← Chapters

စကားကြီးသုံးခွန်း

Vol. 9 Ch. 875

စကားကြီးသုံးခွန်း

Vol. 9 Ch. 875

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားလာသည်ဖြစ်ရာ ရှေ့ဆုံးမှဦးဆောင်၍ အပြေးအလွှားသွားလိုက်သည်။ သူတို့လုပ်နေသည်နှင့်ပတ်သက်၍ မည်သူမျှ နားလည်မည်မဟုတ်ကြောင်း သူ စဥ်းစားတွေးတောမိကာ တာဝန်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းရင်း မာန်ပါပါ ပြောလိုက်သည်။

" မဟုတ်ဘူး။ ဒီမှာ မတူးနဲ့။ မြေကြီးကို ကြည့်လေကွာ။ ဘယ်ကောင်က ဒီမှာ ရတနာတွေထားမှာတုန်း။ မင်းဘေးက ဧရာမအိုးကြီးကို ကြည့်။ အခု အဲဒါ ရတနာပဲကွ “

" ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ကြဦး။ လာကွာ လာ၊ ဘယ်လိုလုပ်ရမလဲ ငါပြောပြမယ်။ လူသုံးရာက ဟိုနားက ကျောက်တုံးတွေသွားရှင်း။ ပြီးတော့ နောက်ထပ်လူသုံးရာက ဟိုဘုရားကျောင်းအပျက်အစီးတွေ သွားဖယ်ကြ “

" နောက်ထပ်သုံးရာအတွက်တော့ ပိုအရေးကြီးတဲ့ တာဝန်တစ်ခုရှိတယ်။ မင်းတို့ ဟိုနားက တားမြစ်နေရာဆီသွား။ မင်းတို့လက်နဲ့ရနိုင်သမျှ အကုန်ယူကွာ။ ဘာလို့ယူခိုင်းလဲ တွေးမနေနဲ့၊ မြင်သမျှအကုန်သာယူ “

" နောက်ဆုံး ၁၀၀။ မင်းတို့ကတော့ ငါနဲ့လိုက်ခဲ့။ ငါခိုင်းသမျှသာ ကောက်။ အို ဟေး. ဒါက တကယ်တော့ ဝိညာဥ်ကျောက်တုံးတွေကနေ လုပ်ထားတာမဟုတ်ဘူး။ ဒါက သာမန်ကြမ်းခင်းကြွေပြားတစ်ခုပဲကွ "

မြေရိုင်းဒေသတွင် မျိုးနွယ်စုများအားဘဏ္ဍာသိမ်းယူရင်း သူရရှိခဲ့သော အတွေ့အကြုံပေါင်းများစွာအား ထောက်ချင့်လျှင် ဂိုဏ်းသားတစ်ဖွဲ့လုံးအနေဖြင့် တာအိုမြစ်ဂိုဏ်းခွဲဆီမှ တစ်ခုမကျန် သိမ်းဆည်းရန် မကြန့်ကြာသင့်ပေ။

နောက်ဆုံး၌ သူက သက်ပြင်းရှည်ကြီးသာချလိုက်တော့သည်။

" လူတိုင်း နားထောင်ကြမယ်။ မင်းတို့ နေရာတစ်နေရာကို သိမ်းတဲ့အခါ အာရုံစိုက်ဖို့လိုတယ်နော်။ နားလည်လား။ ငါဆိုလိုတာက ဦးနှောက်နဲ့ နည်းနည်းလောက် စဥ်းစားဖို့ပြောတာ။ မင်းတို့သာ ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ဆိုရင် ဒီ ရတနာတွေအားလုံးကို ဘယ်မှာ သိမ်းထားမလဲ "

" ရှုပ်သွားပြီလား။ ကောင်းပြီ ငါအကျဥ်းချုပ်ပြောပြမယ်။ မင်းတို့ နေရာတစ်ရာကို သိမ်းတဲ့အခါ အဓိကစကားသုံးခွန်းကို မှတ်ထား။ “ မြန်ဆန်၊ ရက်စက်၊ တိကျ “ ။ ဒါက ငါ့ရဲ့ ပညာရှိ စကားသုံးခွန်းပဲ။ ငါ့အမွေအဖြစ် ဖန်တီးထားတာ “

" မြန်ဆန်၊ မင်းတို့ကောင်တွေ သွက်သွက်လက်လက်မြန်မြန်ဆန်ဆန်လုပ်ရမယ်။မင်းတို့ အရင်က ကျိုင်းကောင်တွေ မြင်ဖူးတယ်မလား။ နေရာတစ်နေရာကို ပစ္စည်းသိမ်းတဲ့အခါ မင်းတို့က ကျိုင်းကောင်းတွေလို ဖြစ်နေရမယ် “

" ` ရက်စက် ‘ ကဲ ဒါကတော့ ရှင်းပါတယ်။ မင်းတို့ မျက်လုံးတွေ ရဲရဲနီနေရမယ်။ မြင်သမျှအကုန် ဆွဲယူရမယ်။ အကုန်အလကားရတဲ့ ရတနာဆိုင်ထဲ ရောက်နေတယ်လို့သာ စိတ်ကူးလိုက်။ မင်းတို့ ရနိုင်သမျှ ယူနိုင်လေ မင်းတို့အတွက် အမြတ်ထွက်လေပဲ။ ငါတို့အတွက် ဆောင်ပုဒ်က ` ပြောင်တလင်းခါစေဖို့ ပျော်ပျော်ပါးပါး ငွေညှစ်စို့ ‘ “

" နောက်ဆုံးက တိကျ။ ငါပြောသလိုပဲ မင်းတို့ အာရုံစိုက်ဖို့လိုတယ်။ ပစ္စည်းသိမ်းဖို့ဆိုရင် ဘယ်လို အာရုံစိုက်ရမလဲ မသိသေးတဲ့ အတွေ့အကြုံမရှိသေးတဲ့သူတွေ၊ ကဲ မင်းတို့ကို လှည့်ကွက်တစ်ကွက်ပြောပြမယ်။ အဲဒါကတော့ မင်းတို့ကောင်တွေ တန်ဖိုးရှိရှိ၊ မရှိရှိ မသိရင်တောင် မြင်သမျှအကုန်ယူရမယ် ဆိုတာပဲ “

" ငါတို့ပြန်ရောက်တဲ့အခါ အကုန်လုံးကို သေချာတန်ဖိုးဖြတ်နိုင်တယ်။ အဲဒီလိုတန်ဖိုးဖြတ်ဖို့အတွက် အကုန်လုံး ရှိနေအောင် လုပ်ဖို့ပဲလိုတာ "

သူက ကျယ်လောင်စွာ အော်ဟစ်ကာ ထိုကဲ့သို့ အရေးပါသောလေ့ကျင့်ရေးပေးနေစဥ် သူ့မျက်လုံးများက အထက်အောက် စုန်ဆန်ကစားနေတော့သည်။ သူ့စကားလုံးများက တာအိုဂိုဏ်းခွဲ၏အပျက်အစီးပုံများထဲတွင် ပဲ့တင်ထပ်နေရာ ဂိုဏ်းသားများစွာကို မှင်သက်သွားစေပြီး စိတ်ထဲတွင် ပင့်သက်ရှိုက်မိသွားစေတော့သည်။

" ခေါင်းဆောင်ကြီးက ဘဏ္ဍာသိမ်းတဲ့နေရာမှာ ဘယ်လိုတောင် တော်လွန်းနေရတာတုံး "

" ဒါ ငါ ဘဏ္ဍာသိမ်းတာနဲ့ပတ်သက်ပြီး ပညာရှိစကားသုံးခွန်းကို ပထမဆုံး အကြိမ်ကြားဖူးတာပဲ "

" သူ.. သူက ဘဏ္ဍာသိမ်းတာနဲ့ပတ်သက်ပြီး တော်တော်လေးရင်းနှီးနေပါလား "

ရှိသမျှလူတိုင်း၏ မျက်နှာများအပေါ်တွင် ထူးဆန်းပြီး ကြောင်တောင်တောင်ဖြစ်နေသော အမူအရာများကိုပင် မြင်နိုင်လေသည်။ ဘဏ္ဍာသိမ်းခြင်းနှင့်ပတ်သက်၍ အကျဥ်းချုပ်ထားသည့် စကားသုံးခွန်းအား သူတို့ တစ်ခါမှ မကြားဖူးကြပေ။ ထိုမျှသာမက ထိုသို့သော ဉာဏ်ပညာမျိုးမှာ အတွေ့အကြုံများစွာရှိသည့် လူတစ်ယောက်ထံမှသာလာကြောင်း သိသာသည်။ ထိုသည်ကသာ ယခုလိုပညာရှိစကားသုံးခွန်းအား ဖြစ်ပေါ်စေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ပေသည်။

အမှန်တွင် ၄င်းက အတွေ့အကြုံရင့်ကျက်သောပညာရှင်တစ်ယောက်သာ လုပ်နိုင်သော အရာတစ်ခုဖြစ်သည်။

ဂိုဏ်းသားများသာ ထိုသို့ တုံ့ပြန်သူများ မဟုတ်ပေ။ လီချင်းဟောက်သည် ပိုင်ရှောင်ချန်းက ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် သွားသည့်နေရာတိုင်း လက်ညှိုးထိုး ညွှန်နေသည်အား စဥ်းစားရခက်သည့် မျက်ဝန်းများနှင့် စိုက်ကြည့်နေလေသည်။

ပိုင်ရှောင်ချန်း၏အချိန်ကိုက်ညွှန်ကြားမှု ကျေးဇူးကြောင့် ဂိုဏ်းသားများက တာအိုမြစ်ဂိုဏ်းခွဲ၏ ရတနာများအားလုံးကို အလျင်အမြန်တူးဖော်နေကြသည်။ ထိုသို့ဖြင့် အမှန်စင်စစ် ပညာရှိစကားသုံးခွန်းကား အစွမ်းထက်လှပေသည်။

လီချင်းဟောက်မှာ တွေဝေတွန့်ဆုတ်ကာ ခေါင်းကိုက်လာတော့သည်။ သူက နှာခေါင်းကိုပွတ်ရင်း ပိုင်ရှောင်ချန်းက မည်သည့်ကျင့်ကြံခြင်းအခြေခံအဆင့်ထိ ရောက်နေစေကာမူ သူ့နှင့်ပတ်သက်၍ တစ်ခုမဟုတ်တစ်ခု စိုးရိမ်နေရကြောင်း သဘောပေါက်လိုက်သဖြင့် ကူကယ်ရာမဲ့စွာ ကြည့်နေမိတော့သည်။

" ဒီကောင်လေး ပစ္စည်းတွေ ဘယ်လို သိမ်းပိုက်ရမလဲဆိုတာရဲ့ အကျဥ်းချုပ်ကို တွေးလည်းတွေးတတ်တယ်။ သူ့ဆီမှာ နဂိုထဲက ဒီလို အကျင့်ဆိုးရှိတယ်ထင်ပါရဲ့ကွာ "

လီချင်းဟောက်မှာ မည်သို့ပြောရမည်ကိုပင် မသိတော့ဘဲ သက်ပြင်းချလိုက်သည်။

သူ သတိမထားမိခဲ့သည့် တစ်ခုတည်းသောအရာမှာ ဘရူဆာက ဖြစ်ပျက်နေသည်တို့ကို အသေးစိတ် အာရုံစိုက်နေသည့်အကြောင်းပင်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခွေးနက်ကြီး၏ သင်ပြမှုများကြောင့် ဘရူဆာသည် သားရဲမများစွာအား ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် ပိုင်ရှောင်ချန်းဆီမှလည်း ဂုဏ်ယူဝင့်ကြွားသည့်နည်းလမ်းများကို သင်ယူခဲ့လေ၏။

ရုတ်တရတ် သူ့စိတ်ထဲတွင် ကမ္ဘာသစ်တစ်ခု ပွင့်လာသည့်အလား သူ၏ မျက်လုံးများတွင် လေးစားကြည်ညိုမှုများဖြင့် စူးရှတောက်ပလာတော့သည်။ သူ့အမြင်အရ သူ့အဖေက အလွန်အမင်း အံသြစရာကောင်းလွန်းသည်။ သူက ယခုကဲ့သို့ ပညာရပ်၌ ကျွမ်းကျင်လိမ့်မည်ဟု မည်သူကများ တွေးမိလိမ့်မည်နည်း။

ဘရူဆာက ထိုဘဏ္ဍာသိမ်းခြင်း အထူးပညာရပ်အား ပထမဆုံးအကြိမ် လေ့လာလိုက်ပြီးနောက် ချက်ချင်းပင် သူ့ဘဝ၌ တာဝန်အသစ်တစ်ရပ်ရှိကြောင်း သဘောပေါက်လာပြီး ဦးနှောက်ထဲစွဲမြဲစွာ မှတ်သားထားလိုက်သည်။

ဂိုဏ်းသားများအတွက် တာအိုမြစ်ဂိုဏ်းခွဲကို ရှင်းလင်းရန် နှစ်နာရီခန့်ကြာလိုက်သည်။ နောက်ဆုံးတွင်တော့ သူတို့၏ ပိုင်ရှောင်ချန်းအပေါ်သဘောထားများ ပြောင်းလဲသွားလေပြီ။ သူတို့က ပိုင်ရှောင်ချန်းကို လေးစားကြောက်ရွံနေသေးသော်လည်း သူတို့ မထိတွေ့ဝံသည့် အရာတစ်ခုလည်း ရှိနေသည်။

၎င်းမှာ ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ရယ်ရအခက်၊ ငိုရအခက်ဖြစ်အောင် လုပ်ခဲ့သော ဇာတ်လမ်းပေါင်းများစွာကို အများစုက ရုတ်တရက် ပြန်ပြောင်းမှတ်မိလိုက်သောကြောင့် ဖြစ်ပေသည်။

" ဒီတော့ ပိုင်ရှောင်ချန်းဆိုတာ ဒီလိုမျိုးလား "

"ခေါင်းဆောင်ကြီးပိုင်၊ အာ ဘာဖြစ်ဖြစ်ကွာ ငါသူ့ကို ပိုင်ရှောင်ချန်းလို့ပဲ ဆက်ခေါ်တော့မယ် "

ဂိုဏ်းသားများအားလုံး တူညီသောအရာများအား တီးတိုးပြောဆိုနေကြသော်လည်း ပိုင်ရှောင်ချန်း၏ ညွှန်ကြားမှုများနှင့် ပညာရှိစကားသုံးခွန်းအရ သူတို့မှာ ဉာဏ်အလင်းပွင့်သွားပြီး မြက်တစ်မျှင်ပင် မကျန်သည့်တိုင်အောင် တာအိုမြစ်ဂိုဏ်းခွဲအား ရှင်းလင်းပစ်လိုက်ကြသည်။

သူတို့က ကျောက်တုံးများ၊ ကျန်ရှိသော စံအိမ်အများစုကို ယူဆောင်လိုက်ကြသည်။ တာအိုမြစ်ဂိုဏ်းခွဲ၏ ဂိုဏ်းသားများ ပြန်လာခဲ့လျှင် ကြက်သေသေသွားကြမည်ဖြစ်သည့်အပြင် နေရာမှားလာသည်လားပင် ထင်သွားနိုင်လောက်သည်။ သူတို့၏ဂိုဏ်းအား သေချာပေါက် သူတို့ မှတ်မိနိုင်မည် မဟုတ်ပေ။

ဘရူဆာက အတော်လေး လိုက်ကူညီပေးသည်။ သူက အတတ်လွယ်သူဖြစ်သည်သာမက သူ့ကိုယ်အရွယ်အစားကိုလည်း အလိုရှိသလို ပြောင်းလဲနိုင်ရာ အက်ကြောင်းသေးသေးလေးများကို အလွယ်တကူဖြတ်၍ အထူးရတနာများကို ရှာဖွေနိုင်သည်။ ပိုင်ရှောင်ချန်းမှာ သူ့သားဘရူဆာက မည်မျှတော်ကြောင်း စဥ်းစားတွေးတောကာ သက်ပြင်းချလိုက်သည်။

" တော်တယ်။ မင်းရဲ့ ပါရမီအစစ်ကို ရှာတွေ့သွားပြီပဲကွ။ အခုကစပြီး ငါတို့ ဘဏ္ဍာသိမ်းတာက မင်းကျေးဇူးနဲ့ တခမ်းတနားကြီး တိုးတက်လာတော့မှာပဲ "

ပိုင်ရှောင်ချန်း၏ အမွှမ်းတင်စကားလုံးများက ဘရူဆာအား ဂုဏ်ယူခြင်းများဖြင့် တောက်ပသွားစေသည်။

သို့သော် ပိုင်ရှောင်ချန်းမှာ စောင့်ကြည့်နေရင်း အတန်ငယ် မကျေမနပ်ဖြစ်နေသည်။ သူ ကျိုးရီရှင်းကို တကယ်လွမ်းသည်။ ကျိုးရီရှင်းက ရတနာအားလုံးအား အလျင်အမြန်တူးဖော်နိုင်၏။

" ဒါအလုပ်ဖြစ်မှာ မဟုတ်ဘူး "

သူက တွေးသည်။ သူ၏အမူအရာမှာ ရုတ်တရက် လေးနက်သွား၏။

" ဟုတ်တာပေါ့။ ကြည့်ရတာ သူတို့ကို လေ့ကျင့်ရေးထပ်ပေးရမယ်။ ဂိုဏ်းထဲကလူတိုင်း ဘဏ္ဍာသိမ်းခြင်းအနုပညာကို နားလည်ဖို့လိုတယ် “

" ဒီလိုဆိုရင် အဏ္ဏဝါခေါ်သံဂိုဏ်းက ခါတိုင်းထက်ပိုပြီး ချမ်းသာလာတော့မှာပဲ။ ဂိုဏ်းသားတွေအားလုံး ကျင့်ကြံခြင်းရင်းမြစ်တွေ ကြွယ်ဝလာမယ်။ ဒါက ဂိုဏ်းမှာရှိတဲ့လူတိုင်းအတွက် သတင်းကောင်းပဲ "

ထိုသည်က သူ့ကို ပို၍ ဖိအားများလာစေမည်ဖြစ်သော်လည်း အနည်းဆုံးတော့ သူ့ကို တာဝန်အသစ်တစ်ရပ် ပေးလိုက်သည်။

လူတိုင်းသာမက လီချင်းဟောက်ပင်လျှင် ပိုင်ရှောင်ချန်း၏မျက်နှာပေါ်၌ နက်နက်နဲနဲတွေးခေါ်နေသော အမူအရာတစ်ခုရှိကြောင်း သတိထားမိလာတော့သည်။ ပိုင်ရှောင်ချန်း၏ခေါင်းထဲတွင် မည်သည့်အကြံများထွက်ပေါ်နေသည်ကို သဘောပေါက်လိုက်သဖြင့် လီချင်းဟောက်မှာ နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ နောက်ဆုံးတွင် လီချင်းဟောက် လည်ချောင်းရှင်းလိုက်၏။

" ကဲ ရှောင်ချန်းရေ။အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်ရအောင် "

ပိုင်ရှောင်ချန်းက သူ၏ယခင်အတွေးများကို ခဏဘေးဖယ်လိုက်ရင်း သဘောတူလိုက်သည်။ သူက အင်္ကျီလက်စကို ခါယမ်းရင်း ခမ်းနားကြီးကျယ်သည့်အသွင်ဖြင့် လေကိုခွင်းလျက် ဘရူဆာ၊ ဂိုဏ်းသား ၁၀၀၀နှင့် လီချင်းဟောက်တို့အား အဏ္ဏဝါခေါ်သံဂိုဏ်းဆီသို့ ဦးဆောင်ခေါ်သွားလေသည်။

အပြန်လမ်းတွင် လီချင်းဟောက်က ပိုင်ရှောင်ချန်းအား အဏ္ဏဝါခေါ်သံဂိုဏ်းရှိ တိုက်ပွဲအခြေအနေကို နောက်ဆုံးမေးမြန်းတော့သည်။ ပိုင်ရှောင်ချန်းက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ဇာတ်လမ်းအသေးစိတ်အား ပြောပြလေသည်။ ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူသုံးယောက်အား တိုက်ခိုက်ခဲ့ပြီး တစ်ယောက်ကို သတ်၊ နောက်တစ်ယောက်ကို အကြီးအကျယ်ဒဏ်ရာရသွားစေပြီး အခြားတစ်ယောက်အား ထွက်ပြေးသွားစေခဲ့သည့်အကြောင်း လီချင်းဟောက်ကြားသောအခါ စိတ်နှလုံးတုန်လှုပ်သွားတော့သည်။ သူက ကိစ္စများ ထိုကဲ့သို့ ဖြစ်သွားသည်ကို မှန်းဆထားခဲ့သော်လည်း အမှန်တရားအား ကိုယ်တိုင်ကိုယ်ကျကြားရသည်မှာ အံ့အားသင့်ဖွယ်ကောင်းနေဆဲပင်။

စကားစမြည်ပြောရင်း အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် အဏ္ဏဝါခေါ်သံဂိုဏ်းနှင့်နီးကပ်လာတော့သည်။

ထိုအချိန်တွင် တာအိုမြစ်ခေါင်းဆောင်ကြီးသည် နောက်ဆုံး၌ ယင်ယန်နတ်ဝိညာဥ်အသွင်ဖြင့် ကုပ်ချောင်းကုပ်ချောင်း ဝင်လာနိုင်သည်။ အမှန်တွင် သူက ဂိုဏ်းထဲတွင် ဖြစ်ပျက်နေသမျှကို ခပ်လှမ်းလှမ်းတစ်နေရာမှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက အမှန်တကယ် ထွက်ခွာသွားသည့်အချိန်ထိ သူက ပြောင်တလင်းခါနေသော ဂိုဏ်းထဲသို့ ပြန်မလာရဲခဲ့ချေ။ ထိုနေရာတွင် သူက သွေးလေချောက်ချားနေသည့်အလား ဘေးပတ်လည်အား လှည့်ပတ်ကြည့်နေမိတော့သည်။

" ဒါက တကယ်ပဲ တာအိုမြစ်ဂိုဏ်းခွဲလား "

သူက ဘေးဘီဝဲယာအား ကြောင်တောင်တောင် စိုက်ကြည့်နေပြီးနောက် တစ်ကိုယ်လုံးတုန်ရီသွားပြီး ခေါင်းနောက်လှန်ကာ အော်ဟစ်လိုက်တော့သည်။

" မင်းသိပ်တရားလွန်သွားပြီး ပိုင်ရှောင်ချန်း "

All Chapters