အခန်း (၃၁၅)
Vol. 29 Ch. 315
"တကယ်လို့ အခြေအနေက ဒီလိုဆိုရင်တော့ လိုင်တစ်ပြည်နယ်လုံးမှာ ငါတို့ ကျောက်ထုံ စီရင်စုတစ်ခုတည်းပဲ ကျန်တော့တာပေါ့"
"ရယ်စရာပဲ"
တိန့်ဖုန်းသည် မြို့ရိုးပေါ်တွင် နေ့ညမပြတ် ကင်းစောင့်နေပြီး တစ်စုံတစ်ရာ ဖြစ်ပျက်လာပါက သူ၏လူများကို အားပေးရန် အမြဲအသင့်ရှိနေသည်။ "ကောင်းတယ် တခြားစီရင်စုက ဗိုလ်ချုပ်တွေဟာ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေ၊ သေအတူရှင်မတူ ညီအစ်ကိုတွေပဲ။ ငါသာ အရှုံးမပေးသရွေ့ သူတို့လည်း ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး"
"ချန်ဆန်းရှီ က ငါတို့နဲ့ပတ်သက်ရင် ဘာမှလုပ်လို့မရတော့လို့ တခြားနေရာတွေကို သွားတိုက်နေတာပဲ။ ဒါဟာ ငါ့အကြံထဲကို ကွက်တိဝင်လာတာပဲ"
"အချိန်က ဒီလောက်ပဲ ကျန်တော့တာ သူတို့ ဘယ်မြို့ကို သိမ်းနိုင်မှာလဲ။ သွားလိုက်လာလိုက်နဲ့ အချိန်ဖြုန်းနေတာကတင် ဧကရာဇ်မင်းမြတ်ရဲ့ တပ်မတော်ကြီး ရောက်လာဖို့အတွက် လုံလောက်တဲ့ အချိန်ပဲ"
"တကယ်လို့ အဲ့ဒီအတိုင်းသာ ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့"
"ဒါဆိုရင်တော့ ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ စကားကို ယုံကြည်ပြီး နောက်ထပ် ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့"
...
ယုံလဲ့ စီရင်စု။
"ခုနစ်ရက် တောင် ကုန်သွားပြီ။ တိန့်ဖုန်း က ငါ့ကို တကယ်ပဲ စိတ်မပျက်စေဘူး"
ထန်ဘုရင် လီဂုန်းတစ်ယောက် သက်ပြင်းချလိုက်နိုင်သည်။ အချိန်က သူတို့ဘက်မှာ ရှိနေသည်။ စစ်ကူတွေ ရောက်လာတော့မည်။
မြို့ပြင်ရှိ ဒါရှန် စစ်စခန်း။
"ခုနစ်ရက် ရှိသွားပြီ၊ ကျောက်ထုံ စီရင်စုက အခုထိ အရှုံးမပေးသေးဘူး"
မုန့်ချူကျီ စိတ်ပူနေသော်လည်း အရင်ကလောက်တော့ ဂယောက်ဂယက် မဖြစ်တော့ပေ။ သူက စိတ်ရှည်စွာဖြင့် မေးမြန်းလိုက်သည်။ "ဗိုလ်ချုပ်ဖန်... ခင်ဗျားပြောတဲ့ အရှိန်အဟုန် ဆိုတာက ကျောက်ထုံ စီရင်စုကို ဝါးမြိုဖို့ မစွမ်းဆောင်နိုင်ဘူး ထင်တယ်။ တိန့်ဖုန်း က ဩဇာအာဏာ အရမ်းကြီးတယ်၊ ဒီလို အခြေအနေမှာတောင် စစ်သည်တွေကို ထိန်းထားနိုင်တုန်းပဲ။ အခု ဘာဆက်လုပ်ကြမလဲ။ နောက်ဆုံး ၁၀ ရက်ကျော်လောက်ပဲ ကျန်တော့တာ အချိန်ကုန်သွားတော့မှာပဲ"
သူ၏ စစ်တိုက်သက်တမ်းတစ်လျှောက်တွင် ယခုကဲ့သို့ တုန်လှုပ်ချောက်ချားမှုကို တစ်ခါမျှ မခံစားဖူးပေ။ အရင်ကဆိုလျှင် သူသည် တပ်ဆုတ်သွားလောက်ပြီ ဖြစ်သည်။ တပ်ဆုတ်တာ မြန်သရွေ့တော့ ဘယ်တော့မှ အရှုံးမပေးရဘူးဟု သူက ယူဆထားသည်။
"နောက်ထပ် ခဏလောက် ထပ်စောင့်ပါဦး"
ချန်ဆန်းရှီ၏ ဗျူဟာကို နားလည်သွားပြီးနောက် ဖန်ချင်းယွမ် ကတော့ အလွန်အမင်း တည်ငြိမ်နေသည်။ သူသည် ပလွေကိုပင် အေးအေးလူလူ မှုတ်နေပြီး လုံးဝ ယုံကြည်ချက်ရှိနေသည့် ပုံစံမျိုး ဖြစ်သည်။
သူ့ကို ကြည့်ပြီး ဖန်ထျန်ဖား နှင့် ကျန့်ထောင်မင် တို့ပါ သတိကြီးစွာဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။ တပ်ဆုတ်ဖို့ ပြင်ဆင်ထားသော်လည်း အရှုံးပေးဖို့တော့ အခုထိ မပြောကြသေးပေ။
ဒါဆိုရင်လည်း နောက်ထပ် ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့။
...
အနက်ရောင်သံချပ်ကာတပ်သား ၃၀၀၀ သည် ကျောက်ထုံ စီရင်စုကို ကျော်ဖြတ်ပြီး တောင်ဘက်သို့ ဆက်လက် ချီတက်ခဲ့ကြသည်။
"အရှင်... ပထမအဆင့် လေးဆင့်ကို ပြီးမြောက်သွားပြီဆိုတော့ အခု ပဉ္စမအဆင့်ကို ဆက်သွားရမှာလား"
ရှာချုံ က အနားသို့ လာကာ "ဒီတစ်ခါတော့ တခြားမြို့တွေကို အရင်အရှုံးပေးအောင် စည်းရုံးပြီး ကျောက်ထုံ စီရင်စုကို အထီးကျန် မြို့တစ်မြို့ ဖြစ်သွားအောင် လုပ်ပြီးမှ ဖိအားပေးမှာလား။ ဒါက တကယ့်ကို ထက်မြက်တဲ့ ဗျူဟာပဲ"
ချန်ဆန်းရှီ က သူ၏ လှံရှည်ဖြင့် အဝေးက လော့ယင်စီရင်စုကို ညွှန်ပြလိုက်သည်။ "မင်းသွားပြီး သူတို့ကို အရှုံးပေးဖို့ စည်းရုံးလိုက်"
"ကျွန်တော်လား။ ဟုတ်ကဲ့" ရှာချုံ တွန့်ဆုတ်မနေဘဲ လူအချို့ကို ဦးဆောင်ကာ မြို့တံခါးဆီသို့ တိုက်ရိုက် သွားလိုက်သည်။
ဒါပေမဲ့ သူ ချက်ချင်းဆိုသလို ပြန်ရောက်လာပြီး မျက်နှာကလည်း မကောင်းပေ။ "အရှင်.. လော့ယင်စီရင်စုက လူတွေက အရင်လူတွေနဲ့ မတူဘူး။ သူတို့က... သူတို့က အရှုံးမပေးဘူးတဲ့"
"အရှင်"ရှောင်ကျန့် က ဝင်ပြောသည်။
"အရှင်ကိုယ်တိုင် စမ်းကြည့်မလား။ အရင်အရှုံးပေးတဲ့ မြို့တွေက အရှင့်ရဲ့ ဂုဏ်သတင်းကြောင့် ပေးခဲ့တာဆိုတော့ ကျွန်တော်တို့ လက်အောက်ငယ်သားတွေက အရည်အချင်း မရှိလို့လည်း ဖြစ်နိုင်ပါတယ်"
"မလိုဘူး နောက်တစ်မြို့ကို ဆက်သွားမယ်" ချန်ဆန်းရှီ က သူတို့ကို ပြန်ပြောဖို့ အချိန်မပေးဘဲ မြင်းကို နှင်လိုက်သည်။
"ဗျာ" ရှာချုံ နှင့် အခြားသူများမှာ အမြန်လိုက်သွားကြရသည်။
"လျန့်ယီ စီရင်စုကလည်း အရှုံးမပေးဘူး"
"ဝူယွမ် စီရင်စုကလည်း အရှုံးမပေးဘူး"
"လုယွမ် စီရင်စုလည်း အရှုံးမပေးဘူး"
"အရှင်.. တကယ်ပဲ အရှင်ကိုယ်တိုင် မစည်းရုံးတော့ဘူးလား။ ဒီလူတွေက တိန့်ဖုန်း အပေါ်မှာ အရမ်း သစ္စာရှိကြတာဆိုတော့ အရှုံးမပေးချင်ကြဘူး ဖြစ်လိမ့်မယ်"
"ဒါ့အပြင် ကျွန်တော်တို့ သွားလိုက်လာလိုက် လုပ်နေတာနဲ့ ကျောက်ထုံ စီရင်စုကို ပြန်ရောက်ရင် ၁၃ ရက်မြောက်နေ့တောင် ဖြစ်နေလိမ့်မယ်"
ရှာချုံ က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ အခု သူတို့ မေးတာက သံသယရှိလို့ မဟုတ်ဘဲ သင်ယူလိုစိတ်၊ နားလည်လိုစိတ်ကြောင့်သာ ဖြစ်သည်။
"အဲ့ဒီလိုလား"
ချန်ဆန်းရှီ က တွေးတောနေဟန်ဖြင့် "သူတို့ အရှုံးပေးပြီးပြီ မဟုတ်လား" ဟု ဆိုသည်။
"ဒါက..." ရှာချုံ တစ်ယောက် ရုတ်တရက် သဘောပေါက်သွားသည်။ "ထက်မြက်လိုက်တာ အရှင်။ ကျွန်တော် နားလည်ပါပြီ။ သူတို့ တကယ် အရှုံးပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ကျောက်ထုံ မြို့စောင့်တပ်ရဲ့ အမြင်မှာတော့ ဒီမြို့တွေ အရှုံးပေးသွားပြီလို့ ထင်သွားမှာပဲ။ တိုက်ခိုက်မယ့်နေ့ ရောက်ဖို့ ၂ ရက်ပဲ ကျန်တော့တာဆိုတော့ သူတို့မှာ သွားပြီး အတည်ပြုဖို့ အချိန်မရှိတော့ဘူး။ အရင်အရှုံးပေးခဲ့တဲ့ စီရင်စု ၂၇ ခုနဲ့ ပေါင်းလိုက်ရင် ဒီ ၈ ခုလည်း အခြေအနေအရ အရှုံးပေးသွားပြီလို့ သူတို့ ယုံကြည်သွားလိမ့်မယ်။ အဲ့ဒီအခါ သူတို့က အထီးကျန်မြို့တစ်မြို့ပဲ ကျန်တော့တယ်လို့ ထင်သွားမှာပဲ"
"ရှာချုံ"
"ရှိပါတယ် အရှင်"
"မင်း အခုချက်ချင်း အညံ့ခံထားတဲ့ စစ်သည်တွေကို ထိန်းသိမ်းထားတဲ့ မြို့တွေကို သွားပါ။ ပြီးရင် ကျန်နေတဲ့ စစ်သည် ၂၀၀၀ လုံးကို ကျောက်ထုံ မြို့ပြင်ကို အမြန်ဆုံး ပို့ဆောင်ပါ။ မြို့တံခါးတွေရဲ့ အရပ်မျက်နှာ အသီးသီးမှာ သူတို့ကို ဖြန့်ထားလိုက်ပါ"
ရှာချုံ တစ်ယောက် ခဏလောက် ရှင်းလင်းသွားသလို ရှိသော်လည်း အခုတော့ ထပ်ပြီး နားမလည်ပြန်တော့ပေ။ ဒါဟာ သူတို့အချင်းချင်း အရှုံးပေးဖို့ စည်းရုံးခိုင်းတာလား၊ ဒါမှမဟုတ် မြို့ကို ဝန်းရံတိုက်ခိုက်ဖို့လား။ သူက မိမိကိုယ်ကို ဉာဏ်နည်းသည်ဟု ခံစားရပြီး ထပ်မမေးတော့ဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။
"နားလည်ပါပြီ" သူက အမိန့်ကို ချက်ချင်း လုပ်ဆောင်လိုက်သည်။
...
လေရှန် စီရင်စု။
နဂိုက တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီးနောက် ဤနေရာသည် အညံ့ခံသည့် စစ်သည်များကို ထိန်းသိမ်းရာ နေရာ ဖြစ်လာခဲ့သည်။
ချင်နိုင်ငံမှ စစ်သည် နှစ်သောင်းကျော်မှာ သူတို့၏ ကံကြမ္မာ ဆိုးရွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ဒါရှန် က သူတို့ကို အိမ်ပြန်ခွင့်ပြုပြီး ရိက္ခာတွေပါ ပေးခဲ့သည်။
တစ်လကျော်အတွင်းမှာ...
လူပေါင်း နှစ်သောင်းကျော်ထဲက နှစ်ထောင်ပဲ ကျန်တော့သည်။
ဒီ နှစ်ထောင်မှာတော့ စိုးရိမ်တကြီး ဖြစ်နေကြသည်။ တခြားသူတွေကို လွှတ်ပေးသော်လည်း သူတို့ကိုတော့ အစကတည်းက အခုထိ သီးသန့် ခွဲထုတ်ပြီး ထိန်းသိမ်းထားခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် လိုင်ပြည်နယ် တစ်ခုလုံး အရှုံးပေးသွားပြီဖြစ်ပြီး သူတို့ပဲ ကျန်တော့သည်ဟုလည်း ကြားထားရသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
"အရှင်... ကျွန်တော်တို့ကို ဘာလို့ မလွှတ်ပေးတာလဲ"
"ကျွန်တော်တို့ပဲ ကံဆိုးပြီး သတ်ဖြတ်ခံရဖို့ ကျန်နေခဲ့တာလား"
"အရှင်... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ"
သူတို့ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြသည်။
"ပါးစပ်ပိတ်ထားကြ" ထိန်းသိမ်းရေး တာဝန်ခံ ဇူချီ က ဟန့်တားလိုက်သည်။ "မင်းတို့ အသက်က မင်းတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ဒါရှန် က သေစေဆိုရင် သေရမှာပဲ၊ ရှင်စေဆိုရင် ရှင်ရမှာပဲ"
"ဗိုလ်ချုပ်ဇူ" ရှာချုံ ရောက်လာသည်။
"ဒု-ဗိုလ်ချုပ် ချန် ရဲ့ အမိန့်ပါ။ ဒီလူတွေကို ကျောက်ထုံ မြို့ပြင်ကို အမြန်ဆုံး ခေါ်သွားပါ"
"ကျောက်ထုံ"
အညံ့ခံထားသည့် စစ်သည်များမှာ တုန်လှုပ်သွားကြသည်။
"ဒါ... ကျွန်တော်တို့ကို ရှေ့တန်းကနေ တိုက်ခိုက်ခိုင်းတော့မလို့လား"