အခန်း (၈၁၁-၈၁၃)
Vol. 55 Ch. 811-813
အခန်း ၈၁၁ : မစ္စတာဘားနက်အတွက် ဘောင်းဘီတစ်ထည် ပေးလိုက်ပါဦး
ဘားနက်၏ တစ်သက်တာတွင် ဤမျှမောက်မာလှသော လူငယ်မျိုးကို မမြင်တွေ့ဖူးပေ။
နဂါးငွေ့တန်းဂလက်ဆီ၏ အရှင်သခင်ပင် သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရသော်လည်း ကောင်းကင်၏ အနိမ့်အမြင့်ကို မသိသော ဤလူငယ်ကမူ သူ့အား 'ထွက်သွားစမ်း'ဟုပင် ရဲရဲဝံ့ဝံ့ ပြောဆိုရဲသည်။
သို့သော် သူ့အနေနှင့် ဒေါသမထွက်ပေ။
'မသိသူမှာ အပြစ်မရှိ'ဟူသော စကားအတိုင်းပင်။ အကယ်၍ မစ္စတာကျန်းသာ သူ့ကျောထောက်နောက်ခံကို သိသွားပါက ကြောက်လန့်တုန်ယင်သွားလိမ့်မည်ဟု သူယုံကြည်လေသည်။
"ရီနို... မင့်သားရဲ့သူငယ်ချင်းက ငါတို့စီဘော့စ် ကော်ပိုရေးရှင်းရဲ့ နောက်ခံအကြောင်းကို မသိသေးဘူးနဲ့တူတယ်"
ဘားနက်က ကျန်းမုန့်လောင်ကို သနားကရုဏာသက်လေဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွန်တော် သိတာပေါ့။ ခင်ဗျားတို့က ကျောက်တုံးရောင်းတဲ့လူတွေမဟုတ်ဘူးလား။ နဂါးငွေ့တန်းထဲမှာ နောက်ခံနည်းနည်းရှိတာက အဲ့လောက်တောင် အထင်ကြီးစရာကောင်းနေလို့လား"
"အဲ့ဒါက အထင်ကြီးစရာ မကောင်းဘူးလား"
ရှိသမျှလူတိုင်းမှာ မစ္စတာကျန်း၏ အင်္ကျီကော်လံကို ဆွဲကိုင်၍ ဤမေးခွန်းကို ပြန်မေးချင်နေကြပေသည်။
မျိုးနွယ်စုဂြိုဟ်ပေါင်း သိန်းနှင့်ချီ၍ရှိသည့် ဂလက်ဆီတစ်ခု၏ အရှင်သခင်ကိုယ်တိုင်ကပင် မျက်နှာသာပေးရသည့် ပုဂ္ဂိုလ်မျိုးမှာ အထင်ကြီးစရာ မကောင်းလေလော။
သို့သော် ကျန်းမုန့်လောင်ဟု အမည်ရသော ဤလူငယ်တွင်လည်း ခိုင်မာသော နောက်ခံရှိကြောင်း လူတိုင်းသိကြသည်။
နဂါးငွေ့တန်း၏ အရှင်သခင် အိုလောရင့်စ် ကိုယ်တိုင်ပင် သူ့အပေါ် မျက်နှာသာပေးထားရုံသာမက သူ့ကိုယ်သူပင် နှိမ့်ချစွာ ဆက်ဆံသေးသည်။
သို့သော် "အစွမ်းထက်သော နဂါးပင်ဖြစ်စေ မြွေဟောက်၏နယ်မြေတွင် မနိုင်နိုင်" ဟူသော စကားအတိုင်း ကျန်းမုန့်လောင်သည် ဤအခြေအနေကို ကိုင်တွယ်နိုင်ပါမည်လော။
ယခုမူ ဘားနက်သည် သူ့အာကာသယာဉ်ကြီးကို အရှေ့သို့ ယူဆောင်လာပြီး ထိုလူ့ကို အမြောက်ဖြင့် တည့်တည့်ချိန်ထားပြီဖြစ်၏။
သူသည် မည်မျှပင် ချမ်းသာကြွယ်ဝပါစေ လက်ရှိပြဿနာကို မည်သို့မည်ပုံဖြေရှင်းမည်နည်း။
"မစ္စတာဘားနက်... ခင်ဗျားကို သတိပေးပါရစေ။ မဆင်မခြင် မလုပ်ပါနဲ့။ မစ္စတာကျန်းရဲ့ အဆင့်အတန်းက ခင်ဗျား ရန်စလို့တဲ့အဆင့်မျိုးမဟုတ်ဘူး"
ရီနိုက ရှေ့တိုး၍ ပြောလိုက်သည်။
"မစ္စတာကျန်းက ကျွန်တော်တို့အိုင်ဇက်မျိုးနွယ်စု အပါအဝင် မျိုးနွယ်စုဆယ်စုကို ဝယ်ထားတဲ့လူဖြစ်သလို အိုလောရင့်စ်ရဲ့ တမန်တော်ကိုယ်တိုင်ကတောင် မစ္စတာကျန်းကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားထားတာပါ။ ခင်ဗျား သေချာစဉ်းစားပါဦး"
"အစ်ကိုကျန်း... နဂါးငွေ့တန်းရဲ့ အရှင်သခင်ကို အကူအညီတောင်းကြည့်ရင် ကောင်းမလား။ ဒီကိစ္စက သူကိုယ်တိုင် ထွက်ရှင်းပေးမှ ရမယ်ထင်တယ်"
အိုင်းရင်းက အကြံပြုလိုက်လေသည်။
"ဘားနက်က ကျွန်တော်တို့ဂြိုဟ်ပေါ်မှာသာ မဆင်မခြင် လုပ်ချင်လုပ်လိမ့်မယ်။ ဒါပေမဲ့ အရှင်သခင်ရှေ့မှာတော့ သူ ဒီလိုမျိုးမလုပ်ရဲပါဘူး။ အရှင်သခင်ကလည်း ခင်ဗျားကို အရမ်းလေးစားတာဆိုတော့ သူ စကားတစ်ခွန်းလောက်ပြောပေးလိုက်ရင် ရမှာပါ"
"အင်း..."
ကျန်းမုန့်လောင်က ခေါင်းတညိတ်ညိတ်လုပ်ကာ အိုလောရင့်စ်ကို ဆက်သွယ်ရန် ပြင်လိုက်သော်လည်း ထိုစဉ်မှာပင် ဘားနက်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။
"အိုလောရင့်စ် ဟုတ်လား။ ငါ ပြောပြမယ်။ ငါသာ တကယ်လုပ်ချင်တယ်ဆိုရင် နဂါးငွေ့တန်းထဲက ဘယ်မျိုးနွယ်စုကိုပဲ ပစ်မှတ်ထားပါစေ။ အိုလောရင့်စ်က စကားတစ်ခွန်းတောင် ဟရဲမှာမဟုတ်ဘူး"
ဤစကားကြောင့် အနီးအနားရှိ လူတိုင်း မျက်နှာချက်ချင်းပျက်ယွင်းသွားကြလေသည်။
ဘားနက်၏နောက်ခံမှာ အထင်ကြီးစရာကောင်းသည်မှာ မှန်သော်လည်း နဂါးငွေ့တန်း၏ အရှင်သခင်အပေါ် ဤမျှရိုင်းစိုင်းသော စကားမျိုးကို လူပုံအလယ်တွင် မည်သို့ပြောဝံ့လေသလဲ။ သူသည် အရှင်သခင်၏ အပြစ်ကို မကြောက်တော့ဘူးလား။
"ကဲ... မစ္စတာအိုလောရင့်စ် ခင်ဗျား အကုန်ကြားလိုက်တယ် မဟုတ်လား"
ကျန်းမုန့်လောင်သည် တစ်ချိန်တည်းမှာပင် အိုလောရင့်စ်နှင့် ဆက်သွယ်ထားပြီးဖြစ်လေရာ ဘားနက်၏စကားများက အိုလောရင့်စ်၏ နားထဲသို့ တိုက်ရိုက်ရောက်သွားခဲ့သည်။
အလင်းနှစ်ပေါင်းထောင်နှင့်ချီ၍ ဝေးကွာသော နဂါးငွေ့တန်း၏ ဗဟိုဂြိုဟ်ပေါ်တွင် အိုလောရင့်စ်၏မျက်နှာကား အလွန်တင်းမာနေပြီး အတွင်းစိတ်ထဲရှိ ဒေါသကို မနည်းထိန်းချုပ်ထားရသည်။
"အရှင်သခင်... ဒီဘားနက်ကတော့ လွန်လှပြီ။ အရင်တုန်းက အရှင်သခင်က သူ့ကို မျက်နှာသာပေးခဲ့လို့သာ စီဘော့စ်ကော်ပိုရေးရှင်းရဲ့ လုပ်ရပ်တွေကို အကြိမ်ကြိမ် သည်းခံခဲ့တာ။ အခုတော့ သူက အရှင်သခင်ကိုပါ လူပုံအလယ်မှာ စော်ကားရဲနေပြီ။ ကျွန်တော်ကိုယ်တိုင် သူ့ကို သွားဖမ်းပြီး အပြစ်ပေးလိုက်ပါ့မယ်"
အိုလောရင့်စ်၏ လူယုံလက်ရုံးနှစ်ဦးမှာ အလွန်မခံမရပ်နိုင်ဖြစ်နေကြလေပြီ။ နဂါးငွေ့တန်း၏ အရှင်သခင်ဟူသော အဆင့်အတန်းမှာ မည်မျှကြီးမြတ်လေသလဲ။ ထိုလူသည် မည်သို့သောသတ္တိမျိုးဖြင့် ဤသို့ပြောရဲရသလဲ။
"ခဏနေဦး"
"အရှင်သခင်"
"အခု စီဘော့စ်ကော်ပိုရေးရှင်းကို ငါတို့နဂါးငွေ့တန်းက မကိုင်တွယ်နိုင်တော့ဘူး"
အိုလောရင့်စ်ခမျာ အားကိုးရာမဲ့စွာ ဆိုလိုက်လေသည်။
"ဘာဖြစ်လို့လဲ. သူတို့မိသားစုက အရင်ကတော့ ကြီးကျယ်ခမ်းနားခဲ့တာ မှန်ပေမဲ့ အခုတော့ ဆုတ်ယုတ်နေပါပြီ။ နဂါးငွေ့တန်းထဲမှာတော့ အရှင်သခင်ကပဲ အဓိကမဟုတ်ဘူးလား"
"မင်းတို့ မသိပါဘူး"
အိုလောရင့်စ်က သက်ပြင်းချလျက် ဆိုလိုက်သည်။
"စီဘတ်ခ်စီဘော့စ်က တစ်ချိန်က လာနီယာကီယား ဂလက်ဆီအသင်းရဲ့ သိုင်းပညာရှင်အဖွဲ့ချုပ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတယ်ဆိုတာ မင်းတို့သိကြတယ်မလား"
"သိပါတယ်"
သူ့လက်အောက်ငယ်သားက ခေါင်းညိတ်ပြသည်။ စီဘတ်ခ်သည် စီဘော့စ်မိသားစု၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အဆင့်ခြောက်သက်ရှိဖြစ်သည်။ သူသည် အဆင့်ငါးမျိုးနွယ်စုများတွင်ပင် အလွန်သြဇာကြီးမားလှသည်။
"ဒါပေမဲ့ သူပျောက်သွားတာ ကြာပြီမဟုတ်လား"
"ဟုတ်တယ်။ သူ ပျောက်သွားခဲ့တယ်.. ဒါပေမဲ့ သူ တာဝန်ထမ်းဆောင်နေတုန်းက တပည့်တွေ အများကြီး ရှိခဲ့တယ်။ အဲ့ဒီထဲမှာ ထူးချွန်သူတွေလည်း အများကြီးပါတာပေါ့"
စကြဝဠာကြီးက အေးစက်လှပြီး သက်ရှိများတွင် သံယောဇဉ်ဟူ၍ သိပ်မရှိလှပေ။ စီဘတ်ခ် ပျောက်ဆုံးသွားသည်နှင့်အမျှ သူ့တပည့်အများစုမှာ စီဘော့စ်မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြသည်။
နှစ်ပေါင်းထောင်ချီ ကြာညောင်းပြီးနောက် အချို့မှာ အဆင့်လေးမျိုးနွယ်စုများအတွင်း အရေးပါသူများ ဖြစ်လာကြပြီး အချို့မှာမူ ကွယ်လွန်သွားကြပြီဖြစ်၏။ စီဘတ်ခ်ကို မှတ်မိနေသူမှာ အနည်းငယ်သာ ရှိတော့သည်။
သို့သော် မကြာသေးမီကပင် စီဘော့စ်မိသားစုထံသို့ အထူးဧည့်သည်တော်တစ်ဦး ရောက်ရှိလာခဲ့သည်။ သူသည် အလင်းနှစ် ၁၂၀ဝဘီလီယံဝေးကွာသော အခြားဂလက်ဆီအစုအဝေးမှ အဆင့်လေးမျိုးနွယ်စုတစ်ခု၏ အရှင်သခင်ဖြစ်သည်။
သူသည် စီဘတ်ခ်၏ တပည့်များထဲတွင် သာမန်ကာလျှံကာ သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ထိုကဲ့သို့သော သာမန်လူများကသာ အဆုံးသတ်တွင် အကောင်းဆုံး ကံတရားကို ပိုင်ဆိုင်တတ်ကြသည်။
ထိုသူသည် အခြားတပည့်များနှင့် ယှဉ်လျှင်သာ သာမန်ဟု ဆိုနိုင်သော်လည်း စကြဝဠာအတွင်းရှိ သာမန်လူသားများနှင့် ယှဉ်လျှင်မူ ထူးကဲသော ပါရမီရှင်တစ်ဦးပင်။
သူသည် အောင်မြင်ကျော်ကြားလာပြီးနောက် သူ့ဆရာဟောင်းထံ လာရောက်ဂါရဝပြုရာမှ စီဘတ်ခ် ပျောက်ဆုံးသွားကြောင်း သိရှိခဲ့ရသည်။
သို့သော်လည်း ထိုသူသည် အလွန်ဇွဲရှိသူဖြစ်၏။ သဲလွန်စအမျိုးမျိုးကို လိုက်ရှာရင်း နောက်ဆုံး၌ နဂါးငွေ့တန်းအတွင်း ဆုတ်ယုတ်ပျက်စီးနေသော စီဘော့စ်မိသားစုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူ့ဆရာ၏ မျိုးဆက်များ ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေကြောင်း သိလိုက်ရသောအခါ ထိုအဆင့်မြင့်ပုဂ္ဂိုလ်ကြီးမှာ များစွာစိတ်မကောင်းဖြစ်သွားခဲ့သည်။
ထိုနေ့က အဆင့်ငါးစစ်သင်္ဘောတစ်စင်း နဂါးငွေ့တန်းထဲသို့ ဝင်ရောက်လာခဲ့ပြီး အရှင်သခင်အိုလောရင့်စ်မှာမူ ထိုနေ့တွင် အပြင်သို့ မထွက်ရဲဘဲ ပုန်းနေခဲ့ရသည်။ ထိုကဲ့သို့ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်မျိုး ဤနေရာသို့ အဘယ်ကြောင့် လာရသလဲဟုပင် သူ မမေးရဲခဲ့ပေ။
နောက်ပိုင်းမှသာ ထိုသူသည် အဆင့်လေးမျိုးနွယ်စုတစ်ခု၏ အရှင်သခင်ဖြစ်ကြောင်း၊ သူသည် ဘားနက်၏ကလေးများကို စီဘော့စ်မိသားစုထံမှ ခေါ်ဆောင်သွားပြီး ဆရာဟောင်း၏ကျေးဇူးကို ဆပ်သည့်အနေနှင့် ဘားနက်ကို ကျယ်ပြန့်သော ဇီဒယ်သတ္တုရိုင်းသတ္တုတွင်းများကို ပေးအပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။
ထိုအချက်ကပင် စီဘော့စ်မိသားစု၏ အဆင့်အတန်းကို နဂါးငွေ့တန်းအတွင်း ချက်ချင်း မြင့်တက်သွားစေခဲ့ပြီး အဆင့်သုံးမျိုးနွယ်စု၏ အရှင်သခင်အချို့ပင်လျှင် သူတို့ထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂါရဝပြုခဲ့ကြရသည်။
ယခင်က ဘားနက်သည် နဂါးငွေ့တန်း၏ အရှင်သခင်ထံတွင် ဦးညွှတ်ခဲ့ရသော်လည်း ယခုအခါတွင်မူ သူတို့နှစ်ဦး၏ အဆင့်အတန်းမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ရလေပြီ။
"မစ္စတာကျန်း... ကျွန်တော် မကူညီချင်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်ရဲ့ တတ်နိုင်စွမ်းထက် ကျော်လွန်နေပါပြီ"
အိုလောရင့်စ်က ဆိုသည်။
"တကယ်လို့ ခင်ဗျားမှာ အဆင့်လေး ဒါမှမဟုတ် အဆင့်ငါးမျိုးနွယ်စုတွေဆီက နောက်ခံရှိရင် သူတို့ကိုသာ အမြန်ဆုံးဆက်သွယ်ပြီး ဖြေရှင်းခိုင်းလိုက်ပါတော့"
"ပြီးသွားပြီ။ အရှင်သခင်တောင် သူ့ကို မကူညီနိုင်တော့ဘူး"
ရီနို၏ ဦးနှောက်မှာ ဗလာဖြစ်သွားတော့သည်။ သူ့သားသည် အားကိုးရမည့် နောက်ခံအကောင်းစားကို ရရှိထားသည်ဟု ထင်မှတ်ခဲ့မိသော်လည်း ယခုအခါတွင်မူ ထိုနောက်ခံမှာ သံတိုင်ကြီးကို သွားတိုက်မိသကဲ့သို့ ဖြစ်နေချေပြီ။
"အိုင်းရင်း... ဒါတွေအကုန် မင်းအပြစ်တွေပဲ"
"မင်းတို့သားအဖနှစ်ယောက်က ငါတို့အိုင်ဇက်မျိုးနွယ်စုအတွက် ကပ်ဘေးပဲ"
"အဲ... ရီနို... ငါ လုပ်စရာလေးတစ်ခုရှိလို့ အရင်သွားတော့မယ်။ နောက်မှပဲ စကားပြောကြတာပေါ့"
"ငါလည်း ကြိုမှာထားတဲ့ စစ်သင်္ဘောက အခုပဲ ထွက်တော့မှာမို့ ပစ္စည်းတွေ သွားပြင်ရဦးမယ်။ စကြဝဠာထဲမှာ ပြန်ဆုံကြတာပေါ့"
အဆင့်နှစ်မျိုးနွယ်စု၏ အရှင်သခင်များမှာ အကြောင်းပြချက်အမျိုးမျိုးပေး၍ ထွက်ခွာသွားကြသော်လည်း ဘားနက်က သူတို့ကို မတားဆီးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ့ပစ်မှတ်မှာ ထိုလူများ မဟုတ်သလို နစ်မြုပ်နေသော သင်္ဘောပေါ်က ကြွက်များ ထွက်ပြေးနေကြသည့် မြင်ကွင်းကိုလည်း ကြည့်ချင်သေးသည်။
"ခင်ဗျားတို့... ခင်ဗျားတို့အားလုံး"
ထိုလူများ ချက်ချင်းကျောခိုင်းသွားကြသည့် အမြန်နှုန်းမှာ အိုင်းရင်းကို အရှက်မရှိခြင်းဟူသော စကား၏အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားစေသည်။
"အစ်ကိုကျန်း... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
အိုင်းရင်းကမူ ကျန်းမုန့်လောင်၏ နောက်ခံမှာ ဤမျှသာမဟုတ်ကြောင်း သိထားသော်လည်း လက်ရှိ အခြေအနေမှာမူ ဖြေရှင်း၍ မရနိုင်တော့သလို ဖြစ်နေလေသည်။
"ဘာမှစိတ်မပူနဲ့။ မစ္စတာဘားနက်အတွက် ဘောင်းဘီတစ်ထည်သာ သွားယူပေးလိုက်ပါ"
"ဘာရယ်"
အိုင်းရင်း မှင်တက်သွားမိသည်။ ဘောင်းဘီတစ်ထည် သွားယူပေးရမည် ဟုတ်စ။
ထိုစကားက ဘာကို ဆိုလိုသလဲ။ ဤသည်မှာ ကျန်းမုန့်လောင်ပေးလိုက်သော လျှို့ဝှက်ကုတ်တစ်ခုလေလော။ သို့သော် သူတို့နှစ်ဦးကြားတွင် ထိုကဲ့သို့ ထူးဆန်းလှသော အချက်ပြမှုမျိုးကို သဘောတူထားခြင်း မရှိပေ။
"မစ္စတာဘားနက်တစ်ယောက် ကြောက်လွန်းလို့ ဘောင်းဘီထဲ ဆီးထွက်ကျသွားမှာ စိုးရိမ်လို့ပါ။ အဲ့ဒီအခါကျရင် အရှက်ကွဲနေရဦးမယ် မဟုတ်လား"
ကျန်းမုန့်လောင်က သူ့ဉာဏ်ရည်တုဆက်သွယ်ရေးစနစ်ကို ဖွင့်ပြီး မေးလိုက်လေသည်။
"ရောက်ပြီလား"
"မစ္စတာကျန်း... ကျွန်တော်တို့ မနေ့ညကတည်းက ရောက်နေပါပြီ။ အခု အိုင်ဇက်မျိုးနွယ်စုရဲ့ ဂြိုဟ်ပတ်လမ်းနားမှာ အဆင်သင့်ရှိနေပါတယ်"
"ကောင်းပြီ"
ကျန်းမုန့်လောင်က ကျေနပ်စွာ ခေါင်းတညိတ်ညိတ်လုပ်၍ ပြောလိုက်လေသည်။
"ကျွန်တော် အခု အိုင်ဇက်မျိုးနွယ်စုရဲ့ မိခင်ဂြိုဟ်ပေါ်မှာ ရောက်နေတာ။ လူတစ်ယောက်က ကျွန်တော့်ကို သတ်ချင်နေလို့တဲ့။ အခု ကျွန်တော်ဖြင့် အရမ်းကြောက်ဒူးတုန်နေပြီ"
**********************
အခန်း ၈၁၂ - ဒီကို ူလာစမ်း
အိုင်ဇက်မျိုးနွယ်စု၏ လေထုအလွှာအကျော် စကြဝဠာဟင်းလင်းပြင်ထဲတွင် ဧရာမစကြဝဠာစစ်သင်္ဘောအုပ်စုကြီးတစ်ခုသည် လူမသိသူမသိ တိတ်တဆိတ် ပုန်းကွယ်နေသည်။
လေးဘက်မြင်ဟင်းလင်းပြင် ပုန်းကွယ်မှုနည်းပညာကြောင့် ထိုအရာများမှာ အာကာသဟင်းလင်းပြင်အတွင်း အပြည့်အဝပုန်းကွယ်နေနိုင်ခြင်းပင်။ ဤသုံးဘက်မြင်လောကထဲတွင် သူတို့သည် နေရာတိုင်း၌ ရှိနေသလိုဖြစ်နေပြီး တစ်ချိန်တည်းမှာပင် မည်သည့်နေရာတွင်မျှ မရှိသလိုလည်း ဖြစ်နေပြန်သည်။ သို့သော် အားနည်းချက်တစ်ခုမှာ လက်ရှိလေးဘက်မြင်နည်းပညာသည် ပုန်းကွယ်ရန်အတွက်သာ အသုံးပြုနိုင်ပြီး တိုက်ပွဲဝင်ရန်အတွက်မူ အသုံးမပြုနိုင်ခြင်းပင်။
အနီးအနားရှိ ယာဉ်များမှာ အဆက်မပြတ် ဖြတ်သန်းသွားလာနေကြပြီး အချို့မှာ ဤစစ်သင်္ဘောကြီးများ၏ အတွင်းပိုင်းကိုပင် ဖြတ်သန်းသွားကြသော်လည်း မည်သူကမှ သူတို့၏တည်ရှိမှုကို မသိကြသလို မည်သည့်စက်ကိရိယာကမှလည်း ရှာဖွေတွေ့ရှိခြင်းမရှိပေ။
အမြွှာဝေလငါးစကြဝဠာအင်ပါယာရှိ စကြဝဠာဘဏ်ခွဲတွင် အခြေစိုက်သော ဤစစ်သင်္ဘောအုပ်စုသည် အမည်ခံအားဖြင့် အမြွှာဝေလငါးအင်ပါယာ၏ လက်အောက်တွင် ရှိသော်လည်း အင်ပါယာ၏ မည်သည့်အမိန့် သို့မဟုတ် တိုက်ခိုက်ရေးတာဝန်ကိုမှ လိုက်နာရန် မလိုအပ်ပါချေ။ သူတို့၏ တစ်ဦးတည်းသော တိုက်ရိုက်အထက်လူကြီးမှာ စကြဝဠာဘဏ်သာ ဖြစ်ပေသည်။
သူတို့၏ အဓိကရည်ရွယ်ချက်မှာ အမြွှာဝေလငါးအင်ပါယာအတွင်းရှိ စကြဝဠာဘဏ်ခွဲကို ကာကွယ်ရန်ဖြစ်ပြီး ဒုတိယအနေနှင့် ဤအင်ပါယာအတွင်းရှိ ကြယ်စင်အဆင့်အကောင့်ပိုင်ရှင်များကို ကာကွယ်ရန် အမြဲအသင့်ရှိနေကြသည်။
အမြွှာဝေလငါးအင်ပါယာတစ်ခုလုံးတွင် ကြယ်စင်အဆင့် အကောင့်ပိုင်ရှင်မှာ လက်တစ်ဆုပ်စာပင် မပြည့်သော်လည်း ယင်းအချက်က အမြင့်ဆုံးအဆင့် ကာကွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အဟန့်အတား မဖြစ်စေပေ။
ဤစစ်သင်္ဘောအုပ်စုတွင် အဆင့်ငါးအခြေခံမျိုးနွယ်စု၏စစ်သင်္ဘော အစင်းနှစ်ထောင်၊ အဆင့်ငါးအလယ်အလတ်မျိုးနွယ်စု၏ စစ်သင်္ဘောအစင်းတစ်ရာနှင့် အဆင့်ငါးထိပ်တန်းမျိုးနွယ်စု၏ စစ်သင်္ဘော တစ်စင်းတို့ ပါဝင်သည်။ စစ်သင်္ဘောပုံစံအားလုံးမှာလည်း တစ်ပုံစံတည်းဖြစ်လေရာ ဤသည်မှာ အဆင့်ငါးမျိုးနွယ်စု၏ စံပြစစ်သင်္ဘောတပ်ရင်း တစ်ရင်းပင် ဖြစ်ပေသည်။
ရီမောသည် အဆင့်ငါးသက်ရှိအဆင့်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တစ်ဦးဖြစ်သလို အမြွှာဝေလငါးအင်ပါယာရှိ ဤစစ်သင်္ဘောအုပ်စုကို အုပ်ချုပ်ရသော ကပ္ပတိန်လည်း ဖြစ်၏။ သူသည် စကြဝဠာဘဏ်၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရာထူးအဆင့်အတန်း အလွန်မြင့်မားသည့်အပြင် သူ့ဝင်ငွေမှာ အဆင့်လေးမျိုးနွယ်စု၏ အရှင်သခင် တော်တော်များများထက်ပင် သာလွန်လေ၏။
ယေဘုယျအားဖြင့် ကြယ်စင်အဆင့် အကောင့်ပိုင်ရှင်များမှာ အဆင့်ငါးမျိုးနွယ်စု၏ အရှင်သခင်များသာ ဖြစ်တတ်ကြပြီး အဆင့်ငါးမျိုးနွယ်စုတစ်ခုတွင် အနည်းဆုံး ဤကဲ့သို့သော စစ်သင်္ဘောတပ်ရင်း၁၀ရင်းခန့် ပိုင်ဆိုင်ထားပြီးသား ဖြစ်သောကြောင့် သူ့ပုံမှန်အလုပ်မှာ အလွန်ပေါ့ပါးလှပေသည်။
သူတို့ ဒုက္ခနှင့် ကြုံတွေ့ရလျှင်ပင် ဌာနချုပ်မှ စစ်သင်္ဘောအုပ်စုများက လာရောက်ကူညီရမည် ဖြစ်၏။ ဌာနချုပ်၏ စစ်သင်္ဘောအုပ်စုသည် အလွန်တရာ အစွမ်းထက်လှပြီး တပ်ရင်းတစ်ရင်းတည်းမှာပင် အဆင့်ငါးထိပ်တန်းမျိုးနွယ်စု၏ စစ်သင်္ဘောအစင်း၁၀ဝဝဝခန့် ပါဝင်သည်။ သာမန် အဆင့်ငါးမျိုးနွယ်စုတစ်ခု၌ တပ်ရင်းတစ်ထောင်ပင် ရှိနေပါစေဦးတော့။ ထိုကဲ့သို့သော စစ်သင်္ဘောအုပ်စုရှေ့မှောက်တွင်မူ ဖုန်မှုန့်မျှသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူ့အလုပ်မှာ အိုလံပစ်ဒိုင်ဗင်ထိုးပြိုင်ပွဲမှ အသက်ကယ်သမားတစ်ဦးနှင့်ပင် တူနေတော့သည်။ အကြောင်းမှာ ပြိုင်ပွဲဝင်သူအားလုံးမှာ သင့်ထက် ကျွမ်းကျင်နေသောကြောင့်ပင်။ သူ့တည်ရှိမှုသည် သက်သောင့်သက်သာရှိလှသည့် ရာထူးတစ်ခုမျှသာ။
ရီမော၏ နေ့စဉ်လုပ်ငန်းဆောင်တာများမှာ စကြဝဠာဘဏ်ခွဲမှ ပေးအပ်ထားသော လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ခန်းဆင်းခြင်း သို့မဟုတ် တိတ်တဆိတ် တရားအားထုတ်ခြင်းတို့သာ ဖြစ်လေသည်။ အဆင့်ခြောက်သက်ရှိဖြစ်လာရန်မှာမူ အလှမ်းဝေးကွာလှသော အိပ်မက်တစ်ခုဖြစ်ပြီး ဤတစ်သက်တွင်ပင် ရောက်ရှိနိုင်ရန် မသေချာလှပေ။
သူ့လက်ရှိအခြေအနေမှာ ကမ္ဘာမြေပေါ်တွင် ခေါ်ဝေါ်ကြသလို ပြင်းထန်လှသော ပြိုင်ဆိုင်မှုများကြားက လက်လျှော့ပြီး အေးဆေးစွာ နေထိုင်ခြင်းပင် ဖြစ်ပေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် ရုတ်ခြည်း အကြောင်းကြားစာတစ်ခု ရရှိခဲ့သည်။ စကြဝဠာဘဏ်ဌာနချုပ်မှ သူ့အား အမြွှာဝေလငါးအင်ပါယာအတွင်းရှိ အိုင်ဇက်ဟုခေါ်သော အဆင့်နှစ်မျိုးနွယ်စု၏ မိခင်ဂြိုဟ်သို့ ချက်ချင်းသွားရောက်ရန်နှင့် ထိုနေရာရှိ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူတစ်ဦးကို အကူအညီပေးရန် ညွှန်ကြားလိုက်ခြင်းပင်။
ကြယ်ငါးပွင့်အဆင့် အသုံးပြုသူတစ်ဦးအတွက် ဖြစ်သောကြောင့် ဤတိုက်ခိုက်ရေးအမိန့်ကို ပေါ့ဆ၍မရပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ သူတို့၏ ပိုင်ဆိုင်မှုအနည်းငယ်မျှဖြင့်ပင် အဆင့်ငါးမျိုးနွယ်စုတစ်ခုကို အလွယ်တကူ ဝယ်ယူနိုင်လေသည်။ ထိုမျှအထိ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်မျိုးသည် ယခု သူတို့၏ အမြွှာဝေလငါးအင်ပါယာသို့ ရောက်ရှိလာပြီဖြစ်၏။
အဆန်းကြယ်ဆုံးအချက်မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်က သူ့အကူအညီကို လိုအပ်နေခြင်းပင်။
စကြဝဠာဘဏ်၏ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူဟူသည် အလွန်တရာရှားပါးလှပြီး အနည်းဆုံး အဆင့်ခုနစ်သက်ရှိများသာ ဖြစ်ကြသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို စစ်သင်္ဘောများ၊ လက်နက်များဖြင့် သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ထိုသူသည် သူ့စစ်သင်္ဘောအုပ်စုကို အဘယ်ကြောင့် လိုအပ်ရသလဲ။ မီးရှူးမီးပန်းများ လွှတ်တင်ကစားရန်လော။
သံသယများစွာ ရှိနေသော်လည်း သူသည် စစ်သင်္ဘောအဖွဲ့ဝင်အားလုံးကို ချက်ချင်းစုရုံးကာ အိုင်ဇက်မျိုးနွယ်စုထံသို့ ညတွင်းချင်း အပြေးနှင်ခဲ့ပြီး အနီးအနားတွင် ပုန်းကွယ်မှုစနစ်ကို အသုံးပြုကာ သတင်းစောင့်ဆိုင်းနေခဲ့သည်။
"မြန်မြန်... အားလုံး တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြ။ အိုင်ဇက်မျိုးနွယ်စုမိခင်ဂြိုဟ်ရဲ့ လေထုထဲကို ဝင်ရောက်မယ်!"
ကျန်းမုန့်လောင်ထံမှ အကြောင်းကြားစာ ရလိုက်သည်နှင့် ရီမောတစ်ယောက် ပျာပျာသလဲ ဖြစ်သွားတော့သည်။ တစ်စုံတစ်ယောက်က စကြဝဠာဘဏ်၏ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူကို သတ်ဖြတ်ရန် ကြိုးပမ်းနေသတဲ့။
စကြဝဠာဘဏ်အတွက်မူ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူတိုင်းမှာ နတ်ဘုရားနှင့်ပင် တူလှ၏။
ယခုအခါ ထိုနတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်၏ လုံခြုံရေးမှာ သူ့လက်ထဲသို့ ရောက်နေပြီဖြစ်လေရာ အကယ်၍ ထိုပုဂ္ဂိုလ်၏ အသက်အန္တရာယ်သာ ထိခိုက်ခဲ့ပါက သူ့အနေနှင့် အပြည့်အဝ တာဝန်ယူရမည်ဖြစ်၏။
ထိုပုဂ္ဂိုလ် အနည်းငယ်မျှ ထိတ်လန့်သွားလျှင်ပင် သို့မဟုတ် ဒဏ်ရာအနည်းငယ်ရသွား၍ စိတ်မကျေမနပ်ဖြစ်ကာ ဌာနချုပ်သို့ တိုင်ကြားလိုက်လျှင်ပင် ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ မှန်းဆ၍မရနိုင်ပေ။
ကြယ်စင်အဆင့်အသုံးပြုသူတစ်ဦးနှင့် ယှဉ်လျှင် သူတို့လို လူများ၏ အရေးပါမှုမှာ သုညသာ ဖြစ်လေသည်။ အထူးသဖြင့် ဤမစ္စတာကျန်းဆိုသူမှာ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူ ဖြစ်နေသဖြင့် ထိုပုဂ္ဂိုလ်ထံတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက သူတို့လည်း အပြစ်မှလွတ်နိုင်မည် မဟုတ်ပါချေ။
ထိုအခါ သူသည် ပြီးပြည့်စုံစွာ အငြိမ်းစားယူနိုင်မည့် အလုပ်ကို ဆုံးရှုံးရရုံသာမက စကြဝဠာမဟာမိတ်အဖွဲ့ရှိ သူ့မှတ်တမ်းတွင်လည်း အမည်းစက် ထင်ကျန်ရစ်ခဲ့ပေလိမ့်မည်။ ထို့ကြောင့် ဤသည်မှာ ရှေ့ဆက်လျှောက်ရမည့် သူ့လမ်းခရီးအတွက် မကျော်လွှားနိုင်သော အတားအဆီးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
စစ်သင်္ဘောအစင်း၂ဝဝဝကျော်မှာ ပုန်းကွယ်မှုစနစ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး အလျား မီတာတစ်သောင်းကျော် ရှည်လျားသော ဧရာမ စစ်သင်္ဘောအုပ်စုကြီးကား ကောင်းကင်ယံ၌ သံမဏိတံတိုင်းကြီးသဖွယ် ပေါ်ထွက်လာတော့သည်။
"ဘယ့်နှယ့်ဟာကြီးလဲ (အိုင်ဇက်မျိုးနွယ်စု၏ ကျိန်ဆဲစကား) ဒါ... ဒါ ဘာကြီးလဲ"
ဖြတ်သန်းသွားသော ယာဉ်မောင်းတစ်ဦးမှာ ရုတ်တရက်ပေါ်လာသော စစ်သင်္ဘောအုပ်စုကြီးကို မြင်ပြီး ထိတ်လန့်တုန်လှုပ်သွားတော့သည်။
"စစ်သင်္ဘောအုပ်စုလား.. ဒါတွေ ဘယ်ကနေ ရောက်လာတာလဲ"
"အလျားက မီတာတစ်သောင်းကျော်တယ်.. ဒါ ကြယ်ငါးပွင့်အဆင့် စစ်သင်္ဘောပဲ။ ငါတို့မျိုးနွယ်စုဆီကို ကြယ်ငါးပွင့်အဆင့် စစ်သင်္ဘောက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"တစ်ယောက်ယောက်က အဆင့်ငါးမျိုးနွယ်စုက အကောင်ကြီးကြီးတစ်ယောက်ကို သွားရန်စလိုက်တာများလား။ အလကားနေရင်း တမင်သေလမ်းရှာနေကြတာပဲ"
"ပြေး... မြန်မြန်ပြေးကြ။ ဟင်းလင်းပြင်ခေါက်စက်ကို အမြင့်ဆုံးအားနဲ့ ဖွင့်ပြီး ပြေးကြ"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ကြီးကြီးမားကိစ္စရပ်တစ်ခု ဖြစ်တော့မည်ဟု ထင်မှတ်ကာ အိုင်ဇက်မျိုးနွယ်စုထဲက အမြန်ဆုံး စွန့်ခွာထွက်ပြေးကြတော့သည်။
"သတိပေးချက်... သတိပေးချက်... အမည်မသိ စစ်သင်္ဘောအုပ်စုကို တွေ့ရှိ"
အိုင်ဇက်မျိုးနွယ်စု၏ ဟင်းလင်းပြင်ကင်းလှည့်စစ်သင်္ဘောများမှာ သူတို့ပေါ်လာသည်နှင့် ချက်ချင်းတွေ့သွားသည်။
"မြန်မြန်... ပုံတွေကို ပို့ပေးစမ်း"
စစ်သင်္ဘောအုပ်စုခေါင်းဆောင်က ချက်ချင်းအမိန့်ပေးလိုက်၏။
ဖန်သားပြင်ပေါ်တွင် အစွမ်းထက်လှသော စစ်သင်္ဘောအစင်း၂ဝဝဝကျော်မှာ အိုင်ဇက်မျိုးနွယ်စု၏ မိခင်ဂြိုဟ်လေထုလွှာထဲသို့ ထိုးဆင်းနေကြသည်ကို မြင်တွေ့လိုက်ရသည်။
"ဒါ... ဒါ အမြွှာဝေလငါးမျိုးနွယ်စုရဲ့ အမှတ်တံဆိပ်ပဲ။ ဒါ အမြွှာဝေလငါးအင်ပါယာရဲ့ စစ်သင်္ဘောတပ်ရင်း မဟုတ်လား"
"ကပ္ပတိန်... ကျွန်တော်တို့ ကြားဖြတ်တားဆီးလိုက်ရမလား"
"ငါ့ဖင်ကြီးပဲ တားလိုက်လေ"
ခေါင်းဆောင်ဖြစ်သူက ထိုစစ်သား၏ ခေါင်းကို ရိုက်လိုက်သည်။ အဆင့်နှစ်မျိုးနွယ်စု၏ စစ်သင်္ဘောများက အဆင့်ငါးမျိုးနွယ်စု၏ စစ်သင်္ဘောအစင်း၂ဝဝဝကျော်ကို ကြားဖြတ်တားဆီးရန် ကြိုးစားခြင်းမှာ ရူးမိုက်သည့်လုပ်ရပ်ပင်။
သူတို့ကသာ အခြားတစ်ဖက်မှ သတိပင်မထားမိဘဲ အရုပ်များအလား ချေမှုန်းခံရမည်ဖြစ်ပြီး တစ်ဖက်သင်္ဘောကမူ ဆေးသားပင် ပွန်းပဲ့သွားလိမ့်မည် မဟုတ်ပေ။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
"အရှင်သခင်ကို အကြောင်းကြားလိုက်.. ငါတို့ လုပ်နိုင်တာ အဲ့ဒါပဲရှိတယ်"
...
မြေပြင်ပေါ်တွင်
"ကဲ... အပိုစကားတွေပြောတာ ရပ်ရအောင်။ အခု ငါနဲ့ လိုက်ခဲ့တော့မလား"
ဘားနက်သည် အောင်ပွဲခံတော့မည့် အမူအရာဖြင့် ဆိုလိုက်သည်။ သူ့စစ်သင်္ဘောသည် အဆင့်လေးမျိုးနွယ်စု အရှင်သခင်တစ်ဦးမှ လက်ဆောင်ပေးထားသော အဆင့်သုံးအထွတ်အထိပ် မျိုးနွယ်စုသုံး စစ်သင်္ဘောဖြစ်၏။ နဂါးငွေ့တန်းအရှင်သခင်၏ ယာဉ်ပင် အဆင့်သုံးအလယ်အလတ်မျိုးနွယ်စုသုံး စစ်သင်္ဘောသာ ဖြစ်သည်။
အဆင့်သုံးအထွတ်အထိပ် မျိုးနွယ်စုသုံး စစ်သင်္ဘောသည် တိုက်ခိုက်ရန်အတွက် သီးသန့်ထုတ်လုပ်ထားခြင်း မဟုတ်ပါစေဦးတော့။ ယင်းတွင်ပါဝင်သော 'ဂြိုဟ်ဖျက်အမြောက်'သည် သေးငယ်သော ဥက္ကာခဲတစ်ခုကို အလွယ်တကူ မှုန့်မှုန့်ညက်ညက် ချေဖျက်ပစ်နိုင်သည်။ အကယ်၍ အိုင်ဇက်မျိုးနွယ်စုတွင် ကာကွယ်ရေးစနစ် ရှိနေပါစေ။ ထိုအမြောက်တစ်ချက်ကပင် ဤဂြိုဟ်၏ဂေဟစနစ်ကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
"မင်းသာ ငါ့နောက်ကို ငြိမ်ငြိမ်လေးလိုက်ခဲ့မယ်ဆိုရင် အိုင်ဇက်မိသားစုက ကောင်လေးရဲ့အမှားကို ငါ ခွင့်လွှတ်ပေးနိုင်ပါတယ်"
"ဟေး... ခင်ဗျား ဘယ်ကသတ္တိတွေနဲ့ ကျုပ်ကို ဒီလိုပြောရဲတာလဲ။ လျန်ကျင်းရူက ပေးလိုက်တာလား.."
ကျန်းမုန့်လောင်က သူ့ခေါင်းပေါ်သို့ လက်ညှိုးညွှန်ပြကာ ဆိုလိုက်လေ၏။
"အရင်ဆုံး အပေါ်ကို မော့ကြည့်လိုက်ပါဦး။ ခင်ဗျားကို ကျုပ်ရဲ့စစ်သင်္ဘောအုပ်စုက ဝိုင်းထားပြီးပြီ"
ကောင်းကင်ယံတွင် မရေမတွက်နိုင်သော အနီရောင်အလင်းတန်းများမှာ ဥက္ကာမိုးရွာသွန်းနေသလို လေထုကို ဖောက်ထွင်း၍ ဆင်းသက်လာကြသည်။
"အရှင်သခင်... အမြွှာဝေလငါးစကြဝဠာအင်ပါယာက အဆင့်ငါးစစ်သင်္ဘောအုပ်စုကြီး ပေါ်လာပါပြီ။ ကျွန်တော်တို့ မတားရဲပါဘူး။ သူတို့က လေထုထဲကိုတောင် ဝင်လာနေပါပြီ"
"အဆင့်ငါးစစ်သင်္ဘောအုပ်စု ဟုတ်လား"
ရီနို၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။ သူ့တစ်သက်တွင် အဆင့်ငါးစစ်သင်္ဘောကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ဤသည်မှာ ပိုက်ဆံပေးစရာမလိုဘဲ ကြည့်ခွင့်ရသည့် မြင်ကွင်းမျိုးပင် မဟုတ်ပါလော။
လူတိုင်း မှင်တက်နေစဉ်မှာပင် ကျန်းမုန့်လောင်က ရုတ်တရက် သူ့ခေါင်းကိုအုပ်ကာ အော်ဟစ်လေတော့သည်။
"ကယ်ကြပါဦး... လူသတ်နေကြတယ်ဗျို့... တစ်ယောက်ယောက် လာကယ်ပေးကြပါဦး"
စစ်သင်္ဘောအစင်း၂ဝဝဝကျော်မှာ ကျန်းမုန့်လောင်၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အလား သူရှိရာသို့ တည့်တည့်ဦးတည်လာကြသည်။
စစ်သင်္ဘောအုပ်စုသည် သူ့အထက်တွင် ရပ်တန့်သွားပြီး စစ်သင်္ဘောများပေါ်ရှိ လက်နက်အားလုံးမှာ လေထဲရှိ အဆင့်သုံးမျိုးနွယ်စုသုံး စစ်သင်္ဘောဆီသို့ တစ်ညီတစ်ညွတ်တည်း ချိန်ရွယ်ထားလိုက်ကြသည်။
ကျန်းမုန့်လောင်လည်း မတ်မတ်ပြန်ရပ်လိုက်ပြီး လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ဘားနက်ကို လက်ယပ်ခေါ်လိုက်သည်။
"ဒီကိုလာစမ်း"
*******************
အခန်း ၈၁၃ - ဒါက တိုက်ဆိုင်မှုမဟုတ်ဘူးလား
"အ... အဆင့်ငါးစစ်သင်္ဘောကြီးလား"
ဘားနက်သည် ကျန်းမုန့်လောင်၏ အထက်ရှိ ဧရာမစစ်သင်္ဘောအုပ်စုကြီးကို ကြည့်ကာ နေရာတွင်ပင် ကျောက်ရုပ်အလား မှင်တက်နေမိသည်။
စစ်သင်္ဘောအစင်း၂ဝဝဝကျော်မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသည့်အလား ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ဘားနက် အလွန်ဂုဏ်ယူနေခဲ့သော အဆင့်သုံးအာကာသယာဉ်မှာမူ ယခုအခါ ကလေးကစားစရာ အရုပ်တစ်ခုအလား ဖြစ်သွားလေပြီ။
"လာလေ။ သတ္တိရှိရင် လာဖမ်းလိုက်။ ခုနကတော့ မောက်မာပြနေတာမဟုတ်ဘူးလား.. ဒီကိုလာခဲ့ဦးလေ"
ကျန်းမုန့်လောင်သည် အခွင့်အရေးကို လက်လွှတ်မခံဘဲ ဘားနက်ကို ဒေါသထွက်အောင် အစွမ်းကုန် လှောင်ပြောင်နေတော့သည်။
အဆင့်လေးမျိုးနွယ်စုရဲ့ အရှင်သခင်ဖြစ်ခြင်းမှာ သိပ်အထင်ကြီးစရာ ကောင်းနေလေသလား။
သူ့နောက်မှာ အဆင့်ငါးမျိုးနွယ်စု၏ စစ်သင်္ဘောအုပ်စုကြီး ရှိနေချေပြီ။ သူတို့အဆင့်လေးမျိုးနွယ်စုကို မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာဖြစ်အောင် လုပ်ပစ်၍ရသည်။
ကျန်းမုန့်လောင်က နားတကုတ်ကုတ်ဖြင့် ဆိုလိုက်သည်။
"ခင်ဗျား ခုနက ဘာပြောလိုက်တာလဲ။ သိပ်မကြားလိုက်လို့ နောက်တစ်ခါလောက် ထပ်ပြောပေးပါလား"
ယခုအချိန်တွင် ကျန်းမုန့်လောင်၏ ရန်စတတ်သော သဘာဝမှာ နောက်တစ်ကြိမ် ထင်ထင်ရှားရှား ပေါ်ထွက်လာပြန်သည်။
ထိုစဉ်မှာပင် လူရိပ်တစ်ခုက ကျန်းမုန့်လောင်၏ ဘေးနားသို့ လေထဲမှတစ်ဆင့် ဖြည်းညင်းစွာ ဆင်းသက်လာသည်။
ထိုလူမှာ ရီမောဖြစ်ပြီး သူသည် မှတ်ပုံတင်စနစ်မှတစ်ဆင့် ဤလူငယ်မှာ သူ ကာကွယ်ရမည့်လူဖြစ်ကြောင်းနှင့် ကြယ်ငါးပွင့်အဆင့် အကောင့်ပိုင်ရှင်ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်၏။
"ဒီလောက်တောင်ငယ်တာလား"
ကျန်းမုန့်လောင်၏ အသက်အရွယ်က ရီမောကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။
ကြယ်ငါးပွင့်အဆင့် အသုံးပြုသူတစ်ယောက်က သူ့စစ်သင်္ဘောအုပ်စုငယ်လေးကို ဘာကြောင့် အကာအကွယ်တောင်းရသလဲဟု သူ တွေးတောနေခဲ့မိသည်။
သို့သော် ကျန်းမုန့်လောင်ကို မြင်လိုက်ရသည့်အခါတွင်မူ သူနားလည်သွားသည်။ ဤလူမှာ စကြဝဠာအဆင့်ရှိ အလွန့်အလွန်ချမ်းသာသော ဒုတိယမျိုးဆက်သူဌေးသားပင် ဖြစ်ရပေမည်။
ကြယ်စင်အဆင့် အကောင့်ပိုင်ရှင်တိုင်းက အကောင့်ခွဲဆယ်ခုအထိ ထားရှိနိုင်၏။ ထိုကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ကြီးများမှာ သူတို့၏ အရေးပါသော မျိုးဆက်သစ်များကို လုပ်ပိုင်ခွင့်များ ခွဲပေးလေ့ရှိကြလေရာ မစ္စတာကျန်းမှာ ထိုပုဂ္ဂိုလ်ကြီးတစ်ဦးဦး၏ အချစ်ဆုံးမျိုးဆက်တစ်ခု ဖြစ်ဟန်တူသည်။
"မစ္စတာကျန်း... ကျွန်တော်တို့ အရောက်နောက်ကျသွားတာနဲ့ ခင်ဗျားကို အထိတ်တလန့်ဖြစ်စေခဲ့မိပြီ။ တောင်းပန်ပါတယ်"
ကျန်းမုန့်လောင်မှာ လူငယ်လေးတစ်ဦးသာဖြစ်ပြီး သာမန်အားဖြင့် အန္တရာယ်ကင်းပုံရသော်လည်း သူ့အဆင့်အတန်းမှာမူ မည်သူမှမကျော်လွှားနိုင်သော အခွင့်ထူးခံအဆင့်ဖြစ်ပေသည်။
"ရပါတယ်။ ခင်ဗျားတို့လည်း အဝေးကြီးကနေ လာခဲ့ရတာပဲ.. ခင်ဗျားတို့ရဲ့ အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ခင်ဗျားကိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့လူက ဟိုလူလား"
ရီမော၏အကြည့်က ဘားနက်ဆီသို့ ရောက်သွားသည်။
"အဆင့်သုံးမျိုးနွယ်စုသုံး အာကာသယာဉ်လား။ အဆင့်သုံးသက်ရှိပေါ့လေ။ တကယ်ကြီးလား"
ရီမောသည် ကျန်းမုန့်လောင်တစ်ယောက် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ သာမန်လူဖျင်းတစ်ဦးမျှသာ ဖြစ်နေသည့်အတွက် စိတ်ပျက်သွားရသည်။
အဆင့်ငါးမျိုးနွယ်စု၏ စွမ်းအားကြီးစစ်သင်္ဘောအုပ်စုကြီးကို အဆင့်သုံးသက်ရှိတစ်ခုအား ချေမှုန်းရန် စေလွှတ်လိုက်ခြင်းမှာ ထိုလူ့အတွက် မျက်နှာသာပေးလွန်းရာ မရောက်ပေဘူးလော။
ဆိုလိုသည်မှာ ဤလူသည် စကြဝဠာဘဏ်၏ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူတစ်ဦးပင် ဖြစ်လေရာ သူ့မုန့်ဖိုးအနည်းငယ်ဖြင့်ပင် အဆင့်ငါးစစ်သင်္ဘောတစ်စင်းနှင့် သက်တော်စောင့်အုပ်စုကြီးကို ဝယ်ယူပြီး ၂၄နာရီပတ်လုံး အကာအကွယ် ယူနိုင်သည် မဟုတ်ပါလော။
"ဟုတ်တယ်။ အဲ့ဒီလူပဲ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။
"ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ဒီမှာ အေးအေးဆေးဆေး စားသောက်နေတာကို.. ဒီအရူးက အာကာသယာဉ်နဲ့ ဝင်ချလာပြီး ကျွန်တော့်ကိုတောင် ဖမ်းမယ်လို့ ခြိမ်းခြောက်နေတာ"
"ဒီလူက စကြဝဠာဘဏ်ရဲ့ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူတစ်ယောက်ကို ရန်စရဲလောက်အောင်အထိ ရူးနေတာလား"
ရီမောက ဘားနက်ကို ငတုံးတစ်ယောက်ကို ကြည့်နေသည့်အလား သနားခြင်းများစွာဖြင့် ကြည့်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးတွင် အဆင့်နှစ်မျိုးနွယ်စုဝင် သူငယ်ချင်းမျိုး မည်သို့ရှိနေသလဲဟုလည်း တွေးမိသွားသည်။ ဤအဆင့်နှစ်မျိုးနွယ်စုတွင် ထူးခြားချက်တစ်ခုခုများ ရှိနေသလော။
သို့သော်လည်း ရီမောသည် သူတို့၏ အံ့အားသင့်ကြောက်လန့်နေသော အမူအရာများကို မြင်လိုက်ရသောအခါ သူတို့သည် ကျန်းမုန့်လောင်၏ အဆင့်အတန်းကို မသိခဲ့ကြခြင်းဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
"မစ္စတာကျန်း... ဒီလူ့ကို ဘယ်လိုကိုင်တွယ်စေချင်ပါလဲ.. ကျွန်တော်တို့ သူ့ကို ချက်ချင်း အမြစ်ပြတ်သုတ်သင်လိုက်ရမလား"
ရီမောက မေးလိုက်သည်။
"အဲ့လိုလုပ်လို့ရလို့လား"
"မရဘူး။ မင်းတို့ ဒါမျိုးမလုပ်နိုင်ပါဘူး"
ဘားနက်သည် သူ့ကို သုတ်သင်တော့မည်ဟူသော စကားကို ကြားလိုက်ရသည့်နှင့် ပျာပျာသလဲ ဖြစ်သွားတော့သည်။
ကျန်းမုန့်လောင်က ဖုန်းတစ်ချက် ခေါ်လိုက်ရုံဖြင့် အဆင့်ငါးမျိုးနွယ်စု၏ စစ်သင်္ဘောအုပ်စုကြီးကို ခေါ်နိုင်လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
သူသည် အခွင့်အရေးကောင်းကြီးတစ်ခုကို ရုတ်တရက် ရရှိလိုက်ပြီဖြစ်ရာ သူ့ဘဝမှာ အထွတ်အထိပ်သို့ ရောက်တော့မည်ဟု ထင်မှတ်ပြီး ယခင်ကထက်ပင် ပိုမောက်မာရိုင်းစိုင်းခဲ့မိသည်။
ယခုတစ်ကြိမ်တွင် သူသည် ကျန်းမုန့်လောင်၏ ထူးခြားသော မျက်လုံးများကိုသာ မက်မောပြီး လာရောက်ဖမ်းဆီးခြင်း ဖြစ်၏။ ထိုမျက်လုံးများ၏ စွမ်းအားမှ ရရှိနိုင်မည့် အကျိုးကျေးဇူးကိုသာတွေးတောခဲ့ပြီး ထိုကဲ့သို့သော စွမ်းအားရှင်တစ်ဦးတွင် မည်သို့သောနောက်ခံရှိနိုင်မည်ကိုမူ တစ်ခါမှ မစဉ်းစားခဲ့မိပေ။
ယခုအခါတွင်မူ သူသည် လုံးဝ ရန်မစသင့်သော ပုဂ္ဂိုလ်မျိုးကို ရန်စမိပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သူ့ဘိုးဘေးများ၏ တပည့်ပင် ဤပုဂ္ဂိုလ်ကို ရန်စရဲမည်မဟုတ်ပေ။
စစ်သင်္ဘောပေါ်ရှိ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ဧရာမတံဆိပ်တော်က ဤစစ်သင်္ဘောအုပ်စုသည် သူတို့၏လက်အောက်ခံအဆင့်ငါးမျိုးနွယ်စုဖြစ်သည့် အမြွှာဝေလငါးအင်ပါယာမှ လာခြင်းဖြစ်ကြောင်း သက်သေပြနေပေသည်။ အဆင့်လေးမျိုးနွယ်စုဟူသည် အဆင့်ငါးမျိုးနွယ်စုအတွက်မူ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော အစက်အပြောက်ငယ်လေးမျှသာ ဖြစ်ပေသည်။
"ကျုပ်က ဘာလို့ မလုပ်နိုင်ရမှာလဲ။ ခင်ဗျားကျတော့ ကျုပ်ကို ရန်စလို့ရပြီး ကျုပ်က ခင်ဗျားကို ပြန်သတ်လို့မရဘူးလား"
ကျန်းမုန့်လောင်က ပြုံးလျက် မေးလိုက်သည်။
"ခင်ဗျား ဒီကိုမလာခင် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်မထားခဲ့ဘူးလား"
"တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ"
ရီနိုက သူ့သားကိုကြည့်၍ မေးလိုက်သည်။
ကျန်းမုန့်လောင်သည် နဂါးငွေ့တန်းအရှင်သခင်၏ လေးစားမှုကို ရရှိထားခြင်းကပင် အံ့ဩစရာ ကောင်းနေချေပြီ။ ယခုမူ အဆင့်ငါးစစ်သင်္ဘောအုပ်စုကြီးပါ ရောက်လာပြီဖြစ်ရာ သူ့အသိဥာဏ် နယ်ပယ်ထက်ပင် ကျော်လွန်နေပြီဖြစ်၏။
"အိုင်းရင်း.. မင်းသူငယ်ချင်းက အမြွှာဝေလငါး စကြဝဠာအင်ပါယာက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ မျိုးဆက်များလား"
ရီနိုက မေးလိုက်၏။
"ကျွန်တော်လည်း သေချာမသိဘူး"
အိုင်းရင်းက ခေါင်းခါလျက် ဆိုလေသည်။
"အစ်ကိုကျန်းရဲ့ အဆင့်အတန်းက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ သူက စကြဝဠာမဟာမိတ်အဖွဲ့ထဲမှာ မပါသေးတဲ့ ရှေးဦးဂြိုဟ်တစ်ခုက လာတာလို့ပြောပေမဲ့.. နောက်ဆုံးတစ်ခေါက် ကျွန်တော် သူနဲ့အတူ စကြဝဠာဘဏ်ကို သွားတုန်းက သူ့မှာ ကြယ်စင်အဆင့်အကောင့်တစ်ခု ရှိနေတယ်"
"ကြယ်စင်အဆင့်အကောင့် ဟုတ်လား"
သူ့မောင်နှမများအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ တကယ်သာ ကြယ်စင်အဆင့်အကောင့်ပိုင်ရှင်ဖြစ်နေပါက ဤသည်မှာ အမြွှာဝေလငါးအင်ပါယာမှ အကောင်ကြီးကြီးတစ်ဦးနှင့် ပတ်သက်နေရုံမျှသာ မဟုတ်တော့ပေ။ အမှန်တကယ်မေးရမည့် မေးခွန်းမှာ အမြွှာဝေလငါး အင်ပါယာကြီးတစ်ခုလုံးမှာ သူ့ပိုင်ဆိုင်မှုဖြစ်နေသလောဟူသည့် အချက်ပင်။
ကျန်းမုန့်လောင်သည် အိုင်းရင်းအတွက် လက်ဆောင်အဖြစ် အဆင့်နှစ်မျိုးနွယ်စုဆယ်ခုကို ပေါ့ပေါ့ပါးပါး ဝယ်ပေးခဲ့သည်မှာ မဆန်းတော့ပေ။ ကြယ်စင်အဆင့် အသုံးပြုသူတစ်ဦးအတွက်မူ ယင်းမှာ မုန့်ဖိုးမျှသာ ဖြစ်ပေလိမ့်မည်။
အိုင်းရင်းသည် ကျန်းမုန့်လောင်၏အကောင့်မှာ ကြယ်ငါးပွင့်အဆင့်ဖြစ်ကြောင်းကိုပင် မပြောရသေးချေ။
"ကြယ်စင်အဆင့်အသုံးပြုသူ ဟုတ်လား"
ရီနိုနှင့် အခြားသူများ၏ အာမေဍိတ်သံများကြောင့် ဘားနက်လည်း ဆွံ့အသွားရသည်။ သာမန်ဟုထင်ရသော ကျန်းမုန့်လောင်သည် အဆင့်ငါးစစ်သင်္ဘောအုပ်စုကို အဘယ်ကြောင့် ခေါ်ယူနိုင်ကြောင်း သူနားလည်သွားပြီဖြစ်၏။ ၎င်းမှာ ကြယ်စင်အဆင့် အသုံးပြုသူတစ်ဦး၏ အခွင့်ထူးခံပင် ဖြစ်တန်ရာ၏။
"မင်း ငါ့ကို သတ်လို့မရဘူး"
ဘားနက်ခမျာ အသည်းအသန်ရုန်းကန်လျက် အော်ပြောလိုက်သည်။
"စကြဝဠာဘဏ်က အသုံးပြုသူတွေကို ကာကွယ်ပေးပိုင်ခွင့်ပဲ ရှိတာ။ တခြားသူတွေရဲ့ အသက်ကို နှုတ်ယူပိုင်ခွင့် မရှိဘူး"
"မူဝါဒအားဖြင့်တော့ မရှိဘူးပေါ့"
ရီမောက လှောင်ပြုံးပြုံးလျက် ဆိုလာသည်။
"ဒါပေမဲ့ တစ်စုံတစ်ယောက်က ငါတို့ရဲ့အသုံးပြုသူကို အသက်အန္တရာယ် ပေးလာမယ်ဆိုရင်တော့.. ငါတို့က အသုံးပြုသူရဲ့အသက်ကို ဦးစားပေးတဲ့အနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်အန္တရာယ်ကိုမဆို ဖယ်ရှားပစ်ဖို့ အရေးပေါ်အစီအမံတွေကို လုပ်ဆောင်နိုင်ခွင့် ရှိတယ်"
ရီမောက ကျန်းမုန့်လောင်ဘက်သို့လှည့်ကာ ပြောလိုက်၏။
"မစ္စတာကျန်း... ကျွန်တော်တို့ စကြဝဠာဘဏ်က ခင်ဗျားအတွက် ခိုင်မာတဲ့ ဥပဒေရေးရာ အကူအညီတွေကိုလည်း ပံ့ပိုးပေးပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူအနေနဲ့ ကျွန်တော်တို့ဘဏ်ရဲ့ ထိပ်တန်းရှေ့နေတွေဆီကနေ ဥပဒေအကူအညီတွေကို ရယူနိုင်ပါတယ်"
"ခင်ဗျားတို့စကြဝဠာဘဏ်ရဲ့ ထိပ်တန်းရှေ့နေက တကယ်ပဲ အစွမ်းထက်လို့လား"
"အရမ်းအစွမ်းထက်တာပေါ့!"
ရီမောက ပြန်ဖြေလေ၏။
"သူက မျိုးနွယ်စုတိုင်းမှာ မှတ်ပုံတင်ထားတဲ့ ဥပဒေအားလုံးကို လေ့လာထားသူပါ။ အခုအချိန်အထိ အမှုပေါင်း၂၀ဝဝဝကျော်ကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုနှုန်းကလည်း ၁၀၀ရာခိုင်နှုန်း ရှိပါတယ်။ တစ်ခါတုန်းက လူတစ်ယောက်က ကျွန်တော်တို့ရဲ့ ကြယ်စင်အဆင့်အသုံးပြုသူတစ်ယောက်ဆီက စကြဝဠာဒင်္ဂါး၂ထရီလီယံ တောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့ ခုခံချေပမှုကြောင့်သာ ကျွန်တော်တို့အသုံးပြုသူက အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့တယ်"
"အထင်ကြီးစရာပဲ။ တကယ်လို့ ကျန်းဝေသာဆိုရင် တစ်ဖက်လူက ထောင်တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်တောင် တန်းကျသွားနိုင်တယ် မဟုတ်လား"
"သူကသာ မျှော်မှန်းထားသလောက် မစွမ်းဆောင်နိုင်ခဲ့ရင်ပေါ့.."
ရီမောက ထပ်လောင်းပြောကြားလိုက်သည်။
"တကယ်လို့ ကျွန်တော်တို့ရှေ့နေက ပုံမှန်ထက် လျှော့ပြီး လုပ်မယ်ဆိုရင် တစ်ဖက်လူက အမှုရှုံးရုံပဲ ရှိမယ်။ ပုံမှန်အတိုင်း စွမ်းဆောင်နိုင်မယ်ဆိုရင် တစ်ဖက်လူနဲ့ သူတို့ရဲ့ရှေ့နေပါ ထောင်ဒဏ်ကျခံရလိမ့်မယ်။ ဒါပေမဲ့ သူသာ မျှော်မှန်းထားတာထက် ပိုပြီးစွမ်းဆောင်နိုင်ခဲ့ရင်တော့ စကြဝဠာတရားရုံးရဲ့ တရားသူကြီးကိုယ်တိုင်တောင် ဒုက္ခရောက်သွားနိုင်တယ်"
"ခင်ဗျားတို့ရှေ့နေရဲ့ နာမည်က လော့ရှန်းလား"
"ကြားဖူးတာလား"
ရီမောသည် အံ့အားသင့်သွားပြီး ပြန်ပြောလိုက်၏။
"ခင်ဗျားအနေနဲ့ အဓိပ္ပာယ်လွဲမှားတဲ့ သတင်းအချို့ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထိပ်တန်းရှေ့နေက နှင်းခဲဓားသွားမျိုးနွယ်စုကပါ။ သူ့ရဲ့နာမည်အပြည့်အစုံက လော့ကျစ်ရှန်းပါ"
ကျန်းမုန့်လောင်ခမျာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။
ဒါက တကယ့်ကို တိုက်ဆိုင်မှုကြီးမဟုတ်ပါလော။
"လက်ရှိ စကြဝဠာအကျဉ်းထောင်ထဲမှာ စကြဝဠာတရားရုံးတရားသူကြီးဟောင်း ၁၇၄၀ယောက်ရှိပါတယ်။ အဲ့ဒီထဲက ၁၇၁ယောက်က လာဘ်စားမှုနဲ့ ရောက်နေတာပါ။ ကျန်တဲ့လူတွေကတော့ ရှေ့နေလော့က ပို့လိုက်တာပါ"