အခန်း (၈၂၀-၈၂၂)
Vol. 55 Ch. 820-822
အခန်း ၈၂၀ : ပေးရတဲ့ဈေးနဲ့ တန်တဲ့ပစ္စည်း
"အဆင့်ငါးမျိုးနွယ်စုက အာကာသယာဉ်တွေကို ကြည့်ချင်တာလား"
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး အကဲဖြတ်၍မရပေ။ ဤလူက အကြွားသန်သော ဆင်းရဲသားတစ်ယောက် မဟုတ်လျှင် သူ့ကြွယ်ဝမှုကို ထုတ်မကြွားတတ်သော သူဌေးတစ်ယောက်ပင် ဖြစ်ရမည်။
ကုမ္ပဏီရှိ ဂန္တဝင်ပုံပြင်တစ်ပုဒ်ကို သူ(မ) မှတ်မိနေသေးသည်။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကလည်း ကုမ္ပဏီတွင် သိုသိုသိပ်သိပ်နေတတ်သော လုပ်ငန်းရှင်သူဌေးတစ်ယောက် ရှိခဲ့ဖူးသည်။
ရုံးချုပ်ဘက်က ဖောက်သည်၏ ကွန်ရက်ချိတ်ဆက်ထားသော လိပ်စာကတစ်ဆင့် အချက်အလက်တချို့ကို ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် ထိုဖောက်သည်က အဆင့်တစ်မျိုးနွယ်စု၏ ကွန်ရက်ကတစ်ဆင့် ချိတ်ဆက်ထားကြောင်း သိလိုက်ရသည်။
လန်းစလော့ကုမ္ပဏီက အဆင့်သုံးနှင့်အထက် မျိုးနွယ်စုများရှိ ဖောက်သည်များကို ပစ်မှတ်ထားခြင်းဖြစ်ရာ အဆင့်တစ်မျိုးနွယ်စုရှိ ဖောက်သည်တစ်ယောက်အတွက်မူ အရောင်းအဖွဲ့က ဘာမျှော်လင့်ချက်မှ မထားခဲ့ကြပေ။
သို့သော် ထိုအဆင့်တစ်မျိုးနွယ်စုရှိ လူဟာ ငွေကို ရေလိုသုံးပြီး ထိုစဉ်က စကြဝဠာတစ်ခွင်လုံးမှာ အစီးရေတစ်သိန်းသာရှိသော ထိပ်တန်းကိုယ်ပိုင်အာကာသယာဉ်များထဲက တစ်စီးကို ဝယ်သွားလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြချေ။
စဉ်းစားကြည့်လျှင် ဤသို့သော အာကာသယာဉ်မျိုးကို ဝယ်နိုင်သူများမှာ အနည်းဆုံးတော့ စကြဝဠာဘဏ်၏ ကြယ်အဆင့်သုံးစွဲသူများသာ ဖြစ်ရပေမည်။
ယာဉ်တစ်စီး၏ တန်ဖိုးက အဆင့်လေးမျိုးနွယ်စုတော်တော်များများ၏ တန်ဖိုးနှင့် ညီမျှသည်။ ဤကဲ့သို့သောယာဉ်မျိုးက နှစ်ရာချီ၊ ထောင်ချီကြာလျှင်ပင် တစ်စီးရောင်းရရန် မလွယ်ပါချေ။
စကြဝဠာမျိုးနွယ်စုမှာ လူချမ်းသာအများကြီးရှိသော်ငြား လူအများစုက သူတို့၏ငွေများကို ဤဇိမ်ခံပစ္စည်းများထက် သိုင်းတာအိုအရင်းအမြစ်များမှာသာ သုံးချင်ကြသည်။
မည်သို့ပင်ဖြစ်စေ ဘယ်အာကာသယာဉ်ကများ မပျံသန်းနိုင်ဘဲ ရှိမည်နည်း။ အလားတူ လုပ်ဆောင်ချက်များပါရှိပြီး ဈေးအများကြီးသက်သာသော ရွေးချယ်စရာများ အများကြီးရှိသည်။ အသုံးဝင်မှုကသာ အမြဲတမ်းအတွက် ပထမဦးစားပေးမဟုတ်လော။
သိုသိုသိပ်သိပ်နေတတ်သော ထိုသူဌေးကြီးဟာ နောက်ပိုင်းတွင် ထိပ်တန်းအာကာသယာဉ် အစီးတစ်ရာကျော်ကို တစ်စီးပြီးတစ်စီး ထပ်ဝယ်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ်ကလည်း ကြယ်ဆယ်ပွင့်အဆင့်ကိုပင် ကျော်လွန်သွားခဲ့သည်။
သူသည် ထိုယာဉ်များကို မျိုးနွယ်စုအသီးသီးက သူလိုက်ပိုးပန်းနေသော အလှလေးများကို လက်ဆောင်ပေးခဲ့သည်ဟု ဆိုကြသည်။
အကြောင်းမှာ အာကာသယာဉ်များကို ပို့ဆောင်ရမည့် လိပ်စာများနှင့် လက်ခံမည့်လူများမှာ ထိုမျိုးနွယ်စုကြီးများရှိ နတ်ဘုရားမအလား လှပသော အလှပဂေးလေးများပင်။
ဤတစ်ခါရော ထိုကဲ့သို့သောလူစားမျိုး နောက်တစ်ယောက် ရောက်လာတာများလား။
အန်နီးစ်ဟာ ကျန်းမုန့်လောင်၏နောက်ခံနှင့် ဇာစ်မြစ်ကို တွေးတောနေရင်း သူ(မ)လက်ထဲရှိ တက်ဘလက်လို စက်ပစ္စည်းလေးကို အသုံးပြုပြီး အနီးအနားက အာကာသယာဉ် နမူနာများကို ပြောင်းလဲချိန်ညှိနေသည်။
မူလအာကာသယာဉ်များက ဒေတာအမှုန်အမွှားများအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။ ခဏအကြာတွင်မူ အသစ်စက်စက် အာကာသယာဉ်အုပ်စုတစ်စု ကျန်းမုန့်လောင်ရှေ့တွင် ပေါ်လာခဲ့ပြန်သည်။
"လူကြီးမင်း... ဒါတွေကတော့ လောလောဆယ် ကျွန်မတို့ကုမ္ပဏီမှာ ရောင်းချနေတဲ့ အဆင့်ငါးမျိုးနွယ်စုရဲ့ ဈေးအကြီးဆုံး အထူးကိုယ်ပိုင်အာကာသယာဉ် ၁၂စီးပါ"
"ဝိုး"
ကျန်းမုန့်လောင်၏ အကြည့်များက အနက်ရောင်အပြည့် ဆေးခြယ်ထားသော အာကာသယာဉ်တစ်စီးဆီသို့ ချက်ချင်း ရောက်သွားလေသည်။
အာကာသယာဉ်အများစုမှာ လေဟာနယ်ထဲတွင် ပျံသန်းရသည်ဖြစ်ရာ လေ၏ခုခံမှုကို စိုးရိမ်စရာ သိပ်မလိုသောကြောင့် ဒီဇိုင်းပိုင်းတွင် လေခွင်းအားကို အထူးတလည် ရှောင်ရှားရန် မလိုအပ်ချေ။ ထို့ကြောင့် ဤယာဉ်၏ ဒီဇိုင်းက ကမ္ဘာပေါ်ရှိ စူပါကားများ၏ အသွင်အပြင်တချို့ကို ပေါင်းစပ်ထားသလိုပင်။
ထို့ကြောင့် အာကာသယာဉ်အများစုက နေရာကျယ်ဝန်းမှုနှင့် သက်သောင့်သက်သာရှိမှုကိုသာ အဓိကထားကြသည်။
ဤအာကာသယာဉ်ကမူ လေခွင်းအားဒီဇိုင်းနှင့် အလွန်လိုက်ဖက်လွန်းလှသည်။ အလျား ၁၂၀မီတာ၊ အနံ ၄၀မီတာခန့်ရှိပြီး နည်းပညာအငွေ့အသက်များနှင့် အနုပညာဆန်သော အလှတရားများ ပြည့်နှက်နေသည့် ချွန်ထက်ထက်ထောင့်စွန်းများ ပါဝင်သောကြောင့် ဘယ်လိုစကားလုံးမျိုးနှင့် ဖော်ကျူးရမလဲဆိုသည်ကိုပင် စဉ်းစားရခက်နေချေသည်။
"လူကြီးမင်းက အမြင်စူးရှတာပဲ။ ဒီယာဉ် ၁၂စီးထဲမှာ ဒါက လူကြိုက်အများဆုံးလေ"
အန်နီးစ်က ပြုံးလျက် ပြောလိုက်သည်။
"ဖောက်သည်တိုင်း ဒါကိုမြင်ပြီးရင် အကြည့်မခွာနိုင်ကြတော့ဘူး"
"တကယ်... ဒီအာကာသယာဉ်ရဲ့ ဒီဇိုင်းကို ငါ တော်တော်သဘောကျသွားပြီ"
"ဒီအာကာသယာဉ်ရဲ့ ဒီဇိုင်နာနာမည်က ဘာ့ခ်ဒီနယ်လို့ ခေါ်ပါတယ်။ သူက အရမ်းကြီးကျယ်ခမ်းနားတဲ့ ဒီဇိုင်နာတစ်ယောက်ပါ။ ဒီအာကာသယာဉ်ကို ဖန်တီးဖို့အတွက် သူဟာ အဆင့်ငါးမျိုးနွယ်စု၂၀၀ကျော်ကို သွားရောက်ခဲ့ပြီး မတူညီတဲ့ မျိုးနွယ်စုတွေရဲ့ အနုပညာဟန်ပန်တွေနဲ့ အလှတရားတွေကို ထုတ်နုတ်ခဲ့ပါတယ်။ ပြီးတော့မှ လက်တွေ့အသုံးဝင်မှုနဲ့ ပေါင်းစပ်ပြီး ဒီဇိုင်းဆွဲခဲ့တာပါ။ အပြင်ပန်းဒီဇိုင်းလေးတစ်ခုတည်းအတွက်ကိုပဲ စကြဝဠာနှစ်၅၃နှစ်တောင် အချိန်ယူခဲ့ရတယ်"
"အဲဒီလောက်တောင် ကြာတာလား"
ကျန်းမုန့်လောင် အံ့သြသွားသည်။
"စကြဝဠာနှစ်၅၃နှစ်ဆိုတာ ကမ္ဘာ့နှစ်နဲ့ဆိုရင် နှစ်၈၀နီးပါးလောက် ရှိတယ်။ ကမ္ဘာသားအများစုက အသက်၈၀အထိတောင် မနေရဘူးလေ။ ဒီလူက ဒီဇိုင်းမူကြမ်းတစ်ခု ပြီးမြောက်ဖို့အတွက် နှစ်၈၀တောင် အချိန်ပေးခဲ့တယ်ဆိုတော့ ဒါက ပညာရှင်တစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ"
"What's its name?" Zhang Menglong asked.
"ဒီအာကာသယာဉ်ရဲ့နာမည်က ဘယ်လိုခေါ်လဲ"
ကျန်းမုန့်လောင်က မေးလိုက်ချေသည်။
"စတားဂေဇာလို့ ခေါ်ပါတယ်"
အန်နီးစ်က ပြန်ဖြေလေသည်။
"ဒီဇိုင်နာကိုယ်တိုင် နာမည်ပေးခဲ့တာပါ။ လောလောဆယ် စျေးကွက်ထဲမှာ ရနိုင်သမျှ ကိုယ်ပိုင်အာကာသယာဉ်တွေထဲမှာ စတားဂေဇာက အမြန်ဆုံးနဲ့ အလုံခြုံဆုံးပါပဲ"
"မဆိုးဘူး"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်၏။
"ဈေးနှုန်းကရော"
"ဒါက ကျွန်မတို့ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် အကန့်အသတ်နဲ့ထုတ်တဲ့ အာကာသယာဉ်ဖြစ်ပြီး စကြဝဠာတစ်ခွင်လုံးမှာလည်း အစီးရေ၉၉၉စီးပဲ ကန့်သတ်ထားတာဆိုတော့ ဈေးနှုန်းက နည်းနည်းမြင့်ပါတယ်။ ရောင်းချလာတာ စကြဝဠာနှစ်၄၈၂နှစ် ရှိနေပြီဖြစ်ပေမဲ့ အခုအချိန်အထိ အစီးရေ၂၀၀ ကျော်ပဲ အော်ဒါရထားပါသေးတယ်"
"စကြဝဠာတစ်ခုလုံးမှာမှ အစီး၂၀၀ကျော်ပဲ ရောင်းရသေးတာလား"
ဤပမာဏက ကျန်းမုန့်လောင်ကို တကယ် အံ့အားသင့်စေခဲ့သည်။
"စကြဝဠာကြီးက ဒီလောက်ကျယ်ပြောပြီး သက်ရှိတွေ သူဌေးတွေအများကြီးရှိတာတောင်မှ စကြဝဠာနှစ်၅၀၀နီးပါးကြာတဲ့အထိ ၉၉၉စီးတောင် မကုန်သေးဘူးပေါ့။ ဘယ်လောက်တောင် ဈေးကြီးနေလို့လဲ"
"စတားဂေဇာရဲ့ အခြေခံဈေးနှုန်းက စကြဝဠာဒင်္ဂါးပြား ၈၈ထရီလီယံဖြစ်ပါတယ်"
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင်က ဈေးကြီးမည်ဟု ထင်ထားပြီးဖြစ်သော်ငြား ဤမျှအထိ ဈေးကြီးလိမ့်မည်ဟု မထင်ထားပေ။ ဤဈေးနှုန်းက အဆင့်ငါးမျိုးနွယ်စုတစ်ခုလုံး၏ စုစုပေါင်းတန်ဖိုးနီးပါးလောက် ရှိနေပေသည်။ ထို့ပြင် ဤသည်မှာ အခြေခံဈေးနှုန်းသာ ရှိသေးသည်။
ကမ္ဘာပေါ်တွင် ကားဝယ်ခြင်းနှင့် ခပ်ဆင်ဆင်ပင်။ မှတ်ပုံတင်ကြေးများ၊ အလှဆင်ကြေးများကို ပေါင်းထည့်လိုက်လျှင် အမှန်တကယ်ကျသင့်ငွေက သတ်မှတ်ဈေးနှုန်း၏ နှစ်ဆအထိ ဖြစ်သွားနိုင်သည်။
အာကာသယာဉ်အတွက် ထပ်ဆောင်းဝန်ဆောင်မှုများက ပို၍ပင်ဈေးကြီးနိုင်သေးသည်။ အားလုံးအပြီးအစီးဆိုလျှင် စုစုပေါင်းတန်ဖိုးက အဆင့်ငါးမျိုးနွယ်စု တော်တော်များများ၏ တန်ဖိုးအထိ ရောက်သွားနိုင်သည်။
"ဒီအာကာသယာဉ်အတွက် လက်ရှိမှာ ရွေးချယ်စရာအရောင်ပေါင်း ၁၂၄၀၀ရောင် ရှိပါတယ်။ ဒီအနက်ရောင်အစစ်ကလွဲလို့ ကျန်တဲ့အရောင်တွေဆိုရင် စကြဝဠာဒင်္ဂါးပြား၂ထရီလီယံ ထပ်ဆောင်းပေးရပါမယ်။ တကယ်လို့ ကိုယ်ပိုင်အရောင်စပ်ချင်တယ်ဆိုရင်တော့ စကြဝဠာဒင်္ဂါး၅ထရီလီယံ ထပ်ပေးရမှာပါ"
"တခြားဘာရှိသေးလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"စွမ်းအင်မြင့်အာကာသယာဉ်တစ်စီး ဖြစ်တဲ့အတွက် စတားဂေဇာမှာ စွမ်းအင်အဆင့်အလိုက် ဈေးနှုန်းတွေလည်း ကွဲပြားပါသေးတယ်။ လက်ရှိအချိန်အထိတော့ အမြန်ဆုံး အာကာသယာဉ်ဖြစ်ပြီး အခြေခံစွမ်းအင်က အဆင့်ငါးထိပ်တန်းမျိုးနွယ်စုတစ်ခုရဲ့ စံသတ်မှတ်ချကစစ်သင်္ဘောနဲ့ ညီမျှပါတယ်။ အဲဒီအထက်မှာ စွမ်းအင်ညွှန်းကိန်းသုံးခုရှိပြီး အမြန်ဆုံးအဆင့်ဆိုရင် အဆင့်ငါးထိပ်တန်း မျိုးနွယ်စုစစ်သင်္ဘောရဲ့ အမြန်နှုန်းထက် ရှစ်ဆ ပိုမြန်ပါတယ်"
"ယောက်ျားဆိုတာ မြန်မြန်ဆန်ဆန်ရှိရမယ်။ အမြန်ဆုံးစနစ်ကိုပဲ ပေးပါ"
"အဲဒီအတွက်ဆိုရင်တော့ စွမ်းအင်အတွက် စကြဝဠာဒင်္ဂါးပြား၂၀ထရီလီယံ ထပ်ပေးရပါမယ်ရှင့်"
"ပိုက်ဆံအတွက် မပူပါနဲ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တခြားဘာရှိသေးလဲ"
"နေရာကျယ်ဝန်းမှုနဲ့ ပတ်သက်ပြီးတော့ရော ဘာများလိုအပ်ချက်ရှိပါသေးလဲရှင့်"
"ဒါပေါ့... ကြီးလေကောင်းလေပဲ။ ဒါပေမဲ့ အာကာသယာဉ်က ဒီလောက်အရွယ်အစားပဲ ရှိတာမဟုတ်ဘူးလား"
ကျန်းမုန့်လောင် စပ်စုလိုက်သည်။
"မင်းတို့ဆီမှာ စတားဂေဇာပလပ်စ်တို့၊ စတားဂေဇာအဲတို့၊ စတားဂေဇာပရိုတို့များ ရှိနေသေးတာလား"
"ကျွန်မတို့ရဲ့ အာကာသယာဉ်တွေက အတွင်းဘက်မှာ ချဲ့ထွင်ထားတဲ့ နေရာလွတ်တွေကို တပ်ဆင်လို့ရပါတယ်။ လူကြီးမင်းအတွက် ဟင်းလင်းပြင်ကျောက်တုံးကို အသုံးပြုပြီး အခန်းအမျိုးမျိုးကို ဖန်တီးပေးနိုင်တဲ့အပြင် စုစုပေါင်းဝင်ဆံ့မှုကိုလည်း ဆယ်ဆအထိ တိုးမြှင့်ပေးနိုင်ပါတယ်ရှင့်"
ဟင်းလင်းပြင်ကျောက်တုံးအကြောင်း ကျန်းမုန့်လောင် ယခင်က ကြားဖူးသည်။ ထိုအရာများမှာ သိုလှောင်စရာနေရာများဖြစ်ပြီး သီးခြားခွဲထွက်နေသော ကမ္ဘာငယ်လေးတစ်ခုနှင့် ခပ်ဆင်ဆင်ပင်။ ထိုအရာများက တန်ဖိုးမဖြတ်နိုင်လောက်အောင် အလွန်ဈေးကြီးသည်ဟု သိရသည်။
"အဲဒီလိုနေရာမျိုးကို သက်ရှိတွေ ဝင်လို့မရဘူးမလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဒါက ကျွန်မတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာပါ။ နောက်ထပ်တွင်းထွက်ပစ္စည်းတစ်မျိုးကို ထည့်သွင်းပြီး သက်ရှိတွေနေထိုင်နိုင်တဲ့ နေရာတွေကို ဖန်တီးနိုင်နေပါပြီ။ ဒါပေမဲ့ နည်းပညာက အပြည့်အဝမဖွံ့ဖြိုးသေးတဲ့အတွက် နေရာချဲ့ထွင်နိုင်စွမ်းကတော့ အကန့်အသတ်ရှိပါတယ်။ ဒါပေမဲ့ ပစ္စည်းသိုလှောင်ဖို့လောက်ပဲ လိုအပ်တာဆိုရင်တော့ ဒီနေရာကို ဂြိုဟ်တစ်လုံးစာလောက် ကြီးမားသွားအောင် ဖန်တီးပေးနိုင်ပါတယ်"
"မိုက်လှချည်လား"
ကျန်းမုန့်လောင် ချီးကျူးလိုက်သည်။
"ထည့်မယ်။ အကျယ်ဆုံးနေရာကိုပဲ ပေး"
"လူကြီးမင်း... ဒီအတွက် ဈေးနှုန်းကတော့ နည်းနည်းမြင့်နိုင်ပါတယ်။ သက်ရှိတွေ လှုပ်ရှားသွားလာနိုင်တဲ့နေရာကို နှစ်ဆတိုးချင်တယ်ဆိုရင် စကြဝဠာဒင်္ဂါးပြား၅ ထရီလီယံ ကျသင့်မှာပါ။ ဆယ်ဆဆိုရင်တော့ ၅၀ထရီလီယံကျသင့်ပါတယ်"
"ထည့်လိုက်။ ငါ့မှာ ပိုက်ဆံမရှားဘူး"
"လက်နက်စနစ်တွေနဲ့ ပတ်သက်ပြီးတော့ရော လူကြီးမင်း..."
ကျန်းမုန့်လောင် ဆက်မနားထောင်ချင်တော့ပေ။ သူ့တွင် ငွေဆိုသည်မှာ လိုလေသေးမရှိချေ။
"ငါက အဲဒါတွေကို နားမလည်တဲ့အတွက် ဒီအချက်အလက်တွေကို မိတ်ဆက်ပေးနေဖို့ မလိုပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
သူသည် 'ပေးရသောဈေးနှင့် တန်သောပစ္စည်းကိုရသည်'ဟူသော စကားကို ယုံကြည်သူပင်။
"စနစ်တွေအကုန်လုံးအတွက် ဈေးအကြီးဆုံးတွေကိုသာ ငါ့အတွက် ရွေးပေးလိုက်တော့"
***************
အခန်း ၈၂၁ - ငါက ငွေမရှားဘူး
စတားဂေဇာသည် ထိပ်တန်းအာကာသယာဉ် အမျိုးအစား ဖြစ်သည့်အားလျော်စွာ စိတ်ကြိုက်ပြင်ဆင်နိုင်သော ပစ္စည်းများစွာ ပါဝင်ပြီး ထိုအရာများက နောက်ဆုံးကျသင့်ငွေကို မူလဈေးထက် အဆပေါင်းများစွာ မြင့်တက်သွားစေနိုင်သည်။
ယေဘုယျအားဖြင့် ဤကဲ့သို့သော အာကာသယာဉ်များကို ဝယ်ယူသူများသည် စိတ်ကြိုက်ပြင်ဆင်မှုများကို အသေအချာ ရွေးချယ်လေ့ရှိကြသည်။ ထိုလူများသည် "ပေးသလောက် ပြန်ရသည်"ဟူသော မူကို နားလည်ကြသော်လည်း ကုန်ကျစရိတ်နှင့် ထိရောက်မှုကိုလည်း အလေးထားကြပေ၏။ ငွေအမြောက်အမြား အကုန်အကျခံသော်လည်း စွမ်းဆောင်ရည်မှာ အနည်းငယ်သာ တိုးတက်လာမည်ဆိုပါက အဓိပ္ပာယ်သိပ်မရှိလှပေ။
မည်သို့ပင်ဆိုစေကာမူ ဤလောကတွင် ပိုက်ဆံဆိုသည်မှာ သစ်ပင်ပေါ်မှ အလိုလိုသီးလာခြင်း မဟုတ်ပေ။ သို့သော် ကျန်းမုန့်လောင်အတွက်မူ ခြွင်းချက်ဖြစ်နေပြန်သည်။
"ဆရာ... သေချာရဲ့လားရှင်.. ဘာလို့လဲဆိုတော့ စိတ်ကြိုက်ပြင်ဆင်လို့ရတဲ့ အပိုင်း၃၂ပိုင်း ကျန်ပါသေးတယ်။ အဲ့ဒါတွေအားလုံးကို ဈေးအကြီးဆုံးတွေပဲ ရွေးမယ်ဆိုရင်တော့ စုစုပေါင်းဈေးနှုန်းက မူလဈေးထက် အများကြီး ပိုများသွားပါလိမ့်မယ်"
"မင်းပဲ တွက်လိုက်ပါ"
ကျန်းမုန့်လောင်က ဂရုမစိုက်လေဟန်ဖြင့် ဆိုလိုက်လေသည်။ မည်မျှပင် ဈေးကြီးစေကာမူ အဆိုးဆုံးအနေနှင့် တစ်မိနစ်အတွင်း ပြန်ရှာနိုင်သည် မဟုတ်ပါလော။
အန်နီနက်သည် သူ(မ)၏တာမီနယ်ကို အလျင်အမြန် အသုံးပြုလိုက်သော်လည်း စိတ်ထဲတွင်မူ ကျန်းမုန့်လောင်ကို ဝယ်ယူနိုင်စွမ်းမရှိသလို အလားအလာလည်းမရှိသော ဖောက်သည်စာရင်းထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်၏။
ဤသည်မှာ အာကာသယာဉ် ဝယ်ယူနေခြင်းဖြစ်ပြီး ကုန်စုံဆိုင်တွင် ဟင်းသီးဟင်းရွက် ဝယ်နေခြင်း မဟုတ်ပေ။ စူပါမားကတ်တွင် မက်မွန်သီးတစ်လုံး ဝယ်လျှင်ပင် ပျော့သလားမာသလားဆိုသည်ကို အနည်းဆုံးတော့ စစ်ဆေးကြသည် မဟုတ်ပါလား။ အာကာသယာဉ်တစ်စင်းကို အမှန်တကယ် ဝယ်ယူမည့်သူက ဤမျှအထိ ပေါ့ပေါ့ဆဆလုပ်ပါမည်လော။
သူ(မ)ကမူ နောက်ဆုံးကျသင့်ငွေကို မြင်လိုက်ရသည်နှင့် ကျန်းမုန့်လောင်တစ်ယောက် ချက်ချင်းပင် လက်ရှောင်သွားလိမ့်မည်ဟု ယုံကြည်နေသဖြင့် သူ တောင်းဆိုသည့်အတိုင်း အဈေးအကြီးဆုံးများကိုသာ ရွေးချယ်ပေးလိုက်တော့သည်။
"ဆရာ... စနစ်အားလုံးကို အမြင့်ဆုံးတွေပဲ သုံးမယ်ဆိုရင်တော့ အာကာသယာဉ်တစ်စင်းလုံးအတွက် လက်ရှိကျသင့်ငွေက စကြဝဠာဒင်္ဂါး၄၂၅ ထရီလီယံ ဖြစ်ပါတယ်ရှင်"
"ဈေးမများပါဘူး"
"ဈေးမများဘူး ဟုတ်လား"
အန်နီနက်၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးထွက်မတတ် ဖြစ်သွားလေ၏။ ရာစုနှစ်ပေါင်းများစွာအတွင်း ချမ်းသာသော ပုဂ္ဂိုလ်ကြီးများစွာပင် ဤဈေးနှုန်းကို ကြားလျှင် လန့်ပြေးကြသော်လည်း ကျန်းမုန့်လောင်ကမူ ဈေးမများပါဟု ဆိုနေချေသည်။
ဒီလူက ဟန်ဆောင်တာသိပ်တော်လွန်းတာပဲ။ တကယ်တမ်း ငွေချေရမယ့်အချိန်မှာရော သူ ပေးနိုင်မှာလား။
ကျန်းမုန့်လောင်သည် ရှေးဟောင်းပစ္စည်းကဲ့သို့ ဖြစ်နေသော သူ့နာရီကို ကြည့်လိုက်သည်။ အန်နီနက်၏ အမြင်တွင်မူ ထိုအရာမှာ လက်ပတ်နာရီ တစ်လုံးမျှသာ ဖြစ်ပေသည်။ သူသည် ဤကုမ္ပဏီထဲသို့ ဝင်လာသည်မှာ ဆယ်မိနစ်ခန့် ရှိပြီဖြစ်ရာ ယခုအချိန်တွင် စတားဂေဇာအာကာသယာဉ် အစင်းပေါင်းများစွာ ဝယ်နိုင်သည့် ပိုက်ဆံမှာ အလိုလိုရောက်ရှိနေပြီဖြစ်၏။
"ကောင်းပြီ။ ဒါဆို အစီအစဉ်အတိုင်းပဲ လုပ်လိုက်ရအောင်.. အရောင်ကိုတော့ ခရမ်းရင့်ရောင်ပဲ ယူမယ်"
ကျန်းမုန့်လောင်သည် ထိုအရောင်ကို သဘောကျနေသည်မှာ ကြာပြီဖြစ်၏။
"ငွေကို တိုက်ရိုက်ပဲလွှဲပေးရမလား"
"ရှင်"
အန်နီနက်တစ်ယောက် မှင်တက်သွားရှာသည်။
ဘာတွေ ဖြစ်နေတာလဲ။ သူက တကယ်ပဲ အခု ငွေချေတော့မှာလား။ သူ(မ) အတွက်မှားသွားခဲ့တာလား။
"ဆရာ... ကျွန်မတို့ရဲ့ လုပ်ထုံးလုပ်နည်းက ဒီလိုပါရှင်.. ကုမ္ပဏီက အရင်ဆုံး စရန်ငွေကို လက်ခံပါမယ်။ ပြီးရင် စက်ရုံမှာ ရှင့်ရဲ့အော်ဒါကို ပေးထားပါ့မယ်.. အော်ဒါအလှည့်ရောက်ပြီဆိုမှ ကျန်ရှိတဲ့ ငွေကို အကျေချေရမှာပါ။ ဒီလုပ်ငန်းစဉ်အတွင်းမှာ စရန်ငွေကို ပြန်ထုတ်ယူလို့ရသလို စိတ်ကြိုက်ပြင်ဆင်မှုတွေကိုလည်း အချိန်မရွေးပြောင်းလဲနိုင်ပါတယ်"
"တော်တော်လေး အဆင်ပြေသားပဲ"
ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်သည်။ အမှန်စင်စစ် ကမ္ဘာမြေပေါ်ရှိ ကားကုမ္ပဏီ သို့မဟုတ် အိမ်ခြံမြေ ကုမ္ပဏီအများအပြားမှာလည်း ဤနည်းအတိုင်းပင် လုပ်ဆောင်ကြသည်။ ဤစရန်ငွေမှာ များသောအားဖြင့် ကနဦးပေးသွင်းငွေထက် ပိုမြင့်မားသော်လည်း အကျိုးကျေးဇူးများစွာ ပါဝင်တတ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤစရန်ငွေများမှာ ပမာဏများပြားပြီး ကုမ္ပဏီတွင် အချိန်အကြာကြီး ရှိနေသောကြောင့် ၎င်းတို့ကို ကုမ္ပဏီကြီးများက ရင်းနှီးမြှုပ်နှံမှုအနေနှင့် အသုံးပြုကြပြီး အမြတ်အစွန်းများ ရရှိကြ၏။ နောင်တွင် စရန်ငွေကို ပြန်အမ်းပေးသည့်တိုင်အောင် အတိုးနှုန်းမှာ ကုမ္ပဏီအတွက် ကျန်ရှိနေမည်ဖြစ်၏။
"စရန်ငွေ ဘယ်လောက်ပေးရမလဲ"
"ဒီမော်ဒယ်အတွက် စရန်ငွေက မူလဈေးရဲ့ ၁၀ ရာခိုင်နှုန်းပါ။ ဆိုလိုတာက စကြဝဠာဒင်္ဂါး၁၀ထရီလီယံ ပေးရပါမယ်။ တရားဝင် မထုတ်လုပ်ခင်အထိ အော်ဒါကို ပြင်ဆင်တာ ဒါမှမဟုတ် ပယ်ဖျက်တာတွေ လုပ်နိုင်ပါတယ်"
"ကောင်းပြီ။ ဒါဆို လုပ်ကြတာပေါ့!"
အဆင့်ငါးမျိုးနွယ်စု၏ ကုမ္ပဏီဖြစ်သဖြင့် အလွန်အထင်ကြီးချင်စရာ ကောင်းလှသည်။ စနစ်တစ်ခုလုံး၏ ငွေပေးချေမှုစာမျက်နှာတစ်ခုမှာ ကျန်းမုန့်လောင်၏ရှေ့တွင် ပေါ်လာလေ၏။ သူက အတည်ပြုချက်ပေးပြီး လျှို့ဝှက်နံပါတ်ရိုက်ထည့်လိုက်သည်နှင့် ငွေပေးချေမှုမှာ ပြီးဆုံးသွားမည် ဖြစ်၏။
"ငွေပေးချေမှု အောင်မြင်ပါပြီ"
စကြဝဠာဒင်္ဂါး၁၀ထရီလီယံ လွှဲပြောင်းပြီးသွားသည့်အခါမှသာ အန်နီနက်လည်း ဤလူမှာ အမှန်တကယ် ရိုးရိုးအေးအေးနေတတ်သော သန်းကြွယ်သူဌေးတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တော့သည်။
ပုံမှန်အားဖြင့် ဖောက်သည်များသည် ဈေးညှိနှိုင်းရာတွင်ပင် အချိန်အတော်ကြာအောင် တုံ့ပြန်ဆွေးနွေးလေ့ရှိကြပြီး စမ်းသပ်မောင်းနှင်မှုမှာလည်း ပြောနေရန်ပင် မလိုပေ။ ဤဖောက်သည်မှာမူ စမ်းသပ်မောင်းနှင်ခြင်းပင် မပြုလုပ်ဘဲ အာကာသယာဉ်ကို ကြည့်ရှုချိန်မှသည် စရန်ငွေပေးသွင်းချိန်အထိ စကြဝဠာအချိန် နာရီဝက်ပင် မပြည့်သေးချေ။
ဤကဲ့သို့သော လူစားမျိုးမှာ သဘောထား အလွန်ကြီးသူ သို့မဟုတ် ပိုက်ဆံ အလွန်အမင်းများပြားလွန်းသဖြင့် အသုံးစရိတ်အတွက် ပူပန်ရန် မလိုသူသာ ဖြစ်ပေလိမ့်မည်။
"ခဏလောက် စောင့်ပေးပါရှင်။ ကျွန်မ အကောင့်ကို စစ်ဆေးလိုက်ပါဦးမယ်"
အန်နီနက်သည် သူ(မ)၏ အလုပ်စနစ်ထဲသို့ ဝင်ရောက်လိုက်ရာ ကုမ္ပဏီအကောင့်ထဲသို့ စရန်ငွေ အမှန်တကယ် ရောက်ရှိနေပြီဖြစ်၏။
"ဝန်ထမ်းအမှတ် HF7557 မင်းရဲ့ကုမ္ပဏီအကောင့်ထဲကို စကြဝဠာဒင်္ဂါး၁၀ထရီလီယံ ရောက်ရှိလာပါပြီ။ ဒီအကောင့်ပိုင်ရှင်ဟာ စကြဝဠာဘဏ်ရဲ့ ကြယ် ငါးပွင့်အဆင့်ရှိတဲ့ အဖွဲ့ဝင်ဖြစ်ပြီး ထိပ်တန်းဖောက်သည် တစ်ဦးလည်း ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဒီဖောက်သည်နဲ့ ဆက်ဆံရေးကို သေချာထိန်းသိမ်းပါ"
"စကြဝဠာဘဏ်ရဲ့ ကြယ်ငါးပွင့်အဖွဲ့ဝင် ဟုတ်လား"
အန်နီနက်စ်တစ်ယောက် ဆွံ့အသွားတော့သည်။
စီးပွားရေးအကြောင်းအရင်းခံများကြောင့် သူတို့သည် စကြဝဠာဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိကြသည်။ ဖောက်သည်တစ်ဦးချင်းစီ၏ ငွေပေးချေမှုတိုင်းတွင် ကုမ္ပဏီသည် ထိုဖောက်သည်၏ ဘဏ်အဆင့်သတ်မှတ်ချက်ကို ကြည့်ရှုနိုင်ပြီး ထိုသူတို့၏ သုံးစွဲနိုင်စွမ်းနှင့် အရည်အချင်းကို အကဲဖြတ်နိုင်ကြလေသည်။
ယခုအချိန်အထိ အန်နီနက်စ်သည် ကြယ်အဆင့်သတ်မှတ်ချက်ရှိသော ဖောက်သည်အများအပြား ကြုံခဲ့ဖူးသော်လည်း အများအားဖြင့် လာရောက်ဝယ်ယူသူများမှာ အဆင့်သုံးမျိုးနွယ်စုမှ ထိပ်သီးပုဂ္ဂိုလ်များမှ စတင်လေ့ရှိပြီး အဆင့်ငါးမျိုးနွယ်စု အရှင်သခင်များကို မြင်တွေ့ရသည်မှာလည်း မဆန်းပေ။
သို့သော် ထိုသူများကပင် အများဆုံး ကြယ်တစ်ပွင့် အဆင့်သာ ရှိကြပြီး ကြယ်နှစ်ပွင့်မှာပင် ရှားပါးလှလေ၏။ ကြယ်ငါးပွင့်အဆင့်ရှိသော လူစားမျိုးကိုမူ တစ်ခါမှမကြုံဖူးခဲ့ပါချေ။
အမှန်စင်စစ် ကြယ်ငါးပွင့်အဆင့်ရှိသူများမှာ လက်လှမ်းမမီသော ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်ကြလေရာ မည်သူကများ အာကာသယာဉ်ဝယ်ယူရန် လူကိုယ်တိုင် လာပါမည်နည်း။
"မစ္စတာ... အဲ.. ဆရာ ကျွန်မတို့ စရန်ငွေကို လက်ခံရရှိပါပြီ"
ဤကဲ့သို့သော ကြယ်ငါးပွင့်အဆင့်ရှိသူနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရသဖြင့် အန်နီနက်စ်မှာ စကားပင် မည်သို့ပြောရမှန်း မသိတော့ပေ။
အမှန်အတိုင်းပြောရလျှင် သူ(မ)လို လူစားမျိုးမှာ ထိပ်သီးပုဂ္ဂိုလ်ကြီးများနှင့် နီးစပ်ခွင့်ရပြီး ဘဝတက်လမ်း ရရှိရန် စိတ်ကူးယဉ်တတ်ကြသည်။ လက်တွေ့တွင်လည်း ကုမ္ပဏီရှိ ဝန်ထမ်းအများအပြားမှာ ထိုကဲ့သို့သော ချမ်းသာသည့် ဖောက်သည်များနှင့် ပတ်သက်မှုရှိရန် ဝန်မလေးကြပေ။
သို့သော် ထိုသူများမှာ များသောအားဖြင့် ကြယ်တစ်ပွင့် သို့မဟုတ် နှစ်ပွင့်အဆင့်ရှိသူများသာ ဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ရှိသူမှာမူ ဒဏ္ဍာရီထဲရှိ ပုဂ္ဂိုလ်တစ်ဦးအလားပင်။
ဥပမာအားဖြင့် မိန်းကလေးတစ်ဦးသည် ချမ်းသာသော သူဌေးသားတစ်ဦးနှင့် လက်ထပ်ရန် စိတ်ကူးယဉ်ကောင်း ယဉ်နိုင်သော်လည်း သူ(မ)၏ ရှေ့တွင် ဧကရာဇ်မင်းတစ်ပါး ပေါ်လာသည့်အခါတွင်မူ သူ(မ)၏ ဦးနှောက်မှာ ဗလာဖြစ်သွားသကဲ့သို့ပင်။ ၎င်းမှာ ယခု အန်နီနက်စ်ဖြစ်နေသော အခြေအနေပင်။
"ကျွန်တော် ထပ်လုပ်ရမှာတွေ ရှိသေးလား"
ကျန်းမုန့်လောင်က ဆက်မေးလိုက်သည်။
"ဆရာ... နောက်ဆုံးအနေနဲ့ အာကာသယာဉ်ရဲ့ ကိုယ်ထည်ပစ္စည်းကို ရွေးချယ်ပေးရပါမယ်"
အန်နီနက်စ်လည်း စိတ်ကို တည်ငြိမ်အောင် ကြိုးစား၍ ဆက်ပြောလိုက်၏။
"ကျွန်မတို့ အာကာသယာဉ်က လက်ရှိမှာ တိုက်ပွဲဝင် အာကာသယာဉ်တွေအတွက် အဆင့်မြင့်ဆုံးဖြစ်တဲ့ နိုင်ဂျယ်သတ္တုစပ်ကို အသုံးပြုထားပါတယ်ရှင်"
"ကာကွယ်နိုင်စွမ်းကရော ဘယ်လိုလဲ"
"သူက အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုတွေရဲ့ အပူစွမ်းအင်သုံးလက်နက် တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်ပြီး အဆင့်၆သက်ရှိတစ်ဦးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိပါတယ်"
"ဒီထက်ပိုကောင်းတာ ရှိသေးလား"
ကျန်းမုန့်လောင်က ဆက်စုံစမ်းလိုက်သည်။
သူသည် အမြဲတမ်းကြွားဝါရန် အခွင့်အရေးကို ရှာနေသူ ဖြစ်သည့်အားလျော်စွာ အဆင့်၆သက်ရှိ၏ အစွမ်းကုန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော သတ္တုစပ်မှာ အထင်ကြီးစရာကောင်းလှသော်လည်း သူ့မျှော်မှန်းချက်နှင့်မူ ဝေးကွာနေသေးသည်။
"ရှိပါတယ်"
အန်နီနက်စ်က စာရင်းတစ်ခုကို ပြလိုက်သည်။
"သိုင်းလက်နက်အဆင့်ရှိတဲ့ သတ္တုပစ္စည်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ တော်တော်ပိုများနေပါလိမ့်မယ်"
ကျန်းမုန့်လောင်လည်း စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး အောက်ဆုံးအထိ ဆွဲချလိုက်သည်။
"မူလသတ္တုစပ်... ဒါက ဘာကြီးလဲ"
"ဒါက စကြဝဠာအစပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ ပစ္စည်းပါ။ လက်ရှိ စကြဝဠာအတွင်းမှာ အခိုင်ခံ့ဆုံးနဲ့ အတည်ငြိမ်ဆုံး သဘာဝသတ္တုစပ်လို့ သိထားကြပါတယ်။ ထိပ်တန်းမျိုးနွယ်စုတွေတောင်မှ ဒီသတ္တုစပ်ကို လူလုပ်နည်းနဲ့ မဖော်စပ်နိုင်ကြပါဘူး"
"ဝိုး... ဂရမ်နဲ့ ရောင်းတာလား"
ကျန်းမုန့်လောင်က အံ့သြတကြီးပြောလိုက်သည်။
"တစ်ဂရမ်ကို စကြဝဠာဒင်္ဂါး ၈၀၀ဝဝတဲ့။ ဒီအရာက မျိုးနွယ်စုတစ်ခုလုံးရဲ့ ဂြိုဟ်တစ်လုံးတန်ဖိုးနဲ့တောင် နှိုင်းယှဉ်လို့ ရနေပြီပဲ"
"ဟုတ်ပါတယ်ဆရာ... မူလသတ္တုစပ်ထုတ်လုပ်မှုက အစကတည်းက အကန့်အသတ် ရှိပါတယ်။ များသောအားဖြင့် ဒီသတ္တုကို သိုင်းလက်နက်တွေ ပိုမိုခိုင်မာအောင် အားဖြည့်တဲ့ပစ္စည်းအဖြစ်ပဲ ရောင်းချတာပါ။ နည်းနည်းထည့်သွင်းရုံနဲ့တင် လက်နက်ရဲ့စွမ်းအားကို သိသိသာသာ တိုးတက်စေပါတယ်"
"တကယ့်ကိုအထင်ကြီးစရာပဲ"
ကျန်းမုန့်လောင်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။
"ဒါဆို အဲ့ဒါကိုပဲ သုံးလိုက်ရအောင်"
"သေချာရဲ့လားရှင့်"
အန်နီနက်စ်ခမျာ အကြိမ်ကြိမ် အတည်ပြုနေမိသည်။
"စတားဂေဇာရဲ့ သတ်မှတ်ချက်အရ အသင့်တော်ဆုံး မူလသတ္တုစပ်အချိုးအစားက ၁.၅ရာခိုင်နှုန်း လိုအပ်ပါတယ်။ တန်ချိန်တစ်သန်းရှိတဲ့ စတားဂေဇာ တစ်စင်းအတွက်ဆိုရင် အနည်းဆုံး မူလသတ္တုစပ် တန်ချိန်တစ်သောင်း လိုအပ်မှာပါ"
"လက်ရှိပေါက်ဈေးအရ မူလသတ္တုစပ်က စကြဝဠာဒင်္ဂါး၈၀ဝဝဝ ဆိုတော့ စုစုပေါင်း စကြဝဠာဒင်္ဂါး ၈၀ဝထရီလီယံ ကျသင့်ပါလိမ့်မယ်။ မူလပြင်ဆင်မှုတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်းဈေးနှုန်းက ၁၂ကြယ်ပွင့်ဝန်းကျင်လောက် ဖြစ်သွားပါလိမ့်မယ်ရှင်"
"ဈေးသက်သာပါသေးတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်လေသည်။
"ဒီယာဉ်တစ်စင်းလုံးကို ၁၀ဝရာခိုင်နှုန်း မူလသတ္တုစပ်နဲ့ပဲ လုပ်ပေးလို့ရမလား။ ကျွန်တော့်မှာ ငွေမရှားပါဘူး"
******************
အခန်း ၈၂၂ : ငါက အစုရှယ်ယာရှင်တစ်ယောက်မှန်း ငါ့ဟာငါတောင် အခုမှသိတာ
"မူလသတ္တုစပ်၁၀၀ရာခိုင်နှုန်းလား"
အန်နီနက်စ်က ခပ်မဲ့မဲ့ပြုံးလိုက်သည်။
အကယ်၍ ထိုမူလသတ္တုစပ်ရာခိုင်နှုန်းအတိုင်းသာ တည်ဆောက်မည်ဆိုလျှင် ကုန်ကျစရိတ်က အဆတစ်ရာပင် မကတော့ပေ။
မူလသတ္တုစပ်၏ သိပ်သည်းဆက ကြောက်ခမန်းလိလိ မြင့်မားလှသည်။
ထို့ပြင် စတားဂေဇာအာကာသယာဉ်များမှာ အလျား၊ အနံ၊ အမြင့် အချိုးအစား သတ်မှတ်ချက်များ ရှိပြီးသားဖြစ်လေရာ အာကာသယာဉ်တည်ဆောက်ရေးပစ္စည်းများ၏ ဈေးနှုန်းကို အလေးချိန်နှင့် တွက်ချက်ခြင်းမဟုတ်ဘဲ ထုထည်နှင့် တွက်ချက်ခြင်းသာ။
သမားရိုးကျနိုင်ဂျယ်သတ္တုစပ်ကို သုံးမည်ဆိုလျှင် အာကာသယာဉ်၏ အလေးချိန်က တန်ချိန်တစ်သန်းဝန်းကျင်သာ ရှိပေလိမ့်မည်။
သို့သော် ထုထည်တူညီသည့် အနေအထားတွင် မူလသတ္တုစပ်၁၀၀ရာခိုင်နှုန်းကိုသာ အသုံးပြုလိုက်မည်ဆိုလျှင် အလေးချိန်ကို မူလသတ္တုစပ်၏ သိပ်သည်းဆနှင့် တွက်ချက်ရတော့မည်။ ဤထုထည်အတွက် အလေးချိန်ကလည်း တန်ချိန်သန်းတစ်ရာထက် ကျော်လွန်သွားပေလိမ့်မည်။
ဂရမ်နှင့်တွက်ကြည့်လျှင် ဂရမ်တစ်ရာထရီလီယံရှိ၏။ တစ်ဂရမ်ကို အာကာသဒင်္ဂါး၈၀၀၀၀ဈေးနှင့်တွက်လျှင် ထိုယာဉ်ကြီးက ကြယ်ပေါင်း၈၀၀၀၀နှင့် ညီမျှပြီး ကြယ်သုံးပွင့်အဆင့် သုံးစွဲသူတစ်ယောက်၏ ပိုင်ဆိုင်မှုအားလုံးနီးပါး ရှိနေချေပြီ။
ရှင်က သတ္တုဝယ်နေတာလား။ အာကာသယာဉ် ဝယ်နေတာလား။ ဖောက်သည်တိုင်းသာ ဤပုံစံမျိုးဆိုလျှင် သူတို့ အာကာသယာဉ်ရောင်းနေမည့်အစား သတ္တုလုပ်ငန်းဘက်သို့ ပြောင်းလုပ်လိုက်ခြင်းကသာ ပိုကောင်းပေဦးမည်။
အရေးကြီးဆုံးအချက်မှာ မူလသတ္တုစပ်ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲ သယံဇာတ မဟုတ်ပေ။ ထို့ပြင် နှစ်စဉ်တူးဖော်ရရှိနိုင်သော ပမာဏကလည်း အလွနါနည်းပါးလှသည်။
မူလသတ္တုစပ် တန်ချိန်သန်းတစ်ရာ ရဖို့ဆိုသည်မှာ ဤစကြဝဠာကြီးထဲတွင် အချိန်အတော်ကြာအောင် တူးဖော်ရမည်သာ။ ဤလုပ်ရပ်က နောင်လာနောက်သားများအတွက် မျိုးစေ့ပင် ချန်မထားသော လုပ်ရပ်ပင်။
"လူကြီးမင်း... လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေတဲ့ မူလသတ္တုစပ်ပမာဏက တန်ချိန်သန်းဂဏန်းလောက်ပဲ ရှိတာပါ။ ပြီးတော့ တစ်နှစ်တာ တူးဖော်နိုင်တဲ့ပမာဏကလည်း တန်ချိန်သောင်းဂဏန်းလောက်ပဲ ရှိတာမို့လို့ လူကြီးမင်းရဲ့တောင်းဆိုချက်က..."
"သဘောပေါက်ပြီ"
ကျန်းမုန့်လောင်က စိတ်ပျက်သွားလေဟန် မျက်နှာပေးမျိုး လုပ်လိုက်သည်။ ဤလောကကြီးမှာရှိသည့် အရာရာတိုင်းကို ပိုက်ဆံနှင့် ဝယ်၍မရနိုင်ဘူးဆိုသည်မှာ သေချာသွားခဲ့လေပြီ။
ထူးရှယ်နတ်ဘုရားကျောင်းတော်က ဆရာများအနေနှင့် ပိုအံ့မခန်းဖြစ်စေမည့် သတ္တုဖော်စပ်နည်းများ တီထွင်နိုင်မလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။
"ကောင်းပြီလေ... ဒါဆိုရင်လည်း မင်း အကြံပေးတဲ့ အချိုးအစားအတိုင်းပဲ လုပ်လိုက်တော့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ မူလသတ္တုစပ်လည်း အများကြီးမရှိမှတော့ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
"လောလောဆယ်တော့ ဒီအတိုင်း ဖြစ်သလိုသုံးလိုက်ရတော့မှာပေါ့"
"ဖြစ်သလိုသုံးရမယ်တဲ့လား..."
အန်နီနက်စ် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။ အဆင့်ငါးမျိုးနွယ်စုဆယ်ခုစာလောက် တန်ကြေးရှိသော ဤအာကာသယာဉ်ကြီးကို ဖြစ်သလိုသုံးမယ်တဲ့လား။ ဤစကြဝဠာထဲရှိ သူဌေးသားများအားလုံးက ဤသို့ကစားတတ်ကြလေသလား။
"လူကြီးမင်း... ဒါဆိုရင် လူကြီးမင်းရဲ့ အော်ဒါကို စီစဉ်ပေးပါတော့မယ်"
အန်နီနက်စ်က ပြောလိုက်သည်။
"ကုမ္ပဏီရဲ့ လက်ရှိထုတ်လုပ်မှုအခြေအနေအရ လူကြီးမင်းရဲ့ အာကာသယာဉ်ကို အာကာသနှစ်၃၇နှစ်ကြာမှ စတင်ထုတ်လုပ်နိုင်မှာဖြစ်ပြီး တည်ဆောက်ချိန်ကတော့ ခန့်မှန်းခြေ အာကာသနှစ်တစ်ဝက်လောက် ကြာမြင့်ပါလိမ့်မယ်"
"နေဦး"
ကျန်းမုန့်လောင် ထွက်သွားရန် ပြင်လိုက်စဉ်မှာပဲ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
အာကာသနှစ်ဝက်ဆိုသည်မှာ ရှစ်လဝန်းကျင်ခန့် ရှိ၏။ ကမ္ဘာပေါ်တွင် သာမန်ကားများကို အော်ဒါမှာလျှင်ပင် လပေါင်းများစွာ ကြာတတ်သည်ဖြစ်ရာ ဤအချိန်ကာလက လုံးဝမကြာဘူးဟုပင် ဆိုရမည်ဖြစ်သဖြင့် သူ့မျှော်မှန်းချက်များကိုပင် ကျော်လွန်နေသေးသည်။
သို့သော် အော်ဒါတစ်ခုအတွက် အာကာသနှစ်၃၇နှစ်တောင် စောင့်ရမည်တဲ့လား။ သူက အသက်နှစ်ဆယ်သာ ရှိသေးသည်။ အာကာသယာဉ်တစ်စီးအတွက် နှစ်၅၀ခန့် စောင့်ရမည်တဲ့လား။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိပေ။
"ဒီလို အဆင့်မြင့်အာကာသယာဉ်မျိုးအတွက် မင်းတို့ဆီမှာ သီးသန့်ထုတ်လုပ်ရေး စက်ရုံတွေ မရှိဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"တောင်းပန်ပါတယ် လူကြီးမင်း... ကျွန်မတို့ရဲ့ စူပါကိုယ်ပိုင်အာကာသယာဉ်အမျိုးအစား ၁၂မျိုးလုံးကို ဒီစက်ရုံမှာပဲ ထုတ်လုပ်နေတာပါ။ လက်ရှိမှာလည်း အာကာသယာဉ် အစီးရေ၁၂၀၀၀၀ကျော်ကို ထုတ်လုပ်နေဆဲပါ။ ကျွန်မတို့ရဲ့ လက်ရှိ ထုတ်လုပ်နိုင်စွမ်းအရဆိုရင်တော့ ဒါက တော်တော်မြန်နေပါပြီ"
အန်နီနက်စ်က ရှင်းပြလိုက်သည်။
ဤအာကာသယာဉ်များကို ဝယ်နိုင်သူများမှာ အဆင့်သုံးမျိုးနွယ်စုရှိ အရေးပါအရာရောက်သော ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့ထဲရှိ အများစုဟာ အနည်းဆုံး အဆင့်နှစ် သက်ရှိများပင်။ အဆင့်နှစ်သက်ရှိတစ်ယောက်က နှစ်ပေါင်းရာချီ၊ ထောင်ချီ၍ အသက်ရှင်နေထိုင်နိုင်သည်။
ဤအာကာသယာဉ်အမျိုးအစား ၁၂မျိုးကို ဝယ်နိုင်သူအားလုံးဟာ အနည်းဆုံး အဆင့်လေးမျိုးနွယ်စုရှိ အရေးပါအရာရောက်သော ပုဂ္ဂိုလ်များဖြစ်ကြပြီး နှစ်ပေါင်းသောင်းချီ၊ သိန်းချီ၊ သန်းချီပြီး အသက်ရှင်နေထိုင်ခဲ့ကြခြင်းမှာလည်း ထူးဆန်းလှသော ကိစ္စတော့မဟုတ်ပေ။
သူတို့အနေနှင့် ဤမျှအထိ အသက်ရှည်ကြသည်ဖြစ်ရာ အာကာသနှစ်၃၇နှစ်ဆိုသည်မှာ အချိန်အကြာကြီး ဖြစ်နေဦးမလား။
သူတို့အတွက်မူ တစ်ခါတလေ သိုင်းပညာနယ်ပယ်တစ်ခုကို နားလည်သဘောပေါက်ဖို့အတွက်ပင် အာကာသနှစ်ပေါင်း ဆယ်ဂဏန်း ရာဂဏန်းအထိ အချိန်ယူရတတ်သည်။ ဤမျှတိုတောင်းလှသော အချိန်လေးကို ဘယ်သူကများ မစောင့်ဘဲနေမည်နည်း။
"မြန်တယ်... ချီးကိုမြန်တာလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါက ဒီနှစ်မှ အသက်၂၄နှစ်ပဲ ရှိသေးတာ။ အာကာသမျိုးနွယ်စုရဲ့ အချိန်ရေတွက်ပုံအရ ဆိုရင် ငါက ၁၆နှစ်ပဲ ရှိသေးတာလေ။ အဲဒါကို မင်းက ငါ့ကို အာကာသနှစ်၃၇နှစ်တောင် စောင့်ခိုင်းနေတာလား။ အဲဒီအချိန်ဆိုရင် ငါ့မြေးတွေတောင် မွေးနေလောက်ပြီ"
"ဒါပေမဲ့ လူကြီးမင်း... ကျွန်မတို့ဘက်ကလည်း တခြား ဘာမှမတတ်နိုင်ပါဘူး"
ကုမ္ပဏီ စတင်တည်ထောင်ခါစအချိန်တုန်းကတောင် ဤမျှငယ်ရွယ်သူတစ်ယောက်က ဤသို့သောအာကာသယာဉ်မျိုးကို ဝယ်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်ထားမည်မဟုတ်ချေ။
တကယ်တော့ ကျန်းမုန့်လောင်၏နေရာက ဝင်ကြည့်မည်ဆိုလျှင် အန်နီနက်စ်အနေနှင့် သူ့ခံစားချက်ကို နားလည်ပေးနိုင်သည်။ သူ့အတွက်မူ ဤအချိန်ကာလဟာ သူ အသက်ရှင်ခဲ့ရသည့် သက်တမ်းထက် နှစ်ဆကျော် ပိုကြာနေပေသည်။
"တခြားနည်းလမ်း မရှိတော့ဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဥပမာအနေနဲ့ ဒီမှာ စာရင်းသွင်းလို့ရတဲ့ အသင်းဝင်ကတ်မျိုး ဘာမျိုးရော မရှိဘူးလား"
"လူကြီးမင်း... ကျွန်မတို့ဆီက အာကာသယာဉ် အမျိုးအစား၁၂မျိုးထဲက ဘယ်တစ်ခုကိုမဆို ဝယ်ယူလိုက်တာနဲ့ လူကြီးမင်းက ကျွန်မတို့ကုမ္ပဏီရဲ့ ဗွီအိုင်ပီဖောက်သည်ဖြစ်သွားပါပြီ"
အန်နီနက်စ်က ရှင်းပြချေသည်။
"ကျွန်မတို့ဘက်က နှစ်တစ်ထောင်စာ ပြုပြင်ထိန်းသိမ်းမှုနဲ့ အာမခံပေးမှာပါ။ တခြားအရာတွေအများကြီးကိုလည်း လက်ဆောင်ပေးမှာပါ"
"အဲဒါတွေက အလကားပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါက အာကာသယာဉ်ကို အမြန်ဆုံး လိုချင်ရုံသက်သက်ပဲ။ ဘာနည်းလမ်းမှ မရှိဘူးလား"
"ဒါကတော့..."
အန်နီနက်စ် အကျပ်ရိုက်သွားသည်။
"လက်ရှိမှာ ကျွန်မတို့ဆီ အသင့်ရှိနေတဲ့ အာကာသယာဉ်တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီယာဉ်တွေရဲ့ ဖွဲ့စည်းပုံက အခြေခံအကျဆုံးအဆင့်မှာပဲ ရှိတာမို့လို့ လူကြီးမင်းလိုချင်တဲ့ ပုံစံနဲ့တော့ အများကြီး ကွာခြားနေနိုင်ပါတယ်။ လူကြီးမင်းအနေနဲ့ ကျွန်မတို့ရဲ့သူဌေး ဒါမှမဟုတ် ရှယ်ယာရှင်တွေကို ဆက်သွယ်ပြီး သူတို့ဘက်ကသာ ဝင်ပြောပေးမယ်ဆိုရင် လူကြီးမင်းအနေနဲ့ ကြားဖြတ်ပြီး ယူလို့ရကောင်းရနိုင်ပါတယ်"
အာကာသယာဉ်၏ ထုတ်လုပ်ချိန်က အာကာသနှစ်ဝက်သာ ကြာမြင့်သည်ဖြစ်ရာ ဖောက်သည်အများစုအတွက်မူ ဤအချိန်ကာလမှာ သတိထားမိမည်မဟုတ်ချေ။ အဓိကအချက်မှာ ဤဖောက်သည်သည် ကုမ္ပဏီ၏ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လုပ်ပေးရလောက်သည်အထ် တန်ကြေးရှိသလားဆိုသည်ပင်။
"မင်းတို့သူဌေးရဲ့ ဖုန်းနံပါတ်သာပေးတော့"
ကျန်းမုန့်လောင်လာ်း တည့်တိုးသာ ပြောချလိုက်သည်။
"လူကြီးမင်း... ကျွန်မတို့က သာမန်အရောင်းဝန်ထမ်းတွေမို့ သူဌေးရဲ့ ဆက်သွယ်ရန် အချက်အလက်တွေ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို အခက်တွေ့အောင် မလုပ်ပါနဲ့"
တစ်ဖက်မှာ ဧရာမအော်ဒါကြီးတစ်ခုဖြစ်ပြီး ကျန်တစ်ဖက်မှာမူ အရေးတကြီးလိုချင်နေသော ဖောက်သည်တစ်ယောက်ဖြစ်နေလေရာ အန်နီနက်စ်ခမျာ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်းမသိဘဲ ကသီလင်တဖြစ်နေရသည်။
သူ(မ)သာ ဤအော်ဒါကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လျှင် သူ(မ)ရမည့် ကော်မရှင်ခက စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်လောက်အောင် မြင့်မားနေမည်သာ။
ထို့ပြင် စကြဝဠာတစ်ခွင်မှာ ကြယ်ငါးပွင့်အဆင့် ဖောက်သည်တစ်ယောက်ကို ကျပန်းရွေးချယ်ခံရပြီး ကိုင်တွယ်ခွင့်ရရန်မှာ အရောင်းဝန်ထမ်းဘယ်နှယောက်က အိပ်မက်မက်နေကြမလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ ဤအခွင့်အရေးက ဥက္ကာပျံတစ်ခုက ဂြိုဟ်တစ်ခုကို ဝင်တိုက်မိမည့် ဖြစ်နိုင်ခြေနီးနီး ခက်ခဲလှသည်။
"ကောင်းပြီလေ... မင်းကို ငါ အခက်မတွေ့စေရပါဘူး"
စကြာဝဠာမဟာမိတ်အဖွဲ့၏ အမြင့်ဆုံး အခွင့်အာဏာကို အသုံးပြုပြီး ကျန်းမုန့်လောင်က သူလိုအပ်သော အချက်အလက်များကို အမြန်ရှာဖွေလိုက်သည်။
သို့သော် လန်းစလော့ကုမ္ပဏီ၏ ရှယ်ယာရှင်စာရင်းမှာ ရင်းနှီးနေသော နာမည်တစ်ခုကို သူ မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
ကျန်းခိုင် ရှယ်ယာ ၄၈.၂၁ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်တဲ့လား။
"သေစမ်း... ငါ့ဘိုးဘေးက ဒီကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက် ဖြစ်နေတာလား"
ဘဏ်ငွေလွှဲပြောင်းမှုများ များပြားနေချိန်က လန်းစလော့ကုမ္ပဏီက အဆင့်သတ်မှတ်ချက် မမြင့်ကြောင်း မြင်လိုက်ရသဖြင့် သူ သိပ်သတိမထားမိခဲ့ပေ။ ဤသည်မှာ သူ့ဝင်ငွေထဲရှိ သေးငယ်လှသော အစိတ်အပိုင်းလေးတစ်ခု ဖြစ်နေသောကြောင့်ပင်။
ရှယ်ယာ၄၈.၂၁ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်ဆိုခြင်းမှာ ကုမ္ပဏီလုံးတစ်ခုလုံးတွင် အမြင့်ဆုံးအစုရှယ်ယာရှင်ဖြစ်ပြီး ဒုတိယ အစုရှယ်ယာရှင်က သူ့ရှယ်ယာတစ်ဝက်ကိုပင် မပိုင်ဆိုင်ထားပေ။
"ကောထန်... ငါ့ဘိုးဘေးရဲ့ ရှယ်ယာတွေကို ငါသုံးလို့ရလား"
"ချစ်လှစွာသော ကျောင်းအုပ်ကြီး... သေချာပေါက် ရတာပေါ့။ ဘဏ်အကောင့်ကို သင့်နာမည်နဲ့ ပြောင်းလိုက်ကတည်းက ပိုင်ဆိုင်မှုရှယ်ယာတွေ အားလုံးကလည်း သင့်ဆီကို အလိုအလျောက်ရောက်လာပြီးသားပါ။ လန်းစလော့ကုမ္ပဏီမှာရှိတဲ့ ဘယ်သူ့ကိုမဆို အာကာသမျိုးနွယ်စုထဲက အစုရှယ်ယာရှင်အကောင့်ကတစ်ဆင့် တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်။ သူတို့က လူကို အသိအမှတ်ပြုတာမဟုတ်ဘဲ အကောင့်နဲ့ ဘဏ်အချက်အလက်တွေကိုပဲ အသိအမှတ်ပြုတာပါ"
"ဒါဆိုလည်း ရပြီ"
ကျန်းမုန့်လောင်က အင်တာဖေ့စ်ကို ချက်ချင်း ခေါ်ထုတ်လိုက်သည်။
"ဒါက ကျွန်မတို့ကုမ္ပဏီရဲ့ အတွင်းပိုင်း ကွန်ရက်ကြီးပဲ"
ကျန်းမုန့်လောင်၏ဗ အင်တာဖေ့စ်ကို မြင်လိုက်ရချိန်ဝယ် အန်နီနက်စ် ချက်ချင်းမှတ်မိသွားသည်။
"သူက ငါတို့ကုမ္ပဏီက အဆင့်မြင့် အမှုဆောင်အရာရှိတစ်ယောက်ယောက်ရဲ့ မျိုးဆက်များလား"
ကျန်းမုန့်လောင်က အကောင့်နှင့် စကားဝှက်ကို ရိုက်ထည့်လိုက်သည်။
"လန်းစလော့ကုမ္ပဏီရဲ့ လေးစားအပ်ပါသော ပင်မရှယ်ယာရှင်ကြီးကို ကုမ္ပဏီရဲ့ အတွင်းပိုင်းကွန်ရက်ကနေ ကြိုဆိုပါတယ်။ သင်ဟာ အကောင့်ထဲကို မဝင်ရောက်ခဲ့တာ အာကာသနှစ်၈၁.၄၅နှစ် ရှိနေပါပြီ။ အဲဒီကာလအတွင်း ကုမ္ပဏီရဲ့ဘဏ္ဍာရေး အစီရင်ခံစာတွေနဲ့ အဓိကဖြစ်ရပ်တွေကို သင့်အတွက် အခုချက်ချင်း စုစည်းပေးနေပါပြီ"
...
ယနေ့တွင်မူ အန်နီနက်စ်ခမျာ သူ(မ) ဘယ်နှကြိမ်လောက် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရသလဲဆိုသည်ကိုပင် ရေတွက်၍ မရနိုင်တော့ပေ။
တစ်နေ့ ကိုယ့်ကုမ္ပဏီ၏ ထိပ်တန်းရှယ်ယာရှင်ဆိုခြင်းထက် ပထမအဆင့်ရှယ်ယာရှင်ကြီးနှင့် အရောင်းအဝယ်လုပ်ရလိမ့်မည်ဟု သူ(မ) အိပ်မက်ပင် မမက်ဖူးပေ။
ကိုယ့်ကုမ္ပဏီက အာကာသယာဉ်ကို အွန်လိုင်းကတစ်ဆင့် အော်ဒါတင်ရန် ဘာကြောင့်များ အလုပ်ရှုပ်ခံနေဦးမည်နည်း။ စကားတစ်ခွန်းပြောလိုက်ရုံဖြင့် ဝန်ထမ်းများက သင့်အတွက် အမြန်ဆုံးပြီးစီးအောင် အပြေးအလွှားလုပ်ပေးကြမည် မဟုတ်လော။
"ရှင်... ကျွန်မ..."
အန်နီနက်စ်ခမျာ ခဏမျှဆွံ့အသွားသည်။
"စိတ်မလှုပ်ရှားပါနဲ့။ ယုံချင်ယုံမယုံချင်နေ... ငါက ဒီကုမ္ပဏီရဲ့ရှယ်ယာရှင်တစ်ယောက်မှန်း ငါ့ဟာငါတောင် အခုမှ သိတာ"