ဝိညာဉ်အော်သံ တောင်တန်း
Vol. 13 Ch. 125
လူအားလုံး၏ အာရုံများက ဌာနမှူးကျူးလောင်၏ ဘေးရှိ ဧည့်သည်အသစ်ထံသို့ ပြောင်းလဲသွားသည်။
“အတော်လေးစိတ်ဝင်စားစရာကောင်းတဲ့ဟာပဲ... ဒီပုံစံက ကြည့်ရတာ သော့တစ်မျိုးမျိုးနဲ့ တူတယ်။”
ဌာနမှူးကျူးလောင်၏ ဘေးတွင် ရပ်နေသော အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားက မှတ်ချက်ချလိုက်သည်။
သူ၏မျက်နှာနှင့် အပြာရောင်နတ်သမီး ပစ္စည်းကြားတွင် မီလီမီတာ အနည်းငယ်မျှသာ ကွာဟတော့သည်အထိ ကိုယ်ကို ကိုင်းညွတ်ကာ အသေအချာ အကဲခတ်နေသည်။
တစ်စက္ကန့်မျှ အကြာတွင် ဌာနမှူးကျူးလောင်က တုံ့ပြန်လိုက်သည်။
“ဒုတိယအဓိပတိဝူလင်း... အလုပ်တွေ ရှုပ်နေတဲ့ကြားကနေ အထူးသဖြင့် ကျောင်းသားသစ်တွေအတွက် ဝင်ခွင့်စာမေးပွဲတွေ နီးကပ်နေချိန်မှာ အခုလို ရောက်လာပေးတာက ကျုပ်အတွက် ဝမ်းသာစရာပါပဲ။”
ဌာနမှူးကျူးလောင်က အဖြူရောင်ဝတ်ရုံရှင်၏ ကျောကိုပုတ်ရင်း ရယ်မောကာ ဆီးကြိုလိုက်သည်။
“အင်း...”
ထိုအမျိုးသားက ခေါင်းတစ်ချက် ညိတ်ပြလိုက်သော်လည်း သူ၏အာရုံမှာ ထိုပစ္စည်းပေါ်တွင်သာ စူးစိုက်နေဆဲ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျစ်လျူရှုကာ နစ်မြောနေသည့် သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ဌာနမှူးကျူးလောင်မှာ ပြုံး၍ ခေါင်းခါရုံသာ တတ်နိုင်တော့သည်။
၎င်းမှာ ထိုလူအတွက်တော့ ရိုးအီနေသော အကျင့်တစ်ခု ဖြစ်သည်။ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသည်နှင့် ကျန်အရာအားလုံးကို မေ့ပစ်ကာ သူ၏အာရုံစူးစိုက်မှု အားလုံးကို ထိုအရာပေါ်တွင်သာ နှစ်မြှုပ်ထားတတ်သည်။
ထို့ကြောင့်ပင် သူ့ကို ဒုတိယအဓိပတိအဖြစ် ခန့်အပ်လိုက်သောအခါ အားလုံးက အံ့အားသင့်ခဲ့ကြခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုရာထူးမှာ အလုပ်ကိစ္စပေါင်းများစွာကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းရသောကြောင့် ဖြစ်ပြီး အထူးသဖြင့် ပြီးခဲ့သော ရာစုနှစ်အတွင်း အဓိပတိမှာ အမြဲလိုလို ပျောက်ဆုံးနေတတ်သောကြောင့် ပို၍ပင် တာဝန်ကြီးမားလေသည်။
သို့သော် စိတ်ဝင်စားမှု တစ်ခုခု ပေါ်လာလျှင် အခြားအရာများကို အာရုံမစိုက်နိုင်တော့သည့် အားနည်းချက် ရှိနေသော်ငြားလည်း ဒုတိယအဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အကယ်ဒမီ၏ လုပ်ငန်းဆောင်တာများကို ပြောင်မြောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ယန်ချင်းနှင့် နယ်မြေအဆင့် ကျွမ်းကျင်သူ အချို့အပါအဝင် ကျန်လူများအားလုံးက နုပျိုသော အသွင်အပြင်ရှိသည့် ဒုတိယ အဓိပတိကို ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။
တက်ရောက်လာသော ဧည့်သည်အချို့မှာ တစ်ချိန်က သူ၏ တပည့်များ ဖြစ်ခဲ့ဖူးသည်။
ယန်ချင်း အကယ်ဒမီသို့ ဝင်ရောက်လာချိန်တွင်မူ စာသင်ကြားခြင်းကို ရပ်နားလိုက်ပြီး အုပ်ချုပ်ရေးပိုင်းကိုသာ အာရုံစိုက်နေပြီ ဖြစ်သည်။
ကျောင်းသားအရေအတွက် တိုးလာသည်နှင့်အမျှ အတန်းဝင်သင်ရန် အချိန်မရတော့ပေ။
ယန်ချင်းအနေဖြင့် ဒုတိယအဓိပတိ၏ တိုက်ရိုက်သင်ကြားမှုကို မခံယူခဲ့ရသော်လည်း ကျောင်းသားဘဝက ဒုတိယအဓိပတိ၏ လက်အောက်တွင် ပညာသင်ကြားခဲ့ရသည့် အချိန်များအကြောင်းကို ဝင့်ကြွားစွာ ပြန်လည်ပြောပြတတ်သော ဆရာများထံမှတစ်ဆင့် သူ၏အကြောင်းကို ကြားဖူးခဲ့သည်။
ဆရာများက သူ့ကို အမြဲတမ်း ချီးမွမ်းခန်း ဖွင့်လေ့ရှိကြသည်။
သူ၏ ပြုစုပျိုးထောင်မှု စွမ်းရည်များက လူတိုင်း၏ မျက်လုံးများထဲရှိ ကြည်ညိုလေးစားမှု နောက်ကွယ်မှ အကြောင်းရင်းများအနက် တစ်ခုဖြစ်ပြီး အခြားတစ်ချက်မှာ အမြင့် မီတာ ၁၆,၈၀၀ ရှိသော တောင်ထွတ်နှင့် အလွန်နီးကပ်သည့် ‘ဝိညာဉ်အော်သံ တောင်တန်း’၏ မီတာ ၁၄,၀၀၀အထိ ရောက်ရှိခဲ့ဖူးသူ ၁၃ ဦးထဲတွင် တစ်ဦးအပါအဝင် ဖြစ်နေခြင်းကြောင့်ပင်။
ဝိညာဉ်အော်သံတောင်တန်းသည် အဖွဲ့အစည်းမှ ပိုင်ဆိုင်သော ထူးဆန်းသည့် သဘာဝရတနာတစ်ခု ဖြစ်ပြီး ယန်ချင်း ကြားဖူးသလောက် ၎င်း၏ မူလဇစ်မြစ်မှာ သာမန်ဟုသာ ထင်ရပြီး ကျယ်ပြောလှသော မိုးပြာမူလသမုဒ္ဒရာမှ ဖြစ်သည်။
၎င်းသည် အဖွဲ့အစည်း စတင်တည်ထောင်စဉ်ကတည်းက ရှိခဲ့သော အခြေခံအုတ်မြစ်ရတနာများထဲမှ တစ်ခုဖြစ်ပြီး အဖွဲ့အစည်း၏ လျင်မြန်သော တိုးတက်မှု နောက်ကွယ်မှ အကြောင်းရင်းများထဲတွင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
အမည်နှင့် လိုက်ဖက်စွာပင် ဝိညာဉ်အော်သံ တောင်တန်းသည် မတူညီသော ဝိညာဉ်များ၏ မနားတမ်းအူသံများဖြင့် ပြည့်နှက်နေသည်။
အချို့မှာ လူသားများ၊ အချို့မှာ ဝိညာဉ်သားရဲများ သို့မဟုတ် လူသားလည်း မဟုတ် ဝိညာဉ်သားရဲလည်း မဟုတ်သော အခြားကျပန်းမျိုးနွယ်စုများ ဖြစ်နိုင်ကြသည်။
မည်သည့်ပုံစံမျိုးဖြင့် ထွက်ပေါ်လာစေကာမူ ထိုအသံများတွင် တူညီသော အချက်တစ်ချက် ရှိသည်။
၎င်းတို့အားလုံး၏ အဓိကရည်ရွယ်ချက်မှာ အသံကို ကြားရသူများ၏ ဝိညာဉ်များကို တိုက်ခိုက်ပြီး ဖြိုခွဲပစ်ရန် ဖြစ်သည်။တိုက်ခိုက်မှုများမှာ ပုံစံအမျိုးမျိုး ရှိတတ်သည်။
ဖြားယောင်းသွေးဆောင်ခြင်း၊ အစစ်အမှန်နှင့် ခွဲခြားရန် အလွန်ခက်ခဲသော အာရုံလှည့်စားမှုများ၊ ဝိညာဉ်ကို တိုက်ရိုက် မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်းနှင့် အခြားသော မတူညီသည့် နည်းလမ်းမျိုးစုံ ပါဝင်သည်။
၎င်း၏ ထူးခြားသော သဘာဝကြောင့် ဝိညာဉ်အော်သံတောင်တန်းကို အဖွဲ့အစည်းက အဖွဲ့ဝင်များ၏ ဝိညာဉ်များကို ပိုမို သန်မာလာစေရန် အသုံးပြုခဲ့သည်။
ထိုနေရာတွင် ဝိညာဉ်ပြိုကွဲသွားသူတိုင်း အမှန်တကယ် သေဆုံးသွားမည် ဖြစ်သောကြောင့် သေဆုံးမှုနှုန်းကို လျှော့ချရန်အတွက် အထူး ကြိုတင်ကာကွယ်ရေး အစီအစဥ်များကိုလည်း ချမှတ်ထားသည်။
သို့သော် ထိုသို့ ကာကွယ်ထားသည့်တိုင်အောင် အချိန်နှင့်အမျှ သေဆုံးမှုများ ရှိနေဆဲဖြစ်ပြီး နှစ်ပေါင်းများစွာ အနားယူ ကုသရမည့် ရေရှည်ဒဏ်ရာရရှိသူများလည်း ရှိနေတတ်သည်။
အန္တရာယ်များနှင့်အတူ ဆုလာဘ်များမှာလည်း ဒွန်တွဲ၍လာတတ်သည်။ ဝိညာဉ်အပေါ် တိုက်ခိုက်မှုများနှင့် နှိပ်စက်မှုများကို ကျော်ဖြတ်နိုင်သူများ၏ ဝိညာဉ်များမှာ သန့်စင်သွားသွားပြီး ပိုမို ကြံခိုင်လာမည် ဖြစ်သည်။
တစ်ခါတစ်ရံတွင် ရုတ်တရက် အလင်းပွင့်သွားခြင်းမျိုးပင် ရှိတတ်ပြီး ၎င်းမှာ သူတို့ကို နှိပ်စက်ခဲ့သော အသံ၏ မူလဇစ်မြစ်နှင့် ဆက်စပ်နေတတ်သည်။
ထို့ကြောင့်ပင် အသက်အန္တရာယ် ရှိနေသည့်တိုင် အဖွဲ့အစည်းက အဖွဲ့ဝင်များကို ထိုတောင်ကို တက်ရန် တွန်းအားပေးနေခြင်း ဖြစ်သည်။
ရောက်ရှိသည့် အဆင့်အပေါ် မူတည်၍ ဆုလာဘ်များနှင့် အကျိုးဆောင်မှတ်များကိုလည်း ပေးအပ်လေသည်။
တောင်တက်သူတိုင်း၏ တိုးတက်မှုကို တောင်ခြေရှိ လူတိုင်းမြင်တွေ့နိုင်သော အဖြူရောင်စင်မြင့်ကျယ်ကြီးတစ်ခုပေါ်တွင် အလိုအလျောက် မှတ်တမ်းတင်ထားသည်။
ရရှိလာသော တိုးတက်မှုတိုင်းသည် ဂုဏ်ထူးဆောင် တံဆိပ်တစ်ခုကဲ့သို့ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုမှတ်တမ်းတွင် လွန်ခဲ့သော နှစ် ၅၀၀ အတွင်း တောင်တက်ခဲ့ဖူးသူ အားလုံး၏ အမည်များ ပါဝင်နေသောကြောင့် ဖြစ်ပြီး ထိုအချက်ကပင် ဒုတိယအဓိပတိ၏ ထိပ်ဆုံး ၁၃ ယောက်စာရင်းဝင် မှတ်တမ်းကို အလွန်ကြည်ညိုလေးစားဖွယ် ကောင်းနေစေခြင်း ဖြစ်သည်။
သူသည် နယ်မြေအဆင့်တွင် ရှိနေစဉ်က မီတာ ၁၄,၀၀၀ အမှတ်အသားသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသူများမှာ ရရှိမည့် အကျိုးကျေးဇူး နည်းပါးသောကြောင့် ထိုတောင်ကို တက်လေ့ မရှိကြပေ။
ထို့ကြောင့် စင်မြင့်ပေါ်တွင် မှတ်တမ်းတင်ထားသော အမည်များ အားလုံးမှာ နယ်မြေအဆင့်နှင့် အောက်တွင် ရှိနေစဉ် တောင်တက်ခဲ့ကြသူများ၏ စွမ်းဆောင်ရည်များသာ ဖြစ်ပြီး အနည်းဆုံး သတ်မှတ်ချက်ကို အခြေတည်အဆင့်ဟု သတ်မှတ်ထားသည်။
ယန်ချင်း ကြားဖူးသလောက်ဆိုလျှင် ဒုတိယအဓိပတိသည် အကယ်ဒမီသို့ ပြောင်းရွှေ့မခံရမီက ဝိညာဉ်ကောင်စီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သောကြောင့် လွန်ခဲ့သော နှစ် ၁၀၀ ကတည်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထို နှစ် ၁၀၀ အတွင်း ထိုအမည် ၁၃ ခုမှာ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သို့သော် ထိပ်ဆုံး အမည် ၅ ခုမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အဆင့်အထိ ရောက်ရှိခဲ့ကြောင်းကိုမူ မသိရပေ။
ဒုတိယအဓိပတိအတွက်မူ အမြင့် မီတာ ၁၄,၇၄၅ သို့ ရောက်ရှိခဲ့ပြီး အဆင့် ၁၁ နေရာတွင် ရှိနေသည်။ ယန်ချင်း၏ နောက်ဆုံး မှတ်တမ်းတင်ထားသော အဆင့်မှာမူ မီတာ ၄,၈၈၃ တွင်သာ ရှိသည်။
သို့သော် သူနောက်ဆုံးတက်ခဲ့သည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေသေးချိန်က ဖြစ်သည်။
သူ၏ အဆင့်နေရာကိုမူ တွေးကြည့်ရန်ပင် ရှက်စရာကောင်းလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဂဏန်းငါးလုံး အရေအတွက်အတွင်းတွင် ရှိနေပြီး အောက်ဆုံးတွင် ရှိနေသောကြောင့်ပင်။
….
“ဒီတစ်ကြိမ်တော့ ထိပ်တန်း အယောက် ၂၀,၀၀၀ စာရင်းဝင်အောင် သေချာပေါက် လုပ်မယ်။”
ယန်ချင်းက တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသော မျက်လုံးများဖြင့် တွေးလိုက်သည်။
အပြာရောင်နတ်သမီး သလင်းကျောက်ပေါ်မှ ဒုတိယအဓိပတိ၏ အကြည့်များ နောက်ဆုံးတွင် ခွာသွားသောအခါ အဆင့်နှင့် ပတ်သက်သည့် သူ၏ အတွေးများမှာ အနည်းငယ် ပြတ်တောက်သွားခဲ့သည်။
“ဒါကို တောင်ကြားဆီ ယူသွားဖို့ ရည်ရွယ်ထားတာ မဟုတ်လား။” ဒုတိယအဓိပတိဝူလင်းက မေးလိုက်သည်။
“ဟုတ်ပါတယ်... တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တဲ့ တချို့ကိစ္စတွေ ရှိနေသေးလို့ပါ။”
“ပြီးတော့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့လည်း ဒီမှာစမ်းသပ်တာထက်စာရင် ဟိုမှာ စမ်းသပ်တာက ပိုပြီးလုံခြုံလို့ပါ။” ဌာနမှူးကျူးလောင်က ရှင်းပြလိုက်သည်။
“အင်း...ငါလဲ အဲ့တာကိုသဘောတူပါတယ်။ အကယ်ဒမီအကြောင်း ပြောရင်းနဲ့ ခုမှလာရင်းကိစ္စကို သတိရတယ်။”
“ခင်ဗျား တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်တွေအတွက် အစားထိုးဖို့ ဆက်တိုက် စာသင်ပေးရလိမ့်မယ်။”
“ပြီးတော့ ခင်ဗျားရဲ့ အတန်းတွေကို စီနီယာတွေအတွက်တင် ကန့်သတ်ထားမှာ မဟုတ်ဘဲ ကျောင်းသားသစ်တွေနဲ့ ကျန်တဲ့ ဂျူနီယာတွေအတွက်ပါ ပေါင်းပြီး အစားထိုးသင်ပေးရမယ်။”
“အဲဒါက ခင်ဗျားဌာနက ဆရာတွေကို ပေးရမယ့် အထူးသင်တန်းတွေအပြင် ထပ်တိုးအနေနဲ့ပြောတာနော်။”
“အဲဒီ အနှစ် ၅၀ စာကို ပြန်လည် အစားထိုးပေးပြီးပြီလို့ ကျွန်တော် မသတ်မှတ်မချင်း ဒါက မဝေးတော့တဲ့ အနာဂတ်အတွက် ခင်ဗျားရဲ့ အချိန်ဇယားပဲ။ ဒါကြောင့် အချိန်ရှိတုန်း ကြိုတင်ပြင်ဆင်ထားလိုက်ပါ။”
ဒုတိယအဓိပတိဝူလင်းက တင်းမာသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
သူ၏ အမူအရာမှာ အစောပိုင်းက ရှေးဟောင်းသုတေသန ရူးသွပ်သူတစ်ဦး၏ ပုံစံမှ တင်းကျပ်သော အထက်လူကြီးတစ်ဦး၏ ပုံစံသို့ ရုတ်ချည်း ပြောင်းလဲသွားလေသည်။