အခန်း (၂၀၁-၂၀၂)
Vol. 15 Ch. 201-202
အခန်း ၂၀၁
- အပိုင်း ၃၈ - အတုအယောင် တော်လှန်ရေးသမား (၃)
တံခါးပွင့်သွားပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။ သူ၏ ဆံပင်များမှာ ဖြူဖွေးနေပြီး ပေရေနေသော ဝတ်စုံခါးစည်းကို ဝတ်ဆင်ထား၏။ ပါးပြင်ပေါ်မှ မှေးမှိန်နေသော အမာရွတ်တစ်ခုက ထိုသူ၏ မျက်နှာတွင် တွေ့နိုင်သည့် ‘ခွန်အား’ ၏ တစ်ခုတည်းသော အမှတ်အသားအဖြစ် ဖော်ပြနေလေသည်။
သူသည် ‘အစောင့်အရှောက်’ တစ်ဦး ဖြစ်လာမည့်သူနှင့် မတူပေ။ အိုင်လင်းသည် ထိုသူကို မယုံကြည်နိုင်သလို ကြည့်ရင်း နေရာတွင် ပြန်ထိုင်လိုက်သည်။
"ရှင်က အစောင့်အရှောက် ဟုတ်လား"
"ဟုတ်တယ်"
"…တကယ်ပဲလား"
"နင် ဒီလိုမျိုး တုံ့ပြန်မှာကို ငါ စိုးရိမ်နေခဲ့တာ"
လူလတ်ပိုင်း အမျိုးသား၏ စကားကို ကြားပြီးနောက် အိုင်လင်းက ကျနော့်ကို လှမ်းကြည့်သည်။ ကျနော်က အိုင်လင်းကို ပြုံးပြလိုက်သည်။
" သူတို့က ငါတို့ ပတ်ဝန်းကျင်မှာပဲ ရှိနေမှာပါလို့ ငါ ပြောသားပဲ"
"ဒါပေမဲ့ ဒီလောက်အထိ အနီးအနားမှာ ရှိနေလိမ့်မယ်လို့တော့ မထင်ထားဘူးလေ"
အစောင့်အရှောက်မှာ ကျနော့်အတွက် အမြည်းများ လုပ်ပေးခဲ့သည့် အရက်ဆိုင်ပိုင်ရှင်ပင် ဖြစ်သည်။ ကျနော်ကတော့ သူသည် အစောင့်အရှောက် ဖြစ်လိမ့်မည်ဟု အစကတည်းက ခန့်မှန်းထားခဲ့သည်။ သူသည် Ways of Survival ထဲတွင် ပေါ်လာသော အစောင့်အရှောက်နှင့် အလွန်တူသောကြောင့် ဖြစ်၏။
သူ ကျနော့်ကို ကယ်တင်လိမ့်မည်ဆိုသည်ကိုလည်း ကျနော် သိထားသည်။ အကယ်၍သာ ကျနော် ဤအချက်ကို မသိခဲ့လျှင် မိမိကိုယ်ကိုယ် တော်လှန်ရေးသမားဟု ကြေညာခဲ့မည် မဟုတ်ပေ။
အိုင်လင်းက မေးလိုက်သည်။
"ဘာလို့ အခုထိ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တာလဲ။ ရှင်က တကယ်ပဲ အစောင့်အရှောက်ဆိုရင် လူတွေကို ကယ်တင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲလေ"
"ငါ့ရဲ့ ရမှတ်တွေကို ချွေတာထားရလို့ပါ။ အစောင့်အရှောက် တစ်ယောက်ဟာ လူတွေကို စုစုပေါင်း ငါးကြိမ်ပဲ ကယ်တင်နိုင်တယ်ဆိုတာ နင် သိပါတယ်"
"ကျမ သိပါတယ်။ ဒါပေမဲ့ ရှင်က အဲဒီငါးကြိမ်လုံးကို အသုံးမပြုခဲ့ဘူးဆိုရင်တောင် လူတွေကိုကယ်တင်နိုင်ခဲ့မှာပဲလေ"
"တကယ်လို့ ငါသာ တခြားတစ်ယောက်ယောက်ကို ကယ်တင်ခဲ့ရင်..."
အရက်ဆိုင်ပိုင်ရှင်သည် ကျနော့်ကို တစ်ချက်ကြည့်ပြီးမှ စကားကို ဆက်ပြောသည်။
"…တော်လှန်ရေးသမား သေသွားလိမ့်မယ်"
"ရှင်က တော်လှန်ရေးသမား ပေါ်လာမယ်ဆိုတာကို သေချာပေါက် သိနေတဲ့ပုံပဲ"
"ငါ အမြဲတမ်း စောင့်နေခဲ့တာပါ။ လူတိုင်းက နင့်လိုမျိုး လက်လျှော့လိုက်ကြတာ မဟုတ်ဘူး"
"…ရှင်က ကျမကို လက်လျှော့တယ်လို့ပြောရဲတယ်ပေါ့လေ"
အခြေအနေက တင်းမာလာပုံရသဖြင့် ဂျန်ဟာယောင်းက အမြန်ပင် ကြားဝင်တားဆီးလိုက်သည်။
"ကဲပါ…. အိုင်လင်းရယ်၊ အရက်ဆိုင်ပိုင်ရှင်ကြီးလည်း တော်ပါတော့။ ရန်ဖြစ်မနေကြဘဲ ရှေ့ဆက်မယ့် ကိစ္စတွေကိုပဲ စဉ်းစားကြရအောင်။ အစောင့်အရှောက် ပေါ်လာတာက ကျုပ်တို့အတွက် ကောင်းတဲ့အချက် မဟုတ်ဘူးလား"
အခြေအနေကို ကျွမ်းကျင်စွာ ထိန်းသိမ်းသွားသည့် သူ၏ အပြောအဆိုကို ကျနော် ချီးကျူးမိသည်။ ဂျန်ဟာယောင်းသည် Ways of Survival ထဲတွင် အထူးခြားဆုံး လူသားများထဲမှ တစ်ဦး ဖြစ်၏။ သူသည် ဤနေရာတွင်သာ အခြေချနေထိုင်လိုသော နှုတ်ကြမ်းသည့်သူ ဖြစ်သော်လည်း မူလကမူ လူတို့၏ စိတ်နှလုံးကို မည်သူထက်မဆို ပိုမိုနားလည်သည့် ထူးချွန်သော ဖျန်ဖြေသူတစ်ဦး ဖြစ်လေသည်။
ဂျန်ဟာယောင်းက ချောင်းတစ်ချက်ဟန့်ကာ အရက်ဆိုင်ပိုင်ရှင်၏ ပခုံးကို ပုတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ အံ့သြသွားမိတာအမှန်ပဲ။ ခင်ဗျားက ချက်ပြုတ်တာပဲ တော်တာမှတ်နေတာ။ တကယ်တော့ ခင်ဗျားအနေနဲ့ ကျုပ်တို့ကို အရိပ်အမြွက်လေးတစ်ခုလောက် ပေးလို့ ရခဲ့တာပဲလေ။ ဟုတ်တယ်မလား"
"တော်တဲ့ စားဖိုမှူးတိုင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတတ်တာပဲ။ တော်လှန်ရေးသမားအကြောင်းဆိုမှပဲ ငါ ချက်ပေးတဲ့ ဟင်းကို ဘယ်လိုသဘောရလဲ"
"ကံမကောင်းစွာနဲ့ပဲ ကျနော် မြည်းခွင့်မရလိုက်ဘူး။ တခြားတစ်ယောက်က အကုန်စားသွားလို့လေ"
ဂျန်ဟာယောင်းက ကျနော့်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်ရာ အရက်ဆိုင်ပိုင်ရှင်က ခပ်တိုးတိုး ရယ်မောသည်။ ခပ်မြူးမြူဖြစ်နေသော အငွေ့အသက်ထဲသို့ အိုင်လင်းက ရေအေးဖြင့် ပက်လိုက်သလို စကားဆိုလာသည်။
"ရှင်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီဆိုပြီး ရယ်နေကြတာလား။ ကစားပွဲက စနေပြီဆိုတာကို မသိကြဘူးလား"
ဂျန်ဟာယောင်းသည် ထူးချွန်သော ဖျန်ဖြေသူဆိုလျှင် အိုင်လင်းမှာ ဝါရင့် အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အိုင်လင်းသည် ‘ကျူးကော့လျန်’ကဲ့သို့ အဆင့် မဟုတ်လောက်သော်လည်း တော်လှန်ရေးသမားတစ်ဦး ရှိသင့်သည့် အချက်ကို ထောက်ပြလိုက်ခြင်း ဖြစ်၏။
"ငါ သိပါတယ်"
အမှန်တကယ်တော့ အိုင်လင်း၏ အကြံပေးချက်မှာ Ways of Survival ထဲတွင် ပါဝင်သော တော်လှန်ရေးကစားပွဲ၏ စာပိုဒ်တစ်ခုကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
「 ကိုယ့်ဘက်တော်သားများကို စုစည်းရန်မှာ အရေးကြီးသည်။ သို့ပေသိ အရေးကြီးဆုံးအချက်မှာ ရန်သူ မည်သူမည်ဝါဖြစ်ကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။ 」
မည်သူက ရန်သူ၊ မည်သူက မိတ်ဆွေဆိုသည်ကို ခွဲခြားရန် မလွယ်ကူပေ။ တော်လှန်ရေးသမား အများစုမှာ ဤအချက်ကို မကျော်လွှားနိုင်ဘဲ ကျရှုံးကာ မိမိကိုယ်ကိုယ် ဖျက်ဆီးမိကြခြင်း ဖြစ်၏။
အရက်ဆိုင်ပိုင်ရှင်က ကျနော့်အကြည့်ကို တုံ့ပြန်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
"မင်းက ငါ့ကို သံသယရှိနေတာလား။ ငါက စော်ဘွားရဲ့ သူလျှိုလို့ ထင်နေတာလား"
ကျနော်က ဘာစကားမှ မဆိုဘဲ ရယ်ရုံသာ ရယ်လိုက်သည်။ အရက်ဆိုင်ပိုင်ရှင်မှာ အစောင့်အရှောက် ဖြစ်ကြောင်းကို ကျနော် သိထားပြီးသား ဖြစ်၏။
"အရင်ဆုံး မိတ်ဆက်တာကနေ စကြမလား"
"ငါ့နာမည် မာ့ခ် ပါ။ မင်းနာမည်က ဘယ်လိုခေါ်လဲ"
"ကျနော်က ယူဂျွန်ဟော့ ပါ"
"ယူဂျွန်ဟော့ ဟုတ်လား။ အင်း... အရင်က ကြားဖူးသလိုလို ရှိတဲ့ နာမည်ပဲ..."
ထိုသို့ကြားဖူးနေရခြင်းမှာ ကမ္ဘာမြေ၏ ဇာတ်ဝင်ခန်းများ ပြန့်နှံ့နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာနယ်မြေတွင် ‘ယူဂျွန်ဟော့’ ဟူသော နာမည်ကို မှတ်မိနေသူ ရှိကောင်းရှိနိုင်ပေသည်။
လိုအပ်ပါက ဤအချက်ကို ကျနော် အသုံးချနိုင်သည်။ ထို့ပြင် ကျနော် ရရှိထားသော ဇာတ်လမ်း အပိုင်းအစ အချို့လည်း ရှိနေသေးရာ...
"ကဲ... အဓိက အချက်ကိုပဲ သွားကြရအောင်။ ငါက စော်ဘွားရဲ့ သူလျှို မဟုတ်ဘူး။ ယုံရခက်မယ်ဆိုပေမဲ့ ငါက ရိုးရိုးသားသား ပြောနေတာပါ"
"မဟုတ်ပါဘူး၊ ကျနော် ခင်ဗျားကို ယုံပါတယ်"
"မင်းက ငါ့ကို ယုံတယ် ဟုတ်လား"
"ဟုတ်ကဲ့။ ခင်ဗျားက တကယ်ပဲ အစောင့်အရှောက်ပါ"
မာ့ခ်သည် ကျနော့်ကို ငတုံးတစ်ယောက်လို စိုက်ကြည့်နေလေသည်။
"…ဘာတွေဖြစ်ကုန်တာလဲတော့ မသိဘူး၊ ဒါပေမဲ့ ငါက စမ်းသပ်မှုကို အောင်မြင်သွားတာပေါ့ ဟုတ်လား"
"မှန်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်"
ရုတ်တရက် နိဂုံးချုပ်လိုက်သဖြင့် အိုင်လင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"နေဦးလေ။ ခဏလေး"
"ဒီလူက ကျနော် တော်လှန်ရေး ကြေညာပြီးတာနဲ့ ချက်ချင်း ရောက်လာတာ။ စော်ဘွားရဲ့ သူလျှိုသာဆိုရင် ဒီလောက် မြန်မြန် တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံး တော်လှန်ရေး ဇာတ်ဝင်ခန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကလေ"
ကျနော်၏ လျင်မြန်သော ရှင်းပြချက်ကြောင့် အိုင်လင်း ခဏတာ တုံ့သွားပြီးမှ ဆက်ပြောသည်။
"ဒါက မမှားဘူးဆိုပေမဲ့ လုံလောက်တဲ့ သက်သေလို့တော့ မထင်ဘူး"
"ငါကတော့ ထင်တယ်။ ဒီလူက အစောင့်အရှောက်ဆိုတာ ငါ သေချာပေါက် သိတယ်"
"ဘယ်လိုလုပ်ပြီးသိတာလဲ"
"နင်က လင်းဘာ့ဂ်ရဲ့ အင်ဂျင်နီယာတစ်ယောက်ဆိုတာ ငါ သိနေသလိုမျိုးသိတာ"
"ရှင် ဘယ်လိုလုပ်ပြီး သိနေရတာလဲ"
" အက်စလန်ဆိုတဲ့ငတိကလည်း တကယ်တော့ ဂျန်ဟာယောင်း ဖြစ်ပြီး ကမ္ဘာမြေက လာတာဆိုတာကိုလည်း ငါ သိတယ်"
"ဟေ့။ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကို လျှောက်မပြောနဲ့လေ"
ဂျန်ဟာယောင်း၏ တုံ့ပြန်မှုကို မြင်သောအခါ အိုင်လင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
"ရှင်က... ဝိသေသ လက္ခဏာ အချက်အလက်တွေကို မြင်နိုင်တာလား"
"လိုအပ်သလောက်ပေါ့"
အမှန်တကယ်တော့ ကျနော်သည် မာ့ခ်၏ ဝိသေသ လက္ခဏာ အချက်အလက်များကို စစ်ဆေးပြီးသား ဖြစ်သည်။ အိုင်လင်းမှာ နားမလည်နိုင်သော်လည်း နောက်ဆုံးတွင် လက်ခံလိုက်ရသည်။
"ရှင့်မှာ ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိနေတာပဲ။ အခုအချိန်အထိ ရာထူး အချက်အလက်တွေကို လှမ်းကြည့်နိုင်တဲ့ စွမ်းရည်မျိုးရှိမှန်း ကျမ မသိခဲ့ဘူး"
"ငါ့ရဲ့ စွမ်းရည်က အထူးသီးသန့်မို့လို့ပါ"
"…ရှင့်မှာ အဲဒီလို စွမ်းရည်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ မျှော်လင့်ချက် လုံးဝ မရှိသလောက်ပါပဲ"
"မျှော်လင့်ချက်တွေ အပြည့်ရှိသင့်တာပေါ့"
အိုင်လင်းက လက်လျှော့လိုက်သလို သက်ပြင်းချရင်း ပြောသည်။
"ဒါနဲ့ပဲ အတုအယောင် တော်လှန်ရေးတပ်ဖွဲ့ကြီး ဖွဲ့စည်းပြီးသွားပြီပေါ့လေ"
"…အတုအယောင် တော်လှန်ရေးတပ်ဖွဲ့ ဟုတ်လား။ အဲဒါက ဘာကို ဆိုလိုတာလဲ"
အဲဒီတော့မှ ကျနော့်အခြေအနေက အနည်းငယ် ရှုပ်ထွေးနေသည်ကို သတိရမိသည်။ အရင်ဆုံး ရှင်းပြချက်တစ်ခု ပေးသင့်ပေသည်။ ဤနေရာတွင် ရှိနေသော သူများသည် ကျနော့်ကို ဤဇာတ်ဝင်ခန်း အဆုံးအထိ ခေါ်ဆောင်သွားရမည့်သူများ ဖြစ်သည်။
ကျနော်သည် အစစ်အမှန် တော်လှန်ရေးသမား မဟုတ်သော်လည်း တော်လှန်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း ဆွဲဆောင်မှုရှိရှိ ရှင်းပြရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
"ဘာာာ"
"…မင်းက တော်လှန်ရေးသမား မဟုတ်ဘူး ဟုတ်လား"
ကျနော့်စကား မဆုံးခင်မှာပင် လူနှစ်ဦးမှာ အော်ဟစ်လိုက်ကြသည်။ ပြန်စဉ်းစားကြည့်လျှင် ကုမ္ပဏီ၌ စီမံကိန်းတစ်ခု တင်ပြတိုင်း ကျနော်သည် ကောင်းမွန်သော အကဲဖြတ်ချက် မရရှိခဲ့ဖူးပေ။ ကျနော့်ကြောင့် သူ၏ ရမှတ်များကို အကုန်သုံးလိုက်ရသော မာ့ခ်မှာမူ စိတ်ဓာတ်များ အကုန် လွင့်စင်သွားပုံရသည်။
"ရူးနေတာပဲ။ အတုအယောင် တော်လှန်ရေးသမားရယ်၊ သနားစရာ အစောင့်အရှောက်ရယ်၊ အရပ်သားကောင်စီ ဥက္ကဋ္ဌရယ်၊ ပြီးတော့ ပေါ့ပျက်ပျက် ကောင်လေးတစ်ယောက်ရယ်... ဒါက နောက်ပြောင်နေတာလား"
"ပေါ့ပျက်ပျက် ကောင်လေး ဟုတ်လား။ ဟေး မာ့ခ်၊ ခင်ဗျား စကားပြောတာ လွန်နေပြီနော်"
"ရန်မဖြစ်ကြပါနဲ့တော့။ အခြေအနေက ဒီလို ဖြစ်နေမှတော့ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကိုပဲ စဉ်းစားကြရအောင်"
"အတုအယောင် တော်လှန်ရေးသမားကြီး… ရှင့်မှာ အစီအစဉ်ရှိရဲ့လား"
"ပြင်ဆင်စရာ အချို့တော့ ရှိပါတယ်"
ကျနော်က ကျနော်၏ အစီအစဉ်ကို လူစုအား အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ကျနော် စကားပြောနေစဉ် တစ်လျှောက်လုံး နုံးချည့်နေပုံရသော လူများမှာ ပို၍ တည်ကြည်လေးနက် လာကြသည်။ ဇာတ်လမ်းအဆုံးတွင် အတုအယောင် တော်လှန်ရေးတပ်ဖွဲ့သို့ ဝင်ရောက်လာသော မာ့ခ်က ပါးစပ်ဖွင့်၍ ပြောလာသည်။
"အင်း။ ဒါတွေက ငါတို့ အခုချက်ချင်း လုပ်ဆောင်ရမယ့် အစီအမံတွေဆိုတာတော့ အမှန်ပဲ"
"ခင်ဗျား ပါမှာလား"
"ငါ့မှာ ရွေးချယ်စရာမှ မရှိတာ။ ဒါနဲ့ အရင်ဆုံး ဘာလုပ်ရမှာလဲ"
"ကျနော့်ရဲ့ မျက်နှာကို အရင် ပြောင်းရမယ်"
ကျနော်က 'ကာမမှုကြောင့် သေဆုံးသွားသော မိန်းမလိုက်စားသူတစ်ဦး၏ မျက်နှာ' ဟူသည့် ဇာတ်လမ်း အပိုင်းအစကို ထုတ်လိုက်သည်။ မာ့ခ်မှာ ဇဝေဇဝါ ဖြစ်သွားပုံရသည်။
"မျက်နှာ ဟုတ်လား။ အဲဒါက အစီအစဉ်ထဲမှာ မပါဘူးထင်တယ်..."
"ဒီလောကမှာ အရေးအကြီးဆုံး အရာတွေက အစီအစဉ်ထဲမှာ ပါလေ့မရှိဘူး"
"ဘာလို့ မျက်နှာကို ပြောင်းချင်ရတာလဲ"
"တော်လှန်ရေးသမား တစ်ယောက်ဖြစ်ဖို့ဆိုရင် ကျနော်က ရုပ်ချောနေသင့်တာ မဟုတ်ဘူးလား။ ကဲ... ဘယ်နှစ်ယောက် သဘောတူသလဲဆိုတာ လက်ညှိုးထောင်ကြည့်ကြတာပေါ့"
…………………………………………………………………………………………….
ထိုအချိန်တွင် နယ်စား ဆီလော့ခ်နှင့် ဟန်တို့သည် လမ်းမထက်၌ အတူတူ လျှောက်လှမ်းနေကြသည်။ ဆီလော့ခ်သည် လမ်းတလျှောက် လျှောက်လာရင်း ဟန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဟေ့…ဟန်"
"ဘာလဲ"
ဆီလော့ခ်သည် ဤကဲ့သို့သော ပြန်ဖြေမှုကို စိတ်တိုင်းမကျသော်လည်း အခြားတစ်ဖက်တွင်မူ ဟန်မှာ 'အက်စ်မိုးဒီအက်စ်' နှင့် အဆက်အသွယ်ရှိသူ ဖြစ်သည်။ ဟန်ကိုယ်တိုင်ကလည်း သူနှင့် လက်တွဲရန် ဆန္ဒရှိနေသဖြင့် ပိုမိုနီးကပ်သော ဆက်ဆံရေး တည်ဆောက်ထားခြင်းက မဆိုးလှပေ။
"…ငါ ထင်တာတော့ မင်းက မူလက မိစ္ဆာမျိုးနွယ် မဟုတ်လောက်ဘူး။ မင်း ဘယ်ကလာသလဲဆိုတာ မေးလို့ရမလား"
အံ့သြဖွယ်ကောင်းသည်မှာ ဟန်က ပြန်လည်အဖြေပေးခဲ့ခြင်းပင် ဖြစ်သည်။
"ကမ္ဘာမြေလို့ ခေါ်တဲ့ နေရာကပါ"
"ကမ္ဘာမြေ ဟုတ်လား။ အာ... ငါ အဲဒီနာမည်ကို ကြားဖူးတယ်"
"ဖြစ်နိုင်ပါတယ်။ အဲဒီဂြိုဟ်က ဒီရက်ပိုင်းမှာ နာမည်ကြီးနေတာကိုး"
"မင်းက အက်စ်မိုးဒီအက်စ်ရဲ့ အာရုံစိုက်မှုကို ရထားတယ်ဆိုတော့ အတော်လေး စွမ်းရည်ရှိတဲ့သူ ဖြစ်မှာပေါ့"
"အတော်လေး စွမ်းရည်ရှိတဲ့သူ ဟုတ်လား"
ဟန်၏ မျက်နှာတွင် ပေါ်ပေါက်လာသော ဂုဏ်ယူဝင့်ကြွားသည့် အမူအရာကို ကြည့်ပြီး ဆီလော့ခ် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် အမှန်တကယ်ပင် ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့သော မျက်နှာထားမျိုး လုပ်နေခြင်းဖြစ်လောက်သည်။
"မင်းက မူလက ဘာဖြစ်ခဲ့တာလဲ။ ဓါးသခင်လား။ ဒါမှမဟုတ် မဟာမှော်ဆရာကြီးလား"
"အဲဒါနဲ့ ဆင်တူပါတယ်"
"ဘယ်လိုဆင်တူတာလဲ"
"ငါက ကုမ္ပဏီကြီးတစ်ခုရဲ့ ဌာနမှူး တစ်ယောက်ပါ"
"ကုမ္ပဏီကြီး ဟုတ်လား။ အဲဒါက ဘာလဲ"
"ဟင်... မင်း အဲဒါကို မသိဘူးလား"
ဟန်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောသည်။
"ရှင်းပြရမယ်ဆိုရင်တော့ နက်ဗျူလာတစ်ခုလိုမျိုး အဖွဲ့အစည်းတစ်ခုပေါ့"
"…နက်ဗျူလာ တစ်ခု ဟုတ်လား"
"ငါက ဥပမာပေးရုံ သက်သက်ပါ"
"ဒါဆို မင်းက ‘နက္ခတ်’ တစ်ပါး ဖြစ်ခဲ့တာလား"
"မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီလိုပဲ ဆင်တူယိုးမှား ဥပမာပေးတာပါ"
"ဒါဆိုရင်တော့... မင်းက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"
ဆီလော့ခ်သည် ‘ကုမ္ပဏီ’ သို့မဟုတ် ‘ဌာနမှူး’ ဟူသော စကားလုံးများကို နားမလည်သော်လည်း ဟန်၏ ရှင်းပြချက်ကြောင့် အံ့သြသွားမိသည်။ ဟန်သည် အက်စ်မိုးဒီအက်စ်နှင့် မည်ကဲ့သို့ ဆက်သွယ်နိုင်ခဲ့သည်ကို သူ အနည်းငယ် နားလည်သွားသလို ခံစားလိုက်ရသည်။
"…အဲဒါ ဘာကြီးလဲ"
အရာရှိနယ်မြေနှင့် အရပ်သား နယ်မြေတို့၏ အကြားရှိ ဝင်ပေါက်တွင် ကြီးမားသော အကာအရံတစ်ခုကို တည်ဆောက်နေကြသည်။ ထိုအကာအရံမှာ သံတံခါးကြီးတစ်ခုပင် ဖြစ်၏။ ဆီလော့ခ်က စိတ်ပျက်လက်ပျက် အသံဖြင့် အော်ဟစ်လိုက်သည်။
"ဟေ့…မင်းတို့ အခု ဘာတွေလုပ်နေကြတာလဲ"
အကာအရံကို လုပ်ဆောင်နေသော အရပ်သားတစ်ဦးက ပြန်ဖြေသည်။
"အာ…အရာရှိတစ်ဦးပဲ"
"ဘာတွေလုပ်နေတာလဲလို့ ငါ မေးနေတာလေ"
"ကြည့်လိုက်တာနဲ့တင် မသိဘူးလား။ လမ်းကို ပိတ်နေတာလေ"
ကြောက်ရွံ့ခြင်းမရှိသော ထိုသူ၏ အသံကြောင့် ဆီလော့ခ် အနည်းငယ် လန့်သွားသည်။
"မင်းတို့ကို ဒါမျိုးလုပ်ဖို့ ဘယ်သူ ခိုင်းလိုက်တာလဲ"
"ဒါက ဥက္ကဋ္ဌရဲ့ အမိန့်ပဲ။ အခုလောလောဆယ်မှာတော့ အရာရှိတွေက အရပ်သားတွေကြားထဲကို ဝင်လာလို့ မရဘူး"
"ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာအခွင့်အရေးနဲ့လဲ... ဒီအကာအရံတွေကို အခုချက်ချင်း ဖယ်လိုက်စမ်း။ မဟုတ်လို့ကတော့ မင်းတို့ နှစ်ယောက်လုံးကို အမှိုက်ပုံထဲ အခုချက်ချင်း ပစ်ထည့်လိုက်မယ်"
ဆီလော့ခ်၏ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြောင့် အရပ်သားများမှာ တုန်လှုပ်သွားပြီး နောက်ဆုတ်သွားကြသည်။ ထိုစဉ် အရပ်သားများ၏ နောက်ကွယ်မှ အခြားအသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းမှာ ယုံကြည်ချက်ရှိတယ်ဆိုရင်တော့ စမ်းကြည့်လိုက်လေ"
စကားပြောလိုက်သော အရပ်သားမှာ အခြားသူများနှင့် ကွဲပြားသည်။ ထိုအမည်မသိ အရပ်သား၏ ကိုယ်ခန္ဓာအတွင်းမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်နေသည်။
ဆီလော့ခ်သည် တင်းမာသွားပြီး နောက်သို့ ဆုတ်လိုက်သည်။ အရပ်သား အများစုမှာ အရာရှိများထက် အားနည်းသော်လည်း အရပ်သားအားလုံးက အားနည်းနေခြင်းတော့ မဟုတ်ပေ။
ထိုနေရာတွင် လျှို့ဝှက်ဆန်းပြားသော ဒိုင်မင်းရှင်း ကူးပြောင်းသူများ ရှိနေပြီး သူတို့ထဲမှ အချို့မှာ မိစ္ဆာအရာရှိများကဲ့သို့ပင် အစွမ်းထက်ကြသည်။
"မင်းတို့က တော်လှန်ရေးသမား တစ်ယောက် ရှိနေတာနဲ့ပဲ ဒီလိုတွေ လုပ်နေတာလား။ ငါတို့က သူ့ကို မသတ်နိုင်ဘူးလို့ မင်းတို့ ထင်နေတာလား"
အရပ်သားများသည် အရာရှိများကို တစ်ခါမှ ဆန့်ကျင်ခြင်း မပြုခဲ့ကြသည့် အကြောင်းရင်းမှာ ညဘက်တွင် ဖြစ်ပေါ်လာမည့် ကွပ်မျက်မှုကို ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ သို့သော် လွန်ခဲ့သော ညကစတင်၍ အရာအားလုံးမှာ ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။
"မင်းတို့ မနေ့က သူ့ကို မသတ်နိုင်ခဲ့ဘူးလေ"
အရပ်သားများသည် အချင်းချင်း ကြည့်ရင်း တိုးတိုးလေး ပြောလိုက်ကြသည်။ ဆီလော့ခ် ဒေါသထွက်သွားသော်လည်း အကာအရံကို ဖြတ်ကျော်ရဲခြင်း မရှိပေ။ သူသည် တစ်ယောက်တည်း ဖြစ်နေပြီး ဤမျှများပြားသော အရပ်သားများကို ရင်ဆိုင်နိုင်ရန် နည်းလမ်းမရှိပေ။ ထိုအချိန်တွင် ဟန်က မေးလိုက်သည်။
"ဒီကောင်တွေက သပိတ်မှောက်နေကြတာလား"
"သပိတ်မှောက်တာ ဟုတ်လား"
"သူတို့တွေက မလုပ်သင့်တဲ့ အရာတွေကို လုပ်ဖို့ ပြောနေကြတာလေ"
ဆီလော့ခ်သည် ဟန်ပြောလိုသည်ကို နားလည်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
"အဲ့လို အခြေအနေမျိုးပါပဲ"
"နားလည်ပြီ။ ဒါကို ငါ့လက်ထဲပဲ လွှဲပေးလိုက်ပါ။ ငါက ဒီလိုကိစ္စတွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်တယ်"
ဟန်၏ မျက်နှာတွင် ထူးဆန်းသော ယုတ်မာမှုတစ်ခု ပေါ်လာသည်။
"ဒါက အလုပ်သမားတွေက သူတို့ ဘယ်သူ့ကို ဆန့်ကျင်နေသလဲဆိုတာ မသိတဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့ ကိစ္စပဲ။ ဒါမျိုးကိုဖြေရှင်းဖို့အတွက်ဆိုရင်တော့ သူတို့ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှု အချို့ကို အရင်ဆုံး ရိုက်သွင်းပေးရလိမ့်မယ်"
…………………………………………………………………………………………….
ကျနော်သည် လာမာ့ခ်၏ သစ်ကုလားအုတ်မှတစ်ဆင့် ရရှိခဲ့သော ဇာတ်လမ်းအပိုင်းအစကို အသုံးပြုရန် အိုင်လင်း၏ အကူအညီကို ရယူလိုက်သည်။
သို့သော် မျက်နှာသွင်ပြင်ကို ပုံဖော်ရသည်မှာ ကျနော်ထင်သလောက် မလွယ်ကူလှပေ။ 'ကာမမှုကြောင့် သေဆုံးသွားသော မိန်းမလိုက်စားသူတစ်ဦး၏ မျက်နှာ' မှာ ညနေစောင်းသည့် တိုင်အောင် ကျနော့်မျက်နှာပေါ်တွင် အသားကျမသွားသေးပေ။
ကျနော်သည် မှန်ထဲကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။
「 ကင်ဒေါ့ဂျာက ‘ယူဂျွန်ဟော့လောက် မချောပေမဲ့ ဒီလောက်ဆိုရင်တော့ မဆိုးပါဘူး’ ဟု တွေးလိုက်သည်။ 」
ထိုစဉ် အိုင်လင်းက လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။
"နည်းနည်းတော့ ပိုကြည့်ကောင်းလာသလိုပဲ။ အင်း... ကျမလည်း မပြောတတ်တော့ပါဘူး။ ဘာလို့ ရုပ်က ဝေဝါးနေရတာလဲ..."
…အဆင်ပြေပါတယ်လေ။ ငါ့နှာခေါင်းက အရင်ထက် နည်းနည်း ပိုမြင့်လာပြီး ပါးပြင်တွေကလည်း ပိုပြီး တင်းရင်းလာတာပဲဥစ္စာ...
စိုးရိမ်ပူပန်နေသော အိုင်လင်းက ကျနော့်ကို မေးလာသည်။
"ဒါနဲ့ ဒီလောက်အထိ အေးအေးဆေးဆေး နေနေလို့ ဖြစ်ပါ့မလား။ မကြာခင် ဒုတိယမြောက် ည ရောက်တော့မယ်။ ကွပ်မျက်သူက ပြန်လာဦးမှာလေ"
"ဒီညတော့ အဆင်ပြေမှာပါ"
"အစောင့်အရှောက်က ရှင့်ကို ထာဝရ ကာကွယ်ပေးထားလို့ မရဘူးလေ။ ရှင် သိရဲ့လား"
"သိတာပေါ့"
ဖြစ်နိုင်လျှင် အစောင့်အရှောက်၏ ရမှတ်များကို အသုံးမပြုချင်သော်လည်း ယခုအချိန်တွင် အခြားနည်းလမ်း မရှိသေးပေ။ ဒုတိယမြောက် ညကိုတော့ အစောင့်အရှောက်၏ အကူအညီဖြင့် ကျော်ဖြတ်ရမည် ဖြစ်သည်။ တတိယမြောက် ညကျမှသာ နည်းလမ်းအသစ်ကို စမ်းကြည့်နိုင်မည်ဖြစ်သည်။
"မာ့ခ်က ပစ်မှတ် ဖြစ်မသွားနိုင်ဘူးလား။ အစောင့်အရှောက်က သူတို့ကိုယ်ပိုင် အသက်ကိုတော့ ပြန်ပြီး မကာကွယ်နိုင်ဘူးလေ..."
"မစိုးရိမ်ပါနဲ့။ ငါတို့ကလွဲလို့ သူက အစောင့်အရှောက်ဆိုတာ ဘယ်သူမှ မသိပါဘူး"
စော်ဘွားမှာလည်း သတိလက်လွတ် ဖြစ်နေဦးမည်သာ ဖြစ်သည်။ တော်လှန်ရေးက အောင်မြင်လိမ့်မည်ဟု မိစ္ဆာစော်ဘွားက မထင်ထားလောက်ပေ။ ကျနော်တို့အနေဖြင့် ဤအခွင့်အရေးကို ကောင်းကောင်း အသုံးချရမည်ဖြစ်သည်။
"အိုင်လင်း။ ည ရောက်တော့မယ်"
ဂျန်ဟာယောင်းက အပြင်ဘက်မှ လှမ်းအော်လိုက်သဖြင့် ကျနော်နှင့် အိုင်လင်းတို့ အပြင်သို့ ထွက်လာခဲ့ကြသည်။ မလိုအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန် ကျနော်ကိုယ်တိုင်ကပဲ ပစ်မှတ် ဖြစ်ရပေမည်။
"တော်လှန်ရေးသမားကြီး"
လူများသည် ကျနော့် ဝတ်စုံကို မှတ်မိကြပြီး အားပေးသံများ ဟစ်ကြွေးကြသည်။ ကျနော် မျက်နှာပြောင်းလဲထားသည်ကို မည်သူမျှ သတိမထားမိကြသဖြင့် အနည်းငယ်တော့ စိတ်မကောင်း ဖြစ်မိသွားသည်။
[ဒုတိယမြောက် ညသို့ ရောက်ရှိလာပါပြီ။]
ကျနော် လမ်းမပေါ်ကို ဝေ့ဝဲကြည့်လိုက်သည်။ မာ့ခ်သည် ကျနော့်ကို ကာကွယ်ရန် ကြိုတင်ပုန်းအောင်းကာ ပြင်ဆင်နေလေပြီ။
[သင်သည် လက်ရှိတွင် အစောင့်အရှောက်၏ ကာကွယ်မှုအောက်၌ ရှိနေပါသည်။]
ကြောက်မက်ဖွယ်ကောင်းသော ပုလွေသံများ ထွက်ပေါ်လာပြီး ကွပ်မျက်သူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ သူတို့သည် ခန့်မှန်းထားသည့်အတိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
[ဘယ်... သူ... က... တော်... လှန်... ရေး... သ... မား... လဲ...]
"ငါပဲလေ။ မင်းတို့ ငါ့ကို မသတ်နိုင်တာ သိရက်နဲ့ ဘာလို့ ဒီမှာ လာစုနေကြတာလဲ"
ကွပ်မျက်သူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
[မင်း... က... တော်... လှန်... ရေး... သ... မား... ပဲ...]
ထို့နောက် သူတို့က ဆက်ပြောသည်။
[ဒါ... ပေ... မဲ့...]
ထိုအချိန်တွင် ကျနော် တစ်ခုခုကို သံသယဝင်သွားသည်။
နေဦး... ဒါက...
မဖြစ်နိုင်တာ။ သူတို့က ဤဗျူဟာကို စဉ်းစားမိနေပြီလား။
[သေ... ရ... မယ့်... သူ... က...]
ကွပ်မျက်သူများသည် သူတို့၏ တံစဉ်များကို မတူညီသော ပစ်မှတ်များဆီသို့ ချိန်ရွယ်လိုက်ကြသည်။
[တော်... လှန်... ရေး... သ... မား... မ... ဟုတ်... ဘူး...]
အနီးအနားရှိ ကွပ်မျက်သူတစ်ဦး၏ တံစဉ်မှာ ဂျန်ဟာယောင်း၏ လည်ပင်းဆီသို့ ဦးတည်သွားလေတော့သည်။
အခန်း ၂၀၂
- အပိုင်း ၃၈ - အတုအယောင် တော်လှန်ရေးသမား (၄)
"ရှောင်လိုက်"
အိုင်လင်း၏ အော်ဟစ်သတိပေးသံနှင့်အတူ ကွပ်မျက်သူ၏ တံစဉ်မှာ လေထဲတွင် ဝေ့ဝဲသွားသည်။
「 ထိုအခိုက်အတန့်တွင် သူ၏ အတွေးစများမှာ အရှိန်မြင့်တက်လာပြီး ကမ္ဘာကြီးမှာ နှေးကွေးသွားသလို ခံစားလိုက်ရလေသည်။ 」
「 ဒါက ဘာကြီးလဲဟု ကင်ဒေါ့ဂျာက တွေးလိုက်သည် 」
ကျနော် အံကြိတ်ကာ ဂျန်ဟာယောင်းရှိရာသို့ အပြေးအလွှား သွားလိုက်သည်။ ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းနှင့် ယခု နောက်ပြန်ဆုတ်ခြင်းတို့အကြား ကွဲပြားမှုများ ရှိနိုင်သော်လည်း မူရင်း Ways of Survival ထဲက ဒုတိယမြောက် ညတွင်မူ ဤကဲ့သို့သော အခြေအနေမျိုး မရှိခဲ့ပေ။ ကွပ်မျက်သူများသည် စော်ဘွားထံမှ မည်သည့် အမိန့်ကိုမျှ လက်ခံရရှိထားခြင်း မရှိသဖြင့် ကျနော့်ကို မသတ်နိုင်ဘဲ ဒုတိယမြောက် ညကို အလဟဿ အချိန်ကုန်ဆုံးစေရမည် ဖြစ်သည်။
[အားလုံး... ကို... သတ်... ကြ...]
ယခုတော့ ကွပ်မျက်သူတွေ၏ လှုပ်ရှားမှုတွေက ဤကစားပွဲကို အကြာကြီး ကစားလာခဲ့သော သူတွေလို ဖြစ်နေလေသည်။ တစ်စုံတစ်ယောက်က သူတို့ကို အမိန့်ပေးထားတာ သေချာလှသည်။ ကျနော်သည် ဂျန်ဟာယောင်းကို တွန်းထုတ်လိုက်ပြီး မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို ထုတ်ကာ ကွပ်မျက်သူ၏ တံစဉ်ကို ခုခံလိုက်သည်။
[တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုကြောင့် သင်၏ ဇာတ်လမ်း ဖွဲ့စည်းပုံမှာ မပြည့်စုံ ဖြစ်သွားပါသည်။]
အခြေအနေက သိပ်မကောင်းလှပေ။ ကျနော် ယခုချိန်မှာ တိုက်ခိုက်လို့ မရနိုင်သေး။
[ဇာတ်လမ်း အပိုင်းအစ ‘ကာမမှုကြောင့် သေဆုံးသွားသော မိန်းမလိုက်စားသူတစ်ဦး၏ မျက်နှာ’ အနည်းငယ် ပျက်စီးသွားပါသည်။]
ချီး... ငါ့မျက်နှာ ထိခိုက်ကုန်ပြီ။
ကံကောင်းထောက်မစွာဖြင့် ကွပ်မျက်သူမှာ ကျနော့်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ ပစ်မှတ်ကို ချက်ချင်း ပြောင်းလဲသွားလေသည်။ ကျနော် သက်ပြင်းချနိုင်ရုံသာ ရှိသေးသော်လည်း ထိုသို့ ပစ်မှတ်ပြောင်းသွားခြင်းမှာ ကောင်းသောလက္ခဏာ မဟုတ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
[တော်... လှန်... ရေး... သ... မား... ကို... အ... သက်... ရှင်... လျက်... ထား... ခဲ့...]
"အားးး"
ကွပ်မျက်သူ၏ တံစဉ်များကြောင့် ဒဏ်ရာရသွားသော အရပ်သားများမှာ အော်ဟစ်ကုန်ကြသည်။ မည်သူမျှ သေဆုံးခြင်း မရှိသေးသော်လည်း လူတစ်ဝက်ခန့်မှာ သွေးထွက်သံယို ဖြစ်နေလေပြီ။
"တော... တော်လှန်ရေးသမားကြီး"
ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
「 သူ မသိသေးသည့် ကြံစည်သူတစ်ဦး ရှိနေခြင်းလော။ သို့မဟုတ် စော်ဘွားက စတင် လှုပ်ရှားနေပြီလော။ Ways of Survival ထဲမှ ဇာတ်လမ်းများမှာ ကင်ဒေါ့ဂျာ၏ ခေါင်းထဲတွင် အရှိန်အဟုန်ဖြင့် စီးဆင်းသွား၏။ 」
"အားလုံး ဒီဘက်ကို စုလိုက်ကြ။ လူစုကွဲနေရင် မင်းတို့ကို ငါကာကွယ်ပေးလို့ မရဘူး"
「 ကင်ဒေါ့ဂျာက သုံးသပ်လိုက်သည်။ စော်ဘွားသည် မလှုတ်ရှားလောက်သေးဘူး။ စော်ဘွားသာ လှုတ်ရှားလာပြီဆိုရင် အကုန်ပျက်စီးနေလောက်ပြီ」
Fourth Wall၏ အကဲဖြတ်ချက်မှာ မှန်ကန်ပေသည်။ အကယ်၍ စော်ဘွားကိုယ်တိုင်သာ လှုပ်ရှားခဲ့လျှင် ဤစက်မှုဇုန်မှာ ယခုလောက်ဆိုလျှင် ပျက်စီးခြင်းသို့ ဆိုက်ရောက်နေလေပြီ။
"အားးး"
အရပ်သားများ၏ ထိခိုက်ဒဏ်ရာရမှုမှာ လျော့ပါးသွားခြင်း မရှိပေ။ ကွပ်မျက်သူများ၏ တံစဉ်များကြောင့် နေရာအနှံ့တွင် ဒဏ်ရာရသူများ တိုးပွားလာပြီး ခဏချင်းအတွင်းမှာပင် ဆယ်ဂဏန်းမက ရှိလာသည်။
သတင်းကောင်းတစ်ခုမှာ ရန်သူများသည် အရပ်သားများကို အစုလိုက်အပြုံလိုက် မသတ်ဖြတ်နိုင်ခြင်းပင် ဖြစ်သည်။ ကစားပွဲ၏ စည်းကမ်းချက်အရ ကွပ်မျက်သူတစ်ဦးသည် တစ်နေ့လျှင် အရပ်သားတစ်ဦးကိုသာ သတ်ဖြတ်ခွင့် ရှိသည်။ အနည်းဆုံးတော့ သုံးရက်တိုင်တိုင် ထိုအတိုင်း ဖြစ်ပေလိမ့်မည်။
အိုင်လင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အားလုံး ပြန်တိုက်ကြ။ အမှတ်အသား မရှိရင် သူတို့တွေ ကွပ်မျက်ခြင်းကို သုံးလို့မရဘူး"
အိုင်လင်း၏ စကားကြောင့် အရပ်သားအချို့မှာ လက်နက်စွဲကိုင်ကာ ခုခံကြသော်လည်း အခြေအနေမှာ လွယ်လွယ်နှင့် တိုးတက်မလာပေ။ မူလကပင် ကွပ်မျက်သူများ၏ လှုပ်ရှားမှုကို လိုက်ကြည့်နိုင်သည့် အရပ်သားမှာ အနည်းငယ်မျှသာ ရှိပြီး ၎င်းတို့သည်လည်း ကြာရှည်တောင့်မခံနိုင်ကြပဲ ဖြစ်နေ၏။
"အားးး"
ဘယ်အချိန်တွင် ကွပ်မျက်သူများက ‘အမှတ်အသား’ ကို အသုံးပြုလာမည်နည်းဟူသော အတွေးက အရပ်သားများ၏ ကြောက်ရွံ့မှုကို ပိုမိုကြီးထွားစေသည်။ ကွပ်မျက်သူများသည် အမှတ်အသားကို အချိန်မရွေး သုံးနိုင်ပြီး ထိုသို့ဖြစ်လာလျှင် အရပ်သားအချို့ သေဆုံးရမည်မှာ သေချာလှသည်။ ထို့ပြင် အစောင့်အရှောက်မှာ ကျနော့်ကိုသာ ကာကွယ်ပေးထားသဖြင့် သူတို့ကို ကာကွယ်ပေးနိုင်ခြင်း မရှိပေ။
"ပြေး... ပြေးကြတော့"
နောက်ဆုံးတွင် ခုခံမှုများ ပြိုကွဲသွားပြီး အရပ်သားများမှာ ဖရိုဖရဲ ထွက်ပြေးကြလေတော့သည်။ အိုင်လင်းက တားဆီးသော်လည်း ကြောက်လန့်တကြား ဖြစ်နေသော သူတို့၏ နားထဲသို့ မည်သည့်စကားမှ မဝင်တော့ပေ။ ဒဏ်ရာရထားသူများမှာမူ လေဟာပြင်ကို ကြည့်ကာ ကျိန်ဆဲနေကြပုံရသည်။
「 ကင်ဒေါ့ဂျာသည် တိတ်ဆိတ်စွာ ဒေါသထွက်နေပါသည်။ 」
မည်သူက ဤသို့ ကြံစည်သည်ကို ကျနော် မသိသော်လည်း...
"ကယ်... ကယ်ကြပါဦး..."
ဒဏ်ရာရထားသော အရပ်သားတစ်ဦးမှာ ကျနော့်ထံသို့ တွားသွားကာ လာနေသည်။ ကံမကောင်းလျှင် ဤည၏ အဆုံးတွင် အချို့မှာ သေဆုံးရပေလိမ့်မည်။ ဤညသည် စက်မှုဇုန်၏ သမိုင်းတွင် အဆိုးရွားဆုံး ညတစ်ညအဖြစ် မှတ်တမ်းဝင်သွားပေလိမ့်မည်။
「 ထိခိုက်မှုများ ပိုမိုကြီးထွားလာလျှင် ရန်သူတို့၏ အလိုကျ ဖြစ်သွားပေလိမ့်မည်။ 」
ထိုသို့ဖြစ်လာလျှင် အရပ်သားများသည် တော်လှန်ရေးကို ကူညီရန် ဆန္ဒရှိကြတော့မည် မဟုတ်ပေ။ သူတို့သည် စော်ဘွား၏ အမိန့်ကိုသာ ပြန်လည်နာခံကြမည်ဖြစ်ပြီး အိုင်လင်း၏ အရပ်သားကောင်စီမှာလည်း အထီးကျန်သွားပေလိမ့်မည်။ ထိုသို့ အဖြစ်မခံနိုင်ပေ။
ထို့ကြောင့် ကျနော် နည်းလမ်းအသစ်တစ်ခုကို အသုံးပြုရပေမည်။ ကျနော် အိုင်လင်းကို လှမ်းခေါ်ရန် အသက်ရှူလိုက်စဉ်မှာပင်...
"ဒီဘက်ကိုလာ။ ငါ့ကို သတ်လိုက်ကြစမ်း"
အဆောက်အအုံတစ်ခု၏ နောက်ကွယ်မှ မာ့ခ်က အော်ဟစ်လိုက်သည်။
"ဒီကိုလာကြ။ ငါက အစောင့်အရှောက်ပဲ"
ဂျန်ဟာယောင်းက အခြေအနေကို ရိပ်မိသွားပြီး အော်လိုက်သည်။
"ချီး။ အရက်ဆိုင်ပိုင်ရှင်... ခင်ဗျား ဘာတွေလုပ်နေတာလဲ"
အလောတကြီး ဆုံးဖြတ်ချက်တစ်ခု ဖြစ်သော်လည်း ဆိုးရွားလှသော ဆုံးဖြတ်ချက်လည်း ဖြစ်သည်။ မာ့ခ်က သူ့ကိုယ်သူ အစောင့်အရှောက်ဖြစ်ကြောင်း ထုတ်ဖော်ကာ အသေခံရန် ပြင်လိုက်ခြင်း ဖြစ်၏။ ကွပ်မျက်သူများမှာလည်း ထိုဘက်သို့ ချက်ချင်း ဦးတည်သွားကြသည်။
[အ... စောင့်... အ... ရှောက်...]
မာ့ခ်၏ ဆွဲဆောင်မှုမှာ အောင်မြင်သွားသည်။ ကွပ်မျက်သူများ အားလုံး ထိုနေရာသို့ စုရုံးသွားကြသည်။ ကျနော်သည် စာမှတ် နှင့် လေ၏လမ်းစဉ် ကို အသုံးပြုကာ မာ့ခ်ရှိရာသို့ အမြန်ဆုံး ပြေးသွားလိုက်သည်။
[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်လာပါပြီ။]
[ဇာတ်ကောင် အကျဉ်းချုပ်]
ဇာတ်ကောင်
မာ့ခ် ဟာဗီယာ
သီးသန့် ဝိသေသ လက္ခဏာများ
ဒိုင်မင်းရှင်း ကူးပြောင်းသူ (သူရဲကောင်း)၊ အနားယူထားသော
အဆင့်-S ကြေးစားစစ်သား (ရှားပါး)၊ ပထမတန်းစား စားဖိုမှူး (ရှားပါး) ထောက်ပံ့သူ: မရှိပါ
သီးသန့် စွမ်းရည်များ
ချက်ပြုတ်ခြင်း အဆင့် ၉၊ ပါဝင်ပစ္စည်းများ ပြင်ဆင်ခြင်း အဆင့် ၈၊ တရားမျှတမှုဟောင်း အဆင့် ၄၊ ဓါးကကွက် အဆင့် ၉၊ (ကိုယ်ပိုင်စွမ်းရည်) အဆင့် ၁
...
• ဤကိုယ်စားလှယ်သည် ဇာတ်ဝင်ခန်းတွင် အထူးအခန်းကဏ္ဍမှ ပါဝင်ပါသည်။
• ဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်ကြောင့် စွမ်းရည်အချို့ကို ဖော်ပြနိုင်ခြင်း မရှိပါ။
အမှန်တကယ်တော့ ကျနော်သည် လူတစ်ယောက်၏ ‘ရာထူး’ အတိအကျကို ဇာတ်ကောင်စာရင်းမှတစ်ဆင့် မသိနိုင်သော်လည်း တစ်စုံတစ်ယောက်တွင် အထူးရာထူးနှင့် မသိသေးသော စွမ်းရည်ရှိနေသည်ကိုမူ မြင်နိုင်သည်။
"တဒင်္ဂအိပ်မက်တစ်ခုလိုဖြစ်ခဲ့တာပဲ…"
ဂိန်းဇ်ဂြိုဟ်မှ လာသော ဒိုင်မင်းရှင်း ကူးပြောင်းသူ မာ့ခ် ဟာဗီယာ။ သူသည် မိစ္ဆာနယ်မြေသို့ ရောက်လာပြီးနောက် ကြေးစားစစ်သားဘဝမှ အနားယူကာ စားဖိုမှူး ဖြစ်လာခဲ့သည်။ ဇာတ်ဝင်ခန်းထဲရှိ ဇာတ်ကောင်တိုင်းတွင် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိကြ၏။
မာ့ခ်က ကျနော့်ကို ပြုံးပြရင်း တော်လှန်ရေး အောင်မြင်ပါစေကြောင်း ဆုတောင်းပေးသည်။ သူသည် Ways of Survival ထဲတွင် သေဆုံးသွားခဲ့ကြသော ရေတွက်မရသည့် အရံဇာတ်ကောင်များထဲမှ တစ်ဦးသာ ဖြစ်သည်။
[စစ်ဝစ်ဇ် ကွပ်မျက်သူက ‘မာ့ခ် ဟာဗီယာ’ အပေါ်တွင် မရဏ အမှတ်အသားကို ထားရှိလိုက်ပါသည်။]
[‘မာ့ခ် ဟာဗီယာ’ အား ဤည၏ ယဇ်ကောင်အဖြစ် သတ်မှတ်လိုက်ပါသည်။]
Ways of Survival တွင် အခန်းပေါင်း ၃၁၄၉ ခန်းအထိ ရှိခဲ့သည်။ အချို့က ဤဇာတ်လမ်းမှာ အလွန်ရှည်လျားပြီး ပျင်းစရာကောင်းသည်ဟု ထင်ကြပေလိမ့်မည်။
「 သို့သော် ကင်ဒေါ့ဂျာအတွက်မူ အခန်းပေါင်း ၃၁၄၉ ခန်းမှာ တိုတောင်းလွန်းလှသည်။ 」
ကျနော်သည် Ways of Survival ကို ဤထက် ပိုရှည်စေချင်ခဲ့သည်။ အခန်းပေါင်းများစွာကို ကျနော် ဖတ်ခဲ့ပြီး ဖြစ်သော်လည်း ဤဇာတ်လမ်းအပေါ် စူးစမ်းလိုစိတ်မှာ ရှိနေဆဲ ဖြစ်သည်။
"မစိုးရိမ်ပါနဲ့။ ခင်ဗျား သေမှာ မဟုတ်ဘူး"
ထို့ကြောင့် ယခုမှစတင်ကာ ကျနော် မဖတ်ရသေးသော အပိုင်းတစ်ခုကို ကျနော် ဖတ်ရှုတော့မည် ဖြစ်သည်။
"ဗစ်ကီ။ ငါသာ သေသွားခဲ့ရင်..."
မာ့ခ်က ရှက်နေသည့်နေဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ခင်ဗျားက ဘာလို့ ဒီလောက်တောင် အသေစောချင်နေရတာလဲ။ ဘယ်သူမှ သေမှာမဟုတ်ဘူး။ အနည်းဆုံးတော့ ကျနော့်ရဲ့ ဇာတ်လမ်းထဲမှာ မသေစေရဘူး"
ကျနော်သည် ကွပ်မျက်သူများ၏ တံစဉ်များကို ခုခံလိုက်ပြီး စွမ်းရည်တစ်ခုကို အသုံးပြုလိုက်သည်။
[သီးသန့်စွမ်းရည် ‘စာမှတ်’ အသက်ဝင်လာပါပြီ။]
[စာမှတ် ၏ ကျွမ်းကျင်မှု မြင့်တက်လာပြီး စာမှတ်အသစ်တစ်ခု ပွင့်သွားပါပြီ။]
"တော်လှန်ရေး သူရဲကောင်း မာ့ခ် ဟာဗီယာကို ဆဌမမြောက် စာမှတ်မှာ ထည့်သွင်းမယ်"
[ဇာတ်ကောင် ‘မာ့ခ် ဟာဗီယာ’ အား ဆဌမမြောက် စာမှတ်တွင် မှတ်ပုံတင်ပြီးပါပြီ။]
[နံပါတ် ၆ စာမှတ် အသက်ဝင်လာပါပြီ။]
[(ကိုယ်ပိုင်စွမ်းရည် အဆင့် ၁) အား အသုံးပြုနိုင်ပါပြီ။]
မျက်လုံးမှိတ်ထားသော မာ့ခ်၏ လည်ပင်းဆီသို့ ကွပ်မျက်သူတစ်ဦး၏ တံစဉ်မှာ ဦးတည်သွားသည်။
[သင်သည် ‘အစောင့်အရှောက်’ ရာထူးကို ယာယီ ရရှိထားပါသည်။]
တံစဉ်၏အမြန်နှုန်းထက် ကျနော့်ဘက်က အနည်းငယ် ပိုမြန်သွားခဲ့၏။
[တစ်စုံတစ်ယောက်က ‘မာ့ခ် ဟာဗီယာ’ ကို ကာကွယ်ရန် ၎င်း၏ ဇီဝစွမ်းအားကို အသုံးပြုလိုက်ပါသည်။]
ကွပ်မျက်သူ၏ တံစဉ်မှာ မာ့ခ်၏ လည်ပင်းနှင့် တစ်လက်မအကွာတွင် ရပ်တန့်သွားသည်။ ပိုက်ကွန်တစ်ခုထဲတွင် ငြိတွယ်သွားသကဲ့သို့ တံစဉ်မှာ တုန့်ခနဲ ဖြစ်သွားခြင်းပင်။ ထိုသို့ဖြစ်သွားခြင်း၏ အဓိပ္ပာယ်ကို နားလည်လိုက်သည့် မာ့ခ်၏ မျက်လုံးများမှာ ဝိုင်းစက်သွားသည်။
[အစောင့်အရှောက်၏ လုပ်ဆောင်ချက် အောင်မြင်ပြီး မရဏ အမှတ်အသားကို ဖယ်ရှားလိုက်ပါပြီ။]
အံ့သြသွားသူမှာ မာ့ခ်တစ်ယောက်တည်း မဟုတ်ပေ။
[အ... စောင့်... အ... ရှောက်... နောက်... တစ်... ယောက်... ရှိ... နေ... တာ... လား...]
မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော အသံကြီး ဖြစ်၏။ ကွပ်မျက်သူများသည် အမှောင်ထုထဲသို့ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကြသည်။ သူတို့၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ မည်သူ့ကိုမျှ သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ကျနော် လုံးဝဥဿုံ စိတ်တိုင်းမကျသေးသော်လည်း ဤမျှဆိုလျှင်တော့ အဆင်ပြေလှပြီ ဖြစ်သည်။
ကျနော် သက်ပြင်းတစ်ချက် ခပ်ဖွဖွချကာ ကျနော့်ကို စိုက်ကြည့်နေကြသည့် ရှင်သန်ကျန်ရစ်သူများကို ဝေ့ဝဲကြည့်လိုက်သည်။ အထူးသဖြင့် ဂျန်ဟာယောင်းနှင့် အိုင်လင်းတို့မှာ မှင်သက်မိနေကြသည်။ သူတို့၏ မျက်နှာအမူအရာများကို ကြည့်ရသလောက် ဤညသည် ကုန်ဆုံးရန် ကြာဦးမည့်ပုံပင်။
[ယနေ့ညတွင် မည်သူမျှ သေဆုံးခြင်း မရှိပါ။]
……………………………………………………………………………………………
မျှော်လင့်ထားသည့်အတိုင်း ဂျန်ဟာယောင်းနှင့် မာ့ခ်တို့က ကျနော့်ကို အလွတ်မပေးကြပေ။
"ခင်ဗျားက တကယ်တော့ ဘာကောင်လဲ"
"မင်းရဲ့ ရာထူးက တကယ်တော့ ဘာလဲ။ မင်းက တကယ့်ကို အစောင့်အရှောက်ပဲလား"
အကယ်၍ အိုင်လင်းသာ အရပ်သားများကို ကြည့်ရှုစောင့်ရှောက်မပေးနေလျှင် ကျနော် ဤထက်ပို၍ စိတ်အနှောင့်အယှက် ဖြစ်ရပေလိမ့်မည်။ ကျနော် ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။
"ကျနော် ပြောပြီးသားပဲ။ ကျနော်က အတုအယောင် တော်လှန်ရေးသမားပါလို့။ ဒါကြောင့် အတုအယောင် အစောင့်အရှောက်လည်း ဖြစ်နိုင်တာပေါ့"
"အခုချက်ချင်း ရှင်းပြစမ်း..."
"ဒါကို ဒီအတိုင်းပဲ ထားလိုက်ပါတော့။ ကျနော် အသေးစိတ်တွေ ထပ်ပြောပြရင် လျှို့ဝှက်ချက်တွေ အများကြီး ပေါက်ကြားသွားလိမ့်မယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်ရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာက ဘယ်လောက် အန္တရာယ်များသလဲဆိုတာ ခင်ဗျားတို့ မသိဘူးလား"
"..."
"ကဲ... ကျနော်ကပဲ ခင်ဗျားတို့ကို အချက်အလက်တွေ ပြောပြလိုက်ပြီ ထားပါတော့။ ခင်ဗျားတို့သာ အဖမ်းခံရပြီး ကျနော့်ရဲ့ အချက်အလက်တွေကို စော်ဘွားဆီ ဖွင့်ပြောလိုက်ရင် ဒီတော်လှန်ရေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ စဉ်းစားကြည့်ဖူးလား"
အမှန်စင်စစ် ဤအကြောင်းပြချက်မှာ ယူဂျွန်ဟော့က တစ်ခုခုကို ရှင်းပြရသည်မှာ စိတ်ပျက်စရာကောင်းသည်ဟု ထင်သည့်အခါတိုင်း အမြဲအသုံးပြုလေ့ရှိသော ဆင်ခြေတစ်ခု ဖြစ်သည်။ ယခု ကျနော်သည် ယူဂျွန်ဟော့အဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ထိုသို့ပြောရန် ဝန်မလေးပေ။
"ကျနော်က ယူဂျွန်ဟော့ ပဲ။ အဲဒါကိုပဲ မှတ်ထားလိုက်ပါ"
「 ယူဂျွန်ဟော့နှင့် တကယ့်ကို တူလာပြီဟု ကင်ဒေါ့ဂျာက ခံစားနေရပါသည်။ 」
ပါးစပ်ပိတ်ထားစမ်း။
「 ယဉ်ယဉ်ကျေးကျေး စကားပြောတတ်သည့် ကင်ဒေါ့ဂျာကို သတိရမိပါသည်။ 」
ကျနော်က Fourth Wall နှင့် စကားနာထိုးနေစဉ် ထိုလူနှစ်ဦးမှာ ကျနော့်ကို နွမ်းလျနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ခေါင်းခါယမ်းကြသည်။
"…မင်းက တကယ့်ကို ကိုင်တွယ်ရ ခက်တဲ့လူပဲ"
ယခုအချိန်လောက်ဆိုလျှင် ကမ္ဘာမြေရှိ ယူဂျွန်ဟော့၏ နားထဲသို့ မက်ဆေ့ချ်တစ်ခု ဝင်ရောက်နေလောက်ပြီ ဖြစ်သည်။ ဤမက်ဆေ့ချ်မျိုး ဖြစ်လောက်ပေမည်။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် သင်၏ ဇာတ်လမ်းကို ဖန်တီးနေပါသည်။]
သူသာ ဉာဏ်ကောင်းလျှင် ဘာတွေဖြစ်ပျက်နေသည်ကို ရိပ်မိသွားပေလိမ့်မည်။ သို့သော် ထိုကိစ္စက အရေးမကြီးပေ။ အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားသဖြင့် ကျနော် အဓိက အကြောင်းအရာကို စတင်ပြောလိုက်သည်။
"အလုပ်ကိစ္စပဲ ပြောကြရအောင်။ ကျနော့်ထင်ထားတာထက် ကျော်လွန်နေတဲ့ အရာတစ်ခု ရှိနေတယ်။ ကစားပွဲရဲ့ စည်းကမ်းချက်တွေကို အသုံးချပြီး တိုက်ခိုက်နေတဲ့သူ တစ်ယောက် ရှိနေတယ်"
"…စစ်ဝစ်ဇ် စော်ဘွားက ဒီလို ကြံစည်တတ်တဲ့သူ မဟုတ်ဘူးလို့ ကြားဖူးတယ်။ စော်ဘွားကိုယ်တိုင်က တိုက်ရိုက် လှုပ်ရှားနေတာလို့ မင်း ထင်လို့လား"
"အဲဒီလိုတော့ မထင်ဘူး။ တခြားတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျနော် ထင်တယ်"
"ဒါပေမဲ့ ဒီညတော့ အဆင်ပြေသွားတာပဲလေ။ အစောင့်အရှောက်ရဲ့ စွမ်းအားကို သုံးနိုင်တဲ့သူ နှစ်ယောက် ရှိနေတာက ကျုပ်တို့ဘက်က ပိုပြီး အသာစီးရတာ မဟုတ်ဘူးလား"
"အဲဒီလိုတော့ မဟုတ်ဘူး။ သူတို့တွေက မနက်ဖြန်ကျရင် အမှတ်အသား ကို သုံးကြတော့မှာ မဟုတ်ဘူး"
"ဘာလို့လဲ"
"ကျနော့်ကို သတ်ဖို့ ခက်ခဲနေတယ်ဆိုရင် သူတို့က လူတွေကို တတ်နိုင်သမျှ များများ ဒဏ်ရာရအောင်ပဲ ကြိုးစားကြလိမ့်မယ်"
"အာ..."
အကယ်၍ အမှတ်အသား ကို အသုံးမပြုပါက ညသည် နေမထွက်မချင်း ကုန်ဆုံးသွားလိမ့်မည် မဟုတ်ပေ။
"ဒီညမှာတင် လူအများကြီး ဒဏ်ရာရခဲ့ပြီးပြီ။ ကျနော်တို့ မနိုင်ခဲ့ဘူး။ ကျနော်တို့ ရှုံးခဲ့တာ"
ယနေ့တွင် လူတွေက ကွပ်မျက်သူတွေကို ထပ်ပြီး ကြောက်တတ်သွားကြလေပြီ။ မနက်ဖြန် ရောက်လာတာနဲ့ လူတွေ၏ သဘောထားက ရှင်းရှင်းလင်းလင်း ဖြစ်လာမည်ဖြစ်သည်။ လူတွေက စော်ဘွားကို ပြန်ပြီး ကြောက်လာကြပြီး တော်လှန်ရေးကိုလည်း ကြောက်လာကြလိမ့်မည်။ ရန်သူတွေက ယခုလို အားနည်းချက်ကို လက်လွှတ်ခံမှာ မဟုတ်ပေ။
မာ့ခ်၏ မျက်နှာမှာ ပိုမိုမှောင်မှောက်သွားပြီး ကျနော့်ကို မေးသည်။
"…ဒါဆို ငါတို့ အခု ဘာဆက်လုပ်ကြမလဲ"
"ကျနော်တို့ ဘာမှ လုပ်ဖို့ မလိုပါဘူး။ တခြားတစ်ယောက်က အရင် စပြီး လှုပ်ရှားလာလိမ့်မယ်လို့ ကျနော်ကတော့ ထင်တယ်"
Ways of Survival ထဲတွင် တော်လှန်ရေးကစားပွဲပေါင်း များစွာကို ကျနော် မြင်တွေ့ခဲ့ဖူးသည်။ အခြေအနေက ဤသို့ ဖြစ်လာလျှင် နောက်ထပ် ဖြစ်ပေါ်လာမည့် အခြေအနေမှာ….
"ဒုတိယမြောက် ရာထူး ပေါ်လာလိမ့်မယ်"
"ဒုတိယမြောက် ဟုတ်လား"
"ဟုတ်တယ်။ တော်လှန်ရေးသမား၊ အစောင့်အရှောက်နဲ့ ကွပ်မျက်သူတွေ မဟုတ်တဲ့ တခြား ရာထူးတစ်ခုပေါ့"
ကျနော် ဤစကားကို ပြောလိုက်ရုံသာ ရှိသေးသည်၊ တစ်စုံတစ်ယောက်က တံခါးကို လာခေါက်သည်။ အိုင်လင်း ဖြစ်၏။
"…တော်လှန်ရေးသမားကြီး၊ ရှင့်ကို လာရှာတဲ့သူ ရှိတယ်"
အိုင်လင်း၏ ထူးထူးခြားခြား တင်းမာနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ရန်သူ၏ လှုပ်ရှားမှု စတင်နေပြီဖြစ်ကြောင်း ကျနော် သိလိုက်ရသည်။
"သူက သူ့ကိုယ်သူ သူလျှို တစ်ယောက်လို့ ပြောနေတယ်"