← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

​အခန်း (၂၇၉) - စိတ်ဆန္ဒလမ်းစဉ် ၊ နဂါးကျား ရွှေအမြုတေ

​ရှစ်ခွင်မှန်သည် ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်သည်။

ထိုသက်ကြီးတောင်းရမ်းစားသူမှာ ဝိညာဉ် ထိခိုက်သွားသည်။

​သူမှာ အသက်ကြီးသော်လည်း ကိုယ်လက်လှုပ်ရှားမှုမှာ သွက်လက်ပြီး လက်ကို မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ထောက်ကာ တစ်ကိုယ်လုံး မတ်တပ်ရပ်လိုက်သည်။

​"ဒီတာအိုဆရာ၊ ဘာလို့များ ငါ့ရဲ့ မှော်ပညာကို ဖျက်ဆီးရတာလဲ "

​သူက အနည်းငယ် သတ္တိနည်းပါးစွာဖြင့် လီယန်ချူကို အပြစ်တင်သည်။

​"ငါက ကိုယ့်အလုပ်မဟုတ်တာကို ဝင်ရှုပ်ရတာ ဝါသနာပါလို့ပါ ၊ အကူညီမလိုပဲ အတင်းလိုက် ကူညီတက်တဲ့ လူကောင်း အတုလေးပေါ့ ကွာ "

လီယန်ချူက ပြုံးလျက် ပြောသည်။

​သက်ကြီးတောင်းရမ်းစားသူ - "..."

​သူ၏ နှုတ်ခမ်းမှာ တွန့်သွားသည်။

​မင်းရဲ့ လူကောင်းအတု ဆိုတာကိုပဲ ပြောလိုက်စမ်း

မင်းကိုယ်တိုင်က ပြောပြီးပြီ၊ ငါ့အနေနဲ့ ဘာပြန်ပြောရဦးမလဲ

အရမ်းကို စော်ကားလွန်းတယ်

​သက်ကြီးတောင်းရမ်းစားသူ၏ စိတ်ထဲတွင် လျင်မြန်စွာ တွေးတောမိပြီး ထိုအချက်ကို သတိရကာ မိမိကိုယ်ကို ပြန်၍ တံတွေးထွေးလိုက်သည်။

အောက်တန်းကျလိုက်တာ

​"တာအိုဆရာကပဲ စွက်ဖက်ချင်နေတာဆိုတော့၊ ဒီအရာကို ငါ မလုတော့ဘူးလေ "

​သက်ကြီးတောင်းရမ်းစားသူက စဉ်းစားပြီးနောက် အဖြေပေးသည်။

​"မရဘူး "

​လီယန်ချူက တည်ငြိမ်စွာ ဆိုသည်။

​သက်ကြီးတောင်းရမ်းစားသူမှာ စိတ်ဓာတ်ကျသွားပြီး ဝမ်းနည်းဒေါသထွက်စွာဖြင့်

"ငါက ဗုဒ္ဓဘာသာ ဓာတ်တော်ကို လေ့လာကြည့်ရှုချင်ရုံ သက်သက်ပါ၊ မင်းက တကယ်ပဲ ငါ့ကို အပြတ်ရှင်းပစ်ချင်နေတာလား "

​လီယန်ချူက ရယ်မောလျက်

"ဒီလို ကံကြမ္မာကို အပြစ်တင်နေတဲ့ ပုံစံမျိုး မလုပ်ပါနဲ့၊ မင်းရဲ့ အသက်ရွယ် အရည်အသွေးနဲ့ မလိုက်ဖက်ဘူး "

​သက်ကြီးတောင်းရမ်းစားသူ၏ နှုတ်ခမ်းမှာ တွန့်သွားပြီး စမ်းသပ်သည့်အနေဖြင့်

"ငါက တောရိုင်းလေးထဲက လေလွင့် ကျင့်ကြံသူပါ၊ လူကြားထဲမှာ နေပြီးတော့ လူ့ အသတ်တွေကို မသတ်ပါဘူး၊ တာအိုဆရာက ငါ့ကို တစ်ကြိမ်လောက် လွှတ်ပေးနိုင်မလား "

​လီယန်ချူက အနည်းငယ် အံ့အားသင့်လျက်

"ဒါပဲလား မင်းမှာ အခြားအခြေအနေ ဘာမှမရှိတော့ဘူးလား "

​သက်ကြီးတောင်းရမ်းစားသူမှာ ရှက်ရွံ့သွားပြီး

"သဘာဝကျပါတယ်၊ ငါ့မှာ ရှောင်ဟွမ်းတန်ဆေးလုံး တစ်လုံးရှိတယ်၊ လူ့အသက်ကို ကယ်နိုင်တယ်၊ စွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်၊ တာအိုဆရာက ငါ့ကို လွှတ်ပေးရင် ဒီဆေးလုံးကို ပေးပါ့မယ် "

​လီယန်ချူက မိမိ၏ နှာခေါင်းကို ညွှန်ပြလျက်

"အဘိုးကြီး၊ မင်းက ငါ့ကို မိုက်မဲတယ်လို့ ထင်နေတာလား၊ မင်းကို သတ်လိုက်ရင် ဒီအရာက ငါ့ဆီ ရောက်လာမှာပဲ မဟုတ်လား "

​ဒါ ဘယ်လို စဉ်းစားတွေးခေါ်ပုံလဲ။

​သက်ကြီးတောင်းရမ်းစားသူ - "..."

​ယွန်းနျန်းမှာမူ အော်ရယ်လိုက်မိပြီး အလွန်ပင် ချစ်စဖွယ် ကောင်းလှသည်။

​လူယင်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

​သက်ကြီးတောင်းရမ်းစားသူက စဉ်းစားပြီး

"ငါ့မှာ စိတ်ဆန္ဒလမ်းစဉ် နဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ရှိတယ်၊ တာအိုဆရာ စိတ်ဝင်စားမလား မသိဘူး၊ အဲဒါနဲ့ ငါ့အသက်ကို လဲလှယ်လို့ ရမလား "

​" စိတ်ဆန္ဒလမ်းစဉ် "

​လီယန်ချူ မျက်ခုံးများ ပင့်တက်သွားသည်။

​သူ ဤနာမည်ကို လုံးဝ မကြားဖူးပေ။

​သို့သော်။

​ဘေးနားရှိ လူယင်မှာ ရုတ်တရက် အသက်ရှူနှုန်း မြန်ဆန်လာပြီး

"မင်း စိတ်ဆန္ဒလမ်းစဉ် အကြောင်း သိတာလား "

​သက်ကြီးတောင်းရမ်းစားသူ

"ဟုတ်ပါတယ်"

​ပြောပြီးနောက်။

​သူသည် လီယန်ချူကို မကြည့်ဘဲ မနေနိုင်ပေ။

​ထိုလူငယ်တာအိုဆရာမှာ ထူးချွန်ထက်မြက်သူ ဖြစ်သော်လည်း အဘယ်ကြောင့် စိတ်ဆန္ဒလမ်းစဉ် ကို မသိရသနည်း။

​"မင်းပြောတဲ့ ဒီ စိတ်ဆန္ဒလမ်းစဉ် ကို ငါမကြားဖူးဘူး၊ စိတ်လည်းမဝင်စားဘူး၊ ငါ့ကို စိတ်လှုပ်ရှားစေမယ့်အရာ မပေးနိုင်ရင် အဘိုးကြီး မင်းကတော့....ဟင်းးး"

​လီယန်ချူက ဖြည်းညှင်းစွာ ပြောသည်။

​အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

​သက်ကြီးတောင်းရမ်းစားသူမှာ အလွန်ပင် ထိတ်လန့်သွားပြီး

" စိတ်ဆန္ဒလမ်းစဉ် ဆိုတာ မိစ္ဆာဂိုဏ်းတစ်ခုပါ၊ သူတို့က တာအိုကျင့်စဉ်တွေကို အတင်းအဓမ္မ ပြင်ဆင်ပြီး လူတွေကို လှည့်စားတတ်တယ်၊ ဒါပေမဲ့ လျှို့ဝှက်စွာ လုပ်ဆောင်တဲ့အတွက် နာမည်မကြီးဘူး၊ ငါ သူတို့ရဲ့ ဂိုဏ်းခွဲတစ်ခုရဲ့ နေရာကို သိတယ် "

​လီယန်ချူ မျက်လုံးလှန်လိုက်သည်

"ငါနဲ့ ဘာဆိုင်လို့လဲ "

​ဤသက်ကြီးတောင်းရမ်းစားသူမှာ သူ့အတွက် ဘာမှ အသုံးမဝင်ဟု ထင်သည်။

​သို့သော်

​သက်ကြီးတောင်းရမ်းစားသူမှာလည်း ပြောစရာ စကားမရှိ ဖြစ်နေသည်။

​စိတ်ဆန္ဒလမ်းစဉ် က တာအိုကျင့်စဉ်တွေကို ပြင်ဆင်ခြင်းမှာ တာအိုဂိုဏ်းကြီးများ၏ အဓိကရန်သူဖြစ်ပြီး အစိုးရကလည်း ဖျက်ဆီးလိုသော ဂိုဏ်းတစ်ခုဖြစ်သည်။

ဘယ်သူမဆို ဒီနေရာကို ရှာတွေ့ရင် တာအိုဂိုဏ်းတွေကို ပေးအပ်တာပဲဖြစ်ဖြစ်၊ အစိုးရကို သတင်းပို့တာပဲဖြစ်ဖြစ်။

ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

​ထိုလူငယ်တာအိုဆရာမှာ ဘာမှ မသိဘဲ စိတ်မဝင်စားတာကို ဘယ်သူထင်မလဲ

ကျေးလက်တောရွာက တာအိုကျောင်းတစ်ခုကနေ ထွက်လာတဲ့ ပါရမီရှင်တစ်ယောက်နဲ့များ တွေ့ဆုံလိုက်တာလား

​သက်ကြီးတောင်းရမ်းစားသူ၏ ပါးစပ်မှာ ခါးသက်နေသည်။

​ဒီကိစ္စကို ဝင်မပါခဲ့သင့်ဘူးဟု နောင်တရနေသည်။

​ထိုစဉ် သူက နတ်တေးသွားသံကဲ့သို့ ထင်မှတ်သည့် အသံတစ်ခု ကြားလိုက်ရသည်။

​"လီတာအိုဆရာ ခဏလေးပါ၊ ဒီလူက စိတ်ဆန္ဒလမ်းစဉ် ရဲ့ လျှို့ဝှက်ချက်တွေကို သိတယ်၊ သတ်လိုက်ဖို့ နှမြောစရာကောင်းတယ် သူကိုယ်စား ကျွန်မက ငွေပေးပြီး အသက်ကယ်ပါရစေ၊ ဘယ်လိုလဲ "

​လူယင်က လီယန်ချူကို ချက်ချင်း တားလိုက်သည်။

​ခုနက ကြွက်မိစ္ဆာမျက်နှာနှင့် လူကြီး၊ အဝလွန်သောသူတို့ကို သူက တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်သည်။

ဒီကောင်က ဘယ်တော့များ မင်းက ငါ့ကို ဘာကြည့်တာလဲ လို့ ပြောပြီး သတ်ပစ်မလဲဆိုတာ ဘယ်သူသိမလဲ။

စိတ်ဆန္ဒလမ်းစဉ် နဲ့ ပတ်သက်တဲ့ ကိစ္စမို့ လူယင် ဂရုမစိုက်ဘဲ မနေနိုင်ပေ။

​လီယန်ချူက အချိန်အတော်ကြာ စဉ်းစားပြီးနောက် သက်ကြီးတောင်းရမ်းစားသူ၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင် ခေါင်းညိတ်လိုက်သည်

"ရတယ် "

​သက်ကြီးတောင်းရမ်းစားသူမှာ သိထားသမျှ စိတ်ဆန္ဒလမ်းစဉ် အကြောင်းများကို အကုန်လုံး ထုတ်ပြောလိုက်ပြီး ရှူကျိုး မှာရှိတဲ့ နေရာကိုပါ ပြောပြလိုက်သည်။

အပြောမြန်သော်လည်း သူ၏ ဆန္ဒကို ရှင်းရှင်းလင်းလင်း ဖော်ပြသည်။

​လူယင်မှာ စကားမပြောတော့ပေ။

​သက်ကြီးတောင်းရမ်းစားသူ ပြောတာတွေက မှန်ကန်ပုံရပြီး တိကျတဲ့အရာတွေကိုတော့ စုံစမ်းဖို့ လိုသေးသည်။

​လီယန်ချူက အနည်းငယ် နားထောင်လိုက်ပြီး စိတ်ထဲတွင် သိပ်မထားတော့ပေ။

သူ့လို သာမန်တာအိုဆရာအတွက်ကတော့ တာအိုလမ်းစဉ် ပျက်စီးမပျက်စီး သူ ဂရုမစိုက်ပါ။

တာအိုကျင့်စဉ်တွေကို ပြင်ဆင်တာမျိုးကတော့ တာအိုဂိုဏ်း အကြီးအကဲတွေပဲ ပူပန်ပါစေတော့။

​သက်ကြီးတောင်းရမ်းစားသူက အကုန်ပြောပြပြီးနောက် စိုးရိမ်တကြီးဖြင့်

"အစ်ကိုကြီး၊ ကျွန်တော် သွားလို့ရပြီလား "

​လူယင် ခေါင်းညိတ်ပြသည်။

​သက်ကြီးတောင်းရမ်းစားသူမှာ ချက်ချင်းပင် စိတ်အေးသွားပြီး ခြေတစ်ချက် ဆောင့်လိုက်ရာ တစ်ကိုယ်လုံး ဝိုးတိုးဝါးတား ဖြစ်သွားသည်။

​ဤဖြစ်စဉ်မှာ မြန်ဆန်ခြင်း မရှိဘဲ၊ ဒါကြောင့်လည်း သူ ခုနက မှော်ပညာနဲ့ ထွက်မပြေးခဲ့ခြင်း ဖြစ်သည်။

မဟုတ်ရင် ဗျူး ဆိုပြီး ပျောက်သွားရင်း သူ ထွက်ပြေးဖို့ ကြိုးစားမှာ အသေအချာပဲ။

ဟုတ်ပါတယ်

ဒါကလည်း သူ လီယန်ချူလက်ထဲက ရှစ်ခွင်မှန်ကို ကြောက်လို့ ဖြစ်သည်။

​သူ ထွက်ခွာသွားသည်။

​သူ့အမြင်တွင် ထိုမြင့်မြတ်သော လူငယ်က ငွေကြေးများ ပေးမယ်လို့ ကတိပေးပြီး စုံစမ်းစရာ ရှိလို့သာ သူ့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အစိုးရထဲက အရေးကြီးသူ ဖြစ်မှာပါ၊ ဒီလူငယ်တာအိုဆရာက သူ့ကို မျက်နှာသာ ပေးသင့်ပါတယ်။

​လီယန်ချူ၏ မျက်လုံးထဲတွင် သတ်လိုစိတ် ပေါ်လာပြီး ပျောက်ကွယ်သွားသည်။

နောက်ဆုံးတွင် သူ မသတ်လိုက်ပေ။

သူက အစကတော့ သက်ကြီးတောင်းရမ်းစားသူကို အကုန်ပြောပြပြီးရင် သတ်ဖို့ စဉ်းစားထားပေမယ့် ခုနကမှပဲ အစီအစဉ် ပြောင်းလိုက်သည်။

သူက ဒီစစ်သည်တွေကို သတ်ချင်တာ၊ လူယင်ကို ယွန်းနျန်းကို သတ်ခိုင်းအောင် လှည့်စားတာ၊ အစကနေ အဆုံးထိ သူ့ကို လာမစော်ကားပါဘူး။

လူယင်တောင် သူ့ကို လွှတ်ပေးမှာဆိုတော့ သူကပဲ ဆက်သတ်နေရင် အရမ်း ကြမ်းတမ်းလွန်းရာ ရောက်သွားလိမ့်မယ်။

​လူယင်မှာ စိတ်ထဲတွင် အတွေးများစွာဖြင့် တိတ်ဆိတ်နေသည်။

စစ်သည်အချို့က သူမနောက်တွင် လေးလေးစားစား လိုက်ပါလာသည်။

​နောက်ဆုံးတွင်

​လူယင် ဆုံးဖြတ်ချက် ချလိုက်ပြီး လီယန်ချူကို

"လီတာအိုဆရာ၊ ကျွန်မမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု အပ်နှံစရာ ရှိတယ်၊ တာအိုဆရာ လက်ခံပေးဖို့ တောင်းဆိုပါတယ် "

​"တောင်းပန်ပါတယ်၊ ကျြက်မှာ အချိန်မရှိဘူး "

​လူယင် - "..."

​လီယန်ချူက အစိုးရလူတွေနဲ့ ရင်းနှီးမှု မလိုလားသလို လူယင်ရဲ့ လုပ်ရပ်တွေကိုလည်း သူ မနှစ်သက်ပေ။

​တောရိုင်း၊ လယ်ကွင်းထဲတွင်။

လူယင်တို့ အဖွဲ့ ထွက်ခွာသွားပြီ ဖြစ်သည်။

​လီယန်ချူနှင့် ယွန်းနျန်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး ယွန်းနျန်းက ခေါင်းငုံ့လိုက်သည်။

စိတ်မကောင်းစရာပင်၊ ခြေဖျားကိုပဲ မြင်ရသည်။

ဘာတွေ တွေးနေမှန်း မသိပေ။

​ဝတ်ထားသော ပန်းရောင် အင်္ကျီနှင့် သူမ၏ ဆံထုံးမှာ လှပပြီး ဖော်ပြ၍ မရသော ဆွဲဆောင်မှု ရှိနေသည်။

ယောက်ျားပျို၊ မိန်းမပျို တစ်ခန်းတည်း အတူရှိနေတော့ လေထုမှာ ထူးဆန်းနေသည်။

​သို့သော် လီယန်ချူကမူ လက်ထဲက ရွှေအမြုတေ ကို ကစားနေသည်။

အပေါ်မှာ နဂါးနှင့် ကျားကို ထွင်းထုထားပြီး လက်ဝါးအရွယ်အစားခန့် ရှိသည်။

ဤအရာမှာ နဂါးကျားရွှေအမြုတေ ဟု ခေါ်ပြီး တာအိုဂိုဏ်းမှ မှော်ပစ္စည်းတစ်ခု ဖြစ်သည်။

​ပစ်ပေါက်ပြီး တိုက်ခိုက်လို့ ရသည်။

လူကို ထုရိုက်ဖို့ သုံးတာ ဖြစ်သည်။

​ဒါပေမဲ့ လူယင်က တာအိုတပည့် မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ စွမ်းအားမရှိလို့ မသုံးနိုင်ပေ။

ဒီအရာက သူမဆီမှာတော့ နတ်ဆိုးတွေကို ကာကွယ်ဖို့ သက်သက်ပဲ ဖြစ်ပြီး ထိရောက်မှုကတော့ သာမန်ပါပဲ...

ဟုတ်ပါတယ်။

သာမန် တစ္ဆေတွေကတော့ သူမကို မကပ်နိုင်ပါဘူး။

အခန်း (၂၈၀) - မဟာပညာရှိ၏ စာတမ်း၊ သစ်ပင်ပန်းပင်တို့၏ ဝိညာဉ်၊ လူးကျူး

​နောက်ထပ် ပစ္စည်းတစ်ခုမှာ မဟာပညာရှိ၏ စာတမ်း ဖြစ်သည်။

၎င်းမှာ ကွန်ဖြူးရှပ်ဝါဒ၏ ရတနာတစ်ခုဖြစ်ပြီး ဟောင်ရန်ကျင့်စဉ် ပါဝင်ကာ အလွန်ပင် လျှို့ဝှက်နက်နဲလှသည်။

​လူယင်က သူမကိုယ်သူမ ကွန်ဖြူးရှပ်ပညာရှင်ဟု ဆိုသော်လည်း သူမ၏ ဆရာသမားအကြောင်းကိုမူ ပြောမပြခဲ့ပေ။

​ထိုမဟာပညာရှိ၏ စာတမ်းများကို သူမလက်ထဲတွင် အများအပြား ရှိပြီး ၎င်းတို့မှာ အသုံးပြုပြီးလျှင် ကုန်သွားတတ်သော ပစ္စည်းများဖြစ်ကာ လီယန်ချူကို နှစ်ချပ် လက်ဆောင်ပေးလိုက်သည်။

​၎င်းမှာ လီယန်ချူအပေါ် ထားရှိသော ကံကြမ္မာ အကြွေးကို ဆပ်လိုက်ခြင်းဟု ဆိုနိုင်ပေသည်။

​ကွန်ဖြူးရှပ်ဝါဒီများမှာ ဟောင်ရန်ကျင့်စဉ်ကို ပျိုးထောင်ကြပြီး သာမန် ပညာရှင်များမှာ တိုက်ခိုက်ရေးစွမ်းရည် မရှိကြပေ။

​သို့သော် မဟာပညာရှိ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် စာသားများဖြင့်ပင် လူကိုသတ်နိုင်ပြီး စကားတစ်ခွန်းတည်းဖြင့် မိစ္ဆာများကို နှိမ်နင်းနိုင်ပေသည်။

​"ဒီယလူယင်လက်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးပါလား "

​လီယန်ချူ စိတ်ထဲမှ တွေးမိသည်။

​ကောင်းကင်အရာရှိ ကောင်းချီးပေးသော စစ်သည်များ၊ ကွန်ဖြူးရှပ်ဝါဒီတို့၏ ဓား၊ တာအိုဂိုဏ်း၏ မှော်ပစ္စည်း၊ မဟာပညာရှိ၏ စာတမ်း။

​နောက်ပိုင်းတွင် ငွေစက္ကူ သုံးထောင်ကို လက်ဆောင်ပေးသည်မှာ အစိုးရအရာရှိ တစ်ဦးဖြစ်ကြောင်း ပြသနေသည်။

​ဤအမျိုးသမီး၏ အထောက်အထားမှာ လူတို့ကို စိတ်ဝင်စားမှု ဖြစ်ပေါ်စေသည်။

​လီယန်ချူ၏ အထုပ်ထဲတွင် ရွှေရောင်ဓာတ်တော် တစ်ဆူ တိုးလာသည်။

၎င်းမှာ မူလက လူယင်လက်ထဲတွင် ရှိခဲ့သော ဓာတ်တော်ဖြစ်သည်။

​သို့သော် သူမက စိတ်ပြောင်းသွားကာ ရှူကျိုးသို့သွား၍ စိတ်ဆန္ဒလမ်းစဉ်ဂိုဏ်း၏ ကိစ္စကို စုံစမ်းရန် ဆုံးဖြတ်လိုက်သဖြင့် ဓာတ်တော်ကို လီယန်ချူထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။

​နဂါးကျား ရွှေအမြုတေ နှင့် မဟာပညာရှိ၏ စာတမ်းများမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။

​သာမန်အားဖြင့်ဆိုလျှင်။

​လူယင်သည် သက်ကြီးတောင်းရမ်းစားသူ၏ အသက်ကို ကယ်တင်ရန်အတွက် မှော်ပစ္စည်းကို ဆုလာဘ်အဖြစ် ပေးရန် မလိုအပ်ပေ။

​"ဒီအမျိုးသမီးက ငါ့ကို ဒီလောက်ထိ ယုံကြည်တာလား"

​လီယန်ချူ၏ မျက်လုံးထဲတွင် တွေးတောမှု အရိပ်အယောင်များ ပေါ်လာသည်။

​မကြာခင်မှာပင်။

​သူ အကြောင်းရင်းကို သဘောပေါက်သွားသည်။

​လူယင်သည် ဓာတ်တော်ကို ပြန်လည်ပို့ဆောင်ရေး ကိစ္စကို အလေးအနက် မထားခြင်း ဖြစ်နိုင်သည်၊ အကြောင်းမှာ သူမတွင် နောက်ခံကြီးမားကြောင်း သိသာနေသောကြောင့် ဖြစ်သည်။

​ကျင်းကွမ်းဘုရားကျောင်း၏ ကိစ္စမှာ သူမကိုယ်တိုင် လာရောက်ရလောက်အောင် အရေးကြီးခြင်း မရှိနိုင်ဘဲ ကြုံကြိုက်၍ ဆောင်ရွက်ပေးခြင်းသာ ဖြစ်နိုင်မည်။

​စိတ်ဆန္ဒလမ်းစဉ် ဂိုဏ်းကို စုံစမ်းခြင်းနှင့် ယှဉ်လျှင် ကျင်းကွမ်းဘုရားကျောင်းမှ ရဟန်းမြတ်၏ ဓာတ်တော်ကိစ္စမှာ သိပ်ပြီး အရေးမကြီးတော့ပေ။

​သူကိုယ်တိုင်ကလည်း ယုံကြည်ရသူဟု သတ်မှတ်ခံရသဖြင့် ဓာတ်တော်ကို အပ်နှံခဲ့ခြင်း ဖြစ်သည်။

​လီယန်ချူသည် နဂါးကျား ရွှေအမြုတေနှင့် မဟာပညာရှိ စာတမ်းများကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။

​ခေါင်းမော့၍ ယွန်းနျန်းကို ကြည့်ကာ တည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။

​"မင်းနဲ့ ကျင်းကွမ်းဘုရားကျောင်းနဲ့ ပတ်သက်မှု ရှိသလား "

​ယွန်းနျန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။

​အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူမ အသက်ရှူထုတ်ကာ ဖြည်းညှင်းစွာ ပြောသည်။

"ကျွန်မက သစ်ပင်ပန်းပင် က ပေါက်ဖွားလာတဲ့ မိစ္ဆာတစ်ဦးပါ၊ အရင်က ကျင်းကွမ်းဘုရားကျောင်းမှ ကုန်းဝင်ဆရာတော် ရဲ့ တရားဒေသနာကို နာယူခဲ့ဖူးပါတယ်၊ ဗုဒ္ဓတရားတော်ကိုလည်း ကြားနာဖူးပါတယ် "

​လီယန်ချူ အနည်းငယ် သဘောပေါက်သွားသည်။

အစကတည်းက သူမကို မခွဲခြားနိုင်ခဲ့သည်မှာ ထူးဆန်းမှု မဟုတ်ပေ၊ သူမကိုယ်တိုင်က သန့်ရှင်းသော စွမ်းအင်ဖြစ်ပြီး သူမခန္ဓာကိုယ်တွင် ဗုဒ္ဓဘာသာ ရဟန်းမြတ်၏ တန်ခိုးနည်းလမ်းများဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်မည်။

​ယွန်းနျန်းက လီယန်ချူကို ကြည့်လိုက်သည်။

ဤလူငယ်တာအိုဆရာ၏ အမူအရာမှာ တည်ငြိမ်ပြီး စိတ်ခံစားမှုမှာလည်း ငြိမ်သက်ကာ လုံးဝ တည်ငြိမ်နေသည်။

​သို့သော်

​ယွန်းနျန်းသည် လီယန်ချူ၏ တောက်ပသော မျက်လုံးများနှင့် ဆုံမိသောအခါ သူမ အလိုလိုပင် ရှောင်ဖယ်သွားသည်။

​ယွန်းနျန်း၏ ပြောပြချက်အရ လီယန်ချူ နောက်ဆုံးတွင် အဖြစ်အပျက် အစအဆုံးကို နားလည်သွားသည်။

​ယွန်းနျန်းသည် ရဟန်းမြတ်၏ တရားပြသမှုကို ခံယူပြီးနောက် တောင်ပေါ်တွင်သာ တရားကျင့်ကြံနေခဲ့ပြီး တစ်ခါမျှ အပြင်သို့ မထွက်ခဲ့ဖူးပေ။

သူမ၏ ကျင့်စဉ်မှာလည်း သိပ်မမြင့်မားသလို သူတစ်ပါးနှင့် တိုက်ခိုက်ရန်လည်း ဆန္ဒမရှိပေ။

​အမြဲတမ်း အေးချမ်းစွာ နေထိုင်ခဲ့သည်။

​သူမခန္ဓာကိုယ်ပေါ်ရှိ သစ်ပင်ပန်းပင်များ နှင့် လမ်းသွားလမ်းလာများမှတစ်ဆင့် ယွန်းနျန်းမှာ ဘာမှမသိနားမလည်သူတော့ မဟုတ်ပေ။

​ယခုတစ်ကြိမ်တွင် ကျင်းကွမ်းဘုရားကျောင်းမှ ဗုဒ္ဓ၏အမိန့်တော်ကို ပြန့်နှံ့စေပြီး နေရာအနှံ့ ပျံ့နှံ့နေသော ဓာတ်တော်များကို ပြန်လည်စုဆောင်းရန် ကြားသိရသည်။

​ထို့ကြောင့် ဓာတ်တော်ပို့ဆောင်သူများကို ကူညီရန်နှင့် လေပြင်းနှင်းမုန်တိုင်းဒဏ်မှ ကာကွယ်ပေးရန် စိတ်ကူးမိခြင်း ဖြစ်သည်။

​သူမခန္ဓာကိုယ်တွင် ဗုဒ္ဓဘာသာ ဂုဏ်သတ္တိများ ပါရှိသဖြင့် ရဟန်းမြတ် ဓာတ်တော်များအပေါ် အထူးသဖြင့် တုံ့ပြန်မှုရှိကာ ဘယ်သူက ဓာတ်တော်ကို ကာကွယ်ပေးမည့်သူ ဖြစ်သည်ကို ခွဲခြားသိမြင်နိုင်သည်။

​မည်သူ ထင်မှတ်ထားမည်နည်း။

​ပထမဆုံး တွေ့ဆုံသူမှာ လီယန်ချူ ဖြစ်နေခဲ့သည်။

​ထိုအကြောင်းကို ပြောပြသည့်အခါ ယွန်းနျန်း၏ မျက်နှာမှာ ရဲတွတ်နေပြီး မျက်လုံးကြီးများတွင် အနည်းငယ် ရှက်ရွံ့မှုများ ထွက်ပေါ်နေသည်။

​လီယန်ချူမှာ ခုနကမှ စိတ်ကြည်လင် ကျောက်စိမ်း ကို သုံး၍ တာအိုဂိုဏ်း၏ မန္တန်ကို ရွတ်ဆိုမှသာ ယွန်းနျန်း၏ ကိုယ်ပေါ်ရှိ အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

​ထို့ကြောင့်

​သူမကို လူယင်၏ ဓားချက်အောက်မှ တားဆီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

​ယွန်းနျန်း၏ ကိုယ်ပေါ်တွင် သန့်ရှင်းသော စွမ်းအင်များ ရှိနေပြီး သူတစ်ပါးကို အန္တရာယ်ပြုသူ မဟုတ်သည့်အပြင် ကောင်းမှုကုသိုလ်များလည်း ရှိနေသဖြင့် လီယန်ချူမှာ သစ်ပင်ပန်းပင် မှ ဖြစ်ပေါ်လာသော မိစ္ဆာဟုဆိုကာ ရန်လိုခြင်း မရှိခဲ့ပေ။

​နှစ်ဦးသား အနည်းငယ် စကားစမြည် ပြောဆိုကြပြီးနောက် ယွန်းနျန်းမှာ လီယန်ချူ၏ တည်ငြိမ်သော အရှိန်အဝါကြောင့် စိတ်ချသွားသည်။

​လီယန်ချူမှာ အနည်းငယ် အားနာသွားသည်။

အကြောင်းမှာ ခုနက သူမကို ပွေ့ဖက်၍ အချိန်အတော်ကြာ စမ်းသပ်မိခဲ့သောကြောင့် ဖြစ်သည်။

​ထို့ကြောင့် ယွန်းနျန်း စိတ်ဝင်စားမည့် အကြောင်းအရာများကို ပြောပြလိုက်သည်။

​နှစ်ဦးသား အချိန်အတော်ကြာ စကားပြောကြပြီး ယွန်းနျန်း၏ မျက်လုံးများမှာ ပို၍ တောက်ပလာသည်။

​ညဉ့်အချိန် နက်ရှိုင်းလာသည်။

​လီယန်ချူသည်လည်း တရားထိုင်ကာ မနက်မိုးလင်းသည်အထိ အသက်ရှူလေ့ကျင့်ခန်း လုပ်ခဲ့သည်။

​နောက်တစ်နေ့

​လီယန်ချူသည် ထပြီး နှုတ်ဆက်ကာ ထိုတဲအိမ်လေးမှ ထွက်ခွာသွားသည်။

​ယွန်းနျန်းသည် လီယန်ချူ၏ နောက်ကျောကို စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

​"ရှူးရှန်းနဲ့ ပိုင်နန်းကျဲ ၊ တုန်းယုံနဲ့ နတ်သမီးခုနစ်ပါး၊ တကယ်တော့ လောကမှာ ဒီလောက် စိတ်ကူးကောင်းတဲ့ ပုံပြင်တွေ ရှိသေးတာပဲ "

​သစ်ပင်ပန်းပင် မှ ဖြစ်ပေါ်လာသော မိစ္ဆာအလှမယ်တစ်ဦးမှာ လီယန်ချူ ပြောပြခဲ့သော ပုံပြင်လေးများတွင် နစ်မြုပ်သွားသည်။

​နှုတ်ခမ်းကို အသာကိုက်၍ ခြေတစ်ချက်စောင့်ကာ သူ့နောက်သို့ လိုက်သွားတော့သည်။

​တောင်ပေါ်လမ်း

​ချုံနွယ်များထူထပ်ပြီး ခက်ခဲကြမ်းတမ်းကာ ရံဖန်ရံခါ သားရဲများ ထွက်ပေါ်တတ်သည်။

​လီယန်ချူသည် ယွန်းနျန်းကို ကြည့်ကာ အံ့အားသင့်လျက် အမူအရာမှာ ထူးဆန်းနေသည်။

"မင်း ငါ့နောက်ကို လိုက်ချင်တာလား"

​ယွန်းနျန်းက ခေါင်းညိတ်၍ နူးညံ့စွာ ပြောသည်။

"ကျွန်မက တာအိုဆရာနဲ့ ကံပါလို့ပါ၊ တာအိုဆရာရဲ့ ဘေးမှာ လိုက်ပါပြီး အမှုတော်ထမ်းဆောင်ချင်ပါတယ်..."

​ပုံပြင်ကို နားထောင်ချင်လို့တော့ လုံးဝ မဟုတ်ပါ။

​ဒီလို လူငယ် ပုဂ္ဂိုလ်နဲ့ တွေ့ဆုံရလို့သာ အနားမှာ ကပ်နေခြင်း ဖြစ်သည်။

​လူငယ်ဆန်သော တာအိုဆရာတစ်ဦးမှာ မြည်းနက်တစ်ကောင်ကို စီး၍ တောင်ပေါ်လမ်းတွင် လျှောက်လှမ်းနေသည်။

​တာအိုဆရာမှာ မြည်းစီးထားသည်။

​ကြည့်ရသည်မှာ သဟဇာတဖြစ်လှသည်။

​မည်းကြီး ရဲ့ မျက်နှာပေါ်က အပြုံးမှာ ထူးဆန်းရူးသွပ် သလို မရှိဘူးဆိုရင်တော့ ပိုကောင်းမှာပဲ။

​ဒီကောင် ဘာဖြစ်နေမှန်း မသိ၊ လမ်းတစ်လျှောက်လုံး စိတ်လှုပ်ရှားနေသည်။

​လီယန်ချူလည်း ဂရုမစိုက်တော့ပေ။

​သူ့ကျောပေါ်ရှိ အထုပ်ထဲတွင် ဓာတ်တော်နှစ်ဆူ ရှိပြီး သစ်သားသေတ္တာ အထူးဖြင့် သိမ်းဆည်းထားကာ အရှိန်အဝါကို ဖုံးကွယ်ထားသည်။

​ထိုအရာမှာ ရဟန်းမြတ်၏ တန်ခိုးစွမ်းအားများကို သယ်ဆောင်ထားသဖြင့် တစ်ခါတစ်ရံတွင် အလွန်ပင် လေးလံလှသည်။

​သိုလှောင်အိတ် ထဲသို့ လုံးဝ ထည့်မရပေ။

​ဤသေတ္တာမှာ ဓာတ်တော်၏ ဗုဒ္ဓတန်ခိုးကို အနည်းငယ်သာ ဖုံးကွယ်ပေးနိုင်ခြင်း ဖြစ်သည်။

​"ဒါက ရွေ့လျားနိုင်တဲ့ ရတနာသိုက်ကြီးပဲ၊ လူတွေက ဘာလို့ မလိုချင်ရမှာလဲ "

​လီယန်ချူ စိတ်ထဲတွင် တွေးမိသည်။

​ယွန်းနျန်းမှာ ယခုအချိန်တွင် နဂါးကျား ရွှေအမြုတေ ထဲတွင် ကျင့်ကြံနေသည်။

ထိုတာအိုမှော်ပစ္စည်းမှာ ထိုသို့သော သစ်ပင်ပန်းပင် ဝိညာဉ်များကို လက်ခံသိမ်းဆည်းထားနိုင်သည်။

​ဟုတ်ပါတယ်၊ ဒါက ယွန်းနျန်းရဲ့ ကျင့်စဉ်မြင့်မားခြင်းနှင့်လည်း ဆိုင်သည်။

​ဒီလို လှပတဲ့ မိန်းမပျိုက သူမရဲ့ ကျင့်စဉ် အလွန်နိမ့်ကျတယ်လို့ ပြောနေပေမဲ့။

​လီယန်ချူကတော့ ဒီမိန်းကလေးမှာ သတ္တိနည်းတာပဲ ဖြစ်မယ်လို့ ယူဆသည်။

​သူမကို ခေါ်လာရန် သဘောတူလိုက်ရခြင်းမှာလည်း အကြောင်းရင်း ရှိသည်။

​မဟုတ်ရင် လှပတဲ့ အမျိုးသမီးတစ်ယောက်ကို ခေါ်သွားရင် အဆင်မပြေပေ၊ လမ်းသွားလမ်းလာတွေက သူ့ကို ဘယ်လို မြင်မလဲ။

​ထွီ...

မိစ္ဆာတာအိုဆရာ

လှပတဲ့ အမျိုးသမီးတွေကို လှည့်စားခေါ်ဆောင်သွားတယ်

​အစိုးရအရာရှိတွေ ဒါမှမဟုတ် တာအိုဂိုဏ်းသားတွေရဲ့ အာရုံစိုက်မှုကို ခံရပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်သည်။

​လီယန်ချူသည် ယနေ့ညတွင် ကျင်းကောက်ကွမ်းကျွမ်း ဟုခေါ်သော နေရာတွင် တည်းခိုရန် ဆုံးဖြတ်လိုက်သည်။

အိမ်ခြေပေါင်း တစ်ရာခန့် ရှိသည်။

​သူတည်းခိုသည့် အိမ်ရှင်မှာ ကျောက် ဟုခေါ်ပြီး မူလက ရှူကျိုးမြို့၏ ခရိုင်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည်။

အထက်အရာရှိကို စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် ရာထူးမှ ထုတ်ပယ်ခံရပြီး အိမ်တွင် အေးအေးဆေးဆေး နေထိုင်နေသူ ဖြစ်သည်။

​အိမ်တွင် အစေခံနှင့် ကျွန် ဒါဇင်ပေါင်းများစွာ၊ လယ်ယာမြေ ရာနှင့်ချီ ပိုင်ဆိုင်ကာ စေတနာကောင်းဖြင့် အလှူဒါန ပြုလုပ်လေ့ရှိသဖြင့် လူတိုင်းက ကျောက်မဟာစေတနာရှင် ဟု ခေါ်ကြသည်။

​ဤကျင်းကောက်ကွမ်းကျွမ်းတွင် အကြီးဆုံး သူဌေးအိမ်ကြီး ဖြစ်သည်။

​"လီတာအိုဆရာ၊ ဒါက ညစာပါ၊ စားသုံးတော်မူပါ"

​အသွင်အပြင် လှပသော အစေခံမိန်းကလေးတစ်ဦး ဝင်လာပြီး ထမင်းဟင်းများကို စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

သူမမှာ မျက်နှာကျ လှပပြီး မျက်လုံးများမှာ ဝိုင်းစက်တောက်ပကာ ဖြူဖွေးနေသည်။

​"ကျေးဇူးတင်ပါတယ် "

​လီယန်ချူက အစေခံကို ကြည့်၍ ပြုံးလိုက်သည်။

​"ကျွန်မ နာမည်က လူးကျူး ပါ၊ တာအိုဆရာ မှာစရာ ရှိရင် ကျွန်မကို ခေါ်နိုင်ပါတယ်ရှင် "

​အစေခံက နူးညံ့စွာ ပြောသည်။

​"ကျေးဇူးတင်ပါတယ် "

​လူးကျူးက လီယန်ချူ၏ ရုပ်ရည်ကို ခိုးကြည့်လိုက်သည်။

ဓားသွားကဲ့သို့ မျက်ခုံး၊ ကြယ်စင်ကဲ့သို့ မျက်လုံးများ၊ ချောမောသော ရုပ်ရည်မှာ လူကို ရင်ခုန်စေသည်။

​လူးကျူး ထွက်သွားပြီးနောက်။

​အပြင်ဘက်တွင် ငယ်ရွယ်သော အစေခံမိန်းကလေးများ၏ ရယ်သံများ ထွက်ပေါ်လာသည်။

​"ဟဲ့ နင့် မျက်နှာက ဘာလို့ ရဲနေတာလဲ၊ လီတာအိုဆရာက နင့်ကို သဘောကျသွားတာလား "

​"လူးကျူး စိတ်လှုပ်ရှားနေတာပေါ့၊ ဒီလို ချောမောတဲ့ တာအိုဆရာကို မြင်လိုက်ရတော့ နှလုံးသားက ပျံသန်းသွားပြီလေ "

​"လူးကျူး၊ ပြောပြပါဦး၊ အဲဒီ လီတာအိုဆရာက သူတို့ပြောသလို တကယ်ပဲ ချောမောတာလား "

All Chapters