အခန်း (၈၁၇-၈၁၉)
Vol. 55 Ch. 817-819
အခန်း ၈၁၇ : ရုတ်တရက်ကြီး ခင်ဗျားကို ကျွန်တော် မသတ်ချင်တော့ဘူး
"နိယာမလက်နက်တွေ... အဲ့ဒါက နိယာမလက်နက်ပဲ"
အဆုံးစွန်မဲ့လက်အိတ်ကို စိုက်ကြည့်နေသော လူကာ၏ အကြည့်ထဲတွင် ပြင်းထန်လှသော ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ သူ့တစ်သက်တွင် ဤကဲ့သို့သော နတ်ဘုရားအဆင့် လက်နက်မျိုးကို မြင်တွေ့ရလိမ့်မည်ဟု ဘယ်သောအခါမှ တွေးမထားခဲ့ချေ။
အလွန်ဖွံ့ဖြိုးတိုးတက်လာသော မျိုးနွယ်စုများနှင့်အတူ လက်နက်နည်းပညာများကလည်း အလျင်အမြန် တိုးတက်လာခဲ့ပြီး အက်ဇာဂွန် သို့မဟုတ် နှစ်ဖက်သွားသတ္တုကဲ့သို့သော အာကာသဟင်းလင်းပြင် အတိုင်းအတာများအပေါ် အကြီးအကျယ် ဖျက်ဆီးနိုင်စွမ်းရှိသည့် ပုံစံထုတ်လက်နက်တချို့ ထွက်ပေါ်လာသည်အထိပင် ဖြစ်လာခဲ့သည်။
ဟိုးယခင်က စကြဝဠာဟင်းလင်းပြင်၏ အတိုင်းအတာများမှာ မြင့်မားခဲ့သော်လည်း ကြီးမားကျယ်ပြန့်သော စစ်ပွဲကြီးများနှင့် ထိုကဲ့သို့သော ပုံစံထုတ်လက်နက်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းတို့ကြောင့် ဟင်းလင်းပြင်အတိုင်းအတာများမှာ ဆက်တိုက်ဆိုသလို ပြိုကျပျက်စီးလာခဲ့ရသည်။
စကြဝဠာဖက်ဒရေးရှင်းအဖွဲ့က စကြဝဠာ မျိုးနွယ်စုလောကကို ပေါင်းစည်းပြီးနောက် ထိုကဲ့သို့သောလက်နက်များ အသုံးပြုခြင်းကို ချက်ချင်းရပ်ဆိုင်းပစ်ခဲ့ကြလေပြီ။ ထို့ကြောင့် အဆင့်အမြင့်ဆုံး လက်နက်များပင် ကြီးမားလှသော စွမ်းအားများ ရှိနေသော်လည်း ကန့်သတ်ထားသော ဖျက်ဆီးမှု အတိုင်းအတာတစ်ခုသာ ရှိတော့သည်။
သို့သော် အဆင့်ခြောက်နှင့်အထက် သက်ရှိများအတွက်မူ လက်နက်တစ်ခုက မည်မျှပင် စွမ်းအားကြီးမားနေပါစေ။ ပစ်မှတ်ကို မထိမှန်သရွေ့ အဓိပ္ပာယ်မဲ့နေမည်သာ ဖြစ်၏။ ထို့ကြောင့် အဆင့်ခြောက်အောက် သိုင်းပညာရှင်များက သေနတ်များ သို့မဟုတ် အလားတူပစ်ခတ်၍ရသော လက်နက်များကို အသုံးပြုကောင်းပြုနိုင်သေးသော်ငြား အဆင့်ခြောက်နှင့်အထက် ရောက်သွားပါက လက်နက်အေးများကိုသာ ပြန်လည်အသုံးပြုကြသည်။
ဤအရာက သဘာဝသုတေသနပညာရှင်များဟု လူသိများသော ထိုခွန်အားကြီးသိုင်းပညာရှင်များအတွက် လက်နက်များ ဖန်တီးပေးရာတွင် အထူးကျွမ်းကျင်လှသည့်မြင့်မြတ်လှသော အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။
သိုင်းလက်နက်များကိုလည်း သက်ရှိအဆင့်များကဲ့သို့ အဆင့်တစ်မှ ကိုးအထိ ခွဲခြားသတ်မှတ်ထားသည်။ ဤလက်နက်များကို အလွန်စွမ်းအားကြီးမားသော သတ္တုများဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး မီးတောက်၏ အပူချိန်နှင့် အမျိုးမျိုးသော သတ္တုဖော်စပ်မှု အချိုးအစားတို့ကို ထိန်းချုပ်ရာတွင် ကြီးလှစွာသော ကျွမ်းကျင်မှုများစွာ လိုအပ်သည်။
ဤအသက်မွေးဝမ်းကျောင်းပညာရပ်ဆီသို့ ဝင်ရောက်နိုင်ရန် အတားအဆီးများမှာ လွန်စွာမြင့်မားလှသည်။ သဘာဝသုတေသနပညာရှင်အများစုက သူတို့ကိုယ်တိုင်ပင် ခွန်အားကြီးမားသော သိုင်းပညာရှင်များ ဖြစ်နေတတ်ကြသည်။ အဆင့်ခြောက်သိုင်းလက်နက်များကို သွန်းလုပ်နိုင်စွမ်းရှိသည့် မည်သည့် သဘာဝသုတေသနပညာရှင်မဆို အဆင့်ခုနစ်သက်ရှိများနှင့် နှိုင်းယှဉ်နိုင်သော ဂုဏ်ပုဒ်အဆင့်အတန်းမျိုးကို ခံစားခွင့်ရရှိကြသည်။
အကြောင်းမှာ အဆင့်ခုနစ်သက်ရှိများပင် အဆင့်ခုနစ်သိုင်းလက်နက်များကို အားလုံး ပိုင်ဆိုင်နိုင်စွမ်း မရှိကြသောကြောင့်ပင်။ ထို့ပြင် သင့်တော်သော လက်နက်တစ်ခုကို ရရှိရန်အတွက် ကြီးမားလှသော တန်ဖိုးတစ်ခုကို ပေးဆပ်ရလေ့ရှိသည်ဖြစ်ရာ သူတို့၏ ကြွယ်ဝချမ်းသာမှုအားလုံးကိုပင် ကုန်ဆုံးသွားစေနိုင်စွမ်း ရှိနေသောကြောင့်ပင်။
ထို့ကြောင့် အဆင့်ခုနစ်သက်ရှိများက သူတို့အတွက် အဆင့်ခြောက်လက်နက်တစ်ခုကို သွန်းလုပ်ပေးလာမည်ဟု မျှော်လင့်ကာ အဆင့်ခြောက်သိုင်းလက်နက်များကို ဖန်တီးနိုင်စွမ်းရှိသော သဘာဝသုတေသနပညာရှင်များကို မျက်နှာလိုမျက်နှာရဖားတတ်ကြ၏။
အကယ်၍ အဆင့်ခြောက်သဘာဝသုတေသနပညာရှင်တစ်ဦးကို ရန်စမိမည်ဆိုပါက သက်တော်စောင့်များအဖြစ် တာဝန်ယူပေးနေကြမည့် အဆင့်ခုနစ်သက်ရှိတစ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ရနိုင်ပြီး ထိုသို့တွေးကြည့်ရုံမျှဖြင့် အလွန်တရာ မျှော်လင့်ချက်ကင်းမဲ့စေနိုင်သည်။
သိုင်းလက်နက်များ၏အထက်တွင် နိယာမသိုင်းလက်နက်များဟုခေါ်သော ပို၍ပင် ထူးခြားလှသော အမျိုးအစားတစ်ခု ရှိနေသေးသည်။
နိယာမသိုင်းလက်နက်များကို သွန်းလုပ်သူများအားလုံးမှာ သူတို့၏ ထိုးထွင်းသိမြင်နားလည်မှုများကို လက်နက်များထဲသို့ ပေါင်းစပ်ထည့်သွင်းနိုင်စွမ်းရှိသည့် နားလည်သဘောပေါက်မှုအဆင့်တစ်ခုအထိ ရောက်ရှိနေကြသော အစွမ်းထက်သိုင်းပညာရှင်များပင်။
နိယာမလက်နက်များ၏ စွမ်းအားမှာ သာမန် သိုင်းလက်နက်များထက် အများကြီး သာလွန်ကောင်းမွန်ပြီး အလွန်တရာလည်း ရှားပါးလှသည်။ စကြဝဠာမျိုးနွယ်စုလေလံပွဲတစ်ခုတွင် ပေါ်ထွက်လာသော မည်သည့်အဆင့်ခြောက်နှင့်အထက် သိုင်းလက်နက်မျိုးမဆို ရုတ်ရုတ်သဲသဲဖြစ်စေနိုင်သည်။ အကယ်၍ ဤအရာကသာ နိယာမသိုင်းလက်နက်တစ်ခု ဖြစ်နေခဲ့မည်ဆိုလျှင် ကပ်ဘေးဆိုးကြီးတစ်ခုကိုပင် ဖြစ်ပေါ်လာစေနိုင်သည်။
သံသယဖြစ်စရာမလိုအောင်ပင် ကျန်းမုန့်လောင်၏ လက်နက်က အဆင့်ခြောက်နှင့်အထက် သိုင်းလက်နက်တစ်ခု ဖြစ်နေခဲ့သည်။ ထို့ပြင် ထိုအရာမှာ နိယာမလက်နက်တစ်ခုလည်း ဖြစ်နေသေးသည်။ အကြောင်းမှာ ထိုလက်အိတ်ထံမှ သန့်စင်လှသော စွမ်းအားတစ်ခုကို လူကာ ခံစားလိုက်ရသောကြောင့်ပင်။ ထိုအရာက နိယာမအနှစ်သာရ၏ စွမ်းအားများပင်တည်း။
ထိုအခိုက်အတန့်တွင် လူကာခမျာ လုံးဝထိတ်လန့်တုန်လှုပ်နေပြီဖြစ်၏။ ကျန်းမုန့်လောင်၏ သက်ရှိအဆင့်စွမ်းအင်မှာ သူ့ထက် အားမနည်းသည်မှာ သေချာသည်။ နိယာမသိုင်းလက်နက်တစ်ခုဟု သံသယရှိထားသော လက်အိတ်တစ်ခုကို သူ ပိုင်ဆိုင်ထားသည်ဟူသောအချက်ကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ပေ။
လူကာက အဆင့်ငါးအရှင်သခင်တစ်ဦး ဖြစ်သော်လည်း စလိုအန်မျိုးနွယ်စုက များပြားလှသော အဆင့်ငါးမျိုးနွယ်စုများကြားတွင် သာမန်မျိုးနွယ်စုတစ်ခုမျှသာ ဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသည်။ သူ့လက်ငင်းပိုင်ဆိုင်မှုများမှာ ကြယ်အနည်းငယ်မျှသာ ရှိ၏။
ပုံမှန် အဆင့်ခြောက်လက်နက်တစ်ခုကပင် အဆင့်ငါးမျိုးနွယ်စုပေါင်းများစွာ၏ ပိုင်ဆိုင်မှုများနှင့် ညီမျှလောက်အောင် တန်ဖိုးကြီးမားလှသည်။ ရိုးရိုးသားသားပြောရလျှင် စကြဝဠာဘဏ်က ချေးငွေများ ထုတ်ချေးပေးလေ့ရှိပြီး ကနဦးပေးချေငွေ ငါးဆယ်ရာခိုင်နှုန်း ပေးသွင်းလိုက်ရုံဖြင့် လွှမ်းခြုံနိုင်မည်ဖြစ်ရာ သူ့အနေနှင့် ထိုပမာဏကို တတ်နိုင်သည်။
သို့သော် အကယ်၍ သူသာ တကယ်တမ်း ဝယ်ယူခဲ့မည်ဆိုပါက ချေးငွေများကို ပြန်ဆပ်ရန်အတွက် လာမည့်နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် နှစ်သောင်းပေါင်းများစွာသော အချိန်ကာလများကို အသုံးပြုရနိုင်ခြေရှိသည်။
ကျန်းမုန့်လောင်က နိယာမလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သိထားရမည်မှာ နိယာမလက်နက်များ၏ တန်ဖိုးမှာ သာမန် သိုင်းလက်နက်များထက် အဆပေါင်းများစွာ ပိုမိုများပြားလှသည်။ ဤကဲ့သို့သော လက်နက်မျိုးကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် သူ့မျိုးရိုးနောက်ခံနှင့် ဘဏ္ဍာရေး အရင်းအမြစ်များက မည်မျှကြီးမားခိုင်မာနေလိုက်မလဲ။
သို့သော်လည်း ယခုအခါတွင်မူ ဤလူငယ်လေးက သိုင်းပညာရှင်တို့၏ ကိုယ်ကျင့်တရားများကို လိုက်နာစောင့်ထိန်းခြင်းမရှိဘဲ တိုက်ခိုက်မှုမစတင်ခင် နှုတ်ဆက်ရုံသာ နှုတ်ဆက်ခဲ့သော ကျန်းမုန့်လောင်၏ ဖြစ်တည်မှုနှင့် နောက်ခံသမိုင်းကြောင်းကို စူးစမ်းလေ့လာရန် သူ့ထံတွင် ဘာစွမ်းအင်မှ ရှိမနေချေ။
လက်အိတ်ထံမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုနေရာရှိ လူတိုင်းလည်း ပြိုင်ဘက်ကင်းစွမ်းအားတစ်ခုကို ခံစားလိုက်ကြရသည်။
ဤစွမ်းအားတွင် မည်သည့်အထူးအဆန်းမှ မရှိသလို အပေါ်ယံဟန်လုပ်ထားသည့် အရာများလည်း ပါဝင်မနေပါချေ။ ထိုအရာမှာ ရှင်းလင်းပြတ်သားလှသော အနိုင်မခံအရှုံးမပေးနိုင်စွမ်းသာ။
"ပီကာဆက်ဂြိုလ်သိမ်လက်ဝါး"
တစ်စက္ကန့်အတွင်းမှာပင် ကျန်းမုန့်လောင်က လက်သီးချက်ပေါင်း ငါးရာကျော်ကို ပစ်သွင်းလိုက်၏။ လက်သီးချက်တိုင်းတွင်လည်း စွမ်းအားကျောက်တုံး၏ စွမ်းအားများ၊ အဆင့်ခြောက်သက်ရှိတစ်ဦး၏ အားအပြည့်ပါသော တိုက်ခိုက်မှုများ ပေါင်းစပ်ပါဝင်နေချေသည်။
စွမ်းအားများကို လွှဲပြောင်းပေးနေသော ဟင်းလင်းပြင်ဖြတ်လမ်းမှာ ဤလက်သီး၏ စွမ်းအားကြောင့် အပေါက်အပြဲများ ဖြစ်သွားပြီး လွန်စွာကြီးမားလှသော စွမ်းအားကြီးတစ်ရပ် ချဉ်းကပ်လာနေကြောင်း လူကာ ခံစားလိုက်ရ၏။ စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာရှိ ပီဂါဆက်ကြယ်စုတန်းဆီမှ နီရဲနေသော ကြယ်ရောင်တစ်ခုကိုသာ မြင်လိုက်ရ၏။
"နေဦး... နေဦး... ဒီကိစ္စမှာ ဝင်မပါတော့ဘူး"
လူကာက နောက်ဆုတ်ရင်း အော်ဟစ်လိုက်သည်။
ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။
လက်သီးတစ်ချက်တည်းနှင့် သူ့ကို သတ်ပစ်နိုင်လေမလား။ အစောက သူသည် ထိုစကားကို နောက်ပြောင်မှုတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင်မူ ကျန်းမုန့်လောင်က အနည်းငယ် နှိမ့်ချပြောဆိုနေသည်ဟု သူ ခံစားလိုက်ရ၏။ ယုံကြည်မှုရှိရှိနှင့် "နိုင်ကောင်းနိုင်မယ်"ဟူသော စကားလုံးကို လုံးဝဖယ်ရှားပစ်လိုက်ကြပါ။
သို့သော်လည်း ကျန်းမုန့်လောင်က သူ့အား နောင်တရခွင့်မပေးချေ။ ပြန်သွင်းလိုက်သော လက်သီးတစ်ချက်မှာ သုံးစွဲလိုက်ရသော ငွေကြေးများနှင့်မတူညီပေ။ ပြန်လည်ပုံသွင်းလိုက်လျှင် မဖြစ်နိုင်တော့ပေ။
လူကာက အဆင့်ခြောက်သိုင်းလက်နက်တစ်ခု သွန်းလုပ်ရန် သဘာဝသုတေသနပညာရှင်တစ်ဦးအား တာဝန်ပေးအပ်ရန် ရည်ရွယ်ထားသော ဧဗရာမသတ္တုပြားကြီးတစ်ခုကို ဆွဲထုတ်လိုက်လေပြီ။
သူသည် ဤအရာကို စုဆောင်းရန်အတွက် နှစ်သန်းပေါင်းများစွာ အချိန်ယူခဲ့ရပြီး ယင်းကို ရရှိနိုင်ရန်အတွက် သူ့မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်းကိုပင် ရောင်းချခဲ့ရသည်။
ဒေါသတကြီး ထွက်ပေါ်လာသော စွမ်းအားများအောက်တွင် ဤသတ္တုပြားကြီးပေါ်၌ ရာနှင့်ချီသော လက်သီးရာများ ထွက်ပေါ်လာခဲ့သော်လည်း ကျန်ရှိနေသေးသော အင်အားများက လူကာ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သူ့ခမျာ ကြိုးပြတ်သွားသော စွန်တစ်ခုအလား လွင့်စဉ်သွားပြီး တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ပင် ရောက်လုနီးပါး ဖြစ်သွားခဲ့သည်။
ဤစွမ်းအားက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားပြီး ဤသတ္တုပြားကြီးက သူ့အသက်ကို သီသီလေး ကယ်တင်ပေးနိုင်ခဲ့သော်ငြား စွမ်းအင်ကျောက်တုံး၏ ရိုက်ခတ်မှုကြောင့် သတ္တု၏ အတွင်းပိုင်းတည်ဆောက်ပုံမှာ တစ်စစီ ရိုက်ချိုးခံလိုက်ရသည်။
သတ္တုပြားကြီး မြေပြင်နှင့် ရိုက်မိသွားသောအခါ အမွှေးအမျှင်များအလား တစ်စစီ ပြိုကွဲပျက်စီးသွားတော့သည်။
"ငါ့ရဲ့ကာလေနီယမ်သတ္တုစပ်လေး"
ဤသည်မှာ လူကာ၏ နောက်ဆုံးအသိစိတ်မှ ထွက်ပေါ်လာသော အတွေးတစ်ခုပင်။
သူ့မှာ ဝင်ရောက်စွက်ဖက်မိသည့်အတွက်ကြောင့်သာ နှစ်သန်းပေါင်းများစွာကြာအောင် စုဆောင်းခဲ့ရသော အရာအားလုံးကို ဆုံးရှုံးလိုက်ရသည်။
ဟင်းလင်းပြင်ဖြတ်လမ်း၏ စွမ်းအားများမှာ ကုန်ဆုံးသွားဟန်တူပြီး အစိမ်းရောင် လေဆင်နှာမောင်းမှာ တဖြည်းဖြည်း သေးငယ်သွားကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
"ကျွန်တော်... ကျွန်တော်တော့ ပြောစရာစကားတောင် မရှိတော့ဘူး"
အိုင်းရင်းက ကျန်းမုန့်လောင်ကို စူးစူးစိုက်စိုက်ကြည့်နေမိသည်။
ကျန်းမုန့်လောင်က စွမ်းအားကြီးမားသော သက်တော်စောင့်တစ်ဦးကို ရုတ်တရက် ဆင့်ခေါ်ခြင်း သို့မဟုတ် အရေးပါအရာရောက်သူတစ်ဦးဦးက သူ့အား ကာကွယ်ပေးခြင်းကဲ့သို့သော အခြေအနေများစွာကို သူ စိတ်ကူးကြည့်ခဲ့ဖူးသည်။
သို့သော် သူသည် အချိန်ကာလများနှင့် ဟင်းလင်းပြင်ဖြတ်လမ်းများကို ဖြတ်ကျော်ကာ အဆင့်ခြောက်သက်ရှိတစ်ဦးကို တစ်ကိုယ်တော်လက်စွမ်းဖြင့် သတ်ပစ်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု ဘယ်သောအခါမှ တွေးထင်မထားခဲ့ချေ။
[အံ့မခန်းပြသမှုတစ်ခုအတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်။ ရမှတ် ၆၆၆၆၆မှတ်ရရှိပါတယ်]
["နေ့စဉ်ရမှတ်ပွိုင့် တစ်သောင်းရှာဖွေခြင်း" မှတ်တိုင်ကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်။ အဆင့်ခြောက်နဲ့အထက် သက်ရှိများအတွက် သင်ကြားရေးအရည်အချင်းများကို အသက်သွင်းလိုက်ပါပြီ]
ငါးစက္ကန့်အတွင်းမှာပင် ကျန်းမုန့်လောင်က ရမှတ်တစ်သောင်းကို သုံးစွဲပစ်လိုက်သော်လည်း ဤအရာက သူ့ထံသို့ ငါးဆကျော်သော အကျိုးအမြတ်ကို ပြန်လည်သယ်ဆောင်လာပေးခဲ့သည်။ ဤကဲ့သို့ မျပြားလှသော ရမှတ်မျိုးကို ကမ္ဘာမြေပေါ်တွင် ရှိနေစဉ်ကပင် ကျန်းမုန့်လောင် လုံးဝမကြုံဖူးခဲ့ပေ။
ဤခွန်အားအမှတ်များဖြင့်ဆိုလျှင် ဆရာတစ်သုတ်ကို ဆင့်ခေါ်နိုင်မည်ဖြစ်ပြီး သူ့လုံခြုံရေးလည်း ပိုပြီး အာမခံချက်ရှိလာခဲ့ပြီ ဖြစ်၏။
"မင်း ဝင်ပါဦးမလို့လား"
ကျန်းမုန့်လောင်က အီရော့အား မေးလိုက်သည်။
အီရော့၏ မျက်နှာကား တွန့်လိမ်သွားသည်။ ဤလူငယ်လေးက သူ့ဆရာကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်လုနီးပါးဖြစ်သွားခဲ့သည်။ ပြဿနာမှာ သူ ဝင်စွက်ဖက်ချင်သလားဟူ၍ မရှိတော့ဘဲ သူ လုံးဝ ဝင်စွက်ဖက်နိုင်စွမ်းမရှိတော့ခြင်းပင်။
"ခရက်ဒစ်မိသားစုက ကောင်လေး"
အီရော့က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်၏။
"မင်း မြင်တဲ့အတိုင်းပဲ... ငါ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ မင်းရဲ့ခရက်ဒစ်မိသားစုအပေါ် ငါတင်နေတဲ့ အကြွေးတွေ ကျေသွားပြီလို့ သတ်မှတ်လိုက်တော့။ မင်းရဲ့ မျိုးဆက်တွေကို ငါ သေချာသင်ပေးသွားမယ်။ ဒါပေမဲ့ ဒီနေရာကိုတော့ ပြန်မလာတော့ဘူး။"
အီရော့က သူ့အာကာသယာဉ်ဆီသို့ ပြန်သွားပြီး အာကာသထဲသို့ ပျောက်ကွယ်သွားလေသည်။ ကျန်းမုန့်လောင်မှာမူ သူ့ကို တားဆီးခြင်းမရှိချေ။
ဘားနက်ကမူ ကျန်းမုန့်လောင်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေ၏။
များပြားလှသော ခွန်အားအမှတ်ပမာဏကို ရုတ်တရက် ရလိုက်သောကြောင့် ကျန်းမုန့်လောင်ခမျာ စိတ်အခြေအနေကောင်းသွားသည်။
"အခု ကျွန်တော် စိတ်ကြည်နေတယ်။ အဲ့ဒါကြောင့် ရုတ်တရက်ကြီး ခင်ဗျားကို မသတ်ချင်တော့ဘူး”
**************
အခန်း ၈၁၈ - စက်ဘီးစီးပြီး အိမ်ပြန်တော့
"ဘာပြောလိုက်တယ်.. မသတ်ဘူးလား"
ဘားနက်၏မျက်နှာထက်တွင် အံ့အားသင့်မှုများ အတိုင်းသား ပေါ်လွင်နေလေ၏။
အဆင့်ငါးမျိုးနွယ်စု၏ အရှင်သခင်၊ အဆင့် ခြောက်သက်ရှိဖြစ်သော ပုဂ္ဂိုလ်ကြီးပင် ဝင်ရောက်စွက်ဖက်မိ၍ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရလေရာ ဘားနက်မှမူ သူ့ဘိုးဘေးများထံ သွားရတော့မည်ဟု စိတ်ကိုပြင်ဆင်ထားပြီးသားဖြစ်၏။ သို့သော်လည်း ကျန်းမုန့်လောင်က သူ့အား အသက်ချမ်းသာပေးမည်ဟု ဆိုလာသည်။
"အစ်ကိုကျန်း... ဒါက..."
အိုင်းရင်း၏မျက်နှာထက်တွင် စိုးရိမ်ပူပန်ရိပ်များ ယှက်သန်းသွားသည်။
ကျန်းမုန့်လောင်အတွက်မူ ဘားနက်သည် အာရုံစိုက်နေရန်ပင် မထိုက်တန်သော လူဖျင်းတစ်ဦးမျှသာ ဖြစ်သော်လည်း အိုင်းရင်းအတွက်မူ ထိုသို့မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ကျန်းမုန့်လောင်သည် သူတို့၏အိုင်ဇက်မျိုးနွယ်စုသို့ ရောက်ရှိလာပြီး ရင်းနှီးမှုများ ရရှိခဲ့သော်လည်း တစ်နေ့တွင် သူသည် ထွက်ခွာသွားမည်သာ ဖြစ်၏။
နောက်ထပ်သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း ဘားနက်သည် သူတို့၏အိုင်ဇက်မျိုးနွယ်စုကို ရန်စရဲမည်မဟုတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရုတ်တရက်ကြီး လက်စားမချေနိုင်ဘူးဟု မည်သူက အာမခံနိုင်မည်နည်း။
အီရော့ခ်က ဘားနက်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သော်လည်း ယခင်က ပေးအပ်ထားသော အရင်းအမြစ်များကိုမူ ပြန်လည်သိမ်းဆည်းသွားခြင်း မရှိပေ။ ယခုမူ ရီဘော့စ်စကီကုမ္ပဏီက နဂါးငွေ့တန်း၏ အပြင်ဘက်အထိ စီးပွားရေးနယ်ပယ်ကို ချဲ့ထွင်ထားပြီး အနည်းဆုံး အဆင့်သုံးမျိုးနွယ်စု ဒါဇင်ပေါင်းများစွာအထိ ပျံ့နှံ့နေပြီ ဖြစ်၏။
စီးပွားရေးကို ခဏတာချောချောမွေ့မွေ့ လုပ်ကိုင်ရုံဖြင့်ပင် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုမှာ နဂါးငွေ့တန်းအရှင်သခင်ထက် ကျော်လွန်သွားရန်မှာ အချိန်ပိုင်းသာလိုတော့သည်။
ထို့နောက်တွင်မူ သူသည် အဆင့်သုံးမျိုးနွယ်စုကြီးတစ်ခုကိုပင် ဝယ်ယူကာ ဘုရင်အဖြစ် နန်းတက်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော သူဌေးကြီးတစ်ဦးအတွက်မူ အိုင်ဇက်ကဲ့သို့သော အဆင့်နှစ်မျိုးနွယ်စုလေးကို ကိုင်တွယ်ရန်မှာ အလွန်လွယ်ကူလှပေသည်။ သူသာ လက်စားချေရန် ကြိုးပမ်းလာပါက အိုင်ဇက်မျိုးနွယ်စုတွင် ခုခံနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။
"မင်း ဘာကိုစိုးရိမ်နေလဲဆိုတာ ငါသိပါတယ်"
ကျန်းမုန့်လောင်က အိုင်းရင်း၏ပခုံးကို ပုတ်ပေးလိုက်ပြီးနောက် သူ့အကြည့်ကို ဘားနက်ဆီသို့ ပြန်ပို့လိုက်သည်။
"ကျုပ်က ကျိုးကြောင်းဆင်ခြင်တတ်တဲ့လူပါ.. ခင်ဗျားသာ ကိုယ့်အမှားကိုယ်ဝန်ခံမယ်ဆိုရင် ကျုပ် ခင်ဗျားကို ခွင့်လွှတ်ပေးဖို့ အသင့်ပဲ"
"ဝန်ခံပါတယ်။ ဝန်ခံပါတယ်"
ဘားနက်လည်း ပျာပျာသလဲ ဆိုလိုက်သည်။
"ဆရာ...အကုန် ကျွန်တော့်အမှားတွေပါ။ ကျွန်တော်က အရှုံးကို လက်မခံနိုင်ဘဲ ဆရာ့ရဲ့လျှို့ဝှက်ချက်ကို မက်မောခဲ့မိတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
"အဟမ်း"
ကျန်းမုန့်လောင်လည်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်တစ်ဖက်ဖြင့် လက်ချောင်းများကို ပွတ်ပြလိုက်၏။
"ဆရာ... ဒါက ဘာကိုဆိုလိုတာလဲ"
ကမ္ဘာပေါ်ရှိ လူသားများသာ နားလည်သော ထိုအမူအရာကို ဘားနက်တစ်ယောက် လုံးဝ နားမလည်နိုင်ပေ။
"ကျစ်... ငါက အတိအကျပြောပြနေရဦးမှာလား"
ကျန်းမုန့်လောင်က အနည်းငယ်နေရခက်သွားဟန်ဖြင့် ဆိုလေသည်။
"ဟေး... မင်းက မလုပ်သင့်တာတွေ လုပ်ခဲ့တာဆိုတော့ အဲ့ဒီအတွက် လျော်ကြေး..."
"လျော်ကြေးလား... ကျွန်တော် လျော်ပေးဖို့ အသင့်ပါပဲ"
ဘားနက်က အလျင်အမြန် ဆိုလာလေသည်။
"ဆရာ့ဘက်က ပမာဏတစ်ခုသာ ပြောလိုက်ပါ။ ကျွန်တော် သေချာပေါက် လျော်ပေးပါ့မယ်"
"ကျုပ်က ခင်ဗျားရဲ့ပိုက်ဆံတွေကို လိုအပ်နေတဲ့ပုံပေါက်လို့လား"
ကျန်းမုန့်လောင်က နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။ စီဘော့စ် ကော်ပိုရေးရှင်းတစ်ခုလုံးကို ပုံအောပေးလျှင်ပင် သူ စိတ်ဝင်စားမည် မဟုတ်ပေ။
သူသည် သူ့နောက်ကွယ်ရှိ အဆင့်ငါးစစ်သင်္ဘောအုပ်စုကြီးကို လက်ညှိုးညွှန်ပြကာ ဆိုလိုက်သည်။
"ခင်ဗျားရဲ့ကုမ္ပဏီအစုတ်လေးက ကျုပ်ရဲ့စစ်သင်္ဘောတွေအတွက် လောင်စာဖိုးတောင် လောက်မှာမဟုတ်ဘူး"
"မစ္စတာကျန်း... ကျွန်တော်တို့သင်္ဘောတွေက လောင်စာဆီမသုံးပါဘူးဗျ"
စစ်သင်္ဘောအုပ်စုခေါင်းဆောင် ရိမောက ခပ်ရွံ့ရွံ့အမူအယာဖြင့် ဝင်ပြောလေ၏။ အကြောင်းမှာ သူတို့၏သင်္ဘောများသည် အဆင့်ငါးဘာရိုက်ကျောက်များကိုသာ အသုံးပြုသောကြောင့်ပင်။
"တိတ်စမ်း"
ကျန်းမုန့်လောင်က သူ့ကို စိုက်ကြည့်လိုက်သည်။
ရိမောခမျာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ သူသည် အစောကမှ ကျန်းမုန့်လောင်၏ ကြောက်မက်ဖွယ်စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်၏။ ကျန်းမုန့်လောင်က သူ့စွမ်းအားကို မည်သို့ဖုံးကွယ်ထားကြောင်း သူ မသိသော်လည်း သူ့ကို ဒေါသထွက်အောင်လုပ်မိလျှင် လက်သီးဖြင့် အထိုးခံရမည်ကိုမူ သူ အလွန်ကြောက်ရွံ့မိသည်။
"ဒါဆို ဆရာ ဆိုလိုတာက..."
ဘားနက်က မေးလာလေသည်။
"ကျုပ်က သဘောထားကြီးတဲ့လူပါ။ ခင်ဗျားကို အရေးတယူလုပ်ပြီးတော့လည်း အချိန်မကုန်ချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက ကျုပ်သူငယ်ချင်းရဲ့ဂြိုဟ်ကို ကျူးကျော်ပြီး သူ့ရဲ့အာကာသကင်းလှည့်သင်္ဘောတွေနဲ့ အမြောက်တွေကို ဖျက်ဆီးခဲ့တယ်။ အဲ့ဒါအတွက်တော့ လျော်ကြေးပေးသင့်တယ် မဟုတ်လား"
"ပေးရမှာပေါ့... သေချာပေါက်ပေးမှာပါ"
ဘားနက်က ခေါင်းကို တရစပ်ညိတ်လိုက်လေသည်။
"ပြီးတော့ ဒီနေ့ ခင်ဗျားကြောင့် ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေက ကျုပ်သူငယ်ချင်းကိုရော ဒီဂြိုဟ်ပေါ်က လူအားလုံးကိုပါ ထိတ်လန့်သွားစေခဲ့တယ်။ အဲ့ဒီအတွက်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုလျော်ကြေး ပေးသင့်တယ်မဟုတ်လား"
"ဒါကတော့ သေချာပေါက်လိုအပ်တာပေါ့"
ဘားနက်လည်း လွယ်လင့်တကူ သဘောတူလိုက်သည်။ သူ့စီးပွားရေးအတိုင်းအတာအရ အဆင့်နှစ်မျိုးနွယ်စုအနည်းငယ်ကိုပင် အလွယ်တကူ ဝယ်ယူနိုင်သည်ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာလျော်ကြေး အနည်းငယ်ပေးရသည်မှာ ဘာမှမဟုတ်ပါချေ။
"ကောင်းပြီ။ ဒါဆို လျော်ကြေးပမာဏကို ဆွေးနွေးရအောင်"
ကျန်းမုန့်လောင်က အိုင်းရင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ကိုယ့်လူ... လျော်ကြေးကိစ္စကို ဘယ်လို ကိုင်တွယ်ကြမလဲ"
"ကျွန်တော်တို့ဘက်က အာကာသအမြောက် ၁၂ ခု၊ ကင်းလှည့်သင်္ဘောနှစ်စင်း ပျက်စီးသွားပြီး လူပေါင်း၂၇၁ယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။ နဂါးငွေ့တန်းရဲ့ ဥပဒေအရ ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ လျော်ကြေးကို တွက်ချက်မယ်ဆိုရင် စုစုပေါင်း..."
"နေဦး"
ကျန်းမုန့်လောင်က အိုင်းရင်း၏ စကားကို ဖြတ်ပြောလိုက်သည်။ ဤကောင်လေးမှာ ရိုးအလွန်းလှသည်။ လူဆိုသည်မှာ အခြေအနေကိုကြည့်၍ အမြတ်ထုတ်တတ်ရမည်ဖြစ်သော်လည်း အိုင်းရင်းတွင်မူ ထိုပါရမီ လုံးဝမရှိပေ။
"ငါတို့က ဓားပြတွေ မဟုတ်ဘူး။ ငါတို့ ရသင့်ရထိုက်တာကိုပဲ တောင်းမှာပါ။ မတရားသဖြင့်တော့ တောင်းမှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က တည်ကြည်သော အမူအရာဖြင့် ဆိုလိုက်၏။
"မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အမှားပါ.. ဆရာတို့ဘက်က ပိုတောင်းမယ်ဆိုရင်လည်း တရားမျှတပါတယ်"
ဘားနက်က ဝင်ပြောလာသည်။
"ခင်ဗျားက အဲ့ဒီလိုပြောမှတော့ ကျုပ်လည်း အားနာမနေတော့ပါဘူး"
ဘားနက်လည်း သူ့စကားအတွက် နောင်တရသွားသည်။ အကြောင်းမှာ ကျန်းမုန့်လောင်၏ နှုတ်ခမ်းထောင့်တွင် လူယုတ်မာအပြုံးတစ်ခု ပေါ်ပေါက်လာသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
"ကျုပ် လျော်ကြေးအများကြီး မတောင်းပါဘူး။ လုပ်ထုံးလုပ်နည်းအရပဲ တောင်းမှာပါ။ အဲ့တော့ ခင်ဗျားတို့စီဘော့စ်ကော်ပိုရေးရှင်းရဲ့ပိုင်ဆိုင်မှုနဲ့ ဝင်ငွေရပိုင်ခွင့် ၉၀ရာခိုင်နှုန်းကို ကျုပ်ညီအစ်ကိုရဲ့ နာမည်ပေါက်နဲ့ လွှဲပေးလိုက်ပါ"
ဘားနက်ခမျာ ဆွံ့အသွားပြီး အိုင်းရင်းလည်း မှင်တက်သွားတော့သည်။ ရီနိုနှင့် သူ့သားသမီးများအပါအဝင် ဘေးမှကြည့်နေသူများမှာမူ ပို၍ပင် တုန်လှုပ်သွားကြလေ၏။
လုပ်ထုံးလုပ်နည်းအရ ဟုတ်လား။ ဒါကို လုပ်ထုံးလုပ်နည်းလို့ ခေါ်တာလား။ တစ်ဖက်လူရဲ့ ပိုင်ဆိုင်မှု၉၀ရာခိုင်နှုန်းကို တောင်းတာက ဒေါ်လာဘီလီယံပေါင်းများစွာ လျော်ကြေးတောင်းတာထက်တောင် ပိုဆိုးနေတယ်မဟုတ်လား။
ဘားနက်၏မျက်နှာမှာ မစင်စားမိသကဲ့သို့ ပျက်ယွင်းသွားလေသည်။
သူ့စီးပွားရေးမှာ ယခင်ကထက် အဆပေါင်းများစွာ ကြီးထွားလာခဲ့ပြီး သူ့မိသားစု ပြန်လည်ထွန်းကားလာသည်ကို မြင်တွေ့ရခါစပင် ရှိသေးသည်။ ယခုတွင်မူ ပိုက်ဆံအိတ်ကား ပူတောင်မပူသေးခင် အားလုံးကို ပြန်လည်ပေးအပ်လိုက်ရပေတော့မည်။
"အစ်ကိုကျန်း... ဒါက နည်းနည်းများမနေဘူးလား"
အိုင်းရင်းက တိုးတိုးလေးမေးရှာသည်။
"ဟုတ်တယ်။ ငါလည်း များတယ်လို့ ထင်တယ်။ ဒီလောက်နည်းတဲ့ လျော်ကြေးလေးနဲ့ မင်းတို့အိုင်ဇက်မျိုးနွယ်စုက သန်းပေါင်းများစွာသော ပြည်သူတွေကို ဘယ်လို နှစ်သိမ့်ပေးနိုင်မှာလဲ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"ဒါဆိုရင် ၉၉ရာခိုင်နှုန်းပဲ ထားလိုက်တော့"
အိုင်းရင်း : "???"
ဘားနက် : "???"
ဘေးနားရှိ လူများ : "မင်းက လူရော ဟုတ်ရဲ့လား"
"မစ္စတာဘားနက်... ခင်ဗျားကိုကြည့်ရတာ ဘာလို့ သိပ်မကျေနပ်သလို ဖြစ်နေတာလဲ"
ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့ဖြင့် ဆိုလိုက်သည်။
"ခင်ဗျားရဲ့ရိုးသားမှုနဲ့ တောင်းပန်မှုတွေက ကျုပ်အတွက် မလုံလောက်သေးသလိုပဲ"
မိမိ၏ပိုင်ဆိုင်မှု ၉၉ရာခိုင်နှုန်းကို ပေးလိုက်ရမလား။ သို့မဟုတ် အသက်ကို အဆုံးရှုံးခံလိုက်မလားဟူသည့် ရွေးချယ်မှုတွင် ဘားနက်မှာ ရွေးချယ်စရာ မရှိတော့ချေ။ သူကိုယ်တိုင်ရှာခဲ့သော ပြဿနာဖြစ်လေရာ ဝပ်တွားခယ၍ပင် ရှင်းရပေတော့မည်။
"ဆရာကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော် လိုလိုလားလားရှိပါတယ်။ သေချာပေါက်ပေးမှာပါ.. ပိုင်ဆိုင်မှု လွှဲပြောင်းရေးစာချုပ်မှာ အခုချက်ချင်း လက်မှတ်ထိုးပေးနိုင်ပါတယ်"
"ဆိုတော့ ဒါကို ဘယ်လိုလုပ်ရမှာလဲ"
ကျန်းမုန့်လောင်သည် ထိုကဲ့သို့သော ကိစ္စရပ်များကို နားမလည်ပေ။
"မစ္စတာကျန်း... စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ကွန်ရက်ထဲကို ဝင်ပြီး ပိုင်ဆိုင်မှု အတည်ပြုချက် လုပ်ရုံပါပဲ။ ပိုင်ဆိုင်မှု လွှဲပြောင်းတာက မျိုးနွယ်စုတစ်ခုလုံးကို ရောင်းဝယ်တာလောက် မခက်ခဲပါဘူး"
ရိမောက ရှင်းပြလေသည်။
"ကောင်းပြီ။ ဒါဆို မြန်မြန်လုပ်ကြ"
ကျန်းမုန့်လောင်က တိုက်တွန်းလိုက်၏။
မကြာမီ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း ကိစ္စရပ်များ ပြီးဆုံးသွားခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် အိုင်းရင်းသည် အဆင့်နှစ်မျိုးနွယ်စု အရှင်သခင်၏ သားတစ်ယောက်အဆင့်မှ အဆင့်သုံးမျိုးနွယ်စုဒါဇင်ပေါင်းများစွာအထိ ဖြန့်ကြက်ထားသော နိုင်ငံကူးကော်ပိုရေးရှင်းကြီးတစ်ခု၏ ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူဖြစ်လာခဲ့သည်။
ဤအရာအားလုံးမှာ သူ့အတွက် အိပ်မက်တစ်ခုနှယ်။
"ဆရာ... ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပြီးပြီဆိုတော့ ကျွန်တော် သွားလို့ရပြီလား"
ဘားနက်သည် လက်စားချေရန် စိတ်ကူးပင် မရှိတော့ဘဲ ဤငရဲခန်းမှ အမြန်ဆုံး ထွက်ပြေးချင်နေလေပြီ။
"သေချာပေါက် သွားလို့ရတာပေါ့"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။
"ဒါပေမဲ့ အခု သွားမယ်ဆိုရင်တော့ နည်းနည်း အဆင်မပြေဖြစ်လိမ့်မယ်ထင်တယ်"
သူ့အာကာသယာဉ်မှာ ကျန်းမုန့်လောင်၏ စစ်သင်္ဘောကြောင့် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်၏။
"ဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော့်လူတွေကို လာကြိုခိုင်းလိုက်လို့ ရပါတယ်"
ဘားနက်က အလျင်အမြန် ပြောလိုက်သည်။ သူဌေးကြီးတစ်ဦးဖြစ်သည့်အားလျော်စွာ သူ့တွင် ကိုယ်ပိုင် အာကာသယာဉ်များစွာ ရှိပေသည်။
"ဘာလို့ အသွားအပြန်လုပ်ပြီး အချိန်ဖြုန်းနေမှာလဲ။ ကျုပ် ကူညီပေးပါ့မယ်"
ကျန်းမုန့်လောင်က ကောင်းကင်ယံကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာပျံနေတာ ဘာကြီးလဲ"
ကောင်းကင်ယံတွင် ယာဉ်တစ်စီးမှာ ဖြည်းညင်းစွာ ပျံသန်းနေသည်။ သို့သော် ထို'ဖြည်းညှင်းသည်'ဆိုသည်မှာ အခြားအာကာသယာဉ်များ၊ အာကာသအမြန်ကားနှင့် ယှဉ်ခြင်းသာ။
၎င်းမှာ လူအားဖြင့် မောင်းနှင်ရသော ယာဉ်တစ်စီးဖြစ်ပြီး စက်ဘီး၏ ပျံသန်းနိုင်သော ပုံစံတစ်ခုမျှသာ ဖြစ်ပေသည်။
"ဒါက ဆွဲငင်အားမဲ့လူအားမောင်းယာဉ်ပါ။ အမြင့်ဆုံးမီတာတစ်ထောင်အထိ ပျံသန်းနိုင်ပြီး တစ်နာရီကို ကီလိုမီတာ၁၂၀လောက်အထိ မြန်နှုန်းရှိပါတယ်"
"အဝေးပြေးလမ်းမပေါ်က ကားတွေနီးနီး မြန်သားပဲ"
ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။ ဤအရာသာ ကမ္ဘာပေါ်တွင် ရှိပါက သေချာပေါက် ရောင်းကောင်းပေလိမ့်မည်။
"ဒါကို အာကာသထဲမှာ သုံးလို့ရလား"
"ဒီတစ်ခုကတော့ မရပါဘူး၊ ဒါပေမဲ့ အာကာသထဲမှာ သုံးလို့ရတဲ့ အထူးလူအားမောင်းယာဉ် တစ်မျိုးရှိပါတယ်။ အဲ့ဒါကိုတော့ 'အာကာသစက်ဘီး'လို့ ခေါ်ကြပြီး များသောအားဖြင့် ရှုခင်းကြည့်ဖို့အတွက် သုံးကြတာပါ"
"အဲ့ဒါကိုပဲ သုံးမယ်"
ကျန်းမုန့်လောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ နာမည်ချင်းတူနေသည်မှာ စက်စစ်ကောင်းလှသည်။
"မစ္စတာဘားနက်အတွက် တစ်စီးလောက် စီစဉ်ပေးလိုက်ပါဦး"
ကျန်းမုန့်လောင်သည် ဘားနက်ဘက်သို့ လှည့်၍ ပြောလေသည်။
"မစ္စတာဘားနက်... ခင်ဗျား စက်ဘီးစီးပြီး အိမ်ပြန်လို့ရပြီ"
*******************
အခန်း ၈၁၉ - အဈေးအကြီးဆုံးတစ်ခုကို ပြပေးပါ
"သူက တကယ့်နတ်ဆိုးပဲ"
ကျန်းမုန့်လောင်၏ ဆန်းပြားလှသော ကိုင်တွယ်ဖြေရှင်းပုံများကြောင့် အိုင်းရင်း၏ မောင်နှမများမှာ အင်မတန် အံ့အားသင့်လျက် ရှိကြသည်။
စင်စစ်အားဖြင့် ဤကဲ့သို့သော စက်ဘီးမျိုးမှာ အိုင်ဇက်မျိုးနွယ်စုအတွင်း မိမိတို့၏ လုပ်ငန်းခွင်နှင့် အိမ် နီးသောသူများသာ အသုံးပြုလေ့ရှိသည့် အဆင်ပြေသော သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးပင်။
အာကာသထဲတွင် အသုံးပြုသော စက်ဘီးများမှာမူ များသောအားဖြင့် ရှုခင်းကြည့်ရန်အတွက်သာ။ ထိုအရာများမှာ စွမ်းအင်အသုံးပြုရန် မလိုဘဲ လူအားသက်သက်ဖြင့်သာ မောင်းနှင်ရသော်လည်း အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ၂၀ဝ ခန့်သာ ရှိလေသည်။
အဆင့်ခြောက်သက်ရှိတစ်ဦး ဖြစ်နေလျှင်ပင် အသက်လု၍ နင်းလျှင်ပင် စက်ပစ္စည်း၏ တည်ဆောက်ပုံအရ အရှိန်မှာ ကန့်သတ်ချက်ရှိနေမည်သာ။
ဂြိုဟ်တစ်ခုပေါ်တွင်မူ ဤယာဉ်မှာ အမှန်တကယ်အသုံးတည့်လှသည်။ အကယ်၍ ကမ္ဘာမြေလောက်ရှိသော ဂြိုဟ်တစ်ခုပေါ်တွင်ဆိုပါက ၎င်းကို နတ်ဘုရားဖန်ဆင်းသော ကိရိယာတစ်ခုဟုပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။
သို့သော် ဘားနက်တစ်ယောက် စက်ဘီးစီးပြီး အိမ်ပြန်နေသည်ကို မြင်ယောင်ကြည့်နိုင်ပါသလော။
သူ့အိမ်မှာ နဂါးငွေ့တန်း၏ ဗဟိုချက်တွင် တည်ရှိပြီး အိုင်ဇက်မျိုးနွယ်စုနှင့် အနည်းဆုံး အလင်းနှစ် ၃၀ဝဝဝခန့် ကွာဝေးပေသည်။
အလင်းနှစ် ၃၀ဝဝဝဆိုသည်မှာ မည်မျှဝေးသလဲ။ အလင်း၏အလျင်ဖြင့် သွားလျှင်ပင် နှစ်ပေါင်း ၃၀ဝဝဝ ကြာမြင့်မည်ဖြစ်၏။ တစ်နာရီလျှင် ကီလိုမီတာ၂၀ဝနှုန်းဖြင့်သွားသော အမြန်ရထားတစ်စီးသည် အလင်းနှစ်တစ်နှစ်စာခရီးကို ဖြတ်သန်းရန် နှစ်ပေါင်း၅.၄သန်း ကြာမြင့်မည်ဖြစ်ရာ အလင်းနှစ် ၃၀ဝဝဝအတွက်မူ နှစ်ပေါင်း ၁.၆၂ထရီလီယံ ကြာမြင့်မည်ဖြစ်၏။
စကြဝဠာကြီး တည်ရှိခဲ့သည်မှာပင် နှစ်ပေါင်း ၁.၆၂ထရီလီယံ မပြည့်သေးချေ။
စီဘော့စ်ကော်ပိုရေးရှင်း၏ အနီးဆုံး အဆင့်သုံးမျိုးနွယ်စုခွဲသို့ ရောက်ရှိရန်ပင် နှစ်ပေါင်းသန်းနှင့်ချီ၍ ကြာမြင့်နိုင်ပြီး အဆင့်ငါးသက်ရှိအများစုပင် ထိုမျှလောက် အသက်မရှည်ကြပေ။
အမှန်စင်စစ် အာကာသဟင်းလင်းပြင်ထဲတွင် ပွတ်တိုက်မှု မရှိသောကြောင့် သီအိုရီအရ ဤစက်ဘီး၏အရှိန်မှာ တဖြည်းဖြည်း တိုးလာသင့်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အာကာသထဲတွင် အလင်းတန်းတစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရပါက ၎င်းမှာ 'အယ်လ်ထရာမန်း'ဟုပင် သင် ထင်ကောင်းထင်နိုင်သော်လည်း လက်တွေ့တွင်မူ လူတစ်ယောက်က အလင်း၏အလျင်နီးပါးဖြင့် စက်ဘီးနင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ၎င်းမှာ တွေးကြည့်ရုံနှင့်ပင် ပေါက်ကရဆန်လှပေသည်။
သို့သော်လည်း လက်တွေ့တွင် နှစ်ပေါင်းသန်းနှင့်ချီ၍ မကြာနိုင်သော်ငြား အရှိန်တင်ရန်နှင့် အရှိန်သတ်ရန် အချိန်များစွာ လိုအပ်သောကြောင့် အနည်းဆုံး နှစ်ပေါင်းထောင်နှင့်ချီ၍မူ ကြာမြင့်ပေလိမ့်မည်။
စက်ဘီးကို နှစ်ပေါင်းထောင်ချီပြီး နင်းရမည်ဆိုခြင်းမှာ - 'မင်း ငါ့ကို သတ်ချင်ရင်လည်း တိုက်ရိုက်သာ သတ်လိုက်။ ဒီလိုမျိုး ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့တော့။ ငါ မနေချင်တော့ဘူး။ ရပြီလား'ဟု ပြောရမည့် ကိန်းပင်။
"နင်းမှာလား။ မနင်းဘူးလား"
ကျန်းမုန့်လောင်က ဘားနက်ကို စိုက်ကြည့်လျက် ဆိုလိုက်သည်။
"မနင်းဘူးဆိုရင် ကျုပ် အခုချက်ချင်း ခင်ဗျားကို သတ်လိုက်မယ်"
"နင်းပါ့မယ်။ နင်းပါ့မယ်"
အမှန်အတိုင်းပြောရလျှင် ဘားနက်တွင် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်သော အရည်အချင်းအချို့ ရှိသည်။ အသက်ရှင်သန်ရခြင်းထက် အရေးကြီးသောအရာဟူ၍ မရှိပေ။
သူသာ အားကုန်နင်းမည်ဆိုပါက နှစ်ပေါင်းရာဂဏန်းအတွင်းမှာပင် အနီးဆုံး စီဘော့စ်ဌာနခွဲသို့ ရောက်ရှိနိုင်ပြီး ကယ်တင်ခံရနိုင်ပေသည်။
သူ့ခြေထောက်များမှာမူ နှစ်ပေါင်းရာချီ၍ စက်ဘီးနင်းပြီးသည့်အခါ သံမဏိခြေထောက်များ ဖြစ်သွားပေလိမ့်မည်။ ဤအရာမှာ တကယ်ဖြစ်နိုင်သည် မဟုတ်ပါလော။
"အိုင်းရင်း... မစ္စတာဘားနက်အတွက် အကောင်းဆုံးစက်ဘီးတစ်စီး ပေးလိုက်ပါ။ ပြီးတော့ စားစရာတချို့လည်း ပြင်ပေးလိုက်ပါဦး။ ငါ မှတ်မိသလောက်ဆိုရင် ဟိုဆေးတောင့်လေးတွေ ရှိတယ် မဟုတ်လား။ အမှုန်အချင်းကြား အကွာအဝေးကို အစွမ်းကုန် ဖိသိပ်ထားတဲ့ ဆေးတောင့်တွေလေ။ အဲ့ဒါဆိုရင် သူ နှစ်ပေါင်းရာချီကြာအောင် စားဖို့ လောက်သွားလိမ့်မယ်"
"အင်း.. အင်း။ ကျွန်တော် အကုန်စီစဉ်လိုက်မယ်"
စီဘော့စ်ကော်ပိုရေးရှင်းမှ ပိုင်ဆိုင်မှုများကို ရရှိထားပြီဖြစ်ရာ အိုင်းရင်းမှာ ယခင်ကထက် ပိုရဲတင်းလာသည်။ အနာဂတ်တွင် ကျန်းမုန့်လောင်သည် အိုင်ဇက်မျိုးနွယ်စုမှ ထွက်ခွာသွားလျှင်ပင် ဤပိုင်ဆိုင်မှုများကြောင့် ဘားနက်ကသာ သူ့ကို ပြန်ကြောက်ရွံ့ရပေတော့မည်။
...
အရာအားလုံးမှာ မူလအတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့သော်လည်း အိုင်ဇက်မျိုးနွယ်စု၏ ပိုင်ဆိုင်မှုမှာမူ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ကျန်းမုန့်လောင်လည်း တစ်ခါမှမရောက်လာခဲ့ဖူးသလို အရာအားလုံးမှာ အေးချမ်းသွားသည်။
ဘားနက်ထံမှ လွှဲပြောင်းရယူထားသော ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရန်အတွက် အိုင်းရင်းမှာ အလုပ်များလွန်းလှသဖြင့် အလုပ်ပိနေတော့သည်။ ဤလုပ်ငန်းကား အဆင့်သုံးမျိုးးနွယ်စု ဒါဇင်ပေါင်းများစွာအထိ ဖြန့်ကြက်ထားသော ကော်ပိုရေးရှင်းကြီးဖြစ်ပြီး အိုင်းရင်းတွင်လည်း ယုံကြည်စိတ်ချရသော လက်ထောက်များ မရှိသေးသဖြင့် အလုပ်အများစုကို သူကိုယ်တိုင်သာ ကိုင်တွယ်နေရသည်။
ကျန်းမုန့်လောင်အတွက်မူ ယခုအချိန်တွင် အလွန်အရေးကြီးသော အလုပ်တစ်ခု ရှိနေပေသည်။ ၎င်းမှာ ဟောင်းနွမ်းပျက်စီးနေသော သူ့အာကာသယာဉ်အိုကြီးကို အသစ်လဲလှယ်ရန်ပင်။
ကမ္ဘာမြေပေါ်တွင် အွန်လိုင်းဈေးဝယ်ခြင်းမှာ ခေတ်စားနေသလို အဆင့်နှစ်နှင့်အထက်ရှိသော မျိုးနွယ်စုများတွင်လည်း စားသောက်ကုန်မှလွဲ၍ ကျန်အရာများအတွက် ပြင်ပဆိုင်များ မရှိသလောက်ပင်။
၎င်းတို့မှာ များသောအားဖြင့် လူသူမနေထိုင်သော ဂြိုဟ်များကို ကုန်လှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေး စခန်းများအဖြစ် ပြောင်းလဲထားကြပြီး ထိုနေရာများတွင် ကုန်ပစ္စည်းအမြောက်အမြားကို စုပုံထားရှိကာ ဝယ်ယူသူများလည်း စကြဝဠာအဆင့်မြင့်စူပါမားကတ်များ၏ ကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ဝယ်ယူနိုင်ကြသည်။
အိုင်ဇက်မျိုးနွယ်စုတွင်မူ အများဆုံး အဆင့်သုံးမျိုးနွယ်စုသုံး အာကာသယာဉ်များကိုသာ ဝယ်ယူနိုင်သည်။ အဆင့်နှစ်မျိုးနွယ်စုများတွင် ဝယ်ယူနိုင်စွမ်း အကန့်အသတ်ရှိသောကြောင့်ပင်။ နဂါးငွေ့တန်းအရှင်သခင်ပင် အဆင့်လေးမျိုးနွယ်စုသုံး အာကာသယာဉ်တစ်စင်းကို ဝယ်ယူနိုင်ရန်မှာ မလွယ်ကူလှပေ။
သို့သော်လည်း စမ်းသပ်မောင်းနှင်ရန် သို့မဟုတ် ကြည့်ရှုရန်အတွက်မူ မည်သည့်ဂြိုဟ်ပေါ်တွင်မဆို ပြုလုပ်နိုင်လေသည်။
စကြဝဠာအတွင်း အကောင်းဆုံးကိုယ်ပိုင်အာကာသယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှာ လန်းစလော့ကုမ္ပဏီဖြစ်ကြောင်း အိုင်းရင်းက ကျန်းမုန့်လောင်ကို ပြောပြဖူးသည်။ ထိုကုမ္ပဏီကို တည်ထောင်သူများမှာ စကြဝဠာအတွင်း စက်မှုခေတ်သို့ ဦးစွာဝင်ရောက်ခဲ့သည့် ရှေးကျသော မျိုးနွယ်စုတစ်ခုမှ ဖြစ်ကြပြီး ယနေ့ထိတိုင်အောင်လည်း အလွန်ထွန်းကားလျက်ရှိသည်။
လန်းစလော့ကုမ္ပဏီတည်ရှိရာ မျိုးနွယ်စု၏ နယ်မြေမှာ အမြွှာဝေလငါးစကြဝဠာအင်ပါယာထက် အဆတစ်ထောင်ခန့် ပိုမိုကြီးမားသည်ဟု ဆိုကြသည်။ သူတို့၏ အလိုအလျောက် စက်မှုနည်းပညာမှာလည်း စကြဝဠာအတွင်း အကောင်းဆုံးဖြစ်ပြီး ထိပ်တန်းဒီဇိုင်နာများလည်း ရှိကြလေရာ သူတို့ ထုတ်လုပ်သော အာကာသယာဉ်များမှာ ကျော်ကြားလှပေသည်။
"ငါ လန်းးလော့ကုမ္ပဏီနဲ့ ချိတ်ဆက်ချင်တယ်"
ကျန်းမုန့်လောင်သည် စကြဝဠာမဟာမိတ်အဖွဲ့ ကွန်ရက်ကို အသုံးပြု၍ လန်းစလော့ကုမ္ပဏီ၏ အွန်လိုင်းအရောင်းဆိုင်သို့ ချိတ်ဆက်လိုက်၏။
အဆင့်မြင့်ဥာဏ်ရည်တုများ ထွန်းကားနေသော မျိုးနွယ်စုများတွင်ပင် အရောင်းဝန်ထမ်းအလုပ်မှာ တည်ရှိနေဆဲဖြစ်၏။ အကြောင်းမှာ အချို့သော နယ်ပယ်များတွင် လူသားများကို အပြည့်အဝ အစားထိုးရန် မဖြစ်နိုင်သောကြောင့်ပင်။
ဤနေရာမှာ ကျယ်ပြောလှသော ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခုဖြစ်ပြီး ကျန်းမုန့်လောင်ကမူ ဤနေရာသည် ကမ္ဘာမြေကြီးလောက် ကျယ်ဝန်းနိုင်မည်လောဟု တွေးတောနေမိသည်။
သူ့ပတ်ပတ်လည်တွင် ပုဂ္ဂလိကသုံး အာကာသယာဉ်များ တန်းစီလျက်ရှိပြီး တစ်စင်းနှင့်တစ်စင်းလည်း ဒီဇိုင်းများမှာ လုံးဝ မတူညီကြဘဲ အမျိုးမျိုးသော မျိုးနွယ်စုများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဖန်တီးထားပုံရ၏။
လန်းစလော့ကုမ္ပဏီသည် အဆင့်သုံးနှင့်အထက် အာကာသယာဉ်များကိုသာ ထုတ်လုပ်သည်ဟု ဆိုကြလေရာ ဤနေရာတွင် ဝယ်ယူနိုင်သူတိုင်းမှာ အနည်းဆုံး အဆင့်နှစ်မျိုးနွယ်စုအရှင်သခင် သို့မဟုတ် ထိုထက် မြင့်မားသူများသာ ဖြစ်ကြသည်။
သို့သော် စကြဝဠာကြီးမှာ အလွန်ကျယ်ပြောလှပြီး လန်းစလော့ကုမ္ပဏီ၏ ကုန်လှောင်ရုံများနှင့် စက်ရုံများမှာ နေရာအနှံ့ ပျံ့နှံ့နေသောကြောင့် ဝယ်ယူသူများမှာလည်း အမြဲမပြတ်ရှိနေချေသည်။
"မိုက်လိုက်တာ"
ကျန်းမုန့်လောင်သည် ဤနေရာတွင် အာကာသယာဉ်ပေါင်းများစွာကို အဘယ်ကြောင့် ချပြထားသလဲဆိုသည်ကို နားလည်သွားသည်။ ပြိုင်ကားများကဲ့သို့သော ဤဆွဲဆောင်မှုကို မည်သူမှမတွန်းလှန်နိုင်ပေ။ ငွေကြေးအလုံအလောက် ရှိသူတိုင်းမှာ စိတ်လှုပ်ရှားမှုကြောင့် ဆင်ခြင်တုံတရားများပင် ပျောက်ဆုံးသွားနိုင်ပေသည်။
ဤကဲ့သို့သော ပုံရိပ်ယောင်လက်တွေ့နည်းပညာသည် အဆင့်သုံးမျိုးနွယ်စုများတွင်ပင် ရရှိနိုင်ပြီဖြစ်ရာ စကြဝဠာအဆင့် ကိုယ်ပိုင်အာကာသယာဉ် ကုမ္ပဏီကြီးတစ်ခုအတွက်မူ ပြောနေရန်ပင် မလိုတော့ချေ။
"ဆရာ... ရှင့်ကို ဝန်ဆောင်မှုပေးရတာ ကျွန်မအတွက် ဝမ်းသာစရာပါပဲဟ ကျွန်မနာမည်က အန်နီနက်ပါ။ ရှင့်ကို ကူညီခွင့်ရတာ ဂုဏ်ယူပါတယ်"
"ဝိုး... နတ်သူငယ်လေးပဲ"
ကျန်းမုန့်လောင်သည် အရောင်းဝန်ထမ်း၏ မျိုးနွယ်ကို ချက်ချင်းခန့်မှန်းမိလိုက်သည်။ သူ(မ)တွင် ဖြူဝင်းသော အသားအရေ၊ သဘာဝတရားကဲ့သို့ စိမ်းစိုသော ဆံပင်၊ ချွန်ထက်သော နားရွက်များနှင့် ရှည်လျားသော ခြေတံများ ရှိသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားကလည်း ပြောစရာမရှိအောင်ပင် လှပလွန်းလှသည်။
"ဟားဟားဟား... ဒါရိုက်တာ ဒီစကြဝဠာထဲက နာမည်ကြီးကုမ္ပဏီမှန်သမျှ အရောင်းဝန်ထမ်းနေရာတွေမှာ နတ်သူငယ်မျိုးနွယ်ဝင်အမျိုးသမီး ဒါမှမဟုတ် အမျိုးသားတွေကိုပဲ ခန့်ထားတတ်ကြတာပါ။ သူတို့က သဘာဝအရ ဆွဲဆောင်မှုရှိပြီး သူတို့ရဲ့ရုပ်ရည်ကလည်း အသိဥာဏ်ရှိတဲ့ သက်ရှိအားလုံးရဲ့ အလှအပစံနှုန်းနဲ့ ကိုက်ညီနေတာကိုး။ ချောမောလှပတဲ့လူတွေကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ"
ကောထန်က ဝင်ပြောသည်။
"ကျစ်.. ကျစ်.. ကျစ်"
ကျန်းမုန့်လောင် သက်ပြင်းချရင်း ပြောလာလေသည်။
"ဒီကုမ္ပဏီကတော့ လူတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို တကယ်သိတာပဲ"
"ဒါက သာမန်နတ်သူငယ်မျိုးနွယ်ပဲ ရှိသေးတာ"
ကောထန်က ထပ်ပြောလေ၏။
"'ပီယနတ်သူငယ်'လို့ခေါ်တဲ့ မျိုးနွယ်တစ်ခု ရှိသေးတယ်။ သူတို့မှာ သဘာဝအတိုင်း ညှို့ဓာတ်ပါပြီးသားမို့ အဲ့ဒီမျိုးနွယ်စုက တစ်ယောက်ယောက်သာ ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်ပြီဆိုရင် သူတို့က အမြဲတမ်း အရောင်းချန်ပီယံပဲ"
"ဘုရားရေ... စကြဝဠာတစ်ခုလုံးက ဒီလောက်တောင် အပြိုင်အဆိုင် ပြင်းထန်နေတာလား"
"မင်္ဂလာပါ။ ကျွန်တော်က ကျန်းမုန့်လောင်ပါ"
ကျန်းမုန့်လောင်က သူ့စိတ်ကူးများကို အမြန်ဖျောက်ရင်း ပြောလိုက်သည်။
"ကျွန်တော် ကိုယ်ပိုင်အာကာသယာဉ်တစ်စင်း ဝယ်ချင်လို့ပါ။ ခင်ဗျားတို့ ကုမ္ပဏီထုတ်ယာဉ်တွေက စကြဝဠာမှာ အကောင်းဆုံးလို့ ကြားထားလို့ ဒီနေ့ လာကြည့်တာပါ"
"ဘယ်အဆင့်ရှိတဲ့ မျိုးနွယ်စုသုံး အာကာသယာဉ်မျိုးကို စိတ်ဝင်စားပါသလဲရှင့်"
အန်နီနက်ကလည်း ကျန်းမုန့်လောင်ကို ခိုးကြည့်နေသည်။ ပုံရိပ်ယောင်ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သည့်အခါ ဝတ်ဆင်ထားသော အဝတ်အစားများကို စစ်ဆေးပြီး ပုံဖော်ပေးသောကြောင့် လက်တွေ့နှင့် ပုံရိပ်ယောင်ကြားတွင် ကွာခြားမှု မရှိသလောက်ပင်။
သို့သော် သူ့အဝတ်အစားများမှာ အဆင့်တစ်မျိုးနွယ်စုများတွင် အသုံးအများဆုံးဖြစ်သော ပရိုတင်းပိုးသားဖြင့် ပြုလုပ်ထားသောကြောင့် ကျန်းမုန့်လောင်ကို 'လူဖျင်း'တစ်ဦးအဖြစ်သာ စိတ်ထဲတွင် သတ်မှတ်လိုက်သည်။
ဤကဲ့သို့သောလူစားမျိုးမှာ များသောအားဖြင့် လာကြည့်ရုံသက်သက် လာကြသူများသာ။
သို့သော်လည်း ထိပ်တန်းကုမ္ပဏီတစ်ခု၏ ဝန်ထမ်းပီပီ သူ(မ)သည် အပြုံးမပျက်ဘဲ ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
သို့သော်လည်း ကျန်းမုန့်လောင် ဆက်ပြောလိုက်သော စကားက သူ(မ)၏တည်ငြိမ်မှုများကို လုံးဝ ပျက်စီးသွားစေခဲ့၏။
"အဆင့်ငါးမျိုးနွယ်စုသုံး အာကာသယာဉ်။ ဈေးအကြီးဆုံးတစ်ခုကိုပဲ ကျွန်တော့်ကို ပြပေးပါ.. တကယ်လို့ သဘောကျတယ်ဆိုရင် ဒီနေ့ချက်ချင်း ငွေအပြည့်အဝချေပြီး တစ်ခါတည်း ယူသွားလိုက်မယ်"