အခန်း (၅၉၂-၅၉၄)
Vol. 40 Ch. 592-594
အခန်း(၅၉၂) တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်
ငရဲဂိုဏ်းက အံ့ဖွယ်မြို့တော်ကို အုပ်စိုးလိုက်နိုင်သော်လည်း နန်းတော်၏ နံရံများကြား ပုန်းအောင်းနေသည့် အန္တရာယ်များစွာ ရှိနေသေးသည်။ သူတို့က လို့လန်အထိ ခရီးလမ်းက ချောမွေ့မည် မဟုတ်ကြောင်း သိကြသည်။
လုကျိုးက ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
“ လောင်ချီ … လျန့်စီရင်စုဆီ ရထားလုံးပျံ ယူသွားပြီး မင်းရဲ့ အာ့ရှစ်ရှိုးကို သွားရှာချေ”
သူတို့တွင် ယွီရှန်းရုန်၏ အကူအညီရှိသည်က ပို၍ ဘေးကင်းလိမ့်မည်။
ယဲ့ထျန်းရှင်းက ပြောလိုက်၏။
“ရှစ်စွင်း …. ကျွန်မ ချီရှစ်တိနဲ့အတူတူ လျန့်စီရင်စုကို သွားလိုက်မယ်လေ။ ကျွန်မက တာ့ယန်တစ်ခုလုံးကို သွားလာခဲ့ဖူးပါတယ်။ အနောက်ပိုင်း ဒေသတွေကိုလည်း ရောက်ပြီးတော့ လို့လန်ကိုလည်း ဖြတ်ခဲ့ဖူးတယ်။ တကယ်လို့ ကျွန်မတို့သာ ရထားလုံးပျံနဲ့ သွားမယ်ဆိုရင် ပစ်မှတ်ထားစရာ ဖြစ်နေလိမ့်မယ်။ တခြားမျိုးနွယ်ရဲ့ အာရုံကို ဖမ်းစားသလို ဖြစ်သွားလိမ့်မယ်။ အဲဒါက အန္တရာယ်များတယ် ”
ယဲ့ထျန်းရှင်း ပြောသည်က မှန်ပေ၏။ သူမသာ စီးဝူယာ့နှင့် အတူလိုက်ပါသွားလျှင် ခရီးက ပိုမိုချောမွေ့သွားလိမ့်မည်။
သို့သော်လည်း စီးဝူယာ့က ပြောလိုက်၏။ “လျိူရှစ်ကျဲက ပွင့်ချပ်ရှစ်လွှာအဆင့် ဆိုပေမဲ့ အပြည့်အဝ ပြန်ကောင်းသေးတာ မဟုတ်ဘူးလေ။ ဒီမှာနေပြီး ရှစ်စွင်းကို အကူအညီပေးသင့်တယ်။ ပြီးတော့ ကျွန်တော်က လို့လန်မှာ အရင်းအမြစ်တွေ ရှိထားတယ်”
“…”
အရင်းအမြစ်တဲ့လား …
စီးဝူယာ့က ယွီကျန့်ဟိုင်အား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ရှစ်စွင်း အချိန်နဲ့ ဒီရေက လူကို မစောင့်ဘူးတဲ့။ ကျွန်တော် သွားလိုက်ပါဦးမယ်”
“သွားတော့” လုကျိုးက လက်ဝေ့ပြလိုက်သည်။
စီးဝူယာ့က ရထားလုံးပျံပေါ် ခုန်ကာ ပျံသန်းလိုက်သည်။ တိမ်ခွင်းရထားလုံးပျံက လျန့်စီရင်စုဆီ ဦးတည်ကာ နောက်တွင် အရိပ်သာ ချန်ထားခဲ့သည်။ ထိုအရာက ချက်ချင်းဆိုသလို တိမ်များကြား ပျောက်ကွယ်သွား၏။
အံ့ဖွယ်မြို့တော် အပြင်ဘက်ရှိ ကျင့်ကြံသူများက သူတို့ မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်နေကြသည်။ သူတို့က အဆုံးသတ်ဆယ်ပါး အစီအရင် ပျောက်ကွယ်သွားမှုကြောင့် သတ္တိကောင်းလာပြီး အံ့ဖွယ်မြို့တော်အနား ရောက်လာကြသည်။
တော်ဝင်အစောင့်တပ်များ ရှိမနေသလို ကောင်းကင်တွင် လိုက်ကာနှင့်တူသည့် အကာအရံမျိုးလည်း ရှိမနေတော့ပေ။
အံ့ဖွယ်မြို့တော်က ပျက်စီးနေပြီး အိမ်ပျက်များ၊ အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်။ အံ့ဖွယ်မြို့တော်အတွင်း စစ်ပွဲအပြီး သွေးအိုင်များလည်း ကျန်ရှိနေသည်။
ထိုအရာကို မြင်ကာ ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြသည်။
စစ်ပွဲပြီးသွားရင် ပြန်လည်မွေးဖွားမှု လိုက်ပါလာလိမ့်မယ် …
ထို့နောက် ကျင့်ကြံသူများက တော်ဝင်မြို့တော်ဘက် လှမ်းကြည့်လိုက်ကြသည်။
“အဆုံးသတ်မှာ ဘယ်သူက အနိုင်ရသွားတာလဲ ”
မည်သူကမှ အဖြေကို မသိကြပေ။ မည်သူကမှ တော်ဝင်မြို့တော်အနား မသွားရဲကြပေ။ သူတို့က အံ့ဖွယ်မြို့တော်အနားအထိသာ ပျံသန်းလာရဲကြ၏။
…………..
တော်ဝင်မြို့တော်၏ တာ့ကျန်းနန်းဆောင်အတွင်း
လီယွင်ကျောက်က မယ်တော်ကြီးကို ကူတွဲလာသည်။
မယ်တော်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်လူကား ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံး ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်သည့ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ဖြစ်၏။
နန်းဆောင်ထဲ ဒူးထောက်နေသည့် လူများနှင့် ပြည့်နှက်နေသည်။
အရာရှိများနှင့် ကျောင်းတော်နှစ်ခုမှ အကြီးအကဲများက ဒူးထောက်လျက်သား ရှိနေကြသည်။
မယ်တော်ကြီးက မော့ကြည့်လာသည့်အခါ လုကျိုးနောက်တွင် ရပ်နေသည့် ကျောင်းယွဲ့ကို မြင်လိုက်ရသည်။ “ကျောင်းယွဲ့ … သမီး ရောက်လာတာပဲ ”
ကျောင်းယွဲ့က ခေါင်းငုံ့ထားလိုက်သည်။
“ သမီးကို အပြစ်မတင်ပါဘူး ” မယ်တော်ကြီးက ကျောင်းယွဲ့ကို အပြစ်မတင်နိုင်သလို ကျောင်းယွဲ့ကို အပြစ်တင်ဖို့ရာ အကြောင်းအရင်းလည်း မရှိပေ။
ကျောင်းယွဲ့က နန်းတော်ထဲ ကြီးပျင်းလာရသူ မဟုတ်ပေ။ သူမက မယ်တော်ကြီး နာမကျန်းဖြစ်နေတုန်း ပြုစုစောင့်ရှောက်ပေးခဲ့ရသည်နှင့် တာဝန်ကျေသွားပြီ ဖြစ်၏။ တကယ်တော့ သူမက နန်းတော်အပေါ် ရန်ငြိုးမထားသည်ကပင် အံ့ဖွယ် ဖြစ်နေလေပြီ။
မယ်တော်ကြီးက သူမဘက်က မှားယွင်းကြောင်း သိထားလေရာ ကျောင်းယွဲ့အား မည်သို့အပြစ်တင်နိုင်မည်နည်း။ ထို့နောက် သူမက လုကျိုးအား ကြည့်လိုက်သည်။ သူ့အား ခတ္တလေ့လာပြီးနောက် ပြောလိုက်သည် “ မတွေ့ရတာကြာပြီပဲ ”
လုကျိုးက ကွေ့ပတ်ပြောနေဖို့ စိတ်မဝင်စားဘဲ တဲ့တိုးသာ ပြောလိုက်သည်။
“ တာ့ကျန်းနန်းဆောင်အပြင်ဘက်မှာ ငရဲဂိုဏ်းသား သောင်းဂဏန်းလောက်ရှိတယ်။ သူတို့က ကျုပ်တပည့် ယွီကျန့်ဟိုင်ရဲ့ လက်အောက်ငယ်သားတွေပဲ ”
“ သိပါတယ်”
“ လျိုကောကိစ္စကို မပြောတော့ဘူး။ လျိုကု နန်းတက်ကတည်းက သူက တိုင်းပြည်ကို မအုပ်ချုပ်ခဲ့ဘူး။ သူက မျိုးနွယ်တစ်ချို့ကို သတ်ဖြတ်ပြီး မြစ်ထဲ စွန့်ပစ်ခဲ့တယ်။ ပြီးတော့ ဆယ်စုနှစ်ကြာတော့မှ သူတို့အရိုးတွေကို ပြန်ဆယ်ခိုင်းတယ်။ မင်းသားလို့ ခေါ်တဲ့လူက တခြားမျိုးနွယ်က နတ်ဆရာနဲ့ ပူးပေါင်းပြီးတော့ စီရင်စုကိုးခုကို ထိခိုက်စေခဲ့တယ်။ အဲဒါတွေကြောင့် တော်ဝင်မိသားစုက ဒီနေ့လို အခြေအနေ ဖြစ်လာရတာပဲ ”
“ အဲဒါက ကျွန်မတို့ဘာသာ ဖြစ်စေခဲ့တာပါ …” မယ်တော်ကြီးက သက်ပြင်းချလျက် ပြောလိုက်သည်။ သူမ၏ မျက်နှာထက်တွင် ကြိတ်မှိတ်လက်ခံထားသည့် အမူအရာမျိုး မြင်နေရသည်။ သူမက အရာရှိများကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ အခုအချိန် အဲဒီကိစ္စတွေ ပြောနေလို့ အဓိပ္ပာယ်မရှိတော့ပါဘူး။ အုပ်ချုပ်ရေး အပြောင်းအလဲဆိုတာ သဘာဝပါပဲ။ တကယ်လို့ စီရင်စုကိုးခုက လူတွေသာ အေးအေးချမ်းချမ်း နေနိုင်မယ်ဆိုရင် အုပ်ချုပ်သူမျိုးရိုးက ကျိ ဖြစ်သွားရင်တောင် ဘာမှအတွန့်တက်စရာ မရှိပါဘူး ”
ထိုအရာကို ကြားကာ အရာရှိများက အော်ပြောလိုက်ကြသည် “မယ်တော်ကြီး ”
သူတို့အော်သံများက စိတ်ပျက်မှုအပြည့် ဖြစ်နေသည်။ အကယ်၍ အုပ်ချုပ်သူ အပြောင်းအလဲ ဖြစ်သွားခဲ့လျှင် သူတို့အားလုံးက တိုင်းပြည်သိမ်းပိုက်ခံလိုက်ရ၍ ဖြစ်သွားသည့် ကျွန်များ ဖြစ်သွားလိမ့်မည်။
လုကျိုးက ခေါင်းယမ်းလိုက်သည်။ သူက ယွီကျန့်ဟိုင်နှင့် မတူဘဲ ကမ္ဘာကို အုပ်စိုးဖို့ စိတ်မဝင်စားပေ။ အကယ်၍ သူ့ပထမတပည့် ယွီကျန့်ဟိုင်သာ နန်းတက်လိုလျှင် အခက်အခဲများစွာကို ကျော်ဖြတ်ရလိမ့်မည်။ ယွီကျန့်ဟိုင်တွင် လျိုမျိုးရိုးနာမည် မရှိထားပေ။
မင်းသားငါးယောက်အနက် တတိယမင်းသား ကျန်းအိုက်ကျန့်နှင့် မင်းသား(၅) တို့သာ ကျန်ရှိတော့သည်။ လုကျိုးအနေနှင့် ဘယ်သူနန်းတက်တက် ကိစ္စမရှိပေ။
မည်သို့ပင်ဆိုစေကာမူ ယွီကျန့်ဟိုင်က တိုင်းပြည်ကို အုပ်ချုပ်ဖို့အတွက် အခက်အခဲများစွာ ကျော်ဖြတ်ထားရသည်။ အကယ်၍ လုကျိုးသာ သူ့တပည့်ကိုယ်စား ဆုံးဖြတ်ချက် ချပေးခဲ့လျှင် သူ့တပည့်က စိတ်မပျက်သွားစေဘူးလား။ ထိ့ကြောင့် သူက ဆုံးဖြတ်ဖို့ရာ အလျှင်မလိုပေ။
ထို့အစား လုကျိုးက ခုနှစ်စင်ကြယ်ကျောင်းတော်နှင့် ကောင်းကင်ရှေ့ဆောင်ကျောင်းတော်တို့မှ အကြီးအကဲများနှင့် အရာရှိများအား ကြည့်ကာ “ ဒီလူတွေကို ဘယ်လိုလုပ်ကြမလဲ”
“ မိစ္ဆာဝေဟင်မျှော်နန်း အလိုရှိသလို လုပ်နိုင်ပါတယ် ” မယ်တော်ကြီးက ထိုကိစ္စကို အရေးကြီးသည့် ကိစ္စအဖြစ် မသတ်မှတ်ထားပေ။
“ကျုပ်က မေးနေတယ်ဆိုမှတော့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို လေးစားလို့ပေါ့ ”
လုကျိုးက ပြောလိုက်သည့်အခါ ကျောင်းတော်နှစ်ခုမှ အကြီးအကဲများက ချက်ချင်းဆိုသလို ဝပ်တွားဦးညွှတ်လာကြသည်။
မယ်တော်ကြီးက အနည်းငယ် အံ့အားသင့်သွားလေသည်။ အံ့ဖွယ်မြို့တော်က ကျရှုံးသွားပြီ ဖြစ်ရာ ဘာများပြောဖို့ လိုဦးမည်နည်း။ သူမက အကြီးအကဲများအား ကြည့်ကာ ကြမ်းဦးတိုက်သံက သူမအား အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။
“ သူတို့ကို ဆွဲခေါ်ပြီး ခေါင်းဖြတ်လိုက် ”
ရှေးခေတ်အချိန်ကတည်းက အုပ်ချုပ်သူများသည် အမြဲတမ်း နှလုံးသားကင်းမဲ့ကြလေသည်။
မယ်တော်ကြီး၏ အမိန့်ကို ကြားကာ အကြီးအကဲများ၏ မျက်နှာထားက ပြောင်းလဲသွားကြသည်။
“မယ်တော်ကြီး သက်ညှာပေးပါ ”
တော်ဝင်အစောင့်များက ဝင်လာကြသည်။
ထိုအကြီးအကဲများ၏ ကျင့်ကြံဆင့်ကို စည်းပိတ်ထားပြီးသား ဖြစ်သည့်အတွက် တော်ဝင်အစောင့်များကို ခုခံဖို့ အင်အားမဲ့နေကြသည်။
လုကျိုးက အကြီးအကဲများအား ကြည့်လိုက်သည်။
နှမြောစရာပဲ … ငါဘာသာ သတ်လိုက်သင့်လား
ကျန်ရှိနေသည့် အကြီးအကဲများက အားနည်းကြသူဖြစ်သော်လည်း ထိုက်တန်နေသေး၏။
ငါ အတွေးများနေပြန်ပြီ …
လုကျိုးက အတွေးများကို ဖယ်ထုတ်ကာ ပြောလိုက်သည် “သူ လျိုကုမဟုတ်တာကို ဘယ်တုန်းက စသိတာလဲ”
မယ်တော်ကြီးက ကြည့်လာပြီး ပြောလိုက်သည် “ကိုယ့်သားကို ဘယ်လိုလုပ်မသိဘဲ နေမှာလဲ။ အယောင်ဆောင် နန်းတက်တဲ့ နေ့ကတည်းက သိလိုက်တယ်”
“အဲဒီအချိန်တုန်းက လျိုကောလည်း ရှိနေသေးတာပဲ။ သူ့စွမ်းရည်နဲ့ဆိုရင် အဲဒီလူကို ဖြုတ်ချလို့ ရပါတယ်” လုကျိုးက ပြောလိုက်သည်။
“အမှန်ပဲ … လျိူကောလည်း အဲဒီအကြောင်းကို တွေးခဲ့သေးတယ်။ ဒါပေမဲ့ အယောင်ဆောင်က ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်နေပြီလေ။ သူ့ဆီမှာ သာလွန်ကောင်းကင်အဆင့် လက်နက်လည်း ရှိနေသေးတယ်” မယ်တော်ကြီးက ပြောလိုက်၏။
လုကျိုးက လက်ဝေ့လိုက်သည့်အခါ အနီထိပ်ဖျားနှင့် စုတ်တံတစ်ချောင်း ပေါ်ထွက်လာသည် “ဒါက သာလွန်ကောင်းကင်အဆင့် လက်နက်လား”
မယ်တော်ကြီးက စုတ်တံသည် လုကျိုးဆီ ရှိနေသည့်အတွက် မအံ့ဩမိပေ။ သူမက ခေါင်းညိတ်ကာ “ဟုတ်တယ်”
ကြည့်ရတာ ဒါက တော်ဝင်မိသားစု တိုင်းပြည်ကို အခိုင်အမာ အုပ်စိုးထားနိုင်တဲ့ အကြောင်းအရင်း ဖြစ်နေနိုင်တယ် …
လျိူကောတွင် အဆင့်မြင့်လေဟာနယ်ဓား ရှိပြီး လျိူကုတွင် စုတ်တံတစ်ချောင်း ရှိထားသည်။ ထို့အပြင် သူတို့က အံ့ဖွယ်မြို့တော်အတွင်း တစ်မိုးအောက်မှ ပညာရှင်များကို စုစည်းထားနိုင်ခဲ့သည်။
ချပ်ဝတ်၊ အနီရောင်သွေးကြော၊ အနီရောင် ထိပ်ဖျား စုတ်တံ …
လုကျိုးက မေးလိုက်သည် “ တော်ဝင်မိသားစုက ဒီပစ္စည်းတွေကို ဘယ်ကနေ ရလာတာလဲ”
မယ်တော်ကြီးက လီယွင်ကျောက်အား လှည့်ကြည့်ပြီး ပြောလိုက်သည် “တခြားသူတွေကို ထွက်ခိုင်းလိုက်”
လီယွင်ကျောက်က မယ်တော်ကြီး၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူက အရာရှိများဘက် လှည့်ကာ ပြောလိုက်သည် “မယ်တော်ကြီးက ပင်ပန်းနေပြီဆိုတော့ ဒီနေ့ ပြန်လို့ရပြီ”
“နားလည်ပါပြီ”
အရာရှိများက စိတ်ရှုပ်ထွေးနေကြသည်။ အံ့ဖွယ်မြို့တော်က အသိမ်းခံလိုက်ရပြီဖြစ်ရာ သူတို့က ဘာဆက်လုပ်ရမည်နည်း။ သူတို့ ထွက်ပြေးရမှာလား။ သူတို့ ဆက်နေရမှာလား။ ဘာလုပ်ရမှန်း မသိကြတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မယ်တော်ကြီးက အမိန့်ပေးလိုက်ပြီဖြစ်၍ သူတို့အနေနှင့် ထွက်သွားရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
အရာရှိများ ထွက်သွားသည့်အခါ မယ်တော်ကြီးက ထရပ်လိုက်ပြီး “ကျွန်မနောက် လိုက်ခဲ့ပါ”
“ကျုပ်တို့ ဘယ်သွားမှာလဲ”
လီယွင်ကျောက်က အလျင်စလို ပြောလာသည်။ “ အတွင်း သိုလှောင်ခန်းကိုပါ ”
ရှောင်ယွမ်အာက တအံ့တဩဖြင့် မေးလိုက်သည်။ “အတွင်း သိုလှောင်ခန်းဆိုတာ အရှက်မဲ့လူကြီး ပြောသွားတဲ့နေရာလား”
ကျူးဟုန်ကုန်းကလည်း ဝင်ပြောလိုက်သည်။ “အထဲမှာ ရတနာတွေ ရှိနေတာလား။ ငါတို့ အနိုင်ရပြီဆိုတော့ အဲဒီနေရာကို အကုန်သိမ်းလိုက်သင့်တာပေါ့ ”
တခြားလူများက ကျူးဟုန်ကုန်းအား လှည့်ကြည့်လာကြသည်။
သူက ဓားပြခေါင်းဆောင် တကယ်ကြီး ဖြစ်ခဲ့ဖူးတာပဲ …
အားလုံး၏ အကြည့်ကို ခံစားမိကာ ကျူးဟုန်ကုန်းက ခေါင်းကုတ်လိုက်ပြီး မေးလိုက်၏ “ ငါ တစ်ခုခုများ ပြောမိလို့လား ”
တခြားလူများက သူ့အား လျစ်လျူရှုထားပြီး လုကျိုးနှင့် မယ်တော်ကြီးနောက်မှ လိုက်သွားကြသည်။
ကျူးဟုန်ကုန်းက နားမလည်ဖြစ်နေဆဲ ဖြစ်ကာ မေးလိုက်၏။ “ရှောင်ရှစ်မေ့ … ငါ တစ်ခုခု မှားပြောမိလို့လား”
ခရုလေးက ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး ”
“အဲဆို အဲလူတွေက ငါ့ကို ဘာလို့ ထူးထူးဆန်းဆန်း ကြည့်နေတာလဲ။ ငါ့ဉာဏ်ရည်ကို အားကျနေကြတာလား” ကျူးဟုန်ကုန်းက ခေါင်းကုတ်တော့မည့်ဆဲဆဲတွင် လက်အိတ်များ ဝတ်ထားဆဲဖြစ်ကြောင်း သတိပြုမိသွားသည်။ သူက လက်အောက်ချလိုက်ပြီး “ ဟုတ်တယ်။ ငါက အရင်ထက် ဉာဏ်ကောင်းလာတာ။ အာ … အားလုံး ဘယ်ရောက်သွားကြတာလဲ။ စန်းရှစ်ရှိုး၊ ဝူရှစ်ကျဲ၊ လျိူရှစ်ကျဲ … အားလုံး ဘယ်ရောက်သွားတာလဲ ”
တာ့ကျန်းနန်းဆောင်က ယခုအခါ ဆိတ်ငြိမ်သွားလေသည်။
……………..
အံ့ဖွယ်မြို့တော်၌ တိုက်ပွဲအပြီး
နန်းဆောင် အစေခံများစွာနှင့် ကုန်းကုန်းများက ထွက်ပြေးသွားကြလေသည်။ လမ်းကြောင်းက တိတ်ဆိတ်ကာ ခြောက်ကပ်နေ၏။
ခဏအကြာတွင် အဖွဲ့က တော်ဝင်မိသားစု၏ သိုလှောင်ခန်းအနား ရောက်လာကြသည်။ သူတို့က အကွေ့များစွာ ဖြတ်ကျော်လာပြီးနောက် အိုဟောင်းနေပြိး ပေသုံးဆယ် အမြင့်ရှိပြီး ဆယ်ပေကျယ်သည့် အညိုရောင်တံခါးချပ်ကြီးကို မြင်လိုက်ရသည်။
မယ်တော်ကြီးက ရပ်လိုက်ပြီး ကြည့်ကာ ပြောလိုက်သည် “ ဒါကတော်ဝင်မိသားစုရဲ့ သိုလှောင်ခန်းပဲ။ နန်းတော်ရဲ့ အတွင်းဆုံးပိုင်းမှာ ရှိနေလို့ အတွင်း သိုလှောင်ခန်းလို့ ခေါ်ကြတာ ”
လုကျိုးက အညိုရောင်တံခါးကြီးနှင့် ရင်းနှီးနေသလို ခံစားနေရသည်။
“ကျုပ် ဒီနေရာကို ရောက်ဖူးတယ် တူတယ် ”
လီယွင်ကျောက်က ပြုံးကာ “ အရင်ဧကရာဇ်နဲ့ ကျိချန်းပေ့တို့က ရင်းနှီးတယ်ဆိုတော့ ဒီနေရာ ရောက်ဖူးတာ မဆန်းပါဘူး။ ဒါပေမဲ့ အတွင်းသိုလှောင်ခန်းက သိပ်တော့ စိတ်မချရဘူး။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က နဂါးတေးသံဓား ပျောက်သွားဖူးတယ်။ အဲဒီကတည်းက ပြန်မတွေ့ရသေးဘူး ”
လုကျိုးက လီယွင်ကျောက် စကားကို တစ်ခါမှ မကြားသလိုမျိုး ဟန်ဆောင်နေသည်။
ငါနဲ့ ဘာမှမဆိုင်ဘူး ..
ထိုစဉ် မယ်တော်ကြီးက သော့တစ်ချောင်း ထုတ်လာကာ အတွင်းသိုလှောင်ခန်းကို ဖွင့်လိုက်သည်။
လုကျိုးက သူမကို သော့အကြောင်း မမေးလိုက်ပေ။ သူက သူမနောက်မှ လိုက်ဝင်သွားလိုက်၏။
“ ဧကရာဇ်ယုံရှို့ ရထားတဲ့ ပစ္စည်းအားလုံးကို အတွင်းသိုလှောင်ခန်းထဲ ထည့်ထားခဲ့တာလေ ”
…
အခန်း (၅၉၃) ပွင့်ချပ်ကိုးလွှာကျင့်ကြံသူထံမှစ အပိုင်း (၁)
သူတို့အဖွဲ့သည် မှိန်ဖျော့ဖျော့လင်းနေသော အတွင်းသိုလှောင်ခန်းထဲသို့ဝင်လိုက်၏။ အတွင်းဖက်တွင် အလင်းရောင်မှိန်ဖျော့နေသော်ငြား သူတို့၏အမြင်အာရုံကို မထိခိုက်စေပေ။
ထိုနေရာ၌ ရတနာမျိုးစုံ၊ လက်နက်များနှင့် စွယ်စုံစာအုပ်များရှိနေလေ၏။ တောက်ပသည့်မြင်ကွင်းကို ဖြစ်စေသည်။
ခရုလေးက လမ်းလျှောက်လာလျက် သိချင်စိတ်တို့ပေါ်နေသည်။
ခရုလေးတစ်ယောက်တည်းသာမက ရတနာများကို လူတိုင်းက စိတ်ဝင်စားနေကြသည်။
ပုံမှန်ဆို သူ့ကိုယ်သူ တင်းကြပ်ထားနေကျ တွမ့်မူရှန်းကတောင် လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။ ရံဖန်ရံခါ၌ သူသည် စင်ပေါ်ရှိ ဓားမော့နှင့် ဓားများကို သူ၏နယ်ရှင်လှံဖြင့် တွန်းမိသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲလေးယောက်က ပုံမှန်မဟုတ် တိတ်ဆိတ်နေ၏။ သူတို့က လှည့်ပတ်ကြည့်ပြီး သူတို့စိတ်ဝင်စားမှုကို ဖမ်းစားသွားသော အရာဝတ္ထုများကို ထိကာ ကြည့်နေကြပုံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ လာရောက်လည်ပတ်သော ကြီးကြပ်သူတစ်ယောက်နှင့် တူနေပေ၏။
“ဒီဓားမော့က အံ့ဩစရာပဲ” ဖန်ကျုံးက ဓားမော့ကို စိုက်ကြည့်နေ၏။ ဆိုရလျှင် သူ့၌ ကိုယ်ပိုင်လက်နက်မရှိသေးပေ။
“ဒီဓားက အခုပျောက်ကွယ်သွားပြီဖြစ်တဲ့ လေစီးနင်းခြင်း အင်အားစုရဲ့ နာမည်ကျော်ကြားတဲ့ ရတနာ လေစီးနင်းသူ မလား” ကျိုးကျစ်ဖုန်းက ဓားကိုကောက်ကိုင်ပြီးနောက် ပြန်ချထားရန် တွန့်ဆုတ်နေတာသိသာသည်။ သူ သွားရည်ကျလုနီးပါး ဖြစ်သွား၏။
ဖန်ကျုံးက အနီးကပ်ကြည့်ရန်ရွေ့လာလိုက်၏။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အမြင်ကောင်းသားပဲ ညီလေး”
ဘန်း
နယ်ရှင်လှံသည် လေစီးနင်းသူ၏ဓားသွားကို ထိုးစိုက်လိုက်၏။ ၎င်းကိုထိပြီးနောက် တွမ့်မူရှန်းသည် ဓားကိုမကြည့်တော့ပေ။ သူက ခေါင်းအနည်းငယ်ခါလိုက်၏။
“မြေကမ္ဘာအဆင့်လက်နက်က မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ဖို့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ"
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက ပြန်မပြောရဲချေ။
ဒါပေါ့ ... မင်းမှာ ကောင်းကင်အဆင့်နယ်ရှင်လှံရှိနေတဲ့အချိန် ဒါကို တွေးမှာမဟုတ်ဘူးပေါ့။
ငါ့မှာလက်နက်မရှိဘူးဆိုမှတော့ ဘာကိုရွေးချယ်ရမှာလဲ။
ငါက မြေကမ္ဘာအဆင့်လက်နက်က ဘာဖြစ်လဲ။ တတိယသခင်လေး မလွန်လာနဲ့။
ဂျွတ်
လေစီးနင်းသူက ပြုတ်ကျသွား၏။ ကျိုးကျစ်ဖုန်းက ထိတ်လန့်သွားကာပြောလိုက်တော့သည်။
“တတိယသခင်လေးပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒီတတိယအဆင့်အမှိုက်က မိစ္ဆာဝေဟင်မျှော်နန်းထဲ ဘယ်လိုလုပ်ဝင်နိုင်မှာလဲ”
သူတို့အဖွဲ့သည် ဘဏ္ဍာတိုက်ထဲသို့ ဆက်လျှောက်သွားလိုက်၏။
လုကျိုးသည် ဘဏ္ဍာတိုက်အတွင်းပိုင်းက ထိုမျှ ကြီးမားလိမ့်မည်ဟု မထင်ထားပေ။ သူတို့အချိန်တချို့ကြာလျှောက်သွား၏။ ထိုသို့တိုင် အဆုံးထိမရောက်သေးပေ။
မယ်တော်ကြီးသည် သူမနားရှိပစ္စည်းများကို အာရုံမစိုက်ပေ။ သူမက ဤနေရာသို့ မကြာခဏလာနေကျဖြစ်၏။
လီယွင်ကျောက်က ပြောလိုက်သည်။ “ယခင်ဧကရာဇ်က ဘဏ္ဍာတိုက်အတွင်းပိုင်းရဲ့စီမံခန့်ခွဲမှုကို မယ်တော်ကြီးဆီ လွှဲခဲ့တာလေ။ ဒီနှစ်တွေတောက်လျှောက် မယ်တော်ကြီးက သတိထားပြီး တာဝန်ကို ဆောင်ရွက်ခဲ့တယ်။ ယခင်ဧကရာဇ်နတ်ရွာစံပြီးသွားတာတောင် မယ်တော်ကြီးက တည်တည်ငြိမ်ငြိမ်ရှိနေတုန်းပဲ”
ထိုစဉ် မယ်တော်ကြီးက ရပ်တန့်လျက် ကျန်သည့်သူများကိုလှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီဘဏ္ဍာတိုက်ထဲကနေ လိုချင်တာရှိရင် ဘာမဆိုယူလို့ရတယ်”
ထိုစကားကို လုကျိုး၏တပည့်များကြားသောအခါ သူတို့က ပျော်ရွှင်သွား၏။ သူတို့သည် လောကကြီးကို တစ်ခါမှမမြင်ဖူးသောမျောက်တစ်အုပ်ပမာ ပြုမူနေပြီး ခုန်ဆွခုန်ဆွဖြစ်နေကြ၏။
လုကျိုးက စိတ်ရှုပ်ထွေးသွားသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များသည် ကောင်းကင်အဆင့်လက်နက်များ ပိုင်ဆိုင်ထားချိန်၌ ဘဏ္ဍာတိုက်အတွင်းပိုင်းရှိ ပစ္စည်းများကို အဘယ်ကြောင့်စိတ်ဝင်စားနေရသနည်း။ အဆုံးကျ သူသည် သူတို့ကို သတိပေးလိုက်၏။ “သိက္ခာရှိကြ”
တပည့်များက ထိတ်လန့်သွားပြီးနောက် မလှုပ်ရှားရဲတော့ပေ။
မယ်တော်ကြီးက ပြောလိုက်သည်။ “တကယ်ပဲ ချန်းပေ့ရဲ့အဆင့်အတန်းနဲ့ဆို ဒီနေရာက ပစ္စည်းတွေကို စိတ်မဝင်စားလောက်ဘူး”
ကျိုးကျစ်ဖုန်းက ငိုချင်လာ၏။ ‘မဟုတ်ဘူး ... ငါ စိတ်ဝင်စားတယ်လေ။ အားလုံးကို ငါ ယူသွားချင်တယ်’
မယ်တော်ကြီးသည် ထောင့်ဖက်ရှိသေတ္တာတစ်လုံးကို လက်ညှိုးထိုးပြပြီးနောက်ပြောလိုက်သည်။
"လျိုကော နန်းတက်တုန်းက အဲဒီသေတ္တာကို မကြာခဏလာကြည့်ဖို့ပြောခဲ့တာ။ လီယွင်ကျောက်”
“နားလည်ပါပြီ” လီယွင်ကျောက်က လက်ဝေ့ယမ်းလိုက်ရာ သေတ္တာက လွင့်ပျံလာသည်။
သေတ္တာနား၌ အလင်းရှိနေသည်။ ၎င်းက ဖုန်များလွှမ်းနေသည့် အနက်ရောင်သေတ္တာတစ်လုံးဖြစ်သည်။
လီယွင်ကျောက်က လက်ကိုထပ်မံဝေ့ယမ်းလိုက်ရာ သေတ္တာပေါ်မှ ဖုန်များကို ရှင်းထုတ်လိုက်သည်။
လုကျိုးက သေတ္တာကို ကြည့်လိုက်သည်။ ဟမ် ... မြင်ဖူးတဲ့သွေးကြော ဖြစ်နေပြန်ပြီ။ သေတ္တာပေါ်ရှိသွေးကြောများသည် လင်းရှင်း၏သံချပ်ကာပေါ်ရှိသွေးကြောများနှင့်အလွန်ဆင်တူ၏။ သို့သော် ဤသွေးကြောများသည် အဘယ်ကြောင့်အနက်ရောင်ဖြစ်နေသနည်း။
သူမသည် လုကျိုး၏စိတ်ကိုဖတ်နိုင်သည့်ပမာ ပြောလိုက်၏။ “မလိုလားအပ်တဲ့ အာရုံစိုက်မှုမရစေဖို့အတွက် ဒီသေတ္တာကို မှင်နက်နဲ့ ဆေးခြယ်ထားလိုက်တာ”
အသက်ကြီးလေဉာဏ်ပိုရှိလေဖြစ်သည်။ “မူလအရောင်ကကော”
“အနီလား” ထင်သည့်အတိုင်းပင်။
လုကျိုး၏အမူအရာက မပြောင်းလဲသွားပေ။ သူက သေတ္တာကိုကြည့်ပြီးမေးလိုက်၏။ “ဒီသေတ္တာက ဘယ်သူ့ဆီကနေလာတာလဲ”
မယ်တော်ကြီးက “ဧကရာဇ်ပြောတာတော့ ဒါက မင်းဆရာဆီကနေလာတာတဲ့။ မင်းဆရာထွက်မသွားခင် ပစ္စည်းတချို့ထားခဲ့တယ်။ ဓားတစ်လက်၊ စုတ်တံတစ်ချောင်းနဲ့ သေတ္တာတစ်လုံး။ ဓားက အခုထိပျောက်နေတာအတော်ကြာပြီ” သူမ၏စကားများအရ လျိုကောအသက်ရှိတာကို သတိမပြုမိတာသိသာ၏။ လျိုကောသည် သူမကို မသိစေချင်။ သူမကို တမင်တကာ လျှို့ဝှက်ထားတာဖြစ်နိုင်သည်။
ဆိုရလျှင် အသက်ရှင်ရန်အတွက် အသက်စုပ်ယူခြင်းနည်းလမ်းများကို မှီခိုနေရခြင်းက နာကျင်စရာကောင်းလှသည်။ ယင်းက ရှင်လျက်နှင့်သေနေရခြင်းနှင့်တူသည်။ ဤလောကကြီးထဲရှိ မည်သူကမှ သူတို့၏မဟာအကန့်အသတ်ကိုမကျော်လွှားနိုင်ပေ။ နည်းလမ်းအမျိုးမျိုးရှိသော်ငြား နည်းလမ်းအများစုသည် သေဆုံးခြင်းကို နှောင့်နှေးစေရုံသာရှိလိမ့်မည်။
မည်သည့်နည်းနှင့်မဆို မယ်တော်ကြီးမသိသောကြောင့် သူမကို ပြောပြရန်မလိုအပ်ချေ။
မယ်တော်ကြီးက ဆက်ပြောလိုက်၏။ “ပွင့်ချပ်ကိုးလွှာကျင့်ကြံသူရဲ့စွမ်းအားက ဒီသေတ္တာကိုဖွင့်ဖို့လိုအပ်တယ်။ တခြားအရာနဲ့ဖွင့်လို့မရဘူး” သူမသည် တော်ဝင်မိသားစုမှ တစ်စုံတစ်ယောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ဦးစွာရယူနိုင်မည်ဟု ထင်ခဲ့၏။
လျိုကောကလည်း သူ့ဖာသာသူ တွေးခဲ့၏။ သူသည်လည်း ပွင့်ချပ်ကိုးလွှာအဆင့်ကိုရရှိနိုင်ကာ သေတ္တာထဲရှိပစ္စည်းကို ရယူနိုင်ခဲ့မည်ဆိုလျှင် သူသည် မျိုးနွယ်စုတစ်သောင်းကိုပေါင်းစည်းပြီး ရှည်ကြာစွာတည်တံ့သောမျိုးဆက်တစ်ခု တည်ထောင်နိုင်လိမ့်မည်ဟုထင်ခဲ့သည်။ သူ့ခြေတစ်လှမ်းနောက်ကျသွားခဲ့၏။
အပြင်ဖက်တွင် လုကျိုးက တည်ငြိမ်နေသည်။ သို့သော် တကယ်တော့စိတ်ထဲတွင်မူ ပူပန်သောက ရောက်နေလေ၏။ “ငါက ပွင့်ချပ်ငါးလွှာအဆင့်ပဲရှိသေးတာ။ ဒါ့အပြင် ငါ့ထူးကဲစွမ်းအားအများစုကို ကုန်ခမ်းစေခဲ့ပြီးပြီ။ ဒါကို ဘယ်လိုဖွင့်ရမလဲ။
ဖန်ကျုံးက ပြောလိုက်သည်။ “မျှော်နန်းသခင် ဒီရတနာသေတ္တာက မျှော်နန်းသခင်အတွက် လုပ်ပေးထားတာပဲ”
ဖန်လီထန်းက ပြောလိုက်၏။ "သေတ္တာထဲမှာဘာပဲရှိရှိ ထူးကဲတာပဲဖြစ်ရမယ်။ ကျေးဇူးပြုပြီး သေတ္တာကိုဖွင့်ပေးပါ မျှော်နန်းသခင်။ ဗဟုသုတအတွေ့အကြုံရတာပေါ့”
ကျန်သည့်သူများကထောက်ခံကြောင်းခေါင်းညိတ်လိုက်၏။
မယ်တော်ကြီးကတောင် ဝင်ပြောလာသည်။
“ဒီသေတ္တာကို ရာစုနှစ်ပေါင်းများစွာ ကြည့်ရှုစောင့်ရှောက်လာခဲ့တာ။ ဒါတောင် ဘာထည့်ခဲ့မှန်းတောင် မသိဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ဒါကို ဖွင့်နိုင်ခဲ့မယ်ဆိုရင် ကျွန်မ ငြိမ်းငြိမ်းချမ်းချမ်းအနားယူနိုင်ပါပြီ။ ကျွန်မ သေပျော်ပါပြီ”
လုကျိုးသည် မယ်တော်ကြီး၏အသက်ကို တစ်ခါကယ်ခဲ့ဖူးသည်။ သူက ဒီသေတ္တာကို ယူသွားချင်သည်ဟု ဆိုလျှင်တောင် သူမက ငြင်းမှာမဟုတ်ပေ။ လုကျိုးက သူ၏ထူးကဲစွမ်းအားများကို ကြည့်လိုက်သည်။ သူ အနေခက်နေတော့သည်။ ကောင်းကင်ကျမ်းစာ စာလိပ်၏ဂါထာကို အမှတ်ရသည်။ စိတ်တွင်၎င်းကို ရွတ်ဆိုကြည့်လိုက်၏။ တစ်ကြိမ်ကြိုးစားကြည့်တာပေါ့။ ငါ ကျရှုံးခဲ့တယ်ဆိုရင်တောင် သူတို့ဘာမှပြောရဲမှာမဟုတ်ဘူး။
လုကျိုးသည် သေတ္တာပေါ် သူ့လက်ဝါးကိုတင်လိုက်၏။
ဘန်း
သူ၏ကျယ်ဝန်းသောလက်ဝါးက သေတ္တာပေါ်ရောက်သွားချိန် လုကျိုးသည် သူ၏လက်ချောင်းများကြားမှ အပြာရောင်အလင်းတောက်ပလာတာကိုတွေ့လိုက်ရ၏။ ဘာမှဖြစ်မလာခဲ့ပေ။
ဒါက ... ဪ ငါ့ရဲ့မျက်နှာ။ လုကျိုးသည် သူ၏လက်ချောင်းများကြား၌ အပြာရောင်အလင်းများ တဖျပ်ဖျပ်ပေါ်နေချိန် အရှက်ရမှုကြောင့်စိတ်တွင်ရုန်းကန်နေရသေးသည်။ ၎င်းက တစ်ခဏသာ ကြာ၏။ မထင်ထားဘဲ သေတ္တာထဲမှ မြည်သံပေါ်လာ၏။
မယ်တော်ကြီးက ယင်းကိုမြင်သောအခါ မျက်လုံးပြူးကျယ်သွားတော့သည်။ သူမ၏အသံက စိတ်ခံစားချက်အနည်းငယ်ပြင်းနေလျက်ပြောလိုက်၏။ “သေတ္တာကို ဖွင့်ဖို့နည်းလမ်းတွေအများကြီး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အားလုံးက အချည်အနှီးပဲ။ ဒီလိုဖြစ်လိမ့်မယ်လို့မထင်ထားဘူး”
မယ်တော်ကြီး စိတ်လှုပ်ရှားတာ သဘာဝကျသည်။ သေတ္တာကိုဖွင့်ရန် နည်းလမ်းမျိုးစုံကိုသုံးပြီးနောက် သေတ္တာဖွင့်ရန်မဖြစ်နိုင်သလောက်မှန်းသိနေ၏။
လီယွင်ကျောက်က ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီးတောင် ဒီသေတ္တာကို မဖွင့်နိုင်ခဲ့ဖူးဆိုတာ ကျွန်တော်ပြောရဲတယ်။ အရှင်မင်းကြီးက သူ့ရဲ့ပွင့်ချပ်ရှစ်လွှာခမ်းနားသောကျင့်စဉ်နဲ့ တစ်ညလုံးဒါကို ခုတ်ပိုင်းဖို့ကြိုးစားခဲ့တာ။ အချည်းအနှီးဖြစ်ခဲ့တာပေါ့လေ”
“…”
“ထင်တဲ့အတိုင်းပဲ မျှော်နန်းသခင်က အံ့ဩဖို့ကောင်းပါရဲ့” အကြီးအကဲလေးယောက်က တကယ်အထင်ကြီးနေကြသည်။
လုကျိုးသည် သူတို့၏ချီးကျုးမှုကို အသားကျနေပြီဖြစ်၏။ သူက လက်ဖဝါးကိုဖိချလိုက်သည်။
သေတ္တာက ပွင့်လာပြီးဘေးနှစ်ဖက်က ကွာကျလာ၏။ ကောင်းကင်ကျမ်းစာ စာလိပ်၏ ထူးခြားအံ့ဖွယ်စွမ်းအားသည် သေတ္တာအတွက်သော့နှင့်တူပုံပေါ်သည်။
ခဏတာအတွင်း သေတ္တာသည် ဖုန်မှုန့်များအဖြစ်ပြိုလဲသွားကာ လုကျိုး၏မျက်စိကိုဖမ်းစားသွားသည့် ပစ္စည်းနှစ်မျိုးပေါ်လာသည်။
တမူထူးကဲသော ကုန်ကြမ်းဖြင့်စာအိတ်တစ်အိတ်နှင့် ထောင့်မှန်စတုဂံပုံသဏ္ဌာန် ဘရိုကိတ်သေတ္တာဖြစ်သည်။
လုကျိုးသည် စာအိတ်ကိုဦးစွာကောက်ယူလိုက်၏။ သူမှတပါးကျန်သည့်သူများသည် သေတ္တာကို မထိရဲပေ။ စာအိတ်ကိုထိလိုက်သည်နှင့် သူ့အရေပြား၌ အေးစိမ့်သော အထိအတွေ့ကိုခံစားမိလိုက်သည်။ စာအိတ်သည် သာမန်စာအိတ်ဖြစ်ပုံမပေါ်။ ၎င်းသည် ယိုယွင်းမှုကို ကာကွယ်ရန်ပြုလုပ်ထားတာဖြစ်ရမည်။
လုကျိုးက စာအိတ်ကိုဖွင့်လိုက်၏။ ထင်သည့်အတိုင်း စာတစ်စောင်ပါနေသည်။
“နောက်ဆုတ်” တွမ့်မူရှန်းက ရုတ်တရက်ပြောလျက် နယ်ရှင်လှံကို ကောက်ကိုင်လိုက်သည်။ ကျန်သည့်သူများက နောက်ဆုတ်သွား၏။
တွမ့်မူရှန်း၏ ရည်ရွယ်ချက်က သိသာသည်။ သူ၏ရှစ်စွင်းကသာ စာကိုဖတ်နိုင်သော တစ်ဦးတည်းသောသူဖြစ်၏။
စာထဲတွင် ရေးထားသည်က တစ်စုံတစ်ယောက်က သေတ္တာကိုဖွင့်နိုင်ခဲ့ရင် ဒီစာကိုဖွင့်နိုင်တဲ့သူက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရနေပြီလို့ဆိုလိုတာပဲ။ တွေ့ရတာဝမ်းသာပါတယ်။ ပထမ၊ ဒုတိယ၊ တတိယ ဒါမှမဟုတ် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူလား။ ဟမ်း ... ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကိုမပြောတော့ဘူး။ မင်းက ကမ္ဘာကြီးဆီကပ်ဘေးကြီးတစ်ခု ဆောင်ယူနေပြီလို့ မင်းကိုပြောရတော့မှာပဲ။
…
အခန်း(၅၉၄) ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူဆီမှ စာ (အပိုင်း ၂)
“တကယ်လို့ မင်းက ပထမဆုံး ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူဆိုရင် ကျင့်ကြံဆင့်ကို ပွင့်ချပ်ရှစ်လွှာနဲ့ တစ်ဝက်အထိ လျှော့ချလိုက်ဖို့ အကြံပေးချင်တယ်။ တကယ်လို့ မင်းက ဒုတိယဆိုရင် ပထမလူကို သတ်လိုက်ပါ။ ငါ စုတ်တံတစ်ချောင်း၊ ဓားတစ်ချောင်းနဲ့ ချပ်ဝတ်တစ်ခုကို ချန်ထားပေးခဲ့တယ်။ မင်းက အဲဒါတွေနဲ့ ပွင့်ချပ်ကိုးလွှာကို သတ်နိုင်တယ်။ တကယ်လို့ မင်း မသတ်နိုင်ရင်တော့ မင်းတို့နှစ်ယောက်လုံး ကပ်ဘေးကြီး ကြုံရတော့မယ်လို့ပဲ စိတ်မကောင်းစွာ ပြောရတော့မယ် ”
လုကျိုးက စာပိုဒ်ကို ဖတ်ရှုပြီးသည့်နောက် ဘေးတွင် လက်ရေးလှလှနှင့် ရေးသားထားသည့် စာပိုဒ်တစ်ခုကို တွေ့လိုက်ရသည်။
[ တောအုပ်အတွင်းမှာ သစ်ပင်တစ်ပင် ကြီးထွားနေတယ်။ အဲဒီအရာက နေရောင်၊ မိုးစက်ကို ပိုရရှိဖို့ ပိုမို မြင့်မားလာခဲ့တယ်။ ပင်စည်က အလတ်ဆတ်ဆုံး လေကို ရှုရှိုက်နိုင်ဖို့အတွက် တုတ်ခိုင်လာခဲ့တယ်။ အမြစ်တွေက မြေကြီးဆီကနေ အဆီအနှစ်တွေကို စုပ်ယူဖို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားခဲ့တယ်။ သစ်ပင်ကြီးဘေးအနားမှာ အသက်ရှင်ဖို့ ရုန်းကန်နေတဲ့ သစ်ပင်ငယ်လေးများစွာ ရှိနေတယ်။ သူတို့ရဲ့ ပင်စည်က အားနည်းပြီး ကျိုးပဲ့လွယ်နေခဲ့ကာ အရွက်များကလည်း ဝါကျင့်နေတယ်။ သစ်ပင်ငယ်လေးတွေက သစ်ပင်ကြီးကို မော့ကြည့်ကာ ပြောလိုက်ကြတယ် “ မင်းက အားကောင်းပြီးသားကို ငါတို့ကြီးထွားနှုန်းကို ဘာလို့ကန့်သတ်နေရတာလဲ”
သစ်ပင်ကြီးက မထူးမခြားနား ပြောလိုက်လေတယ် “ငါ့အတွက် မင်းတို့ရဲ့ ကြီးထွားနှုန်းက ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ် ” ]
လုကျိုးက အနည်းငယ် တုံ့ဆိုင်းသွားသည်။
ဒီစာပိုဒ်က တောတွင်း ဥပဒေကို ပြသထားတာ မဟုတ်ဘူးလား …
သူက သာလွန်ကောင်းကင်အဆင့် လက်နက်များဖြစ်သည့် အဆင့်မြင့် လေဟာနယ်ဓား၊ အနီရောင်စုတ်တံ၊ အနီရောင်ခေါင်းတလားနှင့် ရို့လီပြည်သားဆီမှ ကိုယ်ရေးမှတ်တမ်းကို ရုတ်ချည်း အမှတ်ရသွားသည်။
လုကျိုးက စာကို ဆက်ဖတ်လိုက်သည်။
[ အရူးတွေက မိုးမြေ အနှောင်အဖွဲ့အလွန်က သက်တမ်း ကန့်သတ်ချက်အကြောင်း အမှန်တရားကို ရှာဖွေခဲ့ကြတယ်။ သားရဲအစာအဖြစ် အဆုံးသတ်သွားခဲ့ကြတဲ့ အရူးတွေ အများကြီးပဲ … မင်းလည်း အရူးတစ်ယောက် မဖြစ်ဖို့ မျှော်လင့်တယ်။ ငါ တာ့ယန်ကို သဘောကျတယ်။
ဒီမှာ ငြိမ်းချမ်းပြီးတော့ တိတ်ဆိတ်တယ်။ သတ်ဖြတ်နေတာတွေ၊ အရူးတွေ မရှိဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ သက်တမ်းက အစကတည်းက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတစ်ယောက်က နှစ်တစ်ထောင် နေဖို့ လုံလောက်တယ်။ အဲဒါကြောင့် ဒီကမ္ဘာကြီးကို ပွင့်ချပ်ကိုးလွှာအဆင့် မရှိတဲ့အကြောင်း၊ လူတွေက နှစ်တစ်ထောင်ပဲ နေနိုင်ကြောင်း ပြောရမယ်။
သူတို့က သိချင်စိတ်ကို ဖယ်ရှားပြီး အန္တရာယ်ကို ရှောင်နိုင်လိမ့်မယ်။ ဒါကို စုံစမ်းဖို့ မကြိုးစားနဲ့ …
ငါ ချန်ထားခဲ့တဲ့ ပစ္စည်းတွေက ငါ့စကားကို သက်သေပြနိုင်လိမ့်မယ်။ မင်းက သိချင်ပြီးတော့ စိတ်ရှုပ်ထွေးနေမှာပေါ့။ ငါ ပြောတဲ့ ကပ်ဘေးဆိုတာ ဘာလဲ။ ငါက ဘယ်နေရာက ရောက်လာတာလဲ သိချင်နေမှာပဲ …
ငါ အဲဒီအကြောင်းကို မပြောပြနိုင်ဘူး။ မိတ်ဆွေ … တကယ်လို့ ဖြစ်နိုင်ရင် ငါ့ကိုယ်စား တစ်ယောက်ယောက်ကို ရှာပေးပါ။ သူမက လော့မျိုးရိုးနဲ့ ဖြစ်ပြီးတော့ ဒီကို လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက ရောက်လာခဲ့တယ်။ သူမကို ရှာပြီးတော့ ပိုးသေတ္တာကို ပေးလိုက်ပါ။ တကယ်လို့ သူမကို ရှာမတွေ့ရင် ဒီသေတ္တာကို မင်း ယူလိုက်ပါ ]
လုကျိုးက အံ့အားသင့်သွားမိသည်။
ဒီလျှို့ဝှက်ဆန်းကြယ် လူကလည်း အမျိုးသမီးလော့ကို ရှာနေခဲ့တာလား …
သူက စာကို ထပ်ဖတ်လိုက်သည် “အရာအားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ် ”
ဤသည်က အဆုံးသတ် ဖြစ်၏။
ဒါပဲလား …
စာရေးသူက သူ့ဇာစ်မြစ်နှင့် အန္တရာယ်အကြောင်း ထုတ်မပြောခဲ့ပေ။
သူက ဘာအကြောင်းအရာမှ မပါဘဲ သတိပေးချက် ထားခဲ့တာတဲ့လား …
လုကျိုးက စာကို ထပ်မံ ဖတ်ကြည့်လိုက်သည်။ သူက စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ တောတွင်း ဥပဒေအကြောင်း ရေးထားသည့် စာပိုဒ်အရ အတော်အတန် တွေးပြီးသည့်နောက်မှ ရေးခဲ့ခြင်း ဖြစ်လိမ့်မည်။ မင်က တခြားအရာများထက် ပိုမှိန်နေ၏။
စာရေးသူက အန္တရာယ်အကြောင်း ထုတ်ဖော်မပြောခဲ့သော်လည်း အန္တရာယ်ရှိနေသေးကြောင်း သေချာသွားသည် လုကျိုးက အနီရောင်ခေါင်းတလား လျှို့ဝှက်ကျမ်းထဲမှ နောက်ဆုံးစကားကို အမှတ်ရလိုက်၏။ လက်ရေးလက်သားနှင့် ပြောဆိုပုံတို့က တူညီလှသည်။ သူတို့ကို တစ်ယောက်တည်း ရေးခဲ့ခြင်း ဖြစ်လောက်၏။
လုကျိုးက သိချင်စိတ် ဖြစ်မလာမိဘူးဟု ပြောလျှင် လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ စာရှိ ပါဝင်အကြောင်းအရာများပေါ် အခြေခံ၍ ပွင့်ချပ်ကိုးလွှာအဆင့်သည် ကပ်ဘေးကို ယူဆောင်လာလိမ့်မည်။ ကပ်ဘေးသည် တောတွင်းဥပဒေနှင့် ပတ်သကတ်နေပုံရ၏။
လူသားများက မြက်ပေါ် တွားသွားနေသည့် ပုရွက်ဆိတ်များကို ဂရုမစိုက်ကြပေ။ သို့သော် ထိုပုရွက်ဆိတ်များက လက်သီးဆုပ်ရွယ် ပင့်ကူလောက် ကြီးမားလာခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။
လုကျိုးက ခေါင်းခါလိုက်သည်။
ငါက ပွင့်ချပ်ကိုးလွာအဆင့် အစစ်မှ မဟုတ်တာ …
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်က သိချင်နေကြသည်။ သူတို့က စာထဲ ဘာပြောထားသည်ကို သိချင်ကြ၏။ သို့သော်လည်း သူတို့က ဘာမှမမြင်ရပေ။
လုကျိုးက စာကို ခေါက်သိမ်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက စီးဝူယာ့ကို အမှတ်ရလိုက်သည်။ စီးဝူယာ့က ဒီလိုအရာမျိုးကို စိတ်ဝင်စားလေသည်။ စီးဝူယာ့တွင် အကြံကောင်းကောင်း ရှိလောက်၏။ ထို့နောက် သူက မယ်တော်ကြီးအား ကြည့်ကာ မေးလိုက်သည်။
“ မင်းဆရာရဲ့ နာမည်က ဘာလဲ”
မယ်တော်ကြီးက ခေါင်းခါကာ “သူက သူ့နာမည်ကို မပြောသွားဘူး”
“ သူက တစ်ခုခု ချန်ထားခဲ့သေးလား”
“တာ့ယန်ရဲ့ တော်ဝင်မြို့တော်ထဲမှာ သူ ချန်ခဲ့တာ အကုန်ပဲ။ တကယ်လို့ ဒီမှာမရှိတော့ရင် တခြားနေရာမှာ ဖြစ်လိမ့်မယ်”
လီယွင်ကျောက်က ဝင်ပြောလိုက်သည်။
“အဆုံးသတ်ဆယ်ပါး အစီအရင်ကို သူကိုယ်တိုင် ရေးဆွဲပေးထားတာ”
“…”
တခြားလူများက အံ့အားသင့်သွားကြသည်။
လုကျိုးက စာရေးသူ ချန်ထားခဲ့သည့်အရာက အရာအားလုံးကို သက်သေပြပေးလိမ့်မည်ဟူသော စကားများကို နားလည်သွားသည်။ အကယ်၍ စာရေးသူတွင် အဆုံးသတ်ဆယ်ပါး အစီအရင်ကို ရေးဆွဲနိုင်စွမ်း ရှိပါက သူသည် အင်မတန် ဉာဏ်များသောသူ ဖြစ်လိမ့်မည်။ စာရေးသူ၏ စာလုံးများက ဟာကွက်မရှိသောကြောင့် သူ့ဇာစ်မြစ်၏ သဲလွန်စကို မချန်ထားပေ။ စာရေးသူက လူသားများ၏ သိလိုစိတ်ကို ကြောက်ရွံ့ပြီး တစ်ခါတည်း အရှင်းလုပ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ဟန်ပေါ်၏။
“သူ ဘယ်ရောက်သွားတာလဲ” လုကျိုးက ထပ်မေးလိုက်သည်။
မယ်တော်ကြီးက သက်ပြင်းချကာ “မင်းဆရာက ဘာမှမပြောဘဲ ထွက်သွားတယ်။ သူက ဧကရာဇ်ကိုတောင် ဘာမှမပြောခဲ့ဘူး။ သူက လေထဲ ပျောက်ကွယ်သွားသလိုမျိုးပဲ။ ဧကရာဇ်က နေရာတိုင်းမှာ လိုက်ရှာခိုင်းခဲ့တယ်။ သူတို့က မဟူရာတောအုပ်အထိ သွားရှာခဲ့ကြတယ်။ သူတို့က တောအုပ်ကို ဖြတ်တုန်း ရှုံးနိမ့်သွားကြတယ် ”
ဖန်လီထန်းက မျက်မှောင်ကြုတ်ကာ “ကျုပ် မဟူရာတောအုပ်ကို ရောက်ဖူးတယ်။ အဲဒီမှာ ကျုပ်ရဲ့သေရည်ခရားကို တွေ့ခဲ့တာပဲ။ မဟူရာတောအုပ်ထဲမှာ ရတနာအများကြီး ရှိနေတာ … လူသားကျင့်ကြံသူတွေကြား ရတနာလုယက်တာက ခေတ်ထလာသေးတဲ့အချိန်လေ။ အဲဒီတုန်းက အသေအပျောက်များခဲ့ပြီးတော့ တခြားမျိုးနွယ်စု ကျင့်ကြံသူတွေလည်း ပါလာခဲ့သေးတယ်။ ဒါက တော်ဝင်မိသားစုရဲ့ လက်ချက်ကိုး ”
မယ်တော်ကြီးက နောင်တရနေဟန်ပေါ်သည်။
လီယွင်ကျောက်က ပြောလိုက်သည် “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမသခင်လေးက မဟူရာတောအုပ် အရှေ့ဘက်ကနေ မိုင်တစ်သောင်းကို မီးရှို့လိုက်တော့မှ ရတနာလုယက်တဲ့ ကိစ္စ ရပ်တန့်သွားခဲ့တာ ”
“…”
တခြားလူများက လုကျိုးကို ကြည့်လိုက်ကြသည်။
လုကျိုး၏ အမူအရာက တည်ငြိမ်နေလေ၏။ သူက ဘာမှမကြားသကဲ့သို့ ပြုမူနေသည်။
ဒါက ငါနဲ့ ဘာဆိုင်လို့လဲ …
သူက ကြမ်းပေါ်မှ ပိုးသေတ္တာအား ကြည့်လိုက်သည်။ သူက လက်ဝါးချင်း ပူးကပ်လိုက်ပြီးနောက် သေတ္တာအား ဆွဲယူလိုက်သည်။
သူ့အပြုအမူက အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။ သူတို့က စာပါဝင်အကြောင်းအရာများကို အာရုံမစိုက်ကြတော့ပေ။ ယခု သူတို့က သေတ္တာထဲတွင် ဘာရှိနေလဲ သိချင်နေကြသည်။
“ရှစ်စွင်း အဲဒါက ဘာလဲ ”
ပိုးသေတ္တာက လက်ရာမြောက်လှသည်။ စတုဂံပုံသဏ္ဌာန် ဖြစ်ပြီး အနီရောင်မျဉ်းများနှင့် ပုံစံများ ပါဝင်နေသည်။ ပိုးသေတ္တာတစ်ဖက်တွင် အနီရောင်ကြာပွင့် တစ်ပွင့်ကို ရေးထွင်းထား၏။ သေတ္တာအဖုံးက ဘေးတွန်းဖို့ရာ ဖြစ်၏။ သော့လည်း မပါသလို အစီအရင်လည်း မပါရှိပေ။
လုကျိုးက သေတ္တာကို ဖွင့်ကြည့်လိုက်သည်။
ကလစ်
သေတ္တာအတွင်း တိတ်ဆိတ်စွာ ရှိနေခဲ့သည့် ကြော့ရှင်းသော အနီရောင်ကြိုးတပ် ဗျပ်စောင်းတစ်ခု ရှိနေသည်။
“တင်း ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်း လက်နက်ကို ရရှိပါတယ်။ ကုသိုလ် မဆုံးဖြတ်နိုင်ပါဘူး။ အဆင့်လည်း အသက်မဝင်ပါဘူး ”
သူက စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ ဗျပ်စောင်းမှ ကြိုများကို ရေကြည့်လိုက်သည်။ အမှန်ပင် ကြိုးမျှင် ကိုးခု ရှိနေသည်။ သူက ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းအား ယူကာ လက်ဝါးပေါ် တင်လိုက်သည်။
ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းက လန်ထျန်းပုလွေလောက်သာ ရှည်လျားပြီး လက်ဝါးလောက် အရွယ်အစား ရှိ၏။
“ဗျပ်စောင်းလား”
တခြားလူများက အံ့ဩသွားကြသည်။
“ဗျပ်စောင်းပဲ”
“သာမန်နဲ့ မတူဘူးပဲ” ကျိုးကျစ်ဖုန်းက သေချာကြည့်လိုက်သည်။
“ မင်းက သိသာတာကို ထုတ်ပြောနေသလိုပဲ ”
ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းကို ထိကြည့်လိုက်သည့်အခါ လုကျိုးက အေးစက်စက် ခံစားချက်ကို ရလိုက်၏။
လုကျိုး၏ တပည့်များက ငြင်းခုန်နေကြသည်။
ဒီလိုဗျပ်စောင်းအသေးစားလေးကို ဘယ်လိုတီးခတ်ရမှာလဲ …
လူတစ်ယောက်၏ လက်ဝါးလောက်သာ အရွယ်အစား ရှိ၏။
တီးခတ်သူက သွားကြားထိုးတံနဲ့ သုံးရမှာလား …
မည်သို့ပင်ဖြစ်စေကာမူ အရေးမပါပေ။
ဆိုလိုရင်းမှာ တာ့ယန်ရဲ့ မင်းဆရာက ဗျပ်စောင်းကို ဘာလို့ချန်ထားခဲ့ရတာလဲ …။
…