ရှေးဟောင်းမျိုးနွယ်များ
Vol. 13 Ch. 121
ယွီဟွေ့ဖန်တစ်ယောက် အတွေးထဲ၌ နစ်မြောနေစဉ် ယွီလုံက ဌာနမှူးကျူးလောင်ထံ နယ်မြေအာရုံမှတစ်ဆင့် ကျေးဇူးတင်စကားလှမ်းပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကျူးလောင်။”
ယွီလုံ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ကျေးဇူးတင်တရားများဖြင့် ပြည့်နှက်နေရင်း ပြောလိုက်သည်။
ယွီဟွေ့ဖန်အနေဖြင့် သိမ်ငယ်မှုကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်ကောင်းထင်နိုင်သော်လည်း မိဘများဖြစ်ကြသည့် သူတို့အတွက်တော့မူ အကဲခတ်မိလေသည်။
အောင်မြင်မှုများအပေါ် မည်မျှဂုဏ်ယူကြောင်းနှင့် ဘဝကို ပြည့်ပြည့်စုံစုံ ဖြတ်သန်းနေသရွေ့ မိဘများအနေဖြင့် ဒီထက်ပိုပြီး ပျော်စရာမရှိတော့ကြောင်း အကြိမ်ကြိမ်အခါခါ ပြောပြခဲ့ဖူးသော်လည်း ထိုစကားများက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုသာ ဖြစ်စေခဲ့သည်။
အပြင်ပန်းကြည့်လျှင်မူ ဝမ်းသာနေပုံရသော်လည်း တစ်ယောက်တည်း ရှိနေချိန်တွက် ဝမ်းနည်းမှု၊ ရှက်ရွံ့မှုနှင့် အပြစ်ရှိမှု ဟူသော အစစ်အမှန်ခံစားချက်များ ပေါ်ထွက်လာတတ်သည်။
ထို့ကြောင့်ပင် တိုင်ချန်တစ်ယောက် သူမ၏ဘဝထဲ ရောက်လာချိန်တွင် အပြုံးများမှာ အစစ်အမှန်ဖြစ်ပုံရသဖြင့် နှစ်ဦးလုံး ဝမ်းသာခဲ့ကြရပြီး မိတ်ဆွေအသိုင်းအဝိုင်း ကျယ်ပြန့်လာသောအခါ တက်ကြွလန်းဆန်းသော ကောင်မလေးအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
တစ်ခါတစ်ရံ ဝမ်းနည်းမှုနှင့် သိမ်ငယ်မှုများ ဝင်လာတတ်သဖြင့် အရင်လို အပြည့်အဝ ပြန်မဖြစ်သေးသော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ စတင်ချိုးဖောက်ဝင်ရောက်ခဲ့စဉ်ကလောက်တော့ မဆိုးရွားတော့ပေ။
“ကိစ္စမရှိပါဘူး ညီလေးယွီလုံ။ စီနီယာတစ်ယောက်၊ ဆရာတစ်ယောက်အနေနဲ့ ငါလုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။”
“မင်းက သမီးလိမ္မာလေးတစ်ယောက် ရထားတာပဲ။” ကျူးလောင်က နယ်မြေအာရုံမှတစ်ဆင့် ပြန်လည် ဖြေကြားလိုက်သည်။
…..
“ကဲ... ဘယ်ရောက်သွားပြီလဲ။ ဟုတ်ပြီ၊ သက်တမ်း အကြောင်း။”
“အရင်က သတ်မှတ်ထားတဲ့အတိုင်း နန်းတော်အဆင့်ကို ချိုးဖောက်ဝင်ရောက်ခါစလူက သက်တမ်း အနှစ် ၁၀,၀၀၀ ရရှိပြီး နယ်မြေအဆင့်ကို ချိုးဖောက်ဝင်ရောက်တဲ့အခါ အဲဒီအရေအတွက်က အနှစ် ၄၀,၀၀၀ အထိ တိုးလာတယ်။”
“ပြီးတော့ နယ်မြေအဆင့်အတွင်း သေးငယ်တဲ့ ချိုးဖောက်ဝင်ရောက်မှုတိုင်းမှာလည်း ဆက်တိုက် တိုးလာတယ်။”
“ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်လိုက်တာနဲ့ အဲဒီအရေအတွက်က အနှစ် ၁၀၀,၀၀၀ အထိ ထိုးတက်သွားတယ်။”
“အဲဒါက အလွန်ဆုံး အနှစ် ၉၀ ဒါမှမဟုတ် ၁၂၀ လောက်ပဲ နေရဖို့ မျှော်လင့်နိုင်တဲ့ သာမန်လူသားဘဝကနေ မင်းဆက်တွေရဲ့ အတက်အကျကို စောင့်ကြည့်နိုင်တဲ့အထိ သောင်းဂဏန်းရှိတဲ့ သက်တမ်းကို ရရှိလာတာက အကြီးမားဆုံး အပြောင်းအလဲပဲ။”
“ကျင့်ကြံခြင်းက မျိုးနွယ်တစ်ခုလုံးရဲ့ လှုပ်ရှားပြောင်းလဲမှုတွေကို ပြောင်းလဲပစ်ခဲ့တယ်။ တချို့အပိုင်းတွေမှာ ဘဝတွေကို ပိုဆိုးသွားစေပေမဲ့ တချို့အပိုင်းတွေမှာတော့ ပိုကောင်းလာစေခဲ့တယ်။”
ကျူးလောင်က စိတ်အားထက်သန်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“ကျင့်စဉ်သမိုင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းဌာနရဲ့ ဌာနမှူး ဖြစ်နေတာ အံ့ဩစရာမရှိပါဘူး။ သာမန်စကားလေး ပြောလိုက်ရုံနဲ့တင် သူ့စကားထဲက တာအိုရဲ့ ဆွဲဆောင်မှုကို အာရုံခံမိနေပြီ။”
ရင်ထဲတွင် ကြည်ညိုလေးစားမှုများဖြင့် ယန်ချင်း အံ့အားသင့်သွားမိသည်။
ဘယ်အချိန်ကတည်းကမှန်း မသိသော်လည်း ဌာနမှူးကျူးလောင်၏ စကားကို နားထောင်နေရင်း ကျင့်ကြံခြင်းစွမ်းအင်များ အလိုအလျောက် လှည့်ပတ်လာခဲ့သည်။
မော့ယွင်ရု၏ အံ့အားသင့်နေသော အမူအရာကို သတိပြုမိလိုက်သဖြင့် သူတစ်ယောက်တည်း မဟုတ်မှန်း သိလိုက်သည်။
“သက်တမ်းအကြောင်း ပြောရတဲ့ အကြောင်းရင်းက လူသား ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်မှာ သက်တမ်း အနှစ် ၁၀၀,၀၀၀ ရှိပေမဲ့ သက်တမ်းရှည်တဲ့ မျိုးနွယ်စုလို့ သတ်မှတ်ခံရဖို့ အရည်အချင်း မပြည့်မီသေးလို့ပဲ။”
“ခါးသီးတဲ့ ကျင့်ကြံခြင်းတွေကနေတစ်ဆင့် ရလာဖို့ ရုန်းကန်ရတဲ့ ရှည်လျားတဲ့ သက်တမ်းဆိုတာ ရှေးဟောင်းမျိုးနွယ်တွေအတွက်တော့ မွေးဖွားလာတာနဲ့ သဘာဝအလျောက် ရရှိတဲ့ အခွင့်ထူးတစ်ခုပဲ။”
“အနှစ် ၅၀၀,၀၀၀ အထက် သက်တမ်းနဲ့ မွေးဖွားလာတဲ့ သူတွေတောင် ရှိသေးတယ်။”
“ဝိညာဉ်သားရဲတွေတောင် ငါတို့ထက် သက်တမ်း ပိုရှည်တယ်။”
“အခြေတည်အဆင့် စွမ်းအားပဲရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်မှာ လူသား နန်းတော်အဆင့် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ သက်တမ်းနဲ့ ညီမျှတဲ့ အနှစ် ၂၀,၀၀၀ သက်တမ်း ရှိနေတာကို တွေ့နိုင်တယ်။”
“ဒါပေမဲ့ စကြဝဠာမှာက သူ့ဟန်ချက်နဲ့သူ ရှိပြီး ထင်သလောက်တော့ မမျှတာမျိုးဖြစ်ပါဘူး။”
“ဝိညာဉ်သားရဲတွေက သက်တမ်းပိုရှည်ပေမဲ့ အထူးအခြေအနေတွေကလွဲရင် လူသားတွေနဲ့ယှဉ်ရင် ကျင့်ကြံတဲ့နေရာမှာ ပိုနှေးကွေးသလို မျိုးပွားတဲ့နှုန်းကလည်း လူသားတွေထက် ပိုနှေးတယ်။”
“ငါတို့က မြန်မြန်ဆန်ဆန် မျိုးပွားနိုင်စွမ်းရှိတယ်။ လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းနဲ့ အရာရာကို အလွယ်တကူ သင်ယူနိုင်တဲ့ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားတယ်။”
“ဒါကြောင့်ပဲ ကျင့်စဉ်တွေနဲ့ ပတ်သက်လာရင် ငါတို့ဆီမှာ မတူကွဲပြားမှု အများဆုံး ရှိနေတာပဲ။”
“ဒါပေမဲ့ ဒါက ဝိညာဉ်သားရဲတွေနဲ့ပဲ သက်ဆိုင်တယ်။ ရှေးဟောင်းမျိုးနွယ်တွေနဲ့ ပတ်သက်လာရင်တော့ ကိစ္စက တစ်မျိုးပဲ။”
“သူတို့မှာ မျိုးပွားနှုန်း ပိုပြီး နိမ့်ကျနိုင်ပေမဲ့ အဲဒီအတွက် အပြည့်အဝ အစားထိုးပေးနိုင်တဲ့ အရာတစ်ခု ရှိတယ်။ အဲဒါကတော့ ‘အချိန်’ ပဲ။”
ကျူးလောင်က ပြဇတ်ဆန်ဆန် စကားကို ခေတ္တရပ်လိုက်သည်။
တောက်စ်…
ဌာနမှူး ကျူးလောင်၏ ပြောင်မြောက်သော ဟန်ရေးပြစွမ်းရည်များကို ယန်ချင်း မနာလိုဖြစ်ကာ တောက်ခေါက်လိုက်မိသည်။
“မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်ပဲ နှေးကွေးနေပါစေ၊ ဒါမှမဟုတ် ပါရမီဘယ်လောက်ပဲ ညံ့နေပါစေ အနည်းဆုံး နှစ်သိန်းနဲ့ချီတဲ့ အချိန်သာ ပေးမယ်ဆိုရင် တစ်ခုခုတော့ သေချာပေါက် အောင်မြင်မှာပဲ။”
“ အဲဒါက ရှေးဟောင်းမျိုးနွယ်တွေ လုပ်ခဲ့တဲ့အရာပဲ။”
“သူတို့က ရှည်လျားတဲ့သက်တမ်းကို အားသာချက်အဖြစ် အသုံးချပြီး ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို ဖြည်းဖြည်းချင်း လျှောက်လှမ်းခဲ့ကြတယ်။”
“ ပိုပြီး လျှောက်လှမ်းလေလေ သက်တမ်းက ပိုပြီး မယုံနိုင်စရာ ကောင်းလာလေလေဖြစ်ပြီး အဲဒါက ကြီးထွားလာဖို့နဲ့ ကျင့်ကြံခြင်းရဲ့ မတူညီတဲ့ ကဏ္ဍတွေကို ရှာဖွေဖို့ အချိန်တွေ ပိုရလာစေတယ်။”
“အဲဒီ ထိုးထွင်းသိမြင်မှုတချို့ကို သားသမီးတွေဆီ လက်ဆင့်ကမ်းပေးခဲ့ပြီး သူတို့ကလည်း ကိုယ်ပိုင်လမ်းကြောင်းတွေကို ဆက်ဖောက်ခဲ့ကြတယ်။”
“ရှေးဟောင်းမျိုးနွယ်တွေ ဘယ်လောက်ကြာကြာ အသက်ရှင်ခဲ့လဲဆိုတာတော့ မသိဘူး။”
“ဒါပေမဲ့ သေချာသိတာကတော့ သူတို့ရဲ့ ဉာဏ်ပညာနဲ့ နည်းလမ်းတွေက ငါတို့ ဒါမှမဟုတ် မြင့်မြတ်နယ်မြေလို့ ခေါ်တဲ့ နေရာတွေ အပါအဝင် တခြားဘယ်အဖွဲ့အစည်းနဲ့မှ ယှဉ်လို့မရဘူးဆိုတာပဲ။”
မြင့်မြတ်နယ်မြေများအကြောင်း ပြောရာတွင် ကျူးလောင်၏ လေသံ၌ မထီမဲ့မြင်ပြုမှုများ အထင်းသား ပါဝင်နေသည်။
“ရှေးဟောင်းမျိုးနွယ်တွေမှာ ကျယ်ပြန့်တဲ့ စွမ်းရည်တွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းတွေ မရေတွက်နိုင်လောက်အောင် ရှိတယ်။”
“ဒါကြောင့်ပဲ အကာအကွယ်တစ်ခု ဖန်တီးခဲ့ရတာ။ သူတို့အကြောင်း ပြောတဲ့အခါ ဘယ်တော့မှ သတိပိုတယ်ဆိုတာ မရှိဘူး။”
“တစ်ခါက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာရှိတဲ့ ငယ်ရွယ်တဲ့ ပါရမီရှင်တစ်ယောက်ဟာ မာနထောင်လွှားပြီး ဂိုဏ်းပိုင်နက်ထဲမှာ ဂိုဏ်းတူညီအစ်ကိုတွေနဲ့အတူ ရှေးဟောင်းမျိုးနွယ်တွေကို လှောင်ပြောင်ခဲ့ဖူးတယ်။”
“စွမ်းအားအရ ခန့်မှန်းရမယ်ဆိုရင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာရှိတဲ့ ဂိုဏ်းကြီးကြပ်သူ တပည့်တစ်ယောက် ရှိနေတာကို ကြည့်ခြင်းအားဖြင့် သူပိုင်ဆိုင်တဲ့ ဂိုဏ်းက မြင့်မြတ်နယ်မြေတစ်ခုရဲ့ အဆင့်အတန်းမျိုး ရှိတယ်။”
“ဒါပေမဲ့ အခုတော့ အဲဒီဂိုဏ်းကြီးကြပ်သူ တပည့်နဲ့အတူ ဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီ။”
“အခုလက်ရှိ မြူနွံတောဒေသ ဆိုတာလောက်ပဲ ကျန်ခဲ့တော့တယ်။”
ကျူးလောင်က တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။
ထိုသတင်းကြောင့် ယန်ချင်း၊ ယွီဟွေ့ဖန်နှင့် မော့ယွင်ရုတို့ သုံးဦးစလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တုန်လှုပ်သွားကြသည်။
အခမ်းအနားသို့ တက်ရောက်လာသော နန်းတော်အဆင့် အဖွဲ့ဝင်အချို့ပင် အံ့အားသင့်သွားကြသည်။
နယ်မြေအဆင့်ရှိ စီနီယာများသာ ပို၍ တည်ငြိမ်နေပုံရသော်လည်း သူတို့ထံတွင်ပင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရှိနေသည်။
“အဲဒါကြောင့်ပဲ သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိပ်မပြန့်တာ။”
“သူတို့ကို တကယ်တွေ့ဖူးတဲ့လူ မရှိပေမဲ့ သူတို့ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေကတော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ငါတို့ပတ်ဝန်းကျင်မှာ ရှိနေတယ်။”
“အဲဒီထဲက တစ်ခုက အဲဒီဂိုဏ်းမှာ ဖြစ်ခဲ့တဲ့ကိစ္စဖြစ်ပြီး နောက်တစ်ခုကတော့ ငါတို့ဆီမှာ မှတ်တမ်းရှိတဲ့ သူတို့ဆီက ဆင်းသက်လာတဲ့ မျိုးနွယ်စုတွေပဲ။”
“သူတို့ရဲ့ နာမည်ကျော်ကြားမှုတွေကြောင့် တချို့ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ နဂါး၊ ဖီးနစ်၊ လိပ်နက်၊ ကျားဖြူ၊ ငှက်နီ၊ ခွန်ဖန်နဲ့ ဂိုလမ်လိုမျိုး အနည်းငယ်လောက်ကို နာမည်တပ်ရရင် သူတို့က မတူညီတဲ့ အကိုင်းအခက်တွေကနေ ဆင်းသက်လာပေမဲ့ ရှေးဟောင်းမျိုးနွယ်တွေရဲ့ မျိုးဆက်တွေပဲ။”
“မင်းရဲ့ ဒီရွှံ့စေးကျောက်စာချပ်ကလည်း အဲဒီ ဆင်းသက်လာတဲ့ မျိုးနွယ်စုတွေထဲက တစ်ခုနဲ့ သက်ဆိုင်တယ်။”
ကျူးလောင်က အက္ခရာအမှတ်တံဆိပ် မှော်စာလုံးများတစ်လျှောက် လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်ဆွဲရင်း ပြောလိုက်သည်။
“ဒီကျောက်စာချပ်က အပြာရောင်နတ်သမီးတွေ ပိုင်တာပဲ။”