကျောင်းအုပ် … ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကျိုး ရောက်လာပါတယ် “

“ အထဲခေါ်ခဲ့လိုက် ”

ခဏအကြာတွင် ကျိုးယို့ချိုက်က ကောင်းကင်ရှေ့ဆောင်ကျောင်းတော်၏ အစည်းအဝေးခန်းမအတွင်း တပည့်နှစ်ယောက်နှင့် ရောက်လာသည်။

မုန့်နန်ဖေးက ခန်းမမှ ထွက်လာကာ သူ့အား ကြိုဆိုလိုက်၏။ သူက အပြုံးလေးဖြင့် ပြောလိုက်သည် “ ကျောင်းအုပ်ကျိုး ကျုပ်တို့ဘက်က ဧည့်ဝတ်မကျေပွန်ရင် နားလည်ပေးပါ။ ခင်ဗျား အဝေးကြီးက လာခဲ့ရတာပဲ ”

“စကားစမြည်ပြောနေဖို့ အချိန်မရှိဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က ခင်ဗျားဆီ သတင်းပါးခိုင်းလိုက်လို့ ” ကျိုးယို့ချိုက်က စိတ်မရှည်သည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

“သတင်းစကားတဲ့လား ”

“ ခင်ဗျား ဘယ်လိုထွက်ပြေးသွားတယ်ဆိုတာ မြင်လိုက်ရတယ် ”

“ထွက်ပြေးတယ်တဲ့လား။ ဘယ်သူလဲ။ ဘယ်သူက ငကြောက်လဲ” မုန့်နန်ဖေးက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“ဟန်ဆောင်မနေနဲ့တော့ … ခင်ဗျားကို လှောင်ဖို့ ရောက်လာတာ မဟုတ်ဘူး။ ကျုပ်လည်း အဲဒီမှာ ရှိနေခဲ့တာ ” ကျိုးယို့ချိုက်က ပြောလိုက်သည်။

မုန့်နန်ဖေး “ … ”

တပည့်များ “ … ”

ထို့နောက် ကျိုးယို့ချိုက်က လုကျိုး၏ စကားကို ပြန်မပြောပြခင် အမွှာကျောက်တုံးတောင်ထိပ်တွင် ရှိစဉ်အခါက မြင်ခဲ့သမျှနှင့် ကြားခဲ့သမျှကို ပြန်လည်ပြောပြလိုက်သည်။

ကျိုးယို့ချိုက်၏ စကားကို ကြားကာ မုန့်နန်ဖေးက နောက်ဆုတ်လိုက်မိသည်။ သူ့ဒူးများက တုန်တုန်ယင်ယင် ဖြစ်ကာ သူ့ဘာသာ တွေးလိုက်မိသည်။

အမလေးလေး အတော်လေး နီးကပ်သွားခဲ့တာပဲ …

ကျိုးယို့ချိုက်က မုန့်နန်ဖေး၏ ဖြူဖျော့နေသည့် မျက်နှာကို မြင်သည့်အခါ ပြောလိုက်၏ “ ကျိုးဝမ်လျန့် ခင်ဗျားဆီ စာပို့တုန်းက ခင်ဗျား အလေးအနက် မထားခဲ့ဘူးမလား။ သူက ထိုက်ရွီကျောင်းတော်ရဲ့ ဒုတိယအကြီးအကဲလေ ”

“ညီအစ်ကိုကျိုး တော်ပါတော့။ ကျုပ် လန့်နေပြီ ” မုန့်နန်ဖေးက လက်ကာပြကာ ပြောလိုက်သည်။ သူက ကိုယ်တိုင်ထွက်မလာခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားမိနေသည်။ မဟုတ်ပါက သူ့အစပိုင်း သဘောထားပေါ် မူတည်၍ လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံရမည့်လူက သူ ဖြစ်သွားနိုင်သည်။

…………..…

ယန်စီရင်စုမြို့ ကျရှုံးသွားပြီးနောက် လူအများစုက ကျင့်ကြံရေးလောကထဲ အမြင်နှစ်မျိုး ရှိလာကြသည်။

ငရဲဂိုဏ်းကို ထောက်ခံသူများ ရှိကြသည်။ အကြောင်းမှာ ပထမဆုံး ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူရှိသည့် မိစ္ဆာဝေဟင်မျှော်နန်းမှ နောက်ခံပေးထားသည် မဟုတ်ပါလော။

ထို့နောက် အံ့ဖွယ်မြို့တော်ကို ထောက်ခံသူများ ရှိကြလေသည်။ ပြောရလျှင် မြို့တော်က မထိုးဖောက်နိုင်၍ ဖြစ်သည်။ ထို့အပြင် သူတို့ရွှေကြာကို ဖြတ်တောက်ထားသူများက သူတို့ကျင့်ကြံနှုန်း တိုးမြင့်လာသည်ကို တွေ့ခဲ့ကြသည်။ ထိုအရာဖြင့် သူတို့က သိပ်မကြာခင် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်သည်။

……………….…

နောက်တစ်ရက် မနက်ခင်း၊ မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက် မျှော်နန်းဆောင်၌

လုကျိုးက အချိန်တစ်ခုကြာအောင် တရားထိုင်ပြီးသည့်နောက် ထူးခြားအံ့ဖွယ် စွမ်းအား ပြန်လည်ရရှိသွားလေပြီ။ သူက ယခု မြန်မြန်ဆန်ဆန် တရားထိုင်နေသော်လည်း သူ့လုပ်နိုင်စွမ်းကလည်း ပိုကြီးမားလာသည်။ ထို့ကြောင့် သူက ထူးခြားအံ့ဖွယ်စွမ်းအား ပြန်လည်ဖြည့်တင်းဖို့ ငါးရက်နီးပါး အချိန်ယူဖို့ လိုအပ်၏။

“ ငါ့ဆီမှာ ကုသိုလ်ရမှတ် တစ်သိန်းရှိထားတယ်ဆိုတော့ ကျင့်ကြံဆင့်ကို မြင့်တင်ရမဲ့ အချိန်ပဲ ” လုကျိုးက သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲမှ ကျင့်ကြံဆင့်အား ချင့်ချိန်လိုက်သည်။

သူက ခေါင်းညိတ်လိုက်၏။ သူ့ကျင့်ကြံဆင့်က အဆင့်တက်လုနီးပါး ဖြစ်နေလေပြီ။ သူက ထိုအရာကို ထင်မထားမိပေ။ ဤသည်က လူသားစာလိပ်နှင့် မြေကမ္ဘာစာလိပ် ပေါင်းစပ်ခြင်း ရလဒ် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ့အတွက် သတင်းကောင်း ဖြစ်၏။

“ ငါ့သက်တမ်းကို ကြည့်လိုက်ရအောင်”

သူ့လက်ကျန်သက်တမ်းက ၂၀ ၅၉၃ ရက် ဖြစ်၏။

လုကျိုးက အကြောင်းပြန်လှန်ကတ်ကို အသုံးပြုလိုက်သည်။

အသက်စွမ်းအား ထွက်ပေါ်လာ၏။ ထိုအရာဖြင့် သူ့ရက်က ငါးရာအထိ တိုးသွားသည်။

ထိုမတိုင်ခင် အကြောင်းပြန်လှန်ကတ်များသည် သူ့အား ရက် ၃၀၀ သာ ပေး၏။ ယခုတွင် ကတ်တစ်ကတ်လျှင် ရက် ငါးရာအထိ တိုးမြင့်သွားလေသည်။

“ ၅၇ နှစ် … “ သူက သူ့သက်တမ်းနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ ကျင့်ကြံသူတစ်ယောက်အတွက် အနှိမ့်ဆုံးက နှစ် တစ်ရာ ဖြစ်၏။ တခြားနည်းဖြင့်ပြောရလျှင် သူသာ နှစ်ကိုးရာအထက် ငယ်ရွယ်နေသရွေ့ သူ့ကျင့်ကြံဆင့်က သူ့သက်တမ်းကြောင့် သက်ရောက်မှုရှိလာမည် မဟုတ်ပေ။ လက်ရှိ သူက နှစ်လေးဆယ် ကျန်ရှိသေး၏။

လုကျိုးက ထိုအတွေးဖြင့် တုံ့ဆိုင်းမနေတော့ဘဲ ထပ်ပြောလိုက်သည် “ အကြောင်းပြန်လှန်ကတ်ကို ထပ်သုံးမယ် ”

အရှေ့ဘက်မျှော်နန်းဆောင် တစ်ခုလုံးက အသက်ဓာတ်ဖြင့် လွှမ်းခြုံထားသည်။

အတိတ်တုန်းက အနှောင့်အယှက်အနည်းငယ်မျှ ရှိခဲ့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းရှိ တခြားသူများ ကျင့်သားရနေကြလေပြီ။ သူတို့အတွက် မဆန်းတော့ပေ။

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်က အရှေ့ဘက်မျှော်နန်းဆောင်ကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

“ မျှော်နန်းသခင်က လျှို့ဝှက်ဆန်းကြယ် နည်းစနစ်တချို့ကို ကျင့်ကြံနေတာတူတယ်” ဟွားဝူတောက်က လှမ်းကြည့်ရင်း ပြောလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ် နည်းစနစ်လား ”

“ ကြည့်လိုက်စမ်းပါ … အရှေ့ဘက်မျှော်နန်းဆောင်အထက်မှာ အားပြင်းတဲ့ အသက်ဓာတ်တွေ ထွက်နေတယ်။ မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာလေ။ သူက အခုအထိ အသက်ဓာတ်ကို ဘာလို့စုပ်ယူနေသေးတာလဲ” ဟွားဝူတောက်က ခပ်ကျယ်ကျယ် ပြောလိုက်မိသည်။

ကျော့ယွီရှုက ခေါင်းခါကာ “ တကယ်လို့ လျှို့ဝှက်ဆန်းကြယ် နည်းစနစ်ဆိုရင် တခြားလူသားတွေရဲ့ အသက်ဓာတ်ကို စုပ်ယူလိုက်တာ ပိုမကောင်းဘူးလား။ ဒီလိုဒုက္ခတွေ ဘာလို့ဖြတ်ကျော်နေရမှာလဲ ”

ဖန်လီထန်းက ပြောလိုက်သည် “ ရုတ်ရုတ်သည်းသည်း လုပ်မနေနဲ့။ ကျင့်ကြံသူတစ်ယောက်က အဆင့်တက်လှမ်းတဲ့အခါ အနှောင့်အယှက်၊ အဟန့်အတားရှိတာ ပုံမှန်ပဲ။ မျှော်နန်းသခင်က ဘယ်လောက်ထူးခြားခြား ကျင့်ကြံသူတစ်ယောက်ပဲလေ။ အသားကျအောင် နေစမ်းပါ … စက္ကန့်ပိုင်းအတွင်း ငြိမ်သွားလိမ့်မယ်”

“အကြီးအကဲဖန် ပြောတာ ဟုတ်သား”

ဝှီ

အရှေ့ဘက်မျှော်နန်းဆောင်မှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။

အကြီးအကဲလေးဦးက တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြပြန်၏။

“မင်း‌ ပြောတော့ ခဏနေ ငြိမ်သွားလိမ့်မယ်ဆို … ကြည့်ရတာ ရပ်သွားပုံတေ့ာ မဟုတ်ဘူး ”

ဖန်လီထန်းက ပြောလိုက်၏ “ အဆင့်တက်လှမ်းတာ မပြီးသေးတာ နေမယ်။ ငါလည်း ကြုံဖူးတယ်။ နှစ်ကြိမ်ဆက်တိုက် ဆူဆူညံညံ ဖြစ်တတ်တယ် ”

“ ရှားရှားပါးပါး ဖြစ်ရပ်ပဲ။ ကြည့်ရတာ မျှော်နန်းသခင်က ပုံမှန်ထက် ပိုအကျိုးမြတ်ရပုံပဲ ”

ခဏအကြာတွင် အရှေ့ဘက်မျှော်နန်းဆောင်က ငြိမ်ကျသွားသည်။ သို့သော်လည်း ငြိမ်းအေးမှုက ခေတ္တမျှသာ ကြာမြင့်လိုက်ပြီး ပြန်လည်ဆူညံလာပြန်သည်။

ဝှီ

အသက်ဓာတ် ထွက်ပေါ်မလာခင် တူညီသည့် ဆူညံသံမျိုး ထွက်လာသည်။

“ဒါက …” ဖန်လီထန်းက ဦးနှောက်ခြောက်သွားလေသည်။

“လောင်ဖန်း ဆက်ပြောလေ …” လန်လော့က ဖန်လီထန်းအား လှည့်ကြည့်လာသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လေးယောက်သား အရှေ့ဘက်မျှော်နန်းဆောင်ဘက် ဆွံအစွာ လှမ်းကြည့်နေကြသည်။

ဆူညံသံများ ငြိမ်ကျသွားပြီးနောက် သူတို့ထင်ထားသလို နောက်ထပ်တစ်ခု ထပ်မံ စတင်လာသည်။

ထိုအရာက ဆက်တိုက် ဖြစ်ပေါ်နေသည်။

ပထမအကြိမ်မှ ဆယ်ကြိမ်မြောက်အထိ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးက ရုပ်တုများလိုမျိုး တိတ်တဆိတ် ကြောင်ကြောင်ကြီး ရပ်နေကြသည်။

၁၁ ကြိမ်မြောက်တွင် သူတို့က အသိပြန်ကပ်လာကြသည်။

ကျော့ယွီရှုက ရုတ်ချည်း ပြောလိုက်သည် “ ကျွန်မတို့တွေ အသက်ဓာတ်ကို အသုံးချလိုက်တာ ပိုမကောင်းဘူးလား။ ဒီအတိုင်း လွှင့်ပြယ်သွားတာ နှမြောဖို့ကောင်းတယ်လေ”

တခြားလူများကလည်း ကျော့ယွီရှုအား ကြည့်လာကြသည်။

အသက်ဓာတ် ပမာဏအမြောက်အများ ထွက်လာသည့်အခါ အလကား ဖြစ်သွားသည့် အရာများလည်း ရှိတတ်သည်။ အရှင်းဆုံးပြောရလျှင် မျှော်နန်းသခင်က အသားစားနေသည် ဖြစ်ရာ အကြီးအကဲလေးယောက်က အရိုးအရင်း ကိုက်နိုင်မလားဟု ချောင်းနေကြသည်။

“ခင်ဗျား ပြောတာ ဟုတ်သား … ”

မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်က အရှေ့ဘက်မျှော်နန်းဆောင်ဆီ သွားလိုက်ကြသည်။ မစုပ်ယူနိုင်သည့် အသက်ဓာတ်က ပတ်ဝန်းကျင်ထဲ ပျံ့နှံ့သွားကာ အလကားဖြစ်သွားလိမ့်မည်။ အကယ်၍ ဒီလိုသာ ဖြစ်နေလျှင် သူတိုအကျိုးအတွက် အသုံးပြုလိုက်သည်က ပိုမကောင်းပေဘူးလား။

အကြီးအကဲလေးယောက်က အရှေ့ဘက် မျှော်နန်းဆောင် အပြင်ဘက် ရပ်နေကာ ဝေဟင်အထက် စုစည်းနေဆဲ ဖြစ်သည့် အသက်ဓာတ်များအား မော့ကြည့်လိုက်ကြသည်။

သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အထဲဝင်လိုက်ကြသည်။ သူတို့ ခန်းမထဲ ဝင်လိုက်သည်နှင့် တင်ပျဉ်ခွေထိုင်ကာ အသက်ရှုလေ့ကျင့်ခန်းကို စတင်လိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ အသက်ဓာတ်က သူတို့ကို ဖြတ်ကျော်ကာ အခန်းထဲ စီးဝင်သွားသည်။

…

အခန်း (၅၇၃) ပွင့်ချပ်သုံးခုဆက်တိုက်ဖူးပွင့်ခြင်း

ယခုအချိန်တွင် လုကျိုးက သူ၏လုပ်ရပ်သည် အကြီးအကဲလေးယောက်ကို စိတ်ရှုပ်ထွေးသွားစေတာကို သတိမမူခဲ့မိပေ။ မည်သည့်နည်းနှင့်မဆို သူ ကျင့်ကြံနေစဉ်၌ သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူတို့ကို အနှောင့်အယှက်ဖြစ်မှာကို သူ မစိုးရိမ်ပေ။ ဆိုရလျှင် သူတံခါးပိတ်ကျင့်ကြံသည့်အချိန်တိုင်းတွင် သူ၏တပည့်များက သူ့ကို ရှောင်ရမည်မှန်း သိကြသည်။

သို့သော် ယခုအခေါက် စုဝေးသွားသည့် အသက်ဓာတ်စွမ်းအင်က သိပ်သည်းလွန်း၏။ လူငယ်များအတွက် အသုံးမဝင်လောက်ပေ။ သို့သော် ထိုအကြီးအကဲများအတွက် ရတနာတစ်ပါးဖြစ်သည်။

လုကျိုးသည် အကြောင်းပြန်လှန်ကတ်ဆယ်ကတ်သုံးလိုက်၏။ သူသည် စနစ်မျက်နှာပြင်ကို ကြည့်ကာ ထပ်တိုးလာသည့်ရက်များကိုတွေ့ရသည်။

ကျန်ရှိသောသက်တမ်း= ၂၅၅၅၉၃ ရက်

အခြားသော ပြောင်းလဲမှုမရှိပေ။ အကြောင်းပြန်လှန်ကတ်တစ်ကတ်သည် သူ၏သက်တမ်းကို ရက်ငါးရာထည့်ပေး၏။

သူ၏ခွန်အားတိုးမြှင့်ရန် အလျင်မလိုခဲ့လျှင် သူသည် အကြောင်းပြန်လှန်ကတ်များကို ပိုပြီး စုဆောင်းထားမှာပဲဖြစ်သည်။

“ဆက်ပြီးတော့” လုကျိုးသည် နောက်ထပ်အကြောင်းပြန်လှန်ကတ်တစ်ကတ်သုံးလိုက်၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်သည် သူတို့ပတ်ဝန်းကျင်ကို အသားကျနေပြီ ဖြစ်သည်။ သူတို့သည် လေထဲတွင်ရှိနေသော အသက်စွမ်းအင်ကို ဆက်တိုက်စုပ်ယူပြီး အခန်းထဲမဝင်ပေ။ ဆိုရိုးစကားရှိသည့်အတိုင်း လူသားတစ်ယောက်သည် တာအိုကိုရရှိချိန်၌ သူ၏ခွေးများနှင့် မွေးမြူရေးတိရစ္ဆာန်များကတောင် ကောင်းကင်ကိုတက်လှမ်းရသည်။

မကြာမီ၌ အကြောင်းပြန်လှန်ကတ်ဆယ်ကတ် ထပ်သုံးလိုက်သည်။ သူ၏ကျန်ရှိသော သက်တမ်းက ယခု ၃၀၅၉၃ရက် ဖြစ်နေလေပြီ။

“၈၂နှစ်”

သူက သက်ပြင်းချလိုက်၏။ သူသည် သူ့သက်တမ်းတစ်ရာရရန် ဆယ့်ရှစ်နှစ်သာဝေးတော့သည်။ သေမျိုးတစ်ယောက်အတွက် ဆယ့်ရှစ်နှစ်ကာလ မည်မျှရှိသနည်း။ ပွင့်ချပ်ရှစ်လွှာရှိသည့် ကျင့်ကြံသူတစ်ယောက်ကတောင် သူတို့သက်တမ်းကုန်ခါနီးသည့်အချိန်၌ ဆယ့်ရှစ်နှစ်သည် အင်မတန် တန်ဖိုးရှိမှန်းသိကြမှာဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာက ကုန်လွန်သွားမည်။

လုကျိုး၏ သူ၏စိတ်ခံစားချက်များနေသော အတွေးများကို အမြန်ဖယ်ရှားလျက် အကြောင်းပြန်လှန်ကတ်များ ဆက်အသုံးပြုလိုက်သည်။

အသက်စွမ်းအင်မှ ဆယ်ကြိမ်ဆက်တိုက်ပေါ်ထွက်လာမှုအဆုံးသတ်သွားချိန်တွင် လုကျိုးသည် စနစ်မျက်နှာပြင်ကို ထပ်ကြည့်လိုက်သည်။

ကျန်ရှိသောသက်တမ်း= ၂၃၅၅၉၃ ရက်

“၉၇ နှစ်” လုကျိုးက ဆက်ရေတွက်လိုက်သည်။ “၃နှစ်လိုသေးတယ်။ ဒီအကြောင်းပြန်လှန်ကတ် သုံးကတ် သုံးမယ်”

ကျန်ရှိသော သက်တမ်း= ၃၇၀၉၃ ရက်

ဤနည်းဖြင့်သူသည် နှစ်ပေါင်းတစ်ရာ့တစ်နှစ်ကျန်မည်ဖြစ်သည်။

သူက သက်ပြင်းချလျက် စနစ်မျက်နှာပြင်ပေါ်ရှိ ကျန်ရှိနေသောသက်တမ်းကိုကြည့်လိုက်သည်။ မကြာမီ၌ အကြောင်းပြန်လှန်ကတ်များ၏အာနိသင်က စတင်ပြသလာ၏။

သူက ခေါင်းစောင်းပြီး သူ့ပခုံးပေါ်ရှိ ဆံပင်များကိုကြည့်လိုက်သည်။ ယခုဆို တစ်စိတ်တစ်ပိုင်းက ဖြူနေလေပြီ။ သူ ဤနေရာသို့ပထမဆုံးကူးပြောင်းလာချိန်၌ သူ၏ဆံပင်အဖြူက အပြည့်ဖြစ်သည်။ ယခုမူ ဆောင်းနှင့် ငရုတ်ကောင်းရောနေ၏။ သူ၏လက်မောင်းပေါ်ရှိ အရွတ်အတွများကို ကြည့်လိုက်ချိန်တွင် ယခုချိန်တွင် ရင့်ရော်နေတာ နည်းသွားတာကို သတိပြုမိလိုက်သည်။ သူ၏အသားအရေသည် ယခင်ကနှင့်ယှဉ်လျှင် ပိုပြီးနုပျိုလာပုံရသည်။

လုကျိုးသည် သူ မည်သည့်ပုံပေါက်နေမှန်းမြင်ချင်၏။ ကံဆိုးသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း၌ ကြေးမုံမရှိပေ။ သူ၏ပုံရိပ်ကိုမြင်ရန် အသုံးပြုနိုင်သည့်အခန်းထဲတွင်ဘာမှ မရှိပေ။ သူသည် အခန်းထဲ၌ ကြည့်သွားပြီး ၎င်းကို ကြေးမုံအနေဖြင့်လည်းအသုံးမပြုနိုင်ပေ။

ထားလိုက်တော့ ... ငါက ချောမောခံ့ညားတဲ့အဖိုးကြီးတစ်ယောက်ဖြစ်မှာပဲ။

လုကျိုးက ထရပ်ကာ ခြေလက်ဆန့်လိုက်သည်။ သူက ခံစားရတာကောင်းနေ၏။

သူသည် ကျန်ရှိသည့် အကြောင်းပြန်လှန်ကတ် ၁၆ကတ်ကို အချိန်ကြာလာသည်နှင့်အမျှ အကြောင်းပြန်လှန်ကတ်များသည် တန်ဖိုးတိုးလာမည်ကြောင့်သာ မဟုတ်လျှင် သူသည် ကျန်ရှိသည့်အကြောင်းပြန်လှန်ကတ်အားလုံးကို အသုံးပြုလိုက်မှာပဲဖြစ်သည်။

“နောက်တစ်ခုက ငါ့ရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ရမယ့်အချိန်ပဲ"

လုကျိုးသည် လက်ဖဝါးဖြန့်လိုက်၏။

ဝှစ်

သူ့လက်ဖဝါးပေါ်၌ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုပေါ်လာသည်။ တောက်ပနေသော ရွှေရောင်ပွင့်ချပ်နှစ်ခုက ရွှေကြာနားတွင် လည်ပတ်နေသည်။

လုကျိုးသည် အာရုံစူးစိုက်လျက် စွမ်းအင်များကို စတင်စုစည်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ရွှေရောင်စွမ်းအင်ကွင်းများက စိတ်ဝိညာဉ်သဏ္ဌာန်၏ခါးကနေ ကျလာသည်။

မကြာမီ၌ မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမရှေ့၌ အသက်စွမ်းအင်ကို ဆက်တိုက်စုပ်ယူနေသော အကြီးအကဲလေးဦးက စုပ်ယူနေသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် အသက်စွမ်းအင်က လွင့်ပြယ်သွား၏။ သူတို့လေးယောက်သည် တညီတညွတ်တည်း မျက်လုံးဖွင့်လိုက်၏။

ကျော့ယွီရှုကပြောလိုက်၏။

“အစ်ကိုကျိက ဒီလောက်များတဲ့ အသက်စွမ်းအင်တွေ စုစည်းထားမယ်လို့ မထင်မိဘူး။ ဒါက အကန့်အသတ်ပဲနဲ့တူတယ်”

လန်လော့က ပြောလိုက်၏။ “မျှော်နန်းသခင်က ဗုဒ္ဓကြည်လင်ကြေးမုံ ဒါမှမဟုတ် ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းကရုဏာလေစတဲ့ ကုသခြင်းကျင့်စဉ်ေတချို့ကို သုတေသနလုပ်နေတာပဲဖြစ်ရမယ်။ ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းကရုဏာလှေကို သုံးတဲ့အချိန်မှာ အသက်စွမ်းအင်အများကြီး ထွက်လာတာ”

“တကယ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အကြိမ်သုံးဆယ်ကျော်ဆက်တိုက်ရွတ်ဆိုဖို့က နည်းနည်းလေးတော့...”

“လွန်ကဲတာလား”

ကျော့ယွီရှုက မျက်မှောင်ကျုံ့လိုက်၏။

“အစ်ကိုကျိနောက်မှာ မကောင်းပြောနေတာလား။ မင်းအကြောင်းကို ပြောလိုက်မှာ”

“မဟုတ်ဘူး ... မဟုတ်ဘူး ... မဟုတ်ဘူး။ ကျုပ်ကို ခွင့်လွှတ်ပေးပါ ချန်းပေ့ကျော့။ နောက်နေတာပါ”

ဟွားဝူတောက်က အမြန်လက်ဝှေ့ယမ်းလိုက်၏။

“မင်းတို့တွေ ဘယ်လိုခံစားရလဲ”

“မဆိုးဘူး” ဖန်လီထန်းက ပြန်ပြောလိုက်သည်။ “အသက်စွမ်းအင်က သိပ်သည်းပြီး ငါတို့ရဲ့ ထူးကဲချီသွေးကြောရှစ်ခုကို အကျိုးရှိစေတယ်။ အဲ့တာက ငါတို့သက်တမ်းကိုလဲ ရှည်စေတယ်လေ။ ဆိုးကျိုးကတော့ မလုံလောက်တာပဲ”

“လောင်ဖန် ... မင်းသိပ်ပြီး လောဘမကြီးသင့်ဘူးလေ”

အကြီးအကဲလေးယောက်က ဆွေးနွေးနေကြစဉ် အရှေ့ဖက်မျှော်နန်းအခန်းထဲမှ တောက်ပသည့် အလင်းရုတ်တရက်ထွက်ပေါ်လာလေ၏။

ဝှစ်

အခန်းထဲကနေ ရွှေရောင်အလင်းက တောက်ပလာသည်။ စွမ်းအင်လေလှိုင်းများ ဝေ့တက်လာတော့သည်။

အကြီးအကဲလေးယောက်က မှင်တက်လျက် အခန်းထဲကိုကြည့်လိုက်ကြသည်။ စွမ်းအင်လေသည် အင်မတန်သန်မာခြင်းမရှိ။ သို့သော် အတွေ့အကြုံကြွယ်ဝသော အကြီးအကဲလေးဦးသည် ထိုအခြေအနေကို အလွန်ရင်းနှီးနေ၏။

“ပွင့်ချပ်ဖူးပွင့်တာလား။ မျှော်နန်းသခင်က ပွင့်ချပ်ဖူးပွင့်နေတာလား” ဖန်လီထန်းက အံ့ဩထိတ်လန့်ကာ စိတ်ရှုပ်ထွေးသွားလေ၏။

“မျှော် ... မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာအဆင့်ရောက်နေပြီးပြီ။ သူက ပွင့်ချပ်ဆယ်လွှာအဆင့် ကြိုးပမ်းနေတာလား” ဟွားဝူတောက်၏မျက်လုံးက ပြူးကျယ်သွားတော့သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လန်လော့က အမြန်ထရပ်ကာ လေးလံတည်ကြည်သော အမူအရာဖြင့် အခန်းကိုကြည့်လိုက်သည်။

ကျော့ယွီရှုက ခေါင်းခါပြီးပြောလိုက်၏။ “မဟုတ်ဘူး ... စွမ်းအင်လေက အဲ့လောက် အစွမ်းမထက်ဘူး။ ပွင့်ချပ်သုံးလွှာ ဒါမှမဟုတ် ပွင့်ချပ်လေးလွှာအဆင့်မှာပဲရှိမှာ။"

“ထင်ရာတွေ မခန့်မှန်းကြရအောင်” ဖန်လီထန်းက လှည့်ကြည့်ပြီး သေရည်ဘူးသီးခြောက်ကို မြှောက်လိုက်ပြီးပြောလိုက်တော့၏။

“တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။ မျှော်နန်းသခင်ရဲ့ လုပ်ဆောင်ချက်တွေကို ငါ ထပ်ပြီးမအံ့ဩတော့ဘူး။ သိချင်စိတ်လွန်ကဲလွန်းတာ မကောင်းဘူးနော်”

“မင်း ပြောတာ အဓိကကျတယ်” ဟွားဝူတောက်က လှည့်လာပြီးနောက် အခန်းအပြင်ဖက်သို့ လျှောက်သွားသည်။

ကျန်ရှိသော အကြီးအကဲများကလည်း သုတ်သုတ်လေးထွက်သွားကြ၏။

“ဒီနေ့အစ်ကိုကျိရဲ့ဆောင်ရွက်ချက်က ပုံမှန်ထက်နည်းနည်းလေးကွဲပြားနေတယ်။ ဒီမှာနေပြီး အစ်ကိုကျိကို ကာကွယ်ရမယ်”

“ငါလည်းနေမယ်” ဖန်လီထန်းသည် အရှေ့ဖက်မျှော်နန်းအပြင်ဖက်ရှိ တံစက်မြိတ်အပြင်ဖက်တွင် ရပ်နေလေ၏။

အရှေ့ဖက်သို့ပေါ်ထွက်လာသည့် ရွှေရောင်စွမ်းအင်များသည် ပွင့်ချပ်ဖူးပွင့်နေ၏။

လုကျိုးသည် သူ့ရှေ့ရှိပွင့်ချပ်သုံးခုကိုကြည့်ပြီး စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ သူ မူလ မှန်းဆချက်ပေါ်အခြေခံပြီး လုကျိုးက နောက်ဆုံးကျ ကုသိုလ်မှတ်များပိုစုဆောင်းပြီး ပွင့်ချပ်များဖူးပွင့်စေမည်ဟု ရည်ရွယ်ထားသည်။ သို့သော် ယခုအချိန်တွင် သူ၏ကျင့်ကြံမှုသည် ခရု၏အရှိန်ဖြင့် တိုးနေပုံရသည်။

သူသည် ကုသိုလ်မှတ်များဆက်လက်စုဆောင်းနိုင်၏။ ယခုအချိန်တွင် သူသည် ကုသိုလ်မှတ်များ ရယူချင်အောင် ကြိုးစားပြီး သူ၏ကုသိုလ်မှတ်များမြှင့်တင်တာ ပိုကောင်းသည်။ ဆိုရလျှင် သူက ယခုပွင့်ချပ်သုံးလွှာအဆင့်ကိုရောက်ပြီဖြစ်ရာ သူ ယခင်ကကဲ့သို့ ကျင့်ကြံဆင့်ကို မြန်မြန်ဆန်ဆန်မြှင့်တင်နိုင်တော့မှာမဟုတ်ပေ။

“ရွှေကြာပွင့်ကိုဝယ်မယ်”

“တင်း ... ကုသိုလ်မှတ် ငါးသောင်း သုံးပြီးပါပြီ။ ရွှေကြာပွင့်တစ်ခုရရှိပါပြီ”

“သုံးမယ်”

သူကိုယ်ပိုင်အားစိုက်ထုတ်မှုဖြင့် ပွင့်ချပ်တစ်လွှာဖူးစေသည့်အချိန်နှင့်မတူဘဲ လုကျိုးသည် အသုံးပစ္စည်းကိုရသည်နှင့် လုကျိုးသည် ဆန်းကြယ်သောစွမ်းအားတစ်ရပ်ကိုခံစားမိလိုက်သည်။ သူ့နားရှိကြွယ်ဝသော ကနဦးချီများက စွမ်းအင်အဖြစ်လျင်မြန်စွာပြောင်းလဲသွားပြီး သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ထဲဝင်ရောက်လာ၏။ ပြီးနောက် စွမ်းအင်ကွင်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်တွင်ပေါ်ကာ ကျဆင်းလာတော့သည်။

ဝှစ်

တောက်ပသောရွှေရောင်ပွင့်ချပ်သည် ရွှေကြာ၏ဘေးကနေဖူးပွင့်လာသည်။

ယခုဆိုလုကျိုး၏ကျင့်ကြံဆင့်က ပွင့်ချပ်လေးလွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ဖြစ်နေလေပြီ။

သူ့စွမ်းအင်ဗဟိုချက်၏ချီပင်လယ်အတွင်း စွမ်းအင်ဗဟိုချက်ကြောင့် အဆများစွာတိုးလာတာကို သူ အာရုံခံမိသည်။ ကနဦးချီသိုလှောင်မှုကလည်းအဆများစွာတိုးလာ၏။

လုကျိုးက အပျော်လွန်သွားတော့သည်။ သူ့၌ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ချို့တဲ့ခြင်းမရှိပေ။ ၎င်းကပဲ သူ့ချို့တဲ့နေသည့်အရာဖြစ်သည်။ “‌ရွှေကြာပွင့်ဝယ်မယ်” လုကျိုးက အမိန့်ပေးလိုက်၏။

“တင်း ... ကုသိုလ်မှတ်ငါးသောင်းသုံးပြီးပါပြီ။ ရွှေကြာပွင့်ချပ်တစ်ခုရပါပြီ”

“သုံးမယ်”

အကြီးအကဲလေးယောက်သည် အရှေ့ဖက်မျှော်နန်း၏တံစက်မြိတ်အောက်တွင် ရပ်နေစဉ် သူတို့မျက်လုံးထဲ၌ စူးရှသည့်အကြည့်ရှိနေသည်။ “အစောတုန်းက ငါ့မျက်လုံးများ လှည့်စားသလားမသိ” ဟွားဝူတောက်က မျက်လုံးပွတ်လိုက်၏။

“ငါလည်းမြင်လိုက်တယ်။ ဒါက ပွင့်ချပ်ဖူးပွင့်စဉ် မြင်တွေ့ရတဲ့အချိန်ပဲ။ ဒါက ဒုတိယတစ်ကြိမ်”

လန်လော့က ယုံကြည်ချက်ဖြင့်ပြောလိုက်၏။

“ပွင့်ချပ်နှစ်လွှာဖူးပွင့်တာလား။" ကျော့ယွီရှုက ဇဝေဇဝါဖြစ်နေလေသည်။

“လောင်ဖန် မင်း ဘာကြောင့် ဘာမှမပြောတာလဲ”

“ဒါရှားပါးလွန်းတယ်လို့။ ကျင့်ကြံသူနှစ်ယောက်အတွက် ပွင့်ချပ်နှစ်လွှာဖူးပွင့်တာက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သုံးကြိမ်ဆက်တိုက် ဖူးပွင့်ဖို့ကတော့ မဖြစ်နိုင်ဘူးလေ။ ငါ အဲ့ဒီစကားပြောပြီးတာနဲ့ မျှော်နန်းသခင်က တစ်ထပ်တည်း လုပ်ပြမှာကို စိုးရိမ်မိတယ်။ ဒါဆို ငါ့အတွက် အရှက်ကွဲသွားမှာ မဟုတ်ဘူးလား”

အရှေ့ဖက်မျှော်နန်း၏ အခန်းထဲမှ ရင်းနှီးနေသောစွမ်းအင်ပေါ်ထွက်လာသောအခါ ဖန်လီထန်း၏အသံက ဖျော့တော့သွားသည်။

ပွင့်ချပ်သုံးလွှာဆက်တိုက်ဖူးပွင့်ခြင်း

ဖန်လီထန်း “...”

ကျန်သည့်သူများသည် ရူးနေသောအဘိုးကြီးတစ်ယောက်ကို ကြည့်နေသည့်ပမာ ဖန်လီထန်းကို ကြည့်နေ၏။

…

All Chapters