နတ်များ၏ အမျက်ဒေါသ
Vol. 9 Ch. 882
ပိုင်ရှောင်ချန်းသည် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကိုသတ်ကာ အခြားတစ်ယောက်ကို ခြေကျိုးလက်ကျိုးဖြစ်အောင် လုပ်နိုင်ခဲ့ပြီး ကျန်တစ်ယောက်အား ထွက်ပြေးသွားအောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်း ကြုံတွေ့နေရသည့် ပြဿနာများမှာ မပြီးဆုံးသေးကြောင်း သူက သိသည်။ သူသည် အန္တရာယ်ကြီးကို ခေတ္တမျှရပ်တန့်နိုင်လိုက်ပါသော်လည်း အမှန်မှာ အရာအားလုံးသည် ရှင်းကုံကျစ်တာအိုဂိုဏ်းဆီသို့ ပြန်ရောက်သွားမည် ဖြစ်သည်။
မြစ်ဝဂိုဏ်းထံမှ ရရှိသည့် သွယ်ဝိုက်သော ထောက်ခံချက်မပါလျှင် အခြားဂိုဏ်းကြီးသုံးဂိုဏ်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ဖို့ရာ ရဲကြမည်မဟုတ်ပေ။ ဂိုဏ်းထဲတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းအကြောင်းကို နားလည်သူ မရှိသလောက်နည်းပါသော်လည်း ပိုင်ရှောင်ချန်းမှာ ထိုဂိုဏ်းတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည်ဖြစ်၍ ၎င်း၏ အတွင်းရေး အလုပ်လုပ်ပုံများကို သူက အလွန်ရင်းနှီးနေသည်လည်းဖြစ်သည်။
ဥပမာဆိုရသော် ထိုဂိုဏ်းတွင် နတ်အဆင့်ခေါင်းဆောင်ကြီး ငါးယောက်ရှိသည်။ တစ်ယောက်မှာ သံမဏိသွေးကြောခန်းမမှ ဖြစ်ပြီး ကျန်လေးယောက်မှာ မြစ်လက်တက် လေးခုနှင့် ချိတ်ဆက်နေသည့် စွမ်းအားကြီးကျင့်ကြံသူများဖြစ်သည်။
ဥပမာထပ်ပြရသော် ကုံမြို့နယ်ကို ထိန်းချုပ်သည့် ကလေးငယ်လေးနှင့်တူသော နတ်အဆင့်ကျင့်ကြံသူရှိသည်။ အခြားမြစ်လက်တက်များတွင်လည်း ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်နေသည့် နတ်အဆင့်ခေါင်းဆောင်ကြီးများ ရှိကြပြီး သူတို့နှင့် အမျိုးမျိုးသော နည်းလမ်းများဖြင့် ဆက်နွယ်နေကြသည်။ မျိုးနွယ်စုအချင်းချင်း ပတ်သက်နေမှုများမှာ အရေးပါသည့်အချက်ဖြစ်သည်။ အမှန်မှာ အလယ်ဒေသဂိုဏ်းများသည် ထိုနတ်အဆင့်ကျင့်ကြံသူများ၏ အခြေစိုက်စခန်းခွဲများဖြစ်နေကြသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသည် အလယ်ဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစဥ်ကတည်းက ထိုကလေးငယ် နတ်အဆင့်ကျင့်ကြံသူအား လက်ဆောင်ပဏ္ဍာများ ဆက်သခဲ့ရသည်။ သူတို့ဆက်သသည့် ပမာဏမှာ ယခင်က ကုံမြစ်ဂိုဏ်းခွဲ ဆက်သခဲ့သည့် ပမာဏထက်ပင် ပို၍များနေသည်လည်းဖြစ်သည်။
ထိုအချက်ကိုကြည့်၍ ဂိုဏ်းသုံးဂိုဏ်း၏ အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ် လုပ်ရပ်မှာ ကျူးကျော်လို၍ တိုက်ခိုက်ခဲ့သော စစ်ပွဲမျိုးမဟုတ်ပဲ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နတ်အဆင့်ခေါင်းဆောင်များအကြားရှိ ကစားပွဲတစ်ခုဖြစ်နေကြောင်း အလွယ်တကူသိနိုင်သည်။ ကုံမြို့နယ်မှ ကလေးငယ် ခေါင်းဆောင်ကြီးမှာ အင်အားနည်းနေသည့် အနေအထားသို့ရောက်နေသဖြင့် အခြားနတ်အဆင့်ကျင့်ကြံသူ သုံးယောက်ကို မယှဥ်နိုင်လောက်အောင် ဖြစ်နေခဲ့သည်လည်းဖြစ်သည်။
အဆုံးတွင် သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းအား စွန့်လွှတ်ရန် ဖိအားပေးခံလိုက်ရသဖြင့် နတ်အဆင့် ခေါင်းဆောင်သုံးယောက်မှာ အဏ္ဏဝါခေါ်သံဂိုဏ်းအား အမြစ်ပြတ်သုတ်သင်ရန်အတွက် ပူးပေါင်းသွားသည့် အခြေအနေအထိရောက်သွားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ရလဒ်မှာ ကောင်းမွန်မည်မဟုန်ကြောင်း အလွယ်တကူ သိနိုင်သည်။ အခြားနတ်အဆင့် ကျင့်ကြံသူ သုံးယောက်မှာ အမျက်ထွက်နေပြီး သူတို့၏ဒေါသကို ဖြေဖျောက်ရန် ရောက်လာမည်မှာ အမှန်ပင်။
ထိုသို့ဖြစ်လာစေရန်မှာ ပိုင်ရှောင်ချန်း၏ ရည်ရွယ်ချက် လုံးဝမဟုတ်ပါသော်လည်း ဂိုဏ်းတစ်ခုလုံးပျက်သုဥ်းရတော့မည့် အခြေနေသို့ ရောက်နေခဲ့သဖြင့် သူ့ထံတွင်လည်း အခြားရွေးချယ်စရာ မရှိခဲ့ပေ။
" ချိန်ဟဲ့ထျန်ကတော့ ငါ သူ့တပည့်နဲ့သူ့သမီးကို ကယ်ခဲ့တဲ့အချက်ကိုထောက်ပြီး လွန်လွန်ကျူးကျူ မလုပ်ဖို့ ဆုတောင်းရမှာပဲ "
" ပိုင်လင်းရဲ့အဘိုးက သူ့မြေးနဲ့ ငါ့အကြားက ရင်းနှီးတဲ့ဆက်ဆံရေးကို သိနေဖို့လည်း ဆုတောင်းရမှာပဲ "
ပိုင်ရှောင်ချန်းမှာ နှာတံကိုပွတ်နေတော့သည်။ အမှန်မှာ သူသည် မည်သူ့ပေါ်တွင်မှ အားကိုး၍မရကြောင်း သူကသိသည်။ အဏ္ဏဝါခေါ်သံဂိုဏ်အား ဘေးကင်းအောင်လုပ်နိုင်မည့် တစ်ခုထဲသော နည်းလမ်းမှာ ၎င်းကို အတတ်နိုင်ဆုံး စွမ်းအားကြီးမားလာစေရန် အားထုတ်ရမည်သာဖြစ်သည်။
" ငါ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်အောင်လုပ်မှရမယ် "
ပိုင်ရှောင်ချန်းမှာ ဖိအားများစွာအောက်သို့ ရောက်နေပြီဖြစ်သည်။ ဤအခြေအနေအား ဖြေရှင်းနိုင်မည့် တစ်ခုထဲသော နည်းလမ်းအစစ်အမှန်မှာ သူနတ်အဆင့်သို့တက်လှမ်းရန်ဖြစ်သည်။
နတ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် သူ၏တိုက်ပွဲစွမ်းရည်မှာ ပို၍အစွမ်းထက်လာမည်ဖြစ်သည်။ ထိုစွမ်းအား အဆင့်အတန်းနှင့် ဆိုပါက သူ့ပြိုင်ဘက်များ၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်သွင်းနိုင်မည်ဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကို အမှန်တကယ်ကာကွယ်နိုင်မည်လည်း ဖြစ်သည်။
သူသည် ကိုယ်ပိုင်အခန်းထဲတွင်ထိုင်၍ ပြတ်သားမှုများ စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် နှစ်ဆယ့်တစ်ရောင်ခြယ် မီးတောက်ဖန်တီးနည်းကို ထုတ်ယူလိုက်ပြီး သေသေချာချာ လေ့လာလိုက်သည်။ ထိုဖန်တီးနည်းမှာ ရင်းမြစ်ပစ္စည်း အမြောက်အများလိုအပ်သည်ဖြစ်ပြီး သူသည် ယခုတွင် ကောင်းကင်တံတားမြစ်ဒေသထဲတွင် ရောက်နေသည်ဖြစ်၍ ပို၍ပင် စိတ်ဓာတ်ကျစရာကောင်းနေတော့သည်။ ကံကောင်းသည့်အချက်မှာ သူမြေရိုင်းဒေသမှ ထွက်ခွာခါနီးတွင် သူ၏တပည့်သည် သူ အသုံးပြုနိုင်ရန်အတွက် ဝိညာဥ်အမြောက်အများ ပေးခဲ့သည်။
ယခုအခါ သူ့ထံတွင် ကျရှုံးမှုအမြောက်အများကိုပင် ကာမိနိုင်မည့် ဝိညာဥ်များ ရှိနေပြီဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ သူ၏ ယခင်ကဖြစ်နေကြ ပုံစံဖြစ်သော ရူးသွပ်နေသည့် အခြေအနေသို့ ရောက်သွားပြီဖြစ်သည်။ သူ၏ဆံပင်များမှာ ရှုပ်ပွနေသော်လည်း သူကဂရုမစိုက်ပေ။ သူ၏ အသိစိတ်နှင့် နှလုံးသားတို့မှာ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်းထဲတွင် လုံးဝနစ်မြုပ်နေပြီဖြစ်သည်။ သူသည် အဆင့်တိုင်း လုပ်ဆောင်ချက်တိုင်းကို အသေးစိတ်အထိ ခွဲခြမ်းစိတ်ဖြာပြီးသွားပြီဖြစ်သည်။
သူခံစားနေရသော ဖိအားကြီးကြောင့်လား၊ အခြားအရာတစ်ခုခုကြောင့်လားတော့မသိပေ။ သူသည် မီးတောက်လုမတတ် အလုပ်လုပ်နေပြီး သူ၏အတွေးများမှာလည်း ဖန်တီးနည်း၏ ကဏ္ဍတစ်ခုမှ အခြားကဏ္ဍတစ်ခုသို့ ပြေးလွှားနေသည်။ ထို့အပြင် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စိတ်စွမ်းအင်များကို အမြောက်အမြား ရယူနေနိုင်သည်ဖြစ်ရာ လုံးဝမရပ်တန့်ပဲ ဆက်တိုက် အလုပ်လုပ်နိုင်စွမ်း ရှိနေ၏။ သူသည် အာရုံစူးစိုက်မှု အပြည့်ထားနိုင်ရန်အတွက် တစ်ခါတရံတွင် အဏ္ဏဝါခေါ်သံဂိုဏ်းက ထောက်ပံ့ပေးထားသည့် ဆေးလုံးများကို သောက်သုံးနေသည်။
အချိန်များကုန်ဆုံးသွားပြီး သူသည် ဖန်တီးနည်းနှင့် ပို၍ရင်းနှီးလာတော့သည်။ သုံးရက်တိတိ ထပ်မံကုန်ဆုံးသွားသည့်အခါတွင် ပိုင်ရှောင်ချန်းမှာ လက်ကိုဝှေ့ယမ်းလိုက်ပြီး ပထမဆုံးအကြိမ် စ၍ ဖန်တီးကြည့်ရန်အတွက် ဝိညာဥ်အမြောက်အမြားကို ထုတ်ယူလိုက်သည်။
ယခုအကြိမ်တွင် သူက တန်း၍အောင်မြင်နိုင်မည်ဟု စိတ်ကူးယဥ်မနေပေ။ သူအလိုရှိသည်မှာ အောင်မြင်မှုမဟုတ်ပဲ ကျရှုံးမှုကနေတစ်ဆင့် ရရှိလာမည့် အတွေ့အကြုံပင်ဖြစ်သည်။
အလေ့အကျင့်မှ ရရှိသည့် တိုးတက်မှုများသည် တုန်လှုပ်ဖွယ် ရလဒ်များကိုပေးစွမ်းနိုင်ပြီး ပိုင်ရှောင်ချန်းတစ်ယောက်သာ ထိုသို့စွမ်းဆောင်နိုင်သည်လည်းဖြစ်သည်။ အခြားမည်သည့် အောက်လမ်းဆရာမှ ဤကဲ့သို့ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်သည့် ကုန်ကျမှု အဖိုးအခမျိုးကို တတ်နိုင်မည်မဟုတ်ပေ။
ပိုင်ရှောင်ချန်း၏တပည့်မှာ ငရဲဧကရာဇ်ဖြစ်နေသဖြင့် မီးတောက်ဖန်တီးရာတွင် သူသည် ပမာဏအမြောက်အမြား ဖြုန်းတီးနိုင်သည် မဟုတ်ပါလော။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သူကြုံတွေ့ခဲ့ရသည့် ကျရှုံးမှုတိုင်းကြောင့် သူ၏နားလည်မှုများမှာ ပို၍နက်နဲလာသည်။ တစ်ခါတရံတွင် သူသည် မီးတောက်ဖန်တီးခြင်းကိုရပ်၍ ပြန်လည်ခွဲခြမ်းစိတ်ဖြာပြီး ဟိုဟိုသည်သည် အပြောင်းအလဲများ ပြုနေတော့သည်။ သူသည် အပြင်ပန်းတွင် မောပန်းနွမ်းနယ်နေသည့်ပုံ ပေါ်ပါသော်လည်း သူ၏မျက်လုံးများမှာမူ ပို၍ စူးရှစွာ တောက်ပလာနေတော့သည်။
သူ မီးတောက်ဖန်တီးခြင်းထဲတွင် တဖြည်းဖြည်း ပို၍ နစ်မျောလာစဥ် ပြင်ပလောကတွင် သူတွေးပူနေခဲ့သည့် ဖြစ်ရပ်များမှာ စတင်ဖြစ်ပျက်နေပြီဖြစ်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ရင်သပ်ရှုမောဖွယ်ကောင်းသော တစ်ကျော့ပြန်အောင်မြင်မှုအကြောင်း သတင်းများနှင့် နတ်အဆင့်ကျင့်ကြံသူ သုံးယောက်နှင့် တိုက်ခိုက်ခဲ့သည့် ပိုင်ရှောင်ချန်းအကြောင်း သတင်းများမှာ ပျံ့နှံ့နေပြီဖြစ်သည်။ အလယ်ဒေသရှိ ကျင့်ကြံသူအားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြရပြီး ထိုဇာတ်လမ်းများမှာ အောက်ပိုင်းဒေသနှင့် မြစ်ဝကျွမ်းပေါ်ဒေသများသို့ပင် ပျံ့နှံ့စ ပြုလာတော့သည်။
သူတို့မှာ ပိုင်ရှောင်ချန်း၏ ဖြစ်တည်မှုကို ကြောက်ရွံ့နေကြပြီး တချိန်ထဲမှာပင် သူတို့၏ မနာလိုစိတ်များနှင့် ဒေါသများကို မချုပ်တည်းနိုင်ကြတော့ပေ။ စွမ်းအားကြီးကျင့်ကြံသူ သုံးယောက်က ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ရောက်သွားသည်နှင့် လူစုခွဲ၍ သူတို့၏ ဂိုဏ်းအသီးသီးနှင့် ဆက်နွယ်နေသော စွမ်းအားကြီးခေါင်းဆောင်ကြီးများကို သွား၍ ရှာဖွေကြတော့သည်။
တာအိုမြစ်ဂိုဏ်းခွဲနှင့် ပတ်သတ်နေသည့် ခေါင်းဆောင်ကြီးမှာ ဇောင်ထျန်ကျောက်၏ ဆရာ ချိန်ဟဲ့ထျန်ပင် ဖြစ်သည်။ သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့ပါသော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းကိစ္စနှင့် ပိုင်ရှောင်ချန်းတို့၏ အကြောင်းကို ကြားလိုက်ရသည့် အစတွင် သူသည် ထိုဇာတ်လမ်းများကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။
သို့သော် အခြားအချက်အလက်များကိုပါ ထပ်၍ကြားသိလိုက်ရသောအခါ အဖြစ်မှန်ကို လုံးစေ့ပတ်စေ့နားလည်သွားပြီး သူ၏ဒေါသမီးများ တောက်လောင်လာတော့သည်။
သူသည် ပိုင်ရှောင်ချန်းကို မှတ်မိပါသော်လည်း မည်သည့်အခါကမှ သူ့အားသိပ်၍ အလေးမထားခဲ့ပေ။ အမှန်တွင် သူ၏တပည့်နှင့် သမီးတို့ကို သူကယ်တင်ပေးထားသည့် အချက်ပင်လျှင် သူ့အတွက် အရေးသိပ်မပါပေ။ ချိန်ဟဲ့ထျန်သည် အခြားလူများကို ချိုးနှိမ်ကာ အထက်စီးမှဆက်ဆံတတ်သည့် မာနကြီးသော လူစားမျိုးဖြစ်သည်။
လူတိုင်း မြေရိုင်းဒေသထဲသို့ တည်နေရာပြောင်းရွှေ့ခံခဲ့ရသည့် အချိန်တွင် ချိန်ဟဲ့ထျန်သည် သူ၏တပည့်နှင့် သမီးကိုရှာဖွေရန် ရှိရှိသမျှ နည်းလမ်းအားလုံးကို မရမက ကြိုးစားခဲ့သည်။ အဆုံးတွင် သူအောင်မြင်သွားခဲ့သည်။ ပိုင်ရှောင်ချန်းကိုမူ သူက လုံးဝ လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတွင်မူ သူ၏မှတ်ဉာဏ်ထဲရှိ နက်ရှိုင်းသောနေရာတစ်ခုတွင် မြှုပ်နှံထားခဲ့ပြီဖြစ်သော နာမည်တစ်ခုကို သူက ပြန်လည်တူးဖော်ရတော့မည်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ယခုကဲ့သို့ ကြောက်မက်ဖွယ်တိုက်ပွဲစွမ်းအားများကို ပိုင်ဆိုင်ထားသည့်အချက်ကြောင့် သူ မျက်မှောင်ကြုတ်နေရသည်။
ထိုအချင်းအရာများကို သူတွေးတောနေစဥ် ခြေကျိုးလက်ကျိုးဖြစ်နေသည့် တာအိုမြစ်ခေါင်းဆောင်ကြီး ရောက်ရှိလာသည်။ သူသည် မတရားခံခဲ့ရသည့် ပုံစံဖြင့် လက်ယှက်ကာ ချိန်ဟဲ့ထျန်အား တရိုတသေဦးညွှတ်လိုက်သည်။
" ဆရာကြီးခင်ဗျား ကျွန်တော့်ကို ကယ်ပါဦး "
သူသည် အလယ်ပိုင်းဒေသဂိုဏ်းကို ကာကွယ်ရန် ချိန်ဟဲ့ထျန် တာဝန်ပေးခဲ့သည့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် ယခုတွင် သူသည် ယင်ယန်ဝိညာဥ်အသွင်နှင့်သာ တည်ရှိတော့သည်ဖြစ်သဖြင့် ချိန်ဟဲ့ထျန်၏ မျက်နှာမှာ အလွန်တင်းမာသွားတော့သည်။ သူသည် လေပြင်းတစ်ခုအလား တဟူးဟူး တိုက်ခတ်နေသည့် ဒေါသသံကြီးဖြင့် မေးလိုက်သည်။
" ဘာတွေများ ဖြစ်ခဲ့တာလဲ အတိအကျပြောစမ်း "
သူ၏နှုတ်မှ ထိုမေးခွန်းထွက်သွားသောအခါ တုန်လှုပ်ဖွယ် ဖိအားကြီးတစ်ခု အရပ်မျက်နှာအားလုံးတွင် သက်ရောက်သွားတော့သည်။
တာအိုမြစ်ခေါင်းဆောင်ကြီး၏ ယင်ယန်ဝိညာဥ်မှာ တုန်ရီသွားပြီး တိုက်ပွဲ၏ အသေးစိတ်အချက်များကို တစ်ခုတစ်လေပင် ထိမ်ချန်မနေပဲ အလျင်အမြန် ပြန်ပြောပြလိုက်သည်။
ပိုင်ရှောင်ချန်းမှာ နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်ကို တချိန်ထဲတွင် မဟုတ်ပဲ တစ်ယောက်ပြီးမှ တစ်ယောက် အနိုင်ယူခဲ့သည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူသည် အေးစက်စက်နှာမှုတ်လိုက်တော့သည်။
သူ၏အတွေးမှာ တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် အခြား အလယ်ပိုင်းဒေသ ခေါင်းဆောင်ကြီးများမှာ နတ်အဆင့်ကျင့်ကြံသူများထဲတွင် အားအနည်းဆုံးဖြစ်သော မော်တယ်တာအို နတ်အဆင့်ကျင့်ကြံသူများဖြစ်နေခြင်းကြောင့်ဟု ယူဆလိုက်သည်။
ချိန်ဟဲ့ထျန်သည် ယင်ယန်ဝိညာဥ်အဆင့်ကို နတ်အဆင့်သားရဲဝိညာဥ်များကိုသုံး၍ ရောက်ရှိခဲ့သည်ဖြစ်သဖြင့် ထိုမှတစ်ဆင့် မြေတာအို နတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုနတ်အဆင့် ကျင့်ကြံသူသုံးယောက်ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူရန်မှာ သူ့အတွက်ရိုးရှင်းလှသော ကိစ္စတစ်ခုဖြစ်သည်။
တာအိုမြစ်ခေါင်းဆောင်ကြီးမှာ တုန်တုန်ရီရီနှင့် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ထပ်ပြောလိုက်သည်။
" အဲဒီပိုင်ရှောင်ချန်းက လုံးဝကို ရက်စက်ကြမ်းကြုတ်တာ။ သူက ကျွန်တော်ရှိမနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး တာအိုမြစ်ဂိုဏ်းခွဲက စည်းစိမ်ဥစ္စာတွေအားလုံးကို လုယူသွားသေးတာ။ အဲဒီထဲမှာ ဆရာ့အတွက် ကျွန်တော်စုစည်းထားတဲ့ လက်ဆောင်ပဏ္ဍာတွေပါ ပါသွားခဲ့တယ် "
ထိုစကားကို ကြားလိုက်ရသောအခါ ချိန်ဟဲ့ထျန်၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပသွားတော့သည်။
" ဒီခွေးကောင်က အတင့်ရဲလှပါလားကွ " သူကအေးစက်စက်လေသံဖြင့် ကြိမ်းဝါးလိုက်သည်။
" ဒီကောင် သေချင်နေတာလား "
ထိုသို့ဆိုကာ သူသည် သူ၏နတ်ဘုရားအာရုံကို စေလွှတ်လိုက်ပြီး ရှင်းမြို့နယ်နှင့် ကျစ်မြို့နယ်မှ နတ်အဆင့် ခေါင်းဆောင်ကြီးများကို ဆက်သွယ်လိုက်သည်။
သူ၏အတွေးထဲတွင် ယခုဖြစ်ရပ်အားလုံးကြောင့် အခြေအနေအဆိုးရွားဆုံး ဖြစ်သွားခဲ့သူမှာ သူ မဟုတ်ပဲ လက်အောက်ငယ်သား အသတ်ခံလိုက်ရသည့် ကျစ်မြို့နယ်မှ ခေါင်းဆောင်ကြီးပင် ဖြစ်သည်။