အပြာရောင်နတ်သမီးများ
Vol. 13 Ch. 122
“အပြာရောင်နတ်သမီးတွေ ဟုတ်လား။”
ယန်ချင်းက နားမလည်နိုင်ဘဲ မေးလိုက်သည်။
ဌာနမှူးကျူးလောင် ပြောသွားသည့် မျိုးနွယ်စုများထဲမှ အချို့ကို မြင်ဖူးသလို အချို့ကိုလည်း စာထဲတွင်သာဖတ်ဖူးသည်။
တိုက်ကြီးအနှံ့ လှည့်လည်သွားလာစဉ် အခါက ဂိုလမ်အချို့နှင့်လည်း တွေ့ဆုံဖူးသည်။
တိုက်ကြီးပေါ်တွင် သူတို့၏ မှတ်တမ်းတင်ထားသော အရေအတွက်နှင့် တွေ့ရှိရမှုများမှာ အလွန်နည်းပါးပြီး အများစုမှာ လျှို့ဝှက်နယ်မြေများအတွင်း နေထိုင်ကြလေ့ရှိသည်။
ဂိုလမ်မျိုးနွယ်စုမှာ အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းနေခဲ့ပြီး အထူးသဖြင့် လျှို့ဝှက်ချက်များ ဖုံးလွှမ်းနေသော သူတို့၏ မူလဇစ်မြစ်ပင် ဖြစ်သည်။
သူတို့ မည်သို့ ပေါ်ပေါက်လာသနည်းဆိုသည်နှင့် ပတ်သက်၍ ပုံပြင်အမျိုးမျိုး ရှိသော်လည်း အတွေ့ရအများဆုံး ပုံပြင်မှာ ပထမဆုံးဂိုလမ်သည် အင်မော်တယ်တစ်ဦး၏ ထိုင်ခုံအဖြစ် အသုံးပြုခဲ့စဉ်က အလင်းပွင့်သွားခဲ့သော ဝိညာဉ်ကျောက်တုံးတစ်တုံး ဖြစ်သည်ဟူသောအချက်ပင် ဖြစ်သည်။
ထိုအချိန်က ဝိညာဉ်မရှိသော သာမန်ကျောက်တုံးတစ်တုံးမျှသာ ဖြစ်သည်။
အင်မော်တယ်တစ်ဦးသည် ထိုဝိညာဉ်ကျောက်တုံးပေါ်တွင် ထိုင်ရသည်မှာ သက်သောင့်သက်သာရှိလှသဖြင့် သဘောကျသွားကာ ကျင့်ကြံပြီးနောက် ကျေးဇူးဆပ်သည့်အနေဖြင့် တာအိုဟောပြောရန် ဆုံးဖြတ်ခဲ့သည်။
ထိုမှတစ်ဆင့် ဝိညာဉ်ကျောက်တုံးမှာ ညဏ်အလင်းပွင့်ကာ ဝိညာဉ်ရရှိလာပြီး ပထမဆုံးဂိုလမ်ဖြစ်လာခဲ့သည်။
ထိုအချိန်က ထိုပုံပြင် အမှန်ဟုတ်မဟုတ် မသိခဲ့သော်လည်း ထိုမျိုးနွယ်စုနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သော အကြမ်းဖျင်း သုတေသနများအရလည်း သူတို့၏ မူလဇစ်မြစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိသော အဖြေများကို မရရှိခဲ့ပေ။
တစ်ခုတည်းသောအချက်မှာ သူတို့၏ အခြေခံဖွဲ့စည်းပုံမှာ အမြဲတမ်း သတ္တုရိုင်း သို့မဟုတ် ကျောက်တုံး တစ်မျိုးမျိုး ဖြစ်နေခြင်းပင် ဖြစ်သည်။
များသောအားဖြင့် လူပုံစံဂိုလမ်များနှင့် တူသော်လည်း ၎င်းမှာ အားနည်းသော အဖွဲ့ဝင်များနှင့်သာ သက်ဆိုင်ပြီး မြင့်မားသော ကျင့်ကြံဆင့်ရှိသူများမှာမူ ခန္ဓာကိုယ်ကို လူသားနှင့်တူအောင် ပြောင်းလဲနိုင်စွမ်း ရှိကြသည်။
လူသားနှင့် ပိုတူလေလေ၊ ပိုမို စွမ်းအားကြီးမားလေလေ ဖြစ်သည်။
ဂိုလမ်များမှလွဲ၍ တောင်ပိုင်းတိုက်ကြီး အတွင်းရှိ အခြားသော ဆင်းသက်လာသည့် မျိုးနွယ်စုများနှင့် အဆက်အသွယ် လုံးဝမရှိသလောက် နည်းပါးသည်။
ဌာနမှူးကျူးလောင် ပြောသွားသော မျိုးနွယ်စုများကို အတည်ပြုနိုင်လောက်အောင် တွေ့ရှိရသည်ဆိုသည့် သတင်းမျိုးကို တစ်ခါမျှပင် မကြားဖူးခဲ့ပေ။
မုန်တိုင်းပင်လယ်အတွင်း၌ နဂါးများ နေထိုင်သည့် ကျွန်းတစ်ကျွန်း ရှိသည်ဟု ကောလာဟလ ထွက်နေသော်လည်း ထိုကောလာဟလ အမှန်ဟုတ်မဟုတ် မည်သူကမျှ သက်သေမပြနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် မုန်တိုင်းပင်လယ်၏ အန္တရာယ်များကြောင့် ဖြစ်ပြီး နဂါးများ နေထိုင်သည့်နေရာဟု သိထားသော နေရာတစ်ခုသို့ မည်သူက ရဲရဲဝံ့ဝံ့ ဝင်ရောက်ရဲမည်နည်းဆိုသည်ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
မိုးပြာမူလဂြိုဟ်ကို ဝန်းရံထားသော ရေပြင်ကြီး ငါးခုအနက် အဆုံးမဲ့ရတနာပင်လယ်မှာ အရင်းအမြစ်ပေါကြွယ်ဝဆုံး ဖြစ်ပြီး ကောင်းကင်ပင်လယ်မှာ လျှို့ဝှက်ဆန်းကြယ်ဆုံး ဖြစ်သည်။
အိပ်မက်ပင်လယ်မှာ ဝိညာဉ်စွမ်းအား လုံလောက်စွာ ရှိနေသရွေ့ လုံခြုံသော်လည်း ဝိညာဥ်စွမ်းအားအလုံအလောက်မရှိပါက ထိုနေရာတွင် ထာဝရလမ်းပျောက်သွားမည် ဖြစ်သည်။
မိုးပြာမူလသမုဒ္ဒရာမှာ အကြီးမားဆုံးဖြစ်ပြီး အခြားရေပြင်များနှင့် ယှဉ်လျှင် သာမန်ဟု ထင်ရသည်။
သို့သော် ထိုနေရာတွင် စူးစမ်းရှာဖွေရခြင်း မရှိသေးသော ဧရိယာအများအပြားလည်း ရှိနေသေးသည်။
နောက်ဆုံးတစ်ခုဖြစ်သော မုန်တိုင်းပင်လယ်မှာမူ အန္တရာယ်အများဆုံး ဖြစ်သည်။
မုန်တိုင်းပင်လယ်သည် တောင်ပိုင်းတိုက်ကြီးနှင့် ဗဟိုတိုက်ကြီးကြားတွင် တည်ရှိပြီး အလွန်များပြားလှသော ရေနေဝိညာဉ်သားရဲများ မှီတင်းနေထိုင်ရာအရပ်ဖြစ်သည်။
အလွန်ကြမ်းတမ်းခက်ထန်ပြီး အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်များလည်း ရှိကြသည်။
ဖြတ်သန်းသွားလာနေသော ကျင့်ကြံသူများကို မတိုက်ခိုက်သည့် အချိန်များတွင်ပင် အချင်းချင်း အမြဲတမ်းတိုက်ခိုက်နေတတ်ကြသည်။
ရေအောက်ရှိ ပြင်းထန်သော ထိုတိုက်ပွဲများကြောင့် အမြဲတမ်း လှိုင်းထန်နေတတ်နေတတ်ပြီး ထိုပင်လယ်ကို မုန်တိုင်းပင်လယ်ဟု အမည်ပေးထားခြင်း ဖြစ်သည်။
မြေပုံပေါ်တွင် အသေးငယ်ဆုံးဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ကီလိုမီတာထောင်ချီ ရှည်လျားသော အရွယ်အစားရှိသည့် အကောင်များ အပါအဝင် ဝိညာဉ်သားရဲ မည်မျှ များပြားစွာ နေထိုင်သနည်းဆိုသည်မှာ အမြဲတမ်း လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။
…..
“အရေအတွက်အရ ပြောရရင် အပြာရောင်နတ်သမီးတွေက သူတို့ရဲ့ ရှေးဟောင်းမျိုးနွယ်စုတွေထဲမှာတောင် အနည်းဆုံးလို့ သတ်မှတ်လို့ရတယ်။”
“ပြီးတော့ သူတို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ရှေးဟောင်းမျိုးနွယ်တွေလိုပဲ လျှို့ဝှက်ချက်တွေ အများဆုံးဖုံးလွှမ်းနေတဲ့ မျိုးနွယ်စုပဲ။”
“သူတို့ကို ခြေရာခံဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက် ရှိပေမဲ့ ငါတို့ တိုက်ကြီးပေါ်မှာတော့ သဲလွန်စအများဆုံး ချန်ထားနိုင်ခဲ့တဲ့ မျိုးနွယ်စုပဲ။”
“သူတို့က စူးစမ်းလေ့လာတာနဲ့ သုတေသနပြုတာကို နှစ်သက်ပြီး သိချင်စိတ်ပြင်းပြတဲ့ ပညာတတ်မျိုးနွယ်စုတစ်ခုပဲ။”
“အဲဒီသဘာဝကြောင့်ပဲ ဒီတိုက်ကြီးတစ်ဝိုက်မှာ ကျင့်ကြံခြင်းတွေ ပျံ့နှံ့လာဖို့ တွန်းအား ဖြစ်လာခဲ့တာ။”
“တခြား တိုက်ကြီးတွေအကြောင်းတော့ မသိပေမဲ့ ဒီတောင်ပိုင်းတိုက်ကြီးမှာတော့ အစောဆုံး လူသားကျင့်ကြံသူတွေဟာ အပြာရောင်နတ်သမီးတွေ ချန်ထားခဲ့တဲ့ သဲလွန်စအပိုင်းအစတွေကို လေ့လာရာကနေ ကျင့်ကြံသူတွေ ပေါ်ပေါက်လာတာ။”
“မေ့ပျောက်ခံထားရတဲ့ မြင့်မြတ်နယ်မြေတွေ၊ ဂိုဏ်းတွေ၊ အင်ပါယာတွေနဲ့ မျိုးနွယ်စုတွေက လက်ရှိရော အတိတ်ကပါ အပြာရောင်နတ်သမီးတွေနဲ့ ဆက်စပ်မှု တစ်ခုခု ရှိနေတယ်။”
“အထူးသဖြင့် လျှို့ဝှက်အဖွဲ့အစည်းတွေပေါ့။ ဒါပေမဲ့ တချို့ကိစ္စတွေကို သိရဖို့အတွက်တော့ ရာထူးတိုးအခမ်းအနား ပြီးသွားပြီး နန်းတော်တရားရုံးတွေကို တရားဝင် ဝင်ရောက်တဲ့အထိ စောင့်ရလိမ့်မယ်။”
ဌာနမှူးကျူးလောင်က ရွှံ့စေးကျောက်စာချပ်ကို ဟိုကိုင်ဒီကိုင် လုပ်ရင်း ပြောလိုက်သည်။
ကျောက်စာချပ်ပေါ်ရှိ အက္ခရာအမှတ်တံဆိပ် မှော်စာလုံးများကို အဆက်မပြတ် ဖိနှိပ်နေစဉ် လက်ချောင်းများမှ အပြာရောင်ရှေးဟောင်းမှော်စာလုံးများ တောက်ပနေသည်။
မှော်စာလုံး သို့မဟုတ် သင်္ကေတတစ်ခုကို ဖိနှိပ်လိုက်တိုင်း အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေသည်။
အချို့သော သင်္ကေတများမှာ အဆက်မပြတ် ပြောင်းလဲနေခြင်းမှ ရပ်တန့်သွားပြီး ရွှံ့စေး ကျောက်စာချပ်၏ မျက်နှာပြင်ပေါ်တွင် စွဲထင်သွားကာ၊ ကျောက်စာချပ်မှာ ထောင့်စွန်းဘက်မှတဆင့် အလယ်ဗဟိုဆီသို့ တဖြည်းဖြည်းချင်း အဖြူရောင်သလင်းကျောက် အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယန်ချင်းမှာ မည်သည့်အရာကိုမျှ သတိမထားမိနိုင်လောက်အောင် အတွေးများထဲတွင် နစ်မြောနေသည်။
ယနေ့ ကြားသိခဲ့ရသော သတင်းအချက်အလက်များမှာ အလွန် များပြားလွန်းနေသည်။
စံပြနယ်မြေများ အကြောင်း၊ ခရမ်းရောင်အဆင့် ကျင့်စဉ်လေးခုကို ဖန်တီးခဲ့သူ မည်သူဖြစ်ကြောင်း၊ ကြောက်မက်ဖွယ် ရှေးဟောင်းမျိုးနွယ်များ အကြောင်း၊ ဈေးဆစ်ပြီး ဝယ်လာခဲ့သော ရွှံ့စေးကျောက်စာချပ်မှာ အပြာရောင်နတ်သမီးများ၏ အကြွင်းအကျန် တစ်ခု ဖြစ်နေခြင်းနှင့် နောက်ဆုံး လျှို့ဝှက်အဖွဲ့အစည်းများ အကြောင်းတို့ ဖြစ်သည်။
ယနေ့ ရရှိခဲ့သော သတင်းအချက်အလက်များအနက် မည်သည့်အပိုင်းကို ပို၍ သိချင်သနည်းဆိုသည်ကို မသေချာနိုင်လောက်အောင် စိတ်ထဲတွင် ဗြောင်းဆန်နေလျက်ရှိသည်။
အတွေးလှိုင်းဂယက်များကြားထဲတွင် မျောပါနေစဉ်မှာပင် မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို သတိပြုမိလိုက်သဖြင့် လက်တွေ့ကမ္ဘာဆီသို့ အတင်းအကျပ် ဆွဲခေါ်ခံလိုက်ရပြန်သည်။
မော့ယွင်ရုမှာ မျက်နှာတစ်ခုလုံး ရဲရဲနီနေပြီး မျက်လုံးများ ပြူးထွက်နေကာ၊ သူမ၏ မျက်နှာပေါ်တွင် သားကောင်ကို တွေ့လိုက်ရသည့် ဝါရင့်စိတ္တဇလူသတ်သမား တစ်ဦးထံတွင်သာ တွေ့ရနိုင်သော ရူးသွပ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးမျိုး ရှိနေသည်။
“သူမ ဒီလိုတုံ့ပြန်မယ်ဆိုတာ သိသားပဲ... တစ်ခါတည်းနဲ့ သိလိုက်ရတဲ့ သတင်းတွေကများလွန်းလို့ ရူးသွားတာများလား။”
“ ဒါမှမဟုတ် အဖြေတွေထက် မေးခွန်းတွေကိုပဲ ပိုများသွားစေတဲ့ သတင်းအချက်အလက်တွေကြောင့်လား။ သူမအဆင်ပြေပါ့မလား”
စိတ်လွတ်သွားပြီး သတင်းအချက်အလက်များ ထပ်မံရရှိရန် ဌာနမှူးကျူးလောင်အပေါ် ခုန်အုပ်တော့မည့်ပုံ ပေါက်နေသဖြင့် လက်မောင်းကို တိတ်တဆိတ် ဆိတ်ဆွဲရန် ကြိုးစားလိုက်သည်။
ဖွဖွလေး လိမ်ဆွဲလိုက်သော်လည်း ဘာမှ မထူးခြားသဖြင့် အားအနည်းငယ် သုံးရန် ဆုံးဖြတ်လိုက်ရာ မော့ယွင်ရုထံမှ ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာပြီး လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားလေသည်။
အကြည့်ပေါင်းများစွာ ကျရောက်လာသောအခါ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး အပြစ်ရှိသလို တောင်းပန်သောအပြုံးသာ ပြန်ပြုံးပြနိုင်သည့် ယန်ချင်းကို လက်စားချေလိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
အကြည့်ချင်း ဖလှယ်နေစဉ်မှာပင် ခန်းမအတွင်းရှိ ဝိညာဉ်ချီများမှာ ဌာနမှူးကျူးလောင်လက်ထဲရှိ ကျောက်စာချပ်ဆီသို့ စုပြုံဝင်ရောက်သွားသဖြင့် ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကလစ်….
ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို ဝါးမျိုလိုက်သည်နှင့်တပြိုင်နက် ရွှံ့စေးကျောက်စာချပ်ပေါ်တွင် ဥအခွံကွဲသကဲ့သို့ အက်ကွဲကြောင်းများ စတင်ပေါ်လာသည်။
အစောပိုင်းရှိ ရွှံ့စေးနှင့်တူသော အသွင်အပြင်မှာ ကွာကျသွားပြီး အဖြူရောင်မြူခိုးများကဲ့သို့ သလင်းကျောက်တစ်ခု ပေါ်ထွက်လာသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် စုပ်ယူမှုမှာ ရပ်တန့်မသွားဘဲ ချီလေဆင်နှာမောင်းငယ်တစ်ခု ဖြစ်ပေါ်လာသည်အထိ ပိုမိုပြင်းထန်လာခဲ့သည်။
အခန်းတွင်းရှိ အလင်းရောင်များ မှိန်ကျသွားပြီး အပေါ်ဘက်ရှိ ကောင်းကင်တုမှာလည်း မှိန်ဖျော့သွားသည်ကို သတိပြုမိသဖြင့် ယန်ချင်းတစ်ယောက် စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်သည်။
“နှင်းမက်မွန်ပင်ကြီးက ဒီလောက် စုပ်ယူမှုဒဏ်ကို ခံနိုင်ရည် ရှိပါ့မလား”
ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုမှာ ဆက်လက် ဖြစ်ပေါ်နေစဉ် စိုးရိမ်စွာ တွေးလိုက်မိသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အိမ်ရှင်များဖြစ်သော ယွီဟွေ့ဖန်၏ မိဘများနှင့် အားလုံးမှာ ကျောက်စာချပ်ပေါ်မှ အကြည့်မခွာဘဲ တည်ငြိမ်ပြီး အနည်းငယ်စိတ်ဝင်စားနေပုံပေါ်သည်ကို သတိပြုမိလိုက်သည်။
အိမ်ကြီးမှာ လောဘကြီးသော ကျောက်စာချပ်တစ်ခု၏ စုပ်ယူမှုကြောင့် ပြိုကွဲပျက်စီးတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသူများ၏ အမူအရာမျိုး မရှိပေ။
“တောင့်ခံနိုင်လောက်ပါတယ်လေ”
ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ ကိုယ်တစ်ယောက်တည်းသာ စိုးရိမ်နေခြင်းဖြစ်ပြီး မော့ယွင်ရုမှာ ရူးသွပ်သည့် အမူအရာဆီသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် တွေးလိုက်သည်။
မိနစ်နှစ်ဆယ်ခန့် စုပ်ယူပြီးမှသာ စတင် နှေးကွေးလာသည်။
တွက်ချက်မှုများအရ ထိုအချိန်အတွင်း စုပ်ယူသွားသော ဝိညာဉ်ချီပမာဏမှာ သူ၏ လက်ရှိချီပမာဏထက် ဆယ်ဆခန့် ပိုများနေသည်။
အပေါ်ဘက်ရှိ ကောင်းကင်တုမှာ ပျောက်ကွယ်သွားပြီး မီးခိုးရောင် နောက်ခံတစ်ခုသာ ကျန်ရစ်တော့သည်။
ယခင်က သိပ်သည်းနေခဲ့သော ချီများမှာလည်း အနည်းငယ်ခန့် ပါးလွှာသွားသည်။ ၎င်းမှာ အဆင့် ၄ အဖွဲ့အစည်းများ၏ အထူးနယ်မြေများရှိ ချီပမာဏနှင့်ပင် ညီမျှသည်။
ခန်းမအတွင်းရှိ သိသာထင်ရှားသော အပြောင်းအလဲကြောင့် အေးစက်သော လေကိုသာ ရှိုက်သွင်းလိုက်မိသည်။
ယခင်က ခန်းမအတွင်းရှိ ချီများမှာ အလွန် သိပ်သည်းလွန်းသဖြင့် ကောင်းကင်ဘုံရက်ကန်းငှက်၏ အသိုက်ကိုပင် နောက်ချေးပိုးတောင်မာတစ်ကောင်၏ အသိုက်တစ်ခုကဲ့သို့ ထင်မှတ်ရလောက်အောင် ဖြစ်စေခဲ့သည်။
သို့သော် ပန်းပွင့် ပျက်စီးသွားပြီဟု စိုးရိမ်နေစဉ်မှာပင် သိပ်သည်းလှသော ဝိညာဉ်ချီများ ရုတ်တရက် ပြန်လည် ထွက်ပေါ်လာလေသည်။
ထိုချီများက အခန်းကို ယခင်အသွင်အပြင်သို့ အလျင်အမြန် ပြန်လည် ရောက်ရှိသွားစေသည်။ရွှံ့စေးကျောက်စာချပ်မှာမူ ကျောက်စာချပ် သို့မဟုတ် ရွှံ့စေးမဟုတ်တော့ပေ။
ရွှံ့စေးမှ ရှစ်ထောင့်ပုံသဏ္ဍာန်ရှိသော အဖြူရောင် မြူခိုးသလင်းကျောက် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အက္ခရာအမှတ်တံဆိပ် မှော်စာလုံးများမှာ တောက်ပနေခြင်း မရှိတော့ဘဲ ရှေးဟောင်းစာသားများနှင့် ရှစ်ထောင့်သလင်းကျောက်၏ အခြားတစ်ဖက်ရှိ ရှုပ်ထွေးသော အစီအရင် ပုံစံတစ်ခုသာ ကျန်ရှိတော့သည်။
“သူ့ရဲ့ ပုံစံအစစ်ကို ဖော်ပြဖို့အတွက်တောင် ဝိညာဉ်ချီအများကြီး လိုအပ်တာကို ကြည့်ရင် ဒါက အပြာရောင်နတ်သမီးတွေရဲ့ ပစ္စည်းဆိုတာ သေချာပါတယ်။”
“သမုဒ္ဒရာ အရွယ်အစားရှိတဲ့ ဒန်တျန်ကို ပိုင်ဆိုင်ထားတဲ့ မျိုးနွယ်စုဆိုတဲ့ စကားက အလကားလျောက်ပြောထားတာ မဟုတ်ဘူးပဲ”
ဌာနမှူးကျူးလောင်က စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။