အခန်း (၃၁၈)
Vol. 29 Ch. 318
မုန့်ချူကျီ၏ အမြင်တွင် ချန်ဆန်းရှီအနေဖြင့် စစ်မိန့်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ဤကိစ္စအတွက် ချန်ဆန်းရှီကို အပြစ်တင်၍တော့ မရနိုင်ပေ။ စီရင်စု ၂၇ ခုလုံး အရှုံးပေးခဲ့ခြင်းမှာပင် အလွန်တရာ အံ့ဩစရာကောင်းပြီး မကြုံစဖူးသော အောင်မြင်မှုမျိုး ဖြစ်ခဲ့ရာ ကျောက်ထုံ စီရင်စုကို မသိမ်းပိုက်နိုင်ခြင်းမှာ သဘာဝကျပါသည်။ သို့သော် စစ်တပ်အတွင်း၌ နောက်ပြောင်၍ မရပေ။ ချန်ဆန်းရှီကို အရင်ဆုံး ပြန်လည်ခေါ်ယူရမည်ဖြစ်ပြီး အပြစ်ပေးရန် ရှိမရှိကို နောက်မှ ဆုံးဖြတ်ရမည် ဖြစ်သည်။
...
ကျောက်ထုံ စီရင်စုမြို့အနီးရှိ ဒါရှန် စစ်စခန်းအတွင်း၌။
"စစ်သေနာပတိချုပ်က သဘောတူလိုက်ပြီ"
ရှာဝမ်လုံက မတ်တတ်ရပ်ကာ အမိန့်ပေးလိုက်သည်။ "ရှေ့တန်း၊ နောက်တန်း၊ ဝဲတပ်နဲ့ ယာတပ်က လက်ထောက်ဗိုလ်ချုပ်တွေ ငါ့အမိန့်ကို နားထောင်ကြ။ ချန်ဆန်းရှီကို မျက်ခြေမပြတ် စောင့်ကြည့်ထားကြ။ မိုးလင်းတာနဲ့ သူ့ကို ချက်ချင်း ဖမ်းဆီးပြီး ငါတို့ အရှိန်အဟုန်နဲ့ တပ်ဆုတ်ကြမယ်"
"ဟုတ်ကဲ့ပါ"
လက်ထောက်ဗိုလ်ချုပ် အချို့မှာ အမိန့်ကို လက်ခံပြီး ထွက်ခွာသွားကြသည်။
"မဖြစ်ဘူး။ သူ့ကို ဒီအတိုင်း ပြန်ပို့ရင် သူ သေမှာ မဟုတ်ဘူး" ချွေချုံယီက ပြောသည်။ "စစ်သေနာပတိချုပ် မုန့် ရဲ့ သဘောထားကို ကြည့်ရင် ဒါဟာ ချန်ဆန်းရှီရဲ့ အမှားမဟုတ်ဘူးလို့ ထင်နေတာ ရှင်းနေတာပဲ။ ငါ့အထင်တော့ သူ သေဒဏ်ကနေ လွတ်ရင်လွတ်မယ်၊ ဒါပေမဲ့ သူ့ရဲ့ အရင်က ရခဲ့တဲ့ အောင်မြင်မှုတွေနဲ့ အစားထိုးလိုက်ရင် အလကား ဖြစ်သွားမှာပဲ"
"အရင်ဆုံးတော့ သူ့ကို ပြန်ပို့ဖို့ လုပ်ရမှာပဲ" ရှာဝမ်လုံက နှာခေါင်းရှုံ့လိုက်ရင်း "အကောင်းဆုံးကတော့ သူ အမိန့်ကို ဖီဆန်ပြီး မြို့ကို အတင်းအကျပ် တိုက်ခိုက်တာပဲ။ အဲ့ဒီအခါကျရင် မင်းနဲ့ ငါက သူ့ကို သတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရသွားတာပေါ့" ဟု ဆိုသည်။
...
အနက်ရောင်သံချပ်ကာတပ်မတော်၏ ဗဟိုစစ်တဲအတွင်း၌။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(မဟာသွေးကြောအဆင့် -ကျွမ်းကျင်)]
[တိုးတက်မှု့ - ၁၅၅/၁၀၀၀]
နောက်ဆုံးအချိန်သို့ ရောက်ရှိရန် နာရီအနည်းငယ်သာ လိုတော့သော်လည်း ချန်ဆန်းရှီမှာ တည်ငြိမ်စွာဖြင့် သူ၏ လှံသိုင်းကို လေ့ကျင့်နေဆဲ ဖြစ်သည်။
"အရှင်"
ရှာချုံက အနားသို့ လာကာ တိုးတိုးလေး သတင်းပို့သည် "ရှာဝမ်လုံ နဲ့ သူ့ရဲ့ လက်ထောက်ဗိုလ်ချုပ်တွေ ကျွန်တော်တို့ စခန်းနားကို ရောက်နေကြတယ်။ သူတို့ ဘာလုပ်မလို့လဲတော့ မသိဘူး"
"သူတို့ကို ဂရုမစိုက်နဲ့" ချန်ဆန်းရှီက အေးအေးလူလူ ပြောလိုက်သည်။ "မူလ အစီအစဉ်အတိုင်းပဲ လုပ်ကြ။ ချွေချုံယီ၊ ရှာဝမ်လုံ တို့ လုပ်စရာရှိတာ သူတို့ လုပ်ပါစေ။ မိုးမလင်းခင်မှာ သူတို့ တာဝန်ပျက်ကွက်တာ ရှိရင်တော့ သူတို့ ခေါင်းကို ငါ ဖြတ်လို့ ရသေးတာပဲ"
"နားလည်ပါပြီ" ရှာချုံ ထွက်ခွာသွားသည်။
"အရှင်"
ကျောက်ကန်က အခြားသူများ မရှိသည့် အချိန်တွင် တိုးတိုးလေး ပြောသည် "ဒီ ရှာဝမ်လုံ ကတော့ တကယ်ကို သေသင့်တဲ့လူပဲ။ ယွီယန် ဂိုဏ်းတုန်းကလည်း ကျွန်တော်တို့ကို မကူညီခဲ့သလို မင်ပြည်နယ်မှာလည်း ကျွန်တော်တို့ကိုပဲ ပစ်မှတ်ထားခဲ့တာ။ ကျွန်တော့်ရဲ့ အရည်အချင်း မပြည့်ဝမှုကြောင့်သာ မဟုတ်ရင် အခုလောက်ဆို သူ့ခေါင်းကို သွားဖြတ်ပြီးပြီ"
"မင်းလည်း မင်းရဲ့ တာဝန်တွေကို သွားလုပ်တော့" ချန်ဆန်းရှီက ထိုစကားကို ပြန်လည် တုံ့ပြန်ခြင်း မရှိပေ။
ဖေးထျန်နန် က ဒီမှာ ရှိနေသေးသည်။
အမွှေးတိုင်နတ်ဘုရားဂိုဏ်း က လူနှစ်ယောက်လည်း ဒီမှာ ရှိနေသည်။
အပေါ်ယံကြည့်လျှင် နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် နှစ်ယောက် ရှိနေသော်လည်း တကယ်တော့ စစ်နတ်ဘုရားတစ်ယောက်နှင့် အမွှေးတိုင်နတ်ဘုရားဂိုဏ်းက နောက်လိုက် နှစ်ယောက်လည်း ပုန်းအောင်းနေကြသည်။
သူတို့ ဒီမှာ ကာကွယ်ပေးနေတာကလည်း တစ်စုံတစ်ခုကို ရည်ရွယ်နေတာ ဖြစ်နိုင်သည်။ လိုင်ပြည်နယ်ထဲမှာ ဘုရားကျောင်းကြီး တစ်ခု ရှိနေသော်လည်း အမွှေးတိုင် စွမ်းအင်တွေ စုဆောင်းဖို့ သက်သက်ဆိုလျှင် လူအများကြီး ဒီမှာ ရှိနေဖို့ မလိုပေ။
ဒါပေမဲ့ သူတို့ လူစုခွဲမည့် အချိန် ရှိလာပါလိမ့်မည်။
ထိုအခါကျလျှင်တော့ လက်စားချေဖို့ အခွင့်အရေး ရလာပါလိမ့်မည်။
"အရှင်"
လုရှုဟွာ အပြေးအလွှား ရောက်လာသည် "အချိန်ရောက်ပါပြီ"
ဘန်း...
ချန်ဆန်းရှီက သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး လှံရိုးဖြင့် မြေကြီးထဲသို့ လှံကို ထိုးစိုက်လိုက်သည်။
"စကြစို့"
...
မြို့အတွင်း၌။
ညသန်းခေါင်ယံ၊ ညဉ့်နက်လှသော အချိန်။
မြို့ထဲတွင် သုံးလနီးပါး ပိတ်မိနေသော ချင်နိုင်ငံမှ မြို့စောင့်တပ်သားများမှာ ပင်ပန်းနွမ်းနယ်မှုကို မခံစားနိုင်ကြတော့ပေ။ သို့သော် သူတို့၏ ခန္ဓာကိုယ်များမှာ တင်းမာနေဆဲဖြစ်ပြီး တစ်ဝက်နိုး တစ်ဝက်အိပ် အနေအထားမှာသာ ရှိကြသည်။ မည်သူမျှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်နိုင်ကြပေ။
"ဂွမ်... ဂွမ်..."
ဗိုက်ဆာသံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး လူတိုင်းက ဒီနေ့အတွက် ရိက္ခာဝေမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
"ဗိုလ်ချုပ်... ရိက္ခာကိစ္စက..."
"ကုန်သွားပြီ"
ဆုန်ဟုန်ပြောင်းက"ရိက္ခာတွေကို လျှော့ဝေရင်တောင် နောက်ဆုံး နှစ်ရက်စာပဲ ရှိတော့တယ်။ ပြည်သူတွေကို ရိက္ခာဝေတာ ရပ်လိုက်ပြီး ငါတို့ရဲ့ ညီအစ်ကိုတွေအတွက်ပဲ အရင်စဉ်းစားရင် မကောင်းဘူးလား"
ကျောက်ထုံ စီရင်စုမှာ လိုင်ပြည်နယ်တွင် ဒုတိယအကြီးဆုံး စပါးကျီ ဖြစ်သည့်အတွက် ရိက္ခာမှာ အမှန်တကယ်တော့ လုံလောက်ပါသည်။ သို့သော် မြို့ထဲတွင် ပြည်သူ တစ်သိန်းကျော် ရှိနေသဖြင့် နေ့စဉ် သုံးစွဲမှုမှာ အလွန်တရာ များပြားလှသည်။
ဒါပေမဲ့ မြို့ကို ကာကွယ်ဖို့အတွက် လူတိုင်းရဲ့ အကူအညီ လိုအပ်နေသေးသည်။ နေ့စဉ် ရိက္ခာတွေကို လျှော့ဝေနေသည့်တိုင် စပါးကျီမှာ တဖြည်းဖြည်း ကုန်ခန်းလာနေပြီ ဖြစ်သည်။
"မငြိမ်မသက် ဖြစ်အောင် မလုပ်နဲ့" တိန့်ဖုန်းက မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ဆုံးဖြတ်ချက် ချလိုက်သည်။ "ရိက္ခာတွေကို မလျှော့နဲ့။ အားလုံးကို ထုတ်ဝေလိုက်ပြီး လူတိုင်းကို ဝဝလင်လင် စားခိုင်းလိုက်။ ဒီညကိုသာ ကျော်ဖြတ်နိုင်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်"
ဒီညကို ကျော်ဖြတ်နိုင်ရင် ဗိုက်ဆာရင်တောင် စစ်ကူမရောက်ခင် နောက်ထပ် ရက်အနည်းငယ်အထိ တောင့်ခံနိုင်မည်ဟု သူက ယူဆထားသည်။
"ဟုတ်ကဲ့ နားလည်ပါပြီ"
ဆုန်ဟုန်ပြောင်း ထွက်ခွာသွားသည်။ မကြာမီမှာပင် ဆန်ပြုတ်မဟုတ်ဘဲ ကောက်ညှင်းထမင်းပုံးများကို အစဉ်လိုက် စတင်ဝေငှတော့သည်။
"ထမင်းစားချိန် ရောက်ပြီ"
"အိုး..."
"ဒီနေ့က ဆန်ပြုတ် မဟုတ်ဘူးဟ"
"ဗိုလ်ချုပ်က မြင်းတစ်ကောင်ကိုတောင် သတ်ကျွေးတာပဲ။ လူတိုင်းရဲ့ ပန်းကန်ထဲမှာ အသားတစ်ုံးကြီး ပါတယ်"
"ဗိုလ်ချုပ်တိန့် က တကယ်ပဲ မေတ္တာကရုဏာကြီးမားတဲ့ ခေါင်းဆောင်ပါပဲ"
"ဟုတ်တယ်။ ဒါပေမဲ့ ချန်ဆန်းရှီ လည်း ဒီလိုပဲ လုပ်တယ်လို့ ကြားတယ်"
"တကယ်လား"
"အေးလေ။ မြို့ထဲမှာ ရိက္ခာမလုံလောက်ရင် သူက ဒါရှန် တပ်ရဲ့ ရိက္ခာတွေကိုတောင် ပြည်သူတွေကို ဝေပေးတာတဲ့။ ငတ်မွတ်နေတဲ့ နေရာတွေအများကြီးကို သူက ကယ်တင်ခဲ့တာ"
"အင်း..."
"လူကောင်း နှစ်ယောက်က ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အသေအလဲ တိုက်နေကြရတာလဲ"
"ဒါပေါ့"
"ထားလိုက်ပါတော့။ မနက်ဖြန် မနက်စောစော စစ်ကူတွေ ရောက်လာတော့မှာပဲ။ ငါတို့ ကယ်တင်ခြင်း ခံရတော့မှာပါ။ နောက်ထပ် ခဏလေးပဲ တောင့်ခံလိုက်ကြစို့"
"ဟုတ်တယ်။ ခဏလေးပါပဲ။ ဗိုလ်ချုပ်တိန့် က ငါတို့အပေါ် ကောင်းခဲ့တာပဲ"
"အခုတော့ အိပ်လိုက်ကြရအောင်။ နိုးလာရင် ငါတို့ ဘေးကင်းသွားလိမ့်မယ်"
...
စစ်သည်များနှင့် ပြည်သူများမှာ ဝဝလင်လင် စားပြီးနောက်တွင်တော့ အိပ်ချင်စိတ်ကို မထိန်းနိုင်ကြတော့ဘဲ တစ်ဦးကိုတစ်ဦး မှီရင်း အိပ်ပျော်သွားကြလေသည်။ ကင်းစောင့်ရန် တာဝန်ရှိသူ အနည်းငယ်သာ ကျန်တော့သည်။
သူတို့၏ အိပ်မက်ထဲတွင်...
စစ်ကူတွေ ရောက်လာပြီး တိုက်ပွဲမှာ အောင်နိုင်သွားသလိုပင်။ စစ်သည်တွေမှာ သူတို့၏ ဇာတိမြေသို့ ပြန်ကြရပြီး ပြည်သူတွေမှာလည်း အရင်လို အေးအေးချမ်းချမ်း နေထိုင်ကြရသည်။ နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ ချင်နိုင်ငံရဲ့ တေးသီချင်းပွဲတော် ရောက်လာပြီး အိမ်တိုင်းက စုဝေးကာ သီချင်းတွေ သီဆိုနေကြသည်။
"ဆိုင်းဝေ... ဆိုင်းဝေ... ဆေးပင်တွေလည်း ကုန်ဆုံးသွားပြီ။ ပြန်လာပါ... ပြန်လာပါ... နှစ်တွေလည်း မစောင့်တော့ဘူး"
"အိမ်မရှိ... ယာမရှိ... ရန်သူတွေကြောင့်ပဲ။ အတည်တကျ မရှိနိုင်တာ... ရန်သူတွေကြောင့်ပဲ"
ထိုအချိန်တွင် သူတို့မှာ သူတို့၏ ဇာတိမြေသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသည်။ နေထွက်လျှင် အလုပ်လုပ်၊ နေဝင်လျှင် အနားယူ၊ ဆင်းရဲသော်လည်း မိသားစုနှင့်အတူ ရှိနေရသည့် ဘဝမျိုး ဖြစ်သည်။
နေဦး...
တစ်စုံတစ်ယောက်က တကယ် သီချင်းဆိုနေတာလား။
"ဘယ်သူ သီချင်းဆိုနေတာလဲ"
"မြို့ပြင်ကနေ လာနေတာပဲ"
"လူတွေ အများကြီး ဆိုနေကြတာ။ ထောင်နဲ့ချီတဲ့ လူတွေ ဆိုနေကြတာပဲ"