← Chapters

အကဲဖြတ်ခြင်းများ၊ ရာထူးတိုးခြင်းများ၊ အဆင့်လျှော့ချခြင်းများနှင့် အခွင့်အရေးများ

Vol. 13 Ch. 129

အကဲဖြတ်ခြင်းများ၊ ရာထူးတိုးခြင်းများ၊ အဆင့်လျှော့ချခြင်းများနှင့် အခွင့်အရေးများ

Vol. 13 Ch. 129

ယန်ချင်းသည် ခြေလှမ်းများ ရပ်တန့်ကာ အချိန်အတော်ကြာ ရပ်နေမိပြီးနောက် လူသူကင်းမဲ့နေသော တရားခွင်ထဲမှ အားနည်းစွာ လျှောက်ထွက်လာခဲ့သည်။

ယန်ချင်းက စိုးရိမ်တကြီး တီးတိုးရေရွတ်လိုက်သည်။

“သုံးရက်အတွင်း အကဲဖြတ်မှု ၁,၄၀၀ ဆိုတာ အရမ်းများလွန်းမနေဘူးလား။ ငါ့ကို အသေခိုင်းချင်နေကြတာပဲ၊ သေချာတယ် ငါ့ကို အသေခိုင်းချင်နေတာ။”

“အ​ဖွဲ့အစည်းဆီကနေ အမြတ်ထုတ်ဖို့ ဟိုဟိုဒီဒီ လှည့်ကွက်လေးတွေ သုံးခဲ့ဖူးပေမဲ့ ဒီလောက်အထိ ခံရလောက်အောင်တော့ မလုပ်ခဲ့ပါဘူး။ ငါ အသက်ရှင်လျက် ကျန်ခဲ့ပါ့အုံးမလား။”

ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောရင်း ထပ်မံ ရေရွတ်လိုက်ပြန်သည်။

“ငါ သွားတိုင်ရင်တောင် အမြဲတမ်း ငါ့ရဲ့ စိတ်နေစိတ်ထားကို လေ့ကျင့်ပေးဖို့နဲ့ ငါ့အပေါ် မျှော်လင့်ချက် ကြီးမားတယ်ဆိုတဲ့ ဆင်ခြေတွေပေးပြီး အလုပ်တွေ ထပ်ပုံချလာဦးမှာ။”

“ မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး... ယန်ချင်း သည်းခံရမယ်။ သုံးရက်လေးတင်ပဲဟာ၊ အိပ်စရာ မလို၊ စားစရာ မလိုဘဲ သုံးရက်ဆက်တိုက် အလုပ်လုပ်ရုံနဲ့တော့ မသေနိုင်ပါဘူးလေ။”

ယန်ချင်း၏ ပုံစံမှာ လေလျော့သွားသော ပူဖောင်းကဲ့သို့ အုပ်ချုပ်ရေး အထပ်ဆီသို့ စိတ်ပျက်လက်ပျက် လျှောက်သွားရင်း ညည်းတွားလိုက်သည်။

“ဟင့်အင်း... ငါ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါ့မှာ တခြားဘာရွေးချယ်စရာများ ရှိတော့လို့လဲ။”

အရှုံးပေးသည့်အနေဖြင့် ခေါင်းခါရမ်းကာ အားနည်းစွာ ထပ်မံညည်းတွားလိုက်သည်။

“အကဲဖြတ်မှု ၁,၄၀၀ တဲ့လား။ ငါ့ကို အသေသတ်နေတာပဲ။”

အထက်တန်းအမြုတေတရားရုံး၏ တရားသူကြီးတစ်ဦး ဖြစ်လာသည်နှင့် အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းရုံသာမက သူတို့၏ တာဝန်အောက်တွင် အခြားသော အလုပ်ဝတ္တရားများလည်း ရှိလာသည်။

၎င်းတို့အနက် တစ်ခုမှာ အဆင့်သတ်မှတ်ချက် မရှိသေးသော ဂိုဏ်းများ၊ မျိုးနွယ်စုများနှင့် အခြားအဖွဲ့အစည်းများကို အဆင့် ၅ အဖွဲ့အစည်းများအဖြစ် ရာထူးတိုးပေးခြင်းကို ကိုင်တွယ်ရခြင်း ဖြစ်သည်။

ထိုနည်းတူစွာပင် အဆင့် ၅ အဖွဲ့အစည်းများ၏ အဆင့်လျှော့ချခြင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းရသည်။

အဆင့် ၅ သို့ ရာထူးတိုးရန်အတွက် အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဦးတွင် အခြေတည်အဆင့်ရှိ ကျင့်ကြံခြင်းအဆင့်တစ်ခု အနည်းဆုံးရှိရန် လိုအပ်သည်။

အဖွဲ့အစည်းတစ်ခုခုမှ အဖွဲ့ဝင်တစ်ဦးဦး အခြေတည်အဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားတိုင်း ရာထူးတိုး အကဲဖြတ်ပေးရန် အဖွဲ့အစည်းထံတွင် စာရင်းသွင်း လျှောက်ထားနိုင်သည်။

အကဲဖြတ်မှု အောင်မြင်ပါက အဖွဲ့အစည်းမှ ထုတ်ပေးသော ကမ္ဗည်းပြားနှင့်အတူ အဆင့် ၅ လက်မှတ်တစ်ခုကို ရရှိမည် ဖြစ်သည်။

လက်မှတ်ရရှိခြင်းမှာ အဖွဲ့အစည်း၏ အုပ်ချုပ်မှုစည်းမျဉ်းများအောက်သို့ ရောက်ရှိသွားပြီဟု အဓိပ္ပာယ်ရပြီး အဖွဲ့အစည်းကို တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အဖွဲ့အစည်းထံသို့ အမှုဖွင့်တိုင်ကြားနိုင်သည်။ လက်မှတ်ရှိသူများက မရှိသူများထက် ပိုမိုဦးစားပေး ခံရသည်။

အဖွဲ့အစည်းတွင် လူအင်အား မလုံလောက်မှုများ ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ အဖွဲ့အစည်းများ၊ ၎င်းတို့၏ တည်နေရာများနှင့် ယေဘုယျ စွမ်းအားအဆင့်အတန်းများကို အကြမ်းဖျင်း ခန့်မှန်းနိုင်ရန် အဆင့်သတ်မှတ်သည့် စနစ်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ တောင်ပိုင်းတိုက်ကြီး တစ်ဝိုက်ရှိ သတင်းအချက်အလက် စုဆောင်းမှုကို တိုးချဲ့ရန်နှင့် သဘောတူညီထားသော စည်းမျဉ်းများကို စောင့်ကြည့် အကောင်အထည်ဖော်ရာတွင် အလုပ်သက်သာစေရန် ဖြစ်သည်။

အဆင့်သတ်မှတ်ခံရရန်အတွက် အနည်းဆုံး သတ်မှတ်ချက်ကို ချီစုစည်းခြင်းအဆင့် သို့မဟုတ် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အစား အခြေတည်အဆင့်ဟုသာ သတ်မှတ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းအဆင့် နှစ်ခုမှာ သမုဒ္ဒရာထဲရှိ ရေစက်များကဲ့သို့ များပြားလွန်းသောကြောင့် ဖြစ်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်း သို့မဟုတ် ချီစုစည်းခြင်းအဆင့် ကျွမ်းကျင်သူများ ဦးဆောင်သော အဖွဲ့အစည်းများကိုသာ အကဲဖြတ်နေမည်ဆိုပါက နှစ်ထောင်ပေါင်းများစွာ ကြာသည့်တိုင် ပြီးဆုံးမည်မဟုတ်ဘဲ ၎င်းတို့ကို စောင့်ကြည့်ရန်မှာလည်း လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။

အနည်းဆုံး အဆင့်သတ်မှတ်ချက်ကို အခြေတည်အဆင့်ဟု သတ်မှတ်ထားသည့်တိုင်အောင် အဖွဲ့အစည်းအတွက် ကြီးမားသော ရုန်းကန်ရမှုတစ်ခု ဖြစ်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းတိုက်ကြီးတွင် ဝိညာဉ်ချီများနှင့် အခြားသော ကျင့်ကြံခြင်းအရင်းအမြစ်များ အလွန်ပေါကြွယ်ဝသောကြောင့် ထိုအဆင့်ရှိ ကျွမ်းကျင်သူ အရေအတွက်မှာလည်း အလွန်များပြားလှသည်။

အဖွဲ့အစည်းက သူတို့၏ အလုပ်များကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်လေလေ၊ အဆင့် ၅ အဖွဲ့အစည်းများ ပိုမိုပေါ်ထွက်လာလေလေဖြစ်ပြီး သူတို့၏ အလုပ်တာဝန်များလည်း ပိုမိုများပြားလာလေလေ ဖြစ်နေသည့် အခြေအနေ၏ ပြောင်းပြန် အကျိုးသက်ရောက်မှုကို တွေးကာ တစ်ခါတစ်ရံ မညည်းတွားဘဲ မနေနိုင်အောင် ဖြစ်ရသည်။

စစ်ပွဲများ ဖြစ်ပွားနေချိန်က အဆင့်နိမ့်ဂိုဏ်းများနှင့် အဖွဲ့အစည်းများကသာ တန်ဖိုးပေးဆပ်ခဲ့ရသဖြင့် ဂိုဏ်းသစ်များနှင့် အခြားသော ကျင့်ကြံခြင်းအဖွဲ့အစည်းများအတွက် ခြေကုပ်ရယူရန် ခက်ခဲစေခဲ့သည်။

အထူးသဖြင့် အကာအကွယ်ပေးမည့် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ နောက်ဆုံးအဆင့်များတွင် ရှိသော စွမ်းအားကြီးသူ တစ်ဦးဦး မရှိပါက ပို၍ပင် ဆိုးရွားသည်။

အမှုအခင်းများတွင် ဦးစားပေးမည်ဟူသော ကတိကဝတ်အပြင် အဖွဲ့အစည်းများအနေဖြင့် အဆင့်သတ်မှတ်ချက် အကဲဖြတ်မှုကို လိုလိုလားလား ခံယူလာစေရန် အဖွဲ့အစည်းက နောက်ထပ် မက်လုံးတစ်ခု ထပ်တိုးပေးထားသည်။

ထိုမက်လုံးမှာ ခွဲတမ်းအပေါ်မူတည်၍ အခွင့်ထူးများ ပေးအပ်ခြင်းပင် ဖြစ်သည်။အဖွဲ့အစည်း၏ အဆင့်အပေါ် မူတည်၍ မတူညီသော ခွဲတမ်းအရေအတွက်ကို သတ်မှတ်ပေးမည် ဖြစ်သည်။

ဥပမာအားဖြင့် အဆင့် ၁ အဖွဲ့အစည်းကို ခွဲတမ်း ၁၀ ခု ပေးမည်ဖြစ်ပြီး အဆင့် ၂ အဖွဲ့အစည်းက ခွဲတမ်း ၇ ခု ရရှိမည်ဖြစ်ကာ အဆင့် ၅ အဖွဲ့အစည်းအတွက်မူ ခွဲတမ်း ၁ ခုသာ ရရှိမည် ဖြစ်သည်။

ထိုခွဲတမ်းဖြင့် သူတို့၏ အဖွဲ့ဝင်များထဲမှ အသက်အရွယ်မရွေး တစ်ဦးကို အကယ်ဒမီတွင် တစ်နှစ်ပတ်လုံး ပညာသင်ကြားခွင့် ပေးနိုင်သည်။

ထိုတစ်နှစ်တာ ကာလအတွင်း အဖွဲ့အစည်း၏ အခြားကျောင်းသားများနှင့်အတူ အတန်းတက်ရမည် ဖြစ်သော်လည်း အဖွဲ့အစည်း၏ ကိုယ်ပိုင်ကျောင်းသားများနှင့် ယှဉ်လျှင် ဝင်ရောက်ခွင့် ကန့်သတ်ချက်များ ရှိသည်။

နောက်တစ်ချက်မှာ အဖွဲ့အစည်း၏ ကျောင်းသားများက စွမ်းအင်နှင့် ပါရမီရှိနေသရွေ့ အကန့်အသတ်မရှိ တက်ရောက်နိုင်သော်လည်း သူတို့ တက်ရောက်နိုင်သော ဘာသာရပ် အရေအတွက်ကို ကန့်သတ်ထားခြင်း ဖြစ်သည်။

အခြားတစ်ချက်မှာ ပင်မစာကြည့်တိုက်၏ ပထမထပ်ကိုသာ ဝင်ရောက်ခွင့်ပြုထားသည့် ကန့်သတ်ချက်ဖြစ်ပြီး နောက်ဆုံးအချက်မှာ သူတို့ နေထိုင်စဉ်အတွင်း သင်ကြားခွင့်ရမည့် ကျင့်စဉ်အဆင့်ကို လိမ္မော်ရောင်အဆင့်၏ အလယ်အလတ်အဆင့်အထိသာ ကန့်သတ်ထားခြင်းပင် ဖြစ်သည်။

အခကြေးငွေ ပေးဆောင်မည်ဆိုလျှင် အကယ်ဒမီက သူတို့ကို အဆင့်နိမ့် အပြာရောင်အဆင့် ကျင့်စဉ်တစ်ခုကို သင်ကြားပေးနိုင်သော်လည်း မည်သည့်ကျင့်စဉ်အမျိုးအစားကို သင်ကြားပေးမည်ဆိုသည်မှာ အကယ်ဒမီ၏ သဘောဆန္ဒအတိုင်းသာ ဖြစ်သည်။

အကယ်၍ ခွဲတမ်းဖြင့် ရောက်လာသော ကျင့်ကြံသူသည် တစ်နှစ်အတွင်း ထိုကျင့်စဉ်ကို ကျွမ်းကျင်အောင် မသင်ယူနိုင်ပါက အကယ်ဒမီက ငွေပြန်အမ်းမည် မဟုတ်သလို၊ ထိုကျင့်စဉ်ကို သူတို့၏ အဖွဲ့အစည်း သို့မဟုတ် သားသမီးများ၊ အခြားရင်းနှီးသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျှဝေခြင်း မပြုရန်လည်း တားမြစ်ထားသည်။

အကယ်၍ ကျင့်စဉ်ကို ပေါက်ကြားစေခဲ့ကြောင်း သိရှိပါက ကျင့်ကြံခြင်းအခြေခံကို ဖျက်စီး၍ ဘဝတစ်သက်တာလုံး မိုင်းတွင်းများဆီသို့ အပို့ခံရမည် ဖြစ်သည်။

ထိုအချက်များမှလွဲ၍ ကျန်အရာများအားလုံးမှာ အတူတူပင် ဖြစ်သည်။

နေထိုင်ရေး၊ စားသောက်ရေး၊ ဝတ်ဆင်ရေးတို့တွင် တူညီသော ဆက်ဆံမှု ရရှိသည့်အပြင် စွမ်းဆောင်ရည် ကောင်းမွန်သည့် ကျောင်းသားများသာ ရရှိသော ထောက်ပံ့ကြေးများနှင့် ဆုလာဘ်များကိုပင် ရရှိနိုင်သည်။

အဆင့်မြင့်အဖွဲ့အစည်းများက ထိုကဲ့သို့သော အခွင့်အရေးကို တန်ဖိုးမထားနိုင်သော်လည်း အဆင့်နိမ့်အဖွဲ့အစည်းများကတော့ အကဲဖြတ်ခံရမည်ကို အလွန်ဝမ်းသာကြသည်။

သူတို့၏ တပည့်များ သို့မဟုတ် မျိုးနွယ်စုဝင်များကို အဖွဲ့အစည်းတွင် ပညာသင်ကြားခွင့် ရစေခြင်းမှာ ဘဝကိုပြောင်းလဲစေနိုင်သော အခွင့်အရေးတစ်ခု ဖြစ်ပြီး လက်လွတ်မခံလိုကြပေ။

အဖွဲ့ဝင်များ ထိုနေရာမှ ရရှိလာသော အတွေ့အကြုံများမှာ ဘဝပေါင်းများစွာ အသုံးခံနိုင်ပြီး ၎င်းက သူတို့၏ အဖွဲ့အစည်းများကို အပြန်အလှန် အကျိုးပြုမည် ဖြစ်သည်။

အချို့သော အဖွဲ့အစည်းများဆိုလျှင် ပါရမီရှိသော အဖွဲ့ဝင်များကို စုဆောင်းရန် သူတို့၏ ခွဲတမ်းကို မက်လုံးတစ်ခုအဖြစ်ပင် အသုံးပြုကြသည်။

ထို့ကြောင့်ပင် အဆင့် ၅ မှ အဆင့် ၃ အထိ အကဲဖြတ်မှုများနှင့် ရာထူးတိုးမှုများကို တောင်းဆိုသော အဖွဲ့အစည်းအရေအတွက်မှာ အဆင့် ၂ သို့မဟုတ် အဆင့် ၁ အဖွဲ့အစည်းများနှင့် ယှဉ်လျှင် များပြားနေခြင်း ဖြစ်သည်။

သို့သော် အဖွဲ့အစည်းသည် အဆင့်နိမ့်အဖွဲ့အစည်းများနှင့် ပတ်သက်၍ အောင်မြင်မှုများ ရရှိနေပုံပေါ်သော်လည်း အဆင့်မြင့်အဖွဲ့အစည်းများနှင့် ပတ်သက်လာလျှင်မူ ကိစ္စက တစ်မျိုးဖြစ်သွားသည်။

အကဲဖြတ်မှုများ၏ အနည်းငယ် စွက်ဖက်တတ်သော သဘာဝကြောင့် အဆင့် ၁ သို့မဟုတ် အဆင့် ၂ အဖွဲ့အစည်း အများစုမှာ အကဲဖြတ်ခြင်းကို လက်ခံလေ့ မရှိကြပေ။

ထို့ကြောင့်ပင် အဆင့်လျှော့ချခံရသော အဆင့် ၁ ဂိုဏ်းမှလွဲ၍ အဖွဲ့အစည်း၏ မှတ်တမ်းတွင်ရှိသော အဆင့် ၁ အဖွဲ့အစည်း အရေအတွက်မှာ လွန်ခဲ့သော နှစ် ၅၀၀ အတွင်း ပြောင်းလဲခြင်း မရှိခဲ့ခြင်း ဖြစ်သည်။

အဆင့် ၂ အဖွဲ့အစည်းများနှင့် ပတ်သက်လာလျှင်မူ အဆင့် ၃ မှ အဆင့် ၂ သို့ တက်လှမ်းသောအခါ ရာထူးတိုး အကဲဖြတ်မှုများကို တောင်းဆိုသော အဖွဲ့အစည်း အရေအတွက် အတော်အတန် ရှိနေသော်လည်း၊ အဆင့် ၁ အဖွဲ့အစည်း၏ အရည်အချင်းများနှင့် ပြည့်မီနေပြီဖြစ်သော အဆင့် ၂ အဖွဲ့အစည်းများအတွက်မူ ထိုသို့ မဟုတ်ပေ။

အများစုမှာ သူတို့တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေပြီဖြစ်ကြောင်းကို ဖုံးကွယ်ထားရန်အတွက် ရွေးချယ်ကြသည်။

ထို့ကြောင့် စာရွက်ပေါ်တွင် သူတို့ကို ဦးဆောင်နေသော အထွတ်အထိပ်ကျွမ်းကျင်သူမှာ နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးသာ ရှိသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေတတ်သည်။

ထို့ကြောင့်ပင် လွန်ခဲ့သောရာစုနှစ်အတွင်း အဆင့် ၂ မှ အဆင့် ၁ သို့ ရာထူးတိုးပေးမှု အရေအတွက်မှာ အခု ၂၀ ခန့်သာ ရှိခဲ့ခြင်း ဖြစ်သည်။

နယ်မြေအဆင့်မှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် အလွန်ခက်ခဲသော်လည်း တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးတွင် လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်သူ အယောက် ၂၀ သာ ရှိသည်ဆိုသောအချက်ကို အဖွဲ့အစည်းက သံသယရှိနေသည်။

ထို့ကြောင့် အဖွဲ့အစည်းက သူတို့၏ ကိုယ်ပိုင် ထောက်လှမ်းရေးဌာနကို အသုံးပြုခြင်းကဲ့သို့သော အခြားနည်းလမ်းများကိုသုံး၍ တိုက်ကြီးတစ်ဝိုက်ရှိ အခြေအနေများကို အကြမ်းဖျင်း သိရှိနိုင်ရန် ကြိုးပမ်းခဲ့သည်။

ထိုအဖွဲ့အစည်းများက သူတို့၏ စွမ်းအားများကို အဖွဲ့အစည်း၏ မျက်လုံးအောက်မှသာမက သူတို့ ပတ်ဝန်းကျင်ရှိ အခြား အဖွဲ့အစည်းများထံမှပါ ကောင်းစွာ ဖုံးကွယ်ထားတတ်သောကြောင့် ၎င်းမှာ တိုးတက်မှုနှေးကွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်နေဆဲပင်။

တောင်ပိုင်းတိုက်ကြီးတွင် စစ်မီးလျှံများ အနည်းငယ် ငြိမ်းအေးသွားပြီ ဖြစ်သော်လည်း စစ်ပွဲကာလများကတည်းက စွဲကပ်နေခဲ့သော အကျင့်များကတော့ ကျန်ရှိနေဆဲပင်။

….

မကြာမီမှာပင် ယန်ချင်းသည် အုပ်ချုပ်ရေး ခန်းမဆောင်ဆီသို့ ထွက်လာခဲ့သည်။ အကဲဖြတ်မှုများအတွက် မထွက်ခွာမီ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ ရှိနေပြီး အထူးသဖြင့် သုံးရက်ကြာ ကွာဝေးနေမည် ဖြစ်သောကြောင့် ပို၍ အရေးကြီးသည်။

ထိုလုပ်ထုံးလုပ်နည်းများမှာ အပြင်ဘက်သို့ ရောက်ရှိနေစဉ် သူ၏ လုံခြုံရေးကို သေချာစေရန် ရည်ရွယ်ပြီး လွန်ခဲ့သော နှစ် ၅၀ အတွင်း အဖွဲ့အစည်းဝန်ထမ်းများအပေါ် လတ်တလော တိုက်ခိုက်မှုများ ရှိနေသောကြောင့် အထူးလိုအပ်လှသည်။

ယန်ချင်းသည် အထက်တန်းအမြုတေ တရားခွင်များရှိ စင်္ကြံလမ်းမှ သယ်ယူပို့ဆောင်ရေး အစီအရင်တစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။

ထိုနေရာတွင် ထုံးစံအတိုင်း ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး ဖြတ်သွားစဉ် သူ့ကို သတိထားကာ ရိုသေသော အကြည့်များဖြင့် တိတ်တဆိတ် လှမ်းကြည့်နေကြသည်။

လက်စားချေလိုသော မျက်လုံးများ၊ ရန်စလိုသော မျက်လုံးများ၊ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများ ရှိသူများလည်း ရှိနေသော်လည်း အရေအတွက် အနည်းငယ်မျှသာ ဖြစ်သည်။

၎င်းမှာ ပုံမှန်မြင်တွေ့နေကျ ကိစ္စတစ်ခုဖြစ်သဖြင့် သူတို့အားလုံးကို ယန်ချင်း လျစ်လျူရှုထားလိုက်သည်။

ဤနေရာသို့ လာရောက်သူများမှာ တရားသူကြီးများ သို့မဟုတ် စစ်ဆေးရေးမှူးများအပေါ် မတူညီသော အမြင်များ ရှိကြသည်။

အချို့က သူတို့၏ နစ်နာမှုများကို ဖြေရှင်းပေးရန်နှင့် တရားမျှတမှု ဖော်ဆောင်ပေးရန် မျှော်လင့်ချက် ရောင်ခြည်များအဖြစ် ရှုမြင်ကြသော်လည်း၊ အချို့ကမူ ‘လွတ်လပ်သော ကျင့်ကြံသူ’ ဟူသော အနှစ်သာရကို အမြဲတမ်း ဖျက်ဆီးနေသည့် ဝင်စွက်ဖက်တတ်သော မျက်မုန်းကျိုးစရာကောင်များအဖြစ် ရှုမြင်ကြသည်။

…

သယ်ယူပို့ဆောင်ရေး အစီအရင်၏ မှုန်ဝါးဝါး အလင်းတန်းတစ်ခုနှင့်အတူ ယန်ချင်းသည် စင်္ကြံလမ်းမှ ပျောက်ကွယ်သွားပြီး၊ နယ်မြေအဆင့် အစောပိုင်းကျွမ်းကျင်သူ တစ်ဦး၏ တိုက်ခိုက်မှုကို တစ်လက်မမျှ မတုန်မလှုပ်ဘဲ ခံနိုင်ရည်ရှိသည့် အထွတ်အမြတ်အဆင့် ပစ္စည်းတစ်ခုဖြစ်သော ဆည်းဆာကောင်းကင်သစ်နက်ဖြင့် ပြုလုပ်ထားသည့် တံခါးကြီးတစ်ခုရှေ့တွင် ပြန်လည် ပေါ်ထွက်လာသည်။

တောက်စ်။

တံခါးကြီးကို ပြုလုပ်ထားသော ပစ္စည်းကို မြင်လိုက်ရသောအခါ ယန်ချင်းတစ်ယောက် မနာလိုဖြစ်စွာဖြင့် တောက်ခေါက်လိုက်မိသည်။

ဆည်းဆာကောင်းကင်သစ်နက်တံခါးကြီးကို တွန်းဖွင့်လိုက်ရင်း ယန်ချင်းက တိတ်တဆိတ် ညည်းတွားလိုက်သည်။

“အဖွဲ့အစည်းက မျက်နှာပန်းလှဖို့အရေး တကယ်ကိုကြိုးစားထားတာပဲ။ အုပ်ချုပ်ရေး အထပ်ကို အားစိုက်သလိုမျိုး စံအိမ်တွေကိုပါ အဲဒီလို လုပ်ပေးရင် သိပ်ကောင်းမှာပဲ။”

All Chapters