လက်ဆောင်အတွက် ဖြစ်နိုင်ခြေရှိသော ဆုလာဘ်
Vol. 13 Ch. 123
“ဒီဟာကို ဆက်လက်ဖော်ထုတ်ဖို့ဆိုရင် ကျုပ်အတွက်တောင် နည်းနည်းတော့ ခက်လိမ့်မယ်။အဲ့တော့ ဝိညာဥ်တောင်ထွတ်ဆီကိုပဲ ယူသွားရတော့မယ်။” ကျူးလောင်က သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုနာမည်ကို ကြားလိုက်ရချိန်တွင် ယန်ချင်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
အဖွဲ့အစည်းသို့ ဝင်ရောက်လာပြီး သူတို့ နေထိုင်ရသည့် အမှိုက်ပုံလို နေရာများကို မြင်တွေ့ရသော ကျင့်ကြံသူတိုင်းအတွက် ထိုနေရာမှာ အိပ်မက်မက်နေသော နေရာတစ်ခုဖြစ်နေသောကြောင့် မည်သို့ မအံ့ဩဘဲ နေနိုင်မည်နည်း။
ဝိညာဥ်တောင်ထွတ်များဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ အိပ်မက်အိမ်တော်ဟု သတ်မှတ်နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်ပေသည်။
၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားသူများ၏ စံံအိမ်ဖြစ်ပြီး သူတို့ အိမ်ဟုခေါ်သော တောင်ကြားများနှင့် မတူဘဲ ဝိညာဥ်တောင်ထွတ်များမှာ ကောင်းကင်ယံကို ထိုးဖောက်ကာ မြူခိုးများ ဖုံးလွှမ်းနေသည့် အစစ်အမှန်တောင်ထွတ်များ ဖြစ်သည်။
မတူညီသော တောင်ကြားများဆီသို့ ဦးတည်သွားသည့် လမ်းဆုံမှနေ၍ပင် ၎င်း၏ ကြီးမြတ်မှုကို ခံစားနိုင်သဖြင့် ထိုခမ်းနားမှုကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
အထီးကျန်ဆန်စွာ မားမားမတ်မတ်ရပ်တည်နေပြီး မြင်တွေ့ရသူတိုင်း၏ ရင်ထဲတွင် ကြည်ညိုလေးစားမှု၊ မနာလိုမှုနှင့် အားကျမှုများကို ဆွဲဆောင်နေသည်။
ထိုတောင်ထွတ်များသည် အဖွဲ့အစည်းရှိ ဝန်ထမ်းများအနေဖြင့် တာအိုကို မနားမနေ လိုက်စားနေကြရခြင်း၏ နောက်ကွယ်မှ တွန်းအားပေးသည့် အကြောင်းရင်းများထဲတွင် ပါဝင်သည်ဟုပင် ပြောဆိုနိုင်ပေသည်။
ယန်ချင်းအတွက်မူ ယခုအခါ ပို၍ပင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
မဟူရာတောင်ကြား၏ ကြွယ်ဝမှုနှင့် ကောင်းချီးများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ပြီးနောက်၊ တောင်ထွတ်များသာဆိုလျှင် နှိုင်းယှဉ်ချက်အရ မည်မျှပင် ပိုကောင်းနေမည်နည်းဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်လာသည်။
ဤခံစားချက်မှာ သူတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ဘဲ မော့ယွင်ရုနှင့် ယွီဟွေ့ဖန်တို့ကလည်း လက်သီးများကို ဆုပ်ထားကြသည်။
သူတို့သာမက ထိုနေရာတွင် ရှိနေသော နန်းတော်အဆင့် ဧည့်သည်စီနီယာအချို့တွင်လည်း တူညီသော အမူအရာမျိုး ရှိနေကြသည်။
ထိုနေရာရှိ နယ်မြေအဆင့် ကျွမ်းကျင်သူများကလည်း ထိုသို့ စွဲလမ်းနေမှုများအတွက် သူတို့ကို လှောင်ပြောင်ခြင်း မပြုကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်လည်း ထိုတောင်ထွတ်များဆီသို့ တက်လှမ်းလိုသောကြောင့် ဖြစ်သည်။
သို့သော် သူတို့၏ ပစ်မှတ်မှာ ဝိညာဥ်တောင်ထွတ်များအတွင်း၌ပင် အခြားနေရာများထက် ပိုမိုထင်ရှားသော နေရာတစ်ခုဖြစ်သည့် ‘လင်းယုန် နားခိုရာ’တောင်ထွတ် ဖြစ်နေသဖြင့် သူတို့၏ရည်မှန်းချက် ပို၍မြင့်မားနေခြင်းသာ ဖြစ်သည်။
ထိုနေရာသည် အဖွဲ့အစည်းတစ်ခုလုံးရှိ စစ်ဆေးရေးမှူးအားလုံး၏ အကြီးအကဲဖြစ်သော အဓိပတိစစ်ဆေးရေးမှူး၊ ငြိမ်းချမ်းရာမဲ့ အကျဉ်းထောင်၏ ထောင်မှူး၊ ဒုတိယဥက္ကဋ္ဌ သုံးဦးနှင့် ဖုံးကွယ်နေတတ်သည့် အခြားသောပုဂ္ဂိုလ်ကြီး အချို့တို့ နေထိုင်ရာ အရပ်ဖြစ်သည်။
…..
“ချင်းလေး... မင်းရဲ့ ဒီလက်ဆောင်က အသိအမှတ်ပြု ချီးကျူးခံရဖို့ ထိုက်တန်တယ်။”
“ အထူးသဖြင့် အပြာရောင်နတ်သမီးတွေဆီက အကြွင်းအကျန် ပစ္စည်းတစ်ခုဖြစ်နေတဲ့ သူ့ရဲ့ ထူးခြားတဲ့ သဘာဝကြောင့် ပိုပြီး ချီးကျူးခံရနိုင်တယ်။”
“ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေက အဖွဲ့အစည်းတစ်ခုလုံးအတွက် ဧရာမအကျိုးအမြတ်တွေကို ယူဆောင်လာပေးနိုင်တယ်။”
“အုပ်ချုပ်ရေးပိုင်းကို ငါ ပြောပြပြီး မင်းရဲ့ စွမ်းဆောင်ရည်ကို ထည့်ပြောပေးပါ့မယ်။”
“သူတို့ဆီကနေ သင့်လျော်တဲ့ ဆုလာဘ်တစ်ခု ရလာမှာတော့ သေချာပါတယ်။”
“အကယ်လို့ မင်း သီးသန့်လိုချင်တာ တစ်ခုခုရှိရင် ငါ့ကို ပြောနိုင်တယ်... ငါ သူတို့ဆီမှာ တွန်းအားပေး တောင်းဆိုပေးပါ့မယ်။”
“ဒီလို အောင်မြင်မှု အတိုင်းအတာမျိုးနဲ့ဆိုရင်တော့ ငါ အဲဒီလို လုပ်ပေးစရာတောင် လိုမယ် မထင်ပါဘူး။” ကျူးလောင်က ရင်းနှီးဖော်ရွေစွာ ပြောလိုက်သည်။
“အင်း... အဖွဲ့အစည်းက ပေးလာမယ့် ဘယ်အရာကိုမဆို ကျေးဇူးတင်မှာပါ... ဒါပေမဲ့ သီးသန့် တစ်ခုခုကို တောင်းရမယ်ဆိုရင်တော့ အဲဒါက...”
ယန်ချင်းက သူ၏စကားကို အဆုံးသတ်ရန် ပြင်နေစဉ်မှာပင် ကြားဖြတ်ပြောခံလိုက်ရသည်။
“မင်း ရည်ရွယ်နေတာ အဲဒါဆိုရင်တော့... ခွင့်ရက် လေးဆ၊ ခွင့်ရက် သုံးဆ ဒါမှမဟုတ် ခွင့်ရက် နှစ်ဆဆိုရင်တော့ လုံးဝရမှာ မဟုတ်ဘူးနော်။”
“လက်လျှော့လိုက်တော့ ချင်းလေး... တခြားတစ်ခုခုကိုပဲ ရွေးလိုက်ပါ။”
ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိသော လဲ့ဝေယွမ်က ပြောလိုက်ပြီး သူ၏ဘေးတွင် စာကြည့်တိုက်မှူးချုပ်လည်း ပါလာသည်။
ယန်ချင်းမှာ စကားများ ဆို့နင့်သွားလုမတတ် ဖြစ်သွားကာ ‘ငါ သိသားပဲ’ ဟူသော အကြည့်ဖြင့် လဲ့ဝေယွမ်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
“မလိုတဲ့အချိန်ဆို အမြဲ ပေါ်လာတယ်... ဒီအဘိုးကြီး... ပြီးတော့ ချင်းလေး တဲ့လား။ ချင်းလေးက ဘယ်သူလဲ။”
“သူ့ကိုလည်း အဘိုးကြီးလဲ့လို့ စခေါ်သင့်နေပြီ ထင်တယ်။ ဟုတ်တယ်… အခု ဒီစီနီယာတွေ အားလုံးရှေ့မှာ စပြီး အဲဒီလို ခေါ်ပစ်လိုက်မယ်။”
“ဒါက ခင်ဗျားကို ကိုယ့်အလုပ်ကိုယ်လုပ်တတ်အောင် သင်ခန်းစာ ပေးလိုက်တာပဲ အဘိုးကြီးလဲ့” ယန်ချင်းက စိတ်ကို တင်းထားရင်း ရဲဝံ့စွာ တွေးလိုက်သည်။
ဤသည်မှာ အချိန်အခါကောင်းပင် ဖြစ်သည်။ လဲ့ဝေယွမ်ကို သည်းခံလာခဲ့ရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။
နန်းတော်တရားရုံးများသို့ မပြောင်းရွှေ့မီ နောက်ဆုံးအနေဖြင့် ပုန်ကန်မှုတစ်ခု ပြုလုပ်ရန် လိုအပ်နေသည်။
ပုန်ကန်သူယန်ချင်းသည် ရွှေအမြုတေတရားရုံးမှအနားမယူမီ နောက်ဆုံးအကြိမ်အဖြစ် ပွဲထွက်လာတော့မည် ဖြစ်သည်။
“ကြီးကြပ်ရေးမှူး လဲ့ဝေယွမ်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
“ကျွန်တော်တို့ ဂျူနီယာတွေ လမ်းမှားမရောက်သွားအောင် ခင်ဗျား ပြသပေးတဲ့ ဂရုစိုက်မှုကို အမြဲတမ်း လေးစားအားကျမိပါတယ်။”
“အရင်တုန်းက အသေးအဖွဲ ပြဿနာလေးတွေ ရှိခဲ့ပေမဲ့ အခုတော့ ကျွန်တော့်ရဲ့ လမ်းစဉ်တွေကို ပြင်ဆင်နိုင်ခဲ့ပြီး ရင့်ကျက်လာခဲ့ပြီလို့ ဝမ်းသာအားရ ပြောပါရစေ။ အဲဒါက ခင်ဗျားရဲ့ ကျေးဇူးတွေ အများကြီး ပါဝင်နေလို့ပါ။”
ယန်ချင်းက ခေတ္တရပ်ကာ လေးနက်သော ဦးညွှတ် ဂါရဝပြုမှုတစ်ခုကိုပင် ပြုလုပ်လိုက်သည်။
“ဌာနမှူးကျူးလောင်က ကြင်နာစွာနဲ့ ပေးအပ်လာတဲ့ အခွင့်အရေးကို အသုံးပြုပြီး၊ အကယ်ဒမီ ပင်မစာကြည့်တိုက်ရဲ့ ၇ လွှာကို ဝင်ရောက်ခွင့်ရဖို့ တောင်းဆိုချင်ပါတယ်။”
“ဒီနေ့ ကြားသိခဲ့ရတဲ့ သတင်းအချက်အလက်တွေက ကျွန်တော်တို့ ပတ်ဝန်းကျင်က ကမ္ဘာကြီးအကြောင်းကို ဘယ်လောက်တောင် အမြင်ကျဥ်းမြောင်းနေတာလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။”
“ဒါကြောင့် ဘယ်လောက်ပဲ သေးငယ်နေပါစေ ကျွန်တော့်ရဲ့ ဗဟုသုတရေကန်ကြီးကို ချဲ့ထွင်ခြင်းအားဖြင့် ဒါကို ကုစားဖို့ ရည်ရွယ်ထားပါတယ်။” ယန်ချင်းက လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏စကားမှာ ခနဲ့တဲ့တဲ့ ပြောဆိုမှုများ၊ တိတ်တဆိတ် ထိုးနှက်မှုများ၊ ဖားယားမှုများနှင့် အမှန်တရားတို့ ရောနှောနေသည်။
သူ၏လမ်းစဉ်ကို သင်ယူနိုင်ခဲ့သည်မှာ အမှန်တရားပင် ဖြစ်သည်။
ပုန်ကန်သူယန်ချင်းအနေဖြင့် ဆက်လုပ်နေမည်ဆိုလျှင် ဒဏ်ရိုက်ခံရမှုများနှင့် လစာဖြတ်တောက်ခံရမှုများကြောင့် ဒုက္ခရောက်စေရုံသာ ရှိမည်ဖြစ်သည်။
သူ၏ တရားခွင်ရုံးခန်းနှင့် လက်ကျန် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၃ တုံးတို့က ထိုအချက်ကို သက်သေပြနေသည်။
မျက်နှာပြောင်တိုက်ခြင်း၊ ဖားယားခြင်းနှင့် အခမဲ့ရနိုင်မည့် အရာများကို ရယူရန် အခွင့်အရေးတိုင်းကို အသုံးချခြင်းတို့ကသာ သူ၏ အစစ်အမှန်လမ်းစဉ် ဖြစ်လာခဲ့လေပြီ။
ရန်သူတော် လဲ့ဝေယွမ်နှင့် တိုက်ပွဲဝင်လာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပြီး တိုက်ပွဲတိုင်းတွင် ရှုံးနိမ့်ခဲ့ရသော်လည်း သူ၏ လှုပ်ရှားမှုများကို ကြိုတင် ခန့်မှန်းနိုင်ခြင်းကဲ့သို့သော အချက်အချို့ကိုလည်း အတွေ့အကြုံများမှတစ်ဆင့် သင်ယူနိုင်ခဲ့သည်။
သူ၏ ခွင့်ရက်များ တိုးမြှင့်ရရှိခြင်းမှာ အကောင်းဆုံး ရလဒ်ဖြစ်နိုင်သော်လည်း လဲ့ဝေယွမ်က အမြဲတမ်းလိုလို တစ်နည်းမဟုတ် တစ်နည်းဖြင့် ဝင်ရောက် စွက်ဖက်လိမ့်မည်ဟု ခံစားနေရသည်။
ထို့ကြောင့် အခြားတစ်ခုကို ရွေးချယ်ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။
ဝိညာဉ်ချီများကို ငမ်းငမ်းတက်စုပ်ယူတတ်သော သူ၏ ရွှံ့စေးကျောက်စာချပ်မှာ ရှေးဟောင်းမျိုးနွယ်များ၏ အကြွင်းအကျန် ပစ္စည်းတစ်ခုဖြစ်ကြောင်း ကြားသိလိုက်ရကတည်းက ထိုကဲ့သို့သော အရာမျိုးကို ပေးအပ်လိုက်ခြင်းအတွက် ဆုလာဘ်တစ်ခုတော့ ရရှိမည်မှာ သေချာကြောင်း တွက်ဆထားပြီး ဖြစ်သည်။
ဤသို့သော အရာမျိုး ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များလည်း ရှိခဲ့ဖူးသည်။ ရတနာတစ်ခု ဖြစ်လာမည့် အရာတစ်ခုခုကို လှူဒါန်းလိုက်ခြင်းက အဖွဲ့အစည်းထံမှ ရက်ရောသောဆုလာဘ်များကို ရရှိစေခဲ့သည်။
ထိုအချိန်မှစ၍ သူ ဘာလိုချင်သနည်းဆိုသည်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သူ၏ရွေးချယ်မှု အများစုမှာ ဘဏ္ဍာတိုက်နှင့် ဆက်စပ်နေသည်။
အလုပ်တာဝန်များကို တစ်ယောက်တည်း ထမ်းပိုးမနေရစေရန် သူ၏အဖွဲ့သားများ နန်းတော်အဆင့်သို့ ချိုးဖောက်ဝင်ရောက်မှုကို အရှိန်မြှင့်တင်ပေးနိုင်မည့် အရာတစ်ခုခု သို့မဟုတ် သူ့ကိုယ်ပိုင်အတွက် တစ်ခုခုကို တောင်းဆိုနိုင်သည်။
ဆုလာဘ်ကို အစီအရင်ခန်းမ၏ ဝန်ဆောင်မှုများ ရယူရန်နှင့် သူ၏စံအိမ်ရှိ အစီအရင်များကို အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုရန်ပင် စဉ်းစားခဲ့သော်လည်း၊ အထက်လူကြီးအချို့နှင့်အတူ စာကြည့်တိုက်မှူးချုပ်လည်း ထိုနေရာတွင် ရှိနေကြောင်း သတိရလိုက်သောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
‘အလုပ်နည်းနည်းလုပ်ပြီး ရနိုင်သမျှအများကြီး ရယူပါ’ ဆိုသည့်စကားနှင့်အတူ သူ၏ မန္တန်တစ်ခုမှာ ‘အထူးသဖြင့် မင်း ရနိုင်ဖို့ မဖြစ်နိုင်တဲ့ အရာမျိုး ပါဝင်နေမယ်ဆိုရင် မြေကြီးပေါ် ဝပ်တွားရမယ်ဆိုရင်တောင် မင်း ရနိုင်သမျှ အကောင်းဆုံး အပေးအယူကို ရယူပါ’ ဆိုသည်ပင် ဖြစ်သည်။
ထိုမန္တန်က သူ့ကို အထူးသဖြင့် အခမဲ့အစားအသောက်များ ရယူရာတွင် ကောင်းစွာ အကျိုးပြုခဲ့သည်။