← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 15 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 15 Ch. 205-206

အခန်း ၂၀၅

- အပိုင်း ၃၉ - အမည်မသိတံတိုင်း (၂)

ကံမကောင်းစွာဖြင့် ဟန်မြုံအို၏ စကားများမှာ ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။ အက်စ်မိုးဒီအက်စ်နှင့် ချုပ်ဆိုထားသော စာချုပ်အသေးစိတ်အချို့ကို ထုတ်ဖော်မိခြင်းကြောင့် ဒဏ်ခတ်မှုခံရပြီး ဟန်မြုံအို သတိမေ့သွားခဲ့သည်။ စိတ်လှုပ်ရှားစရာကောင်းနေသည့် အပိုင်းတွင်မှ စကားပြတ်သွားသဖြင့် ကျနော် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။

「 ကင်ဒေါ့ဂျာက တွေးလိုက်သည် - ဘာပဲဖြစ်ဖြစ် မိစ္ဆာဘုရင်တွေနဲ့ နက္ခတ်တွေဟာ ဒီကမ္ဘာကို စပြီးစိတ်ဝင်စားလာကြပြီပဲ။ 」

စွန့်ပစ်ခံဇာတ်ဝင်ခန်းများ၏ နယ်မြေဖြစ်သော မိစ္ဆာနယ်မြေ။ နက္ခတ်များက ကာလရှည်ကြာစွာ လျစ်လျူရှုထားခဲ့သော ဤကမ္ဘာသည် တစ်ဖန်ပြန်၍ အာရုံစိုက်ခြင်း ခံလာရပြီဖြစ်သည်။

– လူသားတွေက သူတို့ကို မယှဉ်နိုင်ဘူး။ သူတို့နဲ့ယှဉ်ရင် ငါတို့တွေက အရေးမပါတဲ့ ပိုးကောင်လေးတွေပဲ

ဟန်မြုံအိုက ဤစကားကို အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။ သူသည် မိစ္ဆာနယ်မြေတွင် လပေါင်းများစွာ ရှိနေခဲ့သူဖြစ်ရာ အဆင့်မြင့်အရာရှိများနှင့် မိစ္ဆာဘုရင်များ၏ အင်အားကို ကောင်းကောင်းသိသည်။

ဤမျှလောက်အထိ မျှော်လင့်ချက်မဲ့နေခြင်းမှာလည်း နားလည်ပေးနိုင်စရာပင်။ အမှန်တကယ်တန်းတွင် အစောပိုင်းကာလ ယူဂျွန်ဟော့ပင်လျှင် မိစ္ဆာနယ်မြေတွင် အတော်လေး ရုန်းကန်ခဲ့ရသည်။ ဟုတ်ပေသည်။ ၎င်းမှာ ယူဂျွန်ဟော့၏ ဇာတ်လမ်းသာ ဖြစ်သည်။ ကျနော်ကတော့ မတူပေ။

တစ်ညလုံး မအိပ်ဘဲ နေခဲ့ရသဖြင့် ကျနော့်ဗိုက်ထဲမှ မြည်သံပေးလာသည်။ ထို့ကြောင့် ကျနော်သည် အရက်ဆိုင်သို့ သွားကာ ရိုးရိုးရှင်းရှင်း ဟင်းပွဲအချို့ ချက်ပေးရန် မာ့ခ်ကို တောင်းဆိုလိုက်သည်။

ဂျန်ဟာယောင်းသည် စားပွဲတစ်ခုတွင် ငိုင်တိုင်တိုင် ထိုင်နေသည်။ ကျနော် သူ့အနားသို့ အသာအယာ ချဉ်းကပ်ကာ ထိုင်ချလိုက်သည်။

"ဟိတ်"

"ခင်ဗျားကတော့ အမြဲတမ်း ဒီလိုပဲ"

ဂျန်ဟာယောင်းက မျက်နှာကိုမဲ့ရွဲ့ကာ ကျနော့်ကို စိုက်ကြည့်ပြီး အော်လိုက်သည်။

"ဘာလဲ။ ဘာလဲ။ ဘာပြဿနာတွေ ထပ်ဖန်တီးဦးမလို့ လာတာလဲ"

"ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ"

"…ထားလိုက်ပါတော့"

"ဘာလို့လဲ။ ဘာဖြစ်လို့လဲ"

ဂျန်ဟာယောင်းသည် ကျနော့်မေးခွန်းကို အလွယ်တကူ မဖြေနိုင်ဘဲ ရှေ့ရှိ ပန်းကန်ပြားကိုသာ စိုက်ကြည့်နေသည်။ သူ့ကို အတင်းအကျပ် မေး၍မရမှန်း သိသဖြင့် ကျနော် ငြိမ်၍သာ စောင့်နေလိုက်သည်။

မာ့ခ်က ဂျန်ဟာယောင်းနှင့် ကျနော့်ကြားကို ဟိုကြည့်ဒီကြည့် လုပ်နေသည်။ သူ ဘာတွေးနေသည်ကို မသိရသော်လည်း ရုတ်တရက် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ အတန်ကြာမှ ဂျန်ဟာယောင်းက ပါးစပ်ဟလာသည်။

"ခင်ဗျားက ဘာလို့ ကျုပ်ကို တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ခိုင်းတာလဲ"

"ဟမ်"

"ကျုပ်က အစောင့်အရှောက်လည်း မဟုတ်သလို တော်လှန်ရေးသမားလည်း မဟုတ်ဘူး။ အိုင်လင်းလိုမျိုး အရပ်ဘက်ကောင်စီရဲ့ ဥက္ကဋ္ဌလည်း မဟုတ်ဘူးလေ"

[ဇာတ်ကောင် ‘ဂျန်ဟာယောင်း’ က ‘နုံးချည့်ခြင်း အဆင့် ၄’ ကို အသုံးပြုလိုက်ပါသည်။]

[ဇာတ်ကောင် ‘ဂျန်ဟာယောင်း’ က ‘မိမိကိုယ်ကိုယ် မုန်းတီးခြင်း အဆင့် ၁၀’ ကို အသုံးပြုလိုက်ပါသည်။]

ချီး... စနေပြီပဲ။

ကျနော် ခဏတာ မေ့သွားခဲ့သည်။ ယူဂျွန်ဟော့က ‘နောက်ပြန်ဆုတ်ခြင်း စိတ်ဓာတ်ကျရောဂါ’ ခံစားနေရသည်ဆိုလျှင် ဂျန်ဟာယောင်းကတော့ ပြင်းထန်သော ‘မိမိကိုယ်ကိုယ် မုန်းတီးခြင်း’ကို ခံစားနေရသူ ဖြစ်၏။

Ways of Survival ထဲက အဓိကဇာတ်ကောင်တွေထဲမှာ စိတ်မှန်တဲ့သူ တစ်ယောက်မှ မရှိဘူးဟု ကျနော် တွေးလိုက်မိသည်။

သေးငယ်သော ပုခုံးလေးများမှာ တုန်ရီနေလေသည်။ သူ့ပုခုံးကို ပုတ်ပေးလိုက်လျှင် သက်သာသွားနိုင်သော်လည်း သူကတော့ နှစ်သိမ့်မှုရလိမ့်မည် မဟုတ်ပေ။

[ဇာတ်ကောင် ‘ဂျန်ဟာယောင်း’ အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]

ဂျန်ဟာယောင်းက ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသည်။ သူသည် ပြီးခဲ့သောအဖြစ်အပျက်နှင့်ပတ်သတ်ပြီး ရှင်းလင်းစရာရှိသည်ကို လိုက်လံရှင်းလင်းနေသော အိုင်လင်းကို ကြည့်နေပုံရသည်။ ဂျန်ဟာယောင်းက ထပ်ပြောသည်။

"…ညက ပြန်ရောက်လာဦးမှာပဲ။ ခင်ဗျားက လူတွေကို ဆက်ပြီး ကာကွယ်ပေးနိုင်ပါ့မလား"

"မသေချာဘူး"

ကျနော် အမှန်အတိုင်း ဖြေလိုက်သည်။

"ကွပ်မျက်သူအားလုံးကို ငါ မသိဘူး။ မနက်ဖြန် ‘ည’ မရောက်ခင် သူတို့အားလုံးကို ဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ဖမ်းမမိသေးသည့် ကွပ်မျက်သူ ခုနစ်ဦး ကျန်ရှိနေသေးသည်။

အကယ်၍ ထိုခုနစ်ဦးက စိတ်ပိုင်းဖြတ်ပြီး လူတွေကို စတင်တိုက်ခိုက်လာလျှင် မနက်ဖြန်ညသည် သွေးချောင်းစီးပွဲ ဖြစ်သွားပေလိမ့်မည်။ ဂျန်ဟာယောင်း မျှော်လင့်ချက် မကုန်ဆုံးစေရန် ကျနော် ထပ်လောင်းပြောလိုက်သည်။

"ဒါကို တားဆီးဖို့ တခြားနည်းလမ်းမရှိဘူး။ ငါတို့တွေ ‘တိုက်ခိုက်ရေးသမား’ ကို ရှာရမယ်"

တိုက်ခိုက်ရေးသမားဆိုသည်မှာ ‘ည’ အချိန်အတွင်း ကွပ်မျက်သူကို ရင်ဆိုင်နိုင်သည့် တစ်ခုတည်းသော ရာထူး ဖြစ်သည်။ အကယ်၍ ထိုရာထူးပိုင်ရှင်ကို ရှာတွေ့နိုင်လျှင် အခြေအနေကို ပြန်လည်ထိန်းသိမ်းရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့သော်လည်း ဟင်းချက်နေသော နေရာမှ မာ့ခ်က ဝင်ပြောလိုက်သည်။

"…စိတ်မကောင်းပေမဲ့ တိုက်ခိုက်ရေးသမား ရှိလာမှာ မဟုတ်ဘူး"

"ဘာလို့လဲ။ မာ့ခ်... ခင်ဗျား ဒါကို ဘယ်လိုသိတာလဲ"

"‘တိုက်ခိုက်ရေးသမား’ ရဲ့ စွမ်းရည်တွေကို လက်ဆင့်ကမ်းပေးမယ့် မျိုးဆက်ဟောင်းတွေ တစ်ယောက်မှ မကျန်တော့လို့ပဲ"

တခြားအနေအထားများနှင့် မတူဘဲ တိုက်ခိုက်ရေးသမားမှာ ‘ဆက်ခံခြင်း’ မှတစ်ဆင့်သာ ရရှိနိုင်သည်။ မာ့ခ်က ဆက်ပြောသည်။ "ယခင်တော်လှန်ရေးသမားကို ကာကွယ်ရင်း တိုက်ခိုက်ရေးသမား သေဆုံးသွားပြီးကတည်းက ဆက်ခံမယ့်သူ မရှိတော့ဘူး"

ဤအချက်အလက်ကို ကျနော် သိပြီးသားဖြစ်သည်။ အမှန်စင်စစ် ဤစက်မှုဇုန်တွင် တိုက်ခိုက်ရေးသမား မရှိပေ။ မူရင်းဝတ္ထုထဲတွင် ယူဂျွန်ဟော့သည် ဤအချက်ကြောင့် အတော်လေး ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ မာ့ခ်ပေးလာသော ဆန်းဒဝစ်ကို ကျနော် တစ်ကိုက် ကိုက်လိုက်သည်။

"ဆက်ခံမယ့်သူ မရှိရင်လည်း အသစ်တစ်ယောက် ဖန်တီးရမှာပေါ့ဗျာ။ တခြား တိုက်ခိုက်ရေးသမားဆီကနေ အဲဒီရာထူးကို လွှဲပြောင်းယူလိုက်မယ်လေ"

"ငါ သိထားသလောက်တော့ ၇၃ ခုမြောက် မိစ္ဆာနယ်မြေမှာ တိုက်ခိုက်ရေးသမားတစ်ယောက်မှ မကျန်တော့ဘူး"

"ကျနော်က မိစ္ဆာနယ်မြေထဲမှာ ရှာမှာမှ မဟုတ်တာ"

"ဟမ်"

ကျနော်က ဂျန်ဟာယောင်းဘက်ကို လှည့်ကြည့်လိုက်သည်။ ယခု အချိန်တန်ပေပြီ။ ဘာမှမသိဘဲ ကြောင်ကြည့်နေသည့် ဂျန်ဟာယောင်းကို ကျနော် ပြောလိုက်သည်။

"ဟေး... တံတိုင်းနဲ့ စကားပြောကြည့်လိုက်"

"ဘာ... ဘာကို ဆိုလိုတာလဲ"

"မင်းမှာ 'တံတိုင်း' တစ်ခု ရှိတယ်။ မင်း တစ်ခုခုကို သင်ယူဖို့ ကြိုးစားတိုင်း အဲဒီတံတိုင်းက မင်းကို ပိတ်ဆို့ထားတာ"

"အဲ... အဲဒီတံတိုင်းအကြောင်းကို ခင်ဗျား ဘယ်လိုသိတာလဲ"

လန့်သွားသော ဂျန်ဟာယောင်းက ကျနော့်ကို စိုက်ကြည့်လာသည်။

"ငါ့မှာ သိနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်"

ကျနော်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

တခြားလူတွေ မသိနိုင်သော်လည်း ဂျန်ဟာယောင်းမှာ 'တံတိုင်း' တစ်ခု ရှိ၏။ အတိအကျ ပြောရရင် 'အမည်မသိတံတိုင်း'ဟု ခေါ်သော တံတိုင်းမျိုး ဖြစ်သည်။ ထိုတံတိုင်းသည် ယခုထက်ထိ ဂျန်ဟာယောင်း၏ တိုးတက်မှုကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်လေသည်။

"အဲဒီတံတိုင်းကြောင့်ပဲ မင်းဟာ ဘာစွမ်းရည်မှ မတတ်ခဲ့တာ မဟုတ်လား။ အဲဒါကြောင့် မင်းက အခုလို ဖြစ်နေတာ။ နုံးချည့်နေတာတို့၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေတာတို့မျိုးလေ..."

"ဘာ... ဘာပြောတယ်"

"အဲ့ဒီတံတိုင်းကို ပါရမီတံတိုင်းလို့ မင်း ထင်နေမှာ ငါ သိတယ်။ ဒါပေမဲ့ အဲ့ဒါက ပါရမီတံတိုင်း မဟုတ်ဘူး။ အဲ့ဒီတံတိုင်းက တခြား ရည်ရွယ်ချက်တစ်ခုအတွက် ရှိနေတာ"

"နေပါဦး... ခင်ဗျား ဘယ်လိုလုပ်ပြီး...သိနေတာလဲ"

"ဘာပဲဖြစ်ဖြစ်၊ မြန်မြန် စကားပြောကြည့်လိုက်။ မင်းက အဲဒီတံတိုင်းနဲ့ ဆက်သွယ်လို့ ရတယ်"

တံတိုင်းနှင့် စကားပြောလို့ရသည်ဆိုသော စကားကြောင့် ဂျန်ဟာယောင်း၏ မျက်နှာက နီရဲသွားသည်။ မစိုးရိမ်ဖို့ ကျနော် သူ့ကို ပြောချင်သော်လည်း ကျနော်ကိုယ်တိုင်လည်း တံတိုင်းနှင့် စကားပြောရသော အခြေအနေမှာ အတူတူပဲ ရှိနေလေသည်။ ဂျန်ဟာယောင်းက တွေဝေနေပြီးမှ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ကာ ပြောလိုက်သည်။

"အဲ... အဲဒါက..."

"မြန်မြန်လုပ်"

ခဏအကြာမှာတော့ ဂျန်ဟာယောင်းက စွမ်းရည်ကို စတင် အသုံးပြုလိုက်သည်။

[ဇာတ်ကောင် ‘ဂျန်ဟာယောင်း’ က ‘အမည်မသိတံတိုင်း အဆင့် ၁’ ကို အသုံးပြုလိုက်ပါသည်။]

ဂျန်ဟာယောင်း၏ သူငယ်အိမ်တွေမှာ ဖြူဖွေးသွားသည်။ ကျနော်တော့ မမြင်ရသော်လည်း ဂျန်ဟာယောင်း၏ အမြင်ထဲတွင် သူ့ကို အဖြူရောင်တံတိုင်းကြီးတစ်ခုက ဝန်းရံထားတာကို မြင်နေရပေလိမ့်မည်။

ဘာစာသားမှ ရေးမထားတဲ့ ဖြူစင်သော တံတိုင်းကြီး။ စွမ်းရည်တစ်ခု သင်ယူဖို့ ကြိုးစားတိုင်း ထိုကဲ့သို့တံတိုင်းကြီးက ပိတ်ဆို့နေမည်ဆိုပါက ဂျန်ဟာယောင်းမှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားရတာ မထူးဆန်းပေ။

ဂျန်ဟာယောင်းက ဂရုတစိုက်ဖြင့် ပြောလိုက်သည်။

"ဟိုလေ... ဆရာတံတိုင်းကြီး"

အံ့သြစရာကောင်းတာက ဂျန်ဟာယောင်း စကားပြောလိုက်သော ခဏမှာပဲ ကျနော့်ဆီမှာလည်း မက်ဆေ့ချ်တစ်ခု ပေါ်လာလေသည်။

[‘အမည်မသိတံတိုင်း’ သည် ရှုံ့တွနေသော အမူအရာကို ထုတ်ဖော်ပြသနေပါသည်။]

ဘာကြောင့်လဲဆိုတာ ကျနော် မသိသော်လည်း ကျနော့်မှာလည်း အလားတူ 'တံတိုင်း' တစ်ခု ရှိနေလို့ ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကောင်းတဲ့ လက္ခဏာပင်။

[‘အမည်မသိတံတိုင်း’ သည် သူ၏ သခင်ကို ကြည့်နေပါသည်။]

[‘အမည်မသိတံတိုင်း’ က ပြောပါသည် - မင်းက အခုထိ အရည်အချင်း မပြည့်သေးဘူး။]

မျှော်လင့်ထားသည့်အတိုင်း မူရင်းဝတ္ထုထဲကကဲ့သို့ပင် တော်တော်လေး စိတ်ကြီးသော တံတိုင်းပင်။ သို့ပေသိ ဝင်ပြောဖို့ ကျနော်အဆင်သင့် ရှိနေလေသည်။

"ဟေ့... အဲဒီလို မလုပ်ဘဲ ခွင့်ပြုချက် ပေးလိုက်စမ်းပါ။ မင်းသာ မကူညီရင် မင်းရဲ့ ကလေးက သေသွားလိမ့်မယ်ကွ"

ကျနော်၏ ရုတ်တရက် ထွက်လာသော စကားကြောင့် ဂျန်ဟာယောင်းက အံ့သြသွားပြီး ကျနော့်ကို စိုက်ကြည့်သည်။ နောက်တစ်ခဏမှာတော့ အမည်မသိတံတိုင်းက စကားပြောလာသည်။

[‘အမည်မသိတံတိုင်း’ က ပြောသည် - မင်းက ဘယ်သူလဲ]

[‘အမည်မသိတံတိုင်း’ က ပြောသည် - မင်းက ငါ့အသံကို ဘယ်လိုလုပ် ကြားနိုင်တာလဲ]

"ငါ ဘယ်သူလဲဆိုတာ အရေးကြီးပါဘူး။ ခွင့်ပြုချက်ပဲ ပေးလိုက်ပါ။ အဆင့် ၁ ဆိုရင် အခြေခံ လုပ်ဆောင်ချက်တွေ သုံးလို့ရတာပဲ မဟုတ်လား။ ဘာလို့ သူ့ကို ပိတ်ဆို့ထားရတာလဲ"

[‘အမည်မသိတံတိုင်း’ သည် မျက်မှောင်ကြုတ်နေပါသည်။]

ကျနော့်စကားကြောင့် အမည်မသိတံတိုင်းမှာ ဒေါသထွက်သွားပြီး ဂျန်ဟာယောင်း၏ ပတ်ပတ်လည်တွင် လျှပ်စစ်မီးပွားတွေ ပေါ်လာသည်။ ဖြစ်နိုင်စွမ်း၏ ဖိအားတွေက နက္ခတ်တစ်ပါးဖြစ်သော ကျနော့်အပေါ်ကိုပါ သက်ရောက်လာသည်။ ဒဏ္ဍာရီအဆင့် ဂုဏ်အင်္ဂါရပ်တွေက တကယ်ပဲ မတူညီလှပေ။

...ဒါက ငါ ထင်ထားသလို မလွယ်ကူလှဘူးပဲ။

ဂျန်ဟာယောင်းဆီကနေ နောက်ကို ခြေတစ်လှမ်း ကျနော်ဆုတ်လိုက်သည်။

လေထဲတွင် ရုတ်တရက် ပေါ်လာတဲ့ လျှပ်စစ်မီးပွားတွေကြောင့် မာ့ခ်နှင့် ဆိုင်ထဲက တခြားဖောက်သည်တွေ အံ့အားသင့်သွားကြသည်။ သူတို့ကို ဆိုင်အပြင်ဘက် ရွှေ့ခိုင်းလိုက်ပြီးမှ ကျနော် ပြန်ပြောလိုက်သည်။

"မင်းက ဒီအတိုင်း ဆက်လုပ်နေဦးမှာလား။ ဒါက မင်းအတွက် မကောင်းဘူးနော်။ သူ သေသွားရင် မင်းက အိမ်ရှင်အသစ် ထပ်ရှာနေရဦးမှာ မဟုတ်လား"

ဖြစ်နိုင်စွမ်း လျှပ်စစ်မီးပွားတွေ တစ်ဖန် ပေါ်လာပြန်သည်။ ဂျန်ဟာယောင်းသည် နက္ခတ်တစ်ပါး မဟုတ်သော်လည်း စွမ်းရည်တစ်ခုတည်းဖြင့် ယခုလောက်အထိ အင်အားထုတ်ဖော်နိုင်ခြင်းက သူ၏ အစွမ်းအစက မည်မျှပင် ကြီးမားသနည်းဆိုတာကို သက်သေပြနေခြင်းပင်။ ထို့ကြောင့် ကျနော့်အနေဖြင့် ဂျန်ဟာယောင်းကို ဒီနေရာမှာတင် နိုးထစေဖို့ လိုအပ်၏။

[‘အမည်မသိတံတိုင်း’ က ပြောသည် - မင်းက တော်တော် ရိုင်းစိုင်းတာပဲ။]

ဂျန်ဟာယောင်း၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသော လျှပ်စစ်မီးပွားတွေက ပိုပြီး ပြင်းထန်လာသည်။ တုံ့ပြန်မှုက ဒီလောက်အထိ ဖြစ်လာမယ်ဟု ကျနော် မသိခဲ့သောကြောင့် အနည်းငယ် တွေဝေသွားမိသည်။ ဤနေရာတွင် ဖြစ်နိုင်စွမ်း မုန်တိုင်းငယ်လေးတစ်ခု ဖြစ်ပေါ်တော့မယ်ဟု ကျနော် ထင်လိုက်မိသော ခဏမှာပင်...

[သီးသန့်စွမ်းရည် ‘Fourth Wall’ သည် အားကောင်းစွာ နိုးထလာပါသည်။]

ကျနော့်ပတ်ပတ်လည်က လျှပ်စစ်မီးပွားတွေမှာ ချက်ချင်း ငြိမ်သက်သွားသည်။ အတိအကျ ပြောရလျှင် ပိုကြီးမားသော လျှပ်စစ်မီးပွားတစ်ခုက ပတ်ဝန်းကျင်က လျှပ်စစ်မီးပွားတွေကို ဝါးမြိုလိုက်သလိုမျိုး ဖြစ်သွားခြင်း ဖြစ်၏။

[Fourth Wall က အမည်မသိတံတိုင်းကို နှုတ်ဆက်လိုက်ပါသည်။]

[‘အမည်မသိတံတိုင်း’ သည် အံ့အားသင့်သွားပါသည်။]

ကျနော်လည်း တုန်လှုပ်သွားမိသည်။

'တံတိုင်း' အချင်းချင်း စကားပြောလို့ ရတာလား။

[Fourth Wall က အမည်မသိတံတိုင်းကို ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်လိုက်ပါသည်။]

ဂျန်ဟာယောင်း၏ မျက်နှာမှာ ဖြူဖျော့ရာကနေ ပြန်နီလာသည်။ သူလည်း ဒီမြင်ကွင်းကို မြင်နေရသည်မှာ သေချာ၏။

Fourth Wall က ပြောလိုက်သည်။

「 သူ ငယ် ချင်း 」

[အမည်မသိတံတိုင်းသည် တုန်လှုပ်လာပါသည်။]

တံတိုင်းတွေအကြား ဘာတွေ ဆက်သွယ်နေကြသလဲ ကျနော် မသိသော်လည်း နှုတ်ဆက်လိုက်ရုံမျှဖြင့် ဂျန်ဟာယောင်း ပတ်လည်က လေထုဟာ ထူးဆန်းသော ပုံသဏ္ဌာန်တွေအဖြစ် ပျက်ယွင်းလာ၏။

[‘အမည်မသိတံတိုင်း’ က ပြောသည် - မင်းက... မင်းက ဘာလဲ...]

ကျနော့်ပတ်ပတ်လည်က လေထုကလည်း တုန်ခါနေသည်။ Fourth Wallသည် ပုံမှန်နှင့် မတူသော ပုံစံမျိုးဖြင့် လှုပ်ရှားနေသည်။

ကျနော် ကောင်းကောင်း ဖော်ပြလို့ မရသော်လည်း တစ်ခုတော့ သေချာသည်။ Fourth Wallသည် ဒေါသထွက်နေပုံရ၏။

[‘အမည်မသိတံတိုင်း’ သည် နာကျင်မှုကြောင့် ညည်းတွားနေပါသည်။]

[‘အမည်မသိတံတိုင်း’ သည် နာကျင်မှုကြောင့် ညည်းတွားနေပါသည်။]

[‘အမည်မသိတံတိုင်း’ သည် နာကျင်မှုကြောင့် ညည်းတွားနေပါသည်။]

တောက်ပသော လျှပ်စစ်မီးပွားတွေ ထွက်ပေါ်လာပြီး ဂျန်ဟာယောင်းက သူ့ခေါင်းကို ကိုင်ကာ အော်ဟစ်လိုက်သည်။ အချိန် ဘယ်လောက် ကုန်ဆုံးသွားသလဲ မသိရသော်လည်း လေးလံသော ခံစားချက်ကြီးနှင့်အတူ အမည်မသိတံတိုင်းဆီကနေ မက်ဆေ့ချ်တစ်ခု ရောက်လာ၏။

[‘အမည်မသိတံတိုင်း’ က ပြောသည် - မ... မင်းက ဘယ်သူလဲ]

……………………………………………………………………………………………..

အမှန်အတိုင်းပြောရလျှင် ဂျန်ဟာယောင်း၌ အဘယ်ကြောင့် ဤကဲ့သို့သော တံတိုင်းမျိုး ရှိနေရသနည်းဆိုသည်ကို ကျနော် လုံးဝမသိပေ။ ‘Ways of Survival’ ထဲ၌လည်း ‘အမည်မသိတံတိုင်း’ ဆိုသည်မှာ ဘာလဲဆိုသည်ကို အတိအကျ ရှင်းပြမထားခဲ့ပေ။ ဇာတ်သိမ်းပိုင်းရောက်လျှင်တော့ ဖော်ပြပေးလိမ့်မည်ဟု ကျနော် ထင်ခဲ့သော်လည်း...

သို့ပေသိ ဤတံတိုင်း၏ မူလဇစ်မြစ်ကို ခန့်မှန်း၍မရနိုင်ဟုတော့ မဆိုလိုပေ။ ဤတံတိုင်း၏ တည်ရှိမှုမှာ ဂျန်ဟာယောင်း နယ်ပယ်မကူးပြောင်းခင်က သူလုပ်ခဲ့သော အလုပ်နှင့် ဆက်စပ်နေနိုင်သည်ဟု ခန့်မှန်းရသည်။

"ဒါမျိုး ကျုပ် တစ်ခါမှ မမြင်ဖူးဘူး..."

ဂျန်ဟာယောင်းသည် အလွန်အမင်း ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် လေထဲသို့ စိုက်ကြည့်နေသည်။

[အမည်မသိတံတိုင်းက သူ၏သခင်အဖြစ် ကိုယ်စားလှယ် ‘ဂျန်ဟာယောင်း’ ကို အသိအမှတ်ပြုလိုက်ပြီဖြစ်ပါသည်။]

လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးသော်လည်း Fourth Wall ၏ အကူအညီကြောင့် ဂျန်ဟာယောင်းသည် အမည်မသိတံတိုင်း၏ အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့သည်။ ထို့နောက် ဂျန်ဟာယောင်း၏ရှေ့၌ ပထမဆုံးအကြိမ်အဖြစ် ဇယားအသစ်တစ်ခု ပေါ်လာတော့သည်။

[သင် မက်ဆေ့ချ်ပို့လိုသော တည်ရှိမှု၏ ဘွဲ့အမည် သို့မဟုတ် နာမည်ကို ရိုက်ထည့်ပါ။]

Fourth Wall ၏ ကျေးဇူးကြောင့် ထိုမက်ဆေ့ချ်ကို ကျနော်လည်း မြင်နေရသည်။ ဂျန်ဟာယောင်းက ကျနော့်ကို စိုက်ကြည့်ပြီး မေးသည်။

"…ဒါ... ဒါက ဘာကြီးလဲ။ ကျုပ်က ဘာရိုက်ထည့်ရမလဲ"

အမှန်တကယ်တန်းတွင် ဤစွမ်းရည်ကြောင့်ပင် ကျနော်က ဂျန်ဟာယောင်းကို ကျနော့်နောက် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ နက်ဗျူလာများကို ပြန်တိုက်ခိုက်နိုင်စွမ်း ရှိစေရန် ဂျန်ဟာယောင်း၏ တံတိုင်းစွမ်းအားကို ကျနော် ငှားသုံးရမည် ဖြစ်လေသည်။

"ငါ ပြောမယ့် နာမည်တွေကို ရိုက်ထည့်ပါ" ဟု ကျနော်က ညွှန်ကြားလိုက်ရာ ဂျန်ဟာယောင်းကလည်း "…ဟုတ်ကဲ့" ဟု ခေါင်းညိတ်သည်။

ကျနော် နာမည်အချို့ကို ခေါ်ပေးလိုက်သည်။ ထိုနာမည်တို့မှာ ‘Ways of Survival’ မူရင်းဝတ္ထုထဲ၌ မိစ္ဆာနယ်မြေတွင် တိုက်ခိုက်ရေးသမားများနှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသော ဇာတ်ကောင်များ၏ နာမည်များဖြစ်သည်။ ထို့နောက်တွင် နောက်ထပ် ဇယားတစ်ခု ထပ်ပေါ်လာပြန်သည်။

[ပေးပို့လိုသော မက်ဆေ့ချ်ကို ရိုက်ထည့်ပါ။]

ဂျန်ဟာယောင်းက ကျနော့်ကို မေးသည်။

"ဘာရေးရမလဲ"

"ကျုပ် ‘တိုက်ခိုက်ရေးသမား’ ဖြစ်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးပါလို့ ရေးလိုက်"

ဂျန်ဟာယောင်းက စိုးရိမ်တကြီးဖြင့် ထပ်မေး၏။

"…ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား"

"ငါလည်း မသိဘူး။ အရင်ဆုံး စမ်းကြည့်ကြတာပေါ့"

ဂျန်ဟာယောင်းက မက်ဆေ့ချ် ပို့လိုက်သဖြင့် ကျနော်တို့ စောင့်နေလိုက်ကြသည်။ မိနစ်အတော်ကြာသွားသော်လည်း ဘာမှဖြစ်မလာပေ။ ချီးထုတ်ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှာ အသစ်များအပေါ် မည်သည့်စာနာမှုမှ မရှိပေ။ ကျနော်တို့ နောက်ထပ် မက်ဆေ့ချ်အချို့ ထပ်ပို့လိုက်၏။

[ကျုပ်ကို ‘တိုက်ခိုက်ရေးသမား’ တစ်ယောက်ဖြစ်အောင် လုပ်ပေးမယ့်သူကို ရှာနေပါတယ်။]

[ကျုပ်ဟာ ‘တိုက်ခိုက်ရေးသမား’ ရဲ့ စွမ်းရည် လိုအပ်နေပါတယ်။]

[ကျေးဇူးပြုပြီး ကူညီပေးကြပါ။]

သို့သော် မက်ဆေ့ချ်များ သူမည်မျှပင် ပို့ပါစေ မည်သည့်ပြန်စာမှ ရောက်မလာပေ။ သူတို့က သူ့မက်ဆေ့ချ်များကို အမှိုက်စာဟု ထင်ပြီး ပြန်မဖြေခြင်းလားဟု ကျနော် တွေးမိရင်း စိတ်တိုလာမိသည်။

ကျနော့်မှာ စာရေးသည့် ပါရမီမရှိသဖြင့် ပြန်စာရရန် မည်သို့သော မက်ဆေ့ချ်မျိုး ပို့ရမည်ကို မသိပေ။ ဟန်ဆိုယောင်းသာ ဤနေရာ၌ရှိလျှင် အကြံကောင်းတစ်ခုခု ထုတ်ပေးနိုင်မှာ သေချာသည်ဟု ကျနော် တမ်းတမိသည်။ ထိုအချိန်တွင် ဂျန်ဟာယောင်းက မျက်မှောင်ကြုတ်၍ ခဏမျှ စဉ်းစားနေပြီးနောက် ကျနော့်ကို မေးလာသည်။

"…ပြန်စာရဖို့ပဲ လိုတာ မဟုတ်လား။ ကျုပ် ရေးချင်တာ ရေးလို့ ရတယ်မလား"

"တစ်ခုခု စဉ်းစားမိလို့လား"

ဂျန်ဟာယောင်းသည် ခေါင်းကို အသာအယာ ငြိမ့်ပြပြီး မက်ဆေ့ချ်ကို ရိုက်ထည့်လိုက်သည်။

[ကျမက အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ပါ။]

"ဟေ့... ခဏနေဦး—"

ကျနော် သူ့ကို မတားနိုင်ခင်မှာပဲ ဂျန်ဟာယောင်းက ပို့ရန် ခလုတ်ကို နှိပ်လိုက်သည်။

[လက်ခံသူ အမည်မဖော်ပြထားသောကြောင့် မက်ဆေ့ချ်ကို ကျပန်းနက္ခတ်များဆီသို့ ပေးပို့လိုက်ပါသည်။]

မက်ဆေ့ချ်က သတ်မှတ်ထားသည့်သူဆီ ပို့ခြင်းတောင် မဟုတ်သဖြင့် ကျနော်က စိတ်ပျက်လက်ပျက်ဖြင့် အော်လိုက်မိ၏။

"မင်း ရင်ဆိုင်နေရတာ နက္ခတ်တွေဟ။ ဒါမျိုးက အလုပ်ဖြစ်မယ် ထင်လို့လား"

"…စောင့်ကြည့်နေလိုက်ပါ"

ဤကောင် ဘာတွေစားပြီး ကြီးလာသနည်းဟု ကျနော် တွေးနေစဉ်မှာပင် ပြန်စာတစ်စောင် ရောက်ရှိလာသည်။ အံ့သြစရာကောင်းသည်မှာ ပြန်စာပို့လိုက်သော နက္ခတ်မှာ ကျနော် သိသည့်သူ တစ်ယောက် ဖြစ်နေခြင်းပင်။

[ပြန်စာတစ်စောင် ရောက်ရှိလာပါပြီ။]

[ပေးပို့သူ ― မဟူရာမီးလျှံ အသူတစ်ရာနဂါး]

အခန်း ၂၀၆

- အပိုင်း ၃၉ - အမည်မသိတံတိုင်း (၃)

ဂျန်ဟာယောင်းသည် မဟူရာမီးလျှံ အသူတစ်ရာနဂါးနှင့် အားတက်သရော စကားပြောဆိုနေပြီး သဘောတကျ ရယ်မောနေသည်။ ကျနော်က ဂျန်ဟာယောင်းကို ကြည့်ကာ အနည်းငယ် အပြစ်တင်သလို ပြောလိုက်မိသည်။

"ဘာတွေ အဲဒီလောက် ရယ်နေတာလဲ"

"ဒီကလေးနဲ့ စကားပြောရတာ ရယ်ရလို့ပါ"

ဂျန်ဟာယောင်းသည် အဆင့်မြင့်နက္ခတ်တစ်ပါးကို သူငယ်ချင်းလို ဆက်ဆံနေသည့် ထူးဆန်းသောကောင်ပင် ဖြစ်သည်။ သို့သော် ပို၍ ရယ်စရာကောင်းသည်မှာ မဟူရာမီးလျှံ အသူတစ်ရာနဂါးက ပြန်စာ ပို့လာခြင်းပင်။

ဤမအေဘေးသည် ဟန်ဆိုယောင်းကိုသာ စိတ်ဝင်စားနေသူ မဟုတ်ဘူးလား။ ဘာကြောင့်များ လွဲမှားနေသည့် မက်ဆေ့ချ်ကို အကြောင်းပြန်နေရသနည်း။

ထိုအခါ ဂျန်ဟာယောင်းက မဟူရာနဂါးဘက်က ကာကွယ်ပေးသည့်အလား ခေါင်းခါပြလိုက်သည်။

"သူက ခင်ဗျား ထင်သလို လူဆိုးတစ်ယောက် မဟုတ်ဘူး ထင်တယ်"

"ဘာတွေ လျှောက်ပြောနေတာလဲ။ မင်းက သူ့ကို သဘောကျသွားတာလား"

"သူ စကားပြောတာက ခင်ဗျား ထင်ထားတာထက် ပိုပြီး ယဉ်ကျေးတယ်"

"ယဉ်ကျေးတယ် ဟုတ်လား။ အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေးကို ပြန်စာပို့တဲ့ကောင်က ယဉ်ကျေးတယ်ပေါ့လေ"

ကျနော်က ထိုသို့ပြန်စာပို့ခြင်း၏ ဆိုးရွားလှသော ရည်ရွယ်ချက်ကို ရှင်းပြသင့်သလားဟု တွေးနေစဉ်မှာပင် ဂျန်ဟာယောင်းက ပြန်ပြောလာသည်။

"ကျုပ်က အသက် ၁၅ နှစ်လို့ ပြောလို့ သူက ပြန်စာပို့တာတဲ့"

"ဟမ်... မင်းက ၁၅ နှစ်မလို့ သူက ပြန်ပို့တာ ဟုတ်လား။ ဒါကတော့ တကယ့်ကို အမှိုက်သာသာဆင်ခြေပဲ"

မဟူရာမီးလျှံ အသူတစ်ရာနဂါးသည် ရက်စက်ပြီး ခက်ထန်မှန်း ကျနော် သိသော်လည်း ဤကဲ့သို့ ဝါသနာမျိုး ရှိသည်ဟုတော့ မထင်ထားခဲ့ပေ။ ကျနော် ဟန်ဆိုယောင်းအတွက် ရုတ်တရက် စိုးရိမ်စိတ် ဝင်လာမိသည်။

"ခင်ဗျားက ဘာလို့ အဲဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ သူက သူငယ်ချင်းရလို့ ပျော်နေတာပါဆို။ သူလည်း ၁၅ နှစ်ပဲ ရှိသေးတယ်လို့ ပြောတယ်"

"ဘာတွေ လျှောက်ပြောနေတာလဲ။ သူ့ အသက် ဘယ်လောက်ရှိပြီလဲ ဆိုတာကို ငါ မသိပေမဲ့ ၁၅ နှစ်သား နက္ခတ်ဆိုတာ ရှိလို့လားဟ"

ထိုစဉ်မှာပင် ကျနော့်စိတ်ထဲ၌ ဝတ္ထုထဲက ဇာတ်လမ်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

「 ထာဝရ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် နေထိုင်ကြသော နက္ခတ်များသည် သူတို့၏ ကိုယ်ပိုင်အသိစိတ်ကို ကာကွယ်ရန်အတွက် မိမိကိုယ်ကိုယ် ဘောင်တစ်ခုအတွင်း ပိတ်လှောင်ထားလေ့ရှိကြသည်။ ဥပမာအားဖြင့်ဆိုရလျှင် အသက်အရွယ်ပင် ဖြစ်သည်။ နက္ခတ်များသည် မိမိကိုယ်ကိုယ် အသက်အရွယ်တစ်ခုအဖြစ် ကူးပြောင်းကာ ထိုအသက်အရွယ် အတိုင်းပင် တွေးတောနေထိုင်တတ်ကြသည်။ 」

…မဟုတ်မှလွဲရော….။ ဒါပေမဲ့ ၁၅ နှစ်ဆိုတာကတော့ အလွန်မကျွံနိုင်လွန်းဘူးလားဟ။ တကယ်ကြီးလား။

ထိုအချိန်တွင် အစည်းအဝေးခန်းထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ဟန်မြုံအိုပင် ဖြစ်သည်။ ကျနော်က လန့်သွားသော ဂျန်ဟာယောင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ငါ သွားစကားပြောလိုက်ဦးမယ်။ ခဏနေရင် ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့။ ဒါနဲ့ ကျုပ် သူ့ကို ဘာဆက်မေးရမှာလဲ"

"သူ့ကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူက တိုက်ခိုက်ရေးသမားမှ မဟုတ်တာ။ တခြားတစ်ယောက်ယောက်နဲ့ပဲ စကားပြောကြည့်ပါဦး။ ငါ စောစောက ပေးထားတဲ့ စာရင်းရှိတယ် မဟုတ်လား။ အဲဒါတွေကိုပဲ ထပ်စမ်းကြည့်စမ်းပါ"

ဂျန်ဟာယောင်းက ခေါင်းငြိမ့်ပြသည်။ သူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သဖြင့် စိတ်မချသော်လည်း အဆင်ပြေလိမ့်မည်ဟု ကျနော် တွေးလိုက်မိသည်။ ဤအရာမှာ မူလကတည်းက သူ၏ စွမ်းရည်ပင် ဖြစ်သည်။

အမည်မသိတံတိုင်း၏ နိုးထမှုမှာ မူရင်းဝတ္ထုထဲကထက် အနည်းငယ် ပိုမြန်နေသော်လည်း လောလောဆယ်တွင် ဤအခြေအနေက အကောင်းဆုံးပင် ဖြစ်သည်။ ဤတံတိုင်း၏ အကူအညီမပါဘဲ စက်မှုဇုန်၏ တော်လှန်ရေးမှာ မဖြစ်နိုင်ပေ။

ကျနော် အစည်းအဝေးခန်းတံခါးကို ဖွင့်လိုက်သည်။ ဟန်မြုံအိုမှာ ယခုမှ နိုးလာပုံရပြီး တစ်ကိုယ်လုံးတွင် ချွေးများဖြင့် ရွှဲနစ်နေသည်။

"ငါ ဘာလို့ သတိလစ်သွားတာလဲ"

ကျနော် အစည်းအဝေးအခန်းတံခါးကို အသာပြန်ပိတ်လိုက်ပြီး ပြန်ဖြေသည်။

"ခင်ဗျားက ကလေးမွေးတဲ့ နာကျင်မှုကို ပြန်သတိရသွားလို့ သတိလစ်သွားတာပါ"

ဟန်မြုံအို၏ မျက်နှာပေါ်တွင် အိပ်မက်ဆိုးတစ်ခု မက်ခဲ့သည့်အလား ချွေးများ စီးကျနေသည်။

"ဒါပဲလား"

"အက်စ်မိုးဒီအက်စ်က ခင်ဗျားကို ကျိန်စာလည်း တိုက်ထားပုံရတယ်"

"အဲဒီ ခွေးမသားကတော့..."

ဟန်မြုံအိုသည် ထိုမိစ္ဆာဘုရင်အပေါ် သူ၏ မုန်းတီးမှုကို ယခင်ကထက် ပို၍ တိုက်ရိုက်ဖော်ပြလာသည်။ မူလကဆိုလျှင် ဤသည်မှာ အန္တရာယ်ရှိသော အပြုအမူဖြစ်သော်လည်း ယခုမူ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး၏ ကျေးဇူးကြောင့် သူသည် အက်စ်မိုးဒီအက်စ်၏ စောင့်ကြည့်ခြင်းမှ လွတ်မြောက်နေပြီ ဖြစ်သည်။

ကျနော် ကုလားထိုင်ကို ဆွဲကာ ပြန်ထိုင်လိုက်သည်။

"ထပ်ပြီး နားထောင်ကြည့်ရအောင်။ ခင်ဗျား ဘယ်လိုကလေးမျိုးကို မွေးခဲ့တာလဲ။ ပြီးတော့ ဘာကြောင့် အက်စ်မိုးဒီအက်စ်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာလဲ"

"…အရင်ဆုံး ငါ ဘာလို့ ကလေးရခဲ့ရလဲဆိုတာကို ရှင်းပြရလိမ့်မယ်"

"ကျနော့်စိတ်ထဲ အကြမ်းဖျင်းတွေးမိထားတာရှိပါတယ်။ အရင်က ကျနော်တို့ တိုက်ခဲ့တဲ့ မဟူရာခြေရာခံသူကြောင့်လား"

ကျနော်တို့ လူစုကွဲသွားခင်လေးမှာပင် ဟန်မြုံအိုသည် မဟူရာခြေရာခံသူ၏ ကပ်ပါး လက်တံများ၏ သက်ရောက်မှုကို ခံခဲ့ရသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ထိုအရာက မိစ္ဆာမျိုးစိတ် ပဋိသန္ဓေတည်ခြင်းသို့ မရောက်ရှိနိုင်သော်လည်း ဟန်မြုံအို၏ ကိစ္စတွင်မူ တိုက်ရိုက်ပင် ဖြစ်ပျက်ခဲ့၏။

"အဲ့ဒါကြောင့် မဟုတ်ပါဘူး။ မဟူရာခြေရာခံသူကြောင့် ငါ ကလေးရခဲ့တာ မဟုတ်ဘူး"

"ဒါဆိုရင်..."

"ကျိန်စာကြောင့်ပါ"

မဟူရာခြေရာခံသူထံမှ ကူးစက်ခြင်း ခံထားရသော ဟန်မြုံအိုကို အက်စ်မိုးဒီအက်စ်၏ ကျိန်စာက ထိမှန်ခဲ့ခြင်း ဖြစ်သည်။ အက်စ်မိုးဒီအက်စ်၏ ကျိန်စာမှာ ပစ်မှတ်ထားသူ စဉ်းစားမိသော ‘အဆိုးရွားဆုံး အရာ’ ကို လက်တွေ့ဖြစ်လာစေရန် ဖြစ်နိုင်စွမ်းကို အသုံးပြုခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ဆိုရသော်…

"ကျနော် နားလည်ပြီ။ ဒါနဲ့ အဲဒါက တကယ်ရော ဖြစ်နိုင်လို့လား။ ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကနေ ကလေး မွေးတယ်ဆိုတာက တမျိုးကြီးပဲ..."

"အဲဒီအပိုင်းကိုတော့ မမေးပါနဲ့တော့"

ကျနော် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ မယုံနိုင်စရာ အတွေ့အကြုံကို ဖြတ်သန်းခဲ့ရသော လူကြီးသူမတစ်ယောက်အပေါ် နည်းနည်းတော့ စာနာပေးရမည်ပင်။ ကျနော်တို့ ခဏမျှ တိတ်ဆိတ်သွားကြသည်။ ဟန်မြုံအိုနှင့် ဤကဲ့သို့ စကားပြောနေရသည်မှာ ကျနော့်အတွက် ထူးဆန်းနေသလို ရုတ်တရက်ခံစားလိုက်ရသည်။

「 ကင်ဒေါ့ဂျာက တွေးမိသည် - ဒါက ထူးဆန်းတဲ့ ခံစားချက်ပဲ။ 」

ကမ္ဘာပျက်ကပ် မကျရောက်ခင်က ဟန်မြုံအိုသည် ‘ရုံးဝန်ထမ်း’ ကင်ဒေါ့ဂျာ၏ ဘဝကို ခက်ခဲအောင် လုပ်ခဲ့သူ ဖြစ်သည်။ သူသည် ရှောင်ကိုရှောင်ရမည့် အဆင့်မြင့် အထက်လူကြီးများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ အမှန်ပင် ထိုကဲ့သို့သော နေ့ရက်များ ရှိခဲ့ဖူးသည်။ ဈေးဝယ်စင်တာက အသင့်စား ထမင်းဘူး ၃,၀၀၀ ကျော်ကို စားရင်း စိတ်ပျက်ခဲ့ရသည့် အချိန်များ၊ လစာငွေလေးကို တစ်ပြားမကျန် တွက်ချက်ခဲ့ရသည့် အချိန်များမှာ ခက်ခဲခဲ့သောအချိန်များပင် ဖြစ်သည်။

ယခုမူ ထိုနေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီ။ ကင်ဒေါ့ဂျာနှင့် ဟန်မြုံအိုတို့သည် ရုံးဝန်ထမ်းနှင့် ဌာနမှူး မဟုတ်ကြတော့ပေ။ ထိုအစား သူတို့သည် ‘မိစ္ဆာဘုရင်’ အကြောင်းကို ဆွေးနွေးနေကြသည်။

"ကင်ဒေါ့… မဟုတ်ဘူး။ ယူဂျွန်ဟော့။ ဖခင်တစ်ယောက် ဖြစ်ရတာ ဘယ်လိုလဲဆိုတာ သိလား"

ဟန်မြုံအို၏ ရုတ်တရက်ဆန်သော မေးခွန်းကြောင့် ကျနော် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"ကျနော် မသိဘူး"

"ငါ သိလာရပြီ"

အမှန်တကယ်တန်းတွင် ဟန်မြုံအိုကို မိခင်ဟု ခေါ်ရမလား၊ ဖခင်ဟု ခေါ်ရမလား ဆိုသည်မှာ ပြောရခက်သော်လည်း ဤအရာက အရေးကြီးသည် မဟုတ်သဖြင့် ကျနော် ကျော်သွားလိုက်သည်။ ဟန်မြုံအို၏ အမူအရာမှာ တည်ကြည်လေးနက်နေသည်။

"ဒါက နာကျင်ဖို့ ကောင်းတယ်"

ထိုစကားလုံးများမှာ ဟန်မြုံအို ယခင်က ပြောခဲ့ဖူးသမျှ စကားလုံးများထက် ပို၍ နာကျင်မှုကို ဖော်ပြနေသကဲ့သို့ ရှိ၏။

"ဒါပေမဲ့ ငါ ပျော်လည်း ပျော်ခဲ့ရပါတယ်"

ကျနော် ဟန်မြုံအိုကို အံ့သြတကြီး ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ကျနော်၏ ထူးဆန်းသော ခံစားချက်၏ မူလအစကို ကျနော် သိရှိသွားသည်။ ကျနော် ဝန်မခံချင်ခဲ့တာ ဖြစ်နိုင်သည်။ လူတိုင်းသည် ပြောင်းလဲကြသည်။ လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ ပြောင်းလဲတတ်ကြလေသည်။

"သူက... အရမ်းလှတဲ့ သမီးလေးပါ"

"ကျနော်လည်း တစ်ခါလောက် တွေ့ဖူးချင်ပါတယ်။ သူက မိစ္ဆာနယ်မြေထဲမှာပဲ ရှိနေတာလား"

"အခုတော့ ငါနဲ့အတူ မရှိတော့ဘူး"

သူ့မျက်နှာ ညှိုးငယ်သွားသဖြင့် ကျနော် တစ်ခုခုကို အရိပ်အမြွက် သိလိုက်ရသည်။

"ဒါဆိုရင်…"

"ဒါက ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ မင်း ကူညီပေးမလား"

"အရင်ဆုံး ပြောပြပါဦး။ ခင်ဗျားရဲ့ ဇာတ်လမ်းကို ကျနော် နားထောင်ချင်ပါတယ်"

ဟန်မြုံအိုသည် မိစ္ဆာဘုရင်၏ အိမ်တော်သို့ တိုက်ရိုက် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ ကျနော် မသိသော နေရာတစ်ခုတွင် ဟန်မြုံအို၏ ဇာတ်လမ်းက ဆက်ရှိနေခဲ့သည်။ သူသည် သူ၏ သမီးလေးကို ခေါ်ဆောင်ကာ ဇာတ်ဝင်ခန်းများကို တစ်ကိုယ်တည်း ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။

အလံလုပွဲ။ ဘုရင်များ၏ စစ်ပွဲ။ ကပ်ဘေး ငါးပါး။

ကျနော် မမြင်နိုင်သော နေရာများတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုး ဖြစ်ပျက်ခဲ့သည်ကို ကျနော် မယုံနိုင်ပေ။ ဟန်မြုံအိုက တစ်စုံတစ်ယောက်အပေါ် ဤမျှအထိ သံယောဇဉ် ဖြစ်လိမ့်မည်ဟုလည်း မယုံနိုင်ပေ။ အခြားတစ်ဖက်တွင်မူ ကျနော် ဝန်ခံရလိမ့်မည်။

ကျနော်သည် ယခင်က ကင်ဒေါ့ဂျာ မဟုတ်တော့သလို၊ ကျနော့်ရှေ့က လူသည်လည်း ယခင်က ဟန်မြုံအို မဟုတ်တော့ပေ။ သူ၏ ကလေးမွေးဖွားခြင်းက အစပျိုးချက် ဖြစ်မဖြစ်ကို ကျနော် မသိသော်လည်း ရှင်းလင်းနေသည့် တစ်ခုတည်းသော အရာမှာ ဟန်မြုံအိုသည် ပြောင်းလဲသွားခဲ့ပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။

"ဒါက တကယ့်ကို ခက်ခဲခဲ့တာပဲ"

"ဟုတ်တယ်၊ အရမ်းပင်ပန်းခဲ့တာ။ ငါ အကြိမ်ကြိမ် သေလုနီးပါး ဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ ငါဟာ လွတ်မြောက်နိုင်စွမ်းမရှိတဲ့ အကျပ်အတည်းတစ်ခုထဲကို ကျရောက်သွားခဲ့တယ်"

မဟူရာရဲတိုက် ဇာတ်ဝင်ခန်း တရားဝင်မစတင်မီ အချိန်ကတည်းက သူသည် ချောက်ကမ်းပါးစွန်းသို့ရောက်နေသည့် အခြေအနေသို့ တွန်းပို့ခြင်း ခံခဲ့ရသည်။ ဟန်မြုံအိုသည် မိစ္ဆာများနှင့် မိစ္ဆာမျိုးနွယ်ဝင်များ၏ ဝိုင်းရံခြင်းကို ခံထားရပြီး သူ၏ ကလေးကို ဆက်လက် မကာကွယ်နိုင်တော့မှန်း သိမြင်သွားခဲ့သည်။

ထိုအချိန်တွင် သူ၏ ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ဆုတောင်းခဲ့သည်။ သူ၏ ကလေးကို တစ်စုံတစ်ယောက်က ကာကွယ်ပေးရန် သူ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဤကလေးသာ အသက်ရှင်ခဲ့လျှင် သူ ဘာမဆို လုပ်ပါမည်ဟု ဆိုခဲ့သည်။ အံ့သြစရာကောင်းသည်မှာ တည်ရှိမှုတစ်ခုက သူ၏ ဆုတောင်းချက်ကို ဖြေကြားပေးခဲ့သည်။

-လှပတဲ့ ကလေးတစ်

"အဲဒါ အက်စ်မိုးဒီအက်စ်ပဲ"

"…မိစ္ဆာဘုရင်က ခင်ဗျားရဲ့ ကလေးကို လုသွားတာလား"

ကျနော် စဉ်းစားမိသော ဆိုးရွားသည့် အကြောင်းအရာများကြောင့် စိတ်မကောင်း ဖြစ်သွားရသည်။ အက်စ်မိုးဒီအက်စ်သည် ရာဂနှင့်အမျက်ဒေါသနတ်ဆိုး ဖြစ်သည်။ ကလေးငယ်တစ်ဦး သူ၏လက်ထဲသို့ ရောက်သွားလျှင် ဘာဖြစ်မည်ဆိုသည်မှာ သိသာထင်ရှားလှသည်။ သို့သော် ဟန်မြုံအို၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

"သူ ဘေးကင်းပါတယ်။ ဘာပဲဖြစ်ဖြစ် သူက အက်စ်မိုးဒီအက်စ်ရဲ့ ကျိန်စာကနေ မွေးဖွားလာတဲ့ ကလေးပဲလေ။ ပြီးတော့… မိစ္ဆာဘုရင်က ငါ့သမီးကို ထိလို့ရတဲ့ အခြေအနေမှာလည်း မရှိဘူး"

" ဘာကို ဆိုလိုတာလဲ"

"မိစ္ဆာဘုရင်က ငါ့သမီးကို သူ့ရဲ့ 'ကိုယ်စားလှယ် ခန္ဓာကိုယ်' အဖြစ် သတ်မှတ်လိုက်တယ်"

မည်သို့ဖြစ်ခဲ့သည်ကို ကျနော် သိလိုက်ပြီ ထင်သည်။

မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်သည် ဟန်မြုံအို၏ ကလေးကို သူ၏ ကိုယ်စားလှယ် ခန္ဓာကိုယ်များထဲမှ တစ်ခုအဖြစ် ပြုလုပ်လိုက်ခြင်း ဖြစ်နိုင်သည်။ ကလေး၏ မိဘတစ်ဦး အနေဖြင့် ဟန်မြုံအိုကို မိစ္ဆာမျိုးနွယ်ဝင် ဘွဲ့တစ်ခု ပေးအပ်ခဲ့သည်။

"…အဲဒီလိုနဲ့ ငါက မိစ္ဆာတစ်ယောက် ဖြစ်လာခဲ့တာပဲ"

ဤအရာကို ကြားပြီးနောက် ဟန်မြုံအို၏ ဘဝမှာ အလွန်ပင် ခက်ခဲခဲ့ကြောင်း ကျနော် ခံစားလိုက်ရသည်။ ဘွဲ့တစ်ခု ရရှိခဲ့သဖြင့် သူ၏ ဘဝမှာ အောင်မြင်သည်ဟု ယူဆနိုင်သော်လည်း၊ ကလေးကို အလုခံခဲ့ရသဖြင့်လည်း ကျရှုံးမှုဟု ယူဆနိုင်ပြန်သည်။

ဟန်မြုံအိုသည် ညှိုးငယ်သော မျက်ဝန်းများဖြင့် သူ၏ ပါးစပ်ကို ပြန်ဖွင့်ကာ ပြောသည်။

"ငါ့ သမီးကို ကယ်ချင်တယ်"

ခေတ္တမျှ ကျနော် နားကြားမှားသလားဟု ထင်မိသွားသည်။

သူ ဘာကို လိုချင်တာလဲ။

"ငါ စကားတွေ အရှည်ကြီး မပြောတော့ဘူး။ ငါ့ကို ကူညီပါ။ ဒီတစ်ကြိမ်သာ ကူညီမယ်ဆိုရင် မင်းရဲ့ ကျေးဇူးကို ငါ ဘယ်တော့မှ မမေ့ပါဘူး"

ဘာတွေ ဖြစ်နေတာလဲ။

သူသည် ဘဝပြဇာတ်တစ်ခုကို တစ်ကိုယ်ထဲ ရိုက်ကူးနေပြီး ယခုမှ ငါ့ကို ကူညီခိုင်းနေခြင်းလား။

"မင်းက ငါ့ကို သိနေတာ ကြာပြီဆိုတော့ ကောင်းကောင်း သိမှာပါ။ ငါက လူကြောက်တစ်ယောက်ပါ။ ဖြစ်ပျက်ခဲ့တာတွေကို ငါလည်းမထိန်းချုပ်နိုင်ခဲ့ဘူး"

"…"

"မနေ့ညက ဖြစ်ပျက်ခဲ့တာတွေက ငါ ထင်ထားတာထက် ကျော်လွန်သွားခဲ့တယ်။ ငါ ကြောက်ခဲ့ပေမဲ့ တကယ်တမ်းတော့ ဘယ်သူ့ကိုမှ မနာကျင်စေခဲ့ပါဘူး။ ကွပ်မျက်သူတွေက အစောင့်အရှောက် ပေါ်လာလို့ စိတ်လှုပ်ရှားပြီး သူတို့ လုပ်ချင်တာတွေ လုပ်ခဲ့ကြတာပါ"

ဟန်မြုံအိုသည် တည်ရှိမှု ကတိသစ္စာကို ပြုထားသူ ဖြစ်သဖြင့် ကျနော့်ကို မုသားမဆိုနိုင်ပေ။ သို့ဖြစ်လျှင် ဤသည်မှာ လိမ်လည်မှု မဟုတ်နိုင်။ ကျနော် ဆင်ခြင်တုံတရားဖြင့် တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကျနော့်မှာ အက်စ်မိုးဒီအက်စ်နဲ့ တိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူး"

အကယ်၍ မိစ္ဆာဘုရင် ၇၂ ပါးထဲမှ တစ်ပါးသာ ဆုံးရှုံးသွားလျှင် ကိစ္စများမှာ ရှုပ်ထွေးသွားလိမ့်မည်။ တော်လှန်ရေးပင် မစတင်ရသေးမီ အချိန်တွင် ပြင်ပအင်အားစုများကို ဆွဲဆောင်မိသလို ဖြစ်သွားပေလိမ့်မည်။

ဟန်မြုံအို၏ နောက်ထပ် တုံ့ပြန်မှုမှာ အံ့သြစရာ ကောင်းလှသည်။

"မင်းက အက်စ်မိုးဒီအက်စ်နဲ့ တိုက်ခိုက်ဖို့ မလိုပါဘူး။ မင်းဘက်က လုပ်လက်စ အလုပ်တွေကို ဆက်လုပ်ရုံပါပဲ။ တော်လှန်ရေးကို စတင်ပြီး စော်ဘွားကို သတ်လိုက်ပါ။ ငါ မင်းကို ကူညီမယ်"

"…ခင်ဗျားက စော်ဘွားရဲ့ ဘက်တော်သား မဟုတ်ဘူးလား"

"မူလကတော့ အဲဒီအတိုင်းပါပဲ။ အခုတော့ အခြေအနေတွေက ဒီလို ဖြစ်လာပြီဆိုတော့ မင်းကို ကူညီတာက အဆင်ပြေလိမ့်မယ်လို့ ငါ ထင်တယ်"

"ခင်ဗျား ဘာကို ဆိုလိုတာလဲ"

"အက်စ်မိုးဒီအက်စ်က ငါ့ကို စော်ဘွားကို ကူညီစေချင်တာ မဟုတ်ဘူး။ သူက ငါ့ကို အခွင့်အရေး တစ်ခု ပေးထားတယ်။ တကယ်လို့ သူ လိုချင်တဲ့ ဇာတ်လမ်းကို ငါ ဖန်တီးပေးနိုင်ရင် ကျနော့်သမီးကို ပြန်ပေးမယ်တဲ့လေ။ ဒါကြောင့်ပဲ ငါက စစ်ဝစ်ဇ် စော်ဘွားဆီမှာ ကပ်တွယ်နေခဲ့တာပေ့ါကွာ"

ဤအပိုင်းမှာ မူရင်းဝတ္ထုထဲ၌ မရှိခဲ့ပေ။ ဤသည်မှာ မဆန်းလှ။ အစကတည်းက ဟန်မြုံအိုသည် ဝတ္ထုထဲ၌ ပါဝင်သူ မဟုတ်ပေ။

ကျနော် ခေတ္တမျှ သေချာနေပြီးမှ မေးလိုက်သည်။

"မိစ္ဆာဘုရင်က ဘယ်လို ဇာတ်လမ်းမျိုးကို လိုချင်နေတာလဲ"

"၇၃ ခုမြောက် မိစ္ဆာနယ်မြေရဲ့ ဘုရင်ဇာတ်လမ်းကိုလိုချင်တာ"

ဟန်မြုံအိုသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး ကျနော့်ကို စိုက်ကြည့်သည်။ ဟန်မြုံအို၏ မျက်လုံးများမှာ ကျနော် Mino Softသို့ အလုပ်ဝင်သည့်နေ့က လူတွေ့စစ်ဆေးသူ၏ မျက်လုံးများနှင့် အတိအကျ တူညီနေသည်။

"မိစ္ဆာဘုရင်က… '၇၃ ခုမြောက် မိစ္ဆာဘုရင်' ကို ငါ့ရဲ့ ကိုယ်ပိုင်လက်နဲ့ ဖန်တီးခိုင်းခဲ့တာလေ"

……………………………………………………………………………………………..

ယူဂျွန်ဟော့သည် ဂရုမစိုက်သော မျက်ဝန်းများဖြင့် ည၏ ကောင်းကင်ယံကို စိုက်ကြည့်နေသည်။ ကမ္ဘာမြေနှင့် မတူညီသော နက္ခတ်များ ရှိနေသည့် ကောင်းကင်ကို မြင်တွေ့နေရခြင်း ဖြစ်သည်။ ကောင်းကင်ခွဲဓါးကို အမှီပြု၍ ကြယ်များကို ရေတွက်နေသော ယူဂျွန်ဟော့၏ ခန္ဓာကိုယ်မှာ ပုံမှန်ထက် ပို၍ ပိန်ပါးနေသလို ထင်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်နှာတွင်လည်း ဒဏ်ရာများ ရနေသည်။ သူ၏ ရှေ့တွင်မူ ခုလေးတင်မှ နှိမ်နင်းလိုက်သော ဒုတိယအဆင့် သားရဲကြီး လဲလျောင်းနေလေသည်။

"…၁၅ ခုမြောက် ဇာတ်ဝင်ခန်း ပြီးဆုံးသွားပါပြီ"

လူဂရတီးယား ဂြိုဟ် ။

ယူဂျွန်ဟော့သည် ဤကမ္ဘာ၏ နက္ခတ်များထဲမှ တစ်ပါးက ပေးအပ်သော ‘သီးသန့် ဇာတ်ဝင်ခန်း’ မှတစ်ဆင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မူလကဆိုလျှင် သူသည် ကမ္ဘာမြေ၏ ဇာတ်ဝင်ခန်းများကို ဆက်လက် လုပ်ဆောင်နေရမည် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် နောက်ပြန်ဆုတ်ခြင်းတွင် အစွမ်းထက်သော အပေါင်းအဖော်များ ရှိနေသဖြင့် ဇာတ်ဝင်ခန်းများကို ၎င်းတို့ထံ လွှဲထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ အခြေအနေများမှာ ယခင် နောက်ပြန်ဆုတ်ခဲ့သည့် အကြိမ်များထက် ပိုမို လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည်။ အခွင့်အရေး ရခိုက်တွင် သူ၏ စွမ်းအားများကို စုဆောင်းထားခြင်းကသာ မှန်ကန်ပေလိမ့်မည်။ အကယ်၍ ၂၅ခုထက်ပိုသော ဇာတ်ဝင်ခန်းများထဲသို့ ရောက်ရှိသွားလျှင် ယခု ရှိနေသော စွမ်းအားမှာ လုံလောက်မည် မဟုတ်ပေ။

‘ငါ ဒီထက် ပိုပြီးအစွမ်းထက်ဖို့ လိုတယ်’

ထို့ကြောင့်ပင် ယူဂျွန်ဟော့သည် ၁၁ ခုမြောက် ပင်မဇာတ်ဝင်ခန်းမှ စ၍ ‘သီးသန့် ဇာတ်ဝင်ခန်း’ များကို အစားထိုး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဆုလာဘ် အများဆုံး ရရှိမည့် အခက်ခဲဆုံးသော သီးသန့် ဇာတ်ဝင်ခန်းများကိုသာ ရွေးချယ်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူနှင့် မမျှအောင် မိုက်မဲလွန်းသော သီးသန့် ဇာတ်ဝင်ခန်းများကိုပင် စိန်ခေါ်ခဲ့သည်။

တိုက်ခိုက်သည်။ တိုက်ခိုက်သည်။ ပြီးတော့ ထပ်တိုက်ခိုက်သည်။

အမြဲတမ်းလိုပင် သူသည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ကာ အလွန်အမင်း ပင်ပန်းအောင် လုပ်ဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းက သူ နားမလည်နိုင်သော ဆုံးရှုံးမှု ခံစားချက်ကို အနည်းငယ် ပြည့်ဝစေလိမ့်မည်ဟု သူ ထင်မြင်ခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ သူ တိုက်ခိုက်လေလေ၊ ထိုဟာတာတာ ဖြစ်နေမှုက ပို၍ ကြီးမားလာလေလေပင် ဖြစ်သည်။

[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်က သင့်ကို ဝမ်းနည်းစွာဖြင့် ကြည့်နေပါသည်။]

ယူဂျွန်ဟော့သည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံကို စိုက်ကြည့်လိုက်သည်။

မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ။ ဤနက္ခတ်က ဘာကြောင့် မကြာခဏဆိုသလို ရောက်လာရသနည်းဆိုသည်ကို ယူဂျွန်ဟော့ မသိပေ။ အတိတ်တွင် ထိုနက္ခတ်နှင့် အဆက်အသွယ် အလွန်နည်းပါးခဲ့သည်။

[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်က သင်သည် ကင်ဒေါ့ဂျာကို အဘယ်ကြောင့် မရှာဖွေရသနည်းဟု မေးမြန်းနေပါသည်။]

"ကင်ဒေါ့ဂျာက သေသွားပြီ"

[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်က မျက်ရည်များကို ထိန်းထားရင်း ခေါင်းခါပြနေပါသည်။]

ကိုယ်စားလှယ် တစ်ဦးတည်း၏ သေဆုံးမှုအပေါ် နက္ခတ်တစ်ပါးက အဘယ်ကြောင့် ဤမျှအထိ စွဲလမ်းနေရသနည်းဆိုသည်ကို ယူဂျွန်ဟော့ နားမလည်နိုင်ပေ။

သူ ပို၍ နားမလည်နိုင်သော အရာမှာ နောက်ထပ် ရောက်လာသည့် မက်ဆေ့ချ်ပင် ဖြစ်သည်။

[သင်၏ နာမည်ဆိုးမှာ ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် ပျံ့နှံ့နေပါသည်။]

‘နောက်တစ်ခါ ထပ်ပြီးပေါ်လာပြန်ပြီလား’

ဤမက်ဆေ့ချ်မှာ မေ့ပစ်၍ မရနိုင်သော အရာပင် ဖြစ်သည်။

၇၃ ခုမြောက် မိစ္ဆာနယ်မြေကဲ့သို့ ဝေးကွာလှသော နေရာတစ်ခုတွင် သူ၏ နာမည်ဆိုးက အဘယ်ကြောင့် ထွက်ပေါ်နေရသနည်းဆိုသည်ကို ယူဂျွန်ဟော့ မသိပေ။ အစပိုင်းတွင် ကင်ဒေါ့ဂျာ အသက်ရှင်နေပြီး သူ့အမည်ကို အသုံးချနေခြင်းလားဟု သူ တွေးခဲ့သည်။ သို့သော် ကင်ဒေါ့ဂျာ အသက်ရှင်နေလျှင်တောင် ဤသို့ လုပ်ဆောင်ရန် အကြောင်းပြချက် မရှိပေ…

‘…နေဦး။ မဟုတ်မှလွဲရော ကင်ဒေါ့ဂျာက အသက်ရှင်နေပြီး အန္တရာယ်နဲ့ ကြုံနေတာလား’

ကင်ဒေါ့ဂျာ အသက်ရှင်နေခြင်းလည်း ဖြစ်နိုင်သည်။ မည်သည့်ဇာတ်ဝင်ခန်းမှ မရှိသော၊ ထိုစုတ်ပြတ်သတ်နေသော ကံကြမ္မာ၏ အပြင်ဘက်၊ ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်းတွင် သူ တစ်ကိုယ်တည်း ရှင်သန်နေခြင်းလည်း ဖြစ်နိုင်၏။

ထို့ကြောင့်ပင် သူ အသက်ရှင်ခဲ့သည်။ ထို့အပြင် သူ အကူအညီ တောင်းနေခြင်းလည်း ဖြစ်နိုင်သည်။ အမြဲတမ်း တစ်ကိုယ်တည်း ရှေ့ကို တိုးသွားလေ့ရှိသော ထိုလူမှာ အန္တရာယ်နှင့် ကြုံတွေ့နေပြီး ပထမဆုံးအကြိမ်အဖြစ် အကူအညီ တောင်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ချန်နယ်တစ်ခု မရှိသော အခြေအနေတွင် အကူအညီ တောင်းရန် နည်းလမ်း မရှိသဖြင့်…

ယူဂျွန်ဟော့သည် ကောင်းကင်ယံကို စိုက်ကြည့်ရင်း သူ၏ အမူအရာမှာ ရှုပ်ထွေးလာတော့သည်။

‘၇၃ ခုမြောက် မိစ္ဆာနယ်မြေ…’

All Chapters