← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 15 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 15 Ch. 203-204

အခန်း ၂၀၃

- အပိုင်း ၃၈ - အတုအယောင် တော်လှန်ရေးသမား (၅)

သူလျှို...

Ways of Survival ထဲက ‘သူလျှို’ တွေနဲ့ ပတ်သက်တဲ့ စာသားတစ်ခုကို ကျနော် ဖတ်ဖူးသည်။

「 တော်လှန်ရေးကစားပွဲထဲက ရာထူးအားလုံးသည် ‘တော်လှန်ရေးသမား’ သို့မဟုတ် ‘အာဏာရှင်’၏ လက်အောက်တွင် ရှိကြသည်။ သို့ပေသိ တိတိကျကျ သတ်မှတ်ထားလို့မရသော တစ်ခုတည်းသော ရာထူးမှာ ‘သူလျှို’ပင် ဖြစ်၏။ 」

သူလျှိုဆိုသည်မှာ ဤတော်လှန်ရေးကစားပွဲတွင် အန္တရာယ်အရှိဆုံးနှင့် အကောက်ကျစ်ဆုံး ရာထူးပင် ဖြစ်သည်။ ထို့ကြောင့် Ways of Survival ထဲတွင် သူလျှိုကို ယခုလို ဖော်ပြထား၏။

「 သူလျှိုကို ရရှိသောအဖွဲ့ဟာ ဤကစားပွဲတွင် အနိုင်ရပေလိမ့်မည်။」

အချက်အလက်များကို ထိပ်တန်းဦးစားပေးဖြစ်သော တော်လှန်ရေး ကစားပွဲတွင် သူလျှို၏ အဆင့်အတန်းမှာ မြင့်မားလှသည်။ အဘယ်ကြောင့်ဆိုသော် သူလျှိုသည် မိမိသိလိုသောသူ၏ ရာထူးအချက်အလက်ကို စစ်ဆေးနိုင်သောကြောင့် ဖြစ်၏။ တစ်နေ့လျှင် လူ ၁၀ ဦးသာ စစ်ဆေးနိုင်သည်ဟူသော ကန့်သတ်ချက် ရှိသော်လည်း ဤအချက်ကပင် ကစားပွဲတစ်ခုလုံးကို လှုပ်ခါပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။

ယခုအခါ မိမိကိုယ်ကိုယ် သူလျှိုဟု ပြောဆိုသော လူတစ်ယောက်မှာ ကျနော့်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မင်းက ယူဂျွန်ဟော့ လား"

ထိုလူ၏ ပုံပန်းသဏ္ဌာန်မှာ မိစ္ဆာနယ်မြေနှင့် လုံးဝ မအပ်စပ်ပေ။ သူသည် ဝေခွဲရခက်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ မဟုတ်သေး... တိတိကျကျ ပြောရလျှင်...

ဘာဖြစ်လို့ပါလိမ့်။ ဘာလို့ ဒီမျက်နှာကို ရင်းနှီးနေရတာလဲ။

Ways of Survival ထဲမှာ ဒီလိုပုံစံမျိုးကို ငါ မမှတ်မိပါဘူး။

ထိုလူကို ကျနော်ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်။ ငါက ယူဂျွန်ဟော့ပဲ"

ထိုလူ၏ တုံ့ပြန်မှုမှာ သိသိသာသာ ထူးဆန်းနေ၏။

"…ဟင်း။ အဲဒီလိုလား"

ထိုခဏမှာပင် ကျနော် တစ်ခုခုကို သတိပြုမိသွားသည်။

"ဒါနဲ့ မင်းက ငါ့နာမည်ကို သိနေတာပဲ"

ပုံမှန်ဆိုလျှင် သူသည် ကျနော့်ကို တကယ့်တော်လှန်ရေးသမား ဟုတ်မဟုတ် အရင်မေးရမည် ဖြစ်သည်။ သို့သော် သူက ကျနော့်နာမည်မှာ ‘ယူဂျွန်ဟော့’ ဟုတ်မဟုတ်ကိုသာ အရင်ဆုံး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုလူက ပုခုံးတွန့်ပြလိုက်သည်။

"ဟားဟား... ယူဂျွန်ဟော့ဆိုတဲ့နာမည်က နာမည်ကြီးပဲလေ"

ထိုလူသည် သူ၏စကားနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကျနော့်ကို စေ့စေ့ကြည့်နေသည်။ သူသိထားသော တစ်စုံတစ်ရာနှင့် ကျနော့်ပုံစံကို တိုက်ဆိုင်စစ်ဆေးနေသည့်အလား။ ထိုအခါ ကျနော် အသေအချာ သိလိုက်ရသည်။

「 ဤလူသည် ယူဂျွန်ဟော့ကို သိနေသည်။ 」

Ways of Survival ထဲက အကြောင်းအရာတွေကို ကျနော် အမြန် ပြန်စဉ်းစားကြည့်သော်လည်း ခန့်မှန်းရခက်နေသည်။ မူလကပင် ယူဂျွန်ဟော့သည် နောက်ပြန်ဆုတ်သူဖြစ်ပြီး ဤအချိန်သည် သူမိစ္ဆာနယ်မြေသို့ တရားဝင် မဝင်ရောက်မီ အချိန်ဖြစ်၏။

ဤနေရာတွင် ယူဂျွန်ဟော့ကို ကောင်းကောင်းသိနိုင်မည့်သူ မရှိသင့်ပေ။ အကယ်၍ သူက စောင့်ကြည့်လေ့လာရာတွင် ကျွမ်းကျင်သူဖြစ်ပါက ကမ္ဘာမြေ၏ ဇာတ်ဝင်ခန်းကို ကြည့်ပြီး ယူဂျွန်ဟော့ကို မြင်ဖူးနိုင်လောက်သော်လည်း... ထိုသို့ဖြစ်နိုင်ဖို့က ဖြစ်နိုင်ခြေ အလွန်နည်းလှသည်။

ကျနော့်ဘက်က တုံ့ပြန်မှု နှေးကွေးနေသောကြောင့် ဂျန်ဟာယောင်း၊ အိုင်လင်းနှင့် မာ့ခ်တို့မှာ ကျနော့်နှင့် ထိုလူကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့လည်း တစ်ခုခုကို ဗီဇအရ ခံစားမိပုံရသည်။

ပြိုင်ဘက်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိရန် ကျနော် ဆုံးဖြတ်လိုက်သည်။

"မင်း နာမည် ဘယ်သူလဲ"

"ငါက အော်ရီလီယပ်စ် ပါ"

"…အော်ရီလီယပ်စ် ဟုတ်လား"

ကျနော် ခဏတာ တုံ့ဆိုင်းသွားသည်။ ဤနာမည်ကို တစ်နေရာရာတွင် ကြားဖူးသလိုရှိသည်။ ထိုသို့ကြားဖူးခြင်းမှာ Ways of Survivalထဲတွင် ကြားဖူးခြင်းမဟုတ်ဘဲ တခြားတစ်နေရာရာမှာ ဖြစ်၏။

"ထူးဆန်းတဲ့ နာမည်ပဲ"

"လူတွေကတော့ အဲဒီလို ပြောကြတာပဲ"

"ဒါဆို မင်းက သူလျှိုလား"

"ဟုတ်တယ်"

[သီးသန့်စွမ်းရည် ‘မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၃’ အသက်ဝင်လာပါပြီ။]

[တော်လှန်ရေး ဇာတ်ဝင်ခန်းအတွင်းတွင် မုသားထောက်လှမ်းနိုင်စွမ်း စွမ်းရည်ကို အသုံးမပြုနိုင်ပါ။]

...မျှော်လင့်ထားသည့်အတိုင်းပင် ဤစွမ်းရည်က အလုပ်မလုပ်ပေ။ ကျနော် ခန့်မှန်းထားပြီးသား ဖြစ်သည်။

ယူဂျွန်ဟော့၏ ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်မှုတွင် ဤစွမ်းရည် အလုပ်မလုပ်ကြောင်း သိလိုက်ရပြီး စိတ်ပျက်ခဲ့ရသည့် အခန်းတစ်ခန်း ရှိခဲ့သည်။ ကျနော်ကတော့ အခြေအနေကို သိလိုသဖြင့် စမ်းကြည့်လိုက်ခြင်းသာ ဖြစ်၏။

အကယ်၍ မုသားထောက်လှမ်းနိုင်စွမ်းကို လွတ်လပ်စွာ သုံးနိုင်ပါက ဤဇာတ်ဝင်ခန်း၏ ခက်ခဲမှုမှာ အလွန်လွယ်ကူသွားပေလိမ့်မည်။ ကံကောင်းသည်မှာ ကျနော့်ထံတွင် မုသားထောက်လှမ်းနိုင်စွမ်း တစ်ခုတည်း ရှိသည်မဟုတ်ပေ။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်လာပါပြီ။]

ဇာတ်ကောင်စာရင်းကို သုံးရုံဖြင့် ပြိုင်ဘက်၏ ရာထူးအတိအကျကို မသိနိုင်သော်လည်း အနည်းဆုံးတော့ သူသည် အထူးရာထူးတစ်ခုခု ရရှိထားသူ ဟုတ်မဟုတ်ကိုမူ သိနိုင်သည်။

[သက်ဆိုင်ရာပုဂ္ဂိုလ်၏ အချက်အလက်ကို ဇာတ်ကောင်စာရင်းမှ တစ်ဆင့် မကြည့်ရှုနိုင်ပါ။]

[ဤပုဂ္ဂိုလ်အား ဇာတ်ကောင်စာရင်းတွင် မှတ်ပုံတင်ထားခြင်း မရှိပါ။]

...ဘာလဲဟ။

ကျနော် ခဏတာ ဇဝေဇဝါ ဖြစ်သွားသည်။

[သက်ဆိုင်ရာပုဂ္ဂိုလ်၏ အချက်အလက်များကို ထည့်သွင်းနေ ပါသည်။]

[ဤပုဂ္ဂိုလ်၏ အချက်အလက်ကို နောက်လာမည့် ထပ်တိုးအချက်အလက်တွင် ထည့်သွင်းပေးပါမည်။]

ဤကဲ့သို့သော မက်ဆေ့ချ်ကို ကြားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း မမျှော်လင့်ထားသော အခြေအနေပင်။ ထိုလူက ကျနော့်အခြေအနေကို မသိဘဲ မေးလိုက်သည်။

" ဘာဖြစ်လို့လဲ"

ဇာတ်ကောင်စာရင်းနှင့် ဖတ်၍မရသော လူတစ်ယောက်။ ဆိုလိုသည်မှာ ဤလူသည် မူလ Ways of Survival ဝတ္ထုတွင် မပါဝင်ခဲ့သော လူတစ်ယောက် ဖြစ်သည်။ တစ်နည်းအားဖြင့် ဤလူသည် ကျနော် ဖန်တီးလိုက်သော ပြောင်းလဲမှုတစ်ခု ဖြစ်၏။

ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက မိစ္ဆာနယ်မြေလေ၊ ကမ္ဘာမြေမှ မဟုတ်တာ...

ကျနော် တုံ့ဆိုင်းနေစဉ်မှာပင် မာ့ခ်က မေးလိုက်သည်။

"မင်းက ငါတို့ဘက်ကနေ ပါဖို့ လာတာလား"

"ပါဖို့က ဖြစ်လည်းဖြစ်နိုင်သလို မဖြစ်လည်းမဖြစ်နိုင်ဘူး"

" ဘာကို ဆိုလိုတာလဲ"

"ငါက မင်းတို့ကို ကယ်ဖို့ လာတာ။ အခုအတိုင်းဆိုရင်တော့ တော်လှန်ရေးက ပျက်စီးသွားတော့မှာ အထင်အရှားပဲ"

"…စစ်မရောက်ခင် မြှားကုန်အောင်လာလုပ်နေတာလား "

"ငါ နောက်နေတာ မဟုတ်ဘူး။ မင်းတို့အပေါ် လူထုရဲ့ အမြင်က သိပ်မကောင်းလှဘူး။ အပြင်ဘက်ကို မင်းတို့ ကြည့်ပြီးပြီလား "

အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်နေသည်မှာ အတန်ကြာပြီ ဖြစ်သည်။ ရုံးခန်းတံခါးကို လာခေါက်သံ ကြားလိုက်ရသဖြင့် ကျနော်တို့ အပြင်ဘက်သို့ ထွက်ကြည့်လိုက်ကြသည်။ အပြင်သို့ ရောက်သည်နှင့် ကျယ်လောင်သော အော်ဟစ်သံများကို ကြားလိုက်ရသည်။

"တော်လှန်ရေးသမား"

တစ်စုံတစ်ယောက်၏ အော်ဟစ်သံနှင့်အတူ လူပေါင်းများစွာ၏ အကြည့်များက ကျနော့်ထံသို့ စုပြုံရောက်ရှိလာသည်။ လူအင်အား ၁၀၀ ခန့်ရှိသော လူအုပ်ကြီး ဖြစ်သည်။ သူတို့ထဲမှ အချို့က ကျနော့်ကို ဒေါသတကြီး အော်ဟစ်ကြသည်။

"ဒါတွေက မင်းကြောင့်ပဲ။ မင်းသာ မရှိရင် အခုလိုဖြစ်မှာမဟုတ်ဘူး"

"ငါ့ မိန်းမ ဒဏ်ရာရသွားပြီကွ"

အချို့က ကျောက်ခဲများနှင့်ပင် ပစ်ပေါက်ကြသည်။ အမှန်အတိုင်း ပြောရလျှင် ကျနော် အနည်းငယ် အံ့သြသွားသည်။ ထိခိုက်မှုအချို့ ရှိခဲ့သော်လည်း သူတို့ ဤမျှအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားမိပေ။

"သုံးရက်မှ တစ်ခါ ‘ည’ ရောက်တာကမှ ပိုကောင်းသေးတယ်"

တော်လှန်ရေး ဇာတ်ဝင်ခန်း မစတင်မီက ‘ည’ သည် သုံးရက်မှ တစ်ကြိမ်သာ လာလေ့ရှိသည်။ ယခုမူ ‘ည’ သည် နှစ်ရက်ဆက်တိုက် ကျရောက်ခဲ့သည်။ လူများ၏ ကြောက်ရွံ့မှုမှာ မြင့်တက်လာသည်မှာ သဘာဝပင်။

ဂျန်ဟာယောင်းက ထိုလူများကို အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့ ရူးနေကြတာလား... ဘာတွေ လာပြောနေတာလဲ။ ခင်ဗျားတို့က ဒီလောက်တောင် အသုံးမကျဘူးလား။ သုံးရက်နေလို့ တစ်ယောက် သေနေတာကိုပဲ ကျေနပ်နေကြတာလား"

အချို့လူများက ထိုစကားကို ကြားပြီး နောက်ဆုတ်သွားကြသည်။ ဂျန်ဟာယောင်းက ဆက်လက် အော်ဟစ်သည်။

"ဒီလိုပဲ အသက်ရှင်ချင်တယ်ဆိုရင် ဒီစက်မှုဇုန်ကနေ ထွက်သွားလိုက်ကြတော့"

"မင်း... မင်းလို ကလေးက ဘာသိမှာလဲ။ အပြင်ဘက်မှာ ဘယ်လိုရှိလဲဆိုတာ မင်း သိလို့လား"

ထိုအသံများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ဤနေရာတွင် ရှိနေသူတိုင်း ကောင်းကောင်း သိကြသည်။

「 အရပ်သားများသည် စက်မှုဇုန်၏ ဇာတ်ဝင်ခန်းတွင် ပါဝင်နေသူများ ဖြစ်သည်။ အကယ်၍ သူတို့သည် ဤနေရာမှ ထွက်ခွာသွားပါက ဇာတ်ဝင်ခန်း ဧရိယာမှ ထွက်ခွာမှုအတွက် ‘ပြည်နှင်ဒဏ်’ ကို ခံရပေလိမ့်မည်။ 」

ပြည်နှင်ဒဏ်။ မိစ္ဆာနယ်မြေတွင် ပြည်နှင်ဒဏ်မှာ မည်မျှ ကြောက်စရာကောင်းကြောင်း မသိသူ မရှိပေ။

ထို့ကြောင့် လူများသည် သုံးရက်လျှင် တစ်ကြိမ် သေမင်း၏ ကျပမ်းခေါ်ဆိုသည်ကိုပင် ပို၍ နှစ်သက်ကြ၏။ ယခု တော်လှန်ရေးသမား ပေါ်လာသောအခါ ကျပမ်းခေါ်ဆိုသည့် အချိန်ကာလမှာ သုံးရက်မှ တစ်ရက်သို့ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။

"ငါတို့က အခုကစပြီး ‘ည’ ကို နေ့တိုင်းရင်ဆိုင်နေရတော့မှာလား"

"မင်းက ဘာလုပ်ပေးမှာလဲ။ နောင်ကျရင် ဘာတွေ လုပ်ဦးမှာလဲ"

ထိုအော်ဟစ်သံများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။

အိုင်လင်းနှင့် အခြားကောင်စီဝင်များက သူတို့ကို တားဆီးရန် ကြိုးစားကြသော်လည်း လူအုပ်ကြီး၏ လှုပ်ရှားမှုမှာ ပို၍ပင် ပြင်းထန်လာသည်။ ကျနော် ခေါင်းလှည့်ကြည့်လိုက်သောအခါ အော်ရီလီယပ်စ်က ကျနော့်ကို မုန်းတီးဖွယ်ကောင်းသော အပြုံးဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

"အခု ဘာတွေဖြစ်နေလဲဆိုတာ မင်း နားလည်ပြီလား"

အရပ်သားများ၏ ထောက်ခံမှု မရရှိသော တော်လှန်ရေးသမားတစ်ဦးမှာ ရှုံးနိမ့်ရန်သာ လမ်းရှိတော့သည်။

ကျနော် ခါးသီးစွာ ပြုံးလိုက်သည်။

"မင်းက စော်ဘွားဘက်ကပဲ"

"ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းရဲ့ ရွေးချယ်မှုပဲ"

"ဒါဆို မင်းက ဘာကို လိုချင်တာလဲ"

"စော်ဘွားဆီမှာ အရှုံးပေးလိုက်ပါ။ မင်းကလွဲလို့ ကျန်တဲ့သူတွေ အားလုံး အသက်ရှင်နိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ တော်လှန်ရေးက ကျရှုံးတော့မှာပဲလေ"

"ငါက ယဇ်ကောင် အဖြစ်ခံရမှာလား"

"အဲဒီလို ပြောတာ မဟုတ်ပါဘူး။ မင်း အသက်ရှင်ဖို့ နည်းလမ်းကို ငါ ကူညီရှာပေးမှာပါ"

"ဘယ်လိုမျိုးလဲ"

"တကယ်လို့ မင်းက တကယ်ပဲ ယူဂျွန်ဟော့ ဆိုရင် ငါ မင်းကို ကာကွယ်ပေးမယ်"

"စော်ဘွားက ငါ့ကို သတ်ချင်နေတာ မဟုတ်ဘူးလား"

"ငါ့ရဲ့ နောက်ခံက စစ်ဝစ်ဇ် စော်ဘွားထက် အများကြီး ပိုပြီး မြင့်မားတယ်"

စစ်ဝစ်ဇ် စော်ဘွားနှင့်ပင် နှိုင်းယှဉ်၍ မရသော တည်ရှိမှု။ ကျနော်သည် ထိုကမ်းလှမ်းချက်အပေါ် အတော်လေး စိတ်ဝင်စားသွားသည်။ အကယ်၍ ကျနော်သာ ယူဂျွန်ဟော့ မဟုတ်ခဲ့လျှင် ခဏတာ စဉ်းစားမိပေလိမ့်မည်။

"ဒါပေမဲ့ ငါ ငြင်းတယ်"

"ကောင်းပြီလေ။ မင်း နောင်တရလိမ့်မယ်"

နောက်တစ်ခဏတွင် အော်ရီလီယပ်စ်မှာ ပျောက်ကွယ်သွားသည်။ လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သူ့ကို စော်ဘွားဆီ အပ်လိုက်ကြစို့"

"သူ့ကို အပ်လိုက်ရင် ဇာတ်ဝင်ခန်းကို အဆုံးသတ်ပေးမယ်လို့ စော်ဘွားက ပြောတယ်"

"ဒါဆိုရင် ‘ည’ က ထပ်ရောက်လာမှာ မဟုတ်တော့ဘူး"

ထွက်ပေါ်လာသော အသံများမှာ တောမီးပမာ ပျံ့နှံ့သွားသည်။ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ အမှန်တော့ ကျနော် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်က မြင်ဖူးသည်။ ထိုသို့မြင်ခဲ့ဖူးခြင်းက Mino Soft၏ အလုပ်သမား ညှိနှိုင်းမှုတွေတုန်းက ဖြစ်ပေလိမ့်မည်။

"နောက်တစ်ကြိမ် ‘ည’ ရောက်လာရင် အားလုံးဇာတ်သိမ်းသွားလိမ့်မယ်။ အဲဒီမတိုင်ခင် တော်လှန်ရေးသမားကို ဖမ်းရမယ်"

လူအုပ်ကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားကာ လှုပ်ရှားလာကြသည်။ လူများသည် ကြောက်ရွံ့လွန်းသဖြင့် ကျနော့်ကို ပြန်လည် တိုက်ခိုက်လာကြခြင်း ဖြစ်သည်။

" သူ့ကို ဖမ်းကြစမ်း..."

ကျနော် သူတို့ကို ခဏတာ စိုက်ကြည့်နေပြီးနောက် လူအုပ်ကြီးထံသို့ ခြေလှမ်းလှမ်းလိုက်သည်။ ကျနော် မည်သည့် ကြောက်ရွံ့မှုမှမရှိဘဲ ရှေ့သို့ လျှောက်လှမ်းလာသဖြင့် လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ လူများသည် ကျနော့်ကို မထိတွေ့မိစေရန် ဖယ်ပေးကြသဖြင့် ကျနော့်ပတ်ဝန်းကျင်မှာ မောရှေ၏ ပင်လယ်ကိုခွဲချသကဲ့သို့ နှစ်ခြမ်းကွဲသွားသည်။

"ခင်ဗျားတို့က ကွပ်မျက်သူကို အဲဒီလောက်တောင် ကြောက်နေတာလား"

ကျနော်သည် မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို ဆွဲထုတ်ရင်း စကားပြောလိုက်သည်။ ထိုအခါ ယုံကြည်မှုမဲ့ ဓါးသွားမှာ တုန်ခါသွားပြီး ဖြူဖွေးသော အလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။ မှော်စွမ်းအင်များ ပြည့်နှက်နေသော ကျနော့်အသံမှာ ဆူညံနေသော လူအုပ်ကြီးပေါ်သို့ ရေအေးဖြင့် ပက်လိုက်သကဲ့သို့ ငြိမ်ကျသွားစေသည်။ လူအုပ်ထဲမှ အချို့မှာ မှော်စွမ်းအင် လှိုင်းကြောင့် အံ့သြသွားပြီး ဖင်ထိုင်လျက် လဲကျသွားကြကာ အချို့ကမူ နောက်သို့ ဆုတ်သွားကြသည်။ ကျနော်က သူတို့ကို တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"အခုက ‘ည’ မဟုတ်ဘူးဆိုတာကို အားလုံးက မေ့နေကြပုံပဲ"

ကျနော် ဓါးကို လေထဲသို့ မြှောက်လိုက်သည်။ ရွှေနဂါး၏ နှလုံးသားမှ စီးဆင်းလာသော အသန့်စင်ဆုံးဓါးစွမ်းအင် မှော်လှိုင်းမှာ မှောင်မိုက်နေသော ကောင်းကင်ယံကို ဖြူဖွေးသော အလင်းတန်းဖြင့် ပြည့်နှက်သွားစေသည်။ ကျနော်၏ လုပ်ရပ်ကြောင့် လူများမှာ ထိတ်လန့်သွားပြီး အော်ဟစ်ကြသည်။

"ဘ... ဘာလဲဟ..."

"သူက လူတွေကို သတ်ချင်နေတာပဲ"

"အားးး။ တော်လှန်ရေးသမားက အရပ်သားတွေကို သတ်နေပြီ"

လန့်ဖျပ်သွားသော လူများ၏ အော်ဟစ်သံနှင့်အတူ အိုင်လင်း၏ အော်ဟစ်တားဆီးသံကိုလည်း ကြားလိုက်ရသည်။ သို့သော် ကျနော်သည် မည်သည့်အသံကိုမျှ ဂရုမစိုက်ဘဲ လူအုပ်ကြီး၏ အလယ်သို့ ပြေးဝင်သွားလိုက်သည်။ ထို့နောက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်ထံသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ကျနော် ကိုယ်တိုင် ပြေးဝင်ကာ ခုတ်ပိုင်းလိုက်သည်။

"ပထမဆုံး တစ်ယောက်"

သူသည် လူအုပ်ကြီးကို လှုံ့ဆော်ပေးနေသော လူများထဲမှ တစ်ဦး ဖြစ်သည်။ ထိုလူမှာ နှလုံးကို အထိုးခံလိုက်ရသဖြင့် အော်ပင်မအော်နိုင်လိုက်ပေ။ သူသည် ကျနော့်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း သေဆုံးသွားခဲ့သည်။

[သီးသန့်စွမ်းရည် ‘Fourth Wall’ အသက်ဝင်လာပါပြီ။]

လူသတ်လိုက်ရသော ခံစားချက်မှာ ကျနော့်လက်ကို တိုက်စားနေသလို ခံစားရသည်။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုက်ရခြင်းကြောင့် ကျနော် ထိခိုက်ခံစားရသည်မှာ ထင်ရှားသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူမသတ်ဘုရင် ဝိသေသလက္ခဏာကို ထိန်းသိမ်းရန် ကြိုးစားခဲ့ရာမှ ဖြစ်ပေါ်လာသော အလေ့အကျင့်ကြောင့် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ ကျနော် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။ ကျနော်သည် တကယ့်ကို ယူဂျွန်ဟော့ ဖြစ်သွားသည့်အလားပင်။

"ဒုတိယ တစ်ယောက်"

ဓါးသွားမှာ လေထဲတွင် ဝေ့ဝဲသွားပြီး သွေးများ လွင့်စင်သွားသည်။ ဒုတိယမြောက် လူ၏ ဦးခေါင်းမှာ လွင့်ထွက်သွားခဲ့ပြီ ဖြစ်သည်။ သွေးများ လွင့်စင်လာပြီး ကျနော့်အဝတ်အစားများကို စိုရွှဲသွားစေသလို ကျနော့်ပတ်ဝန်းကျင်ရှိ လူများ၏ ကြောက်လန့်နေသော မျက်နှာများကိုလည်း မြင်တွေ့နေရသည်။

ကျနော် ဓါးကို လှုပ်ရှားလိုက်ပြီး နောက်ဆုံးလူ၏ ကျောပြင်ကို ထိုးစိုက်လိုက်သည်။

"နောက်ဆုံး တစ်ယောက်"

တစ်ခဏအတွင်းမှာပင် လူသုံးဦးကို သတ်ဖြတ်လိုက်ပြီးနောက် ကျနော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ပူဆွေးနေသော အရပ်သားများ၏ အဆက်မပြတ် အော်ဟစ်သံများကို ကြားနေရသည်။ အော်ဟစ်နေကြသူများမှာ အရပ်သားများသာ မဟုတ်ပေ။

အိုင်လင်း၊ ဂျန်ဟာယောင်းနှင့် မာ့ခ်တို့သည်လည်း ထို့အတူပင်။ သူတို့မှာ ဘာတွေဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဘဲ သူတို့၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

တော်လှန်ရေးသမားက သာမန်အရပ်သားများကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ကျနော် ဘယ်လိုပင် ရှင်းပြပါစေ ဆွဲဆောင်မှုရှိသော ရှင်းပြချက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော် ၎င်းမှာ ကျနော် ရှင်းပြရန် လုံးဝ မလိုအပ်သော အရာလည်း ဖြစ်သည်။

[တော်လှန်ရေး ဇာတ်ဝင်ခန်းတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါပြီ။]

ရုတ်တရက် ထွက်ပေါ်လာသော မက်ဆေ့ချ်ကြောင့် လူတိုင်းမှာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ထို့နောက် နောက်ဆက်တွဲ မက်ဆေ့ချ်များ ထပ်မံ ထွက်ပေါ်လာသည်။

[ကွပ်မျက်သူ တစ်ဦးအား တစ်စုံတစ်ယောက်က သတ်ဖြတ်လိုက်ပါပြီ။]

[ကွပ်မျက်သူ တစ်ဦးအား တစ်စုံတစ်ယောက်က သတ်ဖြတ်လိုက်ပါပြီ။]

[ကွပ်မျက်သူ တစ်ဦးအား တစ်စုံတစ်ယောက်က သတ်ဖြတ်လိုက်ပါပြီ။]

.

.

[လက်ရှိ ကျန်ရှိနေသော ကွပ်မျက်သူ အရေအတွက် - ၇ ဦး။]

ပေါ်ထွက်လာသော မက်ဆေ့ချ်များကြောင့် လူများ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ လူပေါင်း သုံးဦး သေဆုံးသွားခဲ့ပြီး သေဆုံးသွားသော ကွပ်မျက်သူ အရေအတွက်မှာလည်း သုံးဦးပင် ဖြစ်သည်။

ကျနော့်ကို တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသော လူအုပ်ကြီးမှာ ယခုအချိန်တွင်မူ အလောင်းများထံမှ အော်ဟစ်ကာ နောက်ဆုတ်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသည့်အလားပင်။

"အားးး... "

"က... ကွပ်မျက်သူလား။ သူတို့တွေက ဒီထဲမှာ ပုန်းနေခဲ့တာလား"

"အာရွန်က ကွပ်မျက်သူ ဖြစ်နေတာပဲ။ ဘုရားရေ"

ကွပ်မျက်သူများသည် အရပ်သားများထဲတွင် ရောနှော ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။ ကြီးမားလှသော သစ္စာဖောက်မှုကြီးကို မြင်တွေ့လိုက်ရချိန်တွင် လူအုပ်ကြီးမှာ တဖြည်းဖြည်း သဘောပေါက်လာကြသည်။

ကွပ်မျက်သူများ သေဆုံးသွားခဲ့ပြီ။ မည်သူမျှ အနိုင်မယူနိုင်ဟု ထင်မှတ်ထားခဲ့သော ကွပ်မျက်သူများသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

၎င်းမှာ သူတို့တစ်ခါမျှ မကြုံဖူးသေးသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ဤဇာတ်လမ်းရှေ့မှောက်တွင် လူများသည် မမျှော်လင့်ထားသော နည်းလမ်းများဖြင့် စိတ်ဓာတ်တက်ကြွလာကြသည်။

လူတစ်ယောက်က အရင်ဆုံး ထရပ်ပြီး ဓါးကို ဆွဲထုတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ ဒေါသမာန်ဖြင့် တောက်လောင်နေသည်။

"ဒီ... ဒီခွေးမသားတွေ။ ဒီခွေးမသားတွေကို သတ်ပစ်ကြမယ်ဟေ့"

ကျနော့်ကို ခုနတင်ကမှ ခြိမ်းခြောက်နေခဲ့သော သူများသည် ယခုအချိန်တွင်မူ အလောင်းများကို ဝိုင်းဝန်းနင်းခြေကြလေတော့သည်။ လူအုပ်ကြီး၏ ဟုန်းဟုန်းတောက်နေသော အရှိန်အဝါမှာ ယခင်က ခံစားချက်များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေသည်။ သူတို့အားလုံးသည် ကွပ်မျက်သူများကြောင့် တစ်ခုမဟုတ်တစ်ခု ဆုံးရှုံးခဲ့ရသူများ ဖြစ်ကြသည်။ ယခုလို အလောင်းတွေအား ဝိုင်းဝန်းတိုက်ခိုက်နေခြင်းက စိတ်ပျက်စရာကောင်းသော လက်စားချေမှုတစ်ခု ဖြစ်သော်လည်း သူတို့ တတ်နိုင်သည့် အကောင်းဆုံးလုပ်ရပ်လည်း ဖြစ်သည်။

ကျနော်သည် လူအုပ်ကြားထဲသို့ အေးအေးလူလူ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် လူတစ်ယောက်၏ လည်ပင်းကို လှမ်းဖမ်းလိုက်သည်။

"အု... အား"

"ခင်ဗျားကတော့ လူတွေကို လှုံ့ဆော်တဲ့နေရာမှာ အစွမ်းထက်နေတုန်းပဲကိုး"

ကျနော့်လက်ထဲမှ လွတ်မြောက်ရန် ရုန်းကန်နေသော ထိုလူကို ကျနော် စိုက်ကြည့်လိုက်သည်။

"ဒါနဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒဏ်ရာဒဏ်ချက် တစ်ခုမှ မရှိဘဲ ဖြစ်နေရတာလဲ... ဌာနမှူး ဟန်မြုံအို"

အခန်း ၂၀၄

- အပိုင်း ၃၉ - အမည်မသိတံတိုင်း (၁)

အပြင်ဘက်ကိစ္စများကို ရှင်းလင်းရန် အိုင်လင်း၊ မာ့ခ်နှင့် ဂျန်ဟာယောင်းတို့ကို ထားရစ်ခဲ့ပြီး သတိမေ့နေသည့် ဟန်မြုံအိုကို ရုံးခန်းထဲသို့ ဆွဲခေါ်လာခဲ့သည်။

အမှန်အတိုင်းပြောရလျှင် တကယ်ကို အံ့အားသင့်စရာပင်။ ဟန်မြုံအို အသက်ရှင်နေသေးလိမ့်မည်ဟု ကျနော် တစ်ခါမျှ မတွေးခဲ့ဖူးချေ။

ဌာနမှူး ဟန်မြုံအို။ တတိယမြောက် ဇာတ်ဝင်ခန်းသို့ မရောက်မီ မဟူရာခြေရာခံသူကို သတ်ဖြတ်ခဲ့ပြီးနောက် သူသည် မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်၏ ကျိန်စာတိုက်ခြင်းကို ခံခဲ့ရသည်။ ကျနော် ချွန်မူရိုသို့ မဝင်ရောက်မီကပင် သူ သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ မိစ္ဆာနယ်မြေတွင် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျနော် ဟန်မြုံအိုကို အစည်းအဝေးခန်းရှိ ထိုင်ခုံတစ်ခုပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် အိုင်လင်းထံမှ ငှားလာသော ဇာတ်လမ်းဖိနှိပ်စက်ကို အသုံးပြုလိုက်သည်။

「 ကင်ဒေါ့ဂျာက တွေးလိုက်သည် - ဌာနမှူးက အတော်လေး အိုစာသွားပြီပဲ။ 」

ဟန်မြုံအို၏ မျက်နှာပေါ်တွင် အရေးအကြောင်း သေးသေးလေးများစွာ ရှိနေသည်။ ထို့ပြင် သူ၏ အသားအရေတစ်ခုလုံးမှာလည်း မည်းနက်နေသည်။ အရေးအကြောင်းများကို ဖယ်ထားလျှင်ပင် အသားအရေ အရောင်ပြောင်းလဲမှုမှာ မျိုးစိတ်ပြောင်းလဲခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။ ကျနော် ကြာကြာ စိုက်ကြည့်လေလေ သူ၏ မျက်နှာဟောင်းကို ပို၍ မြင်လာရလေလေ ဖြစ်သည်။ သို့သော်လည်း လူသားတစ်ယောက်၏ အမှတ်အသားများစွာ ပျောက်ကွယ်နေသဖြင့် သေချာမကြည့်လျှင် သိရန်ခက်ခဲလှသည်။

ယူဆန်းအာ၊ လီဂီယောင်၊ ကျနော့်အမေနှင့် ဆောင်းမင်းဝူ... သူတို့သည် ဇာတ်ကောင်စာရင်းကို သုံး၍ အတည်မပြုနိုင်သော လူများ ဖြစ်ကြသည်။

သူတို့အားလုံးသည် ဇာတ်ဝင်ခန်း မစတင်မီ သို့မဟုတ် ဇာတ်ဝင်ခန်း စတင်ချိန်တွင် ကျနော်နှင့် ပတ်သက်ခဲ့သူများ ဖြစ်ကြသည်။ ဟန်မြုံအိုသည်လည်း ထိုသူများထဲမှ တစ်ဦးပင် ဖြစ်သည်။ ကျနော့်ကြောင့် သူတို့သည် ဤကမ္ဘာတွင် ရှင်သန်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့၏ အချက်အလက်များကို ဇာတ်ကောင်စာရင်းဖြင့် ဖတ်၍မရခြင်း ဖြစ်သည်။

"ခင်ဗျား နိုးနေမှန်း ကျနော် သိတယ်။ ထတော့"

"အီး... မင်း..."

ဟန်မြုံအိုဆိုသည့် ထိုသူလျှို၊ မဟုတ်သေး... မိမိကိုယ်ကိုယ် အော်ရီလီယပ်စ်ဟု အမည်ပေးထားသူကို ကျနော်မေးလိုက်သည်။

"အော်ရီလီယပ်စ် ဆိုတဲ့နာမည်ကို ခင်ဗျားကိုယ်တိုင် ရွေးခဲ့တာလား"

"…"

ဟန်မြုံအိုသည် မျက်လုံးများ ပြူးကျယ်သွားပြီး ကျနော့်ရင်ထဲတွင်လည်း သေချာသည့် ခံစားချက်တစ်ခု ပြည့်နှက်သွားသည်။ အော်ရီလီယပ်စ်ဆိုသည့် အမည်သည် ထိုလူမှာ ဟန်မြုံအို ဖြစ်ကြောင်း ကျနော့်ကို အသေအချာ ယုံကြည်သွားစေသည့် အချက်အလက်ပင် ဖြစ်သည်။

「 အင်တာနက်ဝတ္ထု ဟုတ်လား။ ဟေ့… ကင်ဒေါ့ဂျာ... မင်းမှာ ဒီလိုအမှိုက်တွေကို ဖတ်ဖို့ အချိန်တွေ ဒီလောက်တောင် ပေါနေတာလား 」

မီနိုဆော့ဖ်တွင် အလုပ်လုပ်စဉ်က အင်တာနက်ဝတ္ထု ခိုးဖတ်နေရင်း အမိဖမ်းခံရချိန်တွင် ကျနော် ကြားခဲ့ရသော စကားများ ဖြစ်သည်။

「 စာအုပ်ဖတ်မယ်ဆိုရင် ဒီလိုမျိုး ဖတ်သင့်တာကွ။ မင်းရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ချင်ရင် စာအုပ်ကောင်းတွေကိုပဲ ဖတ်စမ်းပါ 」

ထိုစဉ်က ဟန်မြုံအို ကိုင်ထားသော စာအုပ်မှာ မားကပ်စ် အော်ရီလီယပ်စ် ရေးသားသည့် 'Meditations' ဖြစ်သည်။ ထိုစာအုပ်၏ ပထမစာမျက်နှာ အချို့မှာ အရောင်ပင် လွင့်နေပြီ ဖြစ်ပြီး...

"ခင်ဗျားက ဖတ်လို့မရတဲ့ Meditations စာအုပ်ကို အမြဲ ဆောင်ထားတတ်တာလေ။ ခင်ဗျားရဲ့ လှည့်စားမှုကတော့ အခုထိ မပျောက်သေးဘူး"

"မ... မင်းက ဘယ်သူလဲ"

ဟန်မြုံအိုသည် ကျနော့်ကို လုံးဝ မမှတ်မိပေ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် ကြိုတင်၍ မျက်နှာကို ပြောင်းလဲထားသောကြောင့် ဖြစ်၏။ အကယ်၍ ထိုသို့ မလုပ်ခဲ့လျှင် ကျနော်ကိုယ်တိုင်ပင် ထောင်ချောက်ထဲသို့ ဆင်းသက်မိသွားပေ လိမ့်မည်။

ကျနော် ပြုံးလိုက်ရင်း မေးလိုက်သည်။

"ကျနော့်ကို ဘယ်သူလို့ ထင်လဲ"

ထိုအချိန်တွင် ဟန်မြုံအို၏ မျက်လုံးထဲ၌ လက်ခနဲ ဖြစ်သွားသည်။

"မ... မဟုတ်မှလွဲရော..."

မျှော်လင့်ထားသည့်အတိုင်းပင် ဟန်မြုံအိုသည် ဟန်မြုံအိုပင် ဖြစ်သည်။ အရှိန်အဝါဖြင့် ဌာနမှူးဖြစ်လာသူပင် ဖြစ်ပါစေ၊ ရှင်သန်နိုင်ရန်အတွက် သူလည်း တစ်ခုခုတော့ ကြိုးစားရပေလိမ့်မည်။ ဟန်မြုံအို၏ ပွင့်ဟလာသော နှုတ်ခမ်းပေါ်သို့ ကျနော့်လက်ညှိုးကို တင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

"ရှူးးး"

"အု... အု... အု"

"ခင်ဗျား တစ်ခုခု ထုတ်ပြောလိုက်တာနဲ့ ဒီမှာတင် သေသွားလိမ့်မယ်။ ကိုယ့်ဘာသာကိုယ်ပဲ တွေးပါ။ နားလည်လား"

ကျနော်သည် အခြားသော အဆင့်ကျော်လွန်သူတစ်ဦး နားထောင်နေမည်ကို စိုးရိမ်မိသည်။ ဤနေရာတွင် ဒိုကဲဘီ ချန်နယ်များ မရှိပေ။ သို့သော် ချန်နယ်မရှိခြင်းသည် အခြားသော တည်ရှိမှုများက ချောင်းကြည့်၍မရဟု မဆိုလိုပေ။

[ငတုံးကင်ဒေါ့ဂျာအား မိစ္ဆာဘုရင် ‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ က ကြည့်ရှုနေကြောင်း Fourth Wall က ပြောပါသည်။]

ထင်ထားတာထက်ပင် ပိုကောင်းနေ၏။ Fourth Wallက ကျနော့်ကို ဤကဲ့သို့သော အရာမျိုးကိုပင် ပြောပြနိုင်သည်လား။

「 အဟမ်းးး 」

ရာဂနှင့်အမျက်ဒေါသနတ်ဆိုး...

နက္ခတ်များကဲ့သို့ပင် မိစ္ဆာဘုရင်များ၌လည်း ကိုယ်ပိုင် ဘွဲ့အမည်များ ရှိကြသည်။ အမှန်တော့ သူတို့သည် နိမ့်ကျသွားသော နက္ခတ်များသာ ဖြစ်သည်။ အချို့မှာ နက္ခတ်များကို ဆန့်ကျင်သောအားဖြင့် ဘွဲ့အမည်များကို အသုံးမပြုကြသော်လည်း...

ကျနော် မှတ်မိသလောက်ဆိုလျှင် ‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ ဆိုသည်မှာ မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်၏ ဘွဲ့အမည် ဖြစ်သည်။ ဟန်မြုံအိုသည် သူ၏ လက်အောက်ခံ ဖြစ်ပုံရသည်။ ရာဂနှင့်အမျက်ဒေါသနတ်ဆိုး မိစ္ဆာဘုရင်သည် ဟန်မြုံအို၏ အမြင်အာရုံကို မျှဝေခံစားနိုင်သော အဆင့်မြင့် မိစ္ဆာဖြစ်လောက်၏။

"ခိုးကြည့်ချင်တယ်ဆိုရင် ဒင်္ဂါးတွေ ပေးသင့်တယ် မဟုတ်ဘူးလား"

ကျနော်က လေထဲသို့ စကားပြောနေသည်ကို မြင်သောအခါ ဟန်မြုံအို၏ မျက်လုံးများမှာ တစ်ဖန် ပြူးကျယ်သွားပြန်သည်။ ကျနော် မည်သူ့ကို စကားပြောနေသနည်းဆိုသည်ကို သူ သတိထားမိသွားသည်။

လေထဲတွင် လျှပ်စစ်မီးပွား သေးသေးလေးများ ပေါ်ထွက်လာသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက အက်စ်မိုးဒီအက်စ်သည် ကျနော့်အချက်အလက်များကို ရရှိသွားပေလိမ့်မည်။ တစ်နေ့တွင် ကျနော် ကျနော့်ဇာတ်လမ်းကို ထုတ်ဖော်မည့်နေ့ ရောက်လာလိမ့်မည်။ သို့သော် ယခုမူ အချိန်မတန်သေးပေ။

ကျနော် ခဏတာ စဉ်းစားလိုက်ပြီးနောက် အင်္ကျီအိတ်ထဲမှ ဓါးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထိုဓါးမှာ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး ဖြစ်သည်။

အကြွင်းမဲ့ပလ္လင်ကို ဖျက်ဆီးရန် အသုံးပြုခဲ့ပြီးကတည်းက ဤဓါးကို မသုံးဖြစ်သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်၏။ ဤဓါးမှာ ခုနစ်စင်ကြယ်၏ စွမ်းအားကို ငှားရမ်းနိုင်ပါက ကြယ်အမွေအနှစ်အဖြစ်သို့ ခေတ္တပြောင်းလဲနိုင်သော ဓါးဖြစ်သည်။

ဤဓါးသည် နက္ခတ်နှင့် ကြယ်အမွေအနှစ်အကြား ဆက်နွှယ်မှုကို ဖြတ်တောက်နိုင်သော ဓါးလည်း ဖြစ်၏။ မူလက ထိုစွမ်းအားကို ဖော်ထုတ်ရန် ကျနော့်အနေဖြင့် ခုနစ်စင်ကြယ်၏ အကူအညီ လိုအပ်ခဲ့သည်။ ယခုမူ ကျနော်ကိုယ်တိုင် နက္ခတ်တစ်ပါး ဖြစ်လာပြီဖြစ်သဖြင့် သူတို့၏ အကူအညီမပါဘဲ ဤဓါး၏ စွမ်းအားကို အသုံးပြုနိုင်လေသည်။

[ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါးသည် သင်၏ ဇာတ်လမ်းကို တုံ့ပြန်လိုက်ပါပြီ။]

"ပိုက်ဆံမပေးနိုင်ရင်လည်း ထွက်သွားတော့"

ကျနော် ဓါးကို ဟန်မြုံအို၏ ဦးခေါင်းပေါ်တွင် ဝေ့ယမ်းလိုက်သည်။ ကျနော် ဓါးကို ဝေ့လိုက်သည်နှင့် မက်ဆေ့ချ်တစ်ခု ပေါ်လာပြီး လေထဲတွင် ပြင်းထန်သော လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည်။

[မိစ္ဆာဘုရင် ‘အက်စ်မိုးဒီအက်စ်’ နှင့် သူ၏ လက်အောက်ခံအကြား ဆက်သွယ်မှု ခေတ္တပြတ်တောက်သွားပါပြီ။]

ဟန်မြုံအိုသည် အံ့သြရုံထက်ပင် ပို၍ ထိတ်လန့်သွားသည်။ မိစ္ဆာဘုရင်နှင့် သူ၏ ဆက်သွယ်မှုကို ဖြတ်တောက်နိုင်မည့် စွမ်းအားမျိုး ကျနော့်ထံတွင် ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ကျနော် ဟန်မြုံအိုကို သတိပေးလိုက်သည်။

"ဒီမှာ ကျနော့်နာမည်က ယူဂျွန်ဟော့ ပဲ။ နားလည်ရင် ခေါင်းငြိမ့်ပြ"

ဟန်မြုံအိုသည် ကျနော့်ကို ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်နေပြီးနောက် အတန်ကြာ စဉ်းစားပြီးမှ ခေါင်းငြိမ့်ပြသည်။ သူသည် မိမိအသက်ကို တန်ဖိုးထားသူဖြစ်သဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်ခြင်း ဖြစ်လေသည်။ ကျနော် သူ၏ ပါးစပ်ကို လွှတ်ပေးလိုက်သောအခါ ဟန်မြုံအိုသည် မောဟိုက်စွာဖြင့် ကျနော့်ကို မော့ကြည့်သည်။

"ဘ... ဘယ်လိုလုပ်ပြီး... မင်း သေသွားပြီလို့ ငါ အသေအချာ ကြားထားတာ..."

"ကျနော် မသေဘူး။ ဒါကြောင့် အခု အသက်ရှင်နေတာပေါ့"

ထိတ်လန့်နေသော ဟန်မြုံအိုက မေးလိုက်သည်။

"ငါ...င့ါကို ဘာလုပ်မှာလဲ"

"ကြည့်ရမှာပေါ့၊ ကျနော် စဉ်းစားနေတုန်းပဲ"

"ငါ….ငါ့ကိုချမ်းသာပေးပါ။ ငါတို့တွေ အတူတူ ဖြတ်သန်းခဲ့တဲ့ နှစ်တွေက မနည်းပါဘူးကွာ"

"အဲဒီနှစ်တွေထဲမှာ ကျနော့်အတွက်တော့ ကောင်းတဲ့ အမှတ်တရဆိုလို့ တစ်ခုမှ မရှိခဲ့ဘူး"

"ငါ...ငါက သူလျှိုလေ။ မင်းရဲ့ တော်လှန်ရေးကို ငါ ကူညီနိုင်ပါတယ်။ တခြားသူတွေရဲ့ ရာထူးကိုလည်း ငါ မြင်နိုင်တယ်"

ဟန်မြုံအို သူလျှိုဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပုံရသည်။ အမှန်စင်စစ် ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် သူလျှိုဟူ၍ ပေါ်မလာခဲ့ပေ။ ထို့ကြောင့် မထင်မှတ်ထားသော လူတစ်ဦးက သူလျှိုအဖြစ် ပေါ်လာခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

"သူလျှိုကို ကျနော် မလိုဘူး။ ခင်ဗျားမပါဘဲနဲ့လည်း ကွပ်မျက်သူတွေကို ကျနော် ရှာတွေ့ခဲ့တာပဲ"

ကျနော့်စကားကြောင့် ဟန်မြုံအို၏ မျက်လုံးများမှာ တစ်ဖန် ပြန်လည် တုန်လှုပ်သွားသည်။ ထို့နောက် ဟန်မြုံအိုက သူသိချင်နေသော မေးခွန်းကို မေးလိုက်၏။

"ဒါနဲ့... ကွပ်မျက်သူတွေကို မင်း ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ"

ဘာတွေဖြစ်နေသလဲဆိုသည်ကို ကျနော် အကြမ်းဖျင်း သိသော်လည်း ခဏလောက် အရူးလုပ်ခံရန် ဆုံးဖြတ်လိုက်သည်။

"သူတို့တွေ ကွပ်မျက်သူတွေမှန်း ကျနော် မသိပါဘူး..."

"ဘာ... ဒါဆို ဘယ်လိုလုပ်ပြီး..."

ကျနော့်စကားမှာ အမှန်ပင် ဖြစ်သည်။ Ways of Survival ထဲတွင် ကွပ်မျက်သူ အချို့၏ ဖော်ပြချက်များ ပါရှိသော်လည်း ထိုသို့ ဖော်ပြချက်မှာ ဖြတ်ခနဲ ရေးသားသွားခြင်းသာ ဖြစ်သဖြင့် ကျနော် မမှတ်မိတော့ပေ။ ထိုဖော်ပြချက်မျှဖြင့်လည်း လူအုပ်ထဲတွင် ခွဲခြားသိမြင်ရန်မှာ ခက်ခဲလှသည်။

သူတို့မှာ ကွပ်မျက်သူများမှန်း သိ၍ ကျနော် သတ်ခဲ့ခြင်း မဟုတ်ပေ။ သူတို့တွင် အထူးရာထူးတစ်ခု ရှိနေကြောင်း သိရှိရန် စွမ်းရည်တစ်ခုကို အသုံးပြုခဲ့ခြင်းသာ ဖြစ်၏။

「 ထိုအချက်အလက်မှာ ကင်ဒေါ့ဂျာအတွက် လုံလောက်ခဲ့သည်။ 」

ဟန်မြုံအိုက ဘာမှမသိဘဲ အော်ဟစ်လိုက်သည်။

"မင်း သတ်လိုက်တဲ့သူတွေက အပြစ်မဲ့သူတွေ ဖြစ်နိုင်သလို အရေးကြီးတဲ့ ရာထူးရှိတဲ့သူတွေလည်း ဖြစ်နိုင်တာပဲ။ ဟုတ်... ဟုတ်တယ်။ ဥပမာ- တိုက်ခိုက်ရေးသမား ဒါမှမဟုတ်..."

"အပိုတွေ ပြောမနေနဲ့တော့။ တခြားအရာရှိတွေ လာကယ်မှာကို စောင့်ပြီး အချိန်ဆွဲနေတာဆိုရင်တော့... သူတို့ လာမှာ မဟုတ်ဘူး"

"ဟ... ဟားဟား။ ဘာကို ဆိုလိုတာလဲ"

"အရပ်သားတွေ ကြောက်နေတာက ကွပ်မျက်သူတွေကိုပဲ။ သူတို့မရှိရင် အရာရှိတွေက အရပ်သား နယ်မြေထဲကို အလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်မှာ မဟုတ်ဘူး"

အခြေအနေများ မှားယွင်းနေပြီကို သိသွားသောအခါ ဟန်မြုံအို၏ ရုန်းကန်မှုမှာ ပိုမိုပြင်းထန်လာသည်။ သူသည် မျက်လုံးများ နီမြန်းလျက် ကျနော့်ကို စိုက်ကြည့်ကာ အော်လိုက်သည်။

"မင်း ငါ့ကို သတ်ရင် မိစ္ဆာဘုရင်ရဲ့ အမျက်ဒေါသကို ခံရလိမ့်မယ်"

ယခင်က ကျနော်သာဆိုလျှင် ကြောက်လန့်မိပေလိမ့်မည်။

"ကျနော်က မိစ္ဆာဘုရင်ကို ကြောက်မယ့်ပုံ ပေါက်နေလို့လား"

ကျနော်သည် ကျနော်၏ နက္ခတ်အဆင့်အတန်းကို မြှင့်တင်လိုက်သည်။ စက်မှုဇုန်ရှိ စော်ဘွားများနှင့် အခြားမိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်များ သတိမထားမိစေရန် အနည်းငယ်မျှသာ ထုတ်ဖော်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်သဖြင့် ဟန်မြုံအိုကို သတ်ရန် ထိုစွမ်းအားမှာ လုံလောက်မှု ရှိလေသည်။

ဟန်မြုံအိုသည် တုန်တုန်ရီရီ ဖြစ်သွားပြီး နောက်ဆုံးတွင် လက်လျှော့လိုက်တော့သည်။

"မင်း…ဘာကို လိုချင်တာလဲ"

ထိုမေးခွန်းမှာ ကျနော် စောင့်ဆိုင်းနေသော မေးခွန်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဟန်မြုံအိုသည် ဤနေရာမှ မိစ္ဆာများနှင့် အဆက်အသွယ်ရှိခဲ့သူ ဖြစ်၏။ သူ့ကို တတ်နိုင်သမျှ အသုံးချခြင်းက ဉာဏ်ပညာရှိရာ ရောက်ပေလိမ့်မည်။

"တည်ရှိမှု ကတိသစ္စာ တစ်ခု ပြုလုပ်ပါ။ အဲဒါ ဘာလဲဆိုတာ ခင်ဗျား သိတယ် မဟုတ်လား"

"အဲ... အဲဒါက..."

"အသက်ရှင်ချင်ရင် လုပ်လိုက်။ ဒါမှမဟုတ် အပြင်ကို ထွက်သွားပြီး သာမန်လူတွေရဲ့ ဝိုင်းရိုက်သတ်တာကို ခံမလား"

ဟန်မြုံအို သက်ပြင်းချလိုက်သည်။

"ငါ့ကို ဘာတွေ ကတိပေးစေချင်တာလဲ"

"ခင်ဗျား တော်လှန်ရေးမှာ ဝင်မနှောင့်ယှက်ရဘူး။ မုသားမပြောရဘူး။ ကျနော် မေးသမျှကို အမှန်အတိုင်း ဖြေရမယ်၊ ကျနော်နဲ့ စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်ရမယ်"

"…ဘယ်လောက်ကြာကြာလဲ"

"တစ်နှစ်"

"လီး"

ဤကဲ့သို့ ပြင်းထန်သော ကတိသစ္စာမျိုး ပြုလုပ်ရာတွင် အချိန်အကန့်အသတ်တစ်ခု ထားရှိခြင်းက ပိုကောင်းသည်။ အကယ်၍ ထာဝရ ကတိသစ္စာပြုရန် အတင်းအကျပ် ခိုင်းစေပါက ထိုသူမှာ ရူးသွပ်သွားနိုင်ပေသည်။ တစ်နေ့တွင် ကတိသစ္စာ ပြီးဆုံးလိမ့်မည်ဟူသော မျှော်လင့်ချက် ရှိနေပါက တစ်ဖက်လူမှာ ကတိသစ္စာပြုရန် ပို၍ လွယ်ကူသွားမည်ဖြစ်သည်။

"…ကောင်းပြီလေ။ ငါ ကတိပြုပါတယ်"

ဟန်မြုံအို၏ နှလုံးသားမှ လျှပ်စစ်မီးပွားများ ထွက်ပေါ်လာပြီး ကတိသစ္စာမှာ ပြီးမြောက်သွားသည်။

ယခုမူ ဟန်မြုံအိုကို ကျနော် မေးချင်သည့် မေးခွန်းတစ်ခု ရှိသည်။

"ဌာနမှူး ဟန်မြုံအို... ခင်ဗျား ဘယ်လိုလုပ်ပြီး အခုထိ အသက်ရှင်နေတာလဲ"

ဟန်မြုံအိုက သူ၏ ဇာတ်လမ်းကို စတင် ပြောပြတော့သည်။ ချွန်မူရိုတွင် ကျနော်တို့နှင့် ခွဲခွာခဲ့ပြီးနောက် သူ ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ မည်မျှပင် ပင်ပန်းဆင်းရဲခဲ့ရကြောင်းများ...

သူသည် မိမိကိုယ်ကိုယ် တတ်နိုင်သမျှ သနားစရာကောင်းအောင် ပြောဆိုနေသဖြင့် ကျနော်က စကားဖြတ်ပြောလိုက်သည်။

"အရေးကြီးတဲ့ အချက်တွေကိုပဲ ပြောပါ"

"ဘာ... ဘာကို ဆိုလိုတာလဲ"

"အဲဒီတုန်းက ခင်ဗျားဟာ မိစ္ဆာဘုရင်ရဲ့ ကျိန်စာကို မိခဲ့တာ အထင်အရှားပဲ။ ဘယ်လိုလုပ်ပြီး မိစ္ဆာဘုရင်ရဲ့ လက်အောက်ခံ ဖြစ်သွားတာလဲ။ အက်စ်မိုးဒီအက်စ်ဆိုတာ အဲဒီလောက် ရိုးရှင်းတဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး"

မိစ္ဆာဘုရင် ၇၂ ပါးထဲမှ တစ်ဦးဖြစ်သော အက်စ်မိုးဒီအက်စ်။ ဟန်မြုံအို မည်မျှပင် စကားတတ်ပါစေ၊ မိစ္ဆာဘုရင်ကို ဖျားယောင်းနိုင်စွမ်း မရှိပေ။

ထို့အပြင် ဟန်မြုံအိုထံတွင် ထူးခြားသော ဇာတ်လမ်းလည်း မရှိပေ။ မိစ္ဆာဘုရင်များသည်လည်း နက္ခတ်များကဲ့သို့ပင် ပျင်းရိ ငြီးငွေ့တတ်ကြသူများ ဖြစ်၏။ ကုမ္ပဏီကြီးတစ်ခု၏ ဌာနမှူး ဇာတ်လမ်းမျိုးမှာ မိစ္ဆာဘုရင်နှင့် စကားပြောခွင့်ရရန်ပင် မလုံလောက်နိုင်ပေ။

ဟန်မြုံအိုသည် သူ၏ နှုတ်ခမ်းများကို အတော်ကြာအောင် လျက်နေပြီး သူ၏ မျက်နှာမှာ သနားစရာကောင်းလောက်အောင် ပျက်ယွင်းသွားသည်။ ကျနော်က သူ့ကို အတင်းအကျပ် မေးမြန်းတော့မည့် အချိန်တွင် ဟန်မြုံအိုက ပါးစပ်ဟကာ ပြောလိုက်သည်။

"...ငါ ကလေးမွေးခဲ့တယ်"

"ဟမ်"

"ဟင့်... ငါ...ငါ..."

ကျနော် ကြားလိုက်ရသည်မှာ မှားနေသည်ဟု ထင်လိုက်မိသည်။ ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် ဟန်မြုံအိုမှာ အော်ဟစ်ငိုယိုတော့သည်။

"ငါ ကလေးမွေးခဲ့တာပါဆို"

All Chapters