ငွေညှစ်ခြင်း ( ဝါ ) ဘဏ္ဍာသိမ်းခြင်း
Vol. 9 Ch. 874
လီချင်းဟောက်က “ ရှောင်ချန်း “ ဟု ခေါ်လိုက်စဥ် သူ့လေသံထဲတွင် မသေချာမရေရာမှုများ ရောယှက်နေသည်။ ယခုအခိုက်အတန့်တွင် သူက အိပ်မက်နေသည်လား၊ မမက်ဘူးလားဆိုသည်ကို သူ ဒွိဟဖြစ်နေတော့သည်။ တာအိုမြစ်ဂိုဏ်းခွဲဆီ ဖမ်းခေါ်ခံလာရပြီးနောက် သူက ညှင်းပန်းနှိပ်စက် မခံခဲ့ရသော်လည်း စိတ်ဆင်းရဲနေခဲ့ရသည်။
သူ သေသေရှင်ရှင် ဂရုမစိုက်ပါသော်လည်း ဘရူဆာကို မျှားခေါ်ရာတွင် ထောင်ချောက်တစ်ခုအဖြစ် အသုံးချခံနေရသည့် အဖြစ်ကို သူ မုန်းတီးစက်ဆုပ်သည်။ နောက်ဆုံးတွင် သူ ရလဒ်ကို ပြောင်းလဲခြင်း မပြုနိုင်ခဲ့ပေ။ သူ့ကိုယ်သူ သတ်သေရန်ပင် သူ မစွမ်းဆောင်နိုင်ခဲ့ပေ။
သူက ဘရူဆာ အလစ်တိုက်ခိုက်ခံရသည်ကို ရပ်၍သာ ကြည့်နေနိုင်ခဲ့သည်။ ထိုသို့ဖြင့် သူ၏အပြစ်ရှိသောခံစားချက်ကြီးက သူ့ကို တစတစဝါးမျိုလာတော့သည်။
ကံကောင်းထောက်မစွာ ကုန်ဆုံးသွားခဲ့သည့် နှစ်ဝက်အတောအတွင်း တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးသည် ဘရူဆာအား ဖမ်းယူရာတွင် တစ်ခါမှ မအောင်မြင်ခဲ့ချေ။ သို့သော် ဘရူဆာ၏လည်ပင်းပေါ်တွင် ထိခိုက်သွားခဲ့သော ဓားဒဏ်ရာကြောင့် လီချင်းဟောက်က သူ့ကိုယ်သူ အဆက်မပြတ် အပြစ်တင်နေခဲ့သည်။ တချိန်တည်းမှာ သူ၏ တာအိုမြစ်ဂိုဏ်းခွဲအပေါ် အမုန်းတရားများကား ပို၍ပြင်းထန်လာတော့သည်။
သူက မြေအောက်အကျဥ်းတိုက်ထဲတွင် အိုမင်းရင့်ရော်လာသည့် တန်ဖိုးမရှိသော အကျဥ်းသားတစ်ယောက်သာသာ ရှိခဲ့ပါသော်လည်း သူ၏အမုန်းတရားများက သူ့ကို အားတင်းစေနိုင်ခဲ့သည်။ တာအိုမြစ်ဂိုဏ်းခွဲ ရပ်တည်နေသရွေ့ သူ့ကိုယ်သူ သေခွင့်ပြုနိုင်မည်မဟုတ်ပေ။
မြေအောက်အကျဥ်းတိုက်၏ ထူးဆန်းသော စွမ်းအားများက သူ၏ကျင့်ကြံခြင်းအခြေခံနှင့် သက်စောင့်အားများကို စုပ်ယူနေသည့်တိုင် သူ အံတင်းတင်းကြိတ်၍ တောင့်ခံခဲ့သည်။ သူက တဖြည်းဖြည်း အားနည်းလာခဲ့သည့်တိုင် ဆက်လက်တင်းခံနေနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာ သူသည် အပင်နှင့်အသီးအရွက်စွမ်းအားများအပေါ် အခြေခံသော အထူးနည်းလမ်းတစ်ရပ်ကို ကျင့်ကြံခဲ့၍ သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့သည်။ ထိုအရေးအကြီးဆုံးအချိန်ကာလတွင် သူက ဆက်လက်တောင့်ခံေနခဲ့ပြီး သူ၏ တာအိုမြစ်ဂိုဏ်းခွဲအပေါ် မုန်းတီးခြင်းများသည်လည်း ဆက်လက်တိုးပွားလာခဲ့သည်။ ထို့ပြင်....ပိုင်ရှောင်ချန်း။
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ထိုတောင်ကြီးထက်မှ ကောက်ယူခဲ့သည့် ကောင်လေးတစ်ယောက်အကြောင်း သူ မကြာခဏတွေးတောနေခဲ့သည်။ ပိုင်ရှောင်ချန်း ထွက်သွားသည်မှာ ကြာမြင့်နေပြီဖြစ်ပါသော်လည်း သူ ထပ်တွေ့ချင်သေးသည်။ ပိုင်ရှောင်ချန်းကို ကာကွယ်ချင်သည်။ သူသာ မစောင့်ကြပ်နိုင်တော့လျှင် ထိုကောင်လေးက ဘယ်တော့မှ မဖြေရှင်းနိုင်သည့် ကပ်ဘေးများ ပြုလုပ်မည်ကိုလည်း စိတ်ပူနေမိသည်။
ထိုသည်က သူ၏စိတ်ထဲရှိေသာ အပိုင်းအစတစ်ခုလေးဖြစ်ပြီး မည်မျှနာကျင်နေသည့်တိုင် သူ တောင့်ခံနိုင်သည်။
ယခု အပြင်ဘက်မှ နားကွဲလုမတတ်ပေါက်ကွဲသံများအား သူ ကြားသောအခါ မျက်လုံးများဖွင့်လိုက်သည်တွင် ပိုင်ရှောင်ချန်းအား သူ့ရှေ့တည့်တည့်တွင် မြင်လိုက်သည့်အတွက် ထင်ယောင်ထင်မှားဖြစ်နေသည်လား သိချင်သွားသည်။
ပိုင်ရှောင်ချန်းမှာမူ ရှောင်ချန်းဟု ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်သွားပြီး မျက်ရည်များ ဝဲတက်လာသည်။ လီချင်းဟောက်အသံကား အားနည်းသော်လည်း နွေးထွေးကြင်နာမှုများနှင့် ပြည့်နှက်နေရာ ပိုင်ရှောင်ချန်း၏နှလုံးသားအား လှိုက်ခနဲ ဖြစ်သွားစေတော့သည်။
" ဦးလေးလီ "
သူ့ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာသည်။ သူ့တွင် နတ်အဆင့်ကျင့်ကြံသူများကို ချေမှုန်းနိုင်သည့် အတိုက်အခိုက်စွမ်းရည်နှင့် အမြင့်ဆုံးသော ဂုဏ်ထူးအဆင့်အတန်းများ ရှိသော်လည်း လီချင်းဟောက်နှင့်အတူရှိချိန်တွင် သူသည် မိုးကြိုးကိုကြောက်လွန်း၍ အမွှေးတိုင်အား ဆယ့်သုံးကြိမ်တိုင်တိုင် ထွန်းခဲ့သော ဟူတောင်တန်းပေါ်က ပိုင်ရှောင်ချန်းဖြစ်လာသည်။
သူက ရှေ့လှမ်းလိုက်ပြီး လီချင်းဟောက်ကို ဆွဲဖက်လိုက်သည်။ သူက တအီအီငိုကြွေးလျက် သူ၏ဒဏ်ရာအချို့အား ကုသပေးကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို သူ့ခန္ဓာကိုယ်ထဲ ပို့လွှတ်လိုက်သည်။ တချိန်တည်းမှာပင် လီချင်းဟောက် မည်မျှအားနည်လာခဲ့ကြောင်း သတိထားမိလိုက်၍ မျက်ရည်များက ပို၍သည်းထန်စွာ စီးကျလာတော့သည်။
ယခုတွင် လီချင်းဟောက်၏ခေါင်း၌ ဆံပင်ဖြူများရှိနေပြီး သူ့မျက်နှာပေါ်တွင် ပါးရေနားရေများနှင့် သက်လတ်ပိုင်းအရွယ် ဖြစ်နေသည်။ သိသာစွာပင် နှစ်ဝက်အကျဥ်းချခံရခြင်းက ၄င်း၏တန်ရာတန်ကြေးကို ယူသွားခဲ့လေပြီ။
သူက ပိုင်ရှောင်ချန်းမှတ်မိသည့် မွေးရနံ့တောင်ထိပ်၏ မာနကြီးပြီး တင်းမာခက်ထန်သည့် ကျက်သရေရှိကာ သန့်ရှင်းစင်ကြယ်သော အမွေအနှစ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတူတော့ပေ။
လီချင်းဟောက်မှာ ဖက်ထားရာမှ ခွာလိုက်ပြီး ပိုင်ရှောင်ချန်းကိုကြည့်ကာ အတန်ငယ်ဇဝေဇဝါဖြစ်နေဆဲပင်။ သူ၏ အားနည်းမှုနှင့် ဒဏ်ရာဒဏ်ချက်များကို လျစ်လျူရှုရင်း လက်လှမ်းကာ ပိုင်ရှောင်ချန်းပါးကို နူးညံ့ညင်သာစွာ ပွတ်သပ်လိုက်သည်။
" တကယ်ပဲ မင်းလား။ ကလေး…မင်းကြီးပြင်းလာခဲ့ပြီပဲ။ ကဲ အခု ငိုမနေပါနဲ့တော့ "
ဤကလေးမှာ သူ ဟူတောင်မှ ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သော ကောင်လေးဖြစ်ကြောင်း အပြည့်အဝယုံကြည်လျက် ပိုင်ရှောင်ချန်း၏မျက်နှာပေါ်ရှိ မျက်ရည်စများကို သုတ်လိုက်သည်။
" ကျွန်တော်ပါ ဦးလေးလီ။ ကျွန်တော်ပြန်လာပါပြီ "
ပိုင်ရှောင်ချန်းက မျက်ရည်များ သုတ်လိုက်ပြီး လီချင်းဟောက်ကို ကူထူလိုက်သည်။
ပိုင်ရှောင်ချန်း၏အကူအညီကြောင့် လီချင်းဟောက်မှာ စွမ်းအားအနည်းငယ်ပြန်ရနေပြီ ဖြစ်သည်။ သူက ပြုံးလိုက်သည်။
" မင်း ပြန်လာရင် ရပါပြီကွာ "
သူ့အပြုံးထဲတွင် အသိအမှတ်ပြုခြင်း၊ပျော်ရွှင်ခြင်းနှင့် ကြင်နာခြင်းများ ပါဝင်နေသည်။ သူက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သူ့ရင်ထဲတွင် ခံစားချက်များစွာ လှိုင်းထန်နေသည့်တိုင် သူ့ကိုယ်သူ ထိန်းထားနိုင်ပြီး ပိုင်ရှောင်ချန်းကို ပြုံးပြလိုက်သည်။
သူ ပိုင်ရှောင်ချန်းအား ဤနှစ်များတစ်လျှောက် မည်သို့ဖြစ်ပျက်ခဲ့သည်နှင့် ပတ်သက်၍ မေးခွန်းတစ်စုံတရာမမေးမြန်းခင်မှာပင် သူတို့ကို ဝန်းရံထားသော အက်ကွဲကြောင်းကြီးဆီသို့ အကြည့်ရောက်သွားသည်။ ပိုင်ရှောင်ချန်း၏ အကူအညီဖြင့် သူတို့တက်လိုက်ကြချိန် ယခင်တာအိုမြစ်ဂိုဏ်းခွဲဖြစ်ခဲ့သော တောင်ထိပ်ခုနစ်လုံး၏ ကြေမွေနေသော အပျက်အစီးအပုံများနှင့် အဝေးသို့ ထွက်ပြေးနေကြဆဲဖြစ်သည့် ကြောက်ရွံထိတ်လန့်နေသော တာအိုမြစ်ဂိုဏ်းသားများအား သူ မြင်လိုက်ရလေသည်။
ထိုအချိန်တွင် လီချင်းဟောက်မှာ စိတ်လှုပ်ရှားမှုများအား မထိန်းချုပ်နိုင်တော့ဘဲ ဘေးပတ်ပတ်လည်ကို ကြည့်ရှုနေရင်း ပြောသည်။
" ခေါင်းဆောင်ကြီးတစ်ယောက်ယောက်များ အဆင့်တက်သွားတာလား။ သူဘယ်မှာလဲ "
သူ၏ပထမဆုံး ထင်မြင်ယူဆချက်မှာ နောက်ဆုံး၌ ခေါင်းဆောင်ကြီးတစ်ယောက်က နတ်အဆင့်ရောက်ရှိသွားပြီး သူ့ကို ကယ်တင်ရန် တာအိုမြစ်ဂိုဏ်းခွဲ၏မြေအောက်အကျဥ်းတိုက်သို့ လာခဲ့ခြင်း ဖြစ်သည်ဟူ၍။
သို့သော် သူ ချက်ချင်း တွန့်ဆုတ်သွား၏။ အဆင့်တက်ပြီးနောက်မှာပင် ခေါင်းဆောင်ကြီးတစ်ယောက်တည်းနှင့် တာအိုမြစ်ဂိုဏ်းခွဲအား ယခုလိုအခြေအနေအထိ ဖြစ်စေနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် သူက ခေါင်းဆောင်ကြီးနှစ်ဦး နတ်အဆင့်ကျင့်ကြံသူများအဖြစ် အဆင့်တက်သွားခဲ့သည်လား သိချင်လာတော့သည်။
သို့သော် ထိုသည်က သူ၏ မူလခန့်မှန်းချက်ထက်ပင် ဖြစ်နိုင်ချေနည်းသည်။
ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီးနောက် လည်ချောင်းရှင်းလိုက်သည်။
" အာ.... ဦးလေးလီ။ ခေါင်းဆောင်ကြီးတစ်ယောက်မှ အဆင့်မတက်ပါဘူး။ ဒီမှာ ကျွန်တော်တို့နှစ်ယောက်လွဲပြီး တခြားဘယ်သူမှမရှိဘူး "
ယခုတွင် သူသည် လီချင်းဟောက်ကို ကယ်ပြီးဖြစ်သည့်အတွက် ဖိအားများ ပျောက်ကွယ်သွားကာ သူ၏စရိုက်ကား ပုံမှန် ပြန်ဖြစ်သွားလေပြီ။ ထိုသို့ဖြင့် သူက သူ့ကိုယ်သူ ကျေနပ်နေသည့်လေသံမပေါက်အောင် ချုပ်တည်းထားရ၏။
လီချင်းဟောက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူက အပျက်စီးပုံများကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းကို ပြန်ကြည့်ကာ ရုတ်တရက် တဟားဟား ရယ်မောလိုက်သည်။ သူက ပိုင်ရှောင်ချန်း၏ပခုံးကို ပုတ်ရင်း ပြောသည်။
" ကောင်းတယ်၊ ကောင်းတယ်။ အကောင်းဆုံးပဲကွာ "
သူက အသေးစိတ်အကြောင်းအရာတစ်ခုမှ မမေးပေ။ မေးရန်လည်းမလို။ သူ့နှလုံးသားထဲတွင် ခံစားနေရသည့် စိတ်လှုပ်ရှားမှုမှာ သူလိုအပ်သမျှအကုန်ပင်။ ဟူတောင်မှ ဂိုဏ်းထံသို့ သူခေါ်လာခဲ့သော ကောင်လေးသည် အံသြတုန်လှုပ်ဖွယ်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့လေပြီ။
သူခံစားနေရသည့် တစ်ခုတည်းသော စိတ်ပျက်မှုမှာ အပျံသင်စငှက်ကလေးက အဆုံးမရှိသော ကောင်းကင်ကြီးဆီသို့ ပျံသန်းရန် အသိုက်ကို စွန့်ခွာသွားခဲ့သကဲ့သို့ ဖြစ်နေပြီး သူ့ကို စောင့်ရှောက်ရန် လူတစ်ယောက် လိုအပ်တော့မည်မဟုတ်ပေ။၄င်းမှာ ဝမ်းသာပီတိဖြစ်ခြင်းနှင့် စိတ်ပျက်ခြင်းများ အတူတကွ ရောပြွမ်းနေသော ခံစားချက်တစ်ခုဖြစ်သည်။
လီချင်းဟောက်၏ တုံ့ပြန်မှုက ပိုင်ရှောင်ချန်းအား ပို၍ စိတ်လှုပ်ရှားသွားစေသည်။ သူက သူ့ကိုယ်သူ အလွန်တရာ ကျေနပ်နေလျက် အင်္ကျီလက်စကို ခါကာ ပြောသည်။
" ဒါက ဘာမှမဟုတ်ပါဘူး ဦးလေးလီ။ မြေရိုင်းဒေသမှာတုန်းက ကျွန်တော်ဘယ်လောက် အံသြစရာကောင်းလဲ ဦးလေးမသိပါဘူး။ ကျွန်တော်.. "
သူဆက်မပြောနိုင်ခင်မှာပင် တရွှီရွှီမြည်သံတစ်သံက ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွား၏။ ယင်းကား ယခုမှ ရောက်ရှိလာသော ဘရူဆာကြောင့်ပင်။ သူ ရောက်သည်နှင့်တစ်ပြိုင်နက် တာအိုမြစ်ဂိုဏ်းခွဲ၏ အပျက်စီးပုံများနှင့် လီချင်းဟောက်ကို မြင်လိုက်ရသည်။
သူသည် ပိုင်ရှောင်ချန်းက တာအိုမြစ်ဂိုဏ်းခွဲတစ်ခုလုံးအား ဖျက်စီးနိုင်သည်ကို အံ့အားသင့်သွားပုံမရပေ။ သူက စိတ်လှုပ်ရှားစွာ ပုံမှန်အရွယ်အစားကို ပြန်ကျုံ့သွားပြီး လီချင်းဟောက်ထံ အပြေးသွားကာ သူ့ကို သူ့ခေါင်းဖြင့် ပွတ်သီးပွတ်သပ်လုပ်လိုက်သည်။
လီချင်းဟောက်၏နှလုံးသားမှာ နွေးထွေးမှု၊ နောင်တရမှုများ ဒွန်တွဲလျက် မွန်းကြပ်သွား၏။ သူက ဘရူဆာ၏ခေါင်းကို နူးညံ့ညင်သာစွာ ပွတ်သပ်ပေးရင်း အမာရွတ်များအား ကြည့်ကာ သက်ပြင်းချလိုက်သည်။
" ငါ မင်းအတွက် လက်စားပြန်ချေနိုင်ဖို့ အမြဲမျှော်လင့်နေခဲ့တာ ဘရူဆာရယ်။ ဒါပေမဲ့ အခု မလိုတော့ဘူးထင်တယ်။ မင်းအဖေက မင်းကို ကူညီပြီးပြီလေ"
လီချင်းဟောက် ခပ်တိုးတိုးရယ်ရင်း အပျက်အစီးပုံများကို ကြည့်ပြီးနောက် ဂုဏ်ယူခြင်းများဖြင့် စိတ်လှုပ်ရှားနေလျက် ပိုင်ရှောင်ချန်းကို ပြန်ကြည့်လိုက်သည်။
“ သွားရအောင် ရှောင်ချန်း။ တာအိုမြစ်ဂိုဏ်းခွဲက ဒီတစ်ကြိမ်တော့ တစ်နည်းနည်းနဲ့ လွတ်ကောင်းလွတ်သွားနိုင်ပေမယ့် သူတို့ ပြန်လည်တည်ထောင်ဖို့ အချိန်တော်တော်ကြာမှာ။ သူတို့လုပ်ရင်ပေါ့လေ "
" စိတ်အေးအေးထားပါ ဦးလေးလီ။ လုပ်စရာတွေအများကြီးရှိသေးတယ် "
ပိုင်ရှောင်ချန်းက သူတို့ပတ်လည်ရှိ မြင်ကွင်းအား အကဲခတ်ပြီးနောက် ဘရူဆာဘက် လှည့်လိုက်သည်။
" ဘရူဆာ။ ငါတို့နောက် လိုက်လာတဲ့ ဂိုဏ်းသားတစ်ဖွဲ့ရှိတယ်မလား။ ဘာလို့နောက်ကျနေတာလဲ။ မင်း ပြန်ပြီး သူတို့ကို ဒီကိုခေါ်လာပါလား "
ဘရူဆာမှာ သူ့ခေါင်းထဲတွင် မည်သို့ရှိနေသည်ကို မသေချာသော်လည်း ပိုင်ရှောင်ချန်း သူ့ကိုလုပ်ခိုင်းသမျှတို့အား မငြင်းဆန်ပေ။ သူက တဟုန်ထိုးထွက်သွားပြီးနောက် အချိန်အနည်းငယ်ကြာသော် သူ့နောက်လိုက်လာသည့် ကောင်းကင်လေသင်္ဘောတစ်ထောင်ဖြင့် ပြန်ရောက်လာ၏။ လေသင်္ဘောများအား ပဲ့ထိန်းနေသည့် ကျင့်ကြံသူများသည် တာအိုမြစ်ဂိုဏ်းခွဲ၏ စိတ်ပျက်ဖွယ်အခြေအနေကို မကြာမီမြင်လိုက်ကြရာ ပင့်သက်မရှိုက်မိဘဲ မနေတော့ပေ။ သူတို့က ပိုင်ရှောင်ချန်းအား လေးစားကြည်ညိုသော အကြည့်များ လှမ်းကြည့်လိုက်ကြရင်း လက်များယှက်လိုက်ကြသည်။
" ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး၊ ဂါဝရပြုပါတယ် အကြီးအကဲလီ "
သူတို့၏ စကားလုံးများက လီချင်းဟောက် သံသယဝင်ခဲ့သည့်အရာကို အတည်ပြုလိုက်သည်။ သူက နှစ်လိုဖွယ်ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းကာ လည်ချောင်းရှင်းလိုက်သော ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းက အတန်ငယ်ရှက်ရွံ့နေဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကဲ တော်သင့်ပြီ။ မြန်မြန် ဒီအပျက်အစီးတွေကို ရှင်းလိုက်။ တာအိုမြစ်ဂိုဏ်းခွဲက တော်တော်လေးဖျက်စီးခံလိုက်ရတဲ့အပြင် လူတိုင်း ထွက်ပြေးကုန်ကြပြီ။ ဒီကောင်တွေ သေချာပေါက် ရတနာတွေ ကျန်ရစ်ခဲ့မှာ။ ဒီနေရာကို ရှင်းပစ်ကြရအောင် "
ဤအချိန်တွင် သူသည် ယခင်က ငွေညှစ်ခဲ့သည်များကိုပြန်စဥ်းစားကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သို့သော် ထိုအရာအားလုံးက မျိုးနွယ်စုဘဏ္ဍာသိမ်းခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ပထမဆုံးအကြိမ် ဂိုဏ်းဘဏ္ဍာသိမ်းခြင်းကို ကြုံတွေ့ခြင်းဖြစ်ပေသည်။
သူ့စကားလုံးများကြောင့် ဝန်းရံနေကြသော ဂိုဏ်းသားတစ်ထောင်၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွား၏။ သူတို့က တခဏလေးပင် မရပ်နားဘဲ ကျောက်ပုံများအား စတင်ရှင်းလင်းလိုက်ကြပြီး တာအိုမြစ်ဂိုဏ်းခွဲရတနာများအား ရှာဖွေတော့သည်။
လီချင်းဟောက်၏ မျက်လုံးများသည် အနှီကလေး ရင့်ကျက်လာသည့်အပေါ် လေးလေးနက်နက် ချီးကျူးသည့်အရိပ်အယောင်များဖြင့် စူးရှတောက်ပလာသည်။ သူကိုယ်တိုင်ပင် အပြီးအပိုင်ရှုံးနိမ့်သွားသော ရန်သူဆီမှ ဘဏ္ဍာသိမ်းရန် မေ့လျော့နေသည်။
" သိပ်မှန်လိုက်တာ ရှောင်ချန်းရာ။ တာအိုမြစ်ဂိုဏ်းခွဲမှာ အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် အထောက်အပံ့ဖြစ်စေမယ့် သိုလှောင်ပစ္စည်းေတွ အများကြီးရှိတယ် "
သို့သော် လီချင်းဟောက်၏ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားချိန်တွင် ပိုင်ရှောင်ချန်း မျက်မှောင်ကြုတ်သွား၏။ သူက အဏ္ဏဝါခေါ်သံဂိုဏ်းသားများအား လှည့်ပတ်ကြည့်လိုက်ပြိး ပြောသည်။
“ မင်းတို့ကောင်တွေ နေရာတစ်နေရာကနေ ဘယ်လို ရတနာရှာရမလဲ မသိဘူးလား။ အီးယား… ကြည့် ဟိုမှာ တခြားနေရာတွေထက် ကျောက်တွေပိုများတယ်။ တစ်ချက်လေးကြည့်လိုက်တာနဲ့ အဲဒီမှာ ရတနာတွေ ရှိတယ်ဆိုတာ ပြောနိုင်တယ်။ အဲဒီ ကျောက်ပုံကို ဖယ်လိုက်ကြ "
" ဒါကို ကြည့်စမ်း။ ဟေ့ကောင်တွေ ဒီကိုလာကြ။ ဒီကျောက်တုံးက မှော်စွမ်းအားတွေ သိသိသာသာကို ထွက်နေတယ်။ သူ့အောက်မှာ တန်ဖိုးကြီးရတနာတွေ သေချာပေါက် မြုပ်ထားမှာပဲ "
" အီးယား၊ မင်းတို့ကိုကြည့်ဦး။ မင်းတို့ ဘာလုပ်နေတယ်ထင်လဲ။ ဒီကြမ်းခင်းကြွေပြားတွေ ကလော်ကြစမ်းပါ။ ဒါတွေက ဝိညာဥ်ကျောက်တုံးတွေနဲ့ သေချာလုပ်ထားတာကွ "
နေရာတစ်နေရာတွင် မည်သို့ရတနာရှာရမည်ကို တစ်ဦးတစ်ယောက်မှ မသိကြသည့်အတွက် ပိုင်ရှောင်ချန်းမှာ လွန်စွာ စိတ်ပျက်နေတော့သည်။