အားလုံးပြောင်းလဲသွားပါသော်လည်း လူများကတော့ အရင်အတိုင်းသာ ရှိနေဆဲ
Vol. 9 Ch. 877
ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။ လူအများ၏ စကားသံများဖြင့် ဆူညံနေကြပြီး စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် အခြားအစွမ်းထက်လူများမှာ တောင်များကို လှုပ်ယမ်းနိုင်ပြီး ပင်လယ်ပြင်ကြီးကိုပင် ခမ်းခြောက်သွားစေနိုင်သည့် မှော်အတတ်များကို သုံး၍ ဌာနချုပ်ကိုဖွဲ့စည်းထားသည့် တောင်တန်းလေးခု၏ အပျက်အဆီးများကို ပြုပြင်နေကြသည်။
ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ စွမ်းအားအကုန်သုံး၍ ညောင်ပင်ကြီးကို ကယ်တင်ပေးနေပြီး ဂိုဏ်းသားအားလုံးမှာလည်း နေ့ရောညပါ မနားပဲ ဆေးလုံးများဖော်စပ်နေကြသည်။
ဆန်းကြယ်နတ်ရေစင်အဖွဲ့မှာ ဂိုဏ်းကိုကာကွယ်ပေးနေသည့် မန္တန်အစီအရင်များသာမက တိုက်ပွဲအတွင်း ဂိုဏ်းသားများကြောင့် ထိခိုက်ပျက်ဆီးသွားခဲ့သည့် မှော်ပစ္စည်း အမြောက်အမြားကို ကြိုးပမ်း၍ ပြုပြင်နေသည်။
စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့တို့မှာ တိုက်ပွဲအတွင်း ရှေ့မှဦးဆောင်ခဲ့သည်ဖြစ်၍ အများစုမှာ အင်အားပြန်ဖြည့်ရန်အတွက် တံခါးပိတ် ကျင့်ကြံလိုက်ကြသည်။ ဂိုဏ်းပြုပြင်ရေးတွင် ပါဝင်ကူညီပေးနိုင်သူများမှာလည်း ဝင်၍ကူညီပေးနေကြသည်။
ပိုင်ရှောင်ချန်းမှာ စုန့်ကျင်းဝမ်အား တွေ့လိုက်သောအခါ သူမသည် အလယ်တောင်၏ ကိစ္စရေးရာများကို စီမံခန့်ခွဲရင်း အလုပ်ရှုပ်နေသည်။ သူမသည် သူနှင့် နှစ်ယောက်ထဲ နှလုံးသား ရေးရာကိစ္စများကို ပြောဆိုလိုပါသော်လည်း သူမ၏ လက်ရှိတာဝန်များမှာ ပို၍အရေးကြီးနေသည်။
ပိုင်ရှောင်ချန်း၏ လက်ရှိဂိုဏ်းအတွင်းရာထူးအာဏာကြောင့် သူရောက်လာသည်နှင့် ဂိုဏ်းသားများမှာ သူ့အား ကြည်ညိုလေးစားမှုများ၊ ချစ်ကြောက်ရိုသေမှုများဖြင့် ငေးကြည့်နေကြသည်။ သူ့ကို ဂါဝရပြုရန် လက်များကိုယှက်လိုက်ကြသည့်အတွက် ပြုပြင်ရေးလုပ်ငန်းများပင် နှောင့်နှေးသွားရသည်။
ပိုင်ရှောင်ချန်းမှာ ထိုအံ့သြဖွယ် ခံစားချက်ကြီးထဲတွင် သာယာနေပြီး ထွက်ခွာရန်ပြင်လိုက်စဥ်မှာပင် အားပေးစကားအနည်းပြောသင့်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူပါးစပ်မဖွင့်နိုင်ခင်မှာပင် စုန့်ကျင်းဝမ်က သူ့အားပြူးကြည့်၍ မောင်းထုတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ကိုးရိုးကားရားနှင့် နှာခေါင်းပွတ်၍ ထွက်သွားတော့သည်။ စုန့်ကျင်းဝမ်အား ဖီဆန်ရန် တွေးမိလိုက်ပါသော်လည်း မြေရိုင်းဒေသထဲတွင် သခင်မလေးဟုန်ချိန်နှင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် သူမကိုကြည့်လိုက်မိရုံနှင့် အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။ ထိုဖြစ်ရပ်ကို စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့သာ သိသွားလျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို တွေးမိလိုက်သောအခါ သူ၏နှလုံးသားမှာ ကြောက်ရွံ့မှုများကြောင့် တုန်ရီသွားတော့သည်။
ဟိုရှောင်မေ့နှင့်ပတ်သတ်၍ သူမနှင့် ဝိညာဥ်စွယ် နှစ်ယောက်စလုံးမှာ ကောင်းကင်တံတားကျွန်းပေါ်တွင် အထူးအစောင့်များအဖြစ် တာဝန်ထမ်းဆောင်ရန် လွန်ခဲ့သော နှစ်တစ်ဝက်ကျော်က ကောင်းကင်ဧကရာဇ် ခေါ်ဆောင်သွားကြောင်း လီချင်းဟောက်ဆီမှ သိလိုက်ရသည်။
ကောင်းကင်တံတားကျွန်းသည် ကျွန်းပေါ်တွင် အထူး အစောင့်များအဖြစ် တာဝန်ထမ်းဆောင်ရန် လူအသစ်များကို တစ်ခါတရံတွင် ခေါ်လေ့ရှိသည်။
ကောင်းကင်တံတားမြစ်ဒေသရှိ ဂိုဏ်းအားလုံးအတွက်မူ ထိုရာထူးအတွက် ရွေးချယ်ခံရသည့် ကျင့်ကြံသူတိုင်းမှာ ကြီးမားသော ဆုလာဒ်ကြီးတစ်ခု ချီးမြှင့်ခံလိုက်ရသည့်အလား။ ထို့အပြင် ရွေးချယ်ခံရသည့် လူတိုင်းမှာ ကျွန်းပေါ်တွင် ထာဝရ တာဝန်ထမ်းဆောင်ရသည်တော့မဟုတ်ပေ။ အများစုကို အချိန်အနည်းငယ် ကြာလျှင် ဂိုဏ်းသို့ ပြန်၍ပို့သည်။ ထိုသို့သော လူများပင်လျှင် ကျင့်ကြံခြင်းအခြေခံ များစွာတိုးတက်သွားကြသည်သာဖြစ်သည်။ ထိုကျွန်းပေါ်တွင်နေရစ်ခဲ့ပြီး တာဝန်ဆက်၍ ထမ်းဆောင်သူများကမူ အဆုံးတွင် အဆင့်မြင့် ရာထူကြီးများရသွားကြပြီး မြစ်ဝဂိုဏ်းများပင်လျှင် တရိုတသေ ဆက်ဆံကြရသည်။
ထိုအချင်းအရာအားလုံးအပေါ် ပိုင်ရှောင်ချန်းမှာ စိုးရိမ်နေမိသော်လည်း မည်သည့်အကြောင်းကြောင့် ထိုသို့စိုးရိမ်နေရသည်ကိုမူ အတိအကျမသိပေ။ တစ်ခုရှိသည်မှာ သူ၏တွက်ချက်မှုများအရဆိုလျှင် မြေရိုင်းဒေသထဲတွင် ဖြစ်ပွားခဲ့သည့် အံ့သြဖွယ် တိုက်ပွဲကြီး ဖြစ်ပေါ်ခဲ့သည့် အချိန်နှင့် တချိန်ထဲနီးပါးတွင် ဟိုရှောင်မေ့ကို ခေါ်ဆောင်သွားခဲ့သည်ဖြစ်ကြောင်း သူက သေချာနေသည်။
" ငါပဲ အတွေးတွေလွန်နေတာများလား "
အနည်းငယ် ဆက်လက်တွေးတောလိုက်ပြီးနောက် ထိုအချက်ကို အကြောင်းပြ၍ ဟိုရှောင်မေ့အား သွားတွေ့ရန်မှာ အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးတောနေစဥ် သူသည် ရှန်ကွမ်းထျန်ယုံကို လှမ်းမြင်လိုက်သည်။
သူသည် ချောက်ကမ်းပါးအစွန်း တစ်ခုပေါ်တွင် ပူဆွေးသောကများ၊ အတိတ်ကိုပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များ ဖုံးလွှမ်းနေသည့် မျက်နှာတစ်ခုဖြင့််ရပ်နေပြီး အသက်မဲ့နေဟန်ရှိသော မျက်ဝန်းများဖြင့် အဝေးသို့လှမ်းကြည့်နေသည်။ မည်သည့်အကြောင်းကြောင့်မသိ သူသည် ပို၍အသက်ကြီးကာ ပို၍ရင့်ကျက်နေသည့်ပုံ ပေါ်နေသည်။
ရှန်ကွမ်းထျန်ယုံ၏ မျက်နှာပေါ်တွင် ထိုသို့သော အမူအရာကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ အနည်းငယ်မျှ စဥ်းစားလိုက်ပြီးနောက် သူ့နားသို့လျှောက်သွားလိုက်ပြီး ရှန်ကွမ်းထျန်ယုံ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်သောအခါ ချောက်ကမ်းပါးအောက်ရှိ သစ်တောထဲတွင် သစ်သားအိမ်ကလေးနှင့်တူသည့် အရာတစ်ခုကိုမြင်လိုက်ရသည်။
ထိုသစ်သားအိမ်ကလေး၏ ဘေးတွင်.... သင်္ချိုင်းမြေပုံလေးတစ်ခု ရှိနေသည်။
ရှန်ကွမ်းထျန်ယုံမှာ လက်ထဲတွင် အပြာရောင်အဝတ်စလေးတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏လက်များမှာ ထိုအဝတ်စလေးကို သူသေသွားသည့်တိုင်အောင် မည်သည့်အခါမှ မလွှတ်တော့မည့်အလား တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ သူသည် ထိုသို့မတ်တတ်ရပ်ရင်း ထိုအဝေးတစ်နေရာရှိ အုတ်ဂူလေးကိုကြည့်ကာ တစ်ကိုယ်ထဲရေရွတ်နေသည်။
ပိုင်ရှောင်ချန်းမှာ ထိုအုတ်ဂူကို လေးလေးနက်နက် ကြည့်လိုက်ပြီး သူဂိုဏ်းသို့ပြန်လာပြီးနောက် မမြင်ရသေးသည့် မိတ်ဆွေဟောင်းတစ်ယောက်ရှိနေကြောင်း ရုတ်တရက် အမှတ်ရသွားတော့သည်။ ထို့နောက် သူ အသားများတုန်ရီသွားတော့သည်။
" အဲဒါ ရှင်းချီရဲ့ အုတ်ဂူပဲ "
ရှန်ကွမ်းထျန်ယုံက နာကျည်းမှုများ ရောယှက်နေသည့် အသံကွဲကြီးဖြင့် ခပ်တိုးတိုးပြောလိုက်သည်။ ယခင်က ပိုင်ရှောင်ချန်းအပေါ် သူထားရှိခဲ့သည့် မနာလိုမှုများနှင့် အမုန်းတရားများ မရှိတော့ပေ။ ထိုအရာများမှာ သူ၏ ဒေါသအလွယ်တကူ ထွက်တတ်သည့် အမူအကျင့်များနှင့်အတူ အချိန်များကုန်ဆုံးသွားသည့်အလျှောက် ပျောက်ကွယ်သွားပြီဖြစ်သည်။
" အစ်မတော်ကျိုး "
ပိုင်ရှောင်ချန်းမှာ ခပ်တိုးတိုးလေး ရေရွတ်လိုက်တော့သည်။ လီချင်းဟောက်၏ တပည့်၊ မွှေးရနံ့တိမ်တောင်၏နာမည်ကြီး အစ်မတော်ကျိုး ဖြစ်ခဲ့ဖူးသော ကျိုးရှင်းချီကို သူက ပြန်အမှတ်ရသွားတော့သည်။ လွန်ခဲ့သောနှစ်များစွာက ကြက်သူခိုးမိစ္ဆာအား ဖမ်းဆီးရာတွင် သူမကိုကူညီပေးရန်အတွက် ထခုန်၍ စာရင်းပေးခဲ့သည်များနှင့် သူမကို ' ဂိုဏ်းတူ တူမလေး ရှင်းချီ ' ဟုခေါ်ကာ စနောက်ခဲ့သည်များကို ပြန်သတိရသွားတော့သည်။
၎င်းတို့မှာ ပိုင်ရှောင်ချန်း လုံးဝဖျောက်ဖျက်ပစ်၍ မရနိုင်မည့် အမှတ်တရများဖြစ်သည်။ သူသည် အသက်ရှူသံများပင် မမှန်တော့ပဲ အသားများ တုန်ရီလာတော့သည်။ သူနှင့် သက်တူရွယ်တူ မိတ်ဆွေတစ်ယောက် ဆုံးပါးသွားသည့်ဖြစ်ရပ်ထက် အခြားမည်သည့်အရာကမှ သူ၏နှလုံးသားကို လေးလံသွားအောင် လုပ်နိုင်မည်မဟုတ်ပေ။
သူမသည် သူ၏ မှတ်ဉာဏ်အသိစိတ်ထဲတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ထာဝရရှိနေမည်ဖြစ်သော်လည်း သူမပြောခဲ့သည့်စကားများနှင့် လုပ်ရပ်များအားလုံးမှာ ထာဝရပျောက်ကွယ်သွားပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ အမူအရာကို မြင်လိုက်ရသောအခါ ရှန်ကွမ်းထျန်ယုံ၏ မျက်ဝန်းများထဲရှိ ပူဆွေးသောကများမှာ ပို၍ ပြင်းထန်လာတော့သည်။ မည်သည့်အချိန်မှန်း မသိလိုက်ပဲ ရှန်ကွမ်းထျန်ယုံမှာ ကျိုးရှင်းချီကို ချစ်မိသွားခဲ့ပြီး သူမကလည်း သူ့အားပြန်၍ မေတ္တာသက်ဝင်ခဲ့သည်။ သို့သော် သူမသေဆုံးပြီးသည့်တိုင် သူသည် သူ၏ခံစားချက်များကို ထုတ်မပြောခဲ့ရပေ။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျိုးရှင်းချီသည် ဂိုဏ်းအတွက် တာဝန်တစ်ခုထမ်းဆောင်ရန် အပြင်သို့ရောက်နေချိန်တွင် ကျစ်မြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူအချို့နှင့် ဆုံခဲ့ရသည်။ သူတို့အကြားတွင် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး သူမ အသတ်ခံလိုက်ရသည်။ ရှန်ကွမ်းထျန်ယုံမှာ သူမ၏ သေဆုံးမှုအတွက် လက်တုံ့ပြန်နိုင်ခဲ့ပါသော်လည်း ထိုအချိန်မှစ၍ ယခင်လို မဟုတ်တော့ပေ။
သူသည် ပို၍ စကားနည်းလာပြီး စိတ်လိုက်မာန်ပါလည်း သိပ်မလုပ်တော့ပေ။ သူ၏ကျင့်ကြံခြင်းကိုသာ အာရုံစိုက်၍ တဖြည်းဖြည်းနှင့် သူ၏မျိုးဆက်ထဲတွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်လာခဲ့သည်။
သို့သော်လည်း ကျိုးရှင်းချီ၏ မျက်နှာမှာ သူ၏နှလုံးသားထဲတွင် အမြဲရှိနေဆဲပင်။ ယခု သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည့် အပြာရောင် အဝတ်စလေးမှာ သူမထံမှ လက်ဆောင်တစ်ခုဖြစ်ပြီး သူထာဝရ သိမ်းဆည်းထားမည့် အရာတစ်ခုဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်ရင်း သူမ၏ အုတ်ဂူကိုကြည့်နေသည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါ သူသည် လက်ယှက်၍ တရိုတသေ ခါးညွှတ်လိုက်တော့သည်။
ရှန်ကွမ်းထျန်ယုံမှာ မျက်လုံးများမှိတ်လိုက်တော့သည်။ အနည်းငယ်အကြာတွင် သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။
" ကျေးဇူးပဲ ပိုင်ရှောင်ချန်း "
ထိုသို့ဆိုကာ သူသည် နောက်လှည့်သွားပြီး စိတ်ဓာတ်ကျစွာဖြင့် ထွက်ခွာသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ သူထွက်ခွာသွားသည်ကို ကြည့်လိုက်ပြီး လေးလံနေသည့် နှလုံးသားဖြင့် ကျိုးရှင်းချီ၏ အုတ်ဂူကို အချိန်အတော်အတန်ကြာအောင် ရပ်ကြည့်နေတော့သည်။ လွန်ခဲ့သောနှစ်များစွာက သူမ၏ ပုံရိပ်ကို သူ မတွေးမိပဲ မနေနိုင်ပေ။
ထို့နောက် လီချင်းဟောက်၏ ခေါင်းပေါ်မှ ဆံပင်ဖြူများ၏ အကြောင်းအရင်းကို သူ ရုတ်တရက် နားလည်သွားတော့သည်။ သူ၏အချစ်ဆုံး တပည့်များထဲမှ တစ်ဦးသေဆုံးသွားရသောကြောင့်ပင် ဖြစ်သည်။
" ဘာလို့လဲ၊ ကျင့်ကြံခြင်းလောကကြီးက ဘာလို့ အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်နေရတာလဲ "
သူကျင့်ကြံခြင်းလောကသို့ စဝင်ခဲ့ချိန်မှစ၍ ထိုမေးခွန်းကို ထပ်ခါတလဲလဲ သူ့ကိုယ်သူမေးနေမိသည်။
သူမြင်တွေ့ ကြုံကြိုက်ခဲ့ရသည့် အရာများကြောင့် သူထိုမေးခွန်း၏ အဖြေကို တွေ့သွားလောက်ပြီဟု ထင်နေနိုင်သည်။ သို့သော် ၎င်းကို သူရှာမတွေ့သေးပေ။
အဆုံးတွင် သူနားမလည်သေးသည့် အရာများစွာရှိကြောင်း တွေးကာ ထွက်ခွာသွားတော့သည်။ ဂိုဏ်းမှာ အရေးပါသော ကြီးမားသော အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့ပါသော်လည်း မျက်ရည်စက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ သူသည် လမ်းတစ်လျှောက်တွင် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ သူ အချိန်ကြာမြင့်စွာ ခွဲခွာခဲ့ရသည့် အိမ်ကို စစ်ဆေးနေတော့သည်။
သူသတိထားမိလိုက်သည့် ပထမဆုံးလူမှာ ပေဟန်လဲ့ပင်ဖြစ်သည်။
ဂိုဏ်းအတွင်းရှိ လူသူအရောက်နည်းသော နေရာတစ်ခုတွင် တိုက်ပွဲတွင်ကျဆုံးခဲ့ရသည့် မရေမတွက်နိုင်သော အာဇာနည်ဝိညာဥ်များကို မြှုပ်နှံထားသည့် သင်္ချိုင်းသုဿာန်တစ်ခုရှိသည်။ ထိုနေရာတွင် ပေဟန်လဲ့မှာ သူကိုယ်တိုင်ထွင်းထားသည့် အုတ်ဂူကျောက်တိုင်တစ်တိုင်၏ ရှေ့တွင် ရပ်နေသည်။
ထိုကျောင်တိုင်ပေါ်တွင် နာမည် မရှိပေ။ ခွေးနက်ကြီးတစ်ကောင်ကိုသာ ပန်းပုရုပ် ထုလုပ်ထားသည်။
ပေဟန်လဲ့က အရက်ပုလင်းကြီးတစ်လုံးကို ကိုင်ထားသည်။ သူ၏ နားထင်ပေါ်ရှိ ဆံပင်များမှာ ဖြူနေပြီဖြစ်ပြီး သူက အလွန်အသက်ကြီးရင့်နေသည့်ပုံပေါ်နေသည်။ သူ့ခန္ဓာကိုယ်မှ အရက်နံ့များ တထောင်းထောင်းထနေပြီး ထိုအုတ်ဂူအားကြည့်နေသော သူ့မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ထပ်ဟင်နေသည်။
ထိုခွေးနက်ကြီးမှာ သူ၏အသက်ကိုကယ်တင်ရင်း သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ရင်ထဲတွင်ရှုပ်ထွေးနေသော ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်သွားပြန်တော့သည်။ သူသတိမထားမိလိုက်သည့် အရာများစွာဖြစ်ပျက်သွားခဲ့ကြောင်း သူကသိလိုက်သည်။ ထိုခွေးနက်ကြီးသေဆုံးသွားသည့်အချက်ကြောင့် သူ၏စိတ်များ ရှုပ်ထွေးနေရပါသော်လည်း ပေဟန်လဲ့အား မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏နတ်ဘုရားအာရုံကိုစွန့်၍ ဤနေတစ်ဝိုက်ရှိ အခြားသော အုတ်ဂူများအပေါ်သို့ ဖြန့်ကြက်လိုက်တော့သည်။
နာမည် အချို့မှာ သူနှင့်ရင်းနှီးပြီး၊ အချို့မှာ မရင်းနှီးပေ။ သို့သော် ထိုအရာများကြောင့် သူ တုန်ရီသွားရသည်သာဖြစ်သည်။ထိုအချိန်တွင် ကုန်းစွန်းဝမ်အာ၏ အစ်ကို ကုန်းစွန်းယွင်မှာ ပိုင်ရှောင်ချန်းနှင့်ဆုံလိုက်သည်။ ကုန်းစွန်းယွင်မှာ ယခင်ကထက်ပင် အိုစာနေတော့သည်။ သူသည် အမြုတေအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သေယ်လည်း အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ ယခုတွင်မူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ပိုင်းနှင့် မြောက်ပိုင်းအကြားတိုက်ခိုက်ခဲ့သည့် လက်ရွေးစင် တိုက်ပွဲများ ကျင်းပခဲ့သော အချိန်ကကဲ့သို့ နာမည်မကြီးတော့ပေ။
ပေဟန်လဲ့နှင့် ဝိညာဥ်စွယ်တို့နှစ်ယောက်စလုံးမှာ သူ့ကို နောက်ကောက်ချန်ထားခဲ့ပြီဖြစ်သည်။ သို့သော် သူ၏ညီမလေးကြောင့် သူသည် မည်သည့်အခါမှ ဂုဏ်မငယ်ရပေ။
သူ၏ညီမလေးမှာ မြေခဓားချောက်ထဲမှ ပြန်ရောက်လာစဥ်ကထဲက အလွန်အေးတိအေးစက်ဖြစ်သွားကာ သူနှင့် ခပ်ခွာခွာသာ နေခဲ့ပြီး ယခင်ကလို မဟုတ်တော့ပေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ သူမကို ခေါ်ဆောင်သွားခံရသည့် အချက်အားကြည့်၍ သူမမည်မျှ အံ့သြဖွယ်ကောင်းကြောင်း သိနိုင်သည်။ သို့သော် ကံမကောင်းစွာပင် သူမသည် မြေရိုင်းဒေသထဲသို့ တည်နေရာရွှေ့ခံလိုက်ရပြီး မည်သည့်နေရာသို့ ရောက်သွားမှန်း သတင်းအစအနလေးတစ်ခုပင် ထပ်မရတော့ပေ။ ထိုအချင်းအရာမှာ ကုန်းစွန်းယွင်အတွက် ကြီးမားသောထိုးနှက်ချက်ကြီးတစ်ခုကဲ့သို ဖြစ်သွားခဲ့ပြီး နေ့စဥ်ရက်ဆက် စိုးရိမ်ကြောင့်ကြနေခဲ့ရသည်။
ကုန်းစွန်းယွင်မှာ စိုးရိမ်ထိတ်လန့်မှုများကြောင့် တုန်ရီနေပါသော်လည်း အားတင်း၍ မေးလိုက်သည်။
" ခေါင်း...ခေါင်းဆောင်ပိုင် ပြန်ရောက်ပြီပဲ။ စုန့်ချွဲနဲ့နတ်ဆရာရောပဲ။ အမ်၊ ကျုပ်ညီမလေးအကြောင်း သတင်းကြားသေးလားဗျာ "
ပိုင်ရှောင်ချန်းမှာ စကားတစ်ခွန်းမှ မပြောပဲ မတ်တတ်ရပ်ရင်း ခံစားချက်ပေါင်းစုံ ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် ကုန်းစွန်းယွင်အားကြည့်လိုက်သည်။ သူ အနည်းငယ် စဥ်းစားေတွးတောပြီးနောက် သူ့အား အမှန်အတိုင်း မပြောရန် ဆုံးဖြတ်လိုက်သည်။
" ဝမ်အာက မဟာတံတိုင်းကြီးရဲ့ တိုက်ပွဲတစ်ခုမှာ ကျသွားတာ။ မိတ်ဆွေတစ်ယောက်ကိုကယ်ဖို့ သူ့အသက်ကို ပေးဆပ်သွားခဲ့တယ် "
ကုန်းစွန်းယွင်မှာ အချိန်ကြာမြင့်စွာ တောင့်တောင့်ကြီး ရပ်နေပြီး သူ၏မျက်ဝန်းထဲတွင် မျက်ရည်များဝဲလာကာ သူ၏ပါးပြင်ပေါ်သို့စီးကျလာတော့သည်။ ထိုသို့ဖြစ်သွားခဲ့မည်ဟု သူယခင်ထဲက တွေးထားခဲ့ပါသော်လည်း မျှော်လင့်ချက်ဆက်ထားနေခဲ့သေးသည်။ သို့သော် ယခုတွင်မူ မဖြစ်နိုင်တော့ပေ။ သူသည် လက်ယှက်လိုက်ပြီးနောက် မျက်ရည်စက်လက်ဖြင့် ထွက်ခွာသွားတော့သည်။