ချွဲအာလည်း ရှိနေခဲ့
Vol. 9 Ch. 879
ပိုင်ရှောင်ချန်းက သဘောပေါက်နားလည်သွားသည်ကို မြင်သောအခါ စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၏ မျက်နှာပေါ်၌ အပြုံးတစ်စ ဖြစ်တည်လာ၏။ အမှန်တကယ်ဆိုရလျှင် သူ ပိုင်ရှောင်ချန်းကို လွန်စွာ ဂရုစိုက်သည်။ ရန်သူ နတ်အဆင့်ကျင့်ကြံသူသုံးယောက်ကို အနိုင်ယူခဲ့သည်အတွက်ကြောင့်သာ မဟုတ်ပေ။
ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်း၏နှလုံးသည်းခြာ ( ဝါ ) အသက်ဝိညာဥ်ဖြစ်ပေသည်။ ယခုအခါ စိတ်စွမ်းအင်နှင့် သွေးစွမ်းအင် နတ်ရေစင်အဖွဲ့များ အပြည့်အဝစည်းလုံးနေသည်မှာ အရေးမကြီးပေ။ ပိုင်ရှောင်ချန်း၏နေရာတွင် အစားထိုးနိုင်သည့် လူဟူ၍ မရှိပေ။
အရေးအကြီးဆုံးအနေဖြင့် ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ထဲတွင် အသင့်တော်ဆုံးနှင့် အများလက်ခံသဘောတူထားသော နောက်ခံရှိသည်။
ခေါင်းဆောင်ကြီးက ရုတ်တရက် တစ်ခုခုကို မှတ်မိသွားဟန်တူ၏။
" ရှောင်ချန်း၊ မင်း မြေရိုင်းဒေသထဲမှာ အချိန်အကြာကြီးပျောက်နေခဲ့တာ။ အခု မင်းပြန်လာပြီဆိုတော့ ငါ မေးရဦးမယ်။ ကောင်းကင်ဧကရာဇ်က တပည့်အသစ်ရွေးချယ်နေတဲ့အကြောင်း မင်း ကြားပြီးပြီလား "
" ကောင်းကင်ဧကရာဇ်က တပည့်အသစ်တစ်ယောက် ရွေးနေတယ် "
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အံသြသောအမူအရာများ ထင်ဟပ်လာသည်။
ခေါင်းဆောင်ကြီးက ခေါင်းညိတ်လိုက်၏။
" ငါတောင်မှ ဘာတွေဖြစ်လာမလဲ မသိဘူး။ ဒါပေမဲ့ မကြာခင် အရေးအခင်းတွေ စတင်တော့မယ်ထင်တယ်။ မြစ်ဝဂိုဏ်းလေးဂိုဏ်းလုံး ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပြီ “
" ငါကြားထားတာ အရတော့ ဘယ်ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူမဆို ပြိုင်ပွဲဝင်လို့ရတယ်တဲ့။ ကောင်းကင်တံတားဒေသက ဖြစ်နေသရွေ့ ဘယ်ဂိုဏ်းကဖြစ်ဖြစ်၊ ဘယ်မျိုးနွယ်စုကဖြစ်ဖြစ် ဒါမှမဟုတ် သင်းကွဲကျင့်ကြံသူတစ်ယောက်ဆိုရင်တောင်မှ ကိစ္စမရှိဘူး။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအားလုံး ကောင်းကင်တံတားကျွန်းဆွယ်ကို သွားဖို့ အရည်အချင်းပြည့်မီတယ် "
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက သက်ပြင်းချလိုက်သည်။ သူမည်မျှ အိုမင်းနေသည်ကို စဥ်းစားကြည့်လျှင် သူက ထိုနေရာမျိုးအတွက် မသင့်တော်ကြောင်း သိသည်။ ကောင်းကင်တံတားမြစ်ဒေသတွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကား မနည်းမနောရှိလှသည် မဟုတ်ပါလော။
ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက် နေရာတစ်နေရာကိုရယူရန် လူပေါင်းများစွာအား အနိုင်ယူရန်မှာ ကောင်းကင်ဘုံသို့တက်ရမည့် လူသားတစ်ယောက်အလား ဖြစ်မည် ဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်းအတွက်ကား မျှော်လင့်ချက်ရှိသည်။ သူက သူ့ခေတ်မျိုးဆက်ရှိ မည်သူ့ကိုမဆို အပြတ်အသတ် အနိုင်ယူနိုင်သည့်တိုင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မလာခဲ့သေးပေ။
သူသည် နတ်တစ်ပိုင်းနီးနီးသာ ဖြစ်သည့်တိုင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး အခြားတစ်ယောက်အား ဖျက်စီးပစ်ခဲ့ကာ သုံးယောက်မြောက်ကို ထွက်ပြေးသွားစေခဲ့သည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ အရှေ့ဘက် ကောင်းကင်တံတားဒေသတွင် ထိုကဲ့သို့ အရာမျိုး ဖြစ်ပျက်ခဲ့ဖူးသည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ အခြား အဓိကမြစ်ကြီးသုံးစင်းတွင် ထိုကဲ့သို့ကောင်းကင်ကိုဖီဆန်သော ကိစ္စတစ်ရပ် ဖြစ်ပွားခဲ့သည်လား သူ မသေချာပါသော်လည်း ၎င်းက မိုးမြေကိုတုန်ခါသွားစေနိုင်သည့် အံ့ဩဘနန်းကိစ္စရပ်ဖြစ်ကြောင်းကိုတော့ သူသိသည်။
ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်က တပည့်အသစ်ခေါ်နေသည့်အကြောင်း ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်သော်လည်း ခေါင်းကိုသာ ခါယမ်းလိုက်သည်။ မြေရိုင်းဒေသမှာ ဖြစ်ပွားခဲ့သော ထိုခမ်းနားကြီးကျယ်သည့် တိုက်ပွဲတွင် သူကိုယ်တိုင်တွေ့မြင်ခဲ့ရသော အရာကြောင့် ကောင်းကင်ဧကရာဇ်အပေါ် ကောင်းမွန်သော သဘောထား မရှိလှပေ။
ကောင်းကင်ဧကရာဇ်ကို ပြောလိုက်သည်က သူ့ကို ရုတ်တရက် ဟိုရှောင်မေ့အကြောင်းတွေးမိသွားစေပြီး သူက ခေါင်းဆောင်ကြီးကို သူမအကြောင်း မေးမြန်းလိုက်သည်။
" ဟိုရှောင်မေ့နဲ့ ဝိညာဥ်စွယ်တို့ နှစ်ယောက်လုံး လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က တခြားလူထောင်ပေါင်းများစွာနဲ့အတူ ကောင်းကင်တံတားကျွန်းဆွယ်ကို ခေါ်သွားခံခဲ့ရတယ်။ အဲဒါက တိုက်ပွဲကြောင့်မဟုတ်ပဲ ပါရမီနဲ့ အခြားဆုံးဖြတ်ချက်အရ လုပ်ဆောင်သွားခဲ့တာ။ ဟိုရှောင်မေ့က နယ်ပယ်တစ်ခုခုမှာ သူမတူတဲ့ ပါရမီရှိတယ်ထင်တယ်။ သူသာ ကျင့်ကြံခြင်းဆိုင်ရာ လမ်းညွှန်မှုတွေလိုက်နာပြီး ထူးချွန်လာတာနဲ့ တစ်ပြိုင်နက် ဟိုမှာ အစောင့်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရလိမ့်မယ် “
" ဒီလို ကိစ္စမျိုးက ရာစုနှစ်တွေကြာမှ တစ်ကြိမ်ပဲ ဖြစ်တာ။ ကျင့်ကြံသူ တစ်သောင်းထဲက ရာဂဏန်းလောက်ပဲ အထူးအစောင့်တွေ ဖြစ်သွားကြမယ်"
စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ အခြေအနေနှင့် ပတ်သက်၍ ကွဲကွဲပြားပြားမသိသော်လည်း ရလဒ်အတွက် မျှော်လင့်ချက်များ မြင့်မားနေသည်။ ယခုအချိန်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းကို အစီအစဥ်တကျပြန် ဖြစ်ရန် အလုပ်များစွာ ရှိသောကြောင့် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးက ပြန်ရန် လှည့်လိုက်သည်။
ထိုစဥ် သူသည် ဟိုရှောင်မေ့နှင့် ပိုင်ရှောင်ချန်း မည်မျှရင်းနှီးကြောင်း ပြန်တွေးမိလိုက်ပြီး နောက်ပြန်လှည့်ကာ ပြောသည်။
" မင်း အသေးစိတ်သိချင်ရင် စုန့်ကျင်းဝမ်ကို သွားမေးသင့်တယ်။ ရွေးချယ်ပွဲအခမ်းအနားက ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ကျင်းပတာလေ။ စုန့်ကျင်းဝမ်လဲ အဲဒီမှာရှိခဲ့တယ်။ ကံဆိုးတာက သူ ရွေးချယ်မခံခဲ့ရဘူး "
ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်သည့် သံသယများအား သူတစ်ယောက်တည်းသာ ထိန်းသိမ်းထားရန် တွေးတောကာ ခေါင်းညိတ်လိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးအား မယုံကြည်၍မဟုတ်။ သူ၏ သံသယများက အံ့သြဖွယ်ကောင်းလွန်းသောကြောင့်ပင်။ သူသည် ကိစ္စရပ်တစ်ခုလုံးနှင့် ပတ်သက်၍ ဂနာမငြိမ်ဖြစ်နေလျက် အုတ်ဂူများအား တခဏကြာကြည့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီးချကာ ထွက်ခွာသွားတော့သည်။
မကြာမီ ညနေစောင်းသွားပြီး ထိန်ထိန်သာနေသော လမင်းကြီးသည် အထက်ကောင်းကင်ယံတွင် ငွားငွားစွင့်စွင့် ထွန်းလင်းလာ၏။ အဏ္ဏဝါခေါ်သံဂိုဏ်း ၏ ဂိုဏ်းသားအများစုမှာ ကျင့်ကြံနေကြသည်။ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများမှာ တစ်ရက်တည်းနှင့် အပြီးသတ်နိုင်သည့်အရာမဟုတ်၍ သူတို့မှာ တိုက်ပွဲ၏ပင်ပန်းနွမ်းနယ်မှုဒဏ်များမှ ပြန်လည်သက်သာရန် အချိန်လိုအပ်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက အခွင့်ကောင်းယူ၍ စုန့်ကျင်းဝမ်ထံ သွားလိုက်သည်။ တစ်ဖက်တွင် သူသည် သူမအား နှစ်ပေါင်းများစွာ ရူးမတတ် လွမ်းဆွတ်နေခဲ့ပြီး အခြားတစ်ဖက်တွင် ဟိုရှောင်မေ့ မည်သို့ဖြစ်သွားသည်နှင့်ပတ်သက်၍ စုံစမ်းချင်သေးသည်။
စုန့်ကျင်းဝမ်မှာ နောက်ဆုံးတွင် အင်မော်တယ်ဂူထဲ၌ အနားယူနေပြီး ဆေးလုံးများဖြင့် သူမ၏ပင်ပန်းနွမ်းနယ်မှုအား ကုသနေသည်။ သို့သော် ပိုင်ရှောင်ချန်းမတိုင်မီ သူမကို သွားတွေ့သည်လူတစ်ယောက်ရှိသည်။ ထိုသည်ကား စုန့်ချွဲပင်။
စုန့်ချွဲက စုန့်မျိုးနွယ်စု၏ လက်ရွေးစင်တစ်ယောက်ဖြစ်သည်ကို ထည့်တွက်လျှင် သူနှင့်ပတ်သက်၍ စုန့်ကျင်းဝမ် အလွန်အမင်းစိုးရိမ်နေသည်က သဘာဝပင်ဖြစ်သည်။ ယခု သူ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေသည့်အချက်က မျိုးနွယ်စုအတွက် အံသြဖွယ်ကောင်းပေသည်။
စုန့်ကျင်းဝမ်မှာ စုန့်ချွဲထက် အသက်ဝါစဥ်ကြီးသူဖြစ်သည့်တိုင် သူရောက်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို ကြိုဆိုရန် ထရပ်လိုက်သည်။ သို့သော် စုန့်ချွဲမှာ အဆင့်မြင့်သောကျင့်ကြံသူတစ်ယောက်သဖွယ် မပြုမူဝံ့ပေ။ သူက ရှေ့သို့ အပြေးအလွှားသွားကာ ပြောလိုက်သည်။
" မလိုပါဘူး ဒေါ်လေးကျင်းဝမ်။ ချွဲအာက ဂါဝရပြုဖို့ လာတာပါ "
သူက သူမအောက် အတော်လေးနိမ့်ကျသော ကျင့်ကြံခြင်းအခြေခံရှိစဥ်ကအတိုင်း ယဥ်ကျေးမှုအပြည့်ဖြင့် လက်ယှက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။
စုန့်ကျင်းဝမ်မှာ သူမည်မျှ လေးလေးစားစားရှိနေသည်ကိုကြည့်ကာ အလွန်ကျေနပ်သွားတော့သည်။ သို့သော်လည်း သူမက သူ့ကို အကြံဉာဏ်အချို့ ပေးလိုက်သည်။
" ချွဲအာ အခု မင်းမှာ ယင်ယန်ဝိညာဥ်တစ်ခုရှိပြီ။ မင်းကို ငါ လေးလေးစားစား ကြိုဆိုတာက သင့်တော်တယ်။ ငါတို့ ကျင့်ဝတ်တွေကို မေ့မရပေမယ့်လဲ ကျင့်ကြံခြင်းလောကမှာတော့ တန်ခိုးစွမ်းအားက အခရာပဲ "
စုန့်ချွဲက ပိုင်ရှောင်ချန်းကြောင့်သာမဟုတ်လျှင် ယခုကဲ့သို့ဖြစ်လာခဲ့မည် မဟုတ်ကြောင်း သူ့ကိုယ်သူ သတိပေးလျက် ခါးခါးသီးသီး ပြုံးလိုက်သည်။ သူက အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်နှင့် အလွန်နီးကပ်နေသည်ကို ထည့်တွက်လျှင် ခေါင်းဆောင်ကြီးမှလွဲ၍ သူ၏ မျိုးနွယ်စုရှိလူတိုင်းက သူ့ကို ဂါဝရပြုဦးညွှတ်ရမည် ဖြစ်သည်။
သို့သော် စုန့်ကျင်းဝမ်က မည်သူဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့် သူမ၏ ပတ်သက်မှုကို စဥ်းစားကြည့်လျှင် စုန့်ချွဲမှာ သူ၏ခါးသီးမှုများကို မျိုသိပ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ မကြာသေးမီက ပိုင်ရှောင်ချန်းစိတ်ဓာတ်ကျနေသည်ကိုကြည့်ကာ သူ အတန်ငယ်ကျေနပ်သော်လည်း ပွင့်ပွင့်လင်းလင်းမဖော်ပြရဲပေ။ မြေရိုင်းဒေသမှာရှိစဥ်အချိန်ကာလများသည် သူ့ကို အတန်ငယ်ရင့်ကျက်စေလာခဲ့သည်သာမက သူ ဝန်ခံမည်မဟုတ်သော ပိုင်ရှောင်ချန်းအပေါ် နက်နက်နဲနဲလေးစားခြင်းများလည်း ပေါက်ဖွားလာခဲ့သည်။
ထိုမျှသာမက ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ စုန့်ချွဲ၏ ဦးလေးဖြစ်ကြောင်း အထပ်ထပ်အခါခါ ထုတ်ပြောခဲ့သည်။ ထို့ကြောင့် သူနှင့်စုန့်ကျင်းဝမ်အကြား ဝါစဥ်က အလှမ်းဝေးကွာသွားသည်။
ထို့အတွက်သာမဟုတ်လျှင် သူ၏ ပထမဆုံးလည်ပတ်ခြင်းက စုန့်ကျင်းဝမ်ထံမဟုတ်ဘဲ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးဆီ ဖြစ်ပေမည်။
" မလိုပါဘူး ဒေါ်လေးကျင်းဝမ်။ ဒေါ်လေးမျက်လုံးထဲမှာတော့ ချွဲအာက လွန်ခဲ့တဲ့နှစ်တွေက ကောင်လေးပဲ အမြဲဖြစ်နေမှာပါ "
ထို့နောက် စုန့်ချွဲက သက်ပြင်းတစ်ချက်ရှူလိုက်ပြီး စုန့်ကျင်းဝမ်ကို အရိုအသေပေးလိုက်သည်။
စုန့်ကျင်းဝမ်၏ အပြုံးများ ပို၍စူးရှတောက်ပသွားပြီး သူမ၏မျက်လုံးများထဲတွင် နွေးထွေးသောအရိပ်အယောင်များ ပိုမိုထင်ဟပ်လာသည်။ မျိုးနွယ်စုတွင် ယခုကဲ့သို့ ချီလင်သားတစ်ယောက် ထွန်းတောက်လာခဲ့သည်ကို သူမမှာ ဂုဏ်ယူနေပြီး မြေရိုင်းဒေသထဲက သူ၏ စွန့်စားခန်းများအကြောင်း ချက်ချင်းမေးတော့သည်။
စုန့်ချွဲသည် သူ ပျောက်ဆုံးသွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များအား မပီမပြင်ပြောပြရင်း တောင်ရောက်လိုက်၊ မြောက်ရောက်လိုက် ဖြစ်နေတော့သည်။ အခြားလူတစ်ယောက်သာဖြစ်ခဲ့လျှင် သူက အတန်ငယ် ဂုဏ်ယူဝင့်ကြွားစွာ ပြုမူလိမ့်ဦးမည်။သို့သော် ယခု စုန့်ကျင်းဝမ်၏အရှေ့တွင်ဖြစ်နေရာ မည်သို့ ပြုမူရမည်ကို မသိတော့ပေ။
စုန့်ကျင်းဝမ်က စုန့်ချွဲနှင့်ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေကြောင်း သိလိုက်သည်။ သူမက မျက်မှောင်ကြုတ်လိုက်ရာ ထိုသည်ကပင် သူမအား ပိုမိုလှပချောမောသွားစေသည်။ သူမက မေးခွန်းအချို့မေးရန် ပြင်လိုက်ဆဲဆဲမှာပင် အင်မော်တယ်ဂူအပြင်ဘက်မှ ပိုင်ရှောင်ချန်း၏အသံကို ကြားလိုက်ရသည်။
" ဝမ်အာ၊ အချစ်လေး "
သူက ချစ်စိတ်ပြင်းပြစွာ ပြောသည်။
" ကိုယ် ပြန်လာပြီ "
သူ့အသံ အင်မော်တယ်ဂူထဲ ဝင်လာသည့်အခိုက်အတန့်တွင် စုန့်ချွဲမှာဒိန်းခနဲ ရင်ခုန်သွား၏။ စုန့်ကျင်းဝမ်မှာမူ မျက်နှာလေးရှက်သွေးဖြာသွားကာ မျက်လုံးလေးများထဲတွင် ဒေါသရိပ်လေးများဖြတ်ပြေးသွား၏။ ဝါစဥ်ငယ်သောမျိုးဆက်မှ လူတစ်ယောက်၏ရှေ့တွင် သူမကို ချစ်ခင်မြတ်နိုးစွာ ပြောဆိုလိုက်သည့် သူ၏လုပ်ရပ်ကြောင့် သူမမှာ ရင်တဒိန်းဒိန်းခုန်သွားသည်သာမက အတန်ငယ် ရှက်နေတော့သည်။ သူမက လက်ကို အလျင်အမြန်ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်ဂူတံခါး ဝုန်းခနဲ ပွင့်သွားသည်။
ပိုင်ရှောင်ချန်းက လမ်းလျှောက်ဝင်လာပြီး စုန့်ချွဲအား တန်းတွေ့လိုက်ရလေသည်။
" အီး ချွဲအာ။ မင်း ဒီမှာ ဘာလုပ်နေတာတုံး "
စုန့်ချွဲ၏မျက်နှာကြီး မည်းမှောင်သွား၏။
စုန့်ကျင်းဝမ်သည် စုန့်ချွဲ၏ အမူအရာကို မြင်သောအခါ ရုတ်တရက် တောင်းပန်သည့်အသွင်ပေါက်သွားသည်။ ပိုင်ရှောင်ချန်းက စုန့်ချွဲအား ဤသို့ ဆက်ဆံသည်မှာ သူမ၏အမှားတစ်စိတ်တပိုင်း ပါဝင်နေကြောင်း သူမကသိ၍ တစ်ခုခုပြောရန် ပြင်လိုက်စဥ် ပိုင်ရှောင်ချန်းက ကြားဖြတ်ပြောလိုက်သည်။
" ဝမ်အာရာ မြေရိုင်းဒေသက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းတွေးတတ်မှာတောင် မဟုတ်ဘူး။ တော်တော့်ကို အန္တရာယ်များတယ်။ ဘယ်နေရာသွားသွား သေစေနိုင်တဲ့အန္တရာယ်ကြီးတွေ ပေါ်လာတော့တာပဲ။ ချွဲအာကို ကယ်ဖို့အတွက်နဲ့ ငါ့သရုပ်မှန်တောင် ဖော်မိတော့မလို့။ ငါ မင်းမျိုးနွယ်တစ်သိုက်ကိုတောင် အတိုက်အခံလုပ်ခဲ့ပြီးတော့ ကောင်းကင်မြို့စားမျိုးနွယ်စုတွေကို ဘဏ္ဍာသိမ်းပစ်ခဲ့တယ် “
" မင်းကြားလား။ ကောင်းကင်မြို့စားနော်။ မြေရိုင်းဒေသကကြီးမားပေမယ့် သူတို့က ၁၀၈ယောက်ပဲ ရှိတာ။ တစ်ဦးတစ်ယောက်စီတိုင်းက တကယ့်ကို အရေးပါပြီး နာမည်ကြီးတဲ့ လူတွေပဲ "
သူသည် ပြန်ပြောင်းတွေးတောကာ သက်ပြင်းချလျက် စုန့်ချွဲကို ကယ်ရာတွင် တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ကြောင်း ပြန်တွေးလိုက်သည်။
" ငါ သူ့ကို မြေရိုင်းဒေသထဲမှာ ပထမဆုံးရှာတွေ့တုန်းက ဘယ်လောက်တောင် အခြေအနေဆိုးလဲ အခုထိကို မေ့မရဘူး။ သူ့ခန္ဓာကိုယ်က အပေါက်တွေ ပြည့်နေတာ ဇကာပေါက်အတိုင်းပဲ။ ကောင်းကင်မြို့စားမျိုးနွယ်စုတစ်စုက သူ့ကို သက်ရှိဝိညာဥ်ကျောက်တုံးအဖြစ် ပြောင်းပစ်ခဲ့တယ်လေ။ ပြီးတော့ စိတ်စွမ်းအင်ပေါများတဲ့ နေရာလေးတစ်ခု ဖန်တီးလိုက်တာပေါ့ “
" အဲဒီနောက် အဲဒီမျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေ ဝိညာဥ်ကျောက်တုံးမလိုဘဲ ကျင့်ကြံအားထုတ်နိုင်တာပေါ့ "
ပိုင်ရှောင်ချန်း၏ အသေးစိတ်ဖော်ပြမှုကြောင့် စုန့်ချွဲမှာ မှောင်မိုက်သော အတိတ်နေ့ရက်များဆီသို့ ပြန်လည်စိတ်ရောက်သွားသည်။ တချိန်တည်းမှာပင် စုန့်ကျင်းဝမ်မှာ ပင့်သက်ရှိုက်သွားပြီး သူမ၏မျက်နှာအမူအရာ တင်းမာခက်ထန်သွား၏။
" ရက်စက်လိုက်တာ "
သူမက ဒေါသတကြီးဆို၏။ သူမက စုန့်ချွဲ၏မျက်နှာပေါ်ရှိ ခါးသီးသော အမူအရာကို မြင်လိုက်ပြီး ပိုင်ရှောင်ချန်းက အပိုပြောနေခြင်းမဟုတ်ကြောင်း သိလိုက်သည်။ စောစောက မည်သည့်အတွက်ကြောင့် စုန့်ချွဲက စကားပြောဆိုရန် တွန့်ဆုတ်နေရသည်ကို သူမ ရုတ်ချည်း သဘောပေါက်သွားသည်။
" နင် လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ် ရှောင်ချန်း "
သူမက ပြောလိုက်သည်။ စောစောက သူမသည် စုန့်ချွဲအား ပိုင်ရှောင်ချန်းတစ်ခုခုပြောခြင်းမှ ကာကွယ်ပေးရန် တွေးထားခဲ့သော်လည်း ယခုအခါ သူမသည် သူ့ကို ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခါးကိုင်း၍ အရိုအသေပေးလိုက်သည်။
" ဘာမှ လုပ်စရာမလိုပါဘူး "
ပိုင်ရှောင်ချန်းက ပြန်ပြောလိုက်၏။
" ငါ ဒါတွေအားလုံးကို မင်းအတွက် လုပ်ပေးခဲ့တာပဲလေ "
သူက လည်ချောင်းရှင်း၍ ရှေ့တိုးကာ သူမ၏ ပျော့ပျောင်းသော ခါးလေးကို ပွေ့ဖက်လိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။
“ မင်းက ချွဲအာရဲ့ အဒေါ်ပဲလေ။ ပြီးတော့ ငါက သူ့ဦးလေး။ ငါတို့တွေက မင်းမိသားစုပဲကို။ မြေရိုင်းဒေသမှာ ငါသူ့ကို မကူညီရင် ဘယ်သူကူညီမလဲ။ ငါသူ့ကို မကယ်ရင် ဘယ်သူကယ်မလဲ။ ဒါက လုပ်သင့်တဲ့အရာတစ်ခုပါ။ ပြီးတော့ ရေးကြီးခွင်ကျယ်မှ မဟုတ်ပဲ "
စုန့်ကျင်းဝမ်၏မျက်နှာလေးမှာ နီရဲသွားပါသော်လည်း သူ့ကို မတွန်းထုတ်မိပေ။ အမှန်တွင် သူမ၏ အမူအရာများ နူးညံ့ပျော့ပျောင်းသွား၏။ ထိုမတိုင်ခင်က သူမတို့နှစ်ယောက်မှာ ခြားနားနေသည့်အလား ခံစားခဲ့ရသော်လည်း ယခုတွင် သူမ၏ခါးထက်ပေါ်ရှိ သူ့လက်များကြောင့် ထိုခံစားချက်များ ပျောက်ကွယ်သွားလေပြီ။