သံမဏိသွေးကြောခန်းမ လှုပ်ရှားလာခြင်း
Vol. 9 Ch. 883
ကျစ်မြို့နယ်မှ ခေါင်းဆောင်ကြီးကား ပိုင်လင်း၏ အဘိုးကလွဲ၍ တခြားသူမဟုတ်ပေ။
သူ့နာမည်က ပိုင်ကျိမ်းထျန်ဖြစ်ပြီး မိုးကောင်းကင်နှင့်ကမ္ဘာမြစ်ကြီးကို လှုပ်ခတ်နိုင်သော ကျင့်ကြံခြင်းအခြေခံရှိကာ လွန်စွာစိတ်ဆတ်သူဖြစ်သည်။ လက်ရှိအချိန်တွင် သူက မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ရှေ့မှာ ဝပ်တွားနေသည့် တစ်ကိုယ်လုံး တုန်ရီနေသော ကျစ်မြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲကို စူးစိုက်ကြည့်နေသည်။
" မင်းပြောပုံအရဆို ကောဟလာဟာလတွေက အမှန်ပေါ့လေ။ ပြီးတော့ မင်းတို့ရဲ့ ကျစ်မြစ်ဂိုဏ်းခွဲ ခေါင်းဆောင်ကြီးက အသုံးမကျဆုံးဖြစ်ပြီး အသတ်ခံရလိုက်တယ်ပေါ့ "
အကြီးအကဲမှာ ကြောက်ကြောက်လန့်လန့်တုန်ရီလျက် ပြန်ပြောသည်။
" ဒါတွေအားလုံးက ရှင်းမြစ်ခေါင်းဆောင်ကြီးကြောင့်ပါ။ သူ... "
သူ ဆက်လက်မရှင်းပြနိုင်ခင်မှာပင် ပိုင်ကျိမ်းထျန်က သူ့ကို ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။
" သွားစမ်း "
အပြင်ဘက်ရှိ သက်တန့်မှာ လှုပ်ခါသွားပြီး အကြီးအကဲ၏ပါးစပ်မှ သေွးများ စီးကျသွားကာ ပိုင်ကျိမ်းထျန်၏ နေအိမ်ထဲမှ လွင့်ထွက်သွားတော့သည်။
ထိုအချိန်တစ်ဝိုက်တွင် ချိန်ဟဲ့ထျန်၏ နတ်ဘုရားအာရုံက သူ၏ယုတ်မာသော အသံကို ထုတ်လွှတ်လျက် ပိုင်ကျိမ်းထျန်၏နားထဲ ဝင်ရောက်လာ၏။
" အစ်ကိုကြီးပိုင် ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ချင်လဲ"
" ငါ ဘယ်လို ကိုင်တွယ်ရမှာလဲ "
ပိုင်ကျိမ်းထျန်က အေးတိအေးစက် ပြန်ဖြေသည်။
" အဲဒီခွေးမသား အသက်ပြန်လျော်ခိုင်းရမှာပေါ့ "
ယခုအခိုက်အတန့်တွင် ပိုင်ကျိမ်းထျန်သည် ဤအခြေအနေနှင့်ပတ်သက်၍ သူ့မြေး ပိုင်လင်းအား ဂရုစိုက်မနေပေ။ မျိုးနွယ်စုတစ်စုလုံး အရေးကိစ္စနှင့်ပတ်သက်လာလျှင် ပိုင်ကျိမ်းထျန်သည် ပိုင်လင်းသဘောကျစေကာမူ အရေးမကြီးတော့ပေ။ ပိုင်လင်း၏ ခံစားချက်များကြောင့်နှင့် အန္တရာယ်တစ်ခုအား အလွယ်တကူ လျစ်လျူမရှုနိုင်ပေ။
အမှန်တွင် ပိုင်ကျိမ်းထျန်သည် အဏ္ဏဝါခေါ်သံဂိုဏ်းအားတိုက်ခိုက်ရန် ကျစ်မြစ်ဂိုဏ်းခွဲကို စစ်မိန့်ခွင့်ပြုချက်ပေးခဲ့သည့်အချိန်တွင် ပိုင်လင်းက လာရောက်ကန့်ကွက်ခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ နှစ်ယောက်သား အကြီးအကျယ်အငြင်းပွားခဲ့ရသည်။
ချိန်ဟဲ့ထျန်သည်လည်း ထိုနည်းတူပင်။ ဇောင်ထျန်ကျောက်နှင့် သူ၏ တာအိုလက်တွဲဖော် ချိန်ယွဲ့ရှန်တို့က သူစိတ်ပြောင်းစေရန် လာရောက်အသနားခံခဲ့ပါသော်လည်း အဆုံးသတ်တွင် သူက လျစ်လျူရှုခဲ့သည်။
ယခုတွင် အရေးကြီးသောကိစ္စတစ်ရပ် ဖြစ်ပွားလာခဲ့ပြီဖြစ်ရာ ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်တို့မှာ ထိုကိစ္စအား မည်သည့်နည်းနှင့်မျှ လွှတ်ထားနိုင်မည်မဟုတ်ပေ။
" ကျုပ်လဲပါမယ် "
ရှေးဆန်သောအသံတစ်သံက ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်ဆီသို့ နတ်ဘုရားအာရုံမှတစ်ဆင့် ပေးပို့လာသည်။
ယင်းကား ရှင်းမြို့နယ်၏ ခေါင်းဆောင်ကြီးမှလွဲ၍ တခြားမဟုတ်ပေ။ သူက လီယွမ်ရှန်၏ အဘိုးဖြစ်ပြီး ကောင်းကင်ဘုံအဖွဲ့အစည်း၏ အဓိကနောက်ခံဖြစ်သည်။ သူ့နာမည်က လီရှမ်းတောက်။
ပိုင်ရှောင်ချန်း၏ ဂိုဏ်းသုံးဂိုဏ်းကို တိုက်ခိုက်ခဲ့သည်များက သူ့ကို စိတ်ဝင်စားလာစေခဲ့ပြီး ရှင်းမြစ်ဂိုဏ်းခွဲက အားလုံးအထဲ ဆုံးရှုံးမှုအနည်းဆုံးဖြစ်သည့်တိုင် ၄င်းမှာ သူ အလွယ်တကူ ကျော်သွားနိုင်သော အရာ မဟုတ်ပေ။
သူက ဂိုဏ်းသုံးဂိုဏ်းကို တိုက်ခိုက်ရန် စစ်ခွင့်ပြုမိန့်ပေးခဲ့သည် မဟုတ်ပါလော။ ထိုမျှသာမက ကုံမြစ်ဂိုဏ်းခွဲမှ နတ်ကလေးငယ်အား ဖိနှိပ်ရန် မဟာမိတ်ဖွဲ့ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ လီရှမ်းတောက်အနေဖြင့် မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက အရာအားလုံးဖျက်စီးသည်ကို ခွင့်ပြုနိုင်မည်နည်း။
" သိပ်ကောင်းတယ် "
ချိန်ဟဲ့ထျန်က အေးစက်သောအလင်းများတောက်ပနေသည့် မျက်ဝန်းများဖြင့် ပြောသည်။
" ခင်ဗျား သဘောတူမှတော့ အချိန်ဆွဲစရာမလိုတော့ပါဘူး။ ဘာပဲပြောပြော ကျုပ်တို့ တာအိုရောင်းရင်း လီယွမ်ထျန်ကို အခုချိန်ထိ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့တာလေ။ အခုမှတော့ သူ့ကို အခြားအတွေး မဝင်စေချင်တော့ဘူး "
ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နတ်အဆင့်ကျင့်ကြံသူငါးဦးအနက် မျိုးရိုးတူသော လူနှစ်ဦးရှိသည်။ သို့သော် သူတို့က မျိုးနွယ်စုတစ်စုတည်းမှ မဟုတ်ပေ။
ပိုင်ကျိမ်းထျန်၏ စကားများကြောင့် လီရှမ်းတောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့သုံးယောက်က အနည်းငယ်ထပ် ဆွေးနွေးလိုက်ကြပြီး မကြာမီ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ သက်တန့်များထံမှ စွမ်းအားကြီးသော နတ်အဆင့်အခိုးအငွေ့များ ထွက်ပေါ်လာတော့သည်။
လီရှမ်းတောက်၊ ပိုင်ကျိမ်းထျန်နှင့် ချိန်ဟဲ့ထျန်တို့အားလုံး အလင်းတန်းများအသွင်ဖြင့် အဝေးသို့ ဦးတည်သွားကြ၏။ သူတို့နောက်တွင် တာအိုမြစ်နှင့်ကျစ်မြစ်ဂိုဏ်းခွဲမှ ခေါင်းဆောင်ကြီးများ ရှိ၏။ စုစုပေါင်း နတ်အဆင့်ကျင့်ကြံသူငါးယောက်ရှိပြီး သုံးယောက်က အရှေ့၊ နှစ်ယောက်က အနောက်မှနေ၍ လေဟုန်ခွင်း၍ တစိုက်မတ်မတ် သွားနေကြလေသည်။
သူတို့၏ဦးတည်ရာကား အဏ္ဏဝါခေါ်သံဂိုဏ်းဖြစ်ပြီး သူတို့၏ ရည်ရွယ်ချက်ကား ပိုင်ရှောင်ချန်းကို အပြစ်ပေးရန် ဖြစ်ပေသည်။
နတ်အဆင့်ကျင့်ကြံသူ ငါးယောက် ဗြုန်းခနဲထွက်လာသည်က ရှင်းကုံကျစ်တာအိုဂိုဏ်းကို ဆူညံပွက်လောက်ရိုက်သွားစေ၏။ မရေမတွက်နိုင်သော ဂိုဏ်းသားများ တုန်လှုပ်သွားကြပြီး အထိတ်တလန့်အော်ဟစ်များ ဆူပွက်သွားတော့သည်။
" ဘာတွေ ဖြစ်နေတာလဲ "
" အဲဒါ ခေါင်းဆောင်ကြီးချိန်၊ ခေါင်းဆောင်ကြီးပိုင်နဲ့ ခေါင်းဆောင်ကြီးလီပါလား။ ပြီးတော့ နောက်က နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်က အလယ်ပိုင်းဒေသကဆိုတာ သေချာတယ် ”
ဂိုဏ်းသားများက ထိုအကြောင်း ဆွေးနွေးနေကြစဥ် ဇောင်ထျန်ကျောက်က သူ့ဆရာထွက်သွားသည့်ဘက်သို့ စိုးရိမ်တကြီးကြည့်လျက် လေထဲပျံတက်လာ၏။ သူသည်လည်း ပိုင်ရှောင်ချန်းပြန်ရောက်လာပြီး အဏ္ဏဝါခေါ်သံဂိုဏ်းက ဂုဏ်အရှိန်အဝါကြီးမားစွာ တစ်ကျော့ပြန်ခေါင်းထောင်လာသည့်အကြောင်း ကြားထားသည်။
သူသည် အရာအားလုံးနှင့်ပတ်သက်၍ အပြစ်ရှိသလိုခံစားနေခဲ့ရသည့်အတွက် သူ့ဆရာနှင့် အခြား နတ်အဆင့်ကျင့်ကြံသူများ အဏ္ဏဝါခေါ်သံဂိုဏ်းထံ ဦးတည်ဿြသည်ကို မြင်ရသည့်အခါ သူ့နှလုံးသားထဲတွင် စိုးရိမ်သောကများြပည့်နှက်လျက် တဒိန်းဒိန်းခုန်လာပြီး မျက်လုံးများ နီရဲသွားတော့သည်။
" ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ။ ပိုင်ရှောင်ချန်းက ငါ့ညီ။ သူ မဟုတ်တာ လုပ်တာမှ မဟုတ်ပဲ။ ကိုယ့်ကိုကိုယ်ကာကွယ်တာက စည်းမျဥ်းတွေကို ဆန့်ကျင်တာ မဟုတ်ဘူး။ ဂိုဏ်းကို ကယ်တင်တာ လုံးဝမမှားဘူး "
ဇောင်ထျန်ကျောက်က ဒေါသတကြီးအော်ဟစ်၍ အဏ္ဏဝါခေါ်သံဂိုဏ်းထံ တဟုန်ထိုးဦးတည်လိုက်သည်။ သူသည် သူ့ဆရာကို တား၍ရမည်မဟုတ်ကြောင်း သိသော်လည်း ပိုင်ရှောင်ချန်းဘက်တွင် ရပ်တည်ရန် စိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။
သူ၏တာအိုလက်တွဲဖော် ချိန်ယွဲ့ရှန်သည်လည်း သူ့နည်းတူ စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် သူ့ဘေးမှ ပျံသန်းလိုက်ပါလာသည်။
ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ ထွက်ခွာသွားစဥ် ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ လူတစ်ယောက်သည် ထိုအခြေအနေအပေါ် လုံးလုံးလျားလျား ဒေါသူပုန်ထေနသည်။ ယင်းကား ပိုင်လင်းကလွဲ၍ တခြားသူမဟုတ်ပေ။
ပိုင်လင်းသည် သူ့အဘိုးက အဏ္ဏဝါခေါ်သံဂိုဏ်းအား အမြစ်ဖြုတ်သုတ်သင်ရေးအတွက် ဦးတည်နေသည်ကို အာရုံရလိုက်သောအခါ အကြီးအကျယ်ဒေါသထွက်သွားခဲ့သည်။
" ပိုင်ရှောင်ချန်းက ကျုပ် စစ်ဦးစီးမှူးတွေထဲက တစ်ယောက်ပဲ အဘိုး။ သူပျောက်နေတုံးက အဏ္ဏဝါခေါ်သံဂိုဏ်းကို သုတ်သင်ဖယ်ရှားဖို့ ခင်ဗျား ကြိုးစားတာကို ကျုပ် မရပ်တန့်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သူပြန်လာတာတောင်မှ ခင်ဗျားက ဒါကို လုပ်တော့မယ်ပေါ့။ ကောင်းပြီလေ ခင်ဗျားက ကျုပ်ကို ဖိအားပေးနေတာပဲ "
ပိုင်လင်းမှာ နဂိုကတည်းက စိတ်ဆတ်သူဖြစ်လေရာ သူ့ဒေါသကို ဆွပေးလာသည်တွင် လေပေါ်ပျံတက်၍ သံမဏိသွေးကြောခန်းမထံ တဟုန်ထိုး ဦးတည်လိုက်တော့သည်။
ပိုင်ရှောင်ချန်းက ပိုင်လင်း၏ ငယ်သားတစ်ယောက်သာ မဟုတ်ဘဲ သံမဏိသွေးကြောခန်းမအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သည်။ စစ်တပ်ငါးဖွဲ့၏ စစ်ဦးစီးမှူးများအားလုံးသည် သံမဏိသွေးကြောခန်းမ၏ အစိတ်အပိုင်းများပင်ဖြစ်ပေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် မြစ်လက်တက်လေးသွယ်နှင့် ဆက်စပ်နေသော နတ်အဆင့်ကျင့်ကြံသူလေးဦးရှိသည်။ သို့သော် သူတို့သာ နတ်အဆင့်ကျင့်ကြံသူများ မဟုတ်ဘဲ နောက်တစ်ယောက်ရှိသေး၏။ သူကား ဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးထံမှသာ အမိန့်များ နာခံတတ်သည့် လူတစ်ယောက်ဖြစ်သော သံမဏိသွေးကြောခန်းမခေါင်းဆောင်ကြီးပင်။
ပိုင်လင်းက မည်သို့တင်ပြလိုက်သည်ကို ပြောရန်မဖြစ်နိုင်ပါသော်လည်း အချိန်အနည်းငယ်ကြာသော် ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများထက် များစွာသာလွန်သော အခိုးအငွေ့များ တလိပ်လိပ်ထွက်လာ၏။ ၎င်းတို့၏ဇာစ်မြစ်ကား သံမဏိသွေးကြောခန်းမပင် ဖြစ်ပေသည်။
တချိန်တည်းမှာပင် လက်ရှိအဆင့်ရောက်ရန် အလောင်းတောင်များကိုကျော်ဖြတ်၍ သွေးပင်လယ်များကို လက်ပစ်ကူးခဲ့သည့်အသွင် ဖြစ်စေသော သွေးရောင်သံချပ်ကာကို ဝတ်ဆင်ထားသည့် သက်လက်ပိုင်းအရွယ်လူတစ်ယောက်ပေါ်လာ၏။
" စစ်တပ်ငါးဖွဲ့ကို ဆင့်ခေါ်လိုက် "
သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။
သူ့စကားလုံးများက ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခွင် ပဲ့တင်ထပ်သွားသည်တွင် သူရှိရာဘက်သို့ တဟုန်ထိုးလာနေသော မရေမတွက်နိုင်သည့် ပုံရိပ်များ ရုတ်ချည်း ပေါ်လာတော့သည်။ ရာ၊ ထောင် ၊ သောင်း.... မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်သိန်းနီးပါး ပေါ်လာကြ၏။ သူတို့သည်ကား စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများမှအပ တခြားမဟုတ်ပေ။
သူတို့ထဲရှိ အများစုက ပိုင်ရှောင်ချန်းကို သိထားကြပြီး သူနှင့်အတူ ပခုံးချင်းယှဥ်၍ တိုက်ခိုက်ခဲ့ဖူးကြသူများဖြစ်သည်။ အမှန်တွင် အများစုမှာ သူ စစ်ဦးစီးမှူးအဖြစ် ထမ်းဆောင်ခဲ့စဥ်က စစ်သားတစ်သောင်း၏ တစိတ်တစ်ပိုင်းများ ဖြစ်ခဲ့ကြသည်။
တချိန်တည်းမှာပင် ပိုင်လင်းသည်လည်း ချပ်ဝတ်တန်ဆာများဝတ်ဆင်ကာ ရောင်ရင်းစစ်သေနာပတိချုပ်များခြံရံလျက် ပေါ်လာသည်။ သူတို့အားလုံးကား အလွန်တင်းမာခက်ထန်နေဟန်တူသည်။
သံမဏိသွေးကြောခေါင်းဆောင်ကြီးက ဘေးဘီဝဲယာအား ကြည့်လိုက်ပြီးနောက် မိုးခြိမ်းသံကြီးအလား ကျင့်ကြံသူသောင်းပေါင်းများစွာ၏ နားများဆီသို့ ပဲ့တင်ထပ်သွားစေနိုင်သည့် အသံဩဩကြီးဖြင့် ပြောလိုက်လေသည်။
" အဏ္ဏဝါခေါ်သံဂိုဏ်းကို တိုက်ခိုက်တာက ငါတို့ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ သံမဏိသွေးကြောခန်းမရဲ့ စစ်ဦးစီးမှူးကို တိုက်ခိုက်လာလို့ကတော့ ငါတို့ ရပ်ကြည့်နေရမှာလား "
" လုံးဝ ရပ်ကြည့်မနေနိုင်ပါဘူး " ဟူသော ပြန်လည်တုံ့ပြန်လာသည့် အသံပေါင်းများစွာ၏ ဟိန်းသံကြီးက ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ဂိုဏ်းလုံးအား လှုပ်ခတ်သွားစေသည်။ ထို့နောက် ခေါင်းဆောင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်သည်။
"သိပ်ကောင်းတယ်။ သွားကြမယ်။ ဘယ်ကောင်ကများ ငါတို့ရဲ့စစ်ဦးစီးမှူးတစ်ယောက်ကို မလောက်လေးမလောက်စားလုပ်ရဲလဲ ကြည့်ကြတာပေါ့ "
သံမဏိသွေးကြောခေါင်းဆောင်ကြီးက သံမဏိသွေးကြောခန်းမမှ စစ်တပ်ကြီးကို ဦးဆောင်ချီတက်လာသည့်အတွက် ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းေသာ ကြွေးကြော်သံများ ပြည့်နှက်သွားတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းသားများမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြပြီး အံသြတုန်လှုပ်သော အမူအရာများဖြင့် မော့ကြည့်လိုက်ကြသည်။
" ကိစ္စကြီးတစ်ခုခု ဖြစ်တော့မယ် "
" အဏ္ဏဝါခေါ်သံဂိုဏ်းလား။ ပိုင်ရှောင်ချန်းလား။ နေပါဦး၊ ငါ မှတ်မိပြီ။ ပိုင်ရှောင်ချန်းက မဟာတံတိုင်းမှာ စစ်ဦးစီးမှူးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ "
လူတိုင်း အုတ်အော်သောင်းနင်းဖြစ်နေကြစဥ် နတ်ကလေးငယ်သည် တွေဝေတွန့်ဆုတ်နေလျက် သီးသန့်ခန်းတစ်ခန်းတွင် ထိုင်နေ၏။
အမှန်ဆိုရလျှင် သူက ဤအခြင်းအရာများအားလုံး၏ အဓိကအကြောင်းရင်းခံဖြစ်ပြီး ယခုအချိန်တွင် လှုပ်ရှားလိုက်ခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများကို ချင့်ချိန်နေ၏။ အဆုံးသတ်တွင် သူက ခေါင်းခါလိုက်သည်။
"ထားလိုက်တော့။ ငါဝင်စွက်ဖက်လို့ နိုင်ရင် တော်သေး။ ရှုံးလို့ကတော့...."
ထို့နောက် သူက မျက်လုံးများ ပြန်ပိတ်လိုက်ပြီး အပြင်ဘက်ရှိ ဆူညံသံများအား လျစ်လျူရှုကာ တရားပြန်ထိုင်လိုက်သည်။
အမှန်တကယ်တော့ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းအား သူ့နှလုံးသားထဲမှ ပစ်ပယ်ထားပြီးဖြစ်သည်။ သူ့အတွက် ပိုင်ရှောင်ချန်း ပြန်ရောက်လာသည်က မည်သို့မျှ အဓိပ္ပါယ်မရှိပေ။ သူပြောနိုင်သည်မှာ သံမဏိသွေးကြောခန်းမသည် ပိုင်ရှောင်ချန်းအား ကာကွယ်ကောင်း ကာကွယ်နိုင်လိမ့်မည်ဖြစ်သော်လည်း သူ့ဂိုဏ်းကိုတော့ ကာကွယ်နိုင်မည် မဟုတ်ပေ။
ပိုင်ရှောင်ချန်း ထိုအခြေအနေမှ အသက်ရှင်လျက် ထွက်လာနိုင်လျှင်ပင် အဏ္ဏဝါခေါ်သံဂိုဏ်းက လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ နတ်အဆင့်ကျင့်ကြံသူငါးယောက်အနက် လေးယောက်က လှုပ်ရှားလိုက်သည့်အတွက် မိုးကောင်းကင်တွင် လှိုင်းဂယက်များ ပြည့်နှက်သွားသည်။
နတ်အဆင့်ကျင့်ကြံသူများက မယုံနိုင်စရာကောင်းသော အမြန်နှုန်းဖြင့် လှုပ်ရှားနိုင်သည်။ အထူးသဖြင့် ချိန်ဟဲ့ထျန်နှင့် သူ၏ အပေါင်းအဖော်များပင်။ မကြာခင် အချိန်အတောအတွင်း သူတို့က အဏ္ဏဝါခေါ်သံဂိုဏ်းဌာနချုပ်အား မြင်လိုက်ကြရလေပြီ။
ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့အကြား သတင်းစကားများ ပို့လွှတ်လိုက်ကြသည်။
" သံမဏိသွေးကြောခန်းမ လှုပ်ရှားတာ အံသြစရာမရှိပါဘူး။ ဒါပေမဲ့ သူတို့ မတတ်နိုင်ပါဘူး။ ပိုင်ရှောင်ချန်းကို ကယ်နိုင်ရင်တောင်မှ တခြားဂိုဏ်းကိစ္စတွေကြားထဲ ဝင်ပါလို့မှမရတာ "
" သံမဏိသွေးကြောခေါင်းဆောင်ကြီးက ရေလိုက်ငါးလိုက်လုပ်နေတာပါကွာ။ သူသာ တစ်ယောက်တည်းလာရင် ငါတို့ကို မှီနေလောက်ပြီ။ သူနဲ့အတူ စစ်တပ်ငါးဖွဲ့ကို ခေါ်လာတဲ့အချက်က သူရောက်မလာခင် ငါတို့ လုပ်နိုင်ဖို့ အချိန်ပေးနေတာပဲ "
" သူက ဟန်လုပ်နေတာဆိုတော့လဲ ငါတို့ သူ့ကို နည်းနည်းတော့ မျက်နှာသာပေးသင့်ပါတယ်။ ကောင်းပြီလေ။ ပိုင်ရှောင်ချန်းရဲ့ ကျင့်ကြံခြင်းအခြေခံကိုပဲ ဖျက်စီးပြီး အရှင်ထားကြတာပေါ့။ ဒါဆို အဆင်ပြေလောက်ပါတယ်"