အခန်း (၈၁၄-၈၁၆)
Vol. 55 Ch. 814-816
အခန်း ၈၁၄ - မင်းဆရာကိုယ်တိုင် ငါ့ဆီလာပြီး တောင်းပန်ရအောင် လုပ်ပြမယ်
"ဒီလူအကြောင်း ကျွန်တော် ကြားဖူးတယ်"
အိုင်းရင်းကလည်း ကျန်းမုန့်လောင်အနားသို့ တိုးကပ်လာပြီး ပြောလိုက်သည်။
"စကြဝဠာဘဏ်ရဲ့ ကြယ်ပွင့်အဆင့်သုံးစွဲသူတစ်ယောက်က ရှားပါးပြီး မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ အာကာသသားရဲတစ်ကောင်ကို ဖမ်းဖူးတယ်။ သီအိုရီအရဆိုရင် အနည်းဆုံးတော့ သူ ထောင်ဒဏ်နှစ်ငါးရာလောက် ကျခံရမှာ"
"ပြီးတော့ ဘာဆက်ဖြစ်သွားလဲ"
"အဲဒီလူက ရွှေချိုသားရဲကို ဖမ်းစားလိုက်ရုံတင်မကဘူး။ ဘာတာဝန်မှလည်း ယူစရာမလိုခဲ့ဘူး"
အိုင်းရင်းက ဆက်ပြောသည်။
"ဒါတင်မကသေးဘူး။ တရားသူကြီးနဲ့ ဂျူရီလူကြီး၁၂ယောက်တောင် ထောင်ကျသွားသေးတယ်။ မျိုးသုဉ်းလုနီးပါးတိရစ္ဆာန်ကာကွယ်ရေးဥပဒေကို ရေးဆွဲခဲ့တဲ့ လွှတ်တော်အမတ်၁သိန်း၂သောင်းလည်း ထောင်ကျသွားသလို ပွဲကြည့်စင်က ပရိသတ်၁၂သန်းနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ကြည့်ရှုသူ၇၂ဘီလီယံလုံးလည်း ထောင်ကျသွားခဲ့ကြတယ်"
"လူတွေအများကြီးကိုး။ သူတို့ကို ဖမ်းထားဖို့ နေရာရှိလို့လား"
"အဲဒါက ဖြေရှင်းရလွယ်ပါတယ်။ လူမနေတဲ့ ဂြိုဟ်တစ်လုံးကို ရှာလိုက်ရုံပဲလေ။ အလွန်ဆုံးမှ ဝန်ထမ်းအဖွဲ့တစ်ဖွဲ့လောက် ထပ်ခေါ်ရုံပေါ့"
"ဘုရားရေ...ပရော်ဖက်ဆာလော့ရှန်းနဲ့ ဒီပရော်ဖက်ဆာလော့ကျစ်ရှန်းတို့နှစ်ယောက် ထိပ်တိုက်တွေ့ရင် ဘယ်သူက ဘယ်သူ့ကို ထောင်ချမလဲဆိုတာ ကြည့်ချင်စမ်းပါဘိ"
ကျန်းမုန့်လောင်မှာ စိတ်ကူးယဉ်တွေးတောမိခြင်းကို မတားဆီးနိုင်တော့ချေ။ ဘယ်လိုစီရင်ချက်ချချ တရားသူကြီးနှင့် ပရိသတ်များကမူ သေချာပေါက် ထောင်ထဲရောက်မည်မှာ အမှန်ပင်။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ကျန်းမုန့်လောင်က ယနေ့ ဤနေရာတွင် ဘားနက်စ် သတ်ပစ်လိုက်လျှင်ပင် မည်သူကမှ သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ ငွေကသာ အရာရာကို ဖန်တီးနိုင်သည်ဟူသော သဘောတရားမှာ စကြဝဠာထဲရှိ မျိုးနွယ်စုများတွင်လည်း အကျုံးဝင်ပေသည်။
တကယ်တော့ ဤသည်မှာ အလွန်ရိုးရှင်းလှသည်။ ဘားနက်စ်က သတိပေးချက်များကို လျစ်လျူရှုပြီး အိုင်ဇက်မျိုးနွယ်စုထဲကို ကျူးကျော်ဝင်ရောက်လာသည်ဟူသော အချက်လေးတစ်ချက်တည်းနှင့် လက်ရှိအရှင်သခင်ဖြစ်သည့် အိုင်းရင်းမှာ လက်သီးစွမ်းအားသာ လုံလောက်မည်ဆိုလျှင် သူ့ကိုသတ်ပစ်ဖို့ အခွင့်အရေးရှိနေလေပြီ။
"မစ္စတာကျန်း... ကျွန်တော်တို့ စလိုက်တော့မလား"
ရီမော်က မေးလိုက်သည်။
ကျန်းမုန့်လောင်ကမူ ပြုံးစစလုပ်နေချေသည်။
"သူ့ရဲ့အာကာသယာဉ်ကို အရင်ဖျက်ဆီးပစ်လိုက်"
"ဟုတ်ကဲ့"
ရီမော်က ဤအမိန့်ကို ခြွင်းချက်မရှိ နာခံလိုက်သည်။
ခဏအကြာတွင် လောင်ကျွမ်းလုမတတ် ပူပြင်းလှသော အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေရာ အာကာသယာဉ်မှာ ချက်ချင်း အငွေ့ပျံသွားတော့သည်။
ရီမော်၏ နှလုံးသားကား အပြင်းအထန်တုန်လှုပ်သွားသည်။
ကျန်းမုန့်လောင်က သူ့ကိုသတ်ပစ်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်၏။
"ဘယ်သူများ ငါ့ကိုကယ်နိုင်မလဲ"
ဘားနက်စ်ခမျာ နှလုံးကွဲမတတ် ခံစားနေရသော်လည်း ယခုအချိန်တွင် သူ့ကို ကယ်တင်နိုင်မည့်သူ တစ်ယောက်မှ မရှိတော့ပေ။
"အရှင်သခင်... နောက်ထပ် အာကာသယာဉ်တစ်စီး ရောက်လာပါပြီ"
ထိုအချိန်တွင် ရီမော်သည် အာကာသကင်းလှည့်ယာဉ်တစ်စီးထံမှ နောက်ထပ် အကြောင်းကြားစာတစ်ခုကို ရရှိခဲ့သည်။
ရီမော်ကား အံ့အားသင့်သွားလေသည်။ ယနေ့ သူတို့အိုင်ဇက်မျိုးနွယ်စုမှာ လူတွေ တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြသဖြင့် နှစ်သစ်ကူးပွဲတော်အလား အလွန်စည်ကားနေပေသည်။
ဘယ်သူများလဲ။
"ကျွန်တော်တို့လည်း မသိသေးပါဘူး။ သူတို့ဘက်က ပြန်လည်းမဖြေသလို ဆိပ်ကမ်းကိုလည်း မရောက်လာသေးပါဘူး။ ဒီအာကာသယာဉ်ရဲ့ မော်ဒယ်ကိုလည်း ကျွန်တော် မသိဘူး"
ကင်းလှည့်အစောင့်က သတင်းပို့သည်။
"တိုက်ခိုက်ခံရတာလား"
"ကျွန်တော်တို့ဘက်က တိုက်ခိုက်လိုက်ပေမဲ့ ရန်သူ့ယာဉ်ရဲ့ အပေါ်ယံအလွှာက ကျွန်တော်တို့ရဲ့ အလင်းတန်းတိုက်ခိုက်မှုကို ရောင်ပြန်ဟပ်သွားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အာကာသအခြေစိုက်အမြောက်စင်၁၂ခု ဖျက်ဆီးခံလိုက်ရတယ်"
"ဒါက အနည်းဆုံး အဆင့်သုံးမျိုးနွယ်စုတစ်ခုရဲ့ အာကာသယာဉ်ပါ။ ဒါပေမဲ့ ဘယ်သူများလဲ"
ရီမော်က ကောင်းကင်ထက်သို့ တွေးဆဆဖြင့် ကြည့်လိုက်လေသည်။
ယခုရောက်လာသော လူသစ်ကလည်း သူတို့ကို ရန်ပြုဖို့လာခြင်းမျိုး ဖြစ်နိုင်သည်ဟု သူ ခံစားနေရသည်။
မကြာခင်မှာပင် ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး အာကာသယာဉ်အသစ်က သူတို့ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းလာတော့သည်။
"အီရော့... အီရော့... တစ်ယောက်ယောက်က ငါ့ကို သတ်ချင်နေတယ်။ ငါ့ကိုကယ်ပါဦး"
နီးကပ်လာသော အာကာသယာဉ်ကို မြင်လိုက်ရသည်နှင့် ဘားနက်စ်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
အီရော့ဆိုသည်မှာ ဘားနက်စ်၏ဘိုးဘေးဖြစ်သော အဆင့်လေးမျိုးနွယ်စု၏ အရှင်သခင်ဆီက တပည့်တစ်ယောက်ပင်။
သူသည် ဤအသက်ကယ်ကြိုးကို အသေအလဲ ဆုပ်ကိုင်ထားလိုက်သည်။ အီရော့က အဆင့်လေးမျိုးနွယ်စုတစ်ခု၏ အရှင်သခင်မျှသာ ဖြစ်သော်လည်း သူ့တွင် မိတ်ဆွေအပေါင်းအသင်းများစွာရှိပြီး အဆင့်ငါးမျိုးနွယ်စုတစ်ခု၏ အရှင်သခင်ကိုပင် သိကျွမ်းနိုင်သည်။
ကျန်းမုန့်လောင်တွင် ဤမျှအထိ အင်အားကြီးမားသော နောက်ခံရှိနေလျှင်ပင် သူသည် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်၏မျိုးဆက် ဖြစ်နေဆဲပင်။ အကယ်၍ အဆင့်ငါးမျိုးနွယ်စု၏ အရှင်သခင်တစ်ဦးကသာ ဝင်ရောက်စွက်ဖက်ပေးမည်ဆိုလျှင် သူ့အနေနှင့် မျက်နှာသာနည်းနည်းတော့ ပေးရပေမည်။
ထင်ထားတဲ့အတိုင်းပင် အာကာသယာဉ်သည် လေထဲတွင် ထပ်မံရပ်တန့်သွားပြီး အသားခပ်မည်းမည်း လူတစ်ယောက်က အာကာသယာဉ်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
"ဘုရားရေ... အာဖရိကတိုက်သားလား"
ကျန်းမုန့်လောင်က ထိုဂြိုဟ်သားကို ကြည့်လိုက်သည်။ သူ့အသွင်အပြင်မှာ အရေပြားပေါ်တွင် ထူးဆန်းသော ပုံစံအချို့ ရှိနေသည်ကလွဲလျှင် ကမ္ဘာဂြိုဟ်သားတစ်ယောက်နှင့် အလွန်တူညီပေသည်။
"ကျောင်းအုပ်ကြီး သူတို့က မွေးရာပါသိုင်းသမားတွေဖြစ်တဲ့ ရှာဇက်မျိုးနွယ်စုတွေပါ။ သူတို့တွေဟာ တိုက်ခိုက်တဲ့နေရာမှာ အရမ်းတော်ပြီး ကျင့်ကြံခြင်းပါရမီလည်း မြင့်မားတယ်"
ကောထန်က ပြောလိုက်သည်။
"ပုံမှန်ဆိုရင် ပြင်ပအကူအညီမပါဘဲ အာကာသမျိုးနွယ်စုတစ်ခုက သက်ရှိတစ်ယောက်ဟာ အဆင့်ငါးသက်ရှိဖြစ်လာဖို့ အနည်းဆုံး နှစ်ပေါင်းသောင်းချီ အချိန်ယူရပါတယ်"
"ဒီရှာဇက်ဂြိုဟ်သားက အသက်၁၂၀၀၀ လောက်ပဲ ရှိသေးပေမဲ့ အဆင့်ခြောက် သက်ရှိအဆင့်နီးပါး ရောက်နေပြီပေါ့"
"တော်တော်မိုက်တာပဲ"
ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
"ငါ့မိဘတွေ အဆင့်ခြောက်သက်ရှိကို တက်လှမ်းနိုင်ဖို့ ဘယ်လောက်ကြာခဲ့လဲ"
"လေးငါးနှစ်လောက်ပါပဲ"
"မွေးရာပါသိုင်းသမားတွေဆိုတာကလည်း သာမန်မျိုးနွယ်စုတွေပါပဲကွာ"
အစတုန်းကတော့ အထင်ကြီးစရာကောင်းသော်ငြား နှိုင်းယှဉ်စရာမရှိလျှင်မူ ဘာမှပြောစရာမရှိပေ။
"အီရော့... ငါ့ကို ကယ်ပါဦး။ သူတို့ ငါ့ကို သတ်ချင်နေကြတယ်"
ဘားနက်စ်က ထိုရှာဇက်ဂြိုဟ်သား၏ ခြေထောက်ကို ဖက်တွယ်လုမတတ် အော်ဟစ်လိုက်သည်။
However, when they arrived at the home planet of the Milky Way, Binard was not on his own planet, so he went directly to the Izek civilization.
အီရော့က ဘားနက်စ်၏ ကလေးများကို လေ့ကျင့်ရေးကွင်းသို့ ခေါ်သွားမည်ဟု ကတိပေးထားခဲ့သဖြင့် ယခုတစ်ကြိမ် သူတို့ကို လာကြိုခြင်းပင်။
သို့သော် နဂါးငွေ့တန်းဂလက်ဆီ၏ မိခင်ဂြိုဟ်သို့ ရောက်သောအခါ ဘားနက်စ်မှာ ကိုယ်ပိုင်ဂြိုဟ်ပေါ်တွင်မရှိဘဲ အိုင်ဇက်မျိုးနွယ်စုသို့ ရောက်နေချေသည်။
ကြည့်ရသည်မှာ သူ တစ်ယောက်ယောက်ကို သွားစော်ကားမိထားပုံပင်။
"အမြွှာဝေလငါးအာကာသအင်ပါယာရဲ့ ရေယာဉ်စုလား"
အီရော့က ရေယာဉ်စုကို လှမ်းကြည့်လိုက်သည်။ သူ နည်းနည်းသတိထားနေသော်လည်း ကြောက်ရွံ့မှုကိုမူ ထုတ်မပြပေ။
အဆင့်ခြောက်သက်ရှိအဆင့်သို့ တက်လှမ်းတော့မည့် လူတစ်ယောက်အနေနှင့် သူသည် အမြွှာဝေလငါးအာကာသအင်ပါယာ၏ အရှင်သခင်အပါအဝင် အခြားအာကာသအင်ပါယာများ၏ အရှင်သခင်များစွာထံမှ ဖိတ်ကြားချက်များကိုလည်း လက်ခံရရှိထားပြီးဖြစ်၏။
ထို့ပြင် အီရော့လို ပါရမီရှင်တစ်ယောက်သည် တစ်သက်တာအတွင်း ဆရာအမြောက်အများ ရှိလာမည်ဖြစ်၏။
စီဘော့စ်မိသားစု၏ ဘိုးဘေးများက သူ့ဆရာပေါင်းများစွာထဲမှ တစ်ဦးသာဖြစ်၏။ သူ့လက်ရှိဆရာကလည်း အဆင့်ခြောက် သက်ရှိဖြစ်သော အာကာသအင်ပါယာတစ်ခု၏ အရှင်သခင်ပင်တည်း။
ထိုအာကာသအင်ပါယာသည် အမြွှာဝေလငါးအာကာသအင်ပါယာထက် အဆပေါင်းများစွာ ပိုအစွမ်းထက်လှသည်။
"ဘာဖြစ်တာလဲ"
အီရော့က မေးလိုက်သည်။
"မင်းက ဘယ်လိုလုပ်ပြီး အဲဒီလိုလူမျိုးကို သွားရန်စမိရတာလဲ"
"ပြောရရင်တော့ ဇာတ်လမ်းကရှည်တယ်"
ဘားနက်စ်က ကျန်းမုန့်လောင်၏ မျက်လုံးစွမ်းရည်ကို လိုချင်နေကြောင်း အီရော့အား ပြောပြရန် မဝံ့မရဲဖြစ်နေချေသည်။
"ထားလိုက်တော့။ မင်းက ငါ့ဆရာရဲ့ မျိုးဆက်ဆိုတော့ မင်းရဲ့အသက်ကို ငါသေချာပေါက် ကာကွယ်ပေးမှာပါ"
အီရော့က ဆိုလေသည်။
သူ့စကားကြောင့် ဘားနက်စ်မှာ အနည်းငယ် စိတ်အေးသွားပြီး သူ အသက်ချမ်းသာရာရပြီဟု ထင်သွားသည်။
"လူကြီးမင်းကို ဘယ်လိုခေါ်ဝေါ်ရမလဲ"
အီရော့က ကျန်းမုန့်လောင်ကို ရိုသေလေးစားသော အသုံးအနှုန်းဖြင့် မေးလိုက်သည်။ တစ်ဖက်လူက အဆင့်ငါးရေယာဉ်စုကို အမိန့်ပေးနိုင်သူဖြစ်ရာ သူ့အဆင့်အတန်းမှာ အလွန်မြင့်မားမည်မှာ သေချာပေသည်။
"ငါ့နာမည်က ကျန်းမုန့်လောင်ပဲ။ မင်းက ဘယ်သူလဲ"
"ကျွန်တော်က..."
"ထားလိုက်တော့။ မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး"
ကျန်းမုန့်လောင်က ဂြိုဟ်သိမ်ဂြိုဟ်မွှားကလာသည့် အာဖရိကတိုက်သားသည် မည်သူဖြစ်ဖြစ် လုံးဝစိတ်မဝင်စားပေ။
လူအများကို ဆုံးမသောအခါ တစ်ဖက်လူက ဘယ်သူလဲဆိုသည်ကို သူ ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူ့လောက် အစွမ်းထက်သူဟူ၍ မရှိပါချေ။
"လူကြီးမင်း.. ကျွန်တော့်ဆရာက စလိုအန်အာကာသအင်ပါယာရဲ့ အရှင်သခင်ပါ။ ဘားနက်စ်က ကျွန်တော့်ရဲ့ ဆရာဟောင်းဆီက ဆင်းသက်လာတဲ့ မျိုးဆက်ပါ။ ကျွန်တော့်မျက်နှာကို ထောက်ထားပြီး သူ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"
အီရော့ခမျာ ဒေါသကို မနည်းထိန်းချုပ်ကာ ပြောလိုက်သည်။
"စလိုအန်အာကာသအင်ပါယာလား"
ကျန်းမုန့်လောင်လည်း ပခုံးတွန့်ပြလိုက်သည်။
"ဆောရီးပဲ။ ငါက ဗဟုသုတသိပ်မရှိတော့ အဲဒါကို တစ်ခါမှမကြားဖူးဘူး။ မင်းမျက်နှာက ဘယ်လောက်တန်ဖိုးရှိလို့လဲ"
အာကာသအင်ပါယာတစ်ခုဟု ခေါ်နေမှတော့ သူ့အတိုင်းအတာက အမြွှာဝေလငါးအာကာသအင်ပါယာနှင့် အရွယ်အစား အတူတူလောက်သာ ရှိပေလိမ့်မည်။
"လူကြီးမင်း... စလိုအန်အာကာသအင်ပါယာက အလင်းနှစ်၁.၃ဘီလီယံအထိ ကျယ်ဝန်းပြီး ခင်ဗျားတို့ရဲ့ အမြွှာဝေလငါးအာကာသအင်ပါယာထက် နှစ်ဆကျော်ပိုကြီးပါတယ်။ ကျွန်တော့်ဆရာကလည်း အဆင့်ခုနစ်သက်ရှိကို တက်လှမ်းတော့မယ့် သိုင်းပညာရှင်တစ်ယောက်ပါ။ ခင်ဗျား ကျွန်တော့်ကို ဂရုမစိုက်ဘူးဆိုရင်တောင် ကျွန်တော့်ဆရာရဲ့မျက်နှာကို ထောက်ထားပြီး သူ့ကိုလွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
သူ့ဂုဏ်သတင်းက အလုပ်မဖြစ်သည့်အတွက် အီရော့သည် သူ့ဆရာကို ထုတ်သုံးရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ကျန်းမုန့်လောင်၏ အထက်လူကြီးက အမြွှာဝေလငါးအင်ပါယာ၏ အရှင်သခင် ဖြစ်နေလျှင်ပင် သူ့နေရာသူတော့ သိသင့်သည်မဟုတ်လော။
"လူကြီးမင်းရဲ့ အထက်လူကြီးတွေက ကျွန်တော့်ဆရာကို သိချင်သိနိုင်ပါတယ်။ ဘားနက်စ်လို လူတစ်ယောက်ကြောင့် လူကြီးမင်းတို့ရဲ့ဆက်ဆံရေးကို အထိခိုက်မခံသင့်ဘူးလို့ ထင်ပါတယ်"
"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က နှာခေါင်းကလော်ရင်း ပြောလိုက်သည်။
"ဒါဆိုရင် မင်းဆရာကို ကိုယ်တိုင်လာပြီး တောင်းပန်ခိုင်းလိုက်လေ။ ဒါဆို ငါ စဉ်းစားပေးမယ်"
******************
အခန်း ၈၁၅ : သတ္တိရှိရင် ခုန်ထွက်လာပြီး လာရိုက်လှည့်လေ
"ဘာပြောလိုက်တယ်"
အီရော့၏ မျက်နှာမှာ ရုတ်ခြည်း ကြမ်းကြုတ်ခက်ထန်သွားတော့သည်။
သူ့ဘိုးဘေးရှီပေါ်စကီ သူ့ကိုသင်ပေးခဲ့သည့် ကျေးဇူးတရားများကို သူ မှတ်မိနေသေးသည်မှာ သိသာထင်ရှားလှပြီး သူ့ဆရာအပေါ် အလွန်အမင်းရိုသေလေးစားသည်မှာလည်း အထင်အရှားပင်။
သို့သော် အဆင့်ငါးမျိုးနွယ်စုတစ်ခု၏ အရှင်သခင်နှင့် အဆင့်ခြောက်သက်ရှိတစ်ဦးဖြစ်သော သူ့ဆရာကို ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်ခိုင်းရမည်ဟု ကျန်းမုန့်လောင်က အကြံပြုဝံ့လေသည်။
ဤသည်မှာ ကြီးမားလှသော စော်ကားမှုနှင့် အထင်အမြင်သေးမှုကြီးပင်။
"သေချာမကြားလိုက်ဘူးလား။ ထပ်ပြောပြမယ်လေ"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်၏။
"မင်းဆရာကို ကိုယ်တိုင်လာတောင်းပန်ခိုင်း... အဲ့ဒါဆိုရင် သူ့အသက်ကိုချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်"
ဘားနက်စ်မှာ အစကတည်းက မကောင်းသော ရည်ရွယ်ချက်များနှင့် ရောက်လာခဲ့ခြင်းပင်။
အကယ်၍ ကျန်းမုန့်လောင်သာ ဘိုးဘေးများ၏အကာအကွယ် မရှိပါက သူ့လက်ထဲသို့ ကျရောက်သွားလျှင် အဆုံးသတ်လှနိုင်မည်မဟုတ်။ ကျန်းမုန့်လောင်က သူ့ရန်သူများအပေါ် ဘယ်တုန်းကမှ ယဉ်ကျေးပျူငှာလေ့ မရှိပေ။
တစ်စုံတစ်ယောက်က သူ့ရန်သူကို ကာကွယ်ပေးချင်သည်ဆိုလျှင် ထိုလူကလည်း သူ့ရန်သူပင်။ မည်သူပင် လာရောက်စေကာမူ မျက်နှာသာပေးစရာ အကြောင်းမရှိသည့်အပြင် ကျန်းမုန့်လောင်က စလိုအန်စကြဝဠာအင်ပါယာ၏ သခင်ကိုပင် သိကျွမ်းခြင်းမရှိလေရာ ဘာကြောင့်များ လေးစားနေရမလဲ။
အဆင့်ငါးမျိုးနွယ်စု၏ သခင်ဖြစ်ခြင်းမှာ အထင်ကြီးစရာကောင်းလေသလား။ အဆင့်ခြောက်သက်ရှိကရော အထင်ကြီးစရာလေလား။
အဆင့်ကိုးသက်ရှိများဖြစ်ကြသည့် သူ့မိဘများ သို့မဟုတ် အခြားဘိုးဘေးများကိုသာမြင်လျှင် သေးထွက်မတတ် ကြောက်လန့်သွားလေမလား။ သူ့မိဘများ မွေးထားသည့် အိမ်မွေးတိရစ္ဆာန်များကပင် အဆင့်ခြောက်သက်ရှိများထက် အဆင့်ပိုမြင့်ချင်မြင့်နေဦးမည်။
အသက်ရှည်ရုံမျှဖြင့် စီနီယာတစ်ယောက်ဖြစ်လာပြီး ရိုရိုသေသေ ဆက်ဆံခံရမည်ဟူသော အကြောင်းများကို မဟလေနှင့်။
လူတစ်ယောက်အနေနှင့် အသက်တစ်ရာလိပ်အိုတစ်ကောင်ကို မျက်နှာသာပေးစရာ လိုလို့လား။
သက်ရှိအဆင့်က တစ်ဆင့်တည်းတွင် ရှိမနေပေ။ သို့ဖြစ်လေရာ ဘာကြောင့် မျက်နှာသာပေးရမလဲ။
"မင်း သေချင်နေတာပဲ"
အီရော့ထံမှ စွမ်းအားများ အရိုင်းဆန်ဆန် ရုတ်တရက်ထွက်ပေါ်လာပြီး အဆင့်ငါး သက်ရှိတစ်ယောက်အနေနှင့် သူ့ခွန်အားက ထိုနေရာရှိ လူတိုင်းကို အလွန်အမင်း တုန်လှုပ်ချောက်ချားသွားစေသည်။
"ဘာလုပ်ချင်တာလဲ"
ရီမော်က ကျန်းမုန့်လောင်အရှေ့က ပိတ်ရပ်လိုက်သည်။ စကြဝဠာဘဏ်၏ ကြယ်အဆင့်အကောင့်ပိုင်ရှင်တစ်ယောက်ကို ရန်ပြုရန် ကြိုးစားနေလေသလား။
ထိုလူများသည် သူတို့၏ထမင်းရှင်ပင်။ တစ်နည်းပြောရရင် သူတို့၏အဖေပင်တည်း။
ရီမော်ကမူ အဆင့်ခြောက်သက်ရှိအဖြစ်သို့ ဝင်ရောက်တော့မည့် သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်၏။ သူ့ခွန်အားမှာ အီရော့ထက် လျော့နည်းခြင်းမရှိသည့်အပြင် ကောင်းကင်ယံထက်၌ အဆင့်ငါးစစ်သင်္ဘောအစင်းနှစ်ထောင်ကျော်ပင် ရှိနေသေးသည်။
အီရော့ခမျာ သူ၏မဆင်မခြင်လုပ်ရပ်ကြောင့် ရုတ်တရက်ဆိုသလို အထိတ်တလန့်ဖြစ်သွားရသည်။
ယခုတင် သူသည် ကျန်းမုန့်လောင်အပေါ် အရေးယူတိုက်ခိုက်လိုစိတ်ကို မတွန်းလှန်နိုင်တော့မတတ်ဖြစ်သွားရသည်။
ရီမော်ဟုအမည်ရသော ဤလူက သက်ရှိအဆင့် တူနေသော်လည်း အဆင့်ငါးမျိုးနွယ်စုတစ်ခုခုမှ အထက်တန်းလွှာတစ်ယောက်နှင့် တူနေပြီး သူကမူ အခွင့်အရေးတချို့ရထားသဖြင့် အဆင့်လေးမျိုးနွယ်စုမှ ထွက်ပေါ်လာသူတစ်ဦးသာ။
အကယ်၍ အမွေအနှစ်များနှင့် ပတ်သက်လာလျှင် တရားဝင်လေ့ကျင့်သင်ကြားထားသူနှင့် ကိုယ်တိုင်လေ့လာသင်ယူထားသူတို့ကြားတွက် ကွာဟချက်ရှိသလို ထိုလူနှစ်ယောက်ကြားတွင် ကြီးမားလှသော ကွာဟချက်ကြီးတစ်ခု ရှိနေနိုင်သည်။
ထို့ပြင် ထိုစစ်သင်္ဘောစုကြီးနှင့် အထဲရှိ ထောင်ပေါင်းများစွာသော လေယာဉ်မှူးများအားလုံးလည်း အဆင့်ငါးသက်ရှိများပင်။
အကယ်၍ အစောက သူသာ ရဲတင်းခဲ့မည်ဆိုပါက ဖြစ်လာနိုင်ခြေအရှိဆုံးရလဒ်မှာ သူကိုယ်တိုင် ရိုက်သတ်ခံရပြီး ကျန်းမုန့်လောင်မှာမူ ကိုယ့်ကိုယ်ကိုယ်အရေးပေါ်ကာကွယ်ခြင်းဟူသော အကြောင်းပြချက်ဖြင့် မည်သည့်တာဝန်မှ ယူစရာလိုမည်မဟုတ်ချေ။
"ဒီကိစ္စကို ဂရုမစိုက်တော့ဘူး"
အီရော့က လက်ကာပြပြီး ချက်ချင်းထွက်သွားရန် ရည်ရွယ်လိုက်သည်။
ဤကိစ္စမှာ သူ့ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်သွားခဲ့လေပြီ။ ကျန်းမုန့်လောင်မှာ အလျှော့ပေးမည့်ပုံမပေါ်သလို သူ့စကားများကိုလည်း ဂရုမစိုက်သဖြင့် သူ့အတွက် ဘာရွေးချယ်စရာမှ ရှိမနေချေ။
"အီရော့... မင်း ထွက်သွားလို့မရဘူးနော်"
ဘားနက်က အထိတ်တလန့်ဖြစ်သွားလေသည်။
"အရင်တုန်းက မင်း ရန်သူတစ်ယောက် သတ်တာကို ခံရတော့မလို့လေ။ ငါ့ဘိုးဘေးကသာ မင်းကို မကယ်ခဲ့ဘူးဆိုရင် မင်း အခုလိုအောင်မြင်မှုတွေ ဘယ်လိုလုပ်ပြီးရနိုင်မှာလဲ"
ဤစကားကို ကြားသောအခါ အီရော့၏ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်နှာအမူအရာကလည်း အလွန်တရာ ရှုပ်ထွေးသွားကာ ချီတုံချတုံဖြစ်နေလေသည်။
"အာ... ကိုယ်ကျင့်တရားနဲ့ အကျပ်ကိုင်ပြန်ပြီ"
ကျန်းမုန့်လောင်မှာ အီရော့ကို အထင်ကြီးလေးစားသွားရသည်။ ခံစားချက်များကို တန်ဖိုးထားတတ်သူတစ်ဦးမှာ အစဉ်အမြဲ လေးစားထိုက်၏။
"မင်းကို ဒီတစ်ခါ နောက်ဆုံးအနေနဲ့ ငါ ကူညီပေးမယ်"
အီရော့က အရေးကြီးဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အခုကစပြီး ရှီပေါ်စကီမိသားစုပေါ် တင်ကျန်နေတဲ့ ငါ့အကြွေးတွေကျေပြီ။ ပြီးတော့ မင်းဆီကို ငါ ထပ်မလာတော့ဘူး"
သူ့လက်ကောက်ဝတ်ထက်တွင် နည်းပညာမြင့် ကိရိယာတစ်ခုနှင့်တူသော ငွေရောင်လက်ကောက်တစ်ခု ရှိနေပေသည်။
လေထဲတွင် သုံးဖက်မြင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီးနောက် လေ့ကျင့်ရေးကွင်းတစ်ခုနှင့် ဆင်တူသော ကျယ်ပြောလှသည့် နေရာလွတ်တစ်ခုကို ပြသနေပေသည်။ အလယ်ဗဟို၌ ထူးဆန်းလှသော ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ဦးက ခြေချိတ်ထိုင်၍ မျက်စိမှိတ်လျက် အလွန်တရာအာရုံစူးစိုက်နေဟန်တူသည်။
ထိုလူက ရုတ်ခြည်းမျက်လုံးဖွင့်လိုက်သည်။
"အီရော့... အရေးကြီးကိစ္စမရှိရင် ငါ့ကို လာမနှောင့်ယှက်ဖို့ ပြောထားတယ် မဟုတ်ဘူးလား"
ထိုလူ၏အသံမှာ ရှေးကျပြီး နက်နဲကာ ကမ္ဘာဦးဂါထာတစ်ခုနှင့်ပင် တူလှ၏။
"တောင်းပန်ပါတယ် ဆရာ... ဒါပေမဲ့ ဒီတစ်ခေါက် ဆရာဝင်ပါမှဖြစ်မယ့် အရေးကြီးကိစ္စတစ်ခု ရှိနေလို့ပါ"
အီရော့က ရိုရိုသေသေပြောလိုက်သည်။
"ကံဆိုးတဲ့ ရှီပေါ်စကီရဲ့မျိုးဆက်ကို မင်း လိုက်ရှာနေတာ မဟုတ်ဘူးလား။ အရေးမပါတဲ့ အဆင့်နှစ်မျိုးနွယ်စုလေးမှာ မင်းက ဘယ်လိုပြဿနာမျိုးနဲ့ ကြုံနိုင်မှာမို့လို့လဲ"
"အရမ်းခက်ခဲတဲ့ကိစ္စပါ"
အီရော့က ဆို၏။
"ကျွန်တော့်ဆရာက တော်တော်ထူးခြားတဲ့ နောက်ခံရှိတဲ့ လူငယ်တစ်ယောက်ကို ရန်စမိသွားတာ။ အခု အဲ့ဒီလူငယ်က သူ့ကို ပစ်မှတ်ထားဖို့ သန္နိဋ္ဌာန်ချထားတယ်"
"သြော်... ဘယ်လောက်တောင် ထူးခြားနေလို့လဲ"
"သူက အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အဆင့်ငါးစစ်သင်္ဘောစုကြီးကို ဆင့်ခေါ်နိုင်ပါတယ်"
သုံးဖက်မြင်ပုံရိပ်ထဲရှိ ထိုလူ့ထံမှ စိတ်ခံစားချက်အပြောင်းအလဲတချို့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
"သူက အဲ့ဒီကာဘူးရဲ့ မျိုးဆက်လား"
"တပည့်လည်း သေချာမသိပါဘူး"
အီရော့က ပြောလိုက်သည်။
"ဆရာ... တပည့်အနေနဲ့ ဆရာ့ဆီက ဘာတစ်ခုမှ မတောင်းဆိုခဲ့ဖူးပါဘူး။ ဒီတစ်ကြိမ်တော့ ဆရာ ဘားနက်ကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"မင်း... မင်းက အမြဲတမ်း တွေးပူစရာတွေ များလွန်းတယ်"
ထိုလူလည်း သက်ပြင်းချလိုက်မိသည်။
"အရင်တုန်းကလည်း ဒီလိုပဲ။ မင်းသာ မင်းရဲ့ခွန်အားတွေအကုန်လုံးကို ကျင့်ကြံတဲ့နေရာမှာ သုံးခဲ့မယ်ဆိုရင် မင်းရဲ့ လက်ရှိအောင်မြင်မှုအဆင့်လောက်ပဲ ဘယ်လိုလုပ်ပြီး ရှိနေမှာလဲ။ ဒီကိစ္စကို ငါ ဝင်မပါချင်ဘူး။ တကယ်လို့ ငါက သူ့ရဲ့မျိုးဆက်သစ်လူငယ်လေးကို အနိုင်ကျင့်နေတယ်ဆိုတာ ကာဘူးသာသိသွားရင် သူ့ကို ငါ ဘယ်လိုရင်ဆိုင်ရမှန်းသိမှာမဟုတ်ဘူး"
"ဆရာ"
အီရော့မှာ ဒူးပင်ထောက်ချလိုက်သည်။
"ဒီတစ်ခါတော့ ကျွန်တော့်ကို ကူညီပေးပါ။ အခုကစပြီး ဒီအတိတ်ကို လုံးဝစွန့်လွှတ်လိုက်ပါတော့မယ်။ ပြီးတော့ စကြဝဠာအင်ပါယာရဲ့ သိုင်းကျောင်းတော်မှာ ဆရာနဲ့အတူ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ပါတော့မယ်"
"မင်း တကယ်ပြောနေတာလား"
"ကျွန်တော် ကတိပေးပါတယ်"
အီရော့က လေးလေးနက်နက်ပြောလိုက်လေသည်။
"ကောင်းပြီ။ ဒါဆိုရင် ဒီတစ်ကြိမ်တော့ ရှိစေတော့"
အီရော့သည် သူ အလွန်သဘောကျရသော တပည့်တစ်ယောက်ပင်။ အကယ်၍ ဤအရာက သူ့ကို သိုင်းပညာရပ်အပေါ် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံလာစေနိုင်မည်ဆိုလျှင် ထိုက်တန်သော အပေးအယူတစ်ခုပင်။
"ဟေး... ခင်ဗျားတို့နှစ်ယောက် စကားပြောလို့ ပြီးကြပြီလား"
ကျန်းမုန့်လောင်က စိတ်မရှည်စွာ ဝင်ပြောလိုက်သည်။
"လူငယ်လေး... မင်းက ကာဘူးရဲ့ မျိုးဆက်လား"
သုံးဖက်မြင်ပုံရိပ်ထဲရှိ ထိုလူ၏ပုံရိပ်က ချဲ့ကားထွက်လာပြီးနောက် အဆုံးတွင်မူ ကျန်းမုန့်လောင်လည်း ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"ဟားဟားဟား... လုဝမ်ဝေ့"
ကျန်းမုန့်လောင်မှာ ပရော်ဖက်ရှင်နယ်ဆန်သူဖြစ်ပြီး ယေဘုယျအားဖြင့် အောင့်မထားနိုင်တော့သည့် အချိန်ကလွဲ၍ ရယ်လေ့မရှိပေ။ အီရော့၏ဆရာဖြစ်သူမှာ မျောက်ဝံတစ်ကောင်နှယ် မျက်နှာမျိုးရှိပြီး လူသိများကျော်ကြားသော esportအစီအစဉ်မှူးတစ်ယောက်နှင့် အလွန်ဆင်တူနေ၏။
"လုဝမ်ဝေ့လား"
မျောက်ဝံမျက်နှာပိုင်ရှင် ထိုလူက သူ့မှတ်ဉာဏ်ထဲတွင် ဤအမည်ကို ရှာကြည့်သော်လည်း ကိုက်ညီသည့် အချက်အလက်များကို ရှာမတွေ့ခဲ့ပေ။
အခြားအဆင့်ငါးမျိုးနွယ်စုတစ်ခုမှ ထင်ရှားကျော်ကြားသူတစ်ဦးများ ဖြစ်နေမလား။
"လူငယ်လေး... ငါက စလိုအန်စကြဝဠာအင်ပါယာရဲ့ သခင်ပဲ။ တကယ်လို့ မင်းက ကာဘူးရဲ့မျိုးဆက်ဆိုရင် ငါ့အကြောင်းကို ကြားဖူးမှာပေါ့"
"ဆောရီးပဲ... တစ်ခါမှ မကြားဖူးဘူး"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်၏။
"ခင်ဗျားက သူ့အတွက် တောင်းပန်ပေးနေတာလား"
ခါဘတ်ဇ်ခမျာ မှင်တက်သွားသည်။ ယုတ္တိရှိရှိ တွေးကြည့်မည်ဆိုလျှင် အမြွှာဝေလငါး စကြဝဠာအင်ပါယာ၏ စစ်သင်္ဘောစုကို လှုပ်ရှားစေနိုင်သူတစ်ဦးမှာ အင်ပါယာသခင်၏ ဆွေမျိုးတစ်ဦးသော်လည်းကောင်း သို့မဟုတ် ယုံကြည်ရသော လူယုံတစ်ဦးသော်လည်းကောင်း ဖြစ်ရချေမည်။
ကျန်းမုန့်လောင်က အခြားအဆင့်ငါးမျိုးနွယ်စုမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏ မျိုးဆက်ဖြစ်ပြီး အမြွှာဝေလငါးစကြဝဠာအင်ပါယာသို့ အပျော်သက်သက်ဖြစ်စေ သို့မဟုတ် အခြားကိစ္စရပ်များအတွက်ဖြစ်စေ လာရောက်လည်ပတ်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် အမြွှာဝေလငါးစကြဝဠာအင်ပါယာက သူ့ကို ကာကွယ်ပေးရန်အတွက် စစ်သင်္ဘောစုကို အထူးတလည် စေလွှတ်ပေးခြင်းဖြစ်သည်ဟူသော အခြားဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးသည်။
မည်သည့်အခြေအနေမျိုးပင် ဖြစ်စေ ကျန်းမုန့်လောင်၏ ဖြစ်တည်မှုက သာမန်မဟုတ်သည်မှာတော့ သေချာသည်။
"ဟုတ်တယ် ကလေး... မင်းရဲ့လူကြီးတွေကို ငါသိတယ်... ငါ့မျက်နှာကိုထောက်ပြီး သူ့ကို လွှတ်ပေးလိုက်ပါ"
"ကျန်းခိုင်ကို ခင်ဗျားသိလို့လား"
"ကျန်းခိုင်လား"
မျောက်ဝံမျက်နှာနှင့်လူက ခေါင်းခါပြသည်။
"မသိဘူးလား။ အဲ့ဒါဆိုရင်လည်း ခင်ဗျားက ဘာတွေလာပြောနေတာလဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"လူချောလေးတွေရဲ့ကိစ္စတွေမှာ ဝင်မပါနဲ့။ ကျွန်တော်က တောရိုင်းတိရစ္ဆာန်တွေကို အနိုင်မကျင့်ပါဘူး"
ဤစကားကို ကြားသောအခါ ရီမောခမျာ အထိတ်တလန့် ဖြစ်သွားရသည်။ သူ့အမြင်တွင် ဤသုံးဖက်မြင်ပုံရိပ်ထဲရှိ လူမှာ သူတို့၏ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ သခင်နှင့် တန်းတူညီမျှဖြစ်သော အဆင့်ငါးမျိုးနွယ်စု၏ အရှင်သခင်တစ်ဦးဖြစ်သည်။
ကျန်းမုန့်လောင်မှာ ကြယ်ငါးပွင့်အဆင့် အကောင့်ပိုင်ရှင်တစ်ဦး ဖြစ်နေလျှင်ပင် တစ်ဖက်လူသာ ဒေါသထွက်သွားပါက သူတို့၏ စစ်သင်္ဘောစုနှင့်အတူ သူတို့ကပင် ကျန်းမုန့်လောင်ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။
"မင်း အရမ်းရိုင်းလွန်းနေပြီ"
မျောက်ဝံမျက်နှာနှင့် လူသည် သူ့ရုပ်သွင်မှာ မျိုးနွယ်စုကမ္ဘာပေါင်းများစွာ၏ အစောပိုင်း အသိဉာဏ်ရှိသော သက်ရှိများနှင့် အလွန်ဆင်တူကြောင်း ကောင်းကောင်းသတိပြုမိသော်လည်း မည်သူကမှ သူ့မျက်နှာကို ကြည့်၍ "တိရစ္ဆာန်"ဟု ခေါ်ဝံ့သူမရှိခဲ့ဖူးပေ။
"အဲ့ဒီစကားတစ်ခွန်းတည်းအတွက်နဲ့တင် မင်းရဲ့အကြီးအကဲတွေကိုယ်စား မင်းကို ပညာပေးရလိမ့်မယ်"
"သူ ဒေါသထွက်သွားပြီဟေ့"
ကျန်းမုန့်လောင်က မျောက်ဝံမျက်နှာကို လက်ညှိုးထိုး၍ မကြောက်မရွံ့ ပြောလိုက်ပြန်သည်။
"ခင်ဗျားသတ္တိရှိရင် ခုန်ထွက်လာပြီး ကျွန်တော့်ကို လာရိုက်လှည့်လေ”
*******************
အခန်း ၈၁၆ - ငါ့လက်သီးတစ်ချက်နဲ့တင် မင်းသေသွားနိုင်တယ်
"မစ္စတာကျန်း"
ရီမော်ကတော့ ကျန်းမုန့်လောင်ကို တားရှာသည်။
"မစ္စတာကျန်း... ကျေးဇူးပြုပြီး သူ့ကို ထပ်ဒေါသထွက်အောင် သွားမဆွပါနဲ့တော့။ ကျွန်တော်တို့ သူ့ကိုမယှဉ်နိုင်ဘူးဗျ။ တကယ်လို့ သူ့ကို ရန်စမိသွားရင် ကျွန်တော်တို့ ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး"
"ဘာကြောက်စရာရှိလဲ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
"သူက တကယ် ဖန်သားပြင်ထဲက... မဟုတ်ပါဘူး.. သုံးဖက်မြင်ပုံရိပ်ထဲက ခုန်ထွက်လာပြီး ငါ့ကိုရိုက်နိုင်မှာမို့လို့လား"
"မစ္စတာကျန်း သူက တကယ်လုပ်နိုင်တယ်ဗျ"
ရီမော်၏မျက်နှာမှာ အလွန်ပျက်ယွင်းနေပြီ ဖြစ်၏။ သိုင်းပညာမျိုးနွယ်စုနှင့် နည်းပညာမျိုးနွယ်စု ပေါင်းစပ်ထားသော ဤလောကတွင် ထိုကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ကြီးများမှာ ထိုသို့သောအရာများကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိကြပေသည်။
"ကောင်းပြီလေ.. လူကာဆိုတဲ့ ငါက တစ်နေ့မှာ ဒီလိုကလေးတစ်ယောက်ရဲ့ လှောင်ပြောင်တာကို ခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
ထိုမျောက်ဝံမျက်နှာ၏ ပတ်ပတ်လည်တွင် မျက်လုံးဖြင့်မြင်နိုင်သော အမည်းရောင် စွမ်းအင်အခိုးအငွေ့များ ပေါ်ထွက်လာပြီး ထိုစွမ်းအင်များမှာ သိသိသာသာပင် အစိုင်အခဲ ဖြစ်တည်လာသည်။
"အီရော့... ဟင်းလင်းပြင်ကျောက်တုံးကို ခွဲလိုက်စမ်း။ ငါ အဲ့ဒီကိုလာခဲ့မယ်"
"ဟုတ်ကဲ့ပါ သခင်"
အီရော့၏ မျက်နှာထက်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားလေသည်။ လူငယ်တစ်ဦးက သူ့ဆရာကို လူကိုယ်တိုင်လာရောက်ရမည့်အဖြစ်အထိ တွန်းအားပေးနိုင်လိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။
အီရော့သည် သူ့လည်ပင်းထက်ရှိ အစိမ်းရောင်ဆွဲသီးကို ဆွဲဖြုတ်ပြီး စွမ်းအင်များ ထည့်သွင်းလိုက်လေရာ ထိုဆွဲသီးတွင် ချက်ချင်းဆိုသလို စူးရှသောအလင်းတန်းများ ထွက်ပေါ်လာတော့သည်။
"အဲ့ဒါက ဘာကြီးလဲ"
ကျန်းမုန့်လောင်တစ်ယောက် ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်မိသည်။ ထိုအစိမ်းရောင်အလင်းတန်းထဲမှ ထွက်ပေါ်လာသော အရာမှာ သူ့အား အနည်းငယ်ထိတ်လန့်သွားစေသည်။
"ဒါက အထူးဆက်သွယ်ရေးကိရိယာပဲ"
ရိမောက ဆိုလာချေသည်။
"ဆက်သွယ်ရေးကိရိယာလား.. ဘာလို့ ဆက်သွယ်ရေးကိရိယာကို ဒီလောက်ကြီးအထိ တောက်တောက်ပြောင်ပြောင်ကြီး လုပ်ထားရတာလဲ"
ကျန်းမုန့်လောင်က ညည်းတွားလျက် ဆိုလေသည်။
"ကျွန်တော့်ရဲ့ ကြယ်ရှစ်ပွင့်မြှားရှစ်ချောင်း စိန်စီထားတဲ့ အချိန်အကြာကြီးအသုံးခံတဲ့ ဖုန်းကမှ ပိုမကောင်းဘူးလား"
"ဒါက သာမန်ဆက်သွယ်ရေးကိရိယာ မဟုတ်ဘူး"
ရိမော၏အမူအရာမှာ အလွန်တင်းမာသွားလေသည်။
"ဒီအရာက ဆက်သွယ်နိုင်ရုံတင် မဟုတ်ဘဲ အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်ပြီး ကြီးမားတဲ့ စွမ်းအင်တွေကိုတောင် ပို့လွှတ်နိုင်တယ်။ ပုံမှန်ဆိုရင် အဆင့်၆နဲ့အထက် သက်ရှိတွေကပဲ 'ဟင်းလင်းပြင်ကျောက်တုံး'လို့ခေါ်တဲ့ ရှားပါးသတ္တုကိုသုံးပြီး ဒီလိုအရာမျိုးကို ပြုလုပ်နိုင်တာ"
"မစ္စတာကျန်း... ဒီလိုအရာမျိုးဆိုတာ အဲ့ဒီလိုပုဂ္ဂိုလ်ကြီးတွေက သူတို့ရဲ့မျိုးဆက်တွေ အသက်အန္တရာယ်ကြုံလာရတဲ့အခါ သုံးဖို့ ပေးထားတတ်တဲ့ အသက်ကယ်လက်နက်တွေပါ။ ဒါကိုလုပ်ဖို့ ကုန်ကျစရိတ်ကလည်း တော်တော်များတယ်။ အီရော့ဆိုတဲ့လူက စလိုအန်စကြဝဠာအင်ပါယာဘုရင်ရဲ့ စိတ်ထဲမှာ တော်တော်အဆင့်အတန်းမြင့်တဲ့လူပဲ ဖြစ်ရမယ်"
"ဟမ်.. ဖန်သားပြင်ထဲက ခုန်ထွက်ပြီး ရိုက်တယ်ဆိုတဲ့ ပေါက်ကရတွေက တကယ် ဖြစ်လာနိုင်တာလား"
ကျန်းမုန့်လောင်သည် အစက နောက်ပြောင်နေခြင်းသာ ဖြစ်သော်ငြား ယခုတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် ဘေးဒုက္ခကို ဖိတ်ခေါ်မိသွားပြီဖြစ်၏။
"မစ္စတာကျန်း... ကျွန်တော်တို့ ဒီနေရာက အမြန်ထွက်ပြေးမှဖြစ်မယ်။ စကြဝဠာအင်ပါယာတစ်ခုရဲ့ ဘုရင်ဆိုတာ အဆင့်ခြောက်သက်ရှိဗျ။ ကျွန်တော်တို့ရဲ့ စစ်သင်္ဘောက သူ့ကို လုံးဝတားနိုင်မှာ မဟုတ်ဘူး"
ရိမောက အသည်းအသန် တိုက်တွန်းနေရှာတော့သည်။
သူ အလုပ်မလုပ်ရသည်မှာ နှစ်ပေါင်း ထောင်ချီနေပြီဖြစ်ရာ အလုပ်တစ်ခု ရလာချိန်တွင်လည်း ဤမျှခက်ခဲသော အခြေအနေနှင့် ကြုံရလိမ့်မည်ဟု မထင်ထားပေ။ ယနေ့ခေတ်ကလေးများမှာ အမှန်တကယ် ပြဿနာရှာတတ်ကြသည်။
သို့သော် စကြဝဠာဘဏ်၏ ဝန်ထမ်းတစ်ဦးအနေနှင့် သူသည် အဖွဲ့ဝင်၏ အသက်ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးရမည်ဖြစ်၏။
"သေစမ်း... ဌာနချုပ်ကလည်း အရမ်းဝေးနေတယ်။ ဟင်းလင်းပြင်ခုန်ကူးမှုတွေ အကြိမ်ကြိမ်လုပ်ရင်တောင် ဒီကို အချိန်တိုအတွင်း ရောက်ဖို့မဖြစ်နိုင်ဘူး"
ရိမောခမျာ အံတင်းတင်းကြိတ်လျက် ရေရွတ်နေမိသည်။ အကယ်၍ အဖွဲ့ဝင်တစ်ဦး တစ်စုံတစ်ရာ ဖြစ်သွားပါက သူလည်း တာဝန်မှ လွတ်မည်မဟုတ်ပေ။
သူ့စိတ်ထဲတွင်လည်း ကျန်းမုန့်လောင်ကို အပြစ်တင်နေမိသည်။
အဆင့်ငါးမျိုးနွယ်စုရဲ့အရှင်သခင် ပေါ်လာတာကို မျက်နှာသာမပေးရင်တောင်မှ လူချင်းတွေ့နေရတဲ့အချိန်မှာ အဲ့ဒီလောက်ကြီးအထိ သွားမဆွသင့်ဘူး မဟုတ်လား။
အခုတော့ ကြည့်စမ်း။ သူက တကယ်ခုန်ထွက်လာပြီး ရိုက်တော့မယ်လေ။
"ဟာ"
ကျန်းမုန့်လောင်က သူ့ပေါင်ကို ပုတ်ကာ ရုတ်တရက်အော်လိုက်လေသည်။
"ငါ ဒါမျိုးကိုမြင်ဖူးတယ်"
ဤကဲ့သို့သော အရာမျိုးကို စိတ်ကူးယဉ်ဝတ္ထုများထဲတွင် သူ မြင်ဖူးခဲ့သည်။ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာ သူတို့၏ စွမ်းအင်အချို့ကို တိုကင်တစ်ခုခုထဲတွင် ထည့်သွင်းထားခဲ့ပြီး မျိုးဆက်သစ်များ အန္တရာယ်ကြုံသောအခါ ကယ်တင်ပေးတတ်သည့် ပုံစံမျိုးပင်။
ဤအရာက ပို၍ပင်အစွမ်းထက်သေးသည်။ ၎င်းမှာ စွမ်းအင်များကို ပို့လွှတ်နိုင်သော 'အာကာသဖြတ်လမ်း'တစ်ခုကို ဖွင့်လိုက်ခြင်းနှင့် အတူတူပင်။
ရိမောကမူ မျက်နှာပျက်နေလေပြီ။
မြင်ဖူးတော့ ဘာလုပ်ရမှာလဲ။ ခင်ဗျားသတ္တိရှိရင်လည်း တစ်ခုလောက် ထုတ်ပြလေ။ ခင်ဗျားမှာ ကြယ်ငါးပွင့်အကောင့်ရှိတဲ့ အကြီးအကဲတစ်ယောက် ရှိနေတာပဲဟာကို။ ကိုယ့်အသက်ကို ကယ်ဖို့ကျတော့ ဘာမှပါမလာဘူးလား။ ခင်ဗျားက ဒီလောက်တောင် ပြဿနာရှာတတ်တာ ခင်ဗျားရဲ့ အကြီးအကဲတွေက ပိုပြီးဂရုမစိုက်ကြဘူးလား။
အစိမ်းရောင်အလင်းတန်းက ကောင်းကင်ယံတွင် တဖြည်းဖြည်း တည်ငြိမ်သွားပြီး နောက်ဆုံး၌ ဖြည်းညင်းစွာ လည်ပတ်နေသော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ ထိုနေရာကတစ်ဆင့် ရှေးကျပြီး ကြီးမားလှသော စွမ်းအားတစ်ရပ် စီးဆင်းလာသည်။
ဤစွမ်းအားကို အိုင်ဇက်မျိုးနွယ်စုတစ်ခုလုံးရှိ လူများသာမက သာမန်လူများပင် အာရုံခံမိနေကြချေပြီ။
"ကောတန်... ဟိုကောင့်ရဲ့စွမ်းအားကို စစ်ဆေးပေး"
အမည် - လူကာဒိုရယ်
အသက် - ၂၇၂၈၁၁နှစ်
မျိုးနွယ်စု - လစ်ဇစ်မျောက်ဝံလူသားမျိုးနွယ်
သက်ရှိအဆင့် - အဆင့်၆ (စွမ်းအင်၅၉ယူနစ်)
ရာထူး - စလိုအာစကြဝဠာအင်ပါယာ၏ ဘုရင်
ပါရမီ - ခွန်အား
"ဟမ်... အသက် ၂သိန်း၇သောင်းကျော်နေပြီကို။ အဆင့်၆ပဲ ရှိသေးတာလား။ တကယ့်အမှိုက်ပဲ"
ကျန်းမုန့်လောင်မှာ တစ်ကိုယ်တည်းရေရွတ်နေချေသည်။ လူတိုင်းတွင် သူ့မိသားစုကဲ့သို့ အကောင်းဆုံးသော ကျင့်စဉ်များနှင့် အပြည့်စုံဆုံးသော အထောက်အကူပြု ပစ္စည်းများ ရှိမနေကြောင်း သူ မသိခဲ့ပေ။
အစိမ်းရောင်ဝဲဂယက်မှာ အဆုံးတွင် တည်ငြိမ်သွားပြီး ကျန်းမုန့်လောင်လည်း ထိုဝဲဂယက်ထဲမှတစ်ဆင့် လူကာရှိရာ လောကကိုပင် မြင်တွေ့နေရပြီဖြစ်၏။
"သူက ဘာလို့ထွက်မလာသေးတာလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"မစ္စတာကျန်း... ဒီအာကာသဖြတ်လမ်းမှာ အရမ်းခိုင်မာတဲ့ အလွှာတစ်ခုရှိပါတယ်။ သူက စွမ်းအားကိုပဲ ပို့လွှတ်နိုင်တာပါ။ တကယ်လို့ သူကိုယ်တိုင် ဆင်းလာချင်တယ်ဆိုရင်တော့ ဒီလိုဟင်းလင်းပြင်ဆုတ်ဖြဲမှုကို ခံနိုင်ရည်ရှိဖို့ အနည်းဆုံး အဆင့်ခုနစ်သက်ရှိအဆင့်ရှိဖို့ လိုအပ်ပါတယ်"
"ဒူးထောက်စမ်း"
လမ်းကြောင်း၏ တစ်ဖက်ခြမ်းမှ အသံတစ်သံ ထွက်ပေါ်လာလသည်။
"မင်းတို့အကြီးအကဲတွေရဲ့ မျက်နှာကို ထောက်ထားပြီး ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
ထိုအသံမှာ အလွန်ခန့်ညားထည်ဝါလှပြီး ငြင်းဆန်ရန် မဖြစ်နိုင်သကဲ့သို့ပင်။
အဆင့်ငါးမျိုးနွယ်စု အရှင်သခင်ပင် စကြဝဠာဘဏ် ကြယ်ငါးပွင့်အကောင့်ပိုင်ရှင်ကို အလွယ်တကူ ရန်မစရဲသောကြောင့် ရိမောသည် လူကာအား ကျန်းမုန့်လောင်၏ အဆင့်အတန်းကို ပြောပြချင်နေပေသည်။
သို့သော် သူ စကားပင် မပြောနိုင်တော့ပေ။ အကြောင်းမှာ ထိုလမ်းကြောင်းမှတစ်ဆင့် စီးဆင်းလာသော စွမ်းအားများမှာ အိုင်ဇက်မျိုးနွယ်စုအရှင်သခင်၏ အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံထားပြီး အဆင့်ငါးသက်ရှိဖြစ်သော ရိမောပင် ထိုစွမ်းအားအောက်၌ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။
"သွားပြီ"
ရိမောခမျာ မျှော်လင့်ချက်ကင်းမဲ့သွားတော့သည်။ ကျန်းမုန့်လောင်သည် ဤတစ်ခါတော့ ပြဿနာအကြီးကြီး တက်ချေပြီ။
"သေရော... ငါ လှုပ်လို့မရတော့ဘူး"
ဤစွမ်းအား၏ အဓိကပစ်မှတ်ဖြစ်သော ကျန်းမုန့်လောင်မှာ သူ့ကြွက်သားများကို ဆွဲဖြဲခံနေရသည့်အလား ခံစားနေရသည်။
"အဆင့်လေးသက်ရှိလား"
တစ်ဖက်ရှိ အသံပိုင်ရှင်မှာ အလွန်အံ့အားသင့်သွားပုံရသည်။
"ဒီလောက်ငယ်ငယ်လေးနဲ့ အဆင့်လေးသက်ရှိဖြစ်နေတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဤမျှငယ်ရွယ်လှသော အဆင့်လေးသက်ရှိတစ်ဦးဖြစ်ခြင်းမှာ သိုင်းပညာကျင့်ကြံရုံသက်သက်ဖြင့် မဖြစ်နိုင်ပေ။
တစ်နည်းအားဖြင့်ဆိုသော် သူသည် ပျမ်းမျှသက်ရှိအဆင့်မှာပင် အဆင့်လေးရှိသော မျိုးနွယ်စုတစ်ခုမှ လာသူတစ်ယောက် ဖြစ်နိုင်ပေသည်။
သန်းပေါင်းများစွာသော နှစ်များတစ်လျှောက် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော ရိမော၏ အဆင့်ငါးမျိုးနွယ်စုပင် လက်ရှိပျမ်းမျှအဆင့်မှာ အဆင့်သုံးသာ ရှိသေးသည်။ အဆင့်လေးသို့ ရောက်ရှိရန်မှာ အနည်းဆုံး နှစ်ပေါင်း ရာနှင့်ချီ၍ ကျင့်ကြံရလိမ့်မည်။
ယခုအချိန်အထိ စကြဝဠာတစ်ခုလုံးတွင် ပျမ်းမျှသက်ရှိအဆင့်ငါးသို့ ရောက်ထားသော မျိုးနွယ်စုငါးခုသာ ရှိသေးသည်။
အဆင့်လေးသို့ ရောက်ရှိထားသည့် မျိုးနွယ်စုလည်း ရာဂဏန်းမျှသာ ရှိသည်။
ထိုမျိုးနွယ်စုများမှာ အလွန်တရာ အစွမ်းထက်လှပြီး စလိုအာစကြဝဠာအင်ပါယာထက် အဆပေါင်းရာနှင့်ချီ၍ ကြီးမားသော နယ်မြေများနှင့် စစ်အင်အားကို ပိုင်ဆိုင်ထားကြလေရာ ထိုလူတို့မှာ သူ အမှန်တကယ် ရန်အစရဲသော မျိုးနွယ်စုမျိုးပင်။
ထိုအချိန်တွင် လူကာခမျာ ကြောက်ရွံ့မှုကို ရုတ်ခြည်းခံစားလိုက်ရလေသည်။
"ကောတန်... ငါ့ကို တားနို့စွမ်းအား ပေးစမ်း။ ပြီးတော့ သူ့ရဲ့အဆုံးစွန်မဲ့လက်အိတ်ကိုပါ ထုတ်ပေး"
"တစ်စက္ကန့်လျှင် ခွန်အားအမှတ်တစ်ထောင် ကုန်ဆုံးပါ့မယ်။ လက်ရှိခွန်အားအမှတ်လက်ကျန် - ၂၃၀၆၀ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး သတိရှိရှိအသုံးပြုပါ"
"ဒီနေ့တော့ သိကြားမင်းဆင်းလာရင်တောင် မရဘူးဟေ့"
"လဲလှယ်မှု အောင်မြင်ပါတယ်။ အချိန်စတင်ပါပြီ"
အဆင့်ခြောက်သက်ရှိ၏ အစွမ်းထက်လှသော စွမ်းအင်များမှာ ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး တစ်ချိန်တည်းမှာပင် အနီရောင်ကျောက်မျက်ရတနာတစ်ခု မြှုပ်နှံထားသော သံလက်အိတ်တစ်ခုကား သူ့လက်ထဲတွင် ပေါ်လာလေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုစွမ်းအားများ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်လာသည်။
"စကြဝဠာသက်တမ်း နှစ်၁၀ဝမပြည့်သေးဘဲ အဆင့်ခြောက်သက်ရှိဖြစ်နေတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လူကာ၏လေသံတွင် အံ့အားသင့်မှုနှင့်အတူ ကြောက်ရွံ့မှုအနည်းငယ်ပါ ကိန်းအောင်းနေပေသည်။ အထူးသဖြင့် ထိုလက်အိတ်မှာ သူ့အား စိတ်ဝိညာဉ်အထိ ဖိအားပေးနေသလို ခံစားရစေသည်။
ကျန်းမုန့်လောင်မှာ လက်သီးကိုမြှောက်လျက် ဆိုလိုက်လေသည်။
"ကျုပ်သာ ဒီလက်သီးနဲ့ ထိုးလိုက်ရင် ခင်ဗျား ချက်ချင်းသေသွားနိုင်တယ်"