အိမ်ပြန်ရောက်သောအခါဝယ်
Vol. 9 Ch. 876
အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ပိုင်ရှောင်ချန်း၏ အံ့ဩတုန်လှုပ်ဖွယ်တိုက်ပွဲကြီးကို ကျော်လွန်လာခဲ့သည်မှာ အချိန်အနည်းငယ်သာရှိသေးသည်။ ဘဏ္ဍာသိမ်းခြင်းအပါအဝင် အမှန်တကယ်ဆိုရလျှင် နာရီပိုင်းမျှသာ ရှိသေး၏။
ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများမှာ ထွက်ပြေးနေကြဆဲဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသားများက သူတို့ကို လိုက်ဖမ်းနေကြဆဲဖြစ်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်မှာ ဆူညံပွက်လောရိုက်နေသည်။
ဂိုဏ်းသားများ ငြိမ်သက်စေရန် ခေါင်းဆောင်ကြီးများသည်လည်း မစွမ်းဆောင်နိုင်ကြတော့ချေ။ စောစောက သူတို့သည် သေရေးရှင်ရေးအခြေအနေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး စိတ်ကူးကြည့်၍မရနိုင်လောက်အောင် ပြင်းထန်သောဖိအားများကို ခံစားခဲ့ရသည်။ ယခု နောက်ဆုံး၌ သူတို့ အသက်ဝဝရှူနိုင်သွားလေပြီ။
ကီလိုမီတာ ၂၅၀၊ ကီလိုမီတာ ၅၀၀၊ ကီလိုမီတာ ၁၀၀၀....။
မကြာမီ ဂိုဏ်းသုံးဂိုဏ်း ကျင့်ကြံသူများအားလုံး လုံးဝမောင်းထုတ်ခံလိုက်ရလေပြီ။ မထွက်ပြေးနိုင်သည့်လူများက အညံခံကြသည်။
ကီလိုမီတာ ၁၅၀၀ အထိ လိုက်လံဖမ်းဆီးပြီးနောက် အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုများ ပျောက်ကွယ်လာ၏။ သူတို့ မောပန်းနွမ်းနယ်လာလေပြီ။ နောက်ဆုံး ကီလိုမီတာ ၁၅၀၀အရောက်တွင် ခေါင်းဆောင်ကြီးများက လိုက်ဖမ်းရန် အမိန့်များအား ဖျက်သိမ်းလိုက်သည်။
ဂိုဏ်းသုံးဂိုဏ်း၏ ထွက်ပြေးသွားကြသော ကျင့်ကြံသူများမှာ ထိုအခါမှနောက်ဆုံး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြပြီး ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားကြတော့သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းကား ထင်ရှားကျော်ကြားလာတော့မည်ကို သူတို့အားလုံး သိကြသည်။
ပိုင်ရှောင်ချန်းသည် အခြေအနေများအား ပြောင်းပြန်လှန်ပစ်ခဲ့ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ဆုံးရှုံးမှုကြီးမားခဲ့သော်လည်း အဆုံးသတ်တွင် အနိုင်ရသွားလေပြီ။
အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူများနှင့် ပက်ပင်းတိုးသည့် အခြားဂိုဏ်းများမှ မည်သည့်ဂိုဏ်းသားမဆို ကြောက်လန့်တုန်ရီသွားကြမည်ဖြစ်ပြီး ရန်စဝံ့ေတာ့မည်မဟုတ်ပေ။ တိုက်ပွဲက သူတို့ကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးအား ရိုက်ချိုးပစ်ခဲ့သည်။
ထင်ထားသည့်အတိုင်း တိုက်ပွဲရလဒ်သတင်းသည် အလယ်ပိုင်းဒေသ၏ ကျင့်ကြံခြင်းကမ္ဘာတွင် တောမီးသဖွယ် ပျံနှံ့သွား၏။ အောက်ပိုင်းဒေသမှာ တုန်လှုပ်သွားပြီး အလယ်ပိုင်းဒေသ၏ ယေဘုယျတည်ဆောက်ပုံသည်ကား ပြောင်းလဲသွားလေပြီ။
သိသာစွာပင် ၄င်းက ရှင်းကုံကျစ်တာအိုဂိုဏ်းတွင်လည်း အုတ်အော်သောင်းနင်းဖြစ်သွားစေ၏။ ဂိုဏ်းသုံးဂိုဏ်းက မလှုပ်ရှားခင်မှာပင် သူတို့၏စစ်တိုက်ခွင့်ကို ရရှိခဲ့သည် မဟုတ်ပါလော။
ထို့အပြင် ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်းသားတစ်ယောက်ဖြစ်သည်သာမက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်လည်း ဖြစ်သည့်အပြင် မဟာတံတိုင်းတွင် စစ်ဦးစီးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။
သမိုင်းစဥ်လာအရဆိုလျှင် စစ်ဦးစီးမှူးများသည် သံမဏိသွေးကြောခန်းမအား အမြဲဝင်ရောက်လိမ့်မည်ဖြစ်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် အစွမ်းထက်ဆုံး အကြီးအကဲများ ဖြစ်လာပေမည်။ ထို့ပြင် ဂိုဏ်းထဲမှာ ပိုင်ရှောင်ချန်း၏မိတ်ဆွေရောင်ရင်းများရှိသည့်အချက်ကို ဖော်ပြရန်ပင် မလိုတော့ပေ။ ဥပမာ ဇောင်ထျန်ကျောက်နှင့် သူ၏တာအိုလက်တွဲဖော် ချိန်ယွဲ့ရှန်၊ မဟာတံတိုင်းမှ ပိုင်လင်း အစရှိသည်တို့ ဖြစ်ပေသည်။
ယခင်က ပိုင်ရှောင်ချန်း ပြန်ရောက်မလာခင် ထိုမိတ်ဆွေများက အဏ္ဏဝါခေါ်သံဂိုဏ်းအန္တရာယ်ကင်းစေရန် အကောင်းဆုံးဆောင်ရွက်ခဲ့သည်။ ယခုတွင် ပိုင်ရှောင်ချန်းက ပြန်လာပြီ ဖြစ်ရာ သူ၏မိတ်ဆွေရောင်ရင်းများအပေါ် ရှင်းကုံကျစ်တာအိုဂိုဏ်း၏တုံ့ပြန်မှုများက မည်သို့ဖြစ်မည်ကို စိတ်ကူးသာကြည့်နိုင်တော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းသည် ပိုင်ရှောင်ချန်း၏ ပြောင်မြောက်သော အတိုက်အခိုက်စွမ်းရည်ကို သေချာပေါက် စိတ်ဝင်စားလိမ့်မည်။ ထိုမျှသာမက သူသည် နောက်ဆက်တွဲဖြစ်လာမည်များနှင့် ပတ်သက်သည့် အမိန့်များကျရန် သိပ်ကြာတော့မည် မဟုတ်ကြောင်း သိလေသည်။
သို့သော် ရှင်းကုံကျစ်တာအိုဂိုဏ်း မည်သို့ရပ်တည်စေကာမူ လက်ရှိအချိန်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ တိုက်ပွဲကြီးပြီးနောက် တည်ငြိမ်မှုရရန်လိုအပ်သည်။ သူတို့သည် အနားယူပြီး နလန်ပြန်ထူရဦးမည်။ သူတို့၏ အောင်ပွဲအတွက် ကြီးကြီးမားမား ပေးဆပ်ထားခဲ့ရသည် မဟုတ်ပါလော။
ကြောက်မက်ဖွယ် ကောင်းကင်ညောင်ပင်ကြီး ထုတ်ပေးသည် မန္တန်အစီအရင်မှာ လုံးလုံးပျက်စီးလုနီးပါးဖြစ်နေပြီး ပြင်ဆင်မှုများစွာ လိုအပ်သည်။ အဖွဲ့လေးဖွဲ့၏ သီးသန့်အင်အားစုများ ပြင်းပြင်းထန်ထန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။ အဖွဲ့လေးဖွဲ့နှင့် သက်ဆိုင်သော တောင်တန်းများအနက် တောင်နှစ်လုံးနှင့် တစ်ဝက် ပြိုကျသွားခဲ့ပြီး ပြန်လည်တည်ဆောက်ရန် ခေါင်းဆောင်ကြီးများထံမှ အကူအညီများစွာ လိုအပ်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းနှင့် လီချင်းဟောက် ပြန်ရောက်လာချိန်တွင် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေလေပြီ။ ကျိုးယွမ်သုန်၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် အခြားမိတ်ဆွေများအပါအဝင် လူအများစုမှာ လီချင်းဟောက်ကို မြင်သည်နှင့် ပျော်ရွှင်သွားကြသည်။ အထူးသဖြင့် ရွှီမေ့ရှန်းကား ပိုမိုရွှင်ပျော်နေသည်။ သူမမှာ စိတ်ပျက်ညှိုးငယ်နေခဲ့ရသည်ဖြစ်ရာ နောက်ဆုံး လီချင်းဟောက်ကို တွေ့ရသည့်အခါ မျက်ရည်များ စီးကျလာတော့သည်။
လီချင်းဟောက်မှာ နှစ်ဝက်ကျော် အကျဥ်းကျပြီးနောက် ရွှီမေ့ရှန်းကို နောက်ဆုံးပြန်တွေ့ရသည်တွင် ဖော်ပြခြင်းငှာမစွမ်းသာလောက်အောင် ခံစားနေရတော့သည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံနေကြစဥ် ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် ပြုံးလိုက်သည်။ အပြန်လမ်းတွင် သူ လီချင်းဟောက်အား နတ်ဝိညာဥ်တစ်ကောင်ပေးခဲ့ပြီး သူ့ဒဏ်ရာများအား ကုသပေးခဲ့သည်။ ထို့ကြောင့် သူက လီချင်းဟောက်ကို ရွှီမေ့ရှန်းနှင့် အတူ စိတ်ချလက်ချထားခဲ့ပြီး ထိုအစား ဘရူဆာကို ခေါ်ကာ ဂိုဏ်းကို လျှောက်ပတ်ကြည့်တော့သည်။
သူက ထိခိုက်ဒဏ်ရာရထားသော ဂိုဏ်းသားများအား မြင်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်ထဲလေးလံသွားသည်။
အမှန်တွင် ဂိုဏ်းသည် ဒဏ်ရာရသူ တစ်ပုံတခေါင်းနှင့် အသေအပျောက် များခဲ့သည်။ သို့သော် သူတို့ အကျိုးအမြတ်များလည်း ရရှိခဲ့ပေသည်။ သူတို့သည် အကျဥ်းသားတစ်သောင်းခေါ်ဆောင်လာခဲ့ပြီး မရေမတွက်နိုင်သော မှော်ပစ္စည်းများနှင့် အခြားရင်းမြစ်များအားလည်း သိမ်းပိုက်ခဲ့ကြသည်။
၎င်းတို့အနက် ပိုကောင်းမွန်သည်မှာ သူတို့၏ နတ်အဆင့်ခေါင်းဆောင်ကြီး ချန်ရစ်ခဲ့သည့် ပစ္စည်းများ၊ ဂိုဏ်းသုံးဂိုဏ်းပိုင်ဆိုင်သည့် မရေမတွက်နိုင်သော သီးသန့်အင်အားစုများနှင့် အဖိုးတန်ရတနာများပင်ဖြစ်ပြီး ၎င်းတို့အားလုံးကို အဏ္ဏဝါခေါ်သံဂိုဏ်းသားများက သိမ်းပိုက်လိုက်ကြသည်။
တိုက်ပွဲတွင် ပိုင်ရှောင်ချန်းတစ်ယောက်တည်းသာ ခမ်းနားကြီးကျယ်စွာ လုပ်ဆောင်ခဲ့သူမဟုတ်ပေ။ သူက ဂိုဏ်းအခြေအနေကို ပြောင်းပြန်လှန်ပေးခဲ့သူဖြစ်သော်လည်း အမှန်တကယ်တွင် ဘရူဆာက ပိုင်ရှောင်ချန်းရောက်မလာခင်အထိ ဂိုဏ်းကိုဆက်လက်တောင့်ခံပေးခဲ့သော အရေးပါသူများအနက် တစ်ယောက်ဖြစ်သည်။
ဘရူဆာ၏ ကျင့်ကြံခြင်းအခြေခံသည် ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းသို့ ရောက်နေလေပြီ။ သူက သားရဲဘုရင်တစ်ပါးဖြစ်သည့်အတွက် လိုအပ်လာလျှင် နတ်အဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်၏။ ထိုကဲ့သို့ တိုက်ပွဲမျိုးတွင် သူ အသာစီးမရနိုင်သော်လည်း သူ၏ အတိုက်အခိုက်စွမ်းရည်ကား အံအားသင့်ဖွယ်ကောင်းနေဆဲပင်။
ထိုမျှသာမက သူသည် သားရဲဘုရင်တစ်ပါးဖြစ်သည်ဆိုကတည်းက လုံလောက်သည့်အချိန်အတိုင်းအတာ ကျော်လွန်သွားသည်နှင့် နောက်ဆုံးတွင် နတ်အဆင့်ရောက်မည်ဖြစ်ရာ ဂိုဏ်းတစ်ခုလုံးအတွက် ဖော်ပြ၍ပင်မရနိုင်သော အကျိုးအမြတ်ကြီးပင် ဖြစ်သည်။
ဘရူဆာအပြင် စုန့်ကျင်းဝမ်မှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းစွာ တိုက်ပွဲဝင်ခဲ့၏။ ယခုအချိန်တိုင်အောင် သူမက ယင်ယန်ဝိညာဥ်အဆင့်မရောက်သေးဘဲ အမြုတေအဆင့် မဟာစက်ဝန်းတွင်သာ ဖြစ်သည့်တိုင် အလယ်တောင်ထိပ် သွေးဓားအား အံခွင်ဝင်ကျ ကိုင်ဆောင်နိုင်ခဲ့သည်။ သူမက သွေးစွမ်းအင်နတ်ရေစင်တစ်ဖွဲ့လုံးအား ဦးဆောင်လျက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်လေရာ သွေးမိစ္ဆာတစ်ကောင်နီးပါးဖြစ်လာခဲ့သည်။
စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ စွမ်းစွမ်းတမံတိုက်ခိုက်ခဲ့သည့် လက်ရွေးစင်များလည်းရှိသည်။ ရှန်ကွမ်းထျန်ယုံက သူတို့ထဲက တစ်ယောက်ပင်။ ယခုတွင် သူသည် ယင်ယန်ဝိညာဥ်အဆင့်သို့ ခြေတစ်လှမ်းရောက်ရှိနေပြီဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့် အစွမ်းထက်ဆုံးပညာရှင်များကို မေ့လိုက်လျှင် ဂိုဏ်းထဲတွင် အစွမ်းထက်ဆုံးဂိုဏ်းသားဖြစ်ကာ အတော်လေး ထင်ရှားကျော်ကြား၏။ ခေါင်းဆောင်ကြီးများက ရှန်ကွမ်းထျန်ယုံသည် ဓားအင်မော်တယ်ပြန်ဝင်စားသည့်လူဖြစ်ကြောင်း ပြောကြသည်။ ထိုမျှသာမက သူ၏ပင်ကိုယ်စရိုက်သည်လည်း အံသြဖွယ်ကောင်းစွာ ပြောင်းလဲသွားခဲ့သည်။ သူသည် ပို၍စကားနည်းလာပြီး လေးနက်လာသည့်အတွက် ဂိုဏ်းသားများက သူ့ကို ပို၍ လေးစားလာတော့သည်။
ထို့နောက် ပေဟန်လဲ့။ သူက တစ်ခါမှ အစွမ်းထက်ဆုံးလက်ရွေးစင် မဖြစ်ခဲ့ပါသော်လည်း မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ရောက်ရှိခြင်းအားဖြင့် မြေခဓားကမ္ဘာချောက်မှအစပြု၍ တဟုန်ထိုးကျော်ကြားလာခဲ့သည်။ ယခုတွင် နှောင်းပိုင်းအမြုတေအဆင့်သို့ ရောက်ရှိေနပြီး ရှန်ကွမ်းထျန်ယုံကို မကျော်နိုင်သည့်တိုင် သူတို့ခေတ်မျိုးဆက်များထက် များစွာ သာလွန်သည်ဟု သတ်မှတ်နိုင်သေးသည်။
အခြားအဖွဲ့များမှလည်း ဂုဏ်သတင်းကျော်ကြားလာခဲ့သည့် လက်ရွေးစင်များရှိသည်။ မကြာမီ ဂိုဏ်းက သူတို့ကို ဆုလာဘ်များပေးသနားမည်ဖြစ်ပြီး သူတို့၏ တောက်ပသောအနာဂတ်နေ့ရက်များ ရောက်လာတော့မည်ကို ပြောစရာပင် မလိုပေ။
ပိုင်ရှောင်ချန်းသည် ရင်းနှီးသော မျက်နှာများကို တစ်ခုပြီးတစ်ခု ကြည့်နေစဥ် လူတိုင်းက သူ့ကို စိတ်အားထက်သန်မှုများနှင့် ပြင်းပြသော စိတ်အဟုန်များဖြင့် ပြန်ကြည့်နေသည်ကို မြင်လိုက်ရရာ သူ့နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ပေါက်ဖွားလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ယင်းကား အိမ်ဟုခေါ်သော ခံစားချက်ပင်။
၄င်းမှာ သူမြေရိုင်းဒေသထဲတွင် တစ်ခါမှ မခံစားခဲ့ရဖူးသည့် တစ်ခုတည်းသောအရာဖြစ်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသည်ကား သူ့ဘဝတစ်သက်လုံး အိမ်ဟုခေါ်နေမည့်နေရာ ဖြစ်နေသောကြောင့်ပင်။
ဂိုဏ်းကိုပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဥ် ပိုင်ရှောင်ချန်းသည်လည်း ပါဝင်လိုက်သည်။ တစ်နေရာတွင် ဒဏ်ရာအပြင်းအထန်ရထားပြီး အသက်လုရှူနေရသော ကောင်းကင်ဦးချိုမှင်ရည်နဂါးနှင့် ပက်ပင်းတိုး၏။ ဂိုဏ်းမှအခြားသူများက သူ့ကို ကုသရန် ကြိုးစားနေကြသော်လည်း သူက အချိန်မရွေး သေမင်းချောက်ကမ်းပါးထဲကျတော့မည့်အလား။ ပိုင်ရှောင်ချန်းက သူ၏ဒဏ်ရာများ တဖြေးဖြေးသက်သာလာစေရန် ကောင်းကင်တာအိုယင်ယန်ဝိညာဥ်စွမ်းအားကို ဆင့်ခေါ်၍ ချက်ချင်းကုသပေးလိုက်သည်။
ဘရူဆာက ပျောက်သွားခဲ့သော်လည်း နဂါးအိုကြီးအား ပိုင်ရှောင်ချန်း ကုသခြင်းပြီးဆုံးသွားချိန်တစ်ဝိုက်တွင် ပြန်ရောက်လာ၏။ ပိုင်ရှောင်ချန်းက ဘရူဆာကို မြင်သောအခါ မျက်လုံးပြူးသွားတော့သည်။ ဘရူဆာအား ထူးဆန်းသော ဝိညာဥ်သားရဲအမြောက်အမြားက ဝန်းရံထား၏။ တချို့သားရဲများက ကြီးမားပြီး တချို့က သေးငယ်သော်လည်း မှားစရာကိုမလိုဘဲ အားလုံး အမချည်းသာ ဖြစ်ပေသည်။
" ဒါတွေက မင်း မိန်းမတွေလား "
ပိုင်ရှောင်ချန်းမှာ အံ့ဩမှင်သက်လျက် မေးလိုက်သည်။ ဘရူဆာက ပျော်ရွှင်သော ဟီသံတစ်ခုပြုလိုက်ရာ ပိုင်ရှောင်ချန်းမှာ တအံ့တသြရင်တုန်သွားတော့သည်။
" ပြီးတော့ ဒီကောင်တွေကကော... "
ပိုင်ရှောင်ချန်းက အမများနောက်က ထူးဆန်းသောအသွင်ရှိသည့် သားရဲပေါက် တစ်ထောင်ကျော်ကို လက်ညှိုးထိုး၍ မေးမြန်းလိုက်သည်။
ဘရူဆာ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အရိပ်အယောင်တစ်ခုပေါ်လာပြီး ကျေနပ်နေသည့်အသံအနည်းငယ် ပြုလိုက်သည်။ ဂိုဏ်းရှိ လူများမှာ အမှန်ကို ခန့်မှန်းထားပြီး ဖြစ်ပါသော်လည်း ဤအခြေအနေအား ပိုင်ရှောင်ချန်းထက်ပို၍ တစ်ယောက်မှ နားမလည်ပေ။
" အမယ်လေးဗျာ… ဒါတွေအားလုံးက မင်းကလေးတွေလား "
ပိုင်ရှောင်ချန်းမှာ ဆွံ့အသွားကာ သားရဲမများကို ကြည့်လိုက်ပြီး ရုတ်တရက် ဘရူဆာက မည်မျှအံ့သြဖွယ်ကောင်းကြောင်း တထစ်ချယုံကြည်သွားတော့သည်။
ဘရူဆာမှာ ပိုင်ရှောင်ချန်း၏တုံ့ပြန်ပုံကြောင့် အကျေနပ်ကြီး ကျေနပ်သွားသည်။ သားရဲမများကို ပြန်ကြည့်လိုက်ပြီး ဟောင်သံအနည်းငယ် ပြုလိုက်သည်။ ချက်ချင်းပင် ဝိညာဥ်သားရဲများအားလုံး ဒူးထောက်၍ ပိုင်ရှောင်ချန်းကို ဟိန်းဟောက်လိုက်ကြ၏။
၄င်းကား ကြမ်းကြုတ်ခက်ထန်မှု တစ်စုံတရာမပါ။ ဝါရင့်အကြီးအကဲတစ်ယောက်အား လေးစားမှုအပြည့်နှင့် ဂါဝရပြုသော အော်သံဖြစ်ပေသည်။
ပိုင်ရှောင်ချန်းက ဘရူဆာပြောရန် ကြိုးစားနေသည်ကို ကောင်းကောင်းသိသဖြင့် ခပ်ယဲ့ယဲ့ပြုးလိုက်သည်။ ဘရူဆာ၏ ခေါင်းကို ထုလိုက်ရင်း သူက သက်ပြင်းချလိုက်၏။ ဘရူဆာက သူ့သားဖြစ်သည်ဆိုတော့ ဤသားရဲများကား သူ့ချွေးမများနှင့် မြေးများပင် ဖြစ်ပေတော့သည်။
သူ့အတွေးစများက ထိုနေရာသို့ရောက်သော် နှုတ်ဆက်လက်ဆောင်အဖြစ် ပေးရန် အိတ်ကို ပုတ်ကာ မြေရိုင်းဒေသ ဝိညာဥ်ဆေးအချို့ကို ထုတ်လိုက်သည်။ ဝိညာဥ်ဆေးများမှာ ဝိညာဥ်ကျင့်ကြံသူများအတွက် ဝိညာဥ်ကျောက်တုံးများသဖွယ် အသုံးပြုနိုင်သည်သာမက ဝိညာဥ်သားရဲများအတွက်လည်း အလွန်အာနိသင်ရှိနိုင်သည် မဟုတ်ပါလော။ ထိုမျှသာမက ၄င်းသည် ကောင်းကင်တံတားမြစ်ဒေသတွင် အလွန်ရှားပါး၏။
ဝိညာဥ်သားရဲများမှာ ပိုင်ရှောင်ချန်းဆီက ဝိညာဥ်ဆေးရရန် အလွန်စိတ်လှုပ်ရှားနေကြပြီး ပျော်ရွှင်မြူးထူးစွာ အော်ဟစ်လာကြတော့သည်။ ဘရူဆာကား သိသိသာသာ အလွန်ပျော်ရွှင်နေပြီး ရိုသေလေးစားခံရသည့် ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အလား ဖြစ်နေသည်။
ဘရူဆာ အလွန်ပျော်ရွှင်နေသည်ကို မြင်ရသည်က ပိုင်ရှောင်ချန်း၏မျက်နှာတွင် အပြုံးတစ်ခု တွဲခိုသွားစေသည်။ ထို့နောက် သူက သက်ပြင်းချလိုက်သည်။
" အင်း ငါ တကယ် အိမ်ပြန်ရောက်လာပြီပဲ "