← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 15 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 15 Ch. 209-210

အခန်း ၂၀၉

- အပိုင်း ၃၉ - အမည်မသိတံတိုင်း (၆)

[ဇာတ်ကောင် ‘ဂျန်ဟာယောင်း’ သည် ‘တိုက်ခိုက်ရေးသမား’ အဖြစ် နိုးထလာပါပြီ။]

အစောင့်အရှောက်တစ်ဦးတွင် ‘စောင့်ကြပ်ခြင်း’ စွမ်းရည် ရှိသကဲ့သို့ တိုက်ခိုက်ရေးသမားတွင်လည်း ‘တိုက်ခိုက်ရေးသမား အသွင်ပြောင်းခြင်း’ ဟူသော စွမ်းရည် ရှိသည်။ ထိုစွမ်းရည်မှာ မိမိတို့၌ ရှိသမျှသော ကြောက်ရွံ့မှုအားလုံးကို အရည်ဖျော်ကာ အင်အားအဖြစ် ပြောင်းလဲပေးသည့် စွမ်းရည်ပင် ဖြစ်သည်။ ဤစွမ်းရည်ကြောင့်ပင် ကာလရှည်ကြာစွာ ဖိနှိပ်ခေါင်းပုံဖြတ်ခံခဲ့ရသူတစ်ဦးသည် ပိုမိုပြင်းထန်သော စွမ်းအားကို ရရှိလာနိုင်သည်။ ထိုသို့သော အဓိပ္ပာယ်အရဆိုလျှင် ဂျန်ဟာယောင်းသည် အမည်မသိတံတိုင်း မရှိလျှင်ပင် တိုက်ခိုက်ရေးသမားဖြစ်ရန် အကောင်းဆုံးသော အရည်အချင်းရှိသူ ဖြစ်သည်။

"ကျားးးး"

ပြဿနာမှာ သူက အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းပင်။ ကောင်းကင်ယံကို တုန်ဟည်းသွားစေသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တိုက်ခိုက်ရေးသမားဆိုသည်မှာ ကွပ်မျက်သူအား ရင်ဆိုင်ရာတွင် မိမိ၏ စွမ်းအားကို အတတ်နိုင်ဆုံး ထုတ်ဖော်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ဂျန်ဟာယောင်းသည် လက်ရှိတွင် မိမိကိုယ်ကိုယ် နက္ခတ်တစ်ပါးကဲ့သို့ ခံစားနေရခြင်း ဖြစ်ပေလိမ့်မည်။

"လျှောက်မလုပ်နဲ့ဦးလေ။ မအေဘေးရဲ့"

ကျနော် အော်ဟစ်လိုက်သော်လည်း ဂျန်ဟာယောင်းမှာမူ ကျနော် လှမ်းမမီနိုင်တော့သော နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤသည်က ဂျန်ဟာယောင်း၏ ပြဿနာပင်။ တကယ်တော့ ကျနော်သည် ဂျန်ဟာယောင်း၏ ပါရမီကို ကြောက်ရွံ့ခြင်း မဟုတ်ပေ။ ထိုပါရမီကြောင့်ပင် သူ စိတ်ရူးပေါက်ကာ သောင်းကျန်းလာမည်ကိုသာ စိုးရိမ်ခြင်း ဖြစ်သည်။

「 ကင်ဒေါ့ဂျာ တွေးမိသည်မှာ - ဂျန်ဟာယောင်းမှာက ပါရမီမရှိတာမဟုတ်ဘဲ ရှိတာထက်ကိုပိုများတဲ့ပါရမီတွေရှိနေတာ။」

Ways of Survival ထဲရှိ တစ်ဦးတည်းသော ဘက်စုံတော်သူ ဂျန်ဟာယောင်း။ ဂျန်ဟာယောင်း၏ အမည်မသိတံတိုင်းသည် တံတိုင်းမှတစ်ဆင့် ပြုလုပ်သော အရောင်းအဝယ်များမှ ရရှိသည့် စွမ်းရည်များဖြင့်သာ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှုကို အာမခံပေးထားသည်။

အမှန်စင်စစ် အဆင့်ကျော်လွန်ခြင်း နယ်ပယ်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သော်လည်း ဂျန်ဟာယောင်းသည် သူ၏ စွမ်းရည်အဆင့်ကို မည်သူထက်မဆို ပိုမိုမြန်ဆန်စွာ မြှင့်တင်နိုင်သည်။ ထိုသို့လုပ်နိုင်စွမ်းသည် အခြားသူများ၏ လပေါင်းများစွာ လေ့ကျင့်မှုကို နာရီအနည်းငယ်အတွင်း ကျော်ဖြတ်နိုင်သည့် ပါရမီပင် ဖြစ်သည်။ ထိုကဲ့သို့သော ပါရမီမျိုးသည် ပိုင်ရှင်ကို အန္တရာယ်ဖြစ်စေရန် ဖန်တီးထားသကဲ့သို့ပင်။

[မင်း… က… ဘာ…]

ကွပ်မျက်သူတစ်ဦးနှင့် စတင်တိုက်ခိုက်နေပြီဖြစ်သော ဂျန်ဟာယောင်း ရှိရာသို့ ကျနော် မနည်းလိုက်သွားခဲ့ရသည်။ တိုက်ခိုက်ရေးသမား၏ မီးပွားများသည် ဂျန်ဟာယောင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး ကွပ်မျက်သူ၏ တံစဉ်လက်နက်မှ သူ့အား ကာကွယ်ပေးထားသည်။

[ဤနေရာအတွက် ‘အမှတ်အသား’ ကို အသုံးမပြုနိုင်ပါ။]

ကွပ်မျက်သူသည် လက်ရှိတွင် ထိုကဲ့သို့သော မက်ဆေ့ချ်မျိုးကို ရရှိနေခြင်း ဖြစ်ပေလိမ့်မည်။

[ဒါ… မင်းက… မဟုတ်မှလွဲရော…]

သို့သော်လည်း နားလည်သွားချိန်တွင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဂျန်ဟာယောင်းသည် ကွပ်မျက်သူ၏ တံစဉ်ကို ကျော်ဖြတ်ကာ ကျွမ်းကျင်သော လှုတ်ရှားမှုဖြင့် ကွပ်မျက်သူ၏ လည်ပင်းကို လှမ်းဖမ်းလိုက်သည်။

[ဂွက်…]

တိုက်ခိုက်ရေးသမားတစ်ဦးအနေဖြင့် ဤမျှအထိ တိုက်ခိုက်နိုင်စွမ်း ရှိရန်မှာ မဖြစ်နိုင်ပေ။ ပုံမှန်အားဖြင့် ကွပ်မျက်သူထက် အနည်းငယ်မျှသာ အစွမ်းသာလေ့ ရှိသော်လည်း၊ ယခုမူ ဂျန်ဟာယောင်းသည် ကွပ်မျက်သူကို လုံးဝ ဖိနှိပ်ထားနိုင်သည်။ ထိုသို့ဖိနှိပ်ထားနိုင်ခြင်းက ဂျန်ဟာယောင်း ဖြစ်နေသောကြောင့်သာ ဖြစ်နိုင်သည်။

အဖမ်းခံထားရသော ကွပ်မျက်သူသည် ရက်စက်သော ကြွက်တစ်ကောင်ကဲ့သို့ ရုန်းကန်နေသော်လည်း ဂျန်ဟာယောင်း၏ တဖြည်းဖြည်း တင်းကျပ်လာသော ဖမ်းဆုပ်ထားမှုကို မခံနိုင်တော့ပေ။ အရိုးများ ကျိုးသွားသည့် အသံနှင့်အတူ ကွပ်မျက်သူ၏ ခန္ဓာကိုယ်မှာ တွဲလောင်းကျသွားခဲ့သည်။

ထို့နောက် ကွပ်မျက်သူ၏ အဝတ်စများမှာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။ ဆယ်စုနှစ်ပေါင်းများစွာ စက်မှုဇုန်၏ ညကို စိုးမိုးခဲ့သည့် တည်ရှိမှုများအတွက်တော့ အဓိပ္ပာယ်မဲ့လွန်းလှသော အဆုံးသတ်ပင် ဖြစ်သည်။

[ကွပ်မျက်သူတစ်ဦးကို တိုက်ခိုက်ရေးသမားတစ်ဦးက သတ်ဖြတ်လိုက်ပါပြီ။]

[လက်ရှိ ကျန်ရှိနေသော ကွပ်မျက်သူ အရေအတွက် - ၆ ဦး]

ကွပ်မျက်သူများ၏ အန္တရာယ်ကြောင့် ဒဏ်ရာရထားသော မြို့သူမြို့သားများသည် ကျနော်တို့ဘက်သို့ လှမ်းကြည့်နေကြသည်။ ဂျန်ဟာယောင်း၏ မီးလျှံသည် ည၏ အမှောင်ထုကို လင်းထိန်သွားစေသည်။ လင်းထိန်နေပုံမှာ တောက်ပနေသော နေမင်းကြီးနှင့်ပင် တူလှသည်။ သို့သော်လည်း ဂျန်ဟာယောင်းသည် နေမင်းကြီး မဟုတ်သလို၊ လက်ရှိအချိန်သည်လည်း ညအချိန်သာ ဖြစ်သည်။

"ကွပ်-ကွပ်မျက်သူတစ်ယောက် သေသွားပြီ။ ကွပ်မျက်သူ တစ်ယောက် သေသွားပြီဟေ့"

"မဖြစ်နိုင်တာ။ အခုက ညအချိန်ကြီးလေ"

"တိုက်ခိုက်ရေးသမား ပေါ်လာပြီဟေ့"

ကွပ်မျက်သူ သေဆုံးသွားပြီးနောက်တွင် အိမ်ထဲ၌ ပုန်းအောင်းနေကြသော လူများသည် ခေါင်းပြူထွက်လာကြသည်။ သူတို့သည် ည၏ အရိပ်အောက်တွင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရသူများ ဖြစ်သည်။

[မြို့သူမြို့သားများသည် တော်လှန်ရေး၏ အရှိန်အဝါကြောင့် လှုံ့ဆော်ခံလိုက်ရပါပြီ။]

သူတို့သည် တစ်ဦးပြီးတစ်ဦး အိမ်ပြင်သို့ ထွက်လာကြသည်။ သူတို့သည် ဂျန်ဟာယောင်းကို ခေါင်းဆောင်တစ်ဦးကဲ့သို့ စိုက်ကြည့်နေကြသည်။

[ဇာတ်ကောင် ‘ဂျန်ဟာယောင်း’ သည် တိုက်ခိုက်ရေးသမားအသွင်ပြောင်းခြင်းကြောင့် ခန္ဓာကိုယ်မှာ တောင့်တင်းသွားပါသည်။]

…ဒီချာတိတ်ကတော့ သူကိုယ်သူ တော်လှန်ရေးသမားလို့ တကယ်ကြီး ထင်နေတာပဲ။

ဂျန်ဟာယောင်း၏နောက်စေ့ကို ခပ်ဖွဖွ ကျနော် ရိုက်လိုက်သည်။

"အု…"

ဂျန်ဟာယောင်း၏ နီရဲနေသော မျက်လုံးများသည် တဖြည်းဖြည်း မူလအတိုင်း ပြန်ဖြစ်လာသည်။ ဂျန်ဟာယောင်းသည် နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ခေါင်းနောက်ဘက်ကို ကိုင်ကာ ကျနော့်ကို စိုက်ကြည့်လာသည်။

"နာလိုက်တာ။ ဘာလို့ အဲဒီလောက် ပြင်းပြင်းထန်ထန် ရိုက်ရတာလဲ"

"သတိကပ်စမ်းပါ။ မင်းက အရူးတစ်ယောက်လို လျှောက်လုပ်နေရင် ပြဿနာတက်လိမ့်မယ်"

「 "လှုံ့ဆော်ခံရသူတွေက လူထုပဲ ဖြစ်သင့်တယ်။ တကယ်လို့ ဦးဆောင်သူကိုယ်တိုင်က အဲ့ဒီအရှိန်အဝါထဲမှာ မျောပါသွားမယ် ဆိုရင်တော့၊ တော်လှန်ရေးဟာ မီးတောက်ကို မခံနိုင်ဘဲ ကောင်းကောင်းမလောင်ခင်မှာတင် ငြိမ်းသွားလိမ့်မယ်" 」

ဤသည်မှာ ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့ ပြောခဲ့သည့် စကားများ ဖြစ်သည်။ ကျနော့်အတွက် ထုတ်ပြောရန် ရှက်စရာကောင်းသော စကားလုံးများ ဖြစ်သောကြောင့် စိတ်ထဲ၌သာ ကျနော်သိမ်းဆည်းထားလိုက်သည်။

ဂျန်ဟာယောင်းသည် ကျနော့်ကို မကျေမနပ်ကြည့်ကာ နှုတ်ခမ်းဆူလိုက်သည်။

"ကွပ်မျက်သူ ရိုက်တာထက်တောင် ပိုနာသေးတယ်"

"ဒါဆို ငါ မင်းကို သေချာဆုံးမလိုက်တာလို့သာ မှတ်လိုက်တော့"

ဂျန်ဟာယောင်း၏ လက်ရှိအင်အားမှာ ဇာတ်ဝင်ခန်းအတွင်းမှာသာ ကန့်သတ်ချက်ရှိပြီး ကွပ်မျက်သူများကို ရင်ဆိုင်ရာတွင်သာ အကျိုးသက်ရောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စွမ်းအားမျိုးကို အဟုတ်မှတ်ပြီး စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားလျှင် အန္တရာယ် ရှိနိုင်လေသည်။

အိုင်လင်းက အဝေးမှနေ၍ အော်ဟစ်လိုက်၏။

"အနောက်ဘက်မှာ နှစ်ယောက်။ တောင်ဘက်မှာ တစ်ယောက်။ ကျန်တဲ့သူတွေက မြောက်ဘက်မှာ"

ထိုအရေအတွက်များက ဘာကိုဆိုလိုသည်မှာ ရှင်းလှပေသည်။

"သွားကြစို့"

ဂျန်ဟာယောင်းက ခေါင်းညိတ်လိုက်ပြီး ကျနော်တို့နှစ်ဦး ည၏အမှောင်ထုထဲတွင် ပြေးထွက်လာခဲ့ကြသည်။ ရှေ့မှဦးဆောင်ပြေးနေသည့် ဂျန်ဟာယောင်းကို ကြည့်နေစဉ် ကျနော့်စိတ်ထဲ၌ မက်ဆေ့ချ်တစ်ခု ကြားလိုက်ရ၏။

[‘Fourth Wall’ သည် ‘ဂျန်ဟာယောင်း’ ကို စားသုံးလိုသည့်ဆန္ဒဖြင့် ကြည့်နေပါသည်။]

"မလုပ်နဲ့လေ။ အဲဒီလိုတောင် မတွေးနဲ့"

နာဗားနားနှင့် ပြင်ပနတ်ဘုရားတို့ကို ရင်ဆိုင်စဉ်ကကဲ့သို့ပင် Fourth Wall သည် ဂျန်ဟာယောင်း၏ ဇာတ်လမ်းကို မက်မောနေသည်။ Fourth Wallသည် ဂျန်ဟာယောင်းကိုသာမက အမည်မသိတံတိုင်း ကိုပါ လိုချင်နေခြင်း ဖြစ်ပေလိမ့်မည်။

[Fourth Wall သည် စိတ်မကောင်းဖြစ်သွားပါသည်။]

"မင်းက အဲဒီတံတိုင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်ဆို။ သူငယ်ချင်းကိုတော့ ပြန်မစားသင့်ဘူးလေ"

「 Fourth Wall နှင့် သူငယ်ချင်းဖြစ်လိုသော ကင်ဒေါ့ဂျာက ပြောလိုက်သည်။ 」

တကယ့်ကို ကလေးဆန်တဲ့ကောင်ပဲ။

"ယေးးးး"

အရှိန်အဟုန်ဖြင့် တိုးဝင်လာသော လူအုပ်ကြီးထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"တိုက်ခိုက်ရေးသမား ပေါ်လာပြီဟေ့။ အားတင်းထားကြ"

သူတို့သည် ကွပ်မျက်သူများကို လက်နက်များဖြင့် ဝှေ့ယမ်းရင်း အော်ဟစ်နေကြသည်။ စက်မှုဇုန်၏ နေရာအနှံ့အပြားတွင် မှော်စွမ်းအင်မီးပွားများ ထွက်ပေါ်လာခဲ့သည်။

လူတွေက ပြန်လည်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ သူတို့သည် မိမိတို့ မယှဉ်နိုင်သော ပြိုင်ဘက်များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြသည်။ သူတို့ထဲမှ တစ်ယောက်ယောက်သာ တော်လှန်ရေးသမား ဖြစ်ခဲ့လျှင် ကျနော် ယုံကြည်မိမှာ အသေအချာပင်။

[ကွပ်မျက်သူတစ်ဦးကို တိုက်ခိုက်ရေးသမားတစ်ဦးက သတ်ဖြတ်လိုက်ပါပြီ။]

[လက်ရှိ ကျန်ရှိနေသော ကွပ်မျက်သူ အရေအတွက် - ၅ ဦး]

ဂျန်ဟာယောင်းသည် နောက်ထပ် ကွပ်မျက်သူတစ်ဦးကို လဲကျစေခဲ့သည်။ ယခုဆိုလျှင် ငါးဦးသာ ကျန်တော့သည်။ ကွပ်မျက်သူအားလုံး သေဆုံးသွားသည်နှင့် စော်ဘွား သည် ဆက်လက်ပုန်းအောင်းနေနိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်မှစ၍ စစ်မှန်သော တော်လှန်ရေး စတင်ပေလိမ့်မည်။

"အားလုံးကို သတ်ပစ်ကြ"

"ဟေးးးးး"

မြို့သူမြို့သားများ သတ္တိရှိလာသည်နှင့်အမျှ ကွပ်မျက်သူများ၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားသည်။ ညအချိန်တွင် တိုက်ခိုက်ရေးသမားမှလွဲ၍ မည်သူမျှ ကွပ်မျက်သူကို အန္တရာယ်မပြုနိုင်သော်လည်း အရေးကြီးသည်မှာ စိတ်ဓာတ်နှင့် အခြေအနေပင် ဖြစ်လေသည်။

[မိုက်… မဲ… လိုက်… တာ…]

တံစဉ်ကို ဝှေ့ယမ်းလိုက်သော ကွပ်မျက်သူတစ်ဦးမှာ ဂျန်ဟာယောင်း၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ကွပ်မျက်သူ နှစ်ဦးမှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ ဤတစ်ဦးမှာ ဂျန်ဟာယောင်းကို ထိပ်တိုက်မရင်ဆိုင်ဝံ့တော့ပေ။ ထိုကွပ်မျက်သူမှာ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

မြို့သူမြို့သားများသည် ထွက်ပြေးသွားသော ကွပ်မျက်သူကို ကြည့်ကာ အော်ဟစ်ကြသည်။

"သူတို့ ထွက်ပြေးကုန်ပြီဟေ့"

ဂျန်ဟာယောင်းသည် စက်မှုဇုန်ရှိ အမိုးနိမ့်များပေါ်သို့ ခုန်တက်ကာ ကွပ်မျက်သူနောက်သို့ လိုက်လံဖမ်းဆီးတော့သည်။

အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသည်။ ဤအတိုင်းဆိုလျှင် ယနေ့ညမှာ ဘေးကင်းစွာ ကုန်ဆုံးသွားပေလိမ့်မည်။ ကွပ်မျက်သူများ ထိခိုက်မှုနည်းပါးစေရန် စော်ဘွား အနေဖြင့် ည၏အစီအစဉ်ကို ရုပ်သိမ်းရန် ဖိအားပေးခံရပေလိမ့်မည်။

「 ထိုသို့ဖြစ်လင့်ကစား ကင်ဒေါ့ဂျာသည် အဆုံးအထိ သတိမပြတ်ခဲ့ပေ။ 」

မိစ္ဆာနယ်မြေ၏ သမိုင်းကြောင်းတွင် သေဆုံးသွားခဲ့ကြသည့် 'တော်လှန်ရေးသမားများ' မှာ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ ညအမှောင်ထု မကုန်ဆုံးမချင်း တော်လှန်ရေးသမားသည် အမြဲနိုးကြားနေသင့်သည်။ ကျနော်သည် အတုအယောင် တော်လှန်ရေးသမားတစ်ဦး ဖြစ်နေလျှင်ပင်နိုးကြားနေရပေမည်။

「 ကင်ဒေါ့ဂျာ တွေးမိသည်မှာ - သူလျှို ဟန်မြုံအို ကို ဖမ်းမိခဲ့ပြီးပြီဖြစ်သလို၊ နေ့ဘက်မှာလည်း ကွပ်မျက်သူ သုံးဦး သေဆုံးသွားခဲ့ပြီ။ 」

အင်အားချင်း ညီမျှမှုမှာ ပျက်ပြားနေပြီဖြစ်ပြီး စက်မှုဇုန်၏ အခြေအနေမှာလည်း လျင်မြန်စွာ ပြောင်းလဲနေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် စော်ဘွား အနေဖြင့် မည်သည့်အစီအစဉ်မျှ မရှိဘဲ ည၏သတ်ဖြတ်မှုကို ထပ်မံစေလွှတ်လိမ့်မည် မဟုတ်ပေ။

အနည်းဆုံးတော့ ကျနော်သိထားသည့် စော်ဘွား စစ်ဝစ်ဇ် ဆိုလျှင်ပေါ့…

မျှော်လင့်ထားသည့်အတိုင်းပင်။ ကျနော့်လည်ပင်းဆီသို့ တစ်ခုခု ပျံသန်းလာသည်ကို ခံစားလိုက်ရသဖြင့် ကျနော်သည် ဗီဇအရ နောက်သို့ ခပ်သွက်သွက် ရှောင်တိမ်းလိုက်သည်။ တံစဉ် လေးခုမှာ ကျနော့်ခေါင်းပေါ်မှ ဖြတ်ကျော်သွားကာ အမိုးများကို ထိမှန်သွားခဲ့သည်။ ကျနော်သာ တစ်စက္ကန့်လောက် နောက်ကျခဲ့လျှင် ခေါင်းပြတ်သွားမှာ အသေအချာပင်။

…သူတို့ ပုန်းအောင်းနေခဲ့ကြတာပဲ။

ဂျန်ဟာယောင်း လိုက်လံဖမ်းဆီးနေသည့် ကွပ်မျက်သူမှလွဲ၍ ကျန်ရှိသည့် ကွပ်မျက်သူ လေးဦးစလုံးက ကျနော့်ကိုသာ ပစ်မှတ်ထားခဲ့ကြသည်။

ပထမဆုံးနေ့နှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။ ကျနော်သည် ‘စာမှတ်’ကို အသုံးပြုကာ ‘လေ၏လမ်းစဉ်’ ကို အသက်ဝင်စေခဲ့သော်လည်း ပျံသန်းလာသော တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းရန်တော့ မလုံလောက်ခဲ့ပေ။

"အစောင့်အရှောက်"

[တစ်စုံတစ်ဦးက သင့်ကို အကာအကွယ်ပေးရန် ဇီဝစွမ်းအားကို အသုံးပြုနေပါသည်။]

ပုန်းအောင်းနေသော မာ့ခ် က ကျနော့်အပေါ် ‘စောင့်ကြပ်ခြင်း’ ကို အသုံးပြုပေးလိုက်သည်။ ယခုဆိုလျှင် မာ့ခ် တွင် နှစ်မှတ်သာ ကျန်တော့သည်။ ‘စောင့်ကြပ်ခြင်း’ ၏ အာနိသင်မှာ ကျနော့်အပေါ် သက်ရောက်နေသော်လည်း ကွပ်မျက်သူများမှာမူ ထွက်ခွာမသွားကြပေ။

「 မိုက်မဲသော ကင်ဒေါ့ဂျာ က စတင်တွေးတောလိုက်သည်။ 」

သူတို့က အချိန်ဆွဲနေသလိုမျိုး ခံစားနေရသည်။ စော်ဘွား ၏ အစီအစဉ်ကို ကျနော် ရိပ်မိလိုက်သည်။

「 စော်ဘွားသည် တိုက်ခိုက်ရေးသမားတစ်ဦး ပေါ်လာလိမ့်မည်ကို ကြိုတင်သိရှိထားခဲ့သည်။ 」

…ဂျန်ဟာယောင်း အန္တရာယ်ရှိနေပြီ။ ကျနော်သည် ‘လေ၏လမ်းစဉ်’ကို အသုံးပြုကာ လေထုကို စုစည်းလိုက်ပြီး ကျနော့်နောက်ကျောဘက်၌ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်သည်။ ကျနော်သည် ကြယ်တံခွန်တစ်ခုကဲ့သို့ ရှေ့သို့ အဟုန်ဖြင့် ပြေးထွက်သွားရာ အံ့အားသင့်သွားသော ကွပ်မျက်သူများက ကျနော့်နောက်မှ လှမ်းအော်ကြသည်။

[ရပ်… လိုက်… စမ်း]

‘စောင့်ကြပ်ခြင်း’ နှင့် ‘လှိုင်း’ တို့၏ စွမ်းအားကို ငှားရမ်းကာ ကွပ်မျက်သူများ၏ တံတိုင်းကို ကျနော်ထိုးဖောက် ကျော်ဖြတ်လိုက်သည်။ ဂျန်ဟာယောင်းမှာ ကွပ်မျက်သူတစ်ဦး နောက်သို့ လိုက်လံဖမ်းဆီးနေခဲ့ခြင်းဖြစ်သည်။ ထိုနေရာ၌ သေချာပေါက်…

"အားးးး"

စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး သွေးထွက်သံယိုဖြစ်ကာ လွင့်ထွက်လာသော ဂျန်ဟာယောင်း၏ ခန္ဓာကိုယ်ကို ကျနော် မြင်လိုက်ရသည်။

ချီး။ ဒါကြောင့်လည်း သူ့ကို ငါဆုံးမခဲ့တာ။

ကျနော်သည် လေထုကို ထိန်းချုပ်ကာ ပြုတ်ကျလာသော ခန္ဓာကိုယ်ကို ဖမ်းယူလိုက်သည်။

"ဟေ့…. အဆင်ပြေရဲ့လား"

"ဟုတ်… ဝေ့ါ…"

သူသည် သွေးများ အန်ထုတ်နေသည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာမျိုး မဟုတ်သော်လည်း ဆက်လက်တိုက်ခိုက်ရန်တော့ ခက်ခဲပေလိမ့်မည်။ ည၏ တိုက်ခိုက်ရေးသမားကို မည်သူက ဤကဲ့သို့ ဖြစ်အောင် လုပ်လိုက်သနည်းဟု ကျနော် သိလိုသော်လည်း၊ ထိုစဉ်မှာပင် ပုံမှန်ထက် ပိုမိုကြီးမားသော ကွပ်မျက်သူတစ်ဦး ဤဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။

[တော်… လှန်… ရေး… သမား…ပါ…လား]

ဤသည်က မဖြစ်နိုင်ချေ။ ညအချိန်တွင် ကွပ်မျက်သူတစ်ဦးသည် တိုက်ခိုက်ရေးသမားကို မည်သည့်အခါမျှ အနိုင်မရနိုင်ပေ။ သို့သော် ဤတစ်ဦးမှာမူ…

ကွပ်မျက်သူ၏ ဝတ်စုံကော်လံသည် တဖြည်းဖြည်း လွင့်စင်သွားပြီး မိစ္ဆာတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာသည်။ ယခုမှပင် ဘာဖြစ်သွားသည်ကို ကျနော် နားလည်လိုက်တော့သည်။ ဂျန်ဟာယောင်းသည် ကွပ်မျက်သူတစ်ဦး၏ စွမ်းအားဖြင့် တိုက်ခိုက်ခံရခြင်း မဟုတ်ပေ။ ဤဇာတ်လမ်း၏ စွမ်းအားမှာ ကျနော် ဤနေရာသို့ စရောက်ချင်း မြင်တွေ့ခဲ့ရသော မိစ္ဆာရွာစား သို့မဟုတ် မိစ္ဆာနယ်စား တို့နှင့် နှိုင်းယှဉ်၍မရအောင်ပင်။

ကျနော် သူ့ကို သေသေချာချာ အကဲခတ်ရင်း မေးလိုက်သည်။

"မင်းက ဉာဏ်သုံးလိုက်တာပဲ။ ‘ကွပ်မျက်ခြင်း’ မဟုတ်တဲ့ တခြားသော နည်းစနစ်တစ်ခုကို အသုံးပြုခဲ့တာပေါ့လေ။ မင်းက စော်ဘွားတော့ မဟုတ်ဘူး၊ ဒါဆို အမတ် တစ်ယောက်ပဲ ဖြစ်ရမယ်။ ငါပြောတာ မှန်တယ်မလား"

"ငါ အရင်မေးတာ။ မင်းက တော်လှန်ရေးသမားလား"

"ဟုတ်တယ်။ ငါက တော်လှန်ရေးသမားပဲ"

"အတော်နားငြီးဖို့ကောင်းတဲ့ အသံပဲ"

မိစ္ဆာ၏ ထူထဲသော မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူက ပျင်းရိငြီးငွေ့သော အသံဖြင့် ပြောလိုက်သည်။

"ငါက အမတ် အော်စတီယွန် ပဲ"

မိစ္ဆာအမတ် အော်စတီယွန်။ စော်ဘွား စစ်ဝစ်ဇ်နှင့်အတူ ဤစက်မှုဇုန်ကို ဦးဆောင်နေသည့် အမတ်နှစ်ဦးအနက်မှ တစ်ဦးပင် ဖြစ်သည်။

"နောက်တစ်ယောက် ကျန်သေးတယ် ထင်တယ်"

"…မျက်စိလျင်သားပဲ"

အမှောင်ထုထဲမှ နောက်ထပ် မိစ္ဆာတစ်ဦး ပေါ်ထွက်လာသည်။ ဤတစ်ဦးတွင်တော့ ကွပ်မျက်သူ၏ စွမ်းအား ရှိပုံမရပေ။

"မင်းကလည်း အမတ်ပဲလား"

ထိုမေးခွန်းကို ဖြေဆိုသူမှာ မိစ္ဆာမဟုတ်ခဲ့ပေ။

"အ-အမတ် ကွာတက်တို"

မြို့သူမြို့သားများ အော်ဟစ်လိုက်ကြစဉ် မိစ္ဆာအမတ် ကွာတက်တိုသည် လရောင်အောက်တွင် ရပ်နေခဲ့သည်။

အော်စတီယွန်နှင့် ကွာတက်တို။ စစ်ဝစ်ဇ်စက်မှုဇုန်ကို ဦးဆောင်နေသည့် မိစ္ဆာအမတ်နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ပေါ်လာခြင်းကြောင့် မြို့သူမြို့သားများမှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။

"အားးးး…"

စော်ဘွား စစ်ဝစ်ဇ်သည် အရာရာကို သေချာမှုရှိရှိ လုပ်ဆောင်တတ်သူဖြစ်သည်။ သူသည် ရန်သူ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးသဖြင့် အမတ်နှစ်ဦးစလုံးကို လွှတ်လိုက်ခြင်း ဖြစ်၏။

"မင်းက ဒီလို အဖိုးတန်တဲ့အချိန်မှာ ဒီလောက်အထိ အနှောင့်အယှက်ပေးနေတာဆိုပဲ။ တကယ့်ကောင်ပါကွာ"

သူတို့၏ အမူအရာများက အနှောင့်အယှက်တစ်ခုကို ရှင်းလင်းရသည်မှာ အလွန်ပင် စိတ်ရှုပ်စရာကောင်းလှသည်ဟု ပြသနေသည်။ နှစ်ပေါင်းရာနှင့်ချီ၍ ဤစက်မှုဇုန်ကို စိုးမိုးခဲ့သူများဖြစ်ရာ ဤသို့ဖြစ်သည်မှာ နားလည်နိုင်ပေသည်။

ကျနော် သေဆုံးသွားပြီဟု သူတို့ဘာသာ ဆုံးဖြတ်ပြီးနောက် မိစ္ဆာအမတ်နှစ်ဦးသည် ကျန်ရှိသော မြို့သူမြို့သားများကို စိုက်ကြည့်လိုက်ကြသည်။ ပတ်ဝန်းကျင်မှ ဖိအားများ မြင့်တက်လာပြီး မြို့သူမြို့သားများမှာ ဒူးထောက်ရန် ဖိအားပေးခံလိုက်ရ၏။ လူသားများသည် တုန်ရီနေကြပြီး အသက်ရှူရန်ပင် ကြောက်ရွံ့နေကြလေသည်။

မိစ္ဆာအမတ်များက သူတို့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ဒါဟာ မင်းတို့ ခံစားရမယ့် တန်ဖိုးပဲ"

[ဇာတ်လမ်း ‘အုပ်ချုပ်သူ၏ အမိန့်’ အသက်ဝင်လာပါပြီ။]

အမတ်များက ဖန်တီးလိုက်သော စကားလုံးများ၏ အရှိန်အဝါသည် မြို့သူမြို့သားများကို ခြိမ်းခြောက်နေသည်။ ဘာမျှ မဖြစ်ပျက်သေးသော်လည်း ထိုစကားလုံးများကပင် လူတို့၏ စိတ်ကူးကို စတင်စိုးမိုးလာခဲ့သည်။

"မင်းတို့မှာ ရှိတဲ့ အဖိုးတန်သမျှ အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်"

သူတို့သည် မိမိတို့၏ အဖိုးတန်လှသော မိသားစုများကို ဆုံးရှုံးရမည်ဟု စိတ်ကူးမိသွားကြသည်။

"မင်းတို့ဆီက အေးချမ်းတဲ့ ညတွေကိုလည်း ရုပ်သိမ်းလိုက်ပြီ"

သူတို့သည် အေးချမ်းသော ညများအားလုံးကို ဆုံးရှုံးလိုက်ရသည်။

"ဒီစက်မှုဇုန်ကို နှောင့်ယှက်တဲ့အတွက် မင်းတို့ ပေးဆပ်ရလိမ့်မယ်"

သူတို့သည် မည်သည့်အခါမျှ မတတ်နိုင်သော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။

"ဒါဟာ တော်လှန်ရေးရဲ့ အဓိပ္ပာယ်ပဲ"

ထိုစကားလုံးများသည် နောက်ဆုံးစီရင်ချက်ကဲ့သို့ ကျရောက်လာ ခဲ့သည်။ မြို့သူမြို့သားများသည် ထိုစကားများကြားထဲ၌ နစ်မွန်းသွားကြပြီး ထိတ်လန့်နေသော မျက်လုံးများဖြင့် အမတ်များကို မော့ကြည့်နေကြသည်။ အမတ်များကမူ ဤအခြေအနေကို ကျေနပ်သည့်အလား ရယ်မောလိုက်ကြသည်။

"ကြည့်စမ်း။ မင်းတို့ရဲ့ မျှော်လင့်ချက်တွေ ပြိုလဲနေပြီ"

သူတို့သည် ဤအခြေအနေကို အုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာစေရန် အခွင့်အရေးအဖြစ် အသုံးချရန် ဆုံးဖြတ်လိုက်ကြ၏။

ယခုလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို ဘီဟွန်းအား မြင်စေချင်သည်။ အမတ်နှစ်ဦးသည် ကျနော့်ဘက်သို့ လှည့်လာပြီး သူတို့၏ ‘အရှိန်အဝါ’ ဖြင့် ဖိနှိပ်လိုက်ကြသည်။ သာမန် မြို့သူမြို့သားများသည် ယခုအချိန်တွင် ကြောက်လန့်တကြား ဖြစ်နေပေလိမ့်မည်။

သို့သော် မြို့သူမြို့သားများအားလုံး မြေပြင်ပေါ်၌ ဒူးထောက်နေကြစဉ်တွင် ကျနော်တစ်ဦးတည်းသာ မတ်မတ်ရပ်နေခဲ့သည်။ အံ့အားသင့်သွားသော အမတ်များသည် ကျနော့်ကို စိုက်ကြည့်ကာ ထပ်မံအော်ဟစ်လိုက်ပြန်သည်။

"ကြည့်ထားကြစမ်း။ သူ ဘယ်လို ပြိုလဲသွားမလဲဆိုတာ ကြည့်ထားကြ"

အမတ်များသည် သူတို့၏ ‘အရှိန်အဝါ’ ကို အသုံးပြုကာ ကျနော့်ကို အကြိမ်ကြိမ် ဖိနှိပ်ရန် ကြိုးစားနေကြသည်။ သူတို့၏ တည်ရှိမှုကို ပြသရန် အစွမ်းကုန် ကြိုးစားနေကြသဖြင့် အကြောများပင် ထောင်ထွက်နေသည်။

"ပြိုလဲစမ်း… ပြိုလဲစမ်း…ဟင်။ မဟုတ်သေးဘူး။ ဒါက…"

သူတို့ဆီသို့ တဖြည်းဖြည်း ကျနော်ချဉ်းကပ်သွားလိုက်သည်။

「 ကင်ဒေါ့ဂျာ တွေးမိသည်မှာ - 」

ညအချိန်တွင် ကွပ်မျက်သူကို တိုက်ခိုက်ရေးသမားတစ်ဦးသာ ရင်ဆိုင်နိုင်သည်။ ရန်သူများသည် ဇာတ်ဝင်ခန်း၏ ‘နေရာယူမှု’ များကို အသုံးမပြုတော့ဘဲ သူတို့၏ အင်အားကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် သူတို့ကို ပြန်လည် တုံ့ပြန်ရန် လိုအပ်လာသည်။

「 ဒီတစ်ကြိမ်တော့ ရှောင်လွှဲလို့ မရတော့ဘူး 」

အကယ်၍ ကျနော်သာ ဤစွမ်းအားကို ဖွင့်လိုက်လျှင် ကျနော်၏ လူသားကိုယ်စားလှယ်ခန္ဓာကိုယ်မှာ များစွာ တုန်ခါသွားပေလိမ့်မည်။ သို့သော် အမတ်တစ်ဦးကို ရင်ဆိုင်ရန်အတွက်မူ ထိုသို့လုပ်ကို လုပ်ရပေမည်။ ကျနော်သည် စွမ်းအားကို အနည်းဆုံးသာ အသုံးပြုရန် လိုအပ်သည်။ အထိရောက်ဆုံး နည်းလမ်းဖြင့် သူတို့ကို ရှင်းလင်းပစ်ရမည်။

"မင်းက…"

သူတို့ ဘာမေးချင်သည်ကို ကျနော် သိနေသဖြင့် အရင်ဦးအောင် ပြောလိုက်သည်။

"ငါ ဘယ်သူလဲသိလား"

အမတ်အဆင့်ရှိသော အရာရှိတစ်ဦးသည် အစွမ်းထက်ပေသည်။ သို့သော် သူတို့ မည်မျှပင် သန်မာစေကာမူ သူတို့မှာ ‘ကိုယ်စားလှယ်များ’အဆင့်တွင်သာ ရှိနေသေး၏။ သူတို့သည် သမိုင်းဝင်အဆင့်ရှိသော နက္ခတ်များကိုပင် ယှဉ်နိုင်သူများ မဟုတ်ပေ။

ကျနော် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။ တစ်နည်းနည်းဖြင့် စိတ်မသက်မသာတော့ ဖြစ်မိ၏။ နက္ခတ်တစ်ပါး ဖြစ်လာပြီးကတည်းက ကျနော် ဤသို့ တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။

[နက္ခတ်၏ ‘အရှိန်အဝါ’ ကို ထုတ်ဖော်လိုက်ပါပြီ။]

အရာအားလုံးနှင့် နှိုင်းယှဉ်၍မရသော ထို ‘အရှိန်အဝါ’ သည် ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင်ကိုပင် ဖိနှိပ်ခြေမှုန်းလိုက်တော့သည်။

အခန်း ၂၁၀

- အပိုင်း ၄၀ - အကောင်ပေါက်ခြင်း (၁)

ကျနော့်ဘဝတွင် ဤကဲ့သို့သော ခံစားချက်မျိုးကို တစ်ခါမျှ မခံစားဖူးခဲ့ပေ။ ကျနော်သည် အလွန်အမင်း ကြီးမားထည်ဝါသွားသလို ခံစားလိုက်ရသဖြင့် ထိုခံစားချက်အပေါ်၌သာ အာရုံစိုက်နေမိပြီး မိမိကိုယ်ကိုယ် ‘ယူဂျွန်ဟော့’ ဟု ပြောရန်ပင် မေ့လျော့နေခဲ့သည်။ ပတ်ဝန်းကျင်ရှိ မီတာပေါင်းများစွာသော အချိန်နှင့် ဟင်းလင်းပြင်တို့သည် ကျနော့်ရှေ့မှောက်၌ ဒူးထောက်နေကြသကဲ့သို့ ခံစားရသည်။ ဤသည်မှာ နက္ခတ်များ ခံစားရသည့် ခံစားချက်မျိုးပင် ဖြစ်ပေလိမ့်မည်။

[သင်၏ကိုယ်စားလှယ်ခန္ဓာကိုယ်သည် သင်၏ ‘အရှိန်အဝါ’ ကို ဖော်ပြရန် သင့်တော်မှု မရှိပါ။]

ကျနော်သည် အဆင့်အတန်းကို ချိန်ညှိထားသော်လည်း ကျနော့်ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိနေဆဲဖြစ်သည်။ အစကတည်းက ကျနော်သည် ကျနော်၏ ‘အရှိန်အဝါ’ အစစ်အမှန်ကို အပြည့်အဝ ထုတ်ဖော်ခဲ့ခြင်းလည်း မဟုတ်ပေ။

[သင်၏ ‘အရှိန်အဝါ’ သည် သင်၏ကိုယ်စားလှယ်ခန္ဓာကိုယ်နှင့် ကိုက်ညီမှုမရှိသဖြင့် ယာယီအားဖြင့် ပြန်လည်ချိန်ညှိပါမည်။]

[သင်၏ လက်ရှိ ‘အရှိန်အဝါ’ မှာ သမိုင်းဝင်အဆင့် ဖြစ်ပါသည်။]

ဇာတ်လမ်းရှည်အဆင့်ရှိ ‘အရှိန်အဝါ’ ဆိုသည်မှာ ကျနော်၏ လူသားကိုယ်စားလှယ်ခန္ဓာကိုယ်က တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။ သမိုင်းဝင်အဆင့်ရှိ နက္ခတ်များပင်လျှင် ခိုင်မာသော ကိုယ်စားလှယ်ခန္ဓာကိုယ် မရှိပါက သူတို့၏ အရှိန်အဝါကို အမှတ်အသားတစ်ခုအဖြစ် မထိန်းသိမ်းနိုင်ကြရာ၊ ယခုကဲ့သို့ စုတ်ပြတ်နေသော ကျနော့်ခန္ဓာကိုယ်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။ သို့သော် ဤမျှဆိုလျှင်ပင် လုံလောက်ပေသည်။

"အ… အီး… အား…"

လူသားကိုယ်စားလှယ်များသည် နာကျင်စွာ အော်ဟစ်နေကြသည်။ ၎င်းကို မြင်လိုက်ရသဖြင့် ကျနော်သည် ထိုဖိအားကို အမတ်များရှိရာ အဝန်းအဝိုင်းအတွင်းသို့သာ အမြန်ဆုံး ကန့်သတ်လိုက်သည်။ ဒူးတစ်ဖက်ထောက်နေကြသော အမတ်များ၏ မျက်နှာမှာ ဝိညာဉ်လွင့်ထွက်သွားသည့်အလား ဖြစ်နေကြသည်။

[မိစ္ဆာနယ်မြေအတွင်းရှိ တစ်စုံတစ်ဦးက သင်၏ တည်ရှိမှုကို သိရှိသွားပါပြီ။]

[မိစ္ဆာနယ်မြေအတွင်းရှိ တစ်စုံတစ်ဦးက သင်၏ တည်ရှိမှုကို သိရှိသွားပါပြီ။]

[မိစ္ဆာနယ်မြေအတွင်းရှိ တစ်စုံတစ်ဦးက သင်၏ တည်ရှိမှုကို သိရှိသွားပါပြီ။]

ခေတ္တခဏမျှသာ ရှိသေးသော်လည်း ကျနော်သည် မက်ဆေ့ချ် သုံးခုကို လက်ခံရရှိပြီးဖြစ်သည်။ သူတို့သည် မိစ္ဆာနယ်မြေရှိ မိစ္ဆာဘုရင်များ ဖြစ်ပေလိမ့်မည်။

ကိစ္စတော့မရှိပေ။ အနှေးနှင့်အမြန် သူတို့ကို သိစေရန် ကျနော် ရည်ရွယ်ပြီးသားဖြစ်သည်။ ထို့အပြင် ဤမျှလောက်သော အဆင့်အတန်းဖြင့် ကျနော် မည်သူဖြစ်သည်ကို သူတို့ မသိနိုင်ပေ။

[သင့်ကိုယ်စားလှယ်ခန္ဓာကိုယ်သည် သင်၏ ‘အရှိန်အဝါ’ ကို မတောင့်ခံနိုင်တော့ပါ။]

ကျနော့်ကျောဘက်တွင် စုစည်းထားသော ဇာတ်လမ်းများသည် တဖြည်းဖြည်း ပြိုကွဲကျလာခဲ့သည်။ ကံကောင်းသည်မှာ မမြင် ကွယ်ရာဘက်၌ ဖြစ်နေသဖြင့် အမတ်များ မသိရှိကြသေးခြင်းပင်။

"ဒီ… ဒီအရှိန်အဝါက…"

"နက္ခတ်တစ်ပါးပဲ"

အမတ် အော်စတီယွန်သည် နောက်ကျမှ သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်သည်။ သူ၏ဘေးမှ ကွာတက်တိုမှာမူ နောက်သို့ ဆုတ်ခွာရန် ဟန်ပြင်နေသည်။ မြင်ကွင်းက ကြည့်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သော်လည်း ကျနော် အချိန်ဆွဲ၍ မရပေ။

[သင့်ကိုယ်စားလှယ်ခန္ဓာကိုယ်သည် စတင်ပြိုကွဲနေပါပြီ။]

ကျနော်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ‘အရှိန်အဝါ’ နှင့် နှိုင်းယှဉ်လျှင် များစွာ မရှိလှပေ။ ထို့ကြောင့် ရန်သူများ မသေဆုံးမီ ချက်ချင်း အဆုံးသတ်ရန် လိုအပ်သည်။

[အထူးစွမ်းရည် ‘စာမှတ်’ အသက်ဝင်ပါပြီ။]

ထိုစဉ်မှာပင် ဘာကြောင့်မှန်းမသိ လေထုထဲ၌ မီးပွားများ ထွက်ပေါ်လာပြီး ထိုစွမ်းရည်မှာ အတင်းအကျပ် ရပ်တန့်သွားခဲ့သည်။

[သင့်ကိုယ်စားလှယ်ခန္ဓာကိုယ်သည် အလွန်ပင် မတည်မငြိမ်ဖြစ်နေသဖြင့် ထိုစွမ်းရည်ကို အသုံးမပြုနိုင်ပါ။]

…ခွေးမသား။ ငါ အရမ်းလောမိသွားတာလား။

[သင်သည် ဖြစ်နိုင်စွမ်းနှင့် မကိုက်ညီသော အင်အားကို အသုံးပြုခဲ့ပါသည်။]

[ထုတ်ပယ်ခြင်း ပြစ်ဒဏ် အရှိန်မြှင့်လာပါပြီ။]

ကျနော်သည် မကြာသေးမီကမှ တိုက်ပွဲဝင်ခဲ့သဖြင့် ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားခဲ့သည်။ သို့သော် ကျနော့်ခန္ဓာကိုယ် ပြိုကွဲမှုမှာ ထင်ထားသည်ထက် များစွာ ပိုမိုမြန်ဆန်နေသည်။ နက္ခတ်တစ်ပါး၏ ‘အရှိန်အဝါ’ ကို ထုတ်ယူလိုက်ရသည့် ဝန်ထုပ်ဝန်ပိုးမှာ များပြားလွန်းလှပုံရသည်။

အမတ်များသည် အခြေအနေကို စတင်လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်လာကြပြီး ကျနော်၏ ဖိအားကို အံတုလာကြသည်။ သူတို့တွင် ဒဏ္ဍာရီအဆင့် ဇာတ်လမ်းတစ်ပုဒ် သို့မဟုတ် သမိုင်းဝင်အဆင့် ဇာတ်လမ်းများစွာ ရှိနေပုံရသည်။ သူတို့သည် သုခဘုံရှိ ရိန်းဟတ် အဆင့်လောက်တွင် ရှိမည်ဟု ကျနော် ခန့်မှန်းမိသည်။

"မင်းက နက္ခတ်တစ်ပါး ဖြစ်နေရင်တောင်၊ ဒီဇာတ်ဝင်ခန်းထဲမှာ ငါ့ကို သတ်လို့မရဘူး"

ထို့အပြင် သူတို့သည် ဉာဏ်ကောင်းကြသည်။ အမတ် အော်စတီယွန်သည် နောက်တစ်ကြိမ် ကွပ်မျက်သူအဖြစ် အသွင်ပြောင်းလိုက်ပြီး ကျနော့်ဆီသို့ တံစဉ်ဖြင့် ချိန်ရွယ်လိုက်သည်။ တိုက်ခိုက်ရေးသမားဖြစ်သော ဂျန်ဟာယောင်းမှာလည်း မလှုပ်ရှားနိုင်သည့် အခြေအနေ ဖြစ်နေလေသည်။ ယခုဆိုလျှင် ကျနော့်တွင် ဤမအေဘေးကို သတ်ရန် နည်းလမ်းမရှိတော့ပေ။ အခြေအနေမှာ ပိုမိုဆိုးရွားသော ဘက်သို့ ဦးတည်လာခဲ့သည်။

"ထုတ်ပယ်ခံရသူလား"

"…မဟုတ်မှလွဲရော"

ကျနော့်ခန္ဓာကိုယ်မှ ပြုတ်ကျနေသော ဇာတ်လမ်းအပိုင်းအစများမှာ ပိုမိုများပြားလာသဖြင့် အမတ်များက နောက်ဆုံးတွင် သတိပြုမိသွားကြသည်။ စွမ်းရည်ကန့်သတ်ချက်များကြောင့် ‘အနှိုင်းမဲ့ စာဖတ်သူ၏ အမြင်’ ကို ကျနော် အသုံးမပြုနိုင်သော်လည်း သူတို့ ဘာတွေးနေသည်ကို ကျနော် သိနေသလိုပင်။

「 ငါသာ အဲဒီကောင်ရဲ့ ဇာတ်လမ်းကို ရနိုင်မယ်ဆိုရင်… 」

ဒဏ်ရာရနေသော သားကောင်ကို ချောင်းနေသည့် မြေခွေးများကဲ့သို့ သူတို့သည် ကျနော့်ကို သေသေချာချာ ဝိုင်းရံလာကြသည်။

"စစ်ကူတွေ ခေါ်လိုက်စမ်း။ ငါတို့ အချိန်ဆွဲထားနိုင်ရင် သူ့ကို ဖျက်ဆီးပစ်လို့ ရတယ်"

ခရာမှုတ်သံတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးမှ ကွပ်မျက်သူများ ချဉ်းကပ်လာကြသည်။ စက်ရုံဘက်မှ အရာရှိများထံမှလည်း ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ကျနော် ခံစားလိုက်ရသည်။

「 ကင်ဒေါ့ဂျာ တွေးမိသည်မှာ - 」

အမတ်တစ်ယောက်ကို သတ်ရန်အတွက် အနည်းဆုံးတော့ ‘လျှပ်စစ်ဓာတ် အားဖြည့်ခြင်း’ကို ကျနော် အသုံးပြုရမည်ဖြစ်သည်။

「 ဒါပေမဲ့ ငါက စွမ်းရည်ကို အသုံးပြုလို့မရနိုင်ဘူး။ 」

အကယ်၍ ကျနော်သာ အချိန် ထပ်ဖြုန်းနေပါက ကျနော်၏ ခန္ဓာကိုယ်နှင့် မြို့သူမြို့သားများပါ အန္တရာယ်ကျရောက် လာပေတော့မည်။

「 စွမ်းရည်တွေမသုံးဘဲ တခြားနည်းလမ်းနဲ့ သူတို့ကို သတ်ရမယ်။ 」

မည်သို့နည်းလမ်းနည်း။

「 နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ 」

ကျနော် ဆုံးဖြတ်ချက်ချလိုက်သည့် ခဏမှာပင် ကျနော့်ထံသို့ ချဉ်းကပ်လာသော အမတ် အော်စတီယွန်ထံမှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"အားးးးး"

အမတ် အော်စတီယွန်၏ လက်တစ်ဖက်မှာ မြေပြင်ပေါ်သို့ လိမ့်ထွက်သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် သူသည် ကွပ်မျက်သူအသွင် ဆောင်ထားသဖြင့် သာမန်တိုက်ခိုက်မှုများဖြင့် ဒဏ်ရာရရန် မဖြစ်နိုင်ပေ။ ဤသည်မှာ...

"သိပ်ပြီးတော့ ပေါ့ဆမနေသင့်ဘူးလေ"

ဂျန်ဟာယောင်းသည် သူ့နောက်ကွယ်၌ ရပ်နေပြီး လူဆိုးတစ်ဦးကဲ့သို့ ရယ်မောနေသည်။ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ကြည့်လျှင် ဤသည်မှာ မယုံကြည်နိုင်လောက်အောင် လျင်မြန်သော ပြန်လည်နာလန်ထူမှုပင် ဖြစ်သည်။

[ဇာတ်ကောင် 'ဂျန်ဟာယောင်း' သည် 'မသေနိုင်သောခန္ဓာကိုယ် အဆင့် ၇' စွမ်းရည်ကို အသုံးပြုလိုက်ပါသည်။]

...မသေနိုင်သောခန္ဓာကိုယ်ဆိုသည်မှာ မူရင် (သိုင်းလောက) လောကမှ ကုသရေးစွမ်းရည်ပင် ဖြစ်သည်။ သူမည်ကဲ့သို့ ရရှိခဲ့သနည်း။

ဂျန်ဟာယောင်းသည် ကျနော်၏အကြည့်ကို သတိထားမိသွားပြီး ဆင်ခြေပေးသလိုမျိုး တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျုပ် စကားပြောဖူးတဲ့လူတွေထဲက တစ်ယောက်က မူရင်လောကကလေ..."

ရှက်ကိုးရှက်ကန်းဖြစ်နေသော ဂျန်ဟာယောင်းကို ကြည့်ကာ ကျနော် သက်ပြင်းချလိုက်မိသည်။ သူသည် မဟူရာနဂါးတစ်ဦးတည်းနှင့်သာ စကားပြောခဲ့ခြင်း မဟုတ်ပေ။ 'မသေနိုင်သောခန္ဓာကိုယ်' ဆိုသည်မှာ 'ကောင်းကင်ဖြိုခွင်းဓါးသိုင်း'၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

"အားလုံး ဝိုင်းတိုက်ကြစမ်း။ တိုက်ခိုက်ရေးသမားကို အရင်သတ်"

အမတ် အော်စတီယွန်သည် ကွပ်မျက်သူအရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး အံ့အားသင့်နေသော စစ်ကူများကို အော်ဟစ်အမိန့်ပေးလိုက်သည်။ ကျန်ရှိနေသော ကွပ်မျက်သူ လေးဦးနှင့် ရောက်ရှိလာသော အရာရှိများက ကျနော်တို့ကို စတင်ဝိုင်းရံလာကြသည်။ နယ်စားသုံးဦးနှင့် ရွာစားငါးဦးရှိနေကြောင်း ကျနော် ရေတွက်လိုက်မိသည်။ ထိုအထဲတွင် ကျနော် ဤနေရာသို့ ရောက်ရှိကာစက တွေ့ခဲ့ရသည့် ရွာစား မီလန်လည်း ပါဝင်နေသည်။

"ဟိုမှာဟေ့။ တော်လှန်ရေးသမားကြီးကို ကယ်ကြ"

မြို့သူမြို့သားများသည် ကျနော်တို့ကို ကယ်တင်ရန် ပြေးလာကြသော်လည်း လူအင်အားမှာ လိုအပ်နေဆဲပင် ဖြစ်သည်။ ဂျန်ဟာယောင်းသည် လက်နက်များ ထုတ်နေကြသော အရာရှိများကို ကြည့်ကာ မျက်နှာ ဖြူလျော်သွားသည်။

"ကျုပ် ဘာလုပ်ရမလဲ။ သူတို့ကို ကျုပ် မသတ်နိုင်ဘူး"

တိုက်ခိုက်ရေးသမားတစ်ဦးသည် ကွပ်မျက်သူအပေါ်၌ အစွမ်းထက်သော်လည်း အခြားသော ရာထူးနေရာရှိသူများနှင့်ဆိုလျှင်မူ အားနည်းချက်ရှိသည်။ နောက်ဆုံးတွင်တော့ ကျန်ရှိသူများကို ကျနော်ကိုယ်တိုင်သာ ရင်ဆိုင်ရတော့မည်။

"ကွပ်မျက်သူတွေကိုပဲ အာရုံစိုက်ထား"

ဂျန်ဟာယောင်းကို ပစ်မှတ်ထားနေသော အရာရှိများကို ကျနော် ပိတ်ဆို့လိုက်သည်။ ကျနော့်ထံသို့ လှံများစွာ ဦးတည်လာသော်လည်း ကျနော် မရှောင်တိမ်းခဲ့ပေ။

[လက်ရှိတွင် သင်သည် ဇာတ်ဝင်ခန်း၏ အကာအကွယ်အောက်၌ ရှိနေပါသည်။]

'အစောင့်အရှောက်' ၏ အကာအကွယ်အောက်တွင် ကျနော် မသေဆုံးနိုင်ပေ။ ကျနော် အလွန်အကျွံ မလုပ်ဘဲ သူတို့ကို တစ်ယောက်ချင်း ရင်ဆိုင်နိုင်လောက်သည်။ ကျနော်၏အတွေးကို ဖတ်မိသကဲ့သို့ပင် လေထဲ၌ မက်ဆေ့ချ်တစ်ခု ပေါ်ထွက်လာသည်။

[ 'အုပ်ချုပ်သူ' က 'ည' ကို အတင်းအကျပ် ရုပ်သိမ်းလိုက်ပါသည်။]

အုပ်ချုပ်သူဆိူသည်မှာ ဤစက်မှုဇုန်၏ အရှင်သခင်ဖြစ်သော စော်ဘွားကို ရည်ညွှန်းသည့် ရာထူးပင် ဖြစ်သည်။

[ယနေ့ညတွင် မည်သူမျှ သေဆုံးခြင်း မရှိပါ။]

ညအချိန် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း တိုက်ပွဲမှာမူ ဆက်လက်တည်ရှိနေဆဲပင်။ မဟုတ်သေး။ ယခုမှ အစပြုခြင်းဟုသာ ဆိုရပေလိမ့်မည်။

[သင့်ကို ကာကွယ်ပေးထားသော ဇာတ်ဝင်ခန်း၏ စွမ်းအား ပျောက်ကွယ်သွားပါပြီ။]

"သူ့ရဲ့ အကာအကွယ် ပြုတ်သွားပြီ။ သူ့ကိုသတ်ပစ်ကြ"

"သူက အံ့ဩစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကောင်ပဲ"

အရာရှိများသည် မျှော်လင့်ချက်အပြည့်ဖြင့် ကျနော့်ထံသို့ ပြေးဝင်လာကြသည့်အခါ ကျနော် ခါးသီးစွာ ပြုံးလိုက်မိသည်။

"မင်းတို့က နည်းနည်းတော့ ဉာဏ်သုံးတတ်သားပဲ၊ ဒါပေမဲ့ မင်းတို့ မှားသွားပြီကွ"

ညအချိန် ကွယ်ပျောက်သွားသည်နှင့်အမျှ ကွပ်မျက်သူ၏ စွမ်းအားကိုလည်း အသုံးပြု၍ မရတော့ပေ။ ထို့အပြင် စက်မှုဇုန်၏ အဓိက ခေါင်းဆောင်ပိုင်းဖြစ်သော အမတ်များကလည်း ဤနေရာ၌ ရှိနေကြသည်။ ကျနော် ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာလှပေပြီ။

"ဇာတ်လမ်းကို ဖွင့်လိုက်စမ်း"

ကျနော့်ခန္ဓာကိုယ်မှာ မတည်မငြိမ်ဖြစ်နေပြီး စွမ်းရည်များကိုလည်း အသုံးပြု၍မရပေ။ သို့သော် ကျနော့်တွင် တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ဟု မဆိုလိုပေ။

[သမိုင်းဝင်အဆင့်ရှိ ဇာတ်လမ်း 'ပိုးမွှားသတ်ဖြတ်ခြင်း' အသက်ဝင်ပါပြီ။]

ကျနော်၏ လက်ရှိအခြေအနေဖြင့် ဒဏ္ဍာရီအဆင့်ထက် မြင့်မားသော ဇာတ်လမ်းကို ဖွင့်ရန် မဖြစ်နိုင်ပေ။ သို့သော် ဤကောင်များကို ကိုင်တွယ်ရန် ဒဏ္ဍာရီအဆင့် ဇာတ်လမ်း မလိုအပ်ချေ။ ဤသည်မှာ 'အရှိန်အဝါ'ကို အမြင့်ဆုံးအဆင့်တွင် အသုံးပြုသော ဇာတ်လမ်းပင် ဖြစ်သည်။ ယခုသုံးလိုက်သည့် ဇာတ်လမ်းက 'မဟူရာရဲတိုက်'တွင် တန်တာစီယိုဟုခေါ်သော မိစ္ဆာအရာရှိ တစ်ခါက အသုံးပြုခဲ့ဖူးသည့် ဇာတ်လမ်း ဖြစ်၏။

ကျနော် မျက်တောင်ကို ဖြည်းညှင်းစွာ ခတ်လိုက်သည့်အခါ ကျနော့်ရှေ့မှ အရာရှိများသည် သေးငယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 'ပိုးမွှားသတ်ဖြတ်ခြင်း' ဇာတ်လမ်းဟူသည် ပိုးမွှားပေါင်း သောင်းနှင့်ချီ၍ သတ်ဖြတ်ပြီးမှ ရရှိလာသော အရာဖြစ်သည်။ သန်မာသူနှင့် တွေ့ဆုံလျှင်မူ ဤကြောက်မက်ဖွယ်ဇာတ်လမ်းက အားနည်းသော ဇာတ်လမ်း ဖြစ်သွားပေလိမ့်မည်။ သို့သော် အားနည်းသူများကို ကိုင်တွယ်ရာတွင်မူ တစ်မျိုးတစ်ဖုံ ကွဲပြားမည်ဖြစ်၏။

[သင့်ထက် အရှိန်အဝါနိမ့်ပါးသော သက်ရှိအားလုံးအပေါ်၌ သင်သည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ပါသည်။]

[ဤဇာတ်လမ်းကို သတ်မှတ်ထားသော 'အရှိန်အဝါ' အဆင့်ရှိသူများသာ အသုံးပြုနိုင်ပါသည်။]

ကျနော်၏ခန္ဓာကိုယ်မှ ခြိမ်းခြောက်မှုအပြည့်ရှိသော လေထုတစ်ခု ထွက်ပေါ်လာပြီး ချဉ်းကပ်လာသော အရာရှိများ၏ မျက်နှာများမှာ ပြာနှမ်းကုန်ကြသည်။

"ဒါ... ဒါက မဖြစ်နိုင်တာ..."

နောင်တရရန်မှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ဓါးကို အသုံးပြုနေရန်ပင် မလိုတော့ပေ။ ကျနော်၏ခန္ဓာကိုယ်မှ ကြွက်သားများသည် ချက်ချင်းဆိုသလို ဖောင်းကားလာပြီး အရာရှိများကို ကျနော်၏လက်သီးများဖြင့် စတင်ထိုးနှက်တော့သည်။

"အားးးးးး"

ဤသည်မှာ တကယ့်ကို 'သတ်ဖြတ်ပွဲ' တစ်ခုပင် ဖြစ်တော့သည်။

[သင်သည် သမိုင်းဝင်အဆင့်ရှိ ဇာတ်လမ်းတစ်ပုဒ်ကို ရရှိလိုက်ပါပြီ။]

[သင်သည် သမိုင်းဝင်အဆင့်ရှိ ဇာတ်လမ်းတစ်ပုဒ်ကို ရရှိလိုက်ပါပြီ။]

အရာရှိများ၏ ဇာတ်လမ်းများသည် ကျနော့်လက်ထဲသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။

[သင့်ကိုယ်စားလှယ်ခန္ဓာကိုယ်သည် အရှိန်အဟုန်ဖြင့် ပြိုကွဲနေပါပြီ]

ကျနော်သည် ဘာရွန်များ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်ကာ နယ်စားများ၏ ဦးခေါင်းများကို ရိုက်ချိုးပစ်လိုက်သည်။ အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲသွားပြီး ကျန်ရှိနေသော အရာရှိများမှာ အလုအယက် ထွက်ပြေးကြတော့သည်။

"ပြေးကြဟေ့။ သူက မင်းတို့ ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး။ မြန်မြန်ပြေးကြတော့"

အချို့ကို ကျနော် လွတ်သွားသော်လည်း အရေးကြီးသည့်သူများကိုမူ အလွတ်မပေးခဲ့ပေ။

"အားးးး"

ကွာတက်တိုနှင့် အော်စတီယွန်တို့မှာ ကျနော်၏ လက်ဆုပ်အတွင်း၌ ရုန်းကန်နေကြသည်။ ကျနော်သည် သူတို့၏ ဦးခေါင်းများကို တစ်ခုနှင့်တစ်ခု ဆောင့်ပစ်လိုက်ရန် ဝန်မလေးခဲ့ဘဲ သူတို့၏ ဦးခေါင်းများကို လက်ဖြင့် ထိုးဖောက်လိုက်သည်။

"ဂွက်… အု…"

အကယ်၍ သူတို့က အစွမ်းကုန် ပြန်လည်ခုခံခဲ့မည်ဆိုလျှင် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ဖြစ်နိုင်သော်လည်း၊ အမတ်များသည် ကျနော်၏ ‘အရှိန်အဝါ’ အောက်တွင် အရှုံးပေးခဲ့ရပြီးဖြစ်ရာ ပြန်လည်ခုခံနိုင်စွမ်း မရှိကြတော့ပေ။

[သင်သည် ဇာတ်လမ်းသစ်များစွာကို ရရှိလိုက်ပါပြီ။]

[သင်သည် မိစ္ဆာအမတ် ‘ကွာတက်တို’ ကို သတ်ဖြတ်လိုက်ပါပြီ။]

[သင်သည် မိစ္ဆာအမတ် ‘အော်စတီယွန်’ ကို သတ်ဖြတ်လိုက်ပါပြီ။]

[အောင်မြင်မှုအသစ်တစ်ခုကို ရရှိလိုက်ပါပြီ။]

[အမတ်များကို သတ်ဖြတ်မှုကြောင့် သင်၏ နာမည်ဆိုးမှာ ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် ပျံ့နှံ့နေပြီ ဖြစ်ပါသည်။]

[မိစ္ဆာနယ်မြေရှိ အဆင့်မြင့် အရာရှိများသည် သင့်ကို ကြောက်ရွံ့လာကြပါလိမ့်မည်။]

[အောင်မြင်မှုအတွက် ဆုကြေးအဖြစ် ဒင်္ဂါး ၅၀,၀၀၀ ရရှိလိုက်ပါပြီ။]

ဆုကြေးငွေမှာ နည်းပါးသော်လည်း ဘာမှမရသည်ထက်တော့ ပိုကောင်းသည်။ ကျနော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဂျန်ဟာယောင်းနှင့် မြို့သူမြို့သားများသည် ကျန်ရှိနေသော ကိစ္စရပ်များကို ရှင်းလင်းနေကြသည်ကို တွေ့ရသည်။ အသက်ရှင်ကျန်ရစ်သော ကွပ်မျက်သူများနှင့် အရာရှိများသည် စက်ရုံဘက်သို့ ဆုတ်ခွာသွားကြ၏။

[သင့်ကိုယ်စားလှယ်ခန္ဓာကိုယ်သည် တောင့်ခံနိုင်စွမ်း ကုန်ဆုံးနေပြီ ဖြစ်ပါသည်။]

[‘ပိုးမွှားသတ်ဖြတ်ခြင်း’ ဇာတ်လမ်းမှာ အလိုအလျောက် ရပ်တန့်သွားခဲ့ပါပြီ။]

ကျနော်၏ အမြင်အာရုံမှာ ခေတ္တမျှ ဝေဝါးသွားပြီး ခေါင်းမူးလာသည်။ ကျနော်သည် စက်ရုံဘက်သို့ ထွက်ပြေးသွားသူများကို လှမ်းအော်လိုက်သည်။

"ရွာစား ဂီလတ်၊ ရွာစား ဆာရာဘော့စ်နဲ့ နယ်စား မော့ခ်ဘာ"

ထိုအမည်များမှာ အသက်ရှင်ကျန်ရစ်သော ကွပ်မျက်သူများ၏ အမည်များဖြစ်သည်။ ထိုအမည်များကို ကျနော်သည် ဟန်မြုံအိုထံမှ ကြိုတင်ရယူထားခြင်း ဖြစ်၏။ ယခုအချိန်တွင် ဂျန်ဟာယောင်းနှင့် ကျနော့်ထံတွင် သူတို့နောက်သို့ လိုက်လံတိုက်ခိုက်ရန် အင်အား မရှိတော့ပေ။

ထို့ကြောင့် ကျနော်သည် သူတို့၏ အမည်များကို ခေါ်လိုက်ခြင်း ဖြစ်ပေသည်။ ထိုသို့ခေါ်လိုက်ခြင်းက သတိပေးချက်တစ်မျိုးပင်။ သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ကျနော် သိရှိနေသည်၊ သူတို့ မည်သူဖြစ်သည်နှင့် သူတို့၏ ရာထူးများကို ကျနော် သိသည်။ ထို့ကြောင့် သူတို့သည် အချိန်မရွေး သေဆုံးသွားနိုင်သည်။

ကွပ်မျက်သူများသည် သူတို့၏ ဘဝတွင် ပထမဆုံးအကြိမ် ခြိမ်းခြောက်ခံရသဖြင့် တုန်လှုပ်နေကြသည်။ ကျနော်က သူတို့ကို ထပ်မံအော်ပြောလိုက်သည်။

"အခုပြောတာကို စော်ဘွားဆီ သွားပြောလိုက်"

အချိန်အတော်ကြာ ကုန်ဆုံးသွားပြီဖြစ်ရာ အရုဏ်ဦးအလင်းရောင်မှာ စတင်တောက်ပလာခဲ့သည်။ ဝိုးတဝါး အရိပ်များကြားတွင် ကျနော်သည် စကားကို ဖြည်းညှင်းစွာ နိဂုံးချုပ်လိုက်သည်။

"နေ့ရက်တွေကို ကြောက်တတ်အောင် သင်ယူထားလိုက်ပါလို့ စော်ဘွားကိုပြောလိုက်"

ကျနော်သည် အချိန်မရွေး ပြိုလဲသွားနိုင်သော်လည်း၊ ကျန်ရစ်သော မိစ္ဆာအရာရှိများ စက်ရုံထဲသို့ ပျောက်ကွယ်သွားသည်အထိ ကျနော် သတိမလစ်အောင် တောင့်ခံထားခဲ့သည်။

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

"တ-တော်လှန်ရေး…"

လူများသည် တော်လှန်ရေးအမည်ကို ဟစ်ကြွေးလာကြသည်။ ထိုအသံများကို နားထောင်ရင်း ‘တော်လှန်ရေးသမား’ ဇာတ်ကွက်ထဲမှ ကျနော် အကြိုက်ဆုံးစာသားကို ပြန်လည်သတိရမိသည်။

「 အရုဏ်ဦးအလင်းရောင်အောက်တွင်၊ စက်မှုဇုန်၏ ရပ်တန့်နေသော အချိန်များသည် နောက်တစ်ကြိမ် ပြန်လည် စီးဆင်းလာခဲ့သည်။ 」

ည၏ အမှောင်ထုထဲတွင် ကာလရှည်ကြာ အိပ်မောကျနေခဲ့သူများ၏ ဒေါသနှင့် အော်ဟစ်သံများ။ သူတို့သည် အချိန်အတော်ကြာ အိပ်ပျော်နေခဲ့ကြပြီး ယခုအခါတွင် သူတို့ကိုယ်တိုင်ပင် မသိရှိခဲ့သော ခံစားချက်များသည် နိုးထလာခဲ့ပြီ ဖြစ်သည်။

"တော်လှန်ရေးသမားကြီး။ တော်လှန်ရေးသမားကြီး"

"ယူဂျွန်ဟော့။ ယူဂျွန်ဟော့"

[သင်၏ သြဇာလွှမ်းမိုးမှုသည် စစ်မှန်သော တော်လှန်ရေးသမား၏ သြဇာကိုပင် ကျော်လွန်သွားခဲ့ပါပြီ။]

[ရရှိနိုင်သော အခြေအနေများနှင့် ပြည့်စုံသဖြင့် ဇာတ်လမ်းအသစ်တစ်ခုကို ဖန်တီးလိုက်ပါပြီ။]

[ဇာတ်လမ်းသစ် ‘ငွေရောင်ဖန်သားပြင် တော်လှန်ရေးသမား’ စတင်ပါပြီ။]

ဘီဟွန်းနှင့် နက္ခတ်များသည် ဤမြင်ကွင်းကို မြင်တွေ့သင့်သည်။ နှမြောစရာပင်။ သူတို့သာ မြင်တွေ့မည်ဆိုကပါ ကျနော် ဒင်္ဂါးများစွာ ရရှိခဲ့မှာ အသေအချာပင်။ ထိုစဉ်မှာပင် မက်ဆေ့ချ်တစ်ခုမှာ စောင့်ဆိုင်းနေသကဲ့သို့ ရောက်ရှိလာသည်။

[‘ဒိုကဲဘီဥ’ သည် သင်၏ ဇာတ်လမ်းကို တုံ့ပြန်လိုက်ပါပြီ။]

[‘ဒိုကဲဘီဥ’ သည် သင်၏ ဇာတ်လမ်းကို စတင်မှတ်တမ်းတင်နေပါပြီ။]

ဥ၏ တုန်ခါမှုမှာ ပိုမိုပြင်းထန်လာပြီး နောက်ထပ် မက်ဆေ့ချ်တစ်ခုကို ကျနော် ကြားလိုက်ရသည်။

[ဥ၏ အကောင်ပေါက်ရန် အချိန်မှာ နီးကပ်နေပါပြီ။]

ဥကွဲသံကို ကြားလိုက်ရသဖြင့် အချိန်တန်ပြီဖြစ်ကြောင်း ကျနော် သိလိုက်သည်။ အမှန်စင်စစ် ဤအဆင့်တွင် အခြားသော ဒိုကဲဘီများ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်တွင် အစကတည်းက ဒိုကဲဘီတစ်ဦး ရှိနေခဲ့သောကြောင့် ဖြစ်သည်။

[မိစ္ဆာနယ်မြေတွင် ယာယီချန်နယ်တစ်ခုကို ဖန်တီးပါမည်။]

မိစ္ဆာနယ်မြေ၏ ဇာတ်ဝင်ခန်းမှာ ယခုမှပင် စတင်တော့မည် ဖြစ်သည်။

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ယာယီချန်နယ်ထဲသို့ ဝင်ရောက်လာပါပြီ။]

All Chapters