← Chapters

ထာဝရဆိုရာဝယ်

Vol. 9 Ch. 878

ထာဝရဆိုရာဝယ်

Vol. 9 Ch. 878

ကုန်းစွန်းယွင်၏ ပူပန်သောကကို မြင်ပြီးသည့်တိုင်အောင် ပိုင်ရှောင်ချန်းမှာ သူ့အားအမှန်အတိုင်း မပြောပြပေ။ သူမည်သည့်နည်းနှင့်မှ ပြောနိုင်မည် မဟုတ်ပေ။ ကုန်းစွန်းဝမ်အာမှာ ဟိုးယခင်ထဲက မြေခဓားချောက်ထဲတွင် သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အဘယ်နည်းဖြင့် သူရှင်းပြနိုင်လိမ့်မည်နည်း။

ကုန်းစွန်းယွင်အား ထိုမြေခဓားချောက်မှ ပြန်လာခဲ့ပြီးနောက်ပိုင်း သူမြင်တွေ့ခဲ့ရသည် သူ၏ညီမလေးမှာ ထိုထူးခြားဆန်းကြယ်သော ကလေးမလေးဖြစ်နေကြောင်း ပြောရန်မှာ အလွန်ရက်စက်လွန်းရာကျနေမည်။ ထိုသို့ စိတ်ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည့် အဖြစ်မျိုး ပိုင်ရှောင်ချန်းက မဖြစ်စေလိုပေ။

ထို့ကြောင့် ကုန်းစွန်းယွင်အား သူ၏ညီမလေးသည် သူရဲကောင်းတစ်ယောက်ကဲ့သို့ သူမ၏အသက်ကိုစွန့်သွားခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြောဆိုလိုက်ခြင်းဖြစ်သည်။

သူ၏ ဇာတ်လမ်းမှာ ဟာကွက်မရှိသည်တော့ မဟုတ်ပေ။ ကုန်းစွန်းယွင်မှာလည်း ရိပ်မိပုံပေါ်သည်။ သို့သော် သူသည် နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ပေ။

" ညီမလေးရေ ဂိုဏ်းကိုပြန်လာခဲ့တာ တကယ်ပဲ နင်ရောဟုတ်ရဲ့လား "

သူ တွေးနေမိတော့သည်။ အမှန်မှာ သူသည် ထိုမေးခွန်းအား သူ့ကိုယ်သူခဏခဏ ပြန်မေးနေမိခဲ့သည်ဖြစ်ပြီး အဖြေကိုမူ အမှန်တကယ် မသိချင်ပေ။

ကုန်းစွန်းယွင်ထွက်ခွာသွားပြီးနောက် ပိုင်ရှောင််ချန်းမှာ ယခင်ကထက်ပင်ပို၍ စိတ်ဆင်းရဲသွားတော့သည်။ ဤကဲ့သို့ ခံစားချက်မျိုးကို သူလုံးမနှစ်မြို့ပေ။ သူသည် ပျော်ပျော်ရွှင်ရွှင် နေရသည်ကိုသာ နှစ်သက်သည်။ သို့သော် သူအသက်ကြီးလာသည်နှင့်အမျှ ထိုသို့သောခံစားချက်များထံမှ ရှောင်ပြေး၍ရနိုင်မည်မဟုတ်ကြောင်း သိလာရသည်။

ယခင်ကဆိုလျှင် သူသည် ထိုခံစားချက်များကို မေ့ပျောက်ပစ်လိုက်နိုင်ပါသော်လည်း ယခုတွင်မူ သူမြင်တွေ့လိုက်ရသည့် အုတ်ဂူတိုင်းကြောင့် သူ၏ အတွေးထဲတွင် ကျိုးရှင်းချီ၏ မျက်နှာသာမက အခြားသူနှင့်ရင်းနှီးသူများ၏ မျက်နှာများမှာ ပို၍ပင် ကြည်လင်ပြတ်သားလာရတော့သည်။ ထိုပုံရိပ်များမှာ သူ အလွယ်တကူမေ့ပျောက်ပစ်ရန် မဖြစ်နိုင်သည့်ပုံရိပ်များဖြစ်ကြသည်။

**

ယခုအခါ ဂိုဏ်းထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးထက် နတ်အဆင့်သို့တက်လှမ်းနိုင်ရန် အခွင့်အရေးပို၍ရှိနေသည့်သူ တစ်ယောက်မှပင် မရှိပေ။ သူသည် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးထက်ပင် ပို၍ အခွင့်အလမ်းပိုရှိနေသည်။

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်း၏ မျှော်လင့်ချက်ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေသည့် စိတ်အနေအထားကို သိပေသည်။ သူ့အား ခပ်လှမ်းလှမ်းမှ လှမ်းကြည့်လိုက်သောအခါ သူ့နတ်ဘုရားအာရုံများ၏ အငွေ့အသက်များအရ သူမည်မျှပင် ပူဆွေးသောကရောက်နေကြောင်း ဖော်ပြနေသည်။ သူသည် လီချင်းဟောက်ကဲ့သို့ သူ့ကို နားမလည်နိုင်ပါသော်လည်း ဤအခြေအနေအထိ သူ ကြီးပြင်းလာသည့် အချိန်တစ်လျှောက်လုံးတွင် ဘေးမှကြည့်နေခဲ့သည်မဟုတ်ပါလော။

မကြာမီတွင် သူသည် ပိုင်ရှောင်ချန်း၏ ဘေးသို့ရောက်သွားသော်လည်း သူ့အား မနှောင့်ယှက်လိုက်ပေ။ သူသည် မတ်တတ်ရပ်၍ အဏ္ဏဝါခေါ်သံဂိုဏ်း၏ အုတ်ဂူများအားလုံးကို ကြည့်နေတော့သည်။

အဆုံးတွင် အချိန်ကျပြီဖြစ်ကြောင်း ယူဆလိုက်ပြီး သူသည် အက်ကွဲကာ ရင့်ကျက်မှုအပြည့်ပါသည့် အသံဖြင့် ဆိုလိုက်သည်။

" ရှောင်ချန်းရေ၊ ပတ်ပတ်လည်ကို ကြည့်လိုက်စမ်း။ ဒီဂိုဏ်းကြီး ဘာတွေပြောင်းလဲသွားပြီလဲဆိုတာ မင်းငါ့ကိုပြောပြနိုင်လား "

စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးမှာ သူ၏ဘေးသို့ ရောက်လာပြီး ရပ်နေသည်ကို ပိုင်ရှောင်ချန်း သတိထားမိသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူသည် စကားမပြောချင်လောက်အောင် စိတ်ဓာတ်ကျနေသည်။ ခေါင်းဆောင်ကြီး၏ စကားကြောင့် သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်တော့သည်။

ဂိုဏ်းတစ်ခုလုံးမှာ ပြုပြင်ရေးလုပ်ငန်းများကြောင့် အသံပေါင်းစုံဖြင့် ပြည့်နှက် ဆူညံနေဆဲပင်။ လူတိုင်းမှာ ပင်ပင်ပန်းပန်းနှင့် အလုပ်ကြိုးစားနေကြသည်သာ ဖြစ်သည်။ ကြီးကြီးမားမား ဖြစ်ရပ်ကြီး မဖြစ်ပျက်နေပါသော်လည်း သေသေချာချာ ကြည့်ရှုလိုက်ပါက ဂိုဏ်းသည် ယခင်ပုံစံအတိုင်း တဖြည်းဖြည်း ပြန်ဖြစ်လာနေသည်ကို မြင်နိုင်သည်။ မကြာခင်တွင် ယခင်ကအတိုင်း စည်စည်ကားကား ပြန်ဖြစ်သွားမည်သာ ဖြစ်သည်။

ဂိုဏ်းသုံးဂိုဏ်းမှ ဖမ်းဆီးရမိခဲ့သည့် ဂိုဏ်းသားများအားလုံးမှာမူ မိမိတို့၏ ဂိုဏ်းသားများအဖြစ် လက်ခံနိုင်ရုံသာမက ဂိုဏ်းသုံးဂိုဏ်းထံမှ အခကြေးငွေနှင့် ပြန်လည် လဲလှယ်သည့်နေရာတွင် အကူအညီပေးနိုင်သည့် အရေးပါသော သုံ့ပန်းများဖြစ်သည်။

" ဘာတွေ ပြောင်းလဲသွားလဲ မင်းသိလား "

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ထပ်မေးလိုက်သည်။

" ဘာလို့ ဒီဂိုဏ်းသားတွေက ပင်ပင်ပန်းပန်း ကြိုးစားနေရလဲဆိုတာကို မင်းသိလား။ ဘာလို့ သူတို့အားလုံး ဒီလောက်အာရုံစူးစိုက်ထားနိုင်သလဲဆိုတာ သိလား။ ဘာလို့လဲဆိုတော့ ဒီနေရာက သူတို့အတွက် ဂိုဏ်းတစ်ခုပဲ မဟုတ်လို့ကွ။ ဒါ သူတို့ရဲ့အိမ်ဖြစ်နေလို့ "

" စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဖြစ်ဖြစ်၊ အဏ္ဏဝါခေါ်သံဂိုဏ်းဖြစ်ဖြစ် အရေးမကြီးဘူး၊ အတူတူပဲ။ ဂိုဏ်းသားတွေရဲ့အကျိုးက ဂိုဏ်းရဲ့အကျိုးပဲ။ အဲဒီအချက်က အရေးအကြီးဆုံးပဲ။ ဂိုဏ်းသားတွေက သူတို့ရဲ့ဂိုဏ်းကို ယုံကြည်နေသရွေ့ ဂိုဏ်းကသူတို့ရဲ့အိမ်ဖြစ်နေဦးမှာ "

" တကယ်လည်း ငါတို့ရဲ့ ဂိုဏ်းက ငါတို့လိုခေါင်းဆောင်ကြီးတွေ အပါအဝင် လူတိုင်းရဲ့ အိမ်ပဲ "

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ အလွန့်အလွန် အသက်ကြီးနေပြီဖြစ်ပြီး အကယ်၍ သူသာ အထူးလျှို့ဝှက်မှော်အတတ်တစ်ခုအပေါ်တွင် မှီခိုအားထားနေရသည် မဟုတ်ပါက ယခင်ထဲက သေဆုံးနေမည်ဖြစ်သည်။ ထိုလျှို့ဝှက်မှော်အတတ်ကြောင့်လား၊ လက်တလောနှစ်အနည်းငယ်အတွင်း အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်ကြီးများကြောင့်လားတော့ မသိပေ။ သူ၏မျက်နှာတွင် ယခင်ကထက်ပင် အရေးအကြောင်းများပိုများလာသဖြင့် ပို၍ပင် အိုစာနေသည့်ပုံ ပေါ်နေတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဆက်လက်၍ စိတ်ဓာတ်မကျတော့ပေ။ သို့သော် သူ၏ စိတ်ထဲတွင် တထင့်ထင့်ဖြစ်နေရသည့် အချက်တစ်ချက်ရှိနေဆဲပင်။ သူသည် ခေါင်းဆောင်ကြီးအား ဖြည်းညင်းစွာ လှမ်းကြည့်လိုက်သည်။

" ခေါင်းဆောင်ကြီး၊ ကျွန်တော်တို့ ကျင့်ကြံသူတွေ ကျင့်ကြံတယ်ဆိုတာ ထာဝရ အသက်ရှင်နိုင်အောင်လို့ မဟုတ်ဘူးလား။ ဘာလို့ အချိန်တိုင်း သတ်နေဖြတ်နေ တိုက်နေခိုက်နေရတာလဲ။ ကျွန်တော်တို့ အသက်ရှင်နေသရွေ့ အခွင့်အရေးတွေ အဆုံးမသတ်နိုင်လောက်အောင် ရှိနေမှာပဲ။ ဒါပေမဲ့ သေသွားပြီဆိုရင် ဘာအဓိပ္ပါယ် ရှိသေးလို့လဲဗျာ "

ထိုမေးခွန်းမှာ ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ နစ်ဝင်နေခဲ့သည်ဖြစ်ပြီး ပျောက်ကွယ်မသွားပေ။

ထိုမေးခွန်းမှာ အလွန်အဓိပ္ပါယ်ပါပြီး နက်နဲလွန်းလှသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေလိုက်လေသည်။ အမှန်မှာ သူ့ဆီတွင် အဖြေမရှိပေ။ အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားပြီး သူသည် ပို၍ပင် အိုစာသွားတော့သည်။ ထို့နောကိ သူသည် နွေးထွေးနေသော်လည်း နာကျည်းမှုများ ရောယှက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအား ပြန်ကြည့်လိုက်သည်။

ထိုနာကျည်းမှုမှာ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့အတွင်းတွင်ရှိသော သူ၏တပည့်များထဲမှ အထူးချွန်ဆုံး တပည့််အတွက် သူခံစားနေရသည့် ပူပန်သောက များကြောင့် ပေါ်ထွက်လာရခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်း ဂိုဏ်းသို့ စရောက်ခဲ့သည့်ပထမဆုံးနေ့မှစ၍ သူ့မှာ သေရမည်ကိုကြောက်ပြီး ထာဝရအသက်ရှင်လိုသည့် ဆန္ဒရှိသည်ကို သိထားခဲ့သည် မဟုတ်ပါလော။

အနှီကလေးက ရက်စက်ကြမ်းကြုတ်လှသည့် ကျင့်ကြံခြင်းလောကအား ရင်ဆိုင်ကိုင်တွယ်ခဲ့ပုံကို သူစောင့်ကြည့်ခဲ့ပြီး တချိန်လုံးတွင် ထိုကလေး၏ ထာဝရအသက်ရှင်လိုသည့် အိပ်မက်မှာ ပျောက်ပျက်မသွားခဲ့သည်ကိုလည်း မြင်ခဲ့ရသည်။ ၎င်းမှာ အလွန့်အလွန် ရှားပါးလှသည့် သန့်ရှင်းစင်ကြယ်မှုမျိုးနှင့် ရိုးသားဖြူစင်မှုမျိုးတို့ပင်ဖြစ်သည်။

" ရှောင်ချန်းရေ... "

သူက တိုးတိုးလေး ဆိုလိုက်သည်။

" မင်းပြောတာ မှန်ပါတယ်။ ငါတို့အသက်ရှင်နေသရွေ့ အခွင့်အလမ်းတွေက အဆုံးမရှိပါဘူး။ ဒါပေမဲ့ ငါတို့သေသွားလို့လည်း ငါတို့ရဲ့ မျှော်လင့်ချက်တွေ ငါတို့ရဲ့ စိတ်ကူးအိပ်မက်တွေက ငါတို့နဲ့အတူ သေဆုံးသွားမယ်လို့ ပြောလို့မရဘူးကွ "

" တခြားလူတွေ ဘယ်လိုဖြစ်နေလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ ဒီအုတ်ဂူတွေအားလုံးကို ငါကြည့်လိုက်တဲ့အခါ တိုက်ပွဲမှာကျသွားခဲ့တဲ့ ဂိုဏ်းသားတွေ အသက်ပေးသွားခဲ့တယ်ဆိုတာ သူတို့ရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ တာအိုကြောင့်ပဲဆိုတာကို ငါသေချာပေါက် ပြောရဲတယ် "

" ဘာလဲဗျ တာအိုဆိုတာ... "

ပိုင်ရှောင်ချန်းက နားမလည်သည့် ပုံစံဖြင့် ပြန်မေးလိုက်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ သက်တံ့နတ်မီးလျှံစမ်းသပ်ပွဲမှာတုံးကလည်း ထိုမေးခွန်းကို သူ အမေးခံခဲ့ရဖူးသည်။ သူသည် ထိုမေးခွန်းကို လုံးဝမဖြေခဲ့ဖူးသော်လည်း သူ၏တာအိုမှာ ထာဝရအသက်ရှင်ရန်ဖြစ်သည်ဟု ခပ်ရေးရေး ခံစားမိနေသည်။

" တာအိုဆိုတဲ့ စကားလုံးက အရမ်း နက်နဲပြီး အဓိပ္ပါယ်ရှိလွန်းတယ်ကွ "

ခေါင်းဆောင်ကြီးက ပြန်ဖြေသည်။

" ဘယ်သူမှ အဲဒီအဓိပ္ပါယ်ကို သေသေချာချာ မရှင်းပြနိုင်ကြဘူး။ ငါလည်း နှစ်ပေါင်းများစွာ နေထိုင်လာလို့သာ အဲဒီအဓိပ္ပါယ်ကို ကြုံတွေ့ခံစားလာနိုင်တာ "

" တာအိုဆိုတာ... အာရုံစူးစိုက်မှုပဲ။ တိုက်ပွဲမှာ ကျသွားခဲ့တဲ့ လူတွေအားလုံးရဲ့ နေရာမှာတွေးကြည့်လိုက်။ သူတို့ သေရမှာမကြောက်ဘူးလို့ မင်းထင်လား။ သူတို့ရော ထာဝရအသက်မရှင်ချင်ဘူးလို့ မင်းထင်လား။ သူတို့လည်း ကြောက်တာပေါ့ကွ။ သူတို့လည်း ထာဝရအသက်ရှင်ချင်တာပေါ့။ ဒါပေမဲ့ ဂိုဏ်းက သူတို့ရဲ့အိမ်ဖြစ်နေလို့ သူတို့က ကာကွယ်စောင့်ရှောက်ဖို့ တိုက်ခိုက်ခဲ့ကြတာ။ သူတို့ရဲ့ ဆန္ဒတွေ၊ စိတ်ကူးတွေကို စတေးရမယ်ဆိုရင်တောင်မှ အသက်ပေးဖို့ အသင့်ဖြစ်ခဲ့ကြတာ။ သူတို့ ဘယ်လောက်ပဲ နာကျင်ရပါစေ သူတို့ရဲ့အိမ်ကို အသက်ပေး ကာကွယ်ဖို့ သစ္စာဆိုခဲ့ကြတာ "

" ငါကတော့ အရင်ထဲက စိတ်ပိုင်းဖြတ်ထားပြီးသား။ လူတိုင်းထွက်ပြေးသွားနိုင်မယ်ဆိုရင်တောင် ငါနေခဲ့မှာ။ ငါတို့ရဲ့ဂိုဏ်းလောင်ကျွမ်းပျက်ဆီးသွားရမယ်ဆိုရင် ငါလည်း ဂိုဏ်းနောက်ကို လိုက်သွားမှာပဲ "

" မင်းလည်း အတူတူပဲမဟုတ်လား ရှောင်ချန်း။လောချိန်တောင်တန်းထဲက တိုက်ပွဲမှာတုံးက မင်းရဲ့ရောင်းရင်းမိတ်ဆွေတွေကို ဘာလို့သွားပြန်ကယ်ခဲ့လဲ။ မင်းနောက်ပြန်လှည့်ပြီးသွားကယ်ရင် မင်းသေသွားနိုင်တယ်ဆိုတာ မင်းသိနေခဲ့တယ် မဟုတ်လား "

" စောစောကသာ နတ်အဆင့်ကျင့်ကြံသူ သုံးယောက်မဟုတ်ပဲ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင်ရော မင်းရောက်လာပြီး တိုက်ခိုက်ဦးမှာလား ဒါမှမဟုတ် အဝေးတစ်နေရာကနေ ကုတ်ချောင်းကုတ်ချောင်းနဲ့ ငါတို့အသက်ပျောက်တာကိုကြည့်ပြီး ထွက်ပြေးသွားမှာလား "

ထိုစကားများမှာ ပိုင်ရှောင်ချန်း၏ နှလုံးသားကို မိုးကြိုးများပစ်နေသည့််အလား။ ထိုသို့သော မေးခွန်းများကို ယခင်ကလုံးဝမတွေးမိသဖြင့် မည်သို့ဖြေရမည်ကိုပင် မသိပေ။ အမှန်မှာ သူ၏ ဂိုဏ်း ပျက်စီးတော့လုနီးပါး အန္တရာယ်ဆိုးကြီးနှင့်ကြုံနေရချိန်တွင် သူသည် အခြားမည်သည့်အရာကိုမှ တွေးတောမနေခဲ့ပေ။ သူ၏ရှေ့တွင် သူ၏ဂိုဏ်းပျက်ဆီးသွားမည်ကို ကြည့်မနေနိုင်သဖြင့် တိုက်ပွဲထဲသို့ ဝင်လာရုံမှတစ်ပါး အခြားရွေးချယ်ချက်မရှိတော့ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုအခြင်းအရာများကို တွေးတောနေရင်း ရုတ်တရက် အခြင်းအရာတစ်ခုကို သိလိုက်ရတော့သည်။ သူ၏ဘဝရည်မှန်းချက်မှာ ထာဝရအသက်ရှင်ရန်ဖြစ်သော်လည်း ဤကမ္ဘာကြီးတွင် သူအလေးထားသည့် အခြားအရာများစွာ ရှိနေသေးသည်။ ထိုအရာများကို သူမေ့ပစ်ရန် မဖြစ်နိုင်သဖြင့် တစ်ခါတရံတွင် သူ မနှစ်သက်ပါသော်လည်း တိုက်ရခိုက်ရ သတ်ရဖြတ်ရမည်သာ ဖြစ်သည်။ ၎င်းမှာ ကောင်းကင်နှင့် ကမ္ဘာကြီးတို့၏ သဘာဝ ဥပဒေသတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

သူ၏မိတ်ဆွေများ၊ သူ၏မိသားစုများ၊ သူ၏ဂိုဏ်းနှင့် သူ၏အိမ်တို့မှာ အန္တရာယ်အောက်ရောက်နေပါက သူမည်မျှပင် ထာဝရအသက်ရှင်ရန် ဆန္ဒရှိနေစေကာမူ အရေးမကြီးတော့ပေ။ ထိုသို့သာ လုပ်မိမည်ဖြစ်သည်။

ထိုရွေးချယ်ချက်တစ်ခုထဲကိုသာ ရွေးမိမည်ဖြစ်သည်။

" ရှင်သန်ခြင်းနဲ့ သေခြင်းတရား " စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည်ဖြစ်ပြီး သူ၏သက်တမ်းကြောင့် ရှင်သန်ခြင်းနှင့် သေခြင်းတရားတို့အကြောင်း ဆိုရာတွင် ၎င်းတို့မှာ ပို၍အဓိပ္ပါယ်လေးနက်သွားသည့် ပုံပင်။

" တစ်ခါတလေရောက်ရင် မင်းအသက်ရှိနေသေးပေမဲ့ တစ်ချို့လူတွေအတွက်တော့ သေလူလိုပဲ "

" တစ်ခါတလေကျတော့လည်း အသက်မရှိတော့တာတောင် အသက်ရှင်နေတဲ့အတိုင်းပါပဲ။ ကျိုးရှင်းချီ သေဆုံးသွားခဲ့ပေမဲ့ သူက ရှန်ကွမ်းထျန်ယုံရဲ့ နှလုံးသားထဲမှာ ထာဝရရှိနေမှာပဲ။ အဲဒီခွေးနက်ကြီး သေသွားခဲ့ပေမဲ့ ပေဟန်လဲ့ရင်ထဲ ထာဝရ ရှင်သန်နေဦးမှာပဲ "

" ဒီအုတ်ဂူတွေပေါ်က နာမည်တွေအားလုံးကို ကြည့်လိုက်စမ်း ရှောင်ချန်း။ ဒီဂိုဏ်းသားတွေက တိုက်ပွဲမှာ ကျသွားခဲ့ကြပေမဲ့ အခုစပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှာရှိတဲ့ လူတိုင်းက သူတို့ကို မှတ်မိနေကြမှာ။ ဘယ်သူကသူတို့ကို မေ့ပျောက်ရဲပါ့မလဲ "

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ စကားသံမှာ သံချောင်းများကို ကျိုးပျက်စေပြီး သံတုံးများကို ခုတ်ထစ်နိုင်သည့် ပြတ်သားမှုမျိုး ပါဝင်နေသည်။ သူ၏ စကားသံများမှာ မိုးခြိမ်းသံအလား ပိုင်ရှောင်ချန်း၏ စိတ်နှင့် နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသဖြင့် သူ တုန်ရီသွားရတော့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ တံခါးတစ်ချပ်မှာ ပွင့်သွားသကဲ့သို့ ယခင်က သူမရှင်းမလင်း ဖြစ်ခဲ့ရသည့် အချို့သော အတွေးစများနှင့် ခံစားချက်များမှာ အလင်းဝင်လာတော့သည်။

သူ၏မျက်ဝန်းများမှာ စောစောက စကားလုံးများ၏ နက်နဲသော အဓိပ္ပါယ်ကို သိရှိနားလည်သွားသဖြင့် အရောင်လက်သွားသည်။ သူသည် ရုတ်တရက် ရှင်သန်ခြင်းနှင့်သေခြင်းတရား၏ အဓိပ္ပါယ်ကို နားလည်သည့်အလား ခံစားလိုက်ရပြီး မည်သည့်အတွက်ကြောင့် သူ ထိုရွေးချယ်ချက်တစ်ခုကို အမြဲတမ်းရွေးဖြစ်နေမည်ကိုလည်း သိသွားတော့သည်။ ၎င်းမှာ အာရုံစူးစိုက်မှုကြောင့်ဖြစ်သည်။

သူ၏နှလုံးသားထဲတွင် ပူဆွေးသောကများ ရှိနေသေးပါသော်လည်း သူ၏ နားလည်ချက်အသစ်အကြောင်းကို တွေးမိလိုက်သည်နှင့်အမျှ ထိုပူဆွေးသောကများမှာ လေးစားမှုများနှင့် ပို၍တူသွားတော့သည်။ ထို့နောက် သူသည် လက်ယှက်ကာ အုတ်ဂူများအားလုံးကို တရိုတသေ ဦးညွှတ်လိုက်တော့သည်။ အချိန်ကြာမြင့်စွာ ကုန်လွန်သွားသည့်တိုင် သူ ခေါင်းပြန်မော့မလာပေ။

" ကျွန်တော်အခု နားလည်သွားပြီ ခေါင်းဆောင်ကြီး "

သူကရေရွတ်လိုက်သည်။ သူသည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သူများနှင့် သူတို့၏ စတေးမှုများ၊ သူတို့၏ အကြောက်အရွံ့ကင်းမဲ့မှုများကို ဦးညွှတ်နေခြင်းဖြစ်သည်။ စစ်မှန်သောသူရဲကောင်းများ၏ ဝိညာဥ်များကို သူဦးညွှတ်နေခြင်းသာ ဖြစ်ပေသည်။

ဂိုဏ်းတည်ရှိနေသရွေ့ တိုက်ပွဲတွင်ကျဆုံးသွားခဲ့သည့် ဂိုဏ်းသားအားလုံးမှာ ဂိုဏ်း၏နှလုံးသားထဲတွင် ထာဝရတိုင်အောင် တည်ရှိနေမည်ဖြစ်သည်။

သူတို့သည် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း အမြဲ တည်ရှိနေမည်သာ ဖြစ်ပေသည်။

All Chapters