အခန်း (၃၁၀)
Vol. 29 Ch. 310
"မင်း ဘာပြောလိုက်တယ်"
ဗိုလ်ချုပ် ဖန်ထျန်ဖားသည် သတင်းလွှာကို ဆွဲယူဖတ်ရှုလိုက်ရာ သူ၏ မျက်ဝန်းအိမ်များ သိသိသာသာ တုန်လှုပ်သွားသည်။
"တကယ်ပဲ...တကယ်ပဲ အရှုံးပေးသွားတာလား။ သူတို့ ဘာခုခံမှုမှ မလုပ်ကြဘူးလား"
"မလုပ်ကြပါဘူးခင်ဗျာ" လက်အောက်ခံ စစ်သည်ကပြတ်သားစွာ ပြန်လည်ဖြေကြားသည်။
"ရှေ့တန်းက ညီအစ်ကိုတွေ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။ အနက်
ရောင်သံချပ်ကာတပ်မတော်က မြို့တံခါးအပြင်ဘက်မှာ ဒု-ဗိုလ်ချုပ်ရဲ့ အလံတော်ကို စိုက်ထူပြီး ခဏလောက် ရပ်စောင့်နေရုံနဲ့ မြို့တံခါးတွေက အလိုအလျောက် ပွင့်သွားတာပါပဲ"
"ကောင်းတယ်... အရမ်းကောင်းတယ်" မုန့်ချူကျီသည် အကြံဉာဏ်ကို နားထောင်ပြီး တပ်ကို စောစီးစွာ ရုပ်သိမ်းရန် အလျင်စလို အမိန့်မပေးခဲ့မိခြင်းအတွက် စိတ်သက်သာရာ ရသွားသည်။
သူသည် မိမိဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော အစိမ်းရောင် ဝတ်ရုံရှင် ပညာရှိကို ကြည့်လိုက်သည်။
"ဗိုလ်ချုပ်ဖန်... ခင်ဗျား အားလုံးကို ပြောပြပါဦး။ ဒါကို သူ ဘယ်လိုများ လုပ်ဆောင်နိုင်ခဲ့တာလဲ"
ဖန်ချင်းယွမ်က စားပွဲပေါ်မှ စစ်မြေပြင်ပုံစံငယ်ကို စိုက်ကြည့်နေပြီး မြစ်ပွားမြစ်ဆုံသဖွယ် ငြိမ်သက်နေသည်မှာ အတန်ကြာလေသည်။
"ဗိုလ်ချုပ်ဖန်"ကျန်းထောင်မင်က သတိထား၍ ကြားဖြတ်မေးလိုက်သည်။ "ဒါက ဘာဖြစ်လို့လဲ"
"ငါ သိပြီ"
အတန်ကြာမှ ဖန်ချင်းယွင်က ရုတ်တရက် စကားပြောလာသည်။ သူ၏ အသံမှာ ကြည်လင်နေပြီး သင်္ချာပညာရှင်တစ်ဦးက ခက်ခဲသော ပုစ္ဆာကို အဖြေထုတ်နိုင်လိုက်သည့်နှယ် သို့မဟုတ် လက်မှုပညာရှင်တစ်ဦးက ရှုပ်ထွေးလှသော ယန္တရားတစ်ခုကို ဖွင့်ရန် နည်းလမ်းရှာတွေ့သွားသည့်နှယ် အံ့ဩဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။
"ဒု-ဗိုလ်ချုပ် ချန် ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါ သိပြီ"
"အို... ဟုတ်လား"
မုန့်ချူကျီက မစောင့်နိုင်တော့ဘဲ "ပြောပါဦး... ငါတို့ကိုလည်း ရှင်းပြပါဦး" ဟု ဆိုသည်။
"စစ်သေနာပတိချုပ် မုန့်" ဖန်ချင်းယွမ်က ပြုံးလျက် မေးလိုက်သည်။ "ကျွန်တော် မေးပါရစေ။ ခင်ဗျားရဲ့ လမ်းစဉ်က ဘာလဲ"
"ငါ့လမ်းစဉ်လား။ ငါ့ရဲ့ စစ်ဗျူဟာ ကျွမ်းကျင်မှုကို မေးတာလား" မုန့်ချူကျီက ချက်ချင်းပင် ဖြေကြားသည်။
"ငါ့လမ်းစဉ်ကတော့ သဘာဝကျကျပဲ အရှုံးမရှိတဲ့ လမ်းစဉ်ပေါ့။ ကြီးမြတ်တဲ့ စစ်သူကြီးမျိုးရိုးတွေအတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး အရှုံးမရှိတဲ့ အနေအထားမှာ ရှိနေအောင် လုပ်ထားရမယ်။ ပြီးမှ ရန်သူ့ရဲ့ အားနည်းချက်ကို စောင့်ကြည့်တိုက်ခိုက်ရတာပဲ"
ဖန်ချင်းယွမ်က နောက်တစ်ဦးကို လှည့်မေးသည်။
"ဗိုလ်ချုပ် ဖန်ထျန်ဖားကရော"
"ကျွန်တော်လား"
ဗိုလ်ချုပ် ဖန်ထျန်ဖားက ဂုဏ်ယူစွာဖြင့် "ကျွန်တော် ယုံကြည်တာကတော့ ဧကရာဇ်မင်းမြတ်ရဲ့ လမ်းစဉ်ပဲ။ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း တရားသော စစ်တပ်ကို စေလွှတ်ရမယ်။ အဲ့ဒီတပ်ဟာ ရောက်လေရာမှာ ကောင်းကင်ဘုံရဲ့ ကူညီမှုကို ရရှိပြီး ဘယ်အရာကမှ တားဆီးလို့ မရနိုင်ဘူး။ တိုင်းသူပြည်သားတွေရဲ့ စိတ်နှလုံးကိုလည်း အောင်နိုင်ရမယ်" ဟု ဆိုသည်။
"ကျွန်တော်ကတော့ လမ်းစဉ်တွေအကြောင်း ဆွေးနွေးဖို့ မထိုက်တန်ပါဘူး" ကျန်းထောင်မင်က ပွင့်လင်းစွာ ပြောသည်။ "ကျွန်တော်က စစ်သေနာပတိချုပ် မုန့်ရဲ့ လက်အောက်က ဒု-ဗိုလ်ပါ။ လမ်းစဉ်အကြောင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော်က ဗိုလ်ချုပ်ကျီ အနှစ်သက်ဆုံးဖြစ်တဲ့ လွှမ်းမိုးခြင်း လမ်းစဉ်ကို သဘောကျပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကျီနဲ့ ယှဉ်ရင်တော့ ကျွန်တော်က အတုအယောင်မျှသာပါ"
"ဗိုလ်ချုပ်ကျီကတော့ စစ်ရေးအရ လွှမ်းမိုးခြင်းရဲ့ စစ်မှန်တဲ့ ပြယုဂ်ပဲ။ သူသွားလေရာမှာ ရန်သူတွေ ကြောက်လန့်တုန်လှုပ်နေကြရတာ။ သူသာ အခွင့်သာလို့ ဖိတိုက်ပြီဆိုရင် ဘယ်သူမှ တားလို့မရဘူး။ ရန်သူတွေဟာ အတုံးအရုံး ပြိုလဲပျက်စီးရတာပဲ"
"မင်ပြည်နယ်တုန်းကလည်း ဒီလိုပဲ။ ကျန့်ဝူရှင်းကလည်း စစ်နတ်ဘုရားတစ်ဦးပဲ မဟုတ်လား။ ဒါပေမဲ့ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ။ သူ့ရဲ့ အင်အား ရှစ်သောင်းရှိတဲ့ တပ်ကြီးကဗိုလ်ချုပ်ကျီရဲ့ လိုက်လံတိုက်ခိုက်မှုအောက်မှာ တစ်သောင်းကျော်လောက်ပဲ အသက်ရှင်ပြီး ပြန်သွားနိုင်ခဲ့တယ်။ လူတော်တော်များများကကြောက်လန့်လွန်းလို့ ကိုယ်လက်အင်္ဂါတွေ လေးလံထိုင်းမှိုင်းပြီး တချို့ဆိုရင် ထိုနေရာမှာတင် ကြောက်စိတ်နဲ့ သေသွားကြတယ်လို့ ကြားတယ်"
"ဗိုလ်ချုပ်ကျီကတော့ ငါတို့ မျိုးဆက်သစ်တွေအတွက် စံပြပုဂ္ဂိုလ်ပဲ"
နန်းတော်ကလည်း ဤကဲ့သို့ပင် စီစဉ်ထားခြင်း ဖြစ်သည်။ စစ်သေနာပတိချုပ် မုန့်ချူကျီကဲ့သို့ တည်ငြိမ်သူနှင့် ဗိုလ်ချုပ်ကျီကဲ့သို့ လွှမ်းမိုးတိုက်ခိုက်တတ်သူတို့ကို တွဲဖက်ပေးထားခြင်းမှာ အရေးကြီးသော အချိန်များတွင် တစ်ဦးနှင့်တစ်ဦး အားဖြည့်ပေးရန်နှင့် မမျှော်လင့်ထားသော ရလဒ်များ ရရှိရန် ရည်ရွယ်ခြင်း ဖြစ်သည်။
"အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ရဲ့ စစ်ဗျူဟာ နားလည်မှုက ဗိုလ်ချုပ်ဖန်လောက် မနက်နဲပါဘူး" မုန့်ချူကျီက ညည်းတွားလိုက်သည်။ "ငါတို့ရဲ့ လမ်းစဉ်တွေဖြစ်တဲ့ ဧကရာဇ်လမ်းစဉ်၊ လွှမ်းမိုးခြင်းလမ်းစဉ် ဒါမှမဟုတ် တည်ငြိမ်ခြင်းလမ်းစဉ် ဆိုတာတွေဟာ စစ်မဟာဗျူဟာကျမ်းတွေထဲကနေ ငါတို့နဲ့ ကိုက်ညီမယ့် နည်းလမ်းတွေကို ရှာဖွေပြီး ချဲ့ထွင်ထားတာတွေပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်ဖန်ခင်ဗျားကတော့ လှည့်ဖြားခြင်း လမ်းစဉ်ကို စတင်တည်ထောင်သူပဲ။ ခင်ဗျားဟာ လမ်းစဉ်တစ်ခုရဲ့ စစ်မှန်တဲ့ ဆရာသခင်ဖြစ်ပြီး တစ်နေ့မှာ စစ်နတ်ဘုရားကျောင်းမှာ စံပယ်ရမယ့်သူပဲ"
ဖန်ချင်းယွမ်သည် နှိမ့်ချခြင်း သို့မဟုတ် ဂုဏ်ယူဝါကြွားခြင်း မပြသဘဲ သူ၏ စကားကို အခုလို ပြောင်းလဲပြောဆိုလိုက်သည်။
"ဒု-ဗိုလ်ချုပ် ချန်ဆန်းရှီ ရဲ့ စစ်ဗျူဟာက ဘယ်လမ်းစဉ်ကို လိုက်နေတယ်ဆိုတာ ခင်ဗျားတို့ သိကြလား"
"အဲ့ဒါကတော့..." မုန့်ချူကျီသည် သူ၏ မုတ်ဆိတ်တိုကို ပွတ်သပ်ရင်း "လှည့်ဖြားခြင်း လမ်းစဉ်ပေါ့" ဟု ဆိုသည်။
"ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်" ကျန်းထောင်မင်က ထောက်ခံသည်။ "အခုကြည့်ရတာ ဒု-ဗိုလ်ချုပ် ချန် ရဲ့ လမ်းစဉ်က လှည့်ဖြားခြင်း ဖြစ်တာ သံသယဖြစ်စရာ မလိုတော့ဘူး။ တကယ်တော့ ကျွန်တော် ဒု-ဗိုလ်ချုပ် ချန် ရဲ့ တိုက်ပွဲမှတ်တမ်းတွေကို သေသေချာချာ ပြန်သုံးသပ်ဖူးပါတယ်။ ပိုယန် တုန်းကဆိုရင် အင်အား တစ်ထောင်လောက်ပဲရှိတဲ့ လက်ကျန်တပ်နဲ့ အင်အား နှစ်သောင်းရှိတဲ့ လူရိုင်းတပ်ကြီးကို ချေမှုန်းခဲ့တာ။ သူကဟန်ပြတိုက်ခိုက်တာတွေ၊ မမျှော်လင့်ထားတဲ့ ဘက်ကနေ စီးနင်းတိုက်ခိုက်တာတွေ စတဲ့ လှည့်ဖြားခြင်း ဗျူဟာတွေကို သုံးခဲ့တာပဲ"
"ဟုတ်တယ်" ဗိုလ်ချုပ် ဖန်ထျန်ဖားကပင် သဘောတူသည်။
"ဟုန်ကျဲမြစ် ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်တိုက်ခိုက်ခဲ့တာတွေ၊ မင်ပြည်နယ်ရဲ့ နယ်မြေကျဉ်းကျဉ်းလေးထဲမှာ ပတ်လှည့်နေခဲ့တာတွေ၊ ပြီးတော့ ထွက်မပြေးဘဲ မေရှန်စီရင်စုကို တိုက်ရိုက် တိုက်ခိုက်ခဲ့တာတွေဟာ ဗိုလ်ချုပ်ဖန်မူလက ရေးသားခဲ့တဲ့ 'စစ်ရေးဟူသည် လှည့်ဖြားခြင်းပေါ်တွင် အခြေခံသည်' ဆိုတာနဲ့ အံကိုက်ပဲ။ ဗိုလ်ချုပ်ဖန်ရဲ့ မျိုးဆက်သစ်ပီသပါပေတယ်။ သူဟာ လှည့်ဖြားခြင်း လမ်းစဉ်မှာ ခင်ဗျားကိုတောင် ကျော်တက်သွားနိုင်တယ်"
ဖန်ချင်းယွမ်ကတော့ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောပေ။
"အို"
မုန့်ချူကျီက စိတ်ဝင်တစားဖြင့် "ဗိုလ်ချုပ်ဖန်... လျှို့ဝှက်မထားပါနဲ့။ ဒါဟာ တခြားလမ်းစဉ်တစ်ခုခုလား။ မေတ္တာလမ်းစဉ်လား၊ ရူးသွပ်ခြင်းလမ်းစဉ်လား ဒါမှမဟုတ် ရှားပါးလှတဲ့ ဖြတ်ကျော်ခြင်း အတတ်ပညာလား"
"ဒါတွေ တစ်ခုမှ မဟုတ်ဘူး" ဖန်ချင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "ခင်ဗျားတို့ နားလည်မှု လွဲနေပြီ။ ဒု-ဗိုလ်ချုပ် ချန်ဆန်းရှီ ရဲ့ မှတ်တမ်းတွေကို ကြည့်ရင် အစပိုင်းမှာတော့ လှည့်ဖြားခြင်း အငွေ့အသက်တွေ ပါတာ မှန်ပေမယ့် နောက်ပိုင်းကို ထပ်ကြည့်မယ်ဆိုရင် ဒါဟာ လှည့်ဖြားခြင်း သက်သက် မဟုတ်ဘူးဆိုတာ သိနိုင်တယ်"
"သူ စစ်ဗျူဟာတွေကို ဘယ်သူ့ဆီက သင်ယူခဲ့လဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီက မဟုတ်တာတော့ သေချာတယ်။"
"အခု ဒီအချိန်မှာတော့"
"အရင်က သူ ဘယ်သူ့ဆီက သင်ခဲ့သင်ခဲ့၊ လူဘယ်နှစ်ယောက်ဆီကပဲ သင်ခဲ့သင်ခဲ့ အခုတော့ အားလုံးဟာ တစ်သားတည်း ပေါင်းစပ်သွားပြီး သူ့ရဲ့ ကိုယ်ပိုင်လမ်းစဉ်အဖြစ် ပြောင်းလဲသွားပြီ"
"သူ့ရဲ့ ကိုယ်ပိုင်လမ်းစဉ် ဟုတ်လား" မုန့်ချူကျီက စကားရဲ့ ဆိုလိုရင်းကို နားလည်ရန် ကြိုးစားသည်။ "ဗိုလ်ချုပ်ဖန်.. ခင်ဗျား ဆိုလိုတာက..."
"အတိအကျပဲ"
ဖန်ချင်းယွမ်က သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရင်း ကျယ်လောင်စွာ ကြေညာလိုက်သည်။ "လူကြီးမင်းတို့ ပြင်ဆင်ထားကြပါ။ မကြာခင်မှာ 'စစ်မဟာဗျူဟာ ရှစ်ကျမ်း' ဟာ 'စစ်မဟာဗျူဟာ ကိုးကျမ်း' ဖြစ်လာတော့မယ်။ ဒါဟာ ဒု-ဗိုလ်ချုပ် ချန်ဆန်းရှီ ရဲ့ ကိုယ်ပိုင်လမ်းစဉ်ပဲ။ ဒီလမ်းစဉ်ဟာ အမြဲတမ်း ရှိနေခဲ့ပေမယ့် အခုမှ လုံးဝ အသစ်စက်စက် လမ်းစဉ်တစ်ခုအဖြစ် ပေါ်ထွက်လာတာ"
"ဒီလမ်းစဉ်ရဲ့ အမည်ကတော့ - အရှိန်အဟုန်"
"စစ်ရေးဟူသည် အရှိန်အဟုန်ပေါ်တွင် မူတည်သည်"
...
ချန်တင်းစီရင်စု။
"ဗိုလ်ချုပ်"
"မြောက်ဘက်က ကျွန်တော်တို့ ညီအစ်ကိုတွေ အားလုံး အရှုံးပေးသွားကြပြီ"
"မြို့ထဲမှာလည်း စားစရာ ရိက္ခာ မရှိတော့ဘူး"
"ကျွန်တော်တို့လည်း အရှုံးပေးလိုက်ကြရအောင်"
"အရှုံးပေးမယ် ဟုတ်လား။ ငါတို့မှာ စစ်သည် ၄၀၀၀ ရှိသေးတာကို မင်းက ငါ့ကို အရှုံးပေးခိုင်းတာလား"
"ဗိုလ်ချုပ်... ဒု-ဗိုလ်ချုပ် ချန် က ကျွန်တော်တို့ စဉ်းစားဖို့အတွက် ၃ နာရီပဲ အချိန်ပေးထားတာ။ ခင်ဗျားကတော့ တခြားကနေ ပြောင်းလာတဲ့ တပ်သားဆိုတော့ ကိစ္စမရှိဘူး။ မြို့ကျသွားရင်လည်း ခင်ဗျား အသက်ပဲ ဆုံးရှုံးမှာ၊ ၁၈ နှစ်ကြာရင် လူလားပြန်မြောက်နိုင်သေးတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ဒီဒေသခံ တပ်သားတွေ။ ကျွန်တော်တို့ရဲ့ မိန်းမတွေ၊ သားသမီးတွေက မြို့ထဲမှာရှိနေတာ။ ငါတို့သာ ဆက်ပြီး ခုခံနေရင် မြို့ကျသွားတဲ့အခါ သူတို့တွေပဲ အကျိုးဆက်ကို ခံစားရမှာ"