← Chapters

မဲများရယူခြင်း

Vol. 13 Ch. 124

မဲများရယူခြင်း

Vol. 13 Ch. 124

စားသောက်ခြင်း၊ ပျင်းရိခြင်း၊ ညဏ်နီညဏ်နက်များခြင်းအပါအဝင် ညည်းညူခြင်းမှလွဲ၍ စာဖတ်ခြင်းကို အလွန်နှစ်သက်သည်။

အကယ်ဒမီတွင် ရှိနေစဉ်ကာလအတွင်း သူ၏ အချိန်အများစုကို ပင်မစာကြည့်တိုက်တွင် ကုန်ဆုံးလေ့ရှိသည်။

အတန်းတက်ခြင်း၊ လေ့ကျင့်ခြင်း၊ ကျင့်ကြံခြင်း သို့မဟုတ် ငြိမ်းချမ်းရာမဲ့အကျဉ်းထောင်မှ အကျဉ်းသားအချို့နှင့်တိုက်ပွဲများ အပါအဝင် ဆရာများ၏ ရက်စက်သော ရိုက်နှက်ဆုံးမမှုများကို ခံရခြင်းတို့ မရှိသည့် အားလပ်ချိန်တိုလေးများကို စာကြည့်တိုက်ထဲတွင်သာ ကုန်ဆုံးလေ့ရှိသည်။

မြို့ငယ်လေးတစ်မြို့စာ အရွယ်အစားရှိသော နေရာတစ်ခုအနေဖြင့် ပင်မစာကြည့်တိုက်အတွင်းရှိ ဗဟုသုတ ပမာဏမှာ များပြားလှသည်။

ယန်ချင်းသည် ဖတ်ရှုရန် ဘာသာရပ်များကို ကျပန်းရွေးချယ်လေ့ရှိပြီး ယနေ့တိုင် အကျင့်တစ်ခု ဖြစ်လာကာ အချိန်ရတိုင်း စာကြည့်တိုက်သို့ သွားရောက်လေ့ရှိသည်။

အဖွဲ့အစည်း၏ ဝန်ထမ်းများထဲတွင် ထိုသို့ပြုလုပ်သူမှာ သူတစ်ယောက်တည်းတော့ မဟုတ်ပေ။

အဖွဲ့အစည်းဝန်ထမ်း အများစုမှာ သူတို့၏ ရုံးခန်းများ သို့မဟုတ် စံအိမ်များတွင် ကိုယ်ပိုင်စာကြည့်တိုက်လေးများ ရှိကြသည်။

သို့သော် ကိုယ်ပိုင်စာကြည့်တိုက်များ မည်မျှပင် ခမ်းနားနေစေကာမူ ပင်မစာကြည့်တိုက်နှင့် ယှဉ်လျှင် အလွန်ကွာခြားလှပေသည်။

ထို့ကြောင့် ဝန်ထမ်းအများစုမှာ ပင်မစာကြည့်တိုက်ကိုသာ ရွေးချယ် အသုံးပြုလေ့ရှိကြသည်။

ပင်မစာကြည့်တိုက်မှာ အဖွဲ့အစည်း စတင်တည်ထောင်ချိန် သို့မဟုတ် တရားဝင် မစတင်မီ အခြေခံအုတ်မြစ်ချချိန် ကတည်းက ကြိုးပမ်းအားထုတ်မှုများ၏ ရလဒ်ဖြစ်ပေသည်။

၎င်း၏ သမိုင်းကြောင်းနှင့် အရေးပါမှုတို့ကြောင့် ပင်မစာကြည့်တိုက်သို့ ဝင်ရောက်ခွင့်ရရန် သတ်မှတ်ချက်မှာ အလွန်တင်းကြပ်ပေသည်။

စာကြည့်တိုက်တွင် စုစုပေါင်းအထပ်ကိုးထပ် ရှိသည်။

ပထမထပ်မှာ ကန့်သတ်ချက် အနည်းဆုံးဖြစ်ပြီး အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွှယ်သူ ကျောင်းသား၊ ဝန်ထမ်း သို့မဟုတ် ဝင်ခွင့်လက်မှတ်ရှိသော ပြင်ပလူ ဖြစ်ရန်သာ လိုအပ်သည်။

ပထမထပ်တွင် သိမ်းဆည်းထားသော သတင်းအချက်အလက်များမှာ ကျင့်ကြံခြင်းနှင့် မပတ်သက်သော အထွေထွေ ဗဟုသုတများသာ ဖြစ်သည်။

ပုံပြင်များနှင့် မြစ်များ၊ ရေကန်များ၊ တောင်များ အစရှိသည့် အချက်အလက်များမှလွဲ၍ တိကျသော အသေးစိတ် အချက်အလက်များ မပါဝင်သည့် တောင်ပိုင်းတိုက်ကြီး၏ အကြမ်းဖျင်း မြေပုံများကဲ့သို့သော အခြေခံ သတင်းအချက်အလက် အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။

စာကြည့်တိုက် အပေါ်သို့ တက်သွားလေလေ ကန့်သတ်ချက်များ ပိုမို မြင့်မားလေလေဖြစ်ပြီး သိမ်းဆည်းထားသော သတင်းအချက်အလက် အဆင့်အတန်းများလည်း ပိုမို မြင့်မားလေလေ ဖြစ်သည်။

ထို့အပြင် အထပ်များ မြင့်တက်လာသည်နှင့်အမျှ အသုံးဝင်မှုနှင့် စွမ်းအားပိုမိုမြင့်မားလာသော မတူညီသည့် အထူးအစီအရင်များလည်း ထိုအထပ်များတွင် ပါဝင်သည်။

ဒုတိယထပ်မှစ၍ အထက်ပိုင်းအထပ်များတွင် ကျင့်စဉ်များကို ထိုအထပ်၏ အထူးအစီအရင်များနှင့်အတူ သိမ်းဆည်းထားသည်။

ထိုအကြောင်းရင်းကြောင့် ပြင်ပလူများကို ဒုတိယထပ်နှင့် အထက်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ယန်ချင်း၏ ဝင်ရောက်ခွင့်မှာ အဆင့်နိမ့်အပြာရောင်အဆင့် အထပ်ဟုခေါ်သော ပဉ္စမထပ်အထိ ရှိသည်။

၎င်းမှာ အဆင့်နိမ့်အပြာရောင်အဆင့်ရှိ ကျင့်စဉ်များဖြင့် ပြည့်နှက်နေပြီး ထိုအဆင့်နှင့် ညီမျှသော သတင်းအချက်အလက်များလည်း ပါဝင်သည်။

ကျောင်းသားဘဝက အဖွဲ့အစည်း၏ အစီအစဉ်များ၊ အထူးသဖြင့် တင်းကျပ်သော ဝင်ခွင့်သတ်မှတ်ချက်များမှာ ရယ်စရာကောင်းပြီး ကပ်စေးနှဲသည်ဟု ထင်ခဲ့ဖူးသည်။

ထိုစဉ်က ကျောင်းသားများအနေဖြင့် အပြာရောင်အဆင့် ကျင့်စဉ်အချို့ကို ဝင်ရောက်ကြည့်ရှုခွင့် ရနေပြီးသားဖြစ်လျက်နှင့်၊ အဆင့်မြင့်လိမ္မော်ရောင်အဆင့် ကျင့်စဉ်များရှိသော အထပ်တစ်ခုကို ဝင်ရောက်ရန်အတွက် အဘယ်ကြောင့် အခက်အခဲများစွာကို ဖြတ်သန်းရသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။

သို့သော် နောက်ပိုင်းမှသာ ထိုအတွေးများ မည်မျှမှားယွင်းနေခဲ့ကြောင်းကို သိရှိလာခဲ့သည်။

အပြာရောင်အဆင့် ကျင့်စဉ်များကို ဝင်ရောက်ကြည့်ရှုခွင့် ရခဲ့သော်လည်း ၎င်းမှာ ဆရာများက ရွေးချယ်ပေးထားသောကျင့်စဥ်များနှင့် ကျောင်းသားများကိုယ်တိုင် ရွေးချယ်ထားသော ကျင့်စဉ်အနည်းငယ်မျှသာ ဖြစ်သည်။

အဖွဲ့အစည်းဝန်ထမ်းတစ်ဦးအနေဖြင့် ကျင့်စဉ်တစ်ခုကို ရွေးချယ်ရန် အကျိုးဆောင်မှတ်များကို အသုံးပြုသောအခါတွင်လည်း တူညီသော စည်းမျဉ်း သက်ရောက်သည်။

ဥပမာအားဖြင့် ရေစွမ်းအင်နှင့် ကိုက်ညီသော ဓားကျင့်စဉ်ကဲ့သို့သော သတ်မှတ်ထားသည့် အပိုင်းအခြားအတွင်းမှသာ ရွေးချယ်နိုင်သည်။

အဖွဲ့အစည်းအတွင်း အကျိုးဆောင်မှတ်များမှာ ရရှိရန် အလွန်ခက်ခဲသောကြောင့် လက်ရှိ လိုအပ်ချက်များအပေါ်တွင်သာ မူတည်ပြီး အခြား စိတ်ဝင်စားမှုများကို ချန်လှပ်ထားခဲ့ရသည်။

သို့သော် ပင်မစာကြည့်တိုက်ရှိ သီးခြားအထပ်တစ်ခုသို့ ဝင်ရောက်ခွင့်ရပါက ထိုအထပ်အတွင်းရှိ မည်သည့်အမျိုးအစားမဆို ကျင့်စဉ်များအားလုံးကို ကန့်သတ်ချက်မရှိ ဝင်ရောက်ကြည့်ရှုခွင့် ရရှိသည်ဟု အဓိပ္ပာယ်ရသည်။

ဆိုလိုသည်မှာ ယန်ချင်း၏ လက်ရှိအဆင့်တွင် လှံကျင့်စဉ်၊ ဓားကျင့်စဉ်၊ လက်သီးကျင့်စဉ် သို့မဟုတ် အစီအရင်ပုံစံကြမ်း မည်သည့်အမျိုးအစားဖြစ်စေကာမူ အဆင့်နိမ့် အပြာရောင်အဆင့် ဖြစ်နေသရွေ့ ပဉ္စမထပ်တွင် သိမ်းဆည်းထားပြီး ၎င်းတို့အားလုံးကို ဝင်ရောက်ကြည့်ရှုခွင့် ရရှိခြင်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ထပ်မံဖြည့်စွက်နေသဖြင့် ထိုနေရာတွင် သိမ်းဆည်းထားသော အရေအတွက်မှာလည်း ပုံသေမရှိပေ။

ခွင့်ရက်များတွင် ထိုနေရာ၌ မကြာခဏ အချိန်ဖြုန်းလေ့ရှိသော်လည်း ယနေ့တိုင် ပဉ္စမထပ်ရှိ အရာများ၏ ရှစ်ပုံတစ်ပုံကိုပင် မဖတ်ရသေးပေ။

….

ယခုအခါတွင်မူ အဆင့်မြင့်အပြာရောင်အဆင့် ကျင့်စဉ်များနှင့် အခြားသက်ဆိုင်ရာ သတင်းအချက်အလက်များ၊ အထောက်အကူပြု ပစ္စည်းများ သိမ်းဆည်းထားသော သတ္တမထပ်သို့ ဝင်ရောက်ခွင့် ရလိုနေသည်။

ထိုအထပ်သို့ ဝင်ရောက်ခွင့်ရရန် အနည်းဆုံး သတ်မှတ်ချက်မှာ နန်းတော်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေရန်နှင့် ထိုအဆင့်နှင့် ညီမျှသော စွမ်းဆောင်ရည်များ ရှိထားရန် လိုအပ်ပြီး သူနှင့် အလှမ်းဝေးလွန်းနေသဖြင့် ဝင်ရောက်ခွင့်ရရန် မသေချာသေးပေ။

ဝင်ခွင့်ရရန် အခွင့်အလမ်း နည်းပါးသော်လည်း လက်ရှိရောက်နေသော နေရာနှင့် အထူးသဖြင့် ဤနေရာတွင် ရှိနေသော လူများကြောင့် အောင်မြင်နိုင်ခြေ ရှိနေသည်။

ဌာနမှူးများမှစ၍ အစီအရင်ခန်းမ၏ ခန်းမသခင်၊ ဒုတိယခန်းမသခင်များ၊ စံပြနယ်မြေပိုင်ဆိုင်ထားသော အထက်တန်း နယ်မြေတရားသူကြီးနှင့် လုပ်ငန်းတစ်ခုလုံးကို တာဝန်ယူထားသော စာကြည့်တိုက်မှူးချုပ် အစရှိသည့် ပုဂ္ဂိုလ်ကြီးများဖြင့် ပြည့်နှက်နေသည့် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သူတို့၏ ကူညီမှုဖြင့်ဆိုပါက တောင်းဆိုချက်ကို ခွင့်ပြုနိုင်ခြေရှိပြီး အပြာရောင်နတ်သမီး ပစ္စည်း၏ တန်ဖိုးကိုပါ ထည့်တွက်လိုက်လျှင် အခွင့်အလမ်း ပိုများသွားမည် ဖြစ်သည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မအောင်မြင်လျှင်လည်း ဆုံးရှုံးစရာမရှိဘဲ ဘဏ္ဍာတိုက်ထဲမှ ရတနာတစ်ခုကိုသာ ရွေးချယ်လိုက်မည် ဖြစ်သည်။

သို့သော် အောင်မြင်သွားပါက အကျိုးအမြတ်ရမည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ ထိုနေရာတွင် ကမ္ဘာကြီး၏ လျှို့ဝှက်ချက် အများအပြားကို သိမ်းဆည်းထားမည်မှာ သေချာနေခြင်း ဖြစ်သည်။

၎င်းမှာ ပဉ္စမထပ်တွင် ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့သော သတင်းအချက်အလက်များအပေါ် အခြေခံထားသည့် ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။

….

ဌာနမှူးကျူးလောင်က ဌာနမှူးချူကျန်း၊ မုန့်ချောင်၊ ဒုတိယဌာနမှူးယွီလုံနှင့်အတူ ဒုတိယထောင်မှူးရှောင်အန်းတို့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“မင်းကို ဝင်ခွင့်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ အရမ်းကြီး မျှော်လင့်မထားနဲ့ဦး။”

“အကောင်းဆုံး အခြေအနေမှာတောင် ယာယီဝင်ခွင့်လောက်ပဲ ရမှာဖြစ်ပြီး အချိန်အတိုင်းအတာကိုတော့ ကျုပ်တောင် မပြောနိုင်ဘူး။”

“မင်း သတ္တမထပ်ကို ဝင်ခွင့်ရဖို့က ပုံမှန်သတ်မှတ်ချက်တွေနဲ့ မဟုတ်ဘဲ အထူးအခြေအနေကတစ်ဆင့် ဝင်ရောက်မှာ ဖြစ်လို့ မဲခွဲဆုံးဖြတ်ရလိမ့်မယ်။”

“ကျုပ် ကျန်တဲ့လူတွေကို ပြောပေးကြည့်လို့ ရပါတယ်။ ကံကောင်းတာက ကျုပ်အပါအဝင် ဒီမှာတင် မဲအနည်းငယ် ရနေပြီပဲ။”

သူ၏စကားကို သဘောတူသည့်အနေဖြင့် ကျန်သူများ အားလုံးက ခေါင်းညိတ်ပြကြသည်။

ထိုနေရာတွင် ရှိနေသူများထဲ၌ ထိုကိစ္စအတွက် မဲပေးပိုင်ခွင့်ရှိသူများမှာ သူတို့သာ ဖြစ်သည်။

စာကြည့်တိုက်မှူးချုပ်တွင်လည်း မဲတစ်မဲ ရှိသော်လည်း တစ်စုံတစ်ရာကြောင့် ဌာနမှူးကျူးလောင်မှာ သူ၏ သဘောထားကို မေးမြန်းရန် တွန့်ဆုတ်နေသည်ကို ယန်ချင်း သတိပြုမိလိုက်သည်။

ဌာနမှူးကျူးလောင်၏ ထူးဆန်းသော အမူအရာ နောက်ကွယ်မှ အကြောင်းရင်းကို စဉ်းစားနေစဉ်မှာပင် ထိုလူက စကားစပြောလာသည်။

စာကြည့်တိုက်မှူးချုပ်က မျက်လုံးများ တောက်ပလာကာ ရယ်မောရင်း ပြောလိုက်သည်။

“ဟီးဟီး... စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးပဲ။ မင်း ငါ့ဆီက မဲတစ်မဲ ရပါတယ်။ ဒါပေမဲ့ မင်း ငါ့ကို ကျေးဇူးဆပ်ရမယ်။”

“မင်း စံပြနယ်မြေကို ရခဲ့ရင် အဲဒီကျေးဇူးကို ငါ ပြန်တောင်းမယ်... မရခဲ့ရင်တော့ ကောင်းမှုကုသိုလ် လုပ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။”

ယန်ချင်းက ကျေးဇူးတင်စွာဖြင့် ဦးညွှတ်ရင်း လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။

“စာကြည့်တိုက်မှူးချုပ်နဲ့ တခြားစီနီယာတွေကို ကျေးဇူးအများကြီး တင်ပါတယ်။”

“ကျွန်တော် ဝင်ခွင့်မရခဲ့ရင်တောင် တစ်နေ့ကျရင် ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်။”

“မင်း ငါ့မဲကိုလည်း ရနိုင်ပါတယ် ယန်ချင်း။ နောက်ကျမှ ရောက်လာတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။”

ညင်သာသော်လည်း စူးရှသော အသံတစ်ခု အားလုံး၏ နားထဲသို့ ဝင်ရောက်လာသည်။

နောက်တစ်စက္ကန့်တွင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ခန့်ညားနုပျိုသော အမျိုးသားတစ်ဦးသည် ဌာနမှူးကျူးလောင်၏ ဘေးတွင် ရပ်လျက် ရှိနေလေသည်။

All Chapters