← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 15 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 15 Ch. 207-208

အခန်း ၂၀၇

- အပိုင်း ၃၉ - အမည်မသိတံတိုင်း (၄)

「 ကင်ဒေါ့ဂျာက တွေးမိသည် - လူတွေ အဆင်ပြေပြေ ရှိကြရဲ့လား မသိဘူး။ 」

ကမ္ဘာမြေ၏ ဇာတ်လမ်းတွေကို ဖန်သားပြင်ပေါ်မှာ ပြန်တွေ့ရမလားဟု ကျနော် တွေးမိသော်လည်း မည်သည့်တစ်ခုမှ မြင်တွေ့ရခြင်း မရှိပေ။ အကျိတ်နှင့်လူတွေအဖို့ ဒိုကဲဘီတွေဆီက ဗီဒီယိုတွေကို အလွယ်တကူ ခိုးယူဖို့ဆိုတာ မလွယ်ကူသောကိစ္စ ဖြစ်ပေသည်။

ညချမ်းအချိန်က လျင်မြန်စွာ ရောက်ရှိလာသည်။ ကျနော် ရက်အနည်းငယ်ကြာ ကောင်းကောင်း အိပ်မပျော်ခဲ့သော်လည်း အိုင်လင်းက ကျနော့် ဇာတ်လမ်းတွေကို ပြုပြင်ပေးထားတာကြောင့် ကိုယ်ခန္ဓာအခြေအနေက မဆိုးလှပေ။

"ယာယီတော့ ပြုပြင်ထားပေးတယ်၊ ဒါပေမဲ့ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ သတိထားဦး။ ရှင် မသိဘူးလား။ ရှင်က အခုထိ အဓိကဇာတ်ဝင်ခန်းရဲ့ အပြင်ဘက်မှာ ရောက်နေသေးတာနော်"

"နင် စကားပြောတာက ဆရာဝန်တစ်ယောက်နဲ့တောင် တူနေတယ်"

" ကျမက နာရီတွေကို အခု ပြုပြင်နေတာ မဟုတ်တဲ့အတွက် နာရီပြင်သူတစ်ယောက်လို စကားမပြောနိုင်ဘူး"

အိုင်လင်းက ကျနော့်ကို ကြည့်ပြီးနောက် သူ၏ ပြုပြင်ရေးပစ္စည်းတွေကို ယူကာ ထရပ်လိုက်သည်။ ပြီးခဲ့သော နှစ်ရက်အတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်သော်လည်း အိုင်လင်းကတော့ လက်ရှိအခြေအနေအပေါ် မကျေမနပ် ဖြစ်ပုံမရပေ။

「 ကင်ဒေါ့ဂျာက တွေးမိသည် - တကယ်လို့ ငါသာ ရောက်မလာခဲ့ရင် အိုင်လင်းက နာရီပြင်ဆင်သူအဖြစ်ပဲ ဆက်ရှိနေဦးမှာပဲ။ 」

ယူဂျွန်ဟော့ မိစ္ဆာနယ်မြေကို ရောက်မလာခဲ့သော နောက်ပြန်ဆုတ်ခြင်း အကြိမ်အတော်များများမှာ အိုင်လင်းက တကယ်ပဲ အသက်ရှင်ကျန်ရစ်ခဲ့လိမ့်မည်။ အိုင်လင်းသည် သူ၏ မွေးရပ်မြေဂြိုဟ်က အချိန်တွေကို ဖော်ပြသော နာရီတွေကို တိတ်တဆိတ် ပြုလုပ်ရင်း၊ ပျောက်ကွယ်သွားသည့် သူ၏ ဂြိုဟ်အကြောင်းကို တစ်ယောက်တည်း ပြန်လည်တွေးတောနေခဲ့မှာ သေချာသည်။ တစ်ခါတစ်ရံ ဂျန်ဟာယောင်းနဲ့ ငြင်းခုံလိုက်၊ မာ့ခ် ချက်ပြုတ်သော ဟင်းလျာတွေကို သွားစားလိုက်ဖြင့်… အိုင်လင်းအတွက်တော့ ထိုသို့နေထိုင်ခြင်းဟာ ပိုပြီး ပျော်ရွှင်စရာကောင်းသော ဘဝတစ်ခု ဖြစ်လောက်ပေသည်။

"ရှင် သိလား။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နာရီလာရှာတဲ့လူတွေ အရေအတွက် တိုးလာတယ်"

အိုင်လင်းက ကျနော့်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ ကျနော် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။

"သူတို့ရဲ့ နာရီတွေက အစုလိုက်အပြုံလိုက် ပျက်သွားကြလို့လား"

"အစကတော့ စက်မှုဇုန်ကလူတွေက နာရီမသုံးကြဘူး"

"ဘာဖြစ်လို့လဲ"

"အချိန်လိုမျိုး အရာတစ်ခုကို သိနေရလို့လည်း ဘာမှ အသုံးမဝင်လို့ပဲ"

Ways of Survival ထဲမှာ ကျနော် ဖတ်ခဲ့ရသော အကြောင်းအရာတစ်ခုကို သတိရသွားသည်။ တစ်စုံတစ်ယောက်က မိစ္ဆာနယ်မြေကို 'အချိန်တွေ ပျောက်ဆုံးနေသော မြို့'ဟု ရည်ညွှန်းခဲ့ဖူး၏။

"ဒါဆိုရင် ညရဲ့ အချိန်နာရီတွေကျတော့ရော"

"ည ဘယ်အချိန်မှာ ရောက်လာမလဲဆိုတာ သိရုံနဲ့ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်လို့လား"

အလွန်ဟောင်းနွမ်းနေပြီဖြစ်သော ကြောက်ရွံ့မှုတစ်ခုက နိယာမတစ်ခု ဖြစ်လာခဲ့သည်။ စက်မှုဇုန်ရဲ့ 'ည' ဆိုသည်က သဘာဝတရားတစ်ခုလို ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သုံးရက်မှာ တစ်ကြိမ်၊ တစ်စုံတစ်ယောက် သေဆုံးရမည်ဖြစ်ပြီး သူတို့၏ဇာတ်လမ်းက စက်ရုံမှာ မြေသြဇာအဖြစ် အသုံးပြုခံရမည် ဖြစ်သည်။

သူတို့ မည်သို့ဘဝမျိုးဖြင့် ရှင်သန်ခဲ့လဲ၊ မည်သို့ဇာတ်လမ်းတွေ ပိုင်ဆိုင်ထားလဲ၊ သို့မဟုတ် မည်သို့မနက်ဖြန်မျိုးမှာ ရှင်သန်ရမလဲဆိုတာတွေက အရေးမပါပေ။ ကျန်ရှိနေသော လူတွေကတော့ နောက်ထပ် သုံးရက်စာအတွက် ဆက်လက် ရှင်သန်ကြရမည်သာ ဖြစ်သည်။

"ဒါပေမဲ့ ဘယ်သူမှ မသေတဲ့ 'ည' တစ်ခု ရှိခဲ့တယ်။ အဲဒါ ရှင့်ကြောင့်ပဲ"

"…"

"လူတွေက ညကို ပြန်ပြီး ကြောက်လာကြပြီ။ အဲဒါက သဘာဝတရားတစ်ခု မဟုတ်ဘဲ ဖြေရှင်းလို့ရတဲ့ အရာဆိုတာ သိသွားကြလို့ပဲ။ သူတို့ မနက်ဖြန်မှာ ရှင်သန်နိုင်လိမ့်မယ်လို့လည်း တွေးနေကြတယ်။ ဒါ သူတို့ တွေးနေကြတဲ့ အရာပဲ"

ကျနော့် မျက်လုံးတွေက အိုင်လင်း၏ လက်ကောက်ဝတ်က နာရီဆီကို ရုတ်တရက် ကျရောက်သွားသည်။ ည ရောက်ဖို့ သုံးနာရီပဲ လိုတော့သည်…။

အိုင်လင်း တိတ်ဆိတ်နေစဉ်တွင် ကျနော်ကတော့ နာရီလက်တံ၏ တစ်တောက်တောက် မြည်သံကို နားထောင်နေမိသည်။ စက်မှုဇုန်ထဲက တချို့လူတွေလည်း ကျနော်တို့ ယခုလုပ်နေသလိုပဲ နာရီကို စိုက်ကြည့်နေကြလောက်ပေမည်။

ယနေ့ညက မနေ့ညကထက် ပိုပြီး ခက်ခဲပြင်းထန်လိမ့်မည်။ ဒါဆို ဘာဖြစ်လို့လဲ။ ကျနော်ကတော့ နာရီလက်တံ ရွေ့လျားသံကို နားထောင်ရင်း အနည်းငယ် စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ တကယ်တော့ စိတ်သက်သာရာ ရသင့်တာ ကျနော် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်"

"…ဒါက ရှင့်ကို ချီးကျူးဖို့ ပြောနေတာ မဟုတ်ဘူး။ တော်လှန်ရေးသမားက စိတ်ဓာတ်ကျနေရင် ကြည့်မကောင်းလို့ပဲ"

အိုင်လင်းက မျက်နှာလွှဲသွားသည်။ ကျနော်က အိုင်လင်းကို ကြည့်ကာ ရယ်လိုက်ပြီး အမြန်ပင် ထပ်ပြောလိုက်သည်။

"အာ… ခဏလေးနေဦး"

"…ဘာလဲ"

"နာရီအကြောင်း ပြောရင်းနဲ့သတိရတယ်။ တခြားအရာတစ်ခုကိုရော လုပ်ပေးနိုင်မလား"

"တခြားအရာဟုတ်လား"

"အဲဒါကို… စမတ်ဖုန်း လို့ ခေါ်တယ်"

"အဲဒါက ဘာလဲ။ မှော်နည်းပညာလား"

ကျနော် ဘယ်လိုရှင်းပြရမလဲလို့ စဉ်းစားလိုက်ပြီး စမတ်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို အကြမ်းဖျင်း ပြောပြလိုက်သည်။ ထိုအခါ အိုင်လင်းက သိသွားသည့်အလား ပြောလာသည်။

"ဆက်သွယ်ရေး ကိရိယာတစ်ခုလိုမျိုးကို ပြောတာလား။ ဖန်သားပြင် သေးသေးလေး ပါတာလေ"

"ဟုတ်တယ်၊ အဲဒါပဲ"

"ဒါပေမဲ့ ဒီမှာက ဒိုကဲဘီ ချန်နယ် မရှိတဲ့အတွက် ဆက်သွယ်လို့တော့ ရမှာ မဟုတ်ဘူး…"

အတိတ်က အတွေ့အကြုံအရဆိုရင် ဆက်သွယ်လို့ရမရက အရေးမကြီးပေ။ ကျနော့်ဖုန်းက အလိုအလျောက် ချိတ်ဆက်ပေးသောကြောင့် စာသားဖိုင်က ဖန်တီးပြီးသား ဖြစ်နေလိမ့်မည်။

"အဲဒါကို စိတ်မပူပါနဲ့။ ဒီနေ့အပြီး လုပ်ပေးနိုင်မလား"

"အနည်းဆုံး သုံးရက်တော့ ကြာလိမ့်မယ် ထင်တယ်… ကျမ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ့မယ်"

"ဟုတ်ပါပြီ။ ဒါဆို အကောင်းဆုံး ကြိုးစားပေးပါဦး"

ကျနော် အိုင်လင်းရဲ့ အလုပ်ရုံကနေ ထွက်လာပြီး အရက်ဆိုင်ဘက်ကို လျှောက်လာခဲ့သည်။ လမ်းပေါ်တွင် ကျနော့်ကို တွေ့သောလူတွေက ထူးဆန်းသည့် အကြည့်တွေဖြင့် စိုက်ကြည့်နေကြသည်။ တချို့က မျက်လုံးချင်းဆုံသောအခါ နှုတ်ဆက်ကြပြီး၊ တချို့ကတော့ လက်နှစ်ဖက်ကို အသာအယာ စုစည်းပြကြသည်။ အိုင်လင်း ပြောသလိုပဲ သူတို့၏ လက်ကောက်ဝတ်တွေမှာ နာရီနဲ့တူတဲ့ အရာတွေကို မြင်တွေ့နေရလေသည်။

「 ယူဂျွန်ဟော့သည် ထိုနာရီများကို မြင်သောအခါ အထီးကျန်မှုကို ခံစားလိုက်ရသည်။ သူတို့သည် သူတို့၏ အချိန်များကို ပြန်လည်ရရှိခဲ့ကြသော်လည်း သူကတော့ ထိုအချိန်ထဲတွင် ရှင်သန်မနေခဲ့ပေ။ ယူဂျွန်ဟော့က ရုတ်တရက် တွေးမိသည်။ ဒါဆိုရင် ရေတွက်လို့မရနိုင်တဲ့ အဲ့ဒီအချိန်နာရီများထဲမှာ ငါက ဘယ်နေရာမှာ ရှင်သန်နေတာလဲ။ 」

ဒါဟာ မိစ္ဆာနယ်မြေကို တစ်ခါက ကယ်တင်ခဲ့ဖူးတဲ့ ယူဂျွန်ဟော့၏ စကားစု ဖြစ်သည်။ Ways of Survival ထဲက ကျနော် အကြိုက်ဆုံး အခန်းတွေထဲက တစ်ခုလည်း ဖြစ်သည်။

သူ၏ စိတ်အခြေအနေကို ကျနော် ယခုမှ အနည်းငယ် နားလည်လာသလိုပင်။ နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့အတွက်တော့ ဤကမ္ဘာတွေမှာရှိသော အချိန်ဆိုတာက သူ့အတွက် မဟုတ်ပေ။ ထပ်ခါတလဲလဲ ပြန်သွားနိုင်သော ဘဝထဲမှာ လက်ရှိအချိန်ဆိုတာ အဓိပ္ပာယ်မဲ့နေလေသည်။

ယခုကိစ္စတွေ ပြီးသွားလျှင် ကျနော့်အတွက်လည်း နာရီတစ်လုံး လုပ်ပေးဖို့ အိုင်လင်းကို ပြောရမည်။ ယူဂျွန်ဟော့တွင် နာရီကဲ့သို့သော အရာမျိုး ရှိခဲ့လျှင် ဤကမ္ဘာကြီးအပေါ် ပိုပြီး သံယောဇဉ် တွယ်လာနိုင်ပေမည်။ နောက်ပြန်ဆုတ်ခြင်းကြောင့် ဖြစ်တဲ့ စိတ်ဓာတ်ကျမှုတွေလည်း သက်သာသွားနိုင်၏။

သူ အချိန်နောက်ပြန်ဆုတ်သွားရင်တောင် ဒီကမ္ဘာကြီးက ပျောက်ကွယ်မသွားဘူးဆိုတာ ကျနော် သိသော်လည်း၊ သူ မရှိဘဲနှင့်တော့ ကျန်ရှိနေသည့် ဇာတ်ဝင်ခန်းတွေကို အောင်မြင်ဖို့ ခက်ခဲပေလိမ့်မည်။

"ဟားဟားဟား၊ ဒါက တကယ် ရယ်ရတာပဲ"

အရက်ဆိုင်တံခါးကို ဖွင့်လိုက်တဲ့အခါ ရယ်မောနေသော ဂျန်ဟာယောင်းကို တွေ့လိုက်ရသည်။ အဝေးမှကြည့်ပါက သူသည် အလယ်တန်းကျောင်းသားလေးတစ်ယောက်နဲ့ တူနေသည်။

"ဘာတွေ လုပ်နေတာလဲ"

ယခုတစ်ကြိမ်မှာတော့ သူက 'ဟိ' ခနဲ အသံမထွက်ခဲ့ပေ။ ထိုသို့ အသံထွက်မည့်အစား ဂျန်ဟာယောင်းက မကောင်းတာလုပ်နေရင်း မိဘတွေဆီမှာ အမိဖမ်းခံလိုက်ရသော ကလေးတစ်ယောက်လို ကျနော့်မျက်လုံးတွေကို ရှောင်ဖယ်လိုက်သည်။

"ကျ-ကျုပ်က ခင်ဗျား ခိုင်းတာတွေ လုပ်နေတာပါ"

"တိုက်ခိုက်ရေးသမားတစ်ယောက်ယောက်က ပြန်စာ ပို့လာလား"

"အဲဒါက…"

ဂျန်ဟာယောင်းက နှုတ်ခမ်းကို ခေတ္တမျှ သပ်နေပြီး နောက်ဆုံးမှာတော့ အမှန်တရားကို ဝန်ခံလိုက်သည်။

"…တိုက်ခိုက်ရေးသမား တစ်ယောက်မှ ပြန်စာ မပို့ဘူးလား"

"တ-တကယ်ပါ။ ဘယ်သူမှ ကျုပ်ကို အကြောင်းမပြန်ကြဘူးဗျ"

"မင်း ဘာမက်ဆေ့ချ်ပို့လိုက်လို့လဲ"

"ကျမက ၁၅ နှစ်အရွယ် ကျောင်းသူလေးပါလို့ ထပ်ပို့တာပါ"

ကျနော့် နားထင်က အကြောတွေ ထောင်ထွက်လာသည်။

"ဟေ့… မင်း အဲဒီလို မက်ဆေ့ချ် ပို့လိုက်လို့ သူတို့က ပြန်စာ မပို့တာပေါ့ဟ"

"ဒါပေမဲ့ အရင်တခါကတော့ အဆင်ပြေခဲ့တာပဲကို…"

"သူတို့အားလုံးက မဟူရာနဂါးလိုမျိုးလို့ မင်းက ထင်နေတာလား။ မက်ဆေ့ချ် ဘယ်နှစောင်တောင် ပို့လိုက်လဲ"

"စုစုပေါင်း ၃၀၀ပါ…"

လက်ခံရရှိသူများသည် အလိမ်အညာမက်ဆေ့ချ်တွေဟု ထင်ကာ ပိတ်ထားကြတာ ဖြစ်နိုင်၏။

ချီးပဲ။

"ပေါ့ပျက်ပျက်လုပ်မနေနဲ့။ ကိစ္စက အရေးကြီးနေပြီ။ အဲဒီစာရင်းထဲက တိုက်ခိုက်ရေးသမားတွေလောက်ပဲ ငါသိတာဟ"

ဂျန်ဟာယောင်းက သူ ပြဿနာတက်နေပြီဆိုတာ သိသွားပြီး မျက်နှာ ပျက်သွားသည်။

"ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ"

ထို့ကြောင့်မလို့လည်း ကျနော့်အတွက် Ways of Survival ကို လိုအပ်နေတာ ဖြစ်သည်။ အကယ်၍ ကျနော့်မှာ စာသားဖိုင်သာ ရှိခဲ့လျှင် အကြောင်းအရာတွေကို ပြန်ဖတ်ပြီး တိုက်ခိုက်ရေးသမားတွေအကြောင်း သတင်းအချက်အလက်တွေကို ထပ်ပြီး ရှာဖွေနိုင်မည်ပင်။

"တခြား တိုက်ခိုက်ရေးသမားတွေ ရှိသေးလားဆိုတာ ထပ်ရှာကြည့်ရအောင်။ လောလောဆယ်တော့…"

နက္ခတ်တွေ၏ ဘွဲ့အမည်တချို့ ကျနော့်စိတ်ထဲ ပေါ်လာသည်။ နက္ခတ်တွေထဲမှာ ကျနော်တို့ကို ကူညီနိုင်မယ့်သူ တစ်ယောက်လောက်ရှိမလားဟု တွေးတောမိသည်။

"‘ရွှေခေါင်းကွင်း၏အကျဉ်သား’ ဆီကို မက်ဆေ့ချ်တစ်ခု ရေးလိုက်"

"…သူက တကယ့်ကို အစွမ်းထက်တဲ့ နက္ခတ်မလား"

သူ့မှာ တိုက်ခိုက်ရေးသမားနဲ့ ပတ်သက်တဲ့ စွမ်းရည်တွေ ရှိမရှိ ကျနော် မသိပေ။ သို့သော် ယခုအချိန်သည် ရရာကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ရမည့် အချိန်ဖြစ်နေလေသည်။

ဂျန်ဟာယောင်းက မက်ဆေ့ချ်ကို ရိုက်ပို့လိုက်ပြီးနောက် ကျနော်တို့ စောင့်ဆိုင်းနေခဲ့ကြသည်။ တစ်မိနစ်၊ နှစ်မိနစ်… ငါးမိနစ်။

ဂျန်ဟာယောင်းက ခေါင်းခါပြလိုက်သည်။

"ဘာပြန်စာမှ မလာဘူး"

"ဒါကို ရေးလိုက်"

ကျနော်က မက်ဆေ့ချ်ထဲတွင် ထည့်ရမည့် အကြောင်းအရာကို ထပ်မံ ပြောပြလိုက်သည်။

ထိုအခါ ဂျန်ဟာယောင်းက အံ့အားသင့်သွားသည်။

"ဒီလိုမျိုးကြီး ရေးလို့ ဖြစ်ပါ့မလား"

"သူ့ရဲ့ အာရုံစိုက်မှုကို တစ်ခါလောက် ရအောင်ယူဖို့ပဲ လိုတာ"

ကောင်းကင်တစ်မျှ မဟာပညာရှိသည် ပျင်းရိတတ်သူ ဖြစ်သည်။ ဤမျှအဆင့်မျိုးဆိုမှသာ သူ ပြန်စာ ပို့လိမ့်မည်။ ဂျန်ဟာယောင်းက ထိုမက်ဆေ့ချ်ကို ပို့လိုက်ပြီးနောက် ၁၀ စက္ကန့်တောင် မပြည့်ခင်မှာပင် အောက်ပါ အသိပေးချက်က ပေါ်လာသည်။

[ပြန်စာတစ်ခု ရောက်ရှိလာပါပြီ။]

"ပြန်-ပြန်စာ လာပြီ"

"တကယ်လား"

ကျနော် ပို့ခိုင်းလိုက်သော မက်ဆေ့ချ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

[ခင်ဗျားရဲ့ ဆံပင်တွေကို ပြန်ပေါက်အောင် လုပ်လိုက်ဦး]

ကျနော် တစ်ခုခုလုပ်လိုက်တိုင်း သူသည် သွယ်ဝိုက်သော မက်ဆေ့ချ်မှတစ်ဆင့် သူ၏ဆံပင်များကို ဆွဲနှုတ်လေ့ရှိသည်။ ထို့ကြောင့် သူ့တွင် ဆံပင်ကျွတ်သည့် ပြဿနာ ရှိနေမှန်း ကျနော် သိနေခြင်း ဖြစ်သည်။ ကျနော်က မေးလိုက်သည်။

"သူ ဘာပြန်ပြောလဲ"

"တွေ့ရင် သတ်ပစ်မယ်တဲ့"

"တခြားရော ဘာပြောသေးလဲ"

"ကျုပ်က ဘယ်သူလဲတဲ့။ ယူဂျွန်ဟော့လို့ပဲ ပြောလိုက်ရမလား"

"…ဘာမှ ပြန်မဖြေနဲ့တော့"

ယူဂျွန်ဟော့ဟု ပြောလိုက်လျှင် ရယ်စရာကောင်းမှာ ဖြစ်သော်လည်း ကိစ္စများ ပိုကြီးသွားပေလိမ့်မည်။ ကျနော် နားထင်ကို ပွတ်လိုက်မိသည်။ ကောင်းကင်တစ်မျှ မဟာပညာရှိသည် အစာမှားဟပ်သွားခြင်းကြောင့် တခြားနည်းလမ်း ရှာရတော့မည်။

"မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူကို ခေါ်ဖို့ကတော့ သိပ်မကောင်းဘူး ထင်တယ်။ လျှို့ဝှက်ကြံစည်သူ… ငါ အခုထိ သူ့ရဲ့ တကယ့်သရုပ်မှန်ကို မသိသေးဘူး…"

ကိစ္စများက ရှုပ်ထွေးလာသည်။

"အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ နဲ့ ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား တို့ကတော့ အိုလံပတ်စ် က ဖြစ်နေပြန်ရော…"

ကျနော် အသက်ရှင်နေသေးသည်ကို ထုတ်ပြောလိုက်လျှင် သူတို့ထဲမှ တချို့က ကူညီကြမှာ ဖြစ်သော်လည်း၊ ပြဿနာမှာ ကျနော်၏ တည်ရှိမှုကို ရှင်းပြလိုက်သည်နှင့် နက်ဗျူလာများက ကျနော် ရှင်သန်နေသည်ကို သိသွားကြလိမ့်မည်။

"ဒါက ခက်ခဲတာပဲ"

မိစ္ဆာနယ်မြေထဲ ရောက်ပြီးနောက်ပိုင်း ကျနော် ပထမဆုံး ရင်ဆိုင်ရသည့် စိန်ခေါ်မှုပင် ဖြစ်သည်။ ည ရောက်ရန်လည်း အချိန်သိပ်မကျန်တော့ပေ။

အကယ်၍ ဂျန်ဟာယောင်းသာ တိုက်ခိုက်ရေးသမား ဖြစ်မလာခဲ့လျှင် ယနေ့ညအတွက် ကျနော် ပြင်ဆင်ထားသော အစီအစဉ်များအားလုံး အလဟဿ ဖြစ်သွားလိမ့်မည်။ ထိုစဉ်မှာပင် ဂျန်ဟာယောင်းက တွေးတောရင်း မေးလာသည်။

"မဟူရာနဂါးကရော မကူညီနိုင်ဘူးလား"

ကျနော်က ‘မဟူရာနဂါး’ ဆိုသည်မှာ ဘယ်သူလဲဟု စဉ်းစားရင်း ခေတ္တမျှ ဆွံ့အသွားသည်။

"…မင်း သူ့ကို စကားပြောနေတုန်းပဲလား"

"ဟုတ်တယ်"

"အဲဒီကောင်ကို မေ့လိုက်စမ်းပါ။ သူ့မှာ ဘာမှ ရှိမှာ မဟုတ်ဘူး"

"မဟုတ်ဘူး။ သူက မိစ္ဆာနယ်မြေမှာ ခဏလောက် တိုက်ခိုက်ရေးသမား လုပ်ခဲ့ဖူးတယ်တဲ့"

…မဟူရာမီးလျှံ အသူတစ်ရာနဂါးက တိုက်ခိုက်ရေးသမား ဖြစ်ခဲ့ဖူးတယ်တဲ့လား။

ထိုဇာတ်လမ်းသည် Ways of Survival ထဲတွင် တစ်ခါမှ မပါခဲ့ဖူးပေ။

စဉ်းစားကြည့်လျှင် မဟူရာမီးလျှံ အသူတစ်ရာနဂါး၏ အသေးစိတ်အချက်အလက်များကို အသေအချာ ဖော်ပြခဲ့ခြင်း မရှိသောကြောင့် ဒါသည် မဖြစ်နိုင်သည့် ဇာတ်လမ်းတော့ မဟုတ်ပေ…။

"ဒါပေမဲ့ သူက ဇာတ်ဝင်ခန်းရဲ့ စည်းကမ်းတွေကို မကြိုက်လို့ အကုန်လုံးကို သတ်ပစ်ခဲ့တယ်တဲ့"

"ဘာ"

"စော်ဘွား၊ တော်လှန်ရေးသမားနဲ့ ကွပ်မျက်သူတွေရောပေါ့၊ သူ အကုန်သတ်ပစ်ခဲ့တာလား"

အကြောင်းအရာတစ်ခု ကျနော့်စိတ်ထဲ ရုတ်တရက် ပေါ်လာသည်။ မဟုတ်မှလွဲရော ၆၄ ခုမြောက် မိစ္ဆာနယ်မြေ ပေါင်းစည်းသွားစဉ်ကလား။ မိစ္ဆာနယ်မြေ၏ သမိုင်းတွင် ထိုကဲ့သို့ ရူးသွပ်သောလူ တစ်ယောက် ရှိခဲ့ဖူးသည်။ ထိုလူက မဟူရာမီးလျှံ အသူတစ်ရာနဂါး ဖြစ်နေခြင်းလော။

"သူ့မှာရှိတဲ့ တိုက်ခိုက်ရေးသမားရဲ့ စွမ်းရည်တွေကို နင်ဆီ လွှဲပေးနိုင်မလားလို့ မေးကြည့်လိုက်"

မဟူရာမီးလျှံ အသူတစ်ရာနဂါးသည် မိစ္ဆာဘက်မှ နက္ခတ်တစ်ပါး ဖြစ်သောကြောင့် သူ့ဆီ မက်ဆေ့ချ်ပို့ခြင်းမှာ သိပ်ပြီး ထင်သာမြင်သာ ရှိမည် မဟုတ်ပေ။ သူ့ဆီမှ အကူအညီ ရနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်လိမ့်မည်။

ဂျန်ဟာယောင်းက တစ်ခုခုကို ရိုက်ထည့်လိုက်ပြီးနောက် သူ၏မျက်နှာက ရုတ်တရက် ဝင်းပသွားသည်။

"သူက အခုလည်း မသုံးတော့တာမို့လို့ ကျုပ်ကို ပေးဖို့က ပြဿနာမရှိဘူးတဲ့"

"တကယ်လား"

…ထိုအကူအညီသည် မျှော်လင့်မထားသည့် အကူအညီပင် ဖြစ်သည်။ ပြဿနာမှာ ကျနော် မတွေးထားသော နည်းလမ်းနှင့် ပြေလည်သွားနိုင်ခြင်းလား။

တကယ်တော့ မဟူရာနဂါးရော ကင်နမ်ဝန်ရောသည် လူကောင်းများ မဟုတ်ကြပေ။ ကျနော် စာသားဖိုင်ကို ပြန်ရသည်နှင့် သူတို့ပါဝင်သော အခန်းများကို သေသေချာချာ ပြန်ဖတ်ရပေမည်။

သို့သော် ဂျန်ဟာယောင်း၏ စကားက မဆုံးသေးပေ။

"ဒါပေမဲ့ သူ့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်တဲ့"

ဒါပေါ့လေ။ အဲ့ဒီကောင်က ဘယ်လွယ်လွယ်ပေးပါ့မလဲ။

"ဘယ်လိုပဲဖြစ်ဖြစ် တံတိုင်းကတစ်ဆင့် လုပ်တဲ့ ဘယ်လို အရောင်းအဝယ်မျိုးမဆို အဖိုးအခ ပေးရတာပဲ။ သူ့ရဲ့ တောင်းဆိုချက်က ဘာလဲ"

"သူ့မှာ အခုတလော ပြဿနာတစ်ခု ရှိနေလို့တဲ့"

"ပြဿနာဟုတ်လား"

"သူ့ရဲ့ ကိုယ်စားလှယ်နဲ့ သိပ်ပြီး အဆင်မပြေဖြစ်နေလို့တဲ့…"

"သူ့ရဲ့ ကိုယ်စားလှယ်ဟုတ်လား"

"သူ့ရဲ့ ကိုယ်စားလှယ်က သူ့ကို ဆက်တိုက် လျစ်လျူရှုနေတယ်တဲ့"

မဟူရာမီးလျှံ အသူတစ်ရာနဂါး၏ ကိုယ်စားလှယ် ဆိုလျှင်တော့…

"သူ့ကိုယ်စားလှယ်က အခု အကျပ်အတည်းတစ်ခုနဲ့ ကြုံနေရပေမဲ့ သူ့ရဲ့ စကားတွေကို နားမထောင်ဘူးတဲ့…"

…အကျပ်အတည်း ဟုတ်လား။ ကျနော် ဂျန်ဟာယောင်းကို အမြန်ပင် ခိုင်းလိုက်သည်။

"အဲဒီအကြောင်းကို အသေးစိတ် ရှင်းပြခိုင်းလိုက်"

အခန်း ၂၀၈

- အပိုင်း ၃၉ - အမည်မသိတံတိုင်း (၅)

နှလုံးသားကို ဓါးဖြင့် ထိုးဖောက်လိုက်သည့် အသံနှင့်အတူ နောက်ဆုံးကျန်သောလူသည် လဲကျသွားခဲ့သည်။

"အ-အား… ခွေ… ခွေး…"

ထိုသူသည် ကျိန်ဆဲစကားတစ်ခွန်းကို အားယူကာ ပြောရန် ကြိုးစားသော်လည်း ဟန်ဆိုယောင်း၏ ခြေထောက်က ထိုသူ၏ ပါးစပ်ကို နင်းခြေပိတ်ဆို့လိုက်သည်။ သူသည် ဟန်ဆိုယောင်းရှင်းထုတ်ပစ်သော လူအုပ်ထဲမှ နောက်ဆုံးကျန်ရစ်သူပင် ဖြစ်သည်။

ဟန်ဆိုယောင်းသည် သွေးချင်းချင်းနီနေသည့် ရုံးခန်းအတွင်းကို ဝေ့ဝဲကြည့်လိုက်သည်။

"…အားလုံးကို မနည်းသတ်လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ကိုရီးယားလူမျိုးတွေရဲ့ အသားကျနိုင်စွမ်းကတော့ တော်တော်လေး မြန်ဆန်လွန်းပါတယ်ကွာ"

ဤနေရာသည် ဂယောင်ဂီ ပြည်နယ်ရှိ ကိုယ်စားလှယ် အသင်းအဖွဲ့တစ်ခုဖြစ်သည့် ‘တောရိုင်းဥပဒေ’ ၏ အခြေစိုက်စခန်း ဖြစ်သည်။ ဇာတ်ဝင်ခန်း စတင်သည်နှင့်တပြိုင်နက် သူတို့သည် အသုံးဝင်မည့် ထောက်ပံ့သူများကို ရွေးချယ်ခဲ့ကြပြီး ရာဇဝတ်ဂိုဏ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ သူတို့သည် အစိုးရ၏ ထိန်းချုပ်မှုကို ငြင်းဆန်ခဲ့သူများ ဖြစ်သည်။ အကယ်၍ ဟန်ဆိုယောင်းအနေဖြင့် သူတို့ကို ယခုအချိန်၌ သုတ်သင်မပစ်ပါက နောင်တွင် ကိုရီးယားကျွန်းဆွယ်ကိုတိုက်စားမည့် ကင်ဆာဆဲလ်များ ဖြစ်လာကြလိမ့်မည်။ မူရင်းဝတ္ထုအရဆိုလျှင်လည်း သူတို့သည် ထိုကဲ့သို့သော လူစားမျိုးများသာ ဖြစ်သည်။

"ချီးထုတ် ကင်ဒေါ့ဂျာ"

ဟန်ဆိုယောင်းသည် စတင်ဆဲဆိုလိုက်သော်လည်း စိတ်ထဲတွင် သက်သာရာမရခဲ့ပေ။ ထို့ကြောင့် နောက်ထပ်တစ်ခွန်းကိုပါ ထပ်မံဖြည့်စွက်လိုက်သည်။

"မအေဘေး ယူဂျွန်ဟော့"

ကိုယ့်လမ်းကို အသီးသီး ခွဲထွက်သွားကြသည့် လူနှစ်ယောက်ကို တွေးတောရင်း ဟန်ဆိုယောင်းသည် စွန့်ပစ်ခံလိုက်ရသည့် အလား ခံစားနေရသည်။

"ချီး။ ကင်ဒေါ့ဂျာကတော့ အကြောင်းပြချက် ရှိလို့ပဲ ထားပါတော့။ ယူဂျွန်ဟော့က ဘာဖြစ်ချင်နေတာလဲ"

ယူဂျွန်ဟော့သည် ဆိုးလ်ဒေသ၏အမိုးခုံးမှ ထွက်ခွာသွားသည့် အချိန်မှစ၍ မူရင်းတတိယအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် မရှိခဲ့ဖူးသော လုပ်ရပ်များကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့သည်။ သူသည် အခန်းတစ်ခုထဲတွင် တစ်ကိုယ်တည်း အချိန်ကုန်လွန်စေခြင်း၊ မိမိကိုယ်ကိုယ် ပြန်လည်စကားပြောဆိုနေခြင်းတို့အပြင် ကိုရီးယားကျွန်းဆွယ်၏ ဇာတ်ဝင်ခန်းများကိုပင် ပစ်ပယ်ကာ ကိုယ်ပိုင်ဇာတ်ဝင်ခန်းများ နောက်သို့သာ လိုက်ပါသွားခဲ့သည်။

ထို့ကြောင့် ကျန်ရစ်သမျှ နောက်ဆက်တွဲကိစ္စများကို ရှင်းလင်းရန် တာဝန်မှာ ဟန်ဆိုယောင်းအပေါ်သို့ လုံးဝကျရောက်လာခဲ့တော့သည်။

"သူ ဘာတွေတွေးနေတာလဲကွာ…ချီးပဲ…"

မည်သို့ပင်ဖြစ်စေ ဟန်ဆိုယောင်းသည် လက်ရှိတွင် Ways of Survival ကို ဖတ်ရှုဖူးသည့် နောက်ဆုံးသောသူ ဖြစ်နေသည်။ ကင်ဒေါ့ဂျာနှင့် ယူဂျွန်ဟော့တို့ မရှိတော့သည့်နောက်တွင် ကိုရီးယားကျွန်းဆွယ်အတွက် တာဝန်ယူရမည့် တစ်ဦးတည်းသော သူမှာ ဟန်ဆိုယောင်းသာ ဖြစ်တော့သည်။

ဟန်ဆိုယောင်းသည် သက်ပြင်းတစ်ချက်ချကာ အလောင်းတွေကြားမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။

"အာ… လန့်သွားတာပဲ။ ရှင် ဒီမှာ ဘာလုပ်နေတာလဲ"

ရုံးခန်းအဝင်ဝတွင် ဟန်ဆိုယောင်းအား စောင့်ကြိုနေသည့် အမျိုးသမီးတစ်ဦး ရှိနေလေသည်။ ထိုအမျိုးသမီးသည် ကိုယ်ကျပ်တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များမှာလည်း လေထဲတွင် လွင့်မြောနေသည်။ မိမိ၏ ခန္ဓာကိုယ်အလှကို ဖုံးကွယ်လိုသည့်ဟန်ဖြင့် ပခုံးပေါ်တွင် ကုတ်အင်္ကျီအရှည်ကြီး တစ်ထည်ကိုလည်း လွှမ်းခြုံထား၏။ ထိုအမျိုးသမီး၏ မျက်နှာမှာ ကြည်လင်လန်းဆန်းနေပြီး အလွန်ပင် လှပလွန်းလှသည်။

ဟန်ဆိုယောင်းက မေးလိုက်သည်။

"ရှင် ဒီရက်ပိုင်း တီဗွီရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား"

ဟန်ဆိုယောင်းသည် ယူဆန်းအာကို ခပ်တန်းတန်း အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ယူဆန်းအာသည် မှီထားသည့် နံရံမှ ခွာလိုက်ပြီး ဟန်ဆိုယောင်းကို ငုံ့ကြည့်လာသည်။ သူတို့နှစ်ဦးကြားတွင် အရပ်အမောင်း အနည်းငယ် ကွာခြားမှု ရှိနေသည်။

ခေတ္တမျှ အကြည့်ချင်း ဆိုင်မိကြပြီးနောက် ယူဆန်းအာသည် သက်ပြင်းတိုလေးတစ်ချက်ချကာ စကားစပြောလာသည်။

"…ရှင် ဒီလိုမျိုး ဘယ်လောက်အထိ ဆက်လုပ်နေဦးမှာလဲ"

"ဘာကိုလဲ"

"ဥပဒေနဲ့ စနစ်တွေ မရှိတော့ဘူးဆိုတိုင်း လူတွေအားလုံးကို လိုက်သတ်နေလို့ မရဘူးလေ"

ဟန်ဆိုယောင်းသည် ရှင်းပြရန် ပျင်းရိနေသဖြင့် လက်ကိုသာ ခါယမ်းပြလိုက်သည်။ ‘တောရိုင်းဥပဒေ’ အဖွဲ့ထဲတွင် မည်ကဲ့သို့သော လူစားမျိုးများ ပါဝင်နေသည်ကို ယူဆန်းအာ မသိပေ။ ထို့အပြင် သူတို့ မည်သည်တို့ကို လုပ်ဆောင်ကြမည်ကိုလည်း ယူဆန်းအာ မသိနိုင်ပေ။

မသိသောကြောင့်သာ ထိုကဲ့သို့ ကလေးကလားဆန်သည့် တရားမျှတမှုအကြောင်းကို ငြင်းခုံနိုင်ခြင်း ဖြစ်သည်။

"သူတို့က နောင်တစ်ချိန်မှာ မကောင်းတာတွေ လုပ်မယ့်သူတွေပဲ"

"ဒါပေမဲ့ ရှင်က သူတို့ကို အခွင့်အရေးမှ မပေးတာ"

"ဒါက သတ်မှတ်ပြီးသား ကိစ္စပဲ။ ရှင် ဘာမှမသိပါဘူး"

ဟန်ဆိုယောင်းသည် ယူဆန်းအာကို ဖြတ်ကျော်ကာ လျှောက်သွားရင်း ပြန်ပြောလိုက်သည်။

ဟန်ဆိုယောင်းအနေဖြင့် အနာဂတ်အကြောင်းကို ဝေမျှ၍ မရပေ။ လူအများ သိရှိသွားသည့် သတင်းအချက်အလက်များသည် တန်ဖိုး လျော့နည်းသွားမည်ဖြစ်သလို အနာဂတ်ကိုလည်း ပြောင်းလဲသွားစေ လိမ့်မည်။ ကင်ဒေါ့ဂျာလည်း ဤအတိုင်းပင် လုပ်ဆောင်ခဲ့လိမ့်မည် ဖြစ်သည်။ ထို့ကြောင့်…

"ပျက်စီးသွားတဲ့ ကမ္ဘာမှာ ရှင်သန်ခြင်း နည်းလမ်းသုံးသွယ်"

ယူဆန်းအာ၏ စကားကြောင့် ဟန်ဆိုယောင်း၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားသည်။

"အဲဒါ ပရောဟိတ်တွေ ပြောနေကြတဲ့ 'ဗျာဒိတ်ကျမ်း' ဆိုတာ မဟုတ်လား"

"…ရှင် တစ်ခုခုကို အထင်မှားနေတာ ဖြစ်ပါလိမ့်မယ်"

"ရှင် အဲဒါကို ဖတ်ဖူးတာလား"

ဟန်ဆိုယောင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ စကားကို ပြန်ဆိုလိုက်သည်။

"ရှင် သိဖို့ မလိုပါဘူး"

"နက္ခတ်တွေကတော့ ဒီစာအုပ်အကြောင်းကို ဘာမှ သိထားပုံမရဘူး"

ထိုအကြောင်းအရာမှာ တဖြည်းဖြည်း ပျံ့နှံ့နေပြီဖြစ်ရာ မဆန်းတော့ပေ။ ဆိုးလ်ဒေသ အပြင်ဘက်တွင်လည်း စာဖတ်သူအချို့ ရှိနေသလို ပရောဟိတ်များ ပေါက်ကြားခဲ့သည့် ကောလဟာလများလည်း ရှိနေသည်။ ယူဆန်းအာသည်လည်း ဟန်ဆိုယောင်းအား 'ပထမဆုံး တမန်တော်' အဖြစ် သိရှိထားပြီး ဖြစ်သည်။

"ကင်ဒေါ့ဂျာက အဲဒါကို ဖတ်ဖူးတာလား။ အဲဒါကြောင့် သူက အနာဂတ် သတင်းအချက်အလက်တွေကို သိနေတာလား"

"မပြောတတ်ဘူးလေ"

တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသော အကြောင်းအရာပင်။ ဟန်ဆိုယောင်းသည် ဓါးမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။ Ways of Survival နှင့် ပတ်သက်သော သတင်းအချက်အလက်များကို စနစ်က ဖုံးကွယ်ပေးထားသော်လည်း မည်မျှကြာအောင် ဆက်ရှိနေမည်ကို ဟန်ဆိုယောင်း မသိပေ။ ထို့ကြောင့် ဟန်ဆိုယောင်းအနေဖြင့် သိရှိထားသူ ဦးရေကို လျှော့ချရန် လိုအပ်သည်…။

"သူ ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ"

ရုတ်တရက် ထွက်ပေါ်လာသော ဝမ်းနည်းရိပ်သန်းနေသည့် အသံကြောင့် ဟန်ဆိုယောင်း ခေါင်းလှည့်ကြည့်လိုက်သည်။

"ဒေါ့ဂျာက အနာဂတ်ကို သိနေပါလျက်နဲ့ ဘာလို့ ဒီလိုမျိုး ရွေးချယ်ခဲ့တာလဲ"

ဟန်ဆိုယောင်းသည် ယူဆန်းအာ၏ မျက်နှာကို ကြည့်လိုက်ရုံဖြင့် ယူဆန်းအာ အဘယ်ကြောင့် ရောက်လာသည်ကို သိလိုက်ရသည်။ ဟန်ဆိုယောင်းသည် ယူဆန်းအာ၏ မျက်နှာကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ ယူဆန်းအာသည် ဇာတ်ဝင်ခန်းများ မစတင်မီက သာမန်ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်ခဲ့သည်။

'ယူဆန်းအာက ကင်ဒေါ့ဂျာနဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ခဲ့တဲ့သူပဲ'

ဘာကြောင့်မှန်းမသိ ဟန်ဆိုယောင်း ရုတ်တရက် ဒေါသထွက်လာသည်။

"သွားလေရာနေရာတိုင်းမှာ လူတိုင်းက ကင်ဒေါ့ဂျာအကြောင်းပဲ ပြောနေကြတာ။ သူတို့က ကင်ဒေါ့ဂျာအကြောင်း ဘာမှသိတာလည်း မဟုတ်ဘူး"

ဟန်ဆိုယောင်းသည် ပြင်းရှသော အသံဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ သူ အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို မသိသော်လည်း ဟန်ဆိုယောင်း အော်ဟစ်လိုက်မိသည်။

"သူက တစ်ကိုယ်ကောင်းဆန်တဲ့ကောင်။ သူက အစကနေ အဆုံးအထိ သူ့အကြောင်းပဲ သူစဉ်းစားတာ"

"…"

"လူတွေကို အဆုံးအထိ လှည့်စားခဲ့ပြီး၊ လိမ်ညာပြီးတော့ ကြောင်သူတော်တစ်ယောက်လို ပျောက်ကွယ်သွားတဲ့သူ၊ ရှင်က သူ့အကြောင်း ဘာသိလို့လဲ။ သူ သေသလား ရှင်သလားတောင် ရှင် မသိဘူး မဟုတ်လား"

မြင်ကွင်းတစ်ခုမှာ ဟန်ဆိုယောင်း၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ ဒသမမြောက် ဇာတ်ဝင်ခန်းတွင် ဟန်ဆိုယောင်းအား ကြည့်နေသည့် ကင်ဒေါ့ဂျာ၏ အကြည့်များပင် ဖြစ်သည်။ ထိုစက်ဆုပ်ဖွယ်ကောင်းသော အမူအရာကြောင့်ပင် ဟန်ဆိုယောင်းသည် ဓါးကို အရင်ဆုံး ထုတ်ယူခဲ့ခြင်း ဖြစ်၏။

"မဟုတ်ဘူး၊ သူ မသေနိုင်ပါဘူး။ သူ သေချာပေါက် အသက်ရှင်နေမှာပါ။ တခြား ဇာတ်လမ်းတစ်ခုမှာ သူ ကောင်းကောင်းမွန်မွန် ရှင်သန်နေမှာပါ"

"ရှင် တကယ်ပဲ အဲဒီလို ထင်တာလား"

" ကင်ဒေါ့ဂျာအကြောင်းကို ရှင် ဘာမှမသိပါဘူး"

ဟန်ဆိုယောင်း၏ အေးစက်သော လေသံထဲတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ နက်ရှိုင်းစွာ ပါဝင်နေသည်။ ဟန်ဆိုယောင်း အပါအဝင် မည်သူမျှ ကင်ဒေါ့ဂျာကို အမှန်တကယ် မသိကြပေ။ သို့သော် ယူဆန်းအာ၏ အဖြေမှာမူ ကွဲပြားနေခဲ့သည်။

"မဟုတ်ဘူး၊ ကျမ သိတယ်"

"ဘာ"

"လူတစ်ယောက်က ရုတ်တရက်ဆိုသလို မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲသွားတတ်တာ မဟုတ်ဘူး"

ယူဆန်းအာ၏ အသံမှာ တည်ငြိမ်နေသည်။

"ဇာတ်ဝင်ခန်းတွေ စတင်ခဲ့ပြီး ခဏလေးအတွင်းမှာပဲ ဒေါ့ဂျာက တခြားလူတစ်ယောက်လို ဖြစ်နေခဲ့တယ်။ အသက်အန္တရာယ် ကြုံနေရတဲ့ အခြေအနေမှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေတတ်ပြီး အမည်မသိ သားရဲတွေကို တုံ့ဆိုင်းမှုမရှိ သတ်ဖြတ်နိုင်တဲ့သူမျိုးပေါ့။ အဲဒါက ကျမ သိထားတဲ့ ကင်ဒေါ့ဂျာနဲ့ မတူဘူး"

"ရှင်က ကင်ဒေါ့ဂျာအကြောင်းကို သေသေချာချာ မသိခဲ့လို့ နေမှာပါ"

"ဒါတောင်မှ ဒေါ့ဂျာက ဒေါ့ဂျာပါပဲ"

ဟန်ဆိုယောင်းသည် စကားပြန်မဆိုဘဲ နှုတ်ဆိတ်သွားခဲ့သည်။

"သူက သူ့ရဲ့ အရည်အချင်းတွေကို မြှင့်တင်တာထက် စာအုပ်ဖတ်ရတာကို ပိုကြိုက်တဲ့သူ။ တင်ပြရမှာတွေကို သိပ်ပြီး မကျွမ်းကျင်ပေမဲ့ တခြားသူ တင်ပြတာကိုတော့ သေသေချာချာ နားထောင်ပေးတတ်တဲ့သူ…"

ထိုကင်ဒေါ့ဂျာမှာ ဟန်ဆိုယောင်း သိထားသည့် လူနှင့် ကွဲပြားနေသည်။ ကင်ဒေါ့ဂျာကို သိကျွမ်းသူတစ်ဦးက အမှန်တရားကို ပြောဆိုနေခြင်းသာ။

"ဒါကြောင့် သူက သိသိသာသာကို အထီးကျန်နေခဲ့တာ"

ဟန်ဆိုယောင်း၏ အတွေးထဲတွင် ကင်ဒေါ့ဂျာပေါ်လာသည်။ မည်သူမျှ မရှိသည့် ကမ္ဘာတစ်ခုတွင်… မည်သူမျှ မသိသည့် ကမ္ဘာထဲ၌ ကင်ဒေါ့ဂျာသည် ကောင်းကင်ယံကို တစ်ဦးတည်း ငေးကြည့်နေပေလိမ့်မည်။

"ဟန်ဆိုယောင်း။ ကျမ ဒေါ့ဂျာကို သွားပြီး ကယ်တင်မှဖြစ်မယ်"

ယူဆန်းအာ၏ ပြတ်သားမှုကို မြင်တွေ့ရသောအခါ ဟန်ဆိုယောင်းသည် တစ်နည်းနည်းဖြင့် ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။

'နင်က ကံကောင်းတဲ့လူပဲ။ ကင်ဒေါ့ဂျာ။ နင့်အတွက် စိုးရိမ်ပေးမယ့်သူတွေ ရှိနေတာပဲ'

ဟန်ဆိုယောင်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် လေထုထဲမှ မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

[အဓိက ဇာတ်ဝင်ခန်းအသစ် စတင်ပါပြီ။]

"ခွေးမသား"

လေထုထဲတွင် မဟာတွင်းနက်ကြီး ပွင့်ဟလာခဲ့သည်။ တစ်နေရာရာမှ သားရဲများ၏ အော်ဟစ်သံများကို ကြားလိုက်ရ၏။ အံ့အားသင့်သွားသည့် ယူဆန်းအာနှင့် ဟန်ဆိုယောင်းတို့သည် ကျောချင်းကပ်ကာ ရပ်လိုက်ကြသည်။ မဟာတွင်းနက်ကြီးထဲမှ ဧရာမ သားရဲကြီးတစ်ကောင် ထိုးဆင်းလာခဲ့လေသည်။ ထို့နောက် ဒိုကဲဘီ၏ အသံ ထွက်ပေါ်လာသည်။

[ဇာတ်ဝင်ခန်းထပ်လာမယ်ဆိုတာက ထင်သာမြင်သာရှိပြီး တော်တော်လေးလည်း နှေးကွေးပါတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်း လူတွေက အရမ်းအားနေပုံရလို့ ငါထည့်ပေးလိုက်တာ]

ရုတ်တရက် ပေါ်ပေါက်လာသည့် အခြေအနေကြောင့် ယူဆန်းအာသည် မျက်မှောင်ကြုတ်လိုက်သည်။

"…ဒါက မူရင်းထဲက အကြောင်းအရာလား"

"မသိဘူး။ ကျမ အကုန်လုံးကို မမှတ်မိဘူး"

ဤသည်မှာ ဟန်ဆိုယောင်းအနေဖြင့် တစ်ဦးတည်း မလုပ်ဆောင်လိုသည့် အကြောင်းရင်းပင် ဖြစ်သည်။ ဟန်ဆိုယောင်းသည် အနာဂတ်ကို သိသော်လည်း သိထားသည့် သတင်းအချက်အလက်များမှာ မခိုင်လုံသည့် အရာများသာ ဖြစ်သည်။ ကင်ဒေါ့ဂျာသည် ဇာတ်လမ်း အလှည့်ပေါင်းများစွာကို သိရှိထားပြီး၊ အလှည့်များကို ဖြတ်ကျော်လာခဲ့သည့် ယူဂျွန်ဟော့သည်လည်း အဖြေရှာနိုင်ပေလိမ့်မည်။ သို့သော် ဟန်ဆိုယောင်းမှာမူ ထိုသို့ မဟုတ်ပေ။

ဧရာမ မြွေနဂါးကြီးသည် မှောင်မိုက်သော တိမ်တိုက်များကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ရှည်လျားသော အမြီးဖြင့် မြေပြင်ကို ဝှေ့ယမ်းလိုက်တိုင်း မြင့်မားသော အဆောက်အဦးများ ပြိုကျပျက်စီးကုန်သည်။

ဤသားရဲမှာ တတိယအဆင့် ထူးဆန်းသော နဂါးမျိုးစိတ်ဖြစ်သည့် 'ခရက်ဂါဂွန်' ပင် ဖြစ်သည်။ ထိုအမည်မှာ ၁၂ ခုမြောက် ဇာတ်ဝင်ခန်းတွင် ကပ်ဘေးအဖြစ် ဆင်းသက်လာသည့် သားရဲ၏ အမည်ဖြစ်သည်။

'ဒါကို ဘယ်လို အနိုင်တိုက်ရမလဲ'

ဟန်ဆိုယောင်းသည် မူရင်းဝတ္ထုထဲမှ အကြောင်းအရာများကို ပြန်လည်အမှတ်ရရန် ကြိုးစားသော်လည်း မည်သို့ပင် စဉ်းစားစေကာမူ တိုက်ကွက်တစ်ခုမျှ ပေါ်မလာခဲ့ပေ။ထို့ကြောင့် ကျန်ရှိသည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်သာ ရှိတော့သည်။ ကံကောင်းသည်မှာ ဟန်ဆိုယောင်း၏ ဘေးတွင် ယူဆန်းအာ ရှိနေခြင်းပင်။ သူတို့သည် လုပ်ဖော်ကိုင်ဖက်များ မဟုတ်ကြသော်လည်း မည်သူမျှ မရှိသည်ထက်စာလျှင် ပိုကောင်းပေသည်။

[အထူးစွမ်းရည် ‘မဟူရာမီးလျှံ အဆင့် ၆’ အသက်ဝင်လာပါပြီ။]

ဟန်ဆိုယောင်းသည် လက်နက်၏ စွမ်းရည်ကို အသုံးပြုရင်း ဓါးမြှောင်ပေါ်သို့ မှော်စွမ်းအင်များကို အာရုံစူးစိုက်လိုက်သည်။

[တတိယအဆင့် ထူးဆန်းသော နဂါးမျိုးစိတ် ‘ခရက်ဂါဂွန်’ သည် ‘မီးလျှံခုခံနိုင်စွမ်း’ ကို အသုံးပြု၍ တိုက်ခိုက်မှုကို ကာကွယ်လိုက်ပါသည်။]

[တတိယအဆင့် ထူးဆန်းသော နဂါးမျိုးစိတ် ‘ခရက်ဂါဂွန်’ သည် ‘အရိပ်ခုခံနိုင်စွမ်း’ ကို အသုံးပြု၍ တိုက်ခိုက်မှုကို ကာကွယ်လိုက်ပါသည်။]

"အား… ဒီကောင်က ချီးထုတ်ပုတ်သင်ညိုကောင် ဖြစ်နေတာပဲ၊ ဘာမှ လုပ်လို့မရဘူး"

ရန်သူတွင် မီးလျှံနှင့် အမှောင် ခုခံနိုင်စွမ်းများ ရှိနေသဖြင့် ဟန်ဆိုယောင်း၏ စွမ်းရည်များသည် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။ ဟန်ဆိုယောင်း၏ တိုက်ခိုက်မှုများသည် ထိုထူးဆန်းသော နဂါးကြီးအား ယားယံစေရုံသာ ရှိပုံရသည်။

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ် သည် စိတ်ပျက်နေပါသည်။]

ပတ်ဝန်းကျင်ကို ဟန်ဆိုယောင်းဝေ့ကြည့်လိုက်ရာ ယူဆန်းအာ၏ အခြေအနေမှာလည်း သိပ်ပြီး မထူးခြားလှပေ။ ဟန်ဆိုယောင်းသည် စိတ်ထဲမှ တွေးတောနေမိသည်။ အကယ်၍ ဟန်ဆိုယောင်းသာ မဟူရာမီးလျှံ အသူတစ်ရာနဂါး၏ ဇာတ်လမ်းကို ဆက်ခံနိုင်ခဲ့လျှင်…

'ချီး။ အဲဒီ စောက်ဇာတ်လမ်းကို ဘယ်လို ဆက်ခံရမှာလဲ'

အလုံးအရင်းနှင့် တိုးဝင်လာသော ထူးဆန်းသည့် နဂါးအုပ်ကြီးကို ကြည့်ကာ ဟန်ဆိုယောင်း၏ မျက်နှာ ပိုမို မှောင်မှောင်လာသည်။ အကယ်၍ ချီးထုတ် ကင်ဒေါ့ဂျာသာ ဒီမှာ ရှိနေခဲ့လျှင် ဘာလုပ်ရမည်ကို ပြောပြနိုင်ပေလိမ့်မည်။

ထိုအချိန်မှာပင်…

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က သင် အလိုရှိပါက သူတို့၏ အားနည်းချက်ကို ပြောပြနိုင်ကြောင်း ပြောဆိုနေပါသည်။]

"…ရှင်က သူတို့ရဲ့ အားနည်းချက်ကို သိလို့လား"

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ခေါင်းညိတ်ပြနေပါသည်။]

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေစမ်းပါနဲ့။ ရှင်က ဇာတ်ဝင်ခန်းတွေအကြောင်း ဘာမှ သိတာ မဟုတ်ဘူး"

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ရူးသွပ်စွာဖြင့် ခုန်ပေါက်နေပါသည်။]

ဟန်ဆိုယောင်းသည် မဟူရာနဂါး၏ ကလေးကလားဆန်သော မက်ဆေ့ချ်ကို နားထောင်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

'အဲဒီကောင် ကင်ဒေါ့ဂျာ၊ ငါ မဟူရာနဂါးကို ရွေးတုန်းက သူ ငါ့ကို သေချာပေါက် လှောင်ခဲ့မှာပဲ'

မဟူရာမီးလျှံ အသူတစ်ရာနဂါးသည် သိသာထင်ရှားသည့် အစွမ်းထက် နက္ခတ်တစ်ပါး ဖြစ်သည်။ သို့သော် သူ၏ ဉာဏ်ရည်မှာ အခြားသော နက္ခတ်များနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ပါးလှသည်။ အဘယ်ကြောင့်နည်း။ ဤသူသည် မွေးကတည်းက အလွန်အမင်း အစွမ်းထက်လွန်းလှသောကြောင့် ဇာတ်ဝင်ခန်းများကို တိုက်ခိုက်ရန် မည်သည့် နည်းဗျူဟာမျှ မလိုအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကြားရသည်မှာ နားထောင်လို့တော့ကောင်းသော်လည်း သူ၏ ကိုယ်စားလှယ် အနေဖြင့်ကြည့်လျှင်တော့ မကောင်းလှပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ တစ်ခုခု ထူးခြားနေသည်။

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ခရက်ဂါဂွန်၏ အားနည်းချက်မှာ ဦးခေါင်းထိပ်ပေါ်ရှိ ငွေရောင် အကြေးခွံဖြစ်ကြောင်း ပြောဆိုနေပါသည်။]

"ဟုတ်လို့လား။ ပြီးခဲ့တဲ့ တစ်ခါကလည်း ရှင် ကျမကို မှားပြောခဲ့တာနော်"

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က သူ၏ မဟူရရာနဂါးဂုဏ်ပုဒ်ကို တိုင်တည်ပြီး သူပြောသည်မှာ မှန်ကန်ကြောင်း အခိုင်အမာ ပြောဆိုနေပါသည်။]

"ပြီးခဲ့တဲ့ တစ်ခါတုန်းကလည်း ရှင် ဒီလိုပဲ ပြောခဲ့တာပဲ"

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ဤဇာတ်လမ်းကို ယုံကြည်ရသော သတင်းရင်းမြစ်တစ်ခုက ပြောပြခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာ ဆိုနေပါသည်။]

"ယုံကြည်ရတဲ့ သတင်းရင်းမြစ်ဟုတ်လား"

တခြားနည်းလမ်း မရှိတော့သဖြင့် ဟန်ဆိုယောင်းသည် မဟူရာနဂါး၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ ဟန်ဆိုယောင်းသည် ထူးဆန်းသော နဂါးကြီး၏ အမြီးပေါ်သို့ ခုန်တက်လိုက်ပြီး ကိုယ်ဖော့ပညာကို အသုံးပြုကာ အပေါ်သို့ ပြေးတက်သွားခဲ့သည်။ ဟန်ဆိုယောင်းသည် သားရဲ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့သည်။ ဟန်ဆိုယောင်းသည် သားရဲ၏ ဦးခေါင်းထိပ်အနီးတွင် ငွေရောင် အကြေးခွံတစ်ခုကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။

"ကျားးးး"

ဓါးမြှောင်သည် အကြေးခွံထဲသို့ စိုက်ဝင်သွားခဲ့ပြီး ခရက်ဂါဂွန်သည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံနှင့်အတူ လဲကျသွားခဲ့သည်။ ဧရာမ သားရဲကြီး၏ အသက်ရှူသံသည် ချက်ချင်း ရပ်တန့်သွားသည်။ ဟန်ဆိုယောင်း အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။

"…တကယ်ကြီးလားဟ။ ရှင်က တော်တော်လေး အသုံးဝင်တာပဲ"

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က အောင်နိုင်သူ အမူအရာဖြင့် သူ၏ ရင်ဘတ်ကို မို့မောက်ထားပါသည်။]

ယူဆန်းအာသည် လေထဲတွင် ပျံဝဲလာပြီး ပြောလိုက်သည်။

"ရှင်က သူ့ရဲ့ အားနည်းချက်ကို သိတာလား"

"မဟုတ်ဘူး၊ ကျမ မသိဘူး… ဘာပဲဖြစ်ဖြစ် အပေါ်က ငွေရောင်အကြေးခွံက သူ့ရဲ့ အားနည်းချက်ပဲ။ အဲဒါကိုပဲ တိုက်ခိုက်ရင် ရပြီ"

မဟူရာနဂါး ပေးခဲ့သည့် သတင်းအချက်အလက်ကြောင့် သူတို့နှစ်ဦးသည် ခရက်ဂါဂွန်များကို ဘေးကင်းစွာ နှိမ်နင်းနိုင်ခဲ့ကြသည်။

[တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီးနက္ခတ်က သင်၏ စွမ်းဆောင်ရည်ကို ချီးကျူးနေပါသည်။]

ဟန်ဆိုယောင်းသည် နက္ခတ်များ၏ မက်ဆေ့ချ်များကို လက်ခံရရှိပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ပုံမှန်ဆိုလျှင် ပျော်ရွှင်စရာ အခြေအနေမျိုး ဖြစ်သော်လည်း ယနေ့တွင် တစ်ခုခု မှားယွင်းနေသည်။ နက္ခတ်သည် ကင်ဒေါ့ဂျာ၏ အစအနောက်ကိုခံရသည့် အခါတိုင်း ဤကဲ့သို့ ခံစားရလေ့ရှိသည်။ ထိုအချိန်တွင် အကြောင်းအရာတစ်ခုမှာ နက္ခတ် ၏ ခေါင်းထဲသို့ ဖြတ်ပြေးသွားသည်။

"ဟေ့….မဟူရာနဂါး"

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က အံ့အားသင့်သွားပြီး သူ၏ ကိုယ်စားလှယ်ကို ကြည့်လိုက်ပါသည်။]

"…အမှန်အတိုင်း ပြောစမ်း။ ဒီအချက်အလက်ကို ဘယ်သူ့ဆီက သိခဲ့တာလဲ"

……………………………………………………………………………………………..

[တတိယမြောက် ည ရောက်ရှိလာပါပြီ။]

ထိုမက်ဆေ့ချ်ကို နားထောင်ရင်း သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့သည်များကို ကျနော်ပြန်လည် စဉ်းစားနေမိသည်။ မဟူရာနဂါးသည် ကျနော် ပြောသည့်အတိုင်း အမှန်တကယ်ပင် လုပ်ဆောင်ခဲ့သည်။ ကင်နမ်ဝန် ကဲ့သို့ပင် မဟူရာမီးလျှံ အသူတစ်ရာနဂါး သည်လည်း ကျနော် သိထားသလောက် ဆိုးသွမ်းသူတစ်ဦး မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ဟန်ဆိုယောင်း ၏ ထောက်ပံ့သူသာ။

ထို့ကြောင့် သူ့အား အမှာစကားပြောခဲ့ခြင်းဖြစ်၏။

‘ကျနော် ဘေးကင်းပါတယ်၊ စိုးရိမ်မနေပါနဲ့’ဟု ကျနော့်အကြောင်း မေးသူကိုပြောပြခိုင်းလိုက်ခြင်းဖြစ်သည်။

ဤအခြေအနေကို ကျနော်အောင့်အည်း သည်းခံရမည် ဖြစ်သည်။ ယခု သည်းခံနိုင်မှသာ နောင်တစ်ချိန်တွင် သူတို့ကို ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်လည် ဆုံတွေ့နိုင်မည် ဖြစ်သည်။ ည၏ အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ ကျနော်လှုပ်ရှားလိုက်သည်။

"အားးး"

နေရာအနှံ့အပြားမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ကွပ်မျက်သူ များ စတင် ပေါ်ပေါက်လာပြီဖြစ်ကြောင်း အချက်ပေးသံပင် ဖြစ်သည်။

အစကတည်းက သွေးချောင်းစီးနေခဲ့ပြီ ဖြစ်သည်။ ယခင် နှစ်ရက်နှင့် နှိုင်းယှဉ်၍ မရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ညတစ်ည ဖြစ်လာပေလိမ့်မည်။ ကွပ်မျက်သူ သုံးဦးကို ကျနော် သတ်ဖြတ်ခဲ့ပြီး ဖြစ်သောကြောင့် ယနေ့ညတွင် သူတို့သည် အင်အားအပြည့်ဖြင့် လာကြပေလိမ့်မည်။

သို့သော် ကျနော် မကြောက်ရွံ့ပေ။ ယနေ့ညမှ စတင်၍ ကျနော် ပြန်လည် တိုက်စစ်ဆင်တော့မည် ဖြစ်သည်။

"ဂျန်ဟာယောင်း"

ကျနော့် စကားကြောင့် ဂျန်ဟာယောင်း သည် ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ သူသည် အလွန်ပင် တုန်လှုပ် ခြောက်ခြားနေသော်လည်း ယခင်ကကဲ့သို့ အမူအရာမျိုး မဟုတ်တော့ပေ။ ဂျန်ဟာယောင်း က မေးလိုက်သည်။

"ကျုပ် ကောင်းကောင်း လုပ်နိုင်ပါ့မလား"

"ဘယ်သူမှ မင်းထက် ပိုပြီး ကောင်းကောင်း မလုပ်နိုင်ဘူး"

"…တကယ်ကြီး အဲဒီလို ထင်တာလား။ ကျုပ်က ဒီစွမ်းရည်ကို သင်ယူခဲ့တာ နှစ်နာရီပဲ ရှိသေးတာလေ"

"နှစ်နာရီဆိုတာ လုံလောက်ပါတယ်"

ယုံကြည်ချက် အပြည့်ဖြင့် ကျနော်ပြောလိုက်သည်။ ဤသည်မှာ ဂျန်ဟာယောင်း ကို စိတ်သက်သာရာ ရစေရန် သက်သက် ပြောခြင်း မဟုတ်ပေ။

「 "ပြီးပြည့်စုံဆုံး ကိုယ်စားလှယ် က ဘယ်သူလဲ" 」

တစ်နေ့တွင် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု မှ ပေါ့ပျက်ပျက် ပြောဆိုတတ်သော ဝေဖန်သူများသည် ဤအကြောင်းအရာကို ဆွေးနွေးခဲ့ကြဖူးသည်။

「 "တစ်ဦးချင်း တိုက်ခိုက်မှုမှာ အသန်မာဆုံး ကိုယ်စားလှယ် ကတော့ သေချာပေါက် ယူဂျွန်ဟော့ ပဲ။ သူ့လောက် ကောင်းကောင်း တိုက်နိုင်တဲ့သူ မရှိဘူး" 」

「 "သတင်းအချက်အလက်ပိုင်းမှာဆိုရင်တော့ ဘယ်သူမှ အန်နာ ခရော့ဖ် ကို မယှဉ်နိုင်ဘူး" 」

「 "လီဟန်းဆောင် ရော ဘယ်လိုလဲ။ သူက အကောင်းဆုံး ခံနိုင်ရည်အားမြင့်မားသူ ပဲ" 」

「 "စစ်ပွဲကြီးတွေမှာဆိုရင်တော့ ရန်ဗီးယားခန်း ပေါ့" 」

ဂျန်ဟာယောင်း ၏ အမည်မှာမူ တစ်ခါမျှ ထွက်ပေါ်မလာခဲ့ပေ။ သူသည် တစ်ဦးချင်း တိုက်ခိုက်မှုတွင် ယူဂျွန်ဟော့ ကို မယှဉ်နိုင်သလို၊ သတင်းအချက်အလက်ပိုင်းတွင်လည်း အန်နာ ခရော့ဖ် ထက် နိမ့်ပါးသည်။ ခံစစ်စွမ်းရည်မှာလည်း လီဟန်းဆောင် လောက် မကောင်းသလို၊ စစ်ပွဲကြီးများတွင်လည်း ရန်ဗီးယားခန်း ကဲ့သို့ ထိရောက်မှု မရှိပေ။ သို့သော်လည်း…

「 "ပြီးပြည့်စုံဆုံး ကိုယ်စားလှယ် ဆိုတာ အရာအားလုံးမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ရမယ့်သူ ဖြစ်ရမယ်" 」

「 "ဒါဆိုရင်တော့ ဆုံးဖြတ်ပြီးသားပဲ" 」

သူသည် ယူဂျွန်ဟော့ထက် ခံစစ် ပိုကောင်းသည်။ တစ်ဦးချင်း တိုက်ခိုက်မှုတွင် အန်နာ ခရော့ဖ် ထက် ပိုမို ထူးချွန်သည်။ စစ်ပွဲကြီးများတွင် လီဟန်းဆောင် ထက် ပို၍ စွမ်းဆောင်နိုင်သလို၊ ရန်ဗီးယားခန်း ထက်လည်း ပိုမို များပြားသော သတင်းအချက်အလက်များကို ပိုင်ဆိုင်ထားသည်။

[ဇာတ်ကောင် ‘ဂျန်ဟာယောင်း’ သည် တိုက်ခိုက်ရေးသမား အသွင်ပြောင်းခြင်း အဆင့် ၉ ကို အသုံးပြုလိုက်ပါသည်။]

「 "ဂျန်ဟာယောင်းက ပြီးပြည့်စုံဆုံး ကိုယ်စားလှယ်ပဲ" 」

ဂျန်ဟာယောင်း ၏ ခန္ဓာကိုယ်သည် တောက်လောင်နေသော ကွေးညွတ်မှုတစ်ခုအဖြစ် လှုပ်ရှားသွားပြီး ကောင်းကင်ယံကို နီရဲသော အရောင်များဖြင့် ခြယ်မှုန်းလိုက်သည်။ သူသည် နယ်ပယ်တစ်ခုတည်းတွင် ထူးချွန်သူ မဟုတ်သော်လည်း Ways of Survival ထဲရှိ လူအားလုံးထဲတွင် ဝိသေသ လက္ခဏာ နှင့် စွမ်းရည် အများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူသည် စွမ်းရည်တစ်ခုကို ရရှိလိုက်သည်နှင့် ထိုစွမ်းရည်၏ အမြင့်ဆုံး အဆင့်သို့ အခြားသူများထက် ပိုမို မြန်ဆန်စွာ ရောက်ရှိနိုင်သော စွမ်းအား ရှိသည်။

အမည်မသိတံတိုင်း ၏ သခင်၊ ‘အဆင့်ကျော်လွန်သူများ၏ ဘုရင်’ ဂျန်ဟာယောင်း။ Ways of Survival ၏ ဒုတိယပိုင်းသည် ဤလူသားနှင့်အတူ စတင်ခဲ့ခြင်း ဖြစ်လေသည်။

All Chapters