← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃) - ယွန်းနျန်း၊ ဟောင်ရန်ဓားစွမ်းအင်

​အခန်းထဲတွင် မီးဖိုတစ်ခုရှိနေပြီး ထင်းရှူးတုံးများ ပေါက်ကွဲသံနှင့်အတူ တောက်လောင်နေသဖြင့် လီယန်ချူမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။

​မီးဖိုပေါ်တွင် အသားဟင်းရည်အိုးကြီးတစ်လုံး တည်ထားပြီး အနံ့မွှေးကြိုင်နေသည်။

​လီယန်ချူသည် မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။

​"အရှိန်ဝါကြည့် အတတ်"

​"အယ် "

​သူသည် အံ့အားသင့်စွာဖြင့် အသံထွက်လိုက်မိသည်။

​ထိုအမျိုးသမီးမှာ အရှိန်ဝါကြည့်အတတ်ဖြင့် ကြည့်ရှုသည့်အခါတွင် မည်သည့်မိစ္ဆာစွမ်းအင် သို့မဟုတ် သရဲစွမ်းအင်မျှ မတွေ့ရပေ။

​သို့သော်လည်း

​အရှိန်ဝါကြည့်အတတ်မှာ တစ်ခါတစ်ရံတွင် အာနိသင်မရှိတတ်ပေ၊ ယခင်က လုံမင်ရွာတွင် တစ်ရွာလုံးရှိ ရွာသားများမှာလည်း အပေါ်ယံကြည့်လျှင် ပြဿနာမရှိပုံပေါက်နေခဲ့သည် မဟုတ်လား။

​ရဟန်းတော်ကြီး၏ ဓာတ်တော်များကို ကျင်ကွမ်းကျောင်းသို့ ပို့ဆောင်ပေးရမည့် ထိုအရေးကြီးသော အချိန်အခါသမယတွင် သူသည် သတိထားနေရမည်ဖြစ်သည်။

​ထို့ပြင် ဤသည်မှာ တောနက်ကြီးထဲတွင် ရုတ်တရက် ပေါ်လာသည့် လူနေအိမ်ဖြစ်နေသည်။

​၎င်းမှာ သာမန်လူတစ်ယောက်၏ အိမ်ဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။

​"တာအိုဆရာ၊ ကျမ အသားဟင်းရည်ချက်ထားလို့ တာအိုဆရာကို တစ်ပန်းကန်လောက် ခပ်ပေးမယ်ရှင့်၊ အအေးဒဏ်ကို သက်သာစေဖို့ပါ"

​အမျိုးသမီးမှာ ကိုင်းညွတ်ပြီး ပန်းကန်လုံးကို ယူလိုက်ရာ ထိုလှုပ်ရှားမှုမှာ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေပြီး အထူးသဖြင့် တစ်နေရာရာတွင် ပြည့်ဖြိုးခိုင်မာနေသဖြင့် လူကို ရေငတ်စေသည်။

​လီယန်ချူသည် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြုံးလိုက်သည်။

​"မမလေး၊ တစ်ယောက်တည်း နေတာဆိုရင် ဘာလို့ ဒီလောက် အသားဟင်းအိုးကြီး ချက်ထားရတာလဲ"

​အမျိုးသမီးမှာ ကျွမ်းကျင်စွာပင် မွှေးကြိုင်နေသော ဟင်းရည်ကို ပန်းကန်ထဲသို့ ခပ်ယူ၍ လီယန်ချူအား ပေးအပ်ပြီး အနည်းငယ် ပြုံးလိုက်သည်။

​"တောထဲမှာနေတဲ့သူတွေဆိုတော့ အဲလောက်ကြီး ဂရုစိုက်မနေပါဘူး၊ ကျမ ပိုချက်ထားလိုက်တာပါ၊ အလုပ်မရှုပ်အောင်လို့ပါ၊ တာအိုဆရာ သုံးဆောင်ပါ"

​အမျိုးသမီးမှာ လီယန်ချူကို ဟင်းရည်ပေးစဉ်က မတော်တဆပင် သူမ၏ ပါးလွှာသော အဝတ်အစား လည်ပင်းကို ဟသွားစေပြီး ဖြူဖွေးသော အသားအရေကို မြင်နေရသည်။

​ယခုအချိန်တွင် သူမ၏ ပါးပြင်မှာ နီမြန်းနေပြီး ဆွဲဆောင်မှုရှိသော ရှက်ရွံ့မှုမျိုး ဖြစ်နေသည်။

​လီယန်ချူသည် ဟင်းရည်ကို လက်ခံယူပြီး ကျေးဇူးတင်ကြောင်း ပြောကာ ဘေးတွင် ချထားလိုက်သည်။

"ကျေးဇူးတင်ပါတယ် မမလေး၊ ဒါပေမဲ့ ကျနော်က ရဟန်းတစ်ပါး ဖြစ်တဲ့အတွက် အသားငါး မစားပါဘူး"

​ထိုအမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာပြောသည်

"ဒါဆိုရင် ကျမ တာအိုဆရာ အတွက် မုန့်ခြောက် တွေကို ပေးပါ့မယ်၊ တောထဲမှာဆိုတော့ ရိုးရှင်းတာပဲ၊ မငြင်းပါနဲ့နော်"

​"ကျနော်မှာ ကိုယ်တိုင်ယူလာတဲ့ အစားအစာတွေ ရှိပါတယ်၊ မမလေး အလုပ်ရှုပ်မခံပါနဲ့..."

လီယန်ချူက ပြောသည်။

​သူ၏ အသံမှာ တည်ငြိမ်နေပြီး ထိုအမျိုးသမီး၏ အစားအစာကို စားရန် စိတ်မဝင်စားပေ။

​"ကျမက ယွန်းနျန်း ပါ၊ တာအိုဆရာ နာမည်ကို မသိရသေးဘူး "

​"လီယန်ချူပါ"

​လီယန်ချူသည် ယွန်းနျန်းဟု ခေါ်သည့် လှပသော အမျိုးသမီးကို စေ့စေ့ကြည့်ကာ ပြုံး၍ ပြောလိုက်သည်

​"ကျနော် က တစ်ညတာလောက် ခေတ္တနားခိုဖို့သာ လာတာပါ၊ မမလေး စိတ်မပူပါနဲ့"

​ယွန်းနျန်း၏ မျက်လုံးများတွင် နားမလည်နိုင်မှုများ ရှိနေပြီး မျက်နှာမှာ အံ့အားသင့်နေသည်။

​နီမြန်းသေးငယ်သော ပါးစပ်မှာ အနည်းငယ် ပွင့်သွားသည်။

​"တာအိုဆရာ ဘာကိုဆိုလိုတာလဲ"

​လီယန်ချူသည် မျက်ခုံးကို ပင့်လိုက်သည်။

ဒီလောက်ထိ မသိနားမလည်တဲ့ ပြင်ပက မိစ္ဆာလား

​သာမန်ဆိုရင်တော့ သူ့ကို တမင် ဆွဲဆောင်နေတယ်ဆိုရင် ဓားနဲ့ အပိုင်းပိုင်း ခုတ်လိုက်မိမှာပဲ။

​မူလက သူမတွင် သွေးစွန်းသော အငြိုးအတေးများ မရှိသေးသဖြင့် သူသည် ယခုအချိန်တွင် ထည့်တွက်မနေလိုပေ။

​သို့သော် ထိုယွန်းနျန်းမှာ လုံးဝ နားမလည်ကြောင်း မြင်ရသည့်အခါ။

​သူသည် ခဏမျှ တွေးတောပြီးနောက် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

​"ဘာမှ အထွေထူး မရှိပါဘူး၊ မမလေး တစ်ယောက်တည်း နေရတာ အထီးကျန်နေမှာပေါ့၊ ကျနော်ကို မမလေးကို ကောင်းကောင်း ပြုစုခွင့်ပြုပါလား"

​သူသည် ယွန်းနျန်းကို ပွေ့ဖက်လိုက်ပြီး လက်ကြီးဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်တိုင်းကျ စမ်းသပ်ပွတ်သပ်လိုက်သည်။

​ယွန်းနျန်းသည် သူ၏ ရင်ခွင်ထဲတွင် ရုန်းကန်နေပြီး မျက်နှာမှာ နီရဲနေသည်။

​"တာအိုဆရာ၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာ ထိန်းပါ"

​သူမသည် ရုန်းကန်ထလိုက်ပြီး လီယန်ချူကို ဒေါသတကြီး ကြည့်လိုက်ကာ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။

​လီယန်ချူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

​ယွန်းနျန်း၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲနေပြီး ခြေဆောင့်ကာ အခန်းတွင်းသို့ ပြေးဝင်ပြီး တံခါးကို အတွင်းမှ ပိတ်လိုက်သည်။

​ဒါတောင် မနှပ်သေးဘူးလား

​လီယန်ချူသည် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ မျက်ဝန်းမှာ ကြည်လင်နေပြီး တစ်စုံတစ်ရာကို မူးဝေနေသည့် အရိပ်အယောင်မျှ မရှိပေ။

​တကယ်ပဲ သာမန်အမျိုးသမီး ဖြစ်နေတာလား

​သူ မစဉ်းစားရသေးခင်မှာပင် အိမ်တံခါးမှာ ပွင့်သွားပြီး လူတစ်စု ဝင်ရောက်လာသည်။

​ဦးဆောင်သူမှာ နှုတ်ခမ်းနီ၊ သွားဖြူသည့် ချောမောသော လူငယ်တစ်ဦးဖြစ်ပြီး ဓားကို ခါးတွင် ချိတ်ဆွဲထားကာ အဝတ်အစားအောက်တွင် သံချပ်ကာဝတ်ထားသည်ကို အရိပ်အယောင်အားဖြင့် မြင်နိုင်သည်။

​သူ့ဘေးတွင် ရှိသော လူကြီးများမှာ ကျားကဲ့သို့ သန်မာပြီး ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်နေကာ သူရဲကောင်းများကဲ့သို့ ဝတ်ဆင်ထားသည်။

​"တာအိုဆရာ"

​လူငယ်မှာ မျက်မှောင်ကြုတ်လိုက်သည်။

​ဘေးမှ သန်မာသော လူကြီးများမှာ ချက်ချင်းပင် ရက်စက်သော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး တစ်ယောက်မှာ လူငယ်ကိုပင် မစောင့်ဆိုင်းတော့ဘဲ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။

​ချွင်

​သူသည် ထက်မြက်သော ဓားကို ဆွဲထုတ်ကာ လီယန်ချူ၏ လည်ပင်းကို ရည်ရွယ်ပြီး ရက်စက်စွာ ခုတ်ချလိုက်သည်။

​လီယန်ချူသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဘယ်ဘက်သို့ တစ်ပေခန့် ရွှေ့လိုက်ပြီး ထိုဓားချက်ကို ရှောင်ရှားလိုက်သည်။

​ချွင် ချွင် ချွင်

​နောက်ထပ် အားကောင်းသော ဓားသမားများစွာကလည်း ဓားများကို ဆွဲထုတ်ကာ ခုတ်ပြန်သည်။

​သူတို့သည် ပူးပေါင်းတိုက်ခိုက်နည်းတစ်ခုခုကို သင်ယူထားပုံရပြီး အလွန် စနစ်တကျ ရှိသည်။

​လီယန်ချူကို အလယ်တွင် ဝိုင်းထားပြီး ဓားရောင်မှာ အေးစက်ကာ တစ်ချက်ချင်းစီတွင် အသက်ကို ရည်ရွယ်နေသည်။

​လီယန်ချူမှာ အနည်းငယ် နားမလည် ဖြစ်သွားသည်။

ထိုသူတို့၏ ပုံစံမှာ စစ်တိုက်ရာတွင် အတွေ့အကြုံရှိသော စစ်သားဟောင်းများနှင့် တူသော်လည်း ဤလူငယ်မှာ မည်သူနည်း

​ဘာကြောင့် တာအိုဆရာ ဆိုသည့် စကားကို ကြားသည်နှင့် လူသတ်ချင်နေကြတာလဲ

​လီယန်ချူသည် သတ်ဖြတ်ခြင်း မပြုလုပ်သေးဘဲ သူတို့မှာ သေသင့်သည့် အကြောင်းပြချက် မရှိဟု ယူဆသည်။

​ဓားနည်းလမ်းအရ ပြောရလျှင် ဤသန်မာသော လူကြီးများမှာ အမှန်တကယ် ရက်စက်မြန်ဆန်သည်။

​သို့သော်

​သူတို့ ကြုံတွေ့နေရသူမှာ သာမန် တာအိုဆရာ မဟုတ်ဘဲ ကိုယ်ခံပညာ အဆင့်မြင့် ပညာရှင် လီယန်ချူ ဖြစ်နေသည်။

​"ထျန်းကန်းလက်ဝါး"

​"အကြီးစား ချုပ်ကိုင်နည်း"

​သူသည် လက်ချောင်းများကို အနည်းငယ် ကွေးလိုက်ပြီး အလွန် ကျွမ်းကျင်သော ပညာရပ်ဖြင့် ထိုလူကြီးများ၏ ဓားများကို တစ်ချက်ချင်းစီ သိမ်းလိုက်သည်။

​လက်ထဲတွင် ဓားတစ်ချောင်း ပွေ့ဖက်ထားသည်။

​ထိုလူကြီးများမှာ အံ့အားသင့်သွားပြီးနောက် လက်သီးများဖြင့် ဆက်တိုက် ထိုးနှက်လာကြသည်။

​စွမ်းအားမှာ ကြီးမားပြီး ရိုးရှင်း တိုက်ရိုက်ဆန်သည်

​စစ်တပ်အတွင်းမှ ကိုယ်ခံပညာနှင့် ဆင်တူသည်။

​လီယန်ချူ၏ မျက်ဝန်းမှာ အေးစက်သွားသည်။

​"ထျန်းကန်းလက်ဝါး"

​"အကြောခွဲ အရိုးဆက်နည်း"

​ခရက် ခရက်

​ထိုသန်မာသော လူကြီးများ၏ လက်မောင်းများကို သူသည် အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်ရာ သူတို့မှာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

​"မိစ္ဆာတာအိုဆရာ မင်းက အကြောခွဲ အရိုးဆက်နည်းကိုပါ တတ်ထားတာလား "

​လူငယ်မှာ အေးစက်စွာ အော်ဟစ်လိုက်သည်!

​ချွင်

​ကြည်လင်သော နဂါးဟိန်းသံ ထွက်ပေါ်လာသည်။

​ဓားရောင်ခြည်တစ်ခုမှာ လျှပ်စီးကဲ့သို့ လီယန်ချူဆီသို့ တည့်တည့် တိုးဝင်လာသည်

​လီယန်ချူမှာ အံ့အားသင့်စွာဖြင့်

"အယ်" ဟု အသံပြုလိုက်ပြီး ကိုယ်ကို ပေါ့ပါးစွာ ဘေးသို့ ရှောင်လိုက်သည်။

​လူငယ်မှာ လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဓားဖျားတွင် တစ်ပေခန့်ရှိသော အစိမ်းရောင် အလင်းတန်းမှာ တောက်ပနေသည်။

​ထက်မြက်သော ဓားစွမ်းအင်မှာ လီယန်ချူ၏ နဖူးကြားကို ချိန်ရွယ်ထားသည်။

​သူသည် ကိုယ်ကို လှည့်လိုက်ပြီး လက်ကို လက်သည်းကဲ့သို့ ပြောင်းကာ လူငယ်၏ လက်ကောက်ဝတ်ကို လျှပ်စီးကဲ့သို့ ဖမ်းဆုပ်လိုက်သည်။

​ရှီး

​လူငယ်၏ ဓားထဲမှ ရုတ်တရက် ဟောင်ရန်ဓားစွမ်းအင် တစ်ခု ပေါ်ထွက်လာပြီး အလွန် လျှို့ဝှက်နက်နဲလှသည်။

​လူမမြင်နိုင်သော အမြန်နှုန်းဖြင့် လီယန်ချူ၏ ရင်ဘတ်ကို တည့်တည့် ထိုးဖောက်သွားသည်။

ထိုလူငယ်၏ ဓားပညာမှာ ဤမျှ ထက်မြက်လိမ့်မည်ဟု လီယန်ချူ မထင်မှတ်ထားခဲ့သဖြင့် ချက်ချင်းပင် ဟွန့်ယွမ်ကျင့်စဉ် ကို အသုံးပြုလိုက်သည်။

​ ကိုယ်ခန္ဓာကာကွယ်ခြင်း

​ဒေါင်

​မီးပွားများ လွင့်စင်သွားသည်

​လူငယ်မှာ အေးစက်သွားပြီး ဒေါသတကြီး အော်ဟစ်သည်

"မိစ္ဆာတာအိုဆရာ သေစမ်း "

​ဓားပေါ်ရှိ ဟောင်ရန်ဓားစွမ်းအင်မှာ တောက်ပလာပြီး အခန်းတစ်ခုလုံးကို လင်းလက်သွားစေကာ မိစ္ဆာစွမ်းအင်များ ပျောက်ကွယ်သွားသည်။

​ဓားဖျားမှာ လီယန်ချူ၏ အကာကွယ်ကို ဖောက်ထွက်သွားပြီး ရင်ဘတ်အထိ နှစ်လက်မသာ လိုတော့သည့် အနေအထားသို့ ရောက်ရှိသွားသည်။

​လီယန်ချူမှာ အံ့အားသင့်သွားသည်။

​ခြေဖျားဖြင့် ထောက်ကာ ကိုယ်ကို ပေါ့ပါးစွာ နောက်သို့ ဆုတ်လိုက်သည်။

​ထိုအိမ်ထဲတွင် လှုပ်ရှားနေစဉ်မှာပင် ပေါ့ပါးသော တာအိုစိတ်ဓာတ်မျိုး ဖြစ်နေသည်။

​ဤလူငယ်က သူ့ကို မိစ္ဆာတာအိုဆရာ ဟု ခေါ်ဆိုသော်လည်း သူ၏ ဓားပညာမှာ သန့်စင်နေသဖြင့် လီယန်ချူသည် သတ်ဖြတ်ခြင်းကို မပြုလုပ်လိုပေ။

​"ရပ်"

​သူသည် လက်ချောင်းဖြင့် လူငယ်ကို အနည်းငယ် ထောက်လိုက်သည်။

​"တာအိုပညာ"

​"ချုပ်နှောင်ခြင်း"

​လူငယ်၏ လက်ထဲမှ ဓားမှာ လေထဲတွင် ချက်ချင်း ရပ်တန့်သွားပြီး မည်မျှပင် အားစိုက်ထုတ်ပါစေ တစ်လက်မမျှပင် ရှေ့သို့ မတိုးနိုင်တော့ပေ

​လီယန်ချူမှာ စုံစမ်းရန် ပြင်ဆင်နေချိန်တွင် ထိုလူငယ်၏ ဓားမှာ ထပ်မံ၍ တောက်ပလာသည်။

​သူ၏ ချုပ်နှောင်ခြင်း ပညာကို ဖျက်ဆီးပစ်လိုက်သည်။

​"ဟင်"

​လီယန်ချူမှာ အံ့အားသင့်သွားသည်။

​"မိစ္ဆာတာအိုဆရာ သတ္တိရှိလှချည်လား "

​လူငယ်မှာ မျက်လုံးပြူးပြီး ဓားမှာ လျှပ်စီးကဲ့သို့ တုန်ခါနေသည်။

​အခန်း (၂၇၄) - ထျန်းပေါင်ဘဏ်၊ အမျိုးသမီးမှ အမျိုးသားအသွင် ဖန်တီးခြင်း

​လီယန်ချူသည် အလွန်မြန်ဆန်သော ကိုယ်ခံပညာကို အသုံးပြုကာ အသက်လုဆဲဆဲ အချိန်တွင် ထက်မြက်သော ဓားဖျားကို ရှောင်ရှားလိုက်သည်။

​စိတ်ထဲတွင်လည်း ဒေါသအနည်းငယ် ထွက်လာသည်။

​ဗြုန်း

​လူငယ်၏ ဓားစွမ်းအင်မှာ အိမ်တံခါးကို တိုက်ရိုက် ရိုက်ချိုးလိုက်သည်။

​အံ့အားသင့်နေသော လှပသည့် မျက်နှာတစ်ခုကို ထင်ရှားပေါ်လွင်စေသည်။

​ယွန်းနျန်း၏ သေးငယ်ပြီး နီမြန်းနေသော ပါးစပ်မှာ အနည်းငယ် ပွင့်ဟနေပြီး၊ အထဲသို့ အတင်းအကျပ် ဝင်ရောက်လာသော ဤလူစုကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်နေကာ ငိုချင်သလို ဖြစ်နေသည်။

​သူမ၏ ဆွဲဆောင်မှုရှိသော အလှနှင့် ရပ်တည်ချက်မှာ ထိုလယ်တောအိမ်လေးထဲတွင်ပင် အလင်းရောင်များ တောက်ပလာစေသကဲ့သို့ ခံစားရစေသည်။

​လူငယ်၏ ဓားမှာ နဂါးဟိန်းသံကဲ့သို့ အသံများ ထွက်ပေါ်နေပြီး တုန်ခါနေသည်။

​"မင်းမှာ စိတ်ရောဂါ ရှိနေတာလား၊ တွေ့တွေ့ချင်းပဲ တိုက်ခိုက်နေတာပဲ မေနူးးးး"

​လီယန်ချူက ဆဲဆိုလိုက်သည်။

​သူသည် ဓားကိုင်ထားသော ထိုလူငယ်ကို အင်အားသုံး၍ ဖမ်းဆီးရန် ကြံရွယ်လိုက်သည်။

မဟုတ်ပါက ဆက်လက်တိုက်ခိုက်နေလျှင် ဤအိမ်လေးမှာလည်း သူ၏ ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်း ဖြစ်သွားလိမ့်မည်။

​မည်သူထင်မည်နည်း။

​ထိုလူငယ်သည် စကားကြားလိုက်သောအခါ ရုတ်တရက် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။

​သူ၏ ထက်မြက်သော အကြည့်များမှာ ဓားကဲ့သို့ လီယန်ချူ၏ မျက်နှာပေါ်တွင် စိုက်ဝင်နေသည်။

​ထင်ရှားသော နားထင် ကျားကဲ့သို့ သန်မာသော လူကြီးများမှာ လူငယ်သည် တဖန် ချုပ်နှောင်ခြင်း မှော်ပညာကို မိသွားပြီဟု ယူဆလိုက်ကြသည်။

​သူတို့သည် အတူတူ ခုန်ဝင်လာကြပြီး လက်သီးနှင့် လက်ဝါးကြားမှ လေပြင်းများ တိုက်ခတ်လာကာ သူတို့အားလုံးမှာ သွေးချီများ အားကောင်းလှသည့် ပညာရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။

​"ရပ် "

​လူငယ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

​သန်မာသော ဓားသမားများမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။

ဤသို့ အမိန့်နာခံသော ပုံစံမှာ တောထဲမှ လူဆိုးများနှင့် မတူဘဲ စစ်တပ်မှ စစ်သားကောင်းများနှင့် ပို၍ တူနေသည်။

​အလွန် ချောမောလှပသော လူငယ်က

"သူ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

​ထို့နောက် လီယန်ချူကို ကြည့်၍ ပြုံးလိုက်သည်။

​"ဒီ တာအိုဆရာ၊ ခုနာက ကျုပ် လူမှားသွားလို့ပါ စိတ်မဆိုးပါနဲ့ခင်ဗျာ "

​လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်

"လူမှားလိုက်တာနဲ့ ကိစ္စပြီးပြီလား ငါ့မှာသာ အရည်အချင်း မရှိရင် ခုနာကတင် သေသွားပြီ "

​လူငယ်မှာ အဆူခံလိုက်ရသော်လည်း စိတ်မဆိုးဘဲ တောင်းပန်သော လေသံဖြင့် ပြုံး၍ ပြောသည်

"တကယ် တောင်းပန်ပါတယ်၊ ကျုပ်လမ်းမှာ မိစ္ဆာတာအိုဆရာတစ်ယောက်ရဲ့ နှောက်ယှက်မှုကို ခံနေရလို့ တာအိုဆရာကို သူလို့ ထင်သွားမိတာပါ "

​လီယန်ချူက အေးစက်စွာ ပြုံး၍ ဘာမျှ ပြန်မပြောပေ။

​လူငယ်မှာ သူ၏ ကိုယ်ပေါ်မှ ငွေစက္ကူ အထပ်လိုက်ကို ထုတ်ယူကာ လေးစားစွာ ပေးအပ်လိုက်သည်။

​"တာအိုဆရာ စိတ်မဆိုးပါနဲ့၊ ဒီငွေလေးက လျော်ကြေးအနေနဲ့ လက်ခံပေးပါ "

​လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး မျက်လုံးထဲတွင် မနှစ်မြို့သော အရိပ်အယောင်များ ရှိနေသည်။

​ပိုက်ဆံနဲ့ ပေါက်လိုက်တာလား

​သူသည် ငွေစက္ကူကို လက်ခံယူလိုက်ပြီး ပေါ့ပေါ့ဆဆ တစ်ချက်ကြည့်လိုက်ရာ မျက်ခုံးများ မြောက်တက်သွားသည်။

​ငွေသုံးထောင်

​ထို ထျန်းပေါင် ဘဏ်၏ ငွေစက္ကူအထပ်မှာ ငွေသုံးထောင်တိတိ ဖြစ်သည်။

​"ဒီ လူချောလေးက အရမ်း ရက်ရောတာပဲ၊ အားလုံးက အထင်အမြင်လွဲမှားမှုပဲ ဖြစ်လို့ စိတ်ထဲ မထားပါဘူး "

​လီယန်ချူသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်။

​ပြောသာ ပြောလိုက်သည်၊ သို့သော် ငွေစက္ကူများကိုမူ အိတ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။

​ခုနက ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ ပေါ့ပေါ့ပါးပါးဖြင့် ပြီးဆုံးသွားသကဲ့သို့ပင်။

​ဓားချင်း ထိုးခုတ်နေသော အခြေအနေမှ ရုတ်တရက်ပင် ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းများအဖြစ် ပြောင်းလဲသွားသည်။

​ယွန်းနျန်းသည် ခန္ဓာကိုယ် တုန်ရီနေပြီး သူမ၏ ပါးလွှာသော အဝတ်အစားကို တင်းကျပ်စွာ ဖုံးအုပ်ထားသည်။

​လီယန်ချူသည် သူမကို တစ်ချက်ကြည့်ကာ လမ်းလျှောက်သွားသည်။

​"ရှင်၊ ရှင် မလာနဲ့ "

​ယွန်းနျန်းက တုန်ရီသော အသံဖြင့် ပြောသည်။

​လှပသော မျက်နှာပေါ်တွင် သွေးရောင်မရှိတော့ဘဲ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေပြီး တင်းကျပ်သော အဝတ်အစားအောက်မှ လှပသော ကိုယ်ဟန်ကို ပေါ်လွင်စေသည်။

​ထိုမြင်ကွင်းကြောင့် တည်ငြိမ်သော ဓားသမားများပင်လျှင် ကြည့်မိသွားကြသည်။

​ထိုချောမောသော လူငယ်မှာမူ တည်ငြိမ်နေပြီး အစပိုင်း အံ့အားသင့်သွားခြင်းမှလွဲ၍ အခြား စိတ်ခံစားမှု မရှိပေ။

​သူသည် လီယန်ချူကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်။

​သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ စဉ်းစားစရာ ဖြစ်နေသည်။

​လီယန်ချူသည် ယွန်းနျန်းကို နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်

"မမလေး မကြောက်ပါနဲ့၊ ခုနကတော့ ကျုပ်က တောင်ထဲက မိစ္ဆာတစ်ကောင်လို့ ထင်ပြီး စမ်းသပ်တာပါ "

​ချောမောသော လူငယ်သည်လည်း ယွန်းနျန်းအတွက် လျော်ကြေးပေးလိုက်သည်။

​ထို့ကြောင့် ပြင်ပတွင် နှင်းမုန်တိုင်းများ တိုက်ခတ်နေသော်လည်း အိမ်အတွင်းတွင်မူ နွေးထွေးစွာဖြင့် ပြန်လည် စကားပြောနေကြသည်။

​လီယန်ချူသည် အသေးစိတ်ကို ဆက်လက် မစုံစမ်းတော့ဘဲ ကိုယ်ပိုင် အစားအစာများကိုသာ စားလိုက်ပြီး အိုးထဲမှ ဟင်းရည်ကိုမူ တစ်ချက်မျှပင် မကြည့်ပေ။

​လူငယ်မှာ လူယင် ဟု အမည်ခံပြီး ချင်းကျိုး မှ ဖြစ်ကြောင်း၊ သူ၏ နောက်မှ လိုက်ပါလာသော သန်မာသည့် လူကြီးများမှာ သူ၏ အစေခံများ ဖြစ်ကြောင်း ပြောပြသည်။

​"လီတာအိုဆရာက တုန်းလင်ခရိုင်ကို သွားဖို့ ပြင်ဆင်နေတာလား "

လူယင်က မေးသည်။

​"ဟုတ်ပါတယ်"

လီယန်ချူသည် အရက်တစ်ခွက်သောက်ကာ ရွှေရောင်သန်းနေသော ကြက်ကင်ကို စားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

​လူယင်၏ မျက်လုံးများ အရောင်လက်သွားပြီး လီယန်ချူ၏ အိတ်ကို တစ်ချက်ကြည့်ကာ

"ကျုပ်လည်း တုန်းလင်ခရိုင်ကို သွားမှာပါ၊ အတူတူ သွားရင် ကောင်းမလား၊ လီတာအိုဆရာ ဘယ်လို သဘောရပါသလဲ "

ဟု ပြုံး၍ မေးသည်။

​လီယန်ချူသည် ခေါင်းခါလိုက်သည်

"ကျုပ်က တစ်ယောက်တည်းပဲ လွတ်လပ်စွာ သွားလာနေကျပါ၊ ခရီးသွားရင်လည်း မြန်လိုက်၊ နှေးလိုက် လုပ်နေတာမို့ မင်းရဲ့ စေတနာကို လက်မခံပါရစေနဲ့ "

​လူယင်သည်လည်း တိုက်တွန်းမနေတော့ပေ။

​သူသည် ဂုဏ်ရှိန်နှင့် ထက်မြက်သော သူတစ်ဦးဖြစ်သည့်အတိုင်း သူတစ်ပါးကို အတင်းအကျပ် မပြုလုပ်လိုပေ။

​ဒုန်း ဒုန်း ဒုန်း

​ရုတ်တရက် တံခါးခေါက်သံများ ကြားလိုက်ရသည်။

​ယွန်းနျန်းက ခေါင်းမော့လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဟင်းခပ်ဇွန်းကို ချ၍ တံခါးဆီသို့ လျှောက်သွားသည်။

​လူယင်က ရုတ်တရက်

"နေပါဦး"

ဟု ပြောလိုက်သည်။

​ယွန်းနျန်းက လှည့်ကြည့်လိုက်သည်။

​လူယင်က

"တံခါးပြင်ပမှာ ရှိနေသူက လူမဟုတ်တဲ့ပုံပဲ၊ မမလေး တံခါးမဖွင့်တာပဲ ကောင်းမယ်"

ဟု အေးစက်စွာ ပြောသည်။

​ယွန်းနျန်းမှာ အံ့အားသင့်သွားပြီး တံခါးကို စိုးရိမ်စွာ ကြည့်လိုက်သည်။

​ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ဒုန်း ဒုန်း ဒုန်း တံခါးခေါက်သံများ ဆက်တိုက် ကြားနေရသည်။

​သေချာနားထောင်ကြည့်လျှင်။

​အလွန် စနစ်တကျ ရှိပြီး တစ်ချက်ချင်းစီ၏ အရှိန်အဟုန်မှာ အတူတူပင် ဖြစ်သည်။

​ယွန်းနျန်းက မျက်တောင်ခတ်လိုက်ပြီး

"ကျွန်မက သဘောထားမသေးတဲ့သူပါ၊ ကျွန်မကို မခြောက်လှန့်ပါနဲ့"

ဟု အတင်းပြုံး၍ ပြောသည်။

​လူယင်က အနည်းငယ် ပြုံးလိုက်ပြီး ဘာမျှ မပြောပေ။

​တောနက်ကြီးထဲရှိ ထိုလယ်တောအိမ်တွင် အားနည်းသော အမျိုးသမီးလှလှလေးတစ်ယောက် နေထိုင်နေခြင်းမှာ မည်သို့မျှ ပုံမှန် မဟုတ်ပေ။

​ဘာလို့ ငါက စိတ်ပူနေရတာလဲ။

​ယွန်းနျန်းသည် လူယင်ကို တစ်ချက်ကြည့်ပြီးနောက် သတ္တိမွေးကာ တံခါးဆီသို့ လျှောက်သွားသည်။

​တံခါးဖွင့်လိုက်သောအခါ ပြင်ပမှ နှင်းလေပြင်းများ အထဲသို့ တိုးဝင်လာသည်။

​သို့သော် နှင်းပြင်ကြီးတွင် လူယင်တို့၏ မြင်းများမှလွဲ၍ မည်သူမျှ မရှိပေ။

​ယွန်းနျန်း၏ လှပသော မျက်နှာမှာ ချက်ချင်းပင် သွေးရောင်မရှိတော့ပေ။

​ရုတ်တရက်

​အဖြူရောင် အရိပ်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားသည်

​ဤတစ်ကြိမ်တွင်

​ယွန်းနျန်းတင်မကဘဲ လူယင်၏ အစေခံများမှာလည်း သတိထားမိသွားကြသည်။

​ကျယ်ပြန့်သော လက်ဝါးကြီးများဖြင့် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများတွင် လူသတ်စိတ်များ ပေါ်ပေါက်လာသည်။

​ယွန်းနျန်းသည် ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်လိုက်ရာ ခြေလှမ်းယိုင်သွားသည်။

​တိုက်ဆိုင်စွာပင် သူမ၏ ခန္ဓာကိုယ်မှာ လီယန်ချူ၏ ရင်ခွင်ထဲသို့ ပြုတ်ကျသွားပြီး နှစ်ယောက်သား မျက်လုံးချင်း ဆုံမိကြသည်။

​ယွန်းနျန်း၏ ပါးပြင်များ နီမြန်းလာပြီး လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ လီယန်ချူ၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ အော်ဟစ်လျက် အတွင်းခန်းထဲသို့ ပြေးဝင်သွားသည်။

​သူမ၏ ပြည့်ဖြိုး တုန်ခါနေသော နောက်ပိုင်းမှာ ထိုသန်မာသော လူကြီးများ၏ အကြည့်ကို ဆွဲဆောင်လိုက်သော်လည်း သူတို့သည် ချက်ချင်းပင် ပြန်လည် သတိရှိသွားကြသည်။

​သန်မာသော ဓားသမားတစ်ဦးက တံခါးကို ပိတ်လိုက်ပြီး တည်ငြိမ်စွာ ရပ်နေသည်။

​ထိုသူတို့မှာ စည်းကမ်းကောင်းပြီး နားထင် အရိုးများ ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် တကယ့် ကိုယ်ခံပညာ ပညာရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။

​သို့သော် သူတို့သည် လူယင်အပေါ်တွင် အလွန် လေးစားကြသည်။

​မျက်နှာပြင်အရ လေးစားရုံတင်မကဘဲ မျက်လုံးထဲတွင် ပေါ်လွင်နေသော လေးစားမှုမှာ လူယင်၏ အဆင့်အတန်းကြောင့်သာ မဟုတ်ကြောင်း မည်သူမဆို သိနိုင်သည်။

​လီယန်ချူမှာ လူယင်၏ အဆင့်အတန်းကို စိတ်ဝင်စားသွားသည်။

​"အမျိုးသမီးက အမျိုးသားအသွင် ဖန်တီးထားတာပေါ့၊ ဒီလို ဇာတ်လမ်းမျိုးနဲ့ ကြုံရဦးမှာလား "

​လီယန်ချူက နှုတ်ခမ်းကိုမဲ့လိုက်သည်။ ဟင်း ဟင်းးး

All Chapters