ယန်ချင်း၏ လက်ရှိတရားခွင်
Vol. 13 Ch. 128
သူ၏ လက်စားချေခွင့်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ ပထမအဆင့်တွင် ရှိနေချိန်၌ ရောက်ရှိလာခဲ့ပြီး ထိုအချိန်က မဟူရာနဂါးမြင်းနှစ်ကောင်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ ပဉ္စမအဆင့်တွင် ရှိနေကြသည်။
ယန်ချင်း အရှက်ခွဲခံခဲ့ရသည်မှာလည်း နှစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်သားရဲများ နေထိုင်ရာဆီသို့ ရောက်သွားသောအခါ မဟူရာနဂါးမြင်း နှစ်ကောင်မှာ အရင်ကလိုပင် အခြားဝိညာဉ်သားရဲများအပေါ် အထက်စီးမှ နေနေကြဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
သို့သော် အရင်နှင့်မတူသည်မှာ ယခုအခါ သူတို့၏အရွယ်အစားမှအလွန်ကြီးမားလာပြီး မာနများမှာလည်း ခေါင်ခိုက်လာခဲ့သည်။
ကျင့်ကြံခြင်းအဆင့်များ မြင့်တက်လာပြီး မာနများ ကြီးထွားလာကာ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သည့်တိုင် သူတို့၏ အခြားသူများအပေါ် ညှဉ်းပန်းနှိပ်စက်လိုသော အကျင့်များ ပျောက်မသွားသေးသည်ကို သတိပြုမိလိုက်သဖြင့် ယန်ချင်းမှာ အံ့အားသင့်သွားရသည်။
ပါးပြင်ပေါ်တွင် ရိုက်နှက်ခံထားရသော ကြာပွတ်ရာဖြင့် သတိလစ်နေသော သနားစရာကျင့်ကြံသူတစ်ဦးမှာ ချေးပုံအောက်တွင် နစ်မြုပ်နေလေသည်။
သူ့ကို မှတ်မိသေးသလား၊ သူ့ကို ဘာတွေလုပ်ခဲ့သလဲ၊ သူတို့အပေါ် လက်စားချေဖို့ ဘယ်လောက်တောင် မနားမနေ လေ့ကျင့်ခဲ့ရသလဲ စသည့် ရင်းနှီးပြီးသား လက်စားချေသည့် ပုံမှန်လမ်းကြောင်းအတိုင်း သွားနေရန် အချိန်မဖြုန်းတော့ပေ။
သူတို့ကို မြင်သည်နှင့် တစ်ကောင်စီ၏ ခေါင်းကို ပြင်းထန်သော လက်သီးတစ်ချက်စီ ကျွေးလိုက်ရာ သတိလစ်သွားကြပြီးနောက် အခြားကျင့်ကြံသူ ရှိနေသော ချေးပုံထဲတွင်ပင် သူတို့ကိုပါ မြှုပ်နှံထားခဲ့လိုက်သည်။
ထို့နောက် ချက်ချင်းပင် ထိုနဂါးမြင်းနှစ်ကောင်ကို သူ၏ စီးတော်ယာဉ်အဖြစ် သတ်မှတ်ပေးရန် သားရဲထိန်းကျောင်းရေးခန်းမကို တောင်းဆိုခဲ့သည်။
ထိုဝိညာဉ်သားရဲနှစ်ကောင်မှာ အလွန် ပြဿနာရှာတတ်သဖြင့် ခန်းမဘက်ကလည်း ဝမ်းသာအားရ သဘောတူလိုက်ကြသည်။
နဂါးမြင်းနှစ်ကောင် ခေါင်းကိုက်ဝေဒနာဖြင့် နိုးလာသောအခါ သစ်ပင်အမျိုးမျိုးဖြင့် ပြည့်နှက်နေသော စိမ်းလန်းသည့် ပတ်ဝန်းကျင်သစ်တစ်ခုသို့ ရောက်ရှိနေပြီး အစိမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦးက သူတို့အပေါ်မှ မတ်တပ်ရပ်လျက် ယနေ့မှစ၍ သူတို့သည် သူ၏ စီးတော်ယာဉ်များ ဖြစ်ကြောင်း ကြင်နာစွာပြုံးရင်း ပြောနေသည်ကို မြင်လိုက်ရသဖြင့် အလွန် အံ့အားသင့်သွားကြသည်။
ထုံးစံအတိုင်းပင် အကြမ်းဖက်မှုဖြင့် ပြန်လည် တုံ့ပြန်ခဲ့ကြသော်လည်း စက္ကန့်အနည်းငယ် အကြာမှာပင် အပြတ်အသတ် ရိုက်နှက်ခံလိုက်ရသည်။
ယန်ချင်းသည် ထိုနဂါးမြင်း နှစ်ကောင်ကို တစ်လတိတိ ချေးပုံထဲ မြှုပ်နှံရင်း အသေအချာ ရိုက်နှက်ဆုံးမခဲ့သည်။
သူကိုယ်တိုင် အလားတူ ခံစားခဲ့ရသော တစ်လတာအတွက် သေးသိမ်သော လက်စားချေမှုသက်သက်ဖြင့် ထိုသို့ လုပ်ခဲ့ခြင်း မဟုတ်ပေ။
ရသမျှကို အချိုးကျ ပြန်လည်ပေးဆပ်တတ်သော မူဝါဒရှိသည့် ယဉ်ကျေးသော လူကြီးလူကောင်းတစ်ဦး၏ စိတ်ဓာတ်ဖြင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပိုလည်း မပိုသလို၊ လျော့လည်း မလျော့ပေ။
တစ်လအကြာတွင် နဂါးမြင်းနှစ်ကောင်ထံမှ မာနများအားလုံး ရိုက်ချိုးခံလိုက်ရပြီး စီးတော်ယာဉ်များအဖြစ် တာဝန်အသစ်ကို နာခံစွာ လက်ခံလိုက်ကြသည်။
ယီကျဲအပေါ် ရိုက်နှက်ရန် ကြိုးစားခဲ့ဖူးသော်လည်း ရလဒ်အနေဖြင့် သုံးလလုံးလုံး ယန်ချင်း၏ စံအိမ်ထဲမှ အပြင်မထွက်ရဲဘဲ ပုန်းအောင်းနေခဲ့ရသည်။
ရှုပ်ထွေးသော အစပြုမှုများ ရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်ချီများ ကြွယ်ဝပြီး စိမ်းလန်းစိုပြည်သော ယန်ချင်း၏ ခြံဝင်းလေးကို သဘောကျလာကြကာ ယန်ချင်းနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။
ယန်ချင်းကလည်း သူတို့ နန်းတော်အဆင့်သို့ ရောက်ရှိသွားသည့် အချိန်တွင် သူ၏ စီးတော်ယာဉ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် မလိုတော့ကြောင်း ကတိပေးထားခဲ့သည်။
…..
“အရင်က ကတိပေးထားတဲ့အတိုင်း မင်းတို့ နန်းတော်အဆင့်ကို ရောက်သွားရင် မင်းတို့ လိုချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရပြီ။”
“သားရဲခန်းမထဲ ဝင်လို့ရသလို၊ အကယ်ဒမီမှာ ဆရာ လုပ်ချင်လုပ်၊ စစ်ဆေးရေးမှူး လမ်းကြောင်းကို သွားချင်လည်း သွားလို့ရတယ်... ဒါမှမဟုတ် ကိုယ့်ရဲ့ ပါရမီတွေနဲ့ ကိုက်ညီတဲ့ တခြား ဘယ်ဌာနကိုမဆို ဝင်လို့ရတယ်။”
“ရွေးချယ်စရာတွေ အများကြီး ရှိသလို ကိုယ်ပိုင် နေရာလေးတစ်ခုလည်း ရလိမ့်မယ်။ ဒါပေမဲ့ ဒီမှာ ဆက်နေချင်တယ် ဆိုရင်လည်း ငါ့ဘက်က အမြဲတမ်း ကြိုဆိုပါတယ်။”
“အစားပုတ်မြင်းနှစ်ကောင်အတွက် ငါ့နေရာက လုံလောက်တာထက် အများကြီးပိုတယ်။”
ယန်ချင်းက မြင်းလှည်းပေါ် မတက်မီ သူတို့၏ ခေါင်းများကို ပွတ်သပ်ရင်း ညင်သာစွာ ပြောလိုက်သည်။
နဂါးမြင်းနှစ်ကောင်က ယန်ချင်းရှိနေသော မြင်းလှည်းဆီသို့ နောက်ပြန်လှည့်ကြည့်လိုက်ပြီး အချင်းချင်း အကြည့်ဖလှယ်ကာ တစ်ခုခုကို အပြည့်အဝ သဘောတူညီလိုက်သည့်အလား အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြသည်။
မကြာမီမှာပင် အိပ်မက်တိမ်တိုက်စံအိမ်မှ ထွက်ခွာလာပြီး တရားရုံးအဆောက်အအုံများဆီသို့ ခပ်မြန်မြန် လျှောက်လှမ်းသွားကြတော့သည်။
“တောက်စ်...ဒဏ်ရိုက်ခံရဖို့ကလွဲပြီး တခြား နည်းလမ်း မရှိတော့ဘူး ထင်တယ်။ ငါက ဟိုနည်းနည်း ဒီနည်းနည်းလောက်ပဲ လျှောက်ကိုင်ကြည့်ခဲ့တာပါ။”
“အစီအရင်တွေက ဘယ်လိုလုပ် ဒီလောက်တောင် ပျက်လွယ်ရတာလဲ။ ပိုက်ဆံ ပိုရအောင် တမင်လုပ်ထားတဲ့ ထောင်ချောက်များလား။”
“ဌာနမှူးကျူးလောင်က သူ့မိန်းမဆီမှာ ငါ့အတွက် ပြောပေးမယ်ဆိုတဲ့ ကတိကို မှတ်မိပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။” ယန်ချင်းက မြင်းလှည်းပေါ်တွင် ထိုင်ရင်းညည်းတွားနေမိသည်။
ဌာနမှူးကျူးလောင်က သူ့အတွက် ပြောပေးလိမ့်မည်ဟု မျှော်လင့်မထားပေ။
အကြောင်းမှာ သူသည် အိမ်တွင် အသံထွက်ခွင့်ရှိသည့် ပုံစံမျိုး မဟုတ်ပေ။ မဟုတ်လျှင် အနှစ် ၅၀ တံခါးပိတ် ကျင့်ကြံမှုဆိုသည်မှာ ဖြစ်လာမည် မဟုတ်။
အခြားတစ်ချက်မှာ ရူးလောက်စရာ အလုပ်ချိန်ဇယားသစ်ကြီးနှင့်ဆိုလျှင် သူ့ကို မှတ်မိနိုင်ပါဦးမည်လားဆိုသည်ကို သံသယရှိမိသည်။
စိုးရိမ်ပူပန်မှုများ အားလုံးကို လေထဲ လွှင့်ပစ်လိုက်ပြီး ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်သည်။
အစီအရင်များက ပျက်စီးနေပြီဖြစ်ပြီး သူ လုပ်နိုင်သည့်အရာ ဘာမှမရှိတော့ပေ။ အရင်ကလိုပင် ဒဏ်ကြေးများ သေချာပေါက်ပေးဆောင်ရမည်ဖြစ်ပြီး ထိုအတွက်လည်း သူဘာမှ လုပ်နိုင်မည် မဟုတ်။
ထုံးစံအတိုင်း တီထွင်ဖန်တီးမှု ကောင်းသော ဆင်ခြေများဖြင့် စွဲချက်များကို ငြင်းဆန်မည်ဖြစ်ပြီး သူတို့ကလည်း အရင်လိုပင် သူ၏စကားကို တစ်ခွန်းမှ ယုံမည် မဟုတ်ပေ။
အရင်ကလိုပင် သိုလှောင်လက်စွပ်ထဲရှိ တန်ဖိုးရှိသည့် အရာမှန်သမျှ အကုန်ရှင်းလင်းခံရမည်ကိုသာ စိတ်ကိုကြိုတင် ပြင်ဆင်ထားရန်သာ တတ်နိုင်တော့သည်။
၎င်းမှာ သူတို့ကြားရှိ ရင်းနှီးပြီးသား အပေးအယူတစ်ခုပင် ဖြစ်သည်။
“အခုလုပ်နိုင်တာ တစ်ခုတည်းက အိပ်စက်ပြီး ငါ့ရဲ့ ပြဿနာတွေကို အိပ်မက်ထဲ လွှင့်ပစ်လိုက်ဖို့ပဲ။ ချိုမြိန်တဲ့ အိပ်စက်ခြင်း... အရင်ကလိုပဲ ဒီနေ့လည်း မင်းရဲ့ သစ္စာရှိတဲ့ သူငယ်ချင်းအပေါ် ကြင်နာပေးပါ။”
နောက်တစ်စက္ကန့်မှာပင် အိပ်မောကျသွားရင်း ယန်ချင်းက တီးတိုးရေရွတ်လိုက်သည်။
….
မိနစ်နှစ်ဆယ် ကြာပြီးနောက် နဂါးမြင်းများက တရားခွင်အဆောက်အအုံ အဝင်ဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့နှစ်ကောင် အကြိမ်အနည်းငယ် ဟီလိုက်ပြီးနောက်မှသာ ယန်ချင်း အိပ်ချင်မူးတူးဖြင့် နိုးလာပြီး မြင်းလှည်းပေါ်မှ ဆင်းလာခဲ့သည်။
“ကျေးဇူးပဲ ဟေးနဲ့ မာ။”
ယန်ချင်းက လက်ပြနှုတ်ဆက်ရင်း အဆောက်အအုံထဲသို့ ဝင်သွားစဉ် နဂါးမြင်းများကလည်း အခြားတစ်ဖက်ရှိ သူတို့၏ နေရာဆီသို့ ထွက်သွားကြသည်။
တရားခွင်ထဲသို့ ဝင်သွားသောအခါ သူ၏ အိပ်မက်ဆိုးများ၏ အဓိကအရင်းအမြစ်ဖြစ်သော လဲ့ဝေယွမ်မှလွဲ၍ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
“လဲ့အဘိုး... အာ... ကြီးကြပ်ရေးမှူးလဲ့ဝေယွမ်... ဒီမှာ ဘာလုပ်နေတာလဲ။ ကျွန်တော် နောက်မကျဘူးနော်။”
ကြောက်ရွံ့မှုများကြောင့် အသံများ တုန်ယင်နေလျက် ယန်ချင်းက အလျင်အမြန် ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ တရားခွင်ထဲ လာတာကို မကြိုဆိုတာတော့ မဟုတ်ပါဘူး... ခင်ဗျားက ကြီးကြပ်ရေးမှူးဆိုတော့ ဒါက ခင်ဗျားရဲ့ တရားခွင်လို့လည်း သတ်မှတ်လို့ ရတာပဲလေ... ခင်ဗျားကို မြင်ရတာ အမြဲတမ်း အင်မော်တယ်တစ်ယောက်ရဲ့ ဟန်ပန်မျိုးပဲနော်...။”
“ငါမင်းကို ပြောစရာရှိလို့ လာအကြောင်းကြားတာပါ။ နောက်သုံးရက်အတွက် မင်း ဘယ်အမှုမှ ကိုင်တွယ်စရာ မလိုတော့ဘူး။”
“ဒါပေမဲ့ အဖြူရောင်ဘေအိုဘက်တိုင်းပြည်ကနေ ကောင်းကင်ပြာငါးကြင်းဂိုဏ်းနယ်စပ်အထိ တောင်ပိုင်းဒေသက အဆင့် ၅ ရာထူးတိုး အကဲဖြတ်မှုတွေကို ကိုင်တွယ်ရမယ်။”
“ဒါက မင်း စစ်ဆေးရမယ့် ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေနဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းပဲ။ ၁,၄၀၀ လောက် ရှိမယ် ထင်တယ်။”
“သုံးရက်ဆိုရင် အလွယ်တကူ ပြီးပါတယ်။ ကံကောင်းတာက ကျင့်ကြံသူတွေက စားဖို့၊ အိပ်ဖို့ မလိုဘူးလေ။”
“သွေး၊ ချွေး၊ မျက်ရည်တွေနဲ့အတူ အကောင်းဆုံး ဖြစ်ပါစေ ယန်ချင်း။ အဖွဲ့အစည်းက မင်းဆီကနေ ကြီးကျယ်တဲ့ အရာတွေကို မျှော်လင့်ထားတယ်။”
လဲ့ဝေယွမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး ဖြူဖျော့ကာ ပါးစပ်အဟောင်းသားနှင့် ဆွံ့အသွားသော ယန်ချင်း၏ လက်ထဲသို့ စာရင်းပါရှိသော အဆောင်လိပ်ကို ထည့်ပေးကာ ထွက်သွားလေသည်။